အခန်း (၃၁၆-၃၁၈)
Vol. 22 Ch. 316-318
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၁၆)
နည်းပြတစ်ယောက်က မျက်ခုံးပင့်ပြီး ရှန်ယန်ရှောင်ကို မေးလိုက်ပါတော့တယ်။
"မင်းဆေးပုလင်းက ကျရှုံးဆေးရည်လား"
ရှန်ယန်ရှောင်က ပြုံးလိုက်ပြီးတော့ ခေါင်းခါကာ ဖြေလိုက်တာကတော့"ဒီဆေးရည်က အောင်မြင်တဲ့ဆေးရည်ပါ"
နည်းပြတစ်ချို့က သူမရဲ့အဖြေကြောင့် မှုန်ကုပ်ကုပ်ဖြစ်သွားခဲ့ပါတယ်။
ဆေးရည်ကို နောက်တစ်ခေါက် ထပ်ကြည့်ရှုစစ်ဆေးလိုက်သော်လည်း ဘာမှမသိခဲ့ကြပြန်ပါဘူး။
"အဲ့ဒါဆို ဒါက ဘာဆေးရည်လဲကွာ"
သူတို့အနေနဲ့ ဒီဆေးရည်ပုလင်းက ဘာမှန်းသိဖို့ မဖြစ်နိုင်တာကြောင့် နည်းပြတွေအနေနဲ့ သူမကိုပဲ မေးလိုက်ရပါတော့တယ်။
"ဘယ်လို...နည်းပြတစ်ယောက်မှ ဒီဆေးရည်ကို မသိကြဘူးလား"လို့ မျက်ခုံးတစ်ချက်ပင့်ကာ ပြန်မေးလိုက်တဲ့ ရှန်ယန်ရှောင်ကိုယ်တိုင်လည်း ဒီဆေးရည်အမည်ကို မသိထားပါဘူး။[ဝှက်သည်ဟက်]
ရှန်ယန်ရှောင်က သူတို့ရဲ့မေးခွန်းကို အမေးနဲ့ပြန်တုံ့ပြန်ခဲ့လို့ လေးစားမှုခံကြရတဲ့ နည်းပြတွေ မျက်နှာတွေနီတက်သွားရပါတယ်။[ဟီးဟီး]
တစ်ကယ်လည်း သူတို့အနေနဲ့ ဒီဆေးရည်ကို အမည်နာမမခွဲခြားနိုင်တာကြောင့် ထိရှနေရပါတယ်။ ဒီဆေးရည်ကို ကျောင်းသားသစ်တစ်ယောက်က ပြုလုပ်ထားခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ ပါဝင်ဆေးဖက်တွေကိုလည်း မသိဘူးဖြစ်နေပါတယ်။ ဒါက တစ်ကယ့်ကို ရှက်စရာကြီးပါ။
ခန်းမထဲကအနေအထားက တစ်မျိုးကြီးဖြစ်လာပါတယ်။ ရှန်ယန်ရှောင်က ဆေးရည်ရဲ့ဇစ်မြစ်ကို မရှင်းပြချင်သလို နည်းပြတွေကလည်း ဆေးရည်ကို မခွဲခြားပြနိုင်ဘူးဖြစ်နေရပါတယ်။
သူတို့အနေနဲ့ ပြောစရာစကားမရှိတော့အောင် ဖြစ်သွားရပေမယ့် ဒီကျောင်းသားသစ်လေးက ပြဿနာရှာနေတာပဲလို့ သူတို့တွေးလိုက်ကြပါတယ်။ ဘာလို့လဲဆိုရင် သူ ဘာဆေးရည်ကိုပဲဖော်စပ်ဖော်စပ် ရှန်ဂေါင်းရှောင်ရဲ့ နက်ရှိုင်းမှော်အားဆေးရည်ကို အနိုင်ယူနိုင်ဖို့က လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲက တန်နာဇီနဲ့ ဆက်စပ်နေပါတယ်။ ရှန်ယန်ရှောင်ရှုံးနိမ့်ရခြင်းရဲ့ အကြောင်းရင်းကို သူတို့က ရှင်းရှင်းလင်းလင်းမပြောနိုင်ခဲ့ဘဲ တန်နာဇီကလည်း သူတို့ကြားထားသလိုမျိုးသာ တော်ဝင်ရိုလန်ကျောင်းကနေ တစ်ကယ်ထွက်သွားရမယ်ဆိုရင် သူတို့တိုင်ပတ်ပါပြီ။
တန်နာဇီဟာ လိပ်နက်မျိုးနွယ်ကဖြစ်ပါတယ်။ သူတို့ရဲ့ အပေါ်ယံအကဲဖြတ်ချက်ကြောင့် တန်နာဇီကို ကျောင်းထွက်စေခဲ့ရရင် လိပ်နက်မျိုးနွယ်ရဲ့ တုံ့ပြန်မှုကို သူတို့လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။
သူတို့ဟာ သာမန်နည်းပြလေးတွေသာဖြစ်ပြီး လိပ်နက်မျိုးနွယ်ကို ရင်မဆိုင်ရဲပါဘူး။
ဒါကြောင့် မျှမျှတတဖြစ်စေရန်အလို့ငှာ သူတို့အနေနဲ့ ခေါင်းချင်းရိုက်ပြီး ဆွေးနွေးခန်းဖွင့်ရပါတော့တယ်။
ပွဲကြည့်ကျောင်းသားတွေက အဖြေကိုသိရဖို့ အချိန်အကြာကြီးစောင့်နေခဲ့ကြပြီး စိတ်မရှည်တဲ့ကျောင်းသားတွေကတော့ လည်ပင်းတဆန့်ဆန့်နဲ့ ပြိုင်ပွဲကွင်းကို လှမ်းလှမ်းကြည့်နေကြပါပြီ။
"ဘာဖြစ်နေတာလဲမသိဘူး။ သူတို့က ရှန်ဂျူရဲ့ဆေးရည်ကို အခုထိကြည့်လို့မပြီးသေးဘူးလား။ ဘာသတင်းမှလည်း မကြားရသေးဘူးကွာ"
အစကတော့ သူတို့ဟာ ပြိုင်ပွဲကပြီးတော့မှာလို့ တွေးထားခဲ့ကြတာဖြစ်ပြီး ရုတ်တရက်ကြီး ရပ်ဆိုင်းသွားတာကြောင့် ကျောင်းသားအချို့အား ထူးလှပါလားဆိုသော ခံစားမှုမျိုးကို ခံစားစေခဲ့ရပါတယ်။
"ငါလည်းမသိဘူးကွာ ကြည့်ရတာတော့ နည်းပြတွေက ရှန်ဂျူလုပ်တဲ့ဆေးရည်ကို ဘာမှန်းမသိဖြစ်နေပုံပဲကွ"
"..အဲ့ဒါက ဆေးရည်ရော ဟုတ်ရဲ့လားကွာ။ ငါဖြင့် သူတလွဲလုပ်တာတွေ့လိုက်ပါတယ် နောက်တော့ အဲ့ဆေးရည်က ကျရှုံးသွားခဲ့တာကြီးကို"
"အဲ့ဒါသာ ကျရှုံးတာဆိုရင် နည်းပြတွေက ဒီလောက်ကြာနေပါ့မလားဟ"
ကျောင်းသားတစ်ချို့က နည်းပြတွေရဲ့ အပြုအမူကိုတွေ့လိုက်ရတော့ သိချင်စိတ်တွေ ပြင်းပြသွားရပါတယ်။
ကျောင်းသားသစ်တစ်ယောက်ပြုလုပ်တဲ့ ဆေးရည်က နည်းပြအများကြီးကို မျက်နှာပျက်စေခဲ့တယ်လေ။ ဒါက တစ်ကယ့်ကို ထူးဆန်းတာပဲ။
"ရှောင်လေးရဲ့ အဲ့ဆေးရည်ကို မင်းအရင်က မြင်ဖူးလား"လို့ ကြူရှီယာက မျက်လုံးကိုမှေးလိုက်ပြီး တန်နာဇီအားမေးလိုက်ပါတယ်။
တန်နာဇီက ခေါင်းကို သွက်သွက်ခါအောင် ရမ်းပြလိုက်ပါတယ်။
"တစ်ခါမှ မမြင်ဖူးဘူးဟ။ သူမ ရဲချင်ဆီသွားပြီးတည်းက သူမ လုပ်တဲ့ဆေးရည်တွေအကြောင်း ဘာမှ မသိရတော့ဘူး"
ကြူရှီယာက မေးကိုပွတ်လိုက်ပြီးတော့ ဘာမှထပ်မမေးတော့ပါဘူး။
နည်းပြတွေဟာ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုချလိုက်ကြပါတယ်။ သူတို့အားလုံး သူမရဲ့ ဆေးရည်ကို မခွဲခြားနိုင်သလို သူမကိုလည်း မေးလို့မရတာကြောင့် ဒီနေ့ကြွရောက်လာခဲ့တဲ့ ပူလီစီကိုသာ ဖိတ်ခေါ်ဖို့ပဲ ရှိပါတော့တယ်။
သမားတော်ကြီးဖြစ်တဲ့ ပူလီစီကိုယ်တိုင် ရှန်ယန်ရှောင်လုပ်ထားတဲ့ ဆေးရည်က ဘာဆေးရည်လဲဆိုတာကို ဆုံးဖြတ်ခိုင်းမှာဖြစ်ပါတယ်။
ဒီနည်းပြတွေက တစ်ကယ်ဆို လိမ္မာပါးနပ်လွန်းကြပါတယ်။ အခြေအနေအရ သူတို့ဘယ်လိုပုံစံနဲ့ အဖြေကိုကြေငြာကြေငြာ တန်နာဇီနဲ့ ဆန့်ကျင့်ဖက်ဖြစ်နေမှာကို သူတို့စိုးရိမ်နေကြတာဖြစ်ပါတယ်။
ဒါကြောင့် ရှန်ယန်ရှောင်ရဲ့ ဆေးရည်အပေါ်အကဲဖြတ်မှုကို ပူလီစီထံ လွှဲပေးလိုက်တာ ပိုကောင်းပါတယ်။ ဒါဆိုရင် သမားတော်ကြီးဆိုတဲ့ အမည်နာမအောက်မှာ မျှတသွားမှာဖြစ်ပါတယ်။
ဖိတ်ကြားမှုရတာနဲ့ ပူလီစီက တုံ့ဆိုင်းမနေတော့ဘဲ ခန်းမအလယ်ကို သွားလိုက်ပါတော့တယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၁၇)
ဒီမကောင်းဆိုးရွားကလေးက ဘယ်လိုဆန်းပြားတဲ့ ဆေးရည်ကိုများပြုလုပ်ထားလဲဆိုတာ သူ မြင်ချင်နေမိပါတယ်။
နည်းပြတွေက ပူလီစီကိုဖိတ်ခေါ်လိုက်တာကို တွေ့လိုက်ရတဲ့ ရှန်ယန်ရှောင်က ရယ်ခိုးလိုက်ပါတယ်။ ပူလီစီတောင် ဒီဆေးရည်ကို ဘာဆေးရည်မှန်း မပြောနိုင်ဘူးဆိုရင်တော့ သမားတော်ကြီးဆိုတဲ့ သူ့ဂုဏ်ပုဒ်က ရယ်စရာတစ်ခုဖြစ်သွားတော့မှာပါ။
ဘယ်လိုဖြစ်နေပါစေ သူမကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီးတော့ နှုတ်ပိတ်နေမှာဖြစ်ပါတယ်။ ကိစ္စတော့မရှိပါဘူးလေ ဒီလူတွေက သူမဆီကနေ ဒီဆေးရည်အကြောင်းမေးရမှာကို ရှက်နေကြမှာပါပဲ။
ပူလီစီက ဆေးရည်ပုလင်းထားထားတဲ့ စားပွဲဆီသွားလိုက်ပါတယ်။ ပြိုင်ပွဲဝင်ကျောင်းသားတေါကတော့ ရိုကျိုးလေးစားစွာနဲ့ စားပွဲရဲ့တစ်ဖက်မှာ ရပ်နေကြပါတယ်။ ပူလီစီဆီသွားလိုက်တဲ့ ရှန်ဂေါင်းရှောင်တောင် ရိုသေမှုအပြည့်နဲ့ဖြစ်ပါတယ်။
သူတို့လုပ်သလိုမလုပ်တာဆိုလို့ ရှန်ယန်ရှောင်တစ်ယောက်ပဲ ရှိပါတယ်။ သူမလက်တွေက ပိုက်လျက်သားရှိနေပြီး တည်ငြိမ်စွာရပ်နေကာ လာမရှုပ်နဲ့ဆိုတဲ့ အထာနဲ့ဖြစ်ပါတယ်။ သူမရဲ့ပါးစပ်မှာ ဘာအပြုံးမှမရှိသလို ပူလီစီကို တစ်ချက်လေးတောင် လေးစားမှုမပြခဲ့ပါဘူး။
ဒီလူယုတ်ကို လေးစားနေလို့ အပိုပါပဲ။ ဒီသဘောထားသေးသိမ်လှတဲ့ အဖိုးကြီးအပေါ်မှာ သူမက ဘာမှ ဟန်ဆောင်ပြီး လေးစားရိုသေပြနေမှာမဟုတ်ပါဘူး။ သူမခေါင်းကို အခုချိန်မှာ ညွတ်လိုက်ပြီး အရိုအသေပေးလိုက်ရင်တောင် ဒီအဖိုးကြီးဆီကနေ ချစ်ခင်နှစ်သက်မှုတစ်စက်မှ ပြန်ရမှာမဟုတ်ဘူးလေ။ ဒီတော့ သူမကဘာဖြစ်လို့ သမားတော်ကြီးနဲ့မတူတဲ့ ဒီအဖိုးကြီးကို လေးစားနေရဦးမှာလဲ။
ရှန်ယန်ရှောင်ကို ကြည့်လိုက်တဲ့ ပူလီစီက မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။
ဒီလောကနီတိမသိတဲ့ ကောင်စုတ်ကတော့ကွာ။
ရှန်ယန်ရှောင်က သူ့အားအကြည့်တစ်ချက်ပေးလိုက်ပြီးနောက် မူလအတိုင်းပြန်နေလိုက်ပါတယ်။
ဒီအဖိုးကြီးက စိတ်ကောင်းနှလုံးကောင်းကို မရှိဘူးကိုး။
အဖိုးကြီးနဲ့လူငယ်ကလေးရဲ့ ကြားထဲက အေးစက်ပေါက်ကွဲနေတဲ့ ဆက်ဆံရေးကို မြင်လိုက်ရတဲ့ နည်းပြတွေအားလုံး သေးထွက်မတတ် လန့်သွားကြပြီး ချွေးတွေနစ်သွားရပါတယ်။
ဒီလူနှစ်ယောက်ဆုံတာနဲ့ မိုးကြိုးမုန်တိုင်းဖြစ်နေသလိုပါပဲ။
"သမားတော်ကြီးပူလီစီကို ဒုက္ခပေးမိခဲ့ပြီ"လို့ နည်းပြတစ်ယောက်က အခြေအနေပိုဆိုးမသွားစေဖို့အတွက် မြန်မြန်ထပြောလိုက်ပါတယ်။
ပူလီစီက ရှန်ယန်ရှောင်ရဲ့ ဆေးပုလင်းဆီကို မသွားချင်သွားချင်နဲ့ သွားလိုက်ပြီးတော့ စက်ဆုပ်စွာနဲ့ ပုလင်းကိုကောက်ယူလိုက်ကာ အနံ့ခံဖို့အတွက် နှာခေါင်းအောက်ကို ထားလိုက်ပါတယ်။
ဆေးမြစ်တွေရဲ့ အနံ့ပျပျက သူ့နှာဝကို ကျီစယ်သွားပါတယ်။ ဒီရနံ့က တစ်မူထူးနေပြီး တစ်ခြားဆေးရည်တွေလိုမျိုး အနံ့မပြင်းသလို ထူးခြားကောင်းမွန်တဲ့အနံ့မဟုတ်တဲ့အပြင် လူတစ်ယောက်ရဲ့ အာရုံကိုလည်း လာထိပါးမှုလည်း မရှိပါဘူး။
ခံစားချက်ကို သူ ထုတ်ဖော်မပြနိုင်ဘူးဖြစ်နေပါတယ်။
ပူလီစီ အနံ့ခံကြည့်လိုက်မိချိန်မှာ သူ တုန့်ကနဲဖြစ်သွားခဲ့တယ်။
ဒီ အနံ့....
သူ ဒီအနံ့ကို မှတ်မိသွားခဲ့ပါပြီ။
လွန်ခဲ့သောလအချို့တုန်းက ရဲချင်က သူ့အခန်းကို ကိစ္စတစ်ခုဆွေးနွေးဖို့အတွက် ပူလီစီကိုခေါ်ခဲ့ပါတယ်။ ဒီထူးဆန်းတဲ့အနံ့ကို အဲ့အချိန်တုန်းက ရရှိခဲ့တာဖြစ်ပါတယ်။
အဲ့တုန်းက သူလည်း သိချင်ခဲ့လို့ ရဲချင်ကိုမေးခဲ့ပါတယ်။
ရဲချင်က သူ့ကိုပြန်ပြောခဲ့တာကတော့ အလတ်တန်းဆေးရည်အသစ် ဖော်စပ်ပြုလုပ်နေတာလို့ဖြစ်ပါတယ်။
သမားတော်ကြီးတစ်ယောက်က အလတ်တန်းဆေးရည်ကို ပြုလုပ်နေတာတဲ့လား။ ဒီအဖြစ်က ပူလီစီကို အံ့သြစေခဲ့ပါတယ်။
ဒီတော့ ရဲချင်ကနေပြီး ဆေးနည်းနဲ့ ဆေးစွမ်းကို ပြောပြလိုက်ချိန်မှာ ပူလီစီဟာ မိုးကြိုးပစ်ခံရသလို ဖြစ်သွားခဲ့ရပါတယ်။
အဲ့ဆေးရည်ကို သေဟန်ဆောင်ဆေးရည်လို့ ခေါ်ပါတယ်။ ဒီဆေးရည်စာ လူတစ်ယောက်ရဲ့ အသက်ရှင်မှုလက္ခဏာရပ်အားလုံးကို အချိန်တိုလောက်ရပ်တံ့စေနိုင်ပါတယ်။ နှလုံးခုန်တာ၊ သွေးခုန်တာ၊ အသက်ရှူခြင်းအပြင် ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုပါ လျှော့ပစ်မှာဖြစ်ပြီး တစ်ကယ်သေသွားသလိုမျိုး ဖြစ်စေမှာပါ။
တစ်ယောက်ယောက်က သေဟန်ဆောင်ဆေးရည်ကို သောက်လိုက်ပြီး မြေပေါ်မှာ လှဲနေလိုက်ရင် ဖြတ်သွားဖြတ်လာလူအားလုံးက သူ့ကို တစ်ကယ့်လူသေလိုမျိုး ဆက်ဆံသွားမှာဖြစ်ပါတယ်။
အရင်တုန်းက သေဟန်ဆောင်ဆေးရည်လိုမျိုး ဆေးရည်တွေ မရှိခဲ့တာမဟုတ်ပါဘူး ရှိပါတယ်။ ဒါပေမယ့် အဲ့ဆေးရည်တွေအားလုံးမှာ တူညီတဲ့ ပြဿနာတစ်ခုရှိပါတယ်။
ဒါကတော့ ခန္ဓာကိုယ်အပူချိန်ကို မထိန်းညှိနိုင်ခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ ကိုယ်အပူချိန်က အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားတဲ့အခါမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပါတယ်။
အဲ့အခါမှာ တစ်ကယ်သေဆုံးသွားမှာဖြစ်ပြီး သေဟန်ဆောင်တာလည်း မလိုတော့ပါဘူး။
ရဲချင်ရဲ့ သေဟန်ဆောင်ဆေးရည်ကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ရုံသာမက လူတွေရဲ့အသက်ကိုလည်း ကယ်တင်နိုင်ပါသေးတယ်။ ဆေးရည်က လူတစ်ယောက်အား ယာယီသေစေနိုင်ပြီး ဆေးရှိန်ပြယ်တဲ့အခါမှာ အသက်ပြန်ရှင်လာစေမှာ ဖြစ်ပါတယ်။
ဒီဆေးရည်က ဆင်တူဆေးရည်တွေအတွက် ဆန်းသစ်ဖောက်ထွက်မှုတစ်ခုဖြစ်ပါတယ်။ ဒီဆေးရည်က လုံးဝကို အသစ်စက်စက်ပါပဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၁၈)
ဒီဆေးရည်ကို အလတ်တန်းအဆင့်လို့သာ သတ်မှတ်ရပေမယ့် ဆေးစွမ်းဟာ အဆင့်မြင့်ဆေးရည်တွေနဲ့ တစ်တန်းထဲဆိုတာကို ပူလီစီနားလည်ပါတယ်။
အတိတ်ကနေ ပူလီစီပြန်နိုးထလာချိန်မှာတော့ သူ့လက်ထဲမှာရှိတဲ့ ခရမ်းရောင်ဆေးရည်ပုလင်းကို အလွန်အံ့သြတုန်လှုပ်စွာ ကြည့်လိုက်မိပါတယ်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။
ဒီကောင်စုတ်က သေဟန်ဆောင်ဆေးရည်ကို ဘယ်လိုလုပ်ပြီး ပြုလုပ်နိုင်ရတာလဲ။
ဒီဆေးရည်က အလတ်တန်းအဆင့်ဆေးရည်ဆိုသော်လည်း ဆေးရည်ပြုလုပ်ခြင်းမှာ အလွန်အမင်း ခက်ခဲကြမ်းတမ်းပါတယ်။ ဖော်စပ်သူအနေနဲ့ အရင်ဦးဆုံး ဆေးရည်နှစ်မျိုးကို တစ်ချိန်ထဲမှာ ပြုလုပ်ရမှာဖြစ်ပြီး ပြီးဆုံးတဲ့အခါမှာ အလွန်အာနိသင်ပြင်းသော ခရပ်အစ်မြက်ကို ကြားခံအဖြစ်အသုံးပြုပြီးတော့ ဆေးရည်နှစ်မျိုးကို ရောစပ်ရမှာဖြစ်ပါတယ်။
မတူတဲ့ဆေးရည်နှစ်မျိုးပါ....
နောက်ပြီး ခရပ်အစ်မြက်လည်း ရှိသေးတယ်...
ပူလီစီ အသက်တစ်ချက်ရှိုက်လိုက်ပြီးတော့ ရှန်ယန်ရှောင်ရှိနေတဲ့နေရာကို စိုက်ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးနှစ်လုံးနဲ့ သူမကိုယ်လုံးကို အပေါက်တွေဖြစ်သွားအောင် လုပ်လို့ရချင်နေမိပါတယ်။
အခုမတိုင်ခင်တုန်းက ရှန်ယန်ရှောင်က ခရပ်အစ်မြက်ကို တစ်ခြားဆေးမြစ်နဲ့မှားယွင်းယူခဲ့မိတာဆိုပြီး သူ သရော်ခဲ့မိပါတယ်။
အခုကတော့ သူမက အမှားလုပ်ခဲ့မိပုံမပေါ်ပါဘူး။
အစတည်းက သူမရဲ့ ဦးတည်ချက်ဟာ ခရပ်အစ်မြက်ကို ယူဖို့ပဲဖြစ်ပါတော့တယ်။
အဲ့ဒီနောက်မှာတော့ တစ်ချိန်ထဲမှာပဲ သူမ ဆေးရည်နှစ်မျိုးပြုလုပ်ခဲ့တာကို သူ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ပါတယ်။ ပူလီစီအနေနဲ့ မယုံချင်ရင်တောင် သူ့ရှေ့မှာရှိနေတဲ့ အချက်တွေကိုပဲ လက်ခံရတော့မှာဖြစ်ပါတယ်။
ရှန်ယန်ရှောင်က သေဟန်ဆောင်ဆေးရည်ကို တစ်ကယ်ကြီးပြုလုပ်နိုင်ခဲ့ပါတယ်။
အသက်၁၃နှစ်သာရှိသေးပြီး ကျောင်းကိုရောက်တာ ခြောက်လမပြည့်သေးတဲ့ ဒီကောင်စုတ်လေးက ဒီလိုဆေးရည်မျိုးကို တစ်ကယ်လုပ်နိုင်ခဲ့တယ်ပေါ့...
ဒီအဖြစ်က တစ်ကယ့်ကို မယုံနိုင်စရာကောင်းလှပါတယ်။
ဆေးရည်နှစ်မျိုးကို ပြုလုပ်ရတာ အရမ်းကြီးမခက်ပေမယ့် ဆေးရည်တစ်မျိုးစီမှာ ပြောင်းလဲမှုလိုအပ်ပြီး ပြောင်းရမယ့်အပိုင်းကို ဆုံးဖြတ်ရတာက သေဟန်ဆောင်ဆေးရည်ရဲ့ အခက်ဆုံးအပိုင်းဖြစ်ပါတယ်။
တစ်ချက်လေးလွဲချော်တာနဲ့ ကျရှုံးသွားမှာပါ။
သူ့လက်ထဲမှာရှိနေတဲ့ သေဟန်ဆောင်ဆေးရည်ကတော့ သန့်စင်နေပြီးတော့ ရဲချင်ရဲ့ဆေးရည်နဲ့ ဘာမှကွဲပြားမှုမရှိပါဘူး။
ပူလီစီ သက်မတစ်ချက်ရှိုက်လိုက်ပြီးတော့ ရှန်ယန်ရှောင်အား စိုက်ကြည့်လိုက်ပါတယ်။
ဒီမကောင်းဆိုးရွားလေးမှာ ဘာကြောင့်မို့ ဒီလိုအရည်အချင်းကြီးရှိနေရတာလဲ။ အများပြည်သူကို မကြေငြာရသေးတဲ့ ရဲချင်ရဲ့ သေဟန်ဆောင်ဆေးရည်ကို ပြုလုပ်နိုင်ခဲ့ရုံတင်မကဘဲ ပြည့်စုံအောင် လုပ်နိုင်ခဲ့ပါသေးတယ်။
သူမှတ်မိသလောက်ဆိုရင် စာကြည့်တိုက်ထဲကို ကောင်လေးရောက်တာ တစ်ပတ်သာရှိပါသေးတယ်။
ဒီတစ်ပတ်ထဲနဲ့ သူမက အလတ်တန်းဆေးရည်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ဆေးရည်ကို ဖော်စပ်နိုင်ခဲ့ပြီတဲ့လေ။ ဒါက ရူးကြောင်ကြောင်နိုင်လှပါတယ်။
"သမားတော်ကြီးပူလီစီ"ဆိုပြီး ပူလီစီအသက်ရှူသံက ကြောက်ဖို့ကောင်းလာတာကြောင့် ဘေးမှာရှိတဲ့ နည်းပြတွေက မေးလိုက်ရပါတယ်။
ပူလီစီက ဟင့်ကနဲသာအေးစက်စက် အသံပြုလိုက်ပြီးနောက် ဆေးပုလင်းကို နည်းပြဆီပေးလိုက်ပါတယ်။ ထို့နောက် ရှန်ယန်ရှောင်ကို လှမ်းကြည့်လိုက်တယ်။
"မင်း ဒီပြိုင်ပွဲကို အနိုင်ရတယ်"
ဘာဖြစ်တာ...
ပူလီစီရဲ့ မှတ်ချက်ပေးစကားကြောင့် အားလုံး ကြောင်တောင်တောင်ဖြစ်သွားခဲ့ကြပါတယ်။
ဘာတွေဖြစ်ပျက်ကုန်တာတုန်း...
ရှန်ယန်ရှောင်လုပ်တဲ့ ဆေးရည်ကို စစ်ဆေးပြီးတာနဲ့ ရှန်ယန်ရှောင် ဒီပြိုင်ပွဲကို အနိုင်ရတယ်လို့ ပူလီစီက ဘာကြောင့်ကြေငြာရတာလဲ။
ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ရှန်ဂေါင်းရှောင်ရဲ့ နက်ရှိုင်းမှော်အားဆေးရည်ကတောင် အနိုင်မရရအောင် ရှန်ယန်ရှောင်က ဘာဆေးရည်ကို ဖော်စပ်ပြုလုပ်ခဲ့တာလဲ။
"သမားတော်ကြီးပူလီစီ ဘာတွေဖြစ်နေတာလဲဗျ"
ဘယ်လိုမှ ဆက်စပ်တွေးမရတာကြောင့် နည်းပြထဲက နှစ်ယောက်က မေးမြန်းလိုက်တာဖြစ်ပါတယ်။
"ဒီကလေးက သမားတော်ကြီးရဲချင် အသစ်တီထွင်ထားတဲ့ သေဟန်ဆောင်ဆေးရည်ကို ပြုလုပ်ခဲ့တာပဲ။ ဒီဆေးရည်က အလတ်တန်းဆေးရည်တွေထဲမှာ အမြင့်ဆုံးပဲ"ဟု ပူလီစီက စူပုပ်စွာနဲ့ပြောလိုက်ပါတယ်။
ဝန်မခံချင်ပေမယ့်လည်း ဒီတစ်ခေါက် ရှန်ဂေါင်းရှောင်ရဲ့ အရေးနိမ့်မှုကို သူလက်ခံအသိအမှတ်ပြုရမှာဖြစ်ပါတယ်။
နက်ရှိုင်းမှော်အားဆေးရည်ဟာ အစွမ်းထက်ပေမယ့် သေဟန်ဆောင်ဆေးရည်နဲ့ယှဉ်ရင်တော့ မိုင်ပေါင်းများစွာအဝေးမှာ ကျန်ရစ်ခဲ့ပါပြီ။
"သမားတော်ကြီး ရဲ..ချင်..ရဲ့ ဆေး..ရည် အသစ်လား"
ဒီအချိန်မှာတော့ နည်းပြတွေရဲ့ လေသံက ပြောင်းလဲသွားခဲ့ပါပြီ။
ရဲချင်ဆိုတာ ဘယ်သူမှတ်နေလို့တုန်း။ ရှန်ယန်ရှောင်က ရဲချင်တီထွင်ဖန်တီးထားတဲ့ ဆေးရည်အသစ်ကို တစ်ကယ်လက်တွေ့ ပြုလုပ်နိုင်ခဲ့တာလား။