← Chapters

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀) - ကြောက်မက်ဖွယ် အိပ်မက်ဆိုးနှင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား ပေါ်ထွက်လာခြင်း

~ယဲ့ဖုန်းသည် သံရည်ကျိုမီးဖိုကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်နေလေသည်။

ခဏကြာ စောင့်ကြည့်ပြီးနောက် သွန်းလုပ်မှု လုပ်ငန်းစဉ်သည် တည်ငြိမ်နေပြီး မည်သည့် အမှားအယွင်းမှ မရှိကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် ဒီနေ့တစ်နေ့လုံး ခရီးပန်းလာသလို၊ မနေ့ညကလည်း တစ်ညလုံး မအိပ်ဘဲ အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ ရေးထွင်းခဲ့ရသဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ မျက်ခွံများကလည်း တဖြည်းဖြည်း လေးလံလာချေပြီ။

“ထားလိုက်ပါတော့... ခဏလောက် အိပ်လိုက်ဦးမယ်”

ပြောပြီးသည်နှင့် ယဲ့ဖုန်း မျက်လုံးများ မှိတ်ကာ အနားယူလိုက်လေသည်။

သူသည် မီတာတစ်ရာ ပတ်လည်ကို သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် လွှမ်းခြုံထားသလို၊ လေဝိညာဉ်ပုလဲကိုလည်း ကြိုတင် သတိပေးစနစ် အဖြစ် ထားရှိထားသည်။ အန္တရာယ် တစ်စုံတစ်ရာ ရှိလာလျှင် အလိုအလျောက် နိုးထလာမည်မှာ သေချာသည်။

ဒါ့အပြင် အန္တရာယ် ရှိလာခဲ့လျှင်တောင် ဘေးခန်းက အစ်ကိုကြီး ခေါင်းပြားက အရင်ဆုံး ပြေးထွက်ပြီး ရန်ပွဲကို ရှင်းလင်းပေးမှာ သေချာသည်။

---

အိပ်မက်ထဲတွင်...

ရုတ်တရက် ယဲ့ဖုန်း မျက်လုံးများ ပွင့်လာပြီး ရှေးဟောင်း ဝတ်စုံထူး တစ်စုံကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ဝတ်စုံ၏ ရှေ့နှင့် နောက်ကျောဘက်တွင် "နတ်ဆိုး"နှင့် "ဘုရင်" ဟူသော စာလုံးတစ်လုံးစီ ရေးထိုးထားသည်။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူသည် ဝမ်ရန်တောင်ထိပ်ပေါ်တွင် ရပ်နေကြောင်း သတိထားမိလိုက်သည်။

သဲကဲ့သို့ ဖြူဖွေးသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် မိုမင်ရှီသည် သူ့ရှေ့တွင် ဒူးထောက်နေလေသည်။ သူမ၏ မျက်နှာဖုံး ပဝါသည် ကျွတ်ကျနေပြီး သနားစဖွယ် ကောင်းလောက်အောင် လှပသော မျက်နှာလေး ပေါ်ထွက်နေသည်။

သို့သော် သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် သွေးစများ စီးကျနေသည်ကို တွေ့လိုက်ရ၏။

“မဟာမိတ်ခေါင်းဆောင်လေး... ဘာဖြစ်လို့လဲ”

ယဲ့ဖုန်းသည် အိပ်မက်မက်နေမှန်း မသိဘဲ လက်တွေ့ဟု ထင်မှတ်ကာ မိုမင်ရှီကို ကြမ်းပြင်ပေါ်မှ ထူမပေးရန် ကပျာကယာ လက်လှမ်းလိုက်မိသည်။

“မလုပ်နဲ့”

မိုမင်ရှီ၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများ အထင်းသား ပေါ်လာပြီး ဒူးထောက်လျက်သား နောက်သို့ အမြန် ဆုတ်သွားလေသည်။ သူမ၏ လှပသော မျက်နှာလေးသည် ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ယဲ့ဖုန်းကို အလွန် ကြောက်ရွံ့နေပုံရသည်။

“ဘာလို့ ငါ့ကို ကြောက်နေရတာလဲ”

ယဲ့ဖုန်း ခေါင်းကုတ်လိုက်စဉ် သူ့ဆံပင်များ ထူးခြားနေသည်ကို သတိထားမိလိုက်သည်။ အမြန်ပင် ဆံပင်တစ်မျှင်ကို ဆွဲနှုတ်ကြည့်လိုက်ရာ တောက်လောင်နေသော မီးလျှံကဲ့သို့ တောက်ပသော အနီရောင် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အကြီးအကဲ တုန်လှုပ်သွားရလေသည်။

ဆံပင်နီ ဟုတ်လား။

ဒါ ငါလား။

ယဲ့ဖုန်း အသက်ရှူမှားသွားပြီး မှန်တစ်ချပ်ကို အမြန် ထုတ်ကြည့်လိုက်ရာ သူ့ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်း ပါရှိသော နဂါးမျိုးနွယ်ဝင် အသွင်ပြောင်း ပညာရှင်ကြီး တစ်ဦး ဖြစ်နေပါလား။

မီးကဲ့သို့ နီရဲသော ဆံနွယ်များက လေထဲတွင် ရမ်းခါနေပြီး၊ လက်များက ထူထဲသန်မာကာ မျက်နှာထားကလည်း ကြမ်းတမ်းခက်ထန်နေသည်။ ပုံမှန် ယဲ့ဖုန်း ပုံစံနှင့် လုံးဝ မတူတော့ပေ။ သူ့နှုတ်ခမ်း ဘယ်ဘက်ထောင့်စွန်း တွန့်ကွေးသွားပြီး ယုတ်မာသော အပြုံးတစ်ခု ပေါ်လာလေသည်။

“နတ်ဆိုးနဂါးဘုရင်... မင်း တော်တော် သတ္တိကောင်းနေပါလား... ငါတို့ မဟာမိတ်ခေါင်းဆောင်လေးကို လွှတ်လိုက်စမ်း”

ဆူပူကြိမ်းမောင်းသံ တစ်သံ ထွက်ပေါ်လာသည်။

အသံလာရာသို့ ကြည့်လိုက်ရာ နဂါးပြာဘုရင် ခေါင်းဆောင်သော ဝိညာဉ်ပင်လယ်အဆင့် မဟာအကြီးအကဲ လေးဦးတို့သည် သူ့ဆီသို့ ပြေးဝင်လာကြသည်ကို တွေ့လိုက်ရသည်။ သူတို့၏ စွမ်းအားပြင်းထန်သော အရှိန်အဝါများ ပေါင်းစပ်သွားပြီး ဧရာမ လက်ဝါးကြီး တစ်ခုအဖြစ် ပြောင်းလဲကာ ယဲ့ဖုန်းကို ရက်စက်စွာ ဖိနှိပ်လိုက်လေသည်။

“ကျွန်တော်က နတ်ဆိုးနဂါးဘုရင် မဟုတ်ဘူး...ကျွန်တော်က ယဲ့ဖုန်းပါဗျ”

ယဲ့ဖုန်း ပြောချင်သော်လည်း အသံထွက်မလာပေ။ လက်ကို ဆန့်ထုတ်၍လည်း မရ၊ ခန္ဓာကိုယ်က သူ့အလိုလို လှုပ်ရှားနေလေသည်။ လက်နှစ်ဖက်သည် အလိုအလျောက် လက်သင်္ကေတများ ဖော်ထုတ်လိုက်ပြီး ကောင်းကင်သို့ ညွှန်ပြလိုက်သည်။

“ဝေါင်း…”

ရွှေနီရောင် နတ်ဆိုးနဂါးကြီး တစ်ကောင် ထွက်ပေါ်လာပြီး၊ ၎င်း၏ အမြီးဖြင့် ရိုက်ခတ်လိုက်ရာ ဧရာမ လက်ဝါးကြီး တစစီ ကွဲကြေသွားလေသည်။ ထို့နောက် အရှိန်မသတ်ဘဲ နဂါးပြာဘုရင်နှင့် အခြား မဟာအကြီးအကဲ လေးဦး၏ ရင်ဘတ်များကို ဆက်လက် ရိုက်ခတ်လိုက်ရာ သူတို့အားလုံး သွေးအန်ပြီး နောက်သို့ လွင့်စင်သွားကြရရှာသည်။

“ငါ... ငါ ဘယ်လိုလုပ် ဒီလောက် သန်မာနေတာလဲ”

ယဲ့ဖုန်း မှင်သက်နေမိသည်။

နောက်တစ်ခဏတွင် သူသည် ကောင်းကင်သို့ ပျံတက်သွားပြီး၊ အစွမ်းကုန် စွမ်းအားများကို ထုတ်ဖော်ကာ နဂါးပြာဘုရင်နှင့် အခြား ပညာရှင်ကြီး ငါးဦးကို နတ်ဆိုးဘုရင် တစ်ပါးအလား လွယ်လွယ်ကူကူပင် ဖောက်ခွဲပစ်လိုက်လေသည်။

“ငါ့ခန္ဓာကိုယ်က ဘာလို့ လွင့်ထွက်သွားရတာလဲ”

“မဟုတ်ဘူ... အဲ့ဒါ ငါ့ခန္ဓာကိုယ် မဟုတ်ဘူး... တခြားလူရဲ့ ခန္ဓာကိုယ်... ငါ့ဝိညာဉ်က မူလနေရာမှာပဲ ကျန်နေခဲ့တာ... 'နတ်ဆိုးနဂါးဘုရင်' နဲ့ ဘာမှ မပတ်သက်ဘူး”

“ဒါ အိပ်မက် တစ်ခုပဲ ဖြစ်ရမယ်”

ယဲ့ဖုန်း နောက်ထပ် မှန်တစ်ချပ် ထုတ်ကြည့်လိုက်ရာ သူ့ကိုယ်သူ မူလနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ဝိညာဉ်ကဲ့သို့ ဖျော့တော့နေပြီး ဤကမ္ဘာနှင့် မသက်ဆိုင်သူ တစ်ဦးကဲ့သို့ ဖြစ်နေသည်။

“မလုပ်နဲ့”

မိုမင်ရှီသည် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်ကြီး ငါးဦး တစစီ ကွဲကြေသွားသည်ကို ကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

နောက်တစ်ခဏတွင် နတ်ဆိုးနဂါးဘုရင်သည် ဆက်လက် တိုက်ခိုက်လိုက်ပြီး မိုမင်ရှီကို လက်ဝါးတစ်ချက်တည်းဖြင့် အသေသတ်ပစ်လိုက်လေသည်။

ထို့နောက် ယဲ့ဖုန်း၏ ရှေ့မှ မြင်ကွင်းများအားလုံး ပြိုလဲပျက်စီးသွားပြီး၊ သူသည် ထူးဆန်းသော ကမ္ဘာမှ လွတ်မြောက်ကာ လက်တွေ့ကမ္ဘာတွင် မျက်လုံးပွင့်လာခဲ့လေသည်။

“အား...”

ယဲ့ဖုန်း အော်ဟစ်လိုက်ပြီး နဖူးကို စမ်းကြည့်လိုက်ရာ ရောဂါဆိုးကြီး တစ်ခု ခံစားလိုက်ရသကဲ့သို့ ချွေးစေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုစဉ် သံရည်ကျိုမီးဖို အတွင်းမှ သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။

“ခုနက ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံး အိပ်မက်ဆိုးကြီး တစ်ခုပါလား”

ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်သည်။ အိပ်မက်က အရမ်းကို နာကျင်စရာ ကောင်းလွန်းသည်။ နတ်ဆိုးနဂါးဘုရင်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးပြီး ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ငါးယောက်ပေါင်းတောင် သူ့ပြိုင်ဘက် မဟုတ်ပေ။

အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့် ရှိသော မိုမင်ရှီ တောင်မှ နတ်ဆိုးနဂါးဘုရင်၏ လက်ဝါးတစ်ချက်ကို မခံနိုင်ဘဲ သေဆုံးသွားခဲ့ရသည်။

ဒါဆိုရင် အိပ်မက်ထဲက နတ်ဆိုးနဂါးဘုရင်က ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ။

ဝိညာဉ်ပင်လယ် အလယ်အလတ်အဆင့်လား... အဆင့်မြင့်လား။

ဘာပဲဖြစ်ဖြစ် သူ ၊ ယဲ့ဖုန်း ကတော့ ၎င်း၏ ပြိုင်ဘက် လုံးဝ မဟုတ်တာ သေချာသည်။

“အိပ်မက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ကွာ”

ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ကိုယ်ပေါ်က ချွေးစေးတွေကို သုတ်ပစ်လိုက်သည်။ ရေတစ်ခွက် အဝသောက်လိုက်ပြီး ကြည့်လိုက်ရာ မိုးလင်းဖို့ (၂) နာရီလောက် လိုသေးတာ တွေ့လိုက်ရသည်။ သူ အမြန် ရေချိုးလိုက်ပြီး လက်တင်ကုလားထိုင်ပေါ်တွင် ပြန်လည် အိပ်စက်လိုက်လေသည်။

နောက်တစ်နေ့ မနက်မိုးလင်းသောအခါ...

“ဒေါင်…”

သံရည်ကျိုမီးဖို အဖုံး ပွင့်သွားလေသည်။

ရောင်စုံအလင်းတန်းများ ဖြာထွက်လာပြီး သုံးပေခန့် ရှည်လျားသော ရောင်စုံ ဓားရှည်တစ်လက် ဖြည်းညှင်းစွာ ပျံတက်လာသည်။ ဓားမျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အလင်းတန်းများ ဖုံးလွှမ်းနေပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မှန်သားပြင်ကဲ့သို့ ကြည်လင်တောက်ပသော ရတနာဓားတစ်လက် အဖြစ် ကျန်ရစ်ခဲ့လေသည်။

[ တင်... ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို အောင်မြင်စွာ သွန်းလုပ်ပြီးပါပြီ ]

စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

ယဲ့ဖုန်းသည် သံရည်ကျိုမီးဖိုကို သိမ်းဆည်းလိုက်ပြီး ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား၏ လက်ကိုင်ရိုးကို ဆွဲကိုင်လိုက်သည်။ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းမုန်တိုင်း တစ်ခု ထွက်ပေါ်လာသည်။ ကံကောင်းထောက်မစွာဖြင့် ယဲ့ဖုန်း၏ လျင်မြန်သော တုံ့ပြန်မှုကြောင့် နောက်ထပ် လေပြင်းတစ်ခု ဖန်တီးကာ ချေဖျက်လိုက်နိုင်လေသည်။

“စွမ်းအားကြီးလိုက်တဲ့ ဓားပါလား”

ယဲ့ဖုန်း အလွန် ကျေနပ်သွားသည်။

စနစ်၏ အကူအညီဖြင့် ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို အပြည့်အဝ ပိုင်ဆိုင်လိုက်နိုင်ပြီး "လွှဲပြောင်းပေး၍ မရသော" ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ စာသားအချို့လည်း ပေါ်လာလေသည်။

[ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား: အဆင့်မြင့် ဝိညာဉ်လက်နက် (လွှဲပြောင်းပေး၍ မရပါ) ]

[ လုပ်ဆောင်ချက်များ: ဓာတ်ကြီးငါးပါး ဓားကွန်ရက်၊ ဓာတ်ကြီးငါးပါး ဓားစွမ်းအင်၊ ဓာတ်ကြီးငါးပါး ဖမ်းယူခြင်း ဝဲကတော့ ]

[ မှတ်ချက်: အထူး ဓာတ်ကြီးငါးပါး ပစ္စည်းများဖြင့် သွန်းလုပ်ထားပြီး အတွင်းပိုင်းတွင် ရှုပ်ထွေးနက်နဲသော ဝင်္ကပါများ ပါဝင်သည်။ စွမ်းအားမြှင့်တင်ခြင်း၊ ဝိညာဉ်စွမ်းအင် စုစည်းခြင်း၊ အမြန်နှုန်း မြှင့်တင်ခြင်း စသည်တို့ အားလုံး ပါဝင်သည်။ လက်ရာမှာ အလွန် သေသပ်ပြီး အဆင့်မြင့် ဝိညာဉ်လက်နက်များထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်။ ]

ဒါက ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားရဲ့ မိတ်ဆက်စာပဲ။

ယဲ့ဖုန်း အနည်းငယ် နားမလည် ဖြစ်သွားသည်။

ဓာတ်ကြီးငါးပါး ဓားကွန်ရက် နဲ့ ဓာတ်ကြီးငါးပါး ဓားစွမ်းအင် ဆိုတာ နားလည်ရ လွယ်ပါတယ်။ ဒါပေမဲ့ ဓာတ်ကြီးငါးပါး ဖမ်းယူခြင်း ဝဲကတော့ ဆိုတာ ဘာလဲ... ဘယ်လောက် စွမ်းအားကြီးလဲ။

မည်သူမှ ယဲ့ဖုန်းကို ဖြေမပေးကြပါပေ။

စနစ်ကလည်း နှုတ်ဆိတ်နေသည်။

ရွေးချယ်စရာ မရှိတော့သဖြင့် ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ယာယီ သိမ်းဆည်းထားလိုက်ပြီး၊ အားလပ်ချိန်ကျမှ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“ဒေါက်... ဒေါက်... ဒေါက်…”

ထိုအချိန်မှာ၊ တံခါးခေါက်သံ ကြားလိုက်ရသည်။

ယဲ့ဖုန်း တံခါးဖွင့်လိုက်ရာ အစေခံ ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေး တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ယဲ့ဖုန်းကို ဦးညွှတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“ဆရာသခင်ယဲ့... မဟာမိတ်ခေါင်းဆောင်လေးက တွေ့ချင်ပါတယ်တဲ့... ကျွန်မနောက် လိုက်ခဲ့ပါရှင့်”

“လမ်းပြပေးတဲ့အတွက် ကျေးဇူးပါ”

ယဲ့ဖုန်းလည်း သူမနောက်မှ လိုက်ပါသွားလိုက်သည်။

ဝမ်ရန်တောင်ထိပ်ပေါ်တွင်...

သိုလှောင်လက်စွပ် တစ်ကွင်း သူ့ရှေ့တွင် လွင့်မျော ရောက်ရှိနေသည်ကို ယဲ့ဖုန်း တွေ့လိုက်ရသည်။

မိုမင်ရှီ၊ နဂါးပြာဘုရင် နှင့် အခြား မဟာအကြီးအကဲ လေးဦးတို့ ရောက်ရှိနေကြပြီး၊ သူတို့၏ ဆက်ဆံပုံမှာ မနေ့ကထက် သိသိသာသာ ကောင်းမွန်နေသည်ကို တွေ့ရပါသည်။

“ဆရာသခင်ယဲ့... ကျွန်မတို့ ပစ္စည်းတွေ အကုန်စုပြီး ဒီသိုလှောင်လက်စွပ်ထဲ ထည့်ထားပါတယ်... ကျန်တဲ့ အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ (၃၅) ခုကို အမြန်ဆုံး ရေးထွင်းပေးပါ”

မိုမင်ရှီက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

ယဲ့ဖုန်း သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်သည်။

“ဝမ်ရန်တောင်ထိပ် ကနေပဲ စလိုက်ကြမလား”

ယဲ့ဖုန်းသည် ပစ္စည်းတစ်စုံကို ထုတ်ယူလိုက်ပြီး နေရာမှာတင် သန့်စင်လိုက်ကာ နဂါးပြာဘုရင်ကို မေးလိုက်သည်။

“ကောင်းပါတယ်”

နဂါးပြာဘုရင်လည်း ကန့်ကွက်စရာ မရှိကြောင်း ထုတ်ပြောလိုက်သည်။

---

အဓိကကျွန်းကြီးပေါ်ရှိ တောင်ထိပ် (၃၆) ခု၏ အတွင်းပိုင်းတွင် အသေးစား ဝိညာဉ်သွေးကြောများ ပါရှိသော အတွင်းခန်း နေရာလွတ်များ ကိုယ်စီ ရှိကြသည်။ ပုံစံများမှာ အမျိုးမျိုး ကွဲပြားကြသည်။ တချို့က ကျောက်စက်တိုင်၊ တချို့က ဧရာမ ကျောက်တုံးကြီး၊ တချို့က ရိုးရိုး ကျောက်နံရံ သက်သက်သာ ဖြစ်ကြသည်။

အဓိက တောင်ထိပ်ဖြစ်သော ဝမ်ရန်တောင်ထိပ်၏ အတွင်းပိုင်း ဂူထဲတွင်လည်း အသေးစား ဝိညာဉ်သွေးကြော တစ်ခု ရှိနေသည်။

ယဲ့ဖုန်း အသိချင်ဆုံး ဖြစ်နေသော အဆင့်နိမ့် ဝိညာဉ်သွေးကြော အမြုတေ ကိုတော့ အစအဆုံး မြင်ခွင့် မရလိုက်ပေ။

မိုမင်ရှီနှင့် အခြား (၅) ဦးတို့၏ "ကြီးကြပ်မှု" အောက်တွင် ယဲ့ဖုန်းသည် ဝင်္ကပါများကို ဆက်တိုက် ရေးထွင်းပေးခဲ့သည်။

သူ့လက်ရာများက အလွန် တည်ငြိမ်လှသည်။

တစ်နာရီလျှင် ဝင်္ကပါ တစ်ခုပြီးအောင် ရေးထွင်းနိုင်ပြီး၊ တစ်နာရီ နားကာ ဆက်လက် လုပ်ဆောင်သည်။

အခြေအနေကောင်းသော နေ့များတွင် ဆိုလျှင်တော့ လုံးဝ မနားဘဲ ဆက်တိုက် လုပ်ဆောင်လေသည်။

ပထမရက် ကုန်ဆုံးသွားသောအခါ မနေ့ညက တစ်ခု အပါအဝင် စုစုပေါင်း (၁၅) ခု ပြီးစီးခဲ့သည်။

ဒုတိယရက်တွင် (၂၇) ခုအထိ ပြီးစီးခဲ့သည်။

တတိယရက် မွန်းလွဲပိုင်းတွင်...

ယဲ့ဖုန်းသည် နောက်ဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို အပေါက်များထဲသို့ ထည့်သွင်းလိုက်ပြီးနောက်၊ နောက်ဆုံး အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ ပြီးစီးသွားလေသည်။ သူသည် သက်ပြင်းချလိုက်ပြီး လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်ချကာ အမောဖြေလိုက်သည်။

“ပင်ပန်းလိုက်တာဗျာ”

ယဲ့ဖုန်းသည် အားအင်ပြန်ပြည့်စေရန် ဝိညာဉ်စမ်းရေ အနည်းငယ်ကို အမြန် သောက်လိုက်သည်။

‘သုံးရက် မပြည့်ခင်မှာတင် အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခုကို ဖန်တီးနိုင်ခဲ့တယ်... သူ့ရဲ့ ဝင်္ကပါ ပညာရပ် ကျွမ်းကျင်မှုက ဆရာသခင်အဆင့် လို့ ခေါ်လို့ရလောက်အောင် နက်နဲလွန်းတယ်’

မိုမင်ရှီသည် ယဲ့ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း တိတ်တဆိတ် အံ့သြနေမိသည်။

နဂါးပြာဘုရင်နှင့် အခြား မဟာအကြီးအကဲ လေးဦးတို့သည်လည်း ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု လျော့သွားသကဲ့သို့ ဝမ်းသာအားရ ဖြစ်နေကြသည်။

“ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခုလုံး ပြီးသွားပြီ ဆိုတော့... ဒီ ဝင်္ကပါကို စီစဉ်ရမယ့် အချိန် ရောက်ပြီ”

နဂါးပြာဘုရင် သည် ယဲ့ဖုန်း နားမလည်သော စကားများကို ပြောလိုက်သည်။

နောက်တစ်ခဏတွင် နဂါးပြာဘုရင် သည် ခရမ်းရောင် ဝင်္ကပါပြား တစ်ချပ်ကို ထုတ်ယူလိုက်ပြီး၊ လက်ချောင်းဖြင့် တောက်လိုက်ရာ တစ်လက်မခန့် မြင့်သော ရောင်စုံ ဝင်္ကပါအလံ (၃၆) ခု ထွက်ပေါ်လာလေသည်။ ၎င်းတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တောင်ထိပ်အားလုံးရှိ ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာများ အတွင်းသို့ ဝင်ရောက်သွားကာ၊ ဝိညာဉ်သွေးကြော အမြုတေများပေါ်သို့ တိကျစွာ ကျရောက်သွားလေသည်။

“ဒါ ဘာဝင်္ကပါလဲ”

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

အခန်း (၂၂၁) - အံ့မခန်း ဝင်္ကပါကြီးနှင့် နတ်ဆိုးနဂါးဘုရင် မွေးဖွားလာခြင်း

~ရိုးရိုးသားသား ဝန်ခံရလျှင်၊ ယဲ့ဖုန်း ယခုလို ဖြစ်လာမည်ဟု လုံးဝ မထင်ထားခဲ့ပါ။

‘သူ ပင်ပင်ပန်းပန်း ဖန်တီးပေးခဲ့တဲ့ အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခုက တကယ်တော့ အထူးဝင်္ကပါ တစ်ခု တည်ဆောက်ဖို့အတွက် သက်သက်ပဲလား။

ဒါဆိုရင် ဒီ ဝင်္ကပါက အလယ်အလတ်စား ဒါမှမဟုတ် အကြီးစား ဝင်္ကပါကြီး တစ်ခု ဖြစ်နေတာများလား။’

“ဆရာသခင်ယဲ့ အရမ်း သိချင်နေမှာပဲ... ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့က ဘာလို့ ငွေအမြောက်အမြား အကုန်အကျခံပြီး အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခုကို တည်ဆောက်ခိုင်းရတာလဲ ဆိုတာကိုလေ”

မိုမင်ရှီ ရုတ်တရက် လှမ်းပြောလိုက်ရာ ယဲ့ဖုန်း၏ အာရုံကို ဖမ်းစားသွားလေသည်။

“ဟုတ်ပါတယ်... ကျွန်တော် တကယ် သိချင်နေတာ”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ရဲ့ နောက်ထပ် လက်ရာမွန် တစ်ခုကို သေချာ ကြည့်ထားပေတော့”

နဂါးပြာဘုရင် သည် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ပြီး အော်ဟစ်လိုက်သည်။

သူသည် ဝင်္ကပါပြားကို ဘယ်လက်ဖြင့် ကိုင်ထားပြီး ညာလက်ဖြင့် လေထဲတွင် ဆက်တိုက် ရေးဆွဲကာ ထူးဆန်းသော လက်သင်္ကေတများ ဖော်ထုတ်လိုက်သည်။ ထိုအခါ နဂါးပုံသဏ္ဌာန် ဝင်္ကပါစာလုံးများ ထွက်ပေါ်လာပြီး၊ သူ၏ စွမ်းအင်များ စုစည်းကာ (၁၀) မီတာခန့် ရှည်လျားသော ခရမ်းရွှေရောင် နဂါးကြီး တစ်ကောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။

“ဝေါင်း...”

နဂါးကြီးသည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး မရေမတွက်နိုင်သော အပြာရောင် အလင်းတန်းများကို ကောင်းကင်ယံသို့ မှုတ်ထုတ်လိုက်ရာ မိုင်ပေါင်းများစွာ မြင့်မားသော လေထုထဲအထိ ရောက်ရှိသွားလေသည်။ ထို့နောက် ဘေးပတ်လည်သို့ ဖြာထွက်သွားပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ခရမ်းဖျော့ရောင် အကာအကွယ် အမိုးခုံးကြီး တစ်ခုအဖြစ် ပြောင်းလဲကာ အဓိကကျွန်းကြီး တစ်ခုလုံးကို လွှမ်းခြုံ ကာကွယ်လိုက်လေသည်။

“ကြီးမားလိုက်တဲ့ ဝင်္ကပါကြီးပါလား”

ယဲ့ဖုန်း အကြီးအကျယ် တုန်လှုပ်သွားရသည်။

အချင်း မိုင်ပေါင်းများစွာ ကျယ်ဝန်းတာလား။

ဒါ သေချာပေါက် အကြီးစား ဝင်္ကပါကြီး တစ်ခုပဲ။

ဒဏ္ဍာရီတွေအရ ဆိုလျှင်တော့ ယခုလို ဝင်္ကပါမျိုးက မူလနတ်ဘုရားအဆင့် ထိပ်တန်း ဝင်္ကပါတွေနှင့် ယှဉ်နိုင်စွမ်း ရှိသည် အကယ်၍ ကာကွယ်ရေး သက်သက် ဆိုလျှင်တော့ မူလနတ်ဘုရားအဆင့် အောက် တိုက်ခိုက်မှု မှန်သမျှကို တားဆီးပေးနိုင်မှာ သေချာသည်။

မူလနတ်ဘုရားအဆင့် ပညာရှင် တစ်ယောက် ဆိုရင်တောင် ဖောက်ထွက်ဖို့ လွယ်ကူမှာ မဟုတ်ချေ။

“ဟား... ဟား... ဟား... ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ဝင်္ကပါတော့ အကြမ်းဖျင်း ပြီးစီးသွားပြီဟေ့... နေရာလပ် စွမ်းအား ဆိုတာ တကယ့်ကို တန်ဖိုးရှိတာပဲ... ပမာဏ နည်းနည်းလေး ဆိုပေမဲ့ စွမ်းအားကတော့ ထိရောက်လိုက်တာ”

နဂါးပြာဘုရင် သည် အားရပါးရ ရယ်မောလိုက်သည်။

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိသည်။

သူ နားလည်သလိုလိုတော့ ရှိလာပြီ။

ထိုစဉ်၊ မိုမင်ရှီက နူးညံ့စွာ ပြောလိုက်သည်။

“ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ဝင်္ကပါ ဆိုတာ ဆန်းကြယ်သော တိုင်းပြည်ရဲ့ တော်ဝင်မြို့တော် မှာ ရှိတဲ့ မူလနတ်ဘုရားအဆင့် ပညာရှင်ကြီး တစ်ဦး ကိုယ်တိုင် ဖန်တီးထားတဲ့ ပေါင်းစပ် ဝင်္ကပါ တစ်ခုပါ... ကံကောင်းလို့ ကျွန်မ အဖေက သူနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရခဲ့ပြီး၊ ဝိညာဉ်ကျောက်တုံး တစ်သိန်း ဆိုတဲ့ သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူခွင့် ရခဲ့တာပါ”

“ဒီ ဝင်္ကပါရဲ့ လုပ်ဆောင်ချက်က ဘာတွေလဲ ဆိုတာ သိခွင့်ရမလားဗျ”

မိုမင်ရှီသည် ကောင်းကင်မှ အကာအကွယ် အမိုးခုံးကြီးကို ညွှန်ပြပြီး ရှင်းပြလိုက်သည်။

“ဒီ ဝင်္ကပါမှာ လုပ်ဆောင်ချက် သုံးခု ရှိပါတယ်... ပထမအချက်က ကာကွယ်ရေး၊ ဒုတိယအချက်က ဝိညာဉ်စွမ်းအင် စုစည်းခြင်း၊ တတိယအချက်ကတော့... ချိတ်ပိတ်ခြင်း ပါ”

“ဝရော...”

ကောင်းကင်နှင့် မြေကြီးကြားတွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာသည်။ အသေးစား ဝိညာဉ်သွေးကြော (၃၆) ခု၏ အမြုတေများသည် ရုတ်တရက် လင်းလက်လာပြီး၊ သူတို့ တည်ရှိရာ နေရာများရှိ ဝိညာဉ်စွမ်းအင် ဝဲကတော့များကို သုံးပုံတစ်ပုံခန့် ဖိချလိုက်သည်။ ပိုလျှံနေသော ဝိညာဉ်စွမ်းအင်များသည် နတ်နဂါးများအလား ဝမ်ရန်တောင်ထိပ် ဆီသို့ စုပြုံ ရောက်ရှိလာကြသည်။

ယဲ့ဖုန်းသည် ဝိညာဉ်မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ အဓိက တောင်ထိပ်ပေါ်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆ မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် (၃၀၀) မီတာခန့် ကျယ်ဝန်းသော အလယ်အလတ်စား ဝိညာဉ်စွမ်းအင် ဝဲကတော့ကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။

လွှမ်းခြုံထားသော ဧရိယာ အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အလယ်အလတ်စား ဝိညာဉ်သွေးကြော တစ်ခုနှင့် ညီမျှနေပြီ ဖြစ်သည်။

“လူက ဖန်တီးထားတဲ့ အလယ်အလတ်စား ဝိညာဉ်သွေးကြော အဆင့်ရှိတဲ့ ကျင့်ကြံရေး နယ်မြေမြတ် တစ်ခုပါလား... ဒါ ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ရဲ့ ရည်ရွယ်ချက် ဖြစ်နေတာကိုး”

ယဲ့ဖုန်း သဘောပေါက်သွားသည်။

ဝိညာဉ်သွေးကြောတွေကို အသေးစား၊ အဆင့်နိမ့်၊ အလယ်အလတ်စား နဲ့ အကြီးစား ဆိုပြီး ခွဲခြားထားတယ်။

ယေဘုယျအားဖြင့် အသေးစား ဝိညာဉ်သွေးကြော ဆိုတာ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတွေအတွက် စံသတ်မှတ်ချက် ဖြစ်သည်။

အဆင့်နိမ့် ဝိညာဉ်သွေးကြောဆိုတာ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတွေအတွက် ဖြစ်သည်။

အလယ်အလတ်စား ဝိညာဉ်သွေးကြော ဆိုတာကတော့ ကြယ်သုံးပွင့်အဆင့် ဂိုဏ်းတွေအတွက် စံသတ်မှတ်ချက် ဖြစ်ပြီး၊ တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ ခရိုင်ဘုရင်မြို့တော် တစ်ခုတည်းမှာသာ ရှိသည်။ ဘိုးဘွားပိုင် ရတနာ တစ်ခုလို တန်ဖိုးထားကြသည်။

ထို့အပြင် အလယ်အလတ်စား ဝိညာဉ်သွေးကြော ဆိုတာ ကြယ်သုံးပွင့်အဆင့် တက်လှမ်းဖို့ ကြိုးစားနေသည့် အင်အားစုတွေအတွက် အခြေခံအုတ်မြစ်လည်း ဖြစ်သည်။ ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ အနေနှင့် ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခုနှင့် ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ဝင်္ကပါ တည်ဆောက်ဖို့ ငွေအမြောက်အမြား သုံးလိုက်တာဟာ ကြယ်သုံးပွင့်အဆင့် တက်ဖို့အတွက်ပင် ဖြစ်ရမည်ဟု ယဲ့ဖုန်း တွေးလိုက်သည်။

အကြီးစား ဝိညာဉ်သွေးကြော ဆိုတာကတော့ အလယ်အလတ်စားထက် ပိုမြင့်ပြီး၊ ဆန်းကြယ်သော တိုင်းပြည် တစ်ခုလုံးမှာ တော်ဝင်မြို့တော် တစ်ခုတည်းမှာသာ ရှိသည်။ မိုင်ပေါင်းသောင်းချီ အတွင်းမှာ တစ်ခုတည်းသော အကြီးစား ဝိညာဉ်သွေးကြော ဖြစ်ပြီး တိုင်းပြည်တစ်ခုလုံး၏ အသက်သွေးကြောလည်း ဖြစ်သည်။

“ဝိညာဉ်သွေးကြော ဆိုတာ ကျင့်ကြံရေး အင်အားစု တစ်ခုရဲ့ အခြေခံအုတ်မြစ် ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ဝင်္ကပါ ကို တည်ဆောက်ရတဲ့ မူလရည်ရွယ်ချက်က ဝိညာဉ်စွမ်းအင် စုစည်းဖို့ သက်သက် မဟုတ်ဘဲ... ချိတ်ပိတ်ဖို့ အတွက်ပါ”

မိုမင်ရှီ ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

သူမ အနေနှင့်၊ ယဲ့ဖုန်းမှ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာကို မပူပါချေ။

ဘာလို့လဲဆိုတော့ ယဲ့ဖုန်းက အရမ်း အားနည်းလွန်း၍ပင်။

အကြီးအကဲ ဟုန်မုံ ဆီမှ ယဲ့ဖုန်း၏ အစွမ်းက ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့် လောက် ရှိသည်ဟု သိထားရသော်ငြား၊ ကြယ်နှစ်ပွင့်အဆင့် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ရှေ့မှာတော့ ဒီလောက် အစွမ်းလေးက ဘာမှ မဟုတ်ပါချေ။

ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် (၅) ယောက် ရှိနေတာကို မပြောနှင့်ဦး၊ မဟာမိတ်အဖွဲ့ တစ်ခုလုံးမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့် နှင့် အထက် ပညာရှင်ပေါင်း (၃၀) မက ရှိနေသည်လေ။

ထို့ကြောင့် ဒီအကြောင်းတွေကို ယဲ့ဖုန်းကို ပြောပြလိုက်၍ မိုမင်ရှီ ဘာမှ ပူစရာ မလိုပါချေ။

“ချိတ်ပိတ်ဖို့ ….”

ဒီအကြောင်းပြချက်ကို ကြားလိုက်ရတော့ ယဲ့ဖုန်း အတော်လေး အံ့သြသွားသည်။

“ဟုတ်တယ်... မြေအောက်ထဲမှာ မြှုပ်နှံထားတဲ့ ကြောက်မက်ဖွယ်ရာ သတ္တဝါ တစ်ကောင်ကို ချိတ်ပိတ်ထားဖို့ အတွက်ပါ... အခု ဝင်္ကပါ ပြီးသွားပြီဆိုတော့ စိတ်ပူစရာ မလိုတော့ပါဘူး”

နဂါးပြာဘုရင် သည် အနားသို့ ပြန်ရောက်လာပြီး ဝင်္ကပါပြားကို သိမ်းဆည်းရင်း ပြောလိုက်သည်။

ထိုအခါ၊ ယဲ့ဖုန်းသည် တောင်ထိပ်တစ်ခုကို ညွှန်ပြပြီး မေးလိုက်သည်။

“ကျွန်တော် သိချင်တာ တစ်ခုက... အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခု ဖန်တီးခိုင်းတာက နေရာလွတ် ချဲ့ထွင်ဖို့ မဟုတ်ဘဲ၊ ဝင်္ကပါ တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်ဖို့ သက်သက်ပဲလား”

“အတိအကျပဲ... ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ဝင်္ကပါ က နေရာလပ် စွမ်းအား လိုအပ်တယ်... တည်ငြိမ်စေမယ့် ဒီစွမ်းအား မရှိရင် ဝင်္ကပါကို တည်ဆောက်လို့ မရဘူး... အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာတွေထဲမှာ နေရာလပ် စွမ်းအား အနည်းငယ် ပါဝင်နေတယ်လေ... အဲ့ဒါကို ဝင်္ကပါက ယူသုံးလို့ ရတာကြောင့် ဆရာသခင်ယဲ့ကို ဖန်တီးခိုင်းရတာပါ”

ဟု နဂါးပြာဘုရင် ရှင်းပြလိုက်သည်။

“သြော်... နားလည်ပါပြီ”

ယဲ့ဖုန်း သဘောပေါက်သွားသည်။

ယခုတော့ ကြီးမားသည့် တာဝန်ကြီး ပြီးဆုံးသွားပြီ ဆိုတော့ သူ ကူညီပေးစရာ မလိုတော့။

ပြန်ဖို့ ပြင်ဆင်ရတော့မည်။

“ဆရာသခင်ယဲ့... ဒါက ကတိပေးထားတဲ့ ဆုလာဘ်ရဲ့ ကျန်တစ်ဝက်ပါ”

နဂါးပြာဘုရင် သည် သိုလှောင်အိတ် တစ်လုံးကို ယဲ့ဖုန်း ဆီသို့ ပစ်ပေးလိုက်သည်။

ယဲ့ဖုန်း ဖမ်းယူလိုက်ပြီး အထဲကို စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်သွားလေသည်။

သိုလှောင်အိတ်ထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၂၀၀) နှင့် တောင်ပိုင်းမြစ် ကန် အောက်ခြေမှ တူးဖော်ရရှိထားသော အဖိုးတန် လက်နက်သွန်းလုပ်ရေး ပစ္စည်းများ ပါဝင်နေသည်။ မြူခိုးဂိုဏ်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးနိုင်မည့် ပမာဏ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်ဗျာ”

ယဲ့ဖုန်း လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဒီခရီးစဉ်မှာ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား သွန်းလုပ်နိုင်ခဲ့ရုံသာမက၊ တခြား အကျိုးအမြတ်တွေလည်း အများကြီး ရရှိခဲ့တာပဲ။ မြူခိုးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို အများကြီး မြှင့်တင်ပေးနိုင်မည့် မိုးပေါ်ကကျတဲ့ ရွှေထုတ်ကြီးပါပဲ။

“အခုချိန်မှာ ငါတို့ မြူခိုးဂိုဏ်းက ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းအများစုထက် ပိုချမ်းသာနေပြီ ထင်တယ်”

ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။

“ဂျုန်း...”

ထိုစဉ် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလေသည်။

အဓိကကျွန်းကြီး တစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး၊ မြေအောက်မှ ကြောက်မက်ဖွယ်ရာ သတ္တဝါ တစ်ကောင်က ဝင်ဆောင့်လိုက်သကဲ့သို့ ဖြစ်သွားကာ၊ ဘေးပတ်ဝန်းကျင်ရှိ ရေပြင်ကြီးပါ ပြင်းထန်စွာ လှုပ်ခတ်သွားလေသည်။ ရေပန်းများ ကောင်းကင်ယံသို့ ထိုးတက်လာပြီး မြူခိုးများအဖြစ် ပေါက်ကွဲကာ မြင်ကွင်းကို ဝေဝါးသွားစေသည်။

“ဘာဖြစ်တာလဲ”

ယဲ့ဖုန်း၏ မျက်နှာထား မည်းမှောင်သွားသည်။

မိုမင်ရှီ ပြောခဲ့သော 'ချိတ်ပိတ်ခြင်း' ဆိုသည့် စကားလုံးကို ပြန်သတိရလိုက်ပြီး၊ ယဲ့ဖုန်း မြေပြင်ကို အမြန် ကြည့်လိုက်သည်။ တောင်တန်းများကြားတွင် ချောက်ကမ်းပါးကြီးများသဖွယ် ဧရာမ အက်ကွဲကြောင်းကြီးများ ပေါ်ထွက်လာနေသည်။၊ ထိုအထဲမှ ယုတ်မာသော နဂါးပုံသဏ္ဌာန် သတ္တဝါ တစ်ကောင် ထွက်ပေါ်လာကာ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရ၏။

“ဝေါင်း...”

မီတာတစ်ရာခန့် ရှည်လျားသော ရွှေနီရောင် နတ်ဆိုးနဂါးကြီး တစ်ကောင်ပင်။

၎င်းသည် ခေါင်းကို မော့ကာ ကောင်းကင်ယံသို့ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

အသံလှိုင်းများသည် ဘေးပတ်လည်သို့ ပျံ့နှံ့သွားပြီး တစ်ကီလိုမီတာ ပတ်လည်ရှိ သစ်ပင်များ အားလုံးကို တစစီ ချေမှုန်းပစ်လိုက်လေသည်။

“တိရစ္ဆာန်ကောင်... မင်းက သောင်းကျန်းရဲသေးတယ်ပေါ့လေ”

နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသော အသံတစ်သံသည် မြေအောက်နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် အပြာရောင် ဝတ်စုံဖျော့ဖျော့ ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် မြေပြင် အက်ကွဲကြောင်းထဲမှ ပျံသန်းထွက်ပေါ်လာလေသည်။ သူသည် လက်သင်္ကေတများ ဖော်ထုတ်လိုက်ရာ လက်တစ်ဖက်သည် မီတာတစ်ရာခန့်အထိ ကြီးထွားလာပြီး၊ ရွှေနီရောင် နတ်ဆိုးနဂါးကြီးကို ဖမ်းဆုပ်ကာ မြေကြီးပေါ်သို့ ရိုက်ချလိုက်သဖြင့် နဂါးပုံသဏ္ဌာန် တွင်းချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။

“မိုထျန်းလုံ... မင်း သေရမယ်”

ရွှေနီရောင် နတ်ဆိုးနဂါးကြီးက ဟိန်းဟောက်လိုက်သည်။

ရုတ်တရက် ၎င်းသည် ကျုံ့ဝင်သွားပြီး ထူးဆန်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး အဖြစ် ပြောင်းလဲသွားလေသည်။ တောက်လောင်နေသော မီးလျှံကဲ့သို့ နီရဲသော ဆံပင်များနှင့် ဝတ်စုံ၏ အရှေ့နှင့် အနောက်တွင် "နတ်ဆိုး" နှင့် "ဘုရင်" ဟူသော စာလုံးများ ပါရှိလေသည်။

“သူပါလား”

ယဲ့ဖုန်း၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။

‘မနေ့ညက မက်ခဲ့တဲ့ အိပ်မက်ဆိုးထဲမှာ ဒီ နတ်ဆိုးနဂါးဘုရင် က နဂါးပြာဘုရင် နဲ့ မိုမင်ရှီ တို့ကို ရက်ရက်စက်စက် နှိပ်စက်ခဲ့တာ မဟုတ်လား။

ဒါဆို အဲ့ဒါက အိပ်မက် မဟုတ်ဘဲ နိမိတ်ပြတာများလား။’

'ငါက အနာဂတ်ကို ကြိုမြင်နိုင်တာလား'

ယဲ့ဖုန်း တုန်လှုပ်ချောက်ခြားစွာ တွေးနေမိသည်။

မိုမင်ရှီ၊ နဂါးပြာဘုရင် နှင့် အခြားသူများသည် "မိုထျန်းလုံ" ဟု ခေါ်သော ချောမောသည့် အမျိုးသားနှင့် နတ်ဆိုးနဂါးဘုရင် တို့၏ တိုက်ပွဲကိုသာ အာရုံစိုက်နေကြသဖြင့် ယဲ့ဖုန်း၏ မျက်နှာထား ပြောင်းလဲသွားသည်ကို သတိမထားမိကြပေ။

“နတ်ဆိုးနဂါးဘုရင်... ဝင်္ကပါရဲ့ ဖိနှိပ်မှုအောက်မှာ မင်းလို ယုတ်မာတဲ့ အတွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အကောင်က ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး... မြေအောက်ထဲကို ပြန်ဝင်သွားစမ်း”

မိုထျန်းလုံ သည် အားရပါးရ ရယ်မောလိုက်ပြီး နတ်ဆိုးနဂါးဘုရင်ကို လက်ဝါးဖြင့် ရိုက်ချကာ မြေကြီးပေါ်သို့ ဖိချလိုက်လေသည်။

“တောက်... သေစမ်း”

နတ်ဆိုးနဂါးဘုရင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်စွမ်းအင်တွေ... ငါ့ကိုယ်ထဲကို စီးဝင်စေ”

မိုထျန်းလုံ သည် လက်သင်္ကေတများ ဖော်ထုတ်ပြီး ကောင်းကင်သို့ ညွှန်ပြလိုက်ရာ၊ အရပ်မျက်နှာ အသီးသီးမှ ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးသည် သူ့ဆီသို့ လှိမ့်ဝင်လာကြလေသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးခြိမ်းသံများ ဆူညံသွားပြီး၊ ခရမ်းရွှေရောင် လျှပ်စီးတန်းများ မရေမတွက်နိုင်အောင် နတ်ဆိုးနဂါးဘုရင် အပေါ်သို့ ကျရောက်ကာ မီးကျွမ်းသွားစေသည်။ နောက်ဆုံးတွင် သူသည် နတ်ဆိုးအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ မြေအောက်ထဲသို့ ထွက်ပြေးသွားရလေသည်။

“ပေါင်းစည်းစမ်း”

မိုထျန်းလုံ လက်ချောင်း တောက်လိုက်သည်နှင့် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းကြီးများ ပြန်လည် စေ့သွားကြလေသည်။ နဂါးပုံသဏ္ဌာန် တွင်းချိုင့်ကြီးမှလွဲ၍ ကျန်နေရာများအားလုံး မူလအခြေအနေသို့ ပြန်ရောက်သွားကြသည်။

“နောက်ဆုံးတော့ ဒီကောင်ဆိုးကြီးကို ဖိနှိပ်လိုက်နိုင်ပြီ”

မိုထျန်းလုံ သက်ပြင်းချလိုက်ပြီး လေထဲတွင် ပျံဝဲနေသော မိုမင်ရှီ၊ ယဲ့ဖုန်း၊ နဂါးပြာဘုရင် နှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။

“အဖေ”

မိုမင်ရှီသည် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် သူ့ဆီသို့ ပြေးဝင်သွားလေသည်။

ယဲ့ဖုန်း အစပိုင်းတွင် လန့်သွားသော်လည်း ချက်ချင်း သဘောပေါက်သွားသည်။

“ဒီလူက ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင် မိုထျန်းလုံ ကိုး... ဒါကြောင့် စောစောက မတွေ့ရတာ... မြေအောက်ထဲမှာ နတ်ဆိုးနဂါးဘုရင်ကို ဖိနှိပ်နေတာ ဖြစ်မယ်”

ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်းသည် မူလနေရာမှာပင် ဆက်နေလိုက်သည်။

ထိုအချိန်တွင် မိုထျန်းလုံ လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များ ဆုံမိသွားကြလေသည်။

အခန်း (၂၂၂) - မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံ၊ ယောကျာ်းကောင်း၊ သေရည်တစ်အိုးလုံး မော့ကြစို့

,~မိုထျန်းလုံ၏ မျက်လုံးများသည် အလွန် သန့်ရှင်းစင်ကြယ်လွန်းလှသည်။

ယုတ်မာသော အတွေးအခေါ်များ (သို့မဟုတ်) အနုတ်လက္ခဏာဆောင်သော ခံစားချက်များ တစ်စက်ကလေးမျှပင် မရှိဘဲ၊ နေရောင်ခြည်ကဲ့သို့ ဖြူစင်တောက်ပနေသည်။ ဆန္ဒမရှိ၊ တဏှာမရှိသော သူတော်စင်ကြီး တစ်ပါးကဲ့သို့ပင်။

ယဲ့ဖုန်း တစ်စုံတစ်ရာ ထူးခြားနေသည်ကို ခံစားလိုက်ရသည်။

မိုထျန်းလုံတွင် အမှောင်ဘက်ခြမ်း ဆိုတာ လုံးဝ မရှိပါလား။

နောက်တစ်ခဏတွင် ယဲ့ဖုန်းသည် နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ စောင့်ကြည့်ရေး စွမ်းရည်ကို အသုံးပြု၍ မိုထျန်းလုံ၏ သတင်းအချက်အလက်များကို စုံစမ်းရန် ကြိုးစားလိုက်သည်။

[ မိုထျန်းလုံ: အဆင့်မြင့် နတ်ဆိုးဘုရင် အထွတ်အထိပ် အဆင့် ]

[ ပါရမီ: ယုတ်မာသော အတွေးအခေါ်များကို ဖြတ်တောက်ခြင်း ]

[ မှတ်ချက်: ပင်လယ်နဂါး အသွင်ပြောင်း ပညာရှင်။ မူလနတ်ဘုရားအဆင့် သို့ တက်လှမ်းရန်အတွက် သူ၏ ယုတ်မာသော အတွေးအခေါ်များနှင့် အမှောင်ဘက်ခြမ်းကို ကိုယ်တိုင် ဖြတ်တောက်ပစ်ခဲ့ပြီး၊ မည်သည့် ယုတ်မာမှုမျှ မရှိသော ဖြူစင်သည့် ခန္ဓာကိုယ်အစစ်အမှန်ကိုသာ ထိန်းသိမ်းထားသည်။ ]

ဒီအချက်အလက်ကို ဖတ်ပြီးနောက် ယဲ့ဖုန်း မှင်သက်သွားလေသည်။

‘အမှောင်ဘက်ခြမ်းကို ဖြတ်တောက်ပစ်လိုက်တယ်တဲ့လား။

ဒါကြောင့်လည်း မိုထျန်းလုံက မွေးကင်းစ ကလေးငယ်လေး တစ်ဦးလို ဖြူစင်တဲ့ မျက်လုံးတွေနဲ့ ယုတ်မာမှု ကင်းစင်နေပြီး၊ စိတ်နှလုံးသားက အလွန် သန့်ရှင်းနေတာကိုး။’

သို့သော်၊ သူ့ရဲ့ ခွန်အားကတော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားနေသည်။ အဆင့်မြင့် နတ်ဆိုးဘုရင် အထွတ်အထိပ် အဆင့်ဆိုတာ အနည်းဆုံး ဝိညာဉ်ပင်လယ် (၉) ဆင့်မြောက် ကျင့်ကြံသူနှင့် ညီမျှနေလေပြီ။

'တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို ကြည့်လိုက်ရင် ဒီခွန်အားက ထိပ်တန်းအဆင့်လို့ ပြောလို့ရတယ်... ခရိုင်ဘုရင်မြို့တော်က ခရိုင်ဘုရင်မင်းသားနဲ့ သိပ်မကွာလောက်ဘူး'

ယဲ့ဖုန်း ‌တွက်ဆလိုက်မိသည်။

ထိုအချိန်တွင် မိုထျန်းလုံသည် မိုမင်ရှီကို ခေါ်ဆောင်ပြီး ကောင်းကင်ယံမှ ပြန်ဆင်းလာလေသည်။

“ဒါက အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခုကို စီစဉ်ပေးခဲ့တဲ့ ဝင်္ကပါဆရာ ဆရာသခင်ယဲ့ မဟုတ်လား... ငယ်ရွယ်ပေမဲ့ စွမ်းဆောင်ရည်တွေက ရွေးချယ်ခံရသူ တစ်ယောက်လိုပဲ ထူးချွန်ပြောင်မြောက်လှပါတယ်”

မိုထျန်းလုံသည် နွေဦးရာသီ၏ လေပြည်ညှင်းကဲ့သို့ နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် မို က ကျွန်တော် ရွေးချယ်ခံရသူ ဆိုတာ သိနေတာလား”

ယဲ့ဖုန်း အံ့အားသင့်သွားသည်။

“ကျွန်တော်က ယုတ်မာတဲ့ အတွေးတွေကို ဖြတ်တောက်ပစ်ထားပြီး သဘာဝတရားနဲ့ နီးစပ်နေသူဆိုတော့... ခင်ဗျားဆီက ရှေးဟောင်း သူရဲကောင်း ဝိညာဉ်တွေရဲ့ အနှစ်သာရကို ခံစားမိတာပေါ့ဗျာ”

မိုထျန်းလုံက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

“သြော်... ဒါကြောင့်ကိုး”

ယဲ့ဖုန်း သဘောပေါက်သွားသည်။

“နတ်ဆိုးနဂါးဘုရင်ကို ဖိနှိပ်ရာမှာ ခင်ဗျားရဲ့ ပါဝင်ကူညီမှုက မရှိမဖြစ် အရေးပါခဲ့ပါတယ်... ဒီနေ့ ခင်ဗျားအတွက် ဂုဏ်ပြုစားပွဲ ကျင်းပပေးပါ့မယ်... ဆရာသခင်ယဲ့ တက်ရောက်ပေးပါဗျာ”

မိုထျန်းလုံသည် နဂါးပြာဘုရင် ဘက်သို့ လှည့်ကာ

“မဟာအကြီးအကဲ... အမိန့်ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ”

နဂါးပြာဘုရင် ခေါင်းညိတ်ပြီး ထွက်ခွာသွားလေသည်။

မိုမင်ရှီသည် သူမ၏ ဖခင်ကို ကြည့်လိုက်၊ ယဲ့ဖုန်းကို ကြည့်လိုက်ဖြင့် ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။

ဝမ်ရန်တောင်ထိပ် ထိပ်ဆုံးပိုင်းတွင်...

ယဲ့ဖုန်းသည် နောက်ဆုံးတော့ ဒီနေရာကို သေချာ လည်ပတ်ခွင့် ရခဲ့တော့၏။

အရင်ကတော့ တောင်ထိပ် အစွန်းနားမှာပဲ ရပ်ခဲ့ရပြီး အတွင်းထဲ ဝင်ကြည့်ခွင့် မရခဲ့ဘူး။ အခုတော့ မိုထျန်းလုံ ကိုယ်တိုင် လမ်းပြပေးနေတာကြောင့် အနောက်ကနေ လိုက်ပါရင်း စူးစမ်းလေ့လာခွင့် ရနေပြီ ဖြစ်သည်။

ဝမ်ရန်တောင်ထိပ်၏ ထိပ်ဆုံးပိုင်းသည် အလွန် ကျယ်ဝန်းလှပါသည်။

မြူခိုးတောင်ထိပ်လိုပဲ တောင်ကို ထက်ပိုင်း ပိုင်းဖြတ်ထားသလို ပြန့်ပြူးနေပြီး အဆောက်အဦ အများအပြား ဆောက်လုပ်ရန် သင့်လျော်သော မြေပြန့်ကြီး ဖြစ်နေသည်။ အကျယ်အဝန်းမှာ မီတာ (၂၀၀) ခန့်၊ အလျား မီတာ (၅၀၀) ခန့် ရှိပြီး မြင်းခွာပုံသဏ္ဌာန် ရှိလေသည်။

တောင်ထိပ်ပေါ်တွင် အဆောက်အဦ အများအပြား ရှိနေပြီး လူသောင်းချီ ဆံ့မည့် အနေအထား ဖြစ်သည်။

ယဲ့ဖုန်းသည် စားသောက်ပွဲ ခန်းမဆောင်သို့ ရောက်ရှိလာပြီး ဧည့်သည်တော် နေရာတွင် ဝင်ထိုင်လိုက်သည်။

မိုထျန်းလုံက ထိပ်ဆုံးနေရာတွင် ထိုင်ပြီး၊ မိုမင်ရှီက ယဲ့ဖုန်း ဘေးတွင် ဝင်ထိုင်လိုက်သည်။ နဂါးပြာဘုရင်နှင့် အခြား ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် (၅) ဦးတို့က မိုထျန်းလုံ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူကြသည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများ ခန်းမထဲသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။

မိုမင်ရှီ ဘေးတွင် ထိုင်နေသော ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ သူတို့အားလုံး အံ့သြသွားကြပြီး၊ ‘ယဲ့ဖုန်း ဆိုတာ ဘယ်သူမို့လို့ မိုမင်ရှီ ဘေးမှာ ထိုင်ခွင့်ရတာလဲ’ ဆိုတာကို သိချင်စိတ် ပြင်းပြစွာဖြင့် နေရာဝင်ယူကြလေသည်။

မကြာမီ ချောမောခန့်ညားသော ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် လူငယ် ပါရမီရှင်များ ဝင်ရောက်လာကြသည်။

ယဲ့ဖုန်းကို မြင်လိုက်သည်နှင့် ထိုလူငယ်များ၏ အကြည့်များ စူးရှသွားကြပြီး၊ ပြိုင်ဘက် တစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ ရန်လိုသော အရိပ်အယောင်များ သိမ်မွေ့စွာ ထွက်ပေါ်လာလေ၏။

“ဒုက္ခပဲ...”

ယဲ့ဖုန်း မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။

အာ၊ ဒီကောင်တွေက ငါ့ကို မိုမင်ရှီရဲ့ ရည်းစားလို့ ထင်ပြီး ရန်လိုနေကြတာ နေမှာပဲ။

'သူတို့က စိတ်ကူးယဉ်တတ်တဲ့ လူငယ်လေးတွေပါဗျာ... ဆရာသခင်ယဲ့ အနေနဲ့ အလေးအနက် မထားပါနဲ့'

မိုထျန်းလုံသည် ယဲ့ဖုန်း၏ အတွေးကို ရိပ်မိပြီး နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်သည်။

'ကျွန်တော်က ပြဿနာ မတက်ချင်ရုံပါဗျာ'

ယဲ့ဖုန်း ပြန်ဖြေလိုက်သည်။

သူ့၏ လက်ရှိ ခွန်အားနှင့် ဆိုလျှင် ဒီလို ပါရမီရှင် ဆိုသည့် ကောင်တွေကို ကြောက်စရာ မလိုပါ။ ဘယ်လောက်ပဲ လာလာ ၊ တစ်ချက်တည်းနှင့် ဖိနှိပ်ပစ်၍ ရသည်။

သို့တိုင်၊ ထိုသို့လုပ်လိုက်လျှင် မြူခိုးဂိုဏ်းအတွက် ပြဿနာတွေ ပါလာနိုင်သည်လေ။

—မကြာမီ လူစုံသွားပြီ ဖြစ်သည်။

ဧရာမ ခန်းမဆောင်ကြီး အတွင်းတွင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပညာရှင် (၁၀၀) ကျော် ရောက်ရှိနေကြသည်။ အားအနည်းဆုံး သူများက ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် ရှိကြပြီး တံခါးဝနှင့် အနီးဆုံး နေရာများတွင် ထိုင်နေကြသည်။

“ဒါက ကြယ်နှစ်ပွင့်အဆင့် အင်အားစုကြီး တစ်ခုရဲ့ အခြေခံအုတ်မြစ်လား... တကယ် ကြောက်စရာ ကောင်းတာပဲ”

ယဲ့ဖုန်း တစ်ခန်းလုံးကို ဝေ့ကြည့်ပြီး တိတ်တဆိတ် အံ့သြနေမိသည်။

တတိယအဆင့် အောက်မှာ ရှိတဲ့သူတွေကိုပါ ထည့်တွက်လိုက်ရင် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့မှာ ‘’ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ အနည်းဆုံး (၂၀၀) လောက် ရှိနေပြီ။ သာမန် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုမှာ အလွန်ဆုံး ရှိမှ (၁၀) ယောက်လောက်ပဲ ရှိတာ။ (၁၀) ဆတောင် ကွာခြားနေပါလား။’

‘ကြယ်နှစ်ပွင့်အဆင့်က ဒီလောက်ဆိုရင်... ကြယ်သုံးပွင့်၊ ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် နဲ့ လက်ရှိ အင်အားအကြီးဆုံး နယ်မြေမြတ်တွေဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးမလဲ’

ထိုအချက်ကို တွေးမိတော့ မြူခိုးဂိုဏ်း လျှောက်လှမ်းရမည့် ခရီးက အဝေးကြီး လိုသေးပါကြောင်း ယဲ့ဖုန်း သဘောပေါက်လိုက်သည်။

ကြယ်အဆင့်ဂိုဏ်း ဖြစ်လာခြင်းက အစပျိုးခြင်း သက်သက်သာ ဖြစ်သေးသည်။

ထိုအချိန်တွင် မိုထျန်းလုံက ပြောပြလာသည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ... မြူခိုးဂိုဏ်းက ဆရာသခင်ယဲ့ ဖြစ်တဲ့ ယဲ့ဖုန်း ဟာ ကျွန်တော်တို့ မဟာမိတ်အဖွဲ့အတွက် အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ (၃၆) ခုကို ဖန်တီးပေးခဲ့ပါတယ်... ပြီးတော့ နဂါးပြာဘုရင်ကို ကူညီပြီး ကောင်းကင်ဘုံ သုံးဆယ့်ခြောက် ဝင်္ကပါ ကို တည်ဆောက်ပေးခဲ့လို့၊ ချိတ်ပိတ်စွမ်းအားတွေ ရရှိပြီး နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ နတ်ဆိုးနဂါးဘုရင်ကို ဖိနှိပ်နိုင်ခဲ့ပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ မဟာမိတ်အဖွဲ့မှ ပညာရှင် အများအပြား မျက်လုံးပြူးသွားကြလေသည်။

သူတို့က မိုထျန်းလုံ နှင့် နတ်ဆိုးနဂါးဘုရင် တို့၏ တိုက်ပွဲကို မြင်ခဲ့ကြ၏။ ဝင်္ကပါ ပြီးစီးသွားတာကိုလည်း သိကြသည်ယ်။ နတ်ဆိုးနဂါးဘုရင် မြေကြီးထဲ ရိုက်သွင်းခံလိုက်ရတာကိုလည်း မြင်ခဲ့ကြသည်။ သို့တိုင်၊ ထာဝရ ဖိနှိပ်လိုက်နိုင်ပြီလား ဆိုတာကိုတော့ မသေချာခဲ့ကြပါ။

အခု မိုထျန်းလုံ ကိုယ်တိုင် အတည်ပြု ပြောကြားလိုက်တော့ သူတို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။

မဟာမိတ်အဖွဲ့ထဲက လူတော်တော်များများက နတ်ဆိုးနဂါးဘုရင် ဆိုတာ မိုထျန်းလုံ၏ အမှောင်ဘက်ခြမ်း ဆိုတာ သိထားကြသလို၊ သူ့ရဲ့ ခွန်အားကလည်း မိုထျန်းလုံနှင့် တန်းတူ ရှိတယ် ဆိုတာကိုလည်း နားလည်ထားကြသည်။

တကယ်လို့ နတ်ဆိုးနဂါးဘုရင်ကို မဖိနှိပ်နိုင်ခဲ့လျှင် မဟာမိတ်အဖွဲ့ အနေနှင့် ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်နီးပါး ရှိသည့် ထိပ်တန်း ပညာရှင်ကြီး တစ်ဦး ဆုံးရှုံးလိုက်ရတာနှင့် အတူတူ ဖြစ်နေမည်။

ယခုတော့ ဖိနှိပ်လိုက်နိုင်ပြီ ဆိုတော့ မိုထျန်းလုံ အနေနှင့် မဟာမိတ်အဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ အာရုံစိုက်နိုင်ပြီး၊ ကြယ်သုံးပွင့်အဆင့်ကို ကြိုးပမ်းနိုင်တော့မည်။

မဟာမိတ်အဖွဲ့ တစ်ခုလုံးအတွက် ဒါဟာ သတင်းကောင်းကြီး တစ်ခုပါပင်။

ယဲ့ဖုန်းကို ရန်လိုသော အကြည့်တွေနှင့် ကြည့်နေခဲ့သည့် လူငယ် ပါရမီရှင်တွေလည်း ယဲ့ဖုန်းက ဝင်္ကပါဆရာ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ခေါင်းငိုက်စိုက်ကျသွားကြရရှာသည်။

သူတို့က မိုမင်ရှီကို သဘောကျနေ၍ ယဲ့ဖုန်းကို အချစ်ပြိုင်ဘက်ဟု ထင်ပြီး အထင်လွဲခဲ့ကြသည်ကိုး။ တချို့ဆိုလျှင် စောစောက စိတ်မထိန်းနိုင်ဘဲ ပြဿနာ မရှာမိလိုက်တာ ကံကောင်းသွားကြောင်းပင် တွေးနေမိကြသည်။ မဟုတ်လျှင် ယခုလောက်ဆို မဟာမိတ်ခေါင်းဆောင်၏ အပြစ်ပေးတာ ခံနေရလောက်ပြီ ဖြစ်လေသည်။

“ဝင်္ကပါ အောင်မြင်သွားတာ ဆရာသခင်ယဲ့ရဲ့ အကူအညီ မပါရင် မဖြစ်နိုင်ပါဘူး... ကဲ... သူ့အတွက် ဂုဏ်ပြုပြီး သေရည်သောက်ကြရအောင်ဗျာ”

မိုထျန်းလုံသည် သေရည်အိုး တစ်လုံးကို ကိုင်ကာ ပရိသတ်ကို ဖိတ်ခေါ်လိုက်သည်။

“ဆရာသခင်ယဲ့ အတွက်”

မဟာမိတ်အဖွဲ့သားများလည်း သေရည်အိုးများကို မြှောက်ကာ အားရပါးရ မော့သောက်လိုက်ကြသည်။

အစေခံကောင်မလေး တစ်ယောက်က သူ့ရှေ့မှာ သေရည်အိုးကြီး တစ်လုံး လာချပေးတာကို ကြည့်ပြီး ယဲ့ဖုန်း မျက်လုံးပြူးသွားကာ တံတွေး တစ်ချက် မျိုချလိုက်မိသည်။

“လာထား..”

ဘေးနားက မိုမင်ရှီလည်း သေရည်အိုးကို မကာ မွှေးပျံ့သော သေရည်တွေကို လည်ပင်းထဲ အရှိန်ပြင်းပြင်း လောင်းထည့်လိုက်လေသည်။ လွတ်လပ်ပေါ့ပါးတဲ့ သိုင်းသမား တစ်ယောက်ရဲ့ ဟန်ပန် အပြည့်ပါပင်။

ယဲ့ဖုန်း ဘေးဘီဝဲယာကို ကြည့်လိုက်သည်။

သူကလွဲလျှင် ကျန်သည့် လူတိုင်းက သေရည်အိုးလိုက်ကြီး မော့သောက်နေကြသည်။

“ဒါ...”

ယဲ့ဖုန်း မျက်နှာပျက်သွားသည်။ သေရည်အိုးကို လက်နှစ်ဖက်ဖြင့် မကာ စိတ်ကို တင်းပြီး စသောက်လိုက်သည်။ တစ်အိုးကုန်သွားသော အချိန်မှာတော့ သူ့မျက်နှာတစ်ခုလုံး နီရဲလာပြီး ထူပူလာကာ မူးဝေဝေ ဖြစ်လာလေသည်။

ဘေးကို ကြည့်လိုက်တော့ လူတိုင်းက သူ့ကို အံ့သြတကြီး ကြည့်နေကြတာ တွေ့လိုက်ရသည်။

“ဆရာသခင်ယဲ့က သောက်နိုင်လိုက်တာဗျာ”

“တကယ့် ဝင်္ကပါဆရာကြီး ပီသပါပေတယ်... သောက်တာတောင် ကြမ်းရမ်းတာပဲ”

လူတိုင်းက ယဲ့ဖုန်းကို လက်မထောင်ပြကြသည်။

ယဲ့ဖုန်း အံ့သြသွားပြီး တခြားလူတွေရဲ့ သေရည်အိုးကို ကြည့်လိုက်တော့မှ ငါးပုံတစ်ပုံလောက်သာ လျော့သွားတာကို တွေ့လိုက်ရသည်။ တစ်အိုးလုံး ကုန်အောင် မော့သောက်လိုက်တာ သူတစ်ယောက်တည်း ဖြစ်နေပါလား။

“ခုနက 'လာထား..' ဆို”

ယဲ့ဖုန်း ကြောင်အသွားသည်။

“ဆရာသခင်ယဲ့... ကျွန်တော်တို့ မဟာမိတ်အဖွဲ့မှာ ‘လာထား..’ ဆိုတာ အတူတူ သောက်ကြမယ် လို့ပဲ အဓိပ္ပာယ် ရတာပါ... 'ကုန်အောင် မော့သောက်ရမယ်' လို့ ပြောတာ မဟုတ်ပါဘူးဗျ”

မိုထျန်းလုံက သေရည်အိုးကို ချရင်း ရှင်းပြလိုက်သည်။

“...”

ယဲ့ဖုန်း ပြောစရာ စကားမရှိ ဖြစ်သွားသည်။

လေတစ်ချက် တက်လာသည်။ စားပွဲပေါ်ရှိ မစားရသေးသော ဟင်းပွဲကောင်းများကို ကြည့်လိုက်သည်။ သေရည်သောက်တာနှင့် ဗိုက်ဝနေပြီ ဖြစ်၍ ဘာမှ စားမဝင်တော့ပေ။ မျက်ရည်ကျချင်သလို ဖြစ်သွားရရှာသည်။

‘'အိတ်နဲ့ ထုတ်ပေးလို့ ရမလား' လို့ မေးချင်သော်လည်း မျက်နှာပျက်မှာ စိုး၍ မမေးရဲတော့ပေ။

“ကဲ... စားကြရအောင်”

မိုထျန်းလုံက လက်ပြလိုက်သည်။

ယဲ့ဖုန်းခမျာ လက်တစ်ဖက်က တူကို ကိုင်၊ ကျန်လက်တစ်ဖက်က ဖောင်းကားနေသော ဗိုက်ကို ပွတ်ရင်း ဟင်းပွဲတွေကို စားချင်စိတ် မရှိတော့သလို ခံစားလိုက်ရလေတော့သည်။

All Chapters