အခန်း (၃၀၄-၃၀၆)
Vol. 21 Ch. 304-306
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၀၄)
ထိုအပြုံးက နက်နဲလွန်းတာကြောင့် တစ်ခြားလူတွေအဖို့ စကားတစ်လုံးတောင် မဟနိုင်အောင်လုပ်နိုင်ပါတယ်။
ရှန်ဂေါင်းရှောင်သာ ဒီအပြုံးကို မြင်သွားမယ်ဆိုရင် သေချာပါတယ် သူ အခုလောက်ယုံကြည်မှုရှိမှာမဟုတ်တော့ပါဘူး။
ဘာဆေးရည်ဖော်ရမလဲတို့ ဆေးမြစ်တွေပြင်ဆင်တာတို့ ဆေးရည်ပြုလုပ်တာတို့က သူမအတွက် ခဲယဉ်းတဲ့အလုပ်မဟုတ်ပါဘူး။ သူမက တစ်ဖက်မှာရှိနေတဲ့ ကျောင်းသားတွေက သူတို့ရဲ့ မဟာရန်သူတော်ကြီးကို ရင်ဆိုင်တော့မလိုမျက်နှာတွေဖြစ်နေရဲ့နဲ့ မစောင့်နိုင်တော့သလိုဖြစ်နေတာတွေကို ကြည့်လိုက်မိပြီး ပြုံးလိုက်ပါတယ်။
နည်းပြဖြစ်သူက ပြိုင်ပွဲစည်းမျဉ်းအားလုံးကို ကြေငြာပြီးမှပဲ သူမ ဟိုဟိုဒီဒီလိုက်ကြည့်ပါတယ်။
သူမစိတ်ထဲမှာ ဖော်စပ်ဖို့အတွက် ဆေးရည်ကောင်းကို ရှာဖွေနေတာဖြစ်ပြီး နည်းပြပြောအပြီးမှာပဲ ဆေးရည်ကိုတွေ့သွားပါတယ်။
လွန်ခဲ့တဲ့ရက်တွေမှာ ရဲချင်က ဒီဆေးရည်ကိုလေ့ကျင့်ပြုလုပ်နေတာ သူမ တွေ့မြင်ခဲ့ရပါတယ်။ ဒီဆေးရည်နဲ့ပတ်သတ်ပြီး ရဲချင်မှာ ဘာအခက်အခဲမှရှိလို့မဟုတ်ပါဘူး။ သွေးစားပွဲတော်ဆေးရည်ဖော်စပ်တာမှာ စိတ်ညစ်တာနဲ့ ဒီဆေးရည်ကို ရသေ့စိတ်ဖြေသဘောမျိုးနဲ့ လေ့ကျင့်ပြုလုပ်တာဖြစ်ပြီး မကြာခဏလေ့ကျင့်လေ့ရှိပါတယ်။
ရဲချင်လက်ထောက်အနေနဲ့ ရှန်ယန်ရှောင်က ဒီဆေးရည်ပြုလုပ်နည်းအကုန်လုံးကို မြင်တာပေါ့လေ။ နောက်ပြီး ရဲချင်ကလည်း သူမကို ဒီဆေးရည်ပြုလုပ်နည်းကိုလည်း ပြောဆိုလေ့ရှိပါသေးတယ်။
ရဲချင်လေ့ကျင့်နေတဲ့ ဆေးရည်ဖြစ်လို့ ဒီဆေးရည်က သာမညောင်ညဆေးရည်တော့ မဟုတ်တန်ရာ။
ဒီပြိုင်ပွဲအတွက် ဒီဆေးရည်ကို ပြုလုပ်မယ်ဆိုရင် ပြဿနာတော့မရှိလောက်ပါဘူး။
စိတ်ညစ်စရာတစ်ခုကတော့ ဆေးရည်နာမည်ကို သူမ မသိရှိခြင်းဖြစ်ပါတယ်။[အေးပါကွာ]
ရှန်ယန်ရှောင်လည်း ဒီကိစ္စအပေါ်မှာ တွေဝေနေပါသေးတယ်။ ဒါပေမယ့် ရှင်းပြဖို့လည်း လိုတာမှမဟုတ်တာကြီးကို။ သူမ ဒီဆေးရည်ကို ဖော်စပ်ပြီးတာနဲ့ နည်းပြတွေက သူတို့ဖာသာ အကဲဖြတ်ကြလိမ့်မယ်။ ဒါကြောင့် ဒီကိစ္စကို ဒီအတိုင်းထားလိုက်ဖို့ပဲ သူမ ဆုံးဖြတ်လိုက်တယ်။
ဒီရက်ပိုင်းထဲမှာ သူမဟာ အလတ်တန်းဆေးရည်တွေကို လေ့လာပြုလုပ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ပြိုင်ဖက်ကရှန်ဂေါင်းရှောင်ဖြစ်လို့ လျှော့တွက်လို့မရပါဘူး။ ဆေးပညာဌာနက အတော်ဆုံးကျောင်းသားဟာ သာမန်အလတ်တန်းဆေးရည်လောက်ကို ရှုံးနိမ့်မယ်လို့တော့ သူမ မထင်ပါဘူး။
ဆုံးဖြတ်ပြီးဖြစ်တာကြောင့် ရှန်ယန်ရှောင် အဲ့အကြောင်းကို ထပ်မတွေးတော့ပါဘူး။
ပြိုင်ပွဲစတင်တာနဲ့တစ်ပြိုင်နက် ပြိုင်ပွဲဝင်ကျောင်းသားတွေဟာ ဆေးမြစ်တွေဆီကို သူတို့ပြေးနိုင်သလောက်ပြေးသွားလိုက်ပြီး လိုအပ်တဲ့ဆေးမြစ်တွေကို ရှာကြပါတော့တယ်။
ရှန်ယန်ရှောင်ကတော့ အဆိုပါအလျင်လိုနေတဲ့ ကျောပြင်တွေကိုကြည့်လိုက်ပြီးတော့ အေးအေးလူလူသာလမ်းလျှောက်သွားလိုက်ပါတယ်။
သူမအကြည့်က မပျော့ပြောင်းသလို မစူးရဲပေမယ့် ပွဲကြည့်ပရိသတ်ဖြစ်တဲ့ကျောင်းသားတွေကတော့ ထိတ်လန့်သွားခဲ့ကြပါတယ်။
"ရှန်ဂျူကဘာလို့ အေးအေးဆေးဆေးလမ်းလျှောက်နေနိုင်တာလဲဟ။ သူ မြန်မြန်မလုပ်ရင် အဲ့ဆေးမြစ်တွေက ပါသွားတော့မှာကြီးကိုကွာ"
ရှန်ယန်ရှောင်အား အားပေးရန်လာရောက်ကြတဲ့ ကျောင်းသားသစ်တွေခမျာ အေးအေးမနေနိုင်ကြတော့ပါဘူး။
ဆေးမြစ်သုံးထောင်ဆိုတာ ကြားရရင် အများကြီးဖြစ်နေပေမယ့် အတော်များများဟာ သူတို့ရဲ့ လက်ရှိအဆင့်လောက်နဲ့ အသုံးမပြုနိုင်တာတွေဖြစ်ပါတယ်။ ဒီကျောင်းသားတွေအတွက် အသုံးဝင်တာက ဒါဇင်ခန့်သာရှိပါတယ်။ နောက်ပြီး ကျောင်းသားတွေက တစ်ယောက်ယူမယ့်ဆေးမြစ်ကို ကြားဖြတ်ယူထားကြဦးမှာပါ။
ဒါကိုတောင် ရှန်ယန်ရှောင်က လေညင်းခံသလို လမ်းလျှောက်နေတယ်လေ အတော်နမော်နမဲ့နိုင်တာပဲကွာ ဟား......(သက်ပြင်းချသံပါ ဟားက)
လင်းရွှမ်ကိုယ်တိုင်လည်း ရှန်ယန်ရှောင်ကိုကြည့်ရင်းနဲ့ ချွေးပြန်လာရပါတယ်။
"မစိုးရိမ်ကြပါနဲ့ သူက ဘာဆေးလုပ်ရမလဲဆိုတာ စဉ်းစားနေတာလည်းဖြစ်နိုင်ပါတယ်။ ဆေးရည်ဖော်နည်းတွေက အခန်းအလိုက် သင်ပေးတာဆိုတော့ မတူကြဘူးလေ။ ဒီတော့ ရှန်ဂျူက စဉ်းစားနေတုန်းဖြစ်မှာပါ"
လင်းရွှမ်ရဲ့နှလုံးသားဟာ ဒရမ်တီးသလိုမြန်မြန်ကြီးခုန်နေပါတယ်။ အမြဲတမ်းလိုလို သူမက တိမ်တိုက်တစ်ခုလိုမျိုး အေးအေးဆေးဆေးငြိမ့်ငြိမ့်ညောင်းညောင်းနေတတ်ပါတယ်။ ဒါပေမယ့် အခုက ပြိုင်ပွဲအချိန်လေကွာ ဘာလို့ အခုလိုမျိုး တည်ငြိမ်လွန်းသူကြီးဖြစ်နေသေးတာလဲ။
အမှန်ပါပဲ အိုးကမပူ စလောင်းကပူနေကြရပါတယ်။
ဆေးမြစ်တွေဆီကို အရင်ရောက်သွားကြတဲ့ ကျောင်းသားတွေကတော့ သူတို့လိုအပ်မယ့် ဆေးမြစ်တွေကို ဆေးမြစ်ပုံထဲကနေ ရှာဖွေနေပြီဖြစ်တယ်။
သို့သော်လည်း သူတို့ရှေ့မှာရှိနေတဲ့ ဆေးမြစ်တွေဟာ အကုန်လုံးလိုလို ဆင်တူသယောင်ဖြစ်နေတာကြောင့် မျက်ရည်ထွက်မတတ်ဖြစ်သွားကြရတယ်။
ပုံစံတူအနံ့တူတဲ့ အမျိုးအစားမတူသော ဆေးမြစ်တွေကို အကုန်ရောထားတဲ့ ပြိုင်ပွဲအတွက်စိတ်ကူးကို ဘယ်သူရသလဲဆိုတာ သူတို့မသိကြပါဘူး။ ဆေးမြစ်တွေရဲ့ ဝိသေသလက္ခဏာတွေကို ခွဲခြားရွေးချယ်မယ်ဆိုရင်တောင် သူတို့လိုတဲ့ ဆေးမြစ်တွေကို ဒီထဲကနေရှာတွေ့ဖို့ဆိုတာ အချိန်အများကြီးလိုဦးမှာပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၀၅)
ဒီဟာက သူတို့အမြင်အာရုံနဲ့အနံ့ခံနိုင်စွမ်းကိုတင် စမ်းသပ်တာမကတော့ဘဲ ဆေးမြစ်တွေအပေါ်မှာ သူတို့ဘယ်လောက်အထိ နားလည်သိရှိထားလဲဆိုတာကို ဟာကွက်မရှိအောင်ထိ စမ်းသပ်နေတာပဲဖြစ်ပါတော့တယ်။
အချိန်တစ်ခုအထိ ပြိုင်ပွဲဝင်ကျောင်းသားအားလုံး စိတ်ညစ်သွားကြရပါတယ်။
ရှန်ယန်ရှောင်ဟာ ဆေးမြစ်တွေဆီ ဖြည်းဖြည်းအေးအေးပဲ သွားလိုက်ပါတယ်။ ဆင်တူယိုးမှားဆေးမြစ်တွေကို ရောယှက်ထားတာကို ကြည့်လိုက်ပြီးတော့ သူမ မျက်ခုံးပင့်လိုက်တယ်။
ဆေးမြစ်တော်တော်များများဟာ တစ်ခုနဲ့တစ်ခု အနည်းငယ်လောက်ပဲ ကွဲပြားမှုရှိပါတယ်။ ဒီစမ်းသပ်မှုက သူမ ဝင်ခွင့်ဖြေတုန်းက လောင်းဒီရဲ့စမ်းသပ်မှုလိုမျိုးပါပဲ။
သို့ပေမယ့်လည်း ဘယ်လောက်ပဲသေးငယ်နေပါစေ ကွဲပြားမှုက ကွဲပြားမှုပါပဲ။ ဒီနေရာမှာ ဘယ်ဆေးမြစ်က အမှန်လဲဆိုတာဟာ လူတစ်ယောက်က အသေးစိတ်အချက်အလက်တွေကို ဘယ်လောက်အထိ အလေးထားအာရုံစိုက်လဲဆိုတာပေါ်မှာ မူတည်ပါတယ်။
သူမရဲ့ ဒုတိယအမှတ်အသား ပျက်သွားခဲ့တာနဲ့ သူမရဲ့ မှတ်ဉာဏ်ဟာ ဓာတ်ပုံမှတ်ဉာဏ်အဆင့်သို့ အလိုအလျောက်ရောက်ရှိခဲ့ပါတယ်။ သူမက အရာဝတ္ထုအကြောင်းအရာတွေကို အေးဆေးမှတ်မိနိုင်ပြီး အသေးအဖွဲလေးကအစ မတူညီတာကို ချက်ချင်းမြင်နိုင်ပါတယ်။
ရဲချင်ရဲ့လက်အောက်မှာ လေ့လာသင်ယူရခြင်းနဲ့ ရဲချင်ကိုကူညီပေးတဲ့အချိန်ပါ ထည့်တွက်လိုက်ရင် သူမဟာ မတူညီတဲ့ဆေးမြစ်ရာဂဏန်းကို နေ့စဉ်ကူညီပြင်ဆင်ပေးခဲ့ရပါတယ်။ အမျိုးအစားမတူညီတဲ့ ဆေးမြစ်တွေဟာ သူမလက်ထဲမှာရောက်ရှိဖြတ်သန်းသွားတာဆိုရင် တစ်ထောင်နားကပ်နေပါပြီ။ သူမပြုလုပ်မယ့် ဆေးရည်အတွက်လိုအပ်တဲ့ဆေးမြစ်တွေကို အနည်းဆုံးလေးငါးကြိမ်လောက် သူမ ပြင်ဆင်ပေးခဲ့ရပါတယ်။
ဒီလိုကိစ္စအတွက်နဲ့ သူမ အမှားလုပ်မိမယ်ဆိုရင်တော့ သူမဖာသာသူမ ဆွဲကြိုးချသေပစ်တာပဲ ကောင်းပါတော့မယ်။
ဆေးမြစ်တွေကို ခွဲရတာနဲ့တင် သူများတွေ ခေါင်းကိုက်နေရပေမယ့် သူမအတွက်ကတော့ အေးဆေးပါပဲ။ လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဆေးမြစ်အမျိုးမျိုးကြားကနေ သူမ လမ်းလျှောက်သွားလိုက်ပြီးတော့ သူမလိုချင်တဲ့ ဆေးမြစ်ကို ရှာလိုက်ပါတယ်။
ဒီအချိန်မှာပဲ ရှန်ဂေါင်းရှောင်လည်း အလျင်စလိုမရှိပါဘူး။ သူ့စူးရှရှအကြည့်က ဆေးမြစ်တွေကို ဝေ့ကြည့်လိုက်တယ်။ နည်းပြတွေက ဆင်တူတဲ့ဆေးမြစ်တွေကို အတူပေါင်းထားခဲ့ပေမယ့် သူ့အတွက် ပြဿနာမဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ဒီလိုလုပ်ထားလို့ သူလိုချင်တဲ့ဆေးမြစ်ကို ရှာရတဲ့နေရာမှာ ဘယ်နေရာမှာရှာရမယ်ဆိုပြီး ပိုတောင်အဆင်ပြေသွားပါသေးတယ်။
မကြာခင်မှာပဲ ခရမ်းရောင်ပန်းတွေ အတူပုံထားတဲ့နေရာမှာ သူရပ်လိုက်ပါတယ်။ ပန်းတွေကြားကနေ ပွင့်ချပ်ငါးခုရှိတဲ့ခရမ်းရောင်ပန်းတစ်ပွင့်ကို ခါးကိုင်းငုံ့ယူလိုက်တယ်။
လူကြားထဲမှာရှိတဲ့ ပူလီစီက ရှန်ဂေါင်းရှောင်ရဲ့ ဆေးမြစ်ကိုတွေ့လိုက်တော့ ကျေနပ်စွာခေါင်းညိတ်လိုက်တယ်။
ရှန်ဂေါင်းရှောင်ဟာ ပထမဆုံးရောက်သူမဟုတ်ပေမယ့် လိုအပ်တဲ့ဆေးမြစ်ကို ပထမဆုံးရှာတွေ့သူဖြစ်တယ်။ သူက လိုတဲ့နောက်ဆေးမြစ်အတွက် ဆက်သွားလိုက်ပါတယ်။
ရှန်ဂေါင်းရှောင်က ဆေးမြစ်ရှာဖွေရာမှာ ပြဿနာမရှိတာကို တွေ့ရတဲ့ ပူလီစီက သူ့အကြည့်ကို ကောင်ဆိုးလေးဆီပို့လိုက်တယ်။
ရှန်ယန်ရှောင်ဟာ ဆေးမြစ်ပုံနှစ်ပုံကြားမှာ ရပ်နေပြီးတော့ ပျင်းရိစွာနဲ့ တစ်ခုချင်းလိုက်ကြည့်နေပါတယ်။ သူမက တွေတွေကြီးဖြစ်နေပြီး မယုံနိုင်ဟန်ဖြစ်နေပါတယ်။
"ငတုံး"လို့ ပူလီစီက မဲ့ရွဲ့ပြောလိုက်တယ်။
ဒီကလေးရဲ့ ဘယ်နေရာက တော်နေထက်နေလို့တုန်း။ ရဲချင်က သူ့ကို ဘာလို့သဘောကျသွားခဲ့တာလဲ။ ပြိုင်ပွဲအလယ်မှာတောင် ဒီကလေးက လိုချင်တဲ့ဆေးမြစ်ကို ရှာမတွေ့ဘဲ ဘာလုပ်ရမှန်းမသိဖြစ်နေတာလေ။ သေချာပါတယ် သူဟာ ရှန်ဂေါင်းရှောင်ရဲ့ ပြိုင်ဖက်မဟုတ်ပါဘူး။
ရှန်ဂေါင်းရှောင်ဟာ နာမည်အရတော့ သူ့လက်ထောက်ဖြစ်ပေမယ့် တစ်ကယ်တန်းကျ သူ့တပည့်ဖြစ်ပါတယ်။ ဒီနေ့ ရှန်ဂေါင်းရှောင်နဲ့အတူ သူရောက်လာတဲ့အကြောင်းကတော့ သူ့တပည့်ဖြစ်သူကနေ သူ့ကိုဒေါသထွက်အောင် အဆက်မပြတ်လုပ်ခဲ့တဲ့ ဒီကောင်စုတ်ကို ပညာပေးတာ ကြည့်ဖို့အတွက်ဖြစ်ပါတယ်။
ပူလီစီက သူ့ဖာသာကျေနပ်နေတုန်းမှာပဲ ရှန်ယန်ရှောင်က တစ်ချက်လှုပ်ရှားလိုက်တယ်။
ပထမအနေနဲ့ သူမက အဝါရောင်ဆေးမြစ်ပုံရှေ့ကိုသွားလိုက်ပါတယ် ထို့နောက်မှာတော့ ဝပ်ချလိုက်ပြီးတော့ ဆေးမြစ်ပုံကြားမှာ တစ်ခုခုကို ရှာဖွေလှန်လှောနေပါတယ်။
တစ်အောင့်အကြာမှာတော့ ဆေးမြစ်ပုံထဲကနေပြီးတော့ လက်မခန့်တုတ်သော အဝါရောင်မြက်တစ်ထွေးကို ယူလိုက်ပါတယ်။
ရှန်ယန်ရှောင်လက်ထဲက ဆေးမြက်တစ်ဆုပ်ကို မျက်စိကျဉ်းကာလှမ်းကြည့်လိုက်ပြီးနောက် ပူလီစီ မဲ့လိုက်ပါတယ်။
ရှန်ယန်ရှောင်လက်ထဲကမြက်ဟာ အာရုဏ်မြက်လို့ခေါ်တဲ့ ဆေးမြစ်နဲ့တူပါတယ်။ ဒီဆေးမြစ်ဟာ တစ်ခါတစ်ရံမှာ အလတ်တန်းဆေးရည်ဖော်စပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ သို့ပေမယ့် ပူလီစီမြင်သလောက်ဆိုရင် သူမ လက်ထဲကဆေးမြစ်ဟာ အာရုဏ်မြက်မဟုတ်ဘဲ အာရုဏ်မြက်နဲ့ဆင်တူတဲ့ ခရပ်အစ်မြက်ဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၀၆)
ခရပ်အစ်မြက်မှာ အဆိပ်ဓာတ်ပါဝင်ပါတယ်။ ကောင်းကောင်းအသုံးချတတ်ရင် လူတစ်ယောက်အသက်ကို ကယ်တင်နိုင်မှာဖြစ်ပြီး ပမာဏမှားရင်တော့ လူတစ်ယောက်ရဲ့ဘဝကို နိဋ္ဌိတံစေမှာဖြစ်ပါတယ်။ ဒီဆေးမြစ်ဟာ အသုံးပြုသူအနေနဲ့ အချိန်အဆပမာဏကို တိကျမှန်ကန်စွာ ကိုင်တွယ်နိုင်ရန်လိုအပ်တဲ့ ပြင်းထန်တဲ့ဆေးမြစ်ဖြစ်တယ်။
အကြီးတန်းကျောင်းသားတွေတောင် ဒီဆေးမြစ်ကို ဆေးရည်ပြုလုပ်ရာမှာ မသုံးဝံ့ကြတာကြောင့် ကျောင်းသားသစ်လေးသာဖြစ်တဲ့ ဒီကောင်လေးက ဘာလုပ်နိုင်မှာလဲ။
ရှန်ယန်ရှောင်ဟာ အာရုဏ်မြက်အစား ခရပ်အစ်မြက်ကို မှားယွင်းကောက်ယူလိုက်တာ ထင်ရှားနေပါပြီ။
ပူလီစီပါးစပ်မှာ သရော်တဲ့အမူအယာရှိနေပါတယ်။ အာရုဏ်မြက်နဲ့ခရပ်အစ်မြက်ကြားမှာ ကွဲပြားတာဆိုလို့ မြက်အပေါ်က အကြောလေးတွေပဲဖြစ်ပြီး နည်းနည်းလေးပဲကွဲပြားတယ်ဆိုပေမယ့် ခွဲခြားနိုင်သူတစ်ချို့ရှိပါသေးတယ်။
ရှန်ယန်ရှောင် အဆိုပါဆေးမြစ်ကို ကောက်ယူလိုက်တာနဲ့ သူမ ရှုံးသွားပြီဆိုတာကိ ပူလီစီသိလိုက်ပါပြီ။
"အလိုက်တဲ့ကလေးပဲ မင်းဘယ်လောက်အထိ တုံးအမလဲဆိုတာကို ငါကြည့်ချင်မိသေးတယ်ဟေ့"
ပူလီစီစိတ်ထဲမှာ အတော်လေးနေလို့ကောင်းသွားခဲ့ပါတယ်။ အာရုဏ်မြက်အစား ခရပ်အစ်မြက်ကိုသုံးမိရင် ဆေးရည်လုပ်တဲ့အချိန်မှာ ပေါက်ကွဲမှုအသေးစားလေးဖြစ်မှာပါ။ အဲ့အချိန်ကျရင် ရှန်ယန်ရှောင် မျက်နှာပျက်စရာဖြစ်ပြီးတော့ အရှက်တကွဲဖြစ်သွားမှာပါ။
ရှန်ယန်ရှောင်အနေနဲ့ အဲ့လိုမျိုး သိက္ခာကျစရာဖြစ်အောင်လုပ်ပြီးတဲ့နောက်တော့ ရဲချင်အနေနဲ့ ကောင်စုတ်လေးကို သူ့ဘေးမှာဆက်ခေါ်ထားတော့မှာ မဟုတ်ပါဘူး။
ရှန်ယန်ရှောင်ကို တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ သူမ ရှုံးနိမ့်တော့မှာကို သိလိုက်ရတဲ့ ပူလီစီဟာ အကြည့်ကို ရှန်ဂေါင်းရှောင်ဆီ ပြန်လွှဲလိုက်ပါတယ်။
ဆယ်မိနစ်ခန့်ကြာအောင် ခွဲခြားအပြီးမှာတော့ ကျောင်းသားတစ်ချို့ဟာ ဆေးမြစ်တစ်ချို့ကို ခွဲခြားတွေ့ရှိသွားကြပါတယ်။ ဒါပေမယ့် သူတို့အောင်မြင်ဖို့တော့ တော်တော်လိုပါသေးတယ်။ ကျောင်းသားအတော်များများဟာဆိုရင် သူတို့နဂိုကကြံရွယ်ထားတဲ့ ဆေးရည်အစား အဆင့်နိမ့်ဆေးရည်ဖက်ကို ဦးတည်ချက်ပြောင်းလိုက်ကြပါပြီ။
အဆင့်နိမ့်ဆေးရည်အတွက်က ဆေးမြစ်အနည်းငယ်သာလိုအပ်တာဖြစ်လို့ ဆေးမြစ်ရှာရတာလည်း ပိုမြန်သွားပါတယ်။
ဆေးမြစ်ရှာရင်းနဲ့အချိန်ကုန်ပြီး ထွက်ရမယ့်အစား အဆင့်နိမ့်ဆေးရည်ကိုသာ သူတို့ဖော်စပ်လိုက်မှာပေါ့။
အဲ့ဒီနည်းနဲ့ဆိုရင် သူတို့ဟာ အဆင့်တစ်ဆယ်အတွင်း ဝင်နိုင်ပြီလေ။
လူတိုင်းက သူတို့လိုအပ်တဲ့ ဆေးမြစ်တွေကို ရှာဖွေနေကြတုန်းမှာ ရှန်ဂေါင်းရှောင်ကတော့ ဆေးမြစ်ဆယ်မျိုးမကရှာတွေ့ပြီးနေပါပြီ။ ဒါပေမယ့်လည်း သူက ဆေးမြစ်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
ဒါက ပွဲကြည့်ပရိသတ်ဖြစ်တဲ့ ကျောင်းသားတွေကို အံ့အားသင့်စေခဲ့ပါတယ်။
"ဆေးမြစ်အမျိုးနှစ်ဆယ်လောက် ရှာပြီးတာတောင် ဆက်ရှာနေသေးတာဆိုတော့ ရှန်ဂေါင်းရှောင်က ဘယ်လိုဆေးရည်များ ဖော်မလို့လဲမသိဘူး"
ကျောင်းသားတစ်ယောက်က မေးလိုက်ပါတယ်။
အလတ်တန်းဆေးရည်က မတူညီတဲ့ဆေးမြစ် အနည်းဆုံး ဆယ်မျိုးလိုအပ်ပါတယ်။ ဆေးမြစ်များများပါဝင်လေ ပိုပိုခက်လေပါပဲ။ ဒါကြောင့် ဆေးမြစ်အမျိုးနှစ်ဆယ်မကပါဝင်တဲ့ ဆေးရည်တွေက ပိုပြီးခက်ခဲပါတယ်။
ရှန်ဂေါင်းရှောင်က ဆေးမြစ်တွေကို ပိုကောက်ယူလေလေ ပရိသတ်တွေက ပိုသိချင်လာလေလေပါပဲ။
ဆေးရည်ကိုကြည့်ချင်မိတာထက် အချိန်အတန်ကြာတဲ့ထိ ဆိတ်ဆိတ်နေနေတဲ့ ရှန်ယန်ရှောင်ကြောင့် ဖြစ်လာမယ့် ဇာတ်လမ်းကို ကျောင်းသားတွေက ပိုတွေ့ချင်နေမိကြပါတယ်။
တစ်ကယ်တန်းဆိုရင် ဒီကျောင်းသားရာဂဏန်းကြားမှာ သူမရဲ့နွားချည်တဲ့ငုတ်လောက်သာရှိတဲ့ ကိုယ်လုံးလေးကြောင့် အလွယ်တကူရောထွေးပျောက်ကွယ်နိုင်ပါတယ်။
နောက်ပြီး ဒီအချိန်မှာပဲ အဆိုပါနွားချည်ငုတ်လေးကို ဘယ်သူမှန်းမသိတဲ့ ပြိုင်ပွဲဝင်တစ်ယောက်က ပိတ်ဆို့ကာမြင်ကွင်းကွယ်ထားသလိုဖြစ်နေပါတယ်။
"ရှန်ဂျူဆိုတဲ့ချာတိတ်က ဆေးမြစ်တွေယူထားပြီလား။ ငါဘာလို့ သူ့ကို ရှာမတွေ့တာလဲဟ"
ဒုတိယနှစ်ကျောင်းသားတစ်ယောက်က လည်ပင်းကိုဆန့်လိုက်ပြီး အလွယ်တကူ လျစ်လျူရှုနိုင်တဲ့ နွားချည်ငုတ်လေးကို ရှာဖွေလိုက်ရင်း ပြောလိုက်တာဖြစ်တယ်။
"သူက အဲ့မှာဟေ့"
နောက်ထပ်ကျောင်းသားတစ်ယောက်က ပြိုင်ပွဲဝင်တွေနောက်ကို ထွက်လာခဲ့တဲ့ နွားချည်ငုတ်လေးအား လက်ညှိုးထိုးကာ ပြောလိုက်ခြင်းပါ။[ခွေးပစ်တုတ်ထက် နွားချည်တဲ့ငုတ်က ပိုသေးတယ်လေ]
ပိုအဆင်ပြေအောင် ရှန်ယန်ရှောင်က အဝတ်အိတ်တစ်လုံးကို အသင့်ပြင်ထားခဲ့ပြီး ဆေးမြစ်တွေကို အဲ့အိတ်ထဲမှာ ထည့်ထားတာကြောင့် ပရိသတ်တွေအနေနဲ့ ဘာတွေထည့်ထားပြီလဲမသိတာကြောင့် ဆေးမြစ်ဘယ်နှစ်မျိုးလဲဆိုတာကိုလည်း မသေချာမရေရာဖြစ်နေကြပါတယ်။
သူ့ကို တစ်ခြားလူတွေက မကြာခဏကွယ်ကွယ်သွားလို့ သူတို့အနေနဲ့သူမကို တစ်ခါတစ်ရံမှသာ တွေ့မြင်ကြရပါတယ်။ ထိုနေရာမှာရှိနေကြတဲ့ ကျောင်းသားတွေသာမကဘဲ နည်းပြတွေတောင် သူမ ဆေးမြစ်ဘယ်နှစ်မျိုး ကောက်ယူထားလဲဆိုတာကို သေချာမသိကြပါဘူး။
ပူလီစီတောင် သူမ ခရပ်အစ်မြက်ကောက်သွားတာကိုပဲ မြင်လိုက်ရတာဖြစ်တယ်။ အိတ်ထဲမှာရှိတဲ့ တစ်ခြားဆေးမြစ်တွေကိုတော့ သူ့အနေနဲ့ အမြစ်တောင်မတွေ့ခဲ့ရပါဘူး။