← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၀၇)

သူမက အဝတ်အိတ်ထဲမှာ ဘာဆေးမြစ်တွေများထည့်ထားလဲဆိုတာကို ကျောင်းသားတွေစပ်စုလိုစိတ်နဲ့ ကြည့်နေတာကို သူမ မစောင့်နေဘဲ လူတိုင်းကြည့်နေတဲ့ကြားမှာ အဝတ်အိတ်ကို ကောက်ယူလိုက်ပြီးတော့ ဆေးမြစ်ပြင်ဆင်ရမယ့်နေရာဆီသွားလိုက်ပါတယ်။

နောက်ဆုံးလိုနေတဲ့ ဆေးမြစ်ကိုရှာနေဆဲဖြစ်တဲ့ ရှန်ဂေါင်းရှောင်ဟာ တစ်ခုခုလွဲနေတယ်ဆိုတာကို ခံစားလိုက်ရပါတယ်။ ဘာဖြစ်တာလဲဆိုတာကို သိရဖို့ နောက်ကိုလှည့်ကြည့်လိုက်တော့ ပေါက်စနလေးက ဆေးမြစ်ပြင်ဆင်တဲ့နေရာဆီ ချီတက်နေတာကိုတွေ့လိုက်ပါတယ်။ သူမ ထိုနေရာကို ဘယ်လိုလုပ်ရုတ်တရက်ကြီးရောက်သွားလဲဆိုတာအား ဘယ်သူမှမသိပေမယ့် သူမကတော့ ဆေးစားပွဲဆယ်လုံးထဲက အကောင်းဆုံးကို ရွေးချယ်ရယူထားပါပြီ။

ရှန်ဂေါင်းရှောင် ပါးစပ်နည်းနည်းတွန့်သွားပါတယ်။

တစ်ခြားကျောင်းသားတွေလည်း ရှန်ယန်ရှောင်ရဲ့ အပြုအမူလှုပ်ရှားမှုကို တွေ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် တွေတွေကြီးကြည့်လိုက်ကြပါတယ်။ ဘာဖြစ်သွားလဲဆိုတာကို တစ်ယောက်မှမသိကြတာ အသိသာကြီးပါ။

"အဲ့ကောင်လေးက ဘာလို့အဲ့နေရာကို ရောက်နေတာတုန်းဟင်"

ကျောင်းသားတွေဟာ သူတို့စိတ်ထဲမှာ ရွေးထားပြီးဖြစ်တဲ့နေရာကို ငေးကြည့်လိုက်မိကြပါတယ်။ အရှေ့ဖက်ခြမ်းမှာရပ်နေကြတဲ့ သူတို့တွေဟာ အနောက်ဖက်ခြမ်းကိုရောက်နေတဲ့ ရှန်ယန်ရှောင်ဆီကို ကြည့်နေကြတာဖြစ်တယ်။ သူတို့စိတ်ထဲမှာလည်း အလွန်အမင်းကို ကိုးရိုးကားယားဖြစ်နေရပါတယ်။

သူတို့ကိုပေးထားခဲ့တဲ့ မိနစ်သုံးဆယ်ထဲမှာ ဆယ်မိနစ်ကျန်နေသေးပေမယ့် သူတို့ထဲက အများစုက လိုအပ်တဲ့ဆေးမြစ်တွေရဲ့ တစ်ဝက်ခန့်သာရသေးတာဖြစ်ပြီး တစ်ခြားလူတွေကတော့ သူတို့ဆေးမြစ်တွေကို ပြိုင်ဖက်တွေက လုယူထားတာဖြစ်ပါတယ်။ မိနစ်သုံးဆယ်ပြည့်တဲ့အချိန်ထိ သူတို့လိုအပ်တဲ့ဆေးမြစ်တွေကို မရှာနိုင်ခဲ့ရင် သူတို့ပြိုင်ပွဲကနေ ထွက်ရမှာဖြစ်တယ်။

"ငါ့အထင်တော့ ဒီကောင်လေးက အဆင့်နိမ့်ဆေးရည်ကိုပဲ ပြုလုပ်မှာမို့ သေချာအောင် နေရာဦးထားတာဖြစ်မှာပေါ့။ အဟက် သူ့မှာဆေးမြစ်တောင် စုံချင်မှစုံဦးမှာ"

မပျော်မရွှင်ဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်က သရော်တော်တော်ပြောလိုက်ပါတယ်။

ကျောင်းသားသစ်တစ်ယောက်ရဲ့ ကျောသွားခြင်းခံလိုက်ရတဲ့ သူတို့အားလုံး မကျေမနပ်ဖြစ်နေကြရပါတယ်။

ရှန်ယန်ရှောင်ရဲ့ လုပ်ပုံကြောင့် ပရိသတ်အားလုံးလည်း ဆူညံဆူညံဖြစ်သွားကြပါတယ်။

လင်းရွှမ်ဦးဆောင်တဲ့ ကျောင်းသားသစ်တွေဟာ ရှန်ယန်ရှောင် ပထမနေရာယူလိုက်လို့ စိတ်အေးသွားပေမယ့် ချက်ချင်းပဲ စိုးရိမ်သွားကြရပြန်ပါတယ်။[မင်းတို့ကလည်းကွာ]

အငယ်တန်းကျောင်းသားတွေတောင် ဆေးမြစ်ရှာလို့မပြီးသေးတာကို ရှန်ယန်ရှောင်က ဘယ်လိုလုပ်ပြီး ပြီးသွားတာလဲ။ နောက်တစ်ဆင့်ရောက်ဖို့အတွက် သူက တစ်ကယ်ပဲ အဆင့်နိမ့်ဆေးရည်ကို ဖော်စပ်ပြုလုပ်မလို့လား။

လူတိုင်းလူတိုင်း သူတို့ရဲ့ရင်ခုန်သံတွေ ဒရမ်တီးသလိုမြန်ဆန်သွားတာအား ခံစားလိုက်ရပါတယ်။

ခဏအကြာမှာတော့ ရှန်ဂေါင်းရှောင်လည်း နောက်ဆုံးဆေးမြစ်ကို ရှာတွေ့သွားပြီးတော့ ရှန်ယန်ရှောင်ရှိနေတဲ့နေရာသို့ သွားလိုက်ပါတယ်။ သူက သူမနောက်မှာရှိတဲ့ ဆေးစားပွဲမှာ နေရာယူလိုက်ပါတယ်။

"မင်းက အဆင့်နိမ့်ဆေးရည်ကိုပဲ ဖော်မှာပဲ လူတွေကို မင်းလိမ်လို့မရဘူးနော်"

ရှန်ဂေါင်းရှောင်က ယူလာတဲ့ဆေးမြစ်တွေကို စားပွဲပေါ်မှာရှိနေတဲ့ ခြင်းထဲသို့ပစ်ထည့်လိုက်ပြီးတော့ ရှန်ယန်ရှောင်နောက်ကျောကို မျက်စိကျဉ်းကာကြည့်လိုက်ပြီးတော့ ပြောလိုက်တာပါ။

စောစောတုန်းက သူ နည်းနည်းလန့်နေခဲ့တာကြောင့် ရှန်ယန်ရှောင် ဘာဆေးမြစ်တွေယူသွားလဲဆိုတာကို မကြည့်လိုက်မိပါဘူး။ ဒါပေမယ့် ကြာချိန်အရဆိုရင်တော့ ရှန်ယန်ရှောင်ရဲ့ ဆေးမြစ်က သိပ်များမယ့်ပုံမပေါ်ပါဘူး။ သူ့အနေနဲ့ ဆေးမြစ်၃၅မျိုးလိုအပ်တာဖြစ်ပြီးတော့ တွေ့တာနဲ့တွန့်ဆုတ်မနေဘဲ ချက်ချင်းကောက်ယူခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ ရှန်ယန်ရှောင်ထက် လေးမိနစ်ငါးမိနစ်လောက် နောက်ကျနေပါသေးတယ်။

မိနစ်နှစ်ဆယ်ထဲနဲ့ ရှန်ယန်ရှောင်တစ်ယောက် ဆေးမြစ်အမျိုးနှစ်ဆယ်ထက်ပိုပြီးတော့ ရှာတွေ့နိုင်မယ်လို့ သူ မယုံကြည်ပါဘူး။

"အဲ့ကိစ္စကို မင်းပူစရာမလိုပါဘူး။ ငါ ဘာဆေးရည်လုပ်လုပ် တတိယအဆင့်ပြီးတဲ့အခါ မင်းတွေ့ရမှာပဲ"

တုံ့ပြန်ပြောဆိုလိုက်တဲ့ ရှန်ယန်ရှောင်ဟာ နောက်ကိုတောင်လှည့်မကြည့်ဘဲ မထူးခြားတဲ့အသံနဲ့ ပြောလိုက်ပါတယ်။

သူမရဲ့ ထီမထင်တဲ့အပြုအမူက ရှန်ဂေါင်းရှောင်ကို ဒေါသမီးတောက်လောင်စေခဲ့ပါတယ်။

သူမအား အနိုင်ယူချင်စိတ်ဟာ အရင်ကထက်တောင် ပိုပြင်းထန်လာရပါတယ်။

သုံးမိနစ်သာကျန်တော့တဲ့အချိန်မှာတော့ ကျောင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက်တွန်းထိုးတိုးဝှေ့ပြီး သူတို့လိုအပ်တဲ့ ဆေးမြစ်တွေကို လုယူကြပါတော့တယ်။ နောက်ဆုံးမှာတော့ အချိန်မစေ့ခင်တစ်စက္ကန့်အလိုမှာပဲ ကျန်နေသေးတဲ့ စားပွဲရှစ်လုံးဟာ အငယ်တန်းနဲ့အကြီးတန်းဆေးကျောင်းသားတွေနဲ့ ပြည့်သွားပါတယ်။

ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်၁၂၀ကျော်ကတော့ စိတ်ဓာတ်ကျစွာနဲ့ပဲ နည်းပြတွေရဲ့ ခေါ်ဆောင်ရာနောက်ကိုလိုက်ပြီး ပြိုင်ပွဲထဲကနေ ထွက်ခွာသွားရပါတော့တယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၀၈)

မူလကရှိတဲ့ပြိုင်ပွဲဝင်များရဲ့ ဆယ်ပုံကိုးပုံလောက်နီးနီး ထွက်ခွာသွားရပြီးတဲ့နောက် ဒုတိယအဆင့်ကိုရောက်ရှိတဲ့ ပြိုင်ပွဲဝင်ဆယ်ဦးသာ ကျန်ရစ်ခဲ့ပါတော့တယ်။

နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်အများစုကတော့ ကြိတ်ပျော်နေကြပါတယ်။ သိထားရမှာက ကျောင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် အဆင့်သိပ်မကွာဘူးဆိုတာကိုပေါ့။ သူတို့အတွက် ဒီအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ရခြင်းက ဆေးမြစ်ရှာတဲ့နေရာမှာ အစွမ်းအစအပေါ်တင်မူတည်တာမဟုတ်ဘဲ ကံတရားလည်းပါဝင်ပါသေးတယ်။

တစ်ယောက်ယောက်ရဲ့ ကံကလည်းဆိုးနေပြီးတော့ သူပြုလုပ်မယ့်ဆေးရည်က တစ်ခြားလူနဲ့လည်းတိုက်နေမယ်ဆိုရင် ဆေးမြစ်ရဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်လုနေရမှာဖြစ်ပါတယ်။

သူတို့အခုလေးတင်မှ ခံစားခဲ့ရတဲ့ ဖိအားဒဏ်ကိုတွေးမိလိုက်တော့ ပြိုင်ပွဲဝင်ရှစ်ဦးစလုံး ဒုတိယအဆင့်ကို အရင်ဆုံးရောက်ခဲ့တဲ့ ရှန်ယန်ရှောင်ကို လှမ်းကြည့်လိုက်မိကြပါတယ်။

ဒီအချိန်မှာ ရှန်ယန်ရှောင်က သူမရဲ့ဆေးမြစ်တွေကို ခြင်းထဲမှာထည့်ထားပြီး အပေါ်ကနေအဖုံးဖုံးထားလို့ အထဲမှာရှိတဲ့ဆေးမြစ်တွေကို မမြင်ရပါဘူး။

"ဒီကလေးက တစ်ကယ်သွက်တာပဲကွာ ပထမနေရာကို သူရမယ်လို့ မထင်ခဲ့မိဘူး"

ပထမအဆင့်ကို ကံကောင်းစွာနဲ့ အောင်မြင်ကျော်ဖြတ်နိုင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က သူမရဲ့ ကျောပြင်ကိုငေးကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။ ပထမအဆင့်ကို ဒီကောင်လေး တစ်ကယ်အောင်မြင်ခဲ့တာကို သူတို့တွေ မယုံနိုင်အောင်ဖြစ်နေကြပါတယ်။

ပြိုင်ပွဲဝင်တစ်ရာကျော် ထွက်သွားခဲ့ရတာကို သိထားဖို့လိုပြီး ပထမအဆင့်ကို အောင်မြင်ခဲ့သူတွေဟာ သူကလွဲရင် အငယ်တန်းနဲ့အကြီးတန်းရဲ့ လက်ရွေးစင်ကျောင်းသားတွေချည်းဖြစ်ပါတယ်။

"အဲ့ဒါကကွာ အဆင့်နိမ့်ဆေးရည်အတွက်ဆိုရင် ဆေးမြစ်နည်းနည်းပဲလိုတာကိုးဟ"

တစ်ခြားတစ်ယောက်က မနှစ်မြို့စွာနဲ့ ဝင်ပြောလိုက်ပါတယ်။

"သူက အဆင့်နိမ့်ဆေးရည်ဖော်စပ်မယ်လို့ မင်းပြောချင်တာလား"

"မင်းက ဘယ်လိုထင်နေလို့တုန်း။ သူကျောင်းကိုရောက်တာ ဘယ်လောက်ကြာသေးလို့လဲဟ။ နောက် သူ့အသက်က ဘယ်လောက်ရှိမလဲ။ ဒီကျောင်းကိုမရောက်ခင်တည်းက ဆေးပညာရပ်ကိုသင်ယူနေခဲ့တယ်ဆိုရင်တောင် ဆယ့်သုံးနှစ်သားကလေးတစ်ယောက်က အလတ်တန်းဆေးရည်ပြုလုပ်နိုင်မယ်လို့ မင်းထင်နေတာလား။ ပေါက်ကရကွာ။ အလတ်တန်းဆေးရည်ကိုပြုလုပ်ဖို့ဆိုရင် အနည်းဆုံးငါးနှစ်တော့ ဆေးပညာကိုသင်ရမှာလေ။ ဒီကလေးက ရှစ်နှစ်သားထဲက ဆေးပညာကို သင်ယူခဲ့မယ်လို့ မင်းထင်သလား"

"အဲ့ဒါလည်း ဟုတ်သားပဲ"

ကျောင်းသားတွေဟာ ရှန်ယန်ရှောင်ကို တစ်ကယ့်ပြိုင်ဖက်လို့ မမြင်တဲ့အကြောင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖောက်သည်ချပြောဆိုကြပါတော့တယ်။

ပြိုင်ပွဲရဲ့ အဓိကအရေးကြီးဆုံးအပိုင်းက ဆေးရည်ပြုလုပ်ခြင်းဖြစ်လို့ အခုအဆင့်မှာ ပထမနေရာကို သူရထားရင်တောင် ဘာမှအရေးမပါပါဘူး။

သူတို့ရှစ်ယောက်ထဲက နှစ်ယောက်သာ အဆင့်နိမ့်ဆေးရည်ကို ပြုလုပ်မှာဖြစ်ပြီး ကျန်လူတွေကတော့ အလတ်တန်းဆေးရည်ပြုလုပ်ကြမှာဖြစ်ပါတယ်။

အဆင့်နိမ့်ဆေးရည်နဲ့ အလတ်တန်းဆေးရည်ရဲ့ ကွာခြားချက်ကို ကလေးတောင်သိပါတယ်။

နည်းပြက သူတို့အားလုံး နေရာမှာရှိမရှိတစ်ချက်ကြည့်ပြီးနောက် ဘာတစ်ခွန်းမှအပိုမပြောတော့ဘဲ အချိန်ကိုကြည့်လိုက်ပြီးနောက် စတင်နိုင်ပြီလို့ ကြေငြာလိုက်ပါတယ်။

ဆေးမြစ်တွေကို ပြင်ဆင်ပြုလုပ်ခြင်းက ဆယ်မိသာကြာမြင့်သင့်ပြီး ဒီဆယ်မိနစ်က သူတို့အတွက် အရေးကြီးပါတယ်။ သူတို့ပြုလုပ်မယ့်ဆေးရည် အောင်မြင်ဖို့ဆိုရင် သူတို့ရဲ့ဆေးမြစ်တွေထဲက တစ်ဝက်လောက်ကို ဒီဆယ်မိနစ်အတွင်းမှာ ပြင်ဆင်ပြီးဖို့လိုအပ်ပါတယ်။

ဒီအချိန်မှာတော့ တစ်ခြားလူတွေ ဘယ်လိုရှိလဲဆိုတဲ့ အပိုအတွေးတွေကို မတွေးနိုင်ကြတော့ပါဘူး။

ချက်ခြင်းပဲ သူတို့အားလုံး သူတို့ရဲ့ဆေးမြစ်တွေကို ပြင်ဆင်ပြုလုပ်ကြပါတော့တယ်။

သူ့လက်ထဲမှာရှိတဲ့ ဆေးမြစ်တွေကို ပြင်ဆင်ပြုလုပ်နေရပြီး မအားမလပ်ဖြစ်နေပေမယ့် ရှန်ဂေါင်းရှောင်တစ်ယောက် ရှန်ယန်ရှောင်ရဲ့ နောက်ကျောကို မကြည့်ဘဲမနေနိုင်ပါဘူး။

အဲ့ကောင်လေးက သေးကွေးတယ်ဆိုပေမယ့် ရှေ့မှာပြုလုပ်နေတဲ့ သူမလက်တွေရဲ့ လှုပ်ရှားမှုအားလုံးကို ကာထားပါတယ်။

ရှန်ယန်ရှောင် ဘာဆေးမြစ်တွေကို ကိုင်တွယ်နေလဲဆိုတာ သိရဖို့အတွက် ရှန်ဂေါင်းရှောင် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့်လည်း ဘာမှမတွေ့ခဲ့ရပါဘူး။

ပြောရမယ်ဆို ရှန်ဂေါင်းရှောင်တင်မကပါဘူး ဘေးကနေကြည့်နေကြတဲ့ ပရိသတ်တွေတောင် သူမ ဘာဆေးမြစ်တွေကို ပြင်ဆင်ပြုလုပ်နေလဲဆိုတာကို မတွေ့ကြရပါဘူး။

ရှန်ယန်ရှောင်က ရှေ့ဆုံးမှာရှိတဲ့ ဆေးစားပွဲကို နေရာယူထားတာဖြစ်ပြီး ဆေးပညာဌာနရဲ့ အမှတ်အသားဖြစ်တဲ့ အလံကလည်း ရှေ့မှာရှိနေတာဖြစ်လို့ သူမအား အများရဲ့မြင်ကွင်းကနေ ကာပေးထားသလိုဖြစ်နေပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၀၉)

ကောင်စုတ်လေးဘာလုပ်နေတာလဲဆိုတာကို ပူလီစီတွေ့ရဖို့ ကြိုးစားခဲ့ပေမယ့် တစ်ကြိမ်မှမအောင်မြင်ခဲ့ပါဘူး။ သူစိတ်ပျက်လွန်းတာကြောင့် အဲ့အလံကိုပါ ခုတ်ဖြတ်ပစ်ဖို့ နည်းပြတွေကို ခိုင်းချင်မိခဲ့ပါတယ်။

ရှန်ယန်ရှောင် ထိုနေရာကိုယူထားခဲ့လို့ လူမြင်ကွင်းကနေ ကောင်းကောင်းကြီးပျောက်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ပွဲကြည့်ပရိသတ်တွေက လည်ပင်းတွေဆန့်ပြီး ကျန်တဲ့ကျောင်းသားကိုးယောက်ကို ကြည့်ကြပါတယ်။ ရှန်ဂေါင်းရှောင်ရဲ့ လျင်မြန်မှုနဲ့အရည်အသွေးက တစ်ခြားလူတွေထက် သာပါတယ်။

ဆေးရည်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအဖြစ် ဆေးမြစ်တွေကို သူ စနစ်ကျနစွာ ပြင်ဆင်ပြုလုပ်နေတာကို ကျောင်းသားတွေ ကြည့်နေကြပါတယ်။ သူတို့မျက်လုံးတွေထဲမှာတော့ အားကျမှုနဲ့မနာလိုမှုတွေ ပြည့်နှက်နေခဲ့တယ်။

ဆေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားအဖြစ် ထိပ်ဆုံးမှာထိုင်နေတဲ့ ရှန်ဂေါင်းရှောင်ရဲ့ အစွမ်းအစက တစ်ကယ်ကောင်းလှပါတယ်။

သူ့လက်ထဲက ဆေးမြစ်၃၅မျိုးကို ပြင်ဆင်ပြုလုပ်ခြင်းအတွက် ရှစ်မိနစ်သာ သူအသုံးပြုခဲ့ရပါတယ်။

ဒီပြင်ဆင်ခြင်းအဆင့်မှာ ပထမဆုံးပြီးစီးခဲ့သူလည်းဖြစ်ပါတယ်။

ရှန်ဂေါင်းရှောင် ဆေးမြစ်တွေကို ပြင်ဆင်အပြီးမှာ နှစ်မိနစ်ကျန်နေပါသေးတယ်။ သူက လက်နှစ်ဖက်ကို လက်သုတ်ပဝါနဲ့အေးအေးဆေးဆေး သုတ်သင်လိုက်ပြီးတော့ မာန်တစ်ခွဲသားနဲ့ခေါင်းမော့လိုက်ကာ အလုပ်များနေဆဲဖြစ်တဲ့ သူ့ရှေ့က ရှန်ယန်ရှောင်ကို လှမ်းကြည့်လိုက်ပါတယ်။

"အလကားပဲ"လို့ ရှန်ဂေါင်းရှောင်ပြောလိုက်တယ်။

ရှန်ယန်ရှောင်ကို ကြည့်နေတဲ့ သူ့နှုတ်ခမ်းက အပေါ်သို့ကွေးတက်သွားခဲ့တယ်။

ဆေးမြစ်နည်းနည်းလောက်ကို ပြင်ဆင်ဖို့အတွက်နဲ့ အချိန်အကြာကြီးလုပ်နေမှတော့ ငါ့ကို ဘယ်လိုယှဉ်မှာတုန်း။

ထို့နောက်မှာတော့ ပြိုင်ပွဲဝင်တစ်ယောက်ပြီးတစ်ယောက် ပြင်ဆင်ပြုလုပ်ခြင်းကို ပြီးသွားကြပါတယ်။

တစ်နေရာလုံးမှာ ရှန်ယန်ရှောင်တစ်ယောက်ပဲ ပြင်ဆင်ပြုလုပ်နေဆဲဖြစ်ပါတယ်။

စက္ကန့်သုံးဆယ်ပဲ ကျန်တော့တဲ့အချိန်ထိကို သူမပုံက ပြီးသေးပုံမပေါ်ပါဘူး။

လင်းရွှမ်တို့တစ်တွေဟာ သူမအစား ချွေးတွေပြန်နေကြပါတယ်။

ပြီးစီးသွားကြတဲ့ ကျောင်းသားတွေကတော့ အလုပ်ရှုပ်နေဆဲဖြစ်တဲ့ ရှန်ယန်ရှောင်ကိုသာ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်ကြပါတယ်။

"အချိန်လည်းဘာမှမကျန်တော့ဘဲနဲ့ အရှုံးပေးလိုက်တာမဟုတ်ဘူး။ ဘယ်လိုနေနေ မင်းနိုင်မယ်လို့ ဘယ်သူမှမျှော်မှန်းမထားကြလို့ လူအထင်ကြီးအောင်တော့ အဲ့လောက်အပင်ပန်းခံမနေတော့နဲ့ကွာ"

ကျောင်းသားတစ်ယောက်က အကျင့်မကောင်းစွာနဲ့ သူမနောက်ကျောကိုကြည့်ပြီး အော်လိုက်ပါတယ်။

"ဘာပဲဖြစ်ဖြစ်လေကွာ မင်းရှုံးသွားတယ်ဆိုရင်တောင် ငွေကုန်မှာက မင်းမဟုတ်သလို ကျောင်းကထွက်ရမှာလည်း မင်းမှမဟုတ်တာကို။ ဘာလို့ဒီလောက် အပင်ပန်းခံနေတာတုန်းဟေ့"

လူတိုင်းရယ်မောလိုက်ကြပါတယ်။ ရှန်ယန်ရှောင် ပထမနေရာကိုရသွားတုန်းက အားလုံးအံ့အားသင့်သွားခဲ့ကြပြီးတော့ အခုအချိန်မှာ အရာရာတိုင်းက ပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။

လှောင်ပြောင်ရယ်မောသံတွေဟာ ချက်ခြင်းထွက်ပေါ်လာပါတယ်။

သူတို့က အသံကို တိုးတိုးမပြောတာကြောင့် တစ်ကွင်းလုံးကြားလိုက်ရပါတယ်။

ပရိသတ်ကြားထဲက တန်နာဇီဟာ မျက်လုံးကိုကျဉ်းလိုက်ပြီးတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ လှုပ်ရှားရန်ပြင်လိုက်ပါတယ်။

နောက်တစ်စက္ကန့်မှာပဲ လက်ဖြူဖြူသွယ်သွယ်တစ်ဖက်က သူ့ပုခုံးကို ဖိထားလိုက်ပြီး သူ့ကိုသတိဝင်သွားစေခဲ့ပြီးတော့ သူလုပ်တော့မယ့်အရာကို မလုပ်ဖြစ်အောင် တားလိုက်ပါတယ်။

ကြူရှီယာရဲ့ မြေခွေးလိုပါးနပ်သောမျက်လုံးတစ်စုံကိုတွေ့လိုက်ရလို့ တန်နာဇီ အံ့သြသွားခဲ့တယ်။

"အေးဆေးပေါ့ကွာ ဘော်ဒါလေးက ဒီငတုံးတွေကို လျစ်လျူရှုထားတာကို မင်းမမြင်ဘူးလားဟင်"

ကြူရှီယာက အပြုံးတစ်ဖက်နဲ့ပြောလိုက်ပါတယ်။

"မင်း ဒီကို ဘာကြောင့်ရောက်လာတာတုန်း"

တန်နာဇီက ကြူရှီယာကို ဘာပြောရမှန်းမသိဘဲ ကြည့်လိုက်ပါတယ်။ ဒီနေ့မှာ ဌာနအားလုံး ပြိုင်ပွဲတွေရှိပါတယ်။ ဒီတော့က ကြူရှီယာအဖို့ သူ့မှော်ပညာဌာနမှာပဲ ရှိနေသင့်တာလေ။

ကြူရှီယာက မျက်ခုံးပင့်လိုက်ပြီးတော့ ရှန်ယန်ရှောင်အားလှမ်းကြည့်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သဘောကောင်းပြီးထူးမခြားနားပုံစံမျိုးနဲ့ ပြန်ပြောလိုက်ပါတယ်။

"တစ်စက္ကန့်အတွင်းမှာ တစ်ချက်လှုပ်ရုံနဲ့ ပြီးနိုင်တဲ့ကိစ္စတွေကို ငါ အချိန်ဖြုန်းနေမယ်လို့ မင်းထင်နေတာလား"

တန်နာဇီပါးစပ်က ထိန်းမရဘဲ တွန့်သွားခဲ့ပါတယ်။ ဆေးပညာဌာနရဲ့ နံပါတ်တစ်နေရာကို ရှန်ဂေါင်းရှောင်က တဖြည်းဖြည်းချင်းရယူခဲ့တာဆိုရင် ဒီမိစ္ဆာကောင် ကြူရှီယာကတော့ ကျောင်းသားတိုင်းရဲ့ ယုံကြည်မှုတွေကို တစ်စစီချေမွဖျက်စီးပြီး မှော်ပညာဌာနရဲ့ နံပါတ်တစ်နေရာကို ယူထားခဲ့တာဖြစ်ပါတယ်။

All Chapters