အခန်း (၂၃၃-၂၃၄)
Vol. 12 Ch. 233-234
အပိုင်း(၂၃၃) ဒီရေလှိုင်းကြီး ဝင်ရောက်လာခြင်း
"ဝုန်း"
ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး မိုးကလည်း သည်းထန်စွာ ရွာသွန်းနေလေသည်။
ထိုက်ယန်တောင်ခြေတွင်မူ ဆူပွက်နေသော ရေလှိုင်းလုံးကြီးများ၏ ဟိန်းဟောက်သံများက မရပ်မနား ထွက်ပေါ်နေပြီး ပေပေါင်းများစွာ မြင့်မားသည့် လှိုင်းလုံးကြီးများက တောင်ကမ်းပါးရံများကို ရိုက်ခတ်နေကြသည်။
ယနေ့တွင်တော့ မြစ်ကမ်းပါးတစ်လျှောက်၌ ငါးဖမ်းနေသော လူသားတစ်ယောက်မျှ မရှိပေ။
ရေလှိုင်းများသည် တစ်လုံးပြီးတစ်လုံး ပိုမိုမြင့်တက်လာနေသည်ကိုသာ တွေ့မြင်နေရ၏။
ရေလှိုင်းလုံးကြီးများက ဝေါခနဲ မြည်ဟီးလျက် တောင်ခါးပန်းအထိ တက်လာပြီးနောက် တစ်ဖန် ဝေါခနဲ ပြန်ကျသွားပြန်သည်။
ထိုသို့ အတက်အကျ ဖြစ်ပေါ်နေမှုနှင့်အတူ ရေပေါ်တွင် မျောပါနေသော အရာဝတ္ထု အများအပြားသည်လည်း တောအုပ်အတွင်းသို့ ရောက်ရှိ ကျန်ရစ်ခဲ့လေသည်။
ထိုအထဲတွင် သစ်သားပြားများ၊ ပုလင်းခွံများ၊ ပလတ်စတစ်ပုံးများ အမြောက်အမြား ပါဝင်နေသလို...
ပို၍ များပြားသည်ကား ပလူပျံနေအောင် များပြားလှသော သန္ဓေပြောင်း သတ္တဝါများပင် ဖြစ်လေတော့သည်။
ကြမ်းတမ်းသော ဒီရေလှိုင်းများကြောင့် သန္ဓေပြောင်းငါး အများအပြားသည် ကုန်းပေါ်သို့ လွင့်စင် ရောက်ရှိလာကြ၏။
ခဏအတွင်းမှာပင် ထိုက်ယန်တောင်၏ ရေပြင်နှင့် ထိစပ်နေသော ကမ်းပါးတစ်လျှောက်လုံး၌ ခုန်ပေါက်နေကြသော ငါးမျိုးစုံဖြင့် ပြည့်နှက်သွားလေသည်။
ထိုသန္ဓေပြောင်းငါး အချို့၏ ကိုယ်ပေါ်တွင် အကြေးခွံများ ဖုံးအုပ်နေပြီး အဖြူရောင်၊ အနီရောင် စသည်ဖြင့် အရောင်အသွေး စုံလင်လှသလို ပုံသဏ္ဌာန်များကလည်း ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် ရေတွက်၍ မကုန်နိုင်လောက်အောင် များပြားလှပေ၏။
ထိုစဉ် တောအုပ်တစ်ခုလုံး တုန်ခါသွားပြီးနောက် တောထဲတွင် ခိုအောင်းနေကြသော သန္ဓေပြောင်း ကြောင်များ၊ ခွေးများ၊ ရှဉ့်များ အစရှိသည့် သန္ဓေပြောင်း သတ္တဝါအများအပြား ထွက်ပေါ်လာကြသည်။
၎င်းတို့သည် လေပြင်းမုန်တိုင်းကို အန်တုလျက် တောအုပ်ထဲမှ ဟိန်းဟောက် ပြေးထွက်လာကြပြီး ကမ်းစပ်သို့ အရောက်သွားကာ ကုန်းပေါ်ရောက်နေသော သန္ဓေပြောင်းငါးများကို အလုအယက် စားသောက်ကြလေတော့သည်။
ထို သန္ဓေပြောင်း သတ္တဝါအငယ်စားများ ထွက်ပေါ်လာသည်နှင့်အမျှ တောနက်ထဲမှ ကောင်ကြီးများလည်း နောက်မှ လိုက်ပါလာကြပြီး ဤကြီးမားလှသော စားသောက်ပွဲကြီးတွင် ပါဝင် ဆင်နွှဲကြလေ၏။
ထိုက်ယန်တောင် တစ်ခုလုံးသည် ဤအချိန်၌ ပွက်ပွက်ဆူသွားခဲ့လေပြီ။
သားရဲတို့၏ ဟိန်းဟောက်သံများနှင့် မိုးကြိုးပစ်သံများက ကမ္ဘာမြေကို တုန်လှုပ်စေလျက် မိုးသည်းထန်စွာ ရွာသွန်းမှုကလည်း လေပြင်းနှင့်အတူ ရောနှောကာ အရာအားလုံးကို ဒေါသတကြီး ရိုက်ခတ် ဖျက်ဆီးနေသည်။
ဤသည်ကား သန္ဓေပြောင်း သတ္တဝါတို့၏ ပျော်ပွဲရွှင်ပွဲကြီးပင် ဖြစ်သည်။
ဤသည်ပင်လျှင် ခိုလှုံရေးစခန်းကြီး (၄) ခုလုံးမှ ကြောက်လန့်တကြား ဖြစ်နေကြရသော ဒီရေလှိုင်းကြီး ဝင်ရောက်လာခြင်းပင် ဖြစ်ပေ၏။
ဒီရေလှိုင်းကြီး ဝင်ရောက်လာမှုကြောင့် ရေပြင်နှင့် ထိစပ်နေသော ကမ်းစပ်တစ်လျှောက်တွင် သန္ဓေပြောင်းငါးများစွာ သောင်တင် ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုမြင်ကွင်းက ထိုက်ယန်တောင်ရှိ သန္ဓေပြောင်း သတ္တဝါများကို ရူးသွပ်သွားစေခဲ့၏။
ဒီရေလှိုင်းကြီး ဟူသည် ရေလှိုင်းသက်သက်သာ မဟုတ်ဘဲ သားရဲလှိုင်းလုံးကြီးများလည်း ပါဝင်နေခြင်း ဖြစ်သည်။
ယခုအချိန်၌ ခိုလှုံရေးစခန်း အားလုံးသည် မိမိတို့၏ ဂူပေါက်ဝများကို ပိတ်ဆို့ကာ အရေးပေါ် ကာကွယ်ရေး အခြေအနေသို့ ပြောင်းလဲထားကြပြီး အသေအချာ စောင့်ကြပ်နေကြလေပြီ။
လင်းယွမ်သည် ဝါးမျှော်စင်ပေါ်တွင် ရပ်လျက် ကမ်းစပ်တစ်လျှောက်မှ ရူးသွပ်ဖွယ်ရာ မြင်ကွင်းများကို လှမ်းမျှော်ကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ့မျက်နှာထားက အလွန်လေးနက် တည်ကြည်နေ၏။
သူ နားစွင့်ကြည့်လိုက်ရာ တောင်ကမ်းပါးရံထက်တွင် ရေတွက်၍ မရနိုင်သော သန္ဓေပြောင်း သတ္တဝါများ၏ ဟိန်းဟောက်သံများနှင့် ပြေးလွှားသံများကို ကြားနေရသည်။
မီးဝါးတောထဲတွင်လည်း မြေကြွက်အများအပြား မြေကြီးထဲသို့ တိုးဝင် ပုန်းအောင်းနေကြသလို ယခင်က သူတို့ တစ်ခါမှ မမြင်ဖူးသော သန္ဓေပြောင်း သတ္တဝါများသည်လည်း မီးဝါးတောထဲမှ ရူးသွပ်စွာ ပြေးထွက်လာကြပြီး တောင်ပတ်လမ်းမကြီးအတိုင်း ကမ်းစပ်ဆီသို့ ဦးတည် ပြေးလွှားနေကြသည်။
အလွန်ပြင်းထန်လှသော ငါးညှီနံ့ကြီးကို ဤမျှဝေးကွာသော နေရာမှပင် လူတိုင်း ရှင်းလင်းစွာ ရရှိနေကြ၏။
ထိုအနံ့ဆိုးကြီးက သန္ဓေပြောင်း သတ္တဝါများကို ဆွဲဆောင်နိုင်ရုံသာမက သန္ဓေပြောင်း ယင်ကောင်များနှင့် ခြင်ကောင်မွှားများကိုပါ ဆွဲဆောင်လျက် ရှိသည်။
လင်းယွမ်က အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ကျောက်ခိုင် အပါအဝင် လူများကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အားလုံး ပြန်ကြတော့... ကျောက်တံခါးတွေကို သေချာ ပိတ်ထားကြ... လေဝင်ပေါက်လောက်ပဲ ချန်ထားပါ"
"မူလ အစီအစဉ်အတိုင်း လုပ်ကြမယ်... တုံယန်... နင်က စိတ်ဝိညာဉ် ချိတ်ဆက်မှု လုပ်ထားပေးပါ... ဘယ်သူပဲ ဒုက္ခရောက်ရောက် ငါ့ကို ချက်ချင်း အသိပေး"
"ဟုတ်ကဲ့ပါ အစ်ကိုလင်း"
"နားလည်ပါပြီ အစ်ကိုလင်း"
လင်းယွမ်က တစ်ခုချင်းစီ စီစဉ် ညွှန်ကြားပြီးနောက် လူအုပ်စုကို ဦးဆောင်ကာ ဂူအတွင်းသို့ အသီးသီး ပြန်ဝင်သွားကြလေ၏။
သူ့အခန်းထဲတွင် ရန်မေ အပြင် တုံယန်နှင့် ဆုန့်ဝမ်တို့ပါ ရှိနေသည်။
ရန်မေ၏ တောင်းဆိုမှုကြောင့် တုံယန်နှင့် ဆုန့်ဝမ်တို့ကို အပေါ်ထပ်သို့ ခေါ်ထားခြင်း ဖြစ်သည်။
ကျောက်ခိုင်ကမူ လျှိုဖိန်ဖိန်၊ လျှိုတနန်၊ တုံကျဲ တို့နှင့်အတူ မူလ ဆုန့်ဝမ်တို့ နေထိုင်ခဲ့သော ဂူထဲတွင် နေထိုင်ကြသည်။
အသွားအလာ အဆင်ပြေစေရန်အတွက် လင်းယွမ်က အပေါ်ထပ်နှင့် အောက်ထပ် ဂူများကို ဖောက်ထွင်း ဆက်သွယ်ထားလိုက်သဖြင့် ယခုဆိုလျှင် အထပ်နှစ်ထပ် ချိတ်ဆက်ထားသကဲ့သို့ ဖြစ်နေပြီး ဂူထဲတွင် ပိတ်မိနေလျှင်ပင် တစ်ခန်းနှင့်တစ်ခန်း ကူးသန်းသွားလာနိုင်လေသည်။
ထူးခြားသည်မှာ ဆုန့်ဝမ်က လုယွီယန် (အအမလေး) ကို အောက်ထပ်တွင် နေရာချပေးထားခြင်း ဖြစ်သည်။ သူမက စကားမပြောနိုင်၊ နားမကြားနိုင်သော မိန်းကလေး ဖြစ်သဖြင့် နောက်ရက်များတွင် အပြင်မထွက်ရသည့်အခါ အဆင်မပြေမှုများ ရှိလာနိုင်သောကြောင့် ဖြစ်၏။
ထို့အပြင် ဝူချင်းနှင့် ချိုင်ကြည် တို့သည်လည်း ချိုင်ယောင်လေး သူတို့နှင့် လိုက်ပါလာလျှင် အန္တရာယ် ရှိမည်စိုးသဖြင့် ဤနေရာသို့ ပို့ထားခဲ့ရာ တုံကျဲတို့နှင့်အတူ အဖော်ရသွားကြသည်။
ထိုသို့ တွေးမိသူ နောက်တစ်ယောက်မှာ ဟူဝေမင် ဖြစ်ပြီး သူသည်လည်း သူ့သား ဟူတုတုကို ပို့ဆောင်ထားခဲ့သည်။
ထို့ကြောင့် အောက်ထပ်သည် ကလေးကစားခန်း သဖွယ် ဖြစ်နေပြီး ကလေးများ စုဝေးကာ ကြောက်ရွံ့ခြင်း မရှိဘဲ ပျော်ရွှင် မြူးထူးနေကြသည်။
လင်းယွမ်က အောက်ထပ် အခန်းထဲတွင် တီဗီ၊ ဗွီစီဒီ နှင့် ဂိမ်းစက် အစရှိသော ဖျော်ဖြေရေး ပစ္စည်းများကို ထားရှိပေးထားသဖြင့် ကလေးများမှာ ပျင်းရလိမ့်မည် မဟုတ်ပေ။
လင်းယွမ်က ကျောက်တံခါးကို ပိတ်လိုက်ပြီးနောက် တံခါးနှင့် ပြတင်းပေါက်များကို စစ်ဆေးကြည့်ရာ အလွန် ခိုင်ခံ့နေသည်ကို တွေ့ရသဖြင့် သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူက တုံယန်ကို လှမ်းပြောလိုက်သည်။
"နင့်ရဲ့ စိတ်ဝိညာဉ် ချိတ်ဆက်မှုက ပေ(၁၆၀) ပတ်လည်က လူတွေကို ချိတ်ဆက်နိုင်တယ်ဆိုတော့... ဒီဂူထဲက လူတွေ အကုန်လုံးနီးပါးကို ဆက်သွယ်လို့ ရလောက်ပါတယ်"
"ဘယ်သူ့ဆီမှာပဲ ပြဿနာရှိရှိ... နင် ငါ့ကို ချက်ချင်း အသိပေးရမယ်နော်"
တုံယန်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး...
"အစ်ကိုလင်း... ညီမ သိပါတယ်... စိတ်ချပါ"
လင်းယွမ်က ဆုန့်ဝမ် ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အဒေါ်ကြီးလီ တို့ဘက်ကိုရော အကုန် စီစဉ်ပြီးပြီမလား"
ဆုန့်ဝမ်က ခေါင်းညိတ်လျက်...
"အကုန် စီစဉ်ပြီးပါပြီ... ဟို သန္ဓေပြောင်း နေကြာပန်းကိုလည်း သူတို့ဆီမှာ မီးထွန်းဖို့ ပေးထားလိုက်တယ်... ပြီးတော့ အားလုံးက မီးဓာတ် စွမ်းအင်ကျောက်တုံး အမှုန့်တွေနဲ့ ထမင်းဟင်း ဘယ်လို ချက်ရမလဲ ဆိုတာလည်း တတ်နေကြပါပြီ"
"ကျွန်မ ဖဲထုပ်တွေ၊ မာကျောက် အတုံးတွေပါ ရှာပြီး သူတို့ဆီ ပို့ထားပေးတယ်... ဒီနှစ်ရက် အပြင်မထွက်ရရင်လည်း ဖဲကစားလို့ ရတာပေါ့... မပျင်းရတော့ဘူးပေါ့"
"စားစရာဘက်ကရော"
"စားစရာအတွက်ကတော့ အစောကြီးကတည်းက အလုံအလောက် ပြင်ဆင်ထားပြီးသားပါ... အားလုံးက ဒီရေလှိုင်းကြီးကို ကြိုတင် ကာကွယ်ထားကြတာပဲလေ... ရှင် စိတ်ချပါ"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"ငါတို့ဘက်ကတော့ ဘာပြဿနာမှ မရှိလောက်တော့ဘူး... သတ္တုတွင်းဘက်က အခြေအနေ ဘယ်လိုနေလဲ မသိဘူး"
ရန်မေကလည်း စိုးရိမ်တကြီးဖြင့်...
"ဟိုဘက်က အခြေအနေက ဒီဘက်လောက် မကောင်းဘူး... ဒါပေမဲ့ ဂူက မြေအောက်ထဲမှာ ဆိုတော့ ပိုပြီး လုံခြုံမှာပါ"
"အဲ့လိုမျှော်လင့်ရတာပဲ"
လင်းယွမ်က လှည့်ကြည့်လိုက်ရာ မိန်းကလေးများက သူ့ကို ဝိုင်းရံထားကြသည်ကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်မိသည်။
"ကဲပါ... နင်တို့ လုပ်စရာရှိတာ လုပ်ကြပါ... ငါ့နား ဝိုင်းမနေကြပါနဲ့... ငါ အပြင်ဘက် အခြေအနေကို သွားကြည့်လိုက်ဦးမယ်"
"ဟင်... ရှင်က ဘယ်လို သွားကြည့်မလို့လဲ... အပြင်မှာ အကုန် ပိတ်ထားတာ မဟုတ်ဘူးလား"
ဆုန့်ဝမ်က အံ့သြစွာ မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး...
"ငါ တောင်ထိပ်မှာ ဂူငယ်လေးတစ်ခု သီးသန့် ဖောက်ထားတယ်... အဲဒါက အပြင်ဘက် အခြေအနေကို လေ့လာဖို့ ချန်ထားတာလေ"
"ဒါပေမဲ့ တံခါးတွေ ပိတ်ထားတာလေ... အစ်ကိုက ဘယ်လို ထွက်မှာလဲ"
တုံယန်ကလည်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ရင်း...
"ငါ အစွမ်းအသစ်တစ်ခု ရထားတယ်"
ပြောရင်းဖြင့် သူက ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို လည်ပတ်လိုက်ရာ သူ့ကိုယ်မှ မြေဝါရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်နံရံကို လက်ဖြင့် ဖိလိုက်ရာ တစ်ကိုယ်လုံး နံရံထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေတော့၏။
မိန်းကလေးများ အားလုံး အံ့အားသင့်သွားကြသည်။
ရန်မေက ဝမ်းသာအားရဖြင့် အော်ပြောလိုက်သည်။
"မြေလျှိုးအစွမ်းလား"
ဆုန့်ဝမ်လည်း မျက်လုံးပြူးသွားပြီး...
"အစ်ကိုလင်း... ရှင်က ဘယ်တုန်းက မြေလျှိုးတဲ့ အစွမ်းကို ထပ်ပြီး နိုးထလိုက်တာလဲ"
တုံယန်ကလည်း အံ့သြစွာဖြင့်...
"ဘယ်လို ဖြစ်တာလဲ... အစွမ်းပိုင်ရှင်တွေက ဒုတိယမြောက် အစွမ်းကို နိုးထလို့ ရသေးတာလား"
လင်းယွမ်က ကျောက်နံရံထဲမှ ပြန်ထွက်လာပြီး ပြုံးလျက် ပြောလိုက်သည်။
"သဘောတရားအရ ပြောရရင်... အစွမ်းပိုင်ရှင်တွေရဲ့ အစွမ်းဆိုတာ တကယ်တော့ အများကြီး နိုးထလာလို့ ရတယ်"
"အရင်တစ်ခေါက်က စစ်တပ်က ထုတ်ပြန်လိုက်တဲ့ သင်္ကေတကျောက်တုံး နည်းပညာ အကြောင်း နင်တို့ ကြားလိုက်တယ်မလား"
"တကယ်တော့ သင်္ကေတကျောက်တုံး ဖန်တီးတာက ငါတို့ အစွမ်းပိုင်ရှင်တွေ အစွမ်းနိုးထတာနဲ့ ဆင်တူတယ်"
"စွမ်းအင်ကျောက်တုံး ဆိုတာက လူခန္ဓာကိုယ်လိုပဲ... စွမ်းအင်တွေ အများကြီး သိုလှောင်ထားတယ်"
"ဒါပေမဲ့ စွမ်းအင်ကျောက်တုံး ကိုယ်တိုင်ကတော့ ထူးခြားဆန်းကြယ်တဲ့ သက်ရောက်မှုတွေ မဖန်တီးနိုင်ဘူး"
"သူ့အပေါ်မှာ ရေးထိုးထားတဲ့ သင်္ကေတတွေကတဆင့် သူ့အတွင်းထဲက စွမ်းအင်တွေကို လှုံ့ဆော်ပြီး ဆန်းကြယ်တဲ့ အစွမ်းတွေကို ဖော်ထုတ်တာလေ"
"အဲဒီ သဘောတရားအတိုင်းပဲ... ငါတို့ လူခန္ဓာကိုယ်က တကယ်တော့ အဲဒီလို လှုံ့ဆော်ပေးမယ့် သင်္ကေတ လိုအပ်နေတာ... ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ထိထိရောက်ရောက် အသုံးမချနိုင်ကြတာ"
"ငါ စမ်းသပ်ကြည့်သလောက်ဆိုရင်... သင်္ကေတတွေကိုသာ နားလည်သဘောပေါက်ပြီး ငါတို့ ခန္ဓာကိုယ်ကို အသုံးချပြီး သင်္ကေတရဲ့ အနှစ်သာရကို ဖော်ပြနိုင်မယ်ဆိုရင် အစွမ်းအသစ်တွေကို နိုးထလာစေနိုင်တယ်"
"စိတ်စွမ်းအင်နဲ့ လှုံ့ဆော်တာက နည်းလမ်းတစ်ခုပဲ... ငါတို့ရဲ့ မျိုးဗီဇကို ဖော်ပြဖို့ အလွယ်ကူဆုံး အစွမ်းတစ်ခုကို သဘာဝအလျောက် ရွေးချယ်ပြီး နိုးထလာစေတာ"
"နိုးထခြင်း အသီး ဆိုတာကလည်း နည်းလမ်းတစ်ခုပဲ... ငါတို့ ခန္ဓာကိုယ်ထဲက မျိုးဗီဇကို လမ်းကြောင်းပေးပြီး သီးခြား မျိုးဗီဇ ဖော်ပြမှု ဖြစ်လာအောင် လုပ်ဆောင်ကာ နိုးထစေတာ"
"ဒါတွေအကုန်လုံးက လှုံ့ဆော်ခံရလို့ ဖြစ်လာတဲ့ နည်းလမ်းတွေပဲ... ငါတို့သာ အဲဒီ သင်္ကေတတွေကို ကိုယ်တိုင် လေ့လာသင်ယူမယ်ဆိုရင်... သက်ဆိုင်ရာ အစွမ်းတွေကို နိုးထလာအောင် လုပ်နိုင်တယ်"
"လူသားတွေရဲ့ အသန်မာဆုံး အရာက သင်ယူနိုင်စွမ်း ဖြစ်သင့်တယ်လေ"
မိန်းကလေးများမှာ နားထောင်ရင်း အံ့သြမှင်သက်နေကြသည်။ သိသာသည်မှာ သူမတို့အနေဖြင့် ဤရှုထောင့်မှ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
အစွမ်း ဆိုတာကလည်း သင်ယူပြီး နိုးထလို့ ရတာလား...
လင်းယွမ်၏ ရှင်းပြချက်က တကယ်တော့ အပြည့်အစုံကြီး ရှင်းလင်းနေသည်တော့ မဟုတ်ပေ။
သူ့စိတ်ထဲတွင် နောက်မှ သင်ယူ၍ ရရှိလာသော သင်္ကေတ အစွမ်းများကို တကယ့် "အစွမ်း" ဟု မသတ်မှတ်ထားပေ။
ထိုသို့ လေ့လာသင်ယူထားသော သင်္ကေတ အစွမ်းများကို တိတိကျကျ ပြောရလျှင် "ကျွမ်းကျင်မှု အစွမ်း" ဟုသာ ခေါ်သင့်သည်။
"အစွမ်း" ဆိုသည်မှာ စဉ်ဆက်မပြတ် တူးဖော်နိုင်ပြီး အဆင့်ဆင့် တိုးတက် ပြောင်းလဲနိုင်သော အရာဖြစ်သည်။
သို့သော် "ကျွမ်းကျင်မှု" က ထိုသို့ မဟုတ်ပေ။ သင်္ကေတ၏ ပုံသေ လမ်းကြောင်းအတိုင်း တိုက်ခိုက်သည့် ပုံစံတစ်ခုကိုသာ ဖန်တီးနိုင်သည်။
လင်းယွမ် ဖြစ်ရပ်ကို ကြည့်လျှင် သူ၏ မြေလျှိုးအစွမ်းသည် မြေလျှိုးခြင်း တစ်ခုသာ လုပ်နိုင်သည်။
သို့သော် ယွမ်ရွေ့၏ မြေလျှိုးအစွမ်းကတော့ သူနှင့် မတူပေ။
ယွမ်ရွေ့၏ မြေလျှိုးအစွမ်းက မိမိကိုယ်ကို မြေကြီးနှင့် တစ်သားတည်း ပေါင်းစပ်လိုက်ခြင်းမျိုး ဖြစ်သည်။ မြေကြီးထဲသို့ ဝင်ရောက်နိုင်ရုံသာမက သူ ထိတွေ့ထားသော အရာဝတ္ထုများကိုပါ သယ်ဆောင်၍ မြေလျှိုးနိုင်သည်။
လင်းယွမ်ကတော့ ထိုသို့ မလုပ်နိုင်ပေ။ သူတစ်ယောက်တည်းသာ မြေလျှိုးနိုင်ပြီး လူခေါ်သွား၍ မရချေ။
"ဟေး... အမတို့ရေ... ဘာလုပ်နေကြလဲ"
ထိုအချိန် ဧည့်ခန်းဘက်ရှိ အောက်ထပ်နှင့် ဆက်သွယ်ထားသော လမ်းကြောင်းမှ လျှိုဖိန်ဖိန်၏ အသံ ထွက်ပေါ်လာသည်။
မိန်းကလေးများ အသိဝင်လာကြပြီး လှမ်းကြည့်လိုက်ကြသည်။
လျှိုဖိန်ဖိန်က ဖဲနှစ်ထုပ်ကို ကိုင်လျက် ရယ်မောကာ တက်လာပြီး...
"ငါတို့ အိမ်ထဲမှာ ပိတ်မိနေတာဆိုတော့... ဘာမှလည်း လုပ်စရာ မရှိဘူး... ဖဲကစားကြမလား"
"အို... တစ်ခါတလေ စဉ်းစားကြည့်ရင်လေ... ကမ္ဘာကြီး ပျက်သွားပေမဲ့... အလုပ်သွားစရာ မလိုတော့တာကလည်း ကောင်းသားပဲနော်... ခစ်ခစ်"
သူမက ပြောရင်းဖြင့် သူမဘာသာ သဘောကျကာ ရယ်မောနေသည်။
သူမ ပြောပုံကြောင့် ကျန်မိန်းကလေးများလည်း တခစ်ခစ် ရယ်မောလိုက်ကြသည်။
ရန်မေက ဆုန့်ဝမ်ကို ဆွဲလျက် ရယ်မောကာ ပြောလိုက်သည်။
"လာပါ... ဘာမှလည်း လုပ်စရာ မရှိတာ... အတူတူ ဖဲကစားကြတာပေါ့"
တုံယန်က လက်ကာပြလိုက်ပြီး...
"တော်ပါ... တော်ပါ... ညီမက စိတ်ဝိညာဉ် ချိတ်ဆက်မှုကို ထိန်းထားရဦးမယ်... တစ်ယောက်ယောက် အကူအညီ တောင်းလာရင် ဒုက္ခ"
ရန်မေက ပြုံးလျက်...
"ဒါဆို တစ်ယောက် လိုနေသေးတယ်... မောင်လေး... နင် ကစားမလား"
လင်းယွမ်က ပြုံး၍ ခေါင်းခါလိုက်သည်။
"ကျွန်တော် ခဏနေရင် ကိစ္စရှိသေးတယ်... အပြင်ထွက် ကြည့်ရဦးမယ်"
ရန်မေက စိုးရိမ်တကြီးဖြင့်...
"အပြင်မှာ ဒီရေလှိုင်းတွေနဲ့ သန္ဓေပြောင်းကောင်တွေ အများကြီးကို... နင်က ထွက်ဦးမလို့လား"
လင်းယွမ်က ပြုံးလိုက်ပြီး...
"ကျွန်တော်က မြေလျှိုးတတ်တယ်လေ... အချိန်မရွေး ပြန်လာလို့ ရပါတယ်... စိတ်ချပါ"
"လုယွီယန်နဲ့ ချိုင်ယောင်လေး အောက်ထပ်မှာ ရှိတယ်မလား... သူတို့ကို ခေါ်ပြီး ကစားလိုက်လေ"
လျှိုဖိန်ဖိန်က ပြုံးလျက်...
"ငါ သွားခေါ်လိုက်မယ်"
ခဏကြာတော့ လုယွီယန်နှင့် ချိုင်ယောင်လေးတို့ ပြေးတက်လာကြပြီး မိန်းကလေး တစ်သိုက် ဧည့်ခန်းထဲတွင် ဖဲဝိုင်း ဖွဲ့လိုက်ကြသည်။
ကျောက်ခိုင်ကတော့ တုံကျဲ၊ ဟူတုတု အစရှိသော ကလေးများနှင့် အောက်ထပ်တွင် ကစားနေလေသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်မိသည်။ ကမ္ဘာပျက်ကပ် အတွင်း အပြင်ဘက်၌ အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သန္ဓေပြောင်း သတ္တဝါများ သောင်းကျန်းနေကြသော်လည်း...
တောင်ဂူထဲတွင်တော့ အားလုံး စုဝေးနေကြပြီး စားစရာ သောက်စရာများနှင့် ဖဲရိုက် ကစားနေကြသည့် ခံစားချက်က အလွန်အမင်း နွေးထွေးလှပေသည်။
'ကိုယ် ဂရုစိုက်ရတဲ့ လူတွေကို ကာကွယ်ပေးနိုင်တဲ့ ဒီလို ခံစားချက်မျိုးက တော်တော် ကောင်းတာပဲ...'
လင်းယွမ် ပြုံးလိုက်မိသည်။ ဒီခံစားချက်က ကိုယ်နဲ့အတူ တစ်သက်လုံး ဆင်းရဲဒုက္ခ ခံလာရတဲ့ မိဘ၊ ချစ်သူတွေ ကိုယ် ပိုက်ဆံရှာနိုင်လာတဲ့ အချိန်မှာ လုံးချင်းအိမ်ကြီး ဝယ်ပေးလိုက်ပြီး ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးပေးလိုက်နိုင်သလိုမျိုးပင်။
ကိုယ့်နောက် လိုက်ပြီး ဒုက္ခခံစရာ မလိုတော့သလို၊ နေရပ်စွန့်ခွာ ထွက်ပြေးစရာလည်း မလို၊ မိုးဒဏ် လေဒဏ် ခံစရာလည်း မလိုတော့ဘဲ...
သူတို့အတွက် နွေးထွေးတဲ့ အိမ်လေးတစ်လုံး ဖန်တီးပေးလိုက်နိုင်ခြင်း ဖြစ်သည်။
ဒီလို အောင်မြင်မှု ခံစားချက်က သူ့ကို ပျော်ရွှင် ကျေနပ်စေသည်။
'ငါတို့ လိုချင်တဲ့ ပျော်ရွှင်မှု ဆိုတာက တကယ်တော့ ရိုးရိုးလေးပါလား...'
လင်းယွမ် ပြုံးလိုက်ပြီး အိပ်ခန်းထဲသို့ ဝင်လိုက်ရာ သူ့အကြည့်များက ပိုမို ပြတ်သား ခိုင်မာလာလေသည်။
ဒီ ပျော်ရွှင်ဖွယ်ရာ ဘဝလေးကို ရရှိထားခြင်းမှာ သူ့တွင် အစွမ်းထက်သော ခွန်အားများ ရှိနေခြင်းကြောင့် ဆိုသည်ကို သူ ကောင်းကောင်း သိထားသည်။
အကယ်၍ ကာကွယ်ပေးနိုင်မည့် အင်အားသာ မရှိပါက ပျော်ရွှင်မှု အားလုံးသည် ရေပွက်ပမာ ပျောက်ကွယ်သွားရပေလိမ့်မည်။
'ဒီရေလှိုင်းကြီး ဝင်ရောက်လာတော့ ကမ်းစပ်မှာ သန္ဓေပြောင်းငါးတွေ အများကြီး သောင်တင်နေမှာ သေချာတယ်... ပုစွန်တွေ၊ ဂဏန်းတွေ၊ ခရုတွေ အစရှိတဲ့ ပင်လယ်နေ သတ္တဝါတွေလည်း ကုန်းပေါ် ရောက်လာမှာပဲ...'
'တောအုပ်လည်း ဆူပွက်နေပြီဆိုတော့ သန္ဓေပြောင်း ကြောင်တွေ၊ ခွေးတွေလည်း ဒီစားသောက်ပွဲကြီးကို လက်လွှတ်ခံမှာ မဟုတ်ဘူး...'
'အခုအချိန်က ငါ တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲ...'
သူက နံရံပေါ်သို့ လက်တင်လိုက်ရာ တစ်ကိုယ်လုံးမှ မြေဝါရောင် အလင်းတန်းများ ဖြာထွက်လာသည်။
"ရွှပ်"
သူက နံရံထဲသို့ တိုးဝင်လိုက်ပြီးနောက် ကျောက်သားနံရံအတွင်း လျင်မြန်စွာ ကူးခတ် သွားလာလိုက်သည်။
မကြာမီ ခေါင်းပေါ်တွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်သည် နံရံထဲမှ ပြန်လည် ထွက်ပေါ်လာသည်။
ဤသည်မှာ (၆၀) စတုရန်းပေခန့်သာ ရှိသော ဂူငယ်လေး တစ်ခုဖြစ်သည်။
ဂူတစ်ခုလုံးကို အလုံပိတ် တည်ဆောက်ထားပြီး ဘတ်စကက်ဘော လုံးလောက်သာ ရှိသော အပေါက်အနည်းငယ်ကို ကျောက်တုံးများဖြင့် ပိတ်ဆို့ထားသည်။
လင်းယွမ်က အပေါက်တစ်ပေါက်နားသို့ သွားပြီး ကျောက်တုံးကို ဖယ်လိုက်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။
မိုး ကောင်းကောင်း မချုပ်သေးသဖြင့် အဝေးမှ တောင်အောက်တွင် ရေလှိုင်းများ ဆူပွက်နေသည်ကို မြင်နေရပြီး ကမ်းစပ်တစ်လျှောက်တွင် သန္ဓေပြောင်း ငါးများ၊ ပုစွန်များ အများအပြား သောင်တင်နေသည်ကို တွေ့ရသည်။
တောအုပ်ထဲတွင်တော့ သန္ဓေပြောင်း သတ္တဝါမျိုးစုံ၏ ဟိန်းဟောက်သံများ ထွက်ပေါ်နေပြီး တောထဲမှ ပြေးထွက်ကာ မြစ်ကမ်းဘက်သို့ ဦးတည် သွားနေကြသည်ကို တွေ့ရ၏။
မြစ်ကမ်းစပ်တွင်တော့ သန္ဓေပြောင်း သတ္တဝါ အများအပြား ကိုက်ဖြတ် သတ်ဖြတ်ကာ ဟိန်းဟောက်နေကြသည်ကို မြင်နေရသည်။
လင်းယွမ်၏ မျက်လုံးများ နီရဲလာလေသည်။
'ဒီလောက်များတဲ့ သန္ဓေပြောင်း ကောင်တွေ... ဒါတွေကိုသာ သတ်လိုက်ရရင် ငါ အမှတ်တွေ ဘယ်လောက်တောင် ရလိုက်မလဲ...'
သူ စကားအများကြီး ပြောမနေတော့ဘဲ ချက်ချင်းပင် မြေလျှိုးအစွမ်းကို အသုံးပြုကာ မြစ်ကမ်းစပ်ဆီသို့ အမြန်ဆုံး ထွက်ခွာသွားလေသည်။
နာရီဝက်ပင် မကြာလိုက်၊ သူ မြစ်ကမ်းစပ် အနီးသို့ ရောက်ရှိသွားခဲ့သည်။
မြေကြီးထဲတွင် ရေငွေ့ဓာတ်များ ပြည့်ဝနေသည်ကို သူ ခံစားလိုက်ရ၏။
လင်းယွမ်က မြေကြီးထဲမှ အမြန် တိုးထွက်လိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်ရာ သူ ထင်ထားသည့်အတိုင်း မြစ်ကမ်းစပ်အနီးရှိ သစ်တောအုပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်စဉ် လေပြင်းတစ်ချက် ဝုန်းခနဲ တိုက်ခတ်လာသည်။
လင်းယွမ်၏ မျက်လုံးထောင့်စွန်းတွင် ကြောင်မျိုးနွယ်ဝင် သန္ဓေပြောင်း သတ္တဝါတစ်ကောင် ဖြတ်ခနဲ ပြေးသွားသည်ကို တွေ့လိုက်ရ၏။
သူ ဘာမှ တွေဝေမနေဘဲ ချက်ချင်း ခေါင်းပုဝင်လိုက်ကာ မြေကြီးထဲသို့ ပြန်ဝင်လိုက်သည်။
မြေကြီးမှ တုန်ခါမှုကို ခံစားရင်း လင်းယွမ် စိတ်ထဲ ထိတ်လန့်သွားသည်။
'အလျင်အစွမ်း ရှိတဲ့ သန္ဓေပြောင်းကောင်ပဲ...'
သူက ချက်ချင်း နေရာပြောင်းလိုက်ပြီး ခြေလှမ်းအနည်းငယ် ရွေ့ကာ အပေါ်ဘက် အခြေအနေကို စိတ်စွမ်းအင်ဖြင့် အာရုံခံလိုက်သည်။
မကြာမီ ထို သန္ဓေပြောင်းကောင်သည် အနီးတစ်ဝိုက်တွင် သားကောင်များကို ကိုက်ဖြတ် စားသောက်နေဆဲ ဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။
လင်းယွမ်က အသံတစ်ချက် မထွက်စေဘဲ ထိုကောင်၏ ခြေရင်းသို့ ရောက်ရှိသွားသည်။
ထိုကောင် သတိမထားမိလိုက်သော အခိုက်အတန့်တွင် မြေကြီးထဲမှ ရုတ်တရက် တိုးထွက်လိုက်ပြီး...
သူ့လက်ဝါးဖြင့် ထို သန္ဓေပြောင်း ကြောင်၏ ဂုတ်ပိုးကို ဖမ်းဆုပ်လိုက်လေသည်။
"ဂျွတ်"
ထို သန္ဓေပြောင်းကြောင်၏ လည်ပင်းရိုးမှာ ချက်ချင်း ကြေမွသွား၏။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၆၇ မှတ် ရရှိပါသည်]
လင်းယွမ် ချက်ချင်း ပြုံးလိုက်မိသည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်နေပြီး မလှမ်းမကမ်းရှိ ရေအိုင်ကို လှမ်းကြည့်လိုက်သည်။
ထို ရေအိုင်ထဲတွင် သန္ဓေပြောင်းငါး အများအပြား ခုန်ပေါက် ရုန်းကန်နေကြပြီး ရေလှိုင်းများကြားသို့ ပြန်လည် ခုန်ဆင်းရန် ကြိုးစားနေကြသည်။
သို့သော် သောင်တင်နေပြီ ဖြစ်သဖြင့် ၎င်းတို့သည် ရေထဲတွင် ထင်တိုင်းကြဲခဲ့သော ကြောက်မက်ဖွယ် သန္ဓေပြောင်း သားရဲများ မဟုတ်ကြတော့ပေ။
"ဝီ"
လင်းယွမ်၏ မျက်လုံးများတွင် အလင်းတန်းများ ဖြာထွက်လာပြီး ချက်ချင်းပင် အားကောင်းသော စိတ်စွမ်းအင် ရိုက်ခတ်မှုဖြင့် ပတ်ဝန်းကျင်ကို တိုက်ခိုက်လိုက်သည်။
"ဖောင်း... ဖောင်း... ဖောင်း"
ကွဲထွက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ထို သန္ဓေပြောင်းငါးများ၏ ခေါင်းများ ချက်ချင်း ပေါက်ကွဲကုန်ကြသည်။
လင်းယွမ်၏ လက်ရှိ (၃၅) မှတ်ကျော် ရှိနေသော စိတ်စွမ်းအင်ဖြင့် စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို ထုတ်သုံးလိုက်ရာ...
သာမန်လူများကို တုန်လှုပ်ချောက်ချားစေခဲ့သော ထို သန္ဓေပြောင်းငါးများသည် မျက်စိတစ်မှိတ် အတွင်းမှာပင် အကုန် သေဆုံးကုန်ကြလေသည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့်...]
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့်...]
...
ခေါင်းထဲတွင် စနစ်၏ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် လင်းယွမ် ဟားတိုက် ရယ်မောလိုက်မိသည်။
သူက ထိုအသံများကို ချက်ချင်း ပိတ်လိုက်ပြီး မြစ်ကမ်းစပ် တစ်လျှောက်လုံးကို တစ်ယောက်တည်း လိုက်လံ ရှင်းလင်းလေတော့သည်။
သူက ခေါင်းပင် မဖော်တော့ဘဲ မြေကြီးထဲတွင် လျှောက်သွားကာ ပေ(၁၀၀) အကွာအဝေး ရောက်တိုင်း ခေါင်းဖော်၍ စိတ်စွမ်းအင်ဖြင့် တစ်ချက် ရိုက်ခတ် တိုက်ခိုက်သည်။
ထိုသို့ တိုက်ခိုက်လိုက်တိုင်း ပတ်ဝန်းကျင် ပေ(၁၀၀) အတွင်းရှိ သတ္တဝါများ အကုန်သေဆုံးကာ အမှတ်များ ဒလဟော တက်လာလေသည်။
ဒီရေလှိုင်းများက တစ်လုံးပြီးတစ်လုံး ဝင်ရောက်လာရာ သန္ဓေပြောင်းငါး တစ်သုတ်ကို သတ်ပြီးသည်နှင့် နောက်ထပ် ငါးအသစ်များ ထပ်မံ ရောက်ရှိလာပြန်သည်။
ထို သန္ဓေပြောင်းငါးများသည် ကြက်သွန်မြိတ်များ ကဲ့သို့ပင်။
တစ်ခင်း ရိတ်သိမ်းပြီးသည်နှင့် နောက်ထပ် တစ်ခင်း ထပ်ရောက်လာလေသည်။
ဆယ်မိနစ်လောက် အတွင်းမှာပင် လင်းယွမ်သည် ငါးကောင်ရေ ထောင်ချီ သတ်ဖြတ်ပြီး ဖြစ်နေလေပြီ။
(၁၂) ကြိမ်မြောက် မြေကြီးထဲမှ ထွက်ပေါ်လာချိန်တွင် လင်းယွမ်သည် စိတ်စွမ်းအင်ဖြင့် ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ရုတ်တရက် အန္တရာယ် အငွေ့အသက်တစ်ခု ကျရောက်လာ၏။
လင်းယွမ် ထိတ်လန့်သွားပြီး ဘာမှ စဉ်းစားမနေတော့ဘဲ ခေါင်းကို အမြန် ပြန်သွင်းလိုက်သည်။
"ဒုန်း"
သူ ခေါင်းပြန်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းပေါ်မှ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ကြီးမားသော ကျောက်တိုင်နှင့် တူသည့် အရာတစ်ခုက သူရှိရာသို့ ထိုးစိုက်ကျလာသည်ကို တွေ့လိုက်ရ၏။
လင်းယွမ် မျက်နှာပျက်သွားပြီး နောက်သို့ ပေအနည်းငယ်ခန့် အမြန် ဆုတ်ခွာလိုက်သည်။
သို့သော် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရုံ ရှိသေးသည်၊ နောက်ကျောဘက် မြေကြီးထဲမှ နောက်ထပ် အရာတစ်ခု ထိုးဖောက် ဝင်ရောက်လာပြန်သည်။
လင်းယွမ် ရင်တုန်သွားပြီး အခြေအနေ မဟန်တော့မှန်း သိလိုက်သည်။
သူ ချက်ချင်း လှည့်ပြီး အခြားတစ်ဖက်သို့ မြေလျှိုး ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ပတ်ပတ်လည်တွင် ကြီးမားသော ကျောက်တိုင်ကြီးများ အဆက်မပြတ် ထိုးကျလာပြီး အရေအတွက်က ပို၍ ပို၍ များပြားလာလေသည်။
"ဘာကောင်တွေလဲဟ"
လင်းယွမ် ဒေါသထွက်သွားပြီး မြေလျှိုးမနေတော့ဘဲ အပေါ်သို့ ခုန်တက်ကာ မြေကြီးကို ဖောက်ထွက်လိုက်သည်။
မြေပေါ်သို့ ရောက်သည်နှင့် ပတ်ဝန်းကျင်မှ အန္တရာယ်များသော အကြည့်များ သူ့ထံ ရောက်ရှိလာကြသည်။
လင်းယွမ် ရင်ထိတ်သွားပြီး ဘေးဘီဝဲယာသို့ အမြန် ကြည့်လိုက်သည်။
မြစ်ကမ်းစပ် တစ်နေရာလုံးတွင် လူတစ်ရပ်ကျော် မြင့်မားသော ကျောက်တိုင်ကြီးများ နေရာအနှံ့ ရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုကျောက်တိုင်များသည် ပြားချပ်ချပ် ပုံစံရှိပြီး ဘေးနှစ်ဖက်တွင် ထက်ရှသော အရာများ ရှိနေသည်။
၎င်းတို့မှာ တကယ့် ကျောက်တိုင်များ မဟုတ်ဘဲ သက်ရှိ သတ္တဝါများ ဖြစ်နေကြသည်။
ယခုအချိန်၌ ၎င်းတို့သည် မြေကြီးထဲသို့ အလုအယက် တိုးဝင်နေကြခြင်း ဖြစ်၏။
ထိုကျောက်တိုင်များ ထောင်မတ်နေသော ကျောက်တောအုပ်ကြီးထဲသို့ ခန္ဓာကိုယ် ကြီးမားလှသော သန္ဓေပြောင်း ငှက်ကြီးများ ဆင်းသက်လာကြသည်။
ထို သန္ဓေပြောင်း ငှက်ကြီးများသည် အလွန် ကြီးမားပြီး အကောင်အသေးဆုံးပင်လျှင် (၁၆) ပေခန့် ရှိလေသည်။
၎င်းတို့၏ ချွန်ထက်သော နှုတ်သီးများသည် ထက်မြက်သော လှံရှည်ကြီးများ ကဲ့သို့ပင်။
ထို ကျောက်တိုင်များကို နှုတ်သီးဖြင့် တစ်ချက် ပေါက်လိုက်ရုံဖြင့် ဝေါခနဲ အသံမြည်ကာ ကျောက်တိုင်များ ကွဲအက်သွားလေသည်။
ထို ကျောက်တိုင်များ အတွင်း၌ နို့နှစ်ရောင် အသားတုံး ရှည်ရှည်ကြီးများ ရှိနေသည်ကို တွေ့လိုက်ရ၏။
လင်းယွမ် ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ဒါ ဘာကောင်တွေလဲ ဆိုတာ ရုတ်တရက် သဘောပေါက်သွားသည်။
"သေစမ်း... ဂုံးယောက်မ ကောင်ကြီးတွေပဲ"
ဟုတ်ပါသည်။ ကျောက်တိုင်နှင့် တူသော ထို သန္ဓေပြောင်း သတ္တဝါကြီးများမှာ ဂုံးယောက်မ ကောင်ကြီးများ ဖြစ်နေကြသည်။
စောစောက ၎င်းတို့ မြေကြီးထဲသို့ အတင်း ထိုးဝင် ထွက်ပြေးနေကြခြင်းမှာ ဤကြောက်မက်ဖွယ် ငှက်ဆိုးကြီးများကို ရှောင်တိမ်းရန် ဖြစ်ပေ၏။
လင်းယွမ်၏ နှလုံးသားမှာ ဒိန်းဒိန်းခုန်နေပြီး လှည့်ပြေးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ငှက်ဆိုးကြီး တစ်ကောင်က သူ့ကို မျက်စိကျသွားလေပြီ။
ထို ငှက်ဆိုးကြီးသည် လူသားကို တစ်ခါမှ မစားဖူးပုံ ရသည်။
သို့သော် ထိုအချက်က သူ့ကို မြည်းစမ်းကြည့်ချင်စိတ် မရှိတော့ဟု မဆိုလိုနိုင်ပေ။
၎င်းက အတောင်ပံ နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ လေပြင်းများ တိုက်ခတ်လာပြီး ချက်ချင်းပင် ခုန်ပျံ ရောက်ရှိလာသည်။
လှံရှည်ကြီးသဖွယ် ကြီးမားသော ၎င်း၏ နှုတ်သီးဖြင့် လင်းယွမ်ကို အားကုန် ပေါက်ချလိုက်လေသည်။
လင်းယွမ် မျက်နှာ ပျက်သွားသည်။ ယခုအချိန်၌ မြေလျှိုး ထွက်ပြေး၍ မရနိုင်တော့ပေ။ အောက်ဘက်တွင် သန္ဓေပြောင်း ဂုံးကောင်ကြီးများဖြင့် ပြည့်နှက်နေရာ ဆင်းသွားပါက ဂုံးကောင်ကြီးများ၏ ဝါးမြိုခြင်းကို ခံရမည့် ကံကြမ္မာသာ ရှိပေလိမ့်မည်။
ထို့ကြောင့် သူက ကျောက်အကြေးခွံ အစွမ်းကို ချက်ချင်း ထုတ်သုံးလိုက်ရာ ကလစ် ကလစ် မြည်သံများနှင့်အတူ ကျောက်ပြား အကြေးခွံ အများအပြား သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူက စိတ်စွမ်းအင်ကို တုန်ခါစေပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော ကြည်လင်သည့် လိပ်ခွံအကာအကွယ် တစ်ခု ဖန်တီးလိုက်သည်။
လိပ်ခွံ စွမ်းအင်အကာအကွယ် ပွင့်သွားပြီ။
ဤအခိုက်အတန့်တွင် သူသည် ကာကွယ်ရေး နည်းလမ်း အကုန်လုံးကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ထိုစဉ် သူ့ခေါင်းထဲတွင် မေးခွန်းတစ်ခု ဖြတ်ခနဲ ပေါ်လာ၏။
'ဘာဖြစ်လို့ အရင်တုန်းက ထိုက်ယန်တောင်မှာ ဒီလို သန္ဓေပြောင်း ငှက်ကြီးတွေကို တစ်ခါမှ မတွေ့ဖူးရတာလဲ...'
သူသည် ယခင်က တောထဲသို့ မကြာခဏ ဝင်ရောက်ဖူးကြောင်း သိထားရမည်။
သို့သော် ဤကဲ့သို့ ပျံသန်းသော သန္ဓေပြောင်း သတ္တဝါမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
သို့ရာတွင် ယခုအချိန်၌ အများကြီး တွေးတောနေရန် အချိန်မရှိတော့။ ထိုငှက်ဆိုးကြီး၏ ကြီးမားလှသော နှုတ်သီးချွန်ကြီးသည် လေကြောင်းပစ် ဒုံးကျည် တစ်စင်းကဲ့သို့ပင် လေကို ခွင်းလျက် တရွှီရွှီဖြင့် ပေါက်ချလာလေတော့သည်။
ဆက်ရန်...
အပိုင်း(၂၃၄) အမှတ်များ အရူးအမူး ရှာဖွေခြင်း
ငှက်နှုတ်သီးက လှံတံတစ်ချောင်းပမာ လေထုကို ထိုးခွင်းလျက် ကြောက်မက်ဖွယ်ရာ အသံကျယ်ကြီး မြည်ဟည်းသွားသည်။
ထိုထိုးနှက်ချက်က အသံထက်ပင် လျင်မြန်သော အဟုန်ဖြင့် ရောက်ရှိလာ၏။
ဤမျှ ကြောက်စရာကောင်းသော အလျင်သည် ဧရာမငှက်ကြီး၏ လည်ပင်းကြွက်သားများ ပေါက်ကွဲထွက်မတတ် အားစိုက်လိုက်ခြင်းကြောင့် ဖြစ်သည်။
လင်းယွမ်က နောက်ဆုတ်ရန် အချိန်မရတော့ပေ။ အကာအကွယ် နှစ်ထပ်ကို ခင်းကျင်းလိုက်သည့် တစ်ခဏချင်းမှာပင် ဝုန်းခနဲ ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသည်။
အပြင်ဘက်ဆုံးရှိ လိပ်ခွံစွမ်းအင်အကာအကွယ်သည် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ ငှက်နှုတ်သီးကြီးက ကြီးမားသော အားအဟုန်ဖြင့် အကာအကွယ် အလွှာကို တစ်ခါတည်း ထိုးဖောက်ဝင်ရောက်လာ၏။
ထိုရိုက်ခတ်မှု အရှိန်ကြောင့် လင်းယွမ်မှာ နောက်သို့ ခြေလှမ်းအတော်များများ လွင့်စင်ကာ ဆုတ်ခွာလိုက်ရသည်။
"အားက တော်တော်ပြင်းပါလား"
လင်းယွမ်၏ မျက်နှာပျက်သွားသည်။ ထိုရိုက်ခတ်မှု အရှိန်ကို အခွင့်ကောင်းယူကာ ခန္ဓာကိုယ်ကို လွှဲလျက် နောက်သို့ ခုန်ဆုတ်လိုက်သည်။
ထိုသို့ နောက်သို့ ခုန်လိုက်သည့် အချိန်မှာပင် သူ၏ အနောက်ဘက်ရှိ ဧရာမ ကျောက်တိုင်ကြီးက ရုတ်တရက် ကွဲအက်ကာ ပွင့်ဟလာတော့သည်။
ဝေါခနဲ အသံနှင့်အတူ လင်းယွမ်တစ်ယောက် အထဲသို့ တစ်ခါတည်း စုပ်ယူခြင်း ခံလိုက်ရလေသည်။
လင်းယွမ် ပြန်လည်တုံ့ပြန်ချိန်ပင် မရလိုက်၊ ထူထဲလေးလံသော ကျောက်ခွံကြီးက ချက်ချင်း ပြန်ပိတ်သွားခဲ့ပြီ ဖြစ်သည်။
ဒုန်းခနဲ အသံကျယ်ကြီးနှင့်အတူ သန္ဓေပြောင်း ခုံးကောင်ကြီးက ၎င်း၏ အခွံကို ပိတ်လိုက်ရာ လင်းယွမ်မှာ ခြေကုပ်ယူစရာ မရှိတော့ဘဲ လေဟာနယ်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့ပြင် ပတ်ဝန်းကျင်မှ တရှဲရှဲနှင့် စားပစ်နေသော အက်စစ်လောင်သံများ ထွက်ပေါ်လာသည်။
လင်းယွမ် ခေါင်းနပန်း ကြီးသွားတော့၏။
"ဒီကောင်ကြီး မြေအောက်ထဲ ငုပ်လျှိုးသွားပြီ"
"ဘေးပတ်ဝန်းကျင်က အချွဲရည်တွေကလည်း ပြင်းထန်တဲ့ အစားချေ အက်စစ်တွေ ပါနေတာပဲ"
လင်းယွမ်၏ ခန္ဓာကိုယ်တွင် ဖုံးအုပ်ထားသော ကျောက်အကြေးခွံများ လျင်မြန်စွာ အရည်ပျော်ကျနေသည်ကို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထု ထီးထီးသာ ရှိပြီး မည်သည့်အရာကိုမျှ မမြင်ရပေ။
လင်းယွမ်သည် ပြင်းထန်သော အက်စစ်အာနိသင် ပါဝင်သည့် အချွဲရည်များနှင့် ထိတွေ့နေရကြောင်း ခံစားမိသည်။
သူသည် အချိန်ဆွဲမနေရဲတော့ဘဲ စိတ်စွမ်းအင်ကို အသုံးပြုကာ အစိမ်းရောင် သင်္ကေတတစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။
"ဝီ"
အာရုံကြောကွန်ရက်နှင့် တူသော သင်္ကေတတစ်ခု ပေါ်လာပြီး မရေမတွက်နိုင်သော ကြိုးမျှင်များစွာ ဖြာထွက်လာတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုကြိုးမျှင်များသည် အရိုးမရှိသော အသားတုံးကြီး အတွင်းသို့ တိုးဝင်သွားကြသည်။
အာရုံကြောများကို ချိတ်ဆက် ထိန်းချုပ်လိုက်သည်နှင့် တပြိုင်နက် ဤ သန္ဓေပြောင်း ခုံးကောင်ကြီးမှာ စက်ယန္တရား ပျက်သွားသကဲ့သို့ ရုတ်တရက် ငြိမ်ကျသွားလေသည်။
လင်းယွမ်က စကားတစ်ခွန်းမျှ မဆိုဘဲ လက်သီးဖြင့် အားကုန် ပစ်သွင်းလိုက်သည်။
"ဝုန်း"
ပြင်းထန်သော အားအဟုန်အောက်တွင် အသားတုံးကြီး ပေါက်ကွဲထွက်သွားပြီး အချွဲရည်များ ပတ်ဝန်းကျင်သို့ လွင့်စင်သွားကာ သန္ဓေပြောင်း ခုံးကောင်ကြီးထံမှ စူးရှသော အော်မြည်သံ ထွက်ပေါ်လာသည်။
ထို့နောက် ကျောက်ခွံကြီး ပွင့်ဟလာပြီး ပြင်းထန်သော တွန်းကန်အားတစ်ခုကို ခံစားလိုက်ရသည်။
ထိုခံစားမှုက လူတစ်ယောက် အန်ထုတ်လိုက်သကဲ့သို့ ဖြစ်ပြီး လင်းယွမ်မှာ အန်ဖတ်များအလား အပြင်သို့ လွင့်စင်ထွက်သွားရသည်။
လင်းယွမ် တစ်ကိုယ်လုံး လှိမ့်ကာ အပြင်သို့ ရောက်သွား၏။
သူ၏ ခေါင်းများလည်း အနည်းငယ် မူးဝေသွားပြီး ရုပ်သေးကြိုးမျှင်များမှာလည်း တစ်ဖက်ရန်သူကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပေ။
မြေအောက်တွင် ဖြစ်သဖြင့် အမှောင်ထုက လွှမ်းခြုံနေကာ လင်းယွမ်သည် ပတ်ဝန်းကျင် အခြေအနေကို မျက်လုံးဖြင့် မမြင်ရပေ။
သို့သော် သူ၏ စိတ်စွမ်းအင်ဖြင့် ပတ်ဝန်းကျင် အနေအထားကို ပုံဖော်ကြည့်လိုက်သည်။
လေးဘက်လေးလန်တွင် မြေသားများသာ ရှိပြီး ကျောက်ခဲအကျိုးအပဲ့များနှင့် အမည်မသိ အပင်အမြစ်များ ရှုပ်ထွေးနေသည်ကို တွေ့ရသည်။
လင်းယွမ် အာရုံခံ၍ မပြီးသေးခင်မှာပင် သူ၏ ခေါင်းပေါ်တည့်တည့်မှ ဧရာမ ခုံးကောင်ကြီး ပြုတ်ကျလာသည်ကို သတိထားလိုက်မိသည်။
လင်းယွမ် မျက်နှာပျက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် မြေလျှိုးအစွမ်းကို ထုတ်သုံးကာ မြေကြီးထဲသို့ ငုပ်လျှိုးဝင်ရောက်သွားတော့သည်။
"ဘုန်း"
သူ မူလရပ်ရှိနေသော နေရာသည် ခုံးကောင်ကြီး၏ မာကျောသော အခွံဖြင့် ဖိမိကာ နိမ့်ဝင်သွားခဲ့ပြီ ဖြစ်သည်။
၎င်း၏ ကြီးမားလှသော ကျောက်ခွံကြီးသည် အထက်မြက်ဆုံးသော တူကြီး တစ်လက်ကဲ့သို့ပင်။ စောစောကသာ လင်းယွမ် လျှင်မြန်စွာ မရှောင်တိမ်းနိုင်ခဲ့ပါက ဤဖိနှိပ်မှုအောက်တွင် သေချာပေါက် အသက်ပါသွားနိုင်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ကျောက်အကြေးခွံ ရှိနေလျှင်တောင်မှ ခံနိုင်လိမ့်မည် မဟုတ်ပေ။
ဤ သန္ဓေပြောင်း ခုံးကောင်ကြီးသည် အခွံမာကျောရုံသာမက အလေးချိန်မှာလည်း မသေးလှပေ။
"တောက်... အရင်တုန်းက ခုံးကောင် ဘူးသီးဟင်း အကြိုက်ဆုံးမို့လို့ ခု ဝဋ်လည်နေတာများလား... ခုံးကောင်ကြီး လိုက်သတ်တာ ခံနေရတယ်"
လင်းယွမ် စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း မြေကြီးထဲ ရောက်နေသည့်တိုင် စိတ်စွမ်းအင်ကို အသည်းအသန် လှည့်ပတ်ကာ ခုံးကောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော စိတ်စွမ်းအင် ရိုက်ခတ်မှုဖြင့် တိုက်ခိုက်လိုက်သည်။
"ဝုန်း"
ခုံးကောင်ကြီး၏ ခန္ဓာကိုယ် ယိမ်းခါသွားသော်လည်း ချက်ချင်းပင် ဘယ်ဘက်ခြမ်းသို့ သဲများကို တူးထုတ်ကာ ရွေ့လျားသွားပြန်သည်။
စိတ်စွမ်းအင် ရိုက်ခတ်မှုက ၎င်းကို မသတ်နိုင်ခဲ့ပေ။
သိသာသည်မှာ ဤအကောင်၏ စိတ်စွမ်းအင် အရည်အသွေး မနိမ့်ဘဲ ခုခံနိုင်စွမ်း အလွန်မြင့်မားနေခြင်း ဖြစ်သည်။
လင်းယွမ်က ချက်ချင်းပင် ဗျူဟာပြောင်းလိုက်ပြီး စိတ်စွမ်းအင်ကို စုစည်းကာ အစိမ်းရောင် အာရုံကြောကွန်ရက် သင်္ကေတတစ်ခု ထပ်မံ ဖန်တီးလိုက်သည်။
မရေမတွက်နိုင်သော ကြိုးမျှင်များ ဖြာထွက်လာပြီး ခုံးကောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။
ထိုမျှ မာကျောထူထဲလှသော အခွံကြီးသည် ထိုကြိုးမျှင်များကို အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိပေ။
"ဒီကောင်ကြီးရဲ့ အခွံက အရမ်းမာတယ်... ခွန်အားသက်သက်နဲ့ ဖျက်ဆီးလို့ မရဘူး"
"စိတ်စွမ်းအင်နဲ့ တိုက်မှပဲ ရတော့မယ်"
အစိမ်းရောင် ရုပ်သေးကြိုးမျှင်များက လင်းယွမ်ကို စိတ်ပျက်စေခြင်း မရှိခဲ့ပါ။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကြိုးမျှင်များသည် ခုံးကောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားပြီး ၎င်း၏ အာရုံကြောကွန်ရက်ကို ထိုးဖောက် နေရာယူလိုက်ကြသည်။
ထိုခဏ၌ ခုံးကောင်ကြီးမှာ မြေကြီးထဲတွင် ချုပ်နှောင်ခံလိုက်ရသကဲ့သို့ မလှုပ်မယှက် ဖြစ်သွားသည်။
လင်းယွမ်က စကားတစ်ခွန်းမျှ မဆိုဘဲ ရုပ်သေးကြိုးမျှင် တစ်ချောင်းကို ဆွဲလှုပ်လိုက်သည်။
"ဂျွတ်"
ထိုကြိုးမျှင်ကို ဆွဲလိုက်သည်နှင့် တပြိုင်နက် ခုံးကောင်ကြီး၏ မာကျောလှသော အခွံမှာ အလိုအလျောက် ဟသွားတော့သည်။
လင်းယွမ် ဝမ်းသာသွားသည်။
"ဒီအာရုံကြောက သူ့အခွံကို ထိန်းချုပ်တာပဲ"
"ဒီတိရစ္ဆာန်ရဲ့ အခွံကိုသာ ဟအောင် လုပ်နိုင်ရင် သူ့ရဲ့ အကာအကွယ်ကို ကြောက်စရာ မလိုတော့ဘူး... ခဏလေးနဲ့ သတ်ပစ်လို့ ရပြီ"
လင်းယွမ်က ချက်ချင်းပင် အားစိုက်ကာ ထိုကြိုးမျှင်ကို ဆွဲလိုက်တော့သည်။
"ကလစ်... ကလစ်"
ဧရာမ ခုံးကောင်ကြီး၏ အခွံသည် တဖြည်းဖြည်း ပွင့်ဟလာပြီး ဘေးပတ်ဝန်းကျင်ရှိ မြေသားများကို ဖိကပ်သွားစေသည်။
လင်းယွမ်က အနေအထား ကောင်းသွားပြီဟု ယူဆကာ ပစ္စည်းသိုလှောင်ခန်းထဲမှ စတီးချောင်းတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ခုံးကောင်ကြီး၏ အခွံကြားထဲသို့ အားကုန် ထိုးစိုက်လိုက်တော့သည်။
"ဇွပ်"
"ဇွပ်... ဇွပ်"
အကြိမ်ပေါင်းများစွာ ဆက်တိုက် ထိုးစိုက်လိုက်ရာ အစပိုင်းတွင် ခုံးကောင်ကြီး၏ ပြင်းထန်စွာ ရုန်းကန်မှုကို ခံစားရပြီး ရုပ်သေးကြိုးမျှင်များပင် ပြတ်လုမတတ် ဖြစ်သွားသည်။
သို့သော် ခဏအကြာတွင် ရုန်းကန်အားများ တဖြည်းဖြည်း လျော့ကျသွားလေသည်။
နောက်ထပ် အချက်အနည်းငယ် ထပ်မံ ထိုးစိုက်လိုက်သောအခါ အရည်များ ပန်းထွက်လာပြီး အချွဲရည်များဖြင့် တွင်းတစ်ခုလုံး ပြည့်သွားတော့သည်။
လင်းယွမ်၏ နားထဲတွင် စနစ်၏ သာယာနာပျော်ဖွယ် အသံ ထွက်ပေါ်လာသည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၁၀၂၃ မှတ် ရရှိပါသည်]
လင်းယွမ် မျက်လုံးပြူးသွားပြီး ဝမ်းသာအားရ ဖြစ်သွားသည်။
"သောက်ကျိုးနည်း... ဒီအကောင်က အမှတ် တစ်ထောင်တောင် တန်တာပဲ"
သူ့စိတ်ထဲရှိ ဝမ်းသာမှုကို ဖိနှိပ်လိုက်ပြီး ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး... အချိန်တွေ အများကြီး ပေးလိုက်ရပြီး အန္တရာယ်လည်း များတယ်... ဒီအကောင်ကို သတ်နေမယ့်အစား သာမန် သန္ဓေပြောင်းငါးတွေ သွားသတ်တာက ပိုကောင်းဦးမယ်"
လင်းယွမ် နှိုင်းယှဉ် တွက်ချက်ကြည့်လိုက်ရာ ဤနေရာတွင် အချိန်အကြာကြီး ဖြုန်းလိုက်ရသော်လည်း အမှတ် တစ်ထောင်ခန့်သာ ရသဖြင့် တွက်ချေမကိုက်ပေ။
အပြင်ဘက်တွင် သာမန် သန္ဓေပြောင်းငါးများကို သတ်ပါက ဤအချိန်အတိုင်းအတာအတွင်း အမှတ် ထောင်ချီ ရရှိနေပြီ ဖြစ်သည်။
သာမန် သန္ဓေပြောင်းငါး ဆိုလျှင် စိတ်စွမ်းအင်ရိုက်ခတ်အစွမ်း တစ်ချက် ထုတ်သုံးလိုက်ရုံဖြင့် ငါးများ ချက်ချင်းသေကာ အမှတ်ထောင်ချီ ရနိုင်သည်။
ထို့ကြောင့် ဤအရောင်းအဝယ်က တွက်ခြေမကိုက်ပါ။
လင်းယွမ်က ထို ဧရာမ ခုံးကောင်ကြီးကို ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်ပြီး မြေလျှိုး အစွမ်းကို သုံးကာ ထိုနေရာမှ အဝေးသို့ ထွက်ခွာလာခဲ့သည်။ ရေအိုင်ငယ်များ နည်းပါးသော နေရာသို့ အမြန် ရွှေ့ပြောင်းလိုက်သည်။
သူ သတိထားမိသော နိယာမတစ်ခု ရှိသည်။ သန္ဓေပြောင်းငါး များလေလေ၊ အစွမ်းထက်သော သန္ဓေပြောင်း သားရဲများ ပေါများလေလေ ဖြစ်သည်။
ထို့ကြောင့် ဘေးကင်းလုံခြုံမှုအတွက် သူသည် လူပြတ်ပြီး ဝေးလံသော နေရာများသို့ သွားရောက်ကာ အမဲလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဘယ်က ရောက်လာမှန်း မသိသော သားရဲများနှင့် သွားမလုချင်ပါ။
အချိန်များ ကုန်ဆုံးသွားရာ ၅ နာရီပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လင်းယွမ်သည် အစွမ်းကုန်ခမ်းသွားသည့် အချိန်၌ ဂူထဲသို့ ပြန်ဝင်ကာ အနားယူသည်မှလွဲ၍ ကျန်အချိန်များတွင် မြေလျှိုး အစွမ်းသုံးကာ ငါးလိုက်သတ်နေခဲ့သည်။
သန္ဓေပြောင်း သားရဲများ၏ ပွဲတော်ကြီးသည် ယခုမှ စတင်ရုံသာ ရှိသေးသည်။
ညရောက်လျှင် အစာရှာထွက်မည့် သန္ဓေပြောင်း သားရဲများ ပိုမို များပြားလာလိမ့်မည်။
ထိုအချိန်ကျလျှင် ရေထဲမှ ဧရာမ သားရဲကြီးများလည်း ကုန်းပေါ် တက်လာကြလိမ့်မည်။
လင်းယွမ်သည် အချိန်လုကာ အမှတ်ရှာရမည် ဖြစ်သည်။
သူ ရေတစ်ငုံ သောက်လိုက်ပြီး ခွန်အားများ ပြန်ပြည့်လာသည်ဟု ခံစားရသည်နှင့် ချက်ချင်း ထရပ်လိုက်သည်။
ရန်မေက လှမ်းမေးလိုက်သည်။
"ပြန်ထွက်ဦးမလား... ခဏနေရင် ထမင်းစားတော့လေ"
သူမက ထမင်းဟင်းများ ချက်ပြုတ်ပြီးစီးနေပြီ ဖြစ်သည်။ ဧည့်ခန်းထဲမှ ဖဲဝိုင်းကို ချိုင်ယောင်နှင့် လုယွီယန်တို့အား လွှဲပေးထားလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်ပြီး...
"အမတို့ပဲ စားကြတော့... ကျွန်တော် အချိန်လုရဦးမယ်... ကျွန်တော့် ပစ္စည်းသိုလှောင်ခန်းထဲမှာ စားစရာ ရှိတယ်... စိတ်မပူနဲ့"
ရန်မေက ဘာသွားလုပ်မည်ကို ဆက်မမေးတော့ဘဲ သတိပေးစကားသာ ပြောလိုက်သည်။
"ဒါဆို ဂရုစိုက်နော်... အမတို့ အိမ်ကနေ စောင့်နေမယ်"
လင်းယွမ် ခေါင်းညိတ်ပြလိုက်ပြီး ဂူထဲမှ မြေလျှိုးကာ ထွက်ခွာလာခဲ့သည်။ ခဏအကြာတွင် ရေစပ်သို့ ပြန်ရောက်လာသည်။
"ဟိုက်... ရေတွေ ဒီလောက်တောင် တက်လာပြီလား"
ရေမျက်နှာပြင်သည် ပေ ၂၀ ကျော်ခန့် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
စောစောက သူ သတ်ဖြတ်ခဲ့သော သန္ဓေပြောင်းငါး အသေကောင် အချို့ကို သိမ်းဆည်းချိန် မရလိုက်ဘဲ ရေလှိုင်းများနှင့်အတူ ပါသွားကြသည်။
၎င်းတို့သည် ပင်လယ်ထဲမှ ရောက်လာပြီး ပင်လယ်ထဲသို့ ပြန်သွားကြခြင်းဖြင့် ၎င်းတို့၏ ဘဝကို အကောင်းဆုံး သရုပ်ဖော်သွားကြသည်။
မတူညီသည်မှာ ၎င်းတို့သည် လင်းယွမ်အတွက် များပြားလှသော အမှတ်များကို ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး အလုပ်ထဲသို့ ပြန်လည် အာရုံစိုက်လိုက်သည်။
ဤရေကြီးမှု ဖြစ်စဉ်ကြီးသည် ဂိမ်းကစားသကဲ့သို့ပင်။ ဘီလူးကောင်လေးများကို သတ်၊ အိမ်ပြန်နား၊ ရေလှိုင်းတွေက အလောင်းတွေကို သယ်သွားပြီး နောက်ထပ် ဘီလူးကောင် အသစ်တွေ ထပ်ပို့ပေး... ဤသံသရာ လည်နေသည်။
လင်းယွမ် တစ်ယောက် ပါးစပ်စေ့မရအောင် ပြုံးပျော်နေမိသည်။
အမှတ် ရှာရသည့်နှုန်းက မြန်ဆန်လွန်းသဖြင့် အရမ်းကို ကျေနပ်စရာ ကောင်းနေသည်။
"ဘုန်း"
နောက်ထပ် အသံအက်အက် တစ်ခုနှင့်အတူ ရေအိုင်ငယ်လေး တစ်ခုထဲရှိ သန္ဓေပြောင်းငါး အကောင်ရေ ဒါဇင်ပေါင်းများစွာ ခေါင်းများ ပေါက်ကွဲကာ မျက်လုံးများ ပြူးထွက်ကုန်ကြသည်။
လင်းယွမ် နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ မြေကြီးထဲမှ ထွက်လာလိုက်သည်။ ပတ်ဝန်းကျင်ကို အကဲခတ်ကာ နောက်ထပ် ပစ်မှတ်ရှာရင်း ငါးများကို သိမ်းဆည်းလိုက်သည်။
ငါးအသေးများကို သူ စိတ်မဝင်စား၊ အသားများသည့် ငါးကြီးများကိုသာ ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင် နောက်ထပ် အမဲလိုက်ကွင်းပြင်ကို ရှာဖွေနေစဉ် ရုတ်တရက် အန္တရာယ်ရှိသော အကြည့်တစ်ခုက သူ့ကို စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။
လင်းယွမ်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။
သူ၏ တုံ့ပြန်မှုက အလွန်လျင်မြန်သည်။ ပထမဆုံး အနေဖြင့် အစွမ်းကို ထုတ်သုံးကာ ခန္ဓာကိုယ်ပေါ်တွင် ကျောက်အကြေးခွံကို ဖုံးအုပ်လိုက်သည်။
လိပ်ခွံစွမ်းအင်အကာအကွယ် မဖန်တီးနိုင်သေးခင်မှာပင် ကြောက်မက်ဖွယ်ရာ အအေးဓာတ်က ဝင်ရောက် တိုက်ခိုက်လာတော့သည်။
"ဂျစ်... ဂျစ်"
မျက်တောင်တစ်ခတ် အတွင်းမှာပင် မြေပြင်ပေါ်တွင် ရေခဲများ ဖုံးလွှမ်းသွားပြီး အပူချိန် ရုတ်ခြည်း ကျဆင်းသွားသည်။
ထို့နောက် ရေခဲပြာရောင် သဏ္ဍာန်တစ်ခုက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။
"ဝှီး"
ထက်မြက်သော လက်သည်းတစ်ခုက လင်းယွမ်၏ ကျောဘက်သို့ အရှိန်ဖြင့် ကုတ်ခြစ်လိုက်သည်။
လင်းယွမ် အမြန် လှည့်လိုက်ပြီး အနောက်သို့ ခြေကန်ချက် တစ်ချက် ထုတ်လိုက်သည်။
"ဘုန်း"
လေထဲတွင် ခြေထောက်နှင့် လက်သည်းတို့ ထိပ်တိုက်တွေ့ကာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လင်းယွမ်၏ ခြေသလုံးရိုး ကျိုးသွားမတတ် တုန်ခါသွားသည်။
ခြေထောက်ရှိ ကျောက်အကြေးခွံပေါ်တွင် ရေခဲလွှာများ ဖုံးအုပ်သွားပြီး အအေးဓာတ်က အတွင်းပိုင်းအထိ စိမ့်ဝင်လာသဖြင့် ခြေသလုံးများ ထုံကျင်သွားသည်။
"တောက်... ဓာတ်အစွမ်းရှိတဲ့ သန္ဓေပြောင်းကောင်ပဲ"
လင်းယွမ် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသော အကောင်ကို သေချာ ကြည့်လိုက်သည်။
ထိုအကောင်မှာ ခန္ဓာကိုယ် သိပ်မကြီးလှသော ရေခဲပြာရောင် သန္ဓေပြောင်း ကြောင်တစ်ကောင် ဖြစ်သည်။
ဒါသည် ကြောင်အမျိုးအစား သန္ဓေပြောင်း သတ္တဝါများထဲတွင် ဓာတ်အစွမ်း နိုးထလာသည့် အကောင်ကို လင်းယွမ် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
သူ့စိတ်ထဲတွင် အန္တရာယ် အချက်ပေးသံများ မြည်ဟည်းနေသည်။ ကျောက်အကြေးခွံသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ကာကွယ်နိုင်သော်လည်း ဓာတ်အစွမ်းတိုက်ခိုက်မှုများကို ကာကွယ်ရန် ခက်ခဲသည်။
လင်းယွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်စွမ်းအင်ဖြင့် လိပ်ခွံစွမ်းအင်အကာအကွယ် တစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။
ထို့နောက် နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာလိုက်သည်။
သူ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ရေခဲပြာရောင် သန္ဓေပြောင်းကြောင်က ချက်ချင်း ခုန်အုပ်လာတော့သည်။
"ခွီး"
၎င်း၏ လည်ချောင်းထဲမှ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်များ တောက်ပနေသည်။
"ရွှပ်"
"ရွှပ်... ရွှပ်"
၎င်း၏ အမြန်နှုန်းက မြန်ဆန်လွန်းလှသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လင်းယွမ်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
လူသားတို့၏ မျက်လုံးဖြင့် လိုက်မမီနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
လင်းယွမ်၏ မျက်လုံးထဲတွင် ထိုအကောင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေပြီး ရုပ်ရှင်ဖလင် ပြတ်တောက်နေသကဲ့သို့ ထင်မှတ်ရသည်။
"မြန်လိုက်တာ"
လင်းယွမ် စိတ်ထဲ ထိတ်လန့်သွားပြီး အမြန် နောက်ဆုတ်လိုက်သည်။
နောက်တစ်ခဏတွင် ဘေးဘက်မှ ဘုန်းခနဲ အသံတစ်သံ ကြားလိုက်ရသည်။
ရေခဲပြာရောင် လက်သည်းက လိပ်ခွံစွမ်းအင်အကာအကွယ်ပေါ်သို့ ရိုက်ချလိုက်ခြင်း ဖြစ်သည်။
"ခွပ်"
လိပ်ခွံအကာအကွယ်ပေါ်တွင် အက်ရာများစွာ ပေါ်လာသည်။
ထို့ပြင် ထူထဲသော ရေခဲအလွှာများက အကာအကွယ်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။
လင်းယွမ် ရင်ထိတ်သွားသည်။ ဤ ရေခဲပြာရောင် သန္ဓေပြောင်းကြောင်ကို အားချင်းပြိုင်၍ မရနိုင်မှန်း သိလိုက်သည်။
ထို့ကြောင့် ကိုယ်ကိုတိမ်းရှောင်လိုက်ပြီး ခြေကန်ချက် တစ်ချက် ထုတ်လိုက်သည်။
"ခွမ်း"
လိပ်ခွံအကာအကွယ် ပေါက်ကွဲထွက်သွားပြီး သန္ဓေပြောင်းကြောင်၏ လက်သည်းက ကုတ်ခြစ်လာသည်။
"ဝုန်း"
လင်းယွမ်၏ ခြေဖဝါးနှင့် ရန်သူ၏ လက်သည်းတို့ ထပ်မံ ထိပ်တိုက်တွေ့သွားကြပြန်သည်။
"ဒုန်း"
အသံအက်အက်နှင့်အတူ လင်းယွမ် နောက်သို့ လွင့်စင်သွားသည်။
ထို သန္ဓေပြောင်းကြောင်လည်း မြေကြီးပေါ်တွင် လှိမ့်သွားပြီး ချက်ချင်း ပြန်ထကာ အမွေးများ ထောင်လျက် ထူးဆန်းသော အသံဖြင့် အော်မြည်လိုက်သည်။
"ညှောင်"
ထိုကြောင်အော်သံသည် ချစ်စရာကောင်းသော အသံမျိုး လုံးဝ မဟုတ်ဘဲ ရက်စက်ခြင်း၊ ယုတ်မာခြင်းများ ပြည့်နှက်နေကာ ကြက်သီးထဖွယ် ကောင်းလှသည်။
လင်းယွမ်၏ ဦးနှောက်တစ်ခုလုံး တုန်ခါသွားပြီး စိတ်စွမ်းအင်ပါ တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သန္ဓေပြောင်းကြောင် တစ်ကောင်ကို ရင်ဆိုင်နေရသည် မဟုတ်ဘဲ ကမ္ဘာပေါ်တွင် အကြောက်မက်ဖွယ် အကောင်းဆုံး သားရဲကြီး တစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ပင်။
"သေစမ်း... ဒါ စိတ်စွမ်းအင် တိုက်ခိုက်မှုပဲ"
လင်းယွမ် သတိပြန်ဝင်လာပြီး အခြေအနေ မဟန်မှန်း သိလိုက်သည်။
ဒါသည် ပုံမှန် အာရုံခံစားမှု မဟုတ်၊ ဤရေခဲပြာရောင် သန္ဓေပြောင်းကြောင်၏ စိတ်စွမ်းအင် ဖိအားပေးမှု ဖြစ်သည်။
ဒီကောင်က စိတ်စွမ်းအင် တိုက်ခိုက်မှုကိုပါ ပြုလုပ်နိုင်သည်လား။
ဒါ သေချာပေါက် အဆင့်မြင့်မြင့် သန္ဓေပြောင်းထားသော သားရဲတစ်ကောင် ဖြစ်ရမည်။
လင်းယွမ်သည် ဤ သန္ဓေပြောင်း သားရဲအပေါ် အချိန်မဖြုန်းချင်တော့ပေ။
စိတ်စွမ်းအင် တိုက်ခိုက်မှုကိုပါ ပြုလုပ်နိုင်သည် ဆိုကတည်းက ၎င်း၏ စိတ်စွမ်းအင်မှာ နိမ့်မည် မဟုတ်ပါ။
သူ့တွင် အစိမ်းရောင် ရုပ်သေးကြိုးမျှင် အစွမ်း ရှိသော်လည်း တိုက်ခိုက်ရသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
"အမှတ်ရှာဖို့က အရေးကြီးတယ်... နင့်အသက်ကို ချမ်းသာပေးလိုက်မယ်"
လင်းယွမ်က မြေလျှိုး အစွမ်းကို ချက်ချင်း ထုတ်သုံးလိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ မြေကြီးထဲသို့ တိုးဝင်ရန် ပြင်လိုက်သည်။
သို့သော် ရေခဲပြာရောင် သန္ဓေပြောင်းကြောင်က လင်းယွမ်ကို ထွက်ပြေးခွင့်ပေးမည့်ပုံ မပေါ်ပါ။
၎င်းက ပါးစပ်ဟကာ အဖြူရောင် အခိုးအငွေ့များကို မှုတ်ထုတ်လိုက်တော့သည်။
စိုစွတ်နေသော မြေပြင်တစ်ခုလုံး ချက်ချင်း ရေခဲများ ဖုံးလွှမ်းသွားပြီး အေးခဲသွားတော့သည်။
လင်းယွမ် မြေကြီးထဲသို့ တစ်ဝက်ခန့် ဝင်ရောက်သွားချိန်တွင် အဖြူရောင် အအေးဓာတ် အခိုးအငွေ့များ ရောက်ရှိလာသည်။
သူ ခေါင်းနပန်းကြီးသွားပြီး မြေဆက်လျှိုး၍ မဖြစ်နိုင်တော့မှန်း သိလိုက်သည်။
မြေကြီးပါ အေးခဲသွားပါက သူ မြေအောက်တွင် ပိတ်မိသွားနိုင်သည်။
"တောက်... သေပါတော့"
လင်းယွမ် ဒေါသတကြီး ဆဲရေးလိုက်ပြီး မီးနီရောင် တောက်နေသော သင်္ကေတကျောက်တုံး တစ်တုံးကို လှမ်းပစ်လိုက်သည်။
"အုန်း"
သင်္ကေတကျောက်တုံး မြေကြီးနှင့် ထိသည်နှင့် တပြိုင်နက် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
မီးတောက်များ ဟုန်းခနဲ ထကြွလာပြီး မြေပြင်ပေါ်ရှိ ရေခဲလွှာများ ပေါက်ကွဲ ကွဲအက်ကုန်သည်။
လင်းယွမ်က ထိုအခွင့်အရေးကို အသုံးချကာ အပေါ်သို့ ခုန်တက်လိုက်သည်။
လေထဲတွင် ခန္ဓာကိုယ်ကို ကွေးလိုက်သည်။
ရေခဲပြာရောင် သန္ဓေပြောင်းကြောင်သည် ပေါက်ကွဲမှုကြောင့် လွင့်စင်မသွားဘဲ သူ့နောက်သို့ ထပ်ကြပ်မကွာ ခုန်လိုက်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
လင်းယွမ်က လေထဲတွင် ရှိနေစဉ် ခြေနှစ်ဖက်ဖြင့် လေထုကို ဆောင့်ကန်လိုက်သည်။
"ဝုန်း"
"ဝုန်း"
လေဖိအားအမြောက် နှစ်ခု ပစ်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ထို လေထုလုံးကြီး နှစ်ခုသည် အမြောက်ဆံများပမာ ပျံသန်းသွားပြီး ခုန်တက်လာသော သန္ဓေပြောင်းကြောင်နှင့် ဝင်တိုက်မိတော့သည်။
"ဘုန်း"
သန္ဓေပြောင်းကြောင်မှာ လေထုလုံးများ၏ ပေါက်ကွဲမှုကြောင့် နာကျင်စွာ အော်မြည်ရင်း မြေကြီးပေါ်သို့ ပြန်လည် လွင့်စင်ကျသွားသည်။
လင်းယွမ်လည်း မြေပြင်ပေါ်သို့ ပြန်ကျလာပြီး လက်ထဲတွင် သတ္တုဖြင့် ပြုလုပ်ထားသော ဓားပျံအချို့ ပေါ်လာသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်သော အလင်းတန်းများ ပျံသန်းသွားကြသည်။
"ဝှစ်... ဝှစ်... ဝှစ်"
အလင်းတန်း သုံးခုသည် လေထုကို ခွင်းလျက် ကြောက်မက်ဖွယ်ရာ အသံများပေးကာ ပျံသန်းသွားသည်။
သန္ဓေပြောင်းကြောင်မှာ အလွန် လျင်မြန်ဖြတ်လတ်လှပြီး မြေကြီးပေါ်တွင် ခုန်ပျံကျော်လွှားကာ ရှောင်တိမ်းလိုက်ရာ ဓားပျံသုံးချောင်းစလုံး လွဲချော်သွားခဲ့သည်။
ထို့အပြင် ၎င်းက ရှောင်တိမ်းရင်းနှင့်ပင် လင်းယွမ်ထံသို့ အမြန် ချဉ်းကပ်လာနေသည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။
"ရေခဲအစွမ်းလည်း ရှိတယ်၊ စိတ်စွမ်းအင် ဖိအားပေးမှုလည်း လုပ်နိုင်တယ်၊ အမြန်နှုန်းကလည်း ဒီလောက်မြန်နေတော့ တော်တော် ကိုင်တွယ်ရ ခက်တာပဲ"
ဒီသန္ဓေပြောင်းကြောင်တွင် အားနည်းချက်ဟူ၍ ကြီးကြီးမားမား မရှိကြောင်း လင်းယွမ် သတိထားမိလိုက်သည်။
အားနည်းချက် တစ်ခု ရှိသည် ဆိုလျှင် ၎င်း၏ ခွန်အားမှာ သိပ်မကြီးမားခြင်း ဖြစ်သည်။
သို့သော် ထိုသို့ ဆိုလျှင်တောင် ၎င်း၏ ခွန်အားမှာ သာမန် သန္ဓေပြောင်း သားရဲများထက် သာလွန်နေသေးသည်။
သူ ကြွက်သားပေါက်ကွဲအစွမ်းကို ထုတ်သုံးလျှင်တောင်မှ ခွန်အားချင်း ယှဉ်နိုင်ရုံသာ ရှိသည်။
သူ့လက်သီးတွင် ကြောက်မက်ဖွယ်ရာ အားအဟုန် ပါဝင်သော်လည်း တစ်ဖက်ရန်သူ၏ လက်သည်းများတွင်လည်း ကြောက်မက်ဖွယ် ရေခဲအစွမ်းများ ပါဝင်နေသည်။
ခြုံပြောရလျှင် သူနှင့် ထိုအကောင်မှာ လက်ရေတူ ဖြစ်နေသည်။
"ဒီ သန္ဓေပြောင်း သားရဲတွေက တောထဲတောင်ထဲမှာ သတ်ဖြတ်နေကြတာဆိုတော့ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲနှုန်းက လူသားတွေ သွားယှဉ်လို့ မရဘူး"
"အချိန်က အရေးကြီးတယ်... ဒီကြောင်နဲ့ အချိန်ဖြုန်းနေလို့မဖြစ်ဘူး"
လင်းယွမ် ခေါင်းခါလိုက်သည်။ ၎င်းနှင့် ရှည်ရှည်ဝေးဝေး တိုက်ခိုက်ကာ အချိန်မဖြုန်းချင်တော့ပေ။
ရေကြီးမှုက နှစ်ရက်သာ ကြာမည် ဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း ကြောက်မက်ဖွယ် သန္ဓေပြောင်း သားရဲများ ပြည့်နှက်နေသည်။
အစွမ်းထက်သော သန္ဓေပြောင်း သားရဲများကို နေရာတိုင်းတွင် တွေ့နိုင်သဖြင့် ဒီနေရာတွင် အချိန်ဖြုန်းနေခြင်းက မရေရာမှုများလွန်းသည်။
"သွားတာကောင်းတယ်"
လင်းယွမ်က စကားတစ်ခွန်းမှ မဆိုတော့ဘဲ ပေါက်ကွဲသင်္ကေတ ကျောက်တုံးတစ်တုံးကို ပစ်ပေါက်လိုက်ပြီး မြေလျှိုးအစွမ်းကို သုံးကာ မြေကြီးထဲသို့ ချက်ချင်း ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။
ရေခဲပြာရောင် သန္ဓေပြောင်းကြောင်သည် ပေါက်ကွဲမှုကြားမှ ခုန်ထွက်လာပြီး ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ရာ မျက်လုံးထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။
"ညှောင်"
၎င်းက အော်မြည်လိုက်ပြီး ရုတ်တရက် ခေါင်းလှည့်ကာ တောအုပ်ဘက်သို့ ကြည့်လိုက်သည်။
မလှမ်းမကမ်းရှိ တောအုပ်ထဲမှ ဝုန်းခနဲ အသံများ ထွက်ပေါ်လာသည်။
ထို့နောက် မီးနီရောင် အမွေးများ ရှိသော ဧရာမ သန္ဓေပြောင်းခွေးကြီး တစ်ကောင် တိုးထွက်လာသည်ကို တွေ့လိုက်ရသည်။
ထို သန္ဓေပြောင်းခွေးကြီးသည် သန္ဓေပြောင်းကြောင်ကို မြင်လိုက်သည်နှင့် သတိထားလိုက်ပုံ ရသည်။
"ဝုတ်"
"ဝုတ်"
"ဝုတ်"
"ညောင်"
ခွေးတစ်ကောင်နှင့် ကြောင်တစ်ကောင် အပြန်အလှန် ရင်ဆိုင်လိုက်ကြပြီး အမွေးများ ထောင်ကာ သွားများ ဖြဲပြကြသည်။
နောက်တစ်ခဏတွင် သန္ဓေပြောင်း သားရဲနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် ခုန်အုပ်လိုက်ကြရာ မီးတောက်များနှင့် ရေခဲများ ပေါက်ကွဲ ထွက်လာကြတော့သည်။
လင်းယွမ်ကတော့ ထိုမြင်ကွင်းကို အာရုံမစိုက်တော့ပေ။ သူသည် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီး ကျွန်းကို ပတ်ကာ သန္ဓေပြောင်းငါးများကို ဆက်လက် ရိတ်သိမ်းနေတော့သည်။
မကြာမီ လင်းယွမ်သည် အနောက်မြောက်ဘက် ရေစပ်သို့ ရောက်လာသည်။
မရောက်မီမှာပင် ထိုဘက်မှ အော်ဟစ်သတ်ဖြတ်သံများကို ကြားလိုက်ရသည်။
လင်းယွမ် ခြေလှမ်းတုံ့သွားပြီး ရေစပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရေစပ်တွင် သစ်ဖောင် လေးငါးဖောင်ခန့် မျောပါနေပြီး လူအယောက် ၃၀၊ ၄၀ ခန့်သည် ရေကိုဖြတ်ကာ ကုန်းပေါ်သို့ အတင်းတိုးဝင်နေကြသည်ကို တွေ့လိုက်ရသည်။
သို့သော် ကမ်းပေါ်တွင် သန္ဓေပြောင်း သားရဲများ များပြားလွန်းလှသည်။ သန္ဓေပြောင်း ကြောင်များ၊ ခွေးများ၊ ဂဏန်းများနှင့် ငါး၊ ပုစွန်များ ရှိနေသည်။
တောထဲမှ ပြေးထွက်လာသော သန္ဓေပြောင်း ကြွက်များ၊ တောဝက်များပင် ရှိနေသည်။
ထို သန္ဓေပြောင်း သားရဲများသည် ထိုလူအုပ်စုထံသို့ ပြေးဝင်တိုက်ခိုက်နေကြသည်။
ထိုလူများထဲတွင် အချို့က လေကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေကြသည်။
အချို့က နွားသိုးကဲ့သို့ ခွန်အားကြီးမားကာ ဘေးနားရှိ ကျောက်တုံးများကို ကောက်ယူပြီး သန္ဓေပြောင်း သားရဲများထံသို့ ပစ်ပေါက်နေကြသည်။
အချို့ကလည်း နေရာတွင် ရပ်လျက် သစ်သီးလှီးဓားအချို့ကို ဝှေ့ယမ်းကာ ကာကွယ်နေကြသည်။
လင်းယွမ် မြင်လိုက်ရသည်မှာ တစ်ကိုယ်လုံး ရွှေရောင် တောက်ပနေပြီး ရွှေချထားသကဲ့သို့ ဖြစ်နေသော လူတစ်ယောက်က သန္ဓေပြောင်း သားရဲများကို တရစပ် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုသူများသည် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
သူတို့၏ နောက်တွင်မူ သာမန်လူများ ပါဝင်ပြီး ကျား၊ မ၊ ကလေး၊ လူကြီး အရွယ်စုံ ပါဝင်ကာ အထုတ်အပိုးများကို လွယ်ထားကြသည်။ မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေပြီး အော်ဟစ်ငိုယိုနေကြသည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။
"ရေဘေးဒုက္ခကို ရှောင်ဖို့ သစ်ဖောင်ဖွဲ့ပြီး ထိုက်ယန်တောင်ဘက်ကို ရောက်လာတဲ့ ဒုက္ခသည်တွေပဲ"
ဆက်ရန်...