အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၃၄)
အမည်းရောင်မြို့တော်ရဲ့ ကြေးစားအဖွဲ့သမဂ္ဂဟာ မြို့လယ်မှာတည်ရှိပြီး မီတာရာချီကျယ်ဝန်းပါတယ်။ အချိန်နဲ့အမျှ ကြေးစားအဖွဲ့တွေ ဝင်ထွက်နေပြီးတော့ လုပ်ငန်းတွေလက်ခံပြောင်းလဲတာတွေ လုပ်နေကြမှာဖြစ်ပါတယ်။
အမည်းရောင်မြို့တော်ရဲ့ ဒီနေရာမှာ မှော်အမြူတေအမြောက်အများဟာ မတူညီတဲ့ဆုငွေထုတ်ပြန်ထားတဲ့ လုပ်ငန်းတွေမှာပြည့်နေပြီးတော့ သမဂ္ဂကို အမြဲတစေအလုပ်ရှုပ်နေစေပါတယ်။
ဒီနေရာမှာ ကြေးစားဖြစ်ရတာဟာ တစ်ကယ်အကျိုးအမြတ်ရစေပါတယ်။
ရှန်ယန်ရှောင် သမဂ္ဂတံခါးဝကို ဝင်လိုက်ချိန်မှာ ကြေးစားတစ်ဖွဲ့က သမဂ္ဂကနေ လုပ်ငန်းသစ်တစ်ခုလက်ခံနေပါတယ်။ ထိုအဖွဲ့မှာ အဖွဲ့ဝင်သိပ်များများစားစားမရှိလှဘဲ ငါးယောက်ခြောက်ယောက်ခန့်သာရှိပါတယ်။
လင်းလက်တိုက်တစ်တိုက်လုံးမှာ အဖွဲ့တစ်ဖွဲ့ကို အဖွဲ့ဝင်ဘယ်နှစ်ဦးပါဝင်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မရှိတာကြောင့် ကြေးစားတွေသာ ဆန္ဒရှိပါက အဖွဲ့ငယ်လေးတစ်ဖွဲ့အဖြစ် အချိန်မရွေးပူးပေါင်းနိုင်ကြပါတယ်။
ဒီကြေးစားအဖွဲ့ငယ်လေးတွေဟာ အများဆုံးအဖြစ် အဖွဲ့ဝင်ဆယ်ဦးကျော်ကျော်သာ ရှိကြပါတယ်။ သူတို့တစ်တွေဟာ ခက်ခဲတဲ့လုပ်ငန်းတွေကို လက်ခံနိုင်စွမ်းမရှိတာကြောင့် အဆင့်နိမ့်မှော်သားရဲတွေကိုသာ ပစ်မှတ်အဖြစ်သတ်မှတ်လက်ခံကြပါတယ်။
ဒီလိုကြေးစားအဖွဲ့ငယ်လေးတွေရှိနေလို့သာ လင်းလက်တိုက်မှာ အဆင့်နိမ့်မှော်အမြူတေတွေ ပြတ်လပ်သွားတယ်ဆိုတာ မဖြစ်ပေါ်ရတာပါ။
ရှန်ယန်ရှောင်က အဆိုပါအဖွဲ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သမဂ္ဂရုံးအတွင်းသို့ ဝင်သွားလိုက်တယ်။
ဒီကြီးမားကျယ်ပြန့်တဲ့ သမဂ္ဂရုံးအတွင်း နံရံတစ်ဖက်တစ်ချက်မှာ ကြော်ငြာဆိုင်းဘုတ်တွေအများကြီး ရှိနေပါတယ်။ ကြောငြာဆိုင်းဘုတ်တွေမှာတော့ လုပ်ငန်းအမျိုးမျိုးကို ရေးထိုးကပ်နှံထားတာတွေ့ရပါတယ်။
အဆိုပါလုပ်ငန်းစာရင်းတွေထဲကနေပြီး သူတို့နဲ့သင့်တော်မယ့် လုပ်ငန်းတွေကို ကြေးစားတွေအနေနဲ့ ရှာဖွေလက်ခံနိုင်ပါတယ်။
ရှန်ယန်ရှောင်က သမဂ္ဂရုံးထဲက အလုပ်စားပွဲတစ်ခုဆီကို သွားလိုက်ပါတယ်။ ထိုစားပွဲမှာ အဖွဲ့အသီးသီးကလက်ခံလိုက်တဲ့ လုပ်ငန်းတွေကို မှတ်တမ်းတင်စာရင်းသွင်းတာကို တာဝန်ယူထားသော လှတပတအမျိုးသမီးတစ်ဦး ထိုင်နေပါတယ်။
သူမက ထိုနေရာသို့သွားလိုက်ပြီးတော့ စာရင်းစာအုပ်ကိုကြည့်နေတဲ့ အမျိုးသမီးအား တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်ပါတယ်။
"မင်္ဂလာပါ ကျနော် အလုပ်တစ်ခုအပ်ချင်လို့ပါ"
အမျိုးသမီးက မော့ကြည့်ခဲ့သည်။ ငယ်ရွယ်တဲ့ ရှန်ယန်ရှောင်ကို တွေ့လိုက်ရတော့ သူမ အနည်းငယ်အံ့အားသင့်သွားခဲ့တယ်။ ဒီလိုငယ်ရွယ်လှတဲ့ကလေးတစ်ယောက်က ကြေးစားအဖွ့ဲသမဂ္ဂကိုလာရောက်ပြီး အလုပ်အပ်နှံမယ်ဆိုတာ ယုံဖို့ခက်ခက်ပါပဲ။
သူမက ရှေ့မှာရှိနေတဲ့ ကောင်လေးကိုအကဲခတ်လိုက်တော့ ဒီကောင်လေးမှာ မှတ်မှတ်ရရရှိလောက်တဲ့ မျက်နှာမရှိသလို ထင်ရှားတဲ့အမှတ်အသားလက္ခဏာလည်း မတွေ့ရပါဘူး။ ဒီကောင်လေးရဲ့ သေးသေးညှပ်ညှပ်ကိုယ်လုံးလေးကို ရိုးစင်းလှတဲ့အဝတ်တစ်စုံက ရစ်ပတ်ထားတာဖြစ်ပြီး သူ့အဝတ်အစားကိုကြည့်ရုံနဲ့ သူဟာ ချမ်းသာသူတစ်ယောက်မဖြစ်နိုင်ဘူးလို့ မြင်နိုင်ပါတယ်။
"မင်္ဂလာပါရှင့် ဘယ်လိုအလုပ်မျိုးကို အပ်နှံချင်တာလဲရှင့်"လို့ အမျိုးသမီးက ပြုံးကာမေးလိုက်ပြီး ရှန်ယန်ရှောင်ရဲ့ အသွင်အပြင်ကို အထင်သေးဟန်တစ်စက်မှ မပြသပါဘူး။
တစ်ခြားတစ်မြို့မှာဆိုရင်တော့ ရှန်ယန်ရှောင်ရဲ့ အသွင်အပြင်အရ တော်တော်များများက လျစ်လျူရှုကောင်းရှုနိုင်ပါတယ်။
အမည်းရောင်မြို့တော်ထဲမှာတော့ ဆိုင်ကိုလာရောက်ပြီး ငွေသုံးမယ့်ဧည့်သည်တွေအား သူတို့ရဲ့ အသက်၊ လူမှုအဆင့်အတန်းနဲ့ ဝတ်စားဆင်ယင်မှုတွေအပေါ်မှာ ဘယ်ဝန်ထမ်းမှ အကဲဖြတ်မှာမဟုတ်ဘဲ လူတိုင်းကို ဖော်ရွေစွာပဲ ဆက်ဆံမှာဖြစ်တယ်။ သူတို့အတွက်တော့ သူတို့ရဲ့ဧည့်သည်တွေက နတ်ဘုရားတွေပါပဲ။
အမျိုးသမီးက စကားပြောလိုက်ချိန်မှာပဲ ကြေးစားအဖွဲ့ငယ်လေးတစ်ဖွဲ့က လူနှစ်ယောက်ရောက်လာပါတယ်။ အမျိုးသမီးရဲ့ စကားကိုကြားလိုက်ရတော့ သူတို့လည်း ဘေးကိုကြည့်မိလိုက်ကြတယ်။ စားပွဲရှေ့မှာရပ်နေတဲ့ ဧည့်သည်ဟာ အသက်၁၃နှစ်ခန့်သာရှိတာကို တွေ့လိုက်ရတဲ့အခါ အံ့သြသွားကြပါတယ်။
"ဒီနေ့ကာလတွေမှာ ကလေးတွေတောင် လုပ်ငန်းလာအပ်နေကြပြီလားဟ။ သမဂ္ဂကို သူက ဘာအပ်ချင်နေတာလဲ။ သူ့ဘော်ဒါတွေကို အနိုင်ကျင့်ပေးဖို့အတွက်လား ဒါမှမဟုတ် သေးခံလဲပေးဖို့လား"
ကြေးစားတစ်ယောက်က ရှန်ယန်ရှောင်ကို ကြည့်လိုက်ပြီး ရယ်မိလိုက်ပါတယ်။ သူဟာ ရှန်ယန်ရှောင်ကို တော်တော်ငယ်သေးတယ်လို့ တွေးလိုက်မိသည်။
ရှန်ယန်ရှောင်ရဲ့ မထင်မရှား ဝတ်ဆင်ထားပုံနဲ့ပေါင်းလိုက်တော့ လူတွေအနေနဲ့ သူမကို လူချမ်းသာအဖြစ်မြင်ပေးဖို့က ခဲယဉ်းလှတာအမှန်ပါပဲ။
"ဘယ်သူသိမလဲလေ ငါ့အထင်ကတော့ ဒီဟာက တန်ကြေးရှိမယ့် အလုပ်လို့တော့မထင်ဘူး။ သူ့ကိုကြည့်လိုက်လေကွာ သူ့ဆီမှာ ရွှေပြားအနည်းငယ်တောင် ပါလာပုံမပေါ်တာကို မင်းလည်းသိနိုင်တာပဲ"
နောက်တစ်လူက သရော်တော်တော်ပြောလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၃၅)
ကြေးစားတွေဟာ သူတို့အလုပ်ကို အလွန်တန်ဖိုးထားကြပါတယ်။ အသေးငယ်ဆုံးဆိုတဲ့ ကြေးစားအဖွဲ့ကတောင် လုပ်ငန်းကြီးတစ်ချို့ကို ရွေးချယ်ကြပါလိမ့်မယ်။ မည်သည့်ကြေးစားအဖွဲ့ကိုမျှ ဝင်ရောက်ခြင်းမရှိသေးတဲ့ တစ်ကိုယ်တော်ကြေးစားတွေကလွဲရင် တစ်ချို့တွေက ဘာမှမရတဲ့လုပ်ငန်းကိုတောင် လက်ခံကြလေ့ရှိပါတယ်။
လှောင်ပြောင်ရယ်မောသံတွေကို ရှန်ယန်ရှောင် မကြားဟန်ဆောင်လိုက်ပြီး အမျိုးသမီးကိုပဲ ပြန်ဖြေလိုက်ပါတယ်။
"ကျနော်က အဆင့်ငါးမှော်သားရဲကောင်ဆီက အစိတ်အပိုင်းသုံးခုကို ရချင်တာပါ။ ချို၊ မျက်လုံးနဲ့ အရိုးတွေဆိုလည်း ကိစ္စမရှိပါဘူး အဲ တစ်ခုရှိတာကတော့ မှော်သားရဲသေထားတဲ့အချိန်က တစ်ပတ်ထက်ပိုလို့မဖြစ်ဘူး"
ရှန်ယန်ရှောင်ရဲ့ စကားကိုကြားလိုက်ရတဲ့ ရယ်မောနေကြသော ကြေးစားတွေဟာ မျက်လုံးတွေပြူးသွားကြသည်။
အဆင့်ငါးမှော်သားရဲတဲ့လား။ အဲ့ဒါဟာ အလတ်တန်းအဆင့်မှော်သားရဲဖြစ်တယ်။ လူဆယ်ယောက်မကျော်ဘဲနဲ့ အလတ်တန်းမှော်သားရဲကို ကိုင်တွယ်နိုင်ဖို့ခဲယဉ်းပါတယ်။ ကြေးစားနှစ်ယောက်ရဲ့အဖွဲ့က ခြောက်ယောက်ခုနှစ်ယောက်သာရှိတဲ့ အဖွဲ့လေးတစ်ဖွဲ့ဖြစ်တယ်။ သူတို့မှာ အလတ်တန်းမှော်သားရဲကို စိန်ခေါ်နိုင်စွမ်းမရှိပါဘူး။
"ဒီကလေး ရူးနေတာလား။ အဆင့်ငါးမှော်သားရဲဆီက အစိတ်အပိုင်းတစ်ချို့ကို တစ်ကယ်ဝယ်ချင်နေတာလား။ မှော်အမြူတေမဟုတ်ဘူးဆိုပေမယ့် ဈေးကတော့ သေးမှာမဟုတ်ဘူးလေ"
ကြေးစားတစ်ယောက်ဟာ အတွင်းကြိတ်ဆွံ့အသွားခဲ့သည်။ မှော်သားရဲရဲ့ မှော်အမြူတေဟာ ဈေးအကြီးဆုံးဖြစ်ပြီး ချို၊ သွေး၊ အရေခွံ၊ မျက်လုံး၊ အရိုးတွေနဲ့ အမွှေးတွေဟာ ဈေးနည်းသွားတယ်ဆိုပေမယ့် ဈေးတော့မပေါပါဘူး။
အဆင့်ငါးမှော်သားရဲတစ်ကောင်ရဲ့ အမြူတေဟာ အညံ့ဆုံးအရည်အသွေးဆိုရင်တောင် ရွှေပြားထောင်ဂဏန်းခန့်နဲ့ ရောင်းချနိုင်ပါတယ်။ မှော်သားရဲကောင်ရဲ့ တစ်ခြားအစိတ်အပိုင်းတွေဟာ ရွှေပြားရာဂဏန်းကနေ တစ်ထောင်ကျော်အထိ အမျိုးမျိုးရှိပါတယ်။ ဒီငွေပမာဏဟာ အဆင့်နိမ့်မှော်အမြူတေ တစ်လုံးနှစ်လုံးခန့်ကို ဝယ်ယူလို့ရနေပါပြီ။
ဒီကောင်လေးက ငွေရှိပုံမပေါက်ဘဲနဲ့ မှော်သားရဲကောင်သေဆုံးချိန် တစ်ပတ်မပြည့်သေးတဲ့အကောင်ရဲ့ အစိတ်အပိုင်းသုံးခုကို တောင်းဆိုလိုက်ပါတယ်။
ဒါ ဟာသမဟုတ်ဘူးလား...
မှော်သားရဲကောင်တွေနေတဲ့နေရာဟာ အမည်းရောင်မြို့တော်ကနေဆိုရင် နှစ်ရက်သုံးရက်ခရီးရှိပါတယ်။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကြေးစားအဖွဲ့ဆိုရင်တောင်မှ တစ်ရက်ထဲနဲ့ အလတ်တန်းမှော်သားရဲတစ်ကောင်ကို ရှာဖွေပြီးသတ်နိုင်ဖို့က ခဲယဉ်းပါသေးတယ်။ တစ်ပတ်ဆိုတဲ့အချိန်အတွက်ကတော့ သူတို့အနေနဲ့ အဖွဲ့ဝင်လုံလုံလောက်လောက်ကို စေလွှတ်ပြီးတော့ အလတ်တန်းအဆင့်မှော်သားရဲကောင်ကို ရှာဖွေဖို့စေလွှတ်ထားပြီးမှ အချိန်တိုအတွင်းမြန်နိုင်သမျှမြန်မြန် ရှာခိုင်းထားရမှာဖြစ်ပြီး တွေ့တာနဲ့ တစ်ရက်နှစ်ရက်အတွင်းမှာ သတ်ရမှာဖြစ်ပါတယ်။
နောက်ပြီးတော့လည်း မှော်သားရဲကို သတ်နေချိန်မှာ မှော်သားရဲကောင်ကိုယ်ပေါ်မှာ ထိခိုက်မှုအနည်းနဲ့အများတော့ ဖြစ်သွားမှာပါ။ မှော်သားရဲကောင်ရဲ့ ကိုယ်လုံးက ပုံမပျက်ရှိနေဖို့က အာမခံနိုင်ဖို့မလွယ်ပါဘူး။ အတိုချုပ်ပြောရရင်တော့ မှော်သားရဲကောင်သေဆုံးပြီးချိန်မှာ ပြည့်ပြည့်စုံစုံယူနိုင်မယ့် အရာတွေက သိပ်များများစားစား မရှိဘူးပေါ့။
ဒါပေမယ့် ရှန်ယန်ရှောင်က အစိတ်အပိုင်းသုံးခုကို တောင်းဆိုထားတာကြောင့် အနည်းဆုံး အလတ်တန်းမှော်သားရဲကောင်နှစ်ကောင်ကို သတ်နိုင်ဖို့လိုတဲ့သဘောဖြစ်နေပါတယ်။
ဒီအလုပ်က စိန်ခေါ်မှုများတဲ့ အလုပ်ပါပဲ။
ကြေးစားအဖွဲ့တစ်ဖွဲ့က ဒီတောင်းဆိုမှုကို လက်ခံမယ်ဆိုရင် ဈေးကတော်တော်လေးမြင့်ပါလိမ့်မယ်။
ကြေးစားတွေဟာ သံသယများသူတွေဖြစ်ပါတယ်။ ဒီကလေးက ငွေအများကြီးမပါနိုင်ဘူးလို့ သူတို့ တွေးမိထားကြပါသည်။
ရှန်ယန်ရှောင်ရဲ့ တောင်းဆိုမှုကို နားထောင်အပြီးမှာ အမျိုးသမီးက ပြန်ပြောလိုက်ပါတယ်။
"ခဏစောင့်ပေးပါနော် အခုလတ်တလောမှ ပြန်ရောက်လာကြတဲ့ ကြေးစားအဖွဲ့တွေကနေပြီး အရောင်းတင်ထားတာတဲ့စာရင်းကို ငါကြည့်ပေးပါ့မယ်"
"ကောင်းပါပြီ"လို့ ရှန်ယန်ရှောင် ကောင်းမွန်စွာပြန်ပြောလိုက်တယ်။
ကြေးစားတော်တော်များများက ရှန်ယန်ရှောင်ဖက်ကို အခုချိန်မှာ အာရုံရောက်လာကြပါတယ်။ သူတို့ရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဖို့ အလျင်မလိုတော့ဘဲ ဒီပေါက်စနလေးအနေနဲ့ ပေးရမယ့်ရွှေတွေကို တစ်ကယ်ပေးနိုင်မပေးနိုင်ပေါ်မှာ သိချင်သွားကြပါတယ်။
ခဏအကြာမှာတော့ အမျိုးသမီးက ခေါင်းကိုပြန်မော့လိုက်ပြီး ပြုံးကာပြောလိုက်ပါတယ်။
"ခုနှစ်ရက်အတွင်းသေထားတဲ့ မှော်သားရဲကောင်ဆီက အစိတ်အပိုင်းတွေလိုချင်တာ သေချာပြီလားရှင့်။ မလိုအပ်ဘူးဆိုရင် ကြေးစားသမဂ္ဂအနေနဲ့ ကန့်သတ်ချက်မထားတဲ့ အစိတ်အပိုင်းတွေကိုပဲ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်နော် အဲ့လိုဆိုရင် ဈေးလည်းတော်တော်လေးလျော့မှာပါ"
အမျိုးသမီးက ရှန်ယန်ရှောင်အတွက် ဈေးသက်သာစွာနဲ့ ရနိုင်မယ့်အစိတ်အပိုင်းတွေရွေးချယ်ဖို့ တာဝန်စိတ်ရှိရှိနဲ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၃၆)
ပြောရမယ်ဆိုရင် အခုလိုအချိန်တိုအတွင်းမှာ ရရှိထားတဲ့ မှော်သားရဲကောင်ရဲ့ အစိတ်အပိုင်းတွေဟာ အလွန်နည်းပါတယ်။ ရှန်ယန်ရှောင်ရဲ့ လိုအပ်ချက်အရဆိုရင် ဈေးနှုန်းက သာမန်ပေါက်ဈေးထက် အဆပေါင်းများစွာကြီးမြင့်သွားမှာပါ။
ကြူရှီယာက သူတို့အနေနဲ့ ခုနှစ်ရက်အတွင်းမှာသေထားတဲ့ မှော်သားရဲကောင်ဆီကပဲ လိုတယ်လို့ပြောထားတာကြောင့် ရှန်ယန်ရှောင်ကတော့ သူ့စကားအတိုင်းပဲ လိုက်နာမှာပါ။
"ကျေးဇူးတင်ပေမယ့် အဆင်ပြေပါတယ်နော် ကျနော့်ရဲ့တောင်းဆိုမှုက မပြောင်းပါဘူး။ ဈေးနှုန်းကပြဿနာမရှိပါဘူး ကျနော်လိုချင်တဲ့ အစိတ်အပိုင်းတွေကိုပဲ ရအောင်ကူညီပေးရင် အဆင်ပြေပါတယ်"
ရှန်ယန်ရှောင်ရဲ့ ခေါင်းမာမှုဟာ ဘေးကကြေးစားတွေကို ဆွံ့အသွားစေခဲ့ပါတယ်။ အချက်အလက်အရပြောရမယ်ဆိုရင် မှော်သားရဲကောင်ရဲ့ သေဆုံးချိန်ဟာ သူ့အစိတ်အပိုင်းတွေအပေါ်မှာ ဘာမှသက်ရောက်မှုကြီးကြီးမားမားမရှိပါဘူး။ အလွန်ဆုံးဖြစ်မှ အစွမ်းသက်ရောက်မှုနည်းနည်းပဲ လျော့သွားစေမှာဖြစ်ပြီး ဈေးနှုန်းပိုချိုမှာဖြစ်လို့ အစွမ်းသက်ရောက်မှုဘယ်လောက်လျော့သွားလဲဆိုတာကို သူတို့မသိရလို့လည်း ပြဿနာမရှိပါဘူး။
"ဒီကလေး တော်တော်ခေါင်းမာတာပဲကွ။ ငွေကုန်သက်သာရမယ့်ဟာကိုကွာ"
ကြေးစားတစ်ယောက်က မနေနိုင်ဘဲ ထုတ်ဖော်ပြောလိုက်ပါတယ်။
ထိုကြေးစားတွေဟာ ရှန်ယန်ရှောင်ရဲ့ ခေါင်းမာမှုကြောင့် သက်ပြင်းသာကြိတ်ချလိုက်ရပါတယ်။ သူတို့မသိတာကတော့ သူတို့ရှေ့ကချာတိတ်လေးမှာ အပေါဆုံးက ပိုက်ဆံဖြစ်နေတဲ့အချက်ကိုပါပဲ။
အမျိုးသမီးက သူမကို နောက်တစ်ကြိမ်သေသေချာချာ ကြည့်လိုက်ပြီးနောက် ပြောလိုက်ပါတယ်။
"ကောင်းပါပြီ မင်းလိုချင်တဲ့ဟာတွေကို ဂူဝံပုလွေများကြေးစားအဖွဲ့မှာရတယ်။ သူတို့ဆီမှာ အဆင့်ငါးမှော်သားရဲ နှင်းကျားရဲ့မျက်လုံးတွေ၊ အဆင့်ငါးမှော်သားရဲ ကျိုးပဲ့မြေချပ်ဝတ်ကောင်ရဲ့ အကြေးခွံနဲ့ အဆင့်ငါးမှော်သားရဲ မေပယ်မြင်းရဲ့ ချိုတို့ရှိတယ်။ ဒီအစိတ်အပိုင်းသုံးခုလုံးက မင်းရဲ့တောင်းဆိုမှုနဲ့ကိုက်ညီပေမယ့် ဂူဝံပုလွေများအဖွဲ့က ရွှေပြားသုံးထောင်သတ်မှတ်ထားတာကြောင့် မင်းတစ်ကယ်လိုအပ်တာသေချာရင် ဂူဝံပုလွေများအဖွဲ့ကို ဆက်သွယ်ဖို့အတွက် ကျမကူညီပေးပါ့မယ်"
"ဂူဝံပုလွေများကြေးစားအဖွဲ့"
ဘေးမှာရှိနေတဲ့ကြေးစားတစ်ယောက်က ဂူဝံပုလွေများအဖွဲ့နာမည်ကို ကြားလိုက်ရတော့ လန့်သွားပါတယ်။
အမည်းရောင်မြို့တော်အတွင်းမှာ ကြေးစားအဖွဲ့အကြီးအငယ်ပေါင်း အနည်းဆုံးရာဂဏန်းရှိပါသည်။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကြေးစားအဖွဲ့တွေက တစ်ဆယ်ကျော်ကျော်ရှိသည်။ အကျော်ကြားဆုံးဖြစ်တဲ့ ကြေးစားအဖွဲ့ဆိုရင်တော့ ဂူဝံပုလွေများကြေးစားအဖွဲ့ပဲဖြစ်ပါတယ်။
ဂူဝံပုလွေများအဖွဲ့မှာ အဖွဲ့ဝင်ရှစ်ယောက်သာရှိပါတယ်။ အလယ်အလတ်ကြေးစားအဖွဲ့တွေကြားမှာ သူတို့အဖွဲ့ဝင်တွေက အများဆုံးမဟုတ်သော်လည်း အမည်းရောင်မြို့တော်ထဲမှာတော့ အစွမ်းဆုံးအဖွဲ့ဖြစ်ပါတယ်။ သူတို့ကြေးစားအဆင့်က အလွန်မြင့်လှပြီး ကောလာဟလတွေအရဆို ဂူဝံပုလွေများအဖွဲ့ဝင်တစ်ဝက်ကျော်ဟာ သူတို့ရဲ့သက်ဆိုင်ရာပညာရပ်တွေမှာ အလတ်တန်းအဆင့်ကိုရောက်ရှိနေကြပြီး အနည်းဆုံးခုနှစ်ယောက်က သူတို့ရဲ့ပညာရပ်မှာ အဆင့်မြင့်မြင့်ရှိကြပါတယ်။ ဒီလိုစွမ်းအားကြီးတဲ့ ကြေးစားတွေကို တစ်ခြားကြေးစားအဖွဲ့တွေထဲမှာ အခုလောက်များများစားစား မတွေ့နိုင်ပါဘူး။
အလတ်စားကြေးစားအဖွဲ့တွေထဲမှာတောင် အများစုက အကြီးတန်းပညာရှင်တစ်ယောက်နှစ်ယောက်သာ ရှိကြပြီးတော့ ဂူဝံပုလွေများအဖွဲ့မှာတော့ ခုနှစ်ယောက်တောင်မှ ရှိနေပါတယ်။
ကြေးစားအဖွဲ့တော်တော်များများ လက်မခံရဲတဲ့အလုပ်တွေကို သူတို့က စိန်ခေါ်ရဲကြပါတယ်။
အမည်းရောင်တစ်မြို့လုံးမှာ ဂူဝံပုလွေများအဖွဲ့ရဲ့အင်အားက ပထမနေရာမှာရှိသလို စစ်ဆင်ရေးတိုင်းကနေ ပြန်လည်ရရှိတဲ့ ငွေကြေးဟာလည်း တစ်ခြားအဖွဲ့တွေထက် ပိုများပြားပါတယ်။
သူမရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့်သူကို ရှာမယ်ဆိုရင် တစ်မြို့လုံးမှာ ဂူဝံပုလွေများအဖွဲ့တစ်ဖွဲ့ကိုသာ သူမတွေ့ရမှာဖြစ်ပါတယ်။
ရှန်ယန်ရှောင်က ဂူဝံပုလွေများအဖွဲ့ကို မကြားဖူးပါဘူး။ ဘေးမှာရှိတဲ့ ကြေးစားတွေကနေပြီး အံ့အားသင့်သံတွေထွက်နေတာကိုလည်း သူမ ဘယ်လိုမှမနေပါဘူး။ သူမလိုချင်တာတွေကို ရနိုင်မယ်ဆိုရင် သူမအတွက် လုံလောက်ပါပြီ။ သူမရဲ့ လက်စွပ်ထဲကနေပြီးတော့ ခရမ်းရွှေကဒ်ကိုထုတ်လိုက်ပြီးတော့ အမျိုးသမီးဆီလှမ်းပေးလိုက်တယ်။
"ဒီထဲကနေပြီး ခင်ဗျားငွေထုတ်ယူလိုက်ပါ"လို့ ကဒ်လှမ်းပေးရင်း သူမက အမျိုးသမီးအားပြောလိုက်ပါတယ်။
"ချီး...ခရမ်းရောင်ရွှေသားကဒ်ဟ။ ဒီကလေးက ဘာကောင်လဲဟ"
ခရမ်းရောင်ရွှေသားကဒ်ကိုတွေ့လိုက်ကြတဲ့ ကြေးစားအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြတယ်။ ခရမ်းရောင်ရွှေသားကဒ်ကိုရဖို့ဆိုရင် လူတစ်ယောက်အနေနဲ့ အနည်းဆုံးရွှေပြားဆယ်သန်း အပ်နှံထားဖို့လိုပါတယ်နော်။
ဒီကြေးစားတွေဟာ သူတို့ရဲ့အသက်တွေကို ကုန်ခမ်းမတတ် တစ်နှစ်ကြာအလုပ်လုပ်မှ ရွှေပြားတစ်သောင်းကျော်ကျော်ရရှိကြပါတယ်။ ဒါပေမယ့် ရွှေပြားဆယ်သန်းနဲ့ ယှဉ်လိုက်ရင်တော့ သူတို့ဝင်ငွေက နံကြားတောင်ကပ်မှာ မဟုတ်ပါဘူး။
စောနတုန်းလေးကတင် ဒီကလေးက ငွေကိုဘယ်လိုချွေတာရကောင်းမှန်းမသိဘူးဆိုပြီး သူတို့တွေ တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြခဲ့ပါတယ်။ ရွှေရာဂဏန်းလောက်က ဒီကလေး ဒါမှမဟုတ် ကြွယ်ဝချမ်းသာသူတစ်ယောက်အတွက်တော့ သမုဒ္ဒရာထဲက ရေတစ်ပေါက်လောက်သာရှိမယ်မှန်း ဘယ်သိပါ့မလဲ။