← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 12 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 12 Ch. 237-238

အပိုင်း (၂၃၇) တင်းယန်၏ တိုက်ကွက်အသစ်

ရေမျက်နှာပြင်ဟူသည် အတိုင်းအတာတစ်ခုအထိ တင်းအား ရှိစမြဲဖြစ်သည်။

သီအိုရီအရဆိုလျှင် အလျင်နှုန်း လုံလောက်စွာ မြန်ဆန်ပြီး ခြေကန်အား ကောင်းမွန်ပါက ရေပေါ်လမ်းလျှောက်ခြင်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ပေသည်။

ဧရာမ ရေလွှမ်းမိုးမှုကြီး မတိုင်မီက လူသားများ ရေပေါ်ပြေးလွှားနိုင်ရန် အနည်းဆုံး တစ်စက္ကန့်လျှင် ပေ (၁၀၀) နှုန်းခန့် ရှိရမည်ဟု သုတေသနပြုချက်များ ရှိခဲ့ဖူး၏။

လင်းယွမ် သေချာမသိသော်လည်း ယခုအချိန်တွင် ရေမျက်နှာပြင်၏ တင်းအားကို သူ အမှန်တကယ် ခံစားမိနေသည်။

ထို့ပြင် သူ၏ ကြွက်သားပေါက်ကွဲအား အသုံးပြုလိုက်ချိန်တွင် ရေမျက်နှာပြင်တင်းအားက သူ့ကို တစ်စုံတစ်ခုသော တန်ပြန်ကန်အား ပေးစွမ်းနေသည်ကိုလည်း သိရှိလိုက်ရ၏။

သူသည် ရေမျက်နှာပြင်ပေါ်တွင် ခေတ္တခဏမျှ ပြေးလွှားနိုင်သည့် အခြေအနေကို လုပ်ဆောင်နိုင်ခဲ့လေပြီ။

သို့သော် ဤကဲ့သို့ ရေမျက်နှာပြင်တင်းအားကို အသုံးပြုနိုင်ရန် ငြိမ်သက်သော ရေပြင်ဖြစ်မှသာ ရနိုင်သည်။

လှိုင်းလေထန်နေသော ရေလွှမ်းမိုးမှုကြီးထဲတွင်မူ ရေမျက်နှာပြင်တင်းအားသည် ခဏချင်းဖြင့် ပျက်စီးသွားတတ်၏။

ထို့ပြင် သူ၏ အလျင်နှုန်းကလည်း ထိုမျှအဆင့်ထိ မရောက်ရှိသေးပေ။

ထို့ကြောင့် ပေ (၄၀) ခန့် ရောက်သည်နှင့် သူသည် ရေအောက်သို့ နစ်မြုပ်သွားလေတော့သည်။

လင်းယွမ် ရေနက်ထဲသို့ မရောက်မီ နောက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်မိသည်။

ထို အရိုးလှံပင့်ကူကြီးက အမှန်တကယ်ပင် ရေထဲသို့ အမှန်အကန်ပင် လိုက်ပါလာခဲ့ချေပြီ။

၎င်း၏ ဝမ်းဗိုက်အောက်မှ ပင့်ကူမျှင်သစ်များ ထွက်ပေါ်လာပြီး ရေထဲတွင် လှုပ်ရှားလိုက်ရာ ရေပန်းများ ဝုန်းဒိုင်းကြဲ ထွက်ပေါ်လာကာ သန္ဓေပြောင်း ငါးအမြောက်အမြားကို ဖမ်းမိသွားလေသည်။

သို့သော် ၎င်းက လင်းယွမ်ကိုသာ စိုက်ကြည့်နေပြီး ရှေ့လက်သည်းများကို တုန်ခါလျက် ကြိမ်နှုန်းမြင့် စူးရှသော အော်သံကြီးကို ရုတ်တရက် အော်ဟစ်လိုက်၏။

"ကျွီ"

ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများ လိမ့်တက်လာပြီး ပြင်းထန်သော လှိုင်းလုံးများကိုပင် ဆန့်ကျင်တွန်းကန်ကာ ရှေ့သို့ တိုးဝင်လာသည်။

"ဝုန်း... ဝုန်း"

ရိုက်ခတ်လာသော ရေလှိုင်းများသည် ကြိမ်နှုန်းလွန် အသံလှိုင်း၏ ရိုက်ခတ်မှုကြောင့် တစ်စစီ ကြေမွသွားကြသည်။

လင်းယွမ်က အချိန်မဆိုင်းဘဲ ရေအောက်ကြမ်းပြင်သို့ ငုပ်လျှိုးသွားပြီး မြေလျှိုးပညာကို အသုံးပြုကာ မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

သူသည် တိတ်တဆိတ်ပင် မြေလျှိုးပြီး ထိုက်ယန်တောင်ပေါ်သို့ အမြန်ပြန်လာခဲ့၏။

လမ်းတစ်လျှောက်တွင် အရိုးလှံပင့်ကူကြီး ဖြတ်သန်းသွားမှုကြောင့် သန္ဓေပြောင်း သတ္တဝါအများအပြား ထိတ်လန့်ထွက်ပြေးသွားကြသည်ကို အခွင့်ကောင်းယူကာ လင်းယွမ်သည် ကမ်းတင်ကျန်ရစ်ခဲ့သော သန္ဓေပြောင်းငါးများကို အားပါးတရ သိမ်းဆည်းလေတော့သည်။

အမှတ်များ တရိပ်ရိပ် တက်လာသဖြင့် လင်းယွမ်တစ်ယောက် စိတ်ထဲတွင် ကျိတ်၍ ပျော်ရွှင်နေမိ၏။

မကြာမီတွင် ဦးလေးကောဟုခေါ်သော လယ်သမားပုံစံနှင့် လူကြီးရှိရာနေရာသို့ သူ ပြန်ရောက်လာခဲ့သည်။

ထိုလူကြီးမှာ မျက်နှာတွင် စိုးရိမ်သောကများ အထင်းသားပေါ်နေပြီး မြေကြီးပေါ်တွင် လဲလျောင်းနေသော လူ ၇၀၊ ၈၀ ခန့်မှာလည်း လုံးဝ မလှုပ်မယှက် ငြိမ်သက်နေကြသည်။

"သမီးဟန်... ကောက်လီ... ရှောင်ရှ... မင်းတို့... မင်းတို့ ဘာဖြစ်ကုန်တာလဲ... စကားပြောကြပါဦး"

ဟန်ရှန်းမန်က မျက်လုံးပွင့်နေပြီး ဟိုကြည့်ဒီကြည့် လုပ်နေသော်လည်း စကားပြော၍မရချေ။ ထို့ကြောင့် လယ်သမားရုပ်ပေါက်နေသည့် ဦးလေးကောမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရှာသည်။

"သူတို့ အဆိပ်မိသွားတဲ့ပုံပဲ"

လင်းယွမ်က တောအုပ်ထဲမှ ထွက်လာရင်း ပြောလိုက်သည်။

လင်းယွမ်ကို မြင်လိုက်ရသောအခါ ဦးလေးကော ဝမ်းသာအားရ ဖြစ်သွားပြီး "မောင်ရင်... မင်း ဘာမှမဖြစ်ဘူးနော်... ဟိုသတ္တဝါကြီး မင်းကို ရန်မရှာဘူးမလား" ဟု အလျင်အမြန် မေးလေသည်။

လင်းယွမ် ခေါင်းကို အသာခါလိုက်ပြီး "ကျွန်တော် ဘာမှမဖြစ်ပါဘူး... အကောင်ကြီး တစ်ခြားဘက်ရောက်သွားပြီ... ဒါပေမဲ့ အခုက ပင်လယ်ရေတက်ချိန်ဆိုတော့ တောထဲမှာ သတ္တဝါတွေ အချိန်မရွေး ထွက်လာနိုင်တယ်... ဒီမှာ ဆက်နေရင် မကောင်းဘူး" ဟု ပြောလိုက်သည်။

ဦးလေးကောက စိတ်လှုပ်ရှားစွာဖြင့် "ဦးလေးလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူးကွာ... သူတို့က လုံးဝ မလှုပ်နိုင်ကြတော့ ဒီတိုင်း ထိုင်စောင့်နေရုံပဲ ရှိတာ" ဟု ဆိုသည်။

လင်းယွမ် ခေတ္တမျှ စဉ်းစားလိုက်ပြီး "ဒီလိုလုပ်... ကျွန်တော့်ဆီမှာ ဒေါက်တာရှိတယ်... လူတွေကို ကျွန်တော့်နေရာဆီ အရင် ရွှေ့ပြီး ဒေါက်တာကို ပြခိုင်းကြတာပေါ့" ဟု အကြံပြုလိုက်၏။

ဦးလေးကော ကြားသည်နှင့် "မင်းတို့ဆီမှာ ဒေါက်တာ ရှိတယ်လား... ကောင်းတယ်... ကောင်းတယ်... သိပ်ကောင်းတာပေါ့" ဟု ဝမ်းသာအားရ ပြောလေသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဦးလေး ကျွန်တော့်ကို ယုံတယ်ဆိုရင် လူတွေကို ကျွန်တော် သယ်ပေးမယ်... ဦးလေးက ဒီမှာစောင့်ပြီး သန္ဓေပြောင်းသတ္တဝါတွေ ရန်မမူအောင် ကာကွယ်ပေးထား" ဟု ပြောလိုက်သည်။

"ယုံတာပေါ့... ဦးလေးက မင်းကို ယုံပြီးသားပါ... စောစောကသာ မင်း အသက်စွန့်ပြီး ဟိုသတ္တဝါကြီးကို မျှားမခေါ်သွားရင် တို့တွေ အကုန်သေကုန်လောက်ပြီ" ဟု ဦးလေးကောက ချက်ချင်း တုံ့ပြန်သည်။

ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ဖူးသည်ဖြစ်ရာ သူ မယုံစရာ အကြောင်းမရှိတော့ပေ။

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပြီ... ဒါဆို ဒီအတိုင်းပဲ လုပ်ကြတာပေါ့... ဒီနေရာနဲ့ ကျောက်တွင်းက သိပ်မဝေးဘူး... ကျွန်တော့်အရှိန်နဲ့ဆို ခဏလေးနဲ့ ပြန်ရောက်မှာပါ" ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ကျပန်းရွေးချယ်ကာ လူနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီ ဆွဲမလိုက်ပြီး ခေါ်သွားရန် ပြင်လိုက်၏။

သို့သော် ဦးလေးကောက သူ့ကို လှမ်းဆွဲထားပြီး "သမီးဟန်နဲ့ ရှောင်ရှကို အရင်ခေါ်သွားပေးပါ" ဟု ပြောလိုက်သည်။

လင်းယွမ် ကြောင်သွားပြီး ဟန်ရှန်းမန်နှင့် ရှမင်ဟုခေါ်သော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။

ထိုစဉ် ဦးလေးကောက သူ့နားနားကပ်၍ "အစွမ်းပိုင်ရှင်တွေကို အရင်ကယ်ပေးပါ" ဟု တိုးတိုးလေး ကပ်ပြောလိုက်၏။

ဦးလေးကော၏ စကားကို ကြားလိုက်ရသောအခါ လင်းယွမ် သဘောပေါက်သွားပြီး ဦးလေးကောကို လေးနက်စွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လက်ထဲမှ လူနှစ်ယောက်ကို ပြန်ချကာ ဟန်ရှန်းမန်နှင့် ရှမင်တို့ကို ပွေ့ချီလိုက်လေသည်။

ထို့နောက် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ကျောက်တွင်း ခိုလှုံရေးစခန်းဆီသို့ ပြေးထွက်သွားတော့သည်။

တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူ နားလည်ပါသည်။ သာမန်လူများနှင့် ယှဉ်လျှင် အစွမ်းပိုင်ရှင်များက ပို၍ တန်ဖိုးရှိသည် မဟုတ်ပါလား။

ဤစကားက ရက်စက်သည်ဟု ထင်ရသော်လည်း ဤသည်မှာ လက်တွေ့ပင်ဖြစ်သည်။

အစွမ်းပိုင်ရှင်များကို ဦးစားပေး ကယ်တင်လိုက်ခြင်းဖြင့် နောင်တွင် သူတို့ အသက်ရှင်ကျန်ရစ်ပါက တန်ဖိုးတစ်ခုခု ပိုမိုပေးစွမ်းနိုင်မည် ဖြစ်သည်။

ဦးလေးကော၏ ရှုထောင့်မှ ကြည့်လျှင်လည်း အစွမ်းပိုင်ရှင်များ အသက်ရှင်မှသာ သူတို့အုပ်စုတွင် တိုက်ခိုက်နိုင်စွမ်း ကျန်ရှိနေမည်ဖြစ်သည်။

ကျောက်တွင်းဧရိယာသည် ဤနေရာနှင့် (၂) မိုင်ခန့်သာ ဝေးကွာသော်လည်း တောင်ပေါ်လမ်း ဖြစ်နေသည်။

လင်းယွမ်က (၅) မိနစ်ပင် မကြာလိုက်ဘဲ ကျောက်တွင်းသို့ ရောက်ရှိသွားသည်။

ကျောက်တွင်းထဲသို့ ဝင်ရောက်ပြီးနောက် အတွင်းပိုင်းသို့ ဆက်သွားကာ ခိုလှုံရေးစခန်းသို့ အလျင်အမြန် ရောက်ရှိသွားသည်။

သူ လူများကို အလောတကြီး မခေါ်သေးဘဲ ကျောက်တွင်းလုပ်သားများနှင့် ရန်ဆန်းမင်တို့အဖွဲ့ မည်သို့ ဆက်ဆံနေကြသည်ကို အကဲခတ်ကြည့်လိုက်သည်။

ဟန်ရှန်းမန်နှင့် ရှမင်ကို ချထားလိုက်ပြီး သူသည် မြေလျှိုးပညာဖြင့် ဂူအတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။

ကျောက်တွင်းလုပ်သားများက မီးပုံများ ဖိုထားကြပြီး မီးဓာတ် စွမ်းအင်ကျောက်မှုန့်များကို အသုံးပြုကာ ထမင်းချက်နေကြသည်ကို တွေ့လိုက်ရ၏။

ရန်ဆန်းမင်နှင့် အခြားသူများကလည်း လုပ်သားများနှင့် ရောနှောနေကြပြီး အချို့က ဖဲရိုက်နေကြသလို အချို့ကလည်း ဇာတိမြေအကြောင်း ပြောနေကြသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး လင်းယွမ် ပြုံးလိုက်မိသည်။ ရန်ဆန်းမင်တို့ အခြေအနေကို ထိန်းချုပ်ထားနိုင်သည်မှာ သိသာလှသည်။

သူသည် ရန်ဆန်းမင်တို့အနားသို့ လျှောက်သွားပြီး ပခုံးကို အသာပုတ်လိုက်သည်။

"ဒေါက်တာရန်... ကျွန်တော့်နောက် လိုက်ခဲ့ပါဦး"

ရန်ဆန်းမင် ကြောင်သွားပြီး လင်းယွမ်ကို မြင်လိုက်ရသောအခါ အလိုလို ထရပ်ကာ လိုက်ပါသွားမိသည်။

ထို့နောက် ရုတ်တရက် ရပ်တန့်သွားပြီး "နေပါဦး... ခင်ဗျားက လင်းယွမ်လား... ဘယ်လိုလုပ် ဝင်လာတာလဲ" ဟု သံသယဖြင့် မေးလိုက်သည်။

လင်းယွမ် ပြုံးလိုက်ပြီး ရန်ဆန်းမင်၏ သတိရှိမှုကို စိတ်ထဲမှ ချီးကျူးလိုက်သည်။ "ကျွန်တော်ပါ ဒေါက်တာရန်"

ပြောရင်းဆိုရင်း သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ဆန်တစ်အိတ် လက်ထဲသို့ ရောက်ရှိလာသည်။

ဤကဲ့သို့သော ဟင်းလင်းပြင်အစွမ်းမျိုး သူ့တစ်ယောက်တည်းသာ ရှိသည်။

ရန်ဆန်းမင် သက်ပြင်းချလိုက်ပြီး "အစ်ကိုလင်း... ဘယ်လိုလုပ် ရောက်လာတာလဲ" ဟု မေးလိုက်သည်။

"ခင်ဗျားတို့ကို စိတ်မချလို့ လာကြည့်တာ"

သူ အကြည့်ဖြင့် ဝေ့ဝဲရှာဖွေလိုက်သော်လည်း တင်းယန်ကို မတွေ့ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။

ရန်ဆန်းမင် သဘောပေါက်သွားပြီး "တင်းယန်က ဂူထဲမှာ မရှိဘူး... အပြင်ရောက်နေတယ်" ဟု ရယ်မောကာ ပြောလိုက်သည်။

လင်းယွမ် မျက်မှောင်ကြုတ်လျက် "အပြင်မှာ ဟုတ်လား... သူ အပြင်မှာ ဘာလုပ်နေတာလဲ... အခု ပင်လယ်ရေတက်ချိန် ဆိုတာ မသိဘူးလား... အပြင်မှာ သန္ဓေပြောင်း သတ္တဝါတွေ ဘယ်လောက်များလဲ... ဘယ်လောက် အန္တရာယ်များလဲ" ဟု မေးလိုက်သည်။

ရန်ဆန်းမင်က ခေါင်းခါကာ "ကျွန်တော်တို့လည်း မတတ်နိုင်ဘူးဗျာ... တားမရဘူး... သူက သူ့ရဲ့ တိုက်ခိုက်ရေးတိုက်ကွက် တိုးတက်အောင် လုပ်မယ်ဆိုပြီး အတင်းထွက်သွားတာ... နောက်ဆို ခင်ဗျားရဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူးတဲ့... ကိစ္စတိုင်း ခင်ဗျားတစ်ယောက်တည်း ရင်ဆိုင်နေရတာကို ထိုင်ကြည့်မနေနိုင်တော့ဘူး ဆိုပြီး ပြောသွားတာပဲ" ဟု ရှင်းပြသည်။

လင်းယွမ် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ရင်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရ၏။

"သူ ဘယ်နားမှာလဲ" ဟု လင်းယွမ် မေးလိုက်သည်။

"ကျွန်တော်လည်း မသိဘူး... နှုတ်ဆက်ပြီးတာနဲ့ စွမ်းအင်ကျောက်တုံး နည်းနည်းယူပြီး ထွက်သွားတာပဲ"

လင်းယွမ် ဘာမှမတတ်နိုင်တော့ဘဲ ခေါင်းညိတ်ကာ "ထားလိုက်ပါတော့... နောက်မှ သူ့ကို လိုက်ရှာလိုက်မယ်... ဒါနဲ့ ကျွန်တော့်နောက် လိုက်ခဲ့ကြဖို့လူနည်းနည်းလောက် စုပေးပါဦး" ဟု ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ" ရန်ဆန်းမင် မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် မီးပုံဘေးသို့ လှည့်ကာ "ဦးလေးညို... လျောင်ထောင်း... မုန့်ကွမ်းလီ... လူနည်းနည်း ခေါ်ခဲ့ပါဦး" ဟု လှမ်းအော်လိုက်သည်။

လင်းယွမ်က "နည်းနည်းဆို မလောက်ဘူး... ထားလိုက်တော့... အကုန်လုံး ခေါ်လိုက်ပါ"

"ရေထဲကနေ ထွက်ပြေးလာတဲ့ လူတစ်စုကို ကျွန်တော် ကယ်ထားတယ်... သူတို့ ကံဆိုးချင်တော့ ပင်လယ်ရေတက်ချိန်ကြီး ထိုက်ယန်တောင်ကို ရောက်လာကြတယ်လေ"

ရန်ဆန်းမင် ကြောင်သွားပြီး ခေါင်းကို အသာခါလျက် "ကျွန်တော့်အမြင်တော့ သူတို့ ကံဆိုးတာ မဟုတ်ဘူး... ကံကောင်းတာဗျ... ပင်လယ်ရေတက်ချိန်သာ မဟုတ်ရင် သူတို့ ကမ်းကို ကပ်နိုင်မှာတောင် မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ရန်ဆန်းမင်သည် သူတို့ ထိုက်ယန်တောင်ပေါ်သို့ စရောက်စဉ်က ထူလုံတို့အဖွဲ့၏ တားဆီးခြင်း ခံခဲ့ရသည်ကို ပြန်လည်အမှတ်ရနေပုံ ပေါ်သည်။

"လူ ဘယ်လောက်ရှိလဲ" ရန်ဆန်းမင် ထပ်မေးလိုက်သည်။

" (၈၀)၊ (၉၀) လောက်ရှိမယ်"

"လူ မနည်းဘူးပဲ... အစွမ်းပိုင်ရှင်တွေ ပါလား"

"ပါတယ်... (၇) ယောက်၊ (၈) ယောက်လောက် ရှိမယ်"

"သူတို့ဘာသာ မလာနိုင်ကြဘူးလား"

"အကုန်လုံး ဒဏ်ရာရထားကြလို့"

လင်းယွမ်က သူတို့ အရိုးလှံပင့်ကူကြီးနှင့် တွေ့ဆုံခဲ့ပုံကို အကျဉ်းချုံး ပြောပြလိုက်သည်။

ရန်ဆန်းမင် မျက်နှာထား တင်းမာသွားပြီး "အစ်ကိုလင်း... အရိုးလှံပင့်ကူကြီးလို အန္တရာယ်များတဲ့ အကောင်မျိုးကို ခင်ဗျား ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင် လုပ်ရတာလဲ"

"ကျွန်တော်တို့ ခိုလှုံရေးစခန်းက အခုမှ အစပျိုးကာလပဲ ရှိသေးတာ... ခင်ဗျားသာ ဦးဆောင်မပေးရင် ကျန်တဲ့ ခိုလှုံရေးစခန်းတွေက ကျွန်တော်တို့ကို အရိုးတောင် မကျန်အောင် ဝါးစားပစ်ကြမှာ"

လင်းယွမ်က ရယ်မောလိုက်ပြီး "ကျွန်တော် ယုံကြည်မှုရှိလို့ လုပ်တာပါ... စိတ်ချပါ" ဟု ပြောလိုက်သည်။

ရန်ဆန်းမင် သက်ပြင်းချကာ "ဒါပေမဲ့လည်း စွန့်စားလွန်းရာ ကျတာပေါ့ဗျာ... အခု ကျွန်တော်တို့က ကျောက်တွင်းကို သိမ်းပိုက်လိုက်ပြီဆိုတော့ တခြား ခိုလှုံရေးစခန်း သုံးခုက မကြာခင် ကျွန်တော်တို့ကို ဒုက္ခပေးကြတော့မှာ"

"ခင်ဗျားသာ မရှိရင် ဒါမှမဟုတ် ဒဏ်ရာရသွားရင် ကျွန်တော်တို့ အခြေအနေ ဆိုးသွားလိမ့်မယ်"

လင်းယွမ်က သူ့ပခုံးကို ပုတ်လိုက်ပြီး "သူတို့ လှုပ်ရှားနေကြပြီ... သိုင်းဘုရင်ဂေဟာက လူလွှတ်ပြီး ကျွန်တော်တို့နဲ့ 'ပူးပေါင်း' ဖို့ လာကမ်းလှမ်းထားတယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က သိုင်းဘုရင်ဂေဟာ၏ ပူးပေါင်းလိုသော ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။

ရန်ဆန်းမင်က ကြိုတင်ခန့်မှန်းထားသည့်ပုံစံဖြင့် သက်ပြင်းချကာ "လက်တွေ့ဆန်လိုက်ကြတာဗျာ... လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ကျွန်တော်တို့ဆီက ထမင်းလာစားသွားကြပြီး အခုကျတော့ ကျွန်တော်တို့ အသားကို လာကိုက်စားချင်နေကြပြီ" ဟု ပြောလိုက်သည်။

လင်းယွမ်၏ စွမ်းအားများ တိုးတက်လာပြီဖြစ်ရာ ယခုအချိန်တွင် ဝူမုန့်ကို ကြောက်ရွံ့ခြင်း မရှိတော့ပေ။

သူ ပြုံးလိုက်ပြီး "စိတ်ချပါ... ဒီတစ်ခါ ကျွန်တော်တို့ကို လာကိုက်ရဲတဲ့သူ ဘယ်သူမဆို သွားတွေ အကုန်ကျိုးအောင် ရိုက်ချိုးပစ်မယ်" ဟု ပြောလိုက်သည်။

"အစ်ကိုလင်း... ဒေါက်တာရန်... အားလုံး ရောက်နေကြပါပြီ"

ဦးလေးညိုမင်နှင့် အဖွဲ့သားများက လူအကုန်လုံးကို ခေါ်လာကြသည်။

လင်းယွမ်က "အားလုံး ကျွန်တော့်နောက် လိုက်ခဲ့ကြ" ဟု ပြောလိုက်သည်။

"အစ်ကိုလင်း... အခုက ပင်လယ်ရေတက်ချိန်ဆိုတော့ အပြင်ထွက်ရင် အရမ်းအန္တရာယ်များတယ်" ဟု ဦးလေးညိုမင်က စိုးရိမ်တကြီး ပြောလိုက်သည်။

"ခင်ဗျားတို့ကို အတင်းအကျပ် မခိုင်းပါဘူး... လိုက်သွားတဲ့သူတွေကို ဆန် (၁) ပေါင်စီ ပေးမယ်" ဟု လင်းယွမ်က ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ဦးလေးညိုမင်က စက္ကန့်ပိုင်းပင် စဉ်းစားခြင်းမရှိဘဲ "ကျွန်တော် လိုက်မယ်" ဟု ချက်ချင်း အော်ပြောလေတော့သည်။

လျောင်ထောင်း၊ မုန့်ကွမ်းလီနှင့် အခြားသူများလည်း လက်ဝိုင်းထောင်ကာ ချက်ချင်း သဘောတူကြသည်။

ဆန်တဲ့လား...။ သူတို့ ထမင်းဖြူဖြူ မစားရသည်မှာ ဘယ်လောက်ကြာခဲ့ပြီမှန်းပင် မသိတော့ပေ။

လင်းယွမ် ပြုံးလိုက်ပြီး လူအုပ်ကြီးကို ဦးဆောင်ကာ အလျင်အမြန် ထွက်ခွာသွားကြသည်။

ရန်ဆန်းမင်တော့ လိုက်မသွားပေ။ သူနှင့် ကုဖုန်းတို့အဖွဲ့သည် ဂူထဲတွင်ကျန်ရစ်ခဲ့ပြီး ဟန်ရှန်းမန်တို့ နှစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးရမည် ဖြစ်သည်။

ရန်ဆန်းမင်က သူတို့နှစ်ဦး မိထားသော အဆိပ်ကို စစ်ဆေးပြီး ကုသရန် နည်းလမ်းရှာဖွေရဦးမည် မဟုတ်လား။

လူအုပ်ကြီး တဝုန်းဝုန်းဖြင့် တောအုပ်ထဲသို့ ရောက်ရှိလာကြသည်။

ဦးလေးကောသည် လူအများကြီးကို မြင်လိုက်ရသောအခါ အစပိုင်းတွင် လန့်သွားသော်လည်း လင်းယွမ်ကို မြင်လိုက်ရမှ သက်ပြင်းချနိုင်တော့သည်။

သူ ပုန်းခိုရာမှ ထွက်လာပြီး ကြိုဆိုလိုက်သည်။

"မောင်ရင်... ဒါတွေအကုန်လုံး မင်းလူတွေလား"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... လူများတော့ အင်အားရှိတာပေါ့... ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူး... လူတွေကို အရင်ကယ်ပြီး ပြန်ရောက်မှ ပြောကြတာပေါ့" ဟု ပြောလိုက်သည်။

"အေးအေး" ဦးလေးကောက အလျင်အမြန် ခေါင်းညိတ်သည်။

အားလုံးက ချက်ချင်း ဝင်ရောက်ကူညီကြပြီး တစ်ယောက်လျှင် တစ်ယောက် ကျောပိုးလိုက်ကြသည်။ အစွမ်းပိုင်ရှင်များကမူ လက်တစ်ဖက်လျှင် တစ်ယောက်နှုန်းဖြင့် ဆွဲမသွားကြသည်။

ကယ်ရမည့်သူ (၈၀) ကျော် ရှိနေသဖြင့် တစ်ခေါက်တည်းနှင့် မကုန်နိုင်ဘဲ နှစ်ခေါက်လောက်တော့ သွားရမည့် အနေအထားဖြစ်သည်။

လမ်းတွင် သန္ဓေပြောင်းသတ္တဝါများ ဝင်ရောက်တိုက်ခိုက်သည်လည်း ရှိသည်။

သို့သော် လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်တည်းဖြင့် ခေါင်းကို ဖောက်ခွဲပစ်လိုက်သည်။

ယခုဆိုလျှင် သူ၏ စိတ်စွမ်းအင်အမှတ်မှာ (၄၀.၃) အထိ ရောက်ရှိနေပြီဖြစ်ရာ သာမန် သန္ဓေပြောင်းသတ္တဝါလောက်ကမူ သူ၏ စိတ်ဝိညာဉ်ရိုက်ခတ်မှု တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။

ယခုအချိန်တွင် သာမန် သန္ဓေပြောင်းသတ္တဝါများ မဆိုထားနှင့်၊ ထူလုံနှင့် ဝူမုန့်ကဲ့သို့သော လူစားမျိုးများပင် သူ့ရှေ့ရောက်လာပါက စိတ်ဝိညာဉ်ရိုက်ခတ်မှု တစ်ချက်တည်းကိုပင် ခံနိုင်လိမ့်မည် မဟုတ်ဟု လင်းယွမ် ခန့်မှန်းမိသည်။

သူ၏ စိတ်စွမ်းအင်သည် အခြားသော အစွမ်းပိုင်ရှင် အားလုံးကို အပြတ်အသတ် ကျော်လွန်နေပြီ ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းစဉ် တစ်ခုလုံးသည် တစ်နာရီကျော်မျှသာ ကြာမြင့်ပြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

ဟင်းလင်းဖြစ်နေသော မြေအောက်ဂူကြီးထဲတွင် လူ (၈၀) ကျော် ထပ်ရောက်လာသဖြင့် နေရာထိုင်ခင်းများ ပြည့်ကျပ်စည်ကားသွားသည်။

တော်သေးသည်က နေရာအတော်လေး ကျယ်ဝန်းသဖြင့် နေစရာလွတ် ကျန်ရှိနေသေးခြင်း ဖြစ်သည်။

ရန်ဆန်းမင် မတ်တပ်ရပ်လိုက်သည်ကို မြင်သောအခါ ဦးလေးကောက အနားသို့ ချက်ချင်းရောက်လာပြီး "ဒေါက်တာ... ဘယ်လိုနေလဲ" ဟု စိုးရိမ်တကြီး မေးလိုက်သည်။

ရန်ဆန်းမင်က ဦးလေးကောကို ကြည့်ပြီး ပြုံးလျက် "စိတ်မပူပါနဲ့... ကျွန်တော့်အမြင်အရတော့ ဒါက အာရုံကြောထုံဆေး တစ်မျိုးပါပဲ... မေ့ဆေးနဲ့ ဆင်တူတယ်"

"တကယ်တော့ သတ္တဝါအများစုမှာ အဲဒီလို အဆိပ်မျိုး ရှိတတ်ကြတယ်... သားကောင်ကို ဖမ်းမိတဲ့အခါ ရုန်းကန်လို့မရအောင် ထုံကျင်သွားစေတဲ့ သဘောပေါ့" ဟု ရှင်းပြသည်။

"ဒါဆို သူတို့ ဘယ်တော့လောက် ပြန်လှုပ်ရှားနိုင်မှာလဲ" ဦးလေးကောက အလျင်စလို မေးလိုက်သည်။

"သိပ်တော့ မကြာလောက်ပါဘူး... အစွမ်းပိုင်ရှင်တွေဆိုရင် တစ်နာရီ၊ နှစ်နာရီလောက်ဆို လှုပ်ရှားနိုင်ကြမှာပါ... သာမန်လူတွေကတော့ နည်းနည်း ပိုကြာလိမ့်မယ်"

"အစွမ်းပိုင်ရှင်တွေရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေက အားကောင်းသလို ကြံ့ခိုင်မှုလည်း ရှိတယ်... ပြီးတော့ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ အစွမ်းတွေလည်း ရှိတော့ ခံနိုင်ရည် ပိုမြင့်တာပေါ့"

"အရိုးလှံပင့်ကူကြီးက အဆိပ်ပြင်းလွန်းလို့သာ ဒီလောက်ကြာနေတာ... သာမန် သန္ဓေပြောင်းသတ္တဝါလောက်ဆိုရင် မိနစ်ပိုင်းလောက်နဲ့ ပြန်ကောင်းသွားလောက်ပြီ"

ရန်ဆန်းမင်၏ စကားကို ကြားသောအခါ ဦးလေးကော သက်ပြင်းချနိုင်သွားသည်။

"တော်ပါသေးရဲ့... တော်ပါသေးရဲ့" ဟု ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေလေသည်။

လင်းယွမ်က "ကုသပေးမယ်ဆိုရင် သူတို့ မြန်မြန် ပြန်ကောင်းနိုင်မလား" ဟု မေးလိုက်သည်။

ရန်ဆန်းမင်က "ရတာပေါ့... ဒါပေမဲ့ ကျွန်တော့်လက်ထဲမှာ ဘာဆေးမှ မရှိဘူး"

"ဝမ်အန်း ဒါမှမဟုတ် ညီမဆုန့် သာရှိရင် သူတို့ရဲ့ ကုသနိုင်စွမ်းနဲ့ဆို ပိုမြန်မြန် ပြန်ကောင်းလာနိုင်လောက်တယ်" ဟု ပြန်ဖြေသည်။

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ သူ စဉ်းစားမိသည်မှာ အကယ်၍ သူသာ ထိုအဆိပ်မျိုး မိခဲ့လျှင် သူ၏ 'ဆင့်ကဲပြောင်းလဲခြင်း' အစွမ်းဖြင့် အဆိပ်ကို ခုခံနိုင်မည့် ပဋိဇီဝပစ္စည်းများ အမြန်ဆုံး ပြောင်းလဲထုတ်လုပ်နိုင်မည်လော ဟူ၍ ဖြစ်သည်။

"ဒေါက်တာရန်... ဒီဘက်ကို ခင်ဗျားပဲ ခဏကြည့်ထားပေးပါ... ကျွန်တော် တင်းယန်ကို သွားရှာလိုက်ဦးမယ်"

လင်းယွမ်သည် ထိုအတွေးကို ခေတ္တဘေးဖယ်ထားလိုက်ပြီး အခွင့်အရေးရမှ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"အခွင့်အရေးရရင် ထုံဆေးကို နည်းနည်းချင်းစီ အကြိမ်ကြိမ် သုံးပြီး ငါ့ရဲ့ 'ဆင့်ကဲပြောင်းလဲခြင်း' အစွမ်းကို လေ့ကျင့်ပေးရမယ်... ဒါမှ အဆိပ်အတောက် ခံနိုင်ရည် မြင့်တက်လာမှာ"

သူ နှုတ်ဆက်လိုက်ပြီး 'ဆင့်ကဲပြောင်းလဲခြင်း' အစွမ်း၏ အလားအလာကို မည်သို့ ဆက်လက်တူးဖော်ရမည်ကို စဉ်းစားရင်း တင်းယန်ကို ရှာဖွေရန် ထွက်လာခဲ့သည်။

ပင်လယ်ရေတက်ချိန်လို အန္တရာယ်များသည့် ကာလမျိုးတွင် သူမတစ်ယောက်တည်း အပြင်တွင် ရှိနေစေရန် စိတ်မချနိုင်ပေ။

ဂူထဲမှ ထွက်လာပြီးနောက် လင်းယွမ်သည် အနီးအနားမှ ထွက်ပေါ်လာသော သန္ဓေပြောင်းသတ္တဝါများကို သတ်ဖြတ်ရင်း တင်းယန်၏ အရိပ်အယောင်ကို ရှာဖွေနေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် အနောက်မြောက်ဘက် တောအုပ်ထဲတွင် ရှာဖွေနေသော လင်းယွမ် ရုတ်တရက် ရပ်တန့်လိုက်သည်။

အဝေးမှ ဝုန်းခနဲ ပေါက်ကွဲသံတစ်သံ ကြားလိုက်ရပြီး ထိုအသံနှင့်အတူ သတ္တဝါတစ်ကောင်၏ ဟိန်းဟောက်သံလည်း သဲ့သဲ့မျှ ပါလာသည်။

လင်းယွမ် စိတ်လှုပ်ရှားသွားပြီး အသံလာရာဆီသို့ အလျင်အမြန် သွားလိုက်သည်။

မကြာမီ ကျောက်တုံးကျောက်ဆောင်များကြားတွင် သွက်လက်သော လူရိပ်တစ်ခု ခုန်ပျံကျော်လွှားနေသည်ကို တွေ့လိုက်ရ၏။

ထိုလူရိပ်၏ နောက်တွင် မီးနီရောင် အမွေးအမျှင်များ ဖုံးအုပ်ထားသော ဝက်ရိုင်းကြီးတစ်ကောင်က အသည်းအသန် လိုက်လံတိုက်ခိုက်နေသည်။

ထိုဝက်ရိုင်းကြီးသည် ရှည်လျားသော နှာမောင်းနှင့် အစွယ်များ ပါရှိပြီး ကိုယ်လုံးအနှံ့ အနီရောင်အမွေးများ ပေါက်ရောက်နေကာ ဝမ်းဗိုက်တွင်လည်း ထူထဲသော ရွှံ့နွံများဖြင့် ဖုံးအုပ်ထားသည်။

မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းနေပြီး နှာခေါင်းပေါက် ဝိုင်းဝိုင်းနှစ်ခုမှ မီးတောက်များ တရွှူးရွှူး မှုတ်ထုတ်နေ၏။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ထွက်ပေါ်လာသော မီးတောက်များကြောင့် ရေငွေ့များ ပွက်ပွက်ဆူကာ အငွေ့ပျံတက်နေသည်။

၎င်း၏ ခြေလက်လေးဖက်တွင်လည်း မီးတောက်များ လောင်ကျွမ်းနေပြီး ပြေးလွှားလိုက်တိုင်း မြေကြီးပေါ်တွင် မီးကျွမ်းရာ မည်းမည်းကြီးများ ကျန်ရစ်ခဲ့သည်။

"သန္ဓေပြောင်း ဝက်ရိုင်းလား"

လင်းယွမ် မျက်ခုံးပင့်လိုက်ပြီး ရှေ့မှ ပြေးလွှားခုန်ပျံနေသော မိန်းကလေးကို ကြည့်လိုက်သည်။

သွယ်လျသော ခန္ဓာကိုယ်နှင့် ရင်းနှီးနေသော ခါးမတ်အင်္ကျီ... တင်းယန် မဟုတ်ပါက ဘယ်သူဖြစ်မည်နည်း။

သူမ၏ ကိုယ်နေဟန်ထားသည် သွက်လက်ပေါ့ပါးနေပြီး ခြေထောက်နှစ်ဖက်တွင် စွမ်းအင် အလင်းရောင်များ တဖျပ်ဖျပ် လက်နေသည်ကို လင်းယွမ် တွေ့လိုက်ရသည်။

ခုန်ပျံပြေးလွှားလိုက်တိုင်း စွမ်းအင် အလင်းရောင်များ ပေါက်ကွဲထွက်ကာ သူမကို အားကောင်းသော တွန်းကန်အားများ ပေးစွမ်းနေသဖြင့် သူမ၏ အလျင်သည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေသည်။

လင်းယွမ် ချက်ချင်း ဝင်မကူညီသေးဘဲ အနီးနားတွင် ရပ်ကြည့်နေလိုက်သည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ တင်းယန်သည် ကျောက်တုံးများကို အကာအကွယ်ယူကာ ဟိုဟိုသည်သည် ပြေးလွှားရှောင်တိမ်းရင်း ဝက်ရိုင်းကြီး အရှိန်ဖြင့် ဝင်တိုက်မည့်အရေးမှ လွတ်အောင် ရှောင်နေ၏။

တစ်ခါတစ်ရံ ဝက်ရိုင်းကြီး မှုတ်ထုတ်လိုက်သည့် အပူရှိန်ပြင်းသော မီးတောက်များကိုလည်း လေဖိအားအမြောက်လက်သီးဖြင့် ပစ်ခတ်ကာ ဖြိုခွင်းလိုက်သည်။

လင်းယွမ် ခေါင်းညိတ်လိုက်မိသည်။ "သူ့အစွမ်းကို ပိုပြီး ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်နေတာပဲ"

ယခုဆိုလျှင် စွမ်းအင် အလင်းရောင်များသည် တင်းယန်၏ ခန္ဓာကိုယ် အစိတ်အပိုင်း နေရာမရွေးတွင် အချိန်မရွေး ပေါ်လာနိုင်သည့်ပုံ ပေါက်နေသည်။

သူမ၏ ကျောပြင်တွင်ပင်လျှင် စွမ်းအင် အလင်းရောင်များ ချက်ချင်း စုစည်းနိုင်ပြီး ပြင်းထန်သော ပေါက်ကွဲအားကို ထုတ်လွှတ်နိုင်သည်။

တစ်ခါတစ်ရံ သူမ မြေကြီးပေါ်သို့ လဲကျသွားသော်လည်း ကျောဘက်တွင် စွမ်းအင် အလင်းရောင်များ ချက်ချင်း စုစည်းကာ ပေါက်ကွဲစေလိုက်ပြီး ထိုပေါက်ကွဲအားဖြင့် ခန္ဓာကိုယ်ကို ချက်ချင်း ပြန်ကန်တင်လိုက်သည်ကို လင်းယွမ် တွေ့လိုက်ရသည်။

"သူမရဲ့ စွမ်းအင် အလင်းရောင် ပေါက်ကွဲအားက ပိုပိုပြီး ပြင်းထန်လာပုံရတယ်"

"သူရဲ့ သန္ဓေပြောင်းလဲနှုန်း အဆင့် မြင့်တက်လာလို့များလား"

လင်းယွမ် စဉ်းစားခန်း ဝင်နေမိသည်။

ထိုစဉ် သူ၏ အကြည့်များ စူးရှသွားသည်။ တင်းယန်သည် အပြေးလွှားနေရင်းမှ ရုတ်တရက် ခြေထောက်ကို မြှောက်တင်လိုက်သည်ကို တွေ့လိုက်ရ၏။

"ဝှစ်"

သူမ၏ ခြေဖဝါးပေါ်တွင် လခြမ်းပုံသဏ္ဌာန် စွမ်းအင် အလင်းရောင် တစ်ခု စုစည်းသွားသည်။

ခြေထောက်ကို အားကုန်လွှဲကာ ရိုက်ချလိုက်သည်နှင့် ထို လခြမ်းပုံသဏ္ဌာန် စွမ်းအင် အလင်းရောင်သည် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားလေသည်။

"ဝူး"

ထို လခြမ်းပုံ အလင်းတန်းသည် အလွန်လျင်မြန် ပြင်းထန်လွန်းလှသဖြင့် လေထုနှင့် မိုးစက်များကိုပါ ဆွဲဖြဲကာ ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားလေတော့၏။

"ရွှပ်"

"အီး"

လခြမ်းပုံသဏ္ဌာန် စွမ်းအင် အလင်းတန်းသည် မီးနီရောင်ဝက်ရိုင်းကြီး၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ဝင်ရောက်ခုတ်ပိုင်းလိုက်သဖြင့် ဝက်ရိုင်းကြီးမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။

သွေးများ အမြောက်အမြား ပန်းထွက်လာပြီး မီးတောက်များလည်း လွင့်စဉ်ကုန်သည်။

တင်းယန်က "ဟားဟား... အောင်မြင်ပြီ... ငါ လုပ်နိုင်ပြီကွ" ဟု အားပါးတရ အော်ရယ်လိုက်သည်။

ထို့နောက် သူမသည် ခြေထောက်ကို ဆက်တိုက် ဝှေ့ယမ်း ကန်ကျောက်လိုက်ရာ သွယ်လျသော ခြေတံရှည်ကြီးများသည် ဓားရှည်များအလား ဖြောင့်တန်းသွားကြသည်။

ခြေတစ်ချက် ကန်လိုက်တိုင်း စွမ်းအင် အလင်းရောင်များသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဓားသွားများအဖြစ် ပြောင်းလဲကာ တရွှူးရွှူး မြည်လျက် ပိုင်းဖြတ်သွားကြသည်။

"ရွှပ်... ရွှပ်... ရွှပ်"

အားကောင်းသော စွမ်းအင်ဓားသွားများသည် ဝက်ရိုင်းကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက် ကျရောက်သွားပြီး ဝက်ရိုင်းကြီး၏ ကိုယ်ပေါ်တွင် ပြတ်ရှဒဏ်ရာများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

သွေးများ ပန်းထွက်လာပြီး ကျောက်တုံးများကိုပါ ရဲရဲနီသွားစေသည်။

လခြမ်းပုံသဏ္ဌာန် ဓားသွားအချို့မှာ ကျောက်တုံးများပေါ်သို့ ကျရောက်သွားပြီး တိုးဝင်သွားသည့် အသံများ ထွက်ပေါ်လာသည်။

ထိုကျောက်တုံးကြီးများမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားလေ၏။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်နိုင်စွမ်းသည် ရန်ဆန်းမင်၏ 'ထက်မြက်ခြင်း' အစွမ်းဖြင့် ပြုပြင်ထားသော လက်နက်များနှင့် ယှဉ်လျှင်ပင် အားနည်းခြင်း မရှိပေ။

ထို့နောက် တင်းယန် မရပ်တန့်သေးဘဲ ရုတ်တရက် ခြေစုံရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဓားအလား ဆန့်ထုတ်ကာ လေထဲသို့ ပိုင်းချလိုက်သည်။

"ဝှစ်... ဝှစ်"

လက်မောင်းဓားသွားသဏ္ဌာန် လခြမ်းပုံ အလင်းတန်း နှစ်ခု ပစ်ခတ်ထွက်သွားပြန်သည်။

"ရွှပ်... ရွှပ်"

ယခုတစ်ကြိမ်တွင် အလင်းတန်းဓားသွားများသည် ဝက်ရိုင်းကြီး၏ လည်ဂုတ်နေရာ တစ်ခုတည်းသို့ တိတိကျကျ ဝင်ရောက်ဖြတ်တောက်သွားသည်။

"ဘုန်း"

ဝက်ရိုင်းကြီး၏ ခေါင်းသည် ချက်ချင်း ပြတ်ထွက်သွားပြီး ဘေးသို့ လိမ့်ဆင်းသွားလေတော့သည်။

မီးမှုတ်ထုတ်ခဲ့သော နှာခေါင်းပေါက်များထဲမှ မီးခိုးမည်းများသာ ထွက်ပေါ်လာပြီး မီးပွားစအချို့ လက်ကျန်ရှိနေသေးသော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် နောက်ဆုံးတွင် ငြိမ်းသတ်သွားလေသည်။

တင်းယန်သည် မတ်တပ်ရပ်လျက် အမောဖြေနေရင်း မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။

မိုးရေများကြောင့် ဆံပင်များ စိုရွှဲနေသော်လည်း သူမ၏ မျက်ဝန်းထဲမှ အရောင်အဝါများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

"ငါ လုပ်နိုင်ခဲ့ပြီ"

"ဖြောင်း... ဖြောင်း... ဖြောင်း"

လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။

တင်းယန် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ကာကွယ်ရေးအနေအထား ပြင်လိုက်ကာ ကျောက်တုံးပုံများရှိရာသို့ ကြည့်လိုက်သည်။

ထို့နောက် သူမ ဝမ်းသာအားရဖြင့် "လင်းယွမ်" ဟု အော်ခေါ်လိုက်သည်။

လင်းယွမ်က လက်ခုပ်တီးရင်း လျှောက်လာကာ "တော်လိုက်တာ... ဒါ နင် ခုလေးတင် ထုတ်ဖော်လိုက်တဲ့ တိုက်ကွက်သစ်လား" ဟု ချီးကျူးလိုက်သည်။

တင်းယန်က စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ်... ကျွန်မ အခုမှ စမ်းသပ်ကြည့်လိုက်တဲ့ တိုက်ကွက်အသစ်ပဲ... အစွမ်းသွင်းခြင်းကို ပုံစံသစ်နဲ့ သုံးကြည့်တာ"

"ဘယ်လိုလဲ... မိုက်တယ်မလား"

သူမသည် လင်းယွမ်ကို မျှော်လင့်တကြီး ကြည့်နေပုံမှာ မူကြိုကျောင်းတွင် ဆရာမ၏ ချီးကျူးစကားကို မျှော်လင့်နေသော ကလေးငယ်တစ်ယောက်အလား။

လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး ရှေ့တိုးလာကာ "မိုက်တာပေါ့... ပြောနေစရာတောင် မလိုဘူး... ဒီ မီးနီရောင် ဝက်ရိုင်းကြီးက သန္ဓေပြောင်းသတ္တဝါတွေထဲမှာ အတော်လေး အစွမ်းထက်တဲ့ကောင်ပဲ"

"ပြီးတော့ ဓာတ်ကြီးလေးပါး အစွမ်းသုံးနိုင်တဲ့ သန္ဓေပြောင်းသတ္တဝါမျိုး... နင်တစ်ယောက်တည်းနဲ့ သတ်နိုင်တယ်ဆိုတော့ နင့်ရဲ့ တိုက်ကွက်သစ်က အရမ်းအစွမ်းထက်တယ် ဆိုတာ သေချာတာပေါ့" ဟု ပြောလိုက်သည်။

တင်းယန်မှာ ပြုံးဖြဲနေပြီး "ဟုတ်တယ်... ဒီတိုက်ကွက်ရဲ့ ဖျက်ဆီးအားကို ကျွန်မကိုယ်တိုင်လည်း ခံစားမိတယ်... နေပါဦး... ရှင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ" ဟု ဝမ်းသာအားရ ပြောရင်းမှ သတိရကာ မေးလိုက်သည်။

လင်းယွမ်က ပြုံးလျက် "ငါ ကျောက်တွင်းကို သွားတော့... ဒေါက်တာရန်က နင် လေ့ကျင့်ဖို့ ထွက်သွားတယ်ဆိုလို့ စိတ်မချတာနဲ့ လိုက်ရှာနေတာ" ဟု ပြောလိုက်သည်။

သူမကို စိတ်ပူ၍ တကူးတက လိုက်ရှာသည်ဟူသော စကားကို ကြားလိုက်ရသဖြင့် တင်းယန်တစ်ယောက် ရင်ထဲတွင် ပန်းများပွင့်သွားသလို ခံစားလိုက်ရပြီး မျက်နှာတွင် အပြုံးများ ပိုမိုဝေဆာလာသည်။

သူမက ရှေ့သို့ တိုးလာပြီး "ပင်လယ်ရေတက်ချိန်ကြီး အန္တရာယ်များတာကို... ရှင့်ရဲ့ အမမေတို့၊ ကျော်ကြားလှတဲ့ တိုက်ရိုက်ထုတ်လွှင့်သူ ဆုန့်တို့နဲ့အတူ ဂူထဲမှာ အေးအေးဆေးဆေး မနေဘဲ ကျောက်တွင်းမှာ တာဝန်ကျနေတဲ့ ကျွန်မကိုတောင် သတိရသေးတယ်ပေါ့လေ" ဟု ရယ်မောကာ ပြောလိုက်သည်။

လင်းယွမ်က ခေါင်းခါလျက် "နင်က ဒီလိုပြောမှတော့ ငါ ပြန်တော့မယ်" ဟု နောက်လိုက်သည်။

သူမက လင်းယွမ်ကို အလျင်အမြန် လှမ်းဆွဲလိုက်ပြီး ဘာစကားမှ ပြန်ပြောခွင့်မပေးဘဲ နှုတ်ခမ်းကို အငမ်းမရ နမ်းရှိုက်လိုက်လေသည်။

လင်းယွမ် အနည်းငယ် ကြောင်အသွားသည်။ မိန်းကလေးတစ်ယောက်၏ အတင်းအဓမ္မ နမ်းရှိုက်ခြင်းကို ခံရသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။

ထို့နောက် သူလည်း အလျှော့မပေးဘဲ သူမ၏ ခါးသိမ်သိမ်လေးကို ပြန်လည်ဖက်တွယ်လိုက်သည်။

သို့သော် ရှေ့ဆက်တိုးရန် ပြင်လိုက်စဉ်မှာပင် သူမက တွန်းထုတ်လိုက်သည်။

တင်းယန်က သူ့နှုတ်ခမ်းကို လက်ဖြင့် ပိတ်လိုက်ပြီး "ရှင်က ဒီနေရာမှာ လုပ်ချင်လို့လား" ဟု ရယ်မောကာ မေးလိုက်သည်။

လင်းယွမ် ဘာမှမတတ်နိုင်ဘဲ လက်ကို လွှတ်ပေးလိုက်ရသည်။ "နင်ပဲ ဒီလောက် ကြမ်းနေပြီးတော့"

"ခစ်ခစ်... စိတ်မထိန်းနိုင်ဖြစ်နေတာ ဘယ်သူပါလိမ့်"

"ဟမ်... နင့်စကားကလည်း... ငါသာ စိတ်ထိန်းနိုင်သွားရင် နင် ပိုစိတ်ဆိုးမှာ သေချာတယ်"

"ခစ်ခစ်ခစ်... လာမနောက်နဲ့"

ဆက်ရန်...

အပိုင်း(၂၃၈) မျိုးရိုးဗီဇကို နက်နက်ရှိုင်းရှိုင်း လေ့လာဆန်းစစ်ခြင်း

"ကျွန်မရဲ့ ဒီတိုက်ကွက်အသစ်က ဘယ်လိုနေလဲ"

"အရမ်းမိုက်တယ်... နင် ဘယ်လိုလုပ်လိုက်တာလဲ"

မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် လူနှစ်ဦးက ကျောက်ဂူတစ်ခုအတွင်း၌ ဝက်နီကြီးတစ်ကောင်ကို ထမ်းမထားကာ အရေခွံဆုတ် အသားတုံးရင်း စကားစမြည် ပြောဆိုနေကြသည်။

တင်းယန်က ပြုံးလျက် ပြောလိုက်သည်။

"ဒါက လေဖိအားအမြောက်လက်သီး အပေါ်မှာ အခြေခံပြီး ကျွန်မ ပြုပြင်မွမ်းမံထားတာ"

"ပြီးခဲ့တဲ့တစ်ခေါက် မီးဝါးတောတုန်းက ဝူမုန့်က သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ခွန်အားသက်သက်ကို သုံးပြီး လေဖိအားအမြောက်လက်သီး ထုတ်ဖော်သွားတာကို ကျွန်မ မြင်လိုက်ရတယ်... အဲဒါက ကျွန်မကို တော်တော်လေး စိတ်ထိခိုက်စေခဲ့တယ်လေ"

"ပြန်ရောက်တော့ အဲဒီတိုက်ပွဲကို ကျွန်မ သေချာပြန်ပြီး စဉ်းစားကြည့်တယ်... သူ ဘယ်လိုများ လေဖိအားအမြောက်လက်သီးကို သုံးသွားလဲပေါ့"

"သူက လက်သီးအား လွင့်စင်ထွက်သွားတတ်တဲ့ ပြဿနာကို ပြီးပြည့်စုံအောင် ဖြေရှင်းနိုင်ခဲ့တယ်... ကျွန်မလိုမျိုး စွမ်းအင်ခြင်းအပေါ် မှီခိုပြီး အတင်းအဓမ္မ ဖိသိပ်ထားစရာ မလိုဘူး"

"သူ ဘယ်လိုလုပ်လိုက်တာလဲ ဆိုတာကို ကျွန်မ အမြဲတမ်း တွေးနေတာ... အားအင်တွေကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ချုပ်တည်းထားပြီး အချိန်တိုအတွင်း မကွဲထွက်သွားအောင် ဘယ်လိုလုပ်သလဲပေါ့"

"အကြာကြီးအချိန်ယူ စမ်းသပ်လေ့လာလိုက်တာ နောက်ဆုံးမှာ ကျွန်မလည်း အဲဒီလို လက်သီးထုတ်ဖော်နည်းမျိုးကို ကျွမ်းကျင်သွားတယ်"

"အဲဒီနောက် ကျွန်မ သတိထားမိတာတစ်ခုက ကျွန်မရဲ့ စွမ်းအင်ခြင်းက နည်းနည်း အပိုလိုမျိုး ဖြစ်နေတာပဲ"

"စွမ်းအင်ခြင်းကို မမှီခိုဘဲနဲ့လည်း ကျွန်မ လေဖိအားအမြောက်လက်သီးကို ထုတ်ဖော်နိုင်နေပြီ"

လင်းယွမ်က ခေါင်းကို အသာငြိမ့်လိုက်ပြီး ပြောလိုက်သည်။

"သီအိုရီအရ ပြောရမယ်ဆိုရင် ခွန်အား လုံလောက်ပြီး စုစည်းမှု ကောင်းမွန်မယ်ဆိုရင် ဘယ်သူမဆို လေဖိအားအမြောက်လက်သီးကို ထုတ်ဖော်နိုင်ပါတယ်"

တင်းယန်က ဝက်ပေါင်တစ်ချောင်းကို ခုတ်ထစ်လိုက်ရင်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

"ဟုတ်တယ်... ဒါကြောင့် ကျွန်မရဲ့ စွမ်းအင်ခြင်းမှာ ဘာအားသာချက်တွေ ရှိသေးလဲဆိုပြီး ကျွန်မ စဉ်းစားမိတယ်"

"နောက်တော့ ကျွန်မ တွေးမိသွားတယ်... လေဖိအားအမြောက်လက်သီး ဆိုတာက ပေါက်ကွဲအားကို အသုံးပြုပြီး ထိခိုက်ပျက်စီးအောင် လုပ်တာလေ"

"ပေါက်ကွဲမှုရဲ့ ပြင်းအားက လက်သီးအား ပမာဏအပေါ်မှာ မူတည်တယ်"

"လက်သီးအား ကြီးလေလေ... ပေါက်ကွဲအား ပိုပြင်းလေလေပေါ့"

"ဒါပေမဲ့ လက်သီးအားကို ပေါက်ကွဲမထွက်စေဘဲ အဆုံးစွန်ထိ ဖိသိပ်လိုက်မယ်ဆိုရင် ဖျက်ဆီးနိုင်စွမ်းက ပိုပြင်းထန်မသွားနိုင်ဘူးလား"

"ဥပမာ တူတစ်လက်နဲ့ ဓားတစ်ချောင်းလိုပေါ့... တူနဲ့ ထုချလိုက်ရင် ပြင်းအားက များပေမယ့် ရန်သူကို ချက်ချင်း သေစေနိုင်ချင်မှ သေစေနိုင်မှာ... ရန်သူကို အကြီးအကျယ် ဒဏ်ရာရစေပြီး အရိုးတွေ ကျိုးသွားအောင်ပဲ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်"

"ဒါပေမဲ့ တူညီတဲ့ ခွန်အားကို သုံးပြီး ဓားနဲ့ ခုတ်ပိုင်းလိုက်မယ်ဆိုရင်... ဓားက လုံလောက်အောင် ထက်မြက်နေမယ်ဆိုရင် ပြိုင်ဘက်ကို ချက်ချင်း နှစ်ပိုင်းပြတ်သွားအောင် ခုတ်ပိုင်းပစ်နိုင်တယ် မဟုတ်လား"

"ဒါကြောင့် ကျွန်မက လက်သီးအားကို မောင်းနှင်အားအဖြစ် အသုံးပြုပြီး စွမ်းအင်ခြင်းကို အကာအကွယ် အခွံတစ်ခုအနေနဲ့ သုံးလိုက်တယ်... စွမ်းအင်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ အကာအကွယ် အလွှာပါးလေးကို အစွမ်းကုန် ဖိသိပ်ပြီး ထက်မြက်တဲ့ ဓားတစ်ခု ဖြစ်လာအောင် ဖန်တီးလိုက်တာပဲ"

ထိုအကြောင်းကို ပြောနေရင်း လင်းယွမ်လည်း ပြုံးလိုက်မိသည်။

သူ့မျက်စိရှေ့မှ တင်းယန်က အမှန်တကယ်ပင် ထိုအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သလို လေ့လာတွေ့ရှိသွားပြီလည်း ဖြစ်သည်။

လခြမ်းကွေးသဏ္ဌာန် အလင်းဓားသည် ထိုသို့သော နည်းလမ်းဖြင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။

လင်းယွမ်က စိတ်ထဲမှ ချီးကျူးလိုက်မိပြီး ပြောလိုက်သည်။

"ဝူမုန့် ပြောတာ မှန်တယ်... နင်က တကယ့်ကို တိုက်ခိုက်ရေး ဉာဏ်ကြီးရှင်ပဲ"

"အစွမ်းတွေကို တူးဖော်တဲ့ နေရာမှာ နင်က ငါတို့ထက် ရှေ့ရောက်နေတယ်"

"မဟုတ်ဘူး... တကယ်တော့ နင်က ငါတို့ထက် အမြဲတမ်း ရှေ့ရောက်နေခဲ့တာပါ"

"အရင်တုန်းက တိုက်စစ်နဲ့ခံစစ် ပေါင်းစပ်ထားတဲ့ စွမ်းအင်ခြင်းပဲ ဖြစ်ဖြစ်... လေဖိအားအမြောက်လက်သီးကို ဆန်းသစ်တီထွင်တာပဲ ဖြစ်ဖြစ်... အခု အလင်းဓား အထိပါ နင်က စွမ်းအင်ခြင်းရဲ့ အသုံးဝင်ပုံကို ပြီးပြည့်စုံအောင် တူးဖော်နိုင်ခဲ့တယ်"

တင်းယန်က ပြုံးလိုက်သည်။

"မတတ်နိုင်ဘူးလေ... ကိုယ့်ရဲ့ အားသာချက်ကို ကိုယ်တိုင် ကြိုးစားပြီး မတူးဖော်ရင် ကျွန်မ တကယ်ပဲ ရှင်တို့နောက်မှာ ကျန်ရစ်ခဲ့တော့မှာ"

"ချိုင်ကြည်တို့ ဦးလေးမာတို့လိုမျိုး နောက်ပိုင်းကျရင် ထောက်ပို့အလုပ်လောက်ပဲ လုပ်နိုင်တဲ့ဘဝမျိုး ကျွန်မ မလိုချင်ဘူး... အဲဒီလိုဆိုရင် နောင်တစ်ချိန် အဖွဲ့လိုက် စားပွဲဝိုင်းမှာတောင် ကျွန်မ ရှင့်ဘေးနား ထိုင်ခွင့်ရမှာ မဟုတ်ဘူး"

လင်းယွမ်၏ ရင်ထဲတွင် တုန်ခါသွားသလို ခံစားလိုက်ရပြီး သူမကို နူးညံ့စွာ ကြည့်လိုက်သည်။

"နင် သိပါတယ်... နင့်မှာ အစွမ်းမရှိရင်တောင် ငါ့ဘေးနားမှာ နင့်အတွက် နေရာတစ်နေရာ အမြဲတမ်း ရှိနေမှာပါ"

တင်းယန်၏ ရင်ခုန်သံများ မြန်ဆန်သွားသော်လည်း ချက်ချင်းပင် ခေါင်းမာမာဖြင့် ပြန်ပြောလိုက်သည်။

"ရှင် ချန်ထားပေးတာမျိုး ကျွန်မ မလိုချင်ဘူး... ကျွန်မဘာသာ ကြိုးစားပြီး အရယူမှာ"

လင်းယွမ်က အံ့အားသင့်သွားပြီးနောက် ပြုံးကာ ခေါင်းခါလိုက်သည်။ ဒါမှလည်း သူ သိထားသည့် တင်းယန် ပီသပေလိမ့်မည်။

အရင်လိုပဲ ခေါင်းမာပြီး အရှုံးမပေးချင်သည့် စိတ်ဓာတ်မျိုး ဖြစ်သည်။

သူက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"နင် အရယူနိုင်နေပါပြီ"

ထိုစကားတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသဖြင့် တင်းယန်လည်း သဘောပေါက်သွားကာ သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်ကာ ပြုံးလိုက်သည်။

လင်းယွမ်က မေးလိုက်သည်။

"ဒီတိုက်ကွက် နာမည်က ဘာလဲ"

တင်းယန်က ခေတ္တမျှ စဉ်းစားပြီး ပြန်မေးလိုက်သည်။

"ရှင် နာမည်တစ်ခုလောက် ပေးပါလား"

"ငါလား"

"ဟုတ်တယ်... ရှင်က ဒီတိုက်ကွက်ကို ပထမဆုံး မြင်တွေ့ခွင့်ရတဲ့ သက်သေလေ... ဒါကြောင့် ရှင်ပဲ ပေး"

လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"လခြမ်းဓားလို့ ပေးရင် ဘယ်လိုလဲ"

တင်းယန် ပြန်စဉ်းစားကြည့်လိုက်သည်။ ဖိသိပ်ထားသော စွမ်းအင် အလင်းဓား ထွက်ပေါ်လာပုံမှာ လခြမ်းကွေး ပုံသဏ္ဌာန် ရှိပြီး ဓားကဲ့သို့ ထက်ရှသည်။

ဒီနာမည်က အတော်လေး လိုက်ဖက်မှု ရှိသည်။

သူမက ချက်ချင်းပင် ရယ်မောလိုက်သည်။

"နားထောင်လို့ ကောင်းတယ်... ပြီးတော့ အရမ်းလည်း လိုက်ဖက်တယ်... ဒါဆို လခြမ်းဓားလို့ပဲ နာမည်ပေးလိုက်မယ်"

လင်းယွမ်လည်း ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဒီတိုက်ကွက်ကိုတော့ ငါတို့ လိုက်တုလို့ မရတော့ဘူး... နင်တစ်ယောက်တည်း ပိုင်ဆိုင်တဲ့ တိုက်ကွက် ဖြစ်သွားပြီ"

တင်းယန်လည်း ခစ်ခနဲ ရယ်လိုက်သည်။ ဒီတိုက်ကွက်က လေဖိအားအမြောက်လက်သီးလို သင်ယူဖို့ မလွယ်ကူတော့ပေ။

စွမ်းအင်ခြင်း ဆိုသည့် အစွမ်းအပေါ် အမှီပြုမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ဝူမုန့် မြင်တွေ့ရင်တောင်မှ လိုက်သင်ယူနိုင်မည် မဟုတ်ပေ။

"ဒေါင်"

စကားပြောနေစဉ်မှာပင် ရုတ်တရက် လင်းယွမ်၏ ဓားမြှောင်က မာကျောသော အရိုးတစ်ခုကို ခုတ်မိသွားသည်။

လင်းယွမ် ကြောင်အသွားပြီး ငုံ့ကြည့်လိုက်ရာ မိမိလက်ထဲရှိ ဝက်ခေါင်းခွံမှာ ပုံမှန်မဟုတ်ဘဲ ထူးကဲစွာ မာကျောနေကြောင်း တွေ့လိုက်ရသည်။

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ချက်ချင်း ပြောလိုက်သည်။

"ဟေ... မထင်မှတ်ထားတဲ့ အမြတ်အစွန်း ရတာများလား"

တင်းယန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာ အမြတ်အစွန်းလဲ"

လင်းယွမ်က ဝက်ခေါင်းကို ခွဲစိတ်လိုက်ရာ အတွင်းဘက်ရှိ ဦးခေါင်းခွံ ပေါ်လာသည်။

ထိုဦးခေါင်းခွံပေါ်တွင် ထူးဆန်းသော အနီရောင် သင်္ကေတ အကွက်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

တင်းယန်က ဒါကိုမြင်တော့ ချက်ချင်း သဘောပေါက်သွားပြီး အံ့သြဝမ်းသာစွာ ပြောလိုက်သည်။

"မီးဓာတ် သင်္ကေတပဲ"

ဒီဝက်နီကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ မီးဓာတ် သင်္ကေတ တစ်ခု ဖြစ်တည်နေခဲ့တာပဲ။

သူမလည်း စစ်တပ်က ထုတ်လွှင့်ချက်ကို နားထောင်ဖူးတာကြောင့် သင်္ကေတတွေ ရှိတယ်ဆိုတာ သိထားပြီးသား ဖြစ်သဖြင့် ချက်ချင်း မှတ်မိလိုက်သည်။

လင်းယွမ်လည်း ပြုံးလိုက်သည်။

"တကယ်ကို မထင်မှတ်ထားတဲ့ အမြတ်အစွန်းပဲ... ရော့"

သူက သင်္ကေတကို တင်းယန်အား ကမ်းပေးလိုက်သည်။

တင်းယန်က ချက်ချင်း ခေါင်းခါလိုက်သည်။

"စစ်တပ် ထုတ်လွှင့်ချက်မှာ ပြောထားတယ်လေ... သင်္ကေတတွေကို လေ့လာပြီး ကူးယူချင်ရင် စိတ်စွမ်းအင် ၂၅ မှတ် အထက် ရှိမှ အခွင့်အရေး ရှိမှာတဲ့... ရှင့်ရဲ့ စိတ်စွမ်းအင်က ကျွန်မထက် သေချာပေါက် များမှာပဲ... ရှင်ပဲ ယူလိုက်ပါ"

လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။

"အဲဒါတော့ ဟုတ်တယ်... ဒါပေမဲ့ နင့်ရဲ့ စိတ်စွမ်းအင်လည်း ၂၅ မှတ် ပြည့်ခါနီးပြီ မဟုတ်လား"

တင်းယန်က ပြောလိုက်သည်။

"ကျွန်မလည်း မသိဘူးလေ"

"ဒါဆို ငါ့ဆီမှာပဲ အရင် သိမ်းထားလိုက်မယ်... ငါ သေချာ လေ့လာကြည့်ဦးမယ်... လေ့လာပြီးသွားရင် နင့်ကို ပြန်ပေးမယ်လေ"

တင်းယန်က ပြုံးလိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။

"မမနဲ့ တစ်ညလောက်ပဲ အဖော်ပြုပေးရင်... ဒီမမက မောင်လေးကို အပိုင်ပေးလိုက်မယ်"

လင်းယွမ် အံ့အားသင့်သွားသည်။

သူမကတော့ ဟားတိုက်ကာ အားပါးတရ ရယ်မောနေလေသည်။

လင်းယွမ်လည်း မနေနိုင်ဘဲ ရယ်မောကာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ပေါ့ပေါ့တန်တန် သဘောမထားနဲ့... ဒီသင်္ကေတတွေက တကယ်တော့ သန္ဓေပြောင်း သတ္တဝါတွေ အသက်ရှင်စဉ်တုန်းက ပိုင်ဆိုင်ခဲ့တဲ့ အစွမ်းတွေကို ကိုယ်စားပြုနေတာ"

"တကယ်လို့သာ ကျွမ်းကျင်အောင် လုပ်နိုင်ရင် နင့်အနေနဲ့ အစွမ်းတစ်ခု အပိုရလာသလို ဖြစ်သွားလိမ့်မယ်"

"ဒီဝက်နီကြီးက မီးမှုတ်နိုင်တယ်... မီးတောက်ရဲ့ အပူချိန်ကလည်း မနည်းဘူး... စောစောက နင့်ကို သူ လိုက်တုန်းက ခြေလေးချောင်းကနေ မီးတောက်တွေ ပေါက်ကွဲထွက်လာပြီး ချက်ချင်း အရှိန်မြှင့်တင်နိုင်တာ ငါ တွေ့လိုက်တယ်"

"သူ့နှာခေါင်းပေါက်ကနေ မှုတ်ထုတ်လိုက်တဲ့ မီးတောက်တွေကလည်း အတော်လေး ပြင်းထန်တဲ့ သတ်ဖြတ်နိုင်စွမ်း ရှိတယ်"

"နင်သာ ဒီလိုအစွမ်းမျိုးကို ပိုင်ဆိုင်လိုက်မယ်ဆိုရင် နင့်ရဲ့ စွမ်းအင်ခြင်းနဲ့ ပေါင်းစပ်ပြီး တိုက်ကွက်အသစ်တွေ ထပ်တူးဖော်နိုင်လောက်တယ်"

တင်းယန်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒီလောက် မလွယ်ကူလောက်ဘူး ထင်တယ်... ကျွန်မရဲ့ စိတ်စွမ်းအင်က သတ်မှတ်ချက် ပြည့်မီပြီး ဒီသင်္ကေတကို ကျွမ်းကျင်အောင် လုပ်နိုင်ရင်တောင်မှ ကျွန်မမှာ မီးဓာတ် အစွမ်းမှ မရှိတာ... ဘယ်လိုလုပ်ပြီး မီးတောက် ထွက်လာအောင် လုပ်နိုင်မှာလဲ"

လင်းယွမ်က ထိုစကားကြောင့် ကြောင်အသွားပြီး ရုတ်တရက် ထိုပြဿနာကို သတိရသွားသည်။

အရင်တုန်းက ဝူမုန့် လုပ်ခဲ့တာကလည်း သွေးသားစွမ်းအင်ကို အသုံးပြုပြီး ပေါက်ကွဲသင်္ကေတ ပုံစံတူ ဖြစ်အောင် တုပကာ ပေါက်ကွဲအား အစွမ်း ဖြစ်ပေါ်လာအောင် လုပ်ခဲ့တာ ဖြစ်သည်။

ဒါပေမဲ့ ဒီလိုအစွမ်းမျိုးက သူ့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မှု အများကြီး ရှိစေသည်... သွေးသားကြီးထွားခြင်း ဆိုသည့် ထူးခြားအစွမ်းကြောင့်သာ သွေးသားတွေကို အမြန်ဆုံး ပြန်လည် ကုစားနိုင်တာမို့လို့ သူ ဒီအဆင့်ထိ လုပ်နိုင်ခဲ့တာ ဖြစ်သည်။

သို့သော်... ဘာလို့ သူကျတော့ လုပ်နိုင်နေရသနည်း...

"နေဦး... ငါက သွေးသားစွမ်းအင်ကို အသုံးပြုပြီး ခန္ဓာကိုယ်ထဲမှာ သင်္ကေတ ဖြစ်လာအောင် လုပ်တာ မဟုတ်ဘူး"

"ကျောက်အကြေးခွံ အကာအကွယ် သင်္ကေတက ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို အခြေခံပြီး ခန္ဓာကိုယ်ထဲမှာ ပုံစံတူ တုပဖန်တီးလိုက်တာ... အဲဒီကနေ အလိုလို ကျောက်အကြေးခွံ အကာအကွယ်ကို ကျွမ်းကျင်သွားတာ"

"မြေလျှိုးအစွမ်း ကျတော့ စနစ်က ငါ့ရဲ့ အသိစိတ်ထဲကို တိုက်ရိုက် ထည့်ပေးလိုက်တာ... အဲဒီလိုနဲ့ ငါ အလိုလို တတ်မြောက်သွားတာ"

"တကယ်တော့ ငါ့မှာ မြေဓာတ် အစွမ်း လုံးဝ မရှိဘူးဆိုတဲ့ အချက်ကို ငါ ဘာလို့ မေ့နေခဲ့တာပါလိမ့်"

"သီအိုရီအရ ဆိုရင် မြေဓာတ် အစွမ်း မရှိဘဲနဲ့ မြေဓာတ် အစွမ်းတွေကို ဘယ်လိုလုပ် ကျွမ်းကျင်နိုင်မှာလဲ"

လင်းယွမ် သံသယ ဖြစ်သွားပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သည်။

"နေဦး... ငါက ဆင့်ကဲပြောင်းလဲခြင်း အစွမ်းနဲ့ မြေဓာတ် အစွမ်းကို အသက်သွင်းတော့ အလိုအလျောက် သင်္ကေတရဲ့ အစမှတ်နဲ့ အဆုံးသတ် နေရာတွေကို အသည်း ပေါ်မှာ ထားလိုက်တာ"

"ပြီးတော့ ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက အသည်းကို ဖြတ်သန်း လည်ပတ်ပြီးတဲ့အခါမှသာ မြေဓာတ်ရဲ့ ဂုဏ်သတ္တိတွေ ထွက်ပေါ်လာတာ"

"အစွမ်းတွေရဲ့ ဓာတ်သဘောသဘာဝတွေက လူ့ခန္ဓာကိုယ်ရဲ့ ကလီစာ ငါးခုနဲ့ ပတ်သက်ဆက်နွယ်နေတာများလား"

လင်းယွမ် အံ့သြထိတ်လန့်သွားပြီး သူ့ရဲ့ အတွေးကို တင်းယန်အား ချက်ချင်း ပြောပြလိုက်သည်။

တင်းယန်က ကြားသောအခါ စဉ်းစားခန်း ဝင်သွားလေသည်။

"ကျွန်မတို့ နိုင်ငံရဲ့ တိုင်းရင်းဆေး ပညာမှာတော့ လူ့ခန္ဓာကိုယ်ကို ဓာတ်ကြီးငါးပါး ခွဲခြားထားတာမျိုး ရှိတယ်... အရင်တုန်းကတော့ ဘယ်သူမှ အလေးအနက် မထားခဲ့ကြဘူး... ယုတ္တိမရှိတဲ့ စိတ်ကူးယဉ် သက်သက်တွေလို့ပဲ ထင်ခဲ့ကြတာ"

"ဒါပေမဲ့ အခုလို အစွမ်းတွေ ပေါ်ပေါက်လာတဲ့ ခေတ်ကြီးမှာတော့ ဒီလိုကိစ္စမျိုးကို ရှင်းပြဖို့ တော်တော် ခက်သွားပြီ"

"လူ့ခန္ဓာကိုယ် ဓာတ်ကြီးငါးပါး သီအိုရီထဲမှာ သရက်ရွက်က မြေဓာတ်နဲ့ သက်ဆိုင်တယ် ဆိုတော့ ရှင်ပြောတဲ့ အခြေအနေနဲ့ ဆက်စပ်လို့ ရနေပြန်တယ်"

"ဒါပေမဲ့ အဲဒီအကြောင်းပြချက် တစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူးလို့ ကျွန်မ ထင်တယ်"

လင်းယွမ်က မေးလိုက်သည်။

"တခြား ဘာအကြောင်းပြချက် ရှိဦးမှာလဲ"

"ကျွန်မ ထင်တာကတော့ အစွမ်းနဲ့လည်း သက်ဆိုင်လိမ့်မယ်"

"ဥပမာ ကျွန်မကိုပဲ ကြည့်... ကျွန်မရဲ့ စွမ်းအင်ခြင်း ဆိုတာက တကယ်တော့ ကျွန်မခန္ဓာကိုယ် နက်ရှိုင်းတဲ့ နေရာက မျိုးရိုးဗီဇ ရွေးချယ် ဖော်ပြမှုရဲ့ ရလဒ်တစ်ခုပဲ"

"တကယ်တော့ ကျွန်မခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေမှာ မရေမတွက်နိုင်တဲ့ ဗီဇအပိုင်းအစတွေ ရှိနေတယ်... အဲဒါတွေက ကျပန်း စီစဉ်ပေါင်းစပ်လိုက်မယ်ဆိုရင် မရေမတွက်နိုင်တဲ့ အစွမ်းတွေ ပေါ်ပေါက်လာနိုင်တယ်"

"ဒါပေမဲ့ နောက်ဆုံး ထွက်ပေါ်လာတာကတော့ စွမ်းအင်ခြင်း ဖြစ်နေတယ်"

"တစ်ဖက်မှာ ကြည့်မယ်ဆိုရင် ဒါက ကျွန်မ အစွမ်း နိုးထလာတုန်းက ကျွန်မရဲ့ စိတ်အခြေအနေ၊ အတွေးအမြင်တွေနဲ့ အများကြီး သက်ဆိုင်နေတယ်"

"နောက်တစ်ချက်က ကျွန်မခန္ဓာကိုယ်ထဲမှာ ဒီအစွမ်းနဲ့ ပတ်သက်တဲ့ မျိုးရိုးဗီဇတွေက အထင်ရှားဆုံး ဖြစ်နေလို့လည်း ဖြစ်နိုင်တယ်"

"ဖြစ်နိုင်တာက ရှင့်ခန္ဓာကိုယ်ထဲမှာ မြေဓာတ် မျိုးရိုးဗီဇတွေကလည်း တော်တော်လေး ဖွံ့ဖြိုးနေပြီး မျိုးရိုးဗီဇ အပေါ်ယံလွှာမှာ ရှိနေလို့ အလွယ်တကူ လှုံ့ဆော် ခံလိုက်ရတာ ဖြစ်မယ်... ဒါကြောင့် ရှင်က အဲဒီအစွမ်းကို လွယ်လွယ်ကူကူ ကျွမ်းကျင်သွားတာ နေမှာပေါ့"

လင်းယွမ်က ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

သူ့မှာ ကောက်ချက်အသစ်တစ်ခု ရရှိလိုက်သည်။

"ဖြစ်နိုင်တာက ငါ့ရဲ့ မြေဓာတ် မျိုးရိုးဗီဇတွေက အလွယ်တကူ ဖော်ပြနိုင်လို့ မဟုတ်ဘဲ ငါ့ရဲ့ အစွမ်းက ဆင့်ကဲပြောင်းလဲခြင်း ဖြစ်နေလို့များလား"

"ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက... ငါ့ရဲ့ ခန္ဓာကိုယ်ကို ပတ်ဝန်းကျင် အပြောင်းအလဲနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အမြဲတမ်း ပြောင်းလဲပေးနိုင်တယ်... ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြောင်းလဲပြီး လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲအတွက် အကောင်းဆုံး ဖြေရှင်းနည်းကို ထုတ်ပေးတယ်"

"တကယ် ဖြစ်နိုင်ချေ များတာက... ဆင့်ကဲပြောင်းလဲခြင်း အစွမ်းရဲ့ လှုံ့ဆော်မှုကြောင့် ပင်လယ်ပြင်ကြီးလို ကျယ်ပြောတဲ့ မျိုးရိုးဗီဇ အပိုင်းအစတွေ ကြားထဲကနေ... ငါ့ရဲ့ မြေဓာတ် မျိုးရိုးဗီဇတွေ ပေါ်ထွက်လာပြီး အစွမ်းအဖြစ် ပြောင်းလဲသွားတာ ဖြစ်လိမ့်မယ်"

"နောက်ပြီး စနစ်က ငါ့ကို ပေးထားတဲ့ အားကောင်းလှတဲ့ အခြေခံ အရည်အသွေး မှတ်တွေကလည်း... ငါ့ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇ ကြံ့ခိုင်မှုကို အားဖြည့်ပေးလိုက်တာပဲ... အဲဒါကြောင့် ငါ့ခန္ဓာကိုယ်ထဲက ပေါ်ထွက်လာတဲ့ မျိုးရိုးဗီဇတွေက... သက်ဆိုင်ရာ အစွမ်းတွေကို မောင်းနှင်နိုင်လောက်တဲ့အထိ စွမ်းအား ရှိလာတာ ဖြစ်မယ်"

"ဥပမာ ငါ့ခန္ဓာကိုယ်ထဲမှာ မြေဓာတ် မျိုးရိုးဗီဇ အပိုင်းအစတွေက နည်းတယ် ဆိုပါစို့... ဒါပေမဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကြောင့် ဒီမျိုးရိုးဗီဇတွေက အပေါ်ကို တက်လာတယ်... ဒါပေမဲ့ မျိုးရိုးဗီဇ အပိုင်းအစတွေ မလုံလောက်ရင် အားကောင်းတဲ့ ဓာတ်သဘောသဘာဝ အစွမ်းကို ထုတ်ဖော်ပြသနိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ စနစ်က ငါ့ရဲ့ အရည်အသွေး အသီးသီးကို အားဖြည့်ပေးလိုက်တဲ့အတွက်... ငါ့ဆီမှာ ရှားပါးနေတဲ့ မျိုးရိုးဗီဇ အပိုင်းအစတွေ ဖြစ်နေရင်တောင်မှ လုံလောက်တဲ့ အလားအလာကို ပိုင်ဆိုင်သွားပြီး ဓာတ်သဘောသဘာဝ စွမ်းအားတွေကို ထုတ်လွှတ်နိုင်တာ... အဲဒါကြောင့် ငါက အဲဒီအစွမ်းတွေကို ကျွမ်းကျင်သွားတာ ဖြစ်မယ်"

လင်းယွမ်၏ မျက်လုံးများ အရောင်လက်လာသည်။

"လူ့ခန္ဓာကိုယ်ရဲ့ အဓိက အရည်အသွေးကြီး လေးခုထဲမှာ... ဒီအချက်ကို လုပ်ဆောင်ပေးနိုင်တာက... ခန္ဓာကိုယ်ကြံ့ခိုင်မှု ဖြစ်ရမယ်"

လင်းယွမ် ရုတ်တရက် သဘောပေါက် နားလည်သွားသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ဆိုသည်မှာ အလုံးစုံ လွှမ်းခြုံထားသော အရည်အသွေး တစ်ခု ဖြစ်ပြီး ပြန်လည်သက်သာလာမှု၊ ကာကွယ်နိုင်စွမ်း၊ ခံနိုင်ရည် စသည်တို့နှင့် သက်ဆိုင်နေသည်။

အခု လင်းယွမ် ခန့်မှန်းရသလောက် ဆိုလျှင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးသည် ခန္ဓာကိုယ် အတွင်းရှိ မျိုးရိုးဗီဇများ၏ စွမ်းအားကြီးမားမှုနှင့်လည်း သက်ဆိုင်နေလိမ့်မည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းလေလေ... မျိုးရိုးဗီဇ အားလုံးက ပိုပြီး သန်မာလေလေ ဖြစ်မည်။

ဒါက ကဏ္ဍစုံမှာ ထင်ဟပ်နေသော အလုံးစုံ လွှမ်းခြုံသည့် အရည်အသွေး တစ်ခု ဖြစ်သည်။

သူ့ရဲ့ အရည်အသွေး အားလုံးကို ပြန်ကြည့်လိုက်လျှင် စိတ်စွမ်းအင်မှလွဲ၍ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမြင့်ဆုံး ဖြစ်နေသည်။

ဖြစ်နိုင်ချေ ရှိတာက ခန္ဓာကိုယ်ကြံ့ခိုင်မှု အားကောင်းလွန်းတာရယ်... ဆင့်ကဲပြောင်းလဲခြင်း အစွမ်းရဲ့ ထူးခြားမှုရယ် ပေါင်းစပ်သွားတာကြောင့် သူ့အနေနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ဓာတ်သဘောသဘာဝ အစွမ်း အမျိုးမျိုးကို နားလည် သဘောပေါက်ပြီး ထုတ်ဖော် အသုံးပြုနိုင်နေခြင်း ဖြစ်လေမလား...

"ဝူမုန့်ရဲ့ သွေးသားကြီးထွားခြင်း က တိတိကျကျ ပြောရရင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစားထဲမှာ ပါဝင်တဲ့ အစွမ်းပဲ"

"သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားကောင်းလွန်းလို့သာ သွေးသား ပုံသဏ္ဌာန် သုံးမျိုးကို တူးဖော်နိုင်ခဲ့တာ... သူ့ရဲ့ ခန္ဓာကိုယ်ကို အဆက်မပြတ် အားဖြည့်ပေးပြီး ခွန်အားနဲ့ အလျင်တွေက ကြောက်စရာကောင်းလောက်အောင် ဖြစ်လာခဲ့တာ"

"သူက ပေါက်ကွဲသင်္ကေတကို မသုံးနိုင်တာ၊ မီးလက်သီး မထုတ်နိုင်တာတွေက သူ မကျွမ်းကျင်လို့ မဟုတ်ဘူး... သူ့ခန္ဓာကိုယ်ထဲမှာ မီးဓာတ် မျိုးရိုးဗီဇ မလုံလောက်လို့ပဲ... အဲဒီ မီးဓာတ် မျိုးရိုးဗီဇတွေက မရေမတွက်နိုင်တဲ့ တခြား မျိုးရိုးဗီဇတွေအောက်မှာ ဖုံးလွှမ်းနေပြီး လူ့မျိုးရိုးဗီဇ ပင်လယ်ပြင်ကြီးထဲကနေ အပေါ်ကို ပေါ်မလာနိုင်ဘဲ ဖြစ်နေတာ... ထုတ်ဖော်မပြသနိုင် ဖြစ်နေတာ"

"ဘာလို့လဲဆိုတော့ သူ့မှာ ငါ့လိုမျိုး ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇ အပြောင်းအလဲကို စိတ်ကြိုက် ချိန်ညှိပေးနိုင်ပြီး ပတ်ဝန်းကျင် အမျိုးမျိုးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်း မရှိလို့ပဲ"

လင်းယွမ်၏ မျက်လုံးများက ပို၍ တောက်ပလာသည်။

သူ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက အသုံးမဝင်တဲ့ အစွမ်း မဟုတ်ဘဲ အလွန် စွမ်းအားကြီးမားတဲ့ အထောက်အကူပြု အစွမ်းတစ်ခု ဆိုတာကို သူ ရုတ်တရက် ရှာဖွေ တွေ့ရှိလိုက်သည်။

စနစ်နဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင်တော့ ဒါက ပြီးပြည့်စုံတဲ့ အတွဲအစပ်တစ်ခု ဖြစ်လာသည်။

စနစ်က သူ့ကို အခြေခံ အရည်အသွေးတွေ အားဖြည့်ပေးဖို့ တာဝန်ယူသည်။

ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကတော့ ဗဟိုထိန်းချုပ်မှု စနစ်တစ်ခုလိုမျိုး ဘယ်လို ပတ်ဝန်းကျင် အခြေအနေမှာမဆို သူ့ရဲ့ ခန္ဓာကိုယ် လိုက်လျောညီထွေ ဖြစ်မှုအစွမ်းကို ချိန်ညှိပေးပြီး အသန်မာဆုံး ပုံစံဖြင့် တိုက်ခိုက်နိုင်အောင် လုပ်ဆောင်ပေးသည်။

လင်းယွမ်၏ စိတ်ထဲတွင် စိတ်လှုပ်ရှား တက်ကြွလာသည်။ ရေအောက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်မယ့် အစွမ်းတစ်ခုကို နိုးထချင်ခဲ့သော်လည်း ရေကို ထိန်းချုပ်နိုင်စွမ်း မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို ရရှိခဲ့စဉ်က အလွဲလွဲအချော်ချော် ဖြစ်ခဲ့သည်ဟု ထင်မှတ်ခဲ့မိသည်။

အဲဒီတုန်းက နည်းနည်းတော့ စိတ်ပျက်စရာ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် စနစ် ရှိနေတာကြောင့် သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

ဒီအစွမ်းကို အသုံးမချဘဲ ပစ်ထားခဲ့ဖူးသလို သူ့အစွမ်းကို နက်နက်ရှိုင်းရှိုင်း နားလည်အောင် တူးဖော်ခြင်းလည်း မလုပ်ခဲ့မိပေ။

ဒါပေမဲ့ အစွမ်းပိုင်ရှင်တွေနဲ့ ပိုပြီး ထိတွေ့လာရလေလေ... အထူးသဖြင့် ဝူမုန့်လိုမျိုး တိုက်ခိုက်ရေး ဉာဏ်ကြီးရှင်တွေက သူတို့ရဲ့ အစွမ်းတွေကို နက်ရှိုင်းတဲ့ အဆင့်ထိ တူးဖော်ပြီး ကောင်းကင်ဘုံကိုတောင် အာခံနိုင်တဲ့ အစွမ်းမျိုးစုံကို ဖန်တီးလာကြတာ မြင်ရလေလေ...

လင်းယွမ် တစ်ယောက် အိပ်ပျော်ရာကနေ နိုးထလာသလို ဖြစ်သွားသည်။ သူက ကိုယ့်ရဲ့ အစွမ်းကို တကယ်တမ်း နားမလည်ခဲ့ချေ။

ထိုအချိန်ကစပြီး သူက ကိုယ့်ရဲ့ အစွမ်းကို အာရုံစိုက်လာခဲ့ပြီး အစွမ်းတွေကို စူးစမ်းရှာဖွေခဲ့သည်။

အခု ပြန်စဉ်းစားကြည့်မှ သူ့ရဲ့ အစွမ်းက သူ့ရဲ့ စနစ်နဲ့ ဒီလောက်တောင် လိုက်ဖက်ညီမှု ရှိနေတာကို တွေ့လိုက်ရသည်။

လင်းယွမ်က သက်ပြင်းချလိုက်ပြီးနောက် တင်းယန်ကို ကြည့်ကာ ပြောလိုက်သည်။

"နင်ပြောတာ အဓိပ္ပာယ် ရှိတယ်... ဒါပေမဲ့ နင့်ရဲ့ စွမ်းအင်ခြင်းကလည်း အရမ်း ထူးခြားတယ်... ဦးတည်ချက် ပုံစံမျိုးစုံနဲ့ ထပ်ပြီး စမ်းသပ်ကြည့်လို့ ရနိုင်တယ်"

တင်းယန်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

"ကျွန်မ လုပ်ကြည့်ပါ့မယ်"

ဝက်နီကြီးရဲ့ အသားတွေကို ခုတ်ထစ် ပိုင်းဖြတ်ပြီးသွားပြီ ဖြစ်သဖြင့် လင်းယွမ်က ထမ်းလိုက်ရင်း ပြောသည်။

"သွားစို့... ဒီဝက်နီကြီး အသားတွေ သယ်သွားရအောင်... အခုမှ အသစ်ရောက်လာတဲ့ လူတွေဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ပါလာလောက်တယ်... သူတို့နဲ့ လဲလှယ်လို့ ရနိုင်တယ်"

"အသစ် ရောက်လာတဲ့ လူတွေ"

တင်းယန်က သံသယဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။

လင်းယွမ်က ဟန်ရှန်းမန်တို့ လူစုအကြောင်း သူမကို ပြောပြလိုက်သည်။

တင်းယန်က ကြားသောအခါ ဝမ်းသာအားရ ပြောလိုက်သည်။

"လာတာ အတော်ပဲ... ကျွန်မတို့ဆီမှာ လူအင်အား လိုနေတာ... ဒီလူတွေ ရောက်လာတော့ ကျွန်မတို့အတွက် လူအင်အား တော်တော်လေး ဖြည့်တင်းပေးရာ ရောက်တာပေါ့... သူတို့ထဲမှာ အစွမ်းပိုင်ရှင် ဘယ်နှစ်ယောက် ပါလဲ"

လင်းယွမ် ခေါင်းခါလိုက်သည်။

"အတိအကျတော့ မသိသေးဘူး... ငါ မြင်ခဲ့ရတာကတော့ ၅ ယောက် ၆ ယောက်လောက် ရှိတယ်... အခုတော့ ကောအမည်ရတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံး အရိုးလှံပင့်ကူကြီးရဲ့ အဆိပ်မိထားကြတယ်"

"အရိုးလှံပင့်ကူကြီး... ရှင်တို့ အရိုးလှံပင့်ကူကြီးနဲ့ တွေ့ခဲ့တာလား"

"အင်း"

"ဒါဆို ရှင် ဘာမှ မဖြစ်ဘူးမလား"

"ငါ ဘာမှ မဖြစ်ပါဘူး... ငါ သိလိုက်ရတာက ငါတို့တွေ ဒီထိုက်ယန်တောင်မှာ အချင်းချင်း တိုက်ခိုက်နေကြတာက တကယ်ကို ရယ်စရာ ကောင်းလွန်းနေတယ် ဆိုတာပဲ"

"တကယ့် ထိပ်တန်း သန္ဓေပြောင်း သတ္တဝါကြီးတွေ ရှေ့မှာ ငါတို့က တကယ်ကို ပမွှားလေးတွေပဲ"

"အဲဒီ အရိုးလှံပင့်ကူကြီး ဆိုရင် သူ့အကြည့် ခံလိုက်ရရုံနဲ့တင် စိတ်စွမ်းအင် ဖိအားကြောင့် သာမန်လူတွေဆိုရင် ခန္ဓာကိုယ် တောင့်တင်းပြီး မလှုပ်ရှားနိုင်တော့တဲ့အထိ ဖြစ်သွားတာ"

"သူ့မှာ တခြား နည်းလမ်းတွေ ရှိနေသေးတာကို ထည့်မပြောသေးဘူး"

လင်းယွမ်က သူနှင့် အရိုးလှံပင့်ကူကြီးတို့၏ တိုက်ပွဲအကြောင်းကို ပြောပြလိုက်ရာ တင်းယန်၏ မျက်နှာထားမှာ လေးနက်သွားသည်။

"သက်ရှိတွေ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းမှာ ကျွန်မတို့ လူသားတွေက... သဘာဝရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့ ထိပ်တန်း သတ္တဝါတွေ မဟုတ်ကြတော့ဘူးပဲ"

"အရိုးလှံပင့်ကူကြီး တစ်ကောင်တည်းနဲ့တင် ဒီလောက် ကြောက်ဖို့ကောင်းနေရင်... ကျယ်ပြောတဲ့ ရေပြင်ကြီးထဲမှာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ရှိနေမလဲ မသိဘူး... နိုင်ငံအသီးသီးက စစ်တပ်တွေကို စနစ်တကျ ဖွဲ့စည်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ မလုပ်နိုင်ကြတာ အံ့သြစရာ မဟုတ်တော့ပါဘူး"

လင်းယွမ်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောသည်။

"လောလောဆယ်တော့ ငါတို့ ထိုက်ယန်တောင်မှာ ခြေကုပ်မြဲအောင် အရင် ကြိုးစားကြတာပေါ့... ကယ်ဆယ်ရေး လာမယ့် ကိစ္စတွေကိုတော့ မစဉ်းစားနဲ့တော့"

"လက်ရှိမှာ ငါတို့က ကျောက်တွင်းကို သိမ်းပိုက်ထားလို့ စွမ်းအင်ကျောက်တုံး အရင်းအမြစ်ကို ရထားပေမယ့်... ဒါက ပြဿနာကြီး တစ်ခုလည်း ဖြစ်လာနိုင်တယ်"

"ဘာဖြစ်လို့လဲ" တင်းယန်က မေးလိုက်သည်။

"ကျန်တဲ့ ခိုလှုံရေးစခန်း သုံးခုက ငါတို့ကို မျက်စိကျနေလောက်ပြီ... မနေ့က သိုင်းဘုရင်ဂေဟာက လူလွှတ်လိုက်သေးတယ်"

သူက ယွမ်ရွေ့ သိုင်းဘုရင်ဂေဟာ ကိုယ်စား လာရောက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့သည့် အကြောင်းကို ပြောပြလိုက်သည်။

တင်းယန်က နားထောင်ပြီးနောက် မျက်နှာထား တင်းမာသွားကာ အေးစက်စွာ ပြောလိုက်သည်။

"ကျွန်မ သိသားပဲ... ကိုယ့်မှာ အင်အားမရှိရင် မဟာမိတ် ဖွဲ့တယ် ဆိုတာတွေ အားလုံးက လေထဲ တိုက်အိမ် ဆောက်သလိုပဲ ဆိုတာ"

"ဟို ဝူမုန့် ဆိုတဲ့ကောင်က ပါးစပ်ကတော့ အချင်းချင်း မတိုက်ခိုက်ကြေး၊ အားလုံး စည်းလုံးညီညွတ်ကြပါ စသဖြင့် အပြောကောင်းနေပေမယ့်... တကယ်တမ်း အကျိုးစီးပွားနဲ့ ယှဉ်လာရင် သူလည်း စိတ်လှုပ်ရှားမှာပဲ"

လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။

"အကျိုးစီးပွားက လူစိတ်ကို လှုပ်ရှားစေတာ ပုံမှန်ပါပဲ... သိုင်းဘုရင်ဂေဟာက အနည်းဆုံးတော့ သိက္ခာ နည်းနည်း ထိန်းသေးတယ်... ပူးပေါင်းဖို့ လာဆွေးနွေးတယ်... ခြင်္သေ့လို ပါးစပ်အကျယ်ကြီး ဟပြီး တောင်းဆိုလိုက်ပေမယ့် အနည်းဆုံးတော့ လာပြီး နှုတ်ဆက် သဘောထား ပြသွားတာပေါ့"

"ဖုန်းဟွမ်ဘုရားကျောင်း နဲ့ မိန်ဟိုင်ဥယျာဉ် ကတော့ အဲဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူး"

တင်းယန်က အေးစက်စွာ ရယ်မောလိုက်သည်။

"ဒါဆိုရင်လည်း သူတို့ ကျိုးနွံသွားတဲ့အထိ ရိုက်နှက်ဆုံးမပေးလိုက်ရုံပေါ့"

လင်းယွမ်က တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... သူတို့ကို ကြောက်လန့်သွားအောင် ရိုက်နှက်ဆုံးမပေးမှ သူတို့ ငြိမ်ကုပ်သွားကြမှာ"

တင်းယန်လည်း လိုက်ရယ်လေသည်။ သူမ၏ စွမ်းအားများ တိုးတက်လာပြီ ဖြစ်သဖြင့် တိုက်ခိုက်ချင်စိတ်များ တက်ကြွနေသည်။

သို့သော် သူမက တခြားလူများကို စိတ်ပူနေသဖြင့် မေးလိုက်သည်။

"ရှင်ယုံကြည်မှု ရှိရဲ့လား... သူတို့ သုံးဖွဲ့ ပေါင်းပြီး တိုက်ရင် ကျွန်မတို့ဘက်က တော်တော် ခံရမှာ"

လင်းယွမ်က ပြုံးလိုက်သည်။

"ဒီရေလှိုင်းကြီး ပြီးသွားရင် ထိုက်ယန်တောင်မှာ လူတစ်ယောက်တည်းရဲ့ စကားကိုပဲ နားထောင်ရတော့မယ်"

"အဲဒီလူက ငါပဲ ဖြစ်ရမယ်"

သူက ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ ယခုအခါ သူ့၏ အရည်အသွေး အသီးသီးမှာ အဆမတန် တိုးတက်နေပြီ ဖြစ်သည်။ ဒီရေလှိုင်း ဘေးအန္တရာယ် မပြီးဆုံးသေးသဖြင့် အမှတ်တွေ ဆက်လက် ရှာဖွေနိုင်သေးသည်။

အဲဒီကျရင် မဲတွေ ရူးမတတ် နှိုက်ပစ်လိုက်မည်။ ဒီထိုက်ယန်တောင် တစ်ခုလုံးမှာ ဘယ်သူက သူ့ပြိုင်ဘက် ဖြစ်လာနိုင်ဦးမှာလဲ။

တင်းယန်က သူ့၏ ယုံကြည်မှု ပြည့်ဝနေသော ပုံစံကို သဘောကျသဖြင့် မနေနိုင်ဘဲ ပြုံးလိုက်သည်။

"ဒါဆိုရင် ပြီးတာပါပဲ"

နှစ်ယောက်သား ကျောက်တွင်းလိုဏ်ဂူသို့ ပြန်ရောက်လာကြသည်။ ရန်ဆန်းမင်က ကျောက်တွင်းလုပ်သားများကို ကင်းလှည့် စောင့်ကြပ်ရန် စီစဉ်ထားသည်။

ကျောက်တွင်း နက်ရှိုင်းသော နေရာတွင် ရှိနေသောကြောင့် ဤနေရာသည် အခြေခံအားဖြင့် ဘေးကင်းလုံခြုံသည်ဟု ပြောနိုင်သည်။

ဤဧရာမ မြေအောက်လိုဏ်ဂူကြီးဆီသို့ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားပြီး ဖြစ်သလို လူများဖြင့်လည်း စောင့်ကြပ်ထားသည်။

လင်းယွမ်နှင့် တင်းယန် ပြန်ရောက်လာသည်ကို မြင်သောအခါ ဝက်သားများကို ထမ်းလာသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း စိတ်လှုပ်ရှား တက်ကြွသွားကြသည်။

ကျောက်တွင်းလုပ်သားများသည် ယခင်က လင်းယွမ်ထံမှ သင်းခွေချပ် အသားများကို ဝယ်ယူဖူးကြသည်။

သို့သော် ထိုသန္ဓေပြောင်း သင်းခွေချပ် အသားများမှာ လုပ်သားများအကြား လျင်မြန်စွာ ကုန်သွားခဲ့သည်။

တကယ်တော့ လူအတော်များများမှာ လက်ထဲ ပိုက်ဆံ(စွမ်းအင်ကျောက်တုံး) မရှိကြသဖြင့် များများစားစား မဝယ်နိုင်ခဲ့ကြပေ။

သို့သော် အသားအရသာကို မြည်းစမ်းဖူးသွားသူများမှာ ပို၍ သွားရည်ကျလာကြသည်။

"ကိုလင်းယွမ်... ဒီဝက်သား ရောင်းမှာလား"

"ကိုလင်းယွမ်... ဒီဝက်သားကို စွမ်းအင်ကျောက်တုံးနဲ့ လဲလို့ ရလား"

"ကိုလင်းယွမ်... ပြီးခဲ့တဲ့တစ်ခေါက် ခင်ဗျား ပြန်သွားတော့ ကျုပ်တို့ အချိန်လုပြီး ထပ်တူးထားတာတွေ ရှိတယ်... အသားနဲ့ လဲလို့ ရမလား"

......

လူတိုင်းက တရုန်းရုန်းဖြင့် ဝိုင်းအုံလာကာ မေးမြန်းကြသည်။

လင်းယွမ်က ပြောလိုက်သည်။

"လဲပေးမယ်... စွမ်းအင်ကျောက်တုံး ရှိရင် အကုန် လဲပေးမယ်"

ထို့နောက် သူက တင်းယန်ကို ကြည့်ကာ လျှပ်စစ်ချိန်ခွင် တစ်ခု ပေးလိုက်ပြီး ပြောသည်။

"ဒီဘက်ကို နင် တာဝန်ယူလိုက်ဦး... ငါ ဒေါက်တာရန် ကို သွားရှာလိုက်ဦးမယ်"

တင်းယန်က ခေါင်းငြိမ့်လိုက်ပြီး ကျောက်တွင်းလုပ်သားများကို လှမ်းအော်လိုက်သည်။

"အသား လဲချင်တဲ့လူတွေ ဒီဘက်ကို လာခဲ့"

လင်းယွမ်က ရန်ဆန်းမင် ကို ရှာတွေ့သောအခါ မေးလိုက်သည်။

"ဒီလူတွေ အခြေအနေ ဘယ်လိုလဲ"

ရန်ဆန်းမင် က ကြမ်းပြင်ပေါ်တွင် လှဲနေသော ဒဏ်ရာရလူနာ တစ်ဦးဘေးမှ ထလိုက်ပြီး ပြောသည်။

"ကြီးကြီးမားမား ပြဿနာတော့ မရှိပါဘူး... လူအများစုက လက်ချောင်းတွေ လှုပ်ရှားနိုင်နေပြီ... ပြီးတော့ စကားလည်း ပြောနိုင်နေကြပြီ"

လင်းယွမ် တစ်ချက် ဝေ့ကြည့်လိုက်ရာ ဦးလေးကော ဆိုသူက ဟန်ရှန်းမန် ဘေးတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

ဟန်ရှန်းမန်လည်း ထထိုင်နိုင်နေပြီ ဖြစ်သည်။

လင်းယွမ်က လျှောက်သွားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ဟန်ရှန်းမန်... ခန္ဓာကိုယ် အခြေအနေ ဘယ်လိုနေလဲ"

ဟန်ရှန်းမန်က ကိုယ်ကို မတ်လိုက်ပြီး လှပသော မျက်ဝန်းများဖြင့် လင်းယွမ်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ကျွန်မ တော်တော်လေး သက်သာသွားပါပြီ... ကျေးဇူးတင်ပါတယ် ကိုလင်းယွမ်... ရှင်သာ မကယ်ခဲ့ရင် ကျွန်မတို့ ဒီတစ်ခေါက် တကယ် သေရတော့မှာ"

ဆက်ရန်...

All Chapters