← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁) - ဘဏ္ဍာတော်ဆောင် လေလံပွဲနှင့် ချင်းယွင်ကျန်းရန်၏ ဒေါသ

~စားသောက်ပွဲ ကျင်းပရာ ခန်းမဆောင်သို့ ရောက်ရှိချိန်တွင် ကျန်းရှင်းယွီသည် သူ့ဖခင်ကို မတွေ့ရသဖြင့် ဘေးနားရှိ အစေခံကောင်မလေးအား လှမ်းမေးလိုက်သည်။

“အဖေရော...”

“မြို့စားမင်းလေးကို ပြန်လည်တင်ပြအပ်ပါတယ်။ မြို့စားမင်းကြီးနဲ့ မဟာအကြီးအကဲတို့က ခရိုင်ဘုရင်မြို့တော်ကို ဈေးဝယ်ထွက်သွားကြပါတယ်။ ကြားတာတော့ ဆိုင်ခွဲတစ်ခု ဖွင့်ဖို့ ပြင်ဆင်နေကြတယ် ဆိုလားပဲ... ဒါကြောင့် လောလောဆယ် မြို့ထဲမှာ မရှိကြပါဘူးရှင်”

အစေခံကောင်မလေး၏ အသံသည် ပျားရည်သုတ်ထားသလား အောက်မေ့ရအောင် ချိုမြိန်လွန်းလှ၏။

“ကောင်းပြီ... မင်း သွားလို့ရပြီ”

ကျန်းရှင်းယွီသည် အစေခံမလေး၏ ပါးကို ဆွဲကာ စနောက်လိုက်ပြီးနောက် လက်ကိုနောက်ပစ်လျက် ယဲ့ဖုန်းနှင့် အခြားသူများကို ဦးဆောင်ကာ ထိုင်ခုံများဆီသို့ ခေါ်ဆောင်သွားလေသည်။

စားသောက်ပြီးစီးကြပြီးနောက် သူတို့အဖွဲ့သည် မိုင်အနည်းငယ်ခန့် ဝေးကွာသော လေလံအိမ်တော်၏ ခန်းမဆောင်ကြီးဆီသို့ နေရာရွှေ့ပြောင်းလာခဲ့ကြသည်။

ထိုနေရာသည် ပေပေါင်းရာချီ မြင့်မားသည့် အမိုးခုံးပုံစံ အဆောက်အဦကြီး ဖြစ်ပေသည်။ အလယ်ဗဟိုတွင် ပေသုံးဆယ်ခန့် မြင့်သော လေလံစင်မြင့် တစ်ခု ရှိနေပြီး၊ ဘေးပတ်လည်တွင် ထိုင်ခုံအများအပြားနှင့် လေထဲတွင် တွဲလောင်းဆောက်လုပ်ထားသော သီးသန့်အခန်းများ ဝန်းရံလျက် ရှိနေ၏။

ယဲ့ဖုန်းနှင့်အဖွဲ့သည် ဧည့်သည်တော်များ ဖြစ်ကြသည့်အလျောက် နံပါတ်တစ် ကောင်းကင်အဆင့် သီးသန့်ခန်း၌ နေရာချပေးထားခြင်း ခံရလေသည်။

ခန်းဆီးလိုက်ကာများမှတဆင့် ကြည့်ရှုလိုက်ရာ လူအများအပြားသည် ဘဏ္ဍာတော်ဆောင် အတွင်းသို့ ဝင်ရောက်လာကြပြီး မိမိတို့ နေရာအသီးသီးတွင် ဝင်ရောက်ထိုင်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့ရ၏။

ထိုစဉ် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့်၏ အရှိန်အဝါများ ဘဏ္ဍာတော်ဆောင် အတွင်းသို့ ဝင်ရောက်လာလေသည်။

ယဲ့ဖုန်းသည် ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် လိုက်ကာကို မကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ဆန်းယွမ်မြို့စားမင်း ယွင်ဟွာကျန်းရန်၊ ရေပေါ်ဖြူမြို့တော် ဒုတိယမြို့စားမင်း၊ လက်နက်တစ်ရာဂိုဏ်းနှင့် ချင်းယွင်ဂိုဏ်းမှ အစွမ်းထက် ပုဂ္ဂိုလ်များ ရောက်ရှိလာခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

“ဒီလေလံပွဲရဲ့ အဓိကပစ္စည်းက အရည်အသွေး အလွန်ကောင်းတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်လို့ သတင်းကြားထားတယ်။ တန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်ထောင်ထက် မနည်းဘူးတဲ့... တိုက်တိုက်ဆိုင်ဆိုင် ငါကလည်း ဝိညာဉ်ဓားတစ်လက် လိုနေတာနဲ့ အတော်ပဲ... ငါ့ကို ဘယ်ကောင်များ လာယှဉ်ရဲမလဲ ကြည့်ရသေးတာပေါ့”

မောက်မာဝင့်ကြွားသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

ထိုအသံနှင့်အတူ လူတိုင်းသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ဘဏ္ဍာတော်ဆောင် တစ်ခုလုံးပင် တုန်ခါသွားသကဲ့သို့ ဖြစ်သွားရကာ အသံလာရာဆီသို့ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရရှာသည်။

အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ချင်းယွင်ကျန်းရန်သည် လက်ကို နောက်ပစ်လျက် လျှောက်လှမ်းလာ၏။ သူ့ဘေးတွင် ချင်းယွင်ဂိုဏ်းမှ အကြီးအကဲအချို့ ပါလာကြပြီး သူ၏ ခန္ဓာကိုယ်မှ စူးရှတောက်ပသော အလင်းတန်းများနှင့် ထူးခြားသော အရှိန်အဝါများ ဖြာထွက်နေပေသည်။

“လေလံပစ္စည်းဆိုတာ ဈေးအများဆုံးပေးနိုင်တဲ့သူ ရတာပဲလေ... ချင်းယွင်ကျန်းရန်... ခင်ဗျားရဲ့ အနိုင်ကျင့်ချင်တဲ့ အကျင့်စရိုက်က ဒီနေရာနဲ့တော့ သိပ်မကိုက်ညီဘူး ထင်တယ်”

လျိုယွင်ဂိုဏ်းချုပ်သည် ဘဏ္ဍာတော်ဆောင် အတွင်းသို့ ဝင်ရောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ သူသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ချင်းယွင်ကျန်းရန် ထုတ်လွှတ်ထားသော ဖိအားများ ကွယ်ပျောက်သွားလေသည်။

အခြားသူများမှာမူ ဖိအားလျော့ကျသွားသဖြင့် သက်သာရာရသွားကြပြီး လျိုယွင်ဂိုဏ်းချုပ်အား ကျေးဇူးတင်သော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြ၏။

“အဟမ်း... မိတ်ဆွေတို့ရေ... လေလံပွဲ စတော့မှာမို့လို့ နေရာယူပေးကြပါခင်ဗျာ”

ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေသော အဘိုးအိုတစ်ဦးသည် လေလံစင်မြင့်ပေါ်သို့ တက်ရောက်လာလေသည်။

“ကျွန်တော်ကတော့ ဒီလေလံအိမ်တော်ရဲ့ ပင်တိုင် အစီအစဉ်မှူး ကျန်းတောက်လိ ပါ... ရောက်ရှိနေကြတဲ့ မိတ်ဆွေအများစုက ကျွန်တော့်ကို သိပြီးသား ဖြစ်မှာပါ”

“ကဲ... အချိန်မဖြုန်းတော့ဘဲ လေလံပွဲကို စလိုက်ကြရအောင်ဗျာ”

“ပထမဆုံး ရတနာကတော့ ပထမအဆင့် သိုင်းနည်းစနစ် ဖြစ်တဲ့ ဝိညာဉ်ပျံသန်းမြင်း ပါ... ဒီသိုင်းနည်းစနစ်ကို တတ်မြောက်သွားရင် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အတောင်ပံပါတဲ့ မြင်းဖြူတစ်ကောင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်... ခဏတာ ပျံသန်းနိုင်ပေမဲ့ အားနည်းချက်ကတော့ ဝိညာဉ်စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေတာပါပဲ... ကြမ်းခင်းဈေးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးဆယ် ပါ”

လေလံမှူး ကျန်းတောက်လိသည် ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ကို ထုတ်ပြလိုက်ပြီး လျင်မြန်စွာ မိတ်ဆက်ပေးလိုက်သည်။

“သုံးဆယ့်ငါး”

“သုံးဆယ့်ရှစ်”

“လေးဆယ်”

“...”

ပြင်းထန်စွာ ဈေးပြိုင်ခေါ်ယူပြီးနောက် ဝိညာဉ်ပျံသန်းမြင်း သိုင်းနည်းစနစ်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ့်သုံးတုံးဖြင့် ရောင်းထွက်သွားလေသည်။

“ဒုတိယမြောက် လေလံပစ္စည်းကတော့ နှစ်ပေါင်းများစွာ သိပ်ထားတဲ့ ဝိညာဉ်သေရည် တစ်အိုးပါ... ကျင့်ကြံခြင်းကို မြန်ဆန်စေပါတယ်... အထူးသဖြင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်း မပြုလုပ်ခင် တစ်ယောက်တစ်ခွက်စီ သောက်လိုက်မယ်ဆိုရင် အာနိသင်ကတော့... ဟဲဟဲ... စမ်းဖူးသူတွေပဲ သိမှာပါဗျာ”

ကျန်းတောက်လိသည် စကားအရှည်ကြီး ပြောကြားကာ ဈေးခေါ်စေလိုက်သည်။

နာရီဝက် မကြာခင်မှာပင် ဝိညာဉ်လက်နက်များ၊ သိုင်းနည်းစနစ်များ၊ ဆေးလုံးများ နှင့် သန့်စင်ပြီး သတ္တုရိုင်းများ ကဲ့သို့သော ပစ္စည်းရာပေါင်းများစွာ ရောင်းချပြီးစီးသွားခဲ့၏။

သို့သော် ထိုပစ္စည်းများသည် အဆင့်နိမ့်ပစ္စည်းများသာ ဖြစ်ပြီး အများစုမှာ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများသာ အလုအယက် ဝယ်ယူနေကြခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် လေလံပွဲသည် တတိယအဆင့် သိုင်းနည်းစနစ်များ၊ သာမန် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များနှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အတွက် သင့်တော်သော အဆင့်နိမ့် မူလခိုင်မာဆေးလုံးများ ဆီသို့ ဦးတည်လာခဲ့သည်။

ယဲ့ဖုန်းသည် မည်သည့်ပစ္စည်းကိုမျှ ဝင်မပြိုင်ဘဲ အေးဆေးစွာသာ ထိုင်ကြည့်နေလိုက်သည်။

သူက အထင်သေး၍ မဟုတ်ပေ။ မြူခိုးဂိုဏ်းက ဆင်းရဲလွန်းနေသောကြောင့်သာ ဖြစ်၏။ သူတို့အနေဖြင့် အဆင့်နိမ့် ဝိညာဉ်လက်နက် အခုသုံးဆယ်ကို ရောင်းချပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ခြောက်ဆယ် ရရှိထားလျှင်ပင်၊ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား သွန်းလုပ်ရန် လိုအပ်သော ဝိညာဉ်ကျောက်တုံး ပမာဏ ပြည့်မီဖို့အတွက် ချိုးခြံချွေတာ စုဆောင်းနေရဦးမည် ဖြစ်ပေသည်။

နောက်ထပ် ၁၅ မိနစ်ခန့် ကုန်လွန်သွားပြန်သည်။

“နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ လူတိုင်း လိုချင်နေကြတဲ့ အရာပါ... လက်နက်သွန်းလုပ်ရေး ဆရာသခင် တစ်ယောက် ဖန်တီးထားတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ဓား ဖြစ်ပါတယ်... တန်ဖိုးက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ငါးထောင်လောက် တန်ကြေးရှိပါတယ်... ကြမ်းခင်းဈေးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင် ပါ”

ကျန်းတောက်လိသည် သစ်သားသေတ္တာတစ်လုံးကို ဖွင့်လိုက်ပြီး တစ်ပေခန့်သာ ရှည်လျားသော်လည်း အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည့် ဝိညာဉ်ဓားတစ်လက်ကို ထုတ်ပြလိုက်လေသည်။

ဝိညာဉ်ဓား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ကျဉ်ခနဲ ဖြစ်သွားကြရ၏။

“နောက်ဆုံးတော့ စပြီဟေ့”

ဝိညာဉ်ဓားကို မြင်လိုက်သည်နှင့် ယဲ့ဖုန်းနှင့် မြူခိုးဂိုဏ်းသားများသည် ချက်ချင်း စိတ်ဝင်စားသွားကြပြီး ဘယ်ဈေးလောက်နဲ့ ရောင်းထွက်မလဲဆိုတာကို သိချင်စိတ် ပြင်းပြလာကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဒါဇင်နှင့်ချီသော နတ်ဘုရားအာရုံများသည် ဝိညာဉ်ဓားအပေါ်သို့ ကျရောက်သွားပြီး ၎င်း၏ အရည်အသွေးနှင့် တန်ဖိုးကို အကဲခတ် စစ်ဆေးလိုက်ကြလေသည်။

“တကယ်ကို ကောင်းတဲ့ ဓားပဲ... ငါ သုံးထောင့်ငါးရာ ပေးမယ်”

ချင်းယွင်ကျန်းရန်သည် သူ၏ နတ်ဘုရားအာရုံကို ပထမဆုံး ပြန်ရုပ်သိမ်းလိုက်သည်။ လက်ပိုက်ကာ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်အထိ ပြုံးလျက် ဈေးခေါ်လိုက်၏။

“ဒီလောက် လက်ရာမြောက်တဲ့ ဓားမျိုးက ဓားလမ်းစဉ် လိုက်စားသူတွေအတွက် ရှားပါးရတနာပဲ... ငါလည်း ဒီဓားကို သဘောကျတယ်... သုံးထောင့်ရှစ်ရာ ပေးမယ်ကွာ”

လျိုယွင်ဂိုဏ်းချုပ်ကလည်း အားကျမခံ ပြန်ပြောလိုက်သည်။

ပုံမှန် အခြေအနေမျိုးတွင် ဆိုလျှင်တော့ စိတ်သဘောထား သေးသိမ်သော ချင်းယွင်ကျန်းရန်ကို ပြိုင်ဆိုင်ပြီး ဈေးခေါ်ခြင်းသည် ထိုလူ့အငြိုးအတေးကို ခံရဖို့ သေချာသလောက် ရှိပေသည်။ သို့သော် နတ်ဆိုးမြို့တော်၏ ခြိမ်းခြောက်မှု ရှိနေချိန်တွင် လျိုယွင်ဂိုဏ်းချုပ်သည် သူ့အင်အားကို တတ်နိုင်သမျှ ဖြည့်တင်းထားချင်နေသည်။

ဒီ ဝိညာဉ်ဓားက သူ့အပိုင် ဖြစ်ကို ဖြစ်ရမည်။

“လေးထောင်”

လက်နက်တစ်ရာဂိုဏ်းချုပ်လည်း ဝင်ရောက် ယှဉ်ပြိုင်လေသည်။

လူ.. ဖန်တီးထားသည်ဟု မထင်ရလောက်အောင် သေသပ်လှပသော လက်ရာမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ အထူးသဖြင့် စနစ်တကျ စီစီရီရီ ရေးထိုးထားသော ဝင်္ကပါ အင်းကွက်များက အံ့မခန်းပင်။ ဒီဓားကိုသာ ရလိုက်ပြီး လက်နက်တစ်ရာဂိုဏ်းသို့ ယူဆောင်ကာ လေ့လာနိုင်မည် ဆိုလျှင် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်မှာ သေချာသည်။

“လေးထောင့်ငါးရာ”

ချင်းယွင်ကျန်းရန်သည် ဒေါသတကြီးဖြင့် ထိုင်ခုံလက်ရမ်းကို ရိုက်ချလိုက်သည်။

“လေးထောင့်ရှစ်ရာ”

ဟု လျိုယွင်ဂိုဏ်းချုပ်က ထပ်မံ ဈေးတိုးပေးလိုက်၏။

“ငါးထောင်”

လက်နက်တစ်ရာ ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်လျက် သူ တတ်နိုင်သည့် အမြင့်ဆုံးဈေးကို ခေါ်လိုက်သည်။ ဒီထက် ဈေးပိုကြီးသွားရင်တော့ လက်လျော့လိုက်ရုံသာ ရှိတော့သည်။ လက်နက်တစ်ရာဂိုဏ်းသည် သူ့တစ်ယောက်တည်း သဘောဖြင့် လည်ပတ်နေခြင်း မဟုတ်သဖြင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုတည်းအတွက် ဒီလောက် ငွေအများကြီး သုံးဖို့ မဖြစ်နိုင်ပေ။

“ငါးထောင့်သုံးရာ”

ချင်းယွင်ကျန်းရန်သည် ထိုင်ခုံလက်ရမ်းကို ရိုက်ခွဲပစ်လိုက်ပြီး အော်ဟစ်လိုက်သည်။

“ဒီက ထွက်သွားပြီးတာနဲ့ ငါနဲ့ ဘယ်ကောင် လာပြိုင်ရဲဦးမလဲ ကြည့်ရသေးတာပေါ့... အဲ့ဒီကောင်ကို သေအောင် ရိုက်သတ်ပြမယ်”

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း နောက်တွန့်သွားကြလေသည်။

လေလံမှူး ကျန်းတောက်လိမှာလည်း ချင်းယွင်ကျန်းရန် အလွန်အမင်း အနိုင်ကျင့်လွန်းနေသည်ဟု တွေးမိကာ နှုတ်ခမ်းများ တွန့်ချိုးသွားရရှာသည်။ လေလံပွဲများတွင် သူ အမုန်းဆုံးအရာမှာ အာဏာကို အသုံးပြုပြီး သူတစ်ပါးကို ဖိနှိပ်ကာ စည်းကမ်းဖောက်ဖျက်ခြင်းပင် ဖြစ်သည်။ ထိုသို့ လုပ်ခြင်းကြောင့် လေလံအိမ်တော်အတွက် ဝင်ငွေ လျော့နည်းစေသည်။

လျိုယွင်ဂိုဏ်းချုပ်နှင့် လက်နက်တစ်ရာဂိုဏ်းချုပ်တို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ခေါင်းခါကာ သက်ပြင်းချလိုက်ကြသည်။ သူတို့နှစ်ယောက်လုံး ဆက်လက် ဈေးပြိုင်ဖို့ အစီအစဉ်ကို စွန့်လွှတ်လိုက်ကြရ၏။

သီးသန့်ခန်း အတွင်းတွင်မူ...

ယဲ့ဖုန်းသည် ပေါင်ကို ပုတ်ကာ ကျိန်ဆဲလိုက်သည်။ ချင်းယွင်ကျန်းရန် အဘိုးကြီးက မောက်မာလွန်းရုံသာမက သူ့စီးပွားရေးလမ်းကြောင်းကိုပါ ပိတ်ဆို့ရဲသည်ပေါ့လေ။

ယဲ့ဖုန်းသည် အသံကုန်ဟစ်ကာ လှမ်းအော်လိုက်တော့သည်။

“ရိုက်သတ်မယ် ဟုတ်လား... ခင်ဗျား စိတ်ကူးယဉ်နေတာလား”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ခန်းမ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အခြေအနေကို နားမလည်သော ပရိသတ်အများစုသည် ယဲ့ဖုန်း ထိုင်နေသော သီးသန့်ခန်းဆီသို့ မယုံကြည်နိုင်သော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။ မောက်မာလွန်းသော ချင်းယွင်ကျန်းရန်ကိုတောင် ဘယ်သူကများ ရန်စရဲရတာလဲ။ အဲ့ဒီလူက အသက်မရှင်ချင်တော့ဘူးလား။

ကျန်းတောက်လိနှင့် ကျန်းရှင်းယွီတို့၏ မျက်ဝန်းအိမ်များလည်း ကျဉ်းမြောင်းသွားကြသည်။

ယဲ့ဖုန်းက ချင်းယွင်ကျန်းရန်ကို စော်ကားလိုက်ပြီ။ တကယ်လို့များ လုံဝူမြို့တော်ထဲမှာ ဒီအဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်ကြရင် ဘယ်လိုလုပ်ကြမလဲ။

“သူပါလား...”

ရုတ်တရက် အသံထွက်ပေါ်လာချိန်တွင် လျိုယွင်ဂိုဏ်းချုပ်၊ လက်နက်တစ်ရာဂိုဏ်းချုပ်နှင့် ဆန်းယွမ်မြို့စားမင်းတို့၏ အကြည့်များ စူးရှသွားကြသည်။

ထိုအသံကို ချင်းယွင်ကျန်းရန် ကောင်းကောင်းကြီး မှတ်မိနေသည်။ ယဲ့ဖုန်း သူ့ကို အလဲလဲအကွဲကွဲ ဖြစ်အောင် ရိုက်နှက်ခဲ့သည့် နေ့တစ်နေ့ဆီသို့ အချိန်ခရီးလွန်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကြီး တုန်ခါသွားလေ၏။

သူ့ဘေးနားရှိ ချင်းယွင်ဂိုဏ်း အကြီးအကဲများကမူ သူတို့ဂိုဏ်းချုပ်ကြီး ဒေါသထွက်သွားသည်ဟု ထင်မှတ်ကာ ယဲ့ဖုန်း ရှိရာ အခန်းဘက်သို့ လက်ညှိုးထိုးပြီး ဆဲဆိုကြတော့သည်။

“ဘယ်က သူခိုးဂျပိုးကများ ငါတို့ကို ရဲရဲတင်းတင်းနဲ့...”

“ပါးစပ်ပိတ်ထားစမ်း... သွားသေလိုက်ကြ”

ချင်းယွင်ကျန်းရန်သည် အကြီးအကဲတစ်ယောက်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီးနောက် ခါးကို မတ်ကာ ယဲ့ဖုန်း ရှိရာ အခန်းကို မဲ့ပြုံး ပြုံးပြီး လှမ်းကြည့်လိုက်သည်။

“ယဲ့ဖုန်း... မင်းမှာ ပိုက်ဆံရှိရင်လည်း ဈေးဝင်ပြိုင်လေကွာ... ဈေးပေါတဲ့ စကားလုံးတွေနဲ့ လာမဟောင်နဲ့”

ထိုစကားကို ကြားလိုက်ရသောအခါ ခန်းမတစ်ခုလုံး တုန်လှုပ်ချောက်ခြားသွားကြလေသည်။

စိတ်သဘောထား သေးသိမ်ပြီး ကလဲ့စားချေတတ်တဲ့ ချင်းယွင်ကျန်းရန်က ယဲ့ဖုန်းကို အရေးယူမယ့်အစား ငြိမ်းချမ်းရေး ရယူလိုက်တာလား။

ဘာတွေဖြစ်ကုန်ကြပြီလဲ။

သူ ကြောက်နေတာလား။

လျိုယွင်ဂိုဏ်းချုပ် ကဲ့သို့သော လူနည်းစုကလွဲရင် မြူခိုးဂိုဏ်းသားများပင်လျှင် ဒီအဖြစ်အပျက်ကို လုံးဝ မယုံကြည်နိုင် ဖြစ်နေကြသည်။

“ချင်းယွင်ကျန်းရန်က ဂိုဏ်းချုပ်ဦးလေးကို ကြောက်နေပုံပဲ... ဘာဖြစ်လို့လဲဆိုတာ ဘယ်သူများ ရှင်းပြနိုင်မလဲဗျ”

ရှီလေ့က နားမလည်စွာ ပြောလိုက်သည်။

တပည့်များအားလုံး ယဲ့ဖုန်းကို ဝိုင်းကြည့်လိုက်ကြ၏။

“ငါ ၅၅၀၀ ပေးတယ်”

ယဲ့ဖုန်းသည် လူတိုင်း၏ အံ့အားသင့်မှုကို လျစ်လျူရှုကာ ဈေးစခေါ်လိုက်သည်။

စင်မြင့်ပေါ်တွင်...

ကျန်းတောက်လိသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ချင်းယွင်ကျန်းရန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ချင်း... ချင်းယွင်ကျန်းရန်... ဂိုဏ်းချုပ်ယဲ့ ပေးတဲ့ဈေးက ခင်ဗျားထက် များနေပါတယ်”

ချင်းယွင်ကျန်းရန်၏ မျက်နှာ မည်းမှောင်သွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“၆၀၀၀”

“ဝိညာဉ်ကျောက်တုံး ၆၀၀၁ တုံး” ယဲ့ဖုန်းက ဈေးတိုးပေးလိုက်သည်။

“၆၅၀၀” ချင်းယွင်ကျန်းရန်က ထပ်တိုးလိုက်သည်။

“၆၅၀၁ တုံး”

ယဲ့ဖုန်းက ချင်းယွင်ကျန်းရန်ထက် ဝိညာဉ်ကျောက်တုံး တစ်တုံးတည်း ပိုပေးပြီး ဆက်တိုက် ဈေးလိုက်ခေါ်နေသည်။

“မင်း... ငါ့ကို ဒေါသထွက်အောင် လုပ်နေတာလား”

ချင်းယွင်ကျန်းရန်သည် ကြမ်းပြင်ကို ဆောင့်နင်းလိုက်ရာ ကြမ်းခင်းများ ကွဲအက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့မည့်အလား ဖြာထွက်လာလေသည်။

လူတိုင်း ဒူးထောက်ကျမတတ် ဖြစ်သွားကြပြီး ခန္ဓာကိုယ်များ တုန်ယင်လာကြသည်။

သီးသန့်ခန်း အတွင်း၌...

မိုယင်က တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်မတို့ ဒီလောက်ဈေးကို မတတ်နိုင်ဘူး မဟုတ်လား”

“ငါက ဝယ်မလို့မှ မဟုတ်တာ... ဈေးကို ဆွဲတင်ပေးနေရုံ သက်သက်ပဲ”

ယဲ့ဖုန်းက ပြုံးရင်း ပြောလိုက်သည်။

သူသည် စကားပြောသံကို အပြင်မကြားရအောင် လေဝိညာဉ်ပုလဲကို အသုံးပြုပြီး ကာကွယ်ထားပါသည်။ မိုယင်မှလွဲ၍ အခြားတပည့် မည်သူမျှ သူတို့ပြောတာကို မကြားရပေ။

“သြော်... ဒါကြောင့်ကိုး”

မိုယင် ခေါင်းညိတ်လိုက်ပြီး အဝေးရှိ ချင်းယွင်ကျန်းရန်ကို လှမ်းကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီကိစ္စပြီးရင် ချင်းယွင်ကျန်းရန်က အငြိုးထားနေရင် ဘယ်လိုလုပ်မလဲ”

“သူက ငါ့ကို နိုင်မယ်လို့ မင်းထင်လို့လား”

ယဲ့ဖုန်းက ပြန်မေးလိုက်သည်။

မိုယင် အံ့သြသွားပြီးနောက် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။

ယဲ့ဖုန်း ဒီလောက် မောက်မာနေတာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ့ခွန်အားက ချင်းယွင်ကျန်းရန်ကို မကြောက်ရတဲ့ အဆင့်အထိ ရောက်နေပြီကိုး။

သူက ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်ကို ရောက်နေတာများလား။

နတ်ဆိုးမြို့တော်ကို လျှို့ဝှက်ကျင့်ကြံသူတစ်ဦးက ဥက္ကာခဲမိုး ရွာချပြီး တိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်တွေးမိလိုက်ပြီး မိုယင်သည် ယဲ့ဖုန်းကို လှမ်းကြည့်လိုက်သည်။ ဉာဏ်ကောင်းသော သူမသည် မြူခိုးဂိုဏ်း၏ တတိယအဆင့် သိုင်းနည်းစနစ်ဖြစ်သော ကောင်းကင်လမင်း တိုက်ခိုက်မှု ကို ချက်ချင်း သတိရသွားလေသည်။

“ဂိုဏ်းချုပ်က နတ်ဆိုးမြို့တော်ကို မွှေနှောက်သွားတဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ပညာရှင်ကြီး ဖြစ်နေတာပဲ... ဒီလောက် အစွမ်းထက်နေမှတော့ သူ့ရဲ့ ဆန်းကြယ်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေတာ မဆန်းပါဘူးလေ”

သူမ ရုတ်တရက် သဘောပေါက် နားလည်သွားတော့သည်။

ထိုအချိန်တွင် ချင်းယွင်ကျန်းရန်သည် သီးသန့်ခန်းထဲမှ ရုတ်တရက် ထွက်လာပြီး ယဲ့ဖုန်းကို လက်ညှိုးထိုးကာ အော်ဟစ်ပြောဆိုလိုက်သည်။

“ဒီ အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို ဝိညာဉ်ကျောက်တုံး ၈၀၀၀ နဲ့ ဝယ်ဖို့ ငါဆုံးဖြတ်လိုက်ပြီ”

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ဓားချင်းထိခတ်သံများ ပါဝင်နေသဖြင့် လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်သွားစေသည်။

ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ထပ်မံ ဈေးမခေါ်တော့ရန် ဆုံးဖြတ်လိုက်သည်။

တကယ်လို့များ ချင်းယွင်ကျန်းရန်က ရုတ်တရက် ဈေးမပြိုင်တော့ဘဲ နောက်ဆုတ်သွားရင် သူ အကြီးအကျယ် ရှုံးသွားမှာ ဖြစ်သည်။

ထို့ကြောင့် ယဲ့ဖုန်းသည် သီးသန့်ခန်း အရှေ့သို့ တမင်တကာ ထွက်ရပ်လိုက်သည်။ သူ့မျက်နှာထားက တည်ငြိမ်နေရာမှ လေးနက်သော ပုံစံသို့ ပြောင်းလဲသွားပြီး ဈေးထပ်ပေးရမလား၊ မပေးရဘူးလား ချိန်ဆနေသည့်ဟန် လုပ်ပြလိုက်သည်။ သူ့သရုပ်ဆောင်ချက်များက ပြိုင်ဘက်ကင်းပါပေတယ်။

“မင်း ဈေးထပ်ပေးမှာလား၊ မပေးဘူးလား”

ချင်းယွင်ကျန်းရန် မဲ့ပြုံး ပြုံးလိုက်သည်။

သူ့အမြင်တွင်တော့ အတွေးနက်နေသော ယဲ့ဖုန်းမှာ ပိုက်ဆံကုန်သွားပြီ ဖြစ်ရမည်။ မဟုတ်လျှင် ချက်ချင်း ဈေးလိုက်ပေးဖို့ တွန့်ဆုတ်နေမည် မဟုတ်ပေ။

ယဲ့ဖုန်းသည် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားဟန် ပြုပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

“ဟာ... သွားပါပြီ... ငါ့အိတ်ကပ်ထဲမှာ ဈေးထပ်ပေးဖို့ ပိုက်ဆံမလောက်တော့ပါလား... ဒီလောက် ကောင်းတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို လက်လွှတ်လိုက်ရတာ နှမြောစရာ ကောင်းလိုက်တာကွာ”

စကားပြောပြီးနောက် ယဲ့ဖုန်းသည် အခွင့်အရေးကြီးတစ်ခု လက်လွှတ်ဆုံးရှုံးလိုက်ရသကဲ့သို့ ကောင်းကင်ကို မော့ကြည့်ကာ ထိုင်ခုံပေါ်သို့ ပစ်လှဲချလိုက်လေသည်။ သူ၏ သရုပ်ဆောင်ကွက်များမှာ ပိုမို ပိရိလာပြီး မိုယင် ကိုတောင် ယုံသွားလောက်အောင် ဖြစ်စေသည်။

“ဂိုဏ်းချုပ်... အဆင်ပြေရဲ့လား”

လီကျောက်ကျောက်နှင့် အခြား အမျိုးသမီး တပည့်လေးများသည် သူ့နားသို့ အမြန် ယရောက်လာကြပြီး ပခုံးနှင့် ကျောကို နှိပ်နယ်ပေးကြလေသည်။

“ဂိုဏ်းချုပ်ယဲ့က ပြိုင်ပွဲကနေ နုတ်ထွက်သွားပြီ ဖြစ်တဲ့အတွက် ဒီ အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို ချင်းယွင်ကျန်းရန်ဆီ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈၀၀၀ နဲ့ ရောင်းချလိုက်ပါတယ်”

ကျန်းတောက်လိက အရောင်းအဝယ်ကို အတည်ပြုလိုက်သည်။

“ဟွန်း... ပိုက်ဆံမရှိဘဲနဲ့များ ငါနဲ့ လာပြိုင်နေသေးတယ်”

ချင်းယွင်ကျန်းရန် မဲ့ပြုံး ပြုံးလိုက်ပြီး ချက်ချင်း ငွေချေကာ ပြိုင်ဘက်ကင်း လှပသော အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို ရယူလိုက်လေသည်။ သူက ၎င်းကို ချက်ချင်းပင် ချင်းယွင်ဓား ဟု နာမည်ပေးလိုက်ပြီး လက်က မချနိုင်အောင် ဖြစ်နေတော့သည်။

ထို့နောက် သူသည် ယဲ့ဖုန်းကို ကျေနပ်အားရစွာဖြင့် ဘေးစောင်း မျက်စောင်းထိုး ကြည့်လိုက်လေသည်။

ချင်းယွင်ကျန်းရန်အနေဖြင့် သူ ဝိညာဉ်ကျောက်တုံး ၈၀၀၀ ပေးပြီး ဝယ်လိုက်ရသော ချင်းယွင်ဓားသည် ယဲ့ဖုန်း ကိုယ်တိုင် သွန်းလုပ်ထားခြင်း ဖြစ်ကြောင်းကို လုံးဝ မသိရှာပေ။

သူ အလိမ်ခံလိုက်ရမှန်းလည်း မသိရှာပေ။

ဝိညာဉ်ဓား၏ အရည်အသွေးမှာ တကယ်ကို မြင့်မားသော်လည်း အမှန်တကယ် တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ၅၀၀၀ မှ ၆၀၀၀ ခန့်သာ ရှိပြီး၊ ယခု ပေါက်ဈေး ၈၀၀၀ နှင့် ယှဉ်လျှင် အများကြီး ကွာခြားလှသည်။

ခမ်းနားထည်ဝါသော သီးသန့်ခန်း တစ်ခုအတွင်းတွင်...

မြို့စားမင်းလေး ကျန်းရှင်းယွီသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ယဲ့ဖုန်းကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့ရဲ့ ဈေးဆွဲတင်တဲ့ ဗျူဟာကြောင့် အလယ်အလတ်အဆင့် ဝိညာဉ်ဓားရဲ့ ပေါက်ဈေးက ၄၀ ရာခိုင်နှုန်းလောက် တက်သွားတာပဲ... ပြောင်မြောက်တယ်... တကယ်ကို ပြောင်မြောက်လွန်းပါပေတယ်ဗျာ”

အခန်း (၂၁၂) - ယွင်ဟွာဂိုဏ်းသို့ အလည်သွားခြင်းနှင့် ဝိညာဉ်သွေးကြော ပြိုကျခြင်း

~မြို့စားမင်းလေး ကျန်းရှင်းယွီသည် ယဲ့ဖုန်း အလွန်အစွမ်းထက်ကြောင်း မသိသော်လည်း၊ ချင်းယွင်ကျန်းရန်ကို ရင်ဆိုင်နေရခြင်းမှာ ဈေးဆွဲတင်ပြီး အမြတ်များများရအောင် လုပ်နေခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။

ယခုအခါ ယဲ့ဖုန်း၏ ဗျူဟာမှာ အောင်မြင်သွားပြီ ဖြစ်သည်။

ဝိညာဉ်ကျောက်တုံး ၈၀၀၀ ဆိုသော ပေါက်ဈေးသည် အလွန်မြင့်မားလှပေသည်။

ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးတွင် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုအတွက် စံချိန်တင် အမြင့်ဆုံး ဈေးနှုန်းမှာ လက်နက်သွန်းလုပ်ရေး ဆရာသခင်ကြီးတစ်ဦး မကွယ်လွန်မီ နောက်ဆုံးဖန်တီးခဲ့သော လက်ရာတစ်ခုသာ ရှိခဲ့သည်။

ထိုလက်နက်သည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်သာ ဖြစ်သော်လည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၃၀၀၀ အထိ ဈေးရခဲ့ဖူးသည်။

ယဲ့ဖုန်း၏ ဝိညာဉ်ဓားသည် ၈၀၀၀ ဖြင့် ရောင်းထွက်သွားခြင်းမှာ အလွန်မြင့်မားသော ဈေးဟု သတ်မှတ်၍ ရနေလေပြီ။

“အဟမ်း... နောက်ဆုံး လေလံပစ္စည်းလည်း ရောင်းထွက်သွားပါပြီ... ကျွန်တော်တို့ ဘဏ္ဍာတော်ဆောင်ကို အားပေးကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်... နောက်တစ်ခေါက် လေလံပွဲ ကျင်းပတဲ့အခါ ဒီအဖိုးကြီးက မိတ်ဆွေတို့ကို အကြောင်းကြားပါဦးမယ်ဗျာ”

ကျန်းတောက်လိသည် လက်သီးဆုပ်ကာ အရိုအသေပြု နှုတ်ဆက်လိုက်ပြီးနောက် ကပျာကယာ ထွက်ခွာသွားလေသည်။ ချင်းယွင်ကျန်းရန်နှင့် ယဲ့ဖုန်းတို့ ဒီနေရာမှာတင် ထသတ်ကြပြီး သူ့ကိုပါ ဆွဲထည့်သွားမှာ ကြောက်ရွံ့နေပုံရ၏။

သီးသန့်ခန်း အတွင်းတွင်...

ချင်းယွင်ကျန်းရန်သည် ချင်းယွင်ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်လျက် ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာပြီး တဟားဟား ရယ်မောကာ ပြောလိုက်သည်။

“ဒီ ချင်းယွင်ဓားက ကောင်းကင်ဘုံက ဖန်ဆင်းပေးလိုက်သလိုပါပဲ... အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တွေထဲမှာ ထိပ်တန်းအရည်အသွေးလို့ ပြောလို့ရတယ်... ဒီဓားသာ ရှိရင် ငါ့ခွန်အားက ဓာတ်ကြီးငါးပါး စုစည်းခြင်း ၈ ဆင့်မြောက် ကျင့်ကြံသူကိုတောင် ယှဉ်နိုင်ပြီ... ငါသာ ဓာတ်ကြီးငါးပါး စုစည်းခြင်း ၇ ဆင့်မြောက်ကို အောင်မြင်သွားရင် အထွတ်အထိပ် အဆင့်ကိုတောင် ကြောက်စရာ မလိုတော့ဘူး”

ပြောပြီးသည်နှင့် သူသည် လက်ကိုနောက်ပစ်လျက် ထွက်ခွာသွားတော့သည်။

တံခါးဝမှ မထွက်ခွာမီ ချင်းယွင်ကျန်းရန်သည် ရုတ်တရက် လှည့်ကြည့်ပြီး ယဲ့ဖုန်းကို မောက်မာသော အပြုံးဖြင့် ပြုံးပြလိုက်သေးသည်။

ယဲ့ဖုန်းကလည်း အလိုက်သင့်ပင် ရှုံးနိမ့်သွားသူတစ်ယောက်လို မျက်မှောင်ကြုတ်ပြလိုက်၏။

“ဟင်း”

ချင်းယွင်ကျန်းရန်သည် ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားလေသည်။

သူသည် တိုက်ပွဲနိုင်သော ကြက်ဖကြီးတစ်ကောင်လို ခေါင်းမော့ ရင်ကော့ကာ လမ်းလျှောက်သွားသော်လည်း၊ တကယ့် အရူးကြီးမှာ သူကိုယ်တိုင် ဖြစ်နေကြောင်းကိုတော့ လုံးဝ သတိမထားမိရှာပေ။

ချင်းယွင်ဂိုဏ်းသားများ ဘဏ္ဍာတော်ဆောင်မှ ထွက်ခွာသွားသည်နှင့် တပြိုင်နက်၊ သီးသန့်ခန်းထဲတွင် ရှိနေသော ယဲ့ဖုန်း၊ မိုယင်၊ ရှီလေ့နှင့် အခြားသူများသည် အောင့်အီးမထားနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြတော့သည်။

“ဂိုဏ်းချုပ်... ဝိညာဉ်ကျောက်တုံး ၈၀၀၀ တောင်နော်”

“ငါတို့တော့ ပွပြီဟေ့... ပွပြီ”

“ကျွန်တော် ထင်တယ်... ကျွန်တော်တို့ မြူခိုးဂိုဏ်းက နောက်ဆို ဝိညာဉ်လက်နက်တွေ လေလံတင်ရောင်းပြီး စီးပွားရှာရင် ကောင်းမယ်... ပထမဆုံး ရည်မှန်းချက်အနေနဲ့ တစ်သန်းလောက် အရင် ရှာကြတာပေါ့”

တပည့်များက တက်ကြွစွာ ဆွေးနွေးနေကြသည်။

ယဲ့ဖုန်းသည် နှုတ်ဆိတ်နေသော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးက သူ ဘယ်လောက် ပျော်ရွှင်နေလဲဆိုတာကို ဖော်ပြနေ၏။

“ဂိုဏ်းချုပ်ယဲ့... ဒါက ခင်ဗျားအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၈၀ ပါ”

ကျန်းရှင်းယွီသည် ပျံသန်းလာပြီး ဝိညာဉ်ကျောက်တုံးအိတ်ကို ယဲ့ဖုန်းထံ ကမ်းပေးလိုက်သည်။

“ပုံမှန်ဆိုရင်တော့ ကျွန်တော်တို့ ဘဏ္ဍာတော်ဆောင်က ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း ယူပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့က ဧည့်သည်တော်မို့လို့ ဒီတစ်ခါတော့ မယူတော့ပါဘူးဗျာ”

“ဟေ... ဟုတ်လား... ကျေးဇူးပါပဲဗျာ”

ယဲ့ဖုန်းက ကျေးဇူးတင်စကား ပြောလိုက်သည်။

ယခု အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၈၀ ရရှိလိုက်ပြီး၊ ယခင်ရှိပြီးသား ၆၀ နှင့် ပေါင်းလိုက်လျှင် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား သွန်းလုပ်ရန်အတွက် ၆၈ တုံးသာ လိုတော့သည်။

ကျန်းရှင်းယွီနှင့် ပူးပေါင်းဆောင်ရွက်နေသမျှ ကာလပတ်လုံး ကျန်ရှိနေသော ပမာဏကို ရှာဖွေဖို့ အချိန်သိပ်ကြာမည် မဟုတ်ကြောင်း ယဲ့ဖုန်း ယုံကြည်ထားသည်။

“ဂိုဏ်းချုပ်ယဲ့...”

ကျန်းရှင်းယွီသည် ဝမ်းချုပ်နေသူတစ်ယောက်လို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါ်လိုက်သည်။

“ဘာဖြစ်လို့လဲ မြို့စားမင်းလေး”

“ချင်းယွင်ကျန်းရန်က မြို့ပြင်မှာ စောင့်ပြီး ခင်ဗျားကို ရန်ရှာမှာ မကြောက်ဘူးလား”

ကျန်းရှင်းယွီက စိုးရိမ်တကြီး မေးလိုက်သည်။

“မပူပါနဲ့ဗျာ”ဟူ၍

ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်လောက်ရှိတဲ့ ရန်သူဆိုတာ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်လောက် သုံးလိုက်ရင်ကို ငြိမ်ကျသွားမှာပါ။ တကယ်လို့ မငြိမ်ရင် သုံးမျှင်လောက် သုံးလိုက်ရင် ကိစ္စပြတ်ပါပြီ။

ချင်းယွင်ဓား ရှိနေရင်တောင် ချင်းယွင်ကျန်းရန်က လေဓာတ် ဝိညာဉ်စွမ်းအင်ကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

ပြီးတော့ ချင်းယွင်ဓားကို သံရည်ကျိုမီးဖို သုံးပြီး သူ၊ ယဲ့ဖုန်းကိုယ်တိုင် သွန်းလုပ်ထားတာလေ။ အရေးကြုံလာရင် ချင်းယွင်ကျန်းရန်နဲ့ ဓားကြားက ဆက်သွယ်မှုကို ဖိအားနဲ့ ဖြတ်တောက်လိုက်လို့ ရသားပဲ။

ဒါပေမဲ့ မဖြစ်မနေ အခြေအနေ မဟုတ်ရင်တော့ ဒီနည်းလမ်းကို မသုံးတာ အကောင်းဆုံးပါပဲ။

မဟုတ်ရင် လူတွေက သတင်းကြားသွားပြီး နောင်ကျရင် ဘယ်သူက မြူခိုးဂိုဏ်းထုတ် ဝိညာဉ်လက်နက်တွေကို ဝယ်ရဲတော့မှာလဲ။’

“ကဲ... ကျွန်တော်တို့ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ သွားလိုက်ပါဦးမယ်ဗျာ”

ယဲ့ဖုန်းသည် လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး တပည့်များကို ခေါ်ဆောင်ကာ ဘဏ္ဍာတော်ဆောင်မှ ထွက်ခွာလာခဲ့သည်။

“ဂိုဏ်းချုပ်ယဲ့... ဒီလူ စောင့်နေတာ ကြာလှပြီဗျ”

မြို့ပြင်သို့ ရောက်သည်နှင့် ယဲ့ဖုန်းသည် လေထဲတွင် သူ့ကို စောင့်ဆိုင်းနေသော ယွင်ဟွာကျန်းရန်ကို တွေ့လိုက်ရသည်။

ချင်းယွင်ကျန်းရန် ကတော့ ထွက်သွားတာ ကြာလှပြီ ဖြစ်သည်။

“ယွင်ဟွာကျန်းရန် ပါလား... ကျွန်တော်လည်း ခင်ဗျားကို ရှာနေတာဗျို့”

“ကျွန်တော့်ကို ရှာနေတာ... ဘာကိစ္စများလဲဗျ”

“ကျွန်တော် ယွင်ဟွာဂိုဏ်းကို အလည်လာချင်လို့... အဆင်ပြေပါ့မလား”

“ဒါပေါ့... ပြေတာပေါ့ဗျာ”

သို့နှင့်၊ ယဲ့ဖုန်းနှင့် ယွင်ဟွာကျန်းရန်တို့ သဘောတူညီမှု ရသွားကြပြီးနောက်၊ မိုင်တစ်ရာကျော် ဝေးကွာသော ယွင်ဟွာ တောင်တန်းဆီသို့ ဦးတည် ပျံသန်းသွားကြလေသည်။

*

ဤတောင်တန်းကြီးသည် မိုင်တစ်ရာကျော် ရှည်လျားသည်။

တောင်တန်းအတွင်း၌ ဝိညာဉ်စွမ်းအင်များ ထူပ်သိပ်သည်းနေသော်လည်း တစ်နေရာတည်းတွင် စုစည်းနေခြင်း မရှိဘဲ တောင်ထိပ်များပေါ်တွင် ပျံ့လွင့်နေသည်။ ဝိညာဉ်စွမ်းအင် ဝဲကတော့ ဖြစ်ပေါ်လာခြင်း မရှိသည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားမည့် အခြေအနေတွင် ရှိနေသည်။

ထိုတောင်ထိပ်များပေါ်တွင် ယွင်ဟွာဂိုဏ်း၏ အဆောက်အဦများ တည်ရှိကြလေသည်။

“ဂိုဏ်းချုပ်ယဲ့လည်း မြင်မှာပါ... ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းရဲ့ ဝိညာဉ်သွေးကြောက ပြတ်တောက်နေပါတယ်... ဒါကြောင့် ဝိညာဉ်စွမ်းအင်တွေ စုစည်းလို့မရဘဲ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု မဖန်တီးနိုင်ဖြစ်နေရတာပါ”

ယွင်ဟွာကျန်းရန်က သက်ပြင်းချရင်း ပြောလိုက်သည်။

ဝိညာဉ်သွေးကြော ပြဿနာသာ မရှိခဲ့လျှင် ယွင်ဟွာဂိုဏ်းသည် ကြယ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်လာခဲ့တာ ကြာပြီ ဖြစ်သည်။

“ဒီ ဝိညာဉ်သွေးကြောက ဘာဖြစ်သွားတာလဲ... ဘယ်သူက ဖြတ်တောက်လိုက်တာလဲဗျ”

ယဲ့ဖုန်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တစ်ယောက် လက်ချက်ပါ... ဝိညာဉ်သွေးကြော အမြုတေတွေကို လိုက်ခိုးတဲ့ သူခိုးတစ်ယောက်ပေါ့... သူက ဝိညာဉ်သွေးကြောကို ဖြတ်တောက်ပြီး အမြုတေကို ခိုးယူသွားခဲ့တာပါ... ဒါကြောင့် ယွင်ဟွာဂိုဏ်းက ကြယ်အဆင့်ကို မတက်လှမ်းနိုင် ဖြစ်နေရတာ”

ယွင်ဟွာကျန်းရန်က ဝမ်းနည်းပက်လက် မျက်နှာဖြင့် ပြောပြသည်။

ဤဝိညာဉ်သွေးကြောက အလွန်ဆုံးခံမှ နောက်ထပ် (၁၀) နှစ်လောက်သာ တောင့်ခံနိုင်တော့မည်။

အချိန်ပြည့်သွားသည်နှင့် ဝိညာဉ်သွေးကြော ပြိုကျပျက်စီးသွားလိမ့်မည်။

ထိုအခါကျလျှင်၊ တောင်ထိပ်ပေါ်က ဝိညာဉ်စွမ်းအင်တွေလည်း လွင့်စင်ပျောက်ကွယ်သွားပြီး၊ ယွင်ဟွာတောင်တန်း တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆဟာ ယခုလက်ရှိ၏ အပိုင်းအစလောက်သာ ကျန်တော့မှာမို့ ကျင့်ကြံဖို့ မသင့်တော်တော့သော နေရာ တစ်ခု ဖြစ်သွားရတော့မည်။

“ဝိညာဉ်သွေးကြောကို ပြန်ပြင်ဖို့ နည်းလမ်းမရှိဘူးလား”

ယဲ့ဖုန်းက စပ်စုလိုက်သည်။

“နည်းလမ်းတော့ ရှိပါတယ်... နတ်ဆိုးဘုရင် တစ်ကောင်ရဲ့ အတွင်းအား အမြုတေကို သန့်စင်ပြီး အထူးဝင်္ကပါ တစ်ခု တည်ဆောက်နိုင်ရင် ဝိညာဉ်သွေးကြော အမြုတေအစား အသုံးပြုလို့ ရတယ်လို့ ဆိုကြတယ်... ပြီးတော့ ဒီအသေးစား ဝိညာဉ်သွေးကြောကို အဆင့်နိမ့် ဝိညာဉ်သွေးကြော အဖြစ်တောင် အဆင့်မြှင့်တင်ပေးနိုင်သတဲ့... ဒါပေမဲ့ ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းရဲ့ အရင်းအမြစ် အင်အားနဲ့ နတ်ဆိုးဘုရင် အမြုတေကို ဘယ်ကနေ သွားရှာရမှာလဲဗျာ”

ယွင်ဟွာကျန်းရန်က လက်ကာပြရင်း ပြောလိုက်သည်။

ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး

“ဟုတ်သားပဲ... တခြား နည်းလမ်းရော မရှိတော့ဘူးလား”

“ရှိတော့ ရှိတယ်”

ယွင်ဟွာကျန်းရန်က ခေတ္တမျှ တွေးဆလိုက်ပြီးနောက် ပြောလာသည်က၊

“ကောလဟာလတွေ အရတော့ ဝိညာဉ်သွေးကြော အမြုတေ ရှိခဲ့တဲ့ နေရာမှာ အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ တစ်ခု တည်ဆောက်လိုက်ရင် အဲ့ဒီနေရာမှာ အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာငယ်လေး တစ်ခု ဖန်တီးနိုင်ပြီး ဝိညာဉ်စွမ်းအင်တွေ စုစည်းလာအောင် လုပ်ဆောင်နိုင်တယ်တဲ့... အဲ့ဒါက အမြုတေရဲ့ လုပ်ဆောင်ချက်ကို အစားထိုးနိုင်တယ်လို့ ဆိုကြတယ်”

“ကံဆိုးတာက အသေးစား ကောင်းကင်ဘုံ ဝင်္ကပါကို တည်ဆောက်တတ်တဲ့သူ ရှားပါးလွန်းတယ်... ဆန်းကြယ်သော တိုင်းပြည် နယ်နိမိတ် အတွင်းမှာတော့ ဒီလို ဝင်္ကပါမျိုး ပျောက်ကွယ်သွားပြီလို့တောင် သတင်းထွက်နေကြတယ်လေ”

သူ့စကားအား ကြားတော့၊ ယဲ့ဖုန်း ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။

အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ။

ဟုတ်သည်။ ထိုက်ယွဲ့တောင်တန်းတွင် နတ်ဘုရားမျိုးနွယ်များ ချန်ထားခဲ့သော အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာကို ဖြိုခွင်းစဉ်က အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ တစ်ခု ရရှိခဲ့သည်ပဲ။ ထိုအတိုင်းသာ ပုံဖော်တည်ဆောက်လိုက်လျှင် အောင်မြင်နိုင်လောက်သည်။

ခဏကြာသောအခါ...

လူအုပ်ကြီးသည် ယွင်ဟွာတောင်တန်း၏ အမြင့်ဆုံး တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ထိုနေရာသည် ယွင်ဟွာဂိုဏ်း၏ အဓိက တောင်ထိပ်ဖြစ်ပြီး ဂိုဏ်းချုပ်၏ ခန်းမဆောင်ကြီး တည်ရှိရာ နေရာလည်း ဖြစ်သည်။ ယဲ့ဖုန်း ရောက်ရှိလာကြောင်း ကြားသိရသောအခါ မဟာအကြီးအကဲများ အားလုံး အပြေးအလွှား ရောက်ရှိလာကြပြီး ခန်းမထဲတွင် ထိုင်ကာ ယဲ့ဖုန်းနှင့် ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုကြလေသည်။

စတုတ္ထ အကြီးအကဲ လျိုယွိကျစ် ဆိုလျှင် လင်းယွိယန် နှင့် အခြား ထူးချွန်သော တပည့်များကို ခန်းမဆောင် တံခါးဝတွင် စောင့်ဆိုင်းစေခဲ့သည်။

“ဂိုဏ်းချုပ်ယဲ့... ဒီတစ်ခေါက် ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲဗျ”

ယွင်ဟွာဂိုဏ်း၏ မဟာအကြီးအကဲ၊ ကြင်နာတတ်သော မျက်နှာထားနှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော အဘိုးအိုက မေးမြန်းလိုက်သည်။

“ကျွန်တော်တို့ မြူခိုးဂိုဏ်းက ကြယ်အဆင့်ဂိုဏ်း အဖြစ် တက်လှမ်းဖို့ ကြိုးစားနေတာပါ... အဓိက လာရတဲ့ ရည်ရွယ်ချက်ကတော့ ယွင်ဟွာဂိုဏ်းက လူကြီးမင်းတို့ဆီကနေ သင်ယူစရာရှိတာ သင်ယူပြီး ကျွန်တော်တို့ဂိုဏ်းမှာ ဘာတွေ လိုအပ်နေလဲဆိုတာ လာကြည့်တာပါ”

ဟု ယဲ့ဖုန်းက လိုရင်းကို တဲ့တိုး ပြောလိုက်သည်။

ထိုအခါ၊ ယွင်ဟွာကျန်းရန်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“သြော်... ဒါကြောင့်ကိုး... ကဲ... အရင်ဆုံး စားသောက်ပွဲ ကျင်းပကြတာပေါ့... မနက်ဖြန် မနက်ကျမှ ဒီလူကြီးကိုယ်တိုင် ဂိုဏ်းချုပ်ယဲ့ကို ယွင်ဟွာဂိုဏ်းရဲ့ အဓိက နေရာတွေကို လိုက်ပြပြီး ရှင်းပြပေးပါ့မယ်”

“ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”

ယဲ့ဖုန်းက ကျေးဇူးတင်စကား ဆိုလိုက်ပါသည်။

သို့သော် လူများ စားသောက်ပွဲတွင် မထိုင်ရသေးမီမှာပင် ယွင်ဟွာတောင်တန်း တစ်ခုလုံး ရုတ်တရက် တုန်ခါသွားလေသည်။

လူတိုင်း စားသောက်ခန်းမဆောင်မှ ကပျာကယာ ထွက်ကြည့်လိုက်ကြရာ မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာပြီး ပေါက်ကွဲတော့မည့်အလား ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“မဖြစ်တော့ဘူး... ဝိညာဉ်သွေးကြော ပြိုကျတာ ပိုမြန်လာပြီ”

ယွင်ဟွာကျန်းရန်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နေရာတစ်ခုဆီသို့ အမြန် ပျံသန်းသွားလေသည်။

ယဲ့ဖုန်းလည်း စကားတစ်ခွန်းမှ မဆိုဘဲ နောက်မှ လိုက်သွားလိုက်သည်။

မြေအောက် ပေတစ်ထောင်ခန့် အနက်ရှိ ဂူတစ်ခု အတွင်းတွင်...

ယွင်ဟွာကျန်းရန်၊ အကြီးအကဲ လေးဦး၊ ယဲ့ဖုန်း၊ မိုယင်နှင့် အခြားသူများသည် လေထဲတွင် ပျံဝဲနေကြပြီး ဂူအလယ်ရှိ ပေသုံးရာခန့် မြင့်မားသော ဧရာမ ကျောက်စက်တိုင်ကြီး အက်ကွဲနေသည်ကို ကြည့်ရှုနေကြသည်။ ထိုကျောက်စက်တိုင် အက်ကွဲမှုကြောင့် ယွင်ဟွာတောင်တန်း တစ်ခုလုံး ပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယဲ့ဖုန်း သတိထားမိသည်မှာ ကျောက်စက်တိုင်၏ အပေါ်တစ်ဝက် ပျောက်ဆုံးနေခြင်းပင်။ ဓားတစ်လက်ဖြင့် ပိုင်းဖြတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။

ကြည့်ရတာ ဒီ ကျောက်စက်တိုင်ကြီးက ယွင်ဟွာဂိုဏ်းရဲ့ အသေးစား ဝိညာဉ်သွေးကြော ဖြစ်ပုံရသည်။

အမြုတေ ကတော့ ပျောက်ဆုံးနေပြီ ဖြစ်သည်။

“မြန်မြန်လုပ်... ဝိညာဉ်သွေးကြောကို ထိန်းထားမှ... မဟုတ်ရင် ယွင်ဟွာတောင်တန်းကြီး ပျက်စီးသွားလိမ့်မယ်”

ဆက်တိုက် အက်ကွဲနေသော ကျောက်စက်တိုင်ကြီးကို ကြည့်ရင်း ယွင်ဟွာကျန်းရန် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အဆုံးမဲ့သော စွမ်းအားများကို ကျောက်စက်တိုင် အတွင်းသို့ လျင်မြန်စွာ ထည့်သွင်းပေးလိုက်သည်။

မဟာအကြီးအကဲ လေးဦးလည်း အလုပ်ရှုပ်နေကြသည်။

သို့သော် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပညာရှင် ငါးဦး ပူးပေါင်း လုပ်ဆောင်နေသော်လည်း ကျောက်စက်တိုင်ကြီးသည် တုန်ခါမှုလှိုင်းများကို ထုတ်လွှတ်နေဆဲဖြစ်ပြီး၊ ငလျင်လှိုင်းများအဖြစ် ပြောင်းလဲကာ ယွင်ဟွာတောင်တန်း တစ်ခုလုံးကို ရိုက်ခတ်နေလေသည်။

ခဏအတွင်းမှာပင် တောင်များ ပြိုကျကာ မြေကြီးများ အက်ကွဲကုန်တော့သည်။

လူတိုင်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာပြီး နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့သော ခံစားချက်များ ပြည့်နှက်လာကြသည်။

“ရပ်လိုက်စမ်း”

သီသီလေး လွတ်သွားမည့် အချိန်တွင် ယဲ့ဖုန်း ဝင်ရောက် လုပ်ဆောင်လိုက်လေသည်။

အခန်း (၂၁၃) - အသေးစား ကောင်းကင်ဘုံ ဝင်္ကပါကို ရေးထွင်းခြင်းနှင့် ဘဝသစ် တစ်ခု

~လေဝိညာဉ်ပုလဲမှ နူးညံ့သိမ်မွေ့သော အလင်းရောင်များ ဖြာကျလာသည်နှင့်အမျှ တုန်ခါနေသော ကျောက်စက်တိုင်ကြီးသည် တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။ ယွင်ဟွာကျန်းရန်နှင့် မဟာအကြီးအကဲ လေးဦးတို့မှာမူ ပါးစပ်အဟောင်းသားဖြင့် ငေးမောကြည့်ရှုနေမိကြ၏။

သူတို့ငါးယောက် ပေါင်းပြီး ဝိညာဉ်သွေးကြော ပြိုကျမှုကို တားဆီးရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။ သို့သော် ယဲ့ဖုန်း ဝင်ရောက် ကိုင်တွယ်လိုက်သည်နှင့် တုန်ခါမှုများသည် ချက်ချင်း ရပ်တန့်သွားခဲ့သည်။

ဒါက အစွမ်းထက်လွန်းနေသည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့”

ယွင်ဟွာကျန်းရန်သည် သက်ပြင်းချရင်း ပြောလိုက်သည်။

သို့သော် ယဲ့ဖုန်း၏ မျက်နှာထား တည်ငြိမ်လေးနက်နေသည်ကို မြင်လိုက်ရသောအခါ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရပြန်သည်။

“ကျွန်တော်က ဝိညာဉ်သွေးကြောကို ခဏတာပဲ ထိန်းထားနိုင်မှာပါ... ကျွန်တော် ထွက်သွားတာနဲ့ ဝိညာဉ်သွေးကြောက သေချာပေါက် ပြန်ပြိုကျမှာပဲ... အဲ့ဒီအချိန်ကျရင်တော့ ယွင်ဟွာတောင်တန်း တစ်ခုလုံးကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး”

ယဲ့ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

“ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

ယွင်ဟွာဂိုဏ်း အကြီးအကဲများမှာ မနေနိုင် မထနိုင် ဖြစ်လာကြသည်။

ယွင်ဟွာကျန်းရန်၏ မျက်နှာတွင် စိတ်ဒုက္ခရောက်နေသော အရိပ်အယောင်များ ပေါ်လာပြီးနောက် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရသည်။

“မြန်မြန်လုပ်ကြ... ဂိုဏ်းချုပ်ယဲ့ ဝိညာဉ်သွေးကြောကို ထိန်းထားပေးတုန်း မဟာအကြီးအကဲ လေးယောက်က တပည့်တွေကို ဦးဆောင်ပြီး ယွင်ဟွာတောင်တန်းကနေ အမြန်ဆုံး ဆုတ်ခွာကြတော့... ယူလို့ရသမျှ ပစ္စည်းတွေ အကုန်ယူသွားကြ”

“အဲ့ဒါတွေ လုပ်ဖို့ မလိုပါဘူး”

ယဲ့ဖုန်းက ယွင်ဟွာကျန်းရန်၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

လူတိုင်း၏ မျက်နှာထားများ အေးခဲသွားကြလေ၏။

ယဲ့ဖုန်းသည် ဧရာမ ကျောက်စက်တိုင်ကြီးကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ တစ်ခု တည်ဆောက်ပေးမယ်... ဝင်္ကပါကနေ ထွက်ပေါ်လာတဲ့ နေရာလပ် စွမ်းအား အနည်းငယ်ကို အသုံးပြုပြီး ဒီနေရာကို တည်ငြိမ်အောင် လုပ်လို့ရတယ်”

“အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ ဟုတ်လား”

“ဂိုဏ်းချုပ်ယဲ့က အဲ့ဒီ ဝင်္ကပါကို ရေးဆွဲတတ်လို့လား”

လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြလေသည်။

ယွင်ဟွာကျန်းရန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် ခန္ဓာကိုယ်ပင် တုန်ယင်လာသည်။

“ဂိုဏ်းချုပ်ယဲ့ ပြောတာ တကယ်လား... အသေးစား ကောင်းကင်ဘုံ ဝင်္ကပါကို တကယ် ရေးထွင်းနိုင်တာလားဗျာ”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

“ကျွန်တော့်ဆီမှာ ဝင်္ကပါပုံစံ ရှိတယ်... ပြီးတော့ ဝင်္ကပါ ရေးထွင်းတဲ့ နည်းစနစ်ကိုလည်း တတ်မြောက်ထားပါတယ်... ဒါပေမဲ့ အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ တစ်ခုတည်းအတွက်ပဲ အလုပ်ဖြစ်မှာပါ... ခုနက ယွင်ဟွာကျန်းရန် ပြောခဲ့တယ် မဟုတ်လား... အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာငယ်လေးကို အသုံးပြုပြီး ဝိညာဉ်သွေးကြော အသေးစားကို တည်ငြိမ်အောင် လုပ်လို့ရတယ်ဆိုတာလေ... အဲ့ဒါကို စမ်းကြည့်ကြတာပေါ့”

“ဒါဆို ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ”

မဟာအကြီးအကဲ လေးဦးက စိတ်အားထက်သန်စွာ မေးလိုက်ကြသည်။

“ဂိုဏ်းချုပ်ယဲ့သာ ဝိညာဉ်သွေးကြောကို တည်ငြိမ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ဘာပစ္စည်းပဲ လိုလို ပြောပါ... ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းက ဒယ်အိုးတွေ ရောင်းပြီး ပိုက်ဆံရှာရမယ် ဆိုရင်တောင် ရှာပေးပါ့မယ်”

ယွင်ဟွာကျန်းရန်က ကိုယ်တိုင် အာမခံလိုက်သည်။

“ဝင်္ကပါ အရင် ဆောက်လိုက်ကြတာပေါ့... ကျန်တာ နောက်မှ ဆွေးနွေးကြမယ်”

ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“လောလောဆယ် ကျွန်တော့်ကို အလေးချိန် (၁၀) ပေါင်ရှိတဲ့ နှစ်တစ်ထောင် သံနက် တစ်တုံး၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးနဲ့ ပေါင်ဝက်လောက်ရှိတဲ့ မှန်သားရွှေစင် တစ်တုံး လိုတယ်...”

သူသည် အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ ရေးထွင်းရန် လိုအပ်သော ပစ္စည်း ဒါဇင်ပေါင်းများစွာကို တစ်ခုပြီးတစ်ခု ရွတ်ပြလိုက်လေသည်။

“မြန်မြန်လုပ်ကြ... ဂိုဏ်းချုပ်ယဲ့ လိုချင်တဲ့ ပစ္စည်းတွေ အကုန် သွားရှာကြစမ်း”

ယွင်ဟွာကျန်းရန်က ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

မဟာအကြီးအကဲ လေးဦးသည် လျင်မြန်စွာပင် လှုပ်ရှားလိုက်ကြတော့သည်။

ဝေဟင်တွင် ရပ်နေကြသော မြူခိုးဂိုဏ်းသားများသည် သောင်းကျန်းနေသော ဝိညာဉ်သွေးကြောကို ထိန်းချုပ်ထားသည့် ယဲ့ဖုန်းအား စိုးရိမ်ပူပန်သော မျက်နှာများဖြင့် ကြည့်နေကြရှာသည်။

မိုယင်က တိုးတိုးလေး မေးလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်မတို့ ဘာကူညီပေးရဦးမလဲ”

“လောလောဆယ်တော့ မလိုသေးပါဘူး”

ယဲ့ဖုန်း ခေါင်းခါလိုက်သည်။

ဒီကျောက်စက်တိုင်က အသေးစား ဝိညာဉ်သွေးကြော တစ်ခုသာ ဖြစ်သည်။ အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်သော လေဝိညာဉ်ပုလဲ တစ်လုံးတည်းဖြင့်ပင် ၎င်းကို ဖိနှိပ်ထားရန် လုံလောက်ပေသည်။ ကျန်တဲ့ တပည့်တွေ လုပ်စရာ ဘာမှ မရှိသေး။

ယွင်ဟွာကျန်းရန်သည် ကျောက်စက်တိုင် မျက်နှာပြင်ပေါ်မှ အက်ကွဲကြောင်းများကို ကြည့်ရင်း သူ့နှလုံးသားပါ ကွဲအက်နေသကဲ့သို့ ခံစားနေရရှာသည်။

ဝိညာဉ်သွေးကြော ရှိတဲ့ နေရာတစ်ခုကို ရှာဖွေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်။

လက်ရှိအချိန်မှာ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်သွေးကြော အများစုကို အင်အားကြီး ဂိုဏ်းများက သိမ်းပိုက်ထားကြပြီး ဖြစ်သည်။ တစ်ခုခု လိုချင်ရင် အင်အားသုံးပြီး လုယူမှ၊ သို့မဟုတ် ဂိုဏ်းချင်း တိုက်ခိုက်ပြီး အနိုင်ယူမှသာ ရနိုင်မည်။

သို့သော် ကြယ်အဆင့်ဂိုဏ်း အဆင့် ရောက်သွားကြလျှင် အကြောင်းပြချက် အမျိုးမျိုးပြပြီး စိန်ခေါ်မှုများကို ငြင်းပယ်လေ့ ရှိကြသည်။ ဝိညာဉ်သွေးကြော မရှိသော ဂိုဏ်းတစ်ခု အနေဖြင့် အခြားဂိုဏ်းတစ်ခုကို စိန်ခေါ်ခွင့်ပင် ရှိမည် မဟုတ်ပေ။

တကယ်လို့များ သူတို့ရှေ့က အသေးစား ဝိညာဉ်သွေးကြောသာ လုံးဝ ပြိုကျသွားခဲ့လျှင် ယွင်ဟွာဂိုဏ်း အနေဖြင့် ကြယ်အဆင့်ဂိုဏ်း အဖြစ် တက်လှမ်းနိုင်မည့် မျှော်လင့်ချက်များ အားလုံး ပျက်သုဉ်းသွားရပေလိမ့်မည်။

ယွင်ဟွာတောင်တန်း အတွင်း၌...

မဟာအကြီးအကဲ လေးဦးသည် အစွမ်းကုန် ပျံသန်းနေကြပြီး လိုအပ်သော ပစ္စည်းစာရင်းကို ဂိုဏ်း၏ ကြီးကြပ်ရေးမှူးများနှင့် အတွင်းစည်းတပည့်များထံ ဖြန့်ဝေပေးကာ အမြန်ဆုံး ရှာဖွေခိုင်းနေကြသည်။

ဝိညာဉ်သွေးကြောကို ကယ်တင်ဖို့အတွက် ပစ္စည်းတွေ ရှာနေရမှန်း သိလိုက်ကြသောအခါ ကြီးကြပ်ရေးမှူးများနှင့် တပည့်များအားလုံး ရူးသွပ်မတတ် လှုပ်ရှားကြတော့သည်။ ရှိသမျှ နေရာအနှံ့ကို ပြောင်းပြန်လှန်ပြီး ရှာဖွေကြလေသည်။

“အကြီးအကဲ... ကျွန်တော် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး တွေ့ပါပြီ”

“ဒီမှာ နှစ်တစ်ထောင် သံနက် တစ်တုံး ရှိပါတယ်”

“ကျွန်တော် တခြားဆီကနေ ပစ္စည်းတွေ သွားငှားလိုက်ပါဦးမယ်”

“...”

ယွင်ဟွာဂိုဏ်းသားများ၏ စည်းလုံးမှုမှာ အံ့မခန်းပင်။

လမ်းတစ်ဝက်တွင် လက်လျော့သွားသူ တစ်ယောက်မျှ မရှိ။ အားလုံးက လိုအပ်သော ပစ္စည်းများကို အစွမ်းကုန် ရှာဖွေနေကြသည်။ ရှာဖွေရင်း လူချင်း တိုက်မိခိုက်မိသည်ကိုပင် ဂရုမစိုက်ကြတော့ဘဲ သူတို့၏ မျက်လုံးများထဲတွင် ဂိုဏ်း၏ အရေးကိစ္စ တစ်ခုတည်းသာ ရှိတော့သည်။

လျှို့ဝှက်အခန်း တစ်ခုအတွင်း...

လင်းယွိယန်သည် သစ်သားသေတ္တာလေး တစ်လုံးကို ဖွင့်လိုက်သည်။

သေတ္တာထဲတွင် လက်မအရွယ်အစားခန့်ရှိပြီး ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသော ကျောက်တုံးလေး တစ်တုံး ရှိနေသည်။ ရွှေသားကဲ့သို့ အသွင်အပြင် ရှိသော်လည်း တန်ဖိုးမှာ အဆပေါင်းထောင်ချီ မြင့်မားလေသည်။

ဒါက မှန်သားရွှေစင် ပင်။

ဒါကို သူမ၏ ဘွားအေကြီးက လက်ဆောင်ပေးထားခဲ့ခြင်း ဖြစ်သည်။ လင်းယွိယန်အနေဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်ရှိပါက သူမ၏ ကိုယ်ပိုင် ဝိညာဉ်လက်နက် သွန်းလုပ်ရန် ရည်ရွယ်ထားသော အဓိက ကုန်ကြမ်းပစ္စည်းလည်း ဖြစ်သည်။

“ဂိုဏ်းအတွက်ပဲလေ... ငါ့ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်းလောက်က အရေးမပါပါဘူး”

လင်းယွိယန်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး မှန်သားရွှေစင် တုံးလေးကို ပြတ်သားစွာ ကောက်ယူလိုက်လေသည်။

ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ယွင်ဟွာတောင်တန်း နေရာအနှံ့တွင် တွေ့မြင်နေရသည်။

တပည့်များ၊ ကြီးကြပ်ရေးမှူးများနှင့် မဟာအကြီးအကဲ လေးဦးတို့သည် အင်တိုက်အားတိုက် ကြိုးပမ်းကြသဖြင့် နာရီဝက် မကြာခင်မှာပင် လိုအပ်သော ပစ္စည်းအားလုံး စုံလင်သွားပြီး ယဲ့ဖုန်း ရှေ့မှောက်သို့ ရောက်ရှိလာကြလေသည်။

“ဂိုဏ်းချုပ်ယဲ့... ပစ္စည်းတွေ အကုန် စုံပါပြီ”

ယွင်ဟွာကျန်းရန်သည် စကားပြောပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ ယဲ့ဖုန်း လက်ရာပြဖို့ပဲ ကျန်တော့သည်။

“ကျွန်တော့် တာဝန်ထားလိုက်ပါ”

တကယ်တော့ ယဲ့ဖုန်းလည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

'ငါ တကယ်ရော လုပ်နိုင်ပါ့မလား... ဟူး... မဖြစ်ဘူး... ယဲ့ဖုန်း... မင်းက ဂိုဏ်းချုပ်လေ... တည်ငြိမ်စမ်း'

သူသည် လေဝိညာဉ်ပုလဲကို ဝေဟင်တွင် ဆက်လက် ထားရှိကာ အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ကျောက်စက်တိုင်ကြီးကို ဖိနှိပ်ထားစေလိုက်သည်။ ထို့နောက် သံရည်ကျိုမီးဖိုကို ထုတ်ယူလိုက်ပြီး၊ သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ဖုန်မှုန့်တိမ်တိုက်တစ်ခု ဖန်တီး၍ မီးဖိုကို သူတစ်ပါး မမြင်အောင် ဖုံးကွယ်လိုက်သည်။

ထို့နောက် ယဲ့ဖုန်းသည် ပစ္စည်းအားလုံးကို မီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။

“ဂွမ်း..ဂွမ်း..ဂွမ်း”

သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။

မကြာမီ အချိန်အတွင်းမှာပင် ဝိညာဉ်အလင်းတန်းများ ဖြာထွက်လာပြီး၊ ယဲ့ဖုန်းသည် လက်ကို ဆန့်တန်းကာ ရွှေနီရောင် မိုးမခရွက်ပုံစံ ဓားပါးလေး တစ်လက်နှင့် ကြေးနီရောင် သတ္တုရည် တစ်ဆုပ်ကို ရယူလိုက်သည်ကို လူအုပ်ကြီး မြင်တွေ့လိုက်ရသည်။

“စပြီဟေ့”

ယဲ့ဖုန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားလိုက်သည်။ သူ့စိတ်ထဲရှိ အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ ပုံစံကို အာရုံပြုရင်း၊ သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် ဓားပါးလေးကို ထိန်းချုပ်ကာ ကျောက်စက်တိုင် မျက်နှာပြင်ပေါ်တွင် စတင် ရေးထွင်းလိုက်လေသည်။

ပထမဆုံးအကြိမ် လုပ်ဆောင်ဖူးခြင်း ဖြစ်သော်လည်း ယဲ့ဖုန်း၏ လှုပ်ရှားမှုများမှာ အလွန် တည်ငြိမ်လှသည်။

အဘယ်ကြောင့်ဆိုသော် သူက ကိုယ်တိုင် တိုက်ရိုက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ၊ သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ တိကျသော ကိရိယာတစ်ခုကို မောင်းနှင်နေသကဲ့သို့ ပုံစံကားချပ်အတိုင်း အမှားအယွင်းမရှိ လုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။

နာရီဝက်ကျော် ကြာသောအခါ ကျောက်စက်တိုင် မျက်နှာပြင်ပေါ်တွင် အတိမ်အနက် မတူညီသော မျဉ်းကြောင်းများ ပေါ်ထွက်လာပြီး ခမ်းနားထည်ဝါသော အငွေ့အသက်များ ထွက်ပေါ်လာသည်ကို လူအုပ်ကြီး သတိထားမိလိုက်ကြသည်။ ကောင်းကင်နှင့် မြေကြီး၏ နက်နဲသော သဘောတရားများနှင့်လည်း သိမ်မွေ့စွာ ကိုက်ညီနေပေသည်။

“တကယ့်ကို နက်နဲတဲ့ ဝင်္ကပါပဲ”

“ဒါ ဒဏ္ဍာရီလာ ကောင်းကင်ဘုံ ဝင်္ကပါ ဖြစ်ရမယ်”

“ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ဒီလို ဝင်္ကပါမျိုးကို ငါ့သက်တမ်း တစ်လျှောက်မှာ မြင်ခွင့်ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး... ငါ သေပျော်ပါပြီကွာ”

ယွင်ဟွာဂိုဏ်း အကြီးအကဲများမှာ အံ့သြမှင်သက်နေကြလေသည်။

ယဲ့ဖုန်းကတော့ စောစီးစွာ အောင်ပွဲခံမနေပေ။

သူသည် ရေးထွင်းဓားကို သိမ်းဆည်းလိုက်ပြီး၊ လက်ကျန် သတ္တုရည်များကို ပက်ဖျန်းကာ ဝင်္ကပါ အင်းကွက်များကြားရှိ နေရာလွတ်များကို ဖြည့်ဆည်းပေးလိုက်သည်။ ထို့နောက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို အဓိကကျသော နေရာများတွင် မြှုပ်နှံလိုက်လေသည်။

“ဝီ…”

ပုံဖော်ထားသော သတ္တု ဝင်္ကပါ အင်းကွက်များသည် စတင် တောက်ပလာပြီး မျက်နှာပြင်ပေါ်တွင် မျက်စိကျိန်းမတတ် အလင်းရောင်များ ဖြာထွက်လာတော့သည်။

“ဝေါ... ဝေါ..ဝေါ...

လူအုပ်ကြီး ဝမ်းသာအားရ ဖြစ်သွားကြသည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဒီရေအလား လှိမ့်ဝင်လာကြပြီး ကျောက်စက်တိုင်ပေါ်ရှိ အက်ကွဲကြောင်းများ စတင် ပျောက်ကွယ်သွားတော့သည်။ မိုးရွာပြီးစ အချိန်တွင် ထွက်ပေါ်လာသော မျှစ်ပေါက်လေးများကဲ့သို့ ကျောက်စက်တိုင်၏ မျက်နှာပြင်သည် တက်ကြွသော သက်ရှိစွမ်းအားများဖြင့် ပြန်လည် လန်းဆန်းလာလေသည်။

ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲ၏ ဖိနှိပ်ထားသော စွမ်းအားကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။

ကျောက်စက်တိုင်ကြီး ပြိုကျခြင်း ရပ်တန့်သွား၏။

တည်ငြိမ်သွားလေပြီ။

“အောင်မြင်သွားပြီလား”

လူတိုင်း သိချင်စိတ် ပြင်းပြနေကြသည်။

ယဲ့ဖုန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ မြေအောက်ဂူ လမ်းကြောင်းအတိုင်း မြေပြင်ပေါ်သို့ ပြန်တက်သွားလိုက်သည်။ ကျန်လူများလည်း ခေတ္တမျှ တွေဝေနေပြီးနောက် သူ့နောက်သို့ လိုက်ပါသွားကြလေသည်။

မြေပြင်အထက် မီတာဆယ်ဂဏန်း အမြင့်တွင်...

ယဲ့ဖုန်းသည် တိတ်ဆိတ်စွာ ပျံဝဲနေသည်။

လူတိုင်း သူ့အကြည့်ရှိရာသို့ လိုက်ကြည့်လိုက်ကြရာ ယွင်ဟွာတောင်တန်း၏ အဓိက တောင်ထိပ် (၅) ခု အထက်ရှိ ဝိညာဉ်စွမ်းအင် ဝဲကတော့များ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး၊ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို စုစည်းနေသည်ကို တွေ့လိုက်ရ၏။

ထို့နောက် ထိုဝဲကတော့ (၅) ခု၏ ဗဟိုချက်မှ ဝိညာဉ်စွမ်းအင် နဂါးတစ်ကောင် ရုန်းကြွလာသည်။

၎င်းက ကျောက်စက်တိုင် တည်ရှိရာ တောင်ကြားအထက်တွင် ပေါင်းစည်းကာ အချင်း မီတာတစ်ရာခန့် ရှိသော ဧရာမ ဝိညာဉ်စွမ်းအင် ဝဲကတော့ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထို ဝဲကတော့ကြီး၏ သိပ်သည်းဆသည် မူလ ဝဲကတော့ (၅) ခုထက် အဆများစွာ ပိုမို ပြင်းထန်ပေသည်။

“ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းလိုက်တာ”

ယွင်ဟွာဂိုဏ်းသားများနှင့် မြူခိုးဂိုဏ်းသားများသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကြပြီး လန်းဆန်းတက်ကြွမှုကို ချက်ချင်း ခံစားလိုက်ကြရသည်။

ထိုအခါမှသာ ယဲ့ဖုန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် ကျောက်စက်တိုင်ကို တည်ငြိမ်အောင် လုပ်ပေးလိုက်ပါပြီ... အခုကစပြီး ဒီတောင်ကြားဟာ ယွင်ဟွာတောင်တန်း တစ်ခုလုံးမှာ ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံး နေရာ ဖြစ်သွားပါပြီ... ဒီနေရာရဲ့ စွမ်းအင် သိပ်သည်းဆက ပုံမှန် အသေးစား ဝိညာဉ်သွေးကြောတွေထက်တောင် ပိုမြင့်မားနေပါလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ယွင်ဟွာဂိုဏ်းသား တစ်ထောင်နီးပါးသည် ခေတ္တမျှ တိတ်ဆိတ်သွားကြပြီးနောက် ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။

“နောက်ဆုံးတော့ ငါတို့ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီဟေ့”

ယွင်ဟွာကျန်းရန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ဝဲလာလေသည်။

သူသည် ဂိုဏ်းကို နှစ်ပေါင်းတစ်ရာကျော် ပင်ပင်ပန်းပန်း ဦးဆောင်ခဲ့ရပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ နောက်ဆုံးတော့ ယွင်ဟွာဂိုဏ်း အနေဖြင့် ကြယ်အဆင့်ဂိုဏ်း အဖြစ် တက်လှမ်းနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

ဒါတွေအားလုံး ဖြစ်လာရခြင်းက လူတစ်ယောက်တည်းရဲ့ အကူအညီကြောင့်ပင်။

သူကတော့... ယဲ့ဖုန်း ပင် ဖြစ်လေသည်။

“ကျွန်တော်တို့ ဂိုဏ်းကို ပြန်လည်မွေးဖွားပေးတဲ့အတွက်... ကျွန်တော် ယွင်ဟွာကျန်းရန် က ဂိုဏ်းရဲ့ အင်အားရှိသမျှနဲ့ ကျေးဇူးဆပ်ပါ့မယ်”

ယွင်ဟွာကျန်းရန်သည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး ယဲ့ဖုန်း ရှိရာသို့ ဦးခေါင်းဖြင့် သုံးကြိမ်တိုင်တိုင် မြေဆောင့်ကာ ဂါရဝပြုလိုက်လေသည်။

“ဂိုဏ်းချုပ်ယဲ့ရဲ့ ကြီးမားလှတဲ့ မေတ္တာတရားနဲ့ ကျေးဇူးတရားကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ”

ယွင်ဟွာဂိုဏ်း၏ မဟာအကြီးအကဲ လေးဦး၊ ကြီးကြပ်ရေးမှူး ဒါဇင်ပေါင်းများစွာနှင့် တပည့်တစ်ထောင်ကျော်တို့သည်လည်း တောင်ကြားထဲတွင် ဒူးထောက်လိုက်ကြပြီး အလယ်တွင် ရှိနေသော ယဲ့ဖုန်းကို ကျေးဇူးတင်စကား ဆိုလိုက်ကြလေသည်။

သူတို့၏ အသံများသည် တက်ကြစွာ ဟိန်းထွက်လာပြီး ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။

ဒါဟာ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ဖော်ပြခြင်း သက်သက် မဟုတ်ဘဲ၊ ယွင်ဟွာဂိုဏ်း တစ်ခုလုံး၏ လေးနက်သော ကျေးဇူးတင်မှုကို ပြသလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

All Chapters