အခန်း (၃၁၉-၃၂၁)
Vol. 22 Ch. 319-321
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၁၉)
ရှန်ယန်ရှောင်ကို ကြည့်နေကြတဲ့ မျက်လုံးအားလုံးမှာ အလွန်အမင်းကြောက်ရွံ့စိုးထိတ်မှုတွေ ဖြစ်ပေါ်သွားခဲ့ကြပါတယ်။
တစ်ဦးက လောင်းရွှမ်တိုင်းပြည်ရဲ့ အစွမ်းအထက်ဆုံး သမားတော်ကြီးဖြစ်ပြီး နောက်တစ်လူကတော့ ဆေးပညာဌာနရဲ့ လူမသိသူမသိ ကျောင်းသားသစ်ဖြစ်ပါတယ်။
ကောင်းကင်နဲ့မြေကြီးလို ကွာခြားလှတဲ့ သူတို့နှစ်ဦးကို သေဟန်ဆောင်ဆေးရည်တစ်ပုလင်းက ချိတ်ဆက်တွဲဖက်ပေးလိုက်ပါတယ်။
သေဟန်ဆောင်ဆေးရည်ပုလင်းနဲ့ ရဲချင်ကို နည်းပြတွေအနေနဲ့ တွဲမမြင်ဘဲ မနေနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့နားမလည်တဲ့တစ်ချက်ကတော့ ကျောင်းသားသစ်လေးဖြစ်တဲ့ ရှန်ယန်ရှောင်က သမားတော်ကြီးရဲချင်ရဲက ဆေးရည်အသစ်ကို ဘယ်လိုလုပ်ပြီး ပြုလုပ်နိုင်လဲဆိုတာကိုပေါ့။
အဲ့ဒီလိုများ ဖြစ်နိုင်မလားမသိဘူး....
ကြောက်မက်ဖွယ်အတွေးတစ်ခုက နည်းပြတွေအတွေးထဲကို ရိုက်ခတ်သွားခဲ့ပါတယ်။ သူတို့အားလုံး နေရာမှာတင် မတ်တတ်မေ့သွားခဲ့ကြရပါတယ်။
ပူလီစီရဲ့စကားကြောင့် ရှန်ဂေါင်းရှောင်မျက်နှာ ဖြူဆွတ်သွားခဲ့ရတယ်။ တစ်ခြားလူတွေကသာ ရှန်ယန်ရှောင်နဲ့ရဲချင်ရဲ့ ဆက်ဆံရေးကိုမသိကြပေမယ့် ထိုနေ့မှာ ရဲချင်က ရှန်ယန်ရှောင်အား လက်ထောက်အဖြစ် လက်ခံခဲ့တာကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ သေဟန်ဆောင်ဆေးရည်ကို ရှန်ယန်ရှောင်အား ရဲချင်ကိုယ်တိုင်သင်ကြားပေးထားဟန်တူပါတယ်။
ရှန်ဂေါင်းရှောင် မျက်နှာကြီးသုန်မှုန်သွားပါတယ်။ သူလည်း ပူလီစီရဲ့သင်ကြားမှုကို ခံယူရရှိနေပေမယ့် ရဲချင်နဲ့ယှဉ်ရင် ပူလီစီက ဘာတတ်နိုင်မှာလဲ။
ဒီကောင်စုတ်လေးလက်အောက်မှာ သူ တစ်ကယ်အရေးနိမ့်ခဲ့ပြီလား။
ခန်းမထဲက အနေအထားဟာ လုံးဝထူးဆန်းနေပါတယ်။ ပွဲကြည့်ပရိသတ်ကျောင်းသားတွေဟာ စိတ်လှုပ်ရှားစွာနဲ့ အထဲကအခြေအနေကို ကြည့်နေကြပါတယ်။
ပူလီစီက ရှန်ယန်ရှောင်အနိုင်ရသွားကြောင်း ကြေငြာလိုက်တော့ လူတိုင်း အံ့သြတုန်လှုပ်သွားကြပါတယ်။
နောက်နေတာလား...
ကျောင်းသားသစ်ကလေးလေးရဲ့ ဆေးရည်က ရှန်ဂေါင်းရှောင်ရဲ့ နက်ရှိုင်းမှော်အားဆေးရည်ထက် ပိုစွမ်းသတဲ့လား။
ရဲချင်ရဲ့ နာမည်ကို ပူလီစီထုတ်ပြောလိုက်တဲ့အခါ လူတိုင်း ပိုပြီး ရူးကြောင်ကြောင်ဖြစ်သွားကြပါတယ်။
ကျောင်းသားသစ်တစ်ယောက်က ရဲချင်တီထွင်ဖန်တီးထားတဲ့ ဆေးရည်အသစ်ကို ဖော်စပ်ပြုလုပ်ခဲ့သတဲ့။ ဒါက ဘယ်လိုကြီးတုန်းဟ။
ရဲချင်...အဲ့ဒါ ရဲချင်လေ။
လောင်းရွှမ်တစ်ပြည်လုံးက သမားတော်တိုင်းရဲ့ နှလုံးသည်းပွတ်ဖြစ်သူပါ။ ဘယ်သူမှ သူ့ကိုမကျော်နိုင်ပါဘူး။
"အဲ့ရှန်ဂျူက ဘယ်လိုလုပ်ပြီးတော့ သမားတော်ကြီးရဲချင်နဲ့ ပတ်သတ်နေတာတုန်း"
လူတိုင်း ကြောင်စီစီဖြစ်သွားခဲ့တယ်။ သူတို့နားတွေက ကြားလိုက်ရသမျှဟာ အစစ်အမှန်မဟုတ်လွန်းပုံပေါ်နေခဲ့ပါတယ်။
"ငါ အိပ်မက်မက်နေတာလားဟင်။ ငါ့ကို ဆိတ်ကြည့်စမ်းပါ"
ကျောင်းသားတစ်ချို့ဆို အိပ်မက်မက်နေတယ်လို့တောင် ထင်နေကြပါတယ်။
တစ်ချိန်လုံးခပ်ကုပ်ကုပ်နေနေခဲ့တဲ့ ကျောင်းသားသစ်အုပ်စုဟာ ဒီကိစ္စကိုကြားပြီးချိန်မှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့တယ်။
ကျောင်းသားသစ်တစ်ယောက်က တံတွေးကို ခက်ခက်ခဲခဲနဲ့ မြိုချလိုက်ပါတယ်။ သူဟာ လင်းရွှမ်ရဲ့ အင်္ကျိစကို အလိုအလျောက်ဆွဲလိုက်မိပြီးတော့ ကွဲရှတဲ့အသံနဲ့ မေးလိုက်ပါတယ်။
"လင်းရွှမ် ဘာတွေဖြစ်နေတာလဲဟင်။ ရှန်ဂျူ...ရှန်ဂျူက ဘယ်လိုလုပ်ပြီးတော့ သမားတော်ကြီးရဲချင်ရဲ့ အသစ်တီထွင်ထားတဲ့ ဆေးရည်ကို ပြုလုပ်နိုင်ရတာလဲဟင်"
သူ့ကိုဝိုင်းကြည့်လိုက်ကြတဲ့ မျက်လုံးတွေကြောင့် လင်းရွှမ်လည်း ကြောင်တောင်တောင်ဖြစ်ပြီး လန့်သွားခဲ့ပါတယ်။ သူ့အခန်းဖော်က ဆေးပညာရပ်မှာ ပါရမီပါလာတာကို သူသိပေမယ့်လည်း ရဲချင်နဲ့ ပတ်သတ်နေမယ်လို့တော့ သူမတွေးမိခဲ့ဖူးပါဘူး။
"ငါ..ငါလည်း မသိဘူး..."
သူတို့နှစ်ယောက်ကြား ကွာဟချက်က ကြီးမားလွန်းလို့ ဘယ်သူမှလည်း ဆက်စပ်မိမှာမဟုတ်ပါဘူး။
ခန်းမရဲ့ အတွင်းရော အပြင်ရော ဒီသတင်းကြောင့် ပွက်လောရိုက်ဆူညံနေပါတယ်။
ခန်းမထဲက နည်းပြတွေဟာ ဒီအချင်းအရာအပေါ်မှာ တော်တော်လေးကြိုးစားပမ်းစားနဲ့ လက်ခံလိုက်ပြီးနောက် ပူလီစီကို တစ်ပြိုင်တည်းလှမ်းကြည့်လိုက်ကြပါတယ်။
ပူလီစီရဲ့ စိတ်မှာ အလွန်ရှုပ်နေပါတယ်။ ဒီကောင်စုတ်လေးရှန်ဂျူကို သူ့တပည့်ဖြစ်တဲ့ ရှန်ဂေါင်းရှောင်ကနေပြီး အသာစီးနဲ့အနိုင်ယူချေမှုန်းတာကို ကြည့်ရပြီလို့ သူတွေးခဲ့တာပါ။ အရေးနိမ့်ခဲ့တာက ရှန်ဂေါင်းရှောင်ဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ။ သူကိုယ်တိုင်တောင် ရှန်ယန်ရှောင်အနိုင်ရတယ်လို့ ကြေငြာလိုက်ရပါတယ်။
ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် သူ့ကိုသေအောင်ရိုက်ခေါ်တောင် ဒီပြိုင်ပွဲကိုလာကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အရှက်ကွဲခံနေမှာ မဟုတ်ပါဘူး။
"ဒီသေဟန်ဆောင်ဆေးရည်က သမားတော်ကြီးရဲချင်လက်ထွက်ပဲ။ ဒီတစ်ခေါက်မင်းကိုယ်မင်း ကံကောင်းတယ်မှတ်လိုက်ပေါ့။ ဒီပြိုင်ပွဲကို မင်းနိုင်တယ်။ ငါလုပ်စရာလေးတွေရှိသေးလို့ ငါအရင်သွားနှင့်ပြီ"
ဒီကိစ္စက ဘာမှလုပ်မရတော့တာကို သူ လက်ခံရမှာဖြစ်တယ်။ ရှန်ယန်ရှောင်အနိုင်ရကြောင်း ကြေငြာပြီးတာနဲ့ နောက်ကိုလှည့်မကြည့်တော့ဘဲ ပြိုင်ပွဲကနေ ထွက်သွားလိုက်ပါတော့တယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၂၀)
ပူလီစီထွက်သွားပြီဖြစ်ကာ နည်းပြအားလုံးရဲ့ အကြည့်တွေက နွားချည်ငုတ်လေးရှန်ယန်ရှောင်အပေါ်ကို ကျရောက်လာခဲ့ပါတယ်။ နဂိုကရှိနေတဲ့ အထင်သေးမှုတွေနေရာမှာ ပြည့်ကြပ်သိပ်သည်းနေတဲ့ စိတ်လှုပ်ရှားမှုတွေနေရာယူထားတဲ့ အကြည့်တွေဖြစ်ပါတယ်။
ရှန်ဂေါင်းရှောင်ဟာ အလွန်အရည်အချင်းရှိလှပြီလို့ သူတို့ ထင်ထားခဲ့တာပါ။ ဒီကျောင်းသားသစ်ချာတိတ်လေးက ရှန်ဂေါင်းရှောင်ထက်တောင် ပိုတော်နေမယ်လို့ သူတို့မမျှော်လင့်ခဲ့ပါဘူး။
သူ ဘယ်လောက်ရှိဦးမှာလဲ...
သူဟာ ရှန်ဂေါင်းရှောင်ထက် လေးငါးနှစ်လောက် ပိုငယ်ပါသေးတယ်။
သူက အလတ်တန်းဆေးရည်တွေထဲက အဆင့်အမြင့်ဆုံးဆေးရည်ကိုတောင် ဖော်စပ်ပြုလုပ်နေနိုင်ပြီလေ။ အဲ့ဒီတော့ နောက်ငါးနှစ်ခြောက်နှစ်ဆိုရင် အကြီးတန်းသမားတော်တွေကို ဒီကလေးက ကိုင်လှုပ်သွားမယ့်သဘောလား။
နည်းပြအားလုံးက ရှန်ဂေါင်းရှောင်အရေးနိမ့်တာကို စိတ်ထဲမှာထည့်တွေးမနေတော့ပါဘူး။ သူတို့ရင်မှာ ရှန်ယန်ရှောင်ကသာ အပြည့်အဝနေရာယူထားတာဖြစ်ပါတယ်။
"ဒီပြိုင်ပွဲရဲ့ ချန်ပီယံကတော့ ရှန်ဂျူဖြစ်ပါတယ်။ အနိုင်ရသွားတဲ့ ရှန်ဂျူကို ဂုဏ်ပြုလိုက်ကြရအောင်လား။ ဒီနေ့ခင်းမှာ ဆေးသိုလှောင်ရုံကို ရှန်ဂျူဝင်ရောက်ပြီးတော့ အဲ့မှာရှိတဲ့ ဆေးမြစ်တွေထဲက သူ လိုချင်တဲ့ဆေးမြစ်ကို ယူခွင့်ရမှာဖြစ်ပါတယ်"
နည်းပြတွေဟာ ပြိုင်ပွဲရဲ့ရလာဒ်ကိုကြေငြာရတာကို ထိတ်လှိုက်သည်းဖိုဖြစ်နေကြပါတယ်။
ရှန်ယန်ရှောင်ရဲ့ အနိုင်ရမှုက လူတိုင်းမျှော်မှန်းထားတာနဲ့ တစ်ခြားစီဖြစ်နေပါတယ်။ သူမကို အနိုင်ယူပြီးတော့ တန်နာဇီဆီကနေ ရွှေတွေလိုချင်ခဲ့သူတွေဟာ အမြီးကုပ်နေကြပြီး ချောင်ကပ်နေကြကာ ပုန်းနေလိုက်ကြပါတယ်။
ဒီအချိန်မှာတော့ သူတို့တွေ ဘယ်လောက်ရူးမိုက်သလဲဆိုတာကို သိသွားကြပါပြီ။
အစကတော့ သူတို့အားလုံးက သူမကို ကျော်ဖြတ်ပြီး ရွှေတွေယူမယ်လို့ အတင့်ရဲစွာပြောထွက်ခဲ့ကြပြီးတော့ အဆုံးသတ်မှာတော့ တစ်ပြားတစ်ချပ်မှမရတဲအပြင် အရှက်ပါလုံးလုံးရောပြားပြားရော ကွဲခဲ့ရပါတယ်။
အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတစ်အုပ်ဟာ ကျောင်းသားသစ်တစ်ယောက်ရဲ့ အလဲထိုးခြင်းခံခဲ့ကြရပြီး စိတ်တိုမပြနိုင်ခဲ့သလို စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ကြပါဘူး။ ဒီအဖြစ်က သူတို့ရဲ့ ဘိုးဘွားတွေပါ မဆီမဆိုင် သိက္ခာကျစေခဲ့ရပါပြီ။
"ရှန်ဂျူနိုင်သွားတာပဲ။ ရှန်ဂျူတစ်ကယ်နိုင်သွားပြီဟေ့"
ဒေါင့်မှာကုပ်နေကြတဲ့ ကျောင်းသားသစ်အားလုံးက ရှန်ယန်ရှောင်အနိုင်ရတဲ့အကြောင်းကို ကြေငြာအပြီးမှာ အလွန်အမင်းစိတ်လှုပ်ရှားစွာ ခုန်ပေါက်အော်ဟစ်ကြပါတော့တယ်။
သူတို့ဟာ လက်ရုံးတွေဆန့်တန်းပြီး အောင်ပွဲခံဟစ်ကြွေးကြပါပြီ။
ဒီအခိုက်အတန့်ဟာ သူတို့ကျောင်းသားသစ်တွေအဖို့ အလွန်တန်ဖိုးရှိလှတဲ့ အချိန်လေးပါပဲ။ သူတို့ဟာ ဆေးပညာဌာနထဲမှာ အမြဲတမ်းအောက်ဆုံးမှာပဲ ရှိခဲ့ပါတယ်။ အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေရဲ့ ဖိနှိပ်ထားခြင်းကို သူတို့ခံထားကြရပါတယ်။ အခုမှာတော့ အငယ်တန်းနဲ့အကြီးတန်းရဲ့ လက်ရွေးစင်ကျောင်းသားတစ်ရာကျော်ကို ရှန်ယန်ရှောင် အနိုင်ယူခဲ့ပါပြီ။ ဆေးပညာဌာနရဲ့ အတော်ဆုံးဖြစ်သော ပြိုင်ဖက်မရှိဘူးဆိုတဲ့ ရှန်ဂေါင်းရှောင်တောင် အရေးနိမ့်ခဲ့ပါတယ်။ လူသစ်တန်းအတွက် ဒါဟာ ဂုဏ်ယူဖွယ်အခိုက်အတံ့ပါပဲ။
သူတို့ စိတ်မလှုပ်ရှားဘဲ ဘယ်လိုနေမလဲ။
သူတို့ မပျော်ဘဲ ဘယ်နေပါ့မလဲ...
အခုအချိန်ကစလို့ သူတို့လူသစ်တန်းမှာလည်း အလွန်ထက်မြက်တဲ့သမားတော်တစ်ယောက်ရှိနေတဲ့အကြောင်းကို အားလုံးသိသွားကြမှာဖြစ်ပြီး သူတို့အပေါ်မှာ ဘယ်သူမှ အထင်သေးရဲတော့မှာ မဟုတ်ပါဘူး။
"ရှန်ဂျူရေ ကောင်းတယ်ဟေ့"
"ရှန်ဂျူရေ မင်းက တစ်ကယ်မိုက်တာပဲဟေ့"
ပုံမှန်အားဖြင့် ငြိမ်နေတတ်တဲ့ ကျောင်းသားသစ်တွေအားလုံး ဒီအချိန်မှာတော့ အောင်ပွဲခံနေကြပါပြီ။
ခန်းမထဲမှာရပ်နေတဲ့ ရှန်ယန်ရှောင်က အောင်ပွဲခံသံတွေကို ရုတ်တရက်ကြားလိုက်ချိန်မှာ ခဏကြာကြောင်အမ်းအမ်းဖြစ်သွားခဲ့တယ်။ အသံလာရာကို သူမ လှမ်းကြည့်လိုက်တော့ လူကြားထဲမှာ လင်းရွှမ်ရဲ့ စိတ်လှုပ်ရှားနေသော မျက်နှာအားတွေ့လိုက်ရပါတယ်။
သူက ဘာလို့ ဒီကိုရောက်နေတာလဲ။ ရှန်ယန်ရှောင် နည်းနည်းအံ့သြသွားခဲ့တယ်။ သူမအတွက် အောင်ပွဲခံနေကြသူတွေကို သူမ လိုက်ကြည့်လိုက်တော့ သူတို့ရဲ့ရင်ဘတ်မှာ ဆေးပညာဌာနရဲ့ လူသစ်တန်းတံဆိပ်တပ်ဆင်ထားတာကို တွေ့လိုက်ရပါတယ်။ သူမမျက်နှာမှာ စိတ်ထဲခံစားသွားရတဲ့ အပြုံးရိပ်တစ်ခုဖြစ်ပေါ်သွားခဲ့ရပါတယ်။
ဒီကောင်တွေ ဘယ်အချိန်က ရောက်နေတာလဲမသိဘူး။ သူမကို အားပေးဖို့ သူတို့ လာခဲ့ကြတာပဲ။
ဒီကျောင်းသားသစ်တွေနဲ့ သူမ သိပ်မရင်းနှီးသော်လည်း သူတို့ရဲ့ ထောက်ခံအားပေးမှုအတွက် သူမ ပျော်ရွှင်သွားခဲ့ရပါတယ်။
လူကြားထဲမှာ ရပ်နေတဲ့ တန်နာဇီက စိတ်အေးသွားပြီး သက်ပြင်းချလိုက်ပါတယ်။ ရှန်ယန်ရှောင် အနိုင်ရသွားချိန်မှာ သူ့မျက်နှာပေါ်မှာ ဖော်ပြရန်ခက်ခဲသော အပြုံးက မဖုံးနိုင်မဖိနိုင် ဖြစ်ပေါ်လာခဲ့ရပါတယ်။
"တော်လိုက်တဲ့ကောင်လေးကွာ...အာ တော်လိုက်တဲ့ကောင်မလေးပဲကွ မင်း ငါ့ကို စိတ်ပျက်အောင်မလုပ်ခဲ့ဘူးဟေ့"ဆိုပြီးတော့ အပြုံးပန်းပွင့်နေတဲ့ တန်နာဇီက ပြောကြားလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၂၁)
ပျော်ရွှင်ကြည်နူးနေသော အပြုံးနဲ့ ကြူရှီယာဟာ တန်နာဇီပုခုံးအား လက်တစ်ဖက်နဲ့ဖက်ထားရင်း ရှန်ယန်ရှောင်အား ကြည့်နေပြီး သူ့ဘေးမှာတော့ အခုလေးတင်ရောက်လာကြတဲ့ ယန်ယုနဲ့ ယန်းရှီတို့လည်း ရှိနေပါတယ်။ ရှန်ယန်ရောင်၏ ထည်ဝါစွာအောင်မြင်မှုအား သူတို့လည်း မြင်တွေ့ခဲ့ရပြီးဖြစ်ကာ ပျော်နေကြပါတယ်။
ကျောင်းသားသစ်တွေက ကျယ်လောင်စွာ ဟစ်ကြွေးအောင်ပွဲခံနေချိန်မှာ အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေကတော့ ရှက်ရွံ့နေကြပြီး စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေကြပါတယ်။
သူတို့အတန်းဖော်တွေက သူတို့ရဲ့ ဂျူနီယာကျောင်းသားလေး၏ အနိုင်ယူခြင်းကို ခံခဲ့ကြရပါတယ်။ ဒီကျောင်းသားသစ်တွေရှေ့မှာ သူတို့ မျက်နှာပြစရာကျန်ပါဦးမလား။
အောင်ပွဲခံနေတဲ့ အသံတွေအောက်မှာ ရှန်ဂေါင်းရှောင်တစ်ယောက် ခေါင်းကိုသာ ငုံ့ထားခဲ့ရပါတယ်။ ဒီတစ်ခေါက်မှာ သူဟာ ဆိုးဆိုးရွားရွားပြတ်ပြတ်သားသားကို ရှုံးနိမ့်ခဲ့ပါပြီ။ အလတ်တန်းဆေးရည်တွေထဲက ဆရာကျတဲ့ဆေးရည်နဲ့ သူက လာရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လို့ ရှန်ယန်ရှောင်ကိုတော့ အနိုင်မရခဲ့ပါဘူး။
ဆေးပညာရပ်မှာ အခုလိုပြင်းပြင်းထန်ထန်အရေးနိမ့်ခြင်းက ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ သိက္ခာကျဆင်းခဲ့ပါပြီ။
ဘယ်သူမှ သတိမပြုမိစေဘဲ ခန်းမထဲကနေ သူ တိတ်တိတ်လေး ထွက်သွားလိုက်ပါတယ်။ ထိုနေရာမှာရှိတဲ့ လူအားလုံးက သူ့ကို လှောင်နေသလိုမျိုး သူခံစားနေရပါတယ်။
ဆေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားက ကျောင်းကိုရောက်တာ ခြောက်လတောင်မပြည့်သေးတဲ့ လူသစ်လေးရဲ့ လက်အောက်မှာ အရေးနိမ့်ခဲ့ရတယ်။
ဒီလိုမျိုး အလွယ်တကူနဲ့ အရေးနိမ့်ခဲ့ရတယ်ဆိုတဲ့အချက်ကို သူ လက်မခံချင်ပါဘူး။
ပြိုင်ပွဲက ရှန်ယန်ရှောင်၏ စိုးမိုးအနိုင်ယူမှုနဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။ သူမကို ဆုံးမစကား အနည်းငယ်ပြောပြီးတဲ့နောက် နည်းပြတွေက သူမအား သွားခွင့်ပြုလိုက်ပါတယ်။
ခန်းမထဲက ထွက်ထွက်ချင်းမှာ သူမ ဘာမှလုပ်ချိန်တောင်မရလိုက်ဘဲ အရပ်ရှည်ရှည်တစ်ယောက်ရဲ့ ပွေ့ဖက်ခြင်းကို ခံလိုက်ရပါတယ်။
"ဟားဟားဟား ကောင်မလေး မင်းကတော့ တစ်ကယ့်ကို အံ့သြကုန်နိုင်ဖွယ်ပါလားကွ ဟားဟား"
တန်နာဇီက ရယ်မောပြောဆိုလိုက်ပြီးနောက် သူမကို သူ့လက်နှက်ဖက်နဲ့ပွေ့မြှောက်လိုက်ပါတယ်။ သူမကိုပွေ့မြှောက်ရတာက ပေါ့ပေါ့လေးပါပဲ။
ရုတ်တရက် အမြင့်ကိုမြှောက်ခံလိုက်ရတဲ့ ရှန်ယန်ရှောင်က ခဏတာ ကြောင်တက်တက်ဖြစ်သွားခဲ့တယ်။ ထို့နောက်တော့ တန်နာဇီ၏ တောက်တောက်ပပအပြုံးကို သူမ ကြောင်ကြည့်နေလိုက်မိတယ်။
"ဟေ့ကောင် အရူး ငါ့ကို အောက်ပြန်ချပေးစမ်း"
သူမခန္ဓာကိုယ်က နွားချည်တဲ့ငုတ်လောက်ပဲ ရှိပေမယ့် သူမ၏ စိတ်ဝိဉာည်ကတော့ အရွယ်ရောက်ပြီးသားပါ။ အခုလိုမျိုး ပွေ့ချီမြှောက်တာကို ခံရတာက နည်းနည်းလေး...
"ငါမင်းကို အောက်ချမပေးဘူး"
တန်နာဇီက ညစ်ကျယ်ကျယ်ပြုံးပြီး ပြောလိုက်ပါတယ်။
"တော်တော့နော်"
ရှန်ယန်ရှောင်က တန်နာဇီကို စိုက်ကြည့်ကာပြောလိုက်တယ်။ သူမ ဘာဆက်ပြောရမှန်းတောင် မသိဖြစ်ရပါတယ်။ နိုင်တဲ့သူက သူမဆိုပေမယ့် ဒီကောင်က သူမထက်တောင် ပိုပျော်နေပါသေးတယ်ရော။
ကြူရှီယာတို့လည်း ဒီနေရာကိုလာလိုက်ကြပါတယ်။ ရှန်ယန်ရှောင်ကို တန်နာဇီက ချီမြှောက်ထားတာကို တွေ့လိုက်ရတော့ သူတို့အားလုံး ဝါးလုံးကွဲရယ်လိုက်မိကြပါတယ်။
"ဟေ့ ငနာသုံးကောင် ရယ်ပဲရယ်မနေကြနဲ့ ငါ့ကို အောက်ချပေးဖို့ ဒီကောင့်ကိုပြောပေးကြဦးဟ"
ရုန်းကန်နေရတဲ့ ရှန်ယန်ရှောင် စိတ်ညစ်သွားရပါတယ်။ သူမရဲ့ အောင်နိုင်မှုကတင် လူတွေရဲ့ အာရုံကိုရရှိဖို့ လုံလောက်နေခဲ့ပါပြီ။ တန်နာဇီက အခုလိုလုပ်လိုက်တော့ မပြန်ကြသေးတဲ့ ကျောင်းသားတွေက သူမဆီ လှမ်းကြည့်နေကြပါတော့တယ်။
"နာဇီ အောက်ချပေးလိုက်ပါ"
ကြူရှီယာက သိမ်မွေ့စွာပြုံးရင်း ပြောလိုက်တာဖြစ်တယ်။ တန်နာဇီရဲ့လုပ်ရပ်ကို ဟန့်တားဖို့အတွက် သူ တော်တော်လေး စိတ်ကောင်းဝင်နေတာဖြစ်ပါတယ်။
တန်နာဇီလည်း သူမကို အောက်ချပေးလိုက်တယ်။
"ဒီကိစ္စကို မင်းကောင်းကောင်းကြီး လုပ်ဆောင်ခဲ့တာပဲ။ ဒီတော့ ညီကိုတို့ရေ မင်းတို့အားလုံးကို ဒီနေ့ညအတွက် ညစာကောင်းကောင်းနဲ့ ငါပြုစုမယ်ဟေ့"
တန်နာဇီက သူမခေါင်းကို ပွတ်နေရင်း ပြောလိုက်တာပါ။
"ဖြစ်သင့်တာပဲလေ မင်းငွေတွေအများကြီး မကုန်ရအောင် ငါလုပ်ပေးထားတာပဲကိုး"
ရှန်ယန်ရှောင်က မျက်ခုံးပင့်ပြပြီးပြောလိုက်ပါတယ်။ ဘာပဲဆိုဆို တန်နာဇီရဲ့ ရွှေပြားတွေ မကုန်ရအောင် သူမ တစ်ကယ်ကယ်တင်ပေးထားတာပဲလေ။
"ဟုတ်ပါတယ် ဟုတ်ပါတယ် မမရယ် မမကအကောင်းဆုံးပါနော်"
တန်နာဇီက ကလေးတစ်ယောက်ရဲ့ ချွဲ့နွဲ့တဲ့လေသံမျိုးလုပ်ကာ ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင်ကတော့ မျက်စောင်းပဲထိုးလိုက်ပါတယ်။
"ဒါနဲ့ နာဇီနဲ့ရှန်ဂေါင်းရှောင်တို့ကြားမှာ လောင်းကြေးရှိတယ်ဆို။ မင်းနိုင်ပြီဆိုတော့ ဒီကိစ္စကို ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲဟင်"
ယန်ယုကမေးလိုက်တာပါ။
ဒီတော့မှသာ တန်နာဇီလည်း သူနဲ့ရှန်ဂေါင်းရှောင်ရဲ့ လောင်းကြေးကိုသတိရသွားပါတယ်။
"ဒီလောင်းကြေးအတွက်က ရှောင်လေးလုပ်ချင်တာလုပ်ဖို့ ငါပေးပြီးသားလေ။ ဒါပေမယ့် အဲ့ကောင်က ကျက်သရေမတုံးလွန်းဘူးလားကွာ ငါ့ကို ဆေးပညာဌာနကနေ ထွက်သွားစေချင်တယ်ဆိုမှတော့ ဘယ်သူထွက်ရမလည်း တွေ့ပြီပေါ့ကွာ"