← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 12 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 12 Ch. 235-236

အပိုင်း(၂၃၅) အရိုးလှံပင့်ကူကြီး

လင်းယွမ် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဒီလူတွေ ကံဆိုးလွန်းသည်ဟု ဆိုရမည်။ ပင်လယ်ရေတက်ချိန်မှ ရွေးပြီး ဒီနေရာသို့ ရောက်လာကြသည်။

ခေတ္တမျှ တွေဝေနေပြီးနောက် လင်းယွမ် ကူညီရန် ဆုံးဖြတ်လိုက်သည်။

သူ့ခန္ဓာကိုယ် ရိပ်ခနဲလှုပ်ရှားသွားပြီး မြေကြီးထဲသို့ တိုးဝင်ကာ လျင်မြန်စွာ ထွက်ခွာသွားတော့၏။

စက္ကန့်ပိုင်းအကြာတွင် ထိုလူစုရှိရာ အနီးသို့ ရောက်ရှိသွားသည်။

သူ မြေကြီးထဲမှ ရုတ်တရက် တိုးထွက်လာလိုက်ပြီး ဘောင်းဘီရှည် အင်္ကျီလက်ရှည် ဝတ်ဆင်ထားကာ အကာအကွယ်ပစ္စည်းများ တပ်ဆင်ထားသည့် ခြေတံရှည် မိန်းမလှလေးတစ်ဦးကို ချက်ချင်း မြင်လိုက်ရသည်။ သူမသည် လက်ဝါးကို အသုံးပြုကာ ရေစီးကြောင်းများကို ထိန်းချုပ်ပြီး ရေမြှားများအသွင်ပြောင်းကာ ပစ်လွှတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် ခြေတံရှည်အမျိုးသမီးလှလေး၏ ခြေထောက်အောက်မှ မြေကြီးများ ပွင့်ဟသွားပြီး သန္ဓေပြောင်း ဂဏန်းတစ်ကောင် ရုတ်တရက် တိုးထွက်လာခဲ့သည်။

ထက်ရှသော ဓားသွားကြီးများအလား သံမဏိလက်မကြီးတစ်စုံက အမျိုးသမီး၏ ခြေတံရှည်သွယ်သွယ်လေးကို ညှပ်ဖြတ်ရန် ဟန်ပြင်လိုက်သည်။

ထိုအခိုက်အတန့်တွင် လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို ချက်ချင်း ထုတ်ဖော်လိုက်တော့၏။

"သတိထား"

သူ အော်ဟစ်သတိပေးလိုက်ပြီးနောက် ဝုန်းခနဲ အသံနှင့်အတူ ပတ်လည် ပေ ၁၀၀ ကျော်အကွာအဝေးအတွင်းရှိ စိတ်စွမ်းအင် နိမ့်ပါးသော သန္ဓေပြောင်း သားရဲငယ်လေးများ၏ ခေါင်းများ ပေါက်ကွဲထွက်ကုန်ကြသည်။

ရုတ်ခြည်းပင် ပတ်ဝန်းကျင်တစ်ခုလုံး ရှင်းလင်းသွားပြီး အနည်းငယ် အစွမ်းထက်သော သန္ဓေပြောင်း သားရဲအချို့သာ ကျန်ရစ်တော့သည်။ ၎င်းတို့သည်လည်း အရက်မူးနေသကဲ့သို့ ခေါင်းကို ယမ်းခါနေကြ၏။

လင်းယွမ်သည် ရမ်းကားစွာ အနီးသို့ တိုးမသွားဘဲ လှမ်းအော်လိုက်သည်။

"ငါ့နောက် လိုက်ခဲ့ကြ"

ထိုအစွမ်းပိုင်ရှင်များသည် အမောတကောဖြင့် အံ့သြဝမ်းသာ ဖြစ်သွားကြသည်။

"အမမန်... အဲဒီလူက ဘယ်သူလဲ"

"ဒီထိုက်ယန်တောင်ပေါ်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေတာပဲ"

"သူက ငါတို့ကို စေတနာနဲ့ ကူညီပေးတာဆိုတော့ လူဆိုးတော့ မဖြစ်နိုင်ဘူး... နောက်က လိုက်သွားရအောင်" အမမန်ဟုခေါ်သော ခြေတံရှည်အလှလေးက ချက်ချင်း အော်ပြောလိုက်သည်။

ကျန်လူများလည်း အသိဝင်လာပြီး လင်းယွမ်၏ နောက်သို့ အလျင်အမြန် လိုက်ပါကာ တောအုပ်ထဲသို့ ပြေးဝင်လာကြတော့သည်။

သစ်တောအုပ်က ထူထပ်လှပြီး လင်းယွမ်က ကျောက်တွင်းဧရိယာဘက်သို့ ဦးတည်သွားနေခြင်း ဖြစ်သည်။

လက်ရှိ လူဦးရေ ဒါဇင်နှင့်ချီသော ဤလူအုပ်ကြီးအတွက် ကျောက်တွင်းဧရိယာဘက်မှ တွင်းဟောင်းများကသာ နေရာလုံလောက်စွာ ပေးနိုင်မည် ဖြစ်သည်။

လမ်းတစ်လျှောက်လုံး လင်းယွမ်နှင့် ထိုလူများသည် နားလည်မှုရှိစွာဖြင့် စကားတစ်ခွန်းမျှ မပြောဖြစ်ကြပေ။

သူတို့သည် လင်းယွမ်၏ နောက်မှနေ၍ အသက်လုကာ ပြေးလွှားနေကြရသည်။

သာမန်လူများအဖို့ အစွမ်းပိုင်ရှင်များ၏ ခြေလှမ်းကို မီအောင်လိုက်ရန် ခက်ခဲလှသဖြင့် လူအချို့မှာ နောက်ကျကျန်ရစ်ခဲ့ကြသည်။

အမှောင်ထုဖုံးလွှမ်းနေသော သစ်တောထဲမှ ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း သားရဲများ ရုတ်တရက် ခုန်ထွက်လာပြီး လူတစ်ဦးကို ကိုက်ချီသွားတတ်သည်။

ဘေးနားရှိလူများမှာ ကြောက်လန့်တကြား အော်ဟစ်ကုန်ကြတော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် အစွမ်းပိုင်ရှင်တစ်ဦး ပြန်ရောက်လာပြီး အော်ဟစ်နေသူများ၏ ပါးစပ်ကို လှမ်းပိတ်ကာ တိုးတိုးလေး ဟန့်တားလိုက်သည်။

"မအော်နဲ့... အော်ရင် သန္ဓေပြောင်း သားရဲတွေ ပိုရောက်လာလိမ့်မယ်... မြန်မြန်သွား... သူ့ကို ဂရုမစိုက်နဲ့တော့"

ထိုအခါမှသာ ဘေးလူများမှာ ကြောက်လန့်တကြားဖြင့် ပါးစပ်ပိတ်သွားကြသည်။

အမမန်ဟု ခေါ်သော အမျိုးသမီးက လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။

"ကောက်လီ... ရှမင်... နင်တို့နှစ်ယောက် နောက်ကနေ လူအုပ်ကို ကာကွယ်ပေးလိုက်"

ခန္ဓာကိုယ် ကြီးမားထွားကျိုင်းသော အမျိုးသားတစ်ဦးက လူအုပ်နောက်ဆုံးသို့ ချက်ချင်း ပြေးသွားလိုက်သည်။

ရှမင်ဟုခေါ်သော လူငယ်လေးသည်လည်း အနောက်ဘက်သို့ အမြန်ပြေးသွားလေသည်။

ထိုနှစ်ယောက်အနက် ကောက်လီသည် သံတုတ်ကြီးတစ်ချောင်းကို ထမ်းထားပြီး ခွန်အားအစွမ်းပိုင်ရှင် ဖြစ်ပုံရသည်။

ရှမင်မှာမူ တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး သတ္တုဓာတ် သန္ဓေပြောင်းအစွမ်း တစ်မျိုး ဖြစ်ဟန်တူသည်။

ထိုနှစ်ယောက်က နောက်မှ ပိတ်ကာပေးထားသဖြင့် သာမန် အသက်ရှင်ကျန်ရစ်သူများမှာ သက်ပြင်းချနိုင်သွားကြပြီး အားလုံး အရှိန်မြှင့်ကာ လူအုပ်နောက်သို့ လိုက်ပါလာကြသည်။

လင်းယွမ်သည် ရှေ့မှနေ၍ ခေတ္တမျှ စောင့်ဆိုင်းပေးလိုက်သည်။ သူတို့ လူအုပ်ပြန်လည် စုစည်းမိသည်ကို မြင်မှ လမ်းဆက်ပြလိုက်သည်။

ဟန်ရှန်းမန်သည် ဘေးနားရှိ လယ်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို လှည့်ပြောလိုက်သည်။

"ဦးလေးကော... ဦးလေး လူအုပ်ကို ဦးဆောင်လိုက်ပါ"

ဦးလေးကောက ခေါင်းညိတ်ပြီး မှာကြားလိုက်သည်။

"သမီးဟန်... သတိထားနော်"

ဟန်ရှန်းမန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက် အရှိန်မြှင့်ကာ လင်းယွမ်၏ အနီးသို့ ပြေးလာခဲ့သည်။

လင်းယွမ်သည် နောက်မှ အမျိုးသမီး ကပ်ပါလာသည်ကို သတိထားမိသော်လည်း တစ်ချက်သာ လှည့်ကြည့်ပြီး မေးလိုက်သည်။

"လိုက်နိုင်ရဲ့လား"

ဟန်ရှန်းမန်က ခေါင်းအသာညိတ်ပြီး ဖြေသည်။

"ကျွန်မတို့ အဆင်ပြေပါတယ်... အသက်ကြီးတဲ့သူတချို့လောက်ပဲ နည်းနည်း ပြတ်ကျန်နေခဲ့တာ... ဒါပေမဲ့ သူတို့ကို စောင့်နေလို့မရတော့ဘူး"

"နာမည် ဘယ်လိုခေါ်လဲ" ဟန်ရှန်းမန်က မေးလိုက်သည်။

"လင်းယွမ်"

"လင်းယွမ်"

"ကိုလင်းယွမ်... တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်မက ဟန်ရှန်းမန်ပါ... စောစောက ကူညီပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ်... ကျွန်မတို့ကို ဘယ်ခေါ်သွားမလို့လဲဟင်"

လင်းယွမ်က မလှမ်းမကမ်းရှိ တောအုပ်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

"တောအုပ်ကို ကျော်လိုက်ရင် ဟိုဘက်မှာ ကျောက်တွင်းဧရိယာ ရှိတယ်... အဲဒီမှာ တွင်းဟောင်းတွေ အများကြီးပဲ... ငါ့လူတွေလည်း အဲဒီမှာရှိတယ်... မင်းတို့ ပင်လယ်ရေတက်တာကို ခဏလောက် ရှောင်ပုန်းလို့ရတယ်"

ဟန်ရှန်းမန်က မနေနိုင်ဘဲ မေးလိုက်သည်။

"ကျောက်တွင်းဧရိယာ... ဘယ်က ကျောက်တွင်းဧရိယာလဲ... ထိုက်ယန်တောင်ကို ကျွန်မ အခေါက်ခေါက်အခါခါ ရောက်ဖူးတယ်... ဘယ်တုန်းက ကျောက်တွင်းဧရိယာ ရှိသွားတာလဲ"

လင်းယွမ်က ပြန်ဖြေလိုက်သည်။

"ရောက်ရင် သိလိမ့်မယ်"

ဟန်ရှန်းမန်က ထပ်မေးရန် ပြင်လိုက်စဉ် လင်းယွမ်က ရုတ်တရက် ခုန်အုပ်လိုက်ပြီး သူမကို ဖက်ကာ လှဲချလိုက်တော့သည်။

ဟန်ရှန်းမန် လွန်စွာ ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် သူမ လက်မပါနိုင်ခင်မှာပင် လင်းယွမ်က လေသံတိုးတိုးဖြင့် အော်ပြောလိုက်၏။

"အားလုံး ဝပ်နေကြ"

ဟန်ရှန်းမန် ကြောင်အသွားသည်။ ထို့နောက် ချက်ချင်းပင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထသွားတော့သည်။

သူမ ဘာမှ ဆက်မတွေးနိုင်တော့ဘဲ နောက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။

"လူစုခွဲပြီး ဝပ်နေကြ"

အစွမ်းပိုင်ရှင်များမှာ တုံ့ပြန်မှု လွန်စွာ မြန်ဆန်ကြပြီး ဘေးဘက်များသို့ ချက်ချင်း ဝပ်ဆင်းလိုက်ကြသည်။ ထိုအချိန်မှာပင် တောအုပ်ထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာတော့သည်။

"ရှပ်... ရှပ်... ရှပ်"

တစ်ခုခု တွားသွားနေသကဲ့သို့ အသံများ။

သစ်ပင်များမှာ တစ်ခုခု၏ တွန်းတိုက်မှုကြောင့် ယိမ်းထိုးလဲပြိုကုန်ကြသည်။

ပေ ၃၀ ကျော် မြင့်မားသော ပင့်ကူကြီးတစ်ကောင် ဒယိမ်းဒယိုင်ဖြင့် ထွက်ပေါ်လာ၏။

ထိုပင့်ကူကြီးသည် တစ်ကိုယ်လုံး မည်းနက်နေပြီး ကြီးမားသော ခြေချောင်းရှစ်ချောင်းမှာ ထက်ရှသော အရိုးလှံများအလား မြေကြီးပေါ်သို့ စိုက်ချကာ ရှေ့သို့ တိုးလာနေခြင်း ဖြစ်သည်။

၎င်း၏ ဝမ်းဗိုက်သားမှာ မီးခိုးဖြူရောင်သန်းနေပြီး အောက်ဘက်တွင် အဖြူရောင် ပင့်ကူမျှင်အိတ်ကြီး တစ်ခုကို လေထဲတွင် တွဲလောင်းဆွဲထားသည်။

ပင့်ကူအိမ်ထဲတွင် သန္ဓေပြောင်း သတ္တဝါအများအပြား ကပ်ငြိနေကြပြီး ရုန်းကန်နေကြသော်လည်း လှုပ်ရှား၍ မရကြပေ။

"ထောက်... ထောက်... ထောက်"

ခြေချောင်းရှစ်ချောင်း မြေကြီးပေါ် စိုက်ကျလာတိုင်း အသံအစ်အစ်များ ထွက်ပေါ်လာသည်။

မည်မျှပင် မာကျောသော ကျောက်တုံးဖြစ်ပါစေ ထိုခြေချောင်းများနှင့် တွေ့လျှင် တို့ဟူးလို အလွယ်တကူ ပေါက်ထွက်သွားရသည်။

ဟန်ရှန်းမန်မှာ မြေကြီးပေါ် လှဲနေရပြီး လင်းယွမ်က သူမအပေါ်မှ ဖိထားသည်။ သူမ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး နှလုံးခုန်သံများ တဒုန်းဒုန်း မြည်နေသည်ကို ခံစားလိုက်ရ၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း သားရဲမျိုးကို ရေကြီးရေလျှံမှု လှိုင်းတံပိုးများကြားတွင်သာ သူမ မြင်ဖူးခဲ့သည်။

ထိုက်ယန်တောင်ပေါ်တွင် ဤမျှ ကြောက်စရာကောင်းသော သားရဲကြီး ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။

ထိုခဏတွင် သူမသည် မသိစိတ်ဖြင့် အသက်အောင့်ထားမိပြီး တစ်ကိုယ်လုံး တောင့်တင်းကာ ကြွက်သားများ ကျုံ့သွားတော့သည်။

လင်းယွမ်က သူမ၏ ရင်ဘတ်ပေါ်သို့ ဖိမိနေပြီး သူမ၏ ကြီးမားသော ရင်သားတစ်စုံ ပုံပျက်သွားသည်ကိုပင် သတိမထားမိလိုက်ချေ။

လင်းယွမ်သည်လည်း ထိုအထိအတွေ့ကို သာယာမနေနိုင်အားဘဲ အဝေးမှ ပင့်ကူကြီးကိုသာ အထိတ်တလန့် ကြည့်နေမိသည်။

ဒါက ဒီသတ္တဝါကြီးကို သူ ဒုတိယအကြိမ် တွေ့ဖူးခြင်းပင်။

အရိုးလှံပင့်ကူကြီး...

ဖုန်းဟွမ်ဘုရားကျောင်းမှ မီးဝါးတောသို့ ညတွင်းချင်း ပြောင်းရွှေ့လာစဉ်က ဤအရိုးလှံပင့်ကူကြီးကို အဝေးမှ လှမ်းမြင်ခဲ့ဖူးသည်။

ဝူမုန့်ကလည်း ပြောဖူးသည်။ ဤအရိုးလှံပင့်ကူကြီးသည် ထိုက်ယန်တောင်ပေါ်တွင် ထိပ်တန်းအဆင့် သန္ဓေပြောင်း သားရဲတစ်ကောင် ဖြစ်သည်ဟူ၍။

လင်းယွမ်သည် တိုက်ခိုက်ရန် စိုးစဉ်းမျှ စိတ်ကူးမရှိဘဲ မိမိကို သတိမထားမိပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။

အရိုးလှံပင့်ကူကြီးမှာ လွန်စွာ ကြီးမားလှသဖြင့် လူသားများ၏ ခန္ဓာကိုယ်မှာ ၎င်း၏ မျက်လုံးထဲတွင် သေးငယ်လွန်းလှသည်။

ထို့အပြင် လူအားလုံး မြေကြီးပေါ်တွင် ဝပ်နေကြသဖြင့် ရှာဖွေတွေ့ရှိရန် မလွယ်ကူလှပေ။

၎င်း၏ အရိုးလှံ ခြေချောင်းရှစ်ချောင်းသည် မြေကြီးထဲသို့ စိုက်ဝင်လိုက်၊ ပြန်နုတ်လိုက် လုပ်နေသည်။

မြေကြီးကို ထိုးဖောက်သံများက ကြက်သီးထဖွယ် ကောင်းလှ၏။

ပင့်ကူကြီး နီးကပ်လာသည်နှင့်အမျှ လူတိုင်း အသက်ရှူရပ်မတတ် ဖြစ်နေကြပြီး မည်သူမျှ အသံမထွက်ရဲကြပေ။

လင်းယွမ်လည်း အသက်အောင့်ထားရင်း ဟန်ရှန်းမန်၏ ကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။

ဟန်ရှန်းမန်မှာ ကြောက်လန့်လွန်းသဖြင့် ချွေးစေးများ ပျံနေပြီး မလှုပ်ရဲဘဲ သူ့ကိုသာ စိုးရိမ်တကြီး ကြည့်နေရှာသည်။

'ဒီလိုအချိန်မျိုးမှာ ဘာလို့ လှုပ်နေတာလဲ...'

လင်းယွမ်ကတော့ မလှုပ်၍ မဖြစ်။ သူမအပေါ်တွင် မှောက်နေရင်း ကံမကောင်းစွာဖြင့် ပင့်ကူကြီး၏ အရိုးလှံခြေချောင်း အစိုက်ခံလိုက်ရလျှင် ဘယ်လိုလုပ်မလဲ။

လောလောဆယ် ပင့်ကူကြီး၏ ခေါင်းပိုင်းက လင်းယွမ်နှင့် ဟန်ရှန်းမန်တို့ကို ကျော်လွန်သွားပြီ ဖြစ်သော်လည်း ခြေထောက်နှစ်ချောင်းက မကျော်သေးပေ။

ထိုစဉ် ခြေထောက်တစ်ချောင်း မြောက်တက်သွားပြီး မိုးမျှော်လှံတံကြီးသဖွယ် လေကိုခွင်းကာ မြေကြီးပေါ်သို့ စိုက်ဆင်းလာတော့သည်။

ဒီတစ်ကြိမ်တွင်တော့ ကံဆိုးသည်ဟု ဆိုရမည်။ အရိုးလှံခြေချောင်း ကျဆင်းလာမည့် နေရာက သူနှင့် ဟန်ရှန်းမန် ရှိနေသည့် နေရာတည့်တည့် ဖြစ်နေသည်။

ဟန်ရှန်းမန် မျက်နှာ ပျက်သွားသည်။ သူမ ထပြီး ရှောင်တိမ်းချင်သော်လည်း လှုပ်လိုက်သည်နှင့် ပင့်ကူကြီး၏ ဝမ်းဗိုက်အောက်မှ ပင့်ကူမျှင်အိတ်ကြီးက သူမဘက်သို့ ယိမ်းထိုးလာသည်ကို မြင်လိုက်ရသည်။

သူမ ရှေ့တိုးမရ၊ ဆုတ်မရ အခြေအနေ ဖြစ်သွားသည်။

အရေးကြီးသော အခိုက်အတန့်တွင် လင်းယွမ်က သူမ၏ တင်ပါးကို ခြေထောက်ဖြင့် အားကုန် ကန်ထုတ်လိုက်တော့သည်။

ဟန်ရှန်းမန်၏ ခန္ဓာကိုယ်မှာ ဘေးဘက်သို့ လွင့်စင်သွားသည်။

အရိုးလှံကြီးက လေကိုခွင်းလျက် ကျဆင်းလာပြီး ကြီးမားသော ခြေသည်းကြီးက လင်းယွမ်နှင့် ဟန်ရှန်းမန် ရှိခဲ့သည့်နေရာကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။

ဟန်ရှန်းမန် မျက်လုံးပြူးသွားပြီး အသံထွက်မသွားစေရန် သွားကိုတင်းတင်း စေ့ထားလိုက်သည်။

သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေသည်။

ကိုယ့်အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ သေခါနီးအချိန်ထိ တခြားသူကို ကယ်တင်ပေးမည့်သူ ရှိနေသေးတာလား...

ကမ္ဘာပျက်ကပ်ကာလ ရောက်နေပြီဖြစ်သော ယခုလိုအချိန်မျိုးတွင် ဤကဲ့သို့သောလူမျိုး ရှိနေသေးသည်ကို သူမ စဉ်းစား၍ပင် မရချေ။

သို့သော် ယခုအချိန်တွင် သူမ လုံးဝ မလှုပ်ရဲပေ။

"ဘုတ်... ဘုတ်"

အရိုးလှံခြေချောင်းနှစ်ချောင်း ကျော်လွန်သွားသည့်အခါ ဟန်ရှန်းမန် ရုတ်တရက် ထလိုက်ပြီး ထိုအခွင့်အရေးကို အသုံးချကာ အရိုးလှံကြောင့် ဖြစ်ပေါ်လာသော တွင်းနက်ကြီးဆီသို့ အမြန်တွားသွားလိုက်သည်။

သူမ မျက်လုံးများ နီရဲလျက် တွင်းကြီးထဲသို့ ငုံ့ကြည့်လိုက်သည်။ နှုတ်ခမ်းများ တုန်ရီနေပြီး လင်းယွမ်ကို အော်ခေါ်ချင်သော်လည်း ပင့်ကူကြီး ကြားသွားမည်ကို စိုးရိမ်နေရသည်။

သူမ ခေါင်းပြူကြည့်လိုက်သောအခါ ရုတ်တရက် ကြောင်အသွားသည်။

တွင်းနက်ကြီးထဲတွင် ဘာမှမရှိ။ ထင်မှတ်ထားသလို သွေးသံရဲရဲ မြင်ကွင်းမျိုး မတွေ့ရပေ။

သူမ အံ့သြမှင်သက်ကာ နေရာတွင်ပင် ကြောင်နေမိသည်။

ရုတ်တရက် နောက်ကျောဘက်မှ တစ်စုံတစ်ယောက် ပုတ်လိုက်သလို ခံစားလိုက်ရ၏။

ဟန်ရှန်းမန် လန့်ဖျပ်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

လင်းယွမ်က သူမအနောက်တွင် ရပ်နေပြီး ပြုံးပြကာ နှုတ်ခမ်းကို လက်ညှိုးကပ်၍ "တိုးတိုး" ဟူသော သင်္ကေတ ပြလိုက်ရင်း အရိုးလှံပင့်ကူကြီးကို လက်ညှိုးထိုးပြသည်။

ဟန်ရှန်းမန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရင်ထဲမှ ခံစားချက်ပေါင်းစုံကို မြိုသိပ်လိုက်ရသည်။

နှစ်ယောက်သား ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်ကြသည်။

ထိုစဉ် ရုတ်တရက် သွေးပျက်ဖွယ် အော်သံတစ်သံ ထွက်ပေါ်လာတော့သည်။

"အားးးးး"

ထိုအော်သံကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း အသံက ထွက်ပေါ်လာခဲ့သည်။

လင်းယွမ်နှင့် ဟန်ရှန်းမန်တို့ မျက်နှာပျက်သွားပြီး အသံလာရာသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

အရိုးလှံပင့်ကူကြီး၏ ခြေချောင်းတစ်ချောင်းက သာမန် အသက်ရှင်ကျန်ရစ်သူ တစ်ဦးကို ထိုးဖောက်ထားသည်ကို တွေ့လိုက်ရ၏။

ထိုလူ၏ ခြေထောက်တစ်ဖက်မှာ လုံးဝ ပေါက်ထွက်သွားခဲ့ပြီ ဖြစ်သည်။

ထိုလူသည် ပါးစပ်ကို အသေအချာ ပိတ်ထားပြီး မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ဖုံးလွှမ်းကာ အစွမ်းကုန် ကြောက်လန့်နေရှာသည်။

လင်းယွမ် မော့ကြည့်လိုက်ပြီး အရိုးလှံပင့်ကူကြီးကို အကဲခတ်လိုက်သည်။

ထွက်ခွာတော့မည့် ပင့်ကူကြီးမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ကြားသွားချေပြီ...

လူတိုင်း ရင်တွေ တဒုန်းဒုန်း ခုန်ကုန်ကြသည်။

လင်းယွမ် စကားအများကြီး ပြောမနေတော့ဘဲ အသံနိမ့်နိမ့်ဖြင့် အော်လိုက်သည်။

"ပြေးတော့"

ပြောပြီးသည်နှင့် ချက်ချင်း လှည့်ပြေးတော့သည်။

"ဝှီး"

အနောက်ဘက်မှ ကြောက်မက်ဖွယ် လေတိုးသံကြီး ထွက်ပေါ်လာသည်။

လင်းယွမ် လှည့်မကြည့်သော်လည်း သူ့စိတ်အာရုံဖြင့် 'မြင်' နေရသည်။

အရိုးလှံပင့်ကူကြီး၏ နောက်ခြေထောက်ကြီးနှစ်ချောင်းက ရုတ်တရက် ရိုက်ခတ်လာခြင်း ဖြစ်သည်။

"ဖောက်... ဖောက်... ဖောက်"

မျက်စိတစ်မှိတ်အတွင်းမှာပင် သာမန်လူ ၃ ဦး၏ ခန္ဓာကိုယ်များ ပေါက်ထွက်ကုန်ကြသည်။

ကျန်လူများမှာ ကြောက်လန့်တကြားဖြင့် လက်ရောခြေပါ အသုံးပြုကာ အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးကြတော့သည်။

ဟန်ရှန်းမန် မျက်နှာ ဖြူဖျော့သွားပြီး လင်းယွမ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာသည်။

"ဘုန်း"

ရုတ်တရက် အသံအစ်အစ်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် လူအများ၏ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် လင်းယွမ်လည်း ပြင်းထန်သော လေစီးကြောင်းတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

သူ မသိစိတ်ဖြင့် မော့ကြည့်လိုက်ရာ ကောင်းကင်ယံမှ ကြီးမားသော ပင့်ကူကွန်ရက်ကြီးတစ်ခု လွှမ်းခြုံဆင်းသက်လာသည်ကို တွေ့လိုက်ရတော့၏။

ပင့်ကူကြီး၏ ဝမ်းဗိုက်အောက်တွင် တွဲလောင်းကျနေသော သားကောင်များကို သတိရလိုက်သဖြင့် သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

"သေစမ်း"

သူ စကားပင် ဆုံးအောင်မပြောတော့ဘဲ မြေလျှိုးအစွမ်း ကို ချက်ချင်း ထုတ်သုံးလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

နောက်မှလိုက်လာသော ဟန်ရှန်းမန်မှာမူ ကံမကောင်းရှာပေ။ သူမကို ပင့်ကူကွန်ရက်ကြီးက လွှမ်းခြုံသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း တောင့်တင်းသွားတော့သည်။

ပင့်ကူမျှင်များပေါ်ရှိ အချွဲများမှာ ကော်အပြင်းစားများကဲ့သို့ သူမကို ချက်ချင်း ကပ်ငြိသွားစေသည်။

အရေးကြီးသော အခိုက်အတန့်တွင် ဟန်ရှန်းမန်က အနီးအနားရှိ ရေအိုင်များကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး ရေလုံးကြီးပုံစံ အကာအကွယ်တစ်ခု ပြုလုပ်လိုက်သည်။

"ဘုန်း"

ထိုရေလုံးကြီး၏ အကာအကွယ်ကြောင့် သူမ ပင့်ကူအိမ်မှ ပြုတ်ကျလာပြီး ရေအိုင်ထဲသို့ ဘုန်းခနဲ ပစ်လဲကျသွားသည်။

မလှမ်းမကမ်းတွင် လယ်သမားပုံစံနှင့် ဦးလေးကောက လက်နှစ်ဖက် ဆန့်ထုတ်လိုက်ရာ ဝုန်းခနဲ မီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး သူ့ပတ်လည်ကို လွှမ်းခြုံသွားသည်။

သူသည် မီးလုံးထဲတွင် ပုန်းအောင်းရင်း ပင့်ကူကွန်ရက်ကို အရှိန်ဖြင့် ဝင်တိုက်လိုက်သည်။

ပင့်ကူကွန်ရက်မှာ ချက်ချင်း မီးလောင်ကျွမ်းသွားပြီး အပေါက်ကြီး ဖြစ်သွားသဖြင့် ဦးလေးကော လွတ်မြောက်လာခဲ့သည်။

သို့သော် ကျန်လူများမှာမူ ကံမကောင်းကြပေ။ လူအများစုမှာ ပင့်ကူမျှင်နှင့် ငြိမိနေပြီး ရုန်းလေ ပိုကပ်လေ ဖြစ်နေကြသည်။

ထိုအထဲတွင် ခွန်အားအစွမ်းပိုင်ရှင် ကောက်လီနှင့် ကျောက်အစွမ်းပိုင်ရှင် ရှမင်တို့လည်း ပါဝင်နေသည်။

ထိုအခြေအနေတွင် သူတို့နှစ်ယောက်၏ အစွမ်းများမှာ အရာမရောက်တော့ပေ။

ယခုအခါ နှစ်ယောက်စလုံး ပင့်ကူမျှင်ဖြင့် ဆွဲတင်ခံလိုက်ရပြီ ဖြစ်သည်။

အရိုးလှံပင့်ကူကြီးသည် ကျွမ်းကျင်သော တံငါသည်အိုကြီး တစ်ဦးအလား ဝမ်းဗိုက်ကို လှုပ်ရှားကာ ပိုက်ကွန်ကို သိမ်းနေပြီ ဖြစ်သည်။

လူများမှာ ပိုက်ကွန်ထဲတွင် ကပ်ငြိနေပြီး ၎င်း၏ ဝမ်းဗိုက်အောက်ဘက်သို့ ဆွဲယူခံနေရသည်။

လင်းယွမ် မြေကြီးထဲမှ ပြန်ထွက်လာချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရပြီး တုန်လှုပ်သွားမိသည်။

"ဒီအရိုးလှံပင့်ကူကြီးက ဒီလိုပုံစံနဲ့ အမဲလိုက်တာလား"

ဒီအမဲလိုက်နည်းက လူသားတွေ ပိုက်ကွန်နဲ့ ငါးဖမ်းတာနဲ့ ဘာမှမခြားနားဘဲ ထိရောက်မှုရှိလှသည်ကို ဝန်ခံရမည်။

ဟန်ရှန်းမန်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။

"ဦးလေးကော... မြန်မြန်... လူတွေကို ကယ်ဖို့ တစ်ခုခုလုပ်ပါဦး"

လယ်သမားကြီးပုံစံ ဦးလေးကောက ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သမီးဟန်... ဒီပင့်ကူမျှင်က မီးကြောက်ပုံရတယ်... သမီး နောက်ဆုတ်နေ"

သူ ခြေလှမ်းကျဲကြီးဖြင့် ပြေးသွားပြီး လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ရာ လက်သီးများပေါ်တွင် ဝုန်းခနဲ မီးလုံးများ ထွက်ပေါ်လာသည်။

"ဘုန်း... ဘုန်း"

ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်ရာ မီးလုံးကြီးနှစ်ခု လွင့်စင်သွားပြီး အရိုးလှံပင့်ကူကြီး၏ ဝမ်းဗိုက်အောက်တွင် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

ပင့်ကူကွန်ရက် တစ်ခုလုံး မီးလောင်ကျွမ်းသွားပြီး အတွင်းမှ ရှမင် ပြုတ်ကျလာခဲ့သည်။

ရှမင်သည် မြေကြီးပေါ် ပြုတ်ကျလာသော်လည်း ပြန်မထနိုင်ဘဲ ပြင်းထန်စွာ တက်နေတော့သည်။

ဟန်ရှန်းမန် မျက်မှောင်ကြုတ်သွားပြီး အော်ခေါ်လိုက်သည်။

"ရှမင်... အဲဒီကနေ မြန်မြန် ထွက်ခဲ့"

လင်းယွမ်က ခေါင်းခါလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"မအော်နဲ့တော့... အဲဒီပင့်ကူမျှင်မှာ အဆိပ်ပါလောက်တယ်... သူ လှုပ်လို့ရတော့မှာ မဟုတ်ဘူး"

"ရှင်"

ဟန်ရှန်းမန် မျက်နှာပျက်သွားတော့သည်။ အစွမ်းပိုင်ရှင်ဖြစ်သော ရှမင်ပင် ဤမျှဖြစ်နေလျှင် သာမန်လူများဆိုလျှင် ပင့်ကူအဆိပ်ဒဏ်ကို ခံနိုင်ပါ့မလား။

လင်းယွမ်က ဆက်ပြောသည်။

"ထုံစေတဲ့ အဆိပ်လောက်ပဲဆိုရင်တော့ အခွင့်အရေး ရှိနိုင်သေးတယ်"

"ရှင် လူတွေကို ကယ်ဖို့ နည်းလမ်းရှိလား" ဟန်ရှန်းမန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လင်းယွမ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"လူကယ်ဖို့ မခက်ဘူး... ခက်တာက ဘယ်လို အသက်ရှင်အောင် လုပ်မလဲဆိုတာပဲ"

"ဒီအရိုးလှံပင့်ကူကြီးကို သွားစမိရင် သူက ငါတို့ကို လိုက်သတ်မှာ... အဲဒီကျရင် ဘယ်လိုပြေးကြမလဲ"

"ငါ့မှာ အကြံတစ်ခုရှိတယ်... ငါတို့ လူစုခွဲကြမယ်... တစ်ယောက်က အရိုးလှံပင့်ကူကြီး စိတ်ဝင်စားအောင် မျှားခေါ်မယ်... တစ်ယောက်က တိတ်တဆိတ် ပင့်ကူမျှင်တွေကို ဖျက်ဆီးပြီး လူကယ်မယ်"

"နောက်တစ်ယောက်က ကယ်ပြီးသားလူတွေကို ချက်ချင်း နေရာရွှေ့ပြောင်းပေးရမယ်... သူတို့က ခဏလောက် လှုပ်လို့ရဦးမှာ မဟုတ်ဘူး"

"အခု မေးခွန်းက... ဘယ်သူက အရိုးလှံပင့်ကူကြီးကို မျှားခေါ်မလဲ"

လင်းယွမ်က မေးခွန်းထုတ်လိုက်ပြီး ဟန်ရှန်းမန်နှင့် ဦးလေးကောကို ကြည့်လိုက်သည်။

ဟန်ရှန်းမန်က တွေဝေခြင်းမရှိဘဲ ချက်ချင်း ပြောလိုက်သည်။

"ကျွန်မ မျှားခေါ်လိုက်မယ်... ဦးလေးကောက ပင့်ကူမျှင်တွေကို မီးရှို့ပေး"

ထို့နောက် သူမ လင်းယွမ်ကို ကြည့်ကာ အသနားခံသော မျက်နှာထားဖြင့် ပြောသည်။

"ကိုလင်း... ရှင်က သူတို့ကို ရွှေ့ပြောင်းပေးဖို့ ကူညီပေးပါ... ရမလားဟင်"

လင်းယွမ် အနည်းငယ် အံ့သြသွားသည်။ ဒီမိန်းကလေးက ဒီလောက် ပြတ်သားပြီး တာဝန်ယူရဲစိတ် ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အန္တရာယ်အရှိဆုံး အလုပ်ကို တာဝန်ယူလိုက်ပြီး သူ့ကိုတော့ အန္တရာယ်ကင်းဆုံး အလုပ်ကို ပေးနေသည်။

လင်းယွမ် ဦးလေးကောကို ကြည့်လိုက်ရာ ဦးလေးကော၏ မျက်နှာထား တင်းမာနေသော်လည်း ကန့်ကွက်ခြင်း မရှိသည်ကို တွေ့ရသဖြင့် ဒီမိန်းကလေးကို အလွန် ယုံကြည်ပုံရသည်။

လင်းယွမ် ဘာမှမပြောဘဲ ခေတ္တမျှ တိတ်ဆိတ်နေလိုက်သည်။

ဟန်ရှန်းမန် မြင်သောအခါ စိတ်ပူသွားပြီး တစ်ခုခုကို သတိရသွားကာ ချက်ချင်း ပြောလိုက်သည်။

"ကိုလင်း... ရှင့်ကို အလကား ပင်ပန်းခိုင်းမှာ မဟုတ်ပါဘူး... ကျွန်မတို့ ဒီတစ်ခေါက် တောင်ပေါ်တက်လာတာ စားစရာတချို့ ပါလာတယ်... ကျွန်မ ဆုံးဖြတ်ချက်နဲ့ ပစ္စည်းထက်ဝက်ကို ရှင့်ကို ပေးပါ့မယ်"

လင်းယွမ် ခေါင်းခါလိုက်သည်။ "ပစ္စည်း ငါမလိုဘူး... မင်းတို့ဆီမှာ စွမ်းအင်ကျောက်တုံး ရှိလား"

ဟန်ရှန်းမန် ကြောင်သွားသည်။ "စွမ်းအင်ကျောက်တုံး... ဘာပစ္စည်းလဲ"

ဟန်ရှန်းမန်တို့ စွမ်းအင်ကျောက်တုံးအကြောင်း မသိကြသည်မှာ ထင်ရှားနေသည်။ ထို့ကြောင့် စစ်တပ်၏ ကြေညာချက်ကိုလည်း သိထားပုံ မရပေ။

လင်းယွမ်က ဓာတ်မဲ့ စွမ်းအင်ကျောက်တုံး တစ်တုံး ထုတ်ပြလိုက်သည်။ "ဒီလို ကျောက်တုံးမျိုး မင်းတို့ဆီမှာ ရှိလား"

ကျောက်တုံးကို မြင်သောအခါ ဟန်ရှန်းမန် မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်သည်။ "ဒီလိုကျောက်တုံးမျိုး မမြင်ဖူးဘူး... ရှင်သိတဲ့အတိုင်းပဲ အပြင်မှာ ရေတွေကြီးနေတာ... မြေကြီးတောင် မမြင်ရတာ... ကျောက်တုံးဆို ပိုဝေးရော"

လင်းယွမ် ကြိုတင်ခန့်မှန်းထားပြီးသားမို့ မေးလိုက်သည်။ "ဒါဖြင့် မင်းတို့ဆီမှာ ဘာရှိသေးလဲ"

ဟန်ရှန်းမန် စိတ်လောလာသည်။ ထွက်ခွာတော့မည့် အရိုးလှံပင့်ကူကြီးကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ "ရှင့်ကို အကြွေးတင်ထားတယ်လို့ သဘောထားလို့ ရမလား... နောက်မှ ကျွန်မ ပြန်ဆပ်ပါ့မယ်"

လင်းယွမ် ရုတ်တရက် ရယ်မောလိုက်သည်။ "ကောင်းပြီ... ဒီစကားတစ်ခွန်းကြောင့် ငါကူညီမယ်"

"သွားစို့" သူက စတင် လှုပ်ရှားလိုက်ပြီး မြေကြီးထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း အရိုးလှံပင့်ကူကြီး၏ ဝမ်းဗိုက်အောက်သို့ ရောက်ရှိသွားပြီး မြေကြီးပေါ်ရှိ ရှမင်ကို ဆွဲမကာ ပင့်ကူကြီး၏ တိုက်ခိုက်မှု အတိုင်းအတာ လွတ်ရာသို့ အားကုန် လွှဲပစ်လိုက်တော့သည်။

ဟန်ရှန်းမန်နှင့် ဦးလေးကောတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်ပြကာ ဟန်ရှန်းမန်က လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

ခဏအတွင်းမှာပင် အရိုးလှံပင့်ကူကြီး၏ အရှေ့ဘက်သို့ ရောက်ရှိသွားသည်။

သို့သော် သူမ၏ ခန္ဓာကိုယ်မှာ သေးငယ်လွန်းသဖြင့် ပင့်ကူကြီးက မြေကြီးပေါ်မှ လူကို သတိပြုမိရန် ခက်ခဲလှသည်။

သူမ အစွမ်းကို ထုတ်သုံးကာ ပတ်ဝန်းကျင်မှ မိုးရေများကို ရေမြှားများအဖြစ် စုစည်းလိုက်ရသည်။

ဟန်ရှန်းမန် အော်ဟစ်လိုက်သည်။ "သတ္တဝါကြီး... ဒီမှာ"

"ဖောက်... ဖောက်... ဖောက်"

ရေမြှားအများအပြား အရိုးလှံပင့်ကူကြီး၏ မျက်လုံးပေါင်းစုံဆီသို့ တရကြမ်း ပစ်ခွင်းလိုက်တော့သည်။

"ဘုန်း... ဘုန်း... ဘုန်း"

ရေမြှားများ ပင့်ကူကြီး၏ ခေါင်းကို ထိမှန်ပြီး ရေပန်းများအဖြစ် ပေါက်ကွဲထွက်သွားသည်။

ဒီလောက် ရေမြှားလောက်နှင့်တော့ ၎င်းကို ထိခိုက်အောင် မလုပ်နိုင်ပေ။

သို့သော် ဒီလုပ်ရပ်က ပင့်ကူကြီး၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်နိုင်တော့သည်။

လူသားတွေက ခြေထောက်အောက်က ပုရွက်ဆိတ်ကို ဂရုမစိုက်တတ်ကြပေမယ့် ပုရွက်ဆိတ် ကိုက်လိုက်တဲ့အခါ သေချာပေါက် သတိထားမိသလိုမျိုးပင်။

ဟန်ရှန်းမန်၏ လုပ်ရပ်က အရိုးလှံပင့်ကူကြီးကို ချက်ချင်း ဒေါသထွက်သွားစေသည်။

၎င်း ခေါင်းငုံ့လိုက်သည့် တခဏချင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်တစ်ခုက ဟန်ရှန်းမန်ကို ချက်ချင်း ချိန်ရွယ်ပြီးသား ဖြစ်သွားတော့သည်။

ဟန်ရှန်းမန်က ၎င်း၏ အာရုံကို မျှားခေါ်ပြီး တခြားနေရာသို့ ခေါ်သွားလိုခြင်း ဖြစ်သည်။

သို့သော် အရိုးလှံပင့်ကူကြီး၏ စိတ်စွမ်းအင်က ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု မည်သူကမျှ ထင်မထားခဲ့ကြပေ။

တစ်ချက် စိုက်ကြည့်လိုက်ရုံဖြင့် ဟန်ရှန်းမန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး လုံးဝ လှုပ်ရှားမရ ဖြစ်သွားတော့သည်။

"သမီးဟန်... ပြေးလေ"

ဦးလေးကော မြင်လိုက်ရသောအခါ မျက်နှာဖြူဖျော့သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

လင်းယွမ်လည်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အမြန်ပြောလိုက်သည်။ "သေစမ်း... သူ စိတ်စွမ်းအင်နဲ့ တိုက်ခိုက်ခံလိုက်ရတာ သေချာတယ်"

ဦးလေးကော စကားဆက်မပြောတော့ဘဲ လက်နှစ်ဖက်တွင် မီးလုံးကြီးများ တောက်လောင်စေကာ အော်ပြောလိုက်သည်။ "လူလေး... ဦးလေး မျှားခေါ်လိုက်မယ်... မင်း သမီးဟန်ကို ကယ်ပေး"

လင်းယွမ်က သူ့ကို အမြန်ဆွဲထားပြီး ဟန့်တားလိုက်သည်။ "မလုပ်နဲ့... ကျွန်တော် မျှားခေါ်မယ်... ခင်ဗျားတို့ လူကယ်လိုက်"

ပြောပြောဆိုဆိုဖြင့် သူ၏ စိတ်စွမ်းအင်ကို အရိုးလှံပင့်ကူကြီးဆီသို့ ဦးတည်ပြီး စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို အားကုန် ထုတ်လွှတ်လိုက်တော့သည်။

"ဝုန်း"

သူ၏ စိတ်စွမ်းအင်သည် ကြီးမားသော လှိုင်းလုံးကြီးများအလား အရိုးလှံပင့်ကူကြီး၏ ဦးခေါင်းထဲသို့ ဝင်တိုက်သွားတော့သည်။

"အုန်း"

နောက်တစ်စက္ကန့်တွင် လင်းယွမ် ခေါင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး နှာခေါင်းသွေးများ ပန်းထွက်လာတော့သည်။

"တောက်"

လင်းယွမ် မျက်လုံးများ ပြာဝေသွားပြီး မဆီမဆိုင် ဆဲရေးလိုက်မိသည်။

ဒါက စိတ်စွမ်းအင် ပြန်ကန်ခြင်းပင်။

ဒီအရိုးလှံပင့်ကူကြီး၏ စိတ်စွမ်းအင် အမှတ်က သူ့ထက် အများကြီး သာလွန်နေတာ သေချာသည်။

မဟုတ်လျှင် သူ့ဆီသို့ စိတ်စွမ်းအင် ပြန်ကန်လာစရာ အကြောင်းမရှိပေ။

"ကျွီ"

စူးရှသော အသံနက်ကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေပြင်းနှင့် မိုးရေများ တုန်ခါသွားကာ သက်ရောက်မှု လှိုင်းတံပိုးတစ်ခု ဘေးပတ်လည်သို့ ရိုက်ခတ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။

လင်းယွမ် ခေါင်းကိုက်တာကို အောင့်အီးသည်းခံရင်း အော်ပြောလိုက်သည်။ "လူမြန်မြန်ကယ်"

ထို့နောက် သူ နောက်သို့ အမြန်ဆုတ်ခွာလိုက်ရင်း အရိုးလှံပင့်ကူကြီးကို စိန်ခေါ်လိုက်သည်။ "လာစမ်း"

သူ့လက်ထဲတွင် ဓားပျံ သုံးချောင်း ရုတ်တရက် ပေါ်လာပြီး အားကုန် ပစ်လွှတ်လိုက်တော့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ဓားပျံများ လေကိုခွင်းလျက် စူးရှသော အသံများမြည်ကာ မိုးရေများကို ဖြတ်သန်းသွားသည်။

သို့သော် ဓားပျံများ အရိုးလှံပင့်ကူကြီး အနီးသို့ မရောက်မီမှာပင် အသံလှိုင်း သက်ရောက်မှုကြောင့် ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာပြီး ချက်ချင်း တွန့်လိမ်ကုန်ကြတော့သည်။

ဆက်ရန်...

အပိုင်း (၂၃၆) အရည်အသွေးအမှတ်များ မဲပေါက်ခြင်း

လင်းယွမ် ပစ်လွှတ်လိုက်သော ဓားပျံများသည် အရိုးလှံပင့်ကူကြီး၏ ပြင်းထန်သော ကြိမ်နှုန်းမြင့် အသံလှိုင်းများကြောင့် လေထဲတွင်ပင် လိမ်ဖယ်ကွေးကောက်ကာ လွင့်စင်သွားကြသည်။

လင်းယွမ်၏ မျက်နှာထား မဲမှောင်သွားသည်။ ဒီကောင်ကြီး၏ အစွမ်းက တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။

လက်ရှိ သူ့အင်အားဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

ထိပ်တိုက်ရင်ဆိုင်ဖို့ မပြောနှင့်၊ အလစ်ဝင်တိုက်ရန်ပင် မလွယ်ကူလှပါ။

သူ အစွမ်းကုန် တိုက်ခိုက်လျှင်ပင် တစ်ဖက်ရန်သူ၏ မာကျောလှသော အခွံကို ဖောက်ထွင်းနိုင်ပါ့မလားဟု လင်းယွမ် သံသယဝင်မိသည်။

သို့သော် ယခုအချိန်တွင် လူများကို ကယ်တင်နိုင်ရန်အတွက် အရိုးလှံပင့်ကူကြီး၏ အာရုံကို မိမိဘက်သို့ ရောက်အောင် ဆွဲဆောင်ထားရမည် ဖြစ်သည်။

အသံလှိုင်းများ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လင်းယွမ်၏ ခန္ဓာကိုယ်မှ မြေဝါရောင် အလင်းတန်းများ လင်းလက်လာပြီး မြေကြီးထဲသို့ ချက်ချင်း ငုပ်လျှိုးသွားလိုက်သည်။

"ဝုန်းးးးးးးးးးးးးးးးးးးးးး"

မြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်း ရိုက်ခတ်မှုအောက်တွင် မြေပြင်သည် နိမ့်ဝင်သွားသည်။

ပတ်ဝန်းကျင်မှ လေပြင်းများ တိုက်ခတ်လာကာ သစ်ရွက်ခြောက်များနှင့် ပေါင်းပင်များ လေထဲသို့ ဝဲပျံတက်သွားကြသည်။

ဦးလေးကောသည်လည်း အသံလှိုင်း အဝန်းအဝိုင်းနှင့် လွတ်ရာ တောအုပ်ဆီသို့ အမြန်ဆုံး ပြေးထွက်သွားလိုက်သည်။

သူသည် ပြေးနေရင်းဖြင့် ဟန်ရှန်းမန် ရှိရာဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။

ကံကောင်းစွာပင် အရိုးလှံပင့်ကူကြီးသည် လင်းယွမ် ရှိရာဘက်သို့ အာရုံရောက်သွားပြီး ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို လှည့်လိုက်လေသည်။

ခြေချောင်း ရှစ်ချောင်းသည် မြေကြီးကို ထိုးစိုက်လျက် ရွေ့လျားသွားသည်။

၎င်း၏ အလျင်က မနှေးကွေးလှပေ။ ခြေချောင်းများကို မြှောက်လိုက် ချလိုက်ဖြင့် တစ်ခါခုန်လျှင် ပေ ၂၀၊ ၃၀ ခန့် ရောက်ရှိသွားသည်။

လင်းယွမ်သည် မြေကြီးထဲတွင် ရှိနေသော်လည်း မြေပြင် တုန်ခါမှုကို ခံစားနေရသည်။ သူ မြေလျှိုးပြီး ရွေ့လျားနေစဉ်မှာပင်...

ဘေးနားမှ ထူထဲပြီး ချွန်ထက်သော ခြေချောင်းကြီး တစ်ချောင်းသည် မြေကြီးကို ဖောက်ထွင်းကာ သူနှင့်ကပ်လျက် စိုက်ဝင်လာသည်။

လင်းယွမ် လန့်ဖျပ်သွားပြီး နှလုံးခုန်သံ မြန်သွားရသည်။ သူသည် စကားတစ်ခွန်းမှ မဆိုဘဲ မြေအောက် ပိုနက်သော နေရာသို့ ချက်ချင်း တိုးဝင်သွားလိုက်သည်။

ပေ ၄၀ ကျော်ခန့် နက်သော နေရာသို့ ရောက်မှသာ အရိုးလှံကဲ့သို့သော ခြေချောင်းကြီးများက သူ့ကို မမီနိုင်တော့ပေ။

သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး ရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။ ပေ ၁၀၀ ကျော်ခန့် ရွေ့လျားပြီးမှ မြေပေါ်သို့ ပြန်တက်လာခဲ့သည်။

အရိုးလှံပင့်ကူကြီးက သူ့ကို အနီးအနားတွင် လိုက်လံ ရှာဖွေနေသည်ကို တွေ့လိုက်ရသည်။ လင်းယွမ်သည် ချက်ချင်းပင် မြှားတစ်စင်းကို ထုတ်ယူလိုက်သည်။

ထိုမြှား၏ ထိပ်ဖျားတွင် ပေါက်ကွဲစေတတ်သော သင်္ကေတကျောက် ပါရှိပြီး ဖုန်းဟွမ်ဘုရားကျောင်းမှ ကျိဖုန်း ပေးခဲ့သော လက်ဆောင်ဖြစ်သည်။

လင်းယွမ်သည် မြှားတစ်စင်းကို ဖြုတ်ပြီး ပေါက်ကွဲသင်္ကေတကို လေ့လာခဲ့ဖူးသည်။

ကျန်သော မြှားများအားလုံး သူ့လက်ထဲတွင် ရှိနေသည်။ လင်းယွမ်၌ လေး မရှိသော်လည်း သူ လေးကို မလိုအပ်ပေ။ လက်ဖြင့် ဝှေ့ယမ်းပြီး ပစ်လွှတ်လိုက်သည်။

"ဝှီးးးးးးး"

မြှားတံသည် ကြယ်တံခွန်ကဲ့သို့ လေထုကို ခွင်းလျက် ပျံထွက်သွားသည်။

အရိုးလှံပင့်ကူကြီးက ချက်ချင်း တုံ့ပြန်လိုက်သည်။ ညာဘက် လက်သည်းကို မြှောက်လိုက်ပြီး ပျံဝဲလာသော မြှားတံကို ပုတ်ထုတ်လိုက်သည်။

"ဝုန်း"

"ဒိုင်း"

ပေါက်ကွဲမြှားတံနှင့် ပင့်ကူကြီး၏ လက်သည်း ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် မြှားထိပ်ရှိ ပေါက်ကွဲသင်္ကေတ ကျောက်တုံးသည် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မီးတောက်များ လွင့်စင်လာသည်။

မြှားထိပ်ဖျားလောက်သာ ရှိသောကြောင့် ထိုကျောက်တုံး၏ ပေါက်ကွဲမှု အားက သိပ်မကြီးမားလှပေ။

သို့သော် ရုတ်တရက် ပေါက်ကွဲမှုကြောင့် ပင့်ကူကြီး လန့်သွားပြီး အော်မြည်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

သို့သော် ဤမျှလောက် ပေါက်ကွဲမှု သေးသေးလေးက ၎င်းကို ထိခိုက်ဒဏ်ရာ မရစေနိုင်ကြောင်း ချက်ချင်း သတိပြုမိသွားသည်။

ပင့်ကူကြီး ဒေါသထွက်သွားပြီး ခြေချောင်း ရှစ်ချောင်းကို လှံတံများသဖွယ် မြေကြီးပေါ်သို့ ဆောင့်ချကာ လင်းယွမ်ဆီသို့ ရူးသွပ်မတတ် ပြေးဝင်လာတော့သည်။

လင်းယွမ်က အဝေးတွင် ပုန်းနေသော ဦးလေးကောကို လှမ်းအော်လိုက်သည်။

"လူတွေကို ကယ်တော့"

ထို့နောက် သူသည် မြေကြီးထဲသို့ မငုပ်လျှိုးတော့ဘဲ တောအုပ်ထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားကာ မျှားခေါ်သွားလိုက်သည်။

ဦးလေးကောသည် ထိုမြင်ကွင်းကို မြင်လျှင် အံကိုကြိတ်လျက် ခုန်ထွက်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို ရိုက်ကာ မီးလုံးနှစ်လုံး ပစ်လွှတ်လိုက်သည်။

"ဝေါ"

ပင့်ကူအိမ်များ မီးလောင်သွားပြီး ပင့်ကူမျှင်ဖြင့် အဖမ်းခံထားရသော လူများ ပြုတ်ကျလာကြသည်။ အရိုးလှံပင့်ကူကြီး ပြေးလွှားနေသဖြင့် ၎င်း၏ ဝမ်းဗိုက်အောက်ရှိ ပင့်ကူအိမ်အိတ်ကြီးမှာ ယိမ်းထိုးနေပြီး စုတ်ပြဲသွားကာ သားကောင်များ လွင့်စင်ထွက်ကုန်သည်ကို ၎င်း သတိမထားမိလိုက်ပေ။

ဦးလေးကောလည်း အနောက်မှ လိုက်ကာ လူများကို လိုက်ကောက်လေသည်။ ထိုလူများသည် ပင့်ကူဆိပ်ကြောင့် ထုံကျင်နေပြီး အသက်ရှင်နေသေးသော်လည်း မလှုပ်ရှားနိုင်ကြပေ။

သူသည် လူများကို တစ်ယောက်ချင်းစီ ဆွဲထူပြီး ကျောက်တုံးများနှင့် သစ်ပင်ကြီးများ နောက်တွင် ဝှက်ထားပေးလိုက်သည်။

လင်းယွမ်မှာမူ ခေါင်းငုံ့၍ ပြေးနေရသော်လည်း အရိုးလှံပင့်ကူကြီး၏ အရှိန်ကို လျှော့တွက်မိမှန်း သိလိုက်ရသည်။

ခြေချောင်း ရှစ်ချောင်းပါသော ထိုသတ္တဝါကြီးသည် ကြောက်မက်ဖွယ်ကောင်းသော နှုန်းဖြင့် သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် လင်းယွမ်သည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာသော ပြင်းထန်သည့် မကောင်းဆိုးဝါး အငွေ့အသက်ကို ခံစားလိုက်ရသည်။

ထိုအငွေ့အသက်တွင် ကြောက်စရာကောင်းသော စိတ်စွမ်းအင် ရောင်ခြည်များ ပါဝင်နေပြီး လင်းယွမ်၏ မျိုးရိုးဗီဇများကပင် ကြောက်ရွံ့တုန်လှုပ်လာသည်။

"စိတ်စွမ်းအင် တိုက်ခိုက်မှုပဲ"

လင်းယွမ် ချက်ချင်း သဘောပေါက်လိုက်သည်။ ၎င်းသည် စိတ်စွမ်းအင်ဖြင့် ခြိမ်းခြောက်သည့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။

သူသည် တွန့်ဆုတ်မနေဘဲ လိပ်ခွံစွမ်းအင်အကာအကွယ် ကျောက်တုံးကို ထုတ်လိုက်သည်။

"ဝှစ်"

လိပ်ခွံစွမ်းအင်အကာအကွယ် ပွင့်သွားပြီး သူ့ပတ်လည်တွင် စိတ်စွမ်းအင် လိပ်ခွံတစ်ခု ဖြစ်ပေါ်လာသည်။

မကောင်းဆိုးဝါး အငွေ့အသက်များ ပိတ်ဆို့ခံလိုက်ရပြီး ကြောက်ရွံ့ဖွယ် စိတ်စွမ်းအင် ရောင်ခြည်များကိုလည်း ကာကွယ်လိုက်နိုင်ပြီ ဖြစ်သည်။

သူ၏ လှုပ်ရှားမှုများ ပြန်လည်သွက်လက်လာပြီး ပြေးနေရင်းမှ စိတ်စွမ်းအင်ကို စုစည်းကာ နောက်မှ လိုက်လာသော ပင့်ကူကြီးကို 'စိတ်စွမ်းအင် ရိုက်ခတ်အစွမ်း' ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

"ဝုန်း"

စိတ်စွမ်းအင် ရိုက်ခတ်မှု ပေါက်ကွဲသွားပြီး ပြေးလွှားနေသော အရိုးလှံပင့်ကူကြီး၏ ကိုယ်ခန္ဓာ ရပ်တန့်သွားကာ ခြေချောင်းများ ယိုင်နဲ့သွားသည်။

ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အရှိန်မထိန်းနိုင်ဘဲ မြေကြီးပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။

လင်းယွမ်သည် နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ယိုစီးကျလာပြီး မျက်လုံးများ ပြာဝေကာ ခေါင်းထဲတွင် ကိုက်ခဲနေသော်လည်း ရပ်တန့်မနေရဲပေ။

ဤသည်က စိတ်စွမ်းအင် ပြန်ကန်မှုကြောင့် ဖြစ်မှန်း သူသိသည်။

"စနစ်... ဘုံအရည်အသွေးမှတ် ၁ မှတ်ကို စိတ်စွမ်းအင်မှာ ပေါင်းထည့်ပေး... မြန်မြန်လုပ်"

လင်းယွမ် စနစ်အကန့်ကို ဖွင့်လိုက်သည်။ သူ့တွင် ဘုအရည်အသွေးမှတ် ၂ မှတ် ကျန်ရှိသေးရာ ချက်ချင်းပင် ၁ မှတ်ကို ပေါင်းထည့်လိုက်သည်။

ရုတ်တရက် ခေါင်းထဲတွင် အေးမြ ကြည်လင်သွားသည်။

စိတ်စွမ်းအင် ပြန်ကန်မှုကြောင့် ခံစားနေရသော နာကျင်မှုများ ပျောက်ကွယ်သွားပြီး ဦးနှောက်ထဲမှ ကိုက်ခဲမှုများလည်း ပြေပျောက်သွားသည်။ စိတ်စွမ်းအင်လည်း တိုးတက်လာခဲ့သည်။

ဒါကြောင့်လည်း သူသည် ဘုံအရည်အသွေးမှတ်များကို မသုံးဘဲ စုထားခြင်း ဖြစ်သည်။

အရည်အသွေးမှတ် ပေါင်းထည့်လိုက်တိုင်း ထိုအပိုင်းကဏ္ဍသည် အကောင်းဆုံး အခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားပြီး စွမ်းအားလည်း တိုးလာတတ်သည်ကို သူ သတိထားမိသောကြောင့် ဖြစ်သည်။

အလကား ကုသမှု ခံယူလိုက်ရသည်နှင့် တူပေသည်။

လင်းယွမ် ပြန်လည် သက်သာလာသော်လည်း ဆက်မတိုက်ရဲပေ။

နောက်ဆုံးကျန်သော ၁ မှတ်ကို ထပ်ပေါင်းထည့်လိုက်လျှင်လည်း ထူးခြားလာမည် မဟုတ်ကြောင်း သူကောင်းစွာ သိသည်။

နောက်မှ လိုက်လာသော ပင့်ကူကြီးက အလွန် ကြောက်စရာကောင်းလွန်းသည်။

ထွက်ပြေး လွတ်မြောက်ဖို့သာ အရေးကြီးသည်။

ပြေးနေရင်းဖြင့် အနောက်သို့ လှမ်းကြည့်လိုက်ရာ ပင့်ကူကြီး ပါမလာသည်ကို တွေ့လိုက်ရသဖြင့် လင်းယွမ် အံ့သြသွားသည်။

ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အနောက်သို့ ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည်။

"ရွှမ်း"

လေတိုးသံနှင့်အတူ သူ့ခေါင်းပေါ်မှ မဲနက်သော အရိုးလှံကြီးတစ်ခု ထိုးစိုက်ကျလာသည်။ လင်းယွမ် နောက်သို့ အမြန် ခုန်ဆုတ်လိုက်ရသည်။

"ဒုတ်... ဒုတ်... ဒုတ်"

အရိုးလှံများ ဆက်တိုက် ကျရောက်လာပြီး လင်းယွမ် နောက်သို့ ပေ ၄၀၊ ၅၀ ခန့် ဆုတ်ပြေးလိုက်ရသည်။ ထိုစဉ် ပင့်ကူအိမ်ကြီး တစ်ခု သူ့အပေါ်သို့ လွှမ်းခြုံကျလာသည်။

လင်းယွမ် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး 'မြေလျှိုးအစွမ်း' ကို ချက်ချင်း ထုတ်သုံးလိုက်သည်။

မြေဝါရောင် အလင်းတန်းများ လင်းလက်လာပြီး ပြေးစရာလမ်းမရှိဟု ထင်ရသော်လည်း မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

"ဘုန်း"

ပင့်ကူအိမ်ကြီး မြေကြီးပေါ်သို့ ကျလာသော်လည်း လင်းယွမ်ကို ဖမ်းမမိလိုက်ပေ။

ပင့်ကူကြီးသည် လူသားပုရွက်ဆိတ်လေး ဘယ်ရောက်သွားသလဲဟု တွေးတောကာ စူးစူးဝါးဝါး အော်မြည်လိုက်သည်။

ထို့နောက် နေရာတွင် ပတ်ချာလည်လှည့်ကာ မြေကြီးများကို တူးဆွပြီး လင်းယွမ်ကို ရှာဖွေလေသည်။

လင်းယွမ်မှာမူ မြေကြီးထဲတွင် အရှိန်ပြင်းစွာဖြင့် ထွက်ပြေးနေပြီး စက္ကန့်ပိုင်းအတွင်း ပေ ၃၀၀ ကျော်ခန့် ဝေးကွာသွားပြီ ဖြစ်သည်။

သူသည် မြေလျှိုးရင်းဖြင့် စနစ်ကို ဖွင့်ကာ အမှတ်များကို စစ်ဆေးလိုက်သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၂၁.၈

ခွန်အား - ၁၇.၉

အလျင် - ၁၅.၈

စိတ်စွမ်းအင် - ၃၆.၃

ဘုံအရည်အသွေးမှတ်များ - ၁

ပင်ကိုယ်အစွမ်း - ဆင့်ကဲပြောင်းလဲခြင်း

အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း၊ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း၊ လိပ်ခွံစွမ်းအင်အကာအကွယ်၊ ကျောက်အကြေးခွံအကာအကွယ်၊ ရုပ်သေးကြိုးမျှင်၊ မြေလျှိုးအစွမ်း

သန္ဓေပြောင်းလဲနှုန်း - ၇၉%

အမှတ် - ၃၁၁၃၂ မှတ်

"အမှတ် သုံးသောင်းကျော်သွားပြီပဲ"

ရေကြီးလာပြီးနောက်ပိုင်း သူ သန္ဓေပြောင်းသတ္တဝါ ဘယ်နှကောင် သတ်ခဲ့မိမှန်းပင် မသိတော့ပေ။ အမှတ်တွေက သုံးသောင်းကျော်နေပြီ ဖြစ်သည်။ အချိန်တိုလေးအတွင်း တစ်လစာလောက် အမှတ်တွေ ရလိုက်ခြင်း ဖြစ်သည်။

လင်းယွမ် ချက်ချင်းပင် ကံစမ်းမဲ နှိုက်လိုက်သည်။

"စနစ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲနှိုက်မယ်... အမှတ် ၁၀၀၀၀ ဖိုး"

[ကံစမ်းမဲ နှိုက်နေပါသည်]

ရင်းနှီးနေသော ကံစမ်းမဲဘီးကြီး ပေါ်လာပြီး လျင်မြန်စွာ လည်ပတ်သွားသည်။ အရည်အသွေးကဏ္ဍ ၅ ခုကို မြင်နေရသည်။

[ဒင်... သင် အလျင် အရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

လင်းယွမ်သည် အသံများကို လျစ်လျူရှုပြီး ရလဒ်ကိုသာ ကြည့်လိုက်သည်။

အမှတ် ၁၀ ကြိမ် မဲနှိုက်ရာတွင် အလျင် ၃ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၃ မှတ်၊ ခွန်အား ၃ မှတ်နှင့် စိတ်စွမ်းအင် ၁ မှတ်သာ ရရှိခဲ့သည်။

လင်းယွမ် စိတ်ပျက်သွားသည်။ "စိတ်စွမ်းအင်က ၁ မှတ်ပဲ ပါတယ်လား... ဘုံအရည်အသွေးမှတ် တစ်မှတ်မှတောင် မပါဘူး"

ဒါမျိုးဖြစ်မှာကို သူ အစိုးရိမ်ဆုံး ဖြစ်သည်။ အရင်တစ်ခေါက်က အမှတ် ၁ သောင်း စုမိတုန်းက မဲမနှိုက်ခဲ့ဘဲ ထားခဲ့သည်မှာ ဤကဲ့သို့ ဖြစ်မည်စိုး၍ ဖြစ်သည်။

အရည်အသွေးမှတ်များ ပြန့်ကျဲနေလျှင် သူ့အစွမ်းက သိသိသာသာ တိုးတက်လာမည် မဟုတ်ပေ။

သို့သော် အရည်အသွေးမှတ် မမြှင့်တင်လျှင်လည်း မဖြစ်ပြန်ပေ။ နောက်ပိုင်းတွင် မိမိအစွမ်း၏ အစွမ်းထက်မှုက အခြေခံ အရည်အသွေးမှတ်များအပေါ်တွင် များစွာ မူတည်နေသည်။

ဥပမာ - မြေလျှိုးအစွမ်းသည် စိတ်စွမ်းအင်အပေါ် မူတည်ပြီး စိတ်စွမ်းအင် များလေ မြေလျှိုးနိုင်သည့် အတိုင်းအတာ ကျယ်ပြန့်လေ ဖြစ်သည်။

ထို့ပြင် မြေလျှိုးသည့် အမြန်နှုန်းကလည်း အလျင်ကဏ္ဍနှင့် သက်ဆိုင်နေပြန်သည်။

လင်းယွမ် တွေးတောနေစဉ် ရရှိလာသော အရည်အသွေးမှတ်များက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ခန္ဓာကိုယ် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

"မလုံလောက်သေးဘူး... လိုသေးတယ်... ငါနဲ့ ဟိုပင့်ကူကြီးရဲ့ ကွာဟချက်က အရမ်းများနေသေးတယ်"

သူ ခေါင်းထွက်ပြူလိုက်သည်နှင့် တဖက်ရန်သူ၏ ကြီးမားသော စိတ်စွမ်းအင် ဖိအားကို ခံစားလိုက်ရသည်။

ထိုဖိအားကို သူ မဖြိုခွင်းနိုင်သရွေ့ တဖက်ရန်သူ၏ စိတ်စွမ်းအင်က သူ့ထက်သာနေသေးသည်ဟု ဆိုလိုသည်။

"မဖြစ်ဘူး... ထပ်ပြီး မဲနှိုက်မယ်"

လင်းယွမ် တွန့်ဆုတ်မနေဘဲ စနစ်ကို ခေါ်လိုက်သည်။

"ရွှမ်း"

ကံစမ်းမဲဘီးကြီး လည်ပတ်သွားပြီး အမှတ် ၁ သောင်း ထပ်ကုန်သွားသည်။

["ဒင်... သင် အလျင် အရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... သင် စိတ်စွမ်းအင် အရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

လင်းယွမ် ရလဒ်ကို တန်းကြည့်လိုက်သည်။

၁၀ ကြိမ် မဲနှိုက်ရာတွင် အလျင် ၃ မှတ်၊ ခွန်အား ၂ မှတ်၊ စိတ်စွမ်းအင် ၃ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁ မှတ်နှင့် ဘုံအရည်အသွေးမှတ် ၁ မှတ် ရရှိလိုက်သည်။

လင်းယွမ် ဝမ်းသာသွားသည်။ "စိတ်စွမ်းအင် ၃ မှတ်နဲ့ ဘုံအရည်အသွေးမှတ် ၁ မှတ်တောင် ရတယ်ဟ"

ဘုံအရည်အသွေးမှတ်ကို ချန်ထားပြီး ကျန်တာများကို ပေါင်းထည့်လိုက်သည်။

စိတ်စွမ်းအင်များ တိုးပွားလာပြီး အေးမြသော ခံစားမှု ဖြစ်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင် အနည်းငယ် တိုးလာခြင်းမျိုး မဟုတ်ဘဲ အရည်အသွေးပိုင်းပါ သိသိသာသာ ပြောင်းလဲသွားခြင်း ဖြစ်သည်။ သူ၏ စိတ်စွမ်းအင်များ ပိုမို ကျစ်လျစ်လာသည်ကို ခံစားလိုက်ရသည်။

နှလုံးခုန်သံများ ပိုမို အားကောင်းလာပြီး သွေးကြောထဲတွင် စွမ်းအင်များ စီးဆင်းသွားကာ ခြေလက်များဆီသို့ ပျံ့နှံ့ရောက်ရှိသွားသည်။

ကြွက်သားနှင့် အရိုးများလည်း ပြောင်းလဲလာသည်။ ကြွက်သားမျှင်များ ပိုမို ကြီးထွားလာပြီး ခံနိုင်ရည်အားများ မြင့်တက်လာသည်။

လင်းယွမ်၏ ခန္ဓာကိုယ်သည် ကဏ္ဍစုံတွင် တိုးတက်ပြောင်းလဲလာခြင်း ဖြစ်သည်။

လင်းယွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးဖွင့်ကာ မြေကြီးထဲမှ အပေါ်သို့ တိုးထွက်လိုက်သည်။

အရိုးလှံပင့်ကူကြီးသည် သူ့အနီး ပေ ၁၅၀ ခန့်အကွာတွင် ရှိနေသည်။ ယခုတစ်ကြိမ်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို မခံစားရတော့ပေ။

"စိတ်စွမ်းအင် ဖိအား ပျောက်သွားပြီပဲ... ငါ့ရဲ့ စိတ်စွမ်းအင်က သူ့လောက် ဖြစ်သွားပြီလား"

လင်းယွမ် စဉ်းစားလိုက်ပြီး စိတ်စွမ်းအင်ကို စုစည်းကာ 'စိတ်စွမ်းအင် ရိုက်ခတ်အစွမ်း' ဖြင့် တိုက်ခိုက်လိုက်သည်။

သူ့စိတ်စွမ်းအင်က တဖက်ရန်သူကို မီ၊ မမီ သိလိုလျှင် တိုက်ခိုက်ကြည့်မှသာ သိရမည်။ အကယ်၍ ပြန်ကန်မှု မရှိလျှင် သူတို့နှစ်ဦး၏ စွမ်းအင် တူညီနေပြီဟု ဆိုနိုင်သည်။

"ဝုန်း"

၄၀.၃ ရှိသော စိတ်စွမ်းအင်သည် စိတ်စွမ်းအင်လှိုင်းလုံးကြီးအသွင် ပြောင်းလဲသွားပြီး ပင့်ကူကြီးဆီသို့ ဝင်ဆောင့်လိုက်သည်။ လေထုပင် တုန်ခါသွားသည်။

အဖြူရောင်အဆင့် အစွမ်းပညာ ဖြစ်သော်လည်း လင်းယွမ်၏ ကြီးမားသော စိတ်စွမ်းအင်ကြောင့် ရုပ်ဝတ္ထုများကိုပါ ထိခိုက်စေနိုင်သော အစွမ်းအဖြစ် ပြောင်းလဲသွားသည်။

"ဘုန်း"

"ကျွီ"

ပင့်ကူကြီး၏ ခန္ဓာကိုယ် ယိမ်းထိုးသွားပြီး ခြေချောင်းများက ခန္ဓာကိုယ်ကြီးကို မထိန်းနိုင်တော့ဘဲ မြေကြီးပေါ်သို့ ထိုင်ကျသွားသည်။

ဝမ်းဗိုက်အောက်ရှိ အိတ်ကွဲကြီးထဲမှ သားကောင်များမှာမူ ပင့်ကူကြီး ဖိချလိုက်သဖြင့် အရိုးများ ကျိုးကြေကာ သေဆုံးကုန်ကြသည်။ ကံကောင်းသည်မှာ လူများကို ဦးလေးကော ကယ်ထုတ်သွားပြီ ဖြစ်သဖြင့် အထဲတွင် ဝက်၊ ကြွက် စသည့် သန္ဓေပြောင်း သတ္တဝါများသာ ကျန်ရှိတော့သည်။

ထိုက်ယန်တောင်သည် တောနက်ကြီး မဟုတ်သဖြင့် တောရိုင်းတိရစ္ဆာန် ကြီးကြီးမားမား သိပ်မရှိလှပေ။

"ကျွီ"

ပင့်ကူကြီး ပြန်ထလာသည်။ မျက်လုံးပေါင်းများစွာဖြင့် လင်းယွမ်ကို ကြည့်လိုက်ရာ မျက်လုံးအိမ် မရှိသော်လည်း ဒေါသထွက်နေမှန်း သိသာလှသည်။

သို့သော် လင်းယွမ်က ပြုံးလိုက်သည်။

"ပြန်ကန်မှု မရှိဘူးပဲ... ကြည့်ရတာ သူ့ စိတ်စွမ်းအင်ကလည်း ၄၀ ဝန်းကျင်လောက်ပဲ ရှိမယ်... လာစမ်းပါကွာ"

လင်းယွမ် လက်ညှိုးကွေးကာ စိန်ခေါ်လိုက်သည်။ တချိန်တည်းမှာပင် နောက်လက်တစ်ဖက်က ဓားပျံ သုံးလက်ကို ပစ်လွှတ်လိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ဓားပျံများ ပျံဝဲသွားသော်လည်း ပင့်ကူကြီးက မကြောက်ပေ။ ခြေချောင်းများကို လှုပ်ရှားကာ ချက်ချင်း ပြေးဝင်လာသည်။ ကြီးမားသော်လည်း လှုပ်ရှားမှုက လျင်မြန်လှသည်။

"ဒေါင်... ဒေါင်... ဒေါင်"

ဓားပျံများသည် ပင့်ကူကြီး၏ ကိုယ်ခန္ဓာနှင့် ရိုက်ခတ်ပြီး ပြန်ကန်ထွက်ကုန်ကြသည်။ သာမန်ဓားများဖြင့် ၎င်း၏ မာကျောသော အခွံကို မဖောက်ထွင်းနိုင်ပေ။

လင်းယွမ် အသက်ရှူလိုက်ပြီး နောက်လှည့် ပြေးတော့သည်။

"သူ့အခွံက အရမ်းမာတယ်... ငါ့ခွန်အားနဲ့ မဖောက်နိုင်ဘူး... ပြီးတော့ သူ့နား အကပ်ခံလို့လည်း မဖြစ်ဘူး... ငါ့ရဲ့ အားအကြီးဆုံး စိတ်စွမ်းအင်နဲ့တောင် သူ့ကို သတ်လို့မရဘဲ အနှောင့်အယှက် ပေးရုံလောက်ပဲ တတ်နိုင်သေးတယ်"

လင်းယွမ် သဘောပေါက်လိုက်သည်။ အရည်အသွေးမှတ် ၂၀ တိုးလာပြီး စွမ်းရည်မြင့်တက်လာသော်လည်း ဤ ထိပ်တန်း သန္ဓေပြောင်းသတ္တဝါကြီးကို မယှဉ်နိုင်သေးပေ။

ဒီကောင်ကြီးက ဘယ်လောက်တောင် ဆင့်ကဲပြောင်းလဲထားသလဲ မသိနိုင်ပါ။

"နေဦး... သန္ဓေပြောင်းလဲနှုန်း"

လင်းယွမ် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့အမှတ်များကို ပြန်ကြည့်လိုက်ရာ သန္ဓေပြောင်းလဲနှုန်း ၉၈% ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"၁၀၀% ပြည့်သွားရင် ဘာဖြစ်မလဲ"

လင်းယွမ် စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်လာသည်။ သူ့တွင် ဘုံအရည်အသွေးမှတ် ၂ မှတ် ရှိနေသေးရာ ပေါင်းထည့်လိုက်ပါက ၁၀၀% ပြည့်သွားမည်မှာ သေချာသည်။ အမှတ် ၁ သောင်းကျော်လည်း ကျန်သေးသဖြင့် နောက်ထပ် မဲနှိုက်၍လည်း ရသေးသည်။

စမ်းကြည့်သင့်လား... သန္ဓေပြောင်းလဲနှုန်း ၁၀၀% ပြည့်သွားလျှင် ခန္ဓာကိုယ်တွင် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်။

"မဖြစ်သေးဘူး... အခု မစမ်းတာ ကောင်းမယ်... တကယ်လို့ မထင်မှတ်တာတွေ ဖြစ်လာပြီး တိုက်ခိုက်နိုင်စွမ်း ခဏ ပျောက်သွားရင် ဒုက္ခရောက်ကုန်မယ်... ဒီကောင်ကြီးကို အရင် ရှင်းမှ ဖြစ်မယ်"

လင်းယွမ် သူ့စိတ်ကို ထိန်းလိုက်ပြီး တောအုပ်ထဲတွင် အရှိန်ဖြင့် ပြေးလွှားလိုက်သည်။

အလျင် ၂၁.၈ ရှိသဖြင့် သူ၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် ပေ ၇၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ဤနှုန်းသည် အလွန် မြန်ဆန်လှသည်။ လူတစ်ယောက်၏ မျက်လုံးသည် တစ်စက္ကန့်လျှင် ပုံရိပ် ၂၅ ပုံခန့်သာ ဖမ်းယူနိုင်သဖြင့် သူ့ကို ကောင်းကောင်း မြင်နိုင်မည် မဟုတ်ပေ။

သူ့အမြန်နှုန်းကြောင့် နောက်မှလိုက်လာသော ပင့်ကူကြီးပင် ကြောင်သွားသည်။ သို့သော် ထိုက်ယန်တောင်၏ ထိပ်တန်း သားရဲဖြစ်သည့်အလျောက် ၎င်း၏ အလျင်ကလည်း မနှေးကွေးပေ။

ခြေချောင်းများ လှုပ်ရှားကာ အရိပ်အယောင်မျှသာ မြင်ရသည့် အမြန်နှုန်းဖြင့် လိုက်ပါလာသည်။

လင်းယွမ်သည် တောင်ပေါ်သို့ မပြေးဘဲ ရေပြင်ဘက်သို့ ဦးတည်ပြေးလိုက်သည်။ တောင်ပေါ်သို့ ခေါ်သွားပါက အခြားသူများ ဒုက္ခရောက်ကုန်နိုင်သည်။

ရေစပ်နားတွင် သန္ဓေပြောင်းသတ္တဝါ အများအပြား ရှိနေကြသည်။ ရုတ်တရက် အားလုံး လှည့်ကြည့်လိုက်ကြပြီး အရိုးလှံပင့်ကူကြီးကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

လင်းယွမ်သည် အရှိန်မလျှော့ဘဲ ရေထဲသို့ ခုန်ဆင်းလိုက်သည်။

သူ့အရှိန်မှာ မြန်လွန်းလှသဖြင့် ချက်ချင်း ရေမမြုပ်သွားဘဲ ရေမျက်နှာပြင်ထက်တွင် ခြေမချဘဲ ပြေးလွှားနေသကဲ့သို့ ပေ ၄၀၊ ၅၀ ခန့် ရောက်သွားပြီးမှ ရေအောက်သို့ ငုပ်လျှိုးသွားတော့သည်။

ဆက်ရန်...

All Chapters