← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 12 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 12 Ch. 239-240

အပိုင်း (၂၃၉) တစ်သိန်းတန် အမှတ် ကံစမ်းမဲဘီး

"ဒီဒေါက်တာရန် ပြောပြလို့သာ ကျွန်မ သိရတော့တယ်... ထိုက်ယန်တောင်က နိဗ္ဗာန်ဘုံ မဟုတ်ဘဲ ဒီရေတက်တဲ့ ကိစ္စတွေပါ ရှိနေတာကိုး"

ဟန်ရှန်းမန်က ခါးသက်သက် ပြုံးလိုက်မိသည်။ သူတို့ ထိုက်ယန်တောင်သို့ ရောက်လာသည့်ရက်မှာ အချိန်အခါ မကောင်းမှန်း သူမ ယခုမှ သိလိုက်ရ၏။

ကမ်းတက်သည့်ရက်နှင့် ဒီရေတက်သည့်ရက် တိုက်ဆိုင်နေသဖြင့် ကမ်းပေါ်သို့ ခြေချလိုက်သည်နှင့် သန္ဓေပြောင်းသတ္တဝါ အများအပြားနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။

ကနဦးတွင် ရေကြီးမှုကြောင့် တောရိုင်းတိရစ္ဆာန်များ တောင်ပေါ်သို့ တက်ပြေးကြသဖြင့် ဤမျှများပြားနေသည်ဟု သူမ ထင်မှတ်ခဲ့မိသည်။

နောက်ပိုင်းမှသာ ဒီရေတက်သည့် ရေလှိုင်းများကြောင့်မှန်း သိရှိလိုက်ရခြင်း ဖြစ်၏။

ဒီရေတက်လာပြီး ရေကြီးရေလျှံဖြစ်လာသည်နှင့်အမျှ ရေအောက်နေ သန္ဓေပြောင်းသတ္တဝါ အများအပြား ကမ်းပေါ်သို့ ပါလာတတ်ကြသည်။

ရေအောက်မှ အစွမ်းထက် သန္ဓေပြောင်းသတ္တဝါကြီးများသည်လည်း ဒီရေလှိုင်းများနှင့်အတူ အမဲလိုက်ရန် ကမ်းပေါ်သို့ တက်လာကြသည်။

ထိုရေအောက် သတ္တဝါများကို စားသောက်ရန် တောနက်ထဲမှ သန္ဓေပြောင်းသတ္တဝါများကလည်း တောထဲမှ ထွက်လာကြပြန်သည်။

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "တကယ်တော့ ဆိုးတဲ့ကိစ္စ မဟုတ်ပါဘူး"

ဟန်ရှန်းမန် ချက်ချင်း ကြောင်အသွားပြီး လင်းယွမ်ကို သံသယဖြင့် ကြည့်လိုက်မိသည်။

ဦးလေးကောကလည်း လင်းယွမ်ကို ကြည့်ကာ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။

လင်းယွမ်က ဝင်ထိုင်လိုက်ပြီး "ခင်ဗျားတို့ကို အမှန်အတိုင်း ပြောရရင်... ကျွန်တော်တို့လည်း အပြင်က ရေဘေးရှောင်လာပြီး ထိုက်ယန်တောင်ကို ရောက်လာကြတာပါ... ရေဘေးရှောင်လာတာချင်း အတူတူပါပဲ"

"ပြီးတော့ ခင်ဗျားတို့ထက် သိပ်မစောပါဘူး... တစ်လတောင် မပြည့်သေးပါဘူး"

"ဒီထိုက်ယန်တောင်ကို အရင် ဦးထားတဲ့လူတွေ ရှိတယ်... သူတို့က အပြင်လူတွေကို တောင်ပေါ် အတက်မခံချင်ကြဘူး"

လင်းယွမ်၏ စကားကြောင့် ဟန်ရှန်းမန် ရုတ်တရက် သဘောပေါက်သွားပြီး...

"အရင်းအမြစ်တွေကို ခွဲဝေသုံးစွဲရမှာ စိုးရိမ်လို့လား... ကျွန်မတို့လို လူသစ်တွေက သူတို့ရဲ့ ရှင်သန်ရပ်တည်ခွင့် နေရာတွေကို လုယူမှာ ကြောက်နေကြတာလား"

လင်းယွမ်က သူမကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး "အမှန်ပဲ"

ဤမိန်းကလေးက ခေါင်းဆောင်တစ်ယောက် ဖြစ်ရသည်မှာ မဆန်းပေ။ ဉာဏ်ရည်ထက်မြက်လှသည်။

သူ စကားတစ်ခွန်း ပြောလိုက်သည်နှင့် အဓိက အကြောင်းရင်းကို ချက်ချင်း တွေးမိလေသည်။

"အမှန်တော့ ကျွန်တော်တို့ ရောက်လာတုန်းက ဒီရေတက်ချိန် မဟုတ်ပေမယ့် ထိုက်ယန်တောင် မြောက်ဘက် အဓိက တောင်တက်လမ်းနေရာမှာ... ကမ်းတောင် မကပ်ရသေးဘူး... ဖုန်းဟွမ်ဘုရားကျောင်း ခိုလှုံရေးစခန်းက လူတွေရဲ့ တိုက်ခိုက်မောင်းထုတ်တာ ခံလိုက်ရတယ်"

ဟန်ရှန်းမန်က အလျင်အမြန် မေးလိုက်သည်။ "ဒါဆို ရှင်တို့ ဘယ်လို တက်လာကြတာလဲ"

လင်းယွမ်က ပြုံးလိုက်ပြီး "တိုက်ခိုက်ပြီး တက်လာရတာပေါ့"

ထိုစကားကြောင့် ဟန်ရှန်းမန်နှင့် ဦးလေးကောတို့ လင်းယွမ်ကို မသိစိတ်ဖြင့် ကြည့်လိုက်မိကြသည်။

လင်းယွမ်၏ မြေလျှိုးမိုးပျံ ပညာကို တွေးမိပြီး လေးစားသွားကြ၏။

ထိုသို့သော ပညာရပ်မျိုးဖြင့် တိတ်တဆိတ် တောင်ပေါ်တက်ရန် မခဲယဉ်းပေ။

သို့သော် လူအများအပြား တက်လာနိုင်ခြင်းမှာ တစ်ယောက်တည်း ခိုးဝင်၍ ရနိုင်သည် မဟုတ်။

သူတို့ရှေ့မှ လင်းယွမ်တွင် အခြားသော ဝှက်ဖဲများ ရှိနေဦးမည်မှာ အသေအချာပင်။

လင်းယွမ်က ရယ်မောလိုက်ပြီး "ဒါကြောင့် ခင်ဗျားတို့ ကံကောင်းတယ်လို့ ပြောတာ... ကမ်းကပ်ချိန်မှာ ဒီရေတက်နေတော့ ခိုလှုံရေးစခန်းက လူတွေ အပြင်မထွက်ရဲဘဲ တွင်းအောင်းနေကြတာလေ... တခါတလေကျရင် လူအချင်းချင်းက သန္ဓေပြောင်းသတ္တဝါတွေထက် ပိုကြောက်ဖို့ ကောင်းတယ်"

ထိုအချက်ကို ဟန်ရှန်းမန်နှင့် ဦးလေးကောတို့ နားလည်သဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

ဟန်ရှန်းမန်က စိတ်မထိန်းနိုင်ဘဲ "ဒါဆို ရှင်ရော... အရင်းအမြစ်တွေ အလုခံရမှာ မပူဘူးလား... ဘာလို့ ကျွန်မတို့ကို ကယ်ခဲ့တာလဲ"

လင်းယွမ်က ခေါင်းခါလိုက်ပြီး ရယ်မောကာ "ထိုက်ယန်တောင်က အကျယ်ကြီးပါဗျာ... လူထောင်ချီလောက်တော့ ကောင်းကောင်း ဆန့်ပါတယ်... သူတို့ပြောတဲ့ အရင်းအမြစ် ဆိုတာက ကမ္ဘာမပျက်ခင်ကတည်းက ရှိခဲ့တဲ့ လူလုပ် ရှုခင်းနေရာ ကျယ်ကျယ်ဝန်းဝန်း လေးတွေကို ပြောတာပါ"

"ထိုက်ယန်တောင်ဆိုတာ နိုင်ငံတော် သစ်တောဥယျာဉ် ဖြစ်ခဲ့ဖူးတော့ သစ်တောဧရိယာက အကြီးဆုံးပဲ... လူလုပ်နေရာတွေက ဘယ်လောက်မှ မရှိပါဘူး"

"သူတို့က တောထဲဝင်ပြီး သန္ဓေပြောင်းသတ္တဝါတွေနဲ့ အရင်းအမြစ် မလုရဲဘဲ လူလုပ်နေရာတွေမှာပဲ တွင်းအောင်းနေကြတာ"

"တောင်ပေါ်တက်လာတဲ့ လူသားချင်းကျတော့ ဓားနဲ့ခုတ်ဖို့ ဝန်မလေးကြဘူး... ကျွန်တော့်သဘော ပြောရရင် လူများလေ ကျွန်တော်တို့အတွက် ပိုကောင်းလေပဲ"

"အစွမ်းပိုင်ရှင် များလာရင် အရိုးလှံပင့်ကူကြီးကိုတောင် ဝိုင်းဖွဲ့ပြီး ချလို့ရသေးတယ်"

"အဲဒီအချိန်ကျရင် ထိုက်ယန်တောင်တစ်ခုလုံး ကျွန်တော်တို့ လူသားတွေအပိုင် ဖြစ်သွားမှာ... လူတစ်ထောင်လောက်နဲ့ အရင်းအမြစ် မလောက်စရာ အကြောင်းမရှိဘူး"

"ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာက လူဆိုတဲ့အမျိုးက စည်းလုံးဖို့ အခက်ခဲဆုံး သတ္တဝါတွေ ဖြစ်နေတာပဲ"

"ကြည့်လေ... ထိုက်ယန်တောင်ပေါ်မှာ လူ ခုနစ်ရာ ရှစ်ရာလောက်လေး ရှိတာတောင် ခိုလှုံရေးစခန်း သုံးခု ကွဲနေကြတယ်... ရယ်စရာ မကောင်းဘူးလား"

လင်းယွမ် စိတ်ထဲတွင် ပြောမပြတတ်အောင် ဖြစ်ရသည်။ ထိုက်ယန်တောင်ရှိ စခန်းကြီး လေးခု ပေါင်းလိုက်လျှင် လူဦးရေ ရှစ်ရာခန့် ရှိသည်။

ထိုလူရှစ်ရာက ခိုလှုံရေးစခန်း လေးခု ကွဲနေကြခြင်း ဖြစ်သည်။

ရယ်စရာ ကောင်းမနေပေဘူးလော။

လူသားတို့၏ မူလစရိုက်မှာ ဤသို့ပင် ဖြစ်သည်။

ကမ္ဘာမပျက်ခင်က အဆောင်အခန်း တစ်ခုတွင် လူလေးယောက် နေလျှင်ပင် "ဂရုချက်" ရှစ်ခုလောက် ရှိတတ်ကြသည်။

အချင်းချင်း တိုက်ခိုက်ခြင်းက လူသားတို့၏ သဘာဝ ဖြစ်ပုံရသည်။

ကမ္ဘာပျက်ကပ် ကြုံနေရသည့်တိုင် ဤအကျင့်စရိုက်က ပြောင်းလဲမသွားပေ။

ဟန်ရှန်းမန် တိတ်ဆိတ်သွားသည်။ သူမ မတွေးချင်သော အတိတ်ကို ပြန်သတိရသွားပုံ ရသည်။

သူမက လေသံတိုးတိုးဖြင့် "ဟုတ်တယ်နော်... ဘာလို့များ အတူတူ ကြိုးစားပြီး အခက်အခဲကို မကျော်ဖြတ်ကြတာလဲ မသိဘူး"

ဦးလေးကောက ဟန်ရှန်းမန်ကို သနားကြင်နာစွာ ကြည့်လိုက်ပြီး ပခုံးကို ပုတ်ကာ "သမီးရယ်... အဲ့ဒီကိစ္စက သမီးအမှား မဟုတ်ပါဘူး"

လင်းယွမ်က သူတို့ကို ကြည့်လိုက်ရာ ဇာတ်လမ်းတစ်စုံတစ်ရာ ရှိပုံရမှန်း ရိပ်မိလိုက်သည်။

သို့သော် သူ မမေးမြန်းတော့ဘဲ "ခင်ဗျားတို့ ဘယ်က လာကြတာလဲ" ဟုသာ မေးလိုက်သည်။

ဟန်ရှန်းမန်က သိပ်ပြောချင်စိတ် မရှိသော်လည်း "နည်းပညာမြို့တော် ဘက်ကပါ" ဟု ဖြေလိုက်သည်။

လင်ကျန်းမြို့သစ်က အလွန်ကျယ်ဝန်းပြီး ဇုန်ခွဲများစွာ ရှိသည်။ နည်းပညာမြို့တော် ဆိုသည်မှာ မြို့သစ် အစိုးရက နည်းပညာ စက်မှုဇုန်အဖြစ် သတ်မှတ် တည်ဆောက်ခဲ့သော နေရာဖြစ်ပြီး ထိုစဉ်က အတော်လေး နာမည်ကြီးခဲ့သည်။

အိမ်ခြံမြေ ဈေးနှုန်းများလည်း အလွန်မြင့်မားခဲ့ပြီး လူအများအပြား အလုအယက် ဝယ်ယူခဲ့ကြသည့် နေရာဖြစ်သည်။

နောက်ပိုင်း ဈေးကျသွားချိန်တွင် ပူပေါင်းပေါက်သကဲ့သို့ နည်းပညာမြို့တော်က ဈေးအကျဆုံး ဖြစ်ခဲ့သည်။

သို့သော် ထိုနေရာတွင် အိမ်ဝယ်နိုင်သူများမှာ လူလတ်တန်းစား အဆင့်အတန်း ရှိသူများ ဖြစ်ကြသည်။

လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး "အဲဒီနေရာက ဂေဟစနစ်မြို့တော်နဲ့ ပိုနီးတာ မဟုတ်ဘူးလား... ဘာလို့ အဲဒီဘက် မသွားကြတာလဲ"

ဟန်ရှန်းမန်က သက်ပြင်းချကာ "ဂေဟစနစ်မြို့တော်က လင်ကျန်း မြစ်ဝနဲ့ နီးလွန်းတယ်... မြင့်တဲ့နေရာမှ မရှိတာ"

"ကွမ်ဖူ ဘက်ကို သွားမှပဲ ရမယ်... ဒါပေမယ့် ကွမ်ဖူက ကျွန်မတို့နဲ့ သိပ်ဝေးလွန်းတယ်... မြို့နယ် အတော်များများကို ဖြတ်သွားရမှာ... အနီးဆုံးက ထိုက်ယန်တောင်ပဲ ရှိတော့တာ"

"ဒါကြောင့် ထိုက်ယန်တောင်ကိုပဲ လာခဲ့ရတာပါ"

လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး "အစိုးရဆီက သတင်းရော ရကြသေးလား"

ဟန်ရှန်းမန်က ခေါင်းခါလိုက်ပြီး "မရဘူး... အစိုးရ သတင်းကို စောင့်နေတာ မလာလို့... စားနပ်ရိက္ခာတွေလည်း ကုန်ပြီမို့ မတတ်သာဘဲ ထွက်လာရတာပါ"

ဦးလေးကောက ရုတ်တရက် မော့ကြည့်လိုက်ပြီး "မင်းတို့ဆီမှာ အစိုးရသတင်း ရှိလို့လား"

ဟန်ရှန်းမန်လည်း ကြောင်အသွားပြီး လင်းယွမ်ကို ကြည့်လိုက်မိသည်။

လင်းယွမ်က ဖုံးကွယ်မနေဘဲ "ရှိတယ်" ဟု ခေါင်းငြိမ့်ပြလိုက်သည်။

"ဘာ"

"ရှင်တို့ဆီမှာ အစိုးရသတင်း ရတယ်"

ဦးလေးကောနှင့် ဟန်ရှန်းမန်တို့ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။

တည်ငြိမ်ရင့်ကျက်သည့် ဦးလေးကောပင်လျှင် မျက်နှာများ နီရဲလာသည်အထိ စိတ်လှုပ်ရှားသွား၏။

လင်းယွမ်က "အရမ်း စိတ်မလှုပ်ရှားပါနဲ့ဦး... အစိုးရဆီကတော့ မဟုတ်ဘူး... ကွမ်ဖူ စစ်ဒေသက လွှင့်တဲ့ ရေဒီယို လိုင်း ဖမ်းမိတာပါ"

"ကွမ်ဖူ စစ်ဒေသက နေ့တိုင်း ည (၇) နာရီ၊ (၈) နာရီလောက်ဆိုရင် အသံလွှင့်တယ်"

ဟန်ရှန်းမန် စိတ်လှုပ်ရှားစွာဖြင့် "စစ်ဒေသ... ကွမ်ဖူ စစ်ဒေသ ဟုတ်လား... ကွမ်ဖူမှာ တပ်တွေ ရှိသေးတာလား"

ဦးလေးကော၏ မျက်လုံးများလည်း အရောင်တောက်လာပြီး "ဟုတ်တယ်... ဟုတ်တယ်... ကွမ်ဖူဘက်မှာ စစ်အခြေစိုက် စခန်းတစ်ခု ရှိတယ်လို့ ငါ့သား ပြောဖူးတယ်... ငါတို့တိုက်က မြင့်တော့ လေယာဉ်တွေ ဖြတ်ပျံရင် ဆူညံလို့ ငါ ညည်းညူဖူးတယ်လေ... အဲဒီတုန်းက ငါ့သား ပြောပြဖူးတာ"

"ကောင်းလိုက်တာကွာ... စစ်အခြေစိုက်စခန်း ရှိသေးတယ် ဆိုတော့... နိုင်ငံတော်က ငါတို့ကို စွန့်ပစ်မသွားပါဘူး... ငါတို့နိုင်ငံ ကယ်တင်နိုင်ဦးမှာပါ... ကမ္ဘာကြီး မပျက်သေးပါဘူး"

သူတို့နှစ်ဦး စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

လင်းယွမ်က သူတို့ စကားကို ဖြတ်ပြောလိုက်ရသည်။

"ခင်ဗျားတို့ သိပ်ပြီး မျှော်လင့်ချက် မထားကြနဲ့ဦး... စစ်တပ်မှာသာ နည်းလမ်းရှိရင် နေရာတကာ လိုက်ကယ်နေပြီပေါ့... အခုလို ရေဒီယိုလိုင်းကနေပဲ ဆက်သွယ်နေရမှာ မဟုတ်ဘူး"

"ပြီးတော့ ဒီ ရေဒီယိုလိုင်းက နေရာတိုင်း ဖမ်းမိတာ မဟုတ်ဘူး... ခင်ဗျားတို့ နည်းပညာမြို့တော်မှာ ဖမ်းမမိဘူး မလား"

ဟန်ရှန်းမန်နှင့် ဦးလေးကောတို့ ကြောင်အသွားကြသည်။

ဟန်ရှန်းမန်က "ကျွန်မကတော့ ရေဒီယိုလိုင်း ရှာမကြည့်မိဘူး"

ဦးလေးကောက "ငါ့ဆီမှာ ရေဒီယို ရှိတယ်... ရှာတော့ ရှာကြည့်ဖူးတယ်... ဒါပေမယ့် လိုင်းမမိဘူး"

လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး "ထိုက်ယန်တောင်က မြင့်လို့ လိုင်းမိတာ... ကျွန်တော်တို့ တောင်ပေါ် မတက်ခင်တုန်းကလည်း ကွမ်ဖူ စစ်ဒေသ လိုင်းကို မမိဘူး"

ဟန်ရှန်းမန်က "ဒါဆို ထိုက်ယန်တောင်ပေါ်က လူတွေ ကွမ်ဖူ စစ်ဒေသနဲ့ ဆက်သွယ်ဖို့ မကြိုးစားကြဘူးလား"

လင်းယွမ်က ပြန်မေးလိုက်သည်။ "ဘယ်လို ဆက်သွယ်မှာလဲ... ကျွန်တော်တို့က ဖမ်းယူရုံပဲ ရတာ... ဘယ်သူကများ အသံလွှင့်စက် လုပ်တတ်လို့လဲ"

"လုပ်တတ်ရင်ရော ဘယ်လောက် ဝေးဝေး လွှင့်နိုင်မှာလဲ... တစ်ဖက်နဲ့ ဆက်သွယ်လို့ ရပါ့မလား"

ဟန်ရှန်းမန်က မလျှော့ဘဲ "လှေစီးသွားရင်ရော... ထိုက်ယန်တောင်ပေါ်မှာ သစ်ပင်တွေက သန္ဓေပြောင်းပြီး အကြီးကြီးတွေ ဖြစ်နေတာ တွေ့တယ်... အဲဒါတွေ ခုတ်ပြီး လှေလုပ်ရင် ရနိုင်လောက်တယ်"

"လှေကြီးကြီး တစ်စင်းလောက် ရှိရင် ကွမ်ဖူ စစ်ဒေသကို သွားဖို့ မခက်လောက်ပါဘူး"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "ခင်ဗျား တွေးတာ လွယ်လွန်းနေတယ်"

"လှေတစ်စင်း တည်ဆောက်ဖို့ ခက်ခဲတာကို မပြောနဲ့ဦး... ဒီနေရာနဲ့ ကွမ်ဖူ စစ်ဒေသ ဘယ်လောက် ဝေးလဲ သိလား"

"ရေမကြီးခင်တုန်းက ကွမ်ဖူ ပရိဘောဂမြို့တော်ကို ကျွန်တော် သွားဖူးတယ်... ကားမောင်းရင်တောင် မိနစ် (၄၀) လောက် မောင်းရတာ... အနည်းဆုံး မိုင် (၃၀) လောက် ဝေးတယ်"

"လှေနဲ့သွားရင် ဘယ်လောက် ကြာမလဲ"

"ပြီးတော့ ရေထဲမှာ သန္ဓေပြောင်းသတ္တဝါ ဘယ်လောက်များလဲ ဘယ်သူမှ မသိဘူး... ဒါပေမယ့် အရိုးလှံပင့်ကူကြီးထက် ပိုကြောက်စရာကောင်းတဲ့ ကောင်တွေ ရှိနေမှာတော့ သေချာတယ်"

"အခု လူတိုင်းက နေစရာ ရနေပြီလေ... ဘယ်သူက အသက်စွန့်ပြီး စစ်တပ်ကို မိုင်ပေါင်းများစွာ သွားရှာချင်မှာလဲ"

"ထားပါတော့... စစ်တပ်ကို တွေ့ပြီပဲ ဆိုပါစို့... စစ်တပ်က အလကား ထမင်းကျွေးထားမယ် ထင်လို့လား"

"ဒီမှာက ကိုယ့်ဖာသာကိုယ် ရှာဖွေစားသောက်လို့ ရတယ်... ဟိုရောက်ရင် သူများခိုင်းတာ လုပ်ရမှာ... ဘယ်သူက သွားချင်မှာလဲ"

လင်းယွမ်က ထူလုံတို့လို ခေါင်းဆောင်တွေ၏ အတွေးကို ကောင်းကောင်း နားလည်သည်။ သူများလက်အောက်ခံ အဖြစ်ခံမည့်အစား ကိုယ့်ဖာသာ ဗိုလ်လုပ်ရသည်က ပိုမကောင်းပေဘူးလော။

ထိုက်ယန်တောင်တွင် ဖမ်းစရာ သန္ဓေပြောင်းသတ္တဝါ ရှိသည်။ စိုက်ပျိုးစရာ မြေရှိသည်။ ရေအောက် သတ္တဝါများ၏ အန္တရာယ်ကို စွန့်စားပြီး စစ်တပ်ထံ သွားရောက်ကာ အခိုင်းခံနေစရာ မလိုပေ။

သူများမပြောနှင့်... လင်းယွမ် ကိုယ်တိုင်လည်း မသွားချင်ပါ။

ဤနေရာတွင် လူများကို စုစည်းပြီး သန္ဓေပြောင်းသတ္တဝါ ဖမ်းခိုင်းကာ အမှတ် ရှာနိုင်သည်။

စစ်အခြေစိုက်စခန်း ရောက်သွားလျှင် အမှတ် ဘယ်လို ရှာရတော့မည်နည်း။

ထို့ကြောင့် သူ စစ်တပ်ဆီ သွားရန် စိတ်ကူးမရှိ။

ထိုက်ယန်တောင်တွင် ကြီးမားသော အပြောင်းအလဲဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှသာ နေရာရွှေ့ပေမည်။

လင်းယွမ်၏ စကားများကြောင့် ဟန်ရှန်းမန် ငြိမ်ကျသွားသည်။

သူမ အတွေးများ လွယ်ကူလွန်းနေခဲ့သည်။ နိုင်ငံတော်ကို မှီခိုခြင်းက အလုံခြုံဆုံးဟု သူမ ထင်ခဲ့မိသည်။

အပြင်လောကတွင် တစ်ကိုယ်တော် ရုန်းကန်ရသည်မှာ အန္တရာယ်များလွန်းသည်။

စစ်တပ်တွင် စက်မှုလက်မှုနှင့် နည်းပညာများ ကျန်ရှိနေဦးမည်ဟု သူမ ယုံကြည်သည်။

သို့သော် လင်းယွမ်၏ စကားများက လက်ရှိ ရှင်သန်ရေးသာ အဓိက ဖြစ်ကြောင်း သူမကို နားလည်သွားစေသည်။

ထိုက်ယန်တောင်တွင် ခြေချနိုင်ခြင်းကပင် ကံကောင်းနေပြီ ဖြစ်သည်။

စစ်အခြေစိုက်စခန်း သွားမည့် ကိစ္စက နောက်မှ ဖြည်းဖြည်းစဉ်းစားရမည့် ကိစ္စဖြစ်သည်။

လင်းယွမ်က သူတို့ အခြေအနေကို မေးမြန်းပြီးနောက် ဆက်လက် အနားယူစေလိုက်သည်။

ဝက်သား လိုချင်သလားဟု တစ်ခွန်းတော့ မေးခဲ့၏။

ဟန်ရှန်းမန်တို့အဖွဲ့ ဝက်သား စားချင်ကြသည်မှာ အမှန်ပင်။ ရပ်ကွက်ထဲတွင် မည်သို့ နေထိုင်ခဲ့ရသည်ကို ဘုရားသခင်သာ သိလိမ့်မည်။

ဝက်သားကဲ့သို့ အအေးခံထားမှ ရသည့် အသားမျိုးကို မီးပျက်ကတည်းက မတွေ့ရတော့။

ငါးပဲ စားနေရသဖြင့် အီနေပြီ ဖြစ်သည်။

ငါးအဆီက ဝက်သားအဆီနှင့် ယှဉ်မရ။

ဝက်သား မပြောနှင့်... ဝက်ဆီနံ့လေး ရလျှင်ပင် သွားရေကျနေကြပြီ ဖြစ်သည်။

ဟန်ရှန်းမန်က "ဝက်သားကို ဘယ်လို လဲမလဲ"

လင်းယွမ်က "စွမ်းအင်ကျောက်တုံးနဲ့ လဲလို့ရတယ်... ဒါမှမဟုတ် ကျွန်တော်တို့ ခိုလှုံရေးစခန်းရဲ့ ကုန်တိုက် အမှတ်နဲ့ လဲလို့ရတယ်"

"ကုန်တိုက် အမှတ်" ဟန်ရှန်းမန် ကြောင်သွားသည်။

စွမ်းအင်ကျောက်တုံး သူတို့မှာ မရှိ။ ကုန်တိုက် အမှတ် ဆိုသည်ကိုလည်း ကြားပင် မကြားဖူးပေ။

လင်းယွမ် ရှင်းပြလိုက်မှ ဟန်ရှန်းမန်နှင့် ဦးလေးကောတို့ နားလည်သွားကြသည်။

ဟန်ရှန်းမန်က စဉ်းစားကာ "ရှင်တို့က ငွေကြေးစနစ် တစ်ခု တီထွင်ထားတာပေါ့"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "ငွေကြေးတော့ မဟုတ်ပါဘူး... ရေမကြီးခင်က ကုန်တိုက်တွေမှာ သုံးတဲ့ အမှတ် စနစ်မျိုးပါပဲ"

ဟန်ရှန်းမန်က "ဒါပေမယ့် ရှင်တို့ အမှတ်က ပစ္စည်းတွေနဲ့ တိုက်ရိုက် လဲလို့ရတယ်လေ"

လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်"

"ဒါဆိုရင် ငွေကြေးပါပဲ"

လင်းယွမ်က ပြုံးလိုက်ပြီး "ကျွန်တော်တို့လည်း အရောင်းအဝယ် လွယ်အောင် လုပ်ထားတာပါ"

ဦးလေးကောက "အမှတ် ဘယ်လို ရှာရမလဲ"

လင်းယွမ်က စာအုပ်ငယ်လေး တစ်အုပ် ပေးလိုက်ပြီး "ဒါက အမှတ် ရှာနိုင်တဲ့ နည်းလမ်းတွေပါ... ခင်ဗျားတို့ တစ်ယောက်တစ်လှည့် ဖတ်ကြည့်ကြပေါ့"

ဤစာအုပ်ကို ရန်မေတို့အဖွဲ့ အလျင်အမြန် ပြုလုပ်ထားခြင်း ဖြစ်သည်။

အမှတ် ရှာနိုင်သည့် နည်းလမ်းများ အသေးစိတ် ပါဝင်သည်။

အမဲလိုက်ပြီး ကုန်တိုက် လယ်ယာဈေးတန်းတွင် ရောင်းချခြင်း၊ စွမ်းအင်ကျောက်တုံး တူးဖော်ပြီး ရောင်းချခြင်း၊ ကာကွယ်ရေး လုပ်ငန်းခွင် ဝင်လုပ်ခြင်း၊ သန္ဓေပြောင်း အပင်မျိုးစေ့ ရှာဖွေခြင်း စသည်ဖြင့် နည်းလမ်းပေါင်း ရာချီ ပါဝင်သည်။

ဦးလေးကောနှင့် ဟန်ရှန်းမန်တို့ မျက်လုံးပြူးသွားကြသည်။

လင်းယွမ်က "ဖြည်းဖြည်းချင်း ကြည့်ကြပါ... ကျွန်တော် သွားစရာ ရှိသေးလို့"

"ကောင်းပါပြီ... သွားပါ... သွားပါ" ဦးလေးကောက ပြောလိုက်သည်။

လင်းယွမ်က တင်းယန်၊ ရန်ဆန်းမင်တို့ကို နှုတ်ဆက်ပြီး ကျောက်တွင်း လိုဏ်ဂူမှ ထွက်ကာ မြစ်ကမ်းဘက်သို့ အမှတ် သွားရှာပြန်သည်။

ဒီရေတက်ချိန်က တစ်လမှ တစ်ခါသာ ရသည့် အခွင့်အရေး ဖြစ်သဖြင့် လက်လွတ်မခံနိုင်ပေ။

အချိန်များ ကုန်ဆုံးသွားပြီး သန်းခေါင်ယံ အချိန်သို့ ရောက်လာသည်။

လင်းယွမ်က မီးဝါးတောသို့ ပြန်ကာ ညစာ စားလိုက်သည်။

ရန်မေတို့ မိန်းကလေး တစ်သိုက် အလုပ်မရှိသဖြင့် ဖဲကစားနေကြသည်။

အောက်ထပ်တွင် ကျောက်ခိုင်က ကလေးများနှင့် ဂိမ်းဆော့နေ၏။

လင်းယွမ်က ပတ်ဝန်းကျင်ကို စစ်ဆေးပြီး မီးဝါးတောထဲ ဝင်လာသည့် သန္ဓေပြောင်းသတ္တဝါများကို ရှင်းလင်းလိုက်ရာ အမှတ် ခြောက်ထောင်ကျော်ခန့် ထပ်ရလိုက်သည်။

ပတ်ဝန်းကျင်တွင် ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိတော့ပေ။

ဤနေရာက တောင်ပတ်လမ်းနှင့် နီးသော်လည်း လင်းယွမ်က ပတ်ဝန်းကျင်ကို ရှင်းလင်းထားသဖြင့် သန္ဓေပြောင်းသတ္တဝါ အများစုက မြစ်ကမ်းဘက်သို့သာ ငါးဖမ်းထွက်ကြသည်။ ဤနားတဝိုက်တွင် သိပ်မနေကြတော့။

အချိန်ကုန်ဆုံးသွားပြီး မိုးလင်းစ ပြုလာသည်။ မိုးက သည်းနေဆဲပင်။

လင်းယွမ် ကျောက်တွင်း လိုဏ်ဂူသို့ ပြန်ရောက်လာချိန်တွင် လူအများစု အိပ်ပျော်နေကြဆဲ ဖြစ်ပြီး အချို့မှာ အိပ်ရာထကာ ထမင်းချက်ရန် ပြင်ဆင်နေကြသည်။

လင်းယွမ်က ရန်ဆန်းမင်ဘက်သို့ ကြည့်လိုက်ရာ အနားယူနေသည်ကို တွေ့ရသည်။

တင်းယန်ဘက်သို့ ကြည့်လိုက်တော့ တင်းယန်က နိုးနေပြီး သူ့ကို လက်ပြနေသည်။

လင်းယွမ် လျှောက်သွားလိုက်ပြီး "အစောကြီး ရှိသေးတယ်... နိုးနေပြီလား"

"မအိပ်ရသေးတာ" တင်းယန်က ဖြေလိုက်သည်။

"ဟမ်" လင်းယွမ် နားမလည် ဖြစ်သွားသည်။

တင်းယန်က သမ်းဝေလိုက်ပြီး"အလှည့်ကျ ကင်းစောင့်နေတာ... ဒေါက်တာရန်က ညဉ့်နက်ပိုင်း အနားယူတော့ ကျွန်မ စောင့်နေလိုက်တာ"

လင်းယွမ် သဘောပေါက်သွားပြီး "ငါစောင့်လိုက်မယ်... နင်အိပ်လိုက်"

သူက တင်းယန်ဘေးတွင် ဝင်ထိုင်လိုက်သည်။ တင်းယန်က "နေပါစေတော့... မိုးလင်းတော့မှာပဲ... ခဏနေ ရှီဟိုင်ကျူး အလှည့် ရောက်ရင် အိပ်လိုက်တော့မယ်... ရှင်ရော မျက်လုံးတွေ နီနေတယ်... မအိပ်ရသေးဘူးလား"

လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး "တစ်ညလုံး အလုပ်ရှုပ်နေတာနဲ့ မအိပ်ဖြစ်သေးဘူး... ရပါတယ်... ငါက အားအင် အပြည့်ပဲ... ဟိုလူနာတွေရော အခြေအနေ ဘယ်လိုလဲ"

"အစွမ်းပိုင်ရှင်တွေကတော့ လှုပ်ရှားနိုင်ပြီ... သာမန်လူတွေကတော့ နည်းနည်း နားရဦးမယ်"

တင်းယန်က ကျောက်တုံးကုတင်ပေါ်မှ ဖယ်ပေးလိုက်ပြီး "ရှင် ခဏ အိပ်လိုက်ပါလား"

လင်းယွမ်က ကျောက်တုံးကုတင်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ "ဒါကြီးနဲ့ ဘယ်လို အိပ်မလဲ... ခဏလောက် ထပါဦး"

တင်းယန် နားမလည် ဖြစ်သွားသော်လည်း လင်းယွမ် ဆွဲထူလိုက်သဖြင့် ထလိုက်ရသည်။

လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ မွေ့ရာထူကြီး တစ်ခု ထုတ်ပြီး ကျောက်တုံးပေါ် တင်လိုက်သည်။

သူက မွေ့ရာပေါ် လှဲချလိုက်ရာ မွေ့ရာက အိခနဲ ဖြစ်သွားသည်။ သူက ကျေနပ်စွာ ပြုံးလိုက်ပြီး ဘေးနေရာလွတ်ကို ပုတ်ပြကာ "လာလေ... အတူတူ အိပ်မယ်"

တင်းယန်က မျက်စောင်းထိုးလိုက်သော်လည်း ဝင်ထိုင်လိုက်သည်။

သူမက ဂျင်းဘောင်းဘီ အနက်ရောင် ဝတ်ဆင်ထားပြီး ထိုင်လိုက်သည့်အခါ တင်ပါးအလှက အသည်းပုံစံ ပေါ်လွင်နေကာ အလွန် ဆွဲဆောင်မှု ရှိနေသည်။

လင်းယွမ် တံတွေး မျိုချလိုက်မိပြီး "နင် တမင် လုပ်တာမလား"

တင်းယန်က ဟားတိုက် ရယ်မောလိုက်ပြီး "ရှင်ကတော့လေ... နှာဘူးကျတာပဲ"

လင်းယွမ်က ဟီးခနဲ ရယ်လိုက်ပြီး လက်ဖြင့် လှမ်းကိုင်ကာ ညှစ်လိုက်သည်။

တင်းယန် မျက်နှာ ရဲသွားပြီး လင်းယွမ် လက်မောင်းကို ရိုက်ချလိုက်ကာ "ရူးနေလား... လူတွေ အများကြီးနဲ့"

လင်းယွမ်က ရယ်မောလိုက်ပြီး လက်ပြန်ရုတ်ကာ "အိပ်တော့မယ်ဗျာ"

"အင်း"

သူ မျက်လုံး မှိတ်လိုက်သည်။ အိပ်မည်ဟု ပြောသော်လည်း တကယ် မအိပ်ဘဲ စနစ်ကို ဖွင့်လိုက်သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၂၅.၈

ခွန်အား - ၂၂.၉

အလျင် - ၂၁.၈

စိတ်စွမ်းအင် - ၄၀.၃

ဘုံအရည်အသွေးမှတ်များ - ၂

ပင်ကိုယ်အစွမ်း - ဆင့်ကဲပြောင်းလဲခြင်း

အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း၊ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း၊ လိပ်ခွံစွမ်းအင်အကာအကွယ်၊ ကျောက်အကြေးခွံအကာအကွယ်၊ ရုပ်သေးကြိုးမျှင်၊ မြေလျှိုးအစွမ်း

သန္ဓေပြောင်းလဲနှုန်း - ၉၈%

အမှတ် - ၁၆၂၁၃၁ မှတ်......

လင်းယွမ်က အရည်အသွေး အပြောင်းအလဲများကို ကျော်သွားပြီး အမှတ် နေရာကို ကြည့်လိုက်သည်။

(၁) သိန်း (၆) သောင်းကျော်နေသော အမှတ်များကို ကြည့်ပြီး လင်းယွမ် ပြုံးလိုက်မိသည်။

နေ့မအိပ် ညမအိပ် သန္ဓေပြောင်းသတ္တဝါများကို သတ်ဖြတ်ပြီး စုဆောင်းထားသော အမှတ်များ ဖြစ်သည်။

"အမှတ် တစ်သိန်းခြောက်သောင်းကျော်တောင် ရှိတယ်... (၁) သောင်းတန် မဲနှိုက်ရင်တောင် (၁၆) ကြိမ် နှိုက်လို့ ရတယ်... အရည်အသွေးမှတ်နဲ့ လဲမယ်ဆိုရင်လည်း အမှတ် (၁၆၀) တောင် ရနိုင်တယ်"

လင်းယွမ် စိတ်လှုပ်ရှားလွန်းသဖြင့် အိပ်မပျော်နိုင်တော့ဘဲ ဟိုဘက်ဒီဘက် လှိမ့်လိုက်မိသည်။

"(၁) သောင်းတန် ကံစမ်းမဲဘီးမှာတောင် အစွမ်းတွေ ပါရင်... (၁) သိန်းတန် ကံစမ်းမဲဘီးမှာ ဘာတွေများ ပါမလဲ"

လင်းယွမ် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း တွေးလိုက်မိသည်။

သူက စနစ်ကို ခေါ်လိုက်သည်။ "စနစ်... (၁) သိန်းတန် ကံစမ်းမဲဘီးကို ပြပေး"

[ဒင်... အမှတ် စစ်ဆေးနေပါသည်။ အမှတ် ပြည့်မီပါသဖြင့် (၁) သိန်းတန် ကံစမ်းမဲဘီးကို ဖွင့်ပါမည်]

"ရွှပ်"

လင်းယွမ်၏ မျက်စိရှေ့တွင် စက်ဝိုင်းပုံ ကံစမ်းမဲဘီး တစ်ခု ပေါ်လာသည်။

ယခုတစ်ကြိမ်တွင် ကံစမ်းမဲဘီးက အဖြူရောင် မဟုတ်တော့ဘဲ ငွေဖြူရောင် ဖြစ်နေသည်။

ကံစမ်းမဲဘီးထဲတွင် ဆုလက်ဆောင် အမျိုးမျိုး ပေါ်လာ၏။

လင်းယွမ် ကြည့်လိုက်ရာ ကဏ္ဍခွဲများ ပါဝင်နေသည်ကို တွေ့ရသည်။

လက်နက်ကဏ္ဍ၊ ပစ္စည်းကိရိယာကဏ္ဍ၊ ယာဉ်ယန္တရားကဏ္ဍ၊ လူနေမှုဘဝကဏ္ဍ၊ မျိုးရိုးဗီဇကဏ္ဍ...

မျက်စိရှုပ်စရာ ကဏ္ဍအမျိုးမျိုးကို လင်းယွမ် လိုက်ကြည့်လိုက်သည်။

သူက မျိုးရိုးဗီဇကဏ္ဍ ဆိုသော အသစ်အဆန်း တစ်ခုကို နှိပ်ကြည့်လိုက်သည်။

"ရွှပ်"

မျိုးရိုးဗီဇကဏ္ဍထဲတွင် မျိုးရိုးဗီဇ ပုံစံများစွာ ပေါ်လာသည်။

ရွှေနက်မျောက်ဝံ မျိုးရိုးဗီဇမြေပုံ (တစ်စိတ်တစ်ပိုင်း)

ဒါ့ခ်မြွေမိစ္ဆာ မျိုးရိုးဗီဇမြေပုံ (တစ်စိတ်တစ်ပိုင်း)

ရေခဲဝက်ဝံ မျိုးရိုးဗီဇမြေပုံ (တစ်စိတ်တစ်ပိုင်း)

အမွေးရှည်ဆင်ကြီး မျိုးရိုးဗီဇမြေပုံ (တစ်စိတ်တစ်ပိုင်း)

......

(ဒီနေရာမှာ တစ်စိတ်တစ်ပိုင်း လို့မင်မင် ပြန်ထားပေမယ့် မူရင်းမှာက Single Chain လို့ဆိုလိုတာပါ။ ပြောချင်တာက မျိုးရိုးဗီဇမြေပုံ တစ်ခုမှာ ကွင်းနှစ်ခု လိန်နေတဲ့ပုံစံရှိပါတယ်။ အခု Single Chain ဆိုတာက ကွင်းတစ်ခုပဲရှိတဲ့ မျိုးရိုးဗီဇမြေပုံလို့ ပြောချင်တာဖြစ်နိုင်ပါတယ်။)

လင်းယွမ် တစ်ခါမှ မကြားဖူးသော ဆန်းကြယ်သည့် မျိုးရိုးဗီဇများ ပေါ်လာသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"မျိုးရိုးဗီဇ မြေပုံ ဟုတ်လား... ဘာကိုပြောတာလဲ"

"ဒီမျိုးရိုးဗီဇတွေ မဲပေါက်ရင် ဘာလုပ်ရမှာလဲ... ဒီမျိုးရိုးဗီဇ တစ်ခုက အမှတ် (၁) သိန်းတောင် တန်တာလား"

"ပြီးတော့ နောက်က ကွင်းစကွင်းပိတ်နဲ့ (တစ်စိတ်တစ်ပိုင်း) ဆိုတာက ဘာလဲ"

လင်းယွမ် နားမလည် ဖြစ်သွားသည်။ ဒါတွေက လုံးဝ အသစ်အဆန်းတွေ ဖြစ်နေသည်။

သို့သော် အမှတ် (၁) သိန်းတောင် တန်ကြေးရှိသဖြင့် သူ စိတ်ဝင်စားသွားသည်။ ဒီပစ္စည်းတွေက သာမန် မဖြစ်နိုင်။

သူက မျိုးရိုးဗီဇ ကဏ္ဍမှ ပြန်ထွက်ပြီး ရင်းနှီးပြီးသား လက်နက်ကဏ္ဍကို ဝင်ကြည့်လိုက်သည်။

အမှတ် (၁) သောင်းတန်တုန်းက လက်နက်ကဏ္ဍ ရှိခဲ့ဖူးသည်။

အဲဒီတုန်းက အစွမ်းသွင်းလို့ရတဲ့ လက်နက်တွေ ပါသည်။

(၁) သိန်းတန် ကံစမ်းမဲဘီးမှာကျတော့ ဘယ်လို လက်နက်တွေ ပါမလဲ မသိနိုင်ပေ။

ဆက်ရန်...

အပိုင်း(၂၄၀) အမှတ် သုံးသိန်းခြောက်သောင်း အထိ ရူးသွပ်ဖွယ် ရရှိခြင်း

လက်နက်ကဏ္ဍ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ထူးဆန်းအံ့သြဖွယ် ကောင်းလှသော လက်နက်ပစ္စည်း အမျိုးမျိုး ပေါ်ထွက်လာတော့သည်။

ဓား၊ လှံ၊ သံလျက်၊ ပုဆိန်၊ ချိတ်၊ ခက်ရင်းခွ စသည်ဖြင့် မရှိတာမရှိ အကုန်စုံလင်စွာ ပါဝင်လေသည်။

သို့သော် ထူးခြားချက်မှာ ထိုလက်နက်များကို ပြုလုပ်ထားသည့် ကုန်ကြမ်းပစ္စည်းများ ဖြစ်သည်။ လင်းယွမ် တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးသော အရာများ ဖြစ်နေ၏။

ယင်းလက်နက် အများစုကို သတ္တဝါအချို့၏ အရိုး၊ အကြောနှင့် အရေခွံများကို အသုံးပြုကာ တိုက်ရိုက် ပြုလုပ်ထားခြင်း ဖြစ်ပြီး လက်နက်များပေါ်တွင် ရှုပ်ထွေးနက်နဲသော သင်္ကေတ အစီအရင်များစွာ ပါရှိနေသဖြင့် ကြည့်လိုက်သည်နှင့် သာမန်မဟုတ်ကြောင်း သိသာနေသည်။

ထို့ပြင် လက်နက်တိုင်း၌ ထူးခြားသော အရောင်အဝါများ တလက်လက် တောက်ပနေ၏။ အဖြူရောင်က အများဆုံးဖြစ်ပြီး အစိမ်းရောင်က ဒုတိယ အများဆုံးဖြစ်ကာ ခရမ်းရောင် အလင်းတန်း ထွက်ပေါ်နေသည့် လက်နက်အချို့လည်း ပါဝင်နေသည်။

လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်သန်းသွားပြီး ချက်ချင်းပင် ခန့်မှန်းတွက်ဆ လိုက်မိသည်။

"ကြည့်ရတာ အစွမ်းပုလဲတွေမှာ အလင်းရောင် ကွဲပြားမှု ရှိသလိုမျိုးပဲ... အဖြူရောင် အစွမ်းတွေက အတွေ့ရအများဆုံးနဲ့ စွမ်းအား သာမန်ပဲ ရှိတယ်... ငါ့ရဲ့ စိတ် ရိုက်ခတ်အစွမ်းတို့ ကြွက်သားပေါက်ကွဲအစွမ်းတို့ ဆိုတာ အဖြူရောင် အဆင့်တွေပေါ့"

"ဒါပေမဲ့ ရုပ်သေးကြိုးမျှင်ကျတော့ အစိမ်းရောင် အစွမ်း ဖြစ်နေပြီး... စွမ်းအားက အဖြူရောင် အဆင့်ထက် သိသိသာသာကို ပိုပြင်းထန်တယ်"

"ဒါဆိုရင် လက်နက်တွေရော... အရောင်ပေါ် မူတည်ပြီး အဆင့်ကွဲပြားနိုင်မလား"

"အဖြူရောင် လက်နက်တွေက သာမန်အဆင့်... အစိမ်းရောင် လက်နက်တွေက အဆင့်မြင့်... ခရမ်းရောင် လက်နက်တွေကျတော့ ပိုပြီး အဆင့်မြင့်တဲ့အရာတွေ ဖြစ်နိုင်တယ်"

လင်းယွမ်က သူ့ခန့်မှန်းချက် မှန်ကန်နိုင်ကြောင်း ကြိုတင် ခံစားမိလိုက်သည်။

စနစ်က လက်နက်များနှင့် အစွမ်းများကို ခွဲခြားသတ်မှတ်ရာတွင် အရောင်ဖြင့် အဆင့်သတ်မှတ်ပုံ ရသည်။

အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အဖြူ၊ အစိမ်း၊ ခရမ်း ဟူ၍ ခွဲခြားထားခြင်း ဖြစ်နိုင်သည်။

ထိုအရောင်များထက် ပိုမြင့်သော အဆင့်များ ရှိ၊ မရှိကိုတော့ သူ မသိနိုင်သေးချေ။

ဖြစ်နိုင်တာက အမှတ် တစ်သန်းလောက် လိုအပ်မည်လော။

လင်းယွမ် တွေးကြည့်လိုက်ရုံဖြင့် ဦးရေပြားများ ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။

အမှတ် တစ်သန်းဆိုသည်ကို ဘယ်အချိန်ကျမှ ပြည့်အောင် စုနိုင်မည်နည်း။

သို့သော် ချက်ချင်းပင် သူ ခေါင်းယမ်းလိုက်မိသည်။ ပင်လယ်ရေဒီရေတက်ချိန်ကို အခွင့်ကောင်းယူပြီး သူ ရှာဖွေခဲ့သည်မှာ တစ်ရက်နှင့် တစ်ညသာ ရှိသေးသော်လည်း အမှတ် ၁၆၀,၀၀၀ အထိ ရရှိခဲ့ပြီ မဟုတ်ပါလော။

တကယ်တမ်း အမှတ် တစ်သန်း ရဖို့ဆိုသည်မှာ ရေတက်ချိန် ဆယ်ကြိမ်လောက် ကြုံရရုံဖြင့် ပြည့်မီနိုင်မည့် ပမာဏ ဖြစ်သည်။

"မဟုတ်ဘူး... ဒီလို တွက်လို့ မရသေးဘူး... ငါရှာလို့ရတဲ့ အမှတ်တွေက မျက်စိတစ်မှိတ်အတွင်း ပြန်ကုန်သွားမှာ... ငါ့အစွမ်းတွေ မြှင့်တင်ဖို့ သုံးရဦးမှာလေ"

"အမှတ်တွေ အများကြီး ရှာနိုင်တယ် ဆိုပေမဲ့ သုံးရမယ့် နေရာတွေကလည်း မနည်းပါလား"

ဤအရာက ပိုက်ဆံရှာရသည်နှင့် တူနေသည်။ လူအချို့က တစ်လကို ဝင်ငွေ တစ်သောင်းကျော် ရှိသည်ဟု ထင်ရသော်လည်း အိမ်လခ၊ မီတာခ၊ ရေဖိုးနှင့် စားသောက်စရိတ်များကို နုတ်လိုက်သောအခါ ဘာမှ မကျန်တော့သည့် အဖြစ်မျိုးနှင့် တူနေ၏။

လင်းယွမ် စဉ်းစားလိုက်သည်။ ကြည့်ရတာ လူထုအင်အားကို အသုံးပြုသည့် လမ်းစဉ်ကို လျှောက်မှ ရမည့်ပုံ ပေါ်နေသည်။

ကိုယ်ပိုင် ခိုလှုံရေးစခန်း တည်ဆောက်မည်၊ ကုန်တိုက်ကြီး ပါဝင်သည့် စီးပွားရေး အဆောက်အအုံ တည်ဆောက်မည်၊ ပြီးလျှင် လူများကို စုစည်းပြီး သူ့အတွက် သန္ဓေပြောင်း သတ္တဝါများကို ဖမ်းခိုင်းရမည်။

ကိုယ်တိုင် အလုပ်လုပ်ခြင်းက ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ခြင်းလောက် ဘယ်တော့မှ ဝင်ငွေမကောင်းနိုင်ပေ။

လင်းယွမ်က လွင့်ပါးနေသော အတွေးစများကို ထိန်းချုပ်လိုက်ပြီး လက်နက်ကဏ္ဍမှ ထွက်ကာ ပစ္စည်းကိရိယာကဏ္ဍသို့ ဝင်ကြည့်လိုက်သည်။

ပစ္စည်းကိရိယာကဏ္ဍသည် လင်းယွမ်၏ မြင်ကွင်းရှေ့တွင် ချက်ချင်း ပေါ်လာတော့သည်။

ထိုအထဲတွင် အမျိုးအစား စုံလင်လှသော ပစ္စည်းကိရိယာများ ပါဝင်လေသည်။

ကိုယ်ပိုင် အကာအကွယ် ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားပေး စက်ကိရိယာများ (တစ်စုံ)၊ လျှပ်စစ် အလိုအလျောက် ထိန်းချုပ်စနစ် (တစ်စုံ)၊ ကွန်ပျူတာ ထိန်းချုပ်စနစ်သုံး စက်မှုကိရိယာများ(တစ်စုံ)၊ ခိုလှုံရေးစခန်း ကာကွယ်ရေး ပစ္စည်းများ (အခြေခံအဆင့်)၊ အချက်ပြလှိုင်း ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်း စက်ကိရိယာများ (အခြေခံအဆင့်) ......

လင်းယွမ် မျက်လုံးများ ပြူးကျယ်သွားသည်။ ပစ္စည်းကိရိယာကဏ္ဍတွင် တစ်ကိုယ်ရေသုံး ပစ္စည်းများသာမက ခေတ်မီ စက်မှုလုပ်ငန်းသုံး စက်ကိရိယာ အစုံလိုက်များပါ ပါဝင်နေသည် မဟုတ်ပါလော။

သူ တံတွေး တစ်ချက် မျိုချလိုက်မိသည်။ အကယ်၍ လျှပ်စစ်ဓာတ်အားပေး စက်ကိရိယာ တစ်စုံလိုက်သာ ရရှိပါက သူ၏ ကုန်တိုက် စီမံကိန်းကြီးကို အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်သည်။

ထို့ပြင် စီအန်စီ စက်ကိရိယာများကိုသာ ရရှိခဲ့လျှင် လက်နက်ပစ္စည်းများကို ကိုယ်တိုင် ဒီဇိုင်းဆွဲ ထုတ်လုပ်နိုင်ပြီ မဟုတ်ပါလော။

အချက်ပြလှိုင်း ထုတ်လွှင့်သည့် စက်ကိရိယာများလည်း ရှိသေးသည်။ ထိုစက်သာ ရှိလျှင် ဟိုပြေးဒီပြေး လုပ်နေစရာ မလိုတော့ဘဲ မီးဝါးတောမှနေ၍ ကျောက်တွင်းဘက်သို့ လှမ်းပြီး ဆက်သွယ်နိုင်မည် ဖြစ်သည်။

ထိုမျှမက ထိုစက်ကိရိယာ ရှိပါက အချက်ပြလှိုင်းများ ထုတ်လွှင့်ပြီး ကွမ်ဖူ စစ်အခြေစိုက်စခန်းနှင့်ပါ ဆက်သွယ်နိုင်မည် ဖြစ်သည်။

လင်းယွမ်၏ စိတ်များ လှုပ်ရှားလာပြီး မျက်ခွံများပင် တဆတ်ဆတ် တုန်ခါလာတော့သည်။

သတင်းကောင်းမှာ အမှတ် ၁၀၀,၀၀၀ တန် ကံစမ်းမဲဘီးသည် ထင်ထားသည်ထက် ပိုမို အားကိုးရခြင်း ဖြစ်သည်။

သတင်းဆိုးမှာ သူ့လက်ထဲတွင် အမှတ် ၁၆၀,၀၀၀ သာ ရှိနေခြင်း ဖြစ်သည်။

လင်းယွမ်က စိတ်လှုပ်ရှားမှုများကို အတင်း ဖိနှိပ်လိုက်ပြီး ကိုယ်ပိုင် အကာအကွယ် ပစ္စည်းများကို ကြည့်လိုက်သည်။

ထို့နောက် လက်၊ ခြေထောက်၊ ခေါင်း၊ လက်မောင်း၊ ပခုံး၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ဒူးခေါင်း၊ ပေါင်ခြံ... စသည့် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးအတွက် အကာအကွယ် ပစ္စည်းအစုံအလင် တန်းစီပြီး ပေါ်ထွက်လာသည်။

ထိုအထဲတွင် အများစုမှာ အဖြူရောင် အဆင့်များ ဖြစ်ပြီး အစိမ်းရောင် အဆင့်က နည်းပါးကာ ခရမ်းရောင် အဆင့်မှာမူ အလွန် ရှားပါးလေသည်။

လင်းယွမ် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ ကြည့်ရတာ ပစ္စည်းကိရိယာတွေကလည်း အဆင့်ခွဲခြားထားပုံ ရသည်။

ထိုအဆင့်များသည်လည်း သူခန့်မှန်းထားသလိုပင် အဖြူ၊ အစိမ်း၊ ခရမ်း ဟူ၍ သုံးဆင့် ခွဲခြားထားခြင်း ဖြစ်လိမ့်မည်။

လင်းယွမ် စဉ်းစားကြည့်လိုက်ရာ လောလောဆယ်တွင် ကာကွယ်ရေး ပစ္စည်းများကို မဲနှိုက်ရန် မလိုအပ်သေးပေ။

နောင်တစ်ချိန် အရိုးလှံပင့်ကူကြီးကို သွားရောက် ရင်ဆိုင်ရတော့မည် ဆိုလျှင်မူ တစ်စုံလောက် စမ်းပြီး မဲနှိုက်ကြည့်ရပေမည်။

ပစ္စည်းကိရိယာကဏ္ဍမှ ထွက်လိုက်ပြီးနောက် လင်းယွမ်က ယာဉ်ယန္တရားကဏ္ဍ သို့ ဝင်ကြည့်လိုက်သည်။

ယာဉ်ယန္တရားကဏ္ဍထဲသို့ ဝင်လိုက်သည်နှင့် အမျိုးအစား ခွဲခြားမှုများစွာ ပေါ်လာပြန်သည်။

လေကြောင်း ယာဉ်ပျံများ၊ မြေအောက်သွား ယာဉ်ယန္တရားများ၊ ရေပြင်သွား ယာဉ်များနှင့် ရေအောက်သွား ယာဉ်များ...

ထိုယာဉ်ယန္တရား အမျိုးအစားများ အောက်တွင်လည်း ထပ်မံ၍ ခွဲခြားထားသော ကဏ္ဍများ ရှိနေသေးသည်။

ပုံကြမ်းကဏ္ဍ၊ စက်ပစ္စည်း အစိတ်အပိုင်းကဏ္ဍ၊ အချောထည်ကဏ္ဍ၊ တစ်ပိုင်းတစ်စ အချောထည်ကဏ္ဍ...

လင်းယွမ် ခေတ္တမျှ ဆွံ့အသွားမိသည်။

"ဟာကွာ... များလိုက်တာ ကမ်းကုန်နေတာပဲ"

သူက ပုံကြမ်းကဏ္ဍ တစ်ခုထဲသို့ ဝင်ကြည့်လိုက်သည်။

ချက်ချင်းပင် ပုံကြမ်း ဒီဇိုင်းအမျိုးမျိုး ပေါ်ထွက်လာတော့သည်။

သစ်သားသင်္ဘော တည်ဆောက်ပုံ ဒီဇိုင်း၊ စွမ်းအင်ကျောက်တုံးသုံး လေယာဉ်ပျံ ဒီဇိုင်း၊ စွမ်းအင်ကျောက်တုံး အင်ဂျင်တပ် သစ်သားသင်္ဘော ဒီဇိုင်း၊ စွမ်းအင်ကျောက်တုံး အင်ဂျင်တပ် ရေငုပ်သင်္ဘော ဒီဇိုင်း၊ ဇီဝစွမ်းအင်သုံး ကျွန်းတု တည်ဆောက်ပုံ ဒီဇိုင်း ......

ပုံကြမ်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာသဖြင့် လင်းယွမ် မျက်လုံးများ ပြူးကျယ်ကုန်သည်။

စွမ်းအင်ကျောက်တုံးကို အင်ဂျင်အဖြစ် အသုံးပြုထားသည့် သင်္ဘောကို မည်သို့ ပြုလုပ်ရမည်ကို သူ တစ်ခါမျှ မတွေးဖူးခဲ့ပေ။

အကယ်၍သာ ထိုကဲ့သို့သော သင်္ဘောတစ်စင်း ရှိခဲ့လျှင် ထိုက်ယန်တောင်မှ ခွာပြီး သင်္ဘောပေါ်၌ နေကာ နေရာအနှံ့ လျှောက်သွားနိုင်မည် မဟုတ်ပါလော။

ထိုသို့ဆိုလျှင် ရေပြင်ကြီး ဘယ်လောက်ပင် မြင့်တက်လာပါစေ ရေလွှမ်းမိုးခြင်းကို ကြောက်စရာ မလိုတော့ပေ။

လင်းယွမ် စိတ်ဝင်စားသွားပြီး ပုံကြမ်းကဏ္ဍမှ အမြန်ထွက်ကာ အချောထည်ကဏ္ဍသို့ ဝင်ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် အချောထည်ကဏ္ဍထဲ၌ အသင့်သုံး သင်္ဘောများ၊ လေယာဉ်ပျံများ စသည့် သယ်ယူပို့ဆောင်ရေး ယာဉ်ယန္တရားများ ရှိနေသည်။

အမှတ် တစ်သိန်း ရှိရုံဖြင့် ဤအရာများကို ပိုင်ဆိုင်နိုင်မည့်ပုံ ပေါ်နေ၏။

သို့သော် လင်းယွမ် သိထားသည်မှာ စနစ်၏ ကံစမ်းမဲဆိုသည်မှာ ကျပန်းစနစ် ဖြစ်သည် ဆိုသောအချက်ပင်။

ကိုယ်လိုချင်တာကို ရွေးပြီး ယူလို့ရသည် မဟုတ်ပေ။

ခြွင်းချက်အနေဖြင့်... သတ်မှတ်ထားသည့် အရာကို မဲနှိုက်ရန်အတွက် အမှတ်များစွာ ပေးရကောင်း ပေးရနိုင်သည်။

လင်းယွမ်က သူ့လက်ထဲမှ အမှတ်များသည် အလွန် နည်းပါးနေသေးကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

စောစောကမှ သူဌေးဖြစ်ပြီဟု ခံစားနေရသော်လည်း ယခု ဆုမဲများကို မြင်လိုက်ရသောအခါ လက်ထဲရှိ အမှတ် ၁၆၀,၀၀၀ ဆိုသည်မှာ ပင်လယ်ထဲကရေစက်လောက်သာ ရှိသေးကြောင်း သိလိုက်ရသည်။

သူ ဆက်မကြည့်ရဲတော့ဘဲ ကံစမ်းမဲ စာမျက်နှာမှ ချက်ချင်း ထွက်လိုက်တော့သည်။

"ဟူး"

ရင်ထဲမှ သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး လင်းယွမ်က သူ့စိတ်အခြေအနေကို တည်ငြိမ်အောင် ပြန်လည် ထိန်းညှိလိုက်သည်။

"ထမင်းကို တစ်လုပ်ချင်း စားရတယ်... ဒီပစ္စည်းတွေက ငါနဲ့ အရမ်းဝေးကွာလွန်းနေသေးတယ်... လောလောဆယ် ထိတွေ့ဖို့ မလိုအပ်သေးဘူး"

"အခု အရေးအကြီးဆုံးက ငါ့ရဲ့ အရည်အသွေးမှတ်တွေကို အရင်မြှင့်တင်ပြီး အခြေခံခိုင်မာအောင် လုပ်ဖို့ပဲ"

"ပြီးရင် ပေါက်ကွဲအားပြင်းတဲ့ တိုက်ခိုက်ရေး တိုက်ကွက် အစွမ်းတွေ ရအောင်ရှာရမယ်... မြေလျှိုးအစွမ်းက ကောင်းတယ် ဆိုပေမဲ့ ထွက်ပြေးဖို့အတွက်ပဲ ပိုသင့်တော်တယ်... ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖို့ သိပ်အဆင်မပြေဘူး"

"ဒုတိယ အချက်ကတော့ နောက်ထပ် အမှတ်တွေ ဘယ်လိုရှာမလဲ ဆိုတာပဲ... လောလောဆယ် ကုန်တိုက် စီမံကိန်းက တစ်ခု အပါအဝင်ပဲ"

"လစဉ်ဖြစ်ပေါ်တဲ့ ဒီရေတက်ချိန်ကို ငါ့ရဲ့ အရန်စီမံကိန်းအဖြစ် သတ်မှတ်လို့ရတယ်"

"ဒီလို အမှတ်ရှာလို့ရတဲ့ နည်းလမ်းနှစ်ခု ရှိနေရင်တော့ ရေတိုအတွင်းမှာ အမှတ်ပြတ်လပ်တာမျိုး ဖြစ်လာမှာ မဟုတ်ဘူး"

"ဒီအခြေခံတွေ အားလုံး ပြည့်စုံမှ အမှတ် တစ်သိန်းတန် ကံစမ်းမဲဘီးထဲက ဆုတွေကို စဉ်းစားရမယ်"

သူ့ခေါင်းထဲတွင် ရှင်းလင်းပြတ်သားသော အစီအစဉ်များ ချမှတ်ထားပြီး စိတ်လိုက်မာန်ပါ အမှတ်များကို သုံးစွဲခြင်း မပြုရန် မိမိကိုယ်ကို အကြိမ်ကြိမ် သတိပေးလိုက်သည်။

အမှတ် တစ်သိန်းကို ဒီတိုင်းကြီး မဲနှိုက်ပစ်လိုက်၍ မဖြစ်ပေ။

အမှတ် တစ်သိန်းသာ ရှိလျှင် မိမိ၏ အရည်အသွေးမှတ်များ ဘယ်လောက်တောင် တိုးလာမည်နည်း။ အစွမ်းအသစ် ဘယ်နှစ်ခုလောက် ရနိုင်မည်နည်း။

"မလောနဲ့... မလောနဲ့"

လင်းယွမ်က မိမိကိုယ်ကို စိတ်ထိန်းရန် ပြောဆိုရင်း အိပ်ပျော်အောင် ကြိုးစားလိုက်သည်။

ကောင်းကောင်း အနားယူမှသာ ဒီရေမကျမီ အပြင်ထွက်ပြီး သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ကာ အမှတ်များများ ရှာနိုင်မည် ဖြစ်သည်။

ထိုအတွေးများနှင့်အတူ လင်းယွမ် တစ်ယောက် အိပ်စက်ခြင်းသို့ ရောက်ရှိသွားလေသည်။

သူ့အိပ်စက်ခြင်းက နှစ်ခြိုက်ခြင်း မရှိလှပေ။

စိတ်လှုပ်ရှားလွန်းနေသဖြင့် ခေါင်းထဲတွင် ထူးဆန်းသော အတွေးပေါင်းစုံ ဝင်ရောက်နေသောကြောင့် ဖြစ်သည်။

(၃) နာရီခန့် အကြာတွင် တစ်မှေးမျှ အိပ်ပျော်သွားခဲ့သော လင်းယွမ်သည် ဆက်အိပ်၍ မရတော့သဖြင့် ထထိုင်လိုက်သည်။

ဘေးနားရှိ တင်းယန်ကမူ အိပ်ပျော်နေ၏။

ကြည့်ရတာ သူမက ရှီဟိုင်ကျူးနှင့် လူစားလဲပြီး ပြန်ရောက်လာပုံ ရသည်။

လင်းယွမ်က သူမ၏ လှပသော မျက်နှာလေးကို ကြည့်ရင်း အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူက ခြေသံလုံလုံဖြင့် မွေ့ရာပေါ်မှ ဆင်းကာ အပြင်သို့ ထွက်လာခဲ့သည်။

ရန်မေလည်း အနားယူနေသေးသဖြင့် လင်းယွမ် သွားမနှောင့်ယှက်တော့ပေ။

သူက ရှီဟိုင်ကျူး အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။

"ဘာထူးခြားမှု ရှိလဲ"

ရှီဟိုင်ကျူးက ခေါင်းခါပြပြီး ပြန်ဖြေသည်။

"ဘာမှမထူးပါဘူး... ဘာကြောင့်မှန်း မသိဘူး အပြင်ဘက်မှာ သန္ဓေပြောင်း သတ္တဝါတွေ တော်တော်လေး နည်းသွားသလိုပဲ"

"မနေ့ကဆိုရင် ကျောက်တွင်းထဲအထိ သန္ဓေပြောင်း သတ္တဝါတွေ ဝင်လာပြီး အသံဗလံတွေ ဆူညံနေတာ"

လင်းယွမ် ထိုစကားကို ကြားသော် ရယ်မောလိုက်မိသည်။ မနေ့က လမ်းတစ်လျှောက်လုံး သန္ဓေပြောင်း သတ္တဝါများကို သူ မနည်းမနော သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။

အထူးသဖြင့် ကျောက်တွင်းနှင့် မီးဝါးတော တစ်ဝိုက်တွင် အများဆုံး သတ်ခဲ့သဖြင့် ယခုလို နည်းပါးသွားခြင်းမှာ မဆန်းပေ။

"ဘာမှ မဖြစ်ရင် ပြီးတာပဲ... ဟိုလူတွေကို သွားကြည့်လိုက်ဦးမယ်"

"ဟုတ်ကဲ့"

လင်းယွမ်က ဟန်ရှန်းမန် ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ ဟန်ရှန်းမန်တို့ဘက်တွင် အစွမ်းပိုင်ရှင်အချို့မှာ ပြန်လည် သက်သာလာကြပြီ ဖြစ်သည်။

ယခုအချိန်တွင် သူတို့သည် ထမင်းချက်ပြုတ်နေကြပြီး ပြန်မကောင်းသေးသည့် သာမန်လူများကို ကူညီပြုစု စောင့်ရှောက်ပေးနေကြသည်။

လင်းယွမ် ရောက်လာသည်ကို မြင်သောအခါ ဟန်ရှန်းမန်က လက်ထဲမှ အလုပ်ကို အမြန်ချထားလိုက်ပြီး နှုတ်ဆက်သည်။

"ကိုလင်းယွမ်... ရှင်ရဲ့ ရက်ရောတဲ့ အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်... ကျွန်မ ရှင့်ကို တခြားသူတွေနဲ့ မိတ်ဆက်ပေးပါရစေ"

ပြောရင်းဆိုရင်း သူမက လှည့်အော်လိုက်သည်။

"ကောက်လီ... ရှမင်... ဟုန်မြန်နဲ့ ယိုယို... နင်တို့တွေ ဒီဘက် ခဏလာကြဦး"

နာမည်ခေါ်ခံရသူများသည် အလျင်အမြန် လျှောက်လာကြသည်။

ဟန်ရှန်းမန်က အရပ်မြင့်မြင့် ကောက်လီကို ညွှန်ပြပြီး မိတ်ဆက်ပေးသည်။

"ဒါက ကောက်လီ... သူက ခွန်အားအစွမ်းပိုင်ရှင် တစ်ယောက်ပဲ... ရှင် မြင်ဖူးမှာပါ... ကောက်လီ... ဒါက ကိုလင်းယွမ်လေ"

ကောက်လီက ကျေးဇူးတင်သော မျက်နှာထားဖြင့် ပြောသည်။

"ကိုလင်းယွမ်... ကျေးဇူးကြီးမားလွန်းလို့ ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး... နောက်နောင် ကျွန်တော့်ကို သုံးစရာရှိရင် ပြောသာပြောပါဗျာ"

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ"

ထိုစဉ် ရှမင်က ဝင်ပြောသည်။

"အမဟန်... ကျွန်တော့်ဘာသာ မိတ်ဆက်လိုက်ပါမယ်... ကိုလင်းယွမ်... ကျွန်တော်က ရှမင်ပါ... သတ္တုအစွမ်းပိုင်ရှင်ပါ... တစ်ကိုယ်လုံးကို သတ္တုအဖြစ် ပြောင်းလဲနိုင်ပြီး ခံနိုင်ရည်အားလည်း မဆိုးပါဘူး... နောက်ဆိုရင် အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ ကျွန်တော့်ကို ခေါ်ခိုင်းလို့ ရပါတယ်"

သူ ပြောပြီးသည်နှင့် ဘေးနားမှ အနက်ရောင် ဂါဝန် ဝတ်ဆင်ထားသည့် မိန်းကလေးကလည်း ဝင်ပြောသည်။

"ကိုလင်းယွမ်... ကျွန်မတို့ကို ကယ်တင်ခဲ့လို့ ကျေးဇူးတင်ပါတယ်... ကျွန်မ နာမည်က လော်ဟုန်မြန်ပါ... ကျွန်မရဲ့ အစွမ်းက လျှပ်စီးအလျင် ပါ... အလျင်အစွမ်းပိုင်ရှင်လို့ ပြောလို့ရပါတယ်"

လော်ဟုန်မြန် ပြောပြီးနောက် သူမဘေးရှိ ဆံပင်နှစ်ဖက်ခွဲစည်းထားသော မိန်းကလေးက ဆက်ပြောသည်။ သူမ၏ အသက်အရွယ်မှာ ငယ်ရွယ်ပြီး (၁၆) နှစ် (၁၇) နှစ် ဝန်းကျင်ခန့်သာ ရှိဦးမည့်ပုံ ပေါ်ကာ အသံစာစာလေးဖြင့် ပြောလေသည်။

"အစ်ကိုလင်းယွမ်... သမီးနာမည်က မုန့်ယိုယိုတဲ့... သမီးရဲ့ အစွမ်းက ဝိညာဉ်တေးသွား ပါ... သီချင်းဆိုပြီး စိတ်ဒဏ်ရာတွေကို ကုသပေးနိုင်ပါတယ်"

လင်းယွမ် အံ့သြသွားသည်။ ဤလူများ၏ အစွမ်းများသည် သူတို့အဖွဲ့ရှိ လူများနှင့် အစွမ်းမထပ်ကြပေ။

အထူးသဖြင့် မုန့်ယိုယိုဟု ခေါ်သော မိန်းကလေး၏ စိတ်ဒဏ်ရာများကို ကုသပေးနိုင်သည့် အစွမ်းမှာ အလွန် ရှားပါးလှသည်။

လင်းယွမ်တို့ဘက်တွင် ဝမ်အန်း ဖြစ်စေ၊ ဆုန့်ဝမ် ဖြစ်စေ၊ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာများကိုသာ ကုသပေးနိုင်သည်။

ဝမ်အန်း၏ အစွမ်းက ကုသရေးဘက်တွင် ဆုန့်ဝမ်ထက် ပိုကောင်းပြီး အတွင်းဒဏ်ရာများကိုပါ ကုသပေးနိုင်သည်။

ဆုန့်ဝမ်၏ အစွမ်းကမူ ကိုယ်တိုင် ပြန်လည် ကောင်းမွန်လာစေခြင်း ဘက်သို့ ပိုတိမ်းပြီး သူများကို ကုသပေးရာတွင် ဘေးထွက် အာနိသင်လောက်သာ ဖြစ်သဖြင့် သူမကိုယ်တိုင် ကုသသလောက် ထိရောက်မှု မရှိပေ။

လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

"အားလုံးပဲ အားနာမနေကြပါနဲ့... ခင်ဗျားတို့ အဆောက်အအုံထဲကနေ ထွက်ပြေးလွတ်မြောက်ပြီး ထိုက်ယန်တောင်ကို ရောက်လာကြတယ် ဆိုတာကလည်း ရေစက်ပါပဲ... အဲဒီရေစက်ကြောင့်ပဲ ကျွန်တော်တို့ အခုလို ဆုံတွေ့ခွင့် ရကြတာပေါ့"

"ဟန်ရှန်းမန်... ခင်ဗျားတို့ နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ"

ဟန်ရှန်းမန်က သက်ပြင်းချလိုက်ပြီး ပြောသည်။

"ကိုလင်းယွမ်... ကျွန်မလည်း အခု ဘာလုပ်ရမှန်း မသိတော့ပါဘူး... ထိုက်ယန်တောင်ပေါ် ရောက်ဖို့ မနည်း ကြိုးစားခဲ့ရတာ... ဒါပေမဲ့ တည်းခိုစရာ နေရာကျတော့ မရှိပြန်ဘူး... ရှင် ပြောပုံအရဆိုရင် တခြား ခိုလှုံရေးစခန်းတွေကလည်း ကျွန်မတို့ကို ကြိုဆိုမယ့်ပုံ မပေါ်ဘူး"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"တခြားနေရာတွေတော့ ကျွန်တော် မသိဘူး... ဖုန်းဟွမ်ဘုရားကျောင်းကတော့ လူထပ်လက်ခံမှာ မဟုတ်တာ သေချာတယ်... သိုင်းဘုရင်ဂေဟာဘက်ကလည်း လက်ခံဖို့ လမ်းမမြင်ဘူး... မိန်ဟိုင်ဥယျာဉ် အခြေအနေကိုတော့ ကျွန်တော် မသိဘူး"

"ဒီလိုလုပ်... ခင်ဗျားတို့ လောလောဆယ် သွားစရာ နေရာမရှိရင် ဒီကျောက်တွင်းမှာပဲ ယာယီ နေလို့ရပါတယ်... လောလောဆယ် ဒီနေရာက ကျွန်တော် ပိုင်တဲ့နေရာလို့ ပြောလို့ရတယ်"

တကယ်တမ်း လင်းယွမ် ကောင်းကောင်း သိသည်။ စခန်းကြီး လေးခုအနက် ကျောက်တွင်း စခန်းတစ်ခုသာ လုပ်သားအင်အား အများအပြား လိုအပ်သဖြင့် လူဖမ်းချင်နေခြင်း ဖြစ်ပြီး ကျန်သော ခိုလှုံရေးစခန်း သုံးခုမှာမူ လူစိမ်းများကို လက်ခံချင်တော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လူအုပ်ကြီး တစ်အုပ်ကို ကျွေးမွေး စောင့်ရှောက်ထားရန်အတွက် အရင်းအမြစ်များစွာ ကုန်ကျမည် ဖြစ်သောကြောင့်ပင်။

ငါးနှင့် သန္ဓေပြောင်း သတ္တဝါ အသားများကို တောထဲတွင် ရှာဖွေဖမ်းဆီး၍ ရနိုင်သဖြင့် ဖြေရှင်းရ လွယ်ကူသေးသည်။

သို့သော် ကာဗိုဟိုက်ဒရိတ် ဓာတ်စာများကို ဘယ်လို ဖြည့်ဆည်းကြမည်နည်း။

ယခုအချိန်အထိ မည်သူမျှ ရေရှည်တည်တံ့သော ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်ကို မရှာဖွေနိုင်ကြသေးပေ။

ဖုန်းဟွမ်ဘုရားကျောင်းဘက်တွင်လည်း ထူလုံ အပြင်ထွက်ပြီး ဆန်နှင့် အခြားရိက္ခာများကို ရှာဖွေလာမှသာ အဆင်ပြေကြခြင်း ဖြစ်သည်။

ဝူမုန့်တို့ဘက်တွင် ကာဗိုဟိုက်ဒရိတ် မည်သည့်နေရာမှ ရသည်ကို မသိရသော်လည်း သူတို့ မီးဝါးတောသို့ အလည်လာစဉ် လင်းယွမ်က ထမင်းကျွေးသောအခါ အားလုံးက ထမင်းဖြူကို အငမ်းမရ စားသောက်ကြပုံကို ကြည့်ခြင်းအားဖြင့် သိုင်းဘုရင်ဂေဟာရှိ လူများလည်း ကာဗိုဟိုက်ဒရိတ် ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိသာသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သည့် ခိုလှုံရေးစခန်းကမျှ လူဦးရေ တိုးပွားလာခြင်းကို လိုလားမည် မဟုတ်ပေ။

ကျောက်တွင်းမှ ထျန်ဝေက လူလိုချင်နေသည်မှာ ကျောက်တွင်းလုပ်သား (ကျွန်) များ၏ အသက်ကို ဂရုမစိုက်သောကြောင့် ဖြစ်သည်။

သူ့လက်အောက်ရှိ အစွမ်းပိုင်ရှင်များ ဗိုက်ဝလျှင် ပြီးရော ဟူသော သဘောထားမျိုး ရှိသည်။

ကျောက်တွင်းလုပ်သားများ သေဆုံးသွားလျှင်လည်း ထပ်ဖမ်းခိုင်းလိုက်ရုံသာ။

မိန်ဟိုင်ဥယျာဉ်ဘက်တွင် မည်သို့ရှိသည်ကို လင်းယွမ် မသိသော်လည်း တခြား ခိုလှုံရေးစခန်း နှစ်ခုထက် ပိုကောင်းမည် မဟုတ်ကြောင်း တွေးမိသည်။

ခြုံငုံပြောရလျှင် ဟန်ရှန်းမန်တို့ လူစုအတွက် သွားရောက် ခိုလှုံစရာ နေရာမရှိပေ။

ဟန်ရှန်းမန်သည် ဤနေရာရှိ ကျောက်တွင်းလုပ်သားများကို ထိုက်ယန်တောင်၏ အခြေအနေနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းထားပြီး ဖြစ်သဖြင့် သူတို့၏ လက်ရှိ အခြေအနေကို ကောင်းကောင်း နားလည်ထားပုံ ရသည်။

လင်းယွမ်က လက်ခံလိုက်သည့်အတွက် သူမ မျက်နှာတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။

"ကျေးဇူးပါ... ကျေးဇူးတင်ပါတယ် ကိုလင်းယွမ်... ခြေချစရာ နေရာလေး တစ်နေရာ ရရင်ပဲ ကျွန်မတို့ ကျေနပ်ပါပြီ"

"တခြား ကိစ္စတွေအတွက်လည်း စိတ်ချပါ... ကျွန်မတို့ စည်းကမ်းအတိုင်းပဲ နေပါ့မယ်"

"ကျွန်မတို့ အားလုံး ကျန်းမာရေး ပြန်ကောင်းလာရင် အမဲလိုက်တာတွေ၊ စွမ်းအင်ကျောက်တုံး တူးတာတွေ လုပ်ပြီး ရှင်ဆီမှာ အမှတ်နဲ့ လာလဲပါ့မယ်"

လင်းယွမ် ပြုံးလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင်လည်း ခင်ဗျားတို့ ဒီမှာပဲ အေးအေးဆေးဆေး နားနေကြပါ"

သူ နောက်ထပ် နှစ်ခွန်းသုံးခွန်း ပြောဆို နှစ်သိမ့်ပြီးနောက် လူများကို နှုတ်ဆက်ကာ ထိုနေရာမှ အမြန် ထွက်ခွာလာခဲ့သည်။ ထို့နောက် မြစ်ကမ်းဘေးသို့ သွားကာ သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ပြီး အမှတ်များ ဆက်လက် ရှာဖွေလေတော့သည်။

မနေ့က အသတ်ကြမ်းလွန်းခဲ့၍လား မသိ၊ ယနေ့ မြစ်ကမ်းပါးပေါ်တွင် သန္ဓေပြောင်း သတ္တဝါ အတော်လေး နည်းပါးနေသည်။

သို့သော် ရေလှိုင်းပုတ်ခတ်မှုကြောင့် ကမ်းပေါ် တက်လာသည့် သန္ဓေပြောင်း ငါးများကတော့ မနည်းလှပေ။

"ထူးဆန်းတယ်... ဒီရေတက်တာ နောက်ဆုံးရက် ဖြစ်နေလို့ ရေပြန်ကျတော့မလို့များလား"

လင်းယွမ် သံသယ ဝင်သွားသော်လည်း သန္ဓေပြောင်း သတ္တဝါများကို တစ်လမ်းလုံး ဆက်လက် ရိတ်သိမ်းနေမိသည်။

ခဏအကြာတွင် သန္ဓေပြောင်း ငါးအုပ်လိုက်ကို သတ်ဖြတ်ပြီးနောက် လင်းယွမ်က အကျင့်ပါနေသဖြင့် ငါးများအားလုံးကို ပစ္စည်းသိုလှောင်ခန်း ထဲသို့ သိမ်းလိုက်မိသည်။

ထိုသို့ လုပ်ပြီးပြီးချင်း လင်းယွမ် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် သန္ဓေပြောင်း ကြောင်အချို့က "ညှောင်... ညှောင်" အော်မြည်နေကြပြီး သန္ဓေပြောင်း ငါးတစ်ကောင်မှ ရှာမတွေ့သဖြင့် နားမလည်နိုင် ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။

လင်းယွမ် ထိုမြင်ကွင်းကို ကြည့်ပြီး ကြောင်အသွားကာ ချက်ချင်း သတိဝင်လာသည်။

"ငါ တော်တော် တုံးတာပဲ... သန္ဓေပြောင်း ငါးတွေကို သတ်ပြီး ကမ်းစပ်တစ်ခုလုံး ရှင်းလင်းပစ်လိုက်တော့ သန္ဓေပြောင်း သတ္တဝါတွေက ငါးဖမ်းမရတော့လို့ မလာချင်ကြတော့ဘူးပေါ့"

"မဖြစ်ဘူး... သန္ဓေပြောင်း ငါးတွေကို သတ်လို့ရပေမဲ့... အလောင်းတွေကိုတော့ သန္ဓေပြောင်း သတ္တဝါတွေကို မြှားခေါ်ဖို့ ချန်ထားပေးမှ ရမယ်"

လင်းယွမ် ထိုသို့ တွေးမိပြီးနောက် သူ့လုပ်ရပ်ကို သတိထားလိုက်သည်။

နောက်ပိုင်းတွင် သူက ငါးများကိုသာ သတ်ပြီး ငါးအသေကောင်များကို သိမ်းဆည်းခြင်း မပြုတော့ပေ။

ထင်ထားသည့်အတိုင်းပင် ထိုနည်းလမ်းက ထိရောက်မှု ရှိလေသည်။ မြစ်ကမ်းဘေး တစ်လျှောက်တွင် ညှီနံ့များ လှိုင်ထွက်နေပြီး သန္ဓေပြောင်း ခွေးများနှင့် ကြောင်များ အများအပြား ရောက်လာကြသည်။

ထို သန္ဓေပြောင်း သတ္တဝါအငယ်စားများ ပေါ်ထွက်လာမှုကြောင့် အစာလာရှာသော သန္ဓေပြောင်း သတ္တဝါကြီးများလည်း အများအပြား ရောက်ရှိလာကြသည်။

မကြာမီ မြစ်ကမ်းတစ်လျှောက်တွင် သန္ဓေပြောင်း သတ္တဝါ အကြီးအသေး အမျိုးမျိုးဖြင့် စည်ကားသိုက်မြိုက်လာတော့သည်။

လင်းယွမ် စိတ်လှုပ်ရှားလာပြီး အရှိန်မြှင့်ကာ သတ်ဖြတ် ရိတ်သိမ်းပြီး အမှတ်များ ရှာဖွေလေတော့သည်။

ထိုက်ယန်တောင် မြစ်ကမ်းတစ်လျှောက်လုံးကို လင်းယွမ် တစ်ပတ် ရှင်းလင်းလိုက်ရာ နေ့ဝက်ခန့် ကြာမြင့်သွားသည်။

သူသည် စိတ်ဝိဉာဉ်ရိုက်ခတ်အစွမ်းကို မကြာခဏ ထုတ်သုံးနေရသဖြင့် စိတ်စွမ်းအင် ကုန်ခမ်းမှုနှုန်းကိုပင် မမီနိုင်တော့ပေ။

နေ့လယ်ဘက်တွင် မီးဝါးတောသို့ ပြန်ကာ နေ့လယ်စာ အမြန်စားပြီး တစ်နာရီမပြည့်တပြည့် နားကာ အပြင်သို့ အလျင်အမြန် ပြန်ထွက်လာခဲ့သည်။

ထိုကဲ့သို့ ကြိုးစားပမ်းစား လုပ်ဆောင်မှုကြောင့် ညနေစောင်းချိန်တွင် လင်းယွမ်၏ စုဆောင်းထားသော အမှတ်များသည် သုံးသိန်းအထိ ကျော်လွန်သွားတော့သည်။

မြစ်ကမ်းဘေး တစ်လျှောက်တွင် ငါးသေ၊ ပုစွန်သေများ၊ ကြောင်သေ၊ ခွေးသေများဖြင့် ပြည့်နှက်နေ၏။

လင်းယွမ်က အလောင်းများကို လိုက်မကောက်တော့သဖြင့် တောထဲမှ သန္ဓေပြောင်း သတ္တဝါကြီးများ ပြေးထွက်လာကာ အစာကောင်းများကို စတင် စားသောက်ကြလေတော့သည်။

လင်းယွမ် သတိထားမိသည်မှာ တောထဲမှ ပြေးထွက်လာသော သန္ဓေပြောင်း သတ္တဝါ အငယ်စားများမှာ တဖြည်းဖြည်း နည်းပါးလာခြင်း ဖြစ်သည်။

သူ့မျက်နှာထား လေးနက်သွားသည်။

"ငါ သတ်တာ များလွန်းသွားတာလား"

"အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်တာက ကန်ရေကို ခန်းအောင်လုပ်ပြီး ငါးဖမ်းတာနဲ့ အတူတူပဲ"

"ကြည့်ရတာ ငါ နည်းနည်းတော့ ထိန်းမှ ဖြစ်မယ်... နောက်ပိုင်းကျရင် ရေထဲက သန္ဓေပြောင်း သတ္တဝါတွေကိုပဲ သတ်တော့မယ်... တောထဲက ကောင်တွေကို မသတ်တော့ဘူး"

လင်းယွမ်က တောထဲမှ သန္ဓေပြောင်း သတ္တဝါများကို သူ မျိုးဖြုတ်ပစ်လိုက်မိမည်ကို စိုးရိမ်နေသည်။ သို့မှသာ နောင်တစ်ချိန် အသားစားချင်လျှင် အမဲလိုက်စရာ သားကောင် ကျန်ရှိနေမည် ဖြစ်သည်။

ထိုသို့ဖြင့် ဒီရေပြန်ကျသွားသည်အထိ နေပြီးမှ လင်းယွမ်သည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို သယ်ဆောင်လျက် မီးဝါးတော ဂူထဲသို့ ပြန်လာခဲ့သည်။

ရန်မေတို့ကို နှုတ်ဆက်ပြီးနောက် လင်းယွမ် ရေချိုးလိုက်သည်။ ထို့နောက် ညဝတ်အင်္ကျီ လဲလှယ်ဝတ်ဆင်ပြီး အိပ်ခန်းထဲသို့ ဝင်ကာ တခေါခေါဖြင့် အိပ်ပျော်သွားလေတော့သည်။

ထိုသို့ အိပ်လိုက်ရာ ညဉ့်နက် (၂) နာရီကျော်မှ နိုးလာတော့သည်။

လင်းယွမ် အားအင်များ ပြည့်ဝလန်းဆန်းနေပြီး မျက်လုံးဖွင့်လိုက်ရာ ဘေးနားမှ တိုးညှင်းသော အသက်ရှူသံကို ကြားလိုက်ရသည်။

လှမ်းကြည့်လိုက်တော့ ညဝတ်အင်္ကျီ ဝတ်ထားသော ရန်မေ ဖြစ်နေသည်။

လင်းယွမ် ပြုံးလိုက်ပြီး အပေါ့သွားရန်အတွက် အိပ်ရာမှ ဖြည်းညှင်းစွာ ထလိုက်သည်။

အခန်းထဲမှ ထွက်လာရင်း စနစ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

အရည်အသွေးမှတ် ဇယားကွက်ကို ကျော်ပြီး အမှတ်စာရင်း ကွက်လပ်ကို တိုက်ရိုက် ကြည့်လိုက်သည်။

ထိုနေရာရှိ ဂဏန်းများကို မြင်လိုက်ရသောအခါ သူ့ရင်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တဒိန်းဒိန်း ခုန်လာတော့သည်။

"၃၆၁၃၄၂"

"ငါ့အမှတ်တွေ သုံးသိန်းခြောက်သောင်းတောင် ရောက်နေပြီပဲ ဟေး... ဒီနှစ်ရက် တစ်ညလုံး (၄-၅) နာရီလောက်ပဲ အိပ်ပြီး ကြိုးစားခဲ့ရကျိုး နပ်ပါပေတယ်"

လင်းယွမ် နောက်ထပ် သန္ဓေပြောင်း သတ္တဝါများကို ဆက်လက် သတ်ဖြတ်ရန် အစီအစဉ် မရှိတော့ပေ။ သူက ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသူ ဖြစ်ပြီး ရေကန်ကို ခန်းအောင်လုပ်ပြီး ငါးဖမ်းသည့် အလုပ်မျိုးကို မလုပ်ချင်ပေ။

"အမှတ် ၃၆၀,၀၀၀ ရှိတယ်ဆိုတော့... အရည်အသွေးမှတ်တွေကို အရင် မဲနှိုက်လိုက်မယ်... ပြီးရင် ငါ့ရဲ့ အရည်အသွေးမှတ် အကုန်လုံးကို မြှင့်တင်ပစ်မယ်"

အစွမ်းအားလုံး၏ အခြေခံသည် နောက်ဆုံးတွင် အခြေခံ အရည်အသွေးမှတ်များ၏ အားကောင်းမှုပေါ်၌သာ မူတည်ကြောင်း လင်းယွမ် ကောင်းကောင်း နားလည်ထားသည်။

အခြေခံ အရည်အသွေးကြီး လေးရပ် လုံလောက်စွာ သန်မာမှသာလျှင် အစွမ်းများ ထုတ်သုံးသည့်အခါ စွမ်းအား ပိုမို ပြင်းထန်မည် ဖြစ်သည်။

"စနစ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲနှိုက်မယ်... အကြိမ် ၆၀ ဆက်တိုက် နှိုက်မယ်"

လင်းယွမ် စကားအများကြီး မပြောတော့ဘဲ တိုက်ရိုက်ပင် အကြိမ် (၆၀) ဆက်တိုက် မဲနှိုက်လိုက်သည်။

"ရွှမ်း"

ရင်းနှီးနေသော အရည်အသွေးမှတ် ကံစမ်းမဲဘီး ပေါ်လာပြီး လျင်မြန်စွာ လည်ပတ်သွားသည်ကို လင်းယွမ် မြင်လိုက်ရသည်။

နောက်တစ်ခဏတွင် နားထဲ၌ ဆုမဲပေါက်သည့် အချက်ပေးသံများ ဆက်တိုက် ကြားလာရသည်။

[ဒင်... ဂုဏ်ယူပါတယ်... သင် ဘုံအရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... ဂုဏ်ယူပါတယ်... သင် အလျင် ၁ မှတ် မဲပေါက်သွားပါသည်]

......

အချက်ပေးသံ အခါ (၆၀) ကြားရပြီးနောက် လင်းယွမ်က ထိုအသံများကို ပိတ်ထားလိုက်ပြီး မဲနှိုက်မှု ရလဒ်များကို တိုက်ရိုက် ကြည့်ရှုလိုက်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၁ မှတ်၊ ခွန်အား ၁၅ မှတ်၊ အလျင် ၁၈ မှတ်၊ စိတ်စွမ်းအင် ၉ မှတ်၊ ဘုံအရည်အသွေးမှတ် ၁၀ မှတ်။

လင်းယွမ် ပါးစပ် ဖြီးသွားပြီး ပြုံးလိုက်မိသည်။

"ဖြစ်နိုင်စွမ်း အရ ကြည့်ရင် မျှမျှတတ ရှိသားပဲ... စနစ်ရဲ့ မဲပေါက်နှုန်းက လူကို ဂျင်းထည့်တာတော့ မဟုတ်ဘူး"

ထို အရည်အသွေးမှတ် အားလုံး သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်ပေါင်းစပ်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

အရည်အသွေးမှတ် ဇယားကွက်မှာလည်း လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၃၆.၈

ခွန်အား - ၃၇.၉

အလျင် - ၃၉.၈

စိတ်စွမ်းအင် - ၄၉.၃

ဘုံအရည်အသွေးမှတ်များ - ၁၂ ......

လင်းယွမ်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံးရှိ ဆဲလ်တိုင်းတွင် အားအင်များ ပြည့်ဝနေသည်ကို ခံစားလိုက်ရသည်။

သူ့ကိုယ်သူ ကြောက်ခမန်းလိလိ သန်မာလာသည်ဟု ခံစားနေရ၏။

အရည်အသွေး တစ်ခုချင်းစီကို သီးသန့် ထုတ်နုတ်ကြည့်လိုက်လျှင်ပင် ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ယောက်၏ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မဲနှိုက်တဲ့ အကြိမ်အရေအတွက် များလာတာနဲ့အမျှ... အရည်အသွေးမှတ် အသီးသီးက ပျမ်းမျှတန်ဖိုးဘက်ကို ဦးတည်ပြီး ရောက်ရှိသွားတာပဲ"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ ဒါက ပုံမှန်ပင် ဖြစ်သည်။ စာရင်းအင်း ဖြစ်တန်စွမ်း သဘောတရားအရ ကြည့်လျှင်လည်း ဒါက ပုံမှန်ရလဒ်ပင် ဖြစ်သည်။

မဲနှိုက်သည့် အကြိမ်အရေအတွက် များလေလေ၊ စာရင်းအင်း ဖြစ်တန်စွမ်းနှင့် ပိုမို နီးစပ်လေလေ ဖြစ်သည်။

စိတ်စွမ်းအင် အမှတ်က အခြားအမှတ်များထက် သိသိသာသာ များနေရခြင်းမှာ သူက ဘုံအရည်အသွေးမှတ်များကို အသုံးပြုပြီး စိတ်စွမ်းအင်ကို အကြိမ်ကြိမ် မြှင့်တင်ခဲ့သောကြောင့် ဖြစ်သည်။

"အကုန်လုံးကို ခြုံငုံထိန်းချုပ်ထားတဲ့အထဲမှာမှ... ငါ့မှာ ဘုံအရည်အသွေးမှတ်တွေ ရှိနေသေးတော့... လိုအပ်တဲ့နေရာကို ထပ်ဖြည့်ပြီး ထိန်းချုပ်လို့ ရသေးတယ်... ဟဟ"

လင်းယွမ် ရယ်မောလိုက်သည်။ ယခုအချိန်တွင် သူသာ အရိုးလှံပင့်ကူကြီးနှင့် ပြန်တွေ့လျှင် ထွက်ပြေးရမည့်သူမှာ သူ မဟုတ်တော့ဟု ခံစားနေရသည်။

သို့သော် မိန်တုဥယျာဉ်တွင် တွေ့ခဲ့ရသော ရေဘဝဲသတ္တဝါကြီးနှင့် ယှဉ်လျှင်တော့ မည်သူက ပိုသာမည်ကို မပြောတတ်သေးပေ။

ဆက်ရန်...

နောက်တစ်အုပ်မှာ လင်းယွမ်က အဖွဲ့သုံးဖွဲ့ကို ဘယ်လိုအနိုင်ယူမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်။

All Chapters