အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
အပိုင်း ( 544 )
အဆုံးထိ ရုန်းကန်ခြင်း၊ ငါ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ပဲ
ရှုကျိုး၏ အမိန့်အောက်တွင် တပ်မဟာ ၂၃တစ်ခုလုံးသည် မြန်မြန်ဆန်ဆန် ဆုတ်ခွာနေကြတော့သည်။
ချင်ကျန်းဂျောင်သည် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အမှောင်နယ်မြေရဲ့ တော်ဝင်မိသားစုက ဝင်ပါလာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ကြည့်ရတာတော့ အဲ့လူကို အရင်ဦးဆုံး ကိုင်တွယ်ပြီးမှ ကျန်တာတွေ ဆက်လုပ်ရမယ် ထင်တယ် “
ရှုကျိုး၏ စိတ်နှလုံးသားမှာလည်း အနည်းငယ် လှုပ်ခတ်သွားပြီး၊ ခေါင်းလှည့်ကြည့်ကာ ချင်ကျန်းဂျောင်းကို မေးမြန်းလာခဲ့သည် “ အမှောင်နယ်မြေရဲ့ တော်ဝင်မိသားစုက အရင်တုန်းကလည်း စစ်မြေပြင်မှာ ပေါ်လာခဲ့ဖူးတာလား “
“ အမှန်ပဲ “
သတ္တမအဆင့် ပညာရှင်တစ်ဖြစ်လဲ၊ တပ်မ ၁၀၈၏ ဒုတပ်မမှူးပါ ဖြစ်သည့် ချင်ကျန်းဂျောင်ထံတွင် အတွေ့အကြုံနှင့် ဗဟုသုတတို့ ပြည့်နှက်နေလျက်ရှိသည် “ ငါတို့က ကမ္ဘာ့ကြယ်သားတွေနဲ့ တိုက်ခိုက်နေပုံရပင်မဲ့၊ အဲ့ဒီကမ္ဘာ့ကြယ်သားတွေရဲ့နောက်မှာ သူတို့ထပ် ပိုစွမ်းတဲ့ အင်အားစုတစ်ခုရှိတယ်၊ အဲ့တာက အမှောင်နယ်မြေရဲ့ တော်ဝင်မိသားစုပဲ “
“ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုလား “ ဟုရှုကျိုးမှ မေးမြန်းလိုက်သည်။
ချင်ကျန်းဂျောင်သည် သူ့အား အံ့ဩတကြီး ကြည့်ရှုလာခဲ့သည် “ တပ်မှူးရှု၊ မင်းက အဲ့တာကိုတောင် သတိနေတာလားဟ “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ၎င်းကို သူ၏ကိုယ်ပွားထံမှ သိခဲ့ရခြင်း ဖြစ်သည်။
“ အမှောင်နယ်မြေမှာ တော်ဝင်မိသားစု ဆယ့်ခြောက်ခုရှိတယ်၊ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုကို စွမ်းအားကြီးတဲ့ တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ထားလို့ရတယ် “
ချင်ကျန်းဂျောင်မှ ပြောပြလာခဲ့သည် “ ကြယ်ပြာဂြိုဟ်ကို ကျူးကျော်လာခဲ့တဲ့ အဓိက အင်အားစုတစ်ခုဖြစ်တဲ့အတွက် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုက စစ်မြေပြင်မှာ ပေါ်လာခဲ့ဖူးတယ်၊ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် ပေါ်လာတာကတော့ ပထမဦးဆုံးအကြိမ်ပဲ “
“ ပြီးတော့ အမှောင်နယ်မြေက သိုင်းပညာရှင်တွေ အပေါ်မှာ ရှိနေတဲ့ နယ်မြေဖိနှိပ်မှုက ကမ္ဘာ့ကြယ်သားတွေထပ် ပိုပြီးတော့ အားကောင်းတယ် “
“ အဲ့လိုဖြစ်နေတယ်ဆိုရင်တောင်မှ သူတို့ရဲ့ စွမ်းအားက တော်တော်ကြီးကို ကြောက်ဖို့ကောင်းနေတုန်းပဲ။ တော်ဝင်မိသားစုရဲ့ သာမန်ပါရမီရှင်ကတောင် ကမ္ဘာ့ကြယ်ရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်ထပ် ပိုစွမ်းတယ် “
ထိုစကားများကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
ကြီးကြီးမားမား ဖိနှိပ်ခံထားရတာတောင်မှ ကမ္ဘာ့ကြယ်သားတွေထပ် ပိုစွမ်းနေတယ်ပေါ့
အဲ့တာကတောင် တော်ဝင်မိသားစုရဲ့ သာမန်ပါရမီရှင်လား။ ဒါဆိုရင် တိုက်ရိုက်မျိုးဆက်ကရော၊ အဲ့ထပ် ပိုဆိုးနေမှာလား
“ အဲ့လိုဆိုရင် သူတို့က သူတို့ရဲ့ တပ်ဖွဲ့တစ်ခုလုံးကို ဘာလို့ မလွှတ်လိုက်ရတာလဲ “
ရှုကျိုးမှ မေးမြန်းလာခဲ့သည် “ တကယ်လို့ အဲ့လိုလုပ်လိုက်မယ်ဆိုရင် ကြယ်ပြာဂြိုဟ်ကို အစောကြီး သိမ်းနိုင်မှာလေ “
သူသည် ကမ္ဘာနှစ်ခု လမ်းကြောင်းကိစ္စကို မပြောလိုက်ပေ၊ ၎င်းမှာ နဝမအဆင့် ပညာရှင်များသာ သိရှိထားသည့် ကိစ္စတစ်ခုဖြစ်သည်၊ ၎င်းကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းမှာ လူတော်တော်များများကို အထိတ်တလန့် ဖြစ်သွားစေနိုင်သည်။
သို့သော် အဆိုပါ လမ်းကြောင်းမရှိဘူးဆိုလျှင်တောင်မှ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစု၏ စွမ်းအားတစ်ခုတည်းဖြင့် ကြယ်ပြာဂြိုဟ်ကို ဖိနှိပ်နေနိုင်သေးသည်။
၎င်းမှာ ရှုကျိုးကို ဇဝေဇဝါ အဖြစ်သွားစေဆုံး အရာဖြစ်သည်။
ချင်ကျန်းဂျောင်မှ ပြန်ပြောလာခဲ့သည် “ ရိုးရှင်းပါတယ်၊ နယ်မြေဖြတ်ကျော်တဲ့ အချိန်မှာက နယ်ပယ်ပိုမြင့်လေလေ၊ ဖိနှိပ်မှုကို ပိုခံရလေလေပဲ “
“ ပြီးတော့ အမှောင်နယ်မြေ တော်ဝင်မိသားစု ရင်ဆိုင်ရတဲ့ နယ်မြေဖိနှိပ်မှုက တော်တော်ကြီးကို အားကောင်းတယ်၊ တကယ်လို့ သူတို့က သူတို့ရဲ့ အဆင့်၉ ပညာရှင်တွေကို အတင်းအကြပ် နယ်မြေ ကျော်ဖြတ်ခိုင်းလိုက်မယ်ဆိုရင် သူတို့က စစ်ပွဲမစခင် အချိန်မှာပဲ ဒဏ်ရာအပြင်းအထန် ရသွားနိုင်တယ် “
“ ကျွန်တော် သိပြီ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ထိုကဲ့သို့ဖြစ်နေသောကြောင့် အမှောင်နယ်မြေက ကမ္ဘာနှစ်ခု လမ်းကြောင်းကို အရေးပေး တည်ဆောက်နေရခြင်း ဖြစ်သည်။
ချင်ကျန်းဂျောင်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အမှောင်နယ်မြေရဲ့ စွမ်းအားက တော်တော်ကြီးကို ကြောက်ဖို့ကောင်းလွန်းတယ်၊ တော်ဝင်မိသားစု ဆယ့်ခြောက်ခုရဲ့အထက်မှာ ပိုပြီးတော့ အားကောင်းတဲ့ ဧကရာဇ် မိသားစုသုံးခုရှိတယ်လို့ ပြောကြတယ် “
ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ အဲ့လောက်တောင် အစွမ်းထက်နေတဲ့ အမှောင်နယ်မြေက ကြယ်ပြာဂြိုဟ်ကို ဘာလို့ကျူးကျော်ချင်နေရတာလဲ။ သူတို့က ကြယ်ပြာဂြိုဟ်ရဲ့ ဘယ်ဟာကို စိတ်ဝင်စားနေတာလဲ “
“ မင်းမသိဘူးလား “
ချင်ကျန်းဂျောင်သည် သူ့ကို ကြည့်ကာ အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ ငါတို့ကြယ်ပြာဂြိုဟ်မှာက ရတနာတွေ အများကြီး ရှိတယ်လေ “
“ ရတနာတွေလား “ ရှုကျိုး၏ မျက်လုံးများ လှုပ်ခတ်သွားတော့သည်။
“ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ကြယ်ပြာဂြိုဟ်က ရုတ်တရက်ကြီး ကြီးမားလာခဲ့တယ်လေ၊ အဆတစ်ရာလောက်အထိကို ပိုကြီးလာခဲ့တာ။ အခုဆိုရင် အဲ့နယ်မြေတွေက အသစ်ပေါ်လာတဲ့ဟာတွေ မဟုတ်ဘဲ ဟိုးရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ဘိုးဘွားပိုင်မြေတွေလို့ အတည်ပြုနိုင်ခဲ့တယ်လေ “
“ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ရှေးခေတ်က ရတနာတွေကို ကြယ်ပြာဂြိုဟ်မှာ မြှုပ်ထားတယ်လေ “
“ အဲ့ဒီရတနာတွေကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ကမ္ဘာနှစ်ခုစစ်ပွဲကာလမှာ အဆင့်၉ ပညာရှင်တွေ အများကြီး ပေါ်လာခဲ့တာလေ “
ချင်ကျန်းဂျောင်သည် မနာလိုအားကျဖြစ်သွားခဲ့သည် “ အဲ့အချိန်တုန်းက တွေ့ခဲ့တဲ့ ရတနာတွေက အရည်အသွေး အနိမ့်ဆုံးပဲလို့ ပြောကြတယ်၊ အဲ့တာတွေကတောင် လူတော်တော်များများကို အဆင့်၉ ပညာရှင်တွေ ဖြစ်သွားအောင် ကူညီပေးနိုင်ခဲ့တယ် “
“ ကြယ်ပြာဂြိုဟ်ပေါ်မှာ အရည်အသွေး ပိုကောင်းတဲ့ ရတနာတွေ အများကြီး ရှိနေတုန်းပဲ၊ အဲ့တာတွေရဲ့ အကျိုးအမြတ်တွေကတော့ တော်တော်ကြီးကို များတယ်၊ အထွတ်အထိပ် နယ်မြေကိုသွားတဲ့ လမ်းကြောင်းကိုတောင် ရှာတွေ့နိုင်တယ်၊ ဒါပင်မဲ့ အဲ့တာတွေကို လုံးဝရှာမတွေ့သေးဘူး “
“ အထွတ်အထိပ် နယ်မြေကို သွားတဲ့ လမ်းကြောင်းလား “
ထိုစကားကိုကြားလိုက်ရသောအခါတွင် ရှုကျိုးသည် လုံးဝနားလည်သွားခဲ့သည်။
အမှောင်နယ်မြေက ကြယ်ပြာဂြိုဟ်ပေါ်သို့ ရောက်ရှိရန် အသည်းအသန် ကြိုးစားနေကြသည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။
သူသိရသလောက်အရဆိုပါက အမှောင်နယ်မြေမှာပင် ဧကရာဇ် မိသားစုသုံးခုမှ လူများကသာလျှင် ထိုနယ်ပယ်သို့ ရောက်ရှိခဲ့ဖူးသည်၊ ၎င်းမှာ သမိုင်းမှတ်တမ်းများသာ ဖြစ်ပြီး၊ ယခုလက်ရှိ အချိန်တွင် အမှန်တကယ် တည်ရှိမနေခဲ့ပေ။
အကယ်၍ အမှောင်နယ်မြေ တော်ဝင်မိသားစု၏ အဖွဲ့ဝင်တစ်ယောက်ယောက်က ထိုနယ်ပယ်သို့ ရောက်ရှိသွားမည်ဆိုပါက၊ သူတို့သည် ဧကရာဇ် မျိုးနွယ်စု အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
ထိုကဲ့သို့သော အရာမှာ အမှောင်နယ်မြေ တော်ဝင်မိသားစုများအတွက် အလွန်တရာ မျက်စိကျဖွယ် ကောင်းနေခဲ့သည်။
“ ကြယ်ပြာဂြိုဟ် ကိုယ်တိုင်ကိုက ရတနာတစ်ပါးပဲ “
ချင်ကျန်းဂျောင်သည် လွမ်းမောတသဖြစ်နေဟန်ဖြင့် စကားပြောလာခဲ့သည် “ ဒါပင်မဲ့ အပေါ်ယံနေရာတွေမှာ မြှုပ်ထားကြတဲ့ ရတနာအများစုက ရှေးခေတ်က လူတွေက သုံးခဲ့ပြီးသွားပြီ “
“ ပိုနက်တဲ့ နေရာက ရတနာတွေကိုတော့ ဘယ်သူကမှ ရှာမတွေ့သေးဘူး “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
ကြယ်ပြာဂြိုဟ်က အဆပေါင်းရာနှင့်ချီ၍ ကြီးမားလာခဲ့ပြီးသည့်နောက်တွင် လူသားတို့က အပြည့်အဝ မစူးစမ်း မလေ့လာရသေးသည့် လူသူကင်းမဲ့နေသော နေရာများနှင့် တားမြစ်နယ်မြေများစွာ ပေါ်ပေါက်လာခဲ့သည်။
တားမြစ်နယ်မြေဟု ခေါ်ဆိုရခြင်းမှာ အလွန်တရာ အန္တရာယ်များပြီး၊ နဝမအဆင့် ပညာရှင်တစ်ဦးကပင် ကျဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။
ရတနာများ၏ တည်ရှိမှုက မသေချာသောကြောင့် နဝမအဆင့် ပညာရှင်များကပင် ထိုနယ်မြေများထဲသို့ အလွယ်တကူ ခြေမချရဲကြပေ။
ထိုကဲ့သို့သာ မဟုတ်ဘဲ ဂုဏ်သိက္ခာကြီးမားသည့် နဝမအဆင့် ပညာရှင်တစ်ဦးက စစ်မြေပြင်ထပ် အမည်မရှိသော နယ်မြေတစ်ခုတွင် ကျဆုံးသွားခဲ့မည်ဆိုပါက၊ အထူးသဖြင့် ရတနာမရှိသည့် နယ်မြေများတွင် ကျဆုံးသွားခဲ့မည်ဆိုပါက၊ အရှက်ရရခြင်းမှာ ဒုတိယဦးစားပေးအဆင့်တွင်သာ ရှိနေမည် ဖြစ်ပြီး၊ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို အချည်းနှီး လက်လွှတ်လိုက်ရခြင်းကသာလျှင် အရေးအကြီးဆုံး ကိစ္စဖြစ်ပေသည်။
“ ရတနာတွေ ………. “
ရှုကျိုးသည် တွေးတောစဥ်းစားနေရင်းဖြင့် ရုတ်တရက် စကားပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်ပေါ်မှာလည်း လူတစ်ယောက်ကို အမြင့်ပိုင်း အဆင့်တွေ ဒါမှမဟုတ် အဆင့်၉အထိ ရောက်သွားစေနိုင်တဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေလို့ခေါ်တဲ့ ရတနာလိုဟာမျိုးတွေ ရှိတယ်ဆို “
ချင်ကျန်းဂျောင်သည် အနည်းငယ် အံ့ဩသွားကာ ခေါင်းခါပြလာခဲ့သည် “ အဲ့တာတော့ ကျွန်တော်လည်း မသိဘူး၊ ကမ္ဘာ့ကြယ်ရဲ့ ကိစ္စတွေကို တပ်မမှူးဝမ်ကတောင် သိပ်မကြားဖူးလောက်ဘူး “
“ ဒါပင်မဲ့ တပ်မှူးရှုကတော့ တော်တော်များများကို သိနေတဲ့ပုံပဲ “
……………………………………………………………………………………………………………………………………..
အပိုင်း ( 545 )
အဆုံးထိ ရုန်းကန်ခြင်း၊ ငါ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ပဲ ၂
သူသည် အနည်းငယ် အံ့အားသင့်နေသော အမူအရာမျိုးဖြင့် ရှုကျိုးကို ကြည့်နေခဲ့သည်။ ရှုကျိုးသည် ဆဌမအဆင့် ပညာရှင်တစ်ဦးသာလျှင် ဖြစ်သည်၊ သို့သော် သူသည် အမှောင်နယ်မြေနှင့် ကမ္ဘာ့ကြယ်တို့နှင့် သက်ဆိုင်သော ကိစ္စများကို သိနေခဲ့သည်။
များသောအားဖြင့် အဌမအဆင့် (သို့) နဝမအဆင့်ကဲ့သို့ ရာထူးအဆင့်အတန်း မြင့်မားသည့် ပုဂ္ဂိုလ်များကသာလျှင် သိထားကြသည်။
အရှေ့မြောက်၏ ပထမဦးဆုံးသော သံချပ်ကာ တပ်မ၏ ဒုတပ်မမှူးဖြစ်သည့်သူ၊ ချင်ကျန်းဂျောင်ကပင် ထိုကိစ္စများကို အနည်းငယ် နားလည်ရုံသာ နားလည်နေခဲ့သည်။
ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော်က အားတဲ့အချိန်မှာဆိုရင် စာအမြဲဖတ်တယ်လေ၊ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို အများကြီး ဖတ်ထားဖူးတယ်လေ၊ အဲ့တာကြောင့် ကျွန်တော်က တော်တော်များများကို သိနေတာက ပုံမှန်ပါပဲ “
သူသည် ကိုယ်ပွားကြောင့် ထိုကိစ္စများကို သိခဲ့ရသည်ဟု တစ်ခြားလူများကို လိုက်ပြောပြနေမည် မဟုတ်ပေ။
ချင်ကျန်းဂျောင်သည် များစွာတွေးတော စဥ်းစားမနေဘဲ၊ ရှုကျိုး၏ ပြောစကားများကိုသာ ယုံကြည်လိုက်သည်။
သို့ရာ၌ ရှုကျိုးကမူ တွေးတောစဥ်းစားနေသေးသည် “ ကြယ်ပြာဂြိုဟ်ပေါ်မှာ ရှိနေတဲ့ ရတနာတွေကို ရှာဖို့ခက်တယ်၊ ဒါပင်မဲ့ ကမ္ဘာ့ကြယ်ရဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေကိုတော့ ရှာဖို့လွယ်တယ်၊ ငါက ကမ္ဘာ့ကြယ်ကို သွားရတော့မှာလား “
အဲ့တာဆိုရင် ထောက်ချောက်ထဲကို တည့်တည့်ကြီး ဝင်သွားသလို ဖြစ်မနေဘူးလား
ရှုကျိုး အတွေးများနေသည့် အချိန်မှာပင် တပ်မဟာ ၂၃သည် နောက်သို့ မိုင်တစ်ထောင် ဆုတ်ခွာခဲ့ပြီးပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် အဝေးမှ ပေါ်ထွက်လာသည့် အသံတစ်သံကို ကြားလိုက်ရသည်။
“ ဘုမ်းးး “
အဝေးတွင် အလင်းတန်း ပေါက်ကွဲမှုတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ ပြင်းထန်သော တုန်ခါမှုများက အဖော်ပြုလိုက်ပါလာခဲ့သည်။
“ ဟိုဘက်မှာ တိုက်ပွဲဖြစ်နေတယ် “ ချင်ကျန်းဂျောင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ စစ်ဦးစီးမှူးပြောခဲ့တဲ့ ကမ္ဘာ့ကြယ် စစ်တပ်များ ဖြစ်နေမလား “
“ မသေချာပါဘူး “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ ငါသွားကြည့်လိုက်ဦးမယ် “
ထို့နောက်တွင် သူသည် သူ၏စိတ်ဝိညာဥ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။
ကိုယ်ပွား၏ ထောက်ပံ့မှုကြောင့် ရှုကျိုး၏ စိတ်ဝိညာဥ်စွမ်းအား ထောက်လှမ်းရောက်ရှိနိုင်သည့် အကွာအဝေးသည် မိုင်တစ်ထောင်အထိ ဖြစ်နေခဲ့ပြီဖြစ်ကာ၊ ၎င်းမှာ သာမန်ဆဌမအဆင့် ပညာရှင်တစ်ဦးထပ် များစွာ သာလွန်နေခဲ့ပြီး၊ အစောပိုင်း သတ္တမအဆင့် ပညာရှင်တစ်ချို့ထပ်ပင် ပိုမိုအားကောင်းနေခဲ့သည်။
သို့ရာတွင် အဆင့်မြင့် ပညာရှင်တို့၏ စိတ်စွမ်းအား ကြီးထွားတိုးတက်မှုနှုန်းက အလွန်တရာ မြန်ဆန်လှပြီး၊ နဝမအဆင့် ပညာရှင်များသည် တွေးလိုက်ရုံဖြင့် သူ၏ စိတ်စွမ်းအားကို မိုင်တစ်သောင်းအထိ ဖြန့်ကျက်နိုင်သည်ဟု ဆိုကြသည်။
နဝမအဆင့် အထွတ်အထိပ် ပညာရှင်များကမူ ဂြိုဟ်တစ်ဂြိုဟ်လုံးကိုပင် သူတို့၏ စိတ်စွမ်းအားဖြင့် ဖုံးလွှမ်းနိုင်ပြီး၊ လအထိပင် ဖြန့်ကျက်နိုင်ကြသည်။
ရှုကျိုး၏ စိတ်စွမ်းအားပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူသည် မိုင်တစ်ထောင်အကွာတွင် တိုက်ခိုက်နေသည့် စစ်တပ်နှစ်ခုကို လျင်မြန်စွာ မြင်တွေ့သွားခဲ့သည်။
၎င်းတို့က ကြယ်ပြာဂြိုဟ်နှင့် ကမ္ဘာ့ကြယ် စစ်တပ်များ ဖြစ်သည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ကြယ်ပြာဂြိုဟ်၏ စစ်တပ်မှာ လူအင်အား တစ်သောင်း ပါဝင်သည့် တပ်မတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့ကြယ်၏ စစ်တပ်ကမူ လူအင်အား ခုနစ်ထောင်ဝန်းကျင် ပါဝင်သည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။
ရှုကျိုးသည် ဖျတ်ခနဲ ကြည့်လိုက်ရုံဖြင့် ကြယ်ပြာဂြိုဟ်စစ်တပ်က အနည်းငယ် အသာစီးရနေခဲ့ပြီး၊ ကမ္ဘာ့ကြယ် စစ်တပ်အား တစ်ဆင့်ချင်း ဖြိုချနေသည်ကို မြင်တွေ့နေခဲ့သည်။
“ စစ်ဦးစီးချုပ်ပြောတဲ့ တပ်ဖွဲ့မဟုတ်ဘူး၊ သူတို့ဆီမှာ လူအင်အား ခုနစ်ထောင်ပဲ ရှိတယ် “ ဟုရှုကျိုးမှ ပြောပြလိုက်သည်။
ချင်ကျန်းဂျောင်မှာလည်း ၎င်းကို သတိပြုမိသွားကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ စစ်ဦးစီးချုပ်ပြောခဲ့တဲ့ တပ်ဖွဲ့မဟုတ်ဘူးပဲ “
သို့သော် သူသက်ပြင်းချနေသည့် အချိန်မှာပင် …….
သူတို့နှစ်ဦးစလုံး၏ အမူအရာမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် နောက်ထပ် ကမ္ဘာ့ကြယ်တပ်ဖွဲ့တစ်ခုက မိုင်တစ်ထောင်အကွာရှိ တိုက်ပွဲအတွင်းသို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။
၎င်းမှာ တပ်မတစ်ခုဖြစ်ပုံရသည်။
“ ကျွန်တော်တို့က သွားကူသင့်လား “
ချင်ကျန်းဂျောင်၏ အမူအရာ ပြောင်းလဲသွားပြီး၊ သူသည် ရှုကျိုးကို လှည့်ကြည့်လာခဲ့သည်။
ရှုကျိုးမှာလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ အဲ့တာက စစ်ဦးစီးချုပ်ပြောခဲ့တဲ့ တပ်မလား
မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲနယ်မြေရှိ ကြယ်ပြာဂြိုဟ် တပ်ဖွဲ့မှာ ပြဿနာ အကြီးကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
ကမ္ဘာ့ကြယ် တပ်ရင်းတစ်ခုနှင့် တပ်မတစ်ခုကို ပေါင်းစည်းလိုက်မည်ဆိုပါက လူအင်အား တစ်သောင်းခုနစ်ထောင်အထိ ရှိနေမည် ဖြစ်သည်။
၎င်းမှာ လူအင်အားတစ်သောင်းသာ ပါဝင်သည့် ကြယ်ပြာဂြိုဟ် တပ်မက ယှဥ်နိုင်သော အရာ မဟုတ်ပေ။
ရှုကျိုးသည် ပြတ်ပြတ်သားသား ပြောဆိုလာခဲ့သည် “ သူတို့ကို သွားကူမယ် “
ချင်ကျန်းဂျောင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ဒါပင်မဲ့ စစ်ဦးစီးချုပ်က စစ်ကူစောင့်ဖို့အတွက် အမိန့်ပေးထားတယ်လေ …… “
ရှုကျိုးမှ မြန်မြန်ဆန်ဆန် ပြန်ပြောလာခဲ့သည် “ အခုတိုက်ပွဲဖြစ်နေတဲ့ တပ်မက ငါတို့ရဲ့ စစ်ကူဖြစ်နေနိုင်တယ်လေ၊ အခုသူတို့က အဝိုင်းခံနေရပြီ၊ ငါတို့က ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ “
“ သဘောပဲ “ ချင်ကျန်းဂျောင်သည် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့ကာ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
သူကြောက်လန့်မနေဘူးဟု ပြောဆိုမည်ဆိုပါက လိမ်လည်ရာကျသွားမည် ဖြစ်သည်၊ ထိုတပ်မက စစ်ဦးစီးချုပ်ပြောပြခဲ့သည့် တပ်မသာ ဖြစ်နေမည်ဆိုပါက သူတို့မှာလည်း ၎င်း၏ ပြိုင်ဘက် ဖြစ်နေလိမ့်မည် မဟုတ်ပေ။
သို့သော် ရှုကျိုးပြောခဲ့သည့်အတိုင်းပင် သူတို့ကို လာရောက်ကူညီသည့် စစ်သည်တော်များက ဝိုင်းရံခံလိုက်ရကာ အသတ်ခံရတော့မည့် ဖြစ်ရပ်မျိုးကို ဤအတိုင်း ထိုင်ကြည့်မနေသင့်ပေ။
ရှုကျိုးမှ အော်ပြောလာခဲ့သည် “ အမိန့်ကို နားထောင်ကြ၊ အနောက်ဘက်ရဲ့ အနောက်မြောက်ကို သွားမယ်၊ အရှိန်ကုန်တင်ကြ “
“ ဟုတ် “
တပ်မဟာတစ်ခုလုံး လျင်မြန်စွာ လှုပ်ရှားကာ ထိုဘက်သို့ ဦးတည်သွားတော့သည်။
…
မိုင်တစ်ထောင်ကျော်အကွာတွင်
ကြယ်ပြာဂြိုဟ်၏ တပ်မ ၁၅၆သည် လူအင်အား ခုနစ်ထောင် ပါဝင်သည့် ကမ္ဘာ့ကြယ် တပ်ရင်းတစ်ခုနှင့် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေလျက်ရှိသည်။
နောက်ထပ် ကမ္ဘာ့ကြယ် တပ်မတစ်ခုက တိုက်ပွဲနားသို့ ချဥ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူတို့၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
အလယ်အလတ် သတ္တမအဆင့် ပညာရှင်တစ်ဖြစ်လဲ၊ တပ်မ ၁၅၆၏ တပ်မမှူးဖြစ်သူ ဝူပေ့လျန်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ အခုက နယ်မြေ ၁၅ရဲ့ အနောက်မြောက်ထဲကို ရောက်နေပြီ၊ အဲ့တာက စစ်ဦးစီးချုပ်ပြောခဲ့တဲ့ တပ်မများ ဖြစ်နေမလား “
“ အဲ့လိုဆိုရင်တော့ သောက်ပြဿနာတက်ပြီ “
“ တစ်ခြား စစ်ကူတွေကရော ဘယ်ရောက်နေတာလဲ။ ဘာလို့ ငါတို့ယူနစ်တစ်ခုပဲ ရောက်နေရသေးတာလဲ “
ဝူပေ့လျန်သည် ချဥ်းကပ်လာသည့် ကမ္ဘာ့ကြယ် တပ်မကို ကြည့်ကာ ဒေါသတကြီး ဖြစ်သွားခဲ့သည် “ အဲ့တာက တပ်မလေးတစ်ခုပါပဲ၊ ငါက သူတို့တွေ အများကြီး သတ်ခဲ့ပြီးပြီ။ လာစမ်း “
ထိုစကားနှင့်အတူ သူ၏အရှိန်အဝါသည် ရုတ်တရက် ပေါက်ထွက်လာခဲ့ပြီး၊ ဖိအားအောက်တွင် ယာယီအဆင့်တက်သွားခဲ့ကာ၊ တိုက်ပွဲ အစီအရင်၏ စွမ်းအားမှာလည်း ချက်ချင်း မြင့်တက်သွားခဲ့သည်။
“ ဟားဟားဟား၊ ဒီလိုအချိန်မျိုးမှာ အဆင့်တက်နိုင်ဖို့အတွက် ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီနေပြီ “
ဝူပေ့လျန်သည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ရယ်မောနေတာ့သည် “ ငါ့စစ်တပ်က တပ်မသုံးခုကို သတ်ဖြတ်ခဲ့တဲ့ကောင်တွေ၊ ဒီနေ့မှာ မင်းတို့အားလုံးကို ဒီနေရာမှာ မြေမြှုပ်ပေးမယ် “
“ သတ် “
ဝူပေ့လျန်သည် ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်၊ တိုက်ပွဲ အစီအရင်မှ ဖန်တီးထားသည့် လှံသည် ရုတ်တရက် ပေါက်ထွက်လာခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဖြင့် လေဟာနယ်ကို ဆုတ်ဖြဲသွားပြီး၊ အရှေ့ဘက်ရှိ ကမ္ဘာ့ကြယ် တပ်မဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ထိုကမ္ဘာ့ကြယ် တပ်မအပေါ်တွင် ရွှေနက်ရောင် သရဖူကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ထိုင်နေလျက်ရှိသည်။
ပြေးဝင်လာသည့် လှံနှင့် ရင်ဆိုင်နေရသောအခါတွင် ယဲ့ဟုန်သည် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ရမ်းလိုက်သည်။
“ ခရက် “
လက်တစ်ဖက် ပေါ်လာခဲ့ပြီး၊ လှံကိုဖမ်းဆုပ်ကာ ချက်ချင်း ချေမွသွားခဲ့သည်။
“ ဘာကြီး ….. “
ဝူပေ့လျန်သည် အံ့ဩတကြီး ဖြစ်နေသော အမူအရာဖြင့် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။
သူသည် တိုက်ပွဲအတွင်းတွင် အဆင့်တက်သွားခဲ့ပြီး၊ သူ၏ အစွမ်းဆုံး တိုက်ကွက်ကိုပင် ထုတ်သုံးခဲ့သည်၊ သို့သော် ပြိုင်ဘက်သည် သူ၏တိုက်ကွက်ကို အလွယ်တကူ ချေမှုန်းနေနိုင်သေးသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဝူပေ့လျန်၏ မျက်နှာပေါ်တွင် ရှိနေသည့် စိတ်ပျက်အားငယ်မှုများ ပျောက်ကွယ်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူသည် နှစ်ဖက်ကြားရှိ ကွာဟချက်ကို နားလည်သွားသောကြောင့် ဖြစ်သည်။
ကွာဟချက်မှာ ချောက်နက်တစ်ခုကဲ့သို့ အလွန်တရာ ကြီးမားနေခဲ့သည်။
ယဲ့ဟုန်ကမူ ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် အမူအရာ အေးစက်သွားခဲ့သည် “ ဒီတစ်ခါတော့ ငါ့ကို စိတ်ဝင်စားအောင် လုပ်နိုင်မဲ့ လူတစ်ယောက်ကို တွေ့ပြီလို့ ထင်နေခဲ့တာ၊ ကြည့်ရတာတော့ သူတို့အားလုံးက အမှိုက်တွေချည်း ဖြစ်နေတဲ့ပုံပဲ “
“ ဘုမ်းးးး “
ထိုအခိုက်အတန့်တွင် မလှမ်းမကမ်းရှိ ကောင်းကင်ယံမှ ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ယဲ့ဟုန်မှ လှည့်ကြည့်လိုက်ရာ၊ သံချပ်ကာများ ဝတ်ဆင်ထားသည့် အနက်ရောင် မြူထုကဲ့သို့သော တပ်မတစ်ခုက အရှိန်အဟုန်ဖြင့် အရှေ့သို့ ချီတက်လာနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဟမ်။ နောက်ထပ် တပ်မတစ်ခုက သေချင်နေပြန်ပြီလား။ မဟုတ်ဘူး၊ လူတစ်သောင်းခွဲပဲ။ အဲ့တာ ဘယ်လို တိုက်ပွဲ အစီအရင်မျိုးလဲ “
ယဲ့ဟုန်သည် ပြေးဝင်လာနေသည့် တပ်မအား စိတ်ဝင်တစား ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့သည်။
သို့သော် ထိုအချိန်၌ အနက်ရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။
ထိုအလင်းတန်းသည် လျင်မြန်စွာ ကြီးမားလာခဲ့ပြီး၊ အနက်ရောင် ခန်းစီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ယဲ့ဟုန်ရှိရာဘက်သို့ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် လှိုက်တက်လာခဲ့သည်။
“ ဟမ် “
ယဲ့ဟုန်သည် အနည်းငယ် မှင်သက်သွားပြီး၊ တစ်ခဏခန့် သတိလွတ်သွားခဲ့သည်။
“ အဲ့တာက ……. “
ယဲ့ဟုန်သည် တစ်စုံတစ်ခုကို မှတ်မိသွားပုံရကာ၊ မျက်လုံးများ ရုတ်တရက် မှေးကျဥ်းသွားခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အနက်ရောင်ခန်းစီး၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရကာ၊ လေထုထဲမှ ပျောက်ကွယ်သွားခဲ့သည်။
…
အစောပိုင်း မိနစ်ပိုင်းအတွင်းက
ရှုကျိုးသည် တပ်မဟာ ၂၃ကို ဦးဆောင်ကာ တိုက်ပွဲမြေပြင်ရှိရာဘက်သို့ အမြင့်ဆုံး အရှိန်နှုန်းဖြင့် တဟုန်ထိုး ချီတက်လာနေခဲ့သည်။
မိုင်တစ်ထောင်ဆိုသည့် အကွာအဝေးမှာ အမှန်ပင် ကြီးမားနေခဲ့သည်၊ သို့သော် ရှုကျိုးသည် လူအင်အား တစ်သောင်းငါးထောင် ပါဝင်သည့် တပ်ဖွဲ့ကို ဦးဆောင်နေသောကြောင့် သူတို့၏ အမြန်နှုန်းသည် သတ္တမအဆင့် အထွတ်အထိပ်ပညာရှင်ကိုပင် ယှဥ်နေနိုင်ခဲ့သည်။
ထို့ကြောင့် မိုင်တစ်ထောင်ဟူသည့် အကွာအဝေးအတွက် မိနစ်ပိုင်းမျှသာ အချိန်ယူရမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် ဗျူဟာကို တွေးတောစဥ်းစားနေခဲ့သည်။
“ အမှောင်နယ်မြေ တော်ဝင်မိသားစုက တိုက်ရိုက်မျိုးဆက်ရဲ့ ခွန်အားအကြောင်းကို ငါတစ်လုံးမှ မသိဘူး “
တစ်ခုတည်းသော အတည်ပြုနိုင်သည့် အရာမှာ တစ်ဖက်လူက သတ္တမအဆင့်ဝန်းကျင်တွင် ရှိနေမည်ဆိုသည်ပင် ဖြစ်သည်။
နယ်ပယ်ပိုမြင့်လေလေ ဖိနှိပ်မှုက ပိုအားကောင်းလေလေ ဖြစ်သည်။
ထို့ကြောင့် အမှောင်နယ်မြေ၏ တော်ဝင်မိသားစုသည် အဆင့်မြင့် ပညာရှင်တစ်ဦးကို စေလွှတ်လိုက်မည် မဟုတ်ပေ၊ အကယ်၍ အဆင့်မြင့် ပညာရှင်ကို စေလွှတ်လိုက်မည်ဆိုပါက၊ ကြယ်ပြာဂြိုဟ်၏ အဌမအဆင့် ပညာရှင်များကလည်း ၎င်းကို ထိုင်ကြည့်နေကြလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရှုကျိုးသည် သူ၏ပြိုင်ဘက်၏ နယ်ပယ်က အမြင့်ဆုံးအနေဖြင့် သတ္တမအဆင့်တွင်သာ ရှိနေနိုင်သည်ဟု မှန်းဆထားခဲ့သည်။
သို့သော် အစောပိုင်း သတ္တမအဆင့်လား၊ အလယ်အလတ် သတ္တမအဆင့်လားဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“ ရောက်တော့မယ် “ ရှုကျိုးသည် အရှေ့ဘက်သို့ ကြည့်လိုက်ပြီး၊ တိုက်ခိုက်နေကြသည့် စစ်တပ်သုံးခုကို မြင်တွေ့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် ကမ္ဘာ့ကြယ်၏ တပ်မှူးက တိုက်ကွက်ထုတ်လာသည်ကို မြင်တွေ့သွားခဲ့သည်။
လက်ဝါးရိုက်ချက်လေးတစ်ခုဖြင့် သူသည် တပ်မ ၁၅၆ကို အတင်းအကြပ် နောက်ဆုတ်သွားစေခဲ့သည်။
“ အဆင့်၆နယ်ပယ်လား “
ရှုကျိုးသည် တအံ့တဩ ဖြစ်သွားခဲ့သည်၊ သူသည် ကမ္ဘာ့ကြယ်၏ တပ်မှူးက ဆဌမအဆင့်နယ်ပယ်တွင်သာ ရှိနေသည်ကို အာရုံခံမိနေခဲ့သည်။
“ အဆင့်၆နယ်ပယ်နဲ့ ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတော့ စစ်ဦးစီးချုပ်ပြောခဲ့တဲ့ အမှောင်နယ်မြေ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲ ဖြစ်ရမယ် “
ရှုကျိုး၏ စိတ်ထဲတွင် အကြံတစ်ခု လျင်မြန်စွာ ဖြစ်တည်လာခဲ့သည်၊ သူသည် ချင်ကျန်းဂျောင်ကို လှည့်ကြည့်ကာ စကားအမြန်ပြောလိုက်သည် “ ဒုတပ်မှူးချင်၊ ခင်ဗျားနဲ့ အဆင့်၇ ပညာရှင်တွေက တိုက်ပွဲ အစီအရင်ကို တာဝန်ယူလိုက်၊ လုပ်နိုင်တယ်မလား “
ချင်ကျန်းဂျောင်သည် အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ တပ်မှူးရှု၊ မင်းက ဘာလုပ်မလို့လဲ “
“ ငါက အမှောင်နယ်မြေက တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို သွားသတ်မလို့လေ “
စကားပြောဆိုခဲ့ပြီးသည့်နောက်၌ ရှုကျိုး၏ လက်ထဲတွင် ပစ္စည်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
လျှို့ဝှက်ရတနာ - ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်း
………………………………………………………………………………………………………………………………….
အပိုင်း ( 546 )
တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ကို သတ်ဖြတ်ခြင်း
ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်း ရတနာသည် ကမ္ဘာ့ကြယ် ပါရမီရှင်တစ်ဦးထံမှ ရရှိခဲ့သော ရတနာပစ္စည်းတစ်ခု ဖြစ်သည်။
အဆိုပါ ပစ္စည်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ပိုင်းခြား/ခွဲထုတ်နိုင်ပြီး၊ လူနှစ်ဦးအား ရတနာ၏ ဟင်းလင်းပြင်အတွင်းသို့ အတင်းအကြပ် ဆွဲသွင်းကာ သီးခြားတိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။
အစပိုင်းတွင် အဆိုပါ ရတနာကို ပြိုင်ပွဲများအတွက်သာ ရည်ရွယ် အသုံးပြုခဲ့ကြသည်၊ သို့သော် ကမ္ဘာနှစ်ခု စစ်ပွဲကာလအတွင်းတွင်မူ ကမ္ဘာ့ကြယ်သည် အဆိုပါ ရတနာကို စစ်မြေပြင်တွင် အသုံးပြုခဲ့ပြီး၊ သိသာထင်ရှားသော/ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေခဲ့သောကြောင့် ကမ္ဘာ့ကြယ်၏ အဖိုးအတန်ဆုံး ရတနာများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ရှုကျိုးမှ အဆိုပါ ပစ္စည်းကို အသက်သွင်းလိုက်ရာ၊ မည်းမှောင်နေသည့် အကာအရံတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ သူနှင့် ယဲ့ဟုန်တို့နှစ်ဦးစလုံးကို ဖုံးအုပ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူတို့နှစ်ဦးစလုံးသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။
ထိုစဥ် ချင်ကျန်းဂျောင်သည် တစ်ခဏခန့် မှင်သက်သွားခဲ့သော်လည်း အချိန်မှီ သတိပြန်ဝင်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်းလား။ အဲ့ဒီရတနာက တပ်မှူးရှုရဲ့လက်ထဲကို တကယ်ကြီး ရောက်နေတာလား “
ချင်ကျန်းဂျောင်သည် ၎င်းက ကမ္ဘာ့ကြယ်၏ ရတနာတစ်ပါးဖြစ်ပြီး၊ ကမ္ဘာ့ကြယ်၏ အဆင့်မြင့် ပညာရှင်များကိုပင် ၎င်းကို အသုံးပြုရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် သတင်းပို့ရသည်ကို သိနေခဲ့သည်။
ကမ္ဘာ့ကြယ်ရဲ့ ရတနာက ရှုကျိုးဆီကို ရောက်နေပြီလား
ချင်ကျန်းဂျောင်သည် များများစားစား တွေးတောမစဥ်းစားနေတော့ဘဲ ရှုကျိုး ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ချက်ချင်း အော်ပြောလာခဲ့သည် “ ဒုတပ်မှူးကျန်း၊ ဒုတပ်မှူးချန်။ မင်းတို့နဲ့ ငါက အစီအရင်ကို အတူတူ ထိန်းချုပ်မယ် “
သူသည် ရှုကျိုး၏ နည်းဗျူဟာကို နားလည်နေခဲ့သည်။
ယခုတွင် ရှကျိုးသည် ယဲ့ဟုန်ကို ရတနာ၏ ဟင်းလင်းပြင်ထဲသို့ အတင်းအကြပ် ဆွဲသွင်းသွားပြီဖြစ်ပြီး၊ ၎င်းမှာ လူအင်အား တစ်သောင်း ပါဝင်သည့် ကမ္ဘာ့ကြယ် တပ်မက အစွမ်းထက်တပ်မှူးကို လက်လွှတ်လိုက်ရပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ယခု၌ တပ်မဟာ ၂၃နှင့် တပ်မ ၁၅၆ကို ပေါင်းစပ်လိုက်သောအခါတွင် စုစုပေါင်း လူအင်အားသည် နှစ်သောင်းငါးထောင်ကျော်အထိ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာ့ကြယ်ဘက်တွင်မူ စစ်သည်တော် ခုနစ်ထောင်ပါဝင်သည့် တပ်ရင်းနှင့် ယဲ့ဟုန်၏ တပ်မတို့ကို ပေါင်းစပ်ထားပြီး၊ လူအင်အားတစ်သောင်းခုနစ်ထောင်မျှသာ ရှိသည်။
သို့သာ် လူခုနစ်ထောင် ပါဝင်သည့် တပ်ရင်းကမူ တပ်မ ၁၅၆ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားပြီး၊ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးလုနီးပါးအထိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ယဲ့ဟုန်၏ တပ်မကို ရှင်းလင်းလိုက်ရုံဖြင့် ဤတိုက်ပွဲကို အောင်နိုင်တော့မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
နှစ်သောင်းငါးထောင်နှင့် တစ်သောင်းရင်ဆိုင်ရာတွင် အားသာချက် ကြီးကြီးမားမား ရှိနေမည် ဖြစ်သည်။
ယဲ့ဟုန်ပြန်ထွက်လာသည့် အချိန်တွင် သူမည်မျှပင် သန်မာနေပါစေ၊ သူသည် တပ်ဖွဲ့မရှိတော့သည့် အထီးကျန်လူတစ်ဦးသာ ဖြစ်နေမည် ဖြစ်သည်။
ချင်ကျန်းဂျောင်သည် မလှမ်းမကမ်းရှိ တပ်မ ၁၅၆၏ တပ်မှူးကို အော်ပြောလိုက်သည် “ တပ်မှူးဝူ၊ မင်းနဲ့ငါပေါင်းပြီး၊ ဒီကမ္ဘာ့ကြယ် တပ်မကို အပြတ်ရှင်းမယ် “
“ ကောင်းပြီ “
ဝူပေ့လျန်သည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို လျင်မြန်စွာ နားလည်သွားခဲ့ပြီး၊ အလျင်အမြန် ခေါင်းငြိမ့်ပြလာခဲ့သည်။
ချင်ကျန်းဂျောင်သည် ဗျူဟာကို မျှဝေလိုက်ပြီးသည့်နောက်တွင် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
“ တပ်မှူးရှုက ပြန်ထွက်လာနိုင်ပါ့မလား။ အဲ့တာက တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲလေ …….. “
အမှောင်နယ်မြေ တော်ဝင်မိသားစုက ပေးထားသည့် အကြောက်တရားမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။
တော်ဝင်မိသားစုအတွင်းရှိ သာမန်ပါရမီရှင်များကပင် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များကို အလွယ်တကူ ဖိနှိပ်နိုင်သောကြောင့် တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်ဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
ရှုကျိုး၏ စွမ်းအားက အတော်လေး အစွမ်းထက်သော်လည်း၊ အမှောင်နယ်မြေ တော်ဝင်မိသားစု၏ ကြောက်မက်ဖွယ်ကောင်းသည့် အမွေအနှစ်နှင့် ရင်ဆိုင်ရမည်ဆိုပါက၊ လိုအပ်ချက်များ ရှိနေစဲပင် ဖြစ်သည်။
ချင်ကျန်းဂျောင်သည် အလွန်တရာ စိုးရိမ်ပူပန်နေခဲ့သည်။
…
ရတနာ၏ ဟင်းလင်းပြင် အတွင်း၌
ရှုကျိုးနှင့် ယဲ့ဟုန်တို့၏ ပုံရိပ်များသည် ဆယ်မိုင်ခြား၍ တဖြည်းဖြည်း ပေါ်လာခဲ့သည်။
ယဲ့ဟုန်သည် သူ့ဘေးပတ်ပတ်လည်ရှိ မှိန်ဖျော့ဖျော့ ဟင်းလင်းပြင်ကို ကြည့်နေခဲ့ပြီး၊ ထို့နောက်တွင် ရှုကျိုးကို လှည့်ကြည့်လာခဲ့ကာ တစ်စုံတစ်ခုကို နားလည်သွားပုံရသည် “ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်းလား။ မင်းက ကမ္ဘာ့ကြယ်ရဲ့ ရတနာကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးအနေဖြင့် သူသည် အဆိုပါ ပစ္စည်းနှင့် အလွန်တရာ ရင်းနှီးနေခဲ့သည်။
သို့သော် ယဲ့ဟုန်သည် ဤအခိုက်အတန့်တွင် မည်သို့မျှ စိတ်မလှုပ်ရှားသွားခဲ့ဘဲ၊ စိတ်ဝင်တစားဖြစ်နေသော အမူအရာမျိုးဖြင့် ရှုကျိုးကို စူးစမ်းလေ့လာနေခဲ့သည် “ မင်းက ငါ့ကို ဒီဟင်းလင်းပြင်ထဲကို ဆွဲသွင်းလိုက်မယ်ဆိုတော့ မင်းက ငါ့ကို ဒီနေရာမှာ ထိန်းထားနိုင်ပြီးတော့ အပြင်ဘက်က ကမ္ဘာ့ကြယ် တပ်ဖွဲ့ကလည်း မင်းတို့လက်ချက်ကြောင့် အပြတ်ရှင်းခံလိုက်ရမယ်ပေါ့ အဲ့လိုလား “
သူမျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် ဟန်အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ ဆိုတော့ မင်းက ငါ့ရဲ့ တိုက်ကွက်တွေကို တောင့်ခံနိုင်လိမ့်မယ်လို့ ထင်နေတာလား “
အကယ်၍ ရှုကျိုးကသာ သတ္တမအဆင့် ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုပါက သူသည် အလေးအနက်ထား၍ လုပ်ဆောင်မည် ဖြစ်သည်။
သို့သော် ဆဌမအဆင့်ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်သာလျှင် ဖြစ်ပေလိမ့်မည်
ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည့်အလျောက် ယဲ့ဟုန်သည် သူက အစောပိုင်း ဆဌမအဆင့်တွင်သာ ရှိနေမည်ဆိုလျှင်တောင်မှ ကြယ်ပြာဂြိုဟ်၏ ဆဌမအဆင့်နယ်ပယ်မှ မည်သူ့ကိုမဆို တစ်ကွက်တည်းဖြင့် အပြတ်ရှင်းနိုင်မည်ဟု ယုံကြည်မှုရှိနေခဲ့သည်။
ပြိုင်ဘက်က ဆဌမအဆင့် အထွတ်အထိပ် ဖြစ်နေမည်ဆိုလျှင်တောင်မှ ထိုအတိုင်းသာ ဖြစ်နေဦးမည် ဖြစ်သည်။
သူ၏လေ့လာမှုအရ ဤလူငယ်လေးသည် ဆဌမအဆင့် အထွတ်အထိပ်တွင် ရှိမနေခဲ့ပေ။
“ တော်လောက်ပြီ၊ အခု မင်းသေသင့်နေပြီ “
ယဲ့ဟုန်၏ စိတ်ဝင်တစားဖြစ်နေမှုများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်၊ သူ၏ မျက်လုံးများထဲတွင် ဆဌမအဆင့် ပညာရှင်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်နေမည်ဆိုလျှင်တောင်မှ ပုရွက်ဆိတ်တစ်ကောင်ထပ် ပိုနေမည်မဟုတ်ချေ။
သူသည် လက်များဖြင့် စည်းတံဆိပ်များ ရေးဆွဲလိုက်ရာ၊ လက်ဝါးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ သူသည် ရှုကျိုးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ဝရုန်းးးးးးးးးး
လက်ဝါးကြီးသည် လေတိုက်တိုင်းကြီးမားလာခဲ့ပြီး၊ သိပ်သည်းနက်မှောင်လွန်းသည့် အနက်ရောင်မြူထု ပေါက်ထွက်လာခဲ့ကာ ဟင်းလင်းပြင်ကိုပင် ချက်ချင်း တိုက်စားနေခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရတနာ ဟင်းလင်းပြင် အတွင်း၌ အနက်ရောင် မြူထုဖြင့် ပြည့်နှက်သွားခဲ့ပြီး၊ များပြားလွန်းလှသော ဦးခေါင်းခွံများက ပျံသန်းနေကာ တစ္ဆေနယ်မြေတစ်ခုအလား ဖြစ်သွားခဲ့သည်။
“ ဟစ် ဟစ် ဟစ် “
အနက်ရောင် မြူထုအောက်ရှိ မြင့်မားကြီးမားသော အလောင်းကြီးများသည် အဆိုပါ ဦးခေါင်းခွံများ၏ တိုက်စား ဝါးမြိုခြင်းကို ချက်ချင်းခံလိုက်ရသည်။
ဤရတနာ၏ ဟင်းလင်းပြင်က လုံလုံလောက်လောက် ခိုင်ခံ့နေသည်ကို ကျေးဇူးတင်ရမည်ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ တိုက်စားမှုတစ်ခုတည်းဖြင့်ပင် ဤနေရာမှာ ချက်ချင်းအရည်ပျော်သွားမည် ဖြစ်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင်မြူထု၏ ဖုံးလွှမ်းခြင်းကို ခံထားရသော လက်ဝါးကြီးသည် ရှုကျိုးကို ကုတ်ဆွဲလာခဲ့သည်။
သာမန်ဆဌမအဆင့် ပညာရှင်တစ်ဦးသာဆိုပါက ထိုလက်ဝါးချက်၏ ဝါးမြိုခြင်းကိုသာ ချက်ချင်း ခံလိုက်ရမည် ဖြစ်သည်။
“ ဒီစွမ်းအားက တကယ်ကြီးကို ကြက်သီးထဖို့ ကောင်းတာပဲ “
ရှုကျိုး၏ လက်ထဲတွင် နှင်းဖြူရောင် ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ လှိုင်းတစ်ခုနှင့်အတူ သူသည် အနက်ရောင် မြူထုကို ဖောက်ထွင်းသွားကာ၊ ညကောင်းကင်တွင် ကြွေကျလာသည့် ကြယ်တစ်စင်းကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့နောက်၌ ၎င်းသည် ခွမ်းဟူသောအသံနှင့်အတူ လက်ဝါးနှင့် တိုက်မိသွားခဲ့ပြီး၊ သတ္ထုပွတ်တိုက်သံကို ထုတ်လွှတ်လာခဲ့သည်။
ဓားအလင်းတန်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး၊ လက်ဝါးကြီးပေါ်တွင်လည်း အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။
“ အမှောင်နယ်မြေ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ရဲ့ စွမ်းအားက နယ်ပယ်တူမှ ပြိုင်ဘက်ကင်းတယ်ဆိုတာက တကယ်ကြီးပဲ “
“ ဒီလူက အဆင့်၆နယ်ပယ်မှာပဲ ရှိနေသေးပင်မဲ့ သူထုတ်လွှတ်လိုက်တဲ့ စွမ်းအားက တစ်ချို့အဆင့်၇ ပညာရှင်တွေထပ်တောင် ပိုစွမ်းနေတယ် “
ရှုကျိုးသည် တိုက်ကွက်ဖလှယ်မှုကို ဂရုတစိုက် ဆင်ခြင်သုံးသပ်နေခဲ့သည်။
သူသည် အလောတကြီး မလှုပ်ရှားခဲ့ပေ၊ တိုက်ပွဲကို ပိုကြာအောင်လုပ်နိုင်လေလေ၊ အပြင်ဘက်ရှိ စစ်တပ်အတွက် အားသာချက် ပိုရလေလေပင် ဖြစ်သည်။
ထို့အပြင် ရှုကျိုးသည် ဤလူနှင့် တိုက်ကွက်များ ဖလှယ်ခြင်းကြောင့် အမှောင်နယ်မြေ တော်ဝင်မိသားစုကို ပိုမိုနားလည်နိုင်မည် ဖြစ်သည်။
အနှေးနှင့် အမြန်ဆိုသလိုပင် သူသည် အမှောင်နယ်မြေနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ထိုစဥ် ရှုကျိုးက သူ၏တိုက်ကွက်အား အလွယ်တကူ ဖြေရှင်းလိုက်သည်ကို မြင်လိုက်ရသောအခါ၌ ယဲ့ဟုန်၏ မျက်နှာပေါ်တွင် တအံ့တဩဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ အခုလေးတင် သုံးလိုက်တဲ့ တိုက်ကွက်နဲ့ဆိုရင် ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်၇ ပညာရှင်တွေကတောင် သေမင်းနဲ့ သေချာပေါက် တွေ့ရမှာပါ၊ ဒီလူငယ်လေးက အဲ့တာကို လက်ဗလာနဲ့ ခုခံလိုက်တာလား “