အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၂၂)
"ရှောင်လေး မင်းဘယ်လိုလုပ်ချင်တုံး"လို့ ယန်ယုကမေးလိုက်တယ်။
သူတို့အကုန်လုံး တန်နာဇီနဲ့ရှန်ဂေါင်းရှောင်တို့နှစ်ယောက်ရဲ့ လောင်းကြေးအကြောင်း သိကြားထားခဲ့ပါတယ်။ ရှန်ဂေါင်းရှောင် ဘယ်လိုတွေးပြီးလုပ်ခဲ့တယ်ဆိုတာကို သူတို့သဘောပေါက်တာပေါ့။
ရှန်ယန်ရှောင် ခပ်သဲ့သဲ့ပြုံးလိုက်ကာ ပြန်ဖြေလိုက်ပါတယ်။
"ငါ ဘာမှ မလုပ်တော့ဘူး။ ဒီလိုကောင်တွေနဲ့ ကြုံတွေ့တဲ့အခါမှာ သူတို့ကို လေးလေးနက်နက်မတွေးဘဲနေလိုက်တာက အကောင်းဆုံးနည်းပဲ"
သူ့အရည်အချင်းကြောင့် အားလုံးက သူ့အောက်မှာပဲရှိတာလို့ ရှန်ဂေါင်းရှောင် သတ်မှတ်ထားတာဖြစ်တယ်။ သူတို့ရဲ့ သဘောတူညီချက်အတိုင်း သူ့ကို ကျောင်းကထွက်ခိုင်းတာပဲဖြစ်ဖြစ် တစ်ခြားတစ်ခုခု လုပ်ခိုင်းတာပဲဖြစ်ဖြစ် လုပ်ခိုင်းစေခဲ့မယ်ဆိုရင် အရှုံးကြီးရှုံးတယ်လို့ ရှန်ဂေါင်းရှောင် ခံစားသွားရမှာဖြစ်ပြီး မျက်နှာကြီးစူပုတ်နေပါလိမ့်မယ်။
ဒီကိစ္စကို ဘေးချိတ်ထားလိုက်ပြီးတော့ လျစ်လျူရှုထားလိုက်တာ ပိုကောင်းပါတယ်။
လူတစ်ချို့ဟာ လျစ်လျူရှုခံရတာကို ပိုခံရခက်ပြီး သူတို့ကို စော်ကားတယ်လို့ ထင်လေ့ရှိကြပါတယ်။
"ဒီစိတ်ကူးကောင်းတယ်။ အဲ့ကောင်က သူ့ကိုမင်းလာရှာမယ်လို့ပဲ ထင်နေမှာ။ မင်းက ဒီအကြောင်းကို အရေးတယူမလုပ်တော့ရင် သူက ဘာမှမဟုတ်ဘဲ ကြောက်ချေးပန်းနေတာလို့ အဲ့ကောင်တွေးမိသွားမှာပဲ"
ကြူရှီယာက ရှန်ယန်ရှောင်ရဲ့ ပြဿနာကိုင်တွယ်ပုံကို သဘောတူပါတယ်။
သူတို့လည်း ရှန်ဂေါင်းရှောင်ကိစ္စကို ဆက်မပြောတော့ဘဲ ပြိုင်ပွဲရဲ့ ဆုအကြောင်းကို ဆွေးနွေးကြပါတော့တယ်။
ဒီကိစ္စကမှ ရှန်ယန်ရှောင်ရဲ့ တစ်ကယ့်ရည်ရွယ်ချက်ဖြစ်တာကိုး။
"တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံက နန်းတွင်းဆေးသိုလှောင်ရုံနဲ့ ယှဉ်လို့ရတယ်လို့ပြောကြတယ်။ လောင်းရွှမ်တိုင်းပြည်အတွင်းမှာ ရှိတဲ့ဆေးမြစ်မှန်သမျှ ဒီမှာလည်းရှိတယ်လို့ ပြောကြတယ်ကွ"
ကြူရှီယာက ကျယ်ပြန့်လှတဲ့ သူ့သတင်းအရင်းအမြစ်ကို ဖော်ထုတ်ပြောလိုက်တယ်။
"အရင်တစ်ခေါက် မင်းငါ့ကိုပေးခဲ့တဲ့ ဆေးမြစ်စာရင်းထဲက ဆေးမြစ်အတော်များများကို တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံထဲမှာ တွေ့နိုင်ပေမယ့် မင်းက အမျိုးအစားအများကြီး လိုချင်နေဆိုတော့ နောက်သုံးနှစ်ဆက်တိုက် လစဉ်ပြိုင်ပွဲတိုင်းကို အနိုင်ယူရင်တောင် အကုန်လုံးကို မရနိုင်သေးဘူးကွ"
တစ်လကိုဆေးမြစ်တစ်မြစ်ဆိုတော့ တစ်နှစ်မှာဆယ့်နှစ်လ သုံးနှစ်ဆို၃၆လဖြစ်တော့ ရှန်ယန်ရှောင်က သုံးနှစ်ဆက်တိုက် လစဉ်ပြိုင်ပွဲတိုင်းကို ပထမရရင်တောင် ဆေးမြစ်၃၆မျိုးသာလျှင် သူမ ရဦးမှာဖြစ်ပါတယ်။ သူမ သူတို့ကို ပေးခဲ့တဲ့ ဆေးနည်းမှာက ဆေးမြစ်ငါးဆယ်ခြောက်ဆယ်ခန့်က ရဖို့ အလွန်ခက်တာတွေဖြစ်ပါတယ်။
မေးစေ့ကို သူမ ပွတ်လိုက်ပြီးနောက် နှုတ်ခမ်းက ညစ်ကျယ်ကျယ်ပြုံးလိုက်တယ်။
"ဒီလို ခပ်တုံးတုံးနည်းလမ်းကို ဘယ်သူက အသုံးချမှာလဲ။ အဲ့နေရာရဲ့ အနေအထားဖွဲ့စည်းပုံကို လေ့လာဖို့အတွက် ငါက အလွန်ဆုံးနှစ်ကြိမ်လောက်သွားရုံပဲလိုတာကို။ ပြီးတာနဲ့ ငါလိုချင်တာကို ယူလိုက်ရုံပဲလေ ဘယ်သူက ငါ့ကို တားနိုင်မှာလဲ"
ရှန်ယန်ရှောင်ရဲ့ သတိပေးပြောဆိုမှုကြောင့် သူတို့လေးယောက်လုံး လန့်နိုးသွားကြပါတယ်။
သူတို့ရှေ့က ကောင်မလေးဟာ စောရဝိဇ္ဇာတစ်ပါးဖြစ်တယ်လေ။ တော်ဝင်ရိုလန်ကျောင်း ဆေးသိုလှောင်ရုံရဲ့ အနေအထားဖွဲ့စည်းပုံနဲ့ မှော်အတားအစီးတွေကိုသာ သူတို့ဖြေရှင်းနိုင်မယ်ဆိုရင် အထဲကဆေးမြစ်တွေကို ယူရတာဟာ အိတ်ထောင်ထဲကနေနှိုက်ယူသလောက် ရိုးရှင်းသွားမှာပါ။
"အဲ့ဒါက ပိုအဆင်ပြေတယ် ဒါပေမယ့် ဆေးသိုလှောင်ရုံက မှော်အတားအဆီးတွေက ဖျက်ဖို့မလွယ်ကူဘူး။ ဒီကိစ္စကိုတော့ ကြူရှီယာက မင်းကိုကူညီပေးနိုင်လောက်မယ်နော်"ဟု ယန်းရှီက ဝင်ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင် ကြူရှီယာအားကြည့်လိုက်ပါတယ်။ ကြူရှီယာကတော့ ဘာမှမသိ ရိုးသားသူတစ်ယောက်ဟန်နဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်တယ်။
"ကြူရှီယာရဲ့ မှော်အရည်အသွေးက မင်းရဲ့ဆေးပညာအရည်အသွေးနဲ့ မကွာလှဘူး နောက်ပြီးတော့လည်း ဒီကောင်က မှော်အတားအဆီးတွေအကြောင်းကို တော်တော်လေးသိတယ်"လို့ပြောလိုက်တဲ့ ယန်းရှီဟာ ကြူရှီယာကနေ ချစ်စဖွယ်အမူအယာမျိုးဖြစ်အောင် လုပ်ပြနေတာကို မြင်တာနဲ့ ခေါင်းကိုတစ်ဖက်သို့ ချက်ချင်းလှည့်လိုက်ပါတယ်။
"တစ်ကယ်ကြီးလား"
ရှန်ယန်ရှောင်က စီးပွားရေးသမားကို ခြေဆုံးခေါင်းဆုံးကြည့်ရှုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စစ်ဆေးပွဲမှာတုန်းက ကြူရှီယာရဲ့ အစွမ်းအစအကြောင်းကို သူမ သဘောလောက်တော့သိခဲ့ပါတယ်။ ဒီကောင်က စိတ်ထားမကောင်းပေမယ့် အစွမ်းကတော့မသေးဘူးလို့ သူမ ဝန်ခံရပါလိမ့်မယ်။
"ခန့်မှန်းကြည့်လေ"လို့ ကြူရှီယာက ပြန်ပြောလိုက်တယ်။
ဒီကောင်ကတော့ကွာ...ရုတ်တရက်ကြီး တစ်ယောက်ယောက်ကို သူမ ရိုက်ပစ်ချင်စိတ်ပေါက်သွားရတယ်။ သူမရဲ့ နှုတ်ခမ်းတွေ လှုပ်စိလှုပ်စိဖြစ်သွားတယ်။
ထွက်သွားတော့မလိုဖြစ်သွားရတဲ့ ကောင်မလေးတစ်ယောက်ကို ကြူရှီယာကြည့်နေပါတယ်။ သူ့စိတ်ထဲ တော်တော်နေလို့ကောင်းနေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၂၃)
"ဟုတ်ပါပြီ ငါမင်းကို မစတော့ဘူး။ အရင်ဆုံး မှော်အတားအဆီးရှိတဲ့နေရာကို မင်းသိအောင်လုပ်ရမယ် အဲ့ဒါမှပဲ ငါ မင်းကိုကူညီဖြေရှင်းပေးလို့ရမှာနော်"
သူ့အနေနဲ့ လျော့လျော့ပေါ့ပေါ့ပဲ စသင့်ပါတယ်။ မဟုတ်ရင် ကြောင်က သူ့လက်သည်းတွေနဲ့ လူတွေကို ကုတ်ခြစ်ပါလိမ့်မယ်။
နေ့ခင်းပိုင်းမှာ လေးဌာနကို သူမ သွားရမှာဖြစ်ပြီး ဌာနတိုင်းမှာ ပြိုင်ပွဲတွေကျင်းပနေတာဖြစ်သလို လေးဌာနမှာလည်း ပြိုင်ပွဲရှိကာ နေ့ခင်းပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ သူမက စာရင်းပေးမထားတာကြောင့် သွားစရာမလိုပါဘူး။ ဒီအချိန်မှာ ဆေးသိုလှောင်ရုံကိုသွားပြီးတော့ သူမရဲ့ဆုလာဘ်ကို ယူဆောင်ရုံပဲရှိပါတယ်။
နေမွန်းတည့်အပြီးမှာတော့ ရှန်ဂေါင်းရှောင်အပါအဝင်ဖြစ်တဲ့ စီနီယာတစ်ရာကျော်ကို ရှန်ယန်ရှောင်က အနိုင်ယူခဲ့တဲ့အကြောင်းဟာ ဆေးပညာဌာနရဲ့ အတန်းပေါင်းစုံကို ရောက်ရှိသွားပါတော့တယ်။ ပြိုင်ပွဲကို သွားမကြည့်ခဲ့သူတွေဟာ ဒီသတင်းကိုကြားလိုက်ရတော့ တုန်လှုပ်အံ့သြသွားခဲ့ကြပါတယ်။
ရှန်ဂေါင်းရှောင်က ဘယ်လိုဖြစ်လို့ အရေးနိမ့်ခဲ့ရတာလဲဆိုတာကို သူတို့ နားမလည်နိုင်ဖြစ်သွားခဲ့ကြပါတယ်။
ပြိုင်ပွဲကို သွားမကြည့်မိတဲ့အတွက် သူတို့တွေ နောင်တရနေကြပါပြီ။
သတင်းက နည်းပြတွေဆီကိုလည်း လျှင်လျှင်မြန်မြန်ရောက်ရှိသွားခဲ့ပါတယ်။ မနက်ခင်းမှာ ကိစ္စလေးတစ်ခုရှိနေတာကြောင့် လောင်းဒီဟာ ပြိုင်ပွဲကို မသွားခဲ့ရပါဘူး။ သတင်းကြားပြီးတဲ့အချိန် သူ့မျက်နှာဟာ မဖုံးနိုင်မဖိနိုင်တဲ့ အပြုံးတစ်ခုဖြစ်ပေါ်နေပါတယ်။
လူတော်လေးပဲကွာ။ ငါ့နှစ်သက်မှုကို ရရှိထားတဲ့လူဆိုတော့လည်း တော်ရမှာပေါ့လေ။ ရှန်ဂေါင်းရှောင်ကို အနိုင်ယူဖို့အတွက် ဒီကောင်လေး အချိန်တောင် သိပ်မယူလိုက်ရပါလား။
ရှန်ဂေါင်းရှောင်၏ ပထမဦးဆုံးအရေးနိမ့်မှုနဲ့ ရှန်ယန်ရှောင်ရဲ့ ပွဲဦးထွက်အကြောင်းတို့က ဆေးပညာဌာနတစ်ခုလုံးရဲ့ ဆွေးနွေးစရာသတင်းတစ်ပုဒ်ဖြစ်နေပါတယ်။
လူတိုင်းဟာ ဆေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားဆိုတာကို လွှဲပြောင်းပေးသင့်တယ်လို့ ပြောဆိုနေကြပါတယ်။
စာကြည့်တိုက်ထဲမှာပဲနေနေတဲ့ ရဲချင်ဟာလည်း ရှန်ယန်ရှောင်၏ အောင်မြင်မှုကို လောင်းဒီထံကနေ ကြားသိခဲ့ရပါတယ်။ ရှန်ယန်ရှောင်က သေဟန်ဆောင်ဆေးရည်ကို တစ်ကယ်ဖော်စပ်နိုင်ခဲ့တယ်လို့ ကြားလိုက်ရတော့ ရဲချင်မျက်နှာမှာ အံ့အားသင့်တဲ့အရိပ်လေး ဖြစ်သွားပါတယ်။
"သမားတော်ကြီးရဲ သမားတော်ကြီးရဲ့ သင်ပြပေးတဲ့ကျေးဇူးကြောင့် ဒီကလေးရှန်ဂျူတစ်ယောက်တော့ မြန်မြန်တိုးတက်လာတော့မှာပါပဲ"
လောင်းဒီက စိတ်လှုပ်ရှားပျော်ရွှင်စွာပြောလိုက်တယ်။ ရှန်ယန်ရှောင်ကို စာကြည့်တိုက်ထဲ သူပို့ပေးခဲ့တာ ရက်နည်းနည်းပဲရှိသေးတာဖြစ်ပေမယ့် ချာတိတ်က ရှန်ဂေါင်းရှောင်ကို အနိုင်ယူခဲ့တယ်လေ။ မယုံနိုင်စရာကောင်းလွန်းလှပါတယ်။
ရဲချင်က ရယ်မောလိုက်ပြီး ပြန်ရှင်းပြလိုက်ပါတယ်။
"ငါ သူ့ကို ဘာမှ မသင်ပေးရသေးပါဘူးကွာ။ ငါ့နားမှာနေပြီးတော့ ငါ့အလုပ်အတွက် အကူအညီလေးပေးရုံပါပဲ ကျန်တာဘာမှမရှိသေးဘူး"
လောင်းဒီလည်း ပြုံးလိုက်ကာ ထပ်ပြောလိုက်ပါတယ်။
"သမားတော်ကြီးရဲ အခုလို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာမလိုပါဘူးဗျာ။ သမားတော်ကြီးကို လက်ထောက်အဖြစ်နဲ့ ကူညီပေးရမှာကို လူဘယ်နှစ်ယောက်တောင် လိုချင်နေကြသလဲဗျာ။ နောက်ပြီး သူ့ကို အသစ်ထွင်ထားတဲ့ သေဟန်ဆောင်ဆေးရည်ကိုတောင် သမားတော်ကြီးကသင်ပေးလိုက်သေးတယ်။ အဲ့လိုသာမဟုတ်ခဲ့ရင် ဒီကလေးရှန်ဂျူအနေနဲ့ နက်ရှိုင်းမှော်အားဆေးရည်ကို ယှဉ်လို့ရမယ့် အလတ်တန်းဆေးရည်ကိုတွေ့ဖို့ မလွယ်ပါဘူးလေ"
နက်ရှိုင်းမှော်အားဆေးရည်ဟာ အလတ်တန်းဆေးရည်တွေထဲမှာ ထိပ်ဆုံးမှာရှိနေတာကြာပါပြီ။ မဟုတ်ရင် ရှန်ဂေါင်းရှောင်အနေနဲ့ အဲ့လောက်ယုံကြည်မှုရှိနေမှာမဟုတ်သလို ပူလီစီအနေနဲ့လည်း ပြိုင်ပွဲကိုသွားကြည့်မိမှာမဟုတ်ပါဘူး။
သို့ပေမယ့်လည်း ရှန်ယန်ရှောင်ရဲ့ သေဟန်ဆောင်ဆေးရည်က နက်ရှိုင်းမှော်အားဆေးရည်ကို ထိုးနှက်နိုင်ခဲ့ပါတယ်။ ရဲချင်ကလွဲရင် ကျန်တဲ့ဘယ်သမားတော်မှ အခုလိုစွမ်းတဲ့ ဆေးရည်မျိုးဖော်နိုင်မှာမဟုတ်ဘူးလို့ သူမြင်ပါတယ်။
ရဲချင်က ခေါင်းကို ယမ်းလိုက်ပြီးပြောလိုက်ပြန်ပါတယ်။
"ငါက နှိမ့်ချနေတာမဟုတ်ပါဘူးကွာ သေဟန်ဆောင်ဆေးရည်ဖော်စပ်နည်းကို ရှန်ဂျူဆီ ငါ တစ်ကယ်မပေးခဲ့တာပါ"
ရဲချင်နားမှာ သူမရောက်နေတာ တစ်ပတ်ပဲရှိပါသေးတယ်။ များသောအားဖြင့်က ရှန်ယန်ရှောင်ရဲ့ အရည်အချင်းကို သူက အကဲခတ်လေ့လာနေခဲ့ပြီး လမ်းညွှန်ပြောဆိုလေ့ရှိရုံပါပဲ။ သူမကို သူ တစ်ကယ်သင်ကြားပေးတာမျိုး မရှိသေးပါဘူး။
လောင်းဒီ ခြောက်ခြားသွားပါတယ်။
"ဆရာက မသင်ပေးရသေးဘူးလား။ ဒါပေမယ့် သူက သေဟန်ဆောင်ဆေးရည်ကို ပြုလုပ်ခဲ့တယ်လေ"
ရဲချင်ဟာ လိမ်ပြောမယ့်သူမဟုတ်တာကြောင့် လောင်းဒီယုံကြည်လိုက်ပါတယ်။
ရဲချင်ပြုံးလိုက်ပြီး ဆက်ပြောလိုက်ပါတယ်။
"သူဒီမှာရှိနေတုန်းက သေဟန်ဆောင်ဆေးရည်ပုလင်းအချို့ကို ငါပြုလုပ်ခဲ့တယ်လေ။ ဆေးမြစ်အချို့ကို ငါ့အတွက် ပြင်ဆင်ပေးနေရင်းနဲ့ ငါဆေးရည်ဖော်စပ်ပြုလုပ်နေတဲ့ အဆင့်တိုင်းကို သူက သေသေချာချာ မှတ်သားထားလို့ဖြစ်မှာပေါ့။ သူလုပ်နိုင်ခဲ့တာက အဲ့လိုမျိုးကြောင့် ဖြစ်နိုင်တယ်"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၂၄)
ရဲချင်ရဲ့လေသံထဲမှာ သက်ပြင်းသံနည်းနည်းစွက်နေခဲ့ပါတယ်။ နည်းနည်းလောက်လေ့လာရုံနဲ့ သေဟန်ဆောင်ဆေးရည်ကို ရှန်ယန်ရှောင် တစ်ကယ်ပြုလုပ်နိုင်မယ်လို့ သူလည်း မထင်ထားခဲ့မိပါဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက် လူတစ်ယောက်မှာ အားကောင်းတဲ့လေ့လာမှုနဲ့မှတ်ဉာဏ်လိုအပ်ပါတယ်။
အဲ့ဒီကလေးက သူ ထင်ထားတာထက်ကို ပိုတော်နေပါတယ်။
လောင်းဒီ အလွန်အမင်း တုန်လှုပ်သွားရပါတယ်။
အကြိမ်ရေအနည်းငယ်လေ့လာပြီးတော့ ဆေးရည်ကိုပြုလုပ်နိုင်တယ်တဲ့လား။ မနောက်ပါနဲ့တော့ကွာ။
သေဟန်ဆောင်ဆေးရည်က သက်ရှူဖုံးကွယ်ဆေးရည်မဟုတ်ပါ။ သက်ရှူဖုံးကွယ်ဆေးရည်က ဆေးမြစ်၁၃မျိုးသာလိုအပ်ပြီး သေဟန်ဆောင်ဆေးရည်ကတော့ ဆေးမြစ်၄၀တောင် လိုအပ်ပါတယ်။ နောက်ပြီးတော့ သေဟန်ဆောင်ဆေးရည်က အခြေခံဆေးရည်နှစ်မျိုးဖော်စပ်ဖို့ လိုအပ်သေးပြီး ပြောင်းလဲမှုတွေလည်းဖြစ်ဦးမှာပါ။ အကြိမ်ရေအနည်းငယ်လောက် လေ့လာထားရုံနဲ့ ဒီအရာတွေအားလုံးကို အလွတ်ရပြီး အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ဆိုရင်....
ဒီကလေးက လူ မဟုတ်တော့ဘူး....
"ရှန်ဂျူက တစ်ကယ့်ကလေးပဲ။ ကြည့်ရတာတော့ သူ့ကိုငါသင်ပေးရတော့မှာပဲဟေ့"
ရဲချင်မျက်နှာမှာ အပြုံးရိပ်ဖြစ်ပေါ်နေပါတယ်။ ရှန်ယန်ရှောင်ရဲ့အရည်အချင်းက သူထင်ထားတာထက် ပိုသာလွန်နေပြီး သူ ဆက်စောင့်ကြည့်အကဲခတ်ဖို့ မလိုတော့ပါဘူးလေ။ ကောင်လေးဟာ သူ့ရဲ့ကောင်းကောင်းမွန်မွန်သင်ကြားပေးမှုနဲ့ ထိုက်တန်ပါတယ်။
နေ့ခင်းပိုင်းမှာတော့ နည်းပြတစ်ယောက်နဲ့အတူ တော်ဝင်ရိုလန်ကျောင်းရဲ့ဆေးသိုလှောင်ရုံကို ရှန်ယန်ရှောင်သွားနေပါပြီ။
ဆေးသိုလှောင်ရုံက ဆေးပညာဌာနရဲ့ နောက်ကျောမှာရှိပါတယ်။ ခြံအကျယ်ကြီးထဲမှာ အခန်းတစ်ခန်းပဲရှိပြီး သိုလှောင်ရုံရဲ့ နေရာဟာ တော်တော်ကြီးကျယ်ပြန့်ပါတယ်။
နည်းပြဟာ သိုလှောင်ရုံရဲ့ တံခါးဝအထိ သူမကို ခေါ်သွားခဲ့ပါတယ်။ လူငယ်လေးယောက်ဟာ တံခါးရဲ့ တစ်ဖက်တစ်ချက်စီမှာ တန်းရပ်နေပါတယ်။
ဆေးသိုလှောင်ရုံတံခါးဟာ လေးမီတာမြင့်ပြီး ခြောက်မီတာကျယ်ကာ ထည်ဝါခန့်ညားလှပါတယ်။
နည်းပြဟာ စာလိပ်တစ်ခုအား လူငယ်တွေထဲက တစ်ယောက်ထံကမ်းပေးလိုက်ပါတယ်။ လူငယ်က စာတွေကိုဖတ်ကြည့်လိုက်ပြီးနောက် တံခါးကိုဖွင့်ပေးလိုက်ပါတယ်။
လူငယ်ဟာ တံခါးမဖွင့်ခင်မှာ တံခါးကြီးပေါ်မှာ တစ်စုံတစ်ရာကို ကိုးကြိမ်ကိုးခါရေးဆွဲလိုက်တာကို သူမ သတိထားမိလိုက်တယ်။ အားလုံးကို သတိရှိရှိနဲ့ သူမ စောင့်ကြည့်လေ့လာမှတ်သားနေခဲ့ပါတယ်။
တံခါးပွင့်သွားချိန်မှာပဲ ဆေးနံ့ပျပျက လေထဲမှာလွင့်ပျံလာပါတယ်။
ထို့နောက်မှာတော့ရှေးဟောင်းအသားဗီရိုတွေကို သူမ မြင်တွေ့လိုက်ရပါတယ်။တစ်ချက်ကြည့်မိလိုက်တော့ သိုလှောင်ရုံရဲ့ အမိုးကို ထင်မှတ်မထားစွာနဲ့ မမြင်တွေ့ခဲ့ရပါဘူး။
"ရှန်ဂျူရေ အခု အထဲကိုဝင်ပြီးတော့ မင်းကြိုက်တဲ့ဆေးမြစ်တစ်မျိုးကို ယူလို့ရပြီနော်။ ငါကတော့လိုက်လို့မရလို့ ဒီမှာပဲ စောင့်နေခဲ့တော့မယ်"ဟု နည်းပြက ပြောဆိုမှာကြားလိုက်ပါတယ်။
"ဟုတ်ကဲ့ပါ"လို့ ခေါင်းညိတ်ကာ သူမ ပြန်ဖြေလိုက်ပါတယ်။ မျက်လုံးတွေကတော့ ပါးနပ်ထက်မြက်မှုတွေ ဝင်းကနဲလက်နေပါတယ်။
တစ်ချိန်ထဲမှာပဲ သူမက စိတ်ထဲကနေ ဆက်သွယ်ပြောဆိုနေခဲ့ပါတယ်။
"ရှူရေ မှော်အတားအဆီး ဒီနေရာမှာ ရှိမရှိ စစ်ဆေးပေးပါဦး"
မှော်ဆရာရဲ့ မှော်အတားအဆီးတွေအပေါ်မှာ သူမ သိပ်အကျွမ်းတဝင်မရှိပါဘူး။ ဒါကြောင့် မှော်အတားအဆီးကို ရှာမယ့်ကိစ္စအား သိကြားမင်းလေးဖြစ်တဲ့ ရှူကိုပဲ လွှဲပေးလိုက်ပါတယ်။
"အေးပါ"လို့ ရှူကတုံ့ပြန်ခဲ့ပါတယ်။
ပြီးတာနဲ့ သူမလည်း သိုလှောင်ရုံထဲ ဝင်လိုက်ပါတယ်။
ဆေးသိုလှောင်ရုံရဲ့တံခါးဝကို ဖြတ်တာနဲ့ သူမစိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ ရှူကလည်း ဒီအကြောင်းကို ထုတ်ဖော်ပြောခဲ့ပါတယ်။
"စွမ်းအားပြင်းတဲ့ မှော်အတားအဆီးတစ်ခုကို တံခါးမှာချထားတယ်။ အထဲကိုဝင်တဲ့ဘယ်သူမဆို ဒီလှိုင်းကို ခံစားမိလိမ့်မယ်။ အစောင့်တစ်ယောက်က တံခါးပေါ်မှာ သူ့လက်နဲ့ တစ်ခုခုရေးဆွဲလိုက်တာ ငါမြင်လိုက်တယ်။ မင်းရှာနေတဲ့ မှော်အတားအဆီးက ဒီတံခါးနဲ့ဆက်စပ်နေမယ်လို့ ငါထင်တယ်"
ရှန်ယန်ရှောင်မေးကိုပွတ်လိုက်ယ်။ လူငယ်ရဲ့လှုပ်ရှားမှုတွေက နည်းနည်းထူးနေတာကြောင့် သူမက အကြိမ်အနည်းငယ်ခန့် ထပ်ကြည့်ခဲ့ပါတယ်။ ကြည့်ရတာသာမန်ပုံပဲရှိတဲ့ အဆိုပါတံခါးမှာ စွမ်းအားပြင်းတဲ့ မှော်အတားအဆီးရှိနေမယ်လို့ သူမ မထင်ထားပါဘူး။
ဆေးသိုလှောင်ရုံထဲကို လျှောက်မသွားခင်မှာ ရှူပြောတဲ့အကြောင်းအရာကို သူမ မှတ်ထားလိုက်ပါတယ်။
တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံထဲက ဆေးမြစ်အရေအတွက်ဟာ အလွန့်အလွန်ကို ကြောက်စရာကောင်းအောင် များလှတယ်လို့ သူမ ပြောရမှာပါ။ ဗီရိုပေါင်းရာချီရှိနေကာ ဗီရိုတစ်လုံးမှာ အံဆွဲပေါင်း၁၀၈ခု ပါဝင်တည်ရှိနေပြီးတော့ အံဆွဲတစ်ခုတစ်ခုဆီမှာလည်း တန်ဖိုးကြီးဆေးမြစ်တွေထည့်ထားတာဖြစ်ပါတယ်။