← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃) - အနာဂတ်ကို ကြိုမြင်ခြင်းနှင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ဦး၏ တိုက်ခိုက်မှု

~ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့၏ အောင်ပွဲခံ စားသောက်ပွဲတွင် လူတိုင်း ပျော်ရွှင်စွာ သောက်စားနေကြလေသည်။

သို့သော် ယဲ့ဖုန်း တစ်ယောက်တည်းသာ မပျော်နိုင်ရှာပေ။

စားပွဲပေါ်ရှိ အရသာရှိသော ဟင်းပွဲများကို ကြည့်လိုက်၊ သေရည် တစ်ခွက် မော့လိုက်နှင့် နောက်ဆုံးတော့ တောင်ပိုင်းမြစ် ကန်ထွက် ဂဏန်းတစ်ကောင်ကိုသာ စားပြီး တူကို ချထားလိုက်ရသည်။

“နောက်ဆို ငါ သောက်ဝိုင်းမှာ ဘယ်တော့မှ ဝင်မထိုင်တော့ဘူး... ကလေးဝိုင်းမှာပဲ သွားထိုင်တော့မယ်... အဲ့ဒါမှ ဟင်းကောင်းကောင်း စားရမှာ”

ယဲ့ဖုန်း သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးလိုက်မိသည်။

မကြာမီ စားသောက်ပွဲကြီး ပြီးဆုံးသွားလေသည်။

မဟာမိတ်အဖွဲ့ဝင်များ တဖြည်းဖြည်း ပြန်သွားကြပြီးနောက် ခန်းမထဲတွင် ယဲ့ဖုန်း၊ မိုထျန်းလုံ၊ မိုမင်ရှီ၊ နဂါးပြာဘုရင် နှင့် လူနည်းစုသာ ကျန်ရစ်ခဲ့သည်။

“ဆရာသခင်ယဲ့... ဒီည စားသောက်ပွဲကို သဘောကျရဲ့လားဗျ”

မိုထျန်းလုံက မေးလိုက်သည်။

“ကျတာမှ အရမ်းကို သဘောကျတာဗျာ”

ယဲ့ဖုန်း ခေါင်းကို ဆတ်ခနဲ ညိတ်ကာ ဖြေလိုက်သည်

။ ဂဏန်း တစ်ကောင်တည်း စားပြီး ဗိုက်ဟောင်းလောင်း ဖြစ်နေတာကိုတော့ ထုတ်ပြောလို့ မဖြစ်ဘူးလေ။

“ဆရာသခင်ယဲ့ အဝမစားလိုက်ရဘူး ထင်တယ်”

မိုထျန်းလုံက ပြုံးပြီး အစေခံများကို ယဲ့ဖုန်းအတွက် သီးသန့် ဟင်းပွဲတစ်ပွဲ ပြင်ဆင်ခိုင်းလိုက် ယတော့သည်။

ထို့နောက် သူသည် အပြာရောင် ဆွဲကြိုးလေး တစ်ကုံးကို ထုတ်ယူလိုက်ပြီး

“ဒါက ကာကွယ်ရေး ပုံဆောင်ခဲ ဆွဲကြိုးပါ... ဝိညာဉ်ပင်လယ် တတိယအဆင့် အောက် တိုက်ခိုက်မှု မှန်သမျှကို (၅) ကြိမ်တိတိ ကာကွယ်ပေးနိုင်ပါတယ်... ဒါ ကျွန်တော့်ရဲ့ မေတ္တာလက်ဆောင်ပါ”

“ဟာ... အားနာစရာကြီးဗျာ”

ယဲ့ဖုန်း ပါးစပ်က ငြင်းနေသော်လည်း လက်ကတော့ ဆွဲကြိုးကို လှမ်းယူပြီးသား ဖြစ်နေသည်။

ခဏအကြာတွင် ယဲ့ဖုန်းသည် ဘေးခန်းမဆောင်သို့ ရောက်သွားပြီး ဟင်းပွဲကောင်းများ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ တကယ် စားချင်စိတ် မရှိတော့သဖြင့် ပါဆယ်သာ ထုပ်ခိုင်းလိုက်ရသည်။

“ဝူး…”

ရွှေရောင် အလင်းတန်းတစ်ခု အဝေးမှ ပျံသန်းလာသော်လည်း "ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ဝင်္ကပါ" ၏ အကာအကွယ် အမိုးခုံးကြီးကြောင့် အပြင်ဘက်တွင် ရပ်တန့်သွားသည်။

မိုထျန်းလုံက လက်ကို ဝှေ့ယမ်းလိုက်သည့်အခိုက်၊ ရွှေရောင် အလင်းတန်းသည် စက္ကူကြိုးကြာငှက်လေး အဖြစ် ပြောင်းလဲသွားပြီး မိုမင်ရှီ လက်ထဲသို့ ရောက်ရှိသွားသည်။

“မင်ရှီ... ငါ့မှာ အရေးကြီး ကိစ္စ ပေါ်လာလို့... ဆရာသခင်ယဲ့ကို မြူခိုးဂိုဏ်း အရောက် လိုက်ပို့ပေးလိုက်ပါဦး... ကျေးဇူးပဲနော်”

အကြီးအကဲ ဟုန်မုံ၏ အသံ ထွက်ပေါ်လာသည်။

မိုမင်ရှီသည် ကြိုးကြာငှက်လေးကို သိမ်းဆည်းလိုက်ပြီး ဘေးခန်းမဆောင်သို့ သွားလိုက်သည်။

ယဲ့ဖုန်းက ပါဆယ်ထုပ်ပြီး အဆင်သင့် ဖြစ်နေပြီ။

“ဆရာသခင်ယဲ့... ဟုန်မုံ မအားလို့ လိုက်မပို့နိုင်တော့ဘူးတဲ့... ဒီတစ်ခေါက် ကျွန်မ စီစဉ်ပေးတဲ့ လူနဲ့ပဲ လိုက်သွားပါနော်”

မိုမင်ရှီက ပြောလိုက်သည်။

မဟာမိတ်ခေါင်းဆောင်လေး ဖြစ်သော သူမအနေဖြင့် ကိုယ်တိုင် လိုက်ပို့ရန် မဖြစ်နိုင်ပေ။ သို့သော် မဟာမိတ်အဖွဲ့တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့်နှင့် အထက် ပညာရှင်များ ပေါများလှသဖြင့် တစ်ယောက်ယောက်ကို စေခိုင်းလိုက်ရုံဖြင့် လုံလောက်ပေသည်။

“ရပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်”

ယဲ့ဖုန်း ခန်းမထဲမှ ထွက်ခွာလာခဲ့သည်။

ညကောင်းကင်ယံအောက်တွင်...

ယဲ့ဖုန်းနှင့် အစ်ကိုကြီး ခေါင်းပြား တို့သည် အပြာရောင် ပင်လယ်စင်ရော်ကြီး တစ်ကောင်၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။ အကာအကွယ် အမိုးခုံးလေး တစ်ခုက သူတို့ကို လွှမ်းခြုံထားပြီး၊ စင်ရော်ကြီးသည် အတောင်ပံ ခတ်လိုက်ရာ တစ်စက္ကန့်လျှင် မီတာတစ်ရာနှုန်းဖြင့် အနောက်ဘက်ရှိ မြူခိုးတောင်ထိပ်ဆီသို့ ဦးတည် ပျံသန်းသွားလေသည်။

“ဂိုဏ်းချုပ်ယဲ့... အရှိန်က အဆင်ပြေရဲ့လား”

လမ်းတစ်ဝက်တွင် အောက်ဘက်ရှိ စင်ရော်ကြီးက မေးလိုက်သည်။

သူကတော့ မဟာမိတ်အဖွဲ့၏ အကြီးအကဲ "ငှက်ပြာ" ပင် ဖြစ်သည်။ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့် ရှိပြီး အမြန်နှုန်းတွင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်။

“အကြီးအကဲ ငှက်ပြာ ရဲ့ အရှိန်က အရမ်း မြန်ပါတယ်... မနက်လင်းအားကြီးလောက်ဆို ရောက်မယ် ထင်တယ်... ပင်ပန်းခံ ပို့ပေးတဲ့အတွက် ကျေးဇူးပါဗျာ”

ယဲ့ဖုန်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ရပါတယ်... ဒါ ကျွန်တော့် တာဝန်ပါ”

ငှက်ကျောပေါ်တွင်...

အစ်ကိုကြီး ခေါင်းပြားသည် အကာအကွယ် အမိုးခုံး အပြင်ဘက်သို့ ခေါင်းထွက်ကာ လေတိုးသည့် အရသာကို ခံစားနေသည်။

ယဲ့ဖုန်းကမူ ခြေချိတ်ထိုင်ရင်း သေရည်မူးထားသဖြင့် တဖြည်းဖြည်း အိပ်ပျော်သွားလေသည်။

အိပ်မက်ထဲတွင်...

သူ မျက်လုံးဖွင့်လိုက်ရာ အကြီးအကဲ ငှက်ပြာ၏ ကျောပေါ်မှ ထလိုက်သည်ကို တွေ့ရသည်။ မြူခိုးတောင်ထိပ်သည် အပျက်အစီးများ ဖြစ်နေပြီး တပည့်များအားလုံး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသည်။ သွေးဆာနေသော မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပြည့်နှက်လာသည်။

“ဒါ အိပ်မက်... မဟုတ်ဘူး... တိကျမှုမရှိတဲ့ နိမိတ်ပြခြင်း ပဲ”

ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွားသည်။

အိပ်မက်ထဲတွင် သူ ဘာမှ ဝင်ပါလို့ မရ၊ ကြည့်နေရုံသာ တတ်နိုင်သည်။

ယဲ့ဖုန်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်နှစ်ခုသည် ပျက်စီးနေသော မြူခိုးတောင်ထိပ်ပေါ်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။ နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး တောင်မှ ကျိုးပဲ့ပျက်စီးနေပြီ ဖြစ်သည်။ တိုက်ပွဲက အလွန် ကြမ်းတမ်းလှသည်။

ဒီနှစ်ကောင်က... အစွယ်ရှည် ရူးသွပ်ဝက်ကြီးနဲ့ အတောင်ပံပါ မိကျောင်းကြီး တို့ပဲ။

ဖူယွင်တောအုပ်ထဲမှာတုန်းက ဒီ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင် တိုက်ခိုက်နေတာကို ယဲ့ဖုန်း ကြုံခဲ့ဖူးသည်။ သူတို့တိုက်ပွဲရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် လျိုယွင်ဂိုဏ်း အကြီးအကဲ လူရှန်ယွဲ့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ အဲ့ဒီကနေမှ ယဲ့ဖုန်းနဲ့ ရင်းနှီးသွားခဲ့တာ ဖြစ်သည်။

အခုတော့ သူတို့နှစ်ကောင်ရဲ့ တိုက်ပွဲကြောင့် မြူခိုးတောင်ထိပ်ကြီး တစစီ ကွဲကြေနေပြီး၊ ကျောက်တုံးကြီးများ ပြိုကျကာ တောင်ခြေရှိ ရှောင်လင်းရွာလေးပါ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုများ ရှိနေသည်။

“ဝေါင်း...”

မိကျောင်းကြီးနှင့် ဝက်ကြီးတို့သည် ဆက်လက် တိုက်ခိုက်ရင်း တဖြည်းဖြည်း ဝေးရာသို့ ရောက်သွားကြသည်။ မြူခိုးတောင်ထိပ်ကြီးကတော့ စစ်မြေပြင်တစ်ခုလို ကျန်ရစ်ခဲ့လေသည်။

---

အိပ်မက်မှ လန့်နိုးလာသည်။

ယဲ့ဖုန်း မျက်လုံးဖွင့်လိုက်ရာ အသက်ပြင်းပြင်း ရှူရှိုက်နေမိပြီး နဖူးတွင် ချွေးစေးများ ရွှဲနစ်နေသည်။ ရေထဲက ဆယ်လိုက်သလိုပင်။

အောက်ကို ငုံ့ကြည့်လိုက်တော့ အကြီးအကဲ ငှက်ပြာသည် တောင်ပိုင်းမြစ် ကန် ကို ကျော်ဖြတ်ကာစ ရှိသေးပြီး၊ မြူခိုးတောင်ထိပ်နှင့် မိုင်လေးထောင်လောက် ဝေးနေသေးကြောင်း တွေ့လိုက်ရသည်။

“ဘာလို့ ဒီလို အိပ်မက်မျိုး မက်ရတာလဲ”

ယဲ့ဖုန်း တွေးနေမိသည်။

[ တင်... ဒါက "အန္တရာယ် အာရုံခံနိုင်စွမ်း" ရဲ့ အဆင့်မြှင့်တင်မှု ဖြစ်တဲ့ "အိပ်မက်နိမိတ်" ပါ... နောက် (၃) ရက်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ အကျိုးဆက်တွေကို ကြိုတင် ခန့်မှန်းပေးနိုင်ပါတယ် ]

စနစ်၏ အသိပေးချက်ကြောင့် ယဲ့ဖုန်း သဘောပေါက်သွားသည်။

“နိမိတ်ပြတာ ဆိုရင်... ဘာလို့ ငါမပါတာလဲ... ပြီးတော့ မဟာမိတ်အဖွဲ့တုန်းက နိမိတ်ပြတုန်းကရော ဘာလို့ မိုထျန်းလုံ ပါမလာတာလဲ”

ယဲ့ဖုန်း နားမလည် ဖြစ်သွားသည်။

[ နိမိတ်ပြခြင်း ဆိုတာ ကိုးကားဖို့ သက်သက်ပါ ]

စနစ် ရှင်းပြလိုက်သည်။

ယဲ့ဖုန်း တိတ်ဆိတ်သွားသည်။

အရင်က "အန္တရာယ် အာရုံခံနိုင်စွမ်း" တုန်းကတော့ စိတ်မလုံခြုံတာလောက်ပဲ ခံစားရပြီး ဘာအန္တရာယ်လဲ ဆိုတာ မသိရပေ။

ယခု ဂိုဏ်းဂုဏ်သတင်း ကျော်ကြားမှု မြင့်တက်လာတော့ အန္တရာယ်ကို ပုံရိပ်နှင့်တကွ ကြိုမြင်လာရ လေ၏။

သို့သော်၊ ဤနိမိတ်က သိပ်တော့ မတိကျချေ။

“ကိုးကားဖို့ သက်သက် ဆိုရင်တောင် ငါ အမြန် ပြန်မှ ဖြစ်မယ်... တကယ်လို့များ ဝက်ကြီးနဲ့ မိကျောင်းကြီး မြူခိုးတောင်ထိပ်ပေါ်မှာ တကယ် လာချကြရင်၊ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်တွေမို့ ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါကို ဖောက်ထွက်ပြီး အကုန် ဖျက်ဆီးပစ်ကြမှာ သေချာတယ်”

ယဲ့ဖုန်း၏ မျက်နှာထား တည်ငြိမ်လေးနက်လာသည်။

တပည့်တွေ မပြောနှင့် ၊ ယဲ့ဖုန်း ကိုယ်တိုင်တောင် ဒီကောင်ကြီးနှစ်ကောင်ကို ယှဉ်နိုင်ဖို့ မသေချာပါ။

သူတို့က နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့် အစစ်တွေ ဖြစ်၏။

တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ နာမည်ကြီးသည့် အကောင်တွေပင်။

---

မိုးသောက် အလင်းရောင်လေး ပြူစ ပြုလာပါ၏။

နန်လုတောင်တန်း။

မြေအောက်ဂူ တစ်ခုအတွင်း...

အစွယ်ရှည် ရူးသွပ်ဝက်ကြီးသည် ဝက်ကလေး တစ်အုပ်ကို ဦးဆောင်ပြီး မနက်စာ ရှာထွက်လာသည်။ ကြမ်းတမ်းသော သားရဲများ သို့မဟုတ် အဆင့်နိမ့် နတ်ဆိုးသားရဲများကို ဖမ်းဆီး စားသောက်နေကြသည်။

ရုတ်တရက် ဝက်ကြီး ခေါင်းမော့လိုက်ပြီး ဖူယွင်တောအုပ်ကို ကျော်လွန်ကာ ဖန်ဟွာမြစ် မြောက်ဘက်ကမ်းရှိ ယွမ်ရှောင် တောအုပ်ကြီး ဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာက စိမ့်မြေတောထဲမှာ အတောင်ပံပါ မိကျောင်းကြီး အိပ်စက်နေသည်။

“အီး... အူး...”

ဝက်ကြီးသည် မိကျောင်းသား စားချင်လာသဖြင့် ဟိန်းဟောက်လိုက်ပြီး ဝက်ကလေးများကို ထားရစ်ကာ၊ ရှေးဟောင်း ဆင်ကြီး တစ်ကောင်ကဲ့သို့ သစ်ပင်ကြီးများကို ဝင်တိုက်ချိုးဖျက်ရင်း ဖန်ဟွာမြစ်ဘက်သို့ ဒရောသောပါး ပြေးထွက်သွားလေသည်။

စိမ့်မြေတောထဲတွင်...

မိကျောင်းကြီးသည် မနက်ခင်း နေရောင်ခြည်ကို ခံယူရင်း ဇိမ်ကျနေသည်။

ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသဖြင့် ဖန်ဟွာမြစ် တောင်ဘက်ကမ်းရှိ ဖူယွင်တောအုပ် ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ ဖုန်မှုန့်များ ကောင်းကင်သို့ ထိုးတက်နေပြီး မြေကြီးတုန်ခါသံများ နီးကပ်လာသည်ကို တွေ့လိုက်ရသည်။

“ဝေါင်း...”

မိကျောင်းကြီး ဒေါသထွက်သွားပြီး အမြီးဖြင့် ရိုက်ခတ်ကာ သစ်ပင်များကို ချိုးဖျက်ရင်း ဝက်ကြီး ဆီသို့ တဟုန်ထိုး ပြေးဝင်သွား၏။

“ဘုန်း…”

မြစ်တောင်ဘက်ကမ်းတွင် နှစ်ကောင်သား ထိပ်တိုက် တွေ့ဆုံကာ တိုက်ခိုက်ကြလေသည်။

ကြောက်မက်ဖွယ်ရာ အသံလှိုင်းများ ပဲ့တင်ထပ်သွားပြီး မီတာရာချီ ပတ်လည်ရှိ သစ်ပင်များ ခါးလည်မှ ကျိုးပြတ်ကုန်ကြသည်။ မြစ်ရေများပင် တုန်ခါသွားပြီး မြေကြီးများ အက်ကွဲကုန်သည်။

“အီး... အွတ်...”

ဝက်ကြီးသည် သူ့အစွမ်းကို ပြသကာ ထက်မြက်မာကျောသော အစွယ်များဖြင့် မိကျောင်းကြီးကို ကော်တင်လိုက်ရာ မိကျောင်းကြီး လွင့်စင်သွားပြီး ရွှံ့နွံများဖြင့် ပေကျံကာ လဲကျသွားလေသည်။

“ဝေါင်း...”

မိကျောင်းကြီး ဟိန်းဟောက်လိုက်ပြီး ဝက်ကြီး၏ အမြီးကို ကိုက်ခဲကာ လှိမ့်လိုက်သဖြင့် အသားတုံးကြီး တစ်တုံး ပြတ်ထွက်သွားလေသည်။

“အား...”

ဝက်ကြီး နာကျင်လွန်းသဖြင့် ဒေါသတကြီး ခုန်တက်လိုက်ပြီး ငရဲနင်းချေခြင်း ကို အသုံးပြုကာ မိကျောင်းကြီး၏ ကျောပေါ်သို့ ဆင်ခြေထောက်ကြီးများကဲ့သို့သော ခြေထောက်လေးချောင်းဖြင့် ရက်စက်စွာ နင်းချေလိုက်ရာ မိကျောင်းကြီး ရွှံ့နွံထဲသို့ နစ်မြုပ်သွားလေသည်။

နှစ်ကောင်သား ဆက်လက် တိုက်ခိုက်ရင်း ယဲ့ဖုန်း အိပ်မက်ထဲကအတိုင်း မြူခိုးတောင်ထိပ် ဘက်သို့ တဖြည်းဖြည်း နီးကပ်လာကြသည်။

တောင်ထိပ်ပေါ်တွင်...

ချောင်ကျားရှီးက အစောဆုံး နိုးထလာသူ ဖြစ်သည်။

သူသည် ချောက်ကမ်းပါး အစွန်းတွင် ရပ်လျက် မနက်ခင်း လေနုအေးကို ရှူရှိုက်နေပြီး၊ ချပ်ဝတ် အစောင့်အရှောက်များနှင့် ဆက်လက် လေ့ကျင့်ရန် ပြင်ဆင်နေလေသည်။

သို့သော် ဖူယွင်တောအုပ် ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ဖုန်မှုန့်များ တထောင်းထောင်း ထနေပြီး သစ်ပင်များ ကျိုးပဲ့ကာ တိုက်ပွဲကြီး ဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။

ကျယ်လောင်သော ဟိန်းဟောက်သံများလည်း ဆက်တိုက် ထွက်ပေါ်နေသည်။

“စီနီယာ အစ်ကိုတို့ အစ်မတို့ရေ... ပြဿနာကြီး တက်ပြီ”

ချောင်ကျားရှီး အသံကုန်ခြစ်ကာ အော်ဟစ်လိုက်သည်။

သူ့အသံကြောင့် ကျန်တပည့်များ အပြေးအလွှား ရောက်ရှိလာကြပြီး တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လှမ်းကြည့်လိုက်ကြသည်။

မိုယင်သည် ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသဖြင့် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။

“ဒုက္ခပဲ... အဲ့ဒါ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်ရှိတဲ့ ဝက်ကြီးနဲ့ မိကျောင်းကြီးပဲ... ဂိုဏ်းချုပ်နဲ့ ငါ ဖူယွင်တောအုပ်ကို ဖြတ်တုန်းက သူတို့နှစ်ကောင် တိုက်ခိုက်နေတာ တွေ့ခဲ့ဖူးတယ်”

ကျီဇီလင်းလည်း တိုက်ပွဲကို ညွှန်ပြရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ကြည့်ရတာ သူတို့ တိုက်ရင်းတိုက်ရင်းနဲ့ မြူခိုးတောင်ထိပ် ဘက်ကို ရောက်လာနေကြတာပဲ... ဘယ်လို လုပ်ကြမလဲ”

“နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်တွေဆိုတော့ ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး... ဂိုဏ်းချုပ်ကလည်း မရှိတော့ ငါတို့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

မိုယင်သည် ဓားလက်ကိုင်ရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

“ငါ့အမြင်ကတော့... ပစ္စည်းတွေ သိမ်းထားကြ... သူတို့ ဒီနေရာ ရောက်လာတာနဲ့ ချက်ချင်း ဆုတ်ခွာကြမယ်... အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ”

“ဒါပေမဲ့ ဂိုဏ်းချုပ် ပြန်ရောက်လာလို့ ပစ္စည်းတွေ ပျောက်ပျက်ကုန်တာ မြင်ရင် ငါတို့ကို ဆူမှာပေါ့”

ကျားယွိလန်သည် သူတို့ ပင်ပင်ပန်းပန်း စိုက်ပျိုးထားသော ဝိညာဉ်ဆေးဥယျာဉ်ကို မစွန့်လွှတ်ချင်ရှာပေ။

“ငါတို့ သေလူခံပြီး ခုခံရင်း အားလုံး သေကုန်ကြရင်ရော ဂိုဏ်းချုပ် ပြန်လာတဲ့အခါ ပျော်မယ် ထင်လို့လား”

မိုယင်က ပြန်မေးလိုက်ရာ ကျားယွိလန် ပြောစရာ စကားမဲ့သွားသည်။

“အခြေအနေကို အရင် စောင့်ကြည့်ကြတာပေါ့... တကယ်လို့ ဝက်ကြီးနဲ့ မိကျောင်းကြီး မြူခိုးတောင်ထိပ်ကို ရောက်လာရင်တော့ ဆုတ်ခွာကြတာပေါ့”

ဟု ရှီလေ့ ဝင်ပြောလိုက်သည်။

ဂိုဏ်းအစ်ကိုကြီး ဆိုတော့ သူ့စကားက အရာရောက်သည်။

“ကျွန်မ အရင်သွားပြီး သူတို့ အာရုံကို လွှဲကြည့်မယ်... တိုက်ပွဲ လမ်းကြောင်း ပြောင်းသွားရင် အကောင်းဆုံးပဲ... မရရင်တော့ ချက်ချင်း ဆုတ်ကြမယ်”

မိုယင်သည် ယဲ့ဖုန်း ပေးထားသော အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်ပြီး၊ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကောင်းကင်သို့ ပျံတက်သွားလေ၏။

“အစ်မ မိုယင်... အန္တရာယ် များတယ်နော်”

တပည့်များ စိုးရိမ်တကြီး လှမ်းအော်လိုက်ကြသည်။

မြူခိုးတောင်ထိပ်နှင့် (၁၀) မိုင်ကျော် အကွာတွင်...

နတ်ဆိုးဗိုလ်ချုပ်ကြီး နှစ်ကောင်၏ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အသေအကြေ ကိုက်ခဲ တိုက်ခိုက်နေကြသည်။

ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေသော်လည်း ထူထဲသော အသားအရေကြောင့် သိပ်မထိခိုက်ဘဲ ဆက်လက် တိုက်ခိုက်နေကြသည်။

မိုယင်သည် မီတာတစ်ရာ အမြင့်သို့ ပျံတက်သွား၏။

မီတာရာချီ အကွာမှ တိုက်ပွဲကို လှမ်းကြည့်နေသော်လည်း ထွက်ပေါ်လာသော ဖိအားကြောင့် အသက်ရှူရ ခက်ခဲနေသည်။ အလယ်အလတ်အဆင့် ဝိညာဉ်ဓားနှင့် ဓားဆွဲထုတ်ခြင်း သိုင်းကွက် ရှိနေရင်တောင် ဒီကောင်ကြီး နှစ်ကောင်ကို ထိခိုက်အောင် လုပ်နိုင်ဖို့ မလွယ်ကူပေ။

မိုင်ရာချီ ဝေးကွာသော အရပ်တွင်...

ယဲ့ဖုန်းသည် အကြီးအကဲ ငှက်ပြာ၏ ကျောပေါ်တွင် ထိုင်လျက် ကောင်းကင်မေးမြန်းကြေးမုံ အား ကိုင်ကာ တိုက်ပွဲကို စိုးရိမ်တကြီး ကြည့်ရှုနေသည်။

ရုတ်တရက် မိုယင် ဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။

“ဒီကောင်မလေး မိုက်မဲလိုက်တာ... နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်ရဲ့ အာရုံကို လွှဲချင်နေတာလား... ကွာခြားချက်က အရမ်းများလွန်းတယ်... မလုပ်နဲ့”

ပြောရင်းဆိုရင်း ယဲ့ဖုန်းသည် ပေါင်ကို အလိုလို ရိုက်ချလိုက်မိသည်။ တိုက်တိုက်ဆိုင်ဆိုင် အစ်ကိုကြီး ခေါင်းပြားက သူ့ပေါင်ပေါ် ခေါင်းအုံး အိပ်နေချိန် ဖြစ်သဖြင့် "ဖြောင်း" ခနဲ နေအောင် အရိုက်ခံလိုက်ရရှာသည်။

“ဝုတ်...”

အစ်ကိုကြီး ခေါင်းပြား ဒေါသတကြီး ထရပ်လိုက်ပြီး ယဲ့ဖုန်းကို စူးစူးဝါးဝါး ကြည့်လိုက်သည်။

'ဘာလို့ ငါ့ကို ရိုက်တာလဲ' ဟု မေးနေသကဲ့သို့ပင်။

အခန်း (၂၂၄) - အတောင်ပံပါ မိကျောင်းကြီးနှင့် အစွယ်ရှည် ရူးသွပ်ဝက်ကြီး တို့၏ သဏ္ဍာန်ပြောင်းလဲခြင်း

~ယဲ့ဖုန်း အမှားလုပ်မိမှန်း သိလိုက်ရသောအခါ ရှက်ရမ်းရမ်းကာ တံတွေး တစ်ချက် မျိုချလိုက်ပြီး၊ ကောင်းကင်မေးမြန်းကြေးမုံကို လိမ္မာပါးနပ်စွာ ညွှန်ပြရင်း ပြောလိုက်သည်။

“မင်းကသာ ရန်ဖြစ်စရာ မရှိဘူး ပြောနေတာ... ဟိုမှာ ကြည့်လိုက်ပါဦး... ငါတို့ အိမ်ပေါက်ဝမှာ ရန်ပွဲ ဖြစ်နေတာကို မင်းက သစ်တုံးကြီးလို အိပ်နေတုန်းပဲလား”

“ဝုတ်...”

အစ်ကိုကြီး ခေါင်းပြားသည် နှာခေါင်းထဲမှ လေပူများ မှုတ်ထုတ်လိုက်ပြီး၊ ကြေးမုံပြင်ပေါ်တွင် မြင်တွေ့နေရသော မိကျောင်းကြီးနှင့် ဝက်ကြီးတို့၏ တိုက်ပွဲကို စူးစိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူ့ဆီမှ ကောင်းကင်ထိ ထိုးဖောက်မည့် တိုက်ခိုက်ချင်စိတ်များ ပေါက်ကွဲထွက်လာပြီး၊ ဝတ်ရုံနီကြီးမှာ လေထဲတွင် တလွင့်လွင့် ဖြစ်သွားလေသည်။

“ရွှစ်…”

သူ ပျံထွက်သွားလေသည်။

သူ၏ အရှိန်မှာ မြန်လွန်းလှသဖြင့် အကြီးအကဲ ငှက်ပြာကိုပင် ကျော်တက်သွားလေသည်။

“မြန်လိုက်တာ”

ယဲ့ဖုန်း မျက်လုံးပြူးသွားသည်။

“သိရင် အစ်ကိုကြီး ခေါင်းပြားကို စီးပြီး ပြန်လာပါတယ်... အကြီးအကဲ ငှက်ပြာ... မြူခိုးတောင်ထိပ်က အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဗျ... နည်းနည်းလောက် မြန်ပေးပါဦး”

“ကျွန်တော် အမြန်ဆုံး ပျံနေတာပါပဲဗျာ”

အကြီးအကဲ ငှက်ပြာ ပြန်ဖြေလိုက်သည်။

တကယ်တော့ သူလည်း စိတ်ပျက်နေမိသည်။

သူက ပျံသန်းတဲ့ ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်ပါလျက်နဲ့ အစ်ကိုကြီး ခေါင်းပြားကိုတောင် မမီဘူးတဲ့လား။

“ဒါဆို ခင်ဗျားဘာသာ ခင်ဗျား ပျံခဲ့ပေတော့ဗျာ”

ယဲ့ဖုန်း ခေါင်းခါလိုက်ပြီး ကောင်းကင်မေးမြန်းကြေးမုံကို သိမ်းဆည်းလိုက်သည်။ ထို့နောက် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထုတ်လွှတ်လိုက်ပြီး၊ သတ္တုရွက်ဓားပါးဖြင့် သူ့ကိုယ်သူ လွှမ်းခြုံကာ မြှားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ တဟုန်ထိုး ပျံသန်းထွက်ခွာသွားလေသည်။ အစ်ကိုကြီး ခေါင်းပြားထက်ပင် ပိုမို မြန်ဆန်သေးသည်။

“ဒါ... ဒါက မြန်လိုက်တာ”

အကြီးအကဲ ငှက်ပြာ မျက်လုံးပြူးသွားပြီး အံ့သြမှင်သက်သွားရသည်။ မျက်နှာပေးမှာ (⊙o⊙) ပုံစံ ဖြစ်သွားလေ၏။

'ငါက ပျံသန်းတဲ့ ဝိညာဉ်သားရဲလေကွာ...'

'ဘာလို့ မင်းတို့အကုန်လုံးက ငါ့ထက် ပိုမြန်နေရတာလဲ'

'အဲ့ဒါထက် ပိုဆိုးတာက... မင်းတို့က ဒီလောက် မြန်နေမှတော့ ငါ့ကို လိုက်ပို့ခိုင်းဖို့ ဘာလိုသေးလို့လဲကွ'

'စိတ်ပျက်စရာ ကောင်းလိုက်တာ'

အကြီးအကဲ ငှက်ပြာ ရင်ထဲကနေ အော်ဟစ်လိုက်မိပြီး စိတ်ဓာတ်ကျသွားရရှာသည်။

မြူခိုးတောင်ထိပ် အနီးတွင်...

နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင်၏ တိုက်ပွဲသည် ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး၊ မြူခိုးတောင်ထိပ်နှင့် ပိုမို နီးကပ်လာလေသည်။

“ဒုန်း…”

ဝက်ကြီးသည် ရူးသွပ်စွာ ဝင်ဆောင့်လိုက်ရာ မိကျောင်းကြီး လွင့်စင်သွားပြီး မြူခိုးတောင်ထိပ်နှင့် မီတာရာဂဏန်း အကွာအဝေးသို့ ရောက်ရှိလာသည်။ လမ်းတစ်လျှောက်ရှိ စိမ်းလန်းစိုပြေသော တောအုပ်ကြီးမှာမူ ပျက်စီးသွားပြီး အပျက်အစီးများသာ ကျန်ရစ်ခဲ့လေသည်။

“ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး... မြူခိုးတောင်ထိပ် ခံနိုင်မှာ မဟုတ်ဘူး”

မိုယင်သည် တောင်ထိပ်ပေါ်ရှိ စိုးရိမ်ပူပန်နေကြသော ဂိုဏ်းသားများကို လှည့်ကြည့်လိုက်ပြီး ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

သူမသည် လေညှင်းစီးဓားပျံ ပေါ်သို့ တက်လိုက်ပြီး ပျံသန်းထွက်ခွာသွားလေသည်။

“ဒေါင်…”

အလယ်အလတ်အဆင့် ဝိညာဉ်ဓားသည် မီတာတစ်ရာ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားပြီး၊ ဝက်ကြီး၏ ဒဏ်ရာကို ထိုးစိုက်လိုက်ကာ မိုယင် ထံသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာသည်။

ဝက်ကြီး ဒေါသထွက်သွားပြီး မိုယင်ကို သတ်ဖြတ်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် မိကျောင်းကြီးက သေမင်းတမန် လှိမ့်ဝင်ခြင်းကို အသုံးပြုကာ ဝက်ကြီး၏ ကိုယ်ပေါ်မှ အသားတစ်တုံးကို ဆွဲဖြတ်လိုက်ပြန်သည်။

နတ်ဆိုးဗိုလ်ချုပ်ကြီး နှစ်ကောင် ပြန်လည် တိုက်ခိုက်ကြပြန်ဧ။်။

မိုယင်သည် နှစ်ကောင်လုံးကို တစ်ပြိုင်နက် တိုက်ခိုက်ပြီး အာရုံလွှဲရန် ကြိုးစားသော်လည်း၊ သူမ၏ တိုက်ခိုက်မှုများက သူတို့၏ တိုက်ပွဲကို ရပ်တန့်နိုင်လောက်အောင် အားမပြင်းကြောင်း သိလိုက်ရသည်။

“အာရုံလွှဲလို့ မရဘူး... ပြေးကြ”

အခြေအနေ ဆိုးရွားမှန်း သိလိုက်ရသောအခါ မိုယင်သည် အားလုံးကို ထွက်ပြေးရန် တိုက်တွန်းလိုက်၏။

“မြန်မြန်လုပ်ကြ”

ဂိုဏ်းအစ်ကိုကြီး ရှီလေ့သည် မန္တန် တစ်ခု ရွတ်ဆိုလိုက်ပြီး ဆောက်လုပ်ရေး ပစ္စည်းများကို သယ်ဆောင်ကာ အခြားတပည့်များကို ခေါ်ဆောင်၍ မြူခိုးတောင်ထိပ်မှ ဆုတ်ခွာရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် လူလေးယောက်သည် တောင်ခါးပန်းသို့ ရောက်ရှိလာပြီး ဆင့်ခေါ်ခေါင်းလောင်း တီးရန် ပြင်လိုက်စဉ် ခြောက်ခြားဖွယ်.. အသံကြီးကို ကြားလိုက်ရသည်။

“ဘာဖြစ်တာလဲ”

ရေပေါ်ဖြူမြို့တော် ဒုတိယမြို့စားမင်း အံ့သြသွားပြီး အသံလာရာဆီသို့ ပျံသန်းသွားလေသည်။

နီရှန်းနန်းတော် သခင်မ၊ ဓားသိုင်းဂိုဏ်းချုပ်နှင့် အမွေးအတောင်ဂိုဏ်းချုပ် တို့သည်လည်း သူ့နောက်မှ လိုက်ပါသွားကြသည်။ သူတို့အားလုံးသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပညာရှင်များ ဖြစ်ကြ၏။

မူလက သူတို့လေးဦးသည် ယဲ့ဖုန်းနှင့် ရေပေါ်ဖြူမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အကြောင်း ဆွေးနွေးရန် လာကြခြင်း ဖြစ်သော်လည်း၊ တောင်ထိပ်သို့ မရောက်မီ တိုက်ပွဲသံကြောင့် စိတ်ဝင်စားသွားကြခြင်း ဖြစ်သည်။

သူတို့သည် မြူခိုးတောင်ထိပ်ကို ကျော်ဖြတ်လိုက်ပြီးနောက် ဖူယွင်တောအုပ် အတွင်း၌ နတ်ဆိုးဗိုလ်ချုပ်ကြီး နှစ်ကောင် သဲသဲမဲမဲ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြရ၏။

“ဘာလို့ ဝက်ကြီးနဲ့ မိကျောင်းကြီး ပြန်တိုက်နေကြတာလဲ”

ဒုတိယမြို့စားမင်း အကြီးအကဲ တုန်လှုပ်သွားသည်။

ရေပေါ်ဖြူမြို့တော် နယ်နိမိတ် အတွင်း၌ ဒီကောင်ကြီးနှစ်ကောင်က နာမည်ကြီးသည်။ ပုံမှန်ဆိုလျှင် ကိုယ့်နယ်မြေထဲမှာပဲ အစာရှာစားပြီး မြို့တွေကို လာမတိုက်ကြပါ။

သို့ရာတွင်၊ မသိရသည့် အကြောင်းရင်း တစ်ခုခုကြောင့် ပြီးခဲ့သော တစ်နှစ်အတွင်း သူတို့ဧ။် တိုက်ပွဲတွေ ပိုမို စိပ်လာပြီး၊ တိုက်ပွဲ ဂယက်ကြောင့် ရွာပေါင်းများစွာ ပျက်စီးခဲ့ရသည်။

“ကြည့်ရတာ သူတို့တိုက်ပွဲက မြူခိုးတောင်ထိပ်ဆီ ဦးတည်နေသလိုပဲ”

နီရှန်းနန်းတော် သခင်မက ကြောက်ရွံ့သော မျက်နှာဖြင့် မြေပြင်ကို ညွှန်ပြကာ ပြောလိုက်သည်။

သူမလည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ဆိုသော်လည်း၊ ဒီကောင်ကြီး နှစ်ကောင်နှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။

တကယ်လို့သာ ဝင်ပါလိုက်လျှင် လက်ဝါး တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရမှာ သေချာ၏။

“ဒုတိယမြို့စားမင်း... အသက်လုပြီး ပြေးကြတော့”

ဆောက်လုပ်ရေး ပစ္စည်းများ သယ်ဆောင်လာသော ရှီလေ့သည် တောင်ပေါ်မှ ပြေးဆင်းလာပြီး ဒုတိယမြို့စားမင်း အပါအဝင် လူအုပ်စုကို သတိပေးလိုက်သည်။

“ဘုန်း…”

ရုတ်တရက် တောင်ပြိုကျပြီး မြေကြီး ကွဲအက်သွားသည်။

အားလုံး အသံလာရာသို့ ကြည့်လိုက်ရာ ဝက်ကြီးသည် ရက်စက်ကြမ်းကြုတ်စွာ ဝင်ဆောင့်လိုက်သဖြင့် မိကျောင်းကြီး လွင့်စင်သွားပြီး မြူခိုးတောင်ထိပ်နှင့် ဝင်တိုက်မိသည်ကို တွေ့လိုက်ရသည်။

ခဏချင်းမှာပင် ကျောက်တုံးများ တောင်အောက်သို့ ပြိုကျလာ၏။

မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသဖြင့် လူတိုင်း ကြောက်ရွံ့ထိတ်လန့်သွားကြသည်။

“ကျွန်တော် ပစ္စည်းကူသယ်ပေးမယ်”

ဒုတိယမြို့စားမင်းက လက်မောင်းကို ပင့်တင်လိုက်ပြီး ကူညီရန် ပြင်လိုက်၏။

“ဝေါင်း...”

ထိုအချိန်တွင် အစ်ကိုကြီး ခေါင်းပြား ရောက်ရှိလာသည်။

ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မိကျောင်းကြီး၏ ကျောကုန်းပေါ်သို့ ဝင်ဆောင့်လိုက်သည်။ ခြေသည်းများဖြင့် ကုတ်ခြစ်ကာ မေးရိုးဖြင့် မိကျောင်းကြီး၏ လည်ပင်းဒဏ်ရာကို ကိုက်ခဲထားလိုက်၏။

“ဝေါင်း...”

မိကျောင်းကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် လှိမ့်လိုက်ပြီး အစ်ကိုကြီး ခေါင်းပြားကို ဖိချေရန် ကြိုးစားသော်လည်း၊ အစ်ကိုကြီး ခေါင်းပြားသည် ဇွဲကောင်းကောင်းဖြင့် ဒဏ်ရာကို ကိုက်ခဲထားပြီး လွှတ်မပေးပေ။

“အီး... အွတ်...”

အခွင့်အရေး ရသည်နှင့် ဝက်ကြီး ပြေးဝင်လာပြီး ထက်မြက်သော အစွယ်ဖြင့် မိကျောင်းကြီး၏ ဒဏ်ရာကို ထိုးဖောက်ကာ လေထဲသို့ ပစ်တင်လိုက်သည်။

“ဝေါင်း...”

မိကျောင်းကြီး ပိုမို ဒေါသထွက်လာသည်။

သူ၏ ခန္ဓာကိုယ်တွင် မီးတောက်များ လောင်ကျွမ်းလာပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြာထွက်လာသဖြင့် အစ်ကိုကြီး ခေါင်းပြားနှင့် ဝက်ကြီးတို့ မီတာရာချီ လွင့်စင်သွားကြသည်။ တချိန်တည်းမှာပင် ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခု ပျံ့နှံ့သွားပြီး မီတာတစ်ထောင် ပတ်လည်ရှိ သစ်ပင်များ အားလုံး ပြာကျသွားကာ မြေကန္တာရ အဖြစ် ပြောင်းလဲသွားလေသည်။

“ဟား... ဟား... ဟား...”

မိကျောင်းကြီးသည် ယုတ်မာစွာ ရယ်မောလိုက်သည်။

သူ၏ ခန္ဓာကိုယ် စတင် ကြီးထွားလာသည်။ နောက်ခြေထောက်များ ထူထဲသန်မာလာပြီး အမြီး ကျုံ့ဝင်သွားသည်။ ဦးခေါင်း ပြောင်းလဲလာပြီး နဖူးပေါ်တွင် အဖုတစ်ခု ထွက်ပေါ်လာကာ တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည့်အလား ဖြစ်နေသည်။

ကျောပေါ်ရှိ အတောင်ပံ တစ်စုံသည် ပိုမို ကြီးမားလာပြီး မီတာ (၃၀) ကျော် ရှည်လျားသော မီးတောင်ပံကြီး တစ်စုံအဖြစ် ပြောင်းလဲသွားလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် အတောင်ပံပါ ဒိုင်နိုဆော တစ်ကောင် အဖြစ် ပြောင်းလဲသွားတော့သည်။

“နောက်ဆုံးတော့ ငါ အသွင်ပြောင်းနိုင်ခဲ့ပြီ”

မိကျောင်းကြီးသည် အတောင်ပံနှစ်ဖက်ပါ နတ်ဆိုးနဂါး အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး လူစကား ပြောဆိုလာသည်။ အစ်ကိုကြီး ခေါင်းပြားနှင့် ဝက်ကြီးတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး အထင်သေးသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။

“ဒါ... နတ်ဆိုးသားရဲ အဖြစ် ပြောင်းလဲသွားတာလား”

မြူခိုးဂိုဏ်း တပည့်များ တံတွေး မျိုချလိုက်မိပြီး ခန္ဓာကိုယ်များ တုန်ယင်လာကြသည်။

“အရမ်း သန်မာလွန်းတယ်... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ”

ဒုတိယမြို့စားမင်း မျက်နှာ ပျက်သွားပြီး လက်များ တုန်ယင်လာသည်။ တိုက်ခိုက်ဖို့ သတ္တိ မရှိတော့ပေ။

ကျန်သည့် လူတွေလည်း ထိုနည်းတူ ခံစားနေရသည်။

ထိုအချိန်တွင် မိုယင်က ပြောပြလိုက်သည်။

“ဒါ အတောင်ပံနှစ်ဖက်ပါ နတ်ဆိုးနဂါးပဲ”

သူမ မြူခိုးတောင်ထိပ်သို့ ပြန်ရောက်လာပြီး လေးနက်သော အသံဖြင့် ဆက်လက် ပြောလိုက်သည်။

“ပြောစကားတွေအရ ဆိုရင်... ပထမအကြိမ် အသွင်ပြောင်းပြီးရင် မိကျောင်းကြီးက နတ်ဆိုးနဂါး ဖြစ်လာနိုင်တယ်တဲ့... ဒါပေမဲ့ နဂါးစစ် မဟုတ်သလို ပင်လယ်နဂါးလည်း မဟုတ်သေးဘူး... ဒုတိယအကြိမ် အသွင်ပြောင်းမှသာ ချိုတစ်ချောင်း ပင်လယ်နဂါး ဖြစ်လာနိုင်မှာ... တတိယအကြိမ် အသွင်ပြောင်းနိုင်ရင်တော့ နဂါးအသွင်ပြောင်း အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”

“အဲ့ဒီအချိန်ကျရင် သူ့အဆင့်အတန်းတူတွေထဲမှာ ပြိုင်ဘက် ရှားသွားလိမ့်မယ်”

မိုယင်၏ မျက်နှာထားသည် အလွန် လေးနက်နေသည်။

လက်ရှိ မြူခိုးတောင်ထိပ်ရဲ့ အင်အားနဲ့ ဆိုရင် နတ်ဆိုးနဂါးရဲ့ လက်ဝါးတစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး။ ဂိုဏ်းချုပ် ယဲ့ဖုန်း ပြန်ရောက်လာရင်တောင် ယှဉ်နိုင်ပါ့မလား မသိဘူး။

“ဂွီး... အွီ...”

ဝက်ကြီးသည် အသွင်ပြောင်းသွားသော နတ်ဆိုးနဂါးကို ကြည့်ပြီး ရုတ်တရက် ကောင်းကင်ကို မော့ကာ ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် လှိုင်းတွန့်များ ပေါ်လာပြီး ပြင်းထန်သော မီးတောက်များ ဝန်းရံလာကာ နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်လိုက်သည်။

နောက်ခြေထောက်များက ထူထဲသန်မာသော လူခြေထောက်များ အဖြစ် ပြောင်းလဲသွားသည်။

ရှေ့ခြေလက်များက ကြွက်သားအပြည့်နှင့် လက်မောင်းများ အဖြစ် ပြောင်းလဲသွားသည်။

ဦးခေါင်းကတော့ ဝက်မျက်နှာ အတိုင်း ရှိနေသေးသည်။

သို့သော် ကြီးမားသော မျက်လုံးများထဲတွင် ဉာဏ်ပညာ အရောင်အဝါများ တောက်ပနေသည်။

“ငါ အသွင်မပြောင်းနိုင်ဘူးလို့ ထင်နေတာလား”

ဝက်ကြီးသည် သူ့အစွယ်များကို ဆွဲနှုတ်လိုက်ပြီး လူစကား ပြောလိုက်သည်။

“မင်းရဲ့ ဖိအားပေးမှုကြောင့် ငါလည်း အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့ပြီ... ကျေးဇူးတင်ရမှာပဲ”

“ဒေါင်…”

ဝက်ကြီးသည် ကျောက်တိုင်ထက် ပိုထူသော အစွယ်နှစ်ချောင်းကို ရိုက်ခတ်လိုက်ရာ ထက်မြက်သော အရိုးလှံတစ်ချောင်း အဖြစ် ပြောင်းလဲသွားသည်။ လေထဲတွင် ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံဖြင့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး မြေကြီးပေါ်တွင် မီတာတစ်ရာခန့် ရှည်လျားသော မြောင်းကြီးတစ်ခု ထွင်းထုသွားစေသည်။

ဒီအခိုက်အတန့်မှာ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင်လုံး ပထမအကြိမ် အသွင်ပြောင်းခြင်းကို အောင်မြင်သွားကြလေပြီ။

ကြောက်မက်ဖွယ် စွမ်းအားများ ဘေးပတ်လည်သို့ ဂယက်ထသွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေတော့သည်။

အခန်း (၂၂၅) - အကြီးအကဲ ငှက်ပြာ၏ တုန်လှုပ်မှုနှင့် အတောင်ပံပါ နတ်ဆိုးနဂါး ကျရှုံးခြင်း

~ကောင်းကင်ယံ အမြင့်တွင်...

အကြီးအကဲ ငှက်ပြာသည် နောက်ဆုံးတွင် မြူခိုးတောင်ထိပ် အနီးသို့ ရောက်ရှိလာလေသည်။

နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင်လုံး အသွင်ပြောင်းလဲပြီးစီးသွားပြီး၊ မီတာ (၁၀) ကျော် မြင့်မားသော ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးများ အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ သူသည် တံတွေး တစ်ချက် မျိုချလိုက်မိသည်။

“ဒီနေရာက ဝိညာဉ်စွမ်းအင် သိပ်သည်းဆလည်း သိပ်မများပါဘူး... ဘယ်လိုလုပ်ပြီး ဒီလို ကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲတွေ ပေါက်ဖွားလာရတာလဲ... သူတို့သာ ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ထဲ ရောက်လာရင် ထိပ်တန်း (၁၀) ယောက် စာရင်းဝင်မှာ သေချာတယ်”

အကြီးအကဲ ငှက်ပြာ အကြီးအကျယ် တုန်လှုပ်သွားရသည်။

သူ၏ အကြည့်သည် ကောင်းကင်ယံကို ဖြတ်ကျော်ပြီး ယဲ့ဖုန်း မြူခိုးတောင်ထိပ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ယဲ့ဖုန်းသည် လူအုပ်စု၏ ရှေ့တွင် ရပ်နေလေသည်။

မြူခိုးတောင်ထိပ်ပေါ်တွင်...

မရေမတွက်နိုင်သော သတ္တုရွက်ဓားပါးများဖြင့် ဖုံးလွှမ်းထားသော ယဲ့ဖုန်းကို ကြည့်ရင်း၊ အထူးပြုလုပ်ထားသော စစ်ဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ ခံစားလိုက်ရပြီး လူတိုင်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာကြသည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

တပည့်များအားလုံး ဒူးထောက်ကာ အရိုအသေပြုလိုက်ကြသည်။

သူတို့အားလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။

တစ်ချိန်ချိန်ကတည်းက ယဲ့ဖုန်းသည် သူတို့အားလုံး၏ အဓိက မဏ္ဍိုင်နှင့် နှလုံးသားထဲမှ ဗဟိုချက် ဖြစ်လာခဲ့ပြီ။ သူ ရှိနေတဲ့ နေရာတိုင်းမှာ လူတွေက မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ ပြည့်ဝနေတတ်သည်။

“ငါ နောက်မကျသေးဘူး မဟုတ်လား”

ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။

“ဂိုဏ်းချုပ်ယဲ့ကို ဂါရဝပြုပါတယ်”

ဒုတိယမြို့စားမင်းနှင့် အခြား ဂိုဏ်းချုပ် သုံးဦးတို့လည်း ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

အခြားသူများ၏ အမြင်တွင် ယဲ့ဖုန်းသည် မြူခိုးဂိုဏ်း၏ ဂိုဏ်းချုပ်သာ ဖြစ်သော်လည်း၊ သူတို့အတွက်မူ ယဲ့ဖုန်းသည် ရေပေါ်ဖြူမြို့တော်၏ မြို့စားမင်း ဖြစ်နေခဲ့တာ ကြာပြီ ဖြစ်ပါ၏။

ယဲ့ဖုန်းကို လေးစားဖို့ ဆိုတာ မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။

“အင်း”

ယဲ့ဖုန်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ့အကြည့်က အသွင်ပြောင်းလဲထားသော ဝက်ကြီးနှင့် နတ်ဆိုးနဂါး ဆီသို့ ကျရောက်သွားပြီး၊ မကြာမီ အသေးစိတ် အချက်အလက်များ ပေါ်လာလေသည်။

[ အစွယ်ရှည် ရူးသွပ်ဝက်ကြီး: နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် ]

[ ပါရမီ: ထိုးဖောက်အရိုးလှံ ]

[ မှတ်ချက်: သွေးမျိုးဆက် စုဆောင်းမှု ကြာမြင့်စွာ ပြုလုပ်ပြီးနောက်၊ မရေမတွက်နိုင်သော တိုက်ပွဲဖိအားများအောက်တွင် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှုအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ]

...

[ အတောင်ပံနှစ်ဖက်ပါ နတ်ဆိုးနဂါး: နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် ]

[ ပါရမီ: လောင်ကျွမ်းမီးလျှံ ]

[ မှတ်ချက်: ပထမအကြိမ် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှု ပြီးနောက် နဂါးအတု အဖြစ် ပြောင်းလဲသွားပြီး၊ ဒုတိယအကြိမ် ထပ်မံ ပြောင်းလဲပါက ချိုတစ်ချောင်း ပင်လယ်နဂါး အဖြစ် ပြောင်းလဲနိုင်သည်။ ]

သူတို့နှစ်ဦး၏ အချက်အလက်များကို စစ်ဆေးပြီးနောက် ယဲ့ဖုန်း၏ မျက်နှာထား လေးနက်လာသည်။

ဒီ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင်ရဲ့ ခွန်အားက မသေးလှပေ။ သူတို့ အဆင့်တူတွေထဲမှာ အလွန် စွမ်းအားကြီးပြီး သာမန် အဆင့်တူတွေကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်း ရှိသည်။

ယဲ့ဖုန်း ကိုယ်တိုင်တောင် သူတို့ကို လွယ်လွယ်ကူကူ နိုင်မည်ဟု မယုံကြည်ပါ။

‘သူတို့နဲ့ ယှဉ်ရင် ငါ့ရဲ့ အနိုင်ရနိုင်ချေက (၉၉) ရာခိုင်နှုန်းလောက်ပဲ ရှိမယ်... သိပ် စိတ်မချရသေးဘူး... နည်းနည်းလောက် ဆက်ကြည့်ဦးမှ’

ယဲ့ဖုန်း တွက်ချက်လိုက်သည်။

“ဝါး... ဟား...”

အစ်ကိုကြီး ခေါင်းပြားသည် ကျောက်နံရံထဲမှ ဖောက်ထွက်လာသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ရှုပ်ပွနေပြီး နတ်ဆိုးနဂါးနှင့် ဝက်ကြီးကို စူးစူးဝါးဝါး ကြည့်ကာ ထပ်မံ တိုက်ခိုက်ရန် ပြင်နေသည်။

“အစ်ကိုကြီး ခေါင်းပြား... ပြန်လာခဲ့”

ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သူ့ကို ထိန်းချုပ်ကာ မြူခိုးတောင်ထိပ်ပေါ်သို့ ပြန်ဆွဲခေါ်လိုက်သည်။

ဒီအဆင့်မှာ အစ်ကိုကြီး ခေါင်းပြား အနေနဲ့ ဒီလို တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည် မရှိတော့ဘူး။ သူ့ရဲ့ ဇွဲကောင်းလှတဲ့ အသက်စွမ်းအား ရှိနေရင်တောင် မလုံလောက်ဘူး။ ကွာခြားချက်က အရမ်း များလွန်းတယ်။

“ဆရာသခင်ယဲ့... ဒီနှစ်ကောင်က ဘယ်သူတွေလဲ... ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ”

အကြီးအကဲ ငှက်ပြာသည် မြူခိုးတောင်ထိပ်ပေါ်သို့ ဆင်းသက်လာပြီး အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။

“အစွယ်ရှည် ရူးသွပ်ဝက်ကြီး နဲ့ အတောင်ပံပါ မိကျောင်းကြီး ပါ... ဒီနားတဝိုက်မှာ အကြောက်စရာအကောင်းဆုံး နတ်ဆိုးသားရဲတွေပေါ့... သူတို့ သက်တမ်း ဘယ်လောက်ရှိပြီလဲ ဆိုတာတောင် ကျွန်တော်တို့ မသိရဘူး”

ဟု ယဲ့ဖုန်း လေးနက်စွာ ပြောပြလိုက်သည်။

အခြားသူများကတော့ အကြီးအကဲ ငှက်ပြာ ဘယ်သူလဲ ဆိုတာ မသိကြပါ။

သို့သော်၊ အကြီးအကဲ ငှက်ပြာဆီက ထွက်ပေါ်နေသော အရှိန်အဝါက ဓာတ်ကြီးငါးပါး စုစည်းခြင်း (၆) ဆင့်မြောက် နှင့် ညီမျှနေတာကို ခံစားမိလိုက်ကြသည်။ လျိုယွင်ဂိုဏ်းချုပ်တို့ ၊ ချင်းယွင်ကျန်းရန် တို့ထက် မနိမ့်ကျပေ။ ထို့ကြောင့် အားလုံး အံ့သြသွားကြသည်။

အကြီးအကဲ ငှက်ပြာသည် နတ်ဆိုးဗိုလ်ချုပ်ကြီး နှစ်ကောင်ကို စိုက်ကြည့်ရင်း တုန်လှုပ်စွာ ပြောလိုက်သည်။

“ဒီမှာ ဒီလောက် စွမ်းအားကြီးတဲ့ သတ္တဝါတွေ ရှိနေတာလား... ဘာလို့ ကျွန်တော် တစ်ခါမှ မကြားဖူးရတာလဲ”

“ကမ္ဘာကြီးက ကျယ်ဝန်းပြီး အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပဲ... မကြားဖူးတာတွေ အများကြီး ရှိမှာပေါ့”

ယဲ့ဖုန်းက ရှင်းပြရင်း အဝေးတစ်နေရာကို ညွှန်ပြလိုက်သည်။ သူ့မျက်နှာထား ပိုမို လေးနက်လာသည်။

“တိုက်ပွဲ ပြန်စတော့မယ်”

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း အောက်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

နတ်ဆိုးနဂါးသည် ရုတ်တရက် မီးတောင်ပံများကို ခတ်လိုက်ပြီး မီတာရာချီ အမြင့်သို့ ပျံတက်သွားသည်။ ဝက်ကြီးလည်း ထိုးဖောက်အရိုးလှံကို ကိုင်ဆောင်ကာ ကောင်းကင်သို့ ပျံတက်ပြီး ရင်ဆိုင်လိုက်သည်။

နှစ်ဖက်စလုံး အရှိန်ယူပြီးနောက် ရုတ်တရက် တိုက်ခိုက်လိုက်ကြသည်။

“ဒုတ်…”

ထိုးဖောက်အရိုးလှံသည် နတ်ဆိုးနဂါး၏ ရင်ဘတ်ကို ဖောက်ထွက်သွားသည်။

ဝက်ကြီးက အရှိန်မသတ်ဘဲ လက်ဝါးဖြင့် ထပ်မံ ရိုက်ချလိုက်ရာ နတ်ဆိုးနဂါး၏ ရှေ့လက်သည်း နှစ်ဖက်ဖြင့် ဖမ်းဆုပ် ခံလိုက်ရသည်။

“သေပေတော့”

နတ်ဆိုးနဂါး ပါးစပ်ဟလိုက်ပြီး ပူပြင်းသော မီးလျှံများကို မှုတ်ထုတ်လိုက်သည်။

ဝက်ကြီး လျှပ်တပြက်.. ခေါင်းကို စောင်းပြီး ရှောင်လိုက်ရာ မီးလျှံများသည် ပစ်မှတ်လွဲချော်သွားပြီး ဧကထောင်ချီ ကျယ်ဝန်းသော တောအုပ်ကြီးကို လောင်ကျွမ်းသွားစေသည်။ အတွင်းရှိ သက်ရှိသတ္တဝါပေါင်း များစွာ ချက်ချင်း ပြာကျသွားကြသည်။ မြင်ရသူအဖို့ အလွန် ကြေကွဲစရာ ကောင်းလှသည်။

“နတ်ဘုရားတွေ တိုက်ကြရင် လူသားတွေပဲ မြေစာပင် ဖြစ်ရတာပါလား”

ဒုတိယမြို့စားမင်း ဝမ်းနည်းစွာ ပြောလိုက်သည်။

အကြီးအကဲ ငှက်ပြာက ပြောလိုက်သည်။

“ရှေးကတည်းက ဒီလိုပါပဲဗျာ... အထူးသဖြင့် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ တိုက်ခိုက်ကြရင် တောင်တွေ ပြို၊ မြေတွေ ကွဲကုန်တာပဲ... ကြားညပ်မိတဲ့ သာမန်လူတွေ ကံဆိုးတာလို့ပဲ မှတ်ယူရမှာပေါ့”

ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲနှင့် ငှက်ပျောရွက်ယပ်တောင် အသေးစားကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

“သူတို့ တိုက်တာကို ကျွန်တော် ဂရုမစိုက်ပါဘူး... ဒါပေမဲ့ အပြစ်မဲ့သူတွေကိုတော့ မထိခိုက်စေချင်ဘူး”

ပြောပြီးသည်နှင့် သူက ငှက်ပျောရွက်ယပ်တောင်ကို ဝှေ့ယမ်းလိုက်သည်။

ထိုအခိုက်အတန့်၌၊ လေပြင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။

တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးသွားသော နေရာများသည် ဝိညာဉ်မိုးရေများ၏ ဆေးကြောမှုကို ခံယူလိုက်ရပြီး မကြာမီ စိမ်းလန်းစိုပြေစွာ ပြန်လည် အသက်ဝင်လာလေသည်။

“အမလေး၊ အံ့မခန်း ပညာရပ်ပါလား”

အကြီးအကဲ ငှက်ပြာ အာမေဋိတ် သံ ထွက်သွားသည်။

မိုးလေဝသ ဖန်တီးခြင်း ဆိုတာ အလယ်အလတ်နှင့် အဆင့်မြင့် ကျင့်ကြံသူတွေ တတ်ကျွမ်းသော သိုင်းနည်းစနစ်တစ်ခုပါ။

သို့သော်၊ မြေကမ္ဘာကို ချက်ချင်း ပြန်လည် အသက်သွင်းနိုင်သည့် စွမ်းရည်မျိုးကိုတော့ သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဘုန်း... ဘုန်း... ဘုန်း...

ကောင်းကင်ယံတွင် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင် ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ တစ်ယောက်ကို တစ်ယောက်သာ အာရုံစိုက်ထားကြသည်။ တိုက်ပွဲမှာ အများအားဖြင့် လက်နက်မဲ့ တိုက်ခိုက်ကြပြီး အသားချင်း ထိခတ်သံများ၊ လေထု တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်နေသဖြင့် နားကွဲမတတ် ဖြစ်နေ၏။

“ဝေါင်း...”

ကြောက်မက်ဖွယ်ရာ အသံလှိုင်းတစ်ခု မြူခိုးတောင်ထိပ် ဆီသို့ ဦးတည် လာနေသည်။

ယဲ့ဖုန်းသည် ခရမ်းရွှေရောင် ခေါင်းလောင်းကို ထုတ်ယူပြီး ညင်သာစွာ လှုပ်ခါလိုက်ရာ၊ အသံလှိုင်းများ ထွက်ပေါ်လာပြီး ဝင်ရောက်လာသော တိုက်ခိုက်မှုကို ကာကွယ်လိုက်လေ၏။

တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုမှာ အလွန် ကြီးမားပြီး ကြောက်စရာ ကောင်းလှသည်။

မကြာမီ ရေပေါ်ဖြူမြို့တော်မှ ချီစုစည်းခြင်း သတ္တမအဆင့်နှင့် အထက် လူသားကျင့်ကြံသူများ အားလုံး ဆူညံသံကြား၍ ရောက်ရှိလာကြပြီး၊ မြူခိုးတောင်ထိပ် အနီးတွင် ပျံဝဲကာ ကြောက်မက်ဖွယ် တိုက်ပွဲကြီးကို စိုးရိမ်တကြီး ကြည့်ရှုနေကြသည်။

“ကြောက်စရာ ကောင်းလိုက်တာ”

“တိုက်ပွဲ ဂယက်လောက်နဲ့တင် ငါတို့ ခံနိုင်မှာ မဟုတ်ဘူး”

ကျင့်ကြံသူ အများစုသည် အဝေးသို့ အမြန် ဆုတ်ခွာသွားကြသည်။

“ဂျုန်း…”

နတ်ဆိုးနဂါးသည် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ဝက်ကြီး လွင့်စင်သွားသည်။ ထို့နောက် သူ၏ ရက်စက်သော အကြည့်သည် မြူခိုးတောင်ထိပ်ရှိ အကြီးအကဲ ငှက်ပြာနှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများ ဆီသို့ ရောက်သွားပြီး၊ ယုတ်မာသော အပြုံးတစ်ခု ပေါ်လာလေသည်။

“ဒီ အစာပြေလေးတွေကို အရင် စားလိုက်ဦးမယ်ကွ... အားပြန်ဖြည့်ပြီးမှ မင်းလို အသားထူတဲ့ တောဝက်ကြီးကို သတ်ပစ်မယ်”

နတ်ဆိုးနဂါးသည် အတောင်ပံကို အားကုန် ခတ်လိုက်ပြီး မီးဥက္ကာခဲ တစ်လုံးကဲ့သို့ မြူခိုးတောင်ထိပ် ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။ ဆင်းသက်လာသော ကြောက်မက်ဖွယ် အရှိန်အဟုန်ကြောင့် လူတိုင်း တောင်တစ်လုံး ပိနေသကဲ့သို့ ခံစားလိုက်ရပြီး မတ်တပ်ပင် မရပ်နိုင်တော့ချေ။

“သွားပြီ”

လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြပြီး ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ အေးစက်သွားကြသည်။

အကြီးအကဲ ငှက်ပြာလည်း ကြောက်လွန်းသဖြင့် မူလ နတ်ဆိုးသားရဲ ပုံစံသို့ ပြန်ပြောင်းသွားပြီး တုန်ယင်နေလေသည်။ ဒီလောက် အန္တရာယ်များမှန်း သိလျှင် သူ..သေလျှင်တောင် မလိုက်လာခဲ့ပါချေ။

“ဟူး...”

ယဲ့ဖုန်း သက်ပြင်းချလိုက်မိသည်။

သူ စောစောက ဝင်မပါခဲ့သည်က နတ်ဆိုးဗိုလ်ချုပ်ကြီး နှစ်ကောင် မြူခိုးတောင်ထိပ်နှင့် ရေပေါ်ဖြူမြို့တော်ကို မထိခိုက်စေဖို့ မျှော်လင့်ခဲ့၍ပါ။ အကယ်၍၊ သူတို့ ကောင်းကင်ပေါ်မှာပဲ တိုက်ပြီး အနိုင်အရှုံး ပေါ်မှ ထွက်သွားကြမည် ဆိုလျှင် သူ စွန့်စားပြီး ဝင်ပါစရာ မလိုဘူး မဟုတ်ပါလော။

ကံဆိုးတာက ထင်သလို ဖြစ်မလာခဲ့ပါ။

“မြူခိုးတောင်ထိပ်ကနေ ထွက်သွားစမ်း”

ယဲ့ဖုန်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ လေဝိညာဉ်ပုလဲကို ကိုင်ဆောင်လျက် သူ၏ ဖိနှိပ်မှု စွမ်းအားကို အထွတ်အထိပ်သို့ တင်လိုက်တော့သည်။ တဆက်တည်း၌၊ စွမ်းအားက ရိုင်းစိုင်းသော လှိုင်းလုံးကြီး တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး နတ်ဆိုးနဂါးကို တွန်းထုတ်လိုက်လေသည်။

“ဟေ...”

နတ်ဆိုးနဂါး၏ အကြည့် စူးရှသွားပြီး ကြီးမားလှသော တောင်ကြီးပမာ ဖိအားတစ်ခု ထုတ်လွှတ်လိုက်ရာ၊ "ဂျွစ်" ခနဲ အသံနှင့်အတူ လေဝိညာဉ်ပုလဲ၏ အကာအကွယ် ဒိုင်းကာ ကွဲကြေသွားလေသည်။

“ဟား... ကလေးကစားစရာလေးပါလား”

နတ်ဆိုးနဂါး ယုတ်မာစွာ ရယ်မောလိုက်ပြီး ဆက်လက် ဆင်းသက်လာသည်။

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အလွန် တောက်ပသော ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ၊ ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်သွားစေလျက် နတ်ဆိုးနဂါးကို ခုတ်ပိုင်းလိုက်သည်။

“ပျက်ဆီးစမ်း”

နတ်ဆိုးနဂါးသည် လက်သည်းဖြင့် ရိုက်ချကာ လေဓာတ် ဝိညာဉ်စွမ်းအင်မှ ပြောင်းလဲလာသော ဓားစွမ်းအင်ကို ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် သူ့လက်သည်းများ ပြတ်တောက်သွားသည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။

နောက်တစ်ခဏတွင်...၊

ယဲ့ဖုန်း သူ့ရှေ့တွင် ဘွားခနဲ ပေါ်လာသည်။

တဆက်တည်း၌၊ နောက်ဆုံးကျန်သော လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်သည် နတ်ဆိုးနဂါး၏ လည်ပင်းနားတွင် လေထဲမှ ရုတ်တရက် ပေါ်လာပြီး တစ်ပတ်တိတိ ပတ်လိုက်လေသည်။

လူတိုင်း၏ အံ့သြမှင်သက်နေသော အကြည့်အောက်တွင်၊ နတ်ဆိုးနဂါး၏ ခေါင်းသည် ဥက္ကာခဲ တစ်လုံးကဲ့သို့ ကောင်းကင်သို့ လွင့်တက်သွားတော့၏။ အရုပ်ကြိုးပြတ်ပင် မြေကြီးပေါ်သို့ ပြုတ်ကျလာကာ တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်သွားစေသည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

စောစောကတင် အလွန် စွမ်းအားကြီးမားနေသော နတ်ဆိုးနဂါးကြီး... ဘယ်လိုလုပ်ပြီး ခေါင်းပြတ်သွားရတာလဲ။

မည်သူမှ အကြောင်းရင်းကို မသိကြပေ။

ယဲ့ဖုန်း တစ်ယောက်တည်းသာ လေဝိညာဉ်ပုလဲကို စိုက်ကြည့်ရင်း ဘာဖြစ်သွားလဲ ဆိုတာ ရိပ်မိလိုက်သည်။

နတ်ဆိုးမြို့တော်မှာတုန်းက လေဓာတ် ဝိညာဉ်စွမ်းအင်က မြေကမ္ဘာ မျောက်ဝံကြီး ကိုတောင် မရှုမလှ ဒဏ်ရာတွေ ရစေခဲ့သည် မဟုတ်လော။ ထို့ကြောင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်လောက်သာ ရှိသည့် နတ်ဆိုးနဂါး၏ ကာကွယ်မှုကို ဖောက်ထွက်ဖို့ ဆိုတာ သိပ်မခက်ခဲပါပေ။

နှမြောစရာ ကောင်းတာကတော့ လေဓာတ် ဝိညာဉ်စွမ်းအင် (၃) မျှင်လုံး ကုန်သွားရပါသည်။

ပြီးတော့ ဝက်ကြီး ကလည်း အသက်ရှင်နေသေး၏။

အခြေအနေက စိုးရိမ်စရာ ကောင်းနေဆဲတည်း။

“သေ... သေသွားပြီလား”

ဝက်ကြီးသည် ကောင်းကင်မှ ပြုတ်ကျလာသော နတ်ဆိုးနဂါးကို ကြည့်ရင်း မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်နေလေသည်။

‘သူနဲ့ ခွန်အားချင်း တူတဲ့ ပြိုင်ဘက်ကြီးက... သာမန် လူသား ကောင်စုတ်လေး တစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတယ်တဲ့လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

All Chapters