← Chapters

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇) - ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သတင်း

~အကြီးအကဲ ဟုန်မုံ၏ စကားကြောင့် ယဲ့ဖုန်းသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားလေသည်။

“အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ (၃၆) ခု ဆိုတာ သေချာရဲ့လားဗျ”

ယဲ့ဖုန်းသည် အခြေအနေကို သေချာအောင် နောက်တစ်ခေါက် ထပ်မေးလိုက်သည်။

“သေချာပါတယ်... ဂိုဏ်းချုပ်ယဲ့ နားကြားမမှားပါဘူး”

အကြီးအကဲ ဟုန်မုံ ခေါင်းညိတ်လိုက်သည်။

ယဲ့ဖုန်း ခေတ္တမျှ တွေဝေပြီးမှ ပြောလိုက်သည်။

“အကြီးအကဲ ဟုန်မုံ မသိလို့ နေမှာပါ... အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ တစ်ခု ရေးထွင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အရမ်းများပြားလွန်းတယ်... ကြယ်အဆင့်ဂိုဏ်း တစ်ခုအတွက်တောင် အတော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ဗျ”

သူ ဆိုလိုချင်သည်မှာ ဝင်္ကပါ (၃၆) ခု ရေးထွင်းဖို့ ကုန်ကျစရိတ်က အလွန် ကြီးမားလှပြီး၊ အကြီးအကဲ ဟုန်မုံ ဘက်က ငွေကြေး မလုံလောက်လျှင် အလုပ်ဖြစ်ဖို့ ခဲယဉ်းကြောင်း အရိပ်အမြွက် ပြောလိုက်ခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်ယဲ့က ပစ္စည်းကိစ္စကို ပူနေတာလား”

“ခစ်ခစ်…”

အကြီးအကဲ ဟုန်မုံ ရုတ်တရက် ရယ်မောလိုက်သည်။

“မေ့ပြောမိလို့ပါ... ကောင်းကင်ဘုံ (၃၆) ခု လိုချင်နေတာ ကျွန်မ မဟုတ်ပါဘူး... ကျွန်မရဲ့ သူငယ်ချင်းက အကူအညီတောင်းထားလို့ ဒီဝင်္ကပါကို ရေးဆွဲတတ်တဲ့ ဝင်္ကပါဆရာကို လိုက်ရှာနေရတာပါ... ဝမ်းနည်းစရာကောင်းတာက ခရိုင်ဘုရင်မြို့တော်မှာ ကျွန်မ မသိတဲ့လူ မရှိသလောက် နည်းပေမဲ့ ဒီလို ဝင်္ကပါဆရာမျိုးကို တစ်ခါမှ ရှာမတွေ့ခဲ့ဘူး... ဒီနေ့ ဂိုဏ်းချုပ်ယဲ့နဲ့ တွေ့မှပဲ အဆင်ပြေသွားတော့တယ်”

“သူငယ်ချင်းလား”

ယဲ့ဖုန်း သဘောပေါက်သွားသည်။

စဉ်းစားကြည့်လျှင်လည်း ဟုတ်တာပါပဲလေ။ အကြီးအကဲ ဟုန်မုံက အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်ပြီး ခရိုင်ဘုရင်မြို့တော်၏ သံတမန် ဖြစ်နေလျှင်တောင် ဒီလောက် ကြွယ်ဝချမ်းသာဖို့ မဖြစ်နိုင်ပါ။

“ကြယ်နှစ်ပွင့်အဆင့် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ သမီးက ကျွန်မ သူငယ်ချင်းပါ”

အကြီးအကဲ ဟုန်မုံသည် အပြာရောင် ရှေးဟောင်း တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။

ယဲ့ဖုန်း လှမ်းယူကြည့်လိုက်ရာ အရှေ့ဘက်တွင် "တစ်သောင်း" ဟူသော စာလုံးကို တွေ့ရပြီး၊ အနောက်ဘက်တွင် ကျွန်းပေါင်းတစ်သောင်းကို ကိုယ်စားပြုသော ကြယ်ပွင့်လေးများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့...

ယဲ့ဖုန်း မြေပုံကို တိတ်တဆိတ် ထုတ်ကြည့်လိုက်သည်။

မြူခိုးတောင်ထိပ်မှ မိုင်ခြောက်ထောင်ကျော် ဝေးကွာသော နေရာတွင် မိုင်နှစ်ထောင်ကျော် ကျယ်ဝန်းသည့် ကုန်းတွင်းပင်လယ်ကြီး တစ်ခု ရှိနေသည်။ စီးဆင်းနေသောရေ မြစ်၊ ဖန်ဟွာမြစ်နှင့် တောင်ပိုင်းမြစ် တစ်ခုလုံးသည် ဤပင်လယ်ကြီး အတွင်းသို့ စီးဝင်ကြသည်။

ထိုပင်လယ်ကြီး၏ အမည်မှာ "တောင်ပိုင်းမြစ် ကန်" ဖြစ်ပြီး၊ ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့သည် ထိုနေရာတွင် တည်ရှိသည်။

“သြော်... ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ကိုး”

ယဲ့ဖုန်း သဘောပေါက် နားလည်သွားသည်။

တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးတွင် ကြယ်နှစ်ပွင့်အဆင့် အင်အားစုဟူ၍ လက်ချိုးရေလို့ ရသည်။ လေဓားဂိုဏ်း၊ ခရိုင်ဘုရင်မြို့တော် နှင့် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ တို့သာ ရှိကြသည်။

ကြယ်နှစ်ပွင့်အဆင့် ဖြစ်သောကြောင့် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့တွင် ငွေကြေးဓန အလုံအလောက် ရှိမည်မှာ သေချာသဖြင့် ကောင်းကင်ဘုံ (၃၆) ခု တည်ဆောက်ခြင်းသည် ဖြစ်နိုင်ခြေ ရှိသည်။

ဒီအချက်ကို တွေးမိပြီး ယဲ့ဖုန်း ပြောလိုက်သည်။

“ကျွန်တော်က ဝင်္ကပါ အင်းကွက်တွေကို ရေးထွင်းပေးတဲ့ တာဝန်ပဲ ယူပါမယ်... ကျန်တဲ့ ပစ္စည်း ရှာဖွေတာတို့၊ နေရာချထားတာတို့ အားလုံးကို ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့က တာဝန်ယူရပါမယ်... ပြီးတော့ ကျွန်တော့် အကူအညီက အလကား မဟုတ်ပါဘူး... ဝင်္ကပါ တစ်ခု ရေးထွင်းတိုင်း လုပ်ခတစ်ခု သတ်မှတ်ထားပါတယ်”

“အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခု... ဒါက ကျွန်မ သူငယ်ချင်း ပေးမယ့် ဆုလာဘ်ပါ... တကယ်လို့ ဝိညာဉ်လက်နက် မလိုချင်ရင်လည်း အဲ့ဒီတန်ဖိုးနဲ့ ညီမျှတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်လို့ ရပါတယ်”

အကြီးအကဲ ဟုန်မုံက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

“တစ်ခုတည်းလား”

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

သာမန် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခု၏ ပေါက်ဈေးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ခန့်သာ ရှိပြီး၊ ဈေးကြီးတာမျိုးဆိုမှ ၃၀၀၀ လောက် ရှိတာ။ ဒီလောက်ဝေးတဲ့ ခရီးကို သွားပြီး ဝင်္ကပါ (၃၆) ခု ရေးထွင်းပေးရမှာကို ဝိညာဉ်ကျောက်တုံး ၂၀၀၀ တည်း ရမယ်ဆိုရင်တော့ နည်းလွန်းအားကြီးသည်။

ယဲ့ဖုန်း ငြင်းပယ်ဖို့ ပြင်လိုက်သည်။

“ဝင်္ကပါ တစ်ခုအတွက် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုပါ... အဲ့ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ နဲ့ ညီမျှပါတယ်... ဝင်္ကပါ (၃၆) ခုလုံး ပြီးသွားရင် စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၇၂၀၀၀ ရမှာပါ”

အကြီးအကဲ ဟုန်မုံ ပြောလိုက်သော ပမာဏမှာ ယဲ့ဖုန်း အိပ်မက်ထဲမှာတောင် ထည့်မမက်ရဲသော ပမာဏ ဖြစ်နေလေသည်။

ခုနစ်သောင်း နှစ်ထောင် ဟုတ်လား။

သာမန် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခု ဆိုရင်တောင် ဂိုဏ်းတစ်ခုလုံး ဒေဝါလီခံပြီး ရောင်းလိုက်ရင်တောင် ဒီလောက်ငွေ ရနိုင်ပါ့မလား။

ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ လို ကြယ်နှစ်ပွင့်အဆင့် အင်အားစုကြီးကမှ ဒီလောက် ကြွယ်ဝချမ်းသာပြီး ဝိညာဉ်ကျောက်တုံး ၇၂၀၀၀ ကို ပေါ့ပေါ့ပါးပါး ပေးနိုင်တာ ဖြစ်မည်။

ယဲ့ဖုန်း တွေးလေ စိတ်လှုပ်ရှားလေ ဖြစ်လာသည်။

သူသည် အကြီးအကဲ ဟုန်မုံကို မော့ကြည့်ပြီး ပြောလိုက်သည်။

“နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်ဗျ... ကိစ္စပြီးသွားရင် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ အနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနဲ့ ပေးချေလို့ ရမလား... အကုန်လုံးကို ပြောတာ မဟုတ်ပါဘူး... နှစ်တုံး သုံးတုံးလောက် ဆိုရင် ရပါပြီ... မရရင် တစ်တုံးလောက် ဆိုရင်တောင် ကျေနပ်ပါတယ်”

ထိုစကားကို ကြားသောအခါ အကြီးအကဲ ဟုန်မုံ၏ မျက်ခုံးများ တွန့်ချိုးသွားလေသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆိုတာက ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူတွေ အသုံးပြုသော အရာတွေ ဖြစ်သည်။ သူမက ခရိုင်ဘုရင်မြို့တော်၏ သံတမန် ဖြစ်နေလျှင်တောင် ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးတာကြောင့် ဒါမျိုး မပိုင်ဆိုင်ထားပေ။

‘အဆင့်မြင့်ဂိုဏ်း တစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ယဲ့ဖုန်းက ဘာကိစ္စ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို လိုချင်နေရတာလဲ။

ဝင်္ကပါ ခင်းဖို့များလား။’

သံသယတွေ ပြည့်နှက်နေသော်ငြား၊ ကြီးအကဲ ဟုန်မုံက မေးလိုက်သည်။

“ငွေပေးချေမှုကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနဲ့ပဲ ယူမှ ဖြစ်မှာလား”

သူမ မေးခွန်းအား ယဲ့ဖုန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော့် လုပ်အားခထဲမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အနည်းဆုံး တစ်တုံးတော့ ပါကို ပါရမယ်... ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် မရှိမဖြစ် လိုအပ်နေလို့ပါ”

ဒီသဘောတူညီချက်သာ အောင်မြင်သွားလျှင် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား သွန်းလုပ်ဖို့ လိုအပ်သော ကျောက်တုံးတွေ ပြည့်သွားရုံသာမက အမြတ်အစွန်းလည်း အများကြီး ကျန်ဦးမည်။

ဝိညာဉ်ကျောက်တုံး လုံလောက်သွားလျှင် မြူခိုးဂိုဏ်း၏ သိုင်းကျမ်းဆောင်ကို စတင် တည်ဆောက်၍ ရပြီပင်။

“ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့က ကြယ်နှစ်ပွင့်အဆင့် ဖြစ်တဲ့အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ပိုင်ဆိုင်ထားတာတော့ အမှန်ပါပဲ... ဒါပေမဲ့ ဒါက ကျွန်မ ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး... ဒီလိုလုပ်ပါလား... ကျွန်မ သူငယ်ချင်းကို ဒီညပဲ ဆက်သွယ်လိုက်မယ်... နောက်အကျဆုံး (၃) ရက်အတွင်း ဂိုဏ်းချုပ်ယဲ့ကို အဖြေပြန်ပေးပါ့မယ်”

အကြီးအကဲ ဟုန်မုံက အာမခံချက် မပေးဘဲ ပြောလိုက်သည်။

ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ... ဒါဆို ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့”

“ဟုတ်ကဲ့... ကျွန်မ အမြန်ဆုံး ဆက်သွယ်ပြီး အကြောင်းပြန်ပေးပါ့မယ်”

“ဒါဆိုရင် ဂိုဏ်းချုပ်ယဲ့က ယွင်ဟွာတောင်ထိပ်က ညစာစားပွဲကို အရင် သွားနှင့်လိုက်ပါ့မယ်... အကြီးအကဲ ဟုန်မုံ ကိစ္စပြီးမှ လိုက်ခဲ့လည်း နောက်မကျပါဘူးဗျာ”

ယဲ့ဖုန်း ပြောပြီး ထွက်ခွာသွားလေသည်။

သူ ထွက်သွားပြီးနောက် အကြီးအကဲ ဟုန်မုံသည် ရွှေရောင် စာပို့စက္ကူကြိုးကြာငှက် တစ်ကောင်ကို ထုတ်လိုက်ပြီး၊ ဝိညာဉ်စွမ်းအင် (၁၀) ချက် မှုတ်သွင်းကာ လေထဲသို့ လွှတ်တင်လိုက်သည်။

“ရွှစ်…”

ကြိုးကြာငှက်သည် အသံထက်မြန်သော အရှိန်ဖြင့် အရှေ့ဘက်ရှိ တောင်ပိုင်းမြစ် ကန် ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။

*

ယွင်ဟွာတောင်ထိပ်ဝယ်၊

စားပွဲဝိုင်းကြီး တစ်ခုတွင် လူအုပ်စု တစ်စု ထိုင်နေကြသည်။ ယွင်ဟွာဂိုဏ်း စားဖိုမှူးများ သေချာ ပြင်ဆင်ထားသော စားသောက်ပွဲကို ပျော်ရွှင်စွာ သုံးဆောင်ရင်း စကားစမြည် ပြောဆိုနေကြသည်။

ယွင်ဟွာကျန်းရန်သည် ဝိညာဉ်သေရည်ကို သောက်ရင်း မျက်နှာတစ်ခုလုံး နီရဲတောက်ပနေလေသည်။

“ဟူး... နောက်ဆုံးတော့ ကြယ်အဆင့်ဂိုဏ်း အသိအမှတ်ပြု လက်မှတ် ရခဲ့ပြီဗျာ... ဒီနေ့ကစပြီး ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းဟာ အရေးပါတဲ့ အပြောင်းအလဲ တစ်ခုကို ဖြတ်ကျော်ပြီး စစ်မှန်တဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်လာခဲ့ပြီ... နောက်နောင် ဘိုးဘေးတွေကို ရင်ဆိုင်ရရင်တောင် ကျွန်တော် မျက်နှာမငယ်ရတော့ဘူး... ယွင်ဟွာဂိုဏ်းရဲ့ တက်လမ်းက ကျွန်တော့်လက်ထက်မှာ စတင်ခဲ့တာကိုး”

ယွင်ဟွာကျန်းရန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... ဂုဏ်ယူပါတယ်ဗျာ”

ယဲ့ဖုန်း ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်သည်။

စားပွဲပေါ်တွင် ခွက်များနှင့် ပန်းကန်များ ရှုပ်ပွနေကြတော့၏

စားသောက်ပွဲ ပြီးဆုံးပြီးနောက်...၊ အားလုံး လူစုခွဲလိုက်ကြပါသည်။

အကြီးအကဲ ဟုန်မုံသည် ချင်ဖင်း၊ ချင်ဝမ် တို့နှင့်အတူ ခရိုင်ဘုရင်မြို့တော်သို့ ပြန်သွားလေသည်။

ယဲ့ဖုန်းကတော့ တပည့်များကို ခေါ်ဆောင်ပြီး ပြန်ရန် ပြင်လိုက်စဉ် ယွင်ဟွာကျန်းရန်က တားလိုက်သည်။

ထို့နောက်၊ ဂိုဏ်းချုပ် အဆင့် ပညာရှင်ကြီး နှစ်ဦးသည် ဘေးဘက်သို့ ကပ်ကာ လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် စကားပြောဆိုလိုက်ကြပြီးမှ လမ်းခွဲလိုက်ကြသည်။

နာရီအနည်းငယ် ပျံသန်းပြီးနောက် သူတို့အဖွဲ့သည် မြူခိုးတောင်ထိပ်သို့ ချောမောစွာ ပြန်လည် ရောက်ရှိလာကြပါ၏။

“အိမ်က အကောင်းဆုံးပဲဗျာ”

ရှီလေ့သည် ဝိညာဉ်စမ်းရေ တစ်ခွက် သောက်လိုက်ပြီး စိတ်လက်ပေါ့ပါးသွားသဖြင့် ရေရွတ်လိုက်သည်။

ယဲ့ဖုန်းသည် အားလုံးကို လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

“ကဲ... ဂိုဏ်းကို ပြန်ရောက်ပြီဆိုတော့ အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်ကြတော့... နောက် (၇) ရက်နေရင် ယွင်ဟွာဂိုဏ်းရဲ့ ကြယ်အဆင့်ဂိုဏ်း အောင်ပွဲခံ အခမ်းအနား ရှိတယ်လို့ ယွင်ဟွာကျန်းရန် ပြောလိုက်တယ်... အဲ့ဒီပွဲကို ငါတို့အားလုံး သွားတက်ပြီး အတွေ့အကြုံ ယူကြမယ်... နောင်ကျရင် မြူခိုးဂိုဏ်းလည်း အဲ့ဒီအဆင့်ကို ရောက်လာမှာဆိုတော့ ကြိုတင် လေ့ကျင့်ထားတယ်လို့ သဘောထားလိုက်ကြပေါ့”

“ကျွန်တော်တို့ မြူခိုးဂိုဏ်းလည်း ကြယ်အဆင့်ဂိုဏ်း ဖြစ်လာနိုင်မလား ဟင်”

လုံထျန်းရှင်းက စိတ်လှုပ်ရှားစွာ မေးလိုက်ခြင်းပါ။

ထိုအခါ၊ ယဲ့ဖုန်းသည် လုံထျန်းရှင်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ငါတို့ မြူခိုးဂိုဏ်းမှာ ကြီးမားတဲ့ အလားအလာတွေ ရှိတယ်... ကြယ်အဆင့်ဂိုဏ်း ဖြစ်ဖို့ မခက်ပါဘူး... ဒါပေမဲ့ အဲ့ဒီအဆင့် ရောက်ဖို့ဆိုတာ အားလုံးရဲ့ ကြိုးစားမှုအပေါ်မှာ မူတည်နေတယ်... သဘောပေါက်လား”

“သဘောပေါက်ပါပြီ... ကျွန်တော် အခုချက်ချင်း လေ့ကျင့်တော့မယ်”

လေ့ကျင့်ရေး ရူးသွပ်သူ ချောင်ကျားရှီးသည် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး အောက်သို့ ချက်ချင်း သွားရပ်လိုက်ပြီး ချပ်ဝတ် အစောင့်အရှောက် နှင့် သတ်ပုတ်လေတော့သည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်း သတ္တမအဆင့်သို့ တက်လှမ်းရန် သူ၏ သော့ချက်မှာ အတော်လေး ထူးဆန်းသည်။

ဒါကတော့... အော်ခံရခြင်း ပင်။

ဆက်တိုက် အကြိမ်တစ်သောင်း အရိုက်ခံနိုင်ရင် သူ့ရဲ့ ကိုယ်ပိုင် ခံနိုင်ရည်စွမ်းအား ကို ဘက်စုံ မြှင့်တင်နိုင်ပြီး ရှေးဟောင်း နတ်ဘုရား မျိုးဆက်သွေး ကို နောက်တစ်ဆင့် ပြောင်းလဲစေကာ ခန္ဓာကိုယ်ကျင့်ကြံခြင်း သတ္တမအဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်သည်။

“ဘုန်း…”

လေ့ကျင့်မှု စတင်လိုက်သည်နှင့် ချောင်ကျားရှီးသည် ချပ်ဝတ် အစောင့်အရှောက်၏ ဒိုင်းကာဖြင့် ဒါဇင်ပေါင်းများစွာ ဝင်ဆောင့်ခြင်း ခံလိုက်ရပြီး ဒဏ်ရာများဖြင့် မြေပေါ်သို့ လဲကျသွားလေသည်။

“နို့ထိန်း... ငါ့ကို ကုပေးပါဦး”

ချောင်ကျားရှီး လက်လှမ်းပြပြီး ယန်ရူယွီကို လှမ်းခေါ်လိုက်သည်။

“အိုက်ယား၊ ရှင်ကတော့ တကယ်ပါပဲရှင်”

ယန်ရူယွီသည် မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ချောင်ကျားရှီး အနားသို့ လျှောက်သွားပြီး အသက်ဝိညာဉ်စွမ်းအားဖြင့် ကုသပေးလိုက်သည်။

ပြန်လည် သက်သာလာသည်နှင့် ချောင်ကျားရှီးသည် ချပ်ဝတ် အစောင့်အရှောက် ဆီသို့ ပြန်လည် ပြေးဝင်သွားပြန်သည်။

ထို့နောက် ဗုန်းခနဲ.. လွင့်စင်ထွက်သွားပြန်သည်။

အစ်ကိုကြီးခေါင်းပြားသည် ခါးထောက်လျက် ချောင်ကျားရှီး အရိုက်ခံနေရပုံကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ သူ့လည်ချောင်းထဲမှ မသဲမကွဲ အသံတစ်သံ ထွက်ပေါ်လာပြီး ချောင်ကျားရှီး သိပ်ညံ့တယ်ဟု ပြောနေသကဲ့သို့ ရှိသည်။

ကျန်တပည့်များလည်း ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။ တချို့က အနားယူ၊ တချို့က ကျင့်ကြံနေကြသည်။

*

မြူခိုးဂိုဏ်း၏ နေ့ရက်များ ပုံမှန် ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။

ယဲ့ဖုန်းသည် ရေနွေးနွေးလေးဖြင့် ရေချိုးပြီးနောက် လက်တင်ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းကာ ကောင်းကင်မှ ကြယ်များကို ငေးကြည့်နေလိုက်သည်။ ပင်ပန်းနွမ်းနယ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မကြာမီ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။

မိုင်ထောင်ချီ ဝေးကွာသော အရပ်၌...

ဧရာမ ကျွန်းကြီးတစ်ကျွန်းပေါ်တွင်...

“ဝှစ်…”

ရွှေရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ကျွန်း၏ အမြင့်ဆုံး တောင်ထိပ်ပေါ်သို့ ဆင်းသက်လာကာ နှင်းကဲ့သို့ ဖြူဖွေးနုနယ်သော လက်တစ်ဖက်၏ ဖမ်းယူခြင်းကို ခံလိုက်ရသည်။ အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ ရွှေရောင် စက္ကူကြိုးကြာငှက်လေး တစ်ကောင် ပေါ်ထွက်လာလေသည်။

“မင်ရှီ.. ငါ ဟုန်မုံ ပါ... အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ ရေးထွင်းနိုင်တဲ့ ဝင်္ကပါဆရာကို ရှာတွေ့ပါပြီ... ဒါပေမဲ့ အဲ့ဒီလူက လုပ်အားခ အနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လိုချင်တယ်တဲ့...”

အကြီးအကဲ ဟုန်မုံ၏ နူးညံ့သော အသံ ထွက်ပေါ်လာလေသည်။

“ဘုန်း…”

ဝင်္ကပါဆရာ ရှာတွေ့ပြီဟူသော သတင်းကြောင့် ကျွန်းတစ်ကျွန်းလုံး တုန်ခါသွားပြီး အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ကျွန်းအနှံ့မှ ထွက်ပေါ်လာပြီး အဓိက တောင်ထိပ်ဆီသို့ စုဝေးရောက်ရှိလာကြတော့သည်။

အခန်း (၂၁၈) - တောလည်နေသော တုန်းတုန်းချန်နှင့် မဟာမိတ်အဖွဲ့ခေါင်းဆောင်၏သမီး မိုမင်ရှီ

~“ဝင်္ကပါဆရာကို ရှာတွေ့ပြီတဲ့လား”

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှင်များသည် အသံထွက် ရေရွတ်လိုက်ကြပြီး၊ သူတို့၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားကာ၊ အဆုံးမဲ့သော စစ်မှန်သော စွမ်းအင်များ လွှမ်းခြုံထားသည့် ပုံရိပ်ငါးခု အဖြစ် ပြောင်းလဲသွားလေသည်။

ရွှေရောင် စက္ကူကြိုးကြာငှက်လေးကို ကိုင်ဆောင်ထားသော နှင်းကဲ့သို့ ဖြူဖွေးနုနယ်သော လက်ပိုင်ရှင်မှာမူ မြူခိုးတိမ်တိုက်များ ဖုံးလွှမ်းနေဆဲဖြစ်ပြီး မျက်နှာအစစ်အမှန်ကို မည်သူမျှ မမြင်တွေ့ရပေ။

“မဟာမိတ်ခေါင်းဆောင်လေး... တကယ်သာဆိုရင် ရှားပါးလှတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးလောက် ပေးလိုက်ရတာ တန်ပါတယ်”

ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်း ပါရှိသော အဘိုးအို ပုံရိပ်တစ်ခုက ပြောလိုက်သည်။ သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေပြီး စကားပြောလိုက်တိုင်း လျှပ်စီးများ ယှက်ဖြာသွားသည်ကို တွေ့နိုင်သည်။

“ဒါဆိုရင် အရင်ဆုံး သွားတွေ့ပြီး လူချင်း ညှိနှိုင်းကြတာပေါ့”

မဟာမိတ်ခေါင်းဆောင်လေး ဟု ခေါ်ဝေါ်ခံရသော အသက်ရှူမှားလောက်အောင် လှပသည့် အမျိုးသမီးသည် နောက်ထပ် ရွှေရောင် ကြိုးကြာငှက်လေး တစ်ကောင်ကို ထုတ်ယူလိုက်ပြီး၊ ဝိညာဉ်စွမ်းအင် (၁၀) ချက် မှုတ်သွင်းကာ လွှတ်တင်လိုက်သည်။

“ဝှစ်…”

ကြိုးကြာငှက်လေးသည် ညကောင်းကင်ယံကို ထက်ပိုင်းခွဲလိုက်သကဲ့သို့ ရွှေရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်းသွားလေသည်။

*

နောက်တစ်နေ့ နံနက်ခင်းတွင်...

နေရောင်ခြည်သည် မြူခိုးတောင်ထိပ်ပေါ်သို့ ဖြာကျလာရာ အရာအားလုံးကို လန်းဆန်းတက်ကြွစေပါသည်။

ယဲ့ဖုန်းသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် သူ ရရှိထားသော ပစ္စည်းများကို စစ်ဆေးကြည့်ရှုနေသည်။

အဆင့်နိမ့် ဝိညာဉ်လက်နက် (၃၀) ကို ရောင်းချလိုက်ရာ ဝိညာဉ်ကျောက်တုံး (၆၀၀၀) ရရှိခဲ့သည်။

အလယ်အလတ်အဆင့် ဝိညာဉ်ဓား တစ်လက်ကို (၈၀၀၀) ဖြင့် ရောင်းချနိုင်ခဲ့သည်။

ကျန်ရှိနေသော ခရမ်းရွှေရောင် ခေါင်းလောင်းလေး မှာမူ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်ပြီး၊ ပစ္စည်းသိုလှောင်ခြင်းနှင့် အသံလှိုင်းဖြင့် တိုက်ခိုက်ခြင်း စွမ်းရည်များ ပါဝင်သည်။

ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ခေါင်းလောင်းလေးကို စစ်ဆေးကြည့်ရာ အတွင်းပိုင်းတွင် (၃) မီတာ ပတ်လည် ကျယ်ဝန်းသော နေရာလွတ်တစ်ခု ရှိနေသည်ကို တွေ့ရသဖြင့် သိုလှောင်ရေးအတွက် အတော်လေး အသုံးဝင်ပေသည်။

အသံလှိုင်း တိုက်ခိုက်မှု စွမ်းအားကတော့...

“ဂလောင်…”

ယဲ့ဖုန်း ခေါင်းလောင်းကို လှုပ်လိုက်သည်နှင့် ယပ်တောင်ပုံစံ အသံလှိုင်းတစ်ခု ဘေးတိုက် ထွက်ပေါ်လာပြီး၊ လှိုင်းလုံးကြီးများ ရိုက်ခတ်သကဲ့သို့ တဟုန်ထိုး ပြေးထွက်သွားကာ လမ်းကြောင်းတစ်လျှောက်ရှိ ကျောက်တုံးများနှင့် သစ်ပင်များကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

“မဆိုးဘူး... တော်တော်လေး စွမ်းအားပြင်းတာပဲ”

ယဲ့ဖုန်း အသံထွက် ချီးကျူးလိုက်သည်။

အလယ်အလတ်အဆင့် ဝိညာဉ်ဓားလောက် စွမ်းအား မပြင်းထန်သော်လည်း၊ ဓားသမားများအတွက် အထောက်အကူ မပြုနိုင်သော်လည်း၊ ဒီလို ထူးခြားတဲ့ တိုက်ခိုက်မှုမျိုး ပါဝင်နေတာကြောင့် ရောင်းမယ်ဆိုရင် ဝိညာဉ်ကျောက်တုံး (၄၀၀၀) အောက်တော့ ရမှာ မဟုတ်ဘူး။

သို့သော် ယဲ့ဖုန်း လောလောဆယ် မရောင်းချင်သေးပေ။ ခရမ်းရွှေရောင် ခေါင်းလောင်း၏ ရုတ်တရက် တိုက်ခိုက်နိုင်စွမ်းက အတော်လေး ကောင်းမွန်တာကြောင့် ခဏလောက်တော့ သိမ်းထားဦးမည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုနေ့တွင် မြူခိုးတောင်ထိပ်သည် အလွန် အေးချမ်းနေပါသည်။

တပည့်များသည် ကျင့်ကြံခြင်း သို့မဟုတ် အနီးအနားတွင် လေ့ကျင့်ခြင်းများ ပြုလုပ်နေကြပြီး၊ တပည့် တံဆိပ်ပြား၏ ဆက်သွယ်ရေး စနစ်ကို အသုံးပြု၍ အချိန်မရွေး အကူအညီ တောင်းခံနိုင်ရန် ပြင်ဆင်ထားကြသည်။

မိုင်ပေါင်းများစွာ ဝေးကွာသော နတ်ဆိုးမြို့တော်တွင်...

ကျူးယုံဖု အဖြစ် အသွင်ပြောင်းထားသော ဆိုဟွန်းကျန်းရန် သည် အုတ်ခဲများကို သယ်ပို့ရင်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေရရှာသည်။

သူသည် သံတုတ်တစ်ချောင်းကို ကိုင်ဆောင်လျက် အလုပ်မကြိုးစားသော နတ်ဆိုးမျိုးနွယ်ဝင်များကို ရိုက်နှက်ကာ အေးစက်စွာ ကြိမ်းမောင်းနေသည်။

“အသုံးမကျတဲ့ကောင်တွေ... အုတ်ခဲသယ်တာလောက်တောင် ကောင်းကောင်း မလုပ်နိုင်ရင် နတ်ဆိုးမြို့တော်ကြီးကို ဘယ်လိုလုပ် အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်မှာလဲကွ... နတ်ဆိုးဗိုလ်ချုပ်ကြီး ပြောတယ်... နတ်ဆိုးဘုရင်က တံခါးပိတ် ကျင့်ကြံနေတာတဲ့... သူ ပြန်ထွက်လာတဲ့နေ့ကျရင် နတ်ဆိုးမြို့တော်ကြီး ပြန်လည် ဦးမော့လာရမယ်တဲ့... သူ ပြန်ထွက်လာလို့ မြို့တော်ကြီးက အပျက်အစီးပုံ ဖြစ်နေသေးရင် ဘယ်လို လုပ်မလဲဟ”

နတ်ဆိုးဘုရင်၏ မျက်နှာသာပေးမှုကို ရရှိထားသော ဆိုဟွန်းကျန်းရန် သည် ဖားယားကာ ပိုပြီး ကြိုးစားလုပ်ကိုင်ပြနေလေသည်။

တချိန်တည်းမှာပင် နတ်ဆိုးမြို့တော် အပြင်ဘက်၌...

မျက်လုံးမှေးမှေးနှင့် လူငယ်တစ်ယောက်က နတ်ဆိုးမြို့တော်ကို တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေသည်။ နတ်ဆိုးစစ်သည် တစ်ဖွဲ့ မြို့တော်နှင့် ဝေးရာသို့ ထွက်ခွာလာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ယှက်သမ်းလာလေသည်။

“ဟဲဟဲ... အချိန်တန်ပြီဟေ့”

“နတ်ဆိုးမျိုးနွယ်ဝင်တွေ များများသတ်၊ သွေးမျိုးဆက် အမြုတေဆေးလုံး ဖော်စပ်၊ ပြီးရင် ငါ့သွေးမျိုးဆက်ကို မြှင့်တင်ပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို လွယ်လွယ်လေး တက်လှမ်းရုံပဲ”

ထိုလူမှာ တုန်းချန် ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော တုန်းတုန်းချန် ပင် ဖြစ်သည်။

ယခင်က မူလနတ်ဘုရား အဆင့် ပညာရှင်ကြီး ဖြစ်ခဲ့ဖူးသူပီပီ သူ့သတ္တိကတော့ ဗြောင်ကျသည်။ အလုပ်လုပ်ရာတွင် အလွန် သတိထားတတ်သော်လည်း သူ့အစီအစဉ်များက ရှင်းလင်းပြတ်သားပြီး၊ ဆုံးဖြတ်ချက်ချပြီးပြီ ဆိုလျှင်တော့ မိုးပြိုလျှင်တောင် နောက်မဆုတ်တတ်ပေ။

လျိုယွင်ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် တုန်းတုန်းချန်သည် တံခါးပိတ် ကျင့်ကြံခဲ့သော်လည်း သူ့မျိုးဆက် တုန်းချန်၏ ခန္ဓာကိုယ်မှ သွေးမျိုးဆက် သိပ်သည်းဆ နည်းပါးလွန်းသဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ တက်လှမ်းရန် အခက်အခဲ ရှိနေကြောင်း သိရှိလိုက်ရသည်။

ထို့ကြောင့် သူ ဒီနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

ချီစုစည်းခြင်းအဆင့် နတ်ဆိုးစစ်သည် တစ်ဒါဇင်ခန့် ပါဝင်သော အဖွဲ့ငယ်လေးကို ကြည့်ရင်း တုန်းတုန်းချန်သည် မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်ပြီး သူတို့နောက်သို့ လိုက်ပါသွားလေသည်။

လူသူကင်းမဲ့သော နေရာသို့ ရောက်သောအခါ ဘွားခနဲ ထွက်ပေါ်လာပြီး၊ အသေးစား ဝင်္ကပါ တစ်ခုဖြင့် နတ်ဆိုးစစ်သည် အားလုံးကို ပိတ်လှောင်လိုက်ကာ၊ ပြင်းထန်သော သိုင်းကွက်များကို အသုံးပြု၍ တစ်ကောင်မကျန် သတ်ဖြတ်ပစ်လိုက်လေသည်။

တုန်းတုန်းချန်၏ လုပ်ရပ်များမှာ ရက်စက်သည်၊ ပြတ်သားသည်၊ သတိရှိသည်။

သက်သေ အထောက်အထားများကို ရှင်းလင်းပြီးနောက် သူသည် ဆက်လက် ပုန်းကွယ်နေလိုက်ပြီး၊ မြို့ထဲမှ ထွက်လာမည့် နောက်ထပ် သားကောင်များကို စောင့်ဆိုင်းနေလိုက်၏။ အထူးသဖြင့် အားအနည်းဆုံး အကောင်များကိုသာ ပစ်မှတ်ထားလေသည်။

*

မျက်စိတစ်မှိတ် အတွင်းမှာပင် ညအချိန်သို့ ရောက်ရှိလာပါသည်။

ယဲ့ဖုန်းသည် ညစာစားပြီးနောက် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်း၌ စာဖတ်ရန် ပြင်ဆင်နေစဉ်၊ တောင်ခါးပန်းဆီမှ ကျယ်လောင်သော ခေါင်းလောင်းထိုးသံကို ကြားလိုက်ရ၏။

“ညကြီးမင်းကြီး.. ဘယ်သူကများ ဆင့်ခေါ်ခေါင်းလောင်း လာတီးနေတာလဲ”

ယဲ့ဖုန်း အပြင်သို့ ထွက်ကြည့်လိုက်ရာ မြူခိုးများကို ဖယ်ရှားပြီး ကြည့်လိုက်သောအခါ တောင်ခါးပန်းရှိ ဇရပ်တွင် ရပ်နေသော ခရမ်းရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရပါသည်။

အကြီးအကဲ ဟုန်မုံ ပါလား။

ယဲ့ဖုန်း အံ့သြစွာဖြင့် အောက်သို့ ဆင်းသွားလိုက်သည်။

ဇရပ်အောက်တွင်...

ရွှေရောင် စက္ကူကြိုးကြာငှက်လေးကို ကိုင်ဆောင်ထားသော အကြီးအကဲ ဟုန်မုံက အကြောင်းကြားလိုက်သည်။

“ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ သမီး မိုမင်ရှီ က ဖိတ်ကြားလိုက်ပါတယ်... ကောင်းကင်ဘုံ ဝင်္ကပါ (၃၆) ခု တည်ဆောက်မယ့် ကိစ္စကို ဆွေးနွေးဖို့အတွက် ဂိုဏ်းချုပ်ယဲ့နဲ့ တွေ့ဆုံချင်ပါတယ်တဲ့”

“ဒီလောက် အရေးကြီးနေတာလား”

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

သူက ရက်အနည်းငယ်လောက် အနားယူပြီး ယွင်ဟွာဂိုဏ်းက အောင်ပွဲခံ အခမ်းအနားကို သွားပြီး အလကား စားသောက်မည်ဟု စိတ်ကူးနေသည်လေ။ အခုတော့ မိုင်ထောင်ချီ ဝေးကွာသည့် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ဆီ ခရီးထွက်ရတော့မည်။

“အရေးမကြီးရင် ညသန်းခေါင်ကြီး ကျွန်မ လာမနေပါဘူးရှင်”

အကြီးအကဲ ဟုန်မုံက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ သူမ၏ အကြည့်က ယဲ့ဖုန်းကို ကျော်လွန်ပြီး တောင်ပေါ်မှ ဆင်းလာသော ပုံရိပ်တစ်ခုဆီသို့ ရောက်သွားသည်။

“ဝုတ်...”

အစ်ကိုကြီး ခေါင်းပြားသည် မြေကြီးကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။

ထိုအခါ၊ ယဲ့ဖုန်းက ညွှန်ပြပြီး မိတ်ဆက်ပေးလိုက်သည်။

“ဒါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ အစ်ကိုကြီး ခေါင်းပြား ပါ... ရန်ဖြစ်ရတာ ဝါသနာပါတယ်... ရန်ဖြစ်စရာ ရှိလားလို့ မေးနေတာပါ”

“သဘောပေါက်ပါတယ်... ကျွန်မကလည်း နတ်ဆိုးမျိုးနွယ်ဝင်ပဲလေ”

အကြီးအကဲ ဟုန်မုံက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ရာ ယဲ့ဖုန်း ကြိတ်၍ အံ့သြသွားရသည်။

ထိုစဉ်၊ အကြီးအကဲ ဟုန်မုံသည် သစ်ရွက်ပုံစံ လှေပြားလေး တစ်စင်းကို ထုတ်လိုက်သည်။

“ကျွန်မရဲ့ လျင်မြန်လှေက အရမ်း မြန်ပါတယ်... နေရာလည်း ကျယ်တယ်... ရှင့်ဂိုဏ်းရဲ့ ဝိညာဉ်သားရဲ လိုက်ချင်ရင်လည်း အတူတူ သွားလို့ ရပါတယ်”

“ကောင်းပြီလေ”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

ခဏအကြာတွင်...

အလျား ငါးမီတာ၊ အနံ မီတာဝက်ခန့် ရှိသော လျင်မြန်လှေသည် နတ်ဆိုးနှစ်ကောင်နှင့် လူသားတစ်ယောက်ကို တင်ဆောင်ကာ ကောင်းကင်ယံသို့ တစ်စက္ကန့်လျှင် မီတာနှစ်ရာနှုန်းဖြင့် ပျံသန်းသွားလေသည်။

“မြန်လိုက်တာ... လေယာဉ်ပျံ စီးနေရသလိုပဲ”

ယဲ့ဖုန်း ချီးကျူး ရေရွတ်လိုက်မိသည်။

'လေယာဉ်ပျံ' ဆိုတာ ဘာလဲ မသိသော်လည်း အကြီးအကဲ ဟုန်မုံက ပြုံးပြီး ပြောလိုက်သည်။

“လျင်မြန်လှေက အလယ်အလတ်အဆင့် ပျံသန်းရေး ဝိညာဉ်လက်နက်ပါ... အရှိန်က အရမ်း မြန်ပါတယ်... ဒီကနေ ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ဆီကို မိုင်ပေါင်း ၆၂၂၀ ဝေးပါတယ်... နှစ်နာရီကျော်လောက်ပဲ ကြာမှာပါ”

အောက်ဘက်မှ ရှုခင်းများ လျင်မြန်စွာ နောက်သို့ ရောက်သွားသည်ကို ကြည့်ရင်း ယဲ့ဖုန်း အိပ်ငိုက်လာလေသည်။

သူ ပြန်နိုးလာချိန်တွင် လျင်မြန်လှေသည် ကုန်းမြေကို ကျော်လွန်ပြီး မိုင်ထောင်ချီ ကျယ်ဝန်းသော ကုန်းတွင်းပိုင်း ရေကန်ကြီး အထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဆားငန်နံ့နှင့် ငါးညှီနံ့များ နှာခေါင်းထဲသို့ တိုးဝင်လာပါသည်။

ဒါ ပင်လယ်နံ့ပင်။

“ကုန်းတွင်းပင်လယ်လို့ ခေါ်တာ မမှားပါဘူး... ဧရာမ ရေငန်ကန်ကြီး ဖြစ်နေတာကိုး”

ယဲ့ဖုန်းသည် လျင်မြန်လှေပေါ်တွင် ခြေချိတ်ထိုင်လိုက်သည်။ အစ်ကိုကြီး ခေါင်းပြားကတော့ သူ့နောက်တွင် မတ်တပ်ရပ်လျက် လေတိုးသည့် အရသာကို ခံစားနေသည်။

တဖြည်းဖြည်းနှင့် ရေပြင်ပေါ်တွင် မရေမတွက်နိုင်သော ကျွန်းများ ပေါ်လာတော့သည်။

“ကျွန်းပေါင်းတစ်သောင်း နယ်မြေကို ရောက်ပါပြီ... ဒီနေရာက အချင်း မိုင်သုံးရာလောက် ကျယ်ဝန်းပြီး ကျွန်းငယ်ပေါင်း တစ်သောင်းကျော် ပါဝင်ပါတယ်... အလယ်ဗဟိုက အဓိကကျွန်းကြီးကတော့ အချင်း မိုင်သုံးဆယ်လောက် ရှိပြီး တောင်ထိပ် (၃၆) ခု ရှိပါတယ်... အဲ့ဒီနေရာမှာပဲ အသေးစား ကောင်းကင်ဘုံ ဝင်္ကပါတွေကို ရေးထွင်းရမှာပါ”

အကြီးအကဲ ဟုန်မုံက ရှင်းပြရင်း အဓိကကျွန်းကြီး၏ အလယ်ရှိ မီတာတစ်ထောင်ခန့် မြင့်မားသော တောင်ထိပ်တစ်ခုကို ညွှန်ပြလိုက်သည်။

“အဲ့ဒါက ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ရဲ့ အဓိက တောင်ထိပ်ဖြစ်တဲ့ ဝမ်ရန်တောင်ထိပ် ပါ... ကျန်တဲ့လူတွေ အဲ့ဒီမှာ စောင့်နေကြလောက်ပြီ”

ယဲ့ဖုန်းသည် ဝိညာဉ်မျက်လုံးကို ဖွင့်ပြီး ကြည့်လိုက်သည်။

အဓိကကျွန်းကြီးရှိ တောင်ထိပ် (၃၆) ခုလုံးတွင် ဝိညာဉ်စွမ်းအင် ဝဲကတော့များ ကိုယ်စီ ရှိနေကြပြီး၊ တစ်ခုချင်းစီသည် အနည်းဆုံး အသေးစား ဝိညာဉ်သွေးကြော တစ်ခုနှင့် ညီမျှလေသည်။ ဝမ်ရန်တောင်ထိပ် အထက်ရှိ ဝဲကတော့ကမူ ပိုမို ကြီးမားပြီး.. သိပ်သည်းဆလည်း သာမန် အသေးစား ဝိညာဉ်သွေးကြောထက် အဆများစွာ ပိုများသည်။

“အဆင့်နိမ့် ဝိညာဉ်သွေးကြောပါလား”

ယဲ့ဖုန်း အားကျသွားမိသည်။

ဒါ ဒုတိယအကြိမ်မြောက် အဆင့်နိမ့် ဝိညာဉ်သွေးကြောကို မြင်ဖူးခြင်း ဖြစ်သည်။

ပထမ အကြိမ်ကတော့ လေဓားဂိုဏ်း မှာ တွေ့ခဲ့ရတာ ဖြစ်သည်။

“ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့မှာ ကျင့်ကြံရေး အရင်းအမြစ်တွေ ပေါများပါတယ်... တောင်ပိုင်းမြစ် ကန် တစ်ခုလုံးကို ထိန်းချုပ်ထားတာဆိုတော့ အခြေခံအုတ်မြစ်က တော်တော် ခိုင်မာတယ်... အဆင့်နိမ့် ဝိညာဉ်သွေးကြော ဆိုရင်လည်း တစ်ခုမက ရှိပါတယ်”

ဟု အကြီးအကဲ ဟုန်မုံက အရေးကြီးသော သတင်းအချက်အလက် တစ်ခုကို ပြောပြလိုက်သည်။

ထိုအခါ၊ ယဲ့ဖုန်း တီးတိုး မှတ်ချက်ချလိုက်သည်။

“တောင်ပိုင်းမြစ် ကန် တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ဆရာကြီးကိုး... ဒါကြောင့်လည်း ဝိညာဉ်ကျောက်တုံး ၇၂၀၀၀ ကို ပေါ့ပေါ့ပါးပါး ပေးနိုင်တာ နေမှာပေါ့... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရှိမရှိတော့ မသိဘူး”

နတ်ဆိုး နှစ်ကောင်နှင့် လူသားတစ်ယောက်သည် မကြာမီ ဝမ်ရန်တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ယဲ့ဖုန်း ရှေ့ကို ရှုမျှော်ကြည့်လိုက်ရာ လေထဲတွင် ပျံဝဲနေသော ပုံရိပ် (၆) ခုကို တွေ့လိုက်ရသည်။

ခေါင်းဆောင်ဖြစ်သူမှာ မျက်နှာကို ပဝါဖြင့် အုပ်ထားသော၊ သဲကဲ့သို့ ဖြူဖွေးသည့် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။ မျက်နှာအစစ်အမှန်ကို မမြင်ရသော်လည်း ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပမည်ဟု ခန့်မှန်းရပါသည်။

ကျန် (၅) ယောက်မှာမူ မီးကဲ့သို့ ပြင်းထန်ပြီး ပင်လယ်ကဲ့သို့ ကျယ်ပြောသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည့် စစ်မှန်သော ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့သည် ဖိအားပေးရန် ရည်ရွယ်ချက် မရှိဘဲ ရပ်နေရုံမျှဖြင့်၊ ယဲ့ဖုန်းကို မြေကမ္ဘာ မျောက်ဝံကြီးနှင့် ရင်ဆိုင်ရသည်ထက် ပိုမို ကြောက်ရွံ့စေသော ခံစားမှုမျိုး ပေးစွမ်းနေလေသည်။

အစ်ကိုကြီး ခေါင်းပြား ကတော့ ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူ (၅) ယောက်ကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားပြီး ရန်ဖြစ်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေသည်။

ယဲ့ဖုန်း သူ့ကို ကန်ထုတ်ပြီး ပြောလိုက်ချင်သည်။

'ဒါ ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူတွေကွ... နတ်ဆိုးဘုရင် အဆင့်နဲ့ ညီမျှတဲ့ ထိပ်တန်း ပညာရှင်တွေ... မင်းက သူတို့ လက်ချောင်းလေး တစ်ချောင်းကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး... ပြဿနာ မရှာနဲ့'

ကံကောင်းထောက်မစွာဖြင့် အစ်ကိုကြီး ခေါင်းပြား ငြိမ်နေလိုက်သည်။

ထိုအခိုက်အတန့်၌၊ အကြီးအကဲ ဟုန်မုံသည် လက်သီးဆုပ်ကာ မိတ်ဆက်ပေးလိုက်သည်။

“မင်ရှီ... ဒါက အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ ရေးထွင်းရာမှာ ကျွမ်းကျင်တဲ့ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ပါ... သူက ယွင်ဟွာဂိုဏ်းမှာ အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာတစ်ခု ဖန်တီးပေးခဲ့ပါသေးတယ်... ဒီဘက်ကတော့ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ အစ်ကိုကြီး ခေါင်းပြား ပါ”

မျက်နှာဖုံးစွပ် အမျိုးသမီးလည်း သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

“ကျွန်မက ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ သမီး မိုမင်ရှီ ပါ”

မိုမင်ရှီ၏ အသံသည် အေးမြပြီး ကြည်လင်ပြတ်သားကာ၊ လူ့လောကထဲသို့ ဆင်းသက်လာတော့မည့် နတ်သမီးလေး တစ်ပါးကဲ့သို့ ဖြူစင်သန့်ရှင်းသော အသံမျိုး ဖြစ်ပေသည်။

အခန်း (၂၁၉) - ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ တည်ဆောက်ခြင်းနှင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား သွန်းလုပ်ခြင်း

~“ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ သမီးတော် ဖြစ်နေတာကိုး... ကျွန်တော် မျက်စိလျှမ်းသွားပါတယ်ဗျာ”

ယဲ့ဖုန်းသည် မိုမင်ရှီကို လက်သီးဆုပ်ကာ တောင်းပန်လိုက်သည်။

အစ်ကိုကြီး ခေါင်းပြား ကတော့ တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်‌နေသော်လည်း ယဲ့ဖုန်းရဲ့ သတိပေးချက်ကြောင့် ခေါင်းငိုက်စိုက်ကျသွားလေသည်။ သို့သော် စိတ်ထဲမှာတော့ ဝိညာဉ်ပင်လယ်အဆင့် မဟာအကြီးအကဲ (၅) ယောက်နှင့် တိုက်ခိုက်နေရသလိုမျိုး စိတ်ကူးယဉ်နေတုန်းပင်။

သူ့အမြင်မှာတော့ အကြီးအကဲ ဟုန်မုံ နဲ့ မိုမင်ရှီ ဆိုတာ သူ့ပြိုင်ဘက် မဟုတ်ပါလေ။

ဘာလို့လဲဆိုတော့ သူတို့က သူ့ကို သတ်လို့မှ မရသည်ကိုး

အစ်ကိုကြီး ခေါင်းပြား ဘာတွေ တွေးနေလဲ ဆိုတာကိုတော့ ယဲ့ဖုန်း မသိရှာပေ။

ထိုအချိန်တွင် ဦးခေါင်းပေါ်၌ ချိုနှစ်ချောင်း ပါရှိသော နဂါးမျိုးနွယ်ဝင် ပင်လယ်နဂါးကြီး တစ်ကောင်သည် ရှေ့သို့ ထွက်လာပြီး လက်ကိုနောက်ပစ်လျက် ယဲ့ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော်က ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ရဲ့ မဟာအကြီးအကဲ နဂါးပြာဘုရင်ပါ... ဆရာသခင်ယဲ့... ကျွန်တော်တို့က အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခု တည်ဆောက်ခိုင်းမယ် ဆိုရင် ဆရာသခင်ယဲ့ အနေနဲ့ ဘယ်လို ဆုလာဘ်မျိုး လိုချင်ပါသလဲ”

“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အနည်းဆုံး တစ်တုံးတော့ ပါရမယ်... ကျန်တာကတော့ သိပ်ကိစ္စ မရှိပါဘူး”

ယဲ့ဖုန်းက ပြန်ဖြေလိုက်သည်။ သူ့ရှေ့က လူတွေက ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်ကြီးတွေ ဖြစ်ပြီး အရှိန်အဝါ ကြီးမားကြသော်လည်း သူ သိပ်မကြောက်ပါချေ။

“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆိုတာ ရှားပါးပစ္စည်းဗျ... ပုံမှန်အားဖြင့် အလယ်အလတ်အဆင့် ဒါမှမဟုတ် အဲ့ဒီထက် ကြီးတဲ့ ဝိညာဉ်သွေးကြောတွေကနေပဲ ထွက်တာ... ကျွန်တော်တို့ မဟာမိတ်အဖွဲ့မှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရှိတယ် ဆိုပေမဲ့ လွယ်လွယ်နဲ့တော့ မသုံးရဲကြဘူး”

မဟာအကြီးအကဲ နဂါးပြာဘုရင် က မိုးခြိမ်းသံလို ဟိန်းထွက်နေသော အသံနက်ကြီးနှင့် ပြောလိုက်သည်။

မဟာမိတ်ခေါင်းဆောင်ကြီး မရှိသည့် အချိန်တွေမှာ သူကပဲ မဟာမိတ်ခေါင်းဆောင်လေး မိုမင်ရှီ ကို ကူညီပြီး အုပ်ချုပ်နေရတာ ဖြစ်သည်။

“ရှင် လိုချင်တာ ဒီဟာလား”

အေးစက်စက် အသံ တစ်သံ ထွက်ပေါ်လာသည်။ မိုမင်ရှီ ၏ အသံပင်။

သူမသည် နှင်းကဲ့သို့ ဖြူဖွေးနုနယ်သော လက်ဖဝါးလေးကို ဖြန့်လိုက်ရာ၊ လက်ဖဝါး အလယ်တွင် ရောင်စုံ တောက်ပနေပြီး သိပ်သည်းလွန်းလှသော ဝိညာဉ်ဖိအားများ ထုတ်လွှတ်နေသည့် ကြည်လင်သော ကျောက်တုံးလေး တစ်တုံး ရှိနေသည်။

ဒါက... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ပင်။

ယဲ့ဖုန်းသည် ဒီလောက် အရည်အသွေးမြင့်တဲ့ ဝိညာဉ်ကျောက်တုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ကျောက်တုံးထဲတွင် ဝိညာဉ်စွမ်းအင် လေပွေ တစ်ခုတောင် ပါဝင်နေပြီး၊ အသေးစား ဝိညာဉ်သွေးကြော တစ်ခုလောက် စွမ်းအား ရှိနေသည်။

အရေးကြုံလာရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးက သာမန် ဝိညာဉ်သွေးကြော တစ်ခု၏ အမြုတေ နေရာမှာတောင် အစားထိုး၍ ရသည်။

“ဟုတ်တယ်... အဲ့ဒီ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို ပြောတာ... တစ်တုံးပဲ လိုတာပါဗျ... ကျန်တာကိုတော့ တခြား လက်နက်သွန်းလုပ်ရေး ပစ္စည်းတွေ (သို့မဟုတ်) အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ အစားထိုးလို့ ရပါတယ်”

ယဲ့ဖုန်းက ပြောလိုက်သည်။

ထိုအခိုက်အတန့်၌၊ မိုမင်ရှီသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို ယဲ့ဖုန်း ဆီသို့ ပစ်ပေးလိုက်သည်။

ယဲ့ဖုန်း ခဏလောက် ကြောင်သွားပြီးမှ ကပျာကယာ ဖမ်းယူလိုက်ရသည်။

“ဒါက စရန်ငွေပါ”

မိုမင်ရှီ ပြောလိုက်ပြီး အဝေးက တောင်ထိပ်တစ်ခုကို ညွှန်ပြလိုက်သည်။

“ဆရာသခင်ယဲ့ အနေနဲ့ ပထမဆုံး အသေးစား ကောင်းကင်ဘုံ ဝင်္ကပါကို အခုချက်ချင်း စပြီး ရေးထွင်းပေးမယ်လို့ မျှော်လင့်ပါတယ်... အောင်မြင်သွားရင် ကျန်တဲ့ ဆုလာဘ် တစ်ဝက်ကို ချက်ချင်း ပေးပါ့မယ်”

ဝင်္ကပါကို ချက်ချင်း ရေးထွင်းပြနိုင်မှ ယဲ့ဖုန်းရဲ့ စွမ်းရည်ကို ယုံကြည်နိုင်မည်လေ။

ပထမတစ်ခု အောင်မြင်လျှင် ကျန်သော (၃၆) ခုလုံးလည်း အဆင်ပြေမှာ သေချာပြီ ဖြစ်သည်။ အချိန်သာ လုံလောက်လျှင် ပြီးမြောက်နိုင်မည်ပဲ။

“ကျွန်တော်.. ဒီပစ္စည်းတွေ လိုတယ်”

ယဲ့ဖုန်းသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို သိမ်းဆည်းလိုက်ပြီး စက္ကူတစ်ရွက်ကို လေထဲသို့ မြှောက်တင်လိုက်သည်။

“ဒီပစ္စည်းတွေက တခြား အင်အားစုတွေအတွက် ဈေးကြီးပေမဲ့ ကျွန်တော်တို့ မဟာမိတ်အဖွဲ့အတွက်တော့ (၃၆) စုံ စုဆောင်းဖို့ဆိုတာ နေ့ဝက်လောက်ပဲ ကြာမယ့် ကိစ္စပါ”

မဟာအကြီးအကဲ နဂါးပြာဘုရင် သည် ပစ္စည်းစာရင်းကို ယူလိုက်ပြီး၊ နတ်ဘုရားအာရုံဖြင့် ဆက်သွယ်ကာ ပစ္စည်းရှာဖွေရန် အခြားသူများကို သွက်လက်စွာ ညွှန်ကြားလိုက်တော့သည်။

လက်ဖက်ရည် တစ်ခွက်စာ အချိန်မပြည့်ခင်မှာပင် ပထမဆုံး ပစ္စည်းတစ်စုံ ရောက်ရှိလာလေသည်။

“သွားကြစို့”

ယဲ့ဖုန်းသည် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး မိုမင်ရှီ ညွှန်ပြခဲ့သော တောင်ထိပ်ဆီသို့ သွားလိုက်သည်။ တောင်ထိပ်ပေါ် ရောက်သည်နှင့် သူသည် သံရည်ကျိုမီးဖိုကို ထုတ်ယူလိုက်ပြီး ပစ္စည်းများကို သတ္တုရွက်ဓားပါး တစ်လက်နှင့် ပူပြင်းသော သတ္တုရည် တစ်ဆုပ် အဖြစ် သန့်စင်လိုက်လေသည်။

“တောင်မျက်နှာပြင်ပေါ်မှာ တိုက်ရိုက် ရေးထွင်းရမှာလား... ဒါမှမဟုတ် အတွင်းပိုင်းမှာလား”

ယဲ့ဖုန်း လှည့်မေးလိုက်သည်။

“ကျွန်တော့်နောက် လိုက်ခဲ့ပါ”

ထိုသို့ ပြောကာ၊ နဂါးပြာဘုရင် သည် တောင်ပေါ်ရှိ ကျောက်တံခါး တစ်ချပ်ကို ဖွင့်လိုက်၏။ အားလုံးကို တောင်အတွင်းပိုင်းရှိ လိုဏ်ဂူတစ်ခုထဲသို့ ခေါ်ဆောင်သွားလေသည်။ ထိုနေရာတွင် ရှိနေသည်က (၁၀) မီတာ ရှည်လျားပြီး (၃) မီတာ မြင့်မားသော၊ ကျောက်စိမ်းလို ပကတိ ကြည်လင်နေသည့် ငန်းဥ ပုံစံ ကျောက်တုံးကြီး တစ်တုံးတည်း။

၎င်းက အသေးစား ဝိညာဉ်သွေးကြော အစစ်ပင်။

“ဝိညာဉ်သွေးကြော မျက်နှာပြင်ပေါ်မှာ ရေးထွင်းစေချင်တာလား”

ဟု ယဲ့ဖုန်း နားမလည်စွာ မေးလိုက်သည်။

“အတိအကျပဲ”

နဂါးပြာဘုရင် ခေါင်းညိတ်လိုက်လေသည်။

ယဲ့ဖုန်း ခေတ္တမျှ တွေဝေပြီးနောက် သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် ဓားပါးလေးကို ထိန်းချုပ်ကာ စတင် ရေးထွင်းလိုက်သည်။ မျဉ်းကြောင်းများ၊ အကွေးအကောက်များနှင့် ဝင်္ကပါ သင်္ကေတ တစ်ခုချင်းစီသည် ဝင်္ကပါပုံစံ ကားချပ်ထဲကအတိုင်း တိကျသေသပ်စွာ ဖြစ်တည်လာလေသည်။

“ဓားကို ထိန်းချုပ်တဲ့ စွမ်းရည်က ပြိုင်ဘက်ကင်းပါလား”

အကြီးအကဲ ဟုန်မုံ၊ မိုမင်ရှီ၊ နဂါးပြာဘုရင် နှင့် အခြားသူများ အားလုံး အံ့သြမှင်သက်သွားကြသည်။

‘ကြည့်ရတာ ယဲ့ဖုန်းရဲ့ ဝင်္ကပါ ပညာရပ်က တကယ် မဆိုးဘူးပဲ။’

နာရီဝက် ကြာသောအခါ...

ယဲ့ဖုန်းသည် ဝင်္ကပါ အင်းကွက်များ အားလုံး ရေးထွင်းပြီးစီးသွားသဖြင့် ချွေးသုတ်လိုက်သည်။

အမှားမခံ၍သာ ဤမျှလောက် ကြာသွားခြင်းပါ။

သူ့အနောက်မှာ နတ်ဆိုးဘုရင် အဆင့် ပညာရှင်ကြီး (၅) ယောက် တောင်ကြည့်နေသည်လေ။ အမြန်နှုန်းထက် တည်ငြိမ်မှုနှင့် အရည်အသွေးကို ဦးစားပေးပြီး သတိထား လုပ်ဆောင်ခဲ့ရသည်။

“ပြီးပြည့်စုံတဲ့ ဝင်္ကပါပဲ”

“ထိုးဖောက်လို့ မရနိုင်လောက်အောင် ခိုင်မာတယ်”

“ငါတို့ လူရွေးမမှားဘူးပဲ”

မိုမင်ရှီနှင့် နဂါးပြာဘုရင် တို့သည် ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ သေသပ်လှပသော ဝင်္ကပါ အင်းကွက်များကို ကြည့်ပြီး ဝမ်းသာအားရ ဖြစ်နေကြသည်။

ယဲ့ဖုန်းသည် ရေးထွင်းဓားကို သိမ်းဆည်းလိုက်ပြီး၊ သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် သတ္တုရည်ကို ထိန်းချုပ်ကာ ဝင်္ကပါ အင်းကွက်များကြားသို့ လောင်းထည့်လိုက်သည်။ ထို့နောက် ကြိုတင် ပြင်ဆင်ထားသော အပေါက်များထဲသို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ထည့်သွင်းလိုက်ပြီး ဝင်္ကပါကို အသက်သွင်းလိုက်လေသည်။

“ဝီ…”

အသေးစား ကောင်းကင်ဘုံ ဝင်္ကပါသည် စတင် တောက်ပလာပြီး၊ သာမန် ကျောက်တုံးကြီးကို ယဲ့ဖုန်း သတ်မှတ်ထားသော အဝင်အထွက် ပေါက် (၃) ပေါက် ပါရှိသည့် အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာငယ်လေး တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်လေသည်။

“အောင်မြင်သွားပြီလား”

နဂါးပြာဘုရင် သည် ခပ်ဖွဖွ ရေရွတ်ရင်း ကျောက်တုံး မျက်နှာပြင်ကို ပွတ်သပ်လိုက်သည်။ နောက်တစ်ခဏတွင် သူသည် အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပြီး မီတာရာချီ ရှည်လျားကာ မီတာနှစ်ရာ မြင့်မားသော ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာငယ်လေး အတွင်းသို့ ရောက်ရှိသွားလေသည်။

ဝိညာဉ်သွေးကြော အမြုတေသည် ထိုကမ္ဘာငယ်လေး၏ အလယ်ဗဟိုတွင် တိတ်ဆိတ်စွာ ပျံဝဲနေပြီး တောက်ပစွာ လင်းလက်နေသည်။

ခဏအကြာတွင် သူ ပြန်ထွက်လာသည်။

“ဘယ်လိုလဲရှင့်”

မိုမင်ရှီ မေးလိုက်သည်။

“အောင်မြင်တယ်... ပြီးပြည့်စုံတယ်”

နဂါးပြာဘုရင် သည် ယဲ့ဖုန်းကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက် တော့သည်။

ထိုစကားကို ကြားသောအခါ မိုမင်ရှီနှင့် ကျန်ရှိသော ဝိညာဉ်ပင်လယ်အဆင့် မဟာအကြီးအကဲ လေးဦးတို့ ဝမ်းသာသွားကြသည်။

အကြီးအကဲ ဟုန်မုံကတော့ ပြုံးဖြီးနေလေသည်။

ယဲ့ဖုန်း သက်ပြင်းချလိုက်မိသည်။

'နောက်ဆုံးတော့ အောင်မြင်သွားပြီဟေ့'

‘အရင်က အောင်မြင်ခဲ့ဖူးတယ် ဆိုပေမဲ့ ဒါက ပထမဆုံးအကြိမ် ကိုယ်တိုင် လုပ်ဖူးတာလေ။ ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ကို ရောက်ကာစမှာ ပထမဆုံး လက်ရာက ကျရှုံးသွားရင် တော်တော် မျက်နှာပျက်စရာ ကောင်းမှာ။

ကံကောင်းလို့ အောင်မြင်သွားတာ။’

“ရေးထွင်းစရာ (၃၅) ခု ကျန်သေးတယ်... ပစ္စည်းတွေလည်း မရောက်သေးဘူး ဆိုတော့ ခဏ နားလိုက်ကြတာပေါ့ဗျာ”

ပြောပြောဆိုဆိုနှင့်၊ ယဲ့ဖုန်းသည် လေထဲတွင် ပျံဝဲနေသော သတ္တုရွက်ဓားပါးပေါ်တွင် ဝင်ထိုင်လိုက်သည်။

သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို သုံးထားတယ် ဆိုသော်လည်း လုပ်ငန်းစဉ် တစ်ခုလုံးကို အာရုံစိုက် စောင့်ကြည့်နေရတာမို့ စိတ်စွမ်းအင်တွေ အများကြီး ကုန်ခမ်းသွားရသည်။

“ဆရာသခင်ယဲ့ အနေနဲ့ (၃) ရက်အတွင်း အားလုံး ပြီးအောင် လုပ်ပေးနိုင်ရင် ရပါပြီ”

မိုမင်ရှီက ထိုသို့ ပြောပြီး ထွက်ခွာသွားလေသည်။

“ဆရာသခင်ယဲ့... ညဉ့်နက်နေပြီ ဆိုတော့ ဧည့်ရိပ်သာမှာ အနားယူလိုက်ပါဦး... မနက်ဖြန် ပစ္စည်းတွေ အကုန်ရောက်မှ ဆက်လုပ်ကြတာပေါ့”

နဂါးပြာဘုရင် က ကြားဝင် ဖိတ်ခေါ်လိုက်ပြီး သိုလှောင်အိတ် တစ်လုံးကိုလည်း ထုတ်ပေးလိုက်သည်။

“ဒီထဲမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၂၀၀) နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀၀၀) တန်ဖိုးရှိတဲ့ လက်နက်သွန်းလုပ်ရေး ပစ္စည်းတွေ ပါပါတယ်... ဒါက ဆုလာဘ်ရဲ့ တစ်ဝက်ပါ... ကျန်တဲ့ တစ်ဝက်ကိုတော့ ဝင်္ကပါ အားလုံး ပြီးမှ ပေးပါ့မယ်”

“ရပါတယ်”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

ထို့နောက် နဂါးပြာဘုရင် က သူ့ကို သီးသန့် တောင်ထိပ်တစ်ခုပေါ်ရှိ ခမ်းနားထည်ဝါသော ဧည့်ရိပ်သာသို့ လိုက်ပို့ပေးသည်။ ထိုနေရာတွင် ချောမောလှပသော အမျိုးသမီးငယ် (၁၀) ဦးခန့်က စောင့်ကြို ပြုစုပေးနေကြသည်။

“အဟမ်း... ကျွန်တော်က အဲ့ဒါမျိုး သိပ်မကြိုက်ဘူးဗျ”

ယဲ့ဖုန်းသည် အမျိုးသမီးများကို အစ်ကိုကြီး ခေါင်းပြားအား နှိပ်နယ်ပေးရန် စေခိုင်းလိုက်ပြီး သူကတော့ အခန်းထဲတွင် တစ်ယောက်တည်း နေလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မ ခရိုင်ဘုရင်မြို့တော်ကို ပြန်ပြီး ကိစ္စလေးတွေ သွားရှင်းလိုက်ဦးမယ်... သုံးရက်နေရင် ပြန်လာကြိုပါ့မယ်ရှင်”

အကြီးအကဲ ဟုန်မုံ၏ အသံက တဖြည်းဖြည်း ဝေးကွာသွားလေသည်။

“ကောင်းပါပြီဗျာ”

ယဲ့ဖုန်းလည်း ပြန်အော်ပြောလိုက်သည်။

ထို့နောက် သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် အခန်းကို ပိတ်ဆို့လိုက်ပြီး မည်သူမျှ မနှောင့်ယှက်နိုင်အောင် စီစဉ်လိုက်သည်။ ပြီးမှ သံရည်ကျိုမီးဖိုကို ထုတ်ယူလိုက်၏။

ပစ္စည်းတွေ စုံနေပြီဆိုတော့ စောင့်မနေနိုင်တော့ပါ။

ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား... မင်းကို သွန်းလုပ်ရမယ့် အချိန် ရောက်ပြီကွ။

ဒီလို စွမ်းအားပြင်းသော ဝိညာဉ်လက်နက် ရှိမှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မြင့်တက်လာမှာ ဖြစ်သည်။ မဟုတ်လျှင် ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးဘုရင်တွေနှင့် ရင်ဆိုင်ရသည့် အခါ စိတ်မလုံခြုံသလို ခံစားနေရသည်။

“မီးအမြုတေ ၊ ကျင်းလင် ၊ မြေကမ္ဘာကျောက် ၊ သစ်သားအမြုတေ နဲ့ ရေခဲနက် ပုံဆောင်ခဲ၊ ပြီးတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၈၈) တုံး”

ယဲ့ဖုန်းသည် ပစ္စည်းများကို ထုတ်ယူလိုက်ပြီး ခဏမျှ တွေးတောလိုက်သည်။ ထို့နောက် အရည်အသွေးမြင့် သံရည်ကျိုမီးဖိုထဲသို့ ဂရုတစိုက် ထည့်လိုက်လေသည်။

သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။

'စနစ်ရေ့... သွန်းလုပ်မယ့်အချိန်ကို ခန့်မှန်းပေးလို့ ရမလား'

ယဲ့ဖုန်း စိတ်ထဲမှ ဆက်သွယ်၍ မေးလိုက်သည်။

[ အဆင့်မြှင့်တင်ထားတဲ့ သံရည်ကျိုမီးဖိုဟာ သွန်းလုပ်နိုင်စွမ်း မြင့်တက်လာလို့ အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တွေ သွန်းလုပ်ရာမှာ အဆများစွာ ပိုမို မြန်ဆန်ပါတယ်၊ ဒါပေမယ့် တူညီသော အဆင့်ရှိတဲ့ ဆင့်မြင့် ဝိညာဉ်လက်နက်ကို သွန်းလုပ်ရာမှာ အချိန်ကြာမြင့်ဦးမှာ ဖြစ်ပြီး... (၆) နာရီလောက် ကြာမြင့်နိုင်ပါတယ် ]

စနစ်၏ အသံ ထွက်ပေါ်လာသည်။

“(၆) နာရီ ဟုတ်လား... မနက်လင်းခါနီးလောက် ဆိုတော့ အတော်ပဲပေါ့”

ယဲ့ဖုန်း မှတ်ချက်ပြုလိုက်လေသည်။

All Chapters