← Chapters

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄) - ဝိညာဉ်သွေးကြော အမြုတေ ပြန်လည်ပေါင်းစည်းခြင်းနှင့် ခရိုင်ဘုရင်မြို့တော်မှ သံတမန်

~ဒူးထောက်ရိုကျိုးကာ ကျေးဇူးတင်စကား ဆိုနေကြသော လူပေါင်းထောင်ချီကို ငေးကြည့်ရင်း၊ ယဲ့ဖုန်း၏ ရင်ထဲ၌ အတိုင်းအဆမရှိသော ဂုဏ်ယူဝင့်ကြွားမှုတို့ ဖူးပွင့်ဝေဆာလာခဲ့လေသည်။

မြူခိုးဂိုဏ်း တပည့်များကလည်း သူတို့၏ နောက်တွင် ရပ်လျက် ယဲ့ဖုန်းကို လေးစား အားကျသော မျက်လုံးများဖြင့် ငေးကြည့်နေကြသည်။ သူတို့အမြင်တွင် ယဲ့ဖုန်းသည် မိုးထိအောင် မြင့်မားသော တောင်ကြီး တစ်လုံးပမာ ဖြစ်နေပြီး၊ ရုတ်တရက်ဆိုသလို ပိုမို ကြီးမား ခမ်းနားလာသကဲ့သို့ ခံစားလိုက်ကြရ၏။

“ဂိုဏ်းချုပ်က တကယ်ကို အံ့မခန်းပါလား... သူ့ခြေရာကို မီချင်ရင် ငါ ပိုပြီး ကြိုးစားမှ ဖြစ်တော့မယ်”

ကျီဇီလင်းသည် ယဲ့ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

'သူ့အကြောင်းကို ဘယ်လိုမှ ခန့်မှန်းလို့ မရနိုင်ဘူး...'

မိုယင်သည် သူမ၏ လေညှင်းစီးဓားပျံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း တွေးနေမိသည်။ ယဲ့ဖုန်း၏ နည်းလမ်းများက အဆုံးမရှိနိုင်အောင် ဆန်းကြယ်လွန်းလှသည်။ သူ့နောက်ကွယ်မှာများ ထိပ်တန်းအဆင့် အင်အားစုကြီး တစ်ခုခု ရှိနေတာများလား။

ဒါမှမဟုတ် သူက အတွေ့အကြုံရချင်လို့ မြူခိုးဂိုဏ်းချုပ် လာလုပ်နေတာများလား။

မိုယင် တစ်ယောက် စိတ်ကူးတွေ ယဉ်နေမိတော့သည်။

“ကဲ... အားလုံးပဲ ထကြပါဗျာ”

ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအင် လွှမ်းခြုံထားသော လေဝိညာဉ်ပုလဲကို ကိုင်ဆောင်လျက်၊ တောင်ကြားထဲရှိ လူပေါင်းထောင်ချီကို ထူမပေးလိုက်သည်။

“တီတီတီ..ဂိုဏ်းဂုဏ်သတင်း ကျော်ကြားမှု ပေါင်း ၁၁၀၇...

ယုံကြည်မှုစွမ်းအား ပေါင်း ၂၃၅…”

စနစ်ဆီမှ အချက်ပြသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

မမျှော်လင့်ထားသော်လည်း ယဲ့ဖုန်း အလွန် ကျေနပ်သွားမိသည်။

ဒီတစ်ခါ အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ ရေးထွင်းရာမှာ လိုအပ်သော ပစ္စည်းတွေကို ယွင်ဟွာဂိုဏ်းကပင် အကုန်အကျခံခဲ့တာ ဖြစ်ပြီး၊ သူကတော့ ကိုယ်အား ဉာဏ်အားလောက်သာ စိုက်ထုတ်ခဲ့ရတာ ဖြစ်သည်။

သို့ရာတွင်၊ ရလဒ်အနေနှင့် ယွင်ဟွာဂိုဏ်း တစ်ခုလုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ရုံသာမက၊ မမျှော်လင့်ထားသော ယုံကြည်မှုစွမ်းအားတွေကိုပါ ရရှိလိုက်တာကြောင့် သူ့ရင်ထဲ အတိုင်းထက်အလွန် ပီတိဖြစ်သွားရသည်။

“ကဲ... ဝိညာဉ်သွေးကြောလည်း တည်ငြိမ်သွားပြီဆိုတော့ အားလုံးပဲ စိတ်ကြိုက် စားသောက်ကြပါဗျာ”

ယဲ့ဖုန်းသည် ဗိုက်ကို ပွတ်ရင်း နေဝင်ချိန် ဆည်းဆာကို လှမ်းကြည့်လိုက်သည်။ ဗိုက်နည်းနည်း ဆာလာပြီကိုး။

ယွင်ဟွာကျန်းရန်သည် နဖူးကို ရိုက်လိုက်ပြီး ပြောလိုက်သည်။

“မေ့နေလိုက်တာဗျာ... အဓိက တောင်ထိပ် ခန်းမဆောင်ကြီးက ဟင်းပွဲတွေ အကုန် အေးကုန်လောက်ရောပေါ့... ပြန်နွှေးခိုင်းမှ ဖြစ်မယ်”

ပြောပြီးသည်နှင့် သူသည် တပည့်များကို လူစုခွဲခိုင်းလိုက်ပြီး၊ ယဲ့ဖုန်းနှင့်အဖွဲ့ကို ယွင်ဟွာတောင်ထိပ်ရှိ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးဆီသို့ လိုက်ပါပို့ဆောင်ပေးလေသည်။

ခဏအကြာတွင် ဟင်းပွဲများ ပြန်လည် နွေးထွေးလာခဲ့သည်။

စားသောက်ပွဲတွင်...၊

ယွင်ဟွာကျန်းရန်နှင့် မဟာအကြီးအကဲ လေးဦးတို့သည် ယဲ့ဖုန်းကို ဆက်တိုက်ဆိုသလို ခွက်ချင်းတိုက်ကာ ကျေးဇူးတင်စကား ပြောနေကြသည်။

သည်းသည်းလှုပ် ကျေးဇူးတင်နေသော ယွင်ဟွာကျန်းရန်ကို ကြည့်ပြီး ယဲ့ဖုန်း အနည်းငယ်တော့ ရှက်ရွံ့မိသည်။

ဘာကြောင့်လဲဆိုတော့ သူ ကူညီလိုက်ခြင်းက ရိုးရှင်းသော ရည်ရွယ်ချက် တစ်ခုတည်းကြောင့် မဟုတ်၍ပင်။

ဒါပေမဲ့ ဒီလို အခြေအနေမျိုး ဖြစ်လာတာကတော့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိတာပါပဲလေ။

ယဲ့ဖုန်းသည် ဤညစာစားပွဲကို အလွန် ပျော်ရွှင်စွာဖြင့် သုံးဆောင်လိုက်သည်။

သေရည် သုံးပတ်လည် သောက်ပြီးသောအခါ ယွင်ဟွာကျန်းရန်သည် သူ့စိတ်ထဲရှိ သံသယကို ဖွင့်ဟမေးမြန်းလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... ခင်ဗျား တည်ဆောက်ပေးလိုက်တဲ့ အသေးစား ကောင်းကင်ဘုံ ဝင်္ကပါက ဘယ်လောက်ကြာကြာ ခံမယ်လို့ ထင်လဲဗျ”

ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင်... ဒါ ကျွန်တော့်အတွက် ပထမဆုံးအကြိမ် ဝင်္ကပါ ရေးထွင်းဖူးတာပါ... အောင်မြင်သွားတာကလည်း ကံတရားရဲ့ ဖေးမမှု အများကြီး ပါပါတယ်”

“ပထမဆုံးအကြိမ်နဲ့တင် အောင်မြင်သွားတယ် ဟုတ်လား... ဂိုဏ်းချုပ်ယဲ့က တကယ့်ကို မွေးရာပါ ဝင်္ကပါပညာရှင်ကြီး ပါလားဗျာ... ဒီလောက် တည်ငြိမ်တဲ့ လက်ရာမျိုးကို ကျွန်တော်တို့ တကယ်ပဲ လေးစားမိပါတယ်”

ယွင်ဟွာကျန်းရန်သည် ချက်ချင်းပင် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။

အခြား အကြီးအကဲများကလည်း လေးစားသမှု ပြသကြလေသည်။

ယဲ့ဖုန်းကတော့ အူကြောင်ကြောင် ပြုံးနေမိသည်။

သူ့လက်များ ဤမျှ တည်ငြိမ်နေရခြင်းမှာ စက်ရုပ်ဆန်ဆန် တိကျလှသော သူရဲကောင်း ဝိညာဉ်စွမ်းအားကြောင့်သာ ဖြစ်ပေသည်။ (၁၀) လက်မ တည့်တည့် ရွေ့ခိုင်းလိုက်လျှင် တစ်လက်မလေးမျှ ယိမ်းယိုင်ခြင်း၊ လိုခြင်း၊ ပိုခြင်း မရှိဘဲ စေခိုင်းသည့်အတိုင်း တိတိကျကျ ရွေ့လျားပေးစွမ်းနိုင်သောကြောင့်တည်း။

ထို့ကြောင့်လည်း သူရဲကောင်း ဝိညာဉ်စွမ်းအားဖြင့် ရေးထွင်းဓားကို ထိန်းချုပ်လိုက်သည့်အခါ၊ ပထမဆုံးအကြိမ်မှာပင် အသေးစား ကောင်းကင်ဘုံ ဝင်္ကပါကို အောင်မြင်စွာ ရေးထွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

တကယ်လို့သာ ကိုယ့်လက်နဲ့ကိုယ် ရေးထွင်းရသည့် အခြား လက်နက်သွန်းလုပ်ရေး ပညာရှင်များသာ ဆိုလျှင် အမှားအယွင်း တစ်ခုမဟုတ် တစ်ခုတော့ ရှိနိုင်မည်ဖြစ်ပြီး၊ သူရဲကောင်း ဝိညာဉ်စွမ်းအား၏ စံချိန်မီ တိကျမှုကို ဘယ်လိုမှ ယှဉ်နိုင်မည် မဟုတ်ပေ။

လူတိုင်း၏ ချီးကျူးမှုများ ရှေ့မှောက်တွင် ယဲ့ဖုန်းက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

“တကယ်တော့ ကံကောင်းသွားလို့ပါဗျာ... အောင်မြင်သွားတယ် ဆိုတာကလည်း ယွင်ဟွာဂိုဏ်းအပေါ် ကောင်းကင်နဲ့ မြေကြီးက မျက်နှာသာပေးလိုက်တာပါ... ကြယ်အဆင့်ဂိုဏ်း ဖြစ်လာဖို့ ကံပါလာလို့ နေမှာပေါ့”

ဒီ ရှင်းပြချက်ကို လူတိုင်း သဘောကျသွားကြသည်။

ယွင်ဟွာကျန်းရန်သည် စိတ်လှုပ်ရှားစွာဖြင့် ယဲ့ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့ရဲ့ အကူအညီကြောင့်ပါ... အခုကစပြီး မြူခိုးဂိုဏ်းဟာ ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းရဲ့ ထာဝရ မဟာမိတ် ဖြစ်သွားပါပြီ... ဂိုဏ်းချုပ်ယဲ့တို့ ဂိုဏ်းဘက်က ဘာပဲ လိုအပ်လိုအပ် ပြောပါ... ကျွန်တော်တို့ အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်”

ယဲ့ဖုန်း လက်ကာပြလိုက်ပြီး

“အားနာစရာကြီးဗျာ ယွင်ဟွာကျန်းရန်ရယ်... ဒါနဲ့ စကားမစပ်... ဝိညာဉ်သွေးကြောလည်း တည်ငြိမ်သွားပြီဆိုတော့ ခင်ဗျားတို့ဂိုဏ်း အဆင့်တက်လို့ ရပြီ မဟုတ်လား”

ထိုစကားကို ကြားလိုက်ရသောအခါ ယွင်ဟွာကျန်းရန်နှင့် အကြီးအကဲ လေးဦးတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ခေတ္တမျှ တိတ်ဆိတ်သွားကြ၏။

ခဏအကြာ စဉ်းစားပြီးနောက် ယွင်ဟွာကျန်းရန်က ပြောလိုက်သည်။

“တကယ်တော့လေ... ကျွန်တော် ဒီညပဲ ခရိုင်ဘုရင်မြို့တော်က သံတမန်တွေဆီ ကြယ်အဆင့်ဂိုဏ်း အသိအမှတ်ပြု လက်မှတ်ရဖို့ ဖိတ်စာပို့ချင်နေတာ... ဒါပေမဲ့ ဝိညာဉ်သွေးကြောက လုံလောက်တဲ့ အချိန်ကာလတစ်ခုအထိ တည်ငြိမ်မှု ရှိမရှိ သေချာအောင် လုပ်ရဦးမယ်ဗျ”

“အချိန် သတ်မှတ်ချက် ရှိလို့လား”

ယဲ့ဖုန်းက စပ်စုလိုက်သည်။

“ရှိတာပေါ့ဗျာ... ခရိုင်ဘုရင်မြို့တော်ရဲ့ သတ်မှတ်ချက်က အနည်းဆုံး အသေးစား ဝိညာဉ်သွေးကြော တစ်ခု ရှိရမယ့်အပြင်၊ အဲ့ဒီသွေးကြောက နှစ်တစ်ရာကျော် တည်တံ့ခိုင်မြဲနေမှ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးတာဗျ... ဂိုဏ်းချုပ်ယဲ့... ခင်ဗျားရဲ့ ဝင်္ကပါက နှစ်တစ်ရာကျော် အဆင်ပြေပြေ လည်ပတ်နိုင်မယ်လို့ အာမခံနိုင်မလားဟင်”

ယွင်ဟွာကျန်းရန်က စိုးရိမ်တကြီး မေးလိုက်သည်။

ယဲ့ဖုန်းသည် သေရည်ခွက်ကို ချလိုက်ပြီး ပြောလိုက်သည်။

“အဲ့ဒါတော့ နေရာမှာ သွားကြည့်မှ သိမယ်ဗျ”

“ကောင်းပြီ... ခဏနေကျရင် ဂိုဏ်းချုပ်ယဲ့ကို မြေအောက်ဂူထဲ လိုက်ပို့ပေးမယ်”

ယွင်ဟွာကျန်းရန် ခေါင်းညိတ် သဘောတူလိုက်သည်။

တစ်နာရီ ကြာသောအခါ...

အားလုံး စားသောက်ပြီးစီးကြပြီးနောက် မြေအောက်ဂူထဲသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာကြသည်။

ယဲ့ဖုန်းသည် အသေးစား ကောင်းကင်ဘုံ ဝင်္ကပါဖြင့် အားဖြည့်ထားသော ကျောက်စက်တိုင် ရှေ့တွင် ရပ်လျက် သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ ဝင်္ကပါ အစီအမံများမှာ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံနေပြီး၊ သဘာဝ ဝိညာဉ်စွမ်းအင် အမြောက်အမြား ဖြည့်ဆည်းပေးထားသောကြောင့် ရာစုနှစ် တစ်ခုစာလောက်တော့ တည်ငြိမ်နေမည်ဟု ယူဆရသည်။

သို့သော် ယဲ့ဖုန်း ချက်ချင်း အဖြေမပေးသေး။

သူသည် ကျောက်စက်တိုင် မျက်နှာပြင်ပေါ်တွင် လမ်းလျှောက်သွားလိုက်ပြီး၊ ရုတ်တရက် "ရွှစ်" ခနဲ အသံနှင့်အတူ အပေါက်ငယ်လေး တစ်ခုထဲသို့ စုပ်ယူခြင်း ခံလိုက်ရကာ အချင်း မီတာတစ်ရာ၊ အမြင့် မီတာရှစ်ရာခန့် ရှိသော အတွင်းပိုင်း နေရာလွတ်တစ်ခုထဲသို့ ရောက်ရှိသွားလေသည်။

“ရွှစ်... ရွှစ်…”

ယွင်ဟွာကျန်းရန်နှင့် အခြား ကျင့်ကြံသူများလည်း သူ့နောက်မှ တစ်ယောက်ပြီး တစ်ယောက် လိုက်ပါ ဝင်ရောက်လာကြသည်။

ယဲ့ဖုန်း၏ အနောက်တွင် ရပ်လျက် မော့ကြည့်လိုက်ကြရာ၊ ထိုနေရာတွင် သဘာဝ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ကြရသည်။ အလယ်ဗဟိုတွင် လက်သီးဆုပ် အရွယ်အစားခန့်ရှိသော ဝိညာဉ်စွမ်းအင် ဝဲကတော့တစ်ခု ဖြစ်ပေါ်နေပြီး၊ ၎င်း၏ ဗဟိုချက်တွင် အပြာရောင်သမ်းသော အဖြူရောင် ပုံဆောင်ခဲလေး တစ်ခု တဖြည်းဖြည်း စုစည်းနေသည်ကို တွေ့လိုက်ရ၏။ ဆန်စေ့အရွယ်အစားမှ စတင်ကာ ပဲပိစပ်စေ့ အရွယ်အစားအထိ တဖြည်းဖြည်း ကြီးထွားလာနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း မှင်သက်သွားကြလေသည်။

“ဒါ ဝိညာဉ်သွေးကြော အမြုတေပဲ”

“ဘုရားရေ... ကျောက်စက်တိုင်ထဲမှာ အမြုတေအသစ် တစ်ခု ပြန်လည် စုစည်းနေပါလား”

“ဒါဆိုရင်... အမြုတေ အပြည့်အဝ ဖြစ်တည်လာပြီး တည်ငြိမ်သွားတာနဲ့၊ ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းရဲ့ ဝိညာဉ်သွေးကြောက အရင်လို အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားပြီပေါ့”

ယွင်ဟွာကျန်းရန်မှာ အကြီးအကျယ် တုန်လှုပ်နေလေသည်။

ဝိညာဉ်သွေးကြော တစ်ခုရဲ့ အမြုတေ ဆိုတာ အရေးအကြီးဆုံး အရာပဲလေ။

အစတုန်းကတော့ ဝိညာဉ်သွေးကြောက ရေရှည်ခံပါ့မလားလို့ သူတို့ မသေချာခဲ့ကြဘူး။ အခုတော့ အခြေအနေက ကွာခြားသွားပြီ။

ဘာကြောင့်လဲဆိုတော့ အမြုတေ ပြန်လည် ပေါင်းစည်းနေပြီလေ။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ရဲ့ ဝိညာဉ်သွေးကြောက လုံးဝ တည်ငြိမ်သွားပြီဗျ... ဂိုဏ်းအဆင့်တက်ဖို့ လိုအပ်ချက်တွေနဲ့ သေချာပေါက် ကိုက်ညီသွားပြီ”

စတုတ္ထ အကြီးအကဲ လျိုယွိကျစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ယွင်ဟွာကျန်းရန်လည်း ထပ်တူထပ်မျှ ပီတိဖြစ်နေရှာသည်။

သူသည် ကျယ်ပြန့်သော ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ကာကွယ်ရေး ဝင်္ကပါ တစ်ခု ဝယ်ဖို့ ငွေအမြောက်အမြား ချက်ချင်း သုံးလိုက်စမ်း... ဝိညာဉ်သွေးကြောကို ငါတို့ ကာကွယ်ရမယ်... ဒါ ယွင်ဟွာဂိုဏ်းရဲ့ အသက်သွေးကြောပဲ... ဘာမှားယွင်းမှုမှ အဖြစ်ခံလို့ မရဘူး... ပြီးတော့ ခရိုင်ဘုရင်မြို့တော်က သံတမန်ဆီကို ဒီညပဲ ဖိတ်စာပို့လိုက်... မနက်ဖြန်ကျရင် ကြယ်အဆင့်ဂိုဏ်း အသိအမှတ်ပြု စာမေးပွဲကို ပြန်ဖြေကြမယ်”

“ဟုတ်ကဲ့ပါ”

လျိုယွိကျစ်သည် စာပို့စက္ကူကြိုးကြာငှက် တစ်ကောင်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး၊ ဝိညာဉ်စွမ်းအင် သုံးချက် မှုတ်သွင်းကာ လွှတ်တင်လိုက်သည်။ ကြိုးကြာငှက်သည် အတောင်ပံ ခတ်လျက် ဝေးကွာသော ခရိုင်ဘုရင်မြို့တော်ဆီသို့ ပျံသန်းသွားလေသည်။

တစ်နာရီ ကြာသောအခါ...

ယွိဇီတောင်ထိပ် ဟု ခေါ်သော အဓိက တောင်ထိပ်တစ်ခုပေါ်တွင်...

ယဲ့ဖုန်းနှင့် မြူခိုးဂိုဏ်း တပည့်များကို တောင်ခါးပန်းရှိ ရှေးဟောင်း ခြံဝင်းကြီးတစ်ခုတွင် နေရာချပေးထားသည်။ သူတို့သည် မိမိတို့ အခန်းအသီးသီးကို ရှာဖွေပြီး အရင်ဆုံး အခြေချဖို့ ပြင်ဆင်လိုက်ကြသည်။

ခြံဝင်းထဲတွင်...

လျိုယွိကျစ်၊ ယဲ့ဖုန်းနှင့် ယွင်ဟွာကျန်းရန်တို့သည် ရှေးဟောင်း ပန်းပေါင်းပင်အောက်ရှိ ကျောက်ခုံတန်းများပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း အေးအေးလူလူ စကားစမြည် ပြောဆိုနေကြသည်။

“ဂိုဏ်းချုပ်ယဲ့က ကြယ်အဆင့်ဂိုဏ်း အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်တယ် ဆိုပေမဲ့ ရက်အနည်းငယ်လောက်တော့ ကြာလိမ့်မယ်ဗျ... ခရိုင်ဘုရင်မြို့တော်က သံတမန်တွေက ဒီလောက် မြန်မြန် ရောက်လာဖို့ မဖြစ်နိုင်ဘူးလေ”

ယွင်ဟွာကျန်းရန်က ပြောလိုက်သည်။

“ကိစ္စမရှိပါဘူးဗျာ... ဒီမှာ အပန်းဖြေတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်... ရက်နည်းနည်းလောက် စောင့်ရတာ တန်ပါတယ်”

ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့ သဘောထားကြီးတော့ ကျွန်တော်လည်း စိတ်သက်သာရာ ရပါတယ်ဗျာ”

ယွင်ဟွာကျန်းရန်သည် ယဲ့ဖုန်းကို ဦးညွှတ် နှုတ်ဆက်လိုက်ပြီးနောက်၊ အနားယူရန် ယွင်ဟွာတောင်ထိပ်ရှိ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးဆီသို့ ပြန်သွားလေသည်။

“ဂိုဏ်းချုပ်ယဲ့... ညဉ့်နက်နေပြီဆိုတော့ ကျွန်မ သွားခွင့်ပြုပါဦးရှင်”

လျိုယွိကျစ်သည် သွက်လက်သော လှုပ်ရှားမှုဖြင့် ယဲ့ဖုန်းကို ယဉ်ယဉ်လေး ပြုံးပြကာ နှုတ်ဆက်လိုက်ပြီး၊ ယွိဇီတောင်ထိပ်ရှိ သူမ၏ နေအိမ်ဆီသို့ ပြန်လည် ပျံသန်းသွားလေသည်။

*

နောက်တစ်နေ့တွင်...

ယဲ့ဖုန်းသည် နေ့တစ်ဝက်လောက် ယွင်ဟွာတောင်တန်း တခွင် လျှောက်လည်နေလိုက်သည်။ အလယ်အလတ်အဆင့် ပုံတူကူးကျောက်စိမ်းကို အသုံးပြုပြီး သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး နောက်တစ်လုံးကို ပုံတူပွားလိုက်ရာ စုစုပေါင်း (၈) လုံး ရှိသွားလေသည်။

ထိုအချိန်တွင် တစ်စုံတစ်ခုကို အာရုံခံလိုက်မိသဖြင့် သူ၏ ဆက်သွယ်ရေး တံဆိပ်ပြားကို ထုတ်ကြည့်လိုက်သည်။

“ဂိုဏ်းချုပ်ဦးလေး... ခရိုင်ဘုရင်မြို့တော်က သံတမန်တွေ ယွင်ဟွာတောင်ထိပ်က ဂိုဏ်းချုပ်ခန်းမဆောင်ကို ရောက်နေပြီလို့ ယွင်ဟွာကျန်းရန်က ကြေညာနေပါတယ်... ကြယ်အဆင့်ဂိုဏ်း စစ်ဆေးမေးမြန်းမှု လုပ်ငန်းစဉ် တစ်ခုလုံးကို မျက်မြင်သက်သေ အဖြစ် လာရောက်ကြည့်ရှုပေးဖို့ ဂိုဏ်းချုပ်ဦးလေးကို ဖိတ်ခေါ်နေပါတယ်ဗျ”

ရှီလေ့၏ အသံ ထွက်ပေါ်လာသည်။

“အင်း... သိပြီ”

ယဲ့ဖုန်းသည် စကားတစ်လုံးတည်း ပြန်ပြောလိုက်ပြီး ချက်ချင်းပင် ထိုနေရာသို့ ထွက်ခွာလာခဲ့သည်။

မွန်းလွဲပိုင်းတွင် နေရောင်ခြည်သည် တောက်ပစွာ ဖြာကျနေသည်။

ယဲ့ဖုန်းသည် ယွင်ဟွာတောင်ထိပ်ရှိ ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ခရမ်းရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် အလွန် လှပပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း (၅) ဆင့်မြောက် အရှိန်အဝါများ ခန္ဓာကိုယ်ပတ်လည်တွင် စီးဆင်းနေကာ၊ မျက်လုံးထဲတွင် ဖမ်းစားနိုင်စွမ်းရှိသော ခရမ်းရောင် အလင်းတန်းများ ဖြတ်ပြေးနေသည်ကို တွေ့လိုက်ရ၏။

ထိုအချိန်တွင် အမျိုးသမီးသည် ထိုင်လျက် လက်ဖက်ရည် သောက်နေသည်။

သူမ၏ နောက်တွင် အသက် (၃၀) ခန့် ရှိမည့် လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေကြသည်။ နှစ်ယောက်စလုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

“ဂိုဏ်းချုပ်ယဲ့... ဒါကတော့ ခရိုင်ဘုရင်မြို့တော်က ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း အသိအမှတ်ပြုရေး တာဝန်ခံ အကြီးအကဲ ဟုန်မုံ ပါ... နောက်က နှစ်ယောက်ကတော့ အကြီးအကဲ ဟုန်မုံကို ကူညီပေးဖို့ လိုက်လာကြတဲ့ ကြီးကြပ်ရေးမှူး ချင်ဖင်း နဲ့ ချင်ဝမ် တို့ ဖြစ်ပါတယ်”

ယွင်ဟွာကျန်းရန်သည် ယဲ့ဖုန်းကို မြင်သည်နှင့် မတ်တပ်ရပ်ကာ မိတ်ဆက်ပေးလိုက်သည်။

ထို့နောက် သူသည် ယဲ့ဖုန်းကို ညွှန်ပြပြီး အကြီးအကဲ ဟုန်မုံအား မိတ်ဆက်ပေးပြန်သည်။

“အကြီးအကဲ ဟုန်မုံ... ဒါကတော့ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပါ”

“သြော်... ရှင်က အသေးစား ကောင်းကင်ဘုံ ဝင်္ကပါကို ရေးထွင်းနိုင်တဲ့ ယဲ့ဖုန်း ဆိုတာလား”

အကြီးအကဲ ဟုန်မုံသည် ယဲ့ဖုန်းကို စူးစိုက်ကြည့်လိုက်ရာ မျက်လုံးထဲတွင် သဘောကျ နှစ်သက်သော အရိပ်အယောင်များ ပိုမို ထင်ရှားလာလေသည်။

“မဆိုးဘူး... ဓားချက် တစ်ချက်တည်းနဲ့ ဆိုဟွန်းကျန်းရန်ကို အနိုင်ယူနိုင်ခဲ့တဲ့ လူငယ် ပါရမီရှင် ဆိုတာ ဒါမျိုး ဖြစ်ရမှာပေါ့... ကောလဟာလတွေအတိုင်းပဲ ငယ်ရွယ်ပေမဲ့ နက်နဲပြီး ခန့်မှန်းရခက်တဲ့ ပုံစံမျိုးပါလား”

ယဲ့ဖုန်းလည်း အကြီးအကဲ ဟုန်မုံကို ပြန်ကြည့်လိုက်သည်။

သူမ၏ ဖမ်းစားနိုင်စွမ်းရှိသော မျက်ဝန်းများကို သတိထားမိလိုက်သဖြင့်၊ ယဲ့ဖုန်းသည် မသိစိတ်က တွန်းပို့မှုကြောင့် နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ စောင့်ကြည့်ရေး စွမ်းရည် ကို အသုံးပြုလိုက်မိသည်။

သူ၏ အမြင်အာရုံတွင် စာသားအချို့ လျင်မြန်စွာ ပေါ်လာပြီး၊ ထိုအရာများကို ဖတ်လိုက်ရသောအခါ ယဲ့ဖုန်း အကြီးအကျယ် အံ့သြသွားရလေတော့သည်။

အခန်း (၂၁၅) - ကြယ်အဆင့်ဂိုဏ်း စစ်ဆေးမေးမြန်းမှုနှင့် လေ့လာသင်ယူခြင်း

~အကြီးအကဲ ဟုန်မုံသည် လူသား မဟုတ်ကြောင်း ယဲ့ဖုန်း ချက်ချင်း သတိထားမိလိုက်သည်။

သူမက အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်ပဲ။

[ ဟုန်မုံ: အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် ]

[ ပါရမီ: ခရမ်းရောင် မျက်လုံး စိတ်ကူးယဉ်ကမ္ဘာ ]

[ မှတ်ချက်: မူလက ခရမ်းရောင်မျက်လုံး ဝိညာဉ်ယုန် တစ်ကောင် ဖြစ်ပြီး၊ နှစ်တစ်ထောင် ကြိုးစားကျင့်ကြံပြီးနောက် လူအသွင်ပြောင်းကာ ခရိုင်ဘုရင်မြို့တော်သို့ ဝင်ရောက်ခဲ့သည်။ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းများကို စစ်ဆေး အကဲဖြတ်ရန် တာဝန်ယူရသော နိုင်ငံခြားရေးရာ အကြီးအကဲ အဖြစ် ခန့်အပ်ခံရပြီး အလွန် တန်ဖိုးထားခံရသူ ဖြစ်သည်။ ]

ယဲ့ဖုန်းသည် အကြီးအကဲ ဟုန်မုံကို စိုက်ကြည့်ရင်း အတွေးနက်နေမိသည်။

ခဏအကြာတွင် သူသည် ထိတ်လန့်ဖွယ်ရာ အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။

အကြီးအကဲ ဟုန်မုံ၏ ခရမ်းရောင် မျက်လုံးများကို ကြည့်လိုက်မိပြီးနောက်၊ သူ၏ စိတ်အာရုံသည် ထူးဆန်းသော စိတ်ကူးယဉ် ကမ္ဘာတစ်ခုထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားပြီး၊ မြက်ခင်းပြင်ကြီး တစ်ခုနှင့် အဝေးတွင် ခရမ်းရောင် မက်မွန်သီးပင် တစ်ပင်ကို တွေ့လိုက်ရသည်။

သစ်ပင်အောက်တွင် ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်လေး တစ်ဦး ရပ်နေသည်။ သူမ၏ ရုပ်ရည်သည် အကြီးအကဲ ဟုန်မုံနှင့် ဆင်တူသော်လည်း၊ ပိုမို ငယ်ရွယ် နုပျိုပြီး အသက် (၁၈) နှစ်အရွယ် မိန်းမပျိုလေး တစ်ဦးကဲ့သို့ လှပကျက်သရေ ရှိလှသည်။

“ဂိုဏ်းချုပ်ယဲ့... ရှင် လာမယ့်အချိန်ကို စောင့်နေတာ ကြာပါပြီ”

ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်လေးက ပြောလိုက်သည်။ သူမ၏ နှုတ်ခမ်းနီနီလေးများ အနည်းငယ် ပွင့်ဟသွားပြီး၊ သစ်ခွပန်းကဲ့သို့ မွှေးပျံ့သော လေငွေ့များ ထွက်ပေါ်လာကာ စိတ်လက်ပေါ့ပါးစေသည်။

“ဒါ အကြီးအကဲ ဟုန်မုံရဲ့ စိတ်ကူးယဉ် ကမ္ဘာလား”

ယဲ့ဖုန်း ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း မေးလိုက်သည်။

“ဟုတ်ပါတယ်”

အကြီးအကဲ ဟုန်မုံသည် ဆွဲဆောင်မှု ရှိသော အပြုံးဖြင့် ပြုံးပြလိုက်သည်။ လက်တွေ့ဘဝတွင် တွေ့ရသော သက်လတ်ပိုင်း အမျိုးသမီးပုံစံထက် ပိုမို ထင်ရှားပေါ်လွင်နေသည်။

“ကျွန်မ ရှင့်ကို ဒီ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိလို့ပါ”

“ဆွေးနွေးမယ်”

ယဲ့ဖုန်း အံ့အားသင့်သွားသည်။

“စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ယဲ့... ကျွန်မရဲ့ ခရမ်းရောင် မျက်လုံး စိတ်ကူးယဉ်ကမ္ဘာထဲမှာ တွေးခေါ်မှု အရှိန်က (၁၀) ဆ မြန်ဆန်ပါတယ်... ဆိုလိုတာက ဒီထဲမှာ (၁၀) နာရီ ကြာရင် အပြင်မှာ (၁) နာရီပဲ ကုန်ဆုံးမှာပါ... ကျွန်မတို့ စကားပြောဖို့ လုံလောက်တဲ့ အချိန် ရပါတယ်”

“သြော်... နားလည်ပါပြီ”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

“အသေးစား ကောင်းကင်ဘုံ ဝင်္ကပါကို ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင် ဖန်တီးခဲ့တာလား ဆိုတာ သိခွင့်ရမလား”

အကြီးအကဲ ဟုန်မုံသည် အချိန်ဖြုန်းမနေဘဲ လိုရင်းကို မေးလိုက်သည်။

“ဟုတ်ပါတယ်”

ယဲ့ဖုန်း ဝန်ခံလိုက်သည်။

ဒါက ဖုံးကွယ်ထားလို့ ရမယ့်ကိစ္စ မဟုတ်သလို၊ ဝေ့လည်ကြောင်ပတ် လုပ်နေတာထက် တဲ့တိုး ဝန်ခံလိုက်တာက ပိုကောင်းသည်။

“တကယ်ကိုး... ကဲ... ဂိုဏ်းချုပ်ယဲ့... ကျွန်မတို့မှာ အချိန် သိပ်မရဘူး ဆိုတော့ ဒီမှာတင် စကားစဖြတ်လိုက်ကြရအောင်... ယွင်ဟွာဂိုဏ်းရဲ့ စစ်ဆေးမှု ပြီးသွားရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင့်ကို အသေးစိတ် ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်... အဆင်ပြေမလား”

“ပြေပါတယ်”

ယဲ့ဖုန်း သဘောတူလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့”

အကြီးအကဲ ဟုန်မုံသည် နူးညံ့စွာ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ စိတ်ကူးယဉ်ကမ္ဘာ တစ်ခုလုံးကို ဖျက်သိမ်းလိုက်သည်။

ယဲ့ဖုန်း ပတ်ဝန်းကျင် လျင်မြန်စွာ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

နောက်တစ်ခဏတွင် သူ လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီး၊ အကြီးအကဲ ဟုန်မုံ၏ ပြုံးနေသော မျက်နှာကို ပြန်လည် မြင်တွေ့လိုက်ရသည်။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မက အကြီးအကဲ ဟုန်မုံ ပါ... တွေ့ရတာ ဝမ်းသာပါတယ်”

ယဲ့ဖုန်း တည်ငြိမ်မှု ပြန်ရယူလိုက်ပြီး ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။

“ကျွန်တော်လည်း ဝမ်းသာပါတယ်ဗျာ”

ပြောရင်းဆိုရင်း သူ နေရာဝင်ယူလိုက်သည်။

စားပွဲပေါ်မှ မီးခိုးငွေ့များ တလူလူ တက်နေသည်ကို ကြည့်ပြီး၊ ယဲ့ဖုန်း ခန့်မှန်းလိုက်သည်မှာ အကြီးအကဲ ဟုန်မုံနှင့် အကြည့်ချင်း ဖလှယ်လိုက်သည့် အချိန်သည် စက္ကန့်ပိုင်းသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စိတ်ကူးယဉ်ကမ္ဘာထဲတွင်မူ တစ်မိနစ်နီးပါး ကြာမြင့်ခဲ့သည်။ တကယ်ကို (၁၀) ဆ ကြာတာပဲ။

'နှမြောစရာပဲ... တွေးခေါ်မှု အရှိန်ကိုပဲ မြှင့်တင်ပေးတာ... တကယ့်အချိန်ကို မဟုတ်ဘူး... မဟုတ်ရင် ဒီလို စိတ်ကူးယဉ်ကမ္ဘာမျိုးက ကျင့်ကြံဖို့အတွက် အကောင်းဆုံး နယ်မြေမြတ် ဖြစ်လာမှာ'

ယဲ့ဖုန်း တိတ်တဆိတ် နှမြောတသ ဖြစ်မိသည်။

ထိုအချိန်တွင် ယွင်ဟွာကျန်းရန် စကားစပြောလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့လည်း ရောက်လာပြီဆိုတော့... အကြီးအကဲ ဟုန်မုံ... ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းရဲ့ ကြယ်အဆင့်ဂိုဏ်း စစ်ဆေးမှုကို တရားဝင် စလိုက်ကြမလား”

“ကောင်းပါပြီ”

အကြီးအကဲ ဟုန်မုံ မတ်တပ်ရပ်လိုက်သည်။

ကြီးကြပ်ရေးမှူး ချင်ဖင်းနှင့် ချင်ဝမ် တို့သည် အကြီးအကဲ ဟုန်မုံ၏ နောက်တွင် ရပ်လျက် "ယွင်ဟွာဂိုဏ်း အဆင့်မြင့်ဂိုဏ်းသို့ တက်လှမ်းခြင်း မှတ်တမ်း" ဟူသော စာအုပ်ကို ကိုင်ဆောင်ထားကြသည်။

ယွင်ဟွာကျန်းရန် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းက အတွေ့ရအများဆုံး အမျိုးအစား ဖြစ်တဲ့ ဘက်စုံဖွံ့ဖြိုးရေး ကြယ်အဆင့်ဂိုဏ်း အဆင့်အတန်းကို လျှောက်ထားပါတယ်”

ပြောပြီးသည်နှင့် သူသည် စာအုပ်ထူကြီး တစ်အုပ်ကို တင်ပြလိုက်သည်။

“အကြီးအကဲ ဟုန်မုံ... ဒါက ယွင်ဟွာဂိုဏ်းရဲ့ လူစာရင်းပါ... ဂိုဏ်းချုပ် တစ်ဦး၊ အကြီးအကဲ လေးဦး၊ ကြီးကြပ်ရေးမှူး အများအပြားနဲ့ တပည့် တစ်ထောင်ကျော် ရှိပါတယ်”

ယဲ့ဖုန်းနှင့် မြူခိုးဂိုဏ်း တပည့်များသည် ဘေးမှ ကြည့်နေရင်း၊ အသိအမှတ်ပြု လက်မှတ်ရရေး လုပ်ငန်းစဉ်သည် အလွန် စနစ်ကျပြီး ဂိုဏ်းသား စာရင်းကိုပါ တင်ပြရကြောင်း သိရှိလိုက်ရသည်။

ပြီးတော့ ဘက်စုံဖွံ့ဖြိုးရေး ကြယ်အဆင့်ဂိုဏ်း ဆိုတာ ဘာလဲ။

ယဲ့ဖုန်း ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေပြီး၊ စစ်ဆေးမှု ပြီးမှ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

အကြီးအကဲ ဟုန်မုံသည် စာရင်းကို ယူလိုက်ပြီး ပြောလိုက်သည်။

“ယွင်ဟွာဂိုဏ်းမှာ တပည့်ဦးရေ အတော်များသားပဲ... အရေအတွက် အရဆိုရင် ကြယ်အဆင့်ဂိုဏ်း အများစုထက်တောင် ကျော်လွန်နေပြီ... ချီးကျူးစရာပါပဲ”

“ဘက်စုံဖွံ့ဖြိုးရေး ကြယ်အဆင့်ဂိုဏ်း တစ်ခု အနေနဲ့ ကြယ်တစ်ပွင့်အဆင့် စစ်ဆေးမှုကို အောင်မြင်ဖို့ဆိုရင်၊ အနည်းဆုံး အသေးစား ဝိညာဉ်သွေးကြော တစ်ခု၊ သိုင်းနည်းစနစ်ပေါင်း တစ်ရာကျော် စုဆောင်းထားတဲ့ သိုင်းကျမ်းဆောင်၊ ဝိညာဉ်ဆေးဥယျာဉ်၊ ဆေးဖော်စပ်ခန်း၊ လက်နက်သွန်းလုပ်ဆောင်၊ နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၊ သိုင်းလေ့ကျင့်ရေးကွင်း နဲ့ တခြား အဆောက်အဦတွေ ရှိရပါမယ်”

“ကဲ... တစ်ခုချင်းစီ လိုက်စစ်ဆေးကြတာပေါ့”

ပြောပြီးသည်နှင့် အကြီးအကဲ ဟုန်မုံသည် ယွင်ဟွာကျန်းရန်ကို ကြည့်လိုက်သည်။

“အားလုံးပဲ... ကျွန်တော့်နောက် လိုက်ခဲ့ကြပါ”

ယွင်ဟွာကျန်းရန်သည် ချက်ချင်း လမ်းပြလိုက်ပြီး၊ အကြီးအကဲ လေးဦးနှင့်အတူ အကြီးအကဲ ဟုန်မုံ၊ ကြီးကြပ်ရေးမှူး ချင်ဖင်းနှင့် ချင်ဝမ် တို့ကို မြေအောက်ဂူများ ဆီသို့ ခေါ်ဆောင်သွားလေသည်။

ယဲ့ဖုန်းလည်း တပည့်များကို ဦးဆောင်ပြီး ထပ်ကြပ်မကွာ လိုက်ပါသွားသည်။

*

မြေအောက်ဂူ အတွင်း...

လူအုပ်ကြီးသည် ဧရာမ ကျောက်စက်တိုင်ကြီး ရှေ့တွင် ရပ်နေကြသည်။

“ဒါက အသေးစား ဝိညာဉ်သွေးကြော 'ကျောက်စက်တိုင်' ပါ... တစ်ချိန်က သာမန် ကျောက်စက်တိုင် တစ်ခု ဖြစ်ခဲ့ပေမဲ့ နှစ်ပေါင်းများစွာ ပြုစု ပျိုးထောင်ပြီးနောက် အသေးစား ဝိညာဉ်သွေးကြော အဖြစ် ပြောင်းလဲလာတာပါ”

ယွင်ဟွာကျန်းရန် ရှင်းပြလိုက်သည်။

“ဒီပစ္စည်းကို စစ်ဆေးပြီးပါပြီ... စာမေးပွဲ အောင်မြင်ပါတယ်”

အကြီးအကဲ ဟုန်မုံသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ယဲ့ဖုန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

ချင်ဖင်းနှင့် ချင်ဝမ် တို့သည် အကဲဖြတ် မှတ်တမ်းတွင် ချက်ချင်း စာရင်းသွင်းလိုက်ကြသည်။

နာရီဝက် ကြာသောအခါ...

လူအုပ်ကြီးသည် မြင့်မားသော တောင်ထိပ် တစ်ခုပေါ်သို့ ရောက်ရှိလာကြသည်။

ထိုနေရာတွင် တပည့်များ သိုင်းလေ့ကျင့်ရန်နှင့် သိုင်းနည်းစနစ်များ လေ့ကျင့်ရန် ကြီးမားသော သိုင်းလေ့ကျင့်ရေးကွင်းကြီး တစ်ခု တည်ဆောက်ထားသည်။

“သိုင်းလေ့ကျင့်ရေးကွင်း အောင်မြင်ပါတယ်”

အကြီးအကဲ ဟုန်မုံ ကြေညာလိုက်သည်။

ချင်ဖင်းနှင့် ချင်ဝမ် တို့ မှတ်တမ်းတင်လိုက်ကြပြန်သည်။

သိုင်းလေ့ကျင့်ရေးကွင်း အလယ်တွင် သုံးထပ်မြင့် သစ်သား အဆောက်အဦ တစ်ခု ရှိနေ၏။

“ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းရဲ့ သိုင်းကျမ်းဆောင်မှာ စတုတ္ထအဆင့် သိုင်းနည်းစနစ် (၁) ခု၊ တတိယအဆင့် သိုင်းနည်းစနစ် (၂) ခု၊ ဒုတိယအဆင့် သိုင်းနည်းစနစ် (၁၃) ခု နဲ့ ပထမအဆင့် သိုင်းနည်းစနစ် (၁၀၁) ခု ရှိပါတယ်”

ယွင်ဟွာကျန်းရန် မိတ်ဆက်ပေးလိုက်သည်။

“ဒါ့အပြင် အသေးစား ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ (၃) ခု နဲ့ အသေးစား ဝင်္ကပါ (၁၅) ခုလည်း ရှိပါတယ်”

ဒါကို ကြားတော့ ယဲ့ဖုန်း တိတ်တဆိတ် အံ့သြသွားသည်။

မြူခိုးဂိုဏ်း တပည့်များလည်း အသက်ရှူမှားသွားကြသည်။

‘ပြောရမယ် ဆိုရင် ယွင်ဟွာဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က တကယ်ကို ခိုင်မာတာပဲ။

ကြယ်အဆင့်ဂိုဏ်း အဖြစ် အသိအမှတ်ပြု မခံရသေးရင်တောင်၊ တခြား ကြယ်အဆင့်ဂိုဏ်း အများစုထက် အများကြီး သာလွန်နေပြီ။’

အကြီးအကဲ ဟုန်မုံက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး

“သိုင်းကျမ်းဆောင် စစ်ဆေးမှု အောင်မြင်ပါတယ်”

*

အဖွဲ့သည် နောက်တစ်နေရာသို့ ဆက်လက် ထွက်ခွာသွားကြသည်။

မကြာမီ သူတို့သည် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး ဝိညာဉ်စမ်းရေတွင်း တစ်ခု ရှိသော တောင်ကြားတစ်ခု အတွင်းသို့ ရောက်ရှိလာကြသည်။ အသေးစား ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ တစ်ခုဖြင့် ကာကွယ်ထားပြီး၊ အတွင်းတွင် ဝိညာဉ်ဆေးပင် စိုက်ခင်းများစွာ ရှိကာ အပင်ပေါင်း သောင်းချီ စိုက်ပျိုးထားသည်။ နှမြောစရာ ကောင်းသည်မှာ ရင့်မှည့်ခြင်း မရှိသေးပေ။

“ဒါက ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းရဲ့ ဝိညာဉ်ဆေးဥယျာဉ် ပါ”

ယွင်ဟွာကျန်းရန်သည် လျိုယွိကျစ်ကို လေးစားစွာ ကြည့်ပြီး ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ စတုတ္ထ အကြီးအကဲ လျိုယွိကျစ် က ဝိညာဉ်ဆေးပင် စိုက်ပျိုးရာမှာ ထူးချွန်ပါတယ်... ဝိညာဉ်ဆေးဥယျာဉ် တစ်ခုလုံး အောင်မြင်ဖြစ်ထွန်းတာက သူ့ရဲ့ ကြိုးစားမှုကြောင့်ပါပဲ”

“ဂိုဏ်းချုပ်က မြှောက်ပင့်လွန်းပါပြီရှင်”

လျိုယွိကျစ် ရှက်သွေးဖြာစွာ ပြောလိုက်သည်။

“ဝိညာဉ်ဆေးပင်တွေ အများကြီးပါလား”

မြူခိုးဂိုဏ်း၏ ဝိညာဉ်ဆေးဥယျာဉ် တာဝန်ခံများ ဖြစ်ကြသော ကျားယွိလန်၊ ယန်ရူယွီ၊ ရှဟဲ နှင့် ချိုကျူ တို့သည် အံ့သြသွားကြသည်။

ယွင်ဟွာဂိုဏ်း၏ ဝိညာဉ်ဆေးဥယျာဉ်နှင့် ယှဉ်လိုက်လျှင် မြူခိုးဂိုဏ်း၏ ဥယျာဉ်မှာ အစပျိုး အဆင့်သာ ရှိသေးပြီး ဘယ်လိုမှ နှိုင်းယှဉ်၍ မရနိုင်ပေ။

အကြီးအကဲ ဟုန်မုံသည် နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်ပြီး

“ဝိညာဉ်ဆေးပင် အမျိုးအစား စုံလင်လှပါလား... အမျိုးအစား တစ်ရာကျော် ရှိပြီး သက်တမ်းအကြာဆုံးက နှစ်တစ်ရာ နီးပါး ရှိတယ်... စုစုပေါင်း အရေအတွက်ကလည်း တစ်သောင်းကျော်တယ်... အရမ်းကောင်းတယ်”

ဝိညာဉ်ဆေးဥယျာဉ် စစ်ဆေးမှုလည်း အောင်မြင်သွားပြန်သည်။

—

အဖွဲ့သည် ဆက်လက် ထွက်ခွာသွားကြသည်။

မြေအောက်နက်ရှိုင်းသော နေရာတွင် တည်ဆောက်ထားသော ဂူတစ်ခုသို့ ရောက်ရှိလာကြသည်။ အပူချိန်မှာ ခံနိုင်ရည် မရှိလောက်အောင် ပြင်းထန်လှသည်။ ဝင်္ကပါ ကာကွယ်မှုသာ မရှိလျှင် ရောက်ရောက်ချင်း အဝတ်အစားများ မီးလောင်ကျွမ်းသွားနိုင်ပေသည်။

ယွင်ဟွာကျန်းရန်သည် မြေကမ္ဘာမီးဖိုများ ရှိသော ခန်းမဆောင်ကြီး နှစ်ခုကို ညွှန်ပြပြီး မိတ်ဆက်ပေးလိုက်သည်။

“ဘယ်ဘက်က ဆေးဖော်စပ်ခန်း ဖြစ်ပြီး၊ ညာဘက်က လက်နက်သွန်းလုပ်ဆောင် ပါ... တစ်ခုစီမှာ တပည့် (၁၀) ယောက်လောက် ဆေးဖော်စပ်တာ၊ လက်နက်သွန်းလုပ်တာတွေ လုပ်လို့ ရပါတယ်”

အကြီးအကဲ ဟုန်မုံ မေးလိုက်သည်။

“လက်နက်သွန်းလုပ်သူ ဒါမှမဟုတ် ဆေးဖော်စပ်သူ ရှိပါသလား”

ထိုအခါ၊ ယွင်ဟွာဂိုဏ်း ဒုတိယ အကြီးအကဲ ရှေ့ထွက်လာသည်။

“ကျွန်တော်က ချီဆေးလုံး အမျိုးအစား အားလုံးနဲ့ အဆင့်နိမ့် မူလခိုင်မာဆေးလုံး တွေကို ဖော်စပ်နိုင်ပါတယ်”

ဟု ယွင်ဟွာဂိုဏ်း ဒုတိယ အကြီးအကဲက ပြောလိုက်သည်။

“ကျွန်တော်က အဆင့်နိမ့် ဝိညာဉ်လက်နက်တွေကို သွန်းလုပ်နိုင်ပါတယ်... အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တွေကတော့ မတတ်နိုင်သေးပါဘူး”

အကြီးအကဲ ဟုန်မုံ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး

“ကျေးဇူးပြုပြီး လက်တွေ့ ပြသပေးပါ”

“ကောင်းပါပြီ”

မဟာအကြီးအကဲနှင့် ဒုတိယ အကြီးအကဲတို့သည် ဆေးဖော်စပ်ခန်းနှင့် လက်နက်သွန်းလုပ်ဆောင် အတွင်းသို့ အသီးသီး ဝင်ရောက်သွားကြသည်။

လူတိုင်း၏ ရှေ့မှောက်တွင် သူတို့နှစ်ဦးသည် တစ်နာရီခန့် အချိန်ယူပြီး အဆင့်နိမ့် မူလခိုင်မာဆေးလုံး တစ်လုံးနှင့် အဆင့်နိမ့် ဝိညာဉ်ဓား တစ်လက်ကို ဖန်တီးပြလိုက်ကြသည်။

အကြီးအကဲ ဟုန်မုံသည် အနည်းငယ် ပူနွေးနေသေးသော မူလခိုင်မာဆေးလုံးကို ကိုင်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“သန့်စင်မှု မဆိုးဘူး... ဆေးဖော်စပ်တဲ့ နည်းစနစ်ကလည်း ဝါရင့်သမ္ဘာရင့်ပဲ... ဆေးဖော်စပ်ခန်း စစ်ဆေးမှု အောင်မြင်ပါတယ်”

ထိုသို့ မှတ်ချက်ပြုပြီးနောက်၊ အကြီးအကဲ ဟုန်မုံက အဆင့်နိမ့် ဝိညာဉ်ဓားကို ကောက်ယူလိုက်ပြီး လက်ချောင်းဖြင့် တောက်လိုက်ရာ ဓားသွား တုန်ခါသွားပြီး ဆက်တိုက် တုန်ခါသံ ထွက်ပေါ်လာလေသည်။

သူမက ပြုံးလိုက်သည်။

“အရည်အသွေး ကောင်းတယ်... လက်နက်သွန်းလုပ်ဆောင် စစ်ဆေးမှု အောင်မြင်ပါတယ်”

ဒါကို ကြားတော့ မဟာအကြီးအကဲနှင့် ဒုတိယ အကြီးအကဲ နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြသည်။

“ဒါဆိုရင် နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင် ပဲ ကျန်တော့တယ်”

အကြီးအကဲ ဟုန်မုံသည် ဆေးလုံးနှင့် ဓားကို ပြန်ပေးလိုက်ပြီး ထွက်ခွာသွားလေသည်။

*

မကြာမီ သူတို့သည် တောင်ကြားတစ်ခုသို့ ရောက်ရှိလာကြသည်။

ဤနေရာတွင် ဂိုဏ်းစောင့် ဝိညာဉ်သားရဲ တစ်ဒါဇင်ကျော် နေထိုင်ကြသည်။

အဆင့်နိမ့် နတ်ဆိုးစစ်သည် (၈) ကောင်၊ အဆင့် အသီးသီးရှိ အလယ်အလတ်အဆင့် နတ်ဆိုးစစ်သည် (၅) ကောင် နှင့် အဆင့်မြင့် နတ်ဆိုးစစ်သည် (၂) ကောင် ရှိပြီး၊ ပျံသန်းသော ဝိညာဉ်သားရဲများနှင့် ဝန်တင် ဝိညာဉ်သားရဲများ ပါဝင်သဖြင့် ဂိုဏ်း၏ နေ့စဉ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။

“နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင် စစ်ဆေးမှု အောင်မြင်ပါတယ်”

အကြီးအကဲ ဟုန်မုံသည် လက်ကို နောက်ပစ်လိုက်ပြီး၊ စိတ်လှုပ်ရှားနေသော ယွင်ဟွာကျန်းရန် ဘက်သို့ လှည့်ကာ ပြုံးပြီး ပြောလိုက်သည်။

“ဂုဏ်ယူပါတယ်... ယွင်ဟွာဂိုဏ်း အနေနဲ့ ဘက်စုံဖွံ့ဖြိုးရေး ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ... ဒီနေ့ကစပြီး ရှင်တို့ဂိုဏ်းဟာ ကြယ်အဆင့်ဂိုဏ်း ဖြစ်သွားပါပြီ”

ထိုစကားကို ကြားလိုက်ရသောအခါ ယွင်ဟွာကျန်းရန် ဝမ်းသာလွန်းသဖြင့် တုန်ယင်သွားလေသည်။

မဟာအကြီးအကဲ လေးဦးလည်း စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ကြပြီး ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်လာကြသည်။

“ဂုဏ်ယူပါတယ် ယွင်ဟွာကျန်းရန်”

ယဲ့ဖုန်း ဂုဏ်ပြုစကား ဆိုလိုက်သည်။

ဒီနေ့ အတွေ့အကြုံကနေ တဆင့် သူသည် ဘက်စုံဖွံ့ဖြိုးရေး ကြယ်အဆင့်ဂိုဏ်း တစ်ခု၏ စစ်ဆေးမှု လုပ်ငန်းစဉ်ကို နားလည်သဘောပေါက်သွားပြီး၊ မြူခိုးဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ကိုးကားစရာ အသစ်တစ်ခု ရရှိလိုက်သဖြင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့လေသည်။

အခန်း (၂၁၆) - ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်နှင့် အကြီးအကဲ ဟုန်မုံ၏ တောင်းဆိုချက်

~ယွင်ဟွာကျန်းရန်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ အထင်းသား ပေါ်လွင်နေလေ၏။

သူသည် ယဲ့ဖုန်း၏ လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ကျေးဇူးတင်စကားများကို ရေပက်မဝင်အောင် ဆိုလိုက်တော့သည်။

“ဂိုဏ်းချုပ်ယဲ့သာ ဝိညာဉ်သွေးကြောကို တည်ငြိမ်အောင် ကူညီမပေးခဲ့ရင် ကျွန်တော်တို့ ယွင်ဟွာဂိုဏ်း အနေနဲ့ စာမေးပွဲ အောင်မြင်ဖို့ဆိုတာ အိပ်မက်တစ်ခုလိုပဲ ဖြစ်နေမှာပါဗျာ... နောက် (၇) ရက်နေရင် ယွင်ဟွာဂိုဏ်းရဲ့ ကြယ်အဆင့်ဂိုဏ်း အောင်ပွဲခံ အခမ်းအနား ကျင်းပပါ့မယ်... အဲ့ဒီပွဲကို ဂိုဏ်းချုပ်ယဲ့ မဖြစ်မနေ လာတက်ပေးပါနော်... ဂိုဏ်းချုပ်ယဲ့ မပါရင် အခမ်းအနားကြီးက ပြီးပြည့်စုံမှာ မဟုတ်လို့ပါ”

ထိုမျှလောက် ထက်သန်နေသော ယွင်ဟွာကျန်းရန်ကို ကြည့်ပြီး ယဲ့ဖုန်းလည်း မငြင်းသာတော့ဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။

“ယွင်ဟွာဂိုဏ်းရဲ့ စာမေးပွဲ အောင်စာရင်း ထွက်သွားပြီ ဆိုတော့... နောက် (၇) ရက်ကြာရင် ကျွန်မ အနေနဲ့ ကြယ်အဆင့်ဂိုဏ်း ကိုယ်စားပြု ကြယ်တံဆိပ်ကို လာပေးအပ်ရင်း အောင်ပွဲခံ အခမ်းအနားကို တက်ရောက်ပေးပါ့မယ်”

ဘေးနားတွင် ရှိနေသော အကြီးအကဲ ဟုန်မုံက ဝင်ရောက်ပြောဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ ဟုန်မုံ... ကျွန်တော်တို့ ညစာစားပွဲလည်း ပြင်ဆင်ထားပါတယ်... အဲ့ဒါလေး သုံးဆောင်ပြီးမှ ပြန်ပါလားခင်ဗျာ”

ယွင်ဟွာကျန်းရန်က ထုံးစံအတိုင်း ယဉ်ကျေးမှုအရ ဖိတ်ခေါ်လိုက်သည်။

“ကောင်းပါပြီလေ... သုံးဆောင်သွားတာပေါ့”

အကြီးအကဲ ဟုန်မုံ ခေါင်းညိတ်လိုက်သည်။

“ဗျာ”

ထိုစကားကို ကြားလိုက်ရသောအခါ ယွင်ဟွာကျန်းရန် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

သူက ဝတ္တရားအရ ဖိတ်ခေါ်လိုက်ခြင်းသာ ဖြစ်ပြီး အကြီးအကဲ ဟုန်မုံ တကယ် နေခဲ့မည်ဟု မထင်ထားခဲ့ပေ။ ကြီးကြပ်ရေးမှူး ချင်ဖင်းနှင့် ချင်ဝမ် တို့ပင် မျက်လုံးပြုးသွားကြသည်။

သူတို့အမြင်တွင် အကြီးအကဲ ဟုန်မုံသည် အပြင်သိပ်မထွက်ဘဲ အိမ်မှာပဲ ကပ်နေတတ်သူ ဖြစ်သည်။ ဂိုဏ်းတစ်ခုခု၏ အောင်ပွဲခံ အခမ်းအနားမျိုး မဟုတ်လျှင် ဘယ်ပွဲကိုမှ တက်ရောက်လေ့ မရှိပေ။

'ဒီနေ့မှ နေထွက်တဲ့အရပ် ပြောင်းသွားတာလား... ထူးဆန်းလိုက်တာ'

မည်သို့ပင် ဆိုစေကာမူ ဧည့်သည်က လက်ခံလိုက်ပြီဖြစ်ရာ ယွင်ဟွာကျန်းရန်သည် အမြန်ပင် အမိန့်ပေးလိုက်သည်။

“အကြီးအကဲ ဟုန်မုံနဲ့ ကြီးကြပ်ရေးမှူး နှစ်ယောက် ခဏလောက် အနားယူကြပါဦး... ညစာစားပွဲကို အကြီးအကဲ လေးယောက်က အမြန်ဆုံး ပြင်ဆင်ပေးပါလိမ့်မယ်”

---

“ဂိုဏ်းချုပ်ယဲ့... ကျွန်မတို့ စကားနည်းနည်းလောက် ပြောရအောင်”

ထိုအချိန်တွင် အကြီးအကဲ ဟုန်မုံသည် နတ်ဘုရားအာရုံဖြင့် ယဲ့ဖုန်းကို လှမ်းဆက်သွယ်လိုက်ပြီးနောက် တစ်ယောက်တည်း ထွက်ခွာသွားလေသည်။

ယဲ့ဖုန်းသည် တပည့်များကို လှည့်ကြည့်ပြီး မှာကြားလိုက်သည်။

“မင်းတို့ စားသောက်ပွဲ ခန်းမကို အရင် သွားနှင့်ကြ... ငါ ခဏနေ လိုက်လာခဲ့မယ်”

ထို့နောက် သူသည် အကြီးအကဲ ဟုန်မုံ နောက်သို့ လိုက်သွားလိုက်သည်။ အကင်းပါးလွန်းသော မိုယင်မှလွဲ၍ ကျန်တပည့်များ မည်သူမျှ ထူးခြားမှုကို သတိမထားမိကြပေ။

'အကြီးအကဲ ဟုန်မုံက ဂိုဏ်းချုပ်နဲ့ သီးသန့် ဆွေးနွေးစရာ ရှိလို့ နေမယ်... ကြည့်ရတာ အခြေအနေက ရိုးရိုးသားသားတော့ မဟုတ်သလိုပဲ'

ထွက်ခွာသွားသော သူတို့နှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း မိုယင် တွေးနေမိသည်။

တောင်ထိပ်တစ်ခုပေါ်တွင်...

အကြီးအကဲ ဟုန်မုံသည် ပြန့်ပြူးသော ကျောက်ဖျာပြားကြီး တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ ယဲ့ဖုန်းသည်လည်း သူမနှင့် မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်ပြီး စကားစပြောလိုက်သည်။

“ဒီနေ့ ကြယ်အဆင့်ဂိုဏ်း စာမေးပွဲကို တက်ရောက်ခွင့်ရလိုက်တော့ ကျွန်တော့်အတွက် ဗဟုသုတ အများကြီး တိုးသွားတာပေါ့ဗျာ... အကြီးအကဲ ဟုန်မုံရဲ့ လုပ်ရည်ကိုင်ရည်ကလည်း လေးစားစရာပါပဲ”

“ကြယ်အဆင့်ဂိုဏ်း စစ်ဆေးမှုနဲ့ ပတ်သက်ရင်တော့ ကျွန်မက ကျွမ်းကျင်ပါတယ်... ကျွန်မ မမှားဘူးဆိုရင် ရှင်တို့ မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း အဆင့်မှာပဲ ရှိသေးတယ် မဟုတ်လား... သိချင်တာ ရှိရင် မေးလို့ရပါတယ်”

ဟု အကြီးအကဲ ဟုန်မုံက ဖော်ရွေစွာ ပြောလိုက်သည်။

“ကြယ်အဆင့် တက်ဖို့အတွက် ဂိုဏ်းတစ်ခုက ဘယ်လို လမ်းကြောင်းမျိုး ရွေးချယ်သင့်လဲ ဆိုတာ သိချင်ပါတယ်... ဘက်စုံဖွံ့ဖြိုးရေး လမ်းကြောင်းလား ဒါမှမဟုတ် တခြား လမ်းကြောင်းတွေ ရှိသေးလားဗျ”

ယဲ့ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“လွယ်ပါတယ်”

အကြီးအကဲ ဟုန်မုံသည် ရှေးဟောင်း မှတ်တမ်း စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

“ကြယ်အဆင့် သတ်မှတ်ချက်မှာ ဘက်စုံဖွံ့ဖြိုးရေး အမျိုးအစား နဲ့ တစ်ကိုယ်တော် ထူးချွန်ရေး အမျိုးအစား ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်... တစ်ကိုယ်တော် အမျိုးအစားကို အထောက်အကူပြု အမျိုးအစား ဒါမှမဟုတ် အထူးပြု အမျိုးအစား လို့လည်း ခေါ်ကြတယ်”

ယဲ့ဖုန်း စိတ်ဝင်စားသွားသည်။

“ဆက်ပြောပါဦးဗျ”

ထိုအခါ၊ အကြီးအကဲ ဟုန်မုံ ဆက်လက်၍ ရှင်းပြလိုက်သည်က…

“ဘက်စုံဖွံ့ဖြိုးရေး အမျိုးအစားကတော့ ယွင်ဟွာဂိုဏ်း၊ ချင်းယွင်ဂိုဏ်း၊ လျိုယွင်ဂိုဏ်းနဲ့ မြငိ့မြတ်သော လေဓားဂိုဏ်းတို့လို ဂိုဏ်းတွေပေါ့... ဒါက အတွေ့ရအများဆုံး အမျိုးအစားပါ”

“ဒီလို ဂိုဏ်းတွေ အဆင့်တက်ဖို့အတွက် လိုအပ်ချက်တွေက များပါတယ်... သိုင်းကျမ်းဆောင်၊ နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၊ သိုင်းလေ့ကျင့်ရေးကွင်း၊ လက်နက်သွန်းလုပ်ဆောင်၊ ဆေးဖော်စပ်ဆောင် နဲ့ ဝိညာဉ်ဆေးဥယျာဉ် စသဖြင့် အစုံအလင် ရှိရမယ်”

“ဒါပေမဲ့ လိုအပ်ချက်တွေ များပေမဲ့ တစ်ခုချင်းစီအတွက် သတ်မှတ်ထားတဲ့ စံနှုန်းကတော့ သိပ်မမြင့်ပါဘူး”

“အတိုချုပ် ပြောရရင် ဘက်စုံဖွံ့ဖြိုးရေး အမျိုးအစား ဂိုဏ်းတွေက ကဏ္ဍစုံမှာ မျှမျှတတ ဖွံ့ဖြိုးနေပေမဲ့ ဘယ်ကဏ္ဍမှာမှ ထူးထူးခြားခြား ထိပ်တန်းရောက်နေတာမျိုးတော့ မရှိဘူးပေါ့... ဂိုဏ်းချုပ်ယဲ့ သဘောပေါက်ရဲ့လား”

“သဘောပေါက်ပါတယ်”

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်တော့သည်။

အကြီးအကဲ ဟုန်မုံ ဆက်ပြောပြလာသည်။

“တစ်ကိုယ်တော် ထူးချွန်ရေး အမျိုးအစား ဆိုတာကတော့ လက်နက်တစ်ရာဂိုဏ်း၊ နတ်ဆိုးသားရဲဂိုဏ်း၊ ဝိညာဉ်ဝင်္ကပါဂိုဏ်း တို့လို ဂိုဏ်းမျိုးတွေပါ”

“ဒီလို ဂိုဏ်းတွေက ကဏ္ဍစုံမှာ မျှမျှတတ မဖွံ့ဖြိုးကြပါဘူး... တချို့က လက်နက်သွန်းလုပ်တာမှာပဲ အထူးပြုတယ်... တချို့က ဆေးဖော်စပ်တာ၊ တချို့က နတ်ဆိုးသားရဲ မွေးမြူတာ၊ တချို့က ဝင်္ကပါ တည်ဆောက်တာ စသဖြင့် တစ်မျိုးတည်းကိုပဲ အားစိုက်ကြတယ်”

“ဒီလို ဂိုဏ်းတွေ ကြယ်အဆင့် တက်ချင်ရင် တခြားကဏ္ဍတွေအတွက် သတ်မှတ်ချက် မမြင့်မားပေမဲ့၊ သူတို့ အထူးပြုထားတဲ့ ကဏ္ဍမှာတော့ ထူးချွန်ပြောင်မြောက်ဖို့ လိုအပ်ပါတယ်”

“ဥပမာ လက်နက်တစ်ရာဂိုဏ်း ဆိုပါစို့... သူတို့ တပည့်တွေက တိုက်ခိုက်ရေးမှာ မကောင်းဘူး... ကျင့်ကြံတဲ့ သိုင်းနည်းစနစ်တွေကလည်း သိပ်မစွမ်းဘူး... ဒါပေမဲ့ သူတို့အားလုံးက လက်နက်သွန်းလုပ်တာမှာ ကျွမ်းကျင်ကြတယ်... အထူးသဖြင့် ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေဆိုရင် ထိပ်တန်းအဆင့် လက်ရာရှင်တွေပဲ”

ဒီအချက်ကို ကြားလိုက်ရတော့ ယဲ့ဖုန်း အခြေခံသဘောတရားကို နားလည်သွားသည်။

'သဘောကတော့ ဘက်စုံဖွံ့ဖြိုးရေး ဆိုတာ တက္ကသိုလ် တစ်ခုလိုမျိုး ဖြစ်ပြီး၊ တစ်ကိုယ်တော် ထူးချွန်ရေး ဆိုတာကတော့ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း တစ်ခုလိုမျိုးပေါ့'

အကြီးအကဲ ဟုန်မုံသည် ယဲ့ဖုန်း၏ မျက်နှာထားကို ကြည့်ပြီး ပြုံးလိုက်သည်။

“ကြည့်ရတာ ဂိုဏ်းချုပ်ယဲ့ လိုချင်တဲ့ အဖြေကို ရသွားပြီ ထင်တယ်”

“ဟုတ်ကဲ့”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

သူ့စိတ်ထဲမှာ မြူခိုးဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

‘ဘက်စုံဖွံ့ဖြိုးရေး လမ်းစဉ်။

ဒါဆိုရင် မြူခိုးဂိုဏ်း အနေနဲ့ လက်နက်သွန်းလုပ်ဆောင်၊ ဆေးဖော်စပ်ဆောင်၊ ဝိညာဉ်ဆေးဥယျာဉ်၊ သိုင်းကျမ်းဆောင်၊ သိုင်းလေ့ကျင့်ရေးကွင်း စတဲ့ အဆောက်အဦတွေကို တည်ဆောက်ရတော့မှာပေါ့။’

ဒီအချက်ကို တွေးမိပြီး ယဲ့ဖုန်း မေးလိုက်သည်။

“အကြီးအကဲ ဟုန်မုံ... တကယ်လို့ ကျွန်တော်တို့ မြူခိုးဂိုဏ်းက ဘက်စုံဖွံ့ဖြိုးရေး လမ်းစဉ်ကို ရွေးချယ်မယ်ဆိုရင် သိုင်းကျမ်းဆောင်တို့ သိုင်းလေ့ကျင့်ရေးကွင်းတို့ အတွက် သတ်မှတ်ချက်က ဘယ်လောက်ထိ တင်းကျပ်လဲ... အနိမ့်ဆုံး လိုအပ်ချက်က ဘာလဲဆိုတာ သိချင်ပါတယ်”

အကြီးအကဲ ဟုန်မုံ ပြန်ဖြေလိုက်သည်။

“ဘက်စုံဖွံ့ဖြိုးရေး ဂိုဏ်းတွေအတွက်ကတော့ အဆောက်အဦ အမျိုးအစား စုံလင်ရင် ရပါပြီ... ဥပမာ သိုင်းကျမ်းဆောင်အတွက် အနိမ့်ဆုံး လိုအပ်ချက်က သိုင်းနည်းစနစ်အမျိုးအစား (၅၀) ရှိရမယ်... အဲ့ဒီအထဲမှာ တတိယအဆင့် သိုင်းနည်းစနစ် အနည်းဆုံး (၁) ခု၊ ဒုတိယအဆင့် သိုင်းနည်းစနစ် (၄) ခု နဲ့ ပထမအဆင့် သိုင်းနည်းစနစ် (၄၅) ခု ပါဝင်ရမယ်”

“ဝိညာဉ်ဆေးဥယျာဉ်၊ ဆေးဖော်စပ်ဆောင်နဲ့ လက်နက်သွန်းလုပ်ဆောင်တွေ အတွက်ကတော့ အဆောက်အဦ ရှိနေပြီး ဂိုဏ်းရဲ့ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ထွက်ကုန်ပမာဏ တစ်ခု ရှိရင် လုံလောက်ပါပြီ”

“ဒါပေမဲ့ ဝိညာဉ်သွေးကြော တစ်ခု ရှိဖို့ကတော့ မရှိမဖြစ်ပါပဲ”

“သြော်... လိုအပ်ချက်က သိပ်မမြင့်ဘူးပဲ... ကျွန်တော် နားလည်ပါပြီ... ဒါနဲ့ စကားမစပ်... ကြယ်အဆင့်ဂိုဏ်း ဖြစ်ဖို့အတွက် တပည့်ဦးရေ သတ်မှတ်ချက် ရှိသေးလားဗျ”

ယဲ့ဖုန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

အကြီးအကဲ ဟုန်မုံ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“မူအားဖြင့်တော့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်ရှိတဲ့ အကြီးအကဲ အနည်းဆုံး တစ်ယောက်၊ ဒါမှမဟုတ် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိတဲ့ အကြီးအကဲ နှစ်ယောက်၊ ဒါမှမဟုတ် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် ရှိတဲ့ ဂိုဏ်းချုပ် တစ်ယောက် ရှိရမယ်... ဂိုဏ်းသားနဲ့ တပည့်ဦးရေကတော့ အနည်းဆုံး ရာဂဏန်းလောက်တော့ ရှိသင့်တယ် ထင်တာပဲ”

သူမ စကားကို ခဏရပ်လိုက်ပြီး ပြန်ပြင်ပြောလိုက်သည်။

“ဒါပေမဲ့ ဂိုဏ်းသားဦးရေ သတ်မှတ်ချက်က သိပ်ပြီး တင်းကျပ်တာမျိုးတော့ မဟုတ်ပါဘူး... ဒီပမာဏထက် နည်းနေရင်လည်း ကိစ္စမရှိပါဘူး”

“တော်သေးတာပေါ့ဗျာ”

ယဲ့ဖုန်း သက်ပြင်းချလိုက်မိသည်။

'လက်ရှိအချိန်မှာ စနစ်က အသိအမှတ်ပြုတဲ့ လူဦးရေက နည်းလွန်းနေသေးတာကိုး... တပည့် (၁၀၀) ပြည့်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ... အချိန်ယူပြီး စုဆောင်းမှ ရမယ့် ကိစ္စလေ'

ဒီဆွေးနွေးမှုကြောင့် ယဲ့ဖုန်း အနေနဲ့ မြူခိုးဂိုဏ်းရဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းနဲ့ လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်သွားပြီ ဖြစ်သည်။ ကြယ်အဆင့်ဂိုဏ်း ဖြစ်လာဖို့ ဘာတွေ ဖြည့်ဆည်းရမလဲ ဆိုတာကို ကောင်းကောင်းကြီး နားလည်သွားပြီ။

“ကျွန်တော် သိချင်တာတွေ စုံပါပြီ... အခု အကြီးအကဲ ဟုန်မုံ ဘာလိုချင်လဲ ဆိုတာ ပြောပါတော့”

ယဲ့ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

“ရှင် တကယ်ပဲ ထပ်မမေးချင်တော့ဘူးလား”

အကြီးအကဲ ဟုန်မုံက နူးညံ့စွာ ပြုံးရင်း မေးလိုက်သည်။

ဥပဓိရုပ် ချောမောခန့်ညားပြီး စွမ်းအားကြီးသော လူငယ်လေး ယဲ့ဖုန်း နဲ့ အတူထိုင်ပြီး စကားပြောရတာ သူမအတွက် အပန်းဖြေခြင်း တစ်မျိုးလို ခံစားရစေသည်။ ဒါက ယဲ့ဖုန်းအပေါ် စိတ်ဝင်စားသွား၍ မဟုတ်ဘဲ၊ သူ့အနားမှာ ရှိနေရတာ သက်သောင့်သက်သာ ရှိပြီး စိတ်ချမ်းသာစရာ ကောင်းနေလို့သာ ဖြစ်သည်။

“လောလောဆယ်တော့ ဒါပါပဲ... နောက်ထပ် မေးစရာရှိရင် အကြီးအကဲ ဟုန်မုံဆီ လာပြီး အကြံဉာဏ် တောင်းပါ့မယ်”

ယဲ့ဖုန်းက ကျောက်တုံးပေါ်တွင် ထိုင်ရင်း စောင့်ဆိုင်းနေလိုက်သည်။

ထိုအခါ၊ အကြီးအကဲ ဟုန်မုံ ခေါင်းညိတ်လိုက်ပြီး

“ဒါဆိုရင်လည်း ဒီအကြီးအကဲက လိုရင်းကိုပဲ ပြောပါတော့မယ်... ဂိုဏ်းချုပ်ယဲ့က အသေးစား ကောင်းကင်ဘုံ ဝင်္ကပါကို ရေးထွင်းတတ်တယ် ဆိုတော့... လိုအပ်တဲ့ ပစ္စည်းတွေသာ စုံစုံလင်လင် ရှိမယ်ဆိုရင် ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ တစ်ခုလုံးကို ဖန်တီးပေးနိုင်မလား”

“ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ ဟုတ်လား”

ယဲ့ဖုန်း ကြောင်အသွားသည်။

'အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ တစ်ခု ရေးထွင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေတောင် ယွင်ဟွာဂိုဏ်းလို ဂိုဏ်းကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာ... အခု အကြီးအကဲ ဟုန်မုံက ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ တစ်ခုလုံးကို တည်ဆောက်ချင်တာတဲ့လား'

ကမ္ဘာငယ် သုံးထောင် နဲ့ ဆင်တူတဲ့ အရာမျိုးလား။

တကယ်လို့ အဲ့ဒါမျိုးသာ ဆိုရင်တော့ လိုအပ်မယ့် ပစ္စည်းတန်ဖိုးက သာမန် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် တတ်နိုင်တဲ့ ပမာဏထက် အများကြီး ကျော်လွန်နေမှာ သေချာသည်။

“ဟုတ်တယ်... တစ်ခုတည်း မဟုတ်ဘူး...အတွဒလိုက်ကြီး... စုစုပေါင်း (၃၆) ခု... ကောင်းကင်ဘုံ သုံးဆယ့်ခြောက် လို့ ခေါ်ကြတယ်”

အကြီးအကဲ ဟုန်မုံက အတည်ပြု ပြောကြားလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း တစ်ယောက် ဆွံ့အသွားလေတော့သည်။

All Chapters