အခန်း (၂၂၃-၂၂၄)
Vol. 12 Ch. 223-224
အပိုင်း (၂၂၃) ကျောက်တွင်းကျွန်များ
ဒီလူအုပ်စုက ထျန်ဝေ၏့ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရသူတွေဖြစ်တာကြောင့် ထျန်ဝေအပေါ် နာကျည်းချက်က အရိုးထဲထိ စွဲနေခဲ့ကြသည်။
ထျန်ဝေကို သူကိုယ်တိုင် သတ်ပစ်လိုက်ပြီဖြစ်ရာ ဤလူများက သူ့ကို ကျေးဇူးတင်ကြမည်မှာ အမှန်ပင်။ ထို့ကြောင့် သူတို့ကို သိမ်းသွင်းရန်မှာလည်း မခဲယဉ်းလှပေ။
နောက်ထပ် အချက်တစ်ခုမှာ ဤလူများထဲတွင် အစွမ်းပိုင်ရှင် တစ်ယောက်မှ မပါဝင်ဘဲ သာမန်လူများသာ ဖြစ်ကြသည်။ သူတို့တွင် မကျေနပ်ချက်များ ရှိနေလျှင်ပင် ဘာမှ လုပ်နိုင်စွမ်း မရှိကြချေ။
လင်းယွမ်က ထိုအချက်များကို တွေးတောရင်း စိတ်ထဲတွင် အစီအစဉ်တစ်ခု ချလိုက်သည်။
ထို့နောက် လင်းယွမ်က ပြုံးပြလိုက်ပြီး ညိုတာ့မင်ကို လက်ဖြင့် ဆွဲထူကာ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
"ဦးလေးမင်... မဟုတ်လား... မြန်မြန်ထပါ... အားလုံးပဲ ထကြပါ"
"ခင်ဗျားတို့ စိတ်မပူကြပါနဲ့... ထျန်ဝေနဲ့ သူ့လူတွေက မကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ ကျွန်တော်တို့ သူတို့ကို သတ်ပစ်လိုက်ပြီ"
"အခု ခင်ဗျားတို့ အားလုံး လွတ်လပ်သွားပါပြီ"
"ဒီနေ့ကစပြီး ဒီခိုလှုံရေးစခန်းမှာ နှိပ်စက်တာတွေ... ခေါင်းပုံဖြတ်တာတွေ ဘာတစ်ခုမှ မရှိတော့ဘူး"
ဤစကားကို ကြားလိုက်ရသည်နှင့် တွင်းထဲမှ တွားသွားကာ ထွက်လာကြသော ကျောက်တွင်းကျွန်များ၏ မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ယှက်သန်းသွားကြသည်။
"ဘာ... ထျန်ဝေ သေသွားပြီလား"
"အဲဒီ တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်က တကယ်ပဲ သေသွားပြီလား... ခင်ဗျား... ခင်ဗျား နောက်နေတာတော့ မဟုတ်ပါဘူးနော်"
"ထျန်ဝေက အစွမ်းပိုင်ရှင်လေ... သူက သန်မာတဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ပဲ... ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်နဲ့ သေသွားနိုင်မှာလဲ"
"ဟားဟားဟား... အဲဒီ တိရစ္ဆာန် သေသွားပြီ... တကယ် သေသွားပြီပေါ့"
"အီးဟီး... မိန်းမ... မိန်းမ... ကြားလား... ထျန်ဝေ သေပြီ... စွန်းကွေ့လည်း သေပြီ... အဲဒီ လူမဆန်တဲ့ကောင်တွေ အားလုံး သေကုန်ပြီ ဟားဟားဟား"
"အိုး... မိုးနတ်မင်းကြီး... ခင်ဗျား မျက်စိပွင့်လာပြီပဲ... နောက်ဆုံးတော့ ဒီတိရစ္ဆာန်တွေကို သေခွင့်ပေးလိုက်ပြီပေါ့"
လူအုပ်ကြီးထဲတွင် အချို့က ဝမ်းသာအားရ မျက်ရည်ကျကာ ငိုကြွေးကုန်ကြသည်။
အချို့ကလည်း မယုံကြည်နိုင်ဘဲ အခြေအနေကို အသည်းအသန် မေးမြန်းနေကြသည်။
အချို့ကတော့ ကောင်းကင်ကို ကြည့်ကာ အော်ဟစ်ငိုကြွေးပြီး ဆုံးပါးသွားခဲ့ရသော ဆွေမျိုးသားချင်းများကို တိုင်တည်နေကြသည်။
ညိုတာ့မင်က တုန်လှုပ်ခြောက်ခြားနေရင်း လင်းယွမ်ကို အလျင်အမြန် မေးလိုက်သည်။
"ကျေးဇူးရှင်ကြီး... ဒါ... ဒါ တကယ်ပဲလား"
လင်းယွမ်က ပြုံးကာ ဂူဝကို ညွှန်ပြလိုက်သည်။
"မယုံရင် သွားကြည့်လို့ရတယ်... ထျန်ဝေနဲ့ သူ့နောက်လိုက်တွေရဲ့ အလောင်းတွေ အပြင်မှာ ရှိသေးတယ်"
ထိုစကားကို ကြားသည်နှင့် ညိုတာ့မင်က ပထမဆုံး ပြေးထွက်သွားတော့သည်။ ကျန်ရှိနေသော သူများလည်း သတိဝင်လာကာ တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ပြေးထွက်ကုန်ကြသည်။
အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ဂူပြင်ပသို့ ပြေးထွက်လာကြသည်။ သူတို့သည် ဂူအောင်းနေရသည်မှာ ကြာပြီဖြစ်ရာ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကိုပင် ဂရုမစိုက်နိုင်ကြတော့ချေ။
အချို့က ပြင်ပမှ လတ်ဆတ်သော လေကို ဝဝလင်လင် ရှူသွင်းနေကြသည်။ အချို့ကတော့ မျက်မှောင်ကြုတ်လျက် မှောင်မည်းနေသော မိုးကောင်းကင်ကြီးကို မော့ကြည့်နေကြသည်။
အချို့က အလောင်းများကို လိုက်လံ ရှာဖွေနေကြပြီး အလောင်းအချို့ကို တွေ့သောအခါ အံကြိတ်ကာ အားရပါးရ ပြေးကန်ကြတော့သည်။
ရုတ်တရက် ညိုတာ့မင်က ခေါင်းတစ်ခုလုံး ကြေမွနေပြီး တစ်ကိုယ်လုံး မီးလောင်ထားသော သစ်သားတုံးကဲ့သို့ မည်းနက်နေသည့် အလောင်းတစ်ခုကို တွေ့လိုက်ရသည်။
သူ့ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားပြီးနောက် လေကို ပြင်းပြင်းရှူကာ အော်လိုက်သည်။
"ထျန်ဝေ"
ခဏချင်းတွင်ပင် လူအားလုံးက ထိုနေရာသို့ လှည့်ကြည့်လိုက်ကြသည်။
ထို့နောက် ထျန်ဝေ၏ အလောင်းကို သူတို့ မြင်လိုက်ကြရသည်။
ထိုအချိန်တွင် ကျောက်တွင်းကျွန်အားလုံး၏ မျက်လုံးများ နီမြန်းလာကာ ထိုအလောင်းကို ဒေါသတကြီး ဝိုင်းဝန်း နင်းခြေကြတော့သည်။
"ဂျွတ်... ဂျွတ်..." ဟူသော အရိုးကျိုးသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။
ထျန်ဝေသည် သေသွားပြီ ဖြစ်သော်လည်း ဤလူများ၏ အငြိုးအတေးဖြင့် အလောင်းမှာ တစစီ ဖြစ်အောင် အလုပ်ခံလိုက်ရသည်။
ဤလူများသည် သူတို့၏ ဒေါသကို စိတ်တိုင်းကျ ဖောက်ခွဲနေကြခြင်း ဖြစ်သည်။ မူလက သူတို့အားလုံးသည် ကျုံးယွဲ့ဟုန်ထီ ရပ်ကွက်မှ အိမ်ခန်းပိုင်ရှင်များ ဖြစ်ကြသည်။
သူတို့သည် ထျန်ဝေနောက်သို့ လိုက်ပါကာ တောင်ပေါ်သို့ တက်လာပြီး ရေဘေးကို ခိုလှုံရင်း ဘဝကို ရုန်းကန်ခဲ့ကြသူများ ဖြစ်သည်။
မမျှော်လင့်ဘဲ ထျန်ဝေကဲ့သို့သော တိရစ္ဆာန်များက ကျောက်တွင်းကို သိမ်းပိုက်ပြီးနောက် သူတို့အတွက် ကျောက်တူးပေးမည့် လူအင်အား လိုအပ်လာသောကြောင့် ၎င်းတို့ကို အကျဉ်းချကာ စွမ်းအင်ကျောက်တုံးများ တူးခိုင်းခဲ့ခြင်း ဖြစ်သည်။
အချို့ဆိုလျှင် သူတို့၏ ဇနီးနှင့် သမီးများကိုပါ ခေါ်လာခဲ့ကြရာ ထျန်ဝေနှင့် အခြားအစွမ်းပိုင်ရှင်များ၏ ကစားစရာ ဖြစ်ခဲ့ရသည်။
ထျန်ဝေအပေါ် သူတို့ ထားရှိသော နာကျည်းမှုသည် အရာအားလုံးထက် သာလွန်နေသည်ဟု ဆိုနိုင်သည်။
ထျန်ဝေက ပြာဖြစ်သွားလျှင်ပင် ၎င်းတို့က ယနေ့တွင် ထိုပြာကို တက်နင်းကြလိမ့်မည်။
လင်းယွမ်က ထိုလူများကို မတားဆီးဘဲ သူတို့၏ ဒေါသကို အဆုံးထိ ဖောက်ခွဲခွင့် ပေးထားလိုက်သည်။
လူအုပ်ကြီး စိတ်ပြေသွားသည့် အချိန်မှသာ ညိုတာ့မင်က လင်းယွမ်ကို သတိရသွားကာ လူအချို့ကို ခေါ်ပြီး ဂူအနီးသို့ ပြန်လာခဲ့သည်။ ထို့နောက် ဘာတွေ ဖြစ်ခဲ့သည်ကို လင်းယွမ်အား မေးမြန်းတော့သည်။
လင်းယွမ်က အေးအေးဆေးဆေးပင် ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ထျန်ဝေက ကျွန်တော့်ကို လာပြဿနာရှာလို့... ကျွန်တော်က သူ့အိမ်ထိ လာသတ်လိုက်တာပါ"
"အခု ထျန်ဝေ သေပြီဆိုတော့... ဒီကျောက်တွင်းက..."
သူက ဤနေရာတွင် စကားကို ခေတ္တရပ်လိုက်ကာ ညိုတာ့မင်ကို ကြည့်လိုက်သည်။
ညိုတာ့မင်က ချက်ချင်းပင် စကားထောက်ပေးလိုက်သည်။
"ခင်ဗျားပိုင်တာပေါ့... ဒီကျောက်တွင်း တစ်ခုလုံးက ခင်ဗျားပိုင်သွားပါပြီ"
လင်းယွမ်က ပြုံးလိုက်သည်။ ညိုတာ့မင်၏ အလိုက်သိမှုကို သူ သဘောကျမိသည်။
"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ဖို့ မေ့သွားတယ်... ကျွန်တော့်နာမည်က လင်းယွမ်ပါ... တချို့ကတော့ ဆရာလင်းလို့ ခေါ်ကြတယ်... ခင်ဗျားတို့လည်း အဲဒီလိုပဲ ခေါ်နိုင်ပါတယ်"
"ဒီကျောက်တွင်းက ကျွန်တော့်ပိုင်နက် ဖြစ်သွားပြီဆိုတော့... ခင်ဗျားတို့ ရှေ့ဆက်ပြီး ဘာလုပ်ဖို့ စိတ်ကူးထားလဲဆိုတာ ကျွန်တော် မေးချင်တယ်"
"တစ်ခုတော့ ကြိုပြောထားမယ်... ကျွန်တော်က ထျန်ဝေလို လူယုတ်မာ မဟုတ်ပါဘူး... ဘယ်သူ့ကိုမှ အကျဉ်းချထားတာမျိုး... လူမဆန်တာမျိုး ဘယ်တော့မှ မလုပ်ဘူး"
"ဒါပေမဲ့ ဒီကျောက်တွင်းကနေ စွမ်းအင်ကျောက်တုံးတွေ ထွက်တယ်... ဒါက တန်ဖိုးရှိတဲ့ အရင်းအမြစ်ပဲ... ဒါကြောင့် ကျွန်တော် ဒါကို လက်လွှတ်မှာ မဟုတ်ဘူး... ဒါပေမဲ့ ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ကိုတော့ ကျွန်တော် မနှောင့်ယှက်ပါဘူး"
ညိုတာ့မင်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။ ဤလူက ထျန်ဝေလို မဟုတ်သည့်အတွက် တော်သေးသည်ဟု တွေးမိသည်။
"ဆရာလင်း... အခုက အဲဒါတွေ ပြောဖို့ အချိန်မဟုတ်သေးဘူး ထင်တယ်... တခြား ကျောက်တွင်းထဲက ကျွန်တွေကို အရင် ကယ်ပေးလို့ ရမလား... ကျွန်တော် ခုနက အောက်မှာ ရှိနေတုန်းက ဘေးက ကျောက်တွင်းတွေထဲမှာ လူတွေ အကူအညီ တောင်းနေတာ ကြားခဲ့ရတယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့... ဒါက မဖြစ်မနေ လုပ်ရမှာပဲ... ခင်ဗျားက ဒီမှာ အကြာကြီး နေလာတဲ့သူဆိုတော့ ကယ်ဆယ်ရေးကို ခင်ဗျားပဲ ဦးဆောင်လိုက်... ကျွန်တော်ကတော့ အခြေအနေကို စောင့်ကြည့်ပေးမယ်"
ညိုတာ့မင်က ခေတ္တမျှ ကြောင်သွားပြီးနောက် ချက်ချင်းပင် နားလည်သွားသည်။
လင်းယွမ်က အစွမ်းပိုင်ရှင် တစ်ယောက်ဖြစ်ပြီး အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ရှိသည်။ သူက ညိုတာ့မင်ကို နေရာပေးနေခြင်း ဖြစ်သည်။
ညိုတာ့မင်က အသက်အရွယ် ရလာပြီဖြစ်ရာ အတော်လေး လည်ပတ်သူဖြစ်သည်။ လင်းယွမ် ဤသို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။
"ဒီ ဆရာလင်းက ငါ့ကို နေရာပေးချင်တာလား..."
သူ့စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားကာ ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်။
"စိတ်ချပါ... ကျွန်တော့်တာဝန်ထားလိုက်"
ထို့နောက် သူက လှည့်ကြည့်ကာ အော်လိုက်သည်။
"တားလိ... ရှောင်ကျွင်း... မြန်မြန်... အားလုံးကိုစုပြီး လူသွားကယ်ကြမယ်"
အဝေးမှ သန်မာသော လူငယ်နှစ်ယောက်က ထိုစကားကို ကြားသည်နှင့် လူအင်အား စုစည်းကာ ကယ်ဆယ်ရေးကို အလျင်အမြန် စတင်ကြတော့သည်။
မကြာမီ လူတိုင်းက ပြိုကျနေသော အခြား ကျောက်တွင်း နှစ်ခုကို တွေ့ရှိသွားကြပြီး ကျောက်တုံးများကို စတင် ဖယ်ရှားကြသည်။
သို့သော် အချို့သော ကျောက်တုံးများမှာ ကြီးမားလွန်းလှရာ လူအများအပြား ဝိုင်းမသော်လည်း မရွေ့နိုင်ကြချေ။
ထိုအချိန်တွင် လင်းယွမ်က လက်စွမ်းပြရမည့် အချိန် ရောက်လာသည်။
သူက ဤလူအုပ်ရှေ့တွင် သူ၏ စွမ်းအားကို တမင်တကာ ထုတ်ပြချင်သည်။ သူက လက်တစ်ဖက်တည်းဖြင့်ပင် လူငါးယောက်လောက် ဝိုင်းမသော်လည်း မရွေ့သော ကျောက်တုံးကြီးကို အသာအယာ ဖယ်ထုတ်ပစ်လိုက်သည်။
ညိုတာ့မင်... ကော့လီ... ဝမ်ရှောင်ကျွင်းနှင့် အခြားသူများ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ လင်းယွမ်အပေါ် ကြောက်ရွံ့ ရိုသေမှုများ ချက်ချင်း တိုးပွားလာသည်။
ကျန်ရှိနေသော သူများကလည်း လင်းယွမ်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။
ထျန်ဝေလို ရူးသွပ်နေသော လူသတ်သမားကို သတ်နိုင်သည့်လူက အမှန်ပင် သာမန်လူ မဟုတ်ပေ။
လင်းယွမ်က ခပ်ဖွဖွ ပြုံးလိုက်သည်။ အနည်းငယ်မျှ လက်စွမ်းပြလိုက်ရုံဖြင့် သူ၏ အရှိန်အဝါကို တည်ဆောက်ပြီးသား ဖြစ်သွားသည်။
ကယ်ဆယ်ရေး လုပ်ငန်းက အလွန် မြန်ဆန်လှသည်။ ဤကျောက်တွင်းတွင် စုစုပေါင်း ဂူလေးခု ရှိသည်။
၎င်းတို့အနက် တစ်ခုမှာ လုံးဝ ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ပေ ၄၀ ကျော်အထိ တူးကြည့်သော်လည်း ကျောက်တုံးများသာ တွေ့ရပြီး အတွင်းဘက်သို့ အော်ဟစ်ကြည့်သော်လည်း မည်သူမျှ ပြန်မထူးချေ။
အတွင်းမှ လူများမှာ သေဆုံးသွားလောက်ပြီဟု ခန့်မှန်းရသည်။
သို့သော် အခြား ဂူနှစ်ခုထဲမှ လူပေါင်း ၅၀ ကျော်ကို အဆက်မပြတ် ကယ်ထုတ်နိုင်ခဲ့သည်။
ဤသို့ဖြင့် မူလက လူပေါင်း ၂၀၀ ကျော် ရှိခဲ့သော ခိုလှုံရေးစခန်းတွင် အခုအခါ လူ ၁၀၀ ပင် မပြည့်တော့ချေ။
ကယ်ထုတ်လာသော လူအုပ်ထဲတွင်လည်း ခေါင်းဆောင်ပုံစံမျိုး ပေါက်နေသည့် လူနှစ်ယောက် ပါဝင်သည်။
တစ်ယောက်မှာ လျောင်ထောင်း ဖြစ်ပြီး နောက်တစ်ယောက်မှာ မုန့်ကွမ်လီ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးမှာ အသက် ၃၀ ကျော်အရွယ်များ ဖြစ်ကြပြီး ကြွက်သားများက တောင့်တင်းလှသည်။
သို့သော် လင်းယွမ်ကို တွေ့သောအခါ သူတို့က စည်းကမ်းတကျပင် 'ဆရာလင်း' ဟု ခေါ်ဝေါ်ကြသည်။
လင်းယွမ်က ခေါင်းညိတ်ပြကာ အားလုံးကို မေးလိုက်သည်။
"ခင်ဗျားတို့ ရှေ့ဆက် ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။ လူတစ်ယောက်က ထွက်မေးသည်။
"ဆရာလင်း... ခင်ဗျားတို့ဘက်က ခိုလှုံရေးစခန်းမှာ လူလိုသေးလား"
"ဆရာလင်း... အရင်က ကျွန်တော်တို့ ကြားဖူးတာက တောင်ပေါ်မှာ တခြား ခိုလှုံရေးစခန်း သုံးခု ရှိသေးတယ်တဲ့... ခင်ဗျား အဲဒါတွေကို သိလား... ကျွန်တော်တို့ အဲဒီကို သွားခိုလှုံရင် သူတို့ လက်ခံမလား"
လင်းယွမ်က ပထမဆုံးလူ၏ မေးခွန်းကို မဖြေဘဲ ဒုတိယမေးခွန်းကိုသာ ဖြေလိုက်သည်။
"ဘယ်ခိုလှုံရေးစခန်းမဆို အရင်းအမြစ်က ကန့်သတ်ချက် ရှိတယ်... ခင်ဗျားတို့က အစွမ်းပိုင်ရှင်တွေ ဖြစ်ရင်တော့ သူတို့က တံခါးဖွင့်ပြီး ကြိုဆိုကြလိမ့်မယ်... ဒါပေမဲ့ ခင်ဗျားတို့က သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်ဆိုရင်တော့... စိတ်မကောင်းပါဘူး... ဘယ်ခိုလှုံရေးစခန်းကမှ ခင်ဗျားတို့ကို အလကား လက်ခံမှာမဟုတ်ဘူး"
လူအုပ်ကြီး ချက်ချင်း တိတ်ဆိတ်သွားကြသည်။
ဤအမှန်တရားကို သူတို့လည်း သိကြသည်။
အခုအချိန်တွင် တခြား ခိုလှုံရေးစခန်းများသို့ သွားလျှင်လည်း အနှိမ်ခံရသည့် အုပ်စု... အောက်ခြေလူတန်းစားများသာ ထပ်ဖြစ်ကြဦးမည်။
ခေတ္တမျှအတွင်း သူတို့အားလုံး၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့လာကြသည်။
ညိုတာ့မင်က လင်းယွမ်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"ဆရာလင်း... ကျွန်တော်တို့က အစွမ်းပိုင်ရှင်တွေ မဟုတ်ကြပေမဲ့ ခန္ဓာကိုယ် တောင့်တင်းကြပါတယ်... အလုပ်လုပ်ရင်လည်း လက်ကြောတင်းကြပါတယ်... ခင်ဗျား... ခင်ဗျား ကျွန်တော်တို့ကို လက်ခံပေးလို့ ရမလား"
ဤစကား ထွက်လာသည်နှင့် အခြားသူများလည်း သတိဝင်လာကာ ဝိုင်းဝန်း တောင်းပန်ကြတော့သည်။
"ဆရာလင်း... ကျေးဇူးပြုပြီး... ကျွန်တော်တို့ကို လက်ခံပေးပါ"
"ဆရာလင်း... ကျွန်တော် အလုပ်လုပ်နိုင်ပါတယ်... ဘယ်လို အခက်အခဲမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်ပါတယ်... တောင်းပန်ပါတယ်... ကျွန်တော်တို့ကို လက်ခံပေးပါ"
"ဆရာလင်း... ကျွန်တော် ခင်ဗျားကို ဦးချပါတယ်"
...
ဤလူများက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ လင်းယွမ်ကို တောင်းပန်တိုးလျှိုးနေကြသည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ အခြေအနေက သူ ဖြစ်ချင်သည့်အတိုင်း ဖြစ်လာပြီဟု ခံစားနေရသည်။ ထို့နောက်မှ သူက ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
"အားလုံးပဲ... အားလုံးပဲ ထကြပါ... ကျွန်တော်ပြောတာကို နားထောင်ကြဦး"
"ကျွန်တော်က ထျန်ဝေနဲ့ မတူဘူး... ကျွန်တော့်နောက်ကို လိုက်တဲ့သူက ကျွန်တော့်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်"
"ဒါပေမဲ့ ကျွန်တော့်ရဲ့ ခိုလှုံရေးစခန်းကလည်း နေရာအကန့်အသတ် ရှိတယ်... အရင်းအမြစ်တွေကလည်း သိပ်မများလှဘူး... ဒါကြောင့် ခင်ဗျားတို့ အားလုံးကို တစ်ပြိုင်နက်တည်း လက်ခံဖို့က မလွယ်ဘူး"
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း စိတ်ပျက်သွားကြပြီး အချို့သော စိတ်နုသူများမှာ ငိုပင် ငိုချလိုက်တော့သည်။
လင်းယွမ်က ဆက်ပြောသည်။
"ဒါပေမဲ့ ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်... ခင်ဗျားတို့ နားထောင်ကြည့်မလား"
ညိုတာ့မင်... လျောင်ထောင်း... မုန့်ကွမ်လီတို့ကဲ့သို့သော ခေါင်းဆောင်ပိုင်း လူများက ချက်ချင်း ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်ကြသည်။
"ဆရာလင်း... ခင်ဗျားမှာ ဘာအကြံကောင်းတွေ ရှိလို့လဲ"
"ဆရာလင်း ပြောပါ... ကျွန်တော်တို့ ခင်ဗျား စကားကို နားထောင်ပါ့မယ်"
"ဆရာလင်း ပြောပါဦး"
လင်းယွမ်က သူတို့သုံးယောက်ကို ပြုံးပြလျက် ပြောလိုက်သည်။
"ကျွန်တော့်ဘက်က ခိုလှုံရေးစခန်းမှာ နေရာမလောက်တော့ဘူး... ခင်ဗျားတို့ အားလုံးကို အဲဒီမှာ ထားဖို့က အဆင်မပြေဘူး... ဒီကျောက်တွင်းက ကျွန်တော် တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ လူလွှတ်ပြီး နေခိုင်းဖို့ အစီအစဉ် ရှိတယ်"
"ဒါပေမဲ့ ခင်ဗျားတို့ အခြေအနေကို ကြည့်ရတာ တခြား ခိုလှုံရေးစခန်းတွေကို သွားဖို့ကလည်း ပြဿနာ ရှိနေတယ်... အဲဒီတော့ ဒီလို လုပ်ရင် ဘယ်လိုလဲ... ခင်ဗျားတို့ ဒီမှာပဲ ဆက်နေကြပါ"
"ဟိုဘက်က ဂူတွေက အဆင်သင့် ရှိပြီးသားပဲ... အရင်က အစွမ်းပိုင်ရှင်တွေ နေခဲ့တာ... အခုတော့ ခင်ဗျားတို့ အဲဒီမှာ နေလို့ ရပြီ"
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။
သို့သော် လင်းယွမ်က စကားကို လှည့်လိုက်သည်။
"ဒါပေမဲ့..."
"ကျွန်တော်ကလည်း ခင်ဗျားတို့ကို ဒီတိုင်း အလကား ပေးနေမှာတော့ မဟုတ်ဘူး... ခင်ဗျားတို့ ဒီမှာ နေထိုင်တဲ့ ကာလအတွင်းမှာ နေထိုင်ခ ပေးရမယ်"
အားလုံး ကြောင်အသွားကြသည်။ ညိုတာ့မင်က အလျင်အမြန် မေးသည်။
"ဆရာလင်း... ဘာပေးရမှာလဲ... ကျွန်တော်တို့မှာ ဘာ စားစရာမှ မရှိပါဘူး"
လင်းယွမ်က ပြုံးလိုက်သည်။
"စားစရာ မဟုတ်ပါဘူး... ဒီမှာ စွမ်းအင်ကျောက်တုံးတွေ ရှိတယ် မဟုတ်လား... ခင်ဗျားတို့က စွမ်းအင်ကျောက်တုံးတွေကို တူးဖော်ပြီး ကျွန်တော့်ကို ပေးရမယ်"
လူတိုင်း အံ့အားသင့်သွားကြသည်။ မုန့်ကွမ်လီက မနေနိုင်ဘဲ ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့က ကျောက်တွင်းကျွန်တွေ ထပ်ဖြစ်သွားတာ မဟုတ်ဘူးလား"
လင်းယွမ်က ရယ်မောကာ ခေါင်းခါလိုက်သည်။
"မတူဘူး... ခင်ဗျားတို့ ဒီမှာ နေမယ်ဆိုရင် ကျွန်တော်က နေစရာ ပေးမယ်... နောက်ပိုင်းမှာ စားစရာ လိုအပ်ရင်လည်း ကျွန်တော် ထောက်ပံ့ပေးမယ်... ခင်ဗျားတို့ အန္တရာယ်နဲ့ ကြုံရင်လည်း ကျွန်တော်က အစွမ်းပိုင်ရှင်တွေကို လွှတ်ပြီး ကူညီပေးမယ်"
"ေဩာ်... ဒါနဲ့... အဲဒီအချိန်ကျရင် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်က အစွမ်းပိုင်ရှင် အဖွဲ့တစ်ဖွဲ့ကို ဒီမှာ အခြေချ ခိုင်းထားကောင်း ခိုင်းထားလိမ့်မယ်"
"ခင်ဗျားတို့ ကျောက်မတူးချင်လည်း ရတယ်... ဒါက ကိုယ့်ဆန္ဒအလျောက်ပဲ... ကျွန်တော် ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ဘူး"
"ခင်ဗျားတို့ တောဟင်းသီးဟင်းရွက်တွေ ရှာစားမလား... သန္ဓေပြောင်း သတ္တဝါတွေ... သန္ဓေပြောင်း ငါးတွေ ကိုယ့်ဘာသာ ဖမ်းစားမလား... အားလုံး ရတယ်"
"ဒါပေမဲ့ ကျွန်တော့်နေရာကို ငှားနေတာ ဖြစ်တဲ့အတွက် နေထိုင်ခတော့ ပေးရမယ်"
"တခြား စားစရာတွေ လိုချင်ရင်လည်း ကျွန်တော့်ဆီမှာ လဲလှယ်ရမယ်"
"တစ်နေ့နေ့မှာ ဒီမှာ မနေချင်တော့လို့ ထွက်သွားချင်တယ် ဆိုရင်လည်း အချိန်မရွေး ထွက်သွားနိုင်တယ်... ကျွန်တော် အတင်းအကျပ် ဆွဲထားမှာ မဟုတ်ဘူး"
"ကျွန်တော် ပြောတာကို နားလည်ကြရဲ့လား"
ဤသို့ ရှင်းပြလိုက်သောအခါ လူတိုင်း၏ စိတ်ထဲတွင် နေသာထိုင်သာ ရှိသွားကြသည်။
ဤနည်းအားဖြင့် သူတို့၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားခြင်း မရှိတော့ချေ။
သွားချင်ရာ သွားနိုင်သည်... ငှားရမ်းခ ပေးရုံသာ ဖြစ်သည်။
ဒါကလည်း ကျိုးကြောင်းဆီလျော်လှသည်။ အကြောင်းမှာ ဤကျောက်တွင်းသည် ဆရာလင်းက ထျန်ဝေလက်ထဲမှ လုယူထားခြင်း ဖြစ်သောကြောင့်ပင်။
ဤအချက်ကို လူတိုင်းက လက်ခံနိုင်ကြသည်။
ညိုတာ့မင်... လျောင်ထောင်းနှင့် မုန့်ကွမ်လီတို့ သုံးယောက်ကတော့ ထိုအချက်၏ အဓိက အနှစ်သာရကို သဘောပေါက်သွားကြသည်။
ညိုတာ့မင်က ချက်ချင်း မေးလိုက်သည်။
"ဆရာလင်း... ခင်ဗျား ပြောတာက ကျွန်တော်တို့ ဒီမှာ နေရင် စွမ်းအင်ကျောက်တုံး တူးဖော်ခွင့် ရှိတယ်ပေါ့"
"ပြီးတော့ အဲဒီ တူးဖော်ရရှိတဲ့ ကျောက်တုံးတွေက ကျွန်တော်တို့ ပိုင်တာလား... ကျွန်တော်တို့က အဲဒီကျောက်တုံးတွေနဲ့ ခင်ဗျားဆီမှာ ပစ္စည်းတွေ လဲလှယ်လို့ ရတာလား"
လင်းယွမ်က ခေါင်းခါပြလိုက်သည်။
"ဒီကျောက်တွင်း တစ်ခုလုံးက ကျွန်တော့်ပိုင်တာ... တူးဖော်ရရှိတဲ့ စွမ်းအင်ကျောက်တုံးတွေက ခင်ဗျားတို့ ပိုင်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒါပေမဲ့ ခင်ဗျားတို့ တူးဖော်ရရှိတဲ့ ကျောက်တုံးတွေကို ကျွန်တော့်ဆီ လာအပ်ရင် ကျွန်တော်က ခင်ဗျားတို့ကို အမှတ်တွေ ပေးမယ်... အဲဒီအချိန်ကျရင် ခင်ဗျားတို့က အဲဒီအမှတ်တွေနဲ့ ကျွန်တော့်ဆီမှာ စားစရာတွေ လဲလှယ်လို့ ရမှာ ဖြစ်တယ်"
"ေဩာ်... တစ်ခုတော့ ကြိုသတိပေးထားမယ်... ခင်ဗျားတို့က ကျောက်တုံးတွေကို ခိုးဝှက်ထားတာ ဒါမှမဟုတ် တခြား ခိုလှုံရေးစခန်းတွေနဲ့ သွားပြီး ရောင်းဝယ်တာကို ကျွန်တော် သိသွားရင်တော့... ဘာဖြစ်မလဲဆိုတာ မပြောနိုင်ဘူးနော်"
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။
ဤလူသည် ထျန်ဝေကို သတ်နိုင်သည့်လူ ဖြစ်ရာ အစွမ်းကတော့ ကြောက်စရာ ကောင်းလောက်အောင် အားကြီးမည်မှာ အမှန်ပင်။
တခြား ခိုလှုံရေးစခန်းတွေမှာရော ထျန်ဝေနဲ့ ယှဉ်နိုင်တဲ့လူ ဘယ်နှစ်ယောက် ရှိလို့လဲ။
လျောင်ထောင်းက မနေနိုင်ဘဲ မေးလိုက်သည်။
"ဒါဆို ဆရာလင်း... အမှတ်ဆိုတာ ဘာလဲ... ဘယ်လိုမျိုး လဲလှယ်ရမှာလဲ"
လင်းယွမ်က ပြုံးလိုက်သည်။
"ကျွန်တော့် ခိုလှုံရေးစခန်းက လူတွေအတိုင်းပဲ လဲလှယ်ရမှာပါ"
"တကယ်လို့ ခင်ဗျားတို့ မတူးချင်လည်း ရတယ်... ကျွန်တော့်စခန်းက လူတွေ လာတူးလိမ့်မယ်... ဒါကိုတော့ အတင်းအကျပ် မလုပ်ပါဘူး"
လျောင်ထောင်း ကြောင်သွားသည်။ တခြားလူတွေက လာပြီး ကျောက်တူးဦးမှာလား။
မုန့်ကွမ်လီလည်း ဇဝေဇဝါ ဖြစ်သွားသည်။ ဘယ်သူက ကျောက်တွင်းကျွန် အလုပ်ကို လုပ်ချင်မှာလဲ။
အကျိုးအမြတ် တစ်ခုခု မရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူး။
သူတို့ သုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤဆရာလင်းသည် ထျန်ဝေထက် စကားပြောရ အများကြီး လွယ်ကူသည်ဟု သူတို့ ခံစားမိသည်။
အနည်းဆုံးတော့ သူက အစွမ်းရှိသော်လည်း လူတွေကို နှိပ်စက်ခြင်း မပြုဘဲ အားလုံးအတွက် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပေးထားသည် မဟုတ်ပါလား။
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျားတို့လည်း အခုချက်ချင်း ဆုံးဖြတ်ချက် ချဖို့ မလောပါနဲ့... အရင် ဆွေးနွေးကြည့်ကြဦး... ဒါနဲ့ နောက်နှစ်ရက်နေရင် ဒီရေလှိုင်းတွေ လာတော့မယ်... ထျန်ဝေတို့က ရေလှိုင်းဒဏ်ကို ဘယ်လို ခံခဲ့ကြတာလဲ"
ညိုတာ့မင်က ပြောပြသည်။
"ကျွန်တော် သိတယ်... ထျန်ဝေတို့က ကျောက်တွင်း အောက်ခြေမှာ ခိုလှုံဖို့နေရာတစ်ခု တူးထားတယ်... ရေလှိုင်းတွေ လာရင် အကုန်လုံး အဲ့ဒီထဲ ဝင်ပုန်းနေကြတာ... ဂူဝကို ပိတ်ထားလိုက်ရင် ရပြီ"
လင်းယွမ်က အံ့အားသင့်သွားပြီး မေးလိုက်သည်။
"ဂူဝက ဘယ်မှာလဲ"
"ကျွန်တော် လိုက်ပြမယ်" လျောင်ထောင်းက ချက်ချင်း ပြောလိုက်သည်။
ထို့နောက် သူက လင်းယွမ်ကို ကျောက်တွင်း အတွင်းဘက်သို့ ဦးဆောင် ခေါ်သွားသည်။ မြေအောက်သို့ နက်နက်ရှိုင်းရှိုင်း ဆင်းသွားပြီးနောက် အကွေ့တစ်ခုအရောက်တွင် ရှေ့၌ ကြီးမားသော ဂူပေါက်ကြီး တစ်ခုကို တွေ့လိုက်ရသည်။
ဂူအတွင်းတွင် အလင်းပေးနိုင်သော ကျောက်တုံးများစွာ တပ်ဆင်ထားပြီး အတွင်း၌ ထမင်းချက်သည့် အိုးခွက် ပန်းကန်များလည်း ရှိနေသည်။
အနီးအနားရှိ နံရံများမှလည်း ရေများ စိမ့်ထွက်နေပြီး ရေကန်ငယ်လေး တစ်ခု ဖြစ်ပေါ်နေသည်။
၎င်းအပြင် ဤနေရာတွင် မီးနီရောင်များ ရောယှက်နေသော ကျောက်တုံး အကျိုးအပဲ့များကိုလည်း ပုံထားသည်ကို တွေ့ရသည်။
လင်းယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါတွေက စွမ်းအင်ကျောက်တုံးတွေလား"
လျောင်ထောင်းက အလျင်အမြန် ဖြေသည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ ဒါတွေက အညစ်အကြေးတွေ အများကြီး ပါနေတဲ့ မီးဓာတ် စွမ်းအင်ကျောက်တုံးတွေပါ"
"ဒါတွေက ဘာလုပ်လို့ ရလို့လဲ... ဘာလို့ ဒီမှာ ပုံထားတာလဲ"
"ဆရာလင်း... ဒီ အညစ်အကြေးပါတဲ့ မီးဓာတ် စွမ်းအင်ကျောက်တုံးတွေကို လောင်စာအဖြစ် သုံးလို့ ရတယ်"
"အမှုန်လေး နည်းနည်းပဲ ရှိရင်တောင် တစ်နေ့လုံး ဖြည်းဖြည်းချင်း လောင်ကျွမ်းနိုင်တယ်... ပြီးတော့ မီးခိုးလည်း မထွက်ဘူး... တကယ်ကို ကောင်းမွန်တဲ့ လောင်စာပါပဲ"
လင်းယွမ် ကြောင်သွားသည်။
"လောင်စာ ဟုတ်လား... မီးဓာတ် စွမ်းအင်ကျောက်တုံးတွေက ပေါက်ကွဲတတ်တာ မဟုတ်ဘူးလား"
လျောင်ထောင်းက ရှင်းပြသည်။
"ပေါက်ကွဲတတ်တဲ့ မီးဓာတ် စွမ်းအင်ကျောက်တုံးတွေက... အတွင်းပိုင်းမှာ သန့်စင်မှုနှုန်း အလွန် မြင့်မားနေမှသာ ပေါက်ကွဲတာပါ"
"ပြီးတော့ အတွင်းက စွမ်းအင်တွေကို ဖောက်ခွဲဖို့အတွက် သင်္ကေတ အစွမ်းလည်း လိုသေးတယ်"
"သာမန် မီးဓာတ် စွမ်းအင်ကျောက်တုံးတွေရဲ့ အတွင်းပိုင်း စွမ်းအင်က တကယ်တော့ အလွန် တည်ငြိမ်တယ်... ထုခွဲလိုက်ရင်တောင် မပေါက်ကွဲဘူး"
"မဟုတ်ရင် ကျွန်တော်တို့ ဒီလို ကျောက်တူးနေတာ ကြာပြီ... အသက်တောင် ကျန်မှာ မဟုတ်တော့ဘူး"
လင်းယွမ် နားလည်သွားကာ စိတ်ဝင်တစားဖြင့် ကျောက်မှုန်အချို့ကို ကောက်ယူ ကြည့်ရှုလိုက်သည်။
လျောင်ထောင်း ပြောသကဲ့သို့ပင် ဤကျောက်မှုန်များထဲတွင် အညစ်အကြေးများစွာ ပါဝင်နေပြီး သန့်စင်မှုနှုန်းမှာလည်း အလွန် နိမ့်ပါးနေသည်။
လျောင်ထောင်းက လင်းယွမ် စိတ်ဝင်စားနေသည်ကို မြင်သောအခါ အလျင်အမြန် ဆက်ပြောပြသည်။
"အရင်က ထျန်ဝေ ဘေးနားက အစွမ်းပိုင်ရှင်တွေ ဒီအမှုန်တွေကို သုံးပြီး ထမင်းချက်တာ... အဝတ်အစားတွေ အခြောက်လှန်းတာ ကျွန်တော် မြင်ဖူးတယ်"
"ပြီးတော့ ဂူထဲမှာ သန့်စင်မှုနှုန်း အနည်းငယ် မြင့်တဲ့ မီးဓာတ် စွမ်းအင်ကျောက်တုံးတွေကို ထားထားရင်... ဂူကို ခြောက်သွေ့စေပြီး ပိုးမွှားတွေကိုလည်း နှင်ထုတ်နိုင်တယ်လေ"
"ပိုးမွှားတွေကို နှင်ထုတ်နိုင်တယ် ဟုတ်လား"
"ဟုတ်ပါတယ်... ပိုးမွှားတွေက မှောင်ပြီး စိုစွတ်တဲ့ နေရာတွေကို ကြိုက်တာလေ... မီးဓာတ် စွမ်းအင်ကျောက်တုံး ရှိတဲ့ နေရာက ခြောက်သွေ့ပြီး ပူနေတတ်တော့ သူတို့ မနေချင်ကြဘူး"
လင်းယွမ်က တအံ့တဩ ဖြစ်မိသည်။ ဤကျောက်တွင်း ဒေသတွင် မီးဓာတ် စွမ်းအင်ကျောက်တုံးများကို ဤမျှအထိ အသုံးချနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ဒါကလည်း သူတို့ဆီမှာ စွမ်းအင်ကျောက်တုံးတွေ အများကြီး ရှိနေလို့သာ စမ်းသပ်ကြည့်နိုင်ခြင်း ဖြစ်မည်။
လင်းယွမ်သည် ဗဟုသုတအသစ် တစ်ခု ရလိုက်သည်ဟု ခံစားရသည်။
သူက ဂူပတ်ပတ်လည်ကို တစ်ပတ် လှည့်ကြည့်လိုက်သည်။ ဤဂူသည် လူတူးထားခြင်း မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်း ဖြစ်ဟန်တူသည်။
"ဒါက သဘာဝအတိုင်း ဖြစ်နေတာလား"
လျောင်ထောင်းက အလျင်အမြန် ခေါင်းညိတ်သည်။
"ဟုတ်ပါတယ်... ကျွန်တော်တို့ ကျောက်တူးရင်းနဲ့ မတော်တဆ ပွင့်သွားတာပါ"
"နောက်ပိုင်းကျတော့ ဒါက ကျွန်တော်တို့ ရေလှိုင်းဒဏ်ကနေ ခိုလှုံတဲ့ ဂူ ဖြစ်သွားတာပေါ့"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် နောက်ပိုင်းမှာလည်း ဒီနေရာကို ခင်ဗျားတို့ ရေလှိုင်းဒဏ်ကနေ ခိုလှုံဖို့အတွက်ပဲ ထားပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် ဆရာလင်း..."
"ကျွိ... ကျွိ... ကျွိ"
လျောင်ထောင်း စကားမဆုံးခင်မှာပင် ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသဖြင့် အံ့အားသင့်သွားသည်။
လင်းယွမ်လည်း ထိုအသံလာရာဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
မလှမ်းမကမ်းရှိ ထောင့်တစ်ခုတွင် မြေဝါရောင် သတ္တဝါလေး တစ်ကောင်က မြေဝါရောင် ကျောက်တုံးတစ်တုံးကို ကိုက်ခဲနေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်နှင့် လျောင်ထောင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"အဲဒါ ဘာလဲ"
လျောင်ထောင်းက အမြန် ခေါင်းခါပြသည်။
"မသိဘူး... ကြွက်နဲ့တော့ တူတယ်"
လင်းယွမ်ကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ကြွက်ဆိုတာ သူ မသိဘဲ နေမလား။
ဒါပေမဲ့ ဘယ် ကြွက်က ကျောက်တုံး စားမှာလဲ။
ဒါက သန္ဓေပြောင်း သတ္တဝါတစ်ကောင်ဆိုတာ ထင်ရှားသည်။
သူက လျောင်ထောင်းကို အသံမထွက်ရန် အမူအရာပြလိုက်သည်။
ထို့နောက် ခြေသံကို အသာအယာ ဖော့ကာ ထိုကြွက်ရှိရာသို့ ချဉ်းကပ်သွားသည်။
ထိုကြွက်မှာ မသေးလှဘဲ မွေးကင်းစ ကလေးငယ် တစ်ယောက်ခန့် ရှိသည်။
တစ်ကိုယ်လုံးတွင် တောက်ပြောင်နေသော မြေဝါရောင် အမွေးအမှင်များ ရှိပြီး မျက်လုံးအစုံမှာလည်း မင်ရည်ကဲ့သို့ နက်မှောင် နေသည်။
ရှေ့ခြေထောက် အတိုလေးနှစ်ဖက်ဖြင့် မြေဓာတ် စွမ်းအင်ကျောက်တုံး တစ်တုံးကို ကိုင်မြှောက်ထားကာ "ဂျွတ်... ဂျွတ်" ဟု အားရပါးရ ဝါးစားနေသည်။
ထူးဆန်းသည်မှာ ထိုမြေဝါရောင် စွမ်းအင်ကျောက်တုံးသည် ၎င်း၏ လက်ထဲတွင် သကြားလုံး တစ်တုံးကဲ့သို့ ဖြစ်နေခြင်းပင်။ ဝါးစားနေသည့် အသံကို နားထောင်ရသည်မှာ ကြွပ်ရွနေသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
၎င်း၏ ရှေ့သွားကြီး နှစ်ချောင်းမှာ အလွန်ပင် ထက်မြက်ပုံရသည်။ အသာအယာ ကိုက်လိုက်ရုံဖြင့် စွမ်းအင်ကျောက်တုံးက ကွဲထွက်သွားသည်။
ဝါးစားနေစဉ်အတွင်း ကျောက်မှုန်များစွာမှာ မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီး အမှုန်အမွှားများမှာ ပုံလျက်သား ဖြစ်နေသည်။
ရုတ်တရက် ၎င်း၏ နားရွက်ကြီး နှစ်ဖက်မှာ ထောင်ထသွားပြီး ဝါးစားနေသော အပြုအမူမှာလည်း ခေတ္တ ရပ်တန့်သွားသည်။ ထို့နောက် ခေါင်းကို တစ်ဖက်သို့ စောင်းငဲ့လိုက်သည်။
လင်းယွမ်က ချက်ချင်းပင် အသက်အောင့်ကာ ရပ်လိုက်သည်။ ယခု သူနှင့် ထိုသတ္တဝါအကြား အကွာအဝေးမှာ ပေ ၁၆၀ ကျော်ခန့် ရှိနေသည်။
ဤအကွာအဝေးတွင် စိတ်ဝိညာဉ် ရိုက်ခတ် အစွမ်း ကို အသုံးပြု၍ မရသေးချေ။
ထိုမြေဝါရောင် ကြွက်မှာ အလွန်ပင် သတိဝီရိယ ကောင်းလှသည်။ တစ်ခုခု မှားယွင်းနေသည်ကို သိလိုက်သည်နှင့် ချက်ချင်းပင် ခုန်ပေါက်ကာ ထွက်ပြေးတော့သည်။
လင်းယွမ်က ထိုအခြေအနေကို မြင်သောအခါ အမြန် လိုက်သွားတော့သည်။
လင်းယွမ် ပေါ်လာသည်နှင့် မြေဝါရောင် ကြွက်လေးမှာ လန့်သွားကာ တစ်ကိုယ်လုံးမှ မြေဝါရောင် အလင်းတန်းများ ဖြာထွက်လာသည်။
နောက်တစ်စက္ကန့်တွင် ထိုကြွက်လေးမှာ ကျောက်နံရံထဲသို့ ခေါင်းဖြင့် တိုးဝင် ပျောက်ကွယ်သွားတော့သည်။
လင်းယွမ် ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။
"မြေလျှိုးအစွမ်းလား"
ဆက်ရန်...
အပိုင်း (၂၂၄) သန္ဓေပြောင်း သင်းခွေချပ်
ကြွက်နှင့်တူသော ဤသန္ဓေပြောင်းသတ္တဝါသည် မြေလျှိုးနိုင်စွမ်း ရှိနေသည်။
လင်းယွမ်က ကျောက်နံရံဘက်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ စိတ်စွမ်းအင်ကို အသုံးပြုပြီး ကျောက်နံရံကို ဖောက်ထွင်းကြည့်ရှုရန် ကြိုးစားလိုက်၏။
သို့သော် ကျောက်နံရံအတွင်း စိတ်စွမ်းအင် စိမ့်ဝင်မှုနှုန်းမှာ သိပ်မကောင်းလှပေ။ ပုံမှန်ဆိုလျှင် ပေ (၁၀၀) အကွာအဝေးထိ ဖြန့်ကျက်နိုင်သော စိတ်စွမ်းအင်သည် ယခုအခါ ပေ (၃၀) ခန့်သာ ရောက်ရှိတော့သည်။
ကျောက်နံရံအတွင်း၌ အဖြူရောင်အလင်းတန်းများ လင်းလက်နေပြီး ထိုအထဲတွင် အနီရောင်နှင့် အဝါရောင် အလင်းတန်းများလည်း ရောနှောစီးဆင်းနေသည်။
လင်းယွမ် တွေးဆလိုက်မိသည်။ ဒါတွေက စွမ်းအင်ကျောက်တုံးတွေ ဖြစ်လောက်သည်။
သို့သော် ထိုမြေဓာတ် အဝါရောင်ကြွက်၏ အရိပ်အယောင်ကိုမူ အာရုံခံမိခြင်း မရှိပေ။
သူ အနီးတစ်ဝိုက်ကို ထပ်မံ ရှာဖွေကြည့်သော်လည်း မတွေ့ရသဖြင့် လက်လျှော့လိုက်ရတော့သည်။
သို့သော် စိတ်ထဲတွင်တော့ သတိထားလိုက်မိသည်။ "ကြည့်ရတာ ဒီကျောက်လိုဏ်ဂူကလည်း လုံးဝ စိတ်ချရတဲ့နေရာတော့ မဟုတ်သေးဘူး... မြေလျှိုးနိုင်စွမ်းရှိတဲ့ သန္ဓေပြောင်းသတ္တဝါတချို့က ဂူထဲမှာ ပုန်းခိုနေတဲ့သူတွေကို ချောင်းမြောင်းတိုက်ခိုက်နိုင်ခြေ ရှိတယ်"
သူက လျောင်ထောင်းဘက်သို့ လှည့်ပြီး သတိပေးစကား ပြောလိုက်သည်။
"အဲဒါက မြေလျှိုးနိုင်တဲ့ သန္ဓေပြောင်းသတ္တဝါပဲ... ရေကြီးတဲ့အချိန် မင်းတို့ ဒီနေရာမှာ ပုန်းမယ်ဆိုရင် သတိထားကြ"
လျောင်ထောင်း မျက်နှာဖြူဖျော့သွားပြီး ခေါင်းကို ဆက်တိုက်ငြိမ့်ပြလေသည်။ ထို့နောက် မရဲတရဲ မေးလာ၏။
"ဆရာလင်း... ခင်ဗျား... ခင်ဗျားပဲ လူလွှတ်ပြီး စောင့်ကြည့်ပေးမယ် ပြောထားတယ် မဟုတ်လား... အစွမ်းပိုင်ရှင်တချို့ လွှတ်ပေးလို့ ရမလား"
လင်းယွမ် ခေတ္တမျှ စဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။
"အဲဒီကိစ္စ ငါ စီစဉ်ပေးပါ့မယ်... ဒါနဲ့ မင်းတို့ဆီမှာ အစားအစာ ဘယ်လောက်ကျန်သေးလဲ... ဒီရေတက်တဲ့အချိန်တွေမှာ တောင့်ခံထားနိုင်ပါ့မလား"
လျောင်ထောင်းက ခါးသက်စွာ ပြုံးလိုက်ရင်း...
"ကျွန်တော်တို့ဆီမှာ ဘာအစားအစာမှ မရှိပါဘူး... အစားအစာတွေကို ထျန်ဝေနဲ့ ဆွန်းကွေ့တို့ကပဲ ထိန်းချုပ်ထားတာ... ထမင်းစားချိန်ကျမှ ကျွန်တော်တို့ကို ခွေးကျွေးသလို ပစ်ပေးကြတာလေ"
"သန္ဓေပြောင်းသတ္တဝါ အသားတွေက အာဟာရပြည့်ဝပြီး အသားဓာတ်များလို့သာပေါ့... မဟုတ်ရင် ကျွန်တော်တို့ ငတ်သေကုန်တာ ကြာပါပြီ"
လင်းယွမ် ထိုစကားကို ကြားသောအခါ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ငါ ဒီနေရာကို ဦးစီးဖို့ လူလွှတ်ရင် စားစရာတချို့ပါ ထည့်ပေးလိုက်မယ်... ဒီရေ ဘေးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးပါ့မယ်"
"ဒါပေမဲ့ အလကား ပေးတာတော့ မဟုတ်ဘူးနော်... မင်းတို့ လိုချင်ရင် စွမ်းအင်ကျောက်တုံးတွေ တူးပြီး လဲလှယ်ရမယ်"
"အချိန်က နှစ်ရက်လောက် လိုသေးတယ်... မင်းတို့ ကြိုးစားပြီး တူးကြပေါ့... တကယ်လို့ မတူးနိုင်ရင်လည်း ငါ ယာယီ အကြွေးပေးထားလို့ ရပါတယ်"
လျောင်ထောင်း ဝမ်းသာအားရ ဖြစ်သွားပြီး...
"ကျေးဇူးတင်ပါတယ် ဆရာလင်း... ခင်ဗျားက တကယ်ကို လူကောင်းပါပဲ"
လင်းယွမ် ပြုံးလိုက်မိသည်။ လူကောင်းတဲ့လား...
သူ့ကိုယ်သူ လူကောင်းတစ်ယောက်လို့ မသတ်မှတ်ထားပေ။ အခြေခံကျင့်ဝတ် စောင့်ထိန်းရုံ သက်သက်သာ ဖြစ်၏။
တကယ်တမ်းတွင် သူသည် ထျန်ဝေတို့လို အင်အားသုံး ဖိနှိပ်ပြီး ခိုင်းစားလို့ ရသော်လည်း ထိုသို့ မလုပ်ချင်ပေ။ အာဏာရှင်ဆန်သူ၏ နိဂုံးသည် ဘယ်သောအခါမှ မကောင်းတတ်ပေ။
နောက်ဆုံးတွင် လူတိုင်း၏ စွန့်ခွာခြင်းကို ခံရတတ်သည်။
အမှန်တကယ် ခိုင်မြဲသော ဆက်ဆံရေးဆိုသည်မှာ အကျိုးစီးပွားချင်း ဖလှယ်သည့် သဘောတရား ပါဝင်နေမှသာ တည်မြဲခြင်း ဖြစ်သည်။
ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့မှု ဆိုသည်မှာ အဘယ်နည်း။
လေးစားမှု အရင်ရှိမှ ကြောက်ရွံ့မှု ဆိုတာ နောက်က ပါလာခြင်း ဖြစ်သည်။
ထိုအရာနှစ်ခုကြားက အတိမ်အနက်ကို သေချာချိန်ဆတတ်ရန် လိုသည်။
လင်းယွမ်နှင့် လျောင်ထောင်းတို့ မြေပြင်ပေါ်သို့ ပြန်တက်လာကြသည်။ ဟိုဘက်တွင်လည်း ညိုတာ့မင်နှင့် မုန့်ကွမ်လီတို့ တိုင်ပင်ပြီးနေကြပြီ ဖြစ်သည်။
ညိုတာ့မင်က "ဆရာလင်း... ကျွန်တော်တို့ တိုင်ပင်ပြီးပါပြီ... မိုင်းတွင်းမှာပဲ နေခဲ့ကြတော့မယ်... ဆရာ့အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့"
မုန့်ကွမ်လီကလည်း ဝင်ပြောသည်။ "ဒါပေမဲ့ ရေကြီးဖို့က နီးနေပြီဆိုတော့ ဆရာ့ကို ပေးဖို့ စွမ်းအင်ကျောက်တုံးတွေ အများကြီးတူးဖို့ အချိန်မရဘူး ဖြစ်နေတယ်... ကျွန်တော်တို့ကို အချိန်နည်းနည်းလောက် လျှော့ပေါ့ပေးလို့ ရမလား... ရေကြီးတဲ့အချိန် စားဖို့ ရိက္ခာတွေလည်း ပြင်ဆင်ရဦးမှာဆိုတော့လေ"
လင်းယွမ် ပြုံးလိုက်ပြီး "ရတာပေါ့... အဲဒီအတွက် ငါ စောင့်ပေးနိုင်ပါတယ်"
ဘေးမှ လျောင်ထောင်းက ချက်ချင်း ဝင်ပြောလိုက်သည်။
"ဦးလေးညို ၊ ကိုမုန့်... ခုနက ဆရာလင်း ပြောတယ်... သူ လူလွှတ်ပြီး ဦးစီးခိုင်းတဲ့အခါ အစားအစာတွေပါ ယူလာပေးမယ်တဲ့... ကျွန်တော်တို့ ယာယီ အကြွေးယူထားလို့ ရတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း အံ့သြဝမ်းသာ ဖြစ်သွားကြသည်။
"ဆရာလင်း... တကယ်လား" ညိုတာ့မင်က အလောတကြီး မေးလိုက်သည်။
လင်းယွမ်က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။
လူတိုင်း၏ မျက်နှာပေါ်တွင် ကျေးဇူးတင်ရှိကြောင်း အထင်းသား ပေါ်လွင်လာသည်။
သူတို့သည် အချိန်ကပ်နေသဖြင့် စိုးရိမ်နေကြခြင်း ဖြစ်သည်။ နှစ်ရက်ဆိုသော အချိန်အတွင်း အစားအစာ လုံလောက်အောင် ပြင်ဆင်နိုင်မည် မဟုတ်ပေ။
ငါးဖမ်းသည် ဆိုရာတွင်လည်း အမြဲတမ်း မိသည်မှ မဟုတ်ဘဲ။
ဘယ်လောက်တော်တဲ့ ငါးဖမ်းသမား ဖြစ်ပါစေ၊ တစ်နေကုန် ငါးမရဘဲ ပြန်လာရသည့် အချိန်များ ရှိစမြဲပင်။
လင်းယွမ်၏ စကားကြောင့် ရေဘေးကာလတွင် အနည်းဆုံးတော့ ဗိုက်မဆာဘဲ နေနိုင်ကြတော့မည် ဖြစ်သည်။
လင်းယွမ်က "ကဲ... ဆုံးဖြတ်ပြီးကြပြီဆိုတော့လည်း ကျောက်လိုဏ်ဂူကို အမြန်ရှင်းလင်းရေး လုပ်ကြတော့... နောက်ထပ် နှစ်ရက်ဆို ရေကြီးတော့မှာ... ဘာတွေ ပြင်ဆင်ထားရမလဲ ဆိုတာ သိကြတယ်မလား"
"သိပါတယ် သိပါတယ်... အရင်တုန်းက ထျန်ဝေတို့ ရေဘေးရှောင်တုန်းကလည်း ကျွန်တော်တို့ပဲ ပြင်ဆင်ပေးခဲ့တာပါ" ညိုတာ့မင်က အလျင်အမြန် ပြောလိုက်သည်။
လျောင်ထောင်းကလည်း "ဆရာလင်း... ဘာလုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်"
လင်းယွမ် ခေါင်းငြိမ့်လိုက်ပြီးနောက် ဘေးနားရှိ ဝူယင်အား လှမ်းပြောလိုက်သည်။
"ဝူယင်... ငါ ဒီမှာ ခဏနေခဲ့မယ်... မင်း အရင်ပြန်နှင့်... ဒေါက်တာရန်ကို ပြောပြီး လူလွှတ်ခိုင်းလိုက်... ရေကြီးတဲ့အချိန် ဒီမှာ စောင့်ကြပ်ဖို့ လိုလိမ့်မယ်"
ဝူယင်က ချက်ချင်း ခေါင်းငြိမ့်ကာ "ကောင်းပါပြီ ဆရာလင်း... ဒါဆို ကျွန်တော် အရင်ပြန်နှင့်တော့မယ်"
"အေး... ဂရုစိုက်ပြန်ဦး... လမ်းမှာ သတိထား"
"စိတ်ချပါ... တခြားဟာသာ မလုပ်တတ်တာ... အသက်လုပြေးရတဲ့ နေရာမှာတော့ ကျွန်တော်က ဆရာကြီးပါ"
ဝူယင်က ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး ရိပ်ခနဲ လှုပ်ရှားလိုက်ရာ မှောင်ရိပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး မိုင်းလုပ်သားများ မျက်နှာပျက်သွားကြသည်။ ဒီလူလည်း မခေပါလားဟု တွေးလိုက်မိကြ၏။
ဆရာလင်း၏ လက်အောက်မှာ တကယ့်လူစွမ်းကောင်းတွေ ရှိနေတာပဲ။
လူတိုင်း၏ စိတ်ထဲတွင် လင်းယွမ်အပေါ် လေးစားရိုသေမှု ပိုမိုတိုးပွားလာကြသည်။
လင်းယွမ်က ထိုအရာများကို ဂရုမစိုက်ဘဲ သူတို့ကို လွတ်လပ်စွာ စီစဉ်ခိုင်းလိုက်သည်။ သူကိုယ်တိုင်ကမူ အနီးအနားရှိ မိုင်းတွင်းများထဲသို့ လျှောက်သွားလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် အားနေတာပဲ... စွမ်းအင်ကျောက်တုံးတွေ တူးပြီး စုထားလိုက်ဦးမယ်"
သူက မပြိုကျသေးသော မိုင်းတွင်းတစ်ခုကို ရွေးချလိုက်သည်။ ကျောက်သားများထဲသို့ စိတ်စွမ်းအင် ထိုးဖောက်နိုင်စွမ်းကို အသုံးပြု၍ မည်သည့်နေရာတွင် အရည်အသွေး စွမ်းအင်ကျောက်တုံးများ ရှိသည်ကို အာရုံခံကာ လျင်မြန်စွာ တူးဖော်လိုက်သည်။
သူ့တွင် ခွန်အားကြီးမားသည့်အပြင် ပစ္စည်းသိုလှောင်ခန်းထဲ၌ ကိရိယာတန်ဆာပလာများ အစုံအလင် ရှိနေသဖြင့် ကျောက်တူးရသည်မှာ အလွန်လွယ်ကူနေသည်။
"ဒုန်း... ဒုန်း... ဒုန်း"
မိုင်းတွင်းထဲမှ ထုရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ဝုန်း"
ကျောက်တုံးကြီး တစ်တုံး ပြုတ်ကျလာပြီးနောက် သလဲသီးစေ့များကဲ့သို့ စုပြုံနေသော မီးဓာတ် စွမ်းအင်ကျောက်တုံးများကို တွေ့လိုက်ရသည်။
ထို မီးဓာတ် စွမ်းအင်ကျောက်တုံးများသည် လက်သီးဆုပ် အရွယ်အစားခန့် ရှိပြီး တချို့မှာ လက်သည်းခွံလောက်သာ ရှိကြသည်။
လင်းယွမ်က ထိုကျောက်တုံးများကို တူးထုတ်ပြီး ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်သည်။
ကျောက်တူးနေရင်း သူ့စိတ်ထဲ၌ သံသယများ ဝင်လာသည်။
"ဒီစွမ်းအင်ကျောက်တုံးတွေက ဘယ်လို ဖြစ်လာတာလဲ"
"ဘာလို့ ဓာတ်သဘာဝတွေ ကွဲပြားနေရတာလဲ"
"ဒီနေရာမှာ ဘာလို့ မီးဓာတ်နဲ့ မြေဓာတ် စွမ်းအင်ကျောက်တုံးတွေပဲ ရှိနေပြီး သစ်ဓာတ် ၊ ရေဓာတ် စွမ်းအင်ကျောက်တုံးတွေ မရှိရတာလဲ"
မေးခွန်းတစ်ခု ပေါ်လာသည်နှင့် တဆက်တည်းတွင် မေးခွန်းပေါင်းများစွာ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
လင်းယွမ် ရုတ်တရက် တွေးလိုက်မိသည်။ "တကယ်လို့ စွမ်းအင်ကျောက်တုံးတွေ များတဲ့နေရာကို ဆက်တူးသွားရင် ဘာတွေ တွေ့ရမလဲ"
သူ စိတ်ဝင်စားသွားပြီး အတွင်းဘက်သို့ ဆက်တူးရန် ဆုံးဖြတ်လိုက်သည်။
ဤမိုင်းတွင်းလမ်းကြောင်းသည် တွင်းဟောင်းများဖြင့် ရှုပ်ထွေးပွေလီနေပြီး လမ်းပျောက်ရန် အလွန်လွယ်ကူသည်။
မိုင်းလုပ်သားများတွင် စိတ်စွမ်းအင် မရှိသဖြင့် မည်သည့်နေရာတွင် စွမ်းအင်ကျောက်တုံး ရှိမှန်း အာရုံမခံနိုင်ကြပေ။
ထို့ကြောင့် ဟိုနားတစ်ပေါက် ဒီနားတစ်ပေါက် လျှောက်တူးထားကြခြင်း ဖြစ်သည်။
လင်းယွမ်မှာမူ ကျောက်သားအနက် ပေ (၃၀) ၊ (၄၀) လောက်အထိ အာရုံခံနိုင်သဖြင့် မည်သည့်နေရာတွင် ကျောက်တုံးရှိသည်ကို အတိအကျ သိနေသည်။
သို့သော် တူးရင်းတူးရင်းနှင့် ဤလမ်းကြောင်းတစ်လျှောက်တွင် အနီရောင် မီးဓာတ် စွမ်းအင်ကျောက်တုံးများ မရှိတော့ဘဲ ဓာတ်မဲ့ စွမ်းအင်ကျောက်တုံး အများအပြားကိုသာ တွေ့လာရသည်။
"ဟင်... မရှိတော့ဘူးလား... စွမ်းအင်ကျောက်တုံးတွေက သွေးကြောတွေလို ဆက်နေတာ မဟုတ်ဘူးလား"
လင်းယွမ် အနည်းငယ် ထူးဆန်းသွားပြီး အခြားမိုင်းတွင်းပေါက် တစ်ခုတွင် ထပ်မံ ရှာဖွေကြည့်လိုက်သည်။
ရုတ်တရက် လိုဏ်ဂူတစ်ခု၏ နံရံအတွင်းပိုင်းနက်နက်၌ မြေဝါရောင် အလင်းတန်းအများအပြားကို သူ့စိတ်စွမ်းအင်ဖြင့် အာရုံခံမိလိုက်သည်။
လင်းယွမ် ခြေလှမ်းတုံ့ခနဲ ရပ်သွားသည်။ "မြေဓာတ် စွမ်းအင်ကျောက်တုံးတွေက မီးဓာတ် စွမ်းအင်ကျောက်တုံးတွေထက် ပိုရှားတယ်... ဒီနေရာမှာ ဒီလောက်အများကြီး ရှိနေတာလား"
သူက ချက်ချင်းပင် တူကြီးကို လွှဲ၍ နံရံကို ထုခွဲလိုက်တော့သည်။
ဒုန်း... ဒုန်း... ဟူသော မြည်ဟိန်းသံများနှင့်အတူ ကျောက်နံရံ အပိုင်းအစများ ကွာကျလာသည်။
လင်းယွမ် ကြည့်လိုက်ရာ အတွင်း၌ မြေဝါရောင် စွမ်းအင်ကျောက်တုံး အများအပြားသည် သလင်းကျောက် အစုအဝေးများကဲ့သို့ တစ်တုံးနှင့် တစ်တုံး ကပ်၍ ဖြစ်တည်နေသည်ကို တွေ့လိုက်ရ၏။
သူက မြေဝါရောင် စွမ်းအင်ကျောက်တုံးများကို အမြန်တူးဖော်လိုက်သည်။
ဤနေရာတွင် မြေဓာတ် စွမ်းအင်ကျောက်တုံး အတော်များပြားသည်။ လင်းယွမ် ရှေ့ဆင့်နောက်ဆင့် အတုံးရေ ၃၀ ကျော် တူးပြီးသည့်တိုင် မကုန်သေးပေ။
ယခုဆိုလျှင် သူသည် ကျောက်နံရံ အတွင်းဘက်သို့ ပေ (၂၀) ခန့် ရောက်ရှိနေပြီ ဖြစ်သည်။
အတွင်းဘက်သို့ ဆက်လက်တူးဖော်ရန် ပြင်လိုက်စဉ် ရုတ်တရက် အန္တရာယ် အငွေ့အသက်တစ်ခု ဒလဟော ဝင်ရောက်လာသည်။
လင်းယွမ် လန့်ဖျပ်သွားပြီး အသိစိတ်ဖြင့် လိပ်ခွံစွမ်းအင်အကာအကွယ် ကို ချက်ချင်း ထုတ်သုံးလိုက်မိသည်။
ဝေါခနဲ မြည်သံနှင့်အတူ သူ့ခန္ဓာကိုယ်ပတ်လည်တွင် မမြင်ရသော လိပ်ခွံအကာအကွယ်တစ်ခု ပေါ်လာသည်။
"ဂွမ်း"
နောက်တစ်စက္ကန့်တွင် အသံအကျယ်ကြီး တစ်ခု ကြားလိုက်ရသည်။
ရှေ့နားရှိ မြေဝါရောင် စွမ်းအင်ကျောက်တုံးများ ရုတ်တရက် လှုပ်ခါသွားသည်။
ထို့နောက် ထိုကျောက်တုံးများ တရွရွ လှုပ်ရှားလာကြသည်။
လင်းယွမ် အလွန်အံ့သြသွားပြီး နောက်သို့ အမြန်ဆုတ်လိုက်သည်။
"ဘာကောင်လဲဟ"
သူ့အလျင်က အလွန်မြန်သဖြင့် မျက်စိတစ်မှိတ်အတွင်း ထိုကျင်းထဲမှ လွတ်အောင် ရှောင်ထွက်နိုင်လိုက်သည်။
ထိုမြေဝါရောင်ကျောက်တုံးကလည်း သူ့ကို သတိထားမိသွားပုံရသည်။ ကျောက်တုံးများ လှုပ်ရှားသွားပြီးနောက် တစ်ခဏချင်းတွင် ကျောက်ချပ်များ ပွတ်တိုက်သံ ထွက်ပေါ်လာသည်။
ထို့နောက် မြေဝါရောင် ကျောက်ပြားများဖြင့် ဖုံးအုပ်ထားသော ခေါင်းတစ်လုံး ထွက်ပေါ်လာလေ၏။
ခေါင်းက လုံးသော်လည်း နှာခေါင်းက ရှည်လျားပြီး မျက်လုံးနှစ်လုံးကမူ အဝါရောင် စွမ်းအင်ကျောက်တုံးများကဲ့သို့ တောက်ပနေသည်။
"ခွီး... ခွီး... ခွီး"
ထိုအကောင်က လင်းယွမ်ကို သွားဖြဲပြလိုက်ပြီးနောက် အကြေးခွံများ ရွှစိရွှစိဖြင့် အသံမြည်လာသည်။
ချက်ချင်းဆိုသလို အပေါက်ထဲမှ ပြေးထွက်လာကာ လင်းယွမ်ကို အရှိန်ပြင်းစွာဖြင့် တိုက်ခိုက်လိုက်တော့သည်။
လင်းယွမ်က သူ့လက်ထဲမှ တူကြီးဖြင့် ထိုအကောင်၏ မြေဝါရောင် အကြေးခွံများပေါ်သို့ အားကုန်လွှဲထုလိုက်ရာ...
"ဒုန်း"
သံနှင့် ကျောက် ပွတ်တိုက်မိသော အသံကြီး ထွက်ပေါ်လာသည်။
ထိုသန္ဓေပြောင်း သတ္တဝါ၏ အကြေးခွံများ တုန်ခါသွားသော်လည်း အထိအခိုက် တစ်စုံတစ်ရာ မရှိပေ။
၎င်းက ပို၍ပင် ဒေါသထွက်သွားပုံရပြီး လင်းယွမ်ကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာသည်။
လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ "ဒီကောင်ရဲ့ အကြေးခွံက တယ်ထူတာပဲ"
"ဘာကောင်လဲ... ကြည့်ရတာ သင်းခွေချပ်နဲ့ တူသလိုပဲ"
သူ စိတ်ထဲတွင် သံသယ ဝင်လာသည်။ ပုံစံက ထူးခြားသော်လည်း သင်းခွေချပ်နှင့် အတော်ဆင်တူနေသည်။
သို့သော် သင်းခွေချပ်ထက် အဆပေါင်းများစွာ ကြီးမားနေသည်။ နွားတစ်ကောင်အရွယ်ခန့် ရှိသည်။
ထိုအကောင်က ခန္ဓာကိုယ်ကို ကျောက်လုံးကြီး တစ်လုံးသဖွယ် လုံးလိုက်ပြီး သူ့ဆီသို့ တလိမ့်လိမ့်နှင့် လှိမ့်ဝင်လာသည်။
လင်းယွမ်က ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
"ဝုန်း"
လင်းယွမ် ခြေဖဝါး နာကျင်သွားပြီး တစ်ကိုယ်လုံး လွင့်ထွက်သွားတော့သည်။
ဤသန္ဓေပြောင်း သင်းခွေချပ်က ကာကွယ်ရေးစွမ်းရည် ကောင်းမွန်ရုံသာမက ခွန်အားပါ ကြီးမားလွန်းလှသည်။
လင်းယွမ် နောက်ဆုတ်လိုက်ပြီး စိတ်ဝိညာဉ်ရိုက်ခတ် အစွမ်း ကို ချက်ချင်း အသုံးပြုလိုက်သည်။
"ဝုန်း"
စိတ်စွမ်းအင်က လှိုင်းလုံးကြီးများကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
သို့သော် သင်းခွေချပ်က အနည်းငယ်သာ ယိမ်းယိုင်သွားပြီး လမ်းကြောင်းလွဲသွားရုံမျှသာ ဖြစ်သည်။
ဘေးနားရှိ မိုင်းတွင်းနံရံကို ဝင်တိုက်မိပြီး ဂူတစ်ခု ပြိုကျသွားသည်။
ထိုအကောင်က ခေါင်းထွက်လာပြီး အနည်းငယ် ခါရမ်းလိုက်သည်။ ထို့နောက် သွားဖြဲပြရင်း ခြေလက်များဖြင့် မြေကြီးကို ယက်လိုက်သည်။
ခဏအကြာတွင် ကျောက်ပုံကြားမှ ပြန်ထွက်လာပြီး ကျောက်လုံးကြီးသဖွယ် လှိမ့်ဝင်လာပြန်သည်။
လင်းယွမ် အံ့သြသွားပြီး ဂူအပြင်ဘက်သို့ ပြေးထွက်လိုက်ရသည်။
"ဒီကောင်က စိတ်စွမ်းအင် အကာအကွယ်ပါ ရှိနေတာလား"
သူ့ စိတ်ဝိညာဉ်ရိုက်ခတ် အစွမ်း မှာ အားအကုန်ထုတ်သုံးထားခြင်း ဖြစ်သည်။ ထျန်ဝေဆိုလျှင် နှာခေါင်းသွေးလျှံပြီး ဦးနှောက်ပါ လှုပ်ခါသွားလောက်သည်။
သို့သော် ဤသန္ဓေပြောင်း သင်းခွေချပ်ကမူ ဂရုမစိုက်သလိုပင်။
လင်းယွမ် သဘောပေါက်လိုက်သည်။ ထိုမြေဝါရောင် အကြေးခွံများသည် ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုသာမက စိတ်စွမ်းအင် တိုက်ခိုက်မှုကိုပါ တွန်းလှန်နိုင်စွမ်း ရှိနေသည်။
"အုန်း"
လင်းယွမ် ခုန်ရှောင်လိုက်ရာ သင်းခွေချပ် ကျောက်လုံးကြီးသည် အနီးရှိ ကျောက်တုံးကြီးကို ဝင်တိုက်မိပြီး ကျောက်တုံးကြီးမှာ တစ်စစီ ဖြစ်သွားသည်။
တိုက်ခိုက်မှု အရှိန်မှာ ကုန်တင်ကားတစ်စီး ဝင်တိုက်သကဲ့သို့ ပြင်းထန်လှသည်။
လင်းယွမ် ဂူအပြင်ဘက် ရောက်သည်နှင့် အခြားမိုင်းလုပ်သားများ ကြောက်လန့်တကြား ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"အားလုံး ပုန်းနေကြ... မိုင်းတွင်းထဲမှာ သန္ဓေပြောင်းသတ္တဝါ ရှိတယ်"
လူတိုင်း အလန့်တကြား ထွက်ပြေးကြတော့သည်။
တချို့က ဂူထဲဝင်ပုန်းကြသော်လည်း တချို့ကမူ ဂူပြိုမှာကြောက်၍ အပြင်သို့ ပြေးထွက်ကြသည်။
လင်းယွမ်ကမူ ထိုအကောင်ကို အာရုံစိုက်ထားလိုက်သည်။
စိတ်စွမ်းအင်ဖြင့် ဆက်တိုက် တိုက်ခိုက်နေသဖြင့် သင်းခွေချပ် ကျောက်လုံးကြီးမှာ ဟိုဟိုဒီဒီ ယိမ်းယိုင်လာသည်။
လင်းယွမ် အခွင့်ကောင်းကို အသုံးချကာ ၎င်း၏ ကျောဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။
"ကြွက်သားပေါက်ကွဲ အစွမ်း "
စွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် သူ့ခွန်အားမှာ နှစ်ဆတိုးလာသည်။ သွေးကြောများ ဖောင်းကြွလာပြီး အားကုန်လွှဲထိုးလိုက်သည်။
"အုန်း"
လက်သီးချက်သည် လေထုကို ခွဲဖြာသွားပြီး ကျောက်သား အကြေးခွံများပေါ်သို့ ကျရောက်သွားသည်။
အသံကျယ်ကြီး ထွက်ပေါ်လာပြီး သင်းခွေချပ်၏ အကြေးခွံများ အက်ကွဲသွားသည်။
ထိုအကောင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး တစ်ပတ်လည်သွားသည်။
သို့သော် ချက်ချင်း ပြန်ထကာ လင်းယွမ်ဘက်သို့ ဦးတည်၍ တိုက်ခိုက်လာပြန်သည်။
လင်းယွမ် မျက်လုံးပြူးသွားသည်။
ခုနက လက်သီးချက်သည် သူ့အစွမ်းကုန် ဖြစ်သည်။ သို့တိုင်အောင် အကာအကွယ်ကို မဖောက်နိုင်သေးပေ။
"နေဦး... ဒီကောင်က မိုင်းတွင်းထဲမှာ နေတာဆိုတော့ အရင်တုန်းက ထျန်ဝေတို့နဲ့ မတွေ့ဖူးဘူးလား"
"တကယ်လို့ တွေ့ဖူးရင် သူတို့ဘယ်လို ဖြေရှင်းခဲ့ကြသလဲ"
လင်းယွမ် တွေးဆလိုက်သည်။ ထျန်ဝေ၏ မီးအစွမ်းသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မဟုတ်ဘဲ ဓာတ်စွမ်းအင်ပညာ တိုက်ခိုက်မှုမျိုး ဖြစ်သည်။ သူ့တိုက်ခိုက်မှုကမူ ရုပ်ပိုင်းဆိုင်ရာ သက်သက်သာ ဖြစ်သည်။
"ဒီသင်းခွေချပ်က ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုမြင့်ပြီး ဓာတ်စွမ်းအင် ကာကွယ်မှု နည်းတာများလား"
လင်းယွမ် စဉ်းစားမိသော်လည်း သူ့တွင် ဓာတ်စွမ်းအင်တိုက်ခိုက်နိုင်စွမ်း မရှိပေ။
စိတ်စွမ်းအင်သည် အဝေးရောက်ခိုက်မှုမျိုး ဖြစ်သော်လည်း ဤအကောင်က ခုခံနိုင်စွမ်း ရှိနေပြန်သည်။
လင်းယွမ် ရှောင်တိမ်းရင်း နည်းလမ်းရှာလိုက်သည်။
"အစိမ်းရောင် စွမ်းအင်ပုလဲကို စမ်းကြည့်ရမယ်"
သူက ကျောက်တုံးကြီး တစ်တုံးပေါ်သို့ ခုန်တက်လိုက်ပြီး လက်ကောက်ဝတ်ကို လှန်ကာ စွမ်းအင်ပုလဲကို ထုတ်လိုက်သည်။
အစိမ်းရောင် ပုလဲကို နဖူးပေါ် ကပ်လိုက်ပြီး စိတ်စွမ်းအင်ကို သွင်းလိုက်သည်။
ပုလဲမှ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာပြီး ရှုပ်ထွေးသော အာရုံကြော ကွန်ရက်များကဲ့သို့ ပျံ့နှံ့သွားသည်။
လင်းယွမ်၏ စိတ်စွမ်းအင်သည် ပိုမိုစူးရှလာသည်ကို ခံစားလိုက်ရသည်။
သူက စိတ်စွမ်းအင်ကို ထိုကျောက်လုံးကြီးပေါ် လွှမ်းခြုံလိုက်သည်။
ချက်ချင်းပင် ကြီးမားသော ခုခံမှုတစ်ခုကို ခံစားလိုက်ရသည်။
သင်းခွေချပ်၏ အကြေးခွံများသည် စိတ်စွမ်းအင် ကာကွယ်မှု ရှိသည်မှာ သေချာသည်။
သို့သော် လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။
အစိမ်းရောင် စွမ်းရည်သည် အဖြူရောင် စွမ်းရည်ထက် အဆင့်မြင့်သည်။ ထို့ကြောင့် အကြေးခွံများက တားဆီးထားသော်လည်း စိတ်စွမ်းအင် အနည်းငယ်က ထိုးဖောက်ဝင်ရောက်သွားနိုင်သည်။
ရုတ်တရက် သင်းခွေချပ်၏ အာရုံကြော ကွန်ရက်များ လင်းယွမ်၏ ခေါင်းထဲ ပေါ်လာသည်။
လင်းယွမ် ဝမ်းသာသွားသည်။ ဒါက ပထမဆုံးအကြိမ် စွမ်းအင်ပုလဲကို တိုက်ခိုက်ရာတွင် အသုံးပြုခြင်း ဖြစ်သည်။
သူက အာရုံကြော တစ်ခုကို ထိန်းချုပ်လိုက်သည်။
"ဝုန်း"
ထိုအာရုံကြောကို ထိန်းချုပ်လိုက်သည်နှင့် လုံးထားသော သင်းခွေချပ် ခန္ဓာကိုယ်သည် ရုတ်တရက် ပြေလျော့သွားပြီး ကြမ်းပြင်ပေါ်သို့ ပက်လက်လန် ကျသွားသည်။
လင်းယွမ် အံ့သြသွားပြီးနောက် ဝမ်းသာသွားသည်။ "ငါ သူ့ရဲ့ အာရုံကြောမကြီး တစ်ခုခုကို ထိန်းချုပ်မိလိုက်တာလား"
သင်းခွေချပ်၏ ကျောဘက် အကြေးခွံများမှာ ထူထဲသော်လည်း ဗိုက်သားမှာမူ မီးခိုးရောင် အသားနုများသာ ရှိသည်။
အကာအကွယ် ပါးပါးလေးသာ ရှိပြီး ကျောဘက်လောက် မမာကျောပေ။
လင်းယွမ် အချိန်ဆွဲမနေတော့ဘဲ ပစ္စည်းသိုလှောင်ခန်းထဲမှ သံချောင်းတစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် အမြင့်မှ ခုန်ဆင်းကာ သံချောင်းဖြင့် သင်းခွေချပ်၏ ဗိုက်သားကို အားကုန် ထိုးစိုက်လိုက်တော့သည်။
"ဇွပ်"
သံချောင်းသည် ပြင်းထန်သော အရှိန်ဖြင့် ဗိုက်သားကို ဖောက်ထဝင်သွားသည်။
သွေးနီနီရဲရဲများ ပန်းထွက်လာသည်။
သင်းခွေချပ်သည် နာကျင်လွန်းသဖြင့် ရုန်းကန်နေသည်။
လင်းယွမ်၏ စိတ်စွမ်းအင်များလည်း လျင်မြန်စွာ ကုန်ဆုံးလာပြီး ထိန်းချုပ်နိုင်စွမ်း လျော့ကျလာသည်။
"မဖြစ်ဘူး... အစိမ်းရောင် စွမ်းရည်က အဆင့်မြင့်လွန်းတော့ စိတ်စွမ်းအင် ကုန်တာ မြန်လွန်းတယ်"
"ဒီကောင်က ရုန်းကန်တာ အရမ်းကြမ်းတယ်... အမြန်လက်စသတ်မှ ဖြစ်မယ်"
လင်းယွမ်က သံချောင်းကို ဆွဲထုတ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံ ထိုးစိုက်လိုက်သည်။
"ဇွပ်... ဇွပ်... ဇွပ်"
ဆက်တိုက် ထိုးစိုက်လိုက်ရာ သင်းခွေချပ် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားသည်။
ရုတ်တရက် လင်းယွမ်၏ စိတ်စွမ်းအင်များ ကုန်ခမ်းသွားသည်။
နောက်တစ်စက္ကန့်တွင် သင်းခွေချပ်၏ အမြီးကြီး ရိုက်ခတ်လာသည်။
"ဝုန်း"
ကျောက်တိုင်လုံးကြီး တစ်တုံးကဲ့သို့ လင်းယွမ်ကို ရိုက်ခတ်မိသွားရာ လွင့်ထွက်သွားတော့သည်။
"ဒုန်း"
ကျောက်တုံးကြီး တစ်တုံးနှင့် ဝင်တိုက်မိပြီး ကျောက်တုံးကြီး ကွဲကြေသွားသည်။ လင်းယွမ် ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
ကလီစာများ နေရာရွေ့သွားသလို ခံစားလိုက်ရသည်။
သို့သော် သူ့အစွမ်းကြောင့် ဒဏ်ရာများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
လင်းယွမ် အမြန်ထလိုက်ပြီး သင်းခွေချပ်ကို ကြည့်လိုက်သည်။
သွေးအိုင်ထဲတွင် လူးလိမ့်နေသော သင်းခွေချပ်သည် ခန္ဓာကိုယ်ကို လုံးရန် ကြိုးစားနေသည်။
သို့သော် နာကျင်လွန်းသဖြင့် ပြန်လည် လဲကျသွားသည်။
လင်းယွမ် အချိန်မဆွဲတော့ဘဲ မြေကြီးကို ဆောင့်ကန်ကာ ပြေးဝင်သွားသည်။
လက်ထဲမှ သံချောင်းအစား မီးသတ်ပုဆိန်ကို ပြောင်းလဲ ကိုင်ဆောင်လိုက်သည်။
"ဒုန်း"
ပုဆိန်ဖြင့် သင်းခွေချပ်၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။
လည်ပင်းပြတ်သွားပြီး ခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်သွားတော့သည်။
လင်းယွမ် အံ့သြသွားပြီး သေချာအောင် ခြေထောက်ဖြင့် ကန်ကြည့်လိုက်သည်။
နွားတစ်ကောင်အရွယ်ခန့် ရှိသော အလောင်းကြီးမှာ ၁၂ပေခန့် လွင့်ထွက်သွားပြီး ငြိမ်ကျသွားသည်။
"သေပြီဟ"
လင်းယွမ် စိတ်ချသွားပြီး ပုဆိန်ဖြင့် နောက်ထပ်အချက်ပေါင်းများစွာ ထပ်ခုတ်လိုက်သေးသည်။
သေချာပြီဆိုမှ စွမ်းအင်ပုလဲကို ပြန်သိမ်းပြီး စိတ်စွမ်းအင် ပြန်ဖြည့်လိုက်သည်။
"ဆရာလင်း... အဆင်ပြေရဲ့လား"
ခပ်လှမ်းလှမ်းမှ လျောင်ထောင်း၊ ညိုတာ့မင်နှင့် မုန့်ကွမ်လီတို့ ခေါင်းပြူထွက်လာပြီး အော်မေးလိုက်သည်။
သွေးသံရဲရဲ ဖြစ်နေသော သင်းခွေချပ်ကြီးကို ကြည့်ပြီး အနားမကပ်ရဲကြပေ။
လင်းယွမ်က မတ်တတ်ရပ်လိုက်ပြီး...
"ရတယ်... ရှင်းပြီးသွားပြီ"
သူက သင်းခွေချပ် အလောင်းကို ကြည့်ပြီး သွေးဖောက်ထုတ်ရန် ချိတ်ဆွဲလိုက်သည်။
သန္ဓေပြောင်း သင်းခွေချပ်အသားက စားလို့ရမရတော့ မသိသေးပေ။
သွေးညှီနံ့ ပျောက်အောင် အရင်လုပ်ထားလိုက်မည်။
ညိုတာ့မင်တို့တစ်သိုက် ထိုမြင်ကွင်းကို မြင်မှ စိတ်ချလက်ချဖြင့် အနားသို့ ရောက်လာကြတော့သည်။
ဆက်ရန်...