အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၀၁)
ရှန်ဂေါင်းရှောင်က ခန်းမအလယ်ကို ဘုရင်တစ်ပါးလို ဖြေးညင်းစွာလာခဲ့ပါတယ်။
သူရောက်လာတာနဲ့ ပြိုင်ပွဲဝင်ကျောင်းသားအားလုံးက သူသွားလို့ရအောင် ဘေးဖယ်ပေးလိုက်ကြပါတယ်။
အတော်ဆုံးကျောင်းသားဆိုတဲ့ဂုဏ်ပုဒ်အရရော သူ့နောက်မှာရှိနေတဲ့ သမားတော်ကြီးကြောင့်ရော နေရာအားလုံးမှာ ဒီကျောင်းသားတွေက ရှန်ဂေါင်းရှောင်ကို မမီပါဘူး။
ရှန်ယန်ရှောင်က လမ်းကြောင်းထိပ်တည့်တည့်မှာရပ်နေပါတယ်။ သူမခေါင်းကိုနည်းနည်းငုံ့လိုက်ပြီး ရှန်ဂေါင်းရှောင်ကို ကြည့်လိုက်ပါတယ်။ အဝေးကိုတစ်ချက်လှမ်းကြည့်လိုက်တော့ ဘဝင်ကိုင်တဲ့ပူလီစီကို နည်းပြတွေက ဝိုင်းအုံနေတာတွေ့လိုက်ရပါတယ်။
ပူလီစီဟာလည်း သူမကို လှမ်းကြည့်နေပြီး သူ့မျက်နှာပေါ်မှာတော့ လေးနက်တဲ့အရိပ်အယောင်ရှိနေပါတယ်။
မျက်လုံးလေးလုံးက အပြန်အလှန်ကြည့်နေပါတယ်။ ပူလီစီမျက်လုံးတွေက ဓားပါးလေးတွေလို ထက်မြက်စူးရှလှပါတယ်။
ရှန်ယန်ရှောင် စိတ်ထဲမှာ သဘောကျစွာရယ်လိုက်မိပါတယ်။ ဒီအဖိုးကြီး ဒီကိုရောက်လာမှတော့ သူမနဲ့ရှန်ဂေါင်းရှောင်ကြားက ပြိုင်ပွဲက ပိုစိတ်ဝင်စားဖို့ကောင်းလာတော့မှာပါ။
သူ့တပည့်လေးကနေ သူမကိုအနိုင်ယူအရှက်ခွဲမှာကို ဒီအဖိုးကြီးမြင်ချင်နေပုံပါပဲ။
သူမရှေ့ကို ရှန်ဂေါင်းရှောင်ရောက်လာခဲ့ပြီး သူ့အရပ်ကမြင့်တာကြောင့် သူမကို မာန်တစ်ခွဲသားနဲ့ ငုံ့ကြည့်နိုင်ခဲ့ပါတယ်။
"ဒီနေ့မှာ ဆေးပညာဌာနတစ်ခုလုံးက ကျောင်းသားတွေရှေ့မှာပဲ မင်းကို ငါ အရှက်ခွဲပြမယ်"လို့ မျက်နှာဆိုးနဲ့ ရှန်ဂေါင်းရှောင်ကပြောလိုက်ပါတယ်။ ဒီပြိုင်ပွဲကို သူအနိုင်ယူပြီးတော့ ရွံစရာဒီကောင်လေးကို ပူလီစီ အပြစ်ပေးစေရမယ်လို့ သူ ကတိပေးခဲ့ပါတယ်။
ရှန်ယန်ရှောင် မျက်ခုံးပင့်ကာ ခပ်သဲ့သဲ့ပြုံးလို့ ပြန်ပြောလိုက်ပါတယ်။
"နောက်ဆုံးမှာ ဘယ်သူက အရှက်ကွဲမလဲဆိုတာ ငါသိချင်လိုက်ပါရဲ့..."
သူတို့နှစ်ယောက်ရဲ့ တစ်အောင့်မျှဆွေးနွေးခန်းဟာ တင်းမာမှုဖြစ်ပေါ်ခဲ့တယ်။ ဘေးကလူတွေကတော့ သူတို့နှစ်ဦးရဲ့ အကြည့်ဓားချင်းပစ်လွှတ်တိုက်ခတ်နေကြတာကို တံတွေးတမြိုမြိုနဲ့သာ ကြည့်နေရပါတယ်။
လူသစ်တစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေမှုအတွက် အားလုံးက လှောင်ပြောင်သရော်နေကြပါတယ်။
ဆေးပညာရပ်မှာ ရှန်ဂေါင်းရှောင်ကို အနိုင်ယူဖို့က ဘယ်လောက်ခက်တယ်ထင်လို့တုန်း။
ကြီးကြပ်တာဝန်ကျတဲ့နည်းပြတွေ သူတို့နေရာကိုပြန်ရောက်ပြီးတဲ့အခါမှာတော့ ဆေးပညာဌာနရဲ့ လစဉ်ပြိုင်ပွဲ တရားဝင်စတင်ပါတော့တယ်။
ဒီတစ်ခေါက်ပြိုင်ပွဲမှာ ပါဝင်သူအရေအတွက်ဟာ ၁၃၇ယောက်ရှိပြီး အရင်အခေါက်တွေထက် လူပိုများပါတယ်။
မကြာမတင်မှာပဲ ၁၃၇ယောက်လုံးဟာ သူတို့ရဲ့ကိုယ်ပိုင်အမှတ်တွေ ပါဝင်တဲ့ တုံကင်ပြားတွေရရှိလိုက်ကြပါတယ်။
တုံကင်ပြားပေါ်မှာရေးထိုးထားတဲ့ နံပါတ်တွေက ယှဉ်ပြိုင်သူတွေရဲ့ အစွမ်းအစအား နည်းပြတွေရဲ့ သတ်မှတ်မှုအလိုက် အမှတ်စဉ်တပ်ပေးထားတာဖြစ်ပါတယ်။
ရှန်ဂေါင်းရှောင်က နံပါတ်တစ်တုံကင်ရပါတယ်။
ရှန်ယန်ရှောင်ကတော့ ၁၃၇ဖြစ်ပါတယ်။
နှစ်ယောက်ရဲ့ ခြားနားမှုဟာ တစ်ခြားလူတွေအတွက်တော့ အတိုင်းသားတွေ့မြင်လိုက်ရပါတယ်။
"ဒီပြိုင်ပွဲမှာ မင်းတို့အမှတ်ရရမယ့်အရာ တစ်ခုပဲရှိတာဖြစ်ပြီး အဲ့ဒါကတော့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အကောင်းဆုံးကြိုးစားပြီးတော့ ဆေးရည်ဖော်စပ်ဖို့ပဲ။ ပြီးတဲ့အခါမှာတော့ ဆေးပညာနည်းပြတွေရဲ့ ဆုံးဖြတ်သတ်မှတ်ခြင်းကို မင်းတို့ခံယူရမှာဖြစ်တယ်"
ပြိုင်ပွဲကြီးကြပ်ရေးနည်းပြဟာ လူတိုင်းရဲ့အရှေ့မှာမတ်တတ်ရပ်လိုက်ပြီး ပြိုင်ပွဲရဲ့ယှဉ်ပြိုင်ရမယ့်အရာကို ကြေငြာလိုက်ပါတယ်။
"ရိုးရိုးလေးပဲလို့ ထင်ရပေမယ့် ဒီပြိုင်ပွဲကို အဆင့်သုံးဆင့်ခွဲထားတာဖြစ်တယ်"
နည်းပြဆရာက ကျောင်းသားတွေကို ဝေ့ကြည့်လိုက်ကာ ပြောလိုက်တယ်။ အဲ့ဒီနောက် သူ့လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါ ဆေးမြစ်အမျိုးပေါင်းစုံစာ ပေါ်ထွက်လာခဲ့ပြီး မြင်ရသူတိုင်းကို မူးဝေသွားစေပါတယ်။
"ပထမဆုံးအနေနဲ့ နာရီဝက်အချိန်အတွင်းမှာ ဒီဆေးမြစ်ပေါင်း၃၆၉၀ထဲကနေ မင်းတို့လိုအပ်တာကို ရှာရမှာဖြစ်တယ်"
ဆေးမြစ်ပေါင်း၃၆၉၀တောင်လား
ကျောင်းသားအားလုံးက ပြန့်ကျဲနေတဲ့ ဆေးမြစ်တွေကိုကြည့်လိုက်မိပြီး ကြောင်စီစီဖြစ်သွားကြတယ်။ တစ်ယောက်ပြီးတစ်ယောက် မျက်နှာငယ်လေးတွေဖြစ်သွားကြပါတော့တယ်။
ဟာသပဲဟေ့...
ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် သူတို့ဟာ အလတ်တန်းဆေးရည်တစ်မျိုးလောက်ကိုတော့ အနည်းဆုံးကြိုတင်လေ့ကျင့်ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့လိုဆေးရည်အတွက်ဆို လိုအပ်တဲ့ဆေးမြစ်က အကြမ်းဖျဉ်းအားဖြင့် ဆယ်မျိုးနဲ့အထက်မှာရှိပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၀၂)
ဒီသုံးထောင်ကျော်ရှိတဲ့ဆေးမြစ်တွေထဲကနေပြီး အမျိုးအစားမတူတဲ့ ဆေးမြစ်ဆယ်မျိုးလောက်ကို ရှာဖွေဖို့ဆိုတာ ဟာသမြောက်လွန်းပါတယ်။ နေ့တစ်ဝက်အချိန်ပေးရင်တောင် သူတို့ရှာနိုင်မှာမဟုတ်လို့ နာရီဝက်ဆိုတာကြီးကတော့။
နည်းပြထပ်ပြောလိုက်တဲ့ စကားကြောင့် သူတို့တွေ ပိုရူးချင်သွားရပါတယ်။
"ဒီထဲမှာ မတူညီတဲ့ဆေးမြစ် ၃၆၉၀ပဲရှိတာဖြစ်တယ် တစ်နည်းအားဖြင့်တော့ တစ်မျိုးကိုတစ်ခုပဲပေါ့ကွာ အဲ့ဒီတော့ ဆေးမြစ်တစ်မျိုးကိုယူပြီးသွားရင် အဲ့လိုဆေးမြစ်အမျိုးအစားကို မင်းတို့ထပ်ရှာလည်းတွေ့မှာ မဟုတ်ဘူးပေါ့ကွာ"
ဆေးမြစ်သုံးထောင်ကျော်ရှိတာဖြစ်ပြီး တစ်မျိုးမှလည်း မတူကြဘူးတဲ့လား။
အခုအချိန်မှာတော့ ပြိုင်ပွဲဝင်အတော်များများ ကြေကွဲသွားကြရပြီး မေ့လုမတတ်ဖြစ်သွားကြပါတယ်။
ဒီပြိုင်ပွဲကို ဝင်ပြိုင်နေတဲ့ပြိုင်ပွဲဝင် တစ်ရာကျော်ရှိပါတယ်။ ပြိုင်ပွဲဝင်တွေလိုအပ်တဲ့ ဆေးမြစ်တွေက တစ်ယောက်နဲ့တစ်ယောက်ထပ်မနေ တိုက်မနေဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ပြောရမယ်ဆိုရင် ဆေးရည်အတော်များများမှာ အသုံးပြုတွင်ကျယ်တဲ့ ဆေးမြစ်တော်တော်များများရှိပါတယ်။ ပိုဆိုးတာက ဒီတစ်ရာလောက်ရှိတဲ့ ပြိုင်ပွဲဝင်အားလုံးနီးနီးဟာ အဆင့်ရောအတန်းပါ တူညီနေကြသူတွေဖြစ်ပါတယ်။
ဒါကြောင့်မို့ သူတို့ဖော်စပ်မယ့်ဆေးရည်က တစ်မျိုးတည်းသွားတူဖို့များနေပါတယ် အထူးသဖြင့်ပြောရရင် အလတ်တန်းဆေးရည်ပေါ့လေ။
ဒီတော့ ဒါဇင်ချီတဲ့ကျောင်းသားတွေဟာ ဆေးမြစ်တွေကို လုယက်ယူကြရမယ့်အခြေအနေဆိုက်ရောက်နေပါတယ်။
ဒီအဖြစ်က အလွန်ရက်စက်လွန်းနေတာကြောင့် အားလုံးသွေးအန်မိမတတ်ဖြစ်သွားရပါတယ်။
ဆေးပညာဌာနရဲ့ ပြိုင်ပွဲတိုင်းဟာ ပုံမှန်မဟုတ်တာကြောင့် ဘယ်သူမှတော့ အတွန့်မတက်ရဲကြပါဘူး။ အတွန့်တက်မေးခွန်းထုတ်ရဲတဲ့သူကတော့ ပြိုင်ပွဲကနေချက်ချင်းအထုတ်ခံရမှာဖြစ်သလို နောက်နှစ်အထိ ဘယ်ပြိုင်ပွဲမှ ဝင်ပြိုင်ခွင့်ရမှာမဟုတ်ပါဘူး။
ပြိုင်ပွဲဝင်အားလုံး စိတ်ဓာတ်ကျသွားကြရပေမယ့် ကိုယ့်ပါးစပ်ကိုယ်တော့ လုံအောင်ထိန်းထားကြပါတယ်။
ပြိုင်ပွဲစည်းကမ်းကိုသိသွားကြတဲ့ ပြိုင်ပွဲဝင်ကျောင်းသားတွေရဲ့ နာခံလိုက်နာတဲ့အပြုအမူကို နည်းပြက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်ပြန်ပါတယ်။
"မင်းတို့လိုအပ်တဲ့ဆေးမြစ်တွေကို ရပြီးပြီဆိုရင် မင်းတို့ယူထားတဲ့ဆေးမြစ်တွေကို ပြင်ဆင်ဖို့အတွက် ဆယ်မိနစ်အချိန်ရမယ်။ ဒါပေမယ့် ဆေးမြစ်ပြင်တဲ့ပစ္စည်းပစ္စယက ဆယ်စုံပဲရှိတာဖြစ်လို့ အရင်ဆုံးဆေးမြစ်စုံတဲ့ ပြိုင်ပွဲဝင်ဆယ်ယောက်သာလျှင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တယ်"
ဆေးမြစ်ပြင်ဖို့အတွက် ပစ္စည်းဆယ်စုံပဲရှိတာတဲ့လား...
အဓိပ္ပါယ်က ပထမအဆင့်ကို လူဆယ်ယောက်ပဲ အောင်မြင်မှာဖြစ်ပြီး ဒုတိယအဆင့်ကိုရောက်မှာပေါ့လေ။
လူတိုင်းတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဆယ့်သုံးယောက်မှာ တစ်ယောက်ပဲ ရွေးခံရမှာဖြစ်တာကြောင့် အားလုံးရင်ထဲကို အကြောက်တရားရိုက်ခတ်သွားခဲ့ပါတယ်။
နည်းပြက ဆက်ပြောလိုက်ပြန်ပါတယ်။
"ဆယ်မိနစ်ပြည့်ပြီးတာနဲ့ ဆေးရည်ပြုလုပ်ရမယ်။ အချိန်သုံးနာရီပေးမှာဖြစ်ပြီးတော့ သုံးနာရီပြည့်တဲ့အခါမှာ ပြိုင်ပွဲဝင်ကျောင်းသားဆယ်ယောက်လုံး ဆေးရည်မလုပ်နိုင်ခဲ့ရင် ကျန်တဲ့ပြိုင်ပွဲဝင်တွေအနေနဲ့ ပစ္စည်းဆယ်စုံကို အသုံးပြုခွင့်ရမှာဖြစ်တယ်။ ဆေးရည်မပြုလုပ်နိုင်တဲ့ကျောင်းသားတွေကိုတော့ ဆေးပညာဌာနကပြုလုပ်မယ့် ပြိုင်ပွဲတွေမှာ နောက်သုံးလအတွင်းပါဝင်ယှဉ်ပြိုင်ခွင့်ပေးမှာ မဟုတ်တော့ဘူး"
နည်းပြရဲ့ စကားကြောင့် ကံကောင်းပြီဟလို့ ထင်နေကြတဲ့ ကျောင်းသားတွေအားလုံး အံ့အားသင့်သွားရပြန်ပါတယ်။
သူတို့အတော်များများဟာ ရိုးရိုးလေးပဲတွေးခဲ့ကြမိပါတယ်။ ဒီပြိုင်ပွဲကို သူတို့ဝင်ပြိုင်ရတဲ့အကြောင်းရင်းက တန်နာဇီပြောထားတဲ့ ရွှေသားတစ်သိန်းကိုလိုချင်လို့ဖြစ်တာကြောင့် ဆေးပြင်ဆင်ရေးကိရိယာတွေကိုရဖို့အတွက် ဆေးမြစ်အချို့ကိုကောက်ယူလိုက်ဖို့ တွေးထားကြတာပါ။ ရှန်ယန်ရှောင် ဆေးမြစ်တွေယူလို့မပြီးခင်မှာ သူတို့သာဆေးပြင်ကိရိယာတွေကို ယူထားနိုင်ခဲ့မယ်ဆိုရင် ငွေကိုသူတို့ရပြီလေ။
ဒါပေမယ့်အခုတော့ ဒီစည်းမျဉ်းအသစ်ကြောင့် သူတို့ရဲ့ ရိုးလှတဲ့အတွေးအခေါ်တွေ လေနဲ့အတူလွင့်သွားရပါပြီ။ ဆေးမြစ်တွေကိုကြုံသလိုကောက်ယူပြီး ဆေးရည်မလုပ်နိုင်ခဲ့ရင် နောက်ပြိုင်ပွဲကိုဝင်မပြိုင်ရတာက ကိစ္စမရှိပေမယ့် ဆေးပညာဌာနက နည်းပြတိုင်းဟာ သူတို့ကိုအထင်သေးသွားမှာဖြစ်ပြီး အမှတ်ကောင်းကောင်းပေးမှာ မဟုတ်တော့ပါဘူး။
ဆေးရည်အတွက်ပေးထားတဲ့ သုံးနာရီဟာ တော်တော်လုံလောက်နေပါပြီ။ အခုမှဆေးပညာကို လေ့လာတဲ့သူမဟုတ်ရင် သုံးနာရီအတွင်းမှာ အဆင့်နိမ့်ဆေးရည်ပြုလုပ်ရတာက ဘာမှပြဿနာမရှိပါဘူး။
နောက်ပြီးတော့လည်း ရှန်ယန်ရှောင်ကလွဲရင် ကျန်တာတွေက အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေချည်းဖြစ်ပါတယ်။
အလတ်တန်းဆေးရည်ဆိုရင်တောင် အချိန်သုံးနာရီက ဆေးရည်ပြုလုပ်ဖို့ အချိန်လုံလောက်ပါသေးတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၀၃)
သူတို့ရဲ့ ဉာဏ်နီဉာဏ်နက်မှန်သမျှကို ဒီပြိုင်ပွဲက ညှစ်ထုတ်သွားတော့မှာဖြစ်တယ်။
ဒီလူသစ်လေးက ပထမအဆင့်မှာတင် တင်ကျန်နေခဲ့စေဖို့ပဲ သူတို့တွေမျှော်လင့်နေရတော့မှာဖြစ်ပြီး ဒါမှသာလျှင် သူတို့အနိုင်ရခြေရှိမှာဖြစ်ပါတယ်။
အခုအချိန်ထိတော့ သူတို့အနိုင်ရမယ်လို့တော့ ယုံကြည်မှုလည်း ရှိနေကြပါသေးတယ်။ လူသစ်တွေထက်စာရင် သူတို့က ဆေးမြစ်တွေကိုထိတွေ့ခဲ့ရမှု ပိုများပြားပါတယ်။ ဒါကြောင့် သူတို့အားလုံးက ရှန်ယန်ရှောင်ထက်ပိုများတဲ့ ဆေးရည်တွေကိုသင်ကြားခဲ့ရပါတယ်။ သူတို့တွေ ဘာလှည့်ကွက်မှ မသုံးရင်တောင်မှ ရှန်ယန်ရှောင်ကို အနိုင်ယူနိုင်ကြပါတယ်။
စည်းကမ်းအားလုံးကို နည်းပြကကြေငြာအပြီးမှာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။
ဒီတစ်ခေါက်ပြိုင်ပွဲရဲ့အချက်က အရမ်းကိုရက်စက်လွန်းတယ်ဆိုပေမယ့်လည်း သူတို့တွေရဲ့ ဆေးပညာအရည်အချင်းကို ဘယ်လောက်ရှိသလဲဆိုတာကို စမ်းသပ်သွားမှာဖြစ်ပါတယ်။
ကျောင်းသားတွေ ဘယ်လောက်တော်လဲဆိုတာကို အကဲဖြတ်တွေ့မြင်နိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်တယ်။
ပြိုင်ပွဲဝင်ကျောင်းသားအားလုံးက အဝေးမှာရှိနေတဲ့ ဆေးမြစ်တွေကိုလှမ်းကြည့်နေကြပြီး စိတ်ထဲမှာတော့ သူတို့လိုချင်တဲ့ဆေးမြစ်တွေကို ကံကောင်းထောက်မစွာ ရရှိပါစေလို့ ဆုတောင်းနေကြပါတယ်။
ဒီနာရီဝက်က သူတို့အတွက် အလွန်အဖိုးတန်ပါတယ်။ သူတို့လိုသမျှဆေးမြစ်တွေကို သူတို့ရမယ်မရဘူး မသေချာသလို သူတို့ပြိုင်ဖက်တွေရသွားမယ်လို့လည်း ပြောမရသေးပါဘူး။
ပေါ့ပေါ့ဆဆရှိနေကြတဲ့ ကျောင်းသားတွေအားလုံး ချက်ခြင်းဆိုသလိုပဲ လေးနက်တည်ကြည်သွားခဲ့ကြတယ်။
ရှန်ဂေါင်းရှောင်ရှိနေလို့ သူတို့တွေ ပထမနေရာကို မျက်စောင်းမထိုးနိုင်ပေမယ့်လည်းပေါ့။
ဒါပေမယ့်လည်း ဒုတိယနဲ့တတိယနေရာလည်း ကောင်းပါသေးတယ် နောက်ပြီး ဒီလိုပြိုင်ပွဲမှာအနိုင်ရခဲ့ရင် နည်းပြတွေဟာ သူတို့ကိုပေးမယ့်အမှတ်တွေကို တိုးပေးဖို့တွေးမိပါလိမ့်မယ်။
နောက်တစ်ခုကတော့ သမားတော်ကြီးပူလီစီရှိနေတာကြောင့် သူတို့အနေနဲ့ ဒီအခွင့်အရေးကို အသုံးချကာ ကောင်းကောင်းလက်စွမ်းပြခွင့်ရမှာဖြစ်တယ်။ သူတို့ကို သဘောကျသွားပြီးတော့ သူ့တပည့်အဖြစ်နဲ့ ခေါ်မသွားဘူးလို့ ဘယ်သူပြောနိုင်လို့လဲ။
ဒါကြောင့် ပြိုင်ပွဲဝင်တွေဟာ စိတ်အားထက်သန်၊ စိတ်လှုပ်ရှားနေသလို တစ်ချိန်တည်းမှာပဲ လန့်လည်းလန့်နေကြပါတယ်။
ပြိုင်ပွဲဝင်တွေကြားမှာ အတည်ငြိမ်ဆုံးကတော့ ရှန်ယန်ရှောင်နဲ့ရှန်ဂေါင်းရှောင်တို့နှစ်ဦးပါပဲ။
အရင်ပြိုင်ပွဲတွေမှာ ရှန်ဂေါင်းရှောင်ကသာလျှင် အနိုင်ရခဲ့တာဖြစ်လို့ ဒီတစ်ခေါက်လည်း သူပဲနိုင်ဦးမှာလို့ပဲ အားလုံးတွေးထားတာပါ။ သူ့နေရာကို ခြိမ်းခြောက်နိုင်တယ်လို့ တွေးရဲတဲ့သူ မရှိသလောက်ပါပဲ။
ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ အကြောင်းအရာအပေါ်မှာ ရှန်ဂေါင်းရှောင်အနေနဲ့ အံ့အားသင့်သွားပေမယ့် မျက်နှာမှာမပေါ်လွင်အောင် ဟန်ဆောင်ထားခဲ့ပါတယ်။
ဆေးမြစ်တွေကို ရွေးချယ်ရခြင်းဟာ သမားတော်ရဲ့ အမြင်အာရုံ၊ အနံ့ခံအာရုံနဲ့ ဆေးမြစ်တွေကို ဘယ်လောက်အထိသိကျွမ်းမှုရှိသလဲဆိုတာတွေကို စစ်ဆေးစမ်းတာထက် မပိုပါဘူး။ သူ့အရည်အချင်းကြောင့် သူ့ဆေးမြစ်တွေကို တစ်ခြားလူတွေ ယူသွားမှာကိုလည်း သူမပူပင်မိပါဘူး။ သူပြုလုပ်မယ့်ဆေးရည်က တစ်ခြားလူတွေနဲ့ မတူရအောင် သူသေချာပြင်ဆင်ထားခဲ့ပါတယ်။
နောက်ကဏ္ဍတွေကိုတော့ ထည့်တွက်စရာတောင်မလိုပါဘူး။
ရှန်ဂေါင်းရှောင်က ရှန်ယန်ရှောင်အား စိန်ခေါ်စွာကြည့်လိုက်တယ်။ အစထဲက ရှန်ယန်ရှောင်ခေါင်းငုံ့နေတာကို သူတွေ့မြင်ခဲ့ရတယ်။ နည်းပြပြောတာတွေကို နားထောင်နေတာလား ဘာလုပ်နေတာလဲဆိုတာကိုတော့ သူမပဲ သိနိုင်မှာပါ။
ရှန်ဂေါင်းရှောင် အေးစက်စွာနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ဒီကလေးအနေနဲ့ ဆေးမြစ်တစ်ရာခန့်သာ သိမယ်လို့ သူတွေးဆမိခဲ့ပြီး ဒီနေရာမှာ ဆေးမြစ်သုံးထောင်ကျော်ရှိတာကြောင့် ဒါတွေကို မမြင်ဘူးတာသေချာပါတယ်။ ဆေးမြစ်တေါကို သေသေချာချာရွေးမှာကိုလည်း သူစိတ်မပူပါဘူး ဒီကလေးအနေနဲ့ ဘာဆေးရည်လုပ်ရမလဲဆိုတာတောင် သိမယ့်ပုံမပေါ်ပါဘူး။
ဒီနှစ်လူသစ်တန်းဖွင့်တာက နှစ်လသုံးလသာရှိသေးတာကိုး။
အဆင့်နိမ့်ဆေးရည်ဖော်ဖို့အတွက် ဆေးမြစ်သုံးလေးမျိုးလောက်လိုအပ်ပြီး အလတ်တန်းဆေးရည်ကိုတော့ ပြောနေစရာမလိုပါဘူး။
ရှန်ဂေါင်းရှောင်မျက်လုံးတွေက မီးဝင်းဝင်းတောက်နေတယ်။ ဒီနေ့မှာ ရှန်ဂျူဆိုတဲ့ကောင်စုတ်လေး ငါနဲ့သူနဲ့ကြားကွာဟချက်က ဘယ်လောက်ကြီးတယ်ဆိုတာ သိသွားစေရမယ်။
နောက်ပြီးတော့ သူ့အရည်အချင်းလောက်နဲ့ ငါ့ဖိနပ်ကိုင်လုပ်ဖို့တောင် အဆင့်မရှိတာကို သဘောပေါက်အောင် လုပ်ပေးရမယ်။
ရှန်ဂေါင်းရှောင် ရိုင်းပြစွာတွေးလိုက်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်လိုက်ပါတယ်။
အဲ့အချိန်မှာ ရှန်ယန်ရှောင်က ရှန်ဂေါင်းရှောင်အားကြည့်နေလိုက်ပြီး သူမမျက်နှာလေးက တည်ငြိမ်နေကာ အပြုံးတစ်ပွင့်ရှိနေပါတယ်။