← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၂၈)

ရှန်ယန်ရှောင် မျက်မှောင်တွန့်သွားရသည်။ အဲ့အကြောင်းတွေအားလုံးကို သူမကြားသိလိုက်ရတာနဲ့ ဒီအပင်က တစ်ကယ့်အန္တရာယ်လို့ ဘာကြောင့်မို့ တွေးမိသွားရလဲ သူမ မသိပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့ ဒီဆေးမြစ်တွေကြားထဲကို ရောနှောရောက်ရှိနေရတာလဲ။ သူမက မာ့ရှ်ဖြူတွေရှိနေတဲ့ အံဆွဲကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။ အဆိုပါဆေးမြစ်တွေကတော့ သာမန်မာ့ရှ်ဖြူဆေးမြစ်တွေနဲ့ ဘာမှခြားနားမှုရှိမနေပါဘူး။

"ဒီအပင်က အန္တရာယ်တစ်အားများလား"

အိုးယန်ဟွမ်းယူဟာ ယန်းချီအတွက် သွေးစားပွဲတော်ဆေးရည်ကို ကူညီပေးနေတာဖြစ်ပြီး မာ့ရှ်ဖြူဆေးမြစ်လည်းပါဝင်နေပါသည်။ နတ်ဆိုးဝိဉာည်ပင်နဲ့မာ့ရှ်ဖြူဆေးမြစ်ရဲ့ ခြားနားမှုကို ရဲချင်နဲ့တစ်ခြားလူတွေသာ သတိမထားမိကြဘဲ သွေးစားပွဲတော်ဆေးရည်ထဲမှာ ထည့်သွင်းခဲ့မိမယ်ဆိုရင် ယန်းချီထိခိုက်မှုဖြစ်နိုင်မလား။

ဒီအရာကို အခုချက်ခြင်းဖျက်စီးပစ်လိုက်ရမလားလို့ သူမ တွေးနေမိပါသည်။ မဟုတ်ရင် ရှူပြောသလိုသာဆိုပါက ယန်းချီရောရဲချင်နှစ်ယောက်လုံးကို နတ်ဆိုးဝိဉာည်ပင်က ဒုက္ခပေးဖို့များပါတယ်။

ယန်းချီက သူမရဲ့ကျေးဇူးရှင်ဆရာသမားဖြစ်ပြီး ရဲချင်ကိုလည်း သူမ အလွန်ကျေးဇူးတင်မိပါတယ်။ သူတို့ထဲကတစ်ယောက်ကိုမှ ထိခိုက်မှာကို သူမ မလိုလားပါဘူး။

ရှန်ယန်ရှောင်ဟာ နှလုံးသားကင်းမဲ့သူတစ်ယောက်ဖြစ်နိုင်ပေမယ့် သူမအပေါ်ကို ဂရုစိုက်မှုပေးတဲ့ လူကြီးတွေကိုတော့ အလွန်လေးစားပါတယ်။

သူမ စောရပညာကို သင်ယူစဉ်တည်းက မှတ်သားနာယူခဲ့ရတာလည်းဖြစ်ပါတယ်။ အဲ့တုန်းကဆိုရင် အဖွဲ့အစည်းထဲမှာ သူမက ဘာမှမဟုတ်သူတစ်ယောက်သာဖြစ်ခဲ့ပြီး အချိန်မရွေး သားကောင်ဖြစ်သွားနိုင်ခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ စောရဝိဇ္ဇာဖြစ်သူကသာ သူမကို သဘောကျသွားခဲ့ပြီး သူမရဲ့စောရအတတ်ကိုသာ သင်ကြားမပေးခဲ့ရင် သူမအနေနဲ့ ကမ္ဘာမှာကျော်ကြားတဲ့ စောရဝိဇ္ဇာဖြစ်လာမှာမဟုတ်ပါဘူး။

သူမကို စောရအတတ်ပညာတွေ သင်ကြားပေးခဲ့သော သူမရဲ့ဆရာသမားအပေါ်မှာ သူမ အလွန်လေးစားရိုသေခဲ့ပါတယ်။

သူမ၏ဆရာသမားက သူမကို တစ်ခါပြောဖူးတာကတော့ အမှောင်လောကမှာနေထိုင်ကျင်လည်ရသူတစ်ယောက်အနေနဲ့ အရာရာကို စွန့်လွှတ်လို့ရပေမယ့် မိမိဆရာသမားကိုတော့ သစ္စာမပျက်ဖို့ အရေးကြီးတယ်ဆိုတဲ့အချက်ပါပဲ။

သူမက ဆရာဖြစ်သူရဲ့ စကားလုံးတိုင်းကို ကောင်းကောင်းကြီးမှတ်မိနေပါသည်။

ဆရာသမားတစ်ယောက်က သူမအတွက် တစ်ရက်တာပဲ တွေးတောစဉ်းစားပေးခဲ့ရင်တောင် သူမအတွက် တစ်သက်တာဖခင်အဖြစ် သူမ သတ်မှတ်ပါတယ်။ ဒီဟာက သူမ အမြဲကျင့်သုံးတဲ့ ကိုယ်ကျင့်တရားတစ်ခုဖြစ်ပါသည်။

"ဒီအပင်ကို ဆေးအတွက်အသုံးပြုခဲ့မယ်ဆိုရင် အဆိုးရွားဆုံးအဆိပ်ဖြစ်သွားမှာပဲ။ လူသားတွေရဲ့ ဆေးအတတ်နဲ့တော့ ဘာဖြေဆေးမှရှိမှာမဟုတ်ဘူး။ ဒါပေမယ့် နတ်ဆိုးတွေကို ဖမ်းဆီးဖို့အတွက်ဆိုရင်တော့ လောကရဲ့ အကောင်းဆုံးအပင်ဖြစ်မှာပဲ"လို့ ရှူကပြောလိုက်တယ်။

ရှန်ယန်ရှောင်ဟာ ရှူ့စကားကို စဉ်းစားကြည့်လိုက်သည်။ ရှူက စကားပြောတိုင်းမှာ တစ်ခုခုကို သဲလွန်စပေးနေသလို သူမခံစားမိနေသည်။

"ဒီအပင်က အမှောင်စွမ်းအားကို တစ်ကယ်ထုတ်လွှတ်ပေးနိုင်တယ်လား။ ကျနော်အမှတ်မမှားဘူးဆိုရင် ခင်ဗျားရဲ့အစွမ်းတွေကို ပြန်ရဖို့အတွက် သလင်းအမြူတေထဲမှာရှိတဲ့ အမှောင်စွမ်းအားကို စုပ်ယူရမယ်လို့ ခင်ဗျားပြောဖူးတယ်နော်။ နောက်ပြီး နတ်ဆိုးတွေကလည်း အမှောင်စွမ်းအားကို ထုတ်ပေးနိုင်တယ်ဆိုတော့ ခင်ဗျားက သူတို့ဆီကနေ တိုက်ရိုက်ယူလို့ရနိုင်လားဟင်"

ရှူလိုအပ်တဲ့ သလင်းအမြူတေပမာဏက အလွန်များနေပါပြီ။ လောင်းရွှမ်တစ်ပြည်လုံးက သလင်းအမြူတေအားလုံးကို သူမ စုဆောင်းနိုင်ရင်တောင်မှ ရှူရဲ့လိုအပ်ချက်ကို ပြည့်မှီမှာမဟုတ်မှာကို သူမ စိုးထိတ်မိပါသေးတယ်။

နတ်ဆိုးဝိဉာည်ပင်သာ တစ်ကယ်အစွမ်းထက်ရင် သူမရဲ့ အကျိုးစီးပွားအတွက် အသုံးပြုရင် ပိုမကောင်းဘူးလား။

ခဏတာစဉ်းစားနေလိုက်ပြီးနောက် ရှူက ပြန်ပြောလိုက်သည်။

"အဲ့အကြောင်းကိုပြောရမယ်ဆိုရင် နတ်ဆိုးဝိဉာည်တစ်ပင်တည်းကို အားကိုးမယ်ဆိုရင် ငါ့ရဲ့လက်ရှိအစွမ်းလောက်နဲ့တော့ အသုံးချနိုင်မှာမဟုတ်သေးဘူး။ အရိုးပန်းနဲ့ဖူးယောင်မြက်တွေကိုသာ မင်းရှာတွေ့နိုင်ရင် သုံးပင်လုံးကိုအတူစိုက်ထားလိုက်တဲ့အခါ သလင်းအမြူတေနေရာကို သူတို့က အစားထိုးနိုင်ပါတယ်။ အဲ့အခါကျရင် အပင်သုံးပင်ကနေထုတ်လွှတ်တဲ့ အမှောင်စွမ်းအားကို တစ်လလောက်ရရုံနဲ့ မင်းရဲ့ စတုတ္ထအမှတ်ကိုပယ်ဖျက်ပေးနိုင်တယ်"

တစ်လပဲ လိုတယ်ပေါ့လေလို့တွေးလိုက်မိတဲ့ သူမ မျက်လုံးတွေအရောင်လက်သွားခဲ့တယ်။

သလင်းအမြူတေတွေကို လက်ရှိစုဆောင်းနေတဲ့အမြန်နှုန်းအရဆိုရင် သူမရဲ့ စတုတ္ထအမှတ်ကိုပယ်ဖျက်နိုင်ဖို့အတွက် အနည်းဆုံးတစ်နှစ်ကျော်လိုမှာဖြစ်ပြီး ဒါတောင် သလင်းအမြူတေလုံလုံလောက်လောက်ရှိဦးမှဖြစ်မှာပါ။ ဒါပေမယ့် သူမရဲ့ လိုအပ်ချက်အရ လောင်းရွှမ်တိုင်းပြည်မှာရှိတဲ့ သလင်းအမြူတေအရေအတွက်က သိသိသာသာကျဆင်းလာနေပါပြီ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၂၉)

တစ်နေ့ကျရင် သူမ ဘာကိုမှစုဆောင်းနိုင်မှာမဟုတ်တော့ဘူးလို့ ပြောနိုင်ပါတယ်။

အပင်တွေကို သူမသာ တစ်ကယ်ရအောင်လုပ်နိုင်မယ်ဆိုရင်တော့ သလင်းအမြူတေအတွက် ပူနေစရာမလိုတော့ပါဘူး။ ကျန်တဲ့သလင်းအမြူတေတွေကို သူမရဲ့ ခရမ်းရောင်မြို့စားအတွက် အသုံးပြုနိုင်ပြီလို့တောင် ပြောလို့ရပါတယ်။

သလင်းအမြူတေအရေအတွက်က လုံလောက်မှုမရှိတော့တာကြောင့် ရသမျှအမြူတေတွေကို ရှူ့အားပေးအပ်ပြီးပါပြီ။ ခရမ်းရောင်မြို့စားက သူမနဲ့အတူရှိတာကြာပြီဖြစ်ပေမယ့် သလင်းအမြူတေတစ်လုံးတစ်လေကိုတောင် အသုံးမပြုရသေးပါဘူး။

"အရိုးပန်းနဲ့ဖူးယောင်မြက်ကို ကျနော်ဘယ်မှာရှာရမလဲ"

သူမ နည်းနည်းစိတ်ပါသွားရပါသည်။ ဒီနှစ်ပင်လုံး နတ်ဆိုးမျိုးနွယ်ဒေသမှာပဲ ပေါက်ရောက်တာမဟုတ်ဖို့ဘဲ သူမ မျှော်လင့်မိပါတယ် မဟုတ်ရင် ဒါတွေရဖို့ သူမ အားကုန်ပင်ပန်းရဦးမှာကိုး။

"လူသားကမ္ဘာမှာ ဒီအပင်တွေ ဘယ်မှာရှိလဲဆိုတာကိုတော့ ငါမသိဘူး။ အရိုးပန်းတွေကတော့ မြေသြဇာအဖြစ် လူသေကောင်အများကြီးရှိတဲ့နေရာမှာပဲ ကြီးပြင်းပေါက်ရောက်တယ်ဆိုတာပဲ ငါသိတယ်။ ဖူးယောင်ပန်းကတော့ ဖီးနစ်ငှက်အသိုက်မှာ ပေါက်တာပဲ"လို့ ရှူကပြောလိုက်သည်။

"ဖီးနစ်ငှက်"

ရှန်ယန်ရှောင်မျက်တောင်ခတ်လိုက်သည်။ ဒီကမ္ဘာကဖီးနစ်ငှက်ဟာ သူမသိထားတဲ့ဖီးနစ်ငှက်နဲ့မတူပါဘူး။ ဒီမှာရှိတဲ့ဖီးနစ်ငှက်ဟာ မှော်သားရဲတစ်မျိုးဖြစ်သည်။ ရှားပါးမှုကတော့ သူမသိတဲ့ ဖီးနစ်ငှက်တွေအတိုင်း ရှားပါးလှပါတယ်။

"ဖီးနစ်ငှက်ရဲ့အဆင့်က သိပ်မြင့်ပုံမရဘူးလေ အဲ့ဒီတော့ ရှာတွေ့ခဲ့ရင် ကျနော် ကြိုးစားကြည့်ဦးမယ်"

ရှန်ယန်ရှောင်က မေးကိုပွတ်ရင်းပြောလိုက်လေသည်။ စာအုပ်ထဲမှာက ဖီးနစ်ငှက်ရဲ့အဆင့်ကို ရှစ်သို့မဟုတ်ကိုးလို့ ရေးသားမှတ်တမ်းတင်ထားပါသည်။ အဆင့်မြင့်မှော်သားရဲလောက်ပဲဆိုရင် အဆင့်၁၂ရှိတဲ့ ဒဏ္ဍာရီသတ္တဝါ ဇာမဏီငှက်ကို သူမပိုင်ဆိုင်ထားတာကြောင့် ဖီးနစ်ငှက်နဲ့ ရင်ဆိုင်ရာမှာ လွယ်ကူမှာပါပဲ။

ဒီအချိန်မှာပဲ သူမရဲ့ စိတ်ကူးလေး လွင့်ပျက်သွားရပါတော့တယ်။

"အဆင့်ရှစ် အဆင့်ကိုးပဲရှိတဲ့ ဖီးနစ်တဲ့လား။ အခုမှမွေးထားတဲ့ ဖီးနစ်ပေါက်စနကို မင်းပြောနေတာလား။ ဖီးနစ်ငှက်တွေက မွေးစတည်းက အဆင့်ရှစ်ရှိပြီးတော့ အရွယ်ရောက်တဲ့အခါမှာ အဆင့်တစ်ဆယ်နဲ့အထက်ကို အလိုအလျောက်ရောက်သွားတာကွ။ ဇာမဏီငှက်နဲ့အဆင့်တူနေရင်တောင် သူတို့မှာက ပြန်လည်မွေးဖွားခြင်းဆိုတဲ့ သဘာဝအားသာချက်ကြီးရှိသေးတယ်။ သူတို့သေတဲ့နေရာက စွမ်းအားပြင်းတဲ့မီးဓာတ်တွေရှိနေမယ်ဆိုရင် ပြန်လည်မွေးဖွားလာရုံတင်မကဘဲ အဆင့်၁၂ကနေပြီးတော့ အဆင့်၁၃ကို တစ်ခါတည်းတန်းရောက်သွားပြီးတော့ ဒဏ္ဍာရီဖြစ်တဲ့ သိဒ္ဓိဝင်သားရဲဖြစ်သွားဦးမှာကွ"

"အဆင့်၁၃...သိဒ္ဓိဝင်သားရဲလား"

ရှန်ယန်ရှောင် တံတွေးမြိုချလိုက်ရသည်။ သိဒ္ဓိဝင်သားရဲရဲ့ အစွမ်းကို သူမ မှန်းဆလို့တောင်မရပါဘူး။

ဇာမဏီငှက်မှာ အဆင့်၁၂စွမ်းအားရှိပြီး ဒီတိုက်ပေါ်မှာရှိတဲ့ သားရဲမှန်သမျှကို အေးအေးဆေးဆေးနဲ့ အနိုင်ယူနိုင်စွမ်းရှိနေပြီဖြစ်သည်။

ဒဏ္ဍာရီသတ္တဝါတစ်ကောင်ကတင် ရှန်မျိုးနွယ်စုကို လူမသိသူမသိတဲ့ မျိုးနွယ်စုလေးအဖြစ်ကနေပြီး လောင်းရွှမ်ဧကရာဇ်ရဲ့ လောင်းရွှမ်တိုင်းပြည်တည်ထောင်မှုအတွက် ကူညီပေးခဲ့တဲ့ အင်အားစုကြီးတစ်ခုအဖြစ်ရောက်ရှိစေနိုင်ခဲ့တာဖြစ်သည်။ ဒါဆိုရင် သိဒ္ဓိဝင်သားရဲဆိုရင်ကော...

သူမ တွေးကြည့်လို့တောင် မရပါဘူး။

ရှန်ယန်ရှောင်ဟာ လက်ပိုက်ပြီးရပ်နေတဲ့ ဇာမဏီငှက်ကို လှည့်ကြည့်လိုက်သည်။ သူမက နည်းနည်းတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးမှ မေးလိုက်ပါတော့သည်။

"ဇာမဏီငှက်ရေ မင်းအစွမ်းနဲ့ သိဒ္ဓိဝင်သားရဲအစွမ်းနဲ့ ယှဉ်မယ်ဆိုရင် ဘယ်လိုရှိမလဲ"

ဇာမဏီငှက် မျက်ခုံးတွန့်သွားခဲ့သည်။ သူက မပြောချင်ပြောချင်နဲ့ တီးတိုးရေရွတ်လိုက်ခဲ့ပါသည်။

"မင်းက ငါ့ကို ဟာသလာလုပ်နေတာလား။ ဒဏ္ဍာရီသတ္တဝါငါ့ကိုလာပြီးတော့ ငါနဲ့သိဒ္ဓိဝင်သားရဲကိုယှဉ်ခိုင်းနေတာက ငါနဲ့အဆင့်မြင့်သားရဲတွေကို ယှဉ်ခိုင်းနေသလိုပဲပေါ့ကွာ"

အဆင့်မြင့်သားရဲနဲ့ ဒဏ္ဍာရီသတ္တဝါ.....

ဇာမဏီငှက်ကိုနှိုးဖို့အတွက် နတ်ဘုံကတန်ခိုးရှင်ကို ဖိတ်ခေါ်ခဲ့တုန်းက အဆင့်၈ရှိတဲ့အဆင့်မြင့်မှော်သားရဲနှစ်ကောင်ပေးခဲ့တဲ့အပေါ်မှာ ရှန်ဖန်မျက်တောင်တောင်မခတ်ခဲ့ပါဘူး။ အဆင့်၈မှော်သားရဲကို ဖမ်းဆီးဖို့ကသာ အရမ်းမခက်ခဲပါက ရှန်ဖန်အနေနဲ့ ဆယ်ကောင်ထက်မနည်းပေးပို့ဖိတ်ကြားဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး။

ဒါဟာ အဆင့်မြင့်မှော်သားရဲနဲ့ ဒဏ္ဍာရီသတ္တဝါတို့ရဲ့ ခြားနားချက်ပါ။ ဒါကိုကြည့်ရင် သိဒ္ဓိဝင်သားရဲနဲ့ဒဏ္ဍာရီသတ္တဝါရဲ့ ခြားနားချက်ကိုလည်း တွေ့နိုင်ပါပြီ။

ရှန်ယန်ရှောင် ပါးစပ်တွန့်သွားသည်။ မွေးကာစလေးက အဆင့်ရှစ်ရှိတဲ့ အဆင့်မြင့်မှော်သားရဲဖြစ်ပြီး အရွယ်ရောက်တာနဲ့ ဒဏ္ဍာရီသတ္တဝါနဲ့ အဆင့်တူသွားပါတယ်။ အစွမ်းပြင်းတဲ့မီးဓာတ်နဲ့တွေ့ကြုံပြီး ပြန်လည်မွေးဖွားခဲ့မယ်ဆိုရင် ဒဏ္ဍာရီတစ်ခုဖြစ်တဲ့ သိဒ္ဓိဝင်သားရဲဖြစ်သွားဦးပါမယ်။ အသိုက်ကနေပြီးတော့ ဖူးယောင်မြက်ယူရမှာက အလွန်ကြောက်စရာကောင်းပါလားလို့ သူမ စတွေးမိသွားရပါပြီ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၃၀)

နေရာအတိအကျကိုသိတာနဲ့ အရိုးပန်းကိုယူဖို့က မခဲယဉ်းတော့ပါဘူး ပြဿနာတစ်ခုက ဖူးယောင်မြက်ကို ရရှိဖို့ပဲဖြစ်ပါတော့သည်။

အလွန်ခက်ပါသည်...တစ်ကယ့်ကို အလွန်ခက်ခဲလှပါသည်။

ရှန်ယန်ရှောင် သက်ပြင်းချလိုက်ပြီး ပြောလိုက်ပါသည်။

"အားလုံးက ကံတရားရဲ့ စေစားချက်အတိုင်းပဲလား။ မရဘူးလို့ ပြောလို့မရသေးပါဘူး ငါတို့အခွင့်အရေးတစ်ခုရချင်ရဦးမှာပါ။ ဒါနဲ့ ကျနော်သိချင်တာတစ်ခုက ဒီအပင်သုံးမျိုးလုံးကို ခင်ဗျားရခဲ့ရင် အဲ့ဒါကိုအသုံးချပြီးတော့ နတ်ဆိုးတွေကိုဖမ်းနိုင်သလားဆိုတာပဲ"

နောက်ခြောက်လအကြာမှာ ကျင်းပမယ့် လောင်းရွှမ်တိုင်းပြည်ရဲ့ ကျောင်းပေါင်းစုံပြိုင်ပွဲမှာ သူမ ပါဝင်ဖို့စိတ်ဝင်စားရခြင်းဟာ ရှူကြောင့်သာဖြစ်ပါသည်။

နတ်ဆိုးဝိဉာည်ပင်နဲ့တစ်ခြားနှစ်မျိုးပေါင်းလိုက်ရင် အမှောင်စွမ်းအားတွေကို ထုတ်လွှတ်ပးနိုင်တယ်ဆိုတော့ နတ်ဆိုးတွေဖမ်းဆီးဖို့မလိုအပ်တော့ဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား။

သို့သော် ရှူရဲ့တုံ့ပြန်စကားကြောင့် သူမ ပိုစိတ်ညစ်သွားရပါသည်။

"နတ်ဆိုးတွေကို လိုအပ်သေးတယ်။ ဒီအပင်သုံးပင်က အမှောင်စွမ်းအားတွေကို ထုတ်ပေးနိုင်ပေမယ့်လို့ နတ်ဆိုးတွေရှိနေတဲ့နေရာမှာဆို သုံးပင်ရဲ့အစွမ်းက အမြင့်ဆုံးထိရောက်မယ်။ နတ်ဆိုးတွေက အဲ့သုံးပင်ကထုတ်ပေးတဲ့ အမှောင်စွမ်းအားကို လိုအပ်ပြီး နတ်ဆိုးဝိဉာည်ပင်က သူ့ကြီးထွားမှုအတွက် နတ်ဆိုးနံ့ကိုလိုအပ်တယ်။ မင်းလက်ထဲက နတ်ဆိုးဝိဉာည်ပင်က အပင်ပေါက်လေးမို့လို့ ထုတ်ပေးနိုင်တဲ့အမှောင်စွမ်းအားက အကန့်အသတ်ရှိသေးတယ်။ ကြီးရင့်ပြီးမှသာ အမှောင်စွမ်းအားကို အများအပြားထုတ်ပေးနိုင်မှာပဲ"

ဒီတော့...ခြောက်လအကြာမှာကျင်းပမယ့် ပြိုင်ပွဲကို သူမ ဝင်ပြိုင်ဖို့လိုသေးတဲ့သဘောပေါ့လေ။

ရှန်ယန်ရှောင် မတတ်နိုင်စွာ သက်ပြင်းချလိုက်သည်။ သူမပေါ်မှာရှိနေတဲ့ တာဝန်တွေက များများလာသလို ဒီတားမြစ်အမှတ်ကို ပယ်ဖျက်ဖို့က တစ်သက်လုံးလုပ်နေရမယ့်ပုံပါပဲ။

တော်လှန်ရေးမပြီးသေးလို့ ရဲဘော်တွေလည်း ဆက်လက်တိုက်ပွဲဝင်ရဦးမှာပေါ့။ တစ်ချိန်တည်းမှာပဲ ယန်းချီရဲ့ဒုက္ခကို ဖြေရှင်းပေးဖို့အတွက် လေးစားဖွယ်သမားတော်ကြီးအဆင့်ကို ရောက်ရှိဖို့လည်း သူမ ကြိုးစားအားထုတ်ရဦးမှာပါ။

"ဖြည်းဖြည်းချင်းလုပ်ကြတာပေါ့ ဟုတ်တယ်ဟုတ်။ ပထမဆုံး ဒီနတ်ဆိုးဝိဉာည်ပင်ကို ငါယူသွားလိုက်မယ်"

ရှန်ယန်ရှောင်မျက်လုံးတစ်စုံက တစ်စုံတစ်ခုနဲ့လင်းလက်သွားခဲ့သည်။ သူမခေါင်းထဲမှာတော့ အစီအစဉ်တစ်ခု တွေးတောပြီးဖြစ်ပါတော့သည်။

တော်ဝင်ရိုလန်ကျောင်းက နတ်ဆိုးဝိဉာည်ပင်ကို မာ့ရှ်ဖြူဆေးမြစ်နဲ့ မှားထားမှတော့ ဒီဟာကို အခွင့်ကောင်းယူလိုက်ပြီးတော့ နတ်ဆိုးဝိဉာည်ပင်ကို ယူလိုက်မယ်။ မဟုတ်ရင် တစ်ယောက်ယောက်က ယူပြီးတော့အသုံးပြုလိုက်ရင် ဆေးရည်အောင်မြင်မှာမဟုတ်သလို ရှားပါးလှတဲ့ ဒီနတ်ဆိုးဝိဉာည်ပင်လည်း အလဟသ ပြုန်းတီးသွားဦးမှာပါ။

နတ်မျိုးနဲ့နတ်ဆိုးမျိုးနွယ်တို့ရဲ့ စစ်ပွဲကြီးပြီးဆုံးသွားတဲ့နောက် နတ်ဆိုးတွေက မြေအောက်ကမ္ဘာကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး သူတို့ ဘယ်နေရာမှာနေထိုင်နေသလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ သူတို့ရဲ့တည်နေရာကို ရှာရတာဟာ နတ်ပြည်ကိုရှာရတာထက်ပိုခက်တာကြောင့် ဒုတိယနတ်ဆိုးဝိဉာည်ပင်ကို ရှာတွေ့ဖို့က ပိုခက်ကာ မဖြစ်နိုင်သလောက်ပါပဲ။

အဆိုပါစိတ်ကူးနဲ့အတူ သူမဟာ နတ်ဆိုးဝိဉာည်ပင်အား သူမလက်နဲ့မြဲမြဲဆုပ်ကိုင်လိုက်ပါသည်။ ဇာမဏီငှက်ဟာလည်း မဝင်ချင့်ဝင်ချင်နဲ့ သူမကိုယ်ထဲကို ပြန်ဝင်သွားလိုက်ရပါတယ် အကြောင်းကတော့ ရှန်ယန်ရှောင် အပြင်ပြန်ထွက်တော့မှာဖြစ်လို့ပါပဲ။

ဆေးသိုလှောင်ရုံရဲ့အပြင်ဖက်မှာ စောင့်နေတဲ့ နည်းပြဖြစ်သူဟာ ရှန်ယန်ရှောင်ထွက်လာတာကို တွေ့လိုက်ရတော့ အံ့သြသွားပါတယ်။

သူမကိုပေးထားတဲ့အချိန်ရဲ့ တစ်ဝက်လောက်ပဲရှိမယ့် နှစ်နာရီသုံးနာရီလောက်ပဲ သူမ အထဲမှာနေရသေးတာပါ။

အစောကြီးကို ပြန်ထွက်လာတာပဲ...

အရင်တုန်းကတော့ ရှန်ဂေါင်းရှောင်ဟာ ဆေးသိုလှောင်ရုံကို မကြာခဏရောက်ခဲ့တာဖြစ်ပြီး အခေါက်တိုင်းမှာလည်း အချိန်စေ့ကာနီးထိ နေခဲ့တာဖြစ်သည်။ ဒီကလေးက ဘာလို့ဒီလောက်မြန်နေတာလဲ။

စဉ်းစားရကြပ်သွားတဲ့နည်းပြဟာ ရှန်ယန်ရှောင်ကို ကြည့်လိုက်ပြီးနောက် စေတနာနဲ့ သတိပေးပြောကြားလိုက်ပါတယ်။

"မင်းလိုချင်တဲ့ ဆေးမြစ်ကို မင်းရွေးပြီးသွားပြီလား။ ဆေးသိုလှောင်ရုံထဲမှာက တန်ဖိုးကြီးရှားပါးဆေးမြစ်တွေ အများကြီးရှိတယ်ကွ။ မင်းအချိန်ပြည့်ဖို့ အများကြီးကျန်သေးတယ်နော်။ ဖြည်းဖြည်းအေးအေးနဲ့ သေသေချာချာရွေးချယ်ပါ။ ဒီအခွင့်အရေးက တစ်လမှ တစ်ကြိမ်ပဲရတာ ဟင်း"

ဆေးသိုလှောင်ရုံထဲမှာ ဆေးမြစ်အမျိုးပေါင်းတစ်သောင်းကျော် အနည်းဆုံးရှိတာကြောင့် အချိန်တိုလေးအတွင်းမှာ အကုန်လုံးကို ကြည့်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် ရှန်ယန်ရှောင်က သာမန်လူမဟုတ်ပါဘူး။ သူမအနေနဲ့ ဆေးမြစ်အားလုံးကို အချိန်တိုအတွင်းမှာ မတွေ့မြင်နိုင်ပေမယ့် သူမအတွက် ရတနာကြီးရှာဖွေပေးနိုင်တဲ့ ဒဏ္ဍာရီသတ္တဝါ ဇာမဏီငှက် သူမမှာရှိနေပါသည်။

ရှန်ယန်ရှောင်က ပြုံးလိုက်ပြီးပြန်ဖြေလိုက်ပါတယ်။

"မလိုတော့ပါဘူးဗျ ကျနော်လိုချင်တာကို ရပြီးပါပြီ"

ရှန်ယန်ရှောင်က နတ်ဆိုးဝိဉာည်ပင်အား နည်းပြကိုပြလိုက်ပါသည်။ သူမက နည်းပြရဲ့ တုံ့ပြန်မှုကိုစောင့်နေလိုက်ပါတယ်။

All Chapters