အခန်း (၃၂၅-၃၂၇)
Vol. 22 Ch. 325-327
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၂၅)
ဆေးသိုလှောင်ရုံထဲမှာ ဆေးမြစ်အမျိုးအစားပေါင်း သောင်းချီပြီးရှိနေတယ်ဆိုတာကို သူမ မေ့လုမတတ်ဖြစ်ခဲ့ပါတယ်။
သူမမှာ ဆယ်ရက်ဆယ့်ငါးရက်လောက် အချိန်မရဘဲနဲ့ ဒီဆေးမြစ်တွေကို တစ်ခုချင်းလိုက်စစ်နေလို့ မဖြစ်ပါဘူး။ သူမက နေ့တစ်ဝက်ပဲအချိန်ရပါတယ်။
နေမဝင်ခင်မှာ သူမလိုအပ်တဲ့ ဆေးမြစ်ကို ရှာရမှာဖြစ်ပြီး ဒီသိုလှောင်ရုံကနေထွက်ပေးရမှာပါ။ မဟုတ်ရင် ဒီလိုအခွင့်အရေးကောင်းကို လက်လွတ်ဆုံးရှုံးရမှာဖြစ်ပါတယ်။
"အိုးယန်ဟွမ်းယူက တစ်ကယ့်ကို မြေခွေးအိုကြီးတစ်ကောင်ပဲ။ ဒီမှာ ဆေးမြစ်တွေအများကြီးရှိနေတာကို ဆေးမြစ်တစ်ခုရှာဖို့အတွက် နေ့ခင်းပိုင်းလေးပဲ အချိန်ပေးထားတယ်။ ဒီလောက်များလွန်းတဲ့ ဆေးမြစ်တွေထဲကနေပြီး တစ်ကယ်ကောင်းတဲ့ဆေးမြစ်ကို ရှာတွေ့ဖို့က ဘယ်လွယ်လိမ့်မလဲ"
ရှန်ယန်ရှောင်က ဆေးသိုလှောင်ရုံထဲကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။ ဒီဆုလာဘ်က အရမ်းမိုက်ပေမယ့် ဒီအခွင့်အရေးကို အသုံးချပြီးတော့ အကောင်းဆုံးဆေးမြစ်တွေကို ရှာတွေ့ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။
အတွင်းပိုင်းကို သူမ ဝင်သွားနေတုန်းမှာပဲ နောက်ကတံခါးက ဖြည်းဖြည်းချင်းပိတ်သွားပါတယ်။ ဆေးသိုလှောင်ရုံတစ်ခုလုံးမှာ သူမတစ်ယောက်ထဲသာ ရှိပါတော့တယ်။
ဘယ်သူမှမရှိတာသေချာပြီဆိုတာနဲ့ ရှန်ယန်ရှောင်က ဇာမဏီငှက်ကို ဆင့်ခေါ်လိုက်ပါတယ်။
အထဲမှာပဲ အချိန်အကြာကြီးနေခဲ့ရတဲ့ ဇာမဏီငှက်က စူပုပ်နေပါတယ်။
"မင်းကငါ့ကို မွန်းကြပ်ပြီးသေစေချင်နေတာလား"
ရှန်ယန်ရှောင် ကျောင်းတက်ကတည်းက စစ်ဆေးပွဲလုပ်တုန်းတစ်ခေါက်သာ သူ အပြင်ထွက်ခွင့်ရခဲ့ပါတယ်။ ကျန်တဲ့တစ်ချိန်လုံး သူမရဲ့ကိုယ်ထဲမှာပဲ သူ ညပ်သပ်နေခဲ့ရပါတယ်။ အခုဆို ဇာမဏီငှက် နောင်တရနေပါပြီ။ တစ်ချိန်လုံးပိတ်လှောင်ထားတဲ့ ဆရာသမားမျိုးကို သူ ဘယ်လိုများရှာတွေ့ခဲ့မိရတာလဲ။ ဒီအဖြစ်ကြောင့် သူ စိတ်အညစ်ကြီးညစ်နေရပါတယ်။
အတိတ်ကာလကို ပြန်ပြောင်းတွေးမိရင် သူနဲ့စာချုပ်ပြီးတာနဲ့ လူတွေရှေ့မှာ ထုတ်ပြပြီးမကြွားတဲ့ဆရာသမားတစ်ယောက်မှ မရှိခဲ့ပါဘူး။
ဒီကောင်စုတ်မလေး ရှန်ယန်ရှောင်ကျမှပဲ သူ ဟိတ်ဟန်ပြလို့မရခဲ့တဲ့အပြင် ကောင်မလေးက သူ့ကို ထပ်ကာထပ်ကာ အနိုင်ကျင့်ခဲ့ပါသေးတယ်။
ရှန်ယန်ရှောင်က ရယ်မောလိုက်ပြီး ဇာမဏီငှက်ရဲ့ခေါင်းလေးကို လက်နဲ့တို့ကာ ပြောလိုက်ပါတယ်။
"ငါ့မျိုးနွယ်ရဲ့ ဇာမဏီငှက်က အဲ့လောက်မပျော့ပါဘူးနော်။ ဒီတစ်ခေါက် ငါမင်းကို ခေါ်လိုက်တဲ့အကြောင်းကတော့ ငါ့ကို အကူအညီတစ်ခုပေးဖို့အတွက်ပဲ"
ဇာမဏီငှက်ရဲ့လက်တွေက ပိုက်လျက်သားနဲ့ပါ။ သူဟာ ရှန်ယန်ရှောင်ကို မကျေမနပ်နဲ့ ကြည့်လိုက်ပေမယ့် သူမရဲ့စကားကြောင့် ကိုယ့်ဖာသာဂုဏ်ယူမိလိုက်ပါတယ်။
တွေ့လား ဒီကောင်မလေးက သူ့အကူအညီကိုတော့ လိုသေးတာသေချာပါတယ်။
နောက်ဆုံးကျတော့လည်း ဒီလူသားလေးက တစ်ချို့နေရာတွေမှာ လိုအပ်ချက်ရှိသေးတာကြောင့် ကြီးမြင့်မဟာဆန်တဲ့ ဒဏ္ဍာရီသတ္တဝါကို အကူအညီတောင်းရတာပဲလေ။
မာနကြီးလှတဲ့ ဇာမဏီငှက်ဟာ ရှန်ယန်ရှောင်ကနေ သူ့ဆီက အကူအညီတောင်းခဲ့လို့ ဂုဏ်ဆာသွားပေမယ့် သူမရဲ့ နောက်ထပ်ပြောလိုက်တဲ့ စကားအား ကြားလိုက်ရချိန်မှာတော့ ဂုဏ်မဆာနိုင်တော့ပါဘူး။
"ဒဏ္ဍာရီသတ္တဝါဖြစ်တဲ့မင်းရဲ့ အစွမ်းက အတိုင်းအဆမရှိတာကြောင့် ငါ့အတွက် ဒီနေရာမှာရှိနေတဲ့ အကောင်းဆုံးအထူးခြားဆုံးဆေးမြစ်ကို ကူညီရှာဖွေပေးပါဦး"လို့ သူမကပြောလိုက်တာပါ။
ဇာမဏီငှက် မျက်လုံးပြူးသွားခဲ့တယ်။
"မင်း...မင်း...မင်းက ငါ့ကို ဆေးမြစ်ရှာခိုင်းချင်တယ်ပေါ့ ဟုတ်လား"
ဇာမဏီငှက်က ရှန်ယန်ရှောင်ကို ပြူးပြဲကြည့်လိုက်တယ်။ သူမကို မယုံနိုင်ဘူးဖြစ်နေရပါတယ်။
တိုက်ခိုက်ခြင်းမရှိ၊ ရင်ဆိုင်ထိတွေ့မှုနတ္ထိနဲ့ ရင်ခုန်စရာကောင်းသော ပြင်းထန်တဲ့တိုက်ပွဲလည်းမရှိနေပါဘူး။ ခန့်ထည်လှတဲ့ ဒဏ္ဍာရီသတ္တဝါကို သူမအတွက် ဆေးမြစ်အစုတ်ပလုတ်ရှာခိုင်းချင်တာတဲ့လေ။
ဘယ်သူနဲ့စကားပြောနေမှန်း ကောင်မလေးမသိဘူးလား...
ပန်းလေးတစ်ပွင့်လိုမျိုး ဆက်လက်ပြုံးနေခဲ့တဲ့ ရှန်ယန်ရှောင်ကတော့ ဇာမဏီငှက်ရဲ့ ဒေါသကို သတိမပြုမိခဲ့ပါဘူး။
အလွန်အမင်းကို မရင့်ကျက်ဘဲ နုနယ်နေသေးတဲ့ ရှန်ယန်ရှောင်ရဲ့မျက်နှာလေးကို ကြည့်နေရင်းနဲ့ ဇာမဏီငှက်က ခေါင်းကိုတစ်ဖက်သို့ လွှဲလိုက်ပြီးနောက် အေးစက်စွာပြန်ပြောလိုက်တယ်။
"ငါမရှာချင်ဘူး"
သူဟာ ဒဏ္ဍာရီသတ္တဝါပါနော် သူမရဲ့ အခိုင်းအစေမဟုတ်ပါဘူး။
ဒဏ္ဍာရီသတ္တဝါမှာလည်း သူ့ဂုဏ်သိက္ခာနဲ့သူ ရှိပါသေးတယ်။
ဒီလိုကိစ္စမျိုးကို သူ မလုပ်မှဖြစ်မယ်။
ရှန်ယန်ရှောင်က ဇာမဏီငှက်ရဲ့ မာနကြီးဂုဏ်ဆာတဲ့ မျက်နှာကို စိုက်ကြည့်လိုက်တယ်။ မျက်ခုံးကို အသာတွန့်လိုက်ပြီးနောက် သူမပြောလိုက်ပါတယ်။
"ဒဏ္ဍာရီသတ္တဝါဖြစ်တဲ့ ဇာမဏီငှက်က ဆေးမြစ်တွေကိုတောင် မခွဲခြားတတ်ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်"
အဲ့ဒီနောက် သူမက ဆက်လက်ပြီးတော့ ခနဲ့တဲ့တဲ့ပြောလိုက်ပါတယ်။
"အင်း ကြည့်ရတာတော့ မင်းအစွမ်းကို ငါ ပိုတွက်မိတဲ့ပုံပဲ။ ဒဏ္ဍာရီသတ္တဝါဆိုတာ အရာရာမှာစွမ်းအားကြီးတယ်လို့ထင်ခဲ့မိတာ အခုကျတော့ မင်းက ဆေးမြစ်တစ်ချို့တစ်လေကိုတောင် မခွဲခြားမသတ်မှတ်နိုင်ဘူးကိုး"
ဇာမဏီငှက်ရဲ့ပါးစပ်က လှုပ်စိလှုပ်စိဖြစ်သွားခဲ့ပြီး ဒေါသထွက်စွာနဲ့ ရှန်ယန်ရှောင်ကို ကြည့်လိုက်ကာ ပြောလိုက်တာကတော့.....
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၂၆)
"မင်းက ငါ့ကို တစ်ကယ်အထင်သေးရဲတယ်ပေါ့။ ဆေးမြစ်တွေကို ငါက မခွဲခြားတတ်ဘူးလို့ ဘယ်သူပြောတာလဲ။ ငါပြောလိုက်မယ် ဒီမှာရှိနေတဲ့ဆေးမြစ်တွေကို ငါ့မျက်စိထဲတောင်ထည့်မထားဘူး။ ဘာရေရှီမှို ဘာနှင်းကြာပန်းဆေးမြစ်လဲ။ မင်းတို့လူသားတွေမျက်လုံးထဲမှာ အလွန်တန်ဖိုးရှိနေတဲ့ ဒီဆေးမြစ်တွေက ငါအပျင်းပြေစားတဲ့ သရေစာတွေကွ"
ဒါ တော်တော်များသွားပါပြီ။ ဒီလူသားပေါက်စလေးက သူ့ကို အနိုင်ကျင့်ရုံတင်မကဘဲ သူ့အစွမ်းကိုတောင် မေးခွန်းထုတ်ရဲလိုက်ပါသေးတယ်။
ဒီကိစ္စကိုသည်းခံနိုင်ရင် သည်းမခံနိုင်စရာကိစ္စဆိုတာ မရှိတော့ပါဘူး။
"ဆေးမြစ်ရှာဖို့လောက်ပဲဆိုရင် တစ်မိနစ်သာစောင့် ဒီနေရာမှာရှိတဲ့ အကောင်းဆုံးဆေးမြစ်ဆိုတာကို ငါရှာပေးမယ် ဟုတ်ပြီလား"
စကားဆုံးတာနဲ့ ဇာမဏီငှက်က ပျံတက်သွားလိုက်ပြီး ဆေးမြစ်ဗီရိုတွေအပေါ်ကနေ မျောလွင့်ပျံသန်းနေပါတော့တယ်။
ဆေးသိုလှောင်ရုံထဲမှာ ပျံသန်းနေတဲ့ ဇာမဏီငှက်ရဲ့ ကိုယ်လုံးလေးကိုကြည့်လိုက်ပြီးတော့ ရှန်ယန်ရှောင် ငိုရမလိုရယ်ရမလို ဖြစ်သွားရပါတယ်။
ဇာမဏီငှက်ရဲ့စိတ်ထားက ရိုးလွန်းအားကြီးလို့ သူမအနေနဲ့ ဒီအဖြစ်အပေါ်မှာ အောင်မြင်မှုရတယ်လို့ မခံစားနိုင်ဖြစ်သွားပါတယ်။
ဒဏ္ဍာရီသတ္တဝါတစ်ကောင်ကို အနိုင်ကျင့်ရလို့ မှားယွင်းတယ်ဆိုပြီး သူမ တစ်စက်လေးမှ မခံစားရမိပါဘူး။ ဇာမဏီငှက်ရဲ့ ကူညီမှုကြောင့် ဆေးသိုလှောင်ရုံထဲမှာ သူမက အေးအေးဆေးဆေး သာသာယာယာ လျှောက်သွားနေလိုက်ပါတော့တယ်။
သိပ်မထူးခြားတဲ့ဆေးမြစ်တွေတွေ့ရင် သူမက တစ်ချက်ပဲကြည့်ပြီး ဆက်သွားနေလိုက်ပါတယ်။
ဆေးပညာဌာနရဲ့ ပြိုင်ပွဲမှာပေးအပ်ချီးမြှင့်တဲ့ဆုဟာ မက်မောစရာကောင်းပေမယ့် တစ်ကယ်တန်းမှာတော့ ဆုရသူ၏ အရည်အချင်းကို စိန်ခေါ်မှုတစ်ရပ်သာဖြစ်ပါတယ်။
ဒီကြီးမားတဲ့သိုလှောင်ရုံထဲမှာ ဆေးမြစ်အမျိုးအစားပေါင်း သောင်းချီရှိနေကာ နေ့ခင်းတစ်ပိုင်းသာအချိန်ရတာကြောင့် စိတ်ရှည်မှုနဲ့ကံကောင်းမှုတွေက ဆေးမြစ်ကောင်းတွေ့ရှိဖို့အတွက် လိုအပ်ပါတယ်။
ပြိုင်ပွဲကို ရှန်ဂေါင်းရှောင်တစ်ယောက် ဆက်တိုက်ပါဝင်ဖို့ စိတ်အားထက်သန်နေရခြင်းက ဒီသိုလှောင်ရုံတစ်ခုလုံးက ဆေးမြစ်တွေကို အကုန်အစင်မတွေ့ရသေးတာကြောင့် ဖြစ်ဖို့များပါတယ်။
သိုလှောင်ရုံအဝင်ဝနားက ဆေးဗီရိုတွေကို သူမအချိန်ခဏကြာအောင် လှည့်ပတ်ကြည့်ပြီးတော့ အတွင်းပိုင်းဆီကို ဆက်သွားလိုက်ပါတယ်။
စောရတစ်ယောက်ဖြစ်တဲ့ သူမ၏အတွေ့အကြုံအရ ပစ္စည်းကောင်းတွေဟာ အတွင်းပိုင်းအကျဆုံးနေရာတွေမှာသာ အမြဲလိုလိုရှိပါတယ်။ ရှေ့မှာရှိနေတဲ့ ဆေးမြစ်တွေဟာ သာမန်ဆေးမြစ်တွေသာဖြစ်ပြီး ဆေးဆိုင်တစ်ဆိုင်မှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။
သူမက ဆေးသိုလှောင်ရုံ၏ အတွင်းပိုင်းအကျဆုံးနေရာကို ဆက်သွားလိုက်ပါတယ်။
သူမရှေ့ကိုသွားတာနဲ့အမျှ တစ်ဖက်တစ်ချက်စီမှာရှိတဲ့ ဆေးဗီရိုတွေအပေါ်မှာ တပ်ဆင်ကပ်ထားတဲ့ နာမည်တွေလည်း ပြောင်းလဲလာတာကို သတိထားမိခဲ့တယ်။ ဒီဆေးမြစ်အများစုကို အလတ်တန်းဆေးရည်ဖော်စပ်တဲ့နေရာမှာ သုံးကြပါတယ်။
သူမရဲ့ ယူဆချက်က မှားပုံမပေါ်ပါဘူး။
အချိန်တစ်ခုအကြာမှာတော့ သစ်သားဗီရိုအနည်းငယ်ပဲရှိတဲ့ ဆေးသိုလှောင်ရုံရဲ့ အစွန်ဆုံးကိုသူမ ရောက်သွားခဲ့ပါတယ်။
ရှန်ယန်ရှောင်လည်း ဗီရိုတစ်ခုဆီကိုသွားလိုက်ပြီးတော့ သူမရှေ့မှာရှိနေတဲ့ ဆေးမြစ်တွေရဲ့နာမည်ကို ဖတ်ကြည့်လိုက်ပါတယ်။
ဒီဆေးမြစ်တွေဟာ သူမ စောစောကတွေ့ခဲ့ရတဲ့ ဆေးမြစ်တွေထက် တန်ဖိုးပိုမြင့်တာ မှန်ပေမယ့်လည်း သူမ မျှော်လင့်သလိုတော့ မဟုတ်သေးပါဘူး။
"ထူးဆန်းလှတယ် ဒီလောက်ဆေးသိုလှောင်ရုံအကြီးကြီးထဲမှာတောင် တစ်ကယ်ထုတ်ပြရလောက်အောင် တန်ဖိုးရှိတဲ့ ဆေးမြစ်တစ်ခုတောင် ငါ ရှာမတွေ့သေးဘူး"
ရှန်ယန်ရှောင်၏ မျက်ခုံးတွေမြင့်တက်သွားခဲ့ရတယ်။
တစ်ခြားသမားတော်တွေအဖို့တော့ ဒီဆေးမြစ်တွေဟာ အလွန်တန်ဖိုးရှိတာအမှန်ပေမယ့် သူမအတွက်ကတော့ ဒီဆေးမြစ်တွေဟာ သိပ်တန်ဖိုးမရှိလှပါဘူး။
သူမရဲ့ ငွေကြေးပိုင်ဆိုင်မှုအရ ဒီလိုဆေးမြစ်တွေကို ငွေပစ်ပေးပြီး ဝယ်ယူလို့ရနိုင်တာကြောင့် သူမ အပြစ်တော့လည်း မဟုတ်ပါဘူး။ သူမက ငွေနဲ့ဝယ်လို့မရတဲ့ ဆေးမြစ်ရတနာတွေကို ရှာဖွေနေတာဖြစ်ပါတယ်။
ဘာမှမတတ်နိုင်တာနဲ့ သူမလည်း ဆက်ရှာနေလိုက်ရပါတယ်။
သူမရဲ့ တွေးဆထင်မြင်ချက်က မှားနေတာလားလို့ တွေးမိသွားပါတယ်။ ကံကောင်းစွာနဲ့ ဟိုဖက်မှာရောက်နေတဲ့ ဇာမဏီငှက်က တစ်ခုခုကိုတွေ့သွားခဲ့ပါတော့တယ်။
"ဟေ့ ကောင်စုတ်မလေး မင်းက ဘယ်လိုဆေးမြစ်မျိုးကို ရှာနေတာလဲ။ ဒီအခန်းရဲ့ ဒေါင့်လေးဒေါင့်မှာရှိတဲ့ ဗီရိုတွေထဲမှာထည့်ထားတဲ့ ဆေးမြစ်တစ်ချို့က တစ်ခြားဆေးမြစ်တွေနဲ့ မတူတာကို ငါတွေ့ထားတယ် မင်းအဲ့ဆီကို သွားကြည့်ချင်လောက်တယ်နော်"
ဇာမဏီငှက်ဟာ အံ့အားသင့်ဖွယ်အမြန်နှုန်းနဲ့ သိုလှောင်ရုံတစ်ခုလုံးအား လှည့်ပတ်ကြည့်ရှုပြီးသွားခဲ့ပါပြီ။ ဆေးမြစ်တွေကို ရှာဖွေတဲ့နေရာမှာ သားရဲကောင်တွေက သဘာဝကပေးအပ်ထားတဲ့ သာလွန်မှုရှိပါတယ်။ သူတို့ရဲ့နှာခေါင်းကိုအသုံးချကာ ဖြစ်နိုင်သမျှအချိန်တိုသထက်တိုစွာနဲ့ အကောင်းဆုံးဆေးမြစ်ကို ရှာဖွေတွေ့ရှိဖို့အတွက် ဆေးမြစ်နံ့ကိုခံနိုင်ပါတယ်။ ဒီအရည်အသွေးကို တစ်ခြားဘယ်သူမှ မယှဉ်နိုင်ပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၂၇)
"ဒေါင့်လေးဒေါင့်မှာလား"
ရှန်ယန်ရှောင်မျက်ခုံးပင့်လိုက်မိတယ်။ အိုးယန်ဟွမ်းယူက တော်တော်လေးလိမ္မာပါးနပ်တာပဲကိုး။ သူက လူတွေရဲ့စိတ်ဆုံးဖြတ်လှုပ်ရှားမှုကို ရှောင်ကြဉ်တဲ့အနေနဲ့ တစ်ကယ့်အဖိုးတန်ဆေးမြစ်တွေကို သတိမထားမိနိုင်ဆုံးနေရာတွေမှာ ထားထားပါတယ်။ ဒါကြောင့် ချန်ပီယံတစ်ယောက်က ရိုးရိုးသာမန်အတိုင်းစဉ်းစားလုပ်ဆောင်မယ်ဆိုရင် အခန်းရဲ့ ဒေါင့်လေးဒေါင့်ကိုတော့ ရှာဖွေမိမှာမဟုတ်ပါဘူး။
သူမက အရှေ့ဖက်ဒေါင့်ကိုသွားလိုက်ပါတယ်။ တစ်ကယ်ပါပဲ အရှေ့ဖက်ဒေါင့်မှာ ဗီရိုသုံးလုံးရှိနေပြီးတော့ အထဲမှာ အလွန်တန်ဖိုးကြီးရှားပါးဆေးမြစ်တွေကို ထည့်ထားပါတယ် အဲ့ဒီဆေးမြစ်တွေကို ပိုက်ဆံရှိရင်တောင် ဝယ်လို့မလွယ်ပါဘူး။
ရှန်ယန်ရှောင်က ထိုဆေးမြစ်တွေကို တစ်ခုပြီးတစ်ခု ကြည့်ရှုလိုက်သည်။ သူမက အလျင်စလိုမဖြစ်နေပါဘူး။ သူမဟာ ဒေါင့်လေးဒေါင့်လုံးမှာရှိတဲ့ ဗီရိုတွေကို အကုန်စစ်ကြည့်လိုက်သည်။
လှည့်ပတ်ကြည့်အပြီးမှာတော့ သူမ သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံဟာ တစ်ကယ့်ကိုကြွယ်ဝလှပါတယ်။ ဒေါင့်လေးဒေါင့်လုံးက ဆေးမြစ်အားလုံးကို ရောင်းချမယ်ဆိုရင် သန်းဆယ်ဂဏန်းမကရမှာဖြစ်ပါတယ်။
ဒီဆေးမြစ်တွေထဲကနေ တစ်ခုပဲယူလို့ရမယ်ဆိုသောအချက်က သူမကို တစ်ကယ်စိတ်ပျက်စေပါတော့သည်။ တန်ဖိုးကြီးတာတွေကို မြင်တာနဲ့ တစ်ခါတည်းကောက်ယူလေ့ရှိတဲ့ သူမအဖို့ ဒီကိစ္စက တစ်ကယ့်ကိုစိတ်ညစ်ညူးစေရပါတယ်။
သွေးစားပွဲတော်အတွက် လိုအပ်တဲ့ဆေးမြစ်အမျိုးငါးဆယ်ခြောက်ဆယ်လောက် ရှိနေတာဖြစ်ပြီး အခုလို တစ်မျိုးတည်းသာရွေးချယ်ရတာမျိုးကြောင့် သူမမျက်နှာဟာ မရွှင်မပျဖြစ်နေပါပြီ။
ဘာမှမတတ်နိုင်တာနဲ့ ဆေးဗီရိုတွေကို တစ်လုံးပြီးတစ်လုံးလိုက်ဖွင့်ကာ တန်ဖိုးအရှိဆုံးဖြစ်မယ့်ဆေးမြစ်ကိုပဲ လိုက်ရှာလိုက်ရပါတယ်။
သူမ စိတ်ညစ်စွာရှာဖွေနေရင်းနဲ့ မာ့ရှ်ဖြူဆေးမြစ်လို့ခေါ်တဲ့ ဆေးမြစ်တစ်မျိုးဟာ တစ်ခုခုလွဲမှားနေတာကို သူမ တွေ့လိုက်ရပါတယ်။
မာ့ရှ်ဖြူဆေးမြစ်က သွေးစားပွဲတော်ရဲ့ အဓိကဆေးမြစ်တွေထဲက တစ်မျိုးဖြစ်ပါသည်။ သူ့တန်ဖိုးသက်သက်အရဆို အဆင့်ရှစ်မှော်အမြူတေနဲ့ ညီမျှပါတယ်။
ဗီရိုထဲက မာ့ရှ်ဖြူဆေးမြစ်ကတော့ တစ်မျိုးကွဲပြားနေပါသည်။ မာ့ရှ်ဖြူဆေးမြစ်ဟာ သေးငယ်တဲ့အဖြူရောင်ပန်းတစ်ပွင့်ဖြစ်ကာ ပွင့်လွှာခုနှစ်ချပ်ပါဝင်ပြီး ပွင့်ချပ်တိုင်းရဲ့ အစွန်းတွေမှာ အတွန့်လွှာလေးတွေနဲ့ဖြစ်သည်။ ဒီမာ့ရှ်ဖြူဆေးမြစ်မှာလည်း လှိုင်းတွန့်လေးတွေပါပေမယ့် သမားရိုးကျမာ့ရှ်ဖြူဆေးမြစ်တွေနဲ့မတူဘဲ သူမကို ထူးခြားတဲ့ခံစားမှုမျိုးဖြစ်နေစေပါသည်။
ဆေးမြစ်တွေရဲ့ ကြန်အင်လက္ခဏာတွေအားလုံးက ပုံသေတူညီမှုရှိတာဟာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ ဒါပေမယ့် ဒီမာ့ရှ်ဖြူဆေးမြစ်ရဲ့ လှိုင်းတွန့်အနားသတ်တွေဟာ ပုံမှန်အတိုင်း အဝိုင်းသဏ္ဍာန်မရှိဘဲ တြိဂံပုံဖြစ်နေပါတယ်။ တစ်ခုရှိတာကတော့ သေသေချာချာကိုင်တွယ်ကြည့်ရှုမှုမလုပ်ရင် ဒီကွဲပြားမှုကို သိမှာမဟုတ်ပါဘူး။
ဒီအချက်က သူမကို သို့လောသို့လောဖြစ်သွားစေပြီး ဒီဆေးမြစ်က တစ်ခုခုတော့မှားနေတယ်လို့ သူမ သံသယဖြစ်သွားသည်။ ဒီအချိန်မှာပဲ ရှူက စကားပြောလိုက်ပါသည်။
"ဒီဆေးမြစ်က ဘယ်လိုဖြစ်ပြီး ဒီမှာရှိနေရတာလဲ"
ထူးခြားရှားပါးတဲ့ အံ့အားသင့်မှုလေသံက ရှူ့စကားသံထဲမှာ ပါဝင်နေပါတယ်။
သူမလည်း နည်းနည်းအံ့သြသွားမိလိုက်ပြီးနောက် ပြန်မေးလိုက်ပါတယ်။
"ရှူ ခင်ဗျား ဒီဆေးမြစ်အကြောင်းကို သိသလား"
ရှူ ပြန်ဖြေလိုက်သည်။
"အတိအကျဆိုရင်တော့ ဒါက ဆေးမြစ်မဟုတ်ဘူးကွ။ ဒီအရာက နတ်ဆိုးတွေရဲ့အရပ်ဖြစ်တဲ့ မြေအောက်ကမ္ဘာမှာပဲ ပေါက်ဖွားရှင်သန်တဲ့ နတ်ဆိုးဝိဉာည်ပင်ပဲ။ နတ်ဆိုးမျိုးနွယ်တွေက ဒီအပင်ကို ဆေးရည်ဖော်တဲ့နေရာမှာမသုံးဘူး အဲ့ဒီအစား တစ်ခြားနတ်ဆိုးပင်နှစ်မျိုးနဲ့ အတူစိုက်ပြီး နတ်ဆိုးတွေကို လေ့ကျင့်အဆင့်မြှင့်ပေးတဲ့နေရာအတွက်သုံးတာပဲ"
"နတ်ဆိုးမျိုးနွယ်ရဲ့ အပင် ဟုတ်လား"
ရှန်ယန်ရှောင်ဟာ မာ့ရှ်ဖြူနဲ့ဆင်တူယိုးမှားရှိတဲ့ အပင်ဟာ နတ်ဆိုးမျိုးနွယ်ကလို့ ထင်မထားပါဘူး။
"အင်း ဒီအပင်က မင်းတို့လူသားတွေရဲ့ ဆေးမြစ်တစ်မျိုးနဲ့ ဆင်ပေမယ့် အခြေခံအားဖြင့် လုံးဝကွဲပြားတယ်လေ။ နတ်ဆိုးဝိဉာည်ပင်က စားလို့မရဘူး။ ပြင်းထန်တဲ့အဆိပ်တွေတောင် ပြီးတဲ့နတ်ဆိုးတွေတောင်မှ ဒီအပင်ကို မစားရဲကြဘူး။ ဒီနတ်ဆိုးဝိဉာည်ပင်မှာက ပြင်းထန်တဲ့အဆိပ်ရှိပြီး အမှောင်စွမ်းအင်လည်းရှိတာကြောင့် နတ်ဆိုးတွေသာ အရိုးပန်းနဲ့ဖူးရောင်ပန်းကို ဒီအပင်နဲ့အတူစိုက်ထားမယ်ဆိုရင် အလွန်ကြွယ်ဝတဲ့ အမှောင်စွမ်းအားတွေကို ထုတ်လွှတ်ပေးတာကြောင့် နတ်ဆိုးမျိုးနွယ်က ဒီအမှောင်စွမ်းအားတွေကို အသုံးပြုပြီးတော့ စွမ်းအားမြင့်တဲ့နတ်ဆိုးတွေကို ပြုစုမွေးထုတ်ပေးတယ်လေ။ အမှောင်စွမ်းအားအတော်များများကို ရယူလေ့ကျင့်ပြီးတဲ့ နတ်ဆိုးတွေမှာ ပြောင်းလဲမှုတွေဖြစ်လာတယ်။ ဒီမျိုးစပ်နတ်ဆိုးတွေက နတ်မျိုးတွေနဲ့နတ်ဆိုးတွေရဲ့ လောကကိုတုန်လှုပ်စေခဲ့တဲ့ စစ်ပွဲကြီးအတွင်းမှာတုန်းက အလွန်ဆိုးရွားတဲ့ ကပ်ဘေးကြီးကိုယူဆောင်ပေးခဲ့ကြတယ်"
ရှူရဲ့လေသံက နှင်းခဲလိုအေးစက်မြဲအေးစက်ဆဲဖြစ်ပေမယ့် သံသယဖြစ်မှုနဲ့သိလိုစိတ်အချို့ရောယှက်နေပါတယ်။