အခန်း (၂၂၇-၂၂၈)
Vol. 12 Ch. 227-228
အပိုင်း(၂၂၇) ရုပ်သေးကြိုးမျှင်များနှင့် သင်္ကေတတစ်ခု ထပ်မံရရှိခြင်း
လင်းယွမ်က မျက်လုံးများကို ဖွင့်ထားလျက် သူ၏ စိတ်ပင်လယ်ထဲတွင် စိတ်စွမ်းအင်များကို အစိမ်းရောင် ကြိုးမျှင်များအဖြစ် ပုံဖော်လိုက်ပြီး ထိုကြိုးမျှင်များဖြင့် သန္ဓေပြောင်းကြောင်တစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ လေထဲသို့ မ မြှောက်လိုက်သည်။
ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်များသည် ဒီရေအလား တိုးဝင်လာပြီး လက်တွေ့ဘဝကိုပါ လွှမ်းမိုးနိုင်စွမ်းရှိသော ရုပ်ဝတ္ထုသဏ္ဍာန် အသွင်ဆောင်လာသည်။
ယင်းမှာ စိတ်စွမ်းအင်ဖြင့် အရာဝတ္ထုများကို ရွေ့လျားစေခြင်းနှင့် ဆင်တူလေသည်။
လင်းယွမ်က အစိမ်းရောင် ကြိုးမျှင်တစ်ချောင်းကို မသိစိတ်ဖြင့် ဆွဲလိုက်မိသည်။
သူက ညင်သာစွာ ဆွဲတင်လိုက်သည်နှင့် တပြိုင်နက် ထိုသန္ဓေပြောင်းကြောင်ထံမှ စူးရှစွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး ၎င်း၏ လက်မောင်းတစ်ဖက်မှာ ဂျွတ်ကနဲ အသံမြည်လျက် ပြောင်းပြန်လိမ်ခေါက်သွားသည်ကို တွေ့လိုက်ရသည်။
ဤကြိုးမျှင်များသည် ၎င်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း လင်းယွမ် ချက်ချင်း နားလည်လိုက်သည်။
ထိုကြိုးမျှင်များသည် သန္ဓေပြောင်းကြောင်၏ အာရုံကြောစနစ်ထဲသို့ ဝင်ရောက်ကာ တစ်ဖက်ရန်သူ၏ အာရုံကြော အစိတ်အပိုင်း အသီးသီးကို လွှမ်းမိုးချုပ်ကိုင်ထားခြင်း ဖြစ်သည်။
လင်းယွမ်က အံ့သြဝမ်းမြောက်စိတ်ဖြင့် အခြားသော ကြိုးမျှင်များကိုပါ စမ်းသပ် လှုပ်ရှားကြည့်လိုက်သည်။
ထိုအခါ သန္ဓေပြောင်းကြောင်မှာ သူ၏ ကြိုးဆွဲရာ ကပါသည့် ရုပ်သေးရုပ်လေး တစ်ရုပ်ကဲ့သို့ ဖြစ်သွားပြီး လေထဲတွင် ခန္ဓာကိုယ်က ရှုပ်ထွေးပွေလီစွာ လိမ်ခေါက် လှုပ်ရှားနေတော့သည်။
ရူပဗေဒ သဘောတရားအရ မဖြစ်နိုင်သော ကိုယ်ခန္ဓာ လိမ်ခေါက်မှုမျိုးကိုပင် ထိုကြောင်က လိုက်လုပ်နေရရှာသည်။
လက်မောင်း ကျိုးသွားသည်ဖြစ်စေ... ခါးရိုး ကျိုးသွားသည်ဖြစ်စေ... ၎င်းက အစွမ်းကုန် လိုက်လျောညီထွေ လှုပ်ရှားပေးနေရသည်။
သို့သော် သန္ဓေပြောင်းကြောင် နာကျင်မှု ခံစားရသည့်အချိန်တွင် စိတ်စွမ်းအင် လှိုင်းဂယက်များ ပြင်းထန်လာပြီး ကြိုးမျှင်များ၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ရန် ကြိုးပမ်းလာသည်ကို လင်းယွမ် သတိပြုမိလိုက်သည်။
လင်းယွမ်က သဘောပေါက်သွားပြီး "ဒီတော့ ကြိုးမျှင်နဲ့ ထိန်းချုပ်တဲ့နေရာမှာ တစ်ဖက်ရန်သူရဲ့ စိတ်စွမ်းအင်က များလေလေ... ခုခံနိုင်စွမ်း အားကောင်းလေလေဖြစ်ပြီး... ကြိုးမျှင်ရဲ့ ထိန်းချုပ်မှုကနေ ရုန်းထွက်နိုင်ဖို့ အခွင့်အလမ်း ပိုများလေလေပေါ့"
လွန်ခဲ့သော အချိန်က ခေါင်းကြီးခလေး၏ လက်ထဲမှ သူ မည်သို့ လွတ်မြောက်လာခဲ့ပြီး တစ်ဖက်ရန်သူကို ပြန်လည် သတ်ဖြတ်နိုင်ခဲ့သည် ဆိုတာကို သူ ရုတ်တရက် နားလည်သွားခဲ့သည်။
ထိုစဉ်က သူ၏ စိတ်စွမ်းအင်မှာ မနိမ့်ကျခဲ့သလို အတိုင်းအတာတစ်ခုအထိ ပြန်လည် တိုက်ခိုက်နိုင်စွမ်းလည်း ရှိခဲ့သည်။
ထို့ကြောင့် တစ်ဖက်ရန်သူက သူ့ကို အစမှအဆုံး သေသည်အထိ ထိန်းချုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။
သူသာ ကြိုးမျှင်များ၏ ထိန်းချုပ်မှုအောက်မှ တစ်စက္ကန့်မျှ လွတ်မြောက်လာနိုင်ခဲ့လျှင်ပင် သူ၏ ကြီးမားသော ခွန်အား အရေအသွေးမှတ်များကို အသုံးပြုကာ ခေါင်းကြီးခလေးကို ပြန်လည် သတ်ဖြတ်နိုင်ခဲ့မည် ဖြစ်သည်။
လင်းယွမ်က သူ၏ စနစ်ဇယားကွက်ကို ဖွင့်ကြည့်လိုက်ပြီး သူ၏ အစွမ်း ကဏ္ဍကို စစ်ဆေးလိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင် အစွမ်း ကဏ္ဍရှိ လိပ်ခွံစွမ်းအင်အကာအကွယ် ၏ အနောက်တွင် အစွမ်းသစ် တစ်ခု တိုးလာခဲ့သည်။
ထို့ပြင် အဖြူရောင် မဟုတ်ဘဲ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေသော အစွမ်းတစ်ခု ဖြစ်နေသည်။
အမည် - ရုပ်သေးကြိုးမျှင်
အရည်အသွေး - အစိမ်းရောင်
လိုအပ်ချက် - စိတ်စွမ်းအင် ၁၀ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၀ မှတ်
အာနိသင် - စိတ်စွမ်းအင်ဖြင့် အာရုံကြောကွန်ရက် ကြိုးမျှင်များကို ဖွဲ့စည်းပြီး ရန်သူ၏ အာရုံကြော ဗဟိုချက်ကို ထိုးဖောက်ဝင်ရောက်ကာ ရန်သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခြင်း။
(မင်မင် Skill တွေကို သိုင်းပညာ လို့ရှေ့အပိုင်းတွေမှာ ပြန်ထားတယ်။ ဒါပေမဲ့ သူတို့က သိုင်းပညာထက် မှော်အစွမ်းတွေနဲ့ ပိုတူနေလို့ မင်မင် သိုင်းပညာလို့ ဆက်မပြန်တော့ပဲ အစွမ်း လို့ပဲ ပြန်တော့မယ်နော်)
အစွမ်း ဖော်ပြချက်ကို ကြည့်ရင်း လင်းယွမ်၏ မျက်လုံးများ အရောင်တောက်လာကာ သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒီအစွမ်းနာမည်က ရုပ်သေးကြိုးမျှင် လို့ ခေါ်တာကိုး"
"တကယ့်ကို သင့်တော်လိုက်ဖက်တဲ့ ဖော်ပြချက်ပဲ"
"ဒါ့အပြင် စိတ်စွမ်းအင် လိုအပ်ချက်ကလည်း သိပ်မများဘူး... ၁၀ မှတ်ဆိုရင် လုံလောက်ပြီ"
"ဒီလိုဆိုရင် အရင်ကတွေ့ခဲ့တဲ့ ခေါင်းကြီးခလေးရဲ့ စိတ်စွမ်းအင်က ၃၅ မှတ်အထိ မရောက်သေးဘူးပေါ့"
လင်းယွမ်က အစွမ်းအားလုံးတွင် မွေးရာပါ ပါလာသော အစွမ်းနှင့် နောက်မှ သင်ယူရရှိသော အစွမ်းတို့၏ လိုအပ်ချက်များ မတူညီကြောင်း နိယာမသဘောတရားကို သဘောပေါက်သွားပြီ ဖြစ်သည်။
မွေးရာပါ နိုးထလာသော အစွမ်းမျိုးသည် အစွမ်း ကဏ္ဍတွင် ဖော်ပြထားသော လိုအပ်သည့် အရေအသွေးမှတ် အတိုင်းသာ ဖြစ်သည်။
သို့သော် မိမိက အစွမ်းပုလဲမှတစ်ဆင့် ၎င်းအစွမ်းများကို ကူးယူပြီး သင်ယူချင်သည် ဆိုပါက လိုအပ်သော စိတ်စွမ်းအင် ပမာဏမှာ နှစ်ဆ ဖြစ်သွားမည် ဖြစ်သည်။
ဆိုလိုသည်မှာ ယခင်က ခေါင်းကြီးခလေး အနေဖြင့် ဤကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် အစွမ်းကို ထုတ်သုံးနိုင်ရန်အတွက် စိတ်စွမ်းအင် ၁၀ မှတ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၀ မှတ်သာ လိုအပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မိမိက အစိမ်းရောင် အစွမ်းကို သင်ယူချင်ပါက စိတ်စွမ်းအင် ၃၅ မှတ်အထိ ရောက်ရှိအောင် မြှင့်တင်ရမည် ဖြစ်သည်။
လင်းယွမ်က ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိလိုက်သည်။ "ဒါဆိုရင် ၂၅ မှတ်ဆိုတာက အဖြူရောင် အစွမ်းကို သီးသန့် သင်ယူဖို့အတွက် အခြေခံ လိုအပ်ချက်ဖြစ်ပြီး... ၃၅ မှတ် ဆိုတာကတော့ အစိမ်းရောင် အစွမ်းကို သီးသန့် သင်ယူဖို့အတွက် ဝင်ခွင့် တံခါးပေါက်လား"
လင်းယွမ် စဉ်းစားခန်း ဝင်သွားသည်။ ထိုစဉ်က စိတ်ဝိဉာဉ် ရိုက်ခတ်အစွမ်းကို သူ သင်ယူခဲ့စဉ်က ၂၅ မှတ် မပြည့်ခဲ့ဘူး မဟုတ်လား...
ဒါမှမဟုတ် စိတ်ဝိဉာဉ် ရိုက်ခတ်အစွမ်းက အရမ်း အားနည်းလွန်းလို့လား... စိတ်စွမ်းအင် ၂၅ မှတ် မလိုဘဲနဲ့ သင်ယူနိုင်ခဲ့တာလား...
သူက မေးစေ့ကို ပွတ်သပ်လိုက်ရင်း သူ၏ ခန့်မှန်းချက်တွင် လိုအပ်ချက် အနည်းငယ် ရှိနေသည်ဟု ခံစားလိုက်ရသည်။
အစွမ်းတစ်ခုချင်းစီ၏ ဝင်ခွင့် တံခါးပေါက် သတ်မှတ်ချက်များမှာ တူညီချင်မှ တူညီပေလိမ့်မည်။
သူက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ ဂျွတ်ကနဲ အသံနှင့်အတူ အစိမ်းရောင် ကြိုးမျှင်တစ်ချောင်း တင်းသွားသည်။
ထိုခဏချင်းမှာပင် သန္ဓေပြောင်း တောကြောင်၏ လည်ပင်းမှာ ထူးဆန်းသော ထောင့်ချိုးတစ်ခု အနေအထားဖြင့် ချက်ချင်း လိမ်ခေါက်သွားတော့သည်။
လင်းယွမ်၏ စိတ်အာရုံ ခံစားမှုထဲတွင် ကြိုးမျှင်အားလုံးမှာ ပစ်မှတ် ပျောက်ဆုံးသွားပြီး သူ၏ စိတ်ပင်လယ်ထဲသို့ ပြန်လည် ဝင်ရောက်လာကာ အစိမ်းရောင် သင်္ကေတ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထို့အတူ သန္ဓေပြောင်း တောကြောင်၏ အလောင်းမှာလည်း ဘုန်းကနဲ အသံနှင့်အတူ သစ်ရွက်ဆွေး ရွှံ့နွံများပေါ်သို့ ပြုတ်ကျသွားပြီး ရွှံ့ရေများ စင်တက်သွားလေသည်။
လင်းယွမ်၏ ခေါင်းထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာပြီး နောက်ထပ် အမှတ်များ ထပ်မံ ဝင်ရောက်လာပြန်သည်။
သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွှတ်သွားကာ ပြုံးလိုက်မိသည်။
"အစိမ်းရောင်အဆင့်ရဲ့ အစွမ်းက ငါ ထင်ထားတာထက် ပိုမြင့်တာပဲ"
"ဒါ့အပြင် ဒီအစွမ်းက အုပ်စုလိုက် ထိန်းချုပ်နိုင်တဲ့ အစွမ်း ဖြစ်လောက်တယ်... ပစ်မှတ် တစ်ခုတည်းကိုပဲ ရည်ရွယ်တာ မဟုတ်ဘဲ စိတ်စွမ်းအင် သက်ရောက်နိုင်တဲ့ ဧရိယာထဲက ပစ်မှတ်တွေ အကုန်လုံးကို ထိန်းချုပ်နိုင်ပုံရတယ်"
"ဒါပေမယ့် ထိန်းချုပ်တဲ့ ပစ်မှတ် များလေလေ... ကုန်ဆုံးတဲ့ စိတ်စွမ်းအင် ပမာဏက များလေလေ ဖြစ်လိမ့်မယ်"
လင်းယွမ်မှာ ခရီးဆက်ရန် မလောတော့ဘဲ တောတောင်များထဲတွင် နားလိုက် သွားလိုက် လုပ်ရင်း လမ်းတစ်လျှောက် သန္ဓေပြောင်း သတ္တဝါများကို လိုက်လံ သတ်ဖြတ်နေလိုက်သည်။
ထိုသန္ဓေပြောင်း သတ္တဝါများ၏ အလောင်းများကို သူ ထားမပစ်ခဲ့ချေ။ အားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သိမ်းလိုက်သည်။
ပြန်ရောက်သည့်အခါ လူများကို စီမံခိုင်းပြီး အသားများကို နောင်တစ်ချိန် ကုန်သွယ်ရာတွင် အသုံးပြုရန် သိုလှောင်ထားမည် ဖြစ်သည်။
ထိုတစ်ညလုံး လင်းယွမ်သည် သန္ဓေပြောင်း သတ္တဝါ အကောင်ရေ ၂၀ မက သတ်ဖြတ်ခဲ့ပြီး အမှတ် ၅၀၀ ကျော် ရရှိခဲ့သည်။
မီးဝါးတောသို့ ပြန်ရောက်သည့် အချိန်တွင် ဝါးမျှော်စင်ဘက်၌ လူအတော်များများ အိပ်ပျော်နေကြပြီ ဖြစ်သည်။
ကင်းမျှော်စင် အနည်းငယ်၌သာ ကင်းလှည့်အဖွဲ့ဝင်များ တာဝန်ကျ ကင်းစောင့်နေကြသည်။
"ဘယ်သူလဲ"
လင်းယွမ်က ဝါးမျှော်စင် အနီးသို့ ရောက်သည်နှင့် တာဝန်ကျ ကင်းသမားက ချက်ချင်း မြင်တွေ့သွားပြီး လှမ်းအော်မေးလိုက်သည်။
လင်းယွမ် မော့ကြည့်လိုက်ရာ ယနေ့ည တာဝန်ကျသူမှာ ဟူဝေမင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဟူဝေမင်မှာ သာမန်လူတစ်ယောက် ဖြစ်သည့်အတွက် ကောင်းကင် မဲမှောင်နေချိန်တွင် လင်းယွမ်ကို သေချာပေါက် သဲကွဲစွာ မြင်ရမည် မဟုတ်ပေ။
"ဟူဝေမင်... ကျွန်တော်ပါ... လင်းယွမ်"
"ဟာ... လင်းယွမ်... မင်း ပြန်ရောက်လာပြီလား"
ထိုအခါ ဟူဝေမင် တစ်ယောက်တည်း အာမေဋိတ် သံပြုလိုက်သည် မဟုတ်ဘဲ အနီးအနားတွင် ကင်းလှည့်နေသော ဝမ်အန်းနှင့် အခြားလူများပါ ရောက်ရှိလာကြသည်။
လင်းယွမ်က လူများကို ပြုံးပြ နှုတ်ဆက်လိုက်ရာ ကျောက်ခိုင်လည်း လှုပ်ရှားသံကြားသဖြင့် ဝါးမျှော်စင်ပေါ်မှ ပြေးဆင်းလာသည်။
"အစ်ကိုလင်း... ခင်ဗျား ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ... အမတင်းနဲ့ ဒေါက်တာရန်တို့ကိုရော တွေ့ခဲ့ရဲ့လား"
လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ "တွေ့ခဲ့တယ်... ဒီဘက်ကို စိတ်မချလို့ သူတို့ကို ဟိုမှာ တစ်ည စောင့်ခိုင်းထားပြီး လူတိုင်းကို စိတ်ချလက်ချ ရှိစေဖို့ သတင်းလာပို့တာ"
ကျောက်ခိုင်က ပြုံးရွှင်စွာဖြင့် ပြောသည်။ "ဝူယင် ပြန်လာပြီး သတင်းပို့ထားပါတယ်... ကျောက်တွင်း ခိုလှုံရေးစခန်းက အစွမ်းပိုင်ရှင်တွေ အကုန် သေကုန်ပြီဆို"
လင်းယွမ်က ရယ်မောလိုက်ပြီး "အင်း... ထျန်ဝေက စိတ်ဖောက်ပြန်ပြီး ကျောက်တွင်းကို ဖောက်ခွဲပစ်လိုက်တာ... အဲဒီတုန်းက ဘေးမှာ ဝိုင်းကြည့်နေကြတဲ့ အစွမ်းပိုင်ရှင်တွေ ထွက်ပြေးဖို့ အချိန်မရလိုက်ဘဲ အကုန်လုံး ပေါက်ကွဲတဲ့ထဲ ပါသွားကြတယ်... ဒီဘက်မှာရော ဘာထူးခြားသေးလဲ"
"မရှိပါဘူး... ကျွန်တော်တို့ဆီမှာ အေးဆေးပါပဲ"
"အေး... ဒါဆို မင်းတို့ ဆက်ပြီး ကင်းလှည့်ကြ... ငါ ပြန်တော့မယ်"
"ဟုတ်ကဲ့... သွားပါ... အမမေက ခင်ဗျားကို မေးနေတာ"
လင်းယွမ်က ပြုံးလိုက်ပြီး သူ၏ နေအိမ်ဖြစ်သော ဝါးမျှော်စင်ရှိ ကျောက်လိုဏ်ဂူထဲသို့ လျင်မြန်စွာ ပြန်ဝင်သွားလိုက်သည်။
ကျောက်လိုဏ်ဂူ တံခါးမကြီးကို ပိတ်ထားသော်လည်း အတွင်းမှ အလင်းရောင် မှိန်ပျပျကို တံခါးကြားမှတစ်ဆင့် မြင်နေရသည်။
လင်းယွမ်က ကျောက်တံခါးကို ပုတ်လိုက်ပြီး "အမမေ... ကျွန်တော် ပြန်ရောက်ပြီ"
"မောင်လေး... မောင်လေး ပြန်ရောက်ပြီလား" ရန်မေ၏ အံ့သြဝမ်းသာသံက ချက်ချင်း ထွက်ပေါ်လာသည်။
သူမက အလျင်အမြန် ပြေးလာပြီး လေဝင်ပေါက်မှတစ်ဆင့် ကြည့်လိုက်ရာ လင်းယွမ် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် လေးလံသော ကျောက်တံခါးကြီးကို ချက်ချင်း ဖွင့်ပေးလိုက်သည်။
အခန်းထဲမှ နွေးထွေးသော လေငွေ့များ လှိုက်ကနဲ ထွက်ပေါ်လာသည်။ ယင်းမှာ ဧည့်ခန်းထဲရှိ နေကြာပန်းမှ ထုတ်လွှတ်ပေးနေသော နွေးထွေးသည့် နေရောင်ခြည်များကြောင့် ဖြစ်သည်။
လင်းယွမ်ကို ထွက်ကြိုသူမှာ ရန်မေ တစ်ယောက်တည်း မဟုတ်ဘဲ ဆုန့်ဝမ်နှင့် တုံယန်တို့ နှစ်ယောက်ပါ ရှိနေကြသည်။
"အစ်ကိုလင်း... အဆင်ပြေရဲ့လား"
"အစ်ကိုလင်း... အမတင်းယန်တို့ကိုရော တွေ့ခဲ့လား... သူတို့ ရှင့်နောက် လိုက်သွားကြတယ်လေ"
ဆုန့်ဝမ်နှင့် တုံယန်တို့က အလုအယက် မေးမြန်းကြသည်။
ရန်မေက လင်းယွမ်ကို အိမ်ထဲသို့ ဆွဲခေါ်လိုက်ရင်း "အရင် ဝင်လာပါစေဦး... နင်စားပြီးပြီလား... အမ တစ်ခုခု လုပ်ပေးမယ်လေ... ရေအရင်ချိုးမလား... တစ်ကိုယ်လုံး စိုရွှဲနေတာပဲ"
သူမက လင်းယွမ်ကို ဂရုတစိုက် မေးမြန်းနေပုံမှာ ဇနီးသည်ကောင်း တစ်ယောက် ပီသနေလေပြီ။
လင်းယွမ်က ပြုံးလိုက်ပြီး "အတော်ပဲ ဗိုက်ဆာနေတာ... အမရဲ့ လက်ရာ ညစာကို စားချင်လို့ တကူးတက ပြန်လာတာ"
ရန်မေမှာ မျက်နှာပွင့်လန်းသွားပြီး မျက်ဝန်းထဲတွင် ချစ်ခင်မြတ်နိုးမှုများ လျှံကျလာသည်။
ဆုန့်ဝမ်နှင့် တုံယန်တို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အလိုက်တသိဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။
ဆုန့်ဝမ်က ပြောလိုက်သည်။ "အမမေ... အစ်ကိုလင်းလည်း ပြန်ရောက်ပြီဆိုတော့ ကျွန်မတို့ ဒီမှာ မနေတော့ဘူးနော်"
တုံယန်ကလည်း ဝင်ပြောသည်။ "အမမေ... ကျွန်မတို့ ပြန်တော့မယ်"
ရန်မေက အလျင်အမြန် တားလိုက်ပြီး "အို... ဘာလုပ်ဖို့ ပြန်ကြမှာလဲ... ဒီမှာ အခန်းလွတ် မရှိတာလည်း မဟုတ်ဘဲနဲ့... ဒီမှာပဲ နေလိုက်ကြပါ... အမ ဟင်းနှစ်ခွက်လောက် ချက်လိုက်ဦးမယ်... အတူတူ စားကြတာပေါ့"
"ဟင့်အင်း... မစားတော့ဘူး... ကျွန်မတို့ စားပြီးပြီ"
"ဟုတ်တယ်... ကျွန်မ မဆာတော့ဘူး"
မိန်းကလေးနှစ်ယောက်က အလျင်အမြန် လက်ကာပြပြီး ငြင်းဆန်ကြသည်။
ရန်မေက ပြောလိုက်သည်။ "ဒီနေ့ မောင်လေးက ကျောက်တွင်း ခိုလှုံရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့တာ... ဒါက ဝမ်းသာစရာ ကိစ္စကြီးလေ... နင်တို့က သူ့ကို ဂုဏ်မပြုပေးကြဘူးလား"
"ကဲ... ဘာမှ ပြောမနေနဲ့တော့... လာ... အမကို ကူလုပ်ပေးကြဦး"
မိန်းကလေးနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာများ ရဲသွားကာ မသိစိတ်ဖြင့် လင်းယွမ်ကို လှမ်းကြည့်လိုက်ကြသည်။
လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ "ဒီမှာပဲစားလိုက်ပါ"
ထိုအခါမှ မိန်းကလေးနှစ်ယောက်က ရယ်မောရင်း ခေါင်းညိတ်လိုက်ကြသည်။
သူမတို့ သုံးယောက် မီးဖိုချောင်တွင် အလုပ်ရှုပ်နေခိုက် လင်းယွမ်က အပြင်ဘက်သို့ ထွက်လာပြီး သင်းခွေချပ်၏ ကျန်ရှိနေသော အသားများကို လှီးဖြတ်ကာ ကင်းလှည့်အဖွဲ့ဝင်များကို ဝေပေးရန် ပြင်ဆင်လိုက်သည်။
"ဒီသင်းခွေချပ် ခေါင်းထဲမှာ အစွမ်းပုလဲ ပါမလာဘူးလား မသိဘူး"
လင်းယွမ် စိတ်ထဲတွင် လှုပ်ရှားသွားပြီး သင်းခွေချပ်၏ ခေါင်းကို သတိရသွားသဖြင့် ဦးခေါင်းခွံကို ချက်ချင်း ခွဲကြည့်လိုက်သည်။
သို့သော် အတွင်း၌ အစွမ်းပုလဲ မရှိဘဲ သင်္ကေတ အကွက်များ ပါရှိသည့် ဦးခေါင်းခွံ တစ်ခုသာ ရှိနေသည်။
"ဟေ... သင်္ကေတ"
လင်းယွမ် ဝမ်းသာသွားသည်။ သင်္ကေတ တစ်ခု ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူက မိုးရေဖြင့် အလျင်အမြန် ဆေးကြောလိုက်ပြီး ထိုသင်္ကေတ ဦးခေါင်းခွံကို သေချာစွာ ကြည့်ရှုလိုက်သည်။
ဤ သင်္ကေတ ဦးခေါင်းခွံသည် ယခင်က ရရှိခဲ့ဖူးသော သင်္ကေတ ဦးခေါင်းခွံနှင့် အရွယ်အစားချင်း ဆင်တူပြီး လေးထောင့်ကျကျ အကွက်အဆင်များ ပါရှိကာ ကျောက်တုံးတစ်တုံးနှင့် တူလေသည်။
လင်းယွမ် စိတ်ထဲတွင် တွေးလိုက်မိသည်။ "အကာအကွယ် သင်္ကေတများလား"
ထိုသို့ တွေးလိုက်မိသည်နှင့် လင်းယွမ် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
ဤသင်းခွေချပ်သည် မြေဓာတ် သန္ဓေပြောင်း သတ္တဝါအမျိုးအစား ဖြစ်သည်။
အကယ်၍ ဒါသာ အကာအကွယ် သင်္ကေတ ဖြစ်နေမည်ဆိုလျှင် အစိုးရက ထုတ်ပြန်ထားသော သင်္ကေတ ပြုလုပ်နည်းများနှင့် ပေါင်းစပ်လိုက်ပါက မိမိအနေဖြင့် မြေဓာတ် အကာအကွယ် သင်္ကေတများကို ပြုလုပ်နိုင်မည့် အခွင့်အရေး ရှိလာမည် မဟုတ်ပါလော။
"ကျောက်လိုဏ်ဂူ တူးဖော်တာက မြေပြိုနိုင်တဲ့ အန္တရာယ် အတိုင်းအတာတစ်ခုအထိ ရှိတယ်... တကယ်လို့သာ တူးဖော်ထားတဲ့ လိုဏ်ဂူကို ခိုင်မာအောင် အကာအကွယ် သင်္ကေတတွေ အသုံးပြုနိုင်မယ်ဆိုရင် လိုဏ်ဂူရဲ့ လုံခြုံရေးကို အာမခံနိုင်ပြီ"
"ပြီးတော့ ပင်လယ်ရေလှိုင်းကလည်း မကြာခင် ရောက်လာတော့မှာ... ပင်လယ်ရေလှိုင်းထဲက ပါလာမယ့် သန္ဓေပြောင်း သတ္တဝါအုပ်ကြီးကို သာမန် ကျောက်တံခါးတွေက တားဆီးနိုင်မလား ဆိုတာလည်း မသိရသေးဘူး... အဲဒီအချိန်ကျရင် အကာအကွယ် သင်္ကေတကိုသာ သုတေသန လုပ်ပြီးသား ဖြစ်နေရင် တကယ့်ကို အသုံးဝင်လာမှာ"
လင်းယွမ် စိတ်လှုပ်ရှားလာပြီး အသားတုံးများကိုပင် ဆက်လက် ခုတ်ထစ်မနေတော့ဘဲ အားလုံးကို သိမ်းဆည်းလိုက်ကာ စာကြည့်ခန်းထဲသို့ အလျင်အမြန် ပြေးဝင်ပြီး ဤသင်္ကေတကို စတင် လေ့လာတော့သည်။
သူ့တွင် လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတ ပြုလုပ်ဖူးသော အတွေ့အကြုံ ရှိပြီးဖြစ်၍ ဤသင်္ကေတကို လေ့လာရာတွင် လမ်းကြောင်းမှန်ကို သိနေပြီ ဖြစ်သည်။
ပထမဆုံး လုပ်ရမည်မှာ စိတ်စွမ်းအင်ကို အသုံးပြု၍ သင်္ကေတ အကွက်အဆင်များကို ပုံဖော်ကြည့်ရန် ဖြစ်သည်။
မိမိက ဤသင်္ကေတ နည်းပညာကို ဦးစွာ ကျွမ်းကျင်အောင် လုပ်ပြီးမှ ရေးဆွဲရန် ကြိုးစားရမည်။ ထို့နောက်မှ ထွင်းထုရမည် ဖြစ်သည်။
သို့သော် ဤအရာမှာ ချက်ချင်း ပြီးမြောက်နိုင်သော ကိစ္စမဟုတ်ပေ။
လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတ ဖြစ်စေ၊ ရုပ်သေးကြိုးမျှင် သင်္ကေတ ဖြစ်စေ၊ သူ အချိန်ကြာမြင့်စွာ လေ့လာပြီးမှသာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒါက ထပ်ခါထပ်ခါ လေ့ကျင့်မှု လိုအပ်သည်။
"ပင်လယ်ရေလှိုင်း ရောက်လာဖို့ နှစ်ရက်ပဲ လိုတော့တယ်... အချိန်မီပါ့မလား မသိဘူး"
လင်းယွမ်က အလျင်အမြန် စတင် လေ့ကျင့်လိုက်သည်။ စိတ်စွမ်းအင် မြင့်မားလာမှုကြောင့် သူ၏ စိတ်စွမ်းအင် ပြောင်းလဲမှုနှင့် ထိန်းချုပ်နိုင်စွမ်းမှာ အဆင့်ကြီး တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
နာရီဝက်ခန့် ကြာသောအခါ အပြင်ဘက်မှ ရန်မေ တံခါးလာခေါက်သံ ကြားလိုက်ရသည်။
"မောင်လေး... ထမင်းစားမယ်"
လင်းယွမ် သတိဝင်လာပြီး လေ့ကျင့်မှုကို ခေတ္တရပ်နားကာ အပြင်သို့ ထွက်လာခဲ့သည်။
ရန်မေမှာ ပွပွချောင်ချောင် ခါးစည်းအဝတ်ကို ဝတ်ဆင်ထားသော်လည်း သူမ၏ ပြည့်ဖြိုးသော ခန္ဓာကိုယ်အလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
"ဘယ်လိုဖြစ်လို့ ပြန်ရောက်ရောက်ချင်း စာကြည့်ခန်းထဲ ဝင်သွားရတာလဲ"
"သင်္ကေတကို လေ့လာနေတာ... သင်္ကေတ အသစ်တစ်ခု အခုပဲ ရှာတွေ့လို့လေ"
ရန်မေက ပြုံးရွှင်စွာဖြင့် အနောက်သို့ လှမ်းကြည့်လိုက်ပြီး ဆုန့်ဝမ်နှင့် တုံယန်တို့ ဒီဘက်ကို မကြည့်နေသည်ကို အခွင့်ကောင်းယူကာ ခြေဖျားထောက်လျက် လင်းယွမ်၏ ပါးကို လှမ်းနမ်းလိုက်ပြီး... "လာ... ထမင်းစားကြရအောင်"
ဧည့်ခန်းထဲသို့ ပြန်ရောက်သောအခါ စားပွဲပေါ်တွင် ဟင်းပွဲများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ငါးဟင်း၊ အသားဟင်းများ ပါဝင်ပြီး အသားနှင့် အသီးအရွက် မျှတစွာ ပါရှိသည်။
ဤကဲ့သို့သော ဟင်းပွဲမျိုးကို လင်းယွမ်၏ နေရာတွင်သာ စားနိုင်ခြင်း ဖြစ်သည်။
အခြား ခိုလှုံရေးစခန်းကြီး သုံးခုမှ ခေါင်းဆောင်များပင် ဤမျှ ကောင်းမွန်သော ထမင်းဟင်းမျိုးကို စားနိုင်ကြလိမ့်မည် မဟုတ်ပေ။
လင်းယွမ်မှာ တကယ်ပင် ဗိုက်ဆာနေပြီ ဖြစ်သည်။ ဒီနေ့ တစ်နေ့လုံး တိုက်ခိုက်ခဲ့ရသဖြင့် စွမ်းအင် အကုန်အကျ များခဲ့သည်။
ထမင်း ပန်းကန်လုံးပေါင်း များစွာကို စားသောက်လိုက်ပြီးမှ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် စားသောက်မှု အရှိန်လျှော့ကာ မိန်းကလေး သုံးယောက်နှင့် စကားစမြည် ပြောလိုက်သည်။
"ဒါဆိုရင်... နောက်ဆို အဲဒီ ကျောက်တွင်းက အစ်ကိုလင်း ပိုင်တာ ဖြစ်သွားပြီပေါ့နော်" ဆုန့်ဝမ်က အားကျစွာဖြင့် မေးသည်။
လင်းယွမ်က ပြုံး၍ ပြောသည်။ "အဲဒီသဘောပဲ... ဒါပေမယ့် စွမ်းအင်ကျောက်တုံး တူးဖော်တာက နည်းနည်း ရှုပ်ထွေးတယ်... လူအင်အား အတော်လေး လိုလိမ့်မယ်... အဲဒီက ကျောက်တွင်းလုပ်သားတွေကိုတော့ ငါ ထားခဲ့တယ်... မနက်ဖြန်ကျမှ တစ်ခေါက်လောက် ထပ်သွားပြီး ပစ္စည်းတချို့ သွားပို့ရင်း အဲဒီမှာ တစ်ညလောက် အိပ်ဖြစ်မယ် ထင်တယ်"
"ဒါနဲ့... ပစ္စည်း ဖလှယ်တဲ့ စာရင်းတွေ၊ အမှတ် တွက်ချက်တာတွေ လုပ်ပြီးပြီလား"
"ငါအဲဒီဘက်ကို ယူသွားချင်လို့... ကျောက်တွင်းဘက်မှာ အရင် စပြီး ကျင့်သုံးကြည့်မလို့"
ဆုန့်ဝမ်နှင့် တုံယန်မှာ ဤအကြောင်းအရာများကို နားမလည်ကြပေ။ သူမတို့နှစ်ယောက်မှာ တစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်သူ၊ တစ်ယောက်က ပညာရေးဝန်ထမ်း ဖြစ်သဖြင့် ဤကိစ္စများကို ရှင်းရှင်းလင်းလင်း မသိကြခြင်း ဖြစ်သည်။
ရန်မေကတော့ အနည်းငယ် နားလည်သည်။ သူမက တက္ကသိုလ်တွင် စာရင်းကိုင် ပညာ သင်ယူခဲ့ဖူးပြီး အိမ်ထောင်မကျခင်က သူမ၏ အဒေါ်ဖြစ်သူ စက်ရုံတွင် စာရင်းကိုင် လုပ်ခဲ့ဖူးသဖြင့် ဤနယ်ပယ်ကို နားလည်သည်။
ရန်မေက ပြောသည်။ "အမ စာရင်းဇယားတစ်ခု လုပ်ထားတယ်... အမှတ် ဖလှယ်နှုန်းအတွက်လည်း အကြမ်းဖျင်း လုပ်ထားပြီးပြီ"
"ဒါပေမယ့် အသေးစိတ်ကတော့ ပစ္စည်း အရေအတွက်နဲ့ ထိုက်ယန်တောင်ရဲ့ အရင်းအမြစ် အခြေအနေကို လေ့လာပြီးမှ ဖလှယ်ဖို့ ဈေးနှုန်း သတ်မှတ်ရမှာ"
လင်းယွမ် နားလည်ပါသည်။ ထိုက်ယန်တောင်ဘက်တွင် သန္ဓေပြောင်းငါး ဖမ်းရ လွယ်ကူသည်။ တောင်အောက်ရှိ ရေလွှမ်းမိုးနေသော နေရာများတွင် ငါးများ ပေါများလှသည်။
သို့သော် အသားရဖို့ကတော့ မလွယ်ကူပေ။ တောတောင်များထဲတွင် သန္ဓေပြောင်း သတ္တဝါများက ကြမ်းတမ်းလှသည်။ အစွမ်းပိုင်ရှင် မဟုတ်လျှင် သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ရန် မဖြစ်နိုင်သလောက် ခဲယဉ်းသည်။
ထို့ကြောင့် သန္ဓေပြောင်း သတ္တဝါ အသားကဲ့သို့သော အရာများ၏ ဈေးနှုန်းမှာ နိမ့်လိမ့်မည် မဟုတ်ပေ။
"ပြန်မဖြည့်တင်းနိုင်တဲ့ အရင်းအမြစ်တွေ အားလုံးက တန်ဖိုးကြီးတယ်"
"အထူးသဖြင့် ခေတ်ပေါ် ပစ္စည်းတွေဖြစ်တဲ့ ဖိနပ်၊ အဝတ်အစား၊ ကုတင်၊ ဗီရို စတာတွေ အပါအဝင် လျှပ်စစ် ပစ္စည်းတွေနဲ့ လူသုံးကုန် ပစ္စည်းတွေ အကုန်လုံးပဲ"
"စားသောက်ကုန် အနေနဲ့ကတော့ ဆန်၊ ဂျုံ၊ ဆီ၊ ဆားတွေကလည်း တန်ဖိုးကြီးတာပဲ... ဒါပေမယ့် ဒါတွေက လူတွေ အသက်ရှင် ရပ်တည်နိုင်ရေး မျှော်လင့်ချက်နဲ့ သက်ဆိုင်နေတော့ ဈေးနှုန်း သိပ်မြင့်လို့ မဖြစ်ဘူး... ဒါပေမယ့် သိပ်နိမ့်လို့လည်း မရပြန်ဘူး... ဘာဖြစ်လို့လဲဆိုတော့ ဆန်နဲ့ ဂျုံအစားထိုး ကာဗိုဟိုက်ဒရိတ် သီးနှံပင်တွေကို မရှာဖွေနိုင်သေးခင် စပ်ကြားမှာ ဒါတွေက စားလိုက်ရင် ကုန်သွားမယ့်ဟာတွေ ဖြစ်နေလို့ပဲ"
ရန်မေက ထိုအကြောင်းအရာများကို ပြောဆိုရာတွင် အကျိုးအကြောင်း ခိုင်လုံလေသည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အမမေ... အသက်ရှင် ကျန်ရစ်သူတွေထဲမှာ စာရင်းကိုင် အစွမ်းပိုင်း ကျွမ်းကျင်တဲ့သူ ရှိမလားလို့ ရှာကြည့်လိုက်ပါဦး... ရှိရင် အမရဲ့ အလုပ်တာဝန်တချို့ ခွဲဝေပေးလို့ ရတာပေါ့"
ရန်မေက ခေါင်းညိတ်ပြီး "အမလည်း တစ်ယောက်လောက်တော့ စဉ်းစားမိတယ်"
"ဘယ်သူလဲ"
"လုယွီယန်လေ... မောင်လေး မှတ်မိလား"
လင်းယွမ် ပြန်စဉ်းစားကြည့်လိုက်ရာ ချက်ချင်း မှတ်မိသွားသည်။ လုတရုံ၏ သမီး၊ ဆွံ့အနားမကြား မိန်းကလေး ဖြစ်သည်။
လုတရုံကို သတိရသွားသဖြင့် လင်းယွမ် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ထိုစဉ်က လိပ်ကျွန်းပေါ်တွင် လုတရုံကို သူ ကယ်ခဲ့ဖူးပြီး အမြန်ဆုံး ထွက်ခွာသွားရန် တိုက်တွန်းခဲ့ဖူးသည်။
သို့သော် ထိုသူက သူ၏ ဆွံ့အနားမကြား သမီးလေးကို စောင့်ရှောက်နိုင်ရန်အတွက် အစွမ်း နိုးထလာချင်စိတ်၊ အစွမ်းနိုးထနိုင်မည့် အသီးအနှံကို ရှာဖွေချင်စိတ်သာ ပြင်းပြနေခဲ့သည်။
နောက်ပိုင်းတွင် ကျွန်း နစ်မြုပ်သွားခဲ့ပြီး လုတရုံတစ်ယောက် အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ပေ။
လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "လုယွီယန်က အခု ဘာလုပ်နေလဲ... သူ့ရဲ့ စားဝတ်နေရေးကရော အဆင်ပြေရဲ့လား"
ရန်မေက ပြောသည်။ "စိတ်ချပါ... လုယွီယန်က အခု တုံယန်နဲ့ အတူတူ ဝမ်အန်းနဲ့ ထန်ယင်းတို့ရဲ့ နောက်မှာ လိုက်ပြီး ဆေးကုသရေး အဖွဲ့လေး ဖွဲ့ပြီးတော့ ကုသပေးတာတွေ ဘာတွေ လုပ်နေပါတယ်"
လင်းယွမ်က တုံယန်ကို ကြည့်ပြီး မေးလိုက်သည်။ "သူက နင်တို့နဲ့ အတူတူ ရှိနေတာလား"
တုံယန်က အလျင်အမြန် ဖြေသည်။ "ဟုတ်တယ်... သူက စကားမပြောတတ်ဘူး၊ မကြားရဘူးလေ... ကျွန်မရဲ့ အစွမ်းက စိတ်ချင်း ဆက်သွယ်လို့ ရတော့ သူ့ကို ကူညီပေးလို့ အဆင်ပြေတာပေါ့"
"ဒါပေမယ့် ကျွန်မလည်း အခုမှ သိတာ... သူက တကယ်တော့ ဆွံ့အနားမကြား ကျောင်းတက်နေတာ... စာရင်းကိုင်နဲ့ ပတ်သက်တာတွေလည်း သီးသန့် သင်ထားတယ်တဲ့"
"သူ ပြောပြတာတော့ ရေလွှမ်းမိုးမှုကြီး မဖြစ်ခင်တုန်းက သူ့ရဲ့ အကြီးမားဆုံး ဆန္ဒက သူ့မိဘတွေနဲ့အတူ ဆိုင်ခန်းလေး တစ်ခန်း ဖွင့်ချင်တာတဲ့... ဒါဆိုရင် အလုပ် ရှာမရမှာ၊ သူများ နှိမ်တာ ခံရမှာကို ပူစရာ မလိုတော့ဘူးပေါ့"
ထိုအကြောင်း ပြောရင်း တုံယန်၏ မျက်ဝန်းများ နီရဲလာကာ "သူက အဲဒီလောက် သနားဖို့ကောင်းတာကို ဘယ်လိုလူတွေကများ သူ့ကို နှိမ်ကြတာလဲ မသိဘူး... လူတွေ တကယ် စိတ်ပျက်ဖို့ကောင်းတယ်"
ဆုန့်ဝမ်က သူမလက်ကို ပုတ်ပေးရင်း "ဒီကမ္ဘာလောကကြီးထဲမှာ ဘယ်လိုလူမျိုးမဆို ရှိတတ်ကြတာပဲ... တော်သေးတာပေါ့... သူ ငါတို့နဲ့ တွေ့ဆုံခဲ့ရလို့"
တုံယန်က ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာရာ ရသွားသည်။
လင်းယွမ်က မေးလိုက်သည်။ "ခိုလှုံရေးစခန်းထဲမှာ သူ့ကို အနိုင်ကျင့်တဲ့သူ မရှိဘူးမလား"
"မရှိပါဘူး... ကျွန်မ ဘေးက ကြည့်ပေးနေတာပဲဥစ္စာ... ဦးလေးဝမ်အန်းနဲ့ အမထန်ယင်းတို့ကလည်း သူ့ကို စောင့်ရှောက်ပေးပါတယ်"
လင်းယွမ်က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။ "သူ့အဖေ ကျွန်းပေါ်မှာ ရှိတုန်းက ငါ့ကို တောင်းဆိုဖူးတယ်... တကယ်လို့ သူ ပြန်မလာနိုင်ခဲ့ရင် သူ့သမီးကို ပိုပြီး ဂရုစိုက်ပေးပါဆိုပြီးတော့လေ"
"ငါ ဒီကိစ္စကို မေ့လုနီးပါး ဖြစ်သွားတယ်... ကံကောင်းလို့ နင်တို့ ရှိနေပေးတာ"
ရန်မေက နှစ်သိမ့်ပေးသည်။ "မောင်လေးကို အပြစ်တင်လို့ မရပါဘူး... တို့တွေ တောင်ပေါ်တက်လာကတည်းက ကိစ္စတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေတာ... မောင်လေးလည်း အရမ်း အလုပ်များနေတာပဲကို"
လင်းယွမ်က ပြုံးလိုက်ပြီး "ထားလိုက်ပါတော့... အမက သူ သင့်တော်တယ်လို့ ပြောမှတော့ နောက်ဆို သူ့ကို အမ နောက်လိုက်ပြီး သင်ယူခိုင်းလိုက်ပေါ့"
ရန်မေက ခေါင်းညိတ်လိုက်သည်။ ထို့နောက် မတ်တတ်ထရပ်ကာ ပြုံးပြီး ပြောလိုက်သည်။ "အမ ပန်းကန်တွေ သွားသိမ်းလိုက်ဦးမယ်... နင်တို့ စကားပြောနှင့်ကြ... ဆုန့်ဝမ်၊ တုံယန်... ညကျရင် ပြန်မနေနဲ့တော့နော်... ဒီမှာပဲ အိပ်လိုက်ကြ"
ဆုန့်ဝမ်နှင့် တုံယန်တို့က အလျင်အမြန် လက်ကာပြလိုက်ကြသည်။ ဆုန့်ဝမ်က ယနေ့ နေ့လယ်ပိုင်း ရေတံခွန်တွင် ဖြစ်ပျက်ခဲ့သည်များကို တွေးမိပြီး မျက်နှာတစ်ခုလုံး ရဲတက်လာကာ အလျင်စလို ပြောလိုက်သည်။ "မ... မဟုတ်တာ... ဟိုလေ... အမမေ... ကျွန်မတို့ အခုပဲ ပြန်တော့မယ်"
သူမက ရန်မေ စကားပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ထိုင်ရာမှ အမြန်ထပြီး ပြေးထွက်သွားတော့သည်။
တုံယန်လည်း သူမနောက်မှ အမြန်လိုက်သွားသော်လည်း သူမက သိပ်ပြီး အလောတကြီး ဖြစ်မနေပေ။ ထို့ပြင် လင်းယွမ်ကို မျှော်လင့်ချက် ပျက်သုဉ်းသလိုမျိုး လှမ်းကြည့်လိုက်သေးသည်။
လင်းယွမ်သာ သူမကို အကြိမ်အနည်းငယ်လောက် ဆွဲထားလိုက်လျှင် သူမ နေခဲ့မည့်ပုံပင်။
လင်းယွမ်ကတော့ တားမည် မဟုတ်ပေ။ ရန်မေ ရှေ့မှောက်တွင် ဖြစ်နေ၍ ဇနီးမောင်နှံ သံယောဇဉ်ကို အပျက်စီးခံမည် မဟုတ်ချေ။
ရန်မေက မျက်စောင်းထိုးရင်း "မောင်လေးကလည်း ထိုင်နေပြီး ဘာမှလည်း ဝင်မပြောဘူး"
လင်းယွမ်က ရယ်မောလိုက်ပြီး "ကျွန်တော်က ဘာပြောရမှာလဲဗျ"
"ဆွဲထားရမှာပေါ့"
"ထားလိုက်တော့... ဒီည အမနဲ့ပဲ နှစ်ယောက်တည်း ရှိချင်တာ"
ရန်မေ၏ မျက်နှာ ချက်ချင်း ရဲတက်သွားပြီး အလျင်အမြန် လက်ကာပြသည်။ "မဖြစ်ဘူးနော်... အမ ဟိုဟာ လာနေတယ်"
လင်းယွမ် ကြောင်သွားသည်။ ဒါကြောင့် သူမက ဆုန့်ဝမ်ကို အသေအလဲ ဆွဲထားချင်နေတာကိုး။ တခြားလူကို ရေထဲ ဆွဲချချင်နေတာပဲ။
လင်းယွမ်က မတတ်သာသည့်ပုံစံဖြင့် "ကိစ္စမရှိပါဘူး... ကျွန်တော်က နွားသိုးမှ မဟုတ်တာ... နေ့တိုင်း ဘယ်လုပ်နိုင်ပါ့မလဲ"
"မောင်လေးက နွားသိုးကျနေတာပဲ... အားတွေက ကုန်ကို မကုန်နိုင်ဘူး" ရန်မေက တခစ်ခစ် ရယ်မောလိုက်သည်။
သူမ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းနေရင်း ရှေ့မှ ပန်းကန်များကို မြင်ရစေရန် ခါးကို ကိုင်းထားရသည်။
လင်းယွမ်က ရယ်မောလိုက်ပြီး "အမ ဓမ္မတာလာနေလို့သာပေါ့... မဟုတ်ရင် ကျွန်တော် ဘယ်လို အားသုံးပြီး နှိပ်စက်မလဲဆိုတာ ကြည့်ထားလိုက်"
ရန်မေက တခစ်ခစ် ရယ်မောလိုက်ပြီး "မောင်လေး စွမ်းဆောင်နိုင်ရင် ဒီည ဆုန့်ဝမ်ဆီ သွားလိုက်လေ"
လင်းယွမ်လည်း သဘောကျစွာ ရယ်မောလိုက်ပြီး သူမနှင့်အတူ ကူညီ သိမ်းဆည်းပေးလိုက်သည်။
ရေမိုးချိုးပြီးနောက် နှစ်ယောက်သား အခန်းထဲဝင်ကာ အနားယူလိုက်ကြသည်။
ရန်မေက ဒီနေ့ နေထိုင်မကောင်း ဖြစ်နေ၍ လိမ်ပြောခြင်း မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်တွင် ဆန္ဒမီးများ တောက်လောင်နေသော်လည်း ဖြေရှင်းရန် ခက်ခဲနေလေတော့သည်။
ဆက်ရန်...
အပိုင်း(၂၂၈) ကျောက်အကြေးခွံ အကာအကွယ် သင်္ကေတကျောက်တုံး
ရန်မေက စိတ်မကောင်းဖြစ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ခဏနေ အမ အိပ်ပျော်သွားရင် မောင်လေး... အောက်ထပ်ဆင်းပြီး ဆုန့်ဝမ်ကို သွားရှာလိုက်နော်"
လင်းယွမ်က ခေါင်းခါလိုက်ပြီး...
"ဘယ်ဖြစ်မလဲဗျ"
"မောင်လေးရယ်... ဆုန့်ဝမ်က မိန်းမကောင်းလေးပါ... အမ သိပါတယ်... မောင်လေးက ကုတင်ပေါ်မှာ ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာ ကိုယ့်ဘာသာမှ မသိတာ... အမ တစ်ယောက်တည်းနဲ့ တကယ် မနိုင်တော့ဘူး"
"ဒါက"
ရန်မေက လင်းယွမ်ကို နမ်းလိုက်ပြီး...
"အမ အကြာကြီး စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာပါ... ယောက်ျားလေးပီပီ ပြတ်ပြတ်သားသား လုပ်ပါ... နောက်မှ နောင်တမရစေနဲ့နော်... အဲဒီကျရင် မောင်လေးအတွက် အခွင့်အရေး မရှိဘဲ နေဦးမယ်"
လင်းယွမ် စိတ်ထဲ လှုပ်ရှားသွားပြီး ရန်မေကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"အမမေရယ်... ကျွန်တော့်အပေါ် ဘာလို့ ဒီလောက် ကောင်းရတာလဲ"
ရန်မေက သက်ပြင်းချလိုက်ပြီး...
"အမ ကံမကောင်းခဲ့လို့ပါ... ရေဘေးကြီး မဖြစ်ခင်တုန်းကသာ မောင်လေးနဲ့ ဖူးစာဆုံခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ"
လင်းယွမ်က သူမကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ ခဏအကြာတွင် သူမ၏ အသက်ရှူသံများ ပုံမှန်ဖြစ်သွားပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။
လင်းယွမ် ထွက်မသွားခဲ့ပေ။ သူမကို ဖက်လျက်သားဖြင့် သန်းခေါင်ယံ အချိန်ရောက်သည်အထိ နေပြီးမှ တိတ်တဆိတ် ထလိုက်သည်။
ရန်မေက မသိချင်ယောင်ဆောင်နေလိုက်သော်လည်း လင်းယွမ် အိပ်ခန်းထဲမှ ထွက်သွားသည်ကို အာရုံခံမိလိုက်သည်။ သူမ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မျက်ရည်များ ဝဲတက်လာသည်။
မိမိချစ်သူကို တစ်ဦးတည်း မပိုင်ဆိုင်ချင်သော မိန်းမ ဘယ်မှာရှိပါ့မလဲ။
သို့သော် မောင်လေးကဲ့သို့ ထူးချွန်သော ယောက်ျားတစ်ယောက်ကို သူမတစ်ယောက်တည်း ပိုင်ဆိုင်ထား၍ မဖြစ်နိုင်မှန်း နားလည်ထားသည်။
သူက ကောင်းကင်မှ နေမင်းကြီးနှင့် တူလွန်းသည်။ သူ၏ အလင်းရောင်နှင့် နွေးထွေးမှုတို့က လူတိုင်းကို လွှမ်းခြုံထားပေးသည်။
ထို့ကြောင့် နေမင်းကြီးကို ဝန်းရံမည့် ဂြိုလ်ရံများစွာ ရှိလာမည်မှာ မလွဲဧကန်ပင်။
အချိန်အတော်ကြာမှ သူမ ထထိုင်လိုက်ပြီး မျက်ရည်များကို သုတ်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ရယ်လိုက်သည်။
"ပိုလိုက်တာဟယ်... ဒါ နင်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲလေ... အခုကျမှ ဘာလို့ ငိုနေရတာလဲ"
ရန်မေက အိပ်ရာမှထကာ ရေချိုးခန်းဘက်သို့ လျှောက်သွားလိုက်သည်။
ဧည့်ခန်းကို ဖြတ်သွားချိန်တွင် စာကြည့်ခန်း မီးလင်းနေသည်ကို မြင်လိုက်ရသဖြင့် သူမ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။
သူမ၏ နှလုံးသားတစ်ခုလုံးကို လွှမ်းမိုးထားသော ထိုအမျိုးသားသည် စာကြည့်စားပွဲရှေ့တွင် ထိုင်ကာ တစ်စုံတစ်ခုကို ရေးဆွဲနေသည်ကို တွေ့လိုက်ရသည်။
သူ၏ ဟန်ပန်က အာရုံစိုက်နေပြီး လေးနက်တည်ကြည်လွန်းလှသည်။
ရန်မေ ပြုံးလိုက်မိသည်။ ထိုအချိန်လေးတွင် သူမ၏ မျက်နှာသည် မိုးစက်တင်ကျန်နေသော သစ်တော်ပန်းကလေးနှယ် လှပလန်းဆန်းသွားလေသည်။
မောင်လေးက သူမ ဓမ္မတာလာနေချိန်မှာ တခြားမိန်းမကို သွားရှာမည့်လူမျိုး ဘယ်ဟုတ်ပါ့မလဲ။
ငါ့အတွေးတွေကလည်း...
သူမ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသလို ချစ်မြတ်နိုးစိတ်များလည်း ပိုမိုတိုးပွားလာသည်။
စာကြည့်ခန်းထဲသို့ မဝင်ဘဲ မနေနိုင်တော့ပေ။
"မောင်လေး"
လင်းယွမ်က သင်္ကေတ ရေးဆွဲနေရင်းမှ ခေါင်းမော့လာပြီး အိပ်ဝတ်စုံနှင့် ရန်မေကို တွေ့သောအခါ အံ့ဩသွားသည်။
"နိုးလာပြီလား... ကျွန်တော် လုပ်နေတာ ဆူညံသွားလို့လား"
ရန်မေက ရုတ်တရက် ပြေးဝင်လာပြီး သူ့ကို ဖက်တွယ်လိုက်သည်။
"မောင်လေးက အမအပေါ် ဘာလို့ ဒီလောက် ကောင်းရတာလဲ... အမ မောင်လေးကို ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး"
လင်းယွမ် ခေါင်းကုတ်လိုက်မိသည်။ သူမ ဘာပြောနေမှန်း နားမလည်ပေ။
"ဘာဖြစ်လို့လဲ အမရဲ့"
ရန်မေက ခေါင်းခါလိုက်ပြီး...
"ဘာမှမဖြစ်ပါဘူး... လုပ်စရာရှိတာ ဆက်လုပ်ပါ... အမ နိုးလာတော့ မောင်လေးကို မတွေ့လို့ လွမ်းသွားတာပါ"
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ ပါးပြင်ကို ဆွဲလိုက်သည်။
"ကျွန်တော် ဒီမှာ ရှိပါတယ်... စိတ်ချပါ... ဘယ်မှ လျှောက်မသွားပါဘူး"
"ဒီ အကာအကွယ် သင်္ကေတက နည်းနည်း အရေးကြီးလို့... အမြန်ဆုံး သုတေသန လုပ်ကြည့်နေတာ... ပြီးရင် အဆောက်အဦးမှာ သုံးလို့ရသလို ရေကြီးတဲ့အချိန် ပုန်းခိုတဲ့နေရာမှာလည်း သုံးလို့ရမယ်လေ"
"ဒါဆို ဆက်လုပ်ပါ... အမ ဒီမှာပဲ အိပ်ရမလား" ဟု ရန်မေက မေးလိုက်သည်။
လင်းယွမ်က ပြုံးလျက်...
"အိပ်ခန်းမှာ သွားအိပ်ပါ... ဟိုမှာက ပိုသက်သောင့်သက်သာ ရှိတယ်... ကျွန်တော်လည်း အဲဒီကို ပြောင်းပြီး ဆက်လုပ်မယ်လေ"
"အင်း"
လင်းယွမ်က သူမကို အိပ်ခန်းသို့ ပြန်ခေါ်သွားသည်။
သူက သင်္ကေတများကို ဆက်လက် လေ့လာနေပြီး ရန်မေကတော့ ကုတင်ပေါ်တွင် ဘေးတစောင်းလှဲကာ သူ့ကို ငေးကြည့်နေသည်။
စိတ်နှလုံး အေးချမ်းမှုတို့က သူမ ရင်ထဲသို့ စီးဝင်လာပြီး မကြာခင်မှာပင် အိပ်ပျော်သွားလေသည်။
...
မိုးရေစက်များက အပြင်ဘက် ဝါးကြမ်းခင်းပေါ်သို့ တဖွဲဖွဲ ကျဆင်းနေသည်။ ရန်မေ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မိုးလင်းနေပြီ ဖြစ်သည်။
သူမက မနေ့ညက လင်းယွမ် ရှိနေသည့် နေရာကို အလိုအလျောက် လှမ်းကြည့်လိုက်ရာ လင်းယွမ်က ထိုနေရာတွင် ထိုင်နေဆဲပင် ဖြစ်သည်။
ကွာခြားသွားသည်မှာ သူ၏ လက်ဘေးတွင် မြေဝါရောင် သလင်းကျောက်တုံးပုံ တစ်ပုံ ရောက်ရှိနေခြင်း ဖြစ်သည်။
"မောင်လေး"
လင်းယွမ်က လက်ထဲမှ ထွင်းထုခြင်း အလုပ်ကို ရပ်လိုက်ပြီး သူမကို လှည့်ကြည့်ကာ ပြုံးပြသည်။
"နိုးပြီလား"
"မောင်လေး... တစ်ညလုံး မအိပ်ဘူးလား"
လင်းယွမ်က ရယ်လိုက်ပြီး...
"ကြားထဲမှာ တစ်ရေး အိပ်လိုက်ပါသေးတယ်... ကျွန်တော့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကောင်းတော့ တစ်နာရီ နှစ်နာရီလောက် အိပ်လိုက်ရင် အိပ်ရေးဝသွားပြီ"
သူ နောက်နေခြင်း မဟုတ်ပေ။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂၁.၈ အထိ ရှိသော သူသည် တစ်နာရီ၊ နှစ်နာရီခန့် အိပ်စက်ရုံဖြင့် ကုန်ဆုံးသွားသော ခွန်အားနှင့် စိတ်အင်အားများကို အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိသည်။
သူ တစ်ယောက်တည်းသာ မဟုတ်၊ အစွမ်း နိုးထလာသူ အားလုံးနီးပါး ခန္ဓာကိုယ် အရည်အသွေး မြင့်တက်လာကြသည်။
အစွမ်းပိုင်ရှင်များ၏ အိပ်စက်မှု အခြေအနေမှာ သိသိသာသာ တိုးတက်လာခြင်း ဖြစ်သည်။
ရန်မေ ထထိုင်လိုက်ပြီး အကြောဆန့်လိုက်ရာ မို့မောက်နေသော ရင်သားအစုံမှာ သိသာထင်ရှားစွာ ကြွတက်လာသည်။
သူမက ပြောလိုက်သည်။
"အမ မနက်စာ လုပ်ပေးမယ်"
လင်းယွမ်က ပြုံး၍...
"မလောပါဘူးဗျာ... နည်းနည်းလောက် ထပ်အိပ်ပါဦးလား"
"မအိပ်တော့ပါဘူး... ဒီနေ့ ကျောက်တွင်းဘက် သွားရဦးမယ် မဟုတ်လား... အမ ပိုပိုလိုလို ချက်လိုက်မယ်လေ... တင်းယန် အတွက်ပါ ထည့်သွားပေးလိုက်ပေါ့... သူ ဟိုမှာ ကောင်းကောင်းစားရမှာ မဟုတ်ဘူး"
"သိပြီ"
ရန်မေက အဝတ်အစား ဝတ်ရင်း စားပွဲပေါ်ရှိ မြေဝါရောင် ကျောက်တုံးပုံကို ကြည့်ကာ မေးလိုက်သည်။
"ဒါတွေက ဘာတွေလဲ"
"မြေဓာတ် အကာအကွယ် သင်္ကေတကျောက်တုံးတွေလေ"
"ဟင်... ဒါက မြေဓာတ် အကာအကွယ် သင်္ကေတကျောက်တုံးလား"
ရန်မေ စိတ်ဝင်စားသွားပြီး အနားသို့ လျှောက်လာကာ ကြည့်လိုက်သည်။
လင်းယွမ်က ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး...
"ဒါက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်ရုံတင်မဟုတ်ဘူး... စိတ်စွမ်းအင် တိုက်ခိုက်မှု တစ်ချို့တစ်ဝက် ကိုလည်း ခုခံပေးနိုင်တယ်"
လင်းယွမ် ဝမ်းသာနေသည်။ သန္ဓေပြောင်း သင်းခွေချပ် ခန္ဓာကိုယ်မှ တူးဖော်ရရှိခဲ့သော သင်္ကေတသည် မြေဓာတ် အကာအကွယ် သင်္ကေတ အစစ်အမှန် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အဓိကအချက်မှာ ဤ မြေဓာတ် အကာအကွယ် သင်္ကေတသည် သန္ဓေပြောင်း သင်းခွေချပ်၏ စွမ်းရည်များကို အမွေဆက်ခံထားခြင်း ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ကောင်းမွန်ရုံသာမက စိတ်စွမ်းအင် ကာကွယ်မှု စွမ်းရည်ပါ ပါရှိနေသည်။
ယခု သူ၏ အချက်အလက် မျက်နှာပြင်တွင် စွမ်းရည်အသစ်တစ်ခု တိုးလာခဲ့ပြီ ဖြစ်သည်။
အမည် - ကျောက်အကြေးခွံအကာအကွယ်
စွမ်းရည်အဆင့် - အဖြူရောင်
လိုအပ်ချက် - ခွန်အား ၂ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ မှတ်
အာနိသင် - အချိန်တိုအတွင်း ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အကာအကွယ်တစ်ခု ဖန်တီးပေးသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုကို နှစ်ဆ တိုးစေပြီး အလျင်ကို ထက်ဝက် လျော့ကျစေသည်။
မှန်ပေသည်။ ၎င်းသည် စိတ်စွမ်းအင် စွမ်းရည် မဟုတ်သဖြင့် စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အကာအကွယ် မဟုတ်ပေ။
၎င်းသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုင်ရာ စွမ်းရည်ဖြစ်ပြီး အသုံးပြုရန်အတွက် ခိုင်မာသော ခန္ဓာကိုယ်ကြံ့ခိုင်မှု လိုအပ်သည်။
လင်းယွမ် မနေ့ညက အတော်ကြာ စမ်းသပ်ပြီးမှ ဒီအချက်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ဤစွမ်းရည်ကို အသုံးပြုရန်အတွက် ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို သင်္ကေတ လမ်းကြောင်းအတိုင်း လည်ပတ်စီးဆင်းစေမှသာ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အကာအကွယ် ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။
သူ့ခေါင်းထဲ ပထမဆုံး ဝင်လာသည်မှာ ဝူမုန့် ဖြစ်သည်။ ဝူမုန့်သည် တတိယအဆင့် သွေးသားခန္ဓာ ပုံစံဖြင့် ပေါက်ကွဲလက်သီး ထုတ်ဖော်ခဲ့စဉ်က သူ၏ ထူးကဲသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အသုံးပြုကာ သွေးများကို လည်ပတ်စေပြီး ပေါက်ကွဲ သင်္ကေတများ ဖြစ်ပေါ်စေခဲ့သည်။
ထိုမှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲလက်သီးကို ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်လည်း ထိုအချက်ကို အတုယူပြီး မနေ့က စမ်းသပ်ကြည့်ခဲ့သည်။
သူက သွေးကို အသုံးမပြုဘဲ သန္ဓေပြောင်းစွမ်းအင်ကို အသုံးပြု၍ စမ်းသပ်ကြည့်ရာ မထင်မှတ်ဘဲ အောင်မြင်သွားခဲ့သည်။
သို့သော် ထူးဆန်းသည်မှာ သူ၏ အစွမ်းဖြင့် ဖန်တီးလိုက်သော ကျောက်အကြေးခွံ အကာအကွယ်သည် မြေဓာတ် စွမ်းအင်ကျောက်တုံးဖြင့် ဖန်တီးသော အကာအကွယ်လောက် အာနိသင် မကောင်းခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိတော့ အကြောင်းရင်းကို သူ ရှာမတွေ့သေးပေ။
"စမ်းကြည့်မလား"
"ဟင်... ဘယ်လို စမ်းရမှာလဲ"
လင်းယွမ်က ကျောက်အကြေးခွံ အကာအကွယ် သင်္ကေတကျောက်တုံးကို ကိုင်ကာ ပြုံးလိုက်သည်။ ချက်ချင်းဆိုသလိုပင် "ကလောက်" ဟူသော အသံ ထွက်ပေါ်လာပြီး သူ့လက်ဖဝါးမှ စတင်ကာ ကျောက်တုံးနှင့်တူသော အကြေးခွံများ လျင်မြန်စွာ ပြန့်နှံ့သွားသည်။
မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်ပေါ်တွင် သင်းခွေချပ် အရေခွံကဲ့သို့သော အကာအကွယ် တစ်စုံ ဖုံးအုပ်သွားလေသည်။
လင်းယွမ်၏ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် လေးလံသွားသည်။
ဒီစွမ်းရည်က ခွန်အား အရည်အသွေး လိုအပ်တာ မဆန်းတော့ပေ။
လင်းယွမ်၏ မျက်နှာကိုတော့ အကာအကွယ်က ဖုံးအုပ်မထားချေ။ သူက ပြုံးလျက်...
"အမရဲ့ အစွမ်းနဲ့ ကျွန်တော့်ကို တိုက်ခိုက်ကြည့်ပါလား"
ရန်မေ တွန့်ဆုတ်သွားပြီး...
"တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
"စိတ်ချပါ... ကျွန်တော် ခံနိုင်ပါတယ်"
ထိုအခါမှ ရန်မေ စိတ်အေးသွားပြီး ဖြူဝင်းသော လက်ချောင်းလေးများဖြင့် လင်းယွမ်၏ လက်သီးကို ဖွဖွလေး ထိုးလိုက်သည်။
ချက်ချင်းပင် အေးစက်သော စွမ်းအင်များ တိုးဝင်လာသည်။
သို့သော် လင်းယွမ်၏ ကိုယ်ပေါ်ရှိ အကာအကွယ်မှ မြေဝါရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထို အေးစက်သော စွမ်းအင်များကို လျင်မြန်စွာ မောင်းထုတ်လိုက်သည်။
ရန်မေ အံ့ဩသွားပြီး...
"ကာကွယ်နိုင်တာပဲ"
လင်းယွမ်လည်း ရယ်မောလိုက်ပြီး...
"အမရဲ့ ဝိညာဉ်အထိ အေးခဲစေနိုင်တဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုကိုပဲ ကာကွယ်နိုင်တာပါ... ဓာတ်တွေနဲ့ပါတ်သတ်တဲ့တိုက်ကွက်အပေါ် ခုခံနိုင်စွမ်းကတော့ သိပ်မမြင့်ဘူး"
စကားဆုံးသည်နှင့် မြေဝါရောင် အလင်းတန်း မှိန်ဖျော့သွားသည်။ လင်းယွမ် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။
ဒီအကာအကွယ်က အအေးဒဏ်ကို ခုခံရာမှာ သိပ်မထိရောက်သည်မှာ ထင်ရှားသည်။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ကာကွယ်ရာတွင် ပိုမို ကောင်းမွန်ပေလိမ့်မည်။
ရန်မေ လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်လည်း အရမ်း မိုက်နေပါပြီ"
"မဆိုးပါဘူး... ဒီ မြေဓာတ် အကာအကွယ် သင်္ကေတကို လိုဏ်ဂူရဲ့ အရေးကြီးတဲ့ ထောက်တိုင်တွေမှာ မြှုပ်ထားဖို့ စိတ်ကူးထားတယ်"
"အသက်သွင်းလိုက်တာနဲ့ လိုဏ်ဂူတစ်ခုလုံး မာကျောခိုင်ခံ့သွားလိမ့်မယ်"
"အထူးသဖြင့် တံခါးမကြီးမှာ အခုလာမယ့် ဒီရေကြီးလှိုင်းကို ခံနိုင်ရည်ရှိအောင် ဒီကျောက်တုံး လေးငါးတုံးလောက် တပ်ဆင်ထားရမယ်"
ရန်မေ ခေါင်းတငြိမ့်ငြိမ့်ဖြင့်...
"ဟုတ်တယ် ဟုတ်တယ်... ဒါမှ အကာအကွယ် သင်္ကေတကို နေရာတကျ သုံးရာရောက်မှာ"
လင်းယွမ်က ပြုံးလိုက်ပြီး...
"ကဲ... ကျွန်တော် ဆက်လုပ်လိုက်ဦးမယ်... နောက်ထပ် အများကြီး ရအောင် လုပ်ရဦးမှာ"
ရန်မေက ချက်ချင်းပင်...
"ဒါဆို လုပ်လေ... အမ ထမင်း သွားချက်တော့မယ်"
ထို့နောက် နှစ်ယောက်သား ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြသည်။
ကျောက်အကြေးခွံ အကာအကွယ် သင်္ကေတကျောက်တုံး ပြုလုပ်ရန် လုံလောက်သော စိတ်စွမ်းအင် လိုအပ်သည်။
မိမိဘာသာ သဘောပေါက် နားလည်ထားသော ကျောက်အကြေးခွံ အကာအကွယ် စွမ်းရည်နှင့် မတူဘဲ၊ သင်္ကေတကျောက်တုံး ဖြစ်လာစေရန် စွမ်းအင်ကျောက်တုံးပေါ်တွင် သင်္ကေတ ရေးထွင်းမှသာ အာနိသင် ပြပေမည်။
ထိုသို့ ပြုလုပ်နိုင်ရန် အားကောင်းသော စိတ်စွမ်းအင် မရှိမဖြစ် လိုအပ်သည်။
အသင့်သုံး သင်္ကေတကျောက်တုံးများ ရရှိမှသာ သာမန်လူများလည်း အသုံးပြုနိုင်မည် ဖြစ်သည်။
လင်းယွမ် တွေးမိသည်မှာ သာမန်လူများသာ ဤကျောက်တုံးများကို တပ်ဆင်အသုံးပြုခွင့် ရရှိပါက တိုက်ခိုက်နိုင်စွမ်း တစ်စုံတစ်ရာ ရှိလာနိုင်သည် ဟူ၍ပင်။
သန္ဓေပြောင်း သားရဲများနှင့် တွေ့ကြုံရလျှင်ပင် အကာအကွယ် အကာအကွယ်ကြောင့် ပြန်လည် တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရှိလာနိုင်သည်။
"သင်္ကေတကျောက်တုံးတွေ တွင်ကျယ်လာတာကမှ လူသားတွေ ပြန်လည် နာလန်ထူဖို့ မျှော်လင့်ချက်ပဲ"
လူသားတို့၏ အားသာချက်မှာ တစ်ဦးချင်း စွမ်းရည်မဟုတ်ဘဲ ဉာဏ်ပညာ ဖြစ်ကြောင်း လင်းယွမ် ကောင်းစွာ သိသည်။
ဉာဏ်ပညာကြောင့် လူသားများသည် ကိရိယာ တန်ဆာပလာများကို အသုံးပြုပြီး အားကြီးသော ရန်သူများကို အနိုင်ယူနိုင်ခြင်း ဖြစ်သည်။
ဤမြေဓာတ် အကာအကွယ် သင်္ကေတသည် စစ်တပ်မှ ထုတ်ပြန်ပေးလိုက်သော နည်းပညာဖြစ်သည်။
ဒါဆိုရင် စစ်တပ်က ဒီပစ္စည်းကို အမြောက်အမြား ထုတ်လုပ်နိုင်နေပြီလို့ ယူဆရမလား...
သာမန် စစ်သားတွေကို ဒီအကာအကွယ်တွေ ဝတ်ဆင်ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်စွမ်းရည် အများကြီး တက်လာမှာ သေချာသည်။
သို့သော် လင်းယွမ် ခေါင်းပြန်ခါလိုက်မိသည်။
"အကာအကွယ် မြင့်တက်လာပေမယ့် ကိုယ်အလေးချိန်လည်း လိုက်ပြီး တိုးလာမှာ"
"ဒီလို အကာအကွယ်မျိုးက ကုန်းမြေပေါ်မှာဆို အဆင်ပြေပေမယ့် ရေကြီးတဲ့အချိန်ဆိုရင်တော့"
လင်းယွမ် အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးကို ကြည့်လိုက်သည်။ ရေလွှမ်းမိုးနေသော ကမ္ဘာကြီးတွင် ကုန်းမြေ မည်မျှ ကျန်ဦးမည်နည်း။
စစ်တပ်က ဒီနည်းပညာကို ဘာလို့ မျှဝေပေးလဲဆိုတာ မဆန်းတော့ပေ။
ရေပေါ်တွင် ဤသင်္ကေတသည် သိပ်အသုံးမဝင်လှပေ။
ဝတ်ဆင်လိုက်သည်နှင့် လေးလံသော အလေးချိန်ကြောင့် ရေအောက်သို့ တန်းပြီး မြုပ်သွားပေလိမ့်မည်။
ရေရှောင် သင်္ကေတကသာ အသက်ကယ်မည့် အဆောင်အစစ် ဖြစ်သည်။
"ဒါပေမဲ့ ပြောလို့တော့ မရဘူး... ငါရထားတဲ့ ဒီ မြေဓာတ် အကာအကွယ် သင်္ကေတက စစ်တပ်က ဟာနဲ့ မတူတာလည်း ဖြစ်နိုင်တယ်"
မြေဓာတ် အကာအကွယ် သင်္ကေတသည် သင်းခွေချပ် တစ်မျိုးတည်းတွင် ရှိသည် မဟုတ်ပေ။
အခြား ထူးဆန်းသော သတ္တဝါများတွင်လည်း ရှိနိုင်သေးသည်။
ထိုအတွေးများ လင်းယွမ် ခေါင်းထဲတွင် တမုဟုတ်ချင်း ဖြတ်သန်းသွားသည်။
သူ စွမ်းအင်ကျောက်တုံး အချို့ကို ယူလိုက်ပြီး ကျောက်တံခါး၊ ပြတင်းပေါက် စသည့် နေရာလပ်များတွင် တပ်ဆင်လိုက်သည်။
ထို့ပြင် ထောင့်များနှင့် အမိုးတွင်လည်း အချို့ ထားလိုက်သည်။
ကျောက်အကြေးခွံ အကာအကွယ် သည် ပစ္စည်းပုံသဏ္ဍာန်ပေါ် မူတည်ပြီး ကျောက်သား အကာအကွယ်ဖြင့် ဖုံးအုပ်ပေးကာ ခံနိုင်ရည်ကို မြှင့်တင်ပေးသည်။
ဖုံးအုပ်နိုင်မည့် ဧရိယာ အကျယ်အဝန်းမှာ စွမ်းအင်ကျောက်တုံးထဲတွင် ပါဝင်သော စွမ်းအင်ပမာဏပေါ် မူတည်သည်။
စွမ်းအင်ကျောက်တုံး ကြီးမားပြီး စွမ်းအင် များပြားပါက ဖုံးအုပ်မည့် ဧရိယာကို အသုံးပြုသူ၏ ဆန္ဒအတိုင်း အကြီးအသေး ပြုလုပ်နိုင်သည်။
ဧရိယာ ပိုကြီးလေ စွမ်းအင်ကုန်ကျမှု ပိုများလေ ဖြစ်သည်။
လိပ်ခွံစွမ်းအင်အကာအကွယ် အသုံးပြုပုံနှင့် ဆင်တူသည်။
"ဒီလောက်ဆို ရလောက်ပြီ... အကာအကွယ် သင်္ကေတကျောက်တုံးကို အသက်သွင်းလိုက်တာနဲ့ လိုဏ်ဂူတစ်ခုလုံး ထိုးဖောက်လို့ မရအောင် မာကျောသွားပြီး အများကြီးလုံခြုံသွားလိမ့်မယ်"
"ဒီရေလှိုင်းက ဘယ်လောက်ပဲ ဆိုးဆိုး ခံနိုင်ရည် ရှိသွားပြီ"
လင်းယွမ် ပြုံးလိုက်သည်။ ထိုအချိန်တွင် မနက်စာလည်း ကျက်သွားပြီ ဖြစ်သည်။
မနက်စာကို အပြင်ဘက် ဝါးကြမ်းခင်းပေါ်တွင် စားကြပြီး ကျောက်ခိုင်၊ လျှိုဖိန်ဖိန်၊ ဆုန့်ဝမ်၊ တုံယန် တို့ကိုပါ ခေါ်လိုက်သည်။
ကျောက်ခိုင်ကို အောက်ထပ်ဆင်းခိုင်းပြီး ချိုင်ကြည်၊ ဦးလေးမာ၊ ဟူဝေမင်၊ လျှိုတနန် စသည့် မိတ်ဆွေဟောင်းများကိုပါ ခေါ်ခိုင်းလိုက်သည်။
မကြာမီ လူစုံတက်လာကြပြီး လင်းယွမ်ကို နှုတ်ဆက်ကြသည်။
လင်းယွမ်က ထမင်းစားရင်း အကာအကွယ် သင်္ကေတကျောက်တုံးကို ထုတ်ပြကာ ပြောလိုက်သည်။
"ကျွန်တော် အကာအကွယ် သင်္ကေတတစ်ခု ရထားတယ်... စစ်တပ်က ထုတ်ပြန်တဲ့ နည်းပညာအတိုင်း သင်္ကေတကျောက်တုံးတချို့ လုပ်ထားတယ်"
"ဒီ အကာအကွယ် သင်္ကေတကျောက်တုံးတွေကို ကိုယ်တိုင် သုံးလို့ရသလို အဆောက်အဦးတွေမှာလည်း သုံးလို့ရတယ်"
"ကျွန်တော် အမမေ ဆီမှာ ထားခဲ့မယ်... ခင်ဗျားတို့ လိုအပ်ရင် လာလဲလို့ ရတယ်"
"အကာအကွယ် သင်္ကေတရဲ့ အရည်အသွေးကို ကျွန်တော် စမ်းသပ်ပြီးပြီ... အသက်သွင်းလိုက်တာနဲ့ ပုံမှန် ကျောက်တုံးတစ်တုံးက စတုရန်းပေ ၁၀၀ လောက် ဖုံးအုပ်ပေးနိုင်ပြီး အချိန်အားဖြင့် နေ့ဝက်လောက် ခံတယ်"
"ဧရိယာကို လျှော့ချလိုက်ရင်တော့ ပိုပြီး ကြာကြာခံတာပေါ့"
"ခင်ဗျားတို့ သတင်းဖြန့်ပေးလိုက်ဦး... ခိုလှုံရေးစခန်းထဲက လူတွေ လဲချင်ရင် လဲလို့ရအောင်လို့... တစ်ခုလောက်တော့ ဆောင်ထားသင့်တယ်"
"ဒီရေလှိုင်းလာတော့မယ်... အားလုံး အကာအကွယ် သင်္ကေတကျောက်တုံးကို သုံးပြီး တံခါးနဲ့ ပြတင်းပေါက်တွေကို ခိုင်ခံ့အောင် လုပ်ထားကြ... သန္ဓေပြောင်း သားရဲတွေ ဝင်တိုက်ခိုက်မှာ စိုးရိမ်ရတယ်"
ကျောက်ခိုင်က ချက်ချင်းပင် သင်္ကေတကျောက်တုံး တစ်တုံးကို လှမ်းယူလိုက်ပြီး...
"ဒါက အကာအကွယ် သင်္ကေတကျောက်တုံးလား... အစ်ကိုလင်း... ခင်ဗျား ဘယ်လိုလုပ် ဒီလောက် မြန်မြန် လုပ်လိုက်နိုင်တာလဲ"
လင်းယွမ်က ပြုံးပြီး...
"စမ်းကြည့်လိုက်လေ... ဒီကျောက်တုံးက ကာကွယ်မှု အားကောင်းတယ်... ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုတင် မကဘူး... စိတ်စွမ်းအင် ကာကွယ်မှုလည်း နည်းနည်းပါတယ်... ဒါပေမဲ့ စိတ်စွမ်းအင် ကာကွယ်မှုကတော့ သိပ်မပြင်းဘူး"
"အားနည်းချက်ကတော့ ထင်ရှားတယ်... ဓာတ်တွေနဲ့ပတ်သတ်တဲ့ အစွမ်းတွေကို သိပ်မခံနိုင်ဘူး... ပြီးတော့ ဝတ်ထားရင် ကိုယ်အလေးချိန် အများကြီး တိုးလာပြီး လှုပ်ရှားရတာ နှေးသွားလိမ့်မယ်"
ကျောက်ခိုင်က ချက်ချင်းပင်...
"ကျွန်တော် စမ်းကြည့်မယ်"
ပြောပြောဆိုဆို ကျောက်တုံးကို ယူကာ ဘေးနားသို့ ထွက်သွားပြီး ချက်ချင်း အသက်သွင်းလိုက်သည်။
"ဝုန်း"
ခဏချင်းမှာပင် အကာအကွယ် သင်္ကေတကျောက်တုံး ပုံသဏ္ဍာန် ပြောင်းလဲသွားပြီး သူ့လက်ဖဝါးမှတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့သွားကာ သူ့တစ်ကိုယ်လုံးကို ကျောက်သား အကာအကွယ်ဖြင့် ဖုံးအုပ်သွားလေသည်။
သူ့ခြေထောက်အောက်မှ ဝါးလုံးများ ကျိုးပဲ့မတတ် မြည်သံများ ထွက်ပေါ်လာပြီး အောက်သို့ ကွေးကျသွားသည်။
ကျောက်ခိုင် အံ့ဩတကြီးဖြင့် လက်မောင်းကို ဝှေ့ယမ်းကြည့်ပြီး...
"ဟာ... မိုက်လိုက်တာဗျာ... ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလိုပဲ ခံစားရတယ်... အဆစ်အမြစ်တွေ လှုပ်ရှားရတာလည်း အဆင်ပြေတယ်"
"ဒါပေမဲ့ တကယ်ကြီး လေးတာပဲ... အစ်ကိုလင်း... ကျွန်တော့်ကို တစ်ချက်လောက် ထိုးကြည့်ပါလား"
လင်းယွမ် ရယ်မောလိုက်ပြီး...
"ဒီမှာ မစမ်းနဲ့... ဝါးကြမ်းခင်းက ခံနိုင်မှာ မဟုတ်ဘူး... ခဏနေရင် ကားပါကင်ဘက် သွားပြီး စမ်းကြတာပေါ့"
"ပြီးတော့ အစ်ကိုချိုင် နဲ့ ဦးလေးမာ တို့ကိုလည်း စမ်းခိုင်းရမယ်... သူတို့ ဝတ်ထားရင် အသက်အန္တရာယ် ပိုကင်းသွားမှာ... သန္ဓေပြောင်း သားရဲတွေကိုတောင် သွားဖမ်းလို့ ရနိုင်တယ်"
ထိုစကား ကြားသည်နှင့် ချိုင်ကြည် နှင့် ဦးလေးမာ တို့ စိတ်လှုပ်ရှားသွားကြသည်။
"ဒါ... ငါတို့လည်း ဝတ်လို့ ရတာလား"
"သာမန်လူတွေလည်း သုံးလို့ ရတာလား"
ဦးလေးမာ နှင့် ချိုင်ကြည် သာမက ဟူဝေမင် နှင့် လျှိုတနန် တို့ပါ စိတ်လှုပ်ရှားလာကြသည်။
လင်းယွမ်က ပြုံးပြပြီး...
"ရတာပေါ့... ဒါပေမဲ့ ခင်ဗျားတို့က အစွမ်းပိုင်ရှင်တွေလောက် ခွန်အား မရှိတော့ ပိုပင်ပန်းလိမ့်မယ်"
"ဒါပေမဲ့ ခဏတဖြုတ် ဝတ်တာတော့ ပြဿနာ မရှိပါဘူး"
"အန္တရာယ် ကြုံလာရင် ဝတ်ပြီး ထွက်ပြေးလို့ ရတာပေါ့"
ချိုင်ကြည် စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။ သူက အစွမ်း မနိုးထလာသေးပေ။ ယခု အကာအကွယ် သင်္ကေတကျောက်တုံးကို မြင်လိုက်ရသောအခါ မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူက ချက်ချင်းပင်...
"လင်းယွမ်... ငါ တစ်တုံး လဲမယ်... ငါ အခုပဲ အောက်ဆင်းပြီး စမ်းကြည့်ချင်တယ်"
လင်းယွမ်က ပြုံးလျက်...
"မလောပါနဲ့ဗျာ... စားပြီးရင် အတူ ဆင်းကြတာပေါ့"
ချိုင်ကြည်၏ စိတ်လှုပ်ရှားမှုကို သူ နားလည်သည်။ လမ်းတစ်လျှောက်လုံး သူ့ဘေးနားမှ လူများ တစ်ယောက်ပြီး တစ်ယောက် အစွမ်း နိုးထလာကြသည်ကို ချိုင်ကြည် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
သူနှင့် ဦးလေးမာ တို့သာ သာမန်လူ အဖြစ် ကျန်ရစ်ခဲ့ရသည်။
သူတို့မှာ မိသားစု ဝန်ထုပ်ဝန်ပိုးတွေနဲ့မို့ အစွမ်း မနိုးထလာသေးသမျှ ခေါင်းမော့ ရင်ကော့ မနေနိုင်ဘဲ ကင်းလှည့်အဖွဲ့ထဲတွင် သာမန် အဖွဲ့ဝင်အဖြစ်သာ နေနေရသည်။
လင်းယွမ်ကလည်း အရေးကြီးသော တာဝန်များကို သူတို့အား ပေးမည် မဟုတ်ပေ။
ရာထူးနှင့် အရည်အချင်းက တိုက်ရိုက် အချိုးကျမှ ဖြစ်မည်။ ရာထူးကြီးလေ အန္တရာယ်ကို ပိုရင်ဆိုင်နိုင်လေ ဖြစ်ဖို့ လိုအပ်သည်။
မကြာခင် လင်းယွမ် ထမင်းစားပြီးသည်နှင့် လူအုပ်ကို ခေါ်ကာ ကားပါကင်ဘက်သို့ ဆင်းလာခဲ့ကြသည်။
လင်းယွမ်၊ ကျောက်ခိုင် နှင့် လူအုပ်ကြီး ကားပါကင်တွင် စုဝေးနေကြသည်ကို မြင်သောအခါ ခိုလှုံရေးစခန်းထဲမှ အပြင်မထွက်ရသေးသော သူများပါ စပ်စုချင်စိတ်ဖြင့် ဝိုင်းအုံလာကြသည်။
လင်းယွမ်က ဂရုမစိုက်ဘဲ ချိုင်ကြည် အား ကျောက်အကြေးခွံ အကာအကွယ် သင်္ကေတကျောက်တုံး တစ်တုံး ကမ်းပေးလိုက်သည်။
"လင်းယွမ်... ငါ ဘယ်လို သုံးရမှာလဲ"
လင်းယွမ် ကြောင်သွားသည်။ ထို အရေးကြီးသော အချက်ကို သူ သတိမထားမိခဲ့ပေ။
သူနှင့် ကျောက်ခိုင်က ကျောက်တုံးကို အသက်သွင်းရာတွင် မိမိတို့၏ သန္ဓေပြောင်းစွမ်းအင်ကို အသုံးပြုခဲ့ကြသည်။
သာမန်လူများတွင် သန္ဓေပြောင်းစွမ်းအင် မရှိပေ။ သူတို့ ဘယ်လို အသက်သွင်းကြမလဲ...
သူ ခဏမျှ စဉ်းစားလိုက်ပြီး ရုတ်တရက် အကြံရသွားသည်။
သာမန်လူတွေမှာ အစွမ်း မနိုးထလာသေးပေမယ့် သန္ဓေပြောင်းစွမ်းအင်ဆိုတာ သဘာဝတရားထဲမှာရော လူ့ခန္ဓာကိုယ်ထဲမှာပါ ရှိနေပြီးသားပဲ...
ငါမှတ်မိသေးတယ်... လျှိုအားလုံ ကို သတ်တုန်းက သူ သန္ဓေမပြောင်းသေးပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ခွန်အားတွေက ပြောင်းလဲနေခဲ့ပြီးပြီ...
ဒါက လူ့ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းစွမ်းအင်တွေ ကိန်းအောင်းနေပြီးသား ဆိုတာ သက်သေပြနေတာပဲ... သူတို့ လိုနေတာက စိတ်စွမ်းအင် နိုးထမှု တစ်ခုပဲ...
လင်းယွမ် တွေးလေ ဖြစ်နိုင်ခြေ များလေဟု ခံစားရသည်။ သာမန်လူများ၏ သွေးထဲတွင် သန္ဓေပြောင်းစွမ်းအင်များ ပါဝင်နေနိုင်သည် မဟုတ်ပါလော။
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
"အစ်ကိုချိုင်... ခင်ဗျားရဲ့ သွေးနဲ့ စမ်းကြည့်ဗျာ"
ချိုင်ကြည် အနည်းငယ် ကြောင်သွားသော်လည်း တွေဝေမနေဘဲ လက်ညှိုးကို ပါးစပ်ထဲ ထည့်ကာ ကိုက်ဖောက်လိုက်သည်။
သွေးစများ ထွက်လာသောအခါ သူ့မျက်လုံးထောင့်များ အနည်းငယ် ရှုံ့တွသွားသည်။
လက်ချောင်းထိပ်ဆိုတာ နှလုံးနဲ့ ဆက်နေတာမို့ တော်တော်လေး နာကျင်သည်။ ရုပ်ရှင်ထဲကလို လုံးဝ မဟုတ်ပေ။
ချိုင်ကြည် စိတ်ထဲ ကြိတ်ပြီး ရေရွတ်လိုက်ကာ လက်ချောင်းဖြင့် ကျောက်တုံးကို ဆုပ်ကိုင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျောက်တုံးပေါ်ရှိ သင်္ကေတများသည် သွေးနှင့် ထိတွေ့ကာ ရုတ်တရက် အသက်ဝင်လာသည်။
"ဝုန်း"
ဝါညစ်ညစ် အလင်းရောင် တစ်ချက် လက်သွားပြီး ကျောက်သား အကာအကွယ် အလွှာတစ်ခုသည် သူ့လက်ဖဝါးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
မျက်နှာမှလွဲ၍ ခေါင်းအစ ခြေအဆုံး ကျောက်သား အကာအကွယ်ဖြင့် ဖုံးအုပ်သွားခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချိုင်ကြည်၏ ခန္ဓာကိုယ်သည် အနည်းငယ် နိမ့်ကျသွားပြီး လေးလံမှုကို ခံစားလိုက်ရသည်။
သို့သော် သူ ဂရုမစိုက်ပေ။ ကျောက်သား အကာအကွယ် ဖုံးအုပ်ထားသော သူ၏ လက်မောင်းနှင့် ခန္ဓာကိုယ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။
ယခင်က မရှိဖူးသော လုံခြုံစိတ်ချရမှုမျိုးကို ခံစားနေရသည်။
သူ မသိစိတ်ဖြင့် ဘေးနားရှိ ကျောက်တုံးကြီး တစ်တုံးကို လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။
"ခွပ်"
ကျောက်တုံးကြီး တုန်ခါသွားပြီး မျက်နှာပြင်မှ ကျောက်မှုန်များ ကွာကျလာကာ "ချပ်" ဟူသော အသံနှင့်အတူ အက်ကြောင်းငယ်လေးများ ထင်ဟပ်သွားသည်။
ဒီလက်သီးသာ လူကို ထိုးလိုက်ရင် ဘယ်လောက် ကြောက်စရာ ကောင်းမလဲ...
ချိုင်ကြည် စိတ်လှုပ်ရှားစွာဖြင့် လက်ကို မြှောက်ကြည့်လိုက်သည်။ လုံးဝ မနာကျင်ပေ။
"အရမ်းမိုက်တယ်"
သူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဘေးနားရှိ လူများလည်း အသက်ရှူ မှားသွားကြသည်။
"ဟာ... ဒါ ဘာကြီးလဲဟ"
"ချိုင်ကြည်က အစွမ်း နိုးထသွားတာလား"
"ဘယ်တုန်းကလဲ... ကိုချိုင် ကံကောင်းသွားပြီ"
"ကိုချိုင်လည်း နိုးထသွားပြီလား... သူ ဒုက္ခခံရကျိုး နပ်သွားပြီပေါ့"
"ဖယ်စမ်းပါကွာ... မင်းတို့က အသစ်ရောက်လာတဲ့ လူတွေလား... စောစောက ကိုလင်း ပြောတာ မကြားလိုက်ဘူးလား... အဲဒါ သင်္ကေတကျောက်တုံး... အစွမ်း နိုးထတာ မဟုတ်ဘူး"
"သင်္ကေတကျောက်တုံး ဟုတ်လား... စစ်တပ် ရေဒီယိုက ပြောပြောနေတဲ့ ဟာလား"
"ဟေ... မင်းလည်း စစ်တပ် ရေဒီယို အကြောင်း သိတယ်လား"
"ကိုလင်းတို့က သင်္ကေတကျောက်တုံး ထုတ်လုပ်နိုင်သွားပြီပေါ့"
"ဟာ... ဒါဆို တို့ခိုလှုံရေးစခန်းမှာလည်း သင်္ကေတကျောက်တုံး ရှိပြီပေါ့... သာမန်လူတွေလည်း သုံးလို့ ရတယ်ဆိုတော့"
ခဏချင်းမှာပင် လူတိုင်း စိတ်လှုပ်ရှား တက်ကြွလာကြလေသည်။
ဆက်ရန်...