အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အပိုင်း ( 547 )
တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ကို သတ်ဖြတ်ခြင်း ၂
ယဲ့ဟုန်၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ သူ၏လက်ကို ရုတ်တရက် လှုပ်ရှားလိုက်ရာ အနက်ရောင် ရေခဲဆူးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရေခဲဆူးသည် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင် မီးလျှံများကို ထုတ်လွှတ်နေခဲ့ကာ၊ ၎င်းနှင့်အတူ အားကောင်းပြင်းထန်လွန်းလှသော အေးစက်မှုက အဖော်ပြုပျံ့လွင့်လာခဲ့သည်။ ၎င်းမှာ အစွမ်းထက် မှော်ရတနာတစ်ခု ဖြစ်သည်။
၎င်းသာလျှင် မဟုတ်ဘဲ အနက်ရောင် မီးလျှံထံတွင်လည်း စိတ်ကို နှောင့်ယှက်နိုင်သည့် အကျိုးသက်ရောက်မှုများ ရှိနေခဲ့သည်။ ရှုကျိုးသည် သူ၏ အသိစိတ်က ဝေဝါးလာပြီး၊ သူ၏လှုပ်ရှားမှုများကလည်း နှေးကွေးသွားသည်ဟု ချက်ချင်းခံစားလိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၌ ယဲ့ဟုန်၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ အမှောင်ဝိညာဥ် ရေခဲဆူးသည် အမှောင်နယ်မြေရှိ အနက်ရောင်ပင်လယ်ပြင်မှ ရရှိခဲ့ကာ အနက်ရောင် ပင်လယ်၏ ရေခဲမီးတောက်ကို အသုံးပြုကာ သန့်စင်ထားသော အရာဖြစ်သည်။
အဆိုပါ မီးလျှံသည် အလွန်အမင်း အေးစက်နေရုံတင် မဟုတ်ဘဲ စိတ်ဝိညာဥ်ကို နှောင့်ယှက်နိုင်သည့် အကျိုးသက်ရောက်မှုကိုပါ ပိုင်ဆိုင်ထားခဲ့သည်။ ၎င်းကို ထိတွေ့မိသွားမည်ဆိုပါက သတ္တမအဆင့် ပညာရှင်တစ်ဦးကပင် တစ်ခဏခန့် မိန်းမောသတိလွတ်သွားမည် ဖြစ်သည်။
ဆဌမအဆင့်နယ်ပယ်တွင်သာ ရှိနေသေးသည့် ယဲ့ဟုန်သည် ၎င်းကို အသုံးပြုရင်းဖြင့် တော်ဝင်မိသားစုအတွင်းတွင် နာမည်တစ်လုံး တည်ဆောက်ထားနိုင်ခဲ့သည်။
ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုသည် မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်များကို ပိုင်ဆိုင်ထားသည့် ကြီးမားသော မိသားစုကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် မိသားစုထဲတွင် နာမည်ကျော်အောင် ပြုလုပ်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဟုတ်မနေခဲ့ပေ။
ယဲ့ဟုန်ကဲ့သို့ အစွမ်းထက်လှသည့် လူတစ်ဦးကပင် တိုက်ရိုက်မျိုးဆက်များကြားတွင် သာမန်ဟုသာ သတ်မှတ်ခံထားရသည်။
“ သွား “
ဤအခိုက်အတန့်တွင် ယဲ့ဟုန်မှ လက်မြှောက်၍ လက်ညှိုးညွှန်လာခဲ့ရာ၊ အနက်ရောင် ရေခဲဆူးသည် ချက်ချင်း ပျံသန်းလာခဲ့သည်။
“ ချိုးဖျက် “
ရှုကျိုး၏ အမူအရာသည် မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ၊ သူသည် လက်ကို မြှောက်၍ သူ၏ဆေဘာကို လွှဲရမ်းလိုက်ရာ၊ ဒြပ်စင်ငါးပါး နတ်နည်းစနစ် ပွင့်ထွက်လာခဲ့သည်။
ကောင်းကင်ထိန်းချုပ် ဆေဘာ
ယခုတွင် သူ၏နတ်ဆေးလုံးသည် အထွတ်အထိပ်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သောကြောင့် ကောင်းကင်ထိန်းချုပ် ဆေဘာ၏ စွမ်းအားမှာ အံ့အားသင့်ဖွယ်ကောင်းနေခဲ့သည်။
အဆိုပါ ကောင်းကင်ထိန်းချုပ် ဆေဘာသည် ဒြပ်စင်ငါးပါး နတ်နည်းစနစ်နှင့် ပေါင်းစပ်ထားသည့် အထွတ်အထိပ် ဆေဘာနည်းစနစ်တစ်ခု ဖြစ်သည်။
အမှောင်ဝိညာဥ် ရေခဲဆူးသည် အကျိုးသက်ရောက်မှု ဆုံးရှုံးသွားခဲ့ပြီး၊ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားမှာ သာမန်သာဖြစ်နေသည့်အတွက် ရှုကျိုးကြောင့် အလွယ်တကူ ပြိုကွဲသွားခဲ့သည်။
“ ဒြပ်စင်ငါးပါး နတ်နည်းစနစ်လား “
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် ယဲ့ဟုန်၏ အမူအရာမှာ လေးနက်သွားခဲ့သည်။
ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို ဖွဲ့စည်းနိုင်ခြင်းသည် အမှောင်နယ်မြေမှာပင် အလွန်တရာ ရှားပါးလွန်းလှသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။
အောင်မြင်ခဲ့ကြသည့် လူများမှာ အံ့ဖွယ်ကောင်းသော ကံကြမ္မာနှင့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ရှေးခတ်မှ လူကြီးများသာ ဖြစ်နေခဲ့သည်။
သို့သော် ထိုလူများသည် ဆဌမအဆင့်နယ်ပယ်တွင် ၎င်းကို အောင်မြင်အောင် မပြုလုပ်နိုင်ခဲ့ပေ၊ သတ္တမအဆင့် (သို့) အဌမအဆင့်အထိ ရောက်ရှိရန် လိုအပ်ပြီး၊ ဖြည်းဖြည်းချင်း ပေါင်းစပ်မှသာလျှင် ထိုနည်းစနစ်ကို ရရှိမည် ဖြစ်သည်။
“ ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို အဆင့်၆နယ်ပယ်မှာ ဖွဲ့စည်းနိုင်ခဲ့တာလား။ ဒီလိုပါရမီရှင်မျိုးက ကြယ်ပြာဂြိုဟ်ပေါ်မှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ “
ယဲ့ဟုန်၏ မျက်လုံးများ ဆက်တိုက်လှုပ်ရှားသွားတော့သည်၊ ရုတ်တရက်ဆိုသလိုပင် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည် “ ဒီကလေး ………… သူက ငါ့ရဲ့ ရုပ်သေးကျွန်လုပ်ဖို့အတွက် အပြီးပြည့်စုံဆုံးပဲ “
“ တကယ်လို့ ငါကသာ ဒီကလေးကို ဖမ်းနိုင်ခဲ့ပြီးတော့ သူနဲ့ ရှေးဦးဖရိုဖရဲအဆင့် ပစ္စည်းကို သန့်စင်နိုင်ခဲ့မယ်ဆိုရင်၊ သူက ငါ့အတွက် ထူးခြားတဲ့ တိုက်ခိုက်ရေး စွမ်းအားဖြစ်လာလိမ့်မယ် ”
“ အဲ့အချိန်ကျရင် မျိုးနွယ်စုထဲမှာ ရှိတဲ့ ငါ့ရဲ့ အဆင့်အတန်းကလည်း သိသိသာသာကြီး တိုးတက်လာမှာ သေချာတယ် “
ယဲ့ဟုန်သည် ပိုတွေးလေလေ၊ ၎င်းက ပို၍ဖြစ်နိုင်ခြေရှိလေလေဟု ခံစားသွားခဲ့ရသည်။
ရုပ်သေးကျွန်အဖြစ် သန့်စင်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ပြိုင်ဘက်၏ အရာအားလုံးသည် သူ၏ ကိုယ်ပိုင်စွမ်းအား ဖြစ်သွားမည်ဖြစ်ပြီး၊ ၎င်းတို့ထဲတွင် ဒြပ်စင်ငါးပါး နတ်နည်းစနစ်မှာလည်း ပါဝင်နေမည်ဖြစ်ပြီး၊ ၎င်းအား သူ၏အရန်အင်အားတစ်ခုအဖြစ် သတ်မှတ်၍ရပေသည်။
“ ဒါပင်မဲ့ အခုကတော့ သူ့ကို မြန်မြန်ဆန်ဆန် ဖြေရှင်းမှ ဖြစ်မယ်၊ အပြင်ကကောင်တွေက အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး “
ထိုအတွေးနှင့်အတူ ယဲ့ဟုန်သည် မည်သည့်အရာကိုမှ ထိန်ချန်မထားတော့ဘဲ၊ ဂါထာများ ရွတ်ဆိုနေတော့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ယဲ့ဟုန်၏နောက်ဘက်တွင် နက်မှောင်နေသည့် အနက်ရောင် လခြမ်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
“ ဗွီ “
အနက်ရောင် လခြမ်းမှ လှိုင်းတစ်ခု ထုတ်လွှတ်လာခဲ့ပြီး၊ ၎င်းနှင့်အတူ အနက်ရောင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ၎င်းသည် ရှုကျိုးဆီသို့ တိုက်ရိုက်ပြေးဝင်လာခဲ့သည်။
“ ဘုမ်းးးးး “
အမြှောက်ဆံနှင့် ထိတွေ့သွားသကဲ့သို့ ရှုကျိုး၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်သွားခဲ့သည်။
ဝုန်းဟူသော အသံနှင့်အတူ သူသည် မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားပြီး၊ ကြီးမားသော တွင်းပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။
“ အဲ့တာက ………. “
ရှုကျိုး၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ အန္တရာယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။
အနက်ရောင် လခြမ်းသည် ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဝိညာဥ်တိုက်ခိုက်မှုကို သယ်ဆောင်ထားပြီး၊ ယခင်က အမှောင်ဝိညာဥ် ရေခဲဆူးထပ် ဆယ်ဆပိုမိုသာလွန်သည့် စွမ်းအားကို ထုတ်လွှတ်ခဲ့သောကြောင့် ရှုကျိုးကပင် လုံးဝအိပ်ပျော်လုနီးပါးအထိ ဖြစ်သွားခဲ့ရသည်။
“ ပြီးသွားပြီ “
ယဲ့ဟုန်၏ မျက်လုံးများ အေးစက်နေခဲ့ကာ သူ၏လက်ကို ထပ်မြှောက်လာပြန်သည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင် လခြမ်းသည် ထပ်မံ၍ တုန်ခါသွားခဲ့သည်၊ သို့သော် မည်သည့်အလင်းတန်းကို မထုတ်လွှတ်လာခဲ့ပေ၊ ၎င်းမှာ အားဖြည့်နေပုံရသည်။
၎င်းမှာ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစု၏ ပွဲသိမ်းတိုက်ကွက်/ သတ်ဖြတ်ခြင်း တိုက်ကွက်ဖြစ်သည့် ပုံရိပ်ယောင် လမင်းဖြစ်သည်။
ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်တိုင်းက အဆိုပါ နည်းစနစ်ကို ကျွမ်းကျင်တတ်မြောက်ထားကြသည်။
သူတို့ မွေးဖွားလာခဲ့သည့် အချိန်မှစ၍ သူတို့သည် သူတို့၏ သွေးမျိုးဆက်မှတစ်ဆင့် လအသစ်ကို အမွေဆက်ခံရရှိကြမည် ဖြစ်သည်။
ထို့နောက်တွင် ဘဝတစ်လျှောက်လုံး ကျင့်ကြံရင်းဖြင့် အဆိုပါ အနက်ရောင်လကို အားဖြည့်ပျိုးထောင်ရမည် ဖြစ်သည်။
အဆိုပါ လအသစ်က ပြီးပြည့်စုံသွားသည့် အချိန်တွင် ၎င်းသည် နဝမအဆင့်ထပ် ကျော်လွန်သည့် စွမ်းအားကို ထုတ်လွှတ်နိုင်ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကိုပင် ဖျက်စီးပစ်နိုင်ပေသည်။
အဆိုပါ သွေးမျိုးဆက် အမွေဆက်ခံမှုကြောင့်သာလျှင် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုသည် အမှောင်နယ်မြေတွင် အခြေမပျက်သွားဘဲ အချိန်အတော်ကြာ ရပ်တည်နေနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပုံရိပ်ယောင် လမင်းကသာ မပျောက်ကွယ်သွားသရွေ့ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုသည် နဝမအဆင့် ပညာရှင်များကို အဆက်မပြတ် မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
ယဲ့ဟုန်သည် အဆိုပါ လကို တစ်ဝက်တိတိ လခြမ်းအဖြစ်သို့ ရောက်ရှိသည်အထိ ကျင့်ကြံထားခဲ့ပြီးပြီ ဖြစ်သည်။
၎င်းသည် သတ္တမအဆင့်နယ်ပယ်၏ စွမ်းအားကို ထုတ်လွှတ်နေနိုင်ပြီ ဖြစ်သည်။
“ ဗွီ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင် လခြမ်းသည် ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့ပြီး၊ ထူထဲသိပ်သည်းသည့် အနက်ရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
အနက်ရောင် အလင်းတန်း ပေါ်ထွက်လာမှုကြောင့် ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားခဲ့ပြီး၊ အဆိုပါ အလင်းတန်း၏ စွမ်းအားကြောင့် ပြိုကွဲသွားတော့မည့်အလား ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အဆိုပါ စွမ်းအားကို ခံစားမိသွားသည့် ရှုကျိုးမှာလည်း မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
“ ပုံရိပ်ယောင် လမင်းဆိုတာက ဒီဟာပေါ့ “
“ ကြည့်ရတာတော့ ထပ်ပြီးတော့ ထိန်ချန်ထားနေဖို့ မလိုတော့တဲ့ပုံပဲ “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ စည်းတံဆိပ်များ ရေးဆွဲလိုက်သည်။
ရွှေရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ကောင်းကင်ဘုံပေါ်သို့ ခုန်တက်လာသည့် နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံသို့ ထောင်တက်လာခဲ့သည်။
ထို့နောက်တွင် ၎င်းသည် နဂါးစွမ်းအင်တို့ဖြင့် ဝိုင်းရံနေသည့် ဧရာမ စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သန့်စင်သော အလင်းတန်းကို ထုတ်လွှတ်ကာ မြင့်မြတ်သော ဘုန်းတန်ခိုးကို ဖြန့်ကျက်လာခဲ့သည်။
၎င်းသာလျှင် မဟုတ်ဘဲ၊ ဓားအလင်းတန်းတစ်ခုမှာလည်း ရှုကျိုး၏ လက်အတွင်းမှ ပေါ်ထွက်လာခဲ့ပြီး၊ ရွှေရောင် စည်းတံဆိပ်နှင့် ပေါင်းစည်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်းသည် မြေပြင်ပေါ်မှ တိုးထွက်လာခဲ့ပြီး၊ မီတာထောင်နှင့်ချီ၍ မြင့်မားသည့် ပလက်တီနမ် ဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ဇွီ “
ကြီးမားသော ရွှေရောင်ပုံရိပ်တစ်ခုမှာ တင်ပျဥခွေထိုင်နေလျက်ရှိပြီး၊ ၎င်း၏ ရွှေရောင်အလင်းတန်းမှာလည်း တလက်လက် တောက်ပနေခဲ့ကာ၊ အရာအားလုံးကို စီရင်နေသကဲ့သို့ အဆုံးမဲ့ ဘုန်းတန်ခိုးများကို ထုတ်လွှင့်နေခဲ့သည်။
ရွှေရောင်ပုံရိပ်မှ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လာခဲ့ရာ၊ ပလက်တီနမ်ဓားသည် အရှေ့သို့ ပစ်ခွင်းလာခဲ့ကာ လခြမ်းကို ဓားချက်တစ်ချက်တည်းဖြင့် ချက်ချင်းနှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။
“ ခရက် “
အနက်ရောင် လခြမ်းမှာ ချက်ချင်းပေါက်ကွဲသွားပြီး၊ ၎င်း၏ အလင်းတန်းမှာလည်း မှိန်ဖျော့သွားခဲ့သည်။
ယဲ့ဟုန်၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ဖြစ်တည်လာခဲ့ပြီး၊ သူသည် စည်းတံဆိပ်များကို အလောတကြီး ရေးဆွဲလိုက်သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ခန္ဓာကိုယ်သည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။
“ အဲ့တာက လူသားဧကရာဇ် စည်းတံဆိပ် …….. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက လူသားဧကရာဇ်ရဲ့ အမွေဆက်ခံသူလား “
“ ချီးပဲ၊ ဒီကိစ္စကို ဘုန်းတော်ကြီးတွေဆီ သတင်းပို့မှ ဖြစ်မယ် “
ယဲ့ဟုန်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်၊ ပုံရိပ်ယောင် လမင်းဖျက်စီးခံလိုက်ရခြင်းသည် သူ့ကိုပါ ရိုက်ခတ်သွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူသည် အဆိုပါ ဘေးထွက်ဆိုးကျိုးကို ဂရုမစိုက်အားသေးဘဲ စည်းတံဆိပ်များကိုသာ ဆက်တိုက်ရေးဆွဲနေခဲ့သည်။
“ ဘုမ်းး ဘုမ်းး ဘုမ်းး …… “
သူ၏အရှိန်အဝါ မြင့်တက်လာခဲ့ပြီး၊ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့ရာ၊ ပလက်တီနမ်ဓားကို အနောက်သို့ လွင့်ထွက်သွားစေခဲ့သည်။
“ ဟမ့် “
ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ သူ၏စိတ်ဖြင့် စေခိုင်းလိုက်ရာ၊ ပလက်တီနမ်ဓားသည် လူသားဧကရာဇ် စည်းတံဆိပ်အဖြစ် ပြန်ပြောင်းသွားခဲ့သည်။
လူသားဧကရာဇ် စည်းတံဆိပ်သည် တလက်လက် တောက်ပနေခဲ့ကာ ယဲ့ဟုန်ကို ဖိနှိပ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ယဲ့ဟုန်သည် ကြီးမားသော ဖိနှိပ်မှုကို ခံစားလိုက်ရပြီး၊ လှုပ်ရှားမှုများပင် ရပ်တန့်လုမတတ် ဖြစ်သွားခဲ့သည်။
ဤလူသားဧကရာဇ် စည်းတံဆိပ်သည် အမှောင်နယ်မြေမှ သက်ရှိများကို ဖိနှိပ်ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပြီး၊ အမှောင်နယ်မြေ၏ ပညာရှင်များကို ကြီးကြီးမားမား ဖိနှိပ်နိုင်ပေသည်၊ အထူးသဖြင့် နယ်ပယ်တူမှ လူများကိုဖြစ်ပြီး၊ ထိုလူများအပေါ်တွင် ရှိနေသည့် ဖိနှိပ်မှုသည် ကြောက်ခမမ်းလိလိ အားကောင်းနေခဲ့သည်။
ထို့ကြောင့်ပင် ၎င်းကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် အမှောင်နယ်မြေ၏ အဆင့်မြင့် ပညာရှင်များကိုပါ အထိတ်တလန့် ဖြစ်သွားစေနိုင်ပြီး၊ နဝမအဆင့် ပညာရှင်များကပင် ရှုကျိုးကို သတ်ဖြတ်ရန် လှုပ်ရှားလာနိုင်ပေသည်။
ထို့ကြောင့် ရှုကျိုးသည် ၎င်းကို အလွယ်တကူ ထုတ်မပြခဲ့ပေ၊ ဤလျှို့ဝှက်ရတနာ၏ ဟင်းလင်းပြင်က လုံခြုံစိတ်ချရသည်ဟု ခံစားရသောကြောင့်သာ ထုတ်ပြခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် ရှုကျိုးမှ လူသားဧကရာဇ် စည်းတံဆိပ်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ထားသောကြောင့်၊ ယဲ့ဟုန်၏ မျက်နှာ ဖြူဖျော့သွားခဲ့ပြီး၊ အဆက်မပြတ် သွေးချောင်းဆိုးနေတော့သည်။
အကယ်၍ တစ်ခြားသော သာမန်အမှောင်နယ်မြေ ကျင့်ကြံသူတစ်ဦးသာဆိုပါက၊ သူသည် နေရာမှာပင် သေချာပေါက် ဖိနှိပ်ခံလိုက်ရမည် ဖြစ်သည်။
သို့ရာ၌ အမှောင်နယ်မြေ တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည့် ယဲ့ဟုန်ထံတွင် များပြားသော အသက်ကယ် နည်းလမ်းများ ရှိနေခဲ့သည်။ ဤအချိန်၌ သူသည် များပြားသော အဆောင်များကို ပစ်လွှတ်လာခဲ့ပြီး၊ အနက်ရောင် ကြာပန်းများကို ဖန်တီးလိုက်သည်။
အမှောင်ည နှင်းကြာပန်း အဆောင်
အဆိုပါ ကြာပန်းများသည် သူ့ကို ဖုံးလွှမ်းသွားခဲ့ပြီး၊ အကာအရံ အလွှာများကဲ့သို့ ဖြစ်တည်လာခဲ့ကာ သူ့ကို အခိုင်အမာ ကာကွယ်နေတော့သည်။
ထို့နောက်၌ ခရမ်းနီရောင် အဆောင်တစ်ခုသည် ယဲ့ဟုန်၏ လက်ထဲတွင် ပေါ်လာခဲ့ပြီး၊ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ၎င်းကို ချေမွလိုက်သည်။
“ ဘုမ်းးးး “
သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် ချက်ချင်း ဆုတ်ဖြဲခံလိုက်ရကာ အက်ကြောင်းများ ထလာခဲ့သည်။
၎င်းက ဤလျှို့ဝှက် ရတနာ၏ လျှို့ဝှက်ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်သည့် တန်ဖိုးကြီး အဆောင်ဆိုသည်မှာ သိသာထင်ရှားနေခဲ့သည်၊ အဌမအဆင့် ပညာရှင်တစ်ဦးကပင် ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်း၏ ဟင်းလင်းပြင်ကို အလွယ်တကူ ဆုတ်ဖြဲနိုင်လိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်းဟု အခေါ်ခံရမည် မဟုတ်ပေ။
ဤအချိန်၌ ယဲ့ဟုန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ အရှေ့သို့ တက်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းမှတစ်ဆင့် ထွက်သွားရန် ပြင်လိုက်သည်။
“ ဟမ့် “
ထိုစဥ် အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ရှုကျိုး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမှတ် လည်ပတ်မှုသည် လျင်မြန်စွာ အသက်ဝင်လာခဲ့သည်။
အချိန်ရပ်တန့်ခြင်း
ရှုကျိုးက အဆိုပါ စွမ်းရည်ကို အသုံးမပြုခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် သူသည် သေခြင်းရှင်ခြင်း အကြပ်အတည်းများကို မကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
ယခုလက်ရှိ အချိန်မှာ သေခြင်းရှင်ခြင်း အကြပ်အတည်း မဟုတ်သော်လည်း ရှုကျိုးသည် ယဲ့ဟုန်လွတ်မြောက်သွားပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ကောင်းစွာနားလည်နေခဲ့သည်။
ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အချိန်ရပ်တန့်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်။
ချက်ချင်းဆိုသလိုပင် ယဲ့ဟုန်၏ လှုပ်ရှားနေသည့် ခြေလှမ်းမှာ အေးခဲရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။
ရှုကျိုးမှ ၎င်းကို အခွင့်ကောင်းယူကာ ကောင်းကင်ထိန်းချုပ် ဆေဘာကို ထုတ်လွှတ်လိုက်သည်၊ ငါးရောင်ခြယ်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ ထိုးဖောက်သွားတော့သည်။
“ ဘမ်းးး “
ယဲ့ဟုန်၏ အပြုံးမှာ အေးခဲတောင့်တင်းသွားခဲ့သည်၊ သူ၏ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားပြီး၊ ဦးခေါင်းမဲ့ အလောင်းတစ်လောင်းသည် လျှို့ဝှက်ရတနာ ဟင်းလင်းပြင်၏ မြေပြင်ပေါ်သို့ ပြိုလဲကျဆင်းလာခဲ့သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 548 )
သတ္တမအဆင့် ဆေးလုံး၊ ကြီးမားသော ရိတ်သိမ်းမှု
“ အမှောင်နယ်မြေ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဆိုတဲ့ နာမည်နဲ့ တကယ်ကြီးကို ထိုက်တန်တယ်၊ သူတို့မှာ နည်းလမ်းအများကြီး ရှိနေပြီးတော့ အဲ့တာတွေက တကယ်ကို ပြဿနာများတယ် “
ရှုကျိုးသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
သူသည် သူ့အရှေ့ရှိ ဦးခေါင်းမဲ့နေသော အလောင်းကို ကြည့်ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ဤတိုက်ပွဲတွင် သူသည် သူ၏ဝှက်ဖဲအားလုံးကို အသုံးပြုခဲ့ရသည်၊ အကယ်၍ အချိန်ရပ်တန့်ခြင်း စွမ်းရည်က လုံလုံလောက်လောက် အားကောင်းမနေခဲ့ဘူးဆိုပါက ယဲ့ဟုန်သည် အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားနိုင်ပေသည်။
ဤတိုက်ပွဲပြီးဆုံးသွားခဲ့သည့်နောက်တွင် ရှုကျိုးသည် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစု၏ နည်းလမ်းများကို အမှန်တကယ် နားလည်သွားခဲ့သည်။
အထူးသဖြင့် ပုံရိပ်ယောင် လမင်းဟူသည့် တိုက်ကွက်ဖြစ်ပြီး၊ သတ္တမအဆင့် ပညာရှင်တစ်ဦးကပင် ၎င်းကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
ရှုကျိုးကပင် ပြိုင်ဘက်ကို ဖိနှိပ်နေနိုင်သည့် လူသားဧကရာဇ် စည်းတံဆိပ် ရှိနေသောကြောင့်သာလျှင် ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ရလဒ်မှာ သူတွေးထင်ထားသည့်အတိုင်း ကောင်းမွန်နေခဲ့သည်။
“ အမှောင်နယ်မြေ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဆီမှာ ပစ္စည်းကောင်းလေးတွေ ရှိနေသင့်တယ်လေ၊ ဟုတ်တယ်မလား “
ရှုကျိုးသည် လက်ကို ဆန့်ထုတ်၍ ယဲ့ဟုန်၏အလောင်းကို သူ့ဆီသို့ ပျံသန်းလာစေခဲ့ပြီး၊ အလောင်းကို လှုပ်ခါ၍ ပစ္စည်းများကို ထုတ်ယူနေတော့သည်။
ပထမဦးအနေဖြင့် ရှုကျိုးမြင်ခဲ့ဖူးသည့် အမှောင်ဝိညာဥ် ရေခဲဆူး ထွက်ကျလာခဲ့ပြီး၊ ၎င်း၏နောက်တွင် အဆောင်အနည်းငယ်နှင့် အိတ်ကဲ့သို့သော အရာဝတ္ထုတစ်ခုပါ ပြုတ်ကျလာခဲ့သည်။
“ အဲ့တာက …… “
ရှုကျိုးမှ အိတ်ကို ဖွင့်ကြည့်လိုက်ရာ ဟင်းလင်းပြင် စွမ်းအင် အတက်အကျလှိုင်းများကို ချက်ချင်း အာရုံခံမိသွားခဲ့သည်။
စိတ်စွမ်းအားဖြင့် စူးစမ်းလေ့လာသည်နှင့်အမျှ သူ၏အမူအရာမှာ ဆက်တိုက် ပြောင်းလဲသွားခဲ့သည်၊ သူသည် ဤအိတ်ထဲတွင် ကုဗမီတာ ၁၀၀ရှိသော ဟင်းလင်းပြင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။
“ သိုလှောင်အိတ်လား “
ရှုကျိုး၏ မျက်နှာပေါ်တွင် စပ်စုလိုသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်၊ ကြည့်ရတာတော့ အမှောင်နယ်မြေရဲ့ ဟင်းလင်းပြင် အသုံးချနိုင်စွမ်းက အဆင့်တစ်ဆင့်အထိ ရောက်သွားပုံပဲ။
ဤကဲ့သို့သော သိုလှောင်အိတ်များက ကမ္ဘာ့ကြယ်(သို့) ကြယ်ပြာဂြိုဟ်နှစ်ခုစလုံးအပေါ်တွင် များများစားစား ရှိမနေဘူးဆိုသည်ကို သိထားရမည် ဖြစ်သည်။
အမှောင်နယ်မြေက ကမ္ဘာနှစ်ခု၏အတားအဆီးကို ချိုးဖျက်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် သူတို့၏ ဟင်းလင်းပြင် အသုံးချနိုင်စွမ်းက မထင်မှတ်ထားသော အမြင့်တစ်နေရာအထိ ရောက်ရှိနေပြီဆိုသည်မှာ သိသာလွန်းလှသည်။
မကြာခင် အချိန်မှာပင် ရှုကျိုးသည် သိုလှောင်အိတ်ထဲတွင် ရှိနေသည့် လက်နက်အများအပြားကို ရှာတွေ့သွားခဲ့သည်။
ဓားများနှင့် ဓားတိုများ စသည်ဖြင့် မျိုးစုံပါဝင်နေခဲ့သည်။
အဆိုပါ လက်နက်များအနက် ဒြပ်စင်ငါးပါး အစီအရင်အလံနှင့် တူညီသည့် တစ်စုံတစ်ခု ရှိနေခဲ့သည်၊ သို့သော် ရှုကျိုး၏ အာရုံကို ဆွဲဆောင်နေသည့် အရာမှာ အဆိုပါ အစီအရင်အလံ မဟုတ်ဘဲ ၎င်း၏ အလယ်ဗဟိုတွင် ရှိနေသည့် အနက်ရောင် မီးတောက်သာ ဖြစ်နေခဲ့သည်။
“ ဒီမီးတောက်က ………. အမှောင်ဝိညာဥ် ရေခဲဆူးနဲ့ ဇစ်မြစ်နဲ့ တူနေတဲ့ပုံပဲ “
ထိုအချိန်၌ ရှုကျိုးသည် ၎င်းက အနက်ရောင် ပင်လယ်မီးတောက်ဆိုသည်ကို မသိခဲ့ပေ၊ အမှောင်ဝိညာဥ် ရေခဲဆူးသည် အဆိုပါ မီးတောက်ထံမှ သန့်စင်ထားခဲ့ခြင်း ဖြစ်သည်။
အမှောင်ဝိညာဥ် ရေခဲဆူးသည် စိတ်ကို ညှို့ငင်နေနိုင်ပြီး၊ အနက်ရောင် ပင်လယ်မီးတောက်၏ အကျိုးသက်ရောက်မှုထပ်ပင် ပိုမိုအားကောင်းသွားစေခဲ့သည်။
တစ်ချက်မျှ ဖျတ်ခနဲကြည့်လိုက်ရုံဖြင့် ရှုကျိုးသည် အမြင်အာရုံ ဝေဝါးသွားကာ သူ့ကို ပိတ်လှောင်လုနီးပါး ဖြစ်သွားခဲ့သည်။
၎င်းမှာ အဆိုပါ မီးတောက်က အစီအရင်အလံနှင့် ဖိနှိပ်ခံထားရသောကြောင့် ဖြစ်ပြီး၊ ၎င်း၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်မည်ဆိုပါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေမည် ဖြစ်သည်။
“ ဒီမီးတောက်က သာမန်ပစ္စည်း မဟုတ်ဘူး၊ စိတ်ကို ဝေဝါးသွားစေတဲ့ အကျိုးသက်ရောက်မှုက အဆင့်၈ ပညာရှင်တွေကိုတောင် နှောင့်ယှက်နိုင်လောက်တယ် “
ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် မကြာခင် အချိန်မှာပင် သူသည် ထပ်မံ၍ အံ့ဩသွားခဲ့ရသည်။
“ ဒါ … ဒါက …. အဆင့်၇ ဆေးလုံးလား “
လက်နက်များ၏ ဘေးဘက်တွင် ကောင်းကင်ဘုံ ပစ္စည်းများနှင့် ကမ္ဘာမြေ ရတနာများ ရှိနေခဲ့ပြီး၊ ၎င်းတို့၏ ဘေးဘက်တွင် အဖိုးတန် ဆေးလုံးများ ပုံနေလျက်ရှိသည်။
ရှုကျိုးသည် ၎င်းတို့အနက် ပုလင်းတစ်ချို့က ဆဌမအဆင့်ထပ် ကျော်လွန်နေသည်ကို တစ်ချက်မျှကြည့်ရုံဖြင့် မြင်တွေ့နေခဲ့ရသည်။
ကျန်ရှိနေသည့်အရာများမှာ ဆဌမအဆင့် ဆေးလုံးများ ဖြစ်နေခဲ့သည်။
“ အဆင့်၆ ဆေးလုံး ဆယ်လုံးကျော်နဲ့ အဆင့်၇ ဆေးလုံးငါးလုံး “ ရှုကျိုးသည် ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်က တကယ်ကြီးကို ချမ်းသာတာပဲဟ
ဆဌမအဆင့် ဆေးလုံးများဖြင့်ပင် တန်ဖိုးက အလွန်တရာ ကြီးမားနေခဲ့ပြီ ဖြစ်ပြီး၊ သတ္တမအဆင့် ဆေးလုံးများ၏ တန်ဖိုးကမူ စိတ်ကူး၍မရနိုင်လောက်သည်အထိ မြင့်မားနေလိမ့်မည် ဖြစ်သည်။
စစ်ပွဲရမှတ်အရသာဆိုပါက ရှုကျိုးသည် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်၍ အမှတ်စုဆောင်းခဲ့မှသာလျှင် သတ္တမအဆင့် ဆေးလုံးအနည်းငယ်ကို လဲလှယ်ဝယ်ယူနိုင်မည် ဖြစ်သည်။
သို့သော် ယခုတွင်ကား အမှောင်နယ်မြေမှ တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးကို တိုက်ခိုက်ရုံဖြင့် သတ္တမအဆင့်ဆေးလုံး ငါးလုံးကို ရရှိခဲ့သည်။
အရေးအကြီးဆုံး အရာမှာ ပြိုင်ဘက်က ဆဌမအဆင့်သို့ ရောက်ခါစသာလျှင် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
“ သောက်ကျိုးနည်း သူဌေးတွေပဲကွာ “
ရှုကျိုးသည် အနက်ရောင် ပင်လယ်မီးတောက်နှင့် အဆိုပါ ဆေးလုံးများကို သူ၏ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ပြောင်းထည့်လိုက်သည်။
သိုလှောင်အိတ်သည် အမှောင်နယ်မြေမှ ပစ္စည်းဖြစ်သောကြောင့် သူသည် ၎င်းကို ယုံကြည်နေမည် မဟုတ်ပေ၊ ၎င်းတွင် ခြေရာခံ နည်းစနစ်တစ်ခုခု ပါရှိနေမည်လားဆိုသည်ကို မည်သူက သိနိုင်မည်နည်း
“ ဘမ်းးး “
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် သူလက်ဖြင့် အဆိုပါ သိုလှောင်အိတ်ကို ဖျက်စီးလိုက်သည်။
ထို့နောက်တွင် သူသည် အမှောင်ဝိညာဥ် ရေခဲဆူးနှင့် မြေပြင်ပေါ်သို့ ကျသွားသည့် အဆောင်များကို လိုက်ကောက်နေတော့သည်။
“ အခု ငါ့ဆီမှာ အနက်ရောင် မီးတောက် ရှိနေပြီဆိုတော့ အမှောင်ဝိညာဥ် ရေခဲဆူးကို မလိုတော့ဘူး။ နောက်မှ စစ်ဌာနဆီကို ရောင်းလိုက်လို့ရတယ် “
“ ဟမ်။ ဒီအဆောင်က ….. “
ရှုကျိုးသည် ခရမ်းနီရောင် အဆောင်တစ်ခုကို ကောက်ယူလိုက်သည်။
အဆိုပါ အဆောင်သည် ယဲ့ဟုန်က ဤရတနာ၏ ဟင်းလင်းပြင်ကို ဆုတ်ဖြဲရာတွင် အသုံးပြုခဲ့သည့် အဆောင်နှင့် အတိအကျ တူညီနေခဲ့သည်။
အဆောင်ပေါ်တွင် ချိုးဖျက်ဟူသော စာလုံးကို အမှောင်နယ်မြေ ဘာသာစကားဖြင့် ရေးထိုးထားခဲ့သည်။
၎င်းမှာ အတားအဆီး/ အချုပ်အနှောင်များ ချိုးဖျက်ခြင်းကို ကိုယ်စားပြုနေခဲ့သည်။
ယခုမှသာလျှင် ရှုကျိုးသည် အမှောင်နယ်မြေ၏ စာလုံးက ကမ္ဘာ့ကြယ်၏ စာလုံးနှင့် တူညီနေသည်ကို နားလည်သွားခဲ့သည်။ ကွဲပြားချက်များ ရှိနေခဲ့သော်လည်း မူရင်းဇစ်မြစ်က တူညီနေပုံရသည်။
“ ဒီအဆောင်က ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်းရဲ့ ပိတ်ဆို့မှုကိုတောင် ချိုးဖျက်နိုင်တယ်၊ ဒါက အဆင့်၉ ပညာရှင်ရဲ့ ပိတ်ဆို့မှုကိုတောင် ချိုးဖျက်နိုင်လောက်တယ်၊ တကယ့်ပစ္စည်းကောင်းလေးပဲ “
ရှုကျိုး၏ မျက်နှာပေါ်တွင် အပျော်လွန်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤခရမ်းနီရောင် အဆောင်မှာ တစ်ခုတည်းသာလျှင် ရှိနေခြင်း မဟုတ်ဘဲ သုံးခုတိတိ ရှိနေခဲ့သည်။
ဒီကောင် ယဲ့ဟုန်က သေပြီးသွားတာတောင်မှ လူသားတွေကို အကျိုးပြုနေခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ၊ သူက တကယ့် လူကောင်းလေးပဲကွ၊ ဟာဟားးး
ခရမ်းနီရောင် အဆောင်များအပြင် ပို့ဆောင်ရေး၊ ဖောက်ခွဲရေး၊ ခုခံရေး အဆောင်များ … စသည်ဖြင့် အဆောင်အမျိုးမျိုး ရှိနေခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ အတော်လေး အစွမ်းထက်နေခဲ့ပြီး၊ ခရမ်းနီရောင် အဆောင်ထပ် အနည်းငယ်မျှသာ နိမ့်ကျနေခဲ့သည်။
“ ဒီရိတ်သိမ်းမှုက ငါ့ရဲ့စွမ်းအားကို ၅၀%ကျော်အထိ တိုးတက်သွားစေနိုင်တယ် “
“ အဓိကအရာကတော့ ဒီခရမ်းနီရောင် အဆောင်တွေပဲ၊ အခုဆိုရင် ငါက အဆင့်၉ ပညာရှင်ရဲ့ ချုပ်နှောင်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ၊ ထွက်ပြေးဖို့ အခွင့်အရေး ရှိနေပြီ၊ ဒါပင်မဲ့ သုံးခုပဲ ရှိနေတာကတော့ တော်တော်ကြီးကို နှမြောဖို့ကောင်းတယ် “
မည်သို့ပင်ဆိုစေကာမူ ရှုကျိုးသည် ဤရိတ်သိမ်းမှုနှင့် ပတ်သက်ပြီး အတော်လေး စိတ်ကျေနပ်နေခဲ့သည်။
“ အပြင်ဘက်က တိုက်ပွဲကရော ဘယ်လိုဖြစ်နေပြီလဲ မသိဘူး၊ အမှောင်နယ်မြေ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တပ်မှူး မရှိဘူးဆိုတော့ ကမ္ဘာ့ကြယ်သားတွေက နည်းနည်းလေး ခေါင်းမီးတောက်နေပြီ “
ရှုကျိုးသည် သူ၏လက်ကို ဝေ့ရမ်းလိုက်ကာ၊ အဆိုပါ ရတနာအားလုံးကို သိမ်းဆည်းလိုက်ပြီး၊ ထို့နောက်တွင် သူ၏ပုံရိပ် လှုပ်ရှားသွားခဲ့ကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
…
အပြင်ဘက်၌
ရှုကျိုးထင်ထားခဲ့သည့်အတိုင်းပင် ယဲ့ဟုန်၏ ဦးဆောင်မှု မရှိသောကြောင့် ကမ္ဘာ့ကြယ် တပ်မသည် အင်အား နှစ်သောင်းငါးထောင် ပါဝင်သည့် ကြယ်ပြာဂြိုဟ် စစ်တပ်၏ ဖိနှိပ်မှုကို လျင်မြန်စွာ ခံလိုက်ရသည်။
သို့ရာ၌ ကမ္ဘာ့ကြယ် တပ်မသည် အပြင်းအထန် တိုက်ခိုက်နေစဲပင် ဖြစ်သည်။
ကမ္ဘာ့ကြယ် တပ်မ၏ ယာယီတပ်မှူးဖြစ်သူ ရန်ဝေ့သည် နီရဲနေသော မျက်လုံးများဖြင့် ကြယ်ပြာဂြိုဟ် တိုက်ခိုက်ရေး အစီအရင်ကို စိုက်ကြည့်နေခဲ့သည် “ အရှင်ယဲ့ဟုန် ထွက်လာတဲ့ အချိန်အထိ စောင့်နေလိုက်၊ မင်းတို့ ပုရွက်ဆိတ်တစ်အုပ်လုံး သေချင်းဆိုးနဲ့ သေသွားစေရမယ် “
………………………………………………………………………………………………………………………………………….
အပိုင်း ( 549 )
သတ္တမအဆင့် ဆေးလုံး၊ ကြီးမားသော ရိတ်သိမ်းမှု ၂
ဇွီ
ထိုအချိန်၌ ကောင်းကင်ထက်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်ထွက်လာခဲ့သည်။
ရန်ဝေ့၏ မျက်နှာသည် ပျော်ရွှင်မှုတို့ဖြင့် တောက်ပသွားခဲ့သည် “ အရှင်ယဲ့ဟုန်ထွက်လာတာပဲ ဖြစ်ရမယ် “
ကမ္ဘာ့ကြယ် တပ်မမှာလည်း လှုပ်ခါသွားခဲ့ပြီး၊ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် တော်တော်များများသည် မျှော်လင့်တကြီး ဖြစ်နေသော အမူအရာများဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လာခဲ့သည်။
ငယ်ရွယ်သော ပုံရိပ်တစ်ခုသည် ကောင်းကင်ထက်တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
“ ဘာကြီး “
“ ဘာလို့ သူဖြစ်နေရတာလဲ “
” အရှင်ယဲ့ဟုန်က ဘယ်မှာလဲ “
ငယ်ရွယ်သည့် အဆိုပါ ပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါတွင် ရန်ဝေ့၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ကမ္ဘာ့ကြယ်သား စစ်သည်တော် အယောက် တစ်သောင်းလုံးမှာလည်း စိတ်ပျက်အားလျော့သွားပုံရကာ စိတ်ဓာတ် လှုပ်သွားခဲ့သည်။
ကမ္ဘာ့ကြယ် သိုင်းပညာရှင်များဖြစ်သည့်အလျောက် သူတို့သည် ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်း လျှို့ဝှက်ရတနာကို သေချာပေါက် သိနေခဲ့သည်။
အဆိုပါ ရတနာအတွင်းသို့ ဆွဲခေါ်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် တစ်ဦးကသေဆုံးသွားမှ ကျန်လူတစ်ဦးက အပြင်သို့ ပြန်ထွက်လာနိုင်မည် ဖြစ်သည်။
ယခုတွင် ပေါ်ထွက်လာသည့် ရှုကျိုး၏ ပုံရိပ်သည် ယဲ့ဟုန်က ကျဆုံးသွားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တို့မှာ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလာကြသည်။
“ သတ် “
“ သတ် “
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် တပ်မဟာ ၂၃အထက်ရှိ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းလာခဲ့ပြီး၊ သူ၏လက်ကို မြှောက်ကာ ညွှန်ပြလိုက်သည် “ သူတို့အားလုံးကို သတ် “
“ သတ် “
ထို့နောက်၌ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ပေါ်ပေါက်လာခဲ့သည်။
…
သုံးမိနစ်အကြာတွင်
ကမ္ဘာ့ကြယ် တပ်မနှင့် အဆိုပါ အကြွင်းအကျန် တပ်ရင်းတို့မှာ လုံးဝသုတ်သင်ခံလိုက်ရသည်။
တိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် ရှုကျိုးသည် တပ်မဟာ ၂၃၏ စစ်သည်တော်တို့အား အောင်မြင်မှု အသီးအပွင့်များ စုဆောင်းရန် အမိန့်ပေးလိုက်ပြီး၊ ကျုံးချန်နှင့် ချင်ကျန်းဂျောင်တို့ကမူ တအံ့တဩ ဖြစ်နေသော အမူအရာများဖြင့် သူ့အနားသို့ ပျံသန်းလာခဲ့သည်။
“ တပ်မှူးရှု၊ မင်းက …… အမှောင်နယ်မြေ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို တကယ်ကြီး သတ်လိုက်တာလား “
ချင်ကျန်းဂျောင်မှ စကားစပြောလာခဲ့သည်။
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ သက်ပြင်းချနေတော့သည် “ အဲ့ဒီကောင်က ကမ္ဘာ့ကြယ် သိုင်းပညာရှင်တွေထပ် ပိုပြီးတော့ ပြဿနာများတယ်၊ တပ်မမှူးဝမ်က ကျွန်တော့်ကို ပေးတဲ့ ခံစားချက်ထပ် မနိမ့်တဲ့ ခံစားချက်မျိုးကို ခံစားခဲ့ရတယ် “
ကျုံးချန်နှင့် ချင်ကျန်းဂျောင်သည် မယုံကြည်နိုင် ဖြစ်သွားသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
“ ဆိုတော့ အခု မင်းဆီမှာ တပ်မမှူးနဲ့ တိုက်ခိုက်နိုင်မဲ့ ခွန်အားရှိနေပြီလား “ ကျုံးချန်မှ အခက်တွေ့နေသော လေသံမျိုးဖြင့် ပြောလာခဲ့သည်။
ရှုကျိုးမှ ပြန်ဖြေလိုက်သည် “ ဟုတ်၊ မဟုတ် သေချာဖို့အတွက်ကတော့ တကယ်တိုက်ကြည့်မှ သိမှာ “
ယခင်ကသာဆိုပါက သူသည် ယခုကဲ့သို့ ယုံကြည်ချက် ရှိနေလိမ့်မည် မဟုတ်ပေ၊ ရတနာများ ရရှိခဲ့ကာ သူ၏ခွန်အားက သိသိသာသာ မြင့်တက်လာခဲ့ပြီးသည့်နောက်၌ သူ့ထံတွင် ထိုကဲ့သို့သော ယုံကြည်မှုမျိုး ရရှိလာခဲ့သည်။
အကယ်၍ သူက ဝမ်ပေ့ဝမ်ကို အနိုင်မယူနိုင်ဘူးဆိုလျှင်တောင်မှ၊ သူသည် သာမန် နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်များကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။
ထိုစဥ် တပ်မ ၁၅၆၏ တပ်မမှူးဖြစ်သူ ဝူပေ့လျန် ပျံသန်းရောက်ရှိလာခဲ့ပြီး၊ သူ၏ကျေးဇူးတင်မှုကို ဖော်ပြလာခဲ့သည် “ ဒုဗိုလ်ချုပ်ရှု၊ ဒီတစ်ခေါက်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ “
ရှုကျိုးမှ ပြန်ပြောလိုက်သည် “ နယ်မြေ ၁၅ကို ကူညီပေးဖို့ ဒုက္ခခံပြီး ရောက်လာခဲ့တဲ့ ခင်ဗျားတို့ကိုသာ ကျွန်တော်က ကျေးဇူးတင်ရမှာပါဗျာ “
ဝူပေ့လျန်မှ ခေါင်းခါပြလာခဲ့သည် “ ခင်ဗျားသာမရှိဘူးဆိုရင် ကျုပ်တို့ တပ်မ ၁၅၆ တစ်ခုလုံးက အပြတ်ရှင်းခံလိုက်ရမှာကို ကျွန်တော်ကြောက်မိတယ် “
၎င်းကို ပြောဆိုနေရင်းဖြင့် သူသည် အထိတ်တလန့် ဖြစ်နေသေးသည်။ ယဲ့ဟုန်ထိန်းချုပ်ခဲ့သည့် ကမ္ဘာ့ကြယ် တပ်မမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့သည် “ အမှောင်နယ်မြေရဲ့ အဆင့်၆ ပညာရှင်ကတောင် ဒီလိုမျိုး စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ သူတို့ရဲ့ အဆင့်မြင့် ပညာရှင်တွေဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေမလဲ မသိဘူး “
ရှုကျိုး၏ အမူအရာမှာလည်း လေးနက်သွားခဲ့သည် “ အဲ့တာက တကယ်ကို စိတ်ပူဖို့ကောင်းတဲ့ ကိစ္စတစ်ခုပဲ “
ဤတိုက်ပွဲကြောင့် သူသည် အမှောင်နယ်မြေ တော်ဝင်မိသားစု၏ တကယ့်စွမ်းအားကို နားလည်သွားခဲ့သည်။
ထိုယဲ့ဟုန်သည် ဆဌမအဆင့်သို့ ရောက်ခါစသာ ရှိသေးသော်လည်း၊ သူ၏ စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ သူ၏ နည်းလမ်းမှာလည်း အဆုံးမဲ့ များပြားနေခဲ့သည်။
သို့ရာတွင် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုအတွင်းရှိ ယဲ့ဟုန်၏ အနေအထားမှာ သာမန်ဟု သတ်မှတ်ရမည်ဖြစ်ပြီး၊ သူ့ထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့်၊ အန္တရာယ်များသည့် တည်ရှိမှုများ ရှိနေသေးသည်။
၎င်းမှာ ဆဌမအဆင့်နယ်ပယ်အတွက်သာ ဖြစ်ပြီး၊ သတ္တမအဆင့်(သို့) အဌမအဆင့်များအတွက်ကား ………..
၎င်းမှာ တော်ဝင်မိသားစုသာလျှင် ဖြစ်သည်၊ ၎င်းထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ် မိသားစုများ ကျန်ရှိနေသေးသည်။
ဤအခိုက်အတန့်တွင် ရှုကျိုး၏ စိတ်နှလုံးသားမှာ ထပ်မံ၍ လေးလံသွားရပြန်သည်။
“ အဆင့်၁ကနေ အဆင့်၅ အထိ တည်ဆောက်ခဲ့တဲ့ ငါ့ရဲ့ အခြေခံအုတ်မြစ်က တစ်ခြားလူတွေထပ် လုံးဝအားမနည်းဘူး၊ သွေးကြောမှတ် လည်ပတ်မှုပဲဖြစ်ဖြစ်၊ ဒြပ်စင်ငါးပါး နတ်နည်းစနစ်ပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးက အမှောင်နယ်မြေမှာတောင် တော်တော်ကြီးကို ရှားနေတယ် “
ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ အဲ့ဒီယဲ့ဟုန်ရဲ့ အုတ်မြစ်က ငါ့ဟာနဲ့ မယှဥ်နိုင်ဘူး၊ ဒါပင်မဲ့ သူ့ရဲ့ ပုံရိပ်ယောင်လမင်း သွေးမျိုးဆက်နဲ့ ရတနာတွေပါ ပါလာပြီဆိုရင်တော့ ဒီကောင်က ပြဿနာကောင်ကြီး ဖြစ်လာခဲ့တယ် “
၎င်းအတွက် ရှုကျိုးသည် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားနေခဲ့ရသည်။
၎င်းမှာ ကမ္ဘာနှစ်ခုကြားမှ ကွာဟချက်ဖြစ်သည်။
အမှောင်နယ်မြေ တော်ဝင်မိသားစု၏ အခြေခံအုတ်မြစ်သည် ကြယ်ပြာဂြိုဟ်ထပ် များစွာ သန်မာအားကောင်းနေခဲ့သည်။
အကယ်၍ ယဲ့ဟုန်ကသာ တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက် မဟုတ်ဘူးဆိုပါက ရှုကျိုးသည် သူ့အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ ချေမွနိုင်မည် ဖြစ်သည်။
“ အင်မော်တယ် ရွှေအူတိုင်နယ်ပယ်ကို ရောက်ကိုရောက်မှ ဖြစ်မယ် “
ရှုကျိုး၏ အကြည်များ ခိုင်မာပြတ်သားသွားခဲ့သည်။
အင်မော်တယ် ရွှေအူတိုင်
ထိုအမြင့်သို့တက်ကာ ဆဌမအဆင့်နယ်ပယ်ကို အပြည့်အဝ သန့်စင်ထားမှသာလျှင် သူသည် သတ္တမအဆင့်သို့ အဆင့်ထိုးဖောက်ခဲ့ပြီးသည့်နောက်တွင် ပြိုင်ဘက်ကင်းအဖြစ် ဆက်လက်ရပ်တည်နိုင်မည် ဖြစ်သည်။
သူ့ထံတွင် တော်ဝင်မိသားစု၏ နောက်ခံမရှိသကဲ့သို့ ခိုင်မာသည့် အမွေအနှစ်လည်း မရှိပေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ နယ်ပယ်တစ်ခုချင်းစီတိုင်းကို အထွတ်အထိပ်အထိ တွန်းပို့ခြင်းပင် ဖြစ်သည်။
ထိုနည်းလမ်းနှင့်ဆိုပါက သူသည် တော်ဝင်မိသားစုဖြစ်စေ၊ ဧကရာဇ်မိသားစုပင် ဖြစ်စေ တစ်ခုပြီးတစ်ခု စိန်ခေါ် ဖိနှိပ်နိုင်မည် ဖြစ်သည်။
…
မိနစ်ပိုင်းမျှအကြာတွင်
စစ်သည်တော်အားလုံးသည် အကျိုးအမြတ်များကို သိမ်းဆည်းပြီးသွားပြီဖြစ်ပြီး၊ ရှုကျိုး၏ အရှေ့တွင် လျင်မြန်စွာ လူစုနေကြတော့သည်၊ ၎င်းတို့အနက် ဝူပေ့လျန်နှင့် တစ်ခြားသော ဒုတပ်မှူးများစွာ ပါဝင်နေခဲ့သည်။
ဤအချိန်၌ စစ်ဌာနမှာလည်း ညွှန်ကြားချက်အသစ်ကို ထုတ်ပြန်ကြေညာလာခဲ့သည် “ အကြပ်အတည်း ပြီးသွားပြီ၊ တပ်ဖွဲ့အားလုံး မူလလမ်းကြောင်းကို ပြန်သွားပြီးတော့ မူလအစီအစဥ်ကို ဆက်လုပ်ပါ “
ဝူပေ့လျန်သည် ရှုကျိုးကို ကြည့်ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ ခင်ဗျားတို့ တပ်မဟာ ၂၃က အကျိုးအမြတ်တွေ သေချာရအောင်လို့ ဒီတိုက်ပွဲအကြောင်းကို ကျုပ်က စစ်ဌာနဆီ အမှန်တိုင်း သတင်းပို့လိုက်ပါ့မယ် “
“ ဒီတစ်ခါ အသက်ကယ်ပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။ တကယ်လို့ နောင်အနာဂတ်မှာ ပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ရမယ်ဆိုရင်၊ ငါ့ကို ပြောလိုက်လို့ရပါတယ်။ ငါ့ရဲ့ ဆက်သွယ်ရမဲ့ အချက်အလက်တွေက ………… “
နံပတ်ကို လိုက်မှတ်ပြီးသည့်နောက်တွင် ရှုကျိုးသည် သူ့ကို ခေါင်းငြိမ့်ပြလိုက်သည် “ တပ်မမှူးဝူ၊ ဂရုစိုက်ပါ “
ဝူပေ့လျန်သည် စကားများများစားစား ပြောမနေတော့ဘဲ၊ နှုတ်ဆက်ခဲ့ပြီးသည့်နောက်တွင် တပ်မ ၁၅၆ကို ဦးဆောင်ကာ လှည့်ထွက်သွားတော့သည်။
ရှုကျိုးမှာလည်း သူ့နောက်ရှိ တပ်မဟာ ၂၃ကို ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ ချီတက်ရေးအစီအရင် ဖွဲ့ပြီးတော့ ရှေ့ဆက်တက်ကြမယ် “
“ ဟုတ် “
သူတို့သည် သူတို့၏ ပစ်မှတ်နေရာနှင့် မိုင်နှစ်ထောင်ကျော်မျှသာ ဝေးတော့သည်။
ရှုကျိုးသည် ဤတိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် ကမ္ဘာ့ကြယ် စစ်တပ် အများစုက ဆုတ်ခွာခဲ့ပြီးပြီဟု မှန်းဆမိနေခဲ့သည်။
တပ်ဖွဲ့ကြီးတစ်ခုခုကို ထပ်တွေ့ရန်မှာ အလွန်တရာ ခက်ခဲသွားပြီ ဖြစ်သည်။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ဤတိုက်ပွဲတွင် ရန်သူ တစ်သောင်းခုနစ်ထောင်ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး၊ ထိုလူများထဲတွင် အမှောင်နယ်မြေ တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ပင် ပါဝင်နေခဲ့သည်။
“ အမှောင်နယ်မြေ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် …… အဆင့်၆မှာပဲ ရှိနေသေးပင်မဲ့ အနိမ့်ဆုံးအနေနဲ့ အဆင့်၇ ပညာရှင်နဲ့တောင် ညီမျှတယ်၊ မဟုတ်ဘူး၊ အဆင့် ၈ ပညာရှင်လောက်မှ သင့်တော်မှာ “
ရှုကျိုးသည် ရေရွတ်ပြောဆိုနေခဲ့သည်။
သူသည် ယဲ့ဟုန်ကို သတ်ဖြတ်ရန်အတွက် ကြီးကြီးမားမား စွန့်စားခဲ့ရသည်၊ အကယ်၍ စစ်ဌာနက သင့်တော်သော အကျိုးအမြတ်များကို မပေးဘူးဆိုပါက တရားမျှတမှု မရှိရာရောက်သွားလိမ့်မည် ဖြစ်သည်။
…
ရှုကျိုးက တပ်မဟာ ၂၃ကို ဦးဆောင်ကာ ရှေ့ဆက်တက်နေသည့် အချိန်တွင်
ယဲ့ဟုန်၏ သေဆုံးမှုသတင်းမှာ ကမ္ဘာ့ကြယ်တစ်ခုလုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ကြယ် တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။
အမှောင်နယ်မြေ တော်ဝင်မိသားစုမှ တိုက်ရိုက်မျိုးဆက်တစ်ဦး၏ ကျဆုံးခန်းး
၎င်းမှာ နဝမအဆင့် ပညာရှင်တစ်ဦး၏ ကျဆုံးမှုထပ်ပင် ပိုမိုပြင်းထန် လေးနက်နေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကမ္ဘာ့ကြယ်တစ်ခုလုံး ကသောင်းကနင်းဖြစ်ကာ တုန်လှုပ်သွားခဲ့ရသည်။
ကမ္ဘာ့ကြယ်၊ အလယ်ပိုင်းဒေသ၊ နန်းတော်တစ်ခုအတွင်း၌
စားပွဲဝိုင်းရှိ ပုံရိပ်များသည် မျက်လုံးများ ဖွင့်ဟလာကြသည်၊ သို့သော် ဤနေရာရှိ လေထုမှာ ကြောက်မက်ဖွယ်ကောင်းလှသည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အဆုံးတွင် အက်ရှရှအသံကို ပိုင်ဆိုင်ထားသည့် မျက်လုံးသုံးလုံးဘုရင်မှ စတင်၍ စကားပြောဆိုလာခဲ့သည် “ ယဲ့ဟုန် သေသွားပြီ “
တစ်စုံတစ်ဦးမှ မာမာထန်ထန် မေးမြန်းလာခဲ့သည် “ ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်၈ ပညာရှင်တစ်ယောက်ယောက်က ဝင်ပါလာတာလား “
ထိုစကားလုံးများသည် အကယ်၍ အဌမအဆင့် ပညာရှင်တစ်ဦးဦးကသာ ဝင်မပါလာဘူးဆိုပါက ယဲ့ဟုန်မှာ ကျဆုံးသွားမည် မဟုတ်ဘဲ၊ သူ့ကိုယ်သူ ကယ်တင်နိုင်လိမ့်မည်ဟု မီးမောင်းထိုးပြနေခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်မှ ပြန်ပြောလာခဲ့သည် “ အဆင့်၈က လူတွေ ဝင်ပါလာတာကို မတွေ့ခဲ့ရဘူး “
“ ဒါဆိုရင် အဆင့်၇က လူက လှုပ်ရှားခဲ့တာလား “
မင်ကျိမှ စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ ယဲ့ဟုန်က အဆင့်၇ ပညာရှင်ကြောင့် ကျဆုံးသွားခဲ့တယ်ဆိုရင်၊ သူက ကံတရားနဲ့ သူ့ရဲ့ စွမ်းရည် မလုံလောက်တာကိုပဲ အပြစ်တင်ရလိမ့်မယ် “
စားပွဲဝိုင်းတွင် ရှိနေကြသည့် လူတိုင်းသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်နေကြတော့သည်။
အမှောင်နယ်မြေ တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးအနေဖြင့် သူသည် သတ္တမအဆင့် ပညာရှင်လက်ထဲမှ သူ့ကိုယ်သူ ကယ်တင်နိုင်သင့်ပေသည်၊ (သို့) တန်ပြန်သတ်ဖြတ်ခြင်းပင် ပြုလုပ်နိုင်သင့်ပေသည်။
ယဲ့ဟုန်က သတ္တမအဆင့် ပညာရှင်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းမှာ သူ၏ကံဆိုးမှုသာ သတ်မှတ်လိုက်ရမည် ဖြစ်သည်။
ထိုအချိန်တွင် ကမ္ဘာ့ကြယ် ခေါင်းဆောင်မှ လေးလေးနက်နက် စကားစပြောလာခဲ့သည် “ အဲ့တာက အဆင့်၇ ပညာရှင် မဟုတ်ဘူး၊ အဆင့်၆ နယ်ပယ်က အငယ်လေးတစ်ယောက်က လှုပ်ရှားခဲ့တာ “
“ ဘာဖြစ်တယ် “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် စားပွဲဝိုင်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
စက္ကန့်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင် မျက်လုံးသုံးလုံးဘုရင်သည် အံ့ဩတကြီး ဖြစ်နေသော အမူအရာဖြင့် စကားထပ်ပြောလာခဲ့သည် “ ယဲ့ဟုန်က ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တွေ ကြားမှာ အဆင့်၆နယ်ပယ်မှာပဲ ရှိနေသေးပင်မဲ့၊ သူက တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်နေတုန်းပဲလေ။ ကြယ်ပြာဂြိုဟ်က နယ်ပယ်တူ သိုင်းပညာရှင်တစ်ယောက်က ဘယ်လိုလုပ် သူ့ကို သတ်နိုင်မှာလဲ “
မင်ကျိမှာလည်း မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် စကားထပ်ပြောလာပြန်သည် “ အဲ့တာက မဖြစ်နိုင်ဘူး မဟုတ်ဘူးလား “
ကမ္ဘာ့ကြယ် ခေါင်းဆောင်မှ ပြန်ပြောလာခဲ့သည် “ ငါက အဲ့တိုက်ပွဲကို စောင့်ကြည့်နေခဲ့တာ၊ ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်၆နယ်ပယ်က သိုင်းပညာရှင်ဆိုတာ အမှန်ပဲ၊ ဘာမှ သံသယဝင်နေစရာ မလိုဘူး “
“ အဲ့တာဆိုရင်တော့ တစ်ခုခုဖြစ်နေပြီ “
မျက်လုံးသုံးလုံးဘုရင်မှ အက်ရှရှ အသံဖြင့် စကားထပ်ပြောလာပြန်သည် “ ကြယ်ပြာဂြိုဟ်မှာ အဲ့လိုပါရမီရှင်မျိုးက ဘယ်အချိန်တုန်းက ပေါ်လာခဲ့တာလဲ။ အဆင့်တူမှာ အမှောင်နယ်မြေက တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကိုတောင် ယှဥ်တိုက်နိုင်တာလား? သူက ဘယ်ယူနစ်ကလဲ “
မင်ကျိမှ စိုးရိမ်တကြီးပြောဆိုလာခဲ့သည် “ အရေးအကြီးဆုံး ကိစ္စက ဘုန်းတော်ကြီးကို ဘယ်လို ဖြေရှင်းချက် ပေးမလဲဆိုတာပဲ။ တိုက်ရိုက်မျိုးဆက်တွေထဲမှာ ယဲ့ဟုန်ရဲ့ အဆင့်အတန်းက သိပ်ပြီးတော့ မမြင့်ပင်မဲ့ သူက ဘုန်းတော်ကြီးရဲ့ မြေးလေ။ ဘုန်းတော်ကြီးရဲ့ ဒေါသက ငါတို့ တောင့်ခံနိုင်တဲ့ အရာမဟုတ်ဘူး “
ကမ္ဘာ့ကြယ် ခေါင်းဆောင်မှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် ” အဲ့လူကို ဖမ်းပြီးတော့ အမှောင်နယ်မြေကို ပို့လိုက် “
စားပွဲဝိုင်းရှိ လူတိုင်း၏ အမူအရာများ တင်းကြပ်သွားတော့သည်။
မျက်လုံးသုံးလုံးဘုရင်မှ လေးလေးပင်ပင် စကားပြောဆိုလာခဲ့သည် “ ဘယ်သူ့ကို လွှတ်မှာလဲ။ တကယ်လို့ အဆင့်၈နယ်ပယ်က တစ်ယောက်ယောက်က ဝင်ပါလိုက်မယ်ဆိုရင်၊ ကြယ်ပြာဂြိုဟ်က သေချာပေါက် သိသွားမှာပဲ၊ သူ့ကို ဖမ်းဖို့ဆိုတာက မဖြစ်နိုင်လောက်ဘူး “
ကမ္ဘာ့ကြယ် ခေါင်းဆောင်မှ အခိုင်အမာ ပြောဆိုလာခဲ့သည် “ မင်းတို့အားလုံး လှုပ်ရှားပြီးတော့ သူ့ကို ဖမ်းရမယ်။ ကြယ်ပြာဂြိုဟ်က လူလေးတစ်ယောက်အတွက်နဲ့ ငါတို့နဲ့ စစ်ပွဲကြီးစလာမှာ မဟုတ်ဘူး “