← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၃၇)

အမျိုးသမီးက ခရမ်းရောင်ရွှေသားကဒ်ကိုလှမ်းယူလိုက်ပြီး ရွှေပြားသုံးထောင်ထုတ်ယူလိုက်ပြီးနောက် ကဒ်ကို ရှန်ယန်ရှောင်ထံပြန်ပေးလိုက်ပါတယ်။

"နောက်မှာရှိတဲ့ နားနေခန်းမှာ ခဏစောင့်နေပေးပါဦး ကျမတို့က မင်းလိုအပ်တဲ့ပစ္စည်းတွေကို လာပို့ပေးဖို့အတွက် ဂူဝံပုလွေများအဖွဲ့ဆီကို တစ်ယောက်ယောက်ကိုလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်ပါ့မယ်"

ရှန်ယန်ရှောင်ခေါင်းညိတ်လိုက်တယ်။ အမျိုးသမီးက ဝန်ထမ်းတစ်ဦးအား ရှန်ယန်ရှောင်ကို နားနေခန်းဆီ လိုက်ပို့ခိုင်းလိုက်ပါတယ်။ စားပွဲနားမှာရပ်နေကြတဲ့ ကြေးစားတွေဟာ ရှန်ယန်ရှောင်ရဲ့နောက်ကျောကို လိုက်ကြည့်လိုက်ကြပြီး သူတို့မျက်ဝန်းတွေထဲမှာတော့ စောစောကလိုမျိုး အထင်သေးမှုတွေမရှိတော့ဘဲ အားကျတဲ့အရိပ်တွေရှိနေပါတယ်။

ဒီလိုကလေးပေါက်စနတစ်ယောက်က ခရမ်းရောင်ရွှေသားကဒ်ကို အေးအေးဆေးဆေးထုတ်လိုက်တယ်။ အလုပ်လုပ်ရလွန်းလို့ ပင်ပန်းနေကြရတဲ့ သူတို့လိုလူတွေအနေနဲ့ ဒီကိစ္စကို ဘယ်လိုလုပ်ပြီး မေ့ပစ်နိုင်ပါ့မလဲ။

တစ်ယောက်ယောက်နဲ့ ယှဉ်ထိုးကြည့်နေမယ်ဆိုရင် ထိုလူအနေနဲ့ ဒေါကန်ရုံပဲဖြစ်မှာပါ။ သူများတွေမှာရှိနေတာနဲ့ မင်းမှာရှိနေတာကို ယှဉ်နေမယ်ဆိုရင် မင်းမှာရှိနေတာကို တန်ဖိုးမထားရာပဲ ရောက်ပါလိမ့်မယ်။

နားနေခန်းကို သူမရောက်သွားတော့ ထိုင်လို့ရမယ့်နေရာကို တွေ့လိုက်ပါတယ်။

သူမလိုအပ်နေတာကို ချောချောမွေ့မွေ့တွေ့ခဲ့တာက အကောင်းဆုံးပါပဲ ဒါပေမယ့် အစိတ်အပိုင်းသုံးမျိုးကို မှော်သားရဲကောင်ဆီကနေ ထုတ်ယူထားတာက ဘယ်လောက်ကြာပြီလဲဆိုတာ သူမ မသိရသေးပါဘူး။ ခုနှစ်ရက်ပြည့်ဖို့ ရက်အနည်းငယ်လိုသေးတယ်ဆိုရင် သူမအတွက် ပြင်ဆင်ဖို့အချိန်ပိုရပါတယ်။ ခုနှစ်ရက်ပြည့်တော့မယ်ဆိုရင်တော့ သူမအနေနဲ့ ဒီနေ့ညမှာပဲ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံကို ဝင်ဖောက်ဖို့အတွက် ကြူရှီယာနဲ့ဆွေးနွေးရုံပဲရှိပါတော့တယ်။

ခဏတာစောင့်ဆိုင်းအပြီးမှာတော့ နားနေခန်းရှေ့ကို အရပ်ရှည်ရှည်လူတစ်ယောက် ရောက်ရှိလာပါတယ်။

တံခါးပေါက်ကနေပြီးတော့ ၃၅နှစ်ဝန်းကျင်ရှိမယ့် ယောက်ျားတစ်ယောက် ဝင်လာပါတယ်။ သူ့ပုံစံဟာ ဝတ်စားဆင်ယင်မှုမှာ တော်တော်ပိုင်နိုင်ဟန်ရှိပါတယ်။ သူ့ခါးမှာ ကြီးမားအေးစက်သော ဓါးတစ်လက်ချိတ်ဆွဲထားသည်။ သူ့အသားကမဲပြီး ထက်မြက်တဲ့မျက်နှာဟာ ကြည့်ရတာအလွန်ခန့်ညားပါတယ်။ သူ့မျက်ခုံးထောင့်မှာတော့ ကြောက်မက်ဖွယ်အမာရွတ်တစ်ခု ရှိနေပါတယ်။

နားနေခန်းကိုဝင်လာပြီးတော့ ထိုလူက တစ်ချက်ဝေ့ကြည့်လိုက်ကာ ရှန်ယန်ရှောင်ကို တွေ့လိုက်တဲ့အခါ သူမဆီတန်းလာလိုက်သည်။

"ကျနော်က ဂူဝံပုလွေများကြေးစားအဖွဲ့ရဲကခေါင်းဆောင် တူလန်းပါ။ ကျနော်တို့ပစ္စည်းတွေကို လိုချင်တဲ့ဧည့်သည်က ခင်ဗျားလား"

တူလန်းက အလွန်ပိန်ပါးသေးသွယ်တဲ့ ရှန်ယန်ရှောင်ကို ကြည့်လိုက်ပြီးတော့ အံ့အားသင့်ဟန်ဖြစ်သွားပါတယ်။

သူဟာ အခုလေးတင်ပဲ ကြေးစားအဖွဲ့သမဂ္ဂဆီကနေပြီး သူတို့အဖွဲ့စာရင်းပေးထားတဲ့ အဆင့်ငါးမှော်သားရဲကောင်သုံးကောင်ရဲ့ အစိတ်အပိုင်းသုံးခုကို လာဝယ်တဲ့သူရှိတယ်ဆိုပြီး ပြောကြားချက်ရရှိခဲ့တာပါ။ ဒါကြောင့် သူကိုယ်တိုင် ဒီကိုလာခဲ့တာဖြစ်ပြီးတော့ ဒီအစိတ်အပိုင်းသုံးခုကို ဝယ်ချင်တဲ့ဧည့်သည်က ကလေးပေါက်စနဖြစ်နေမယ်လို့ သူ ထင်မထားခဲ့ပါဘူး။

တူလန်းရဲ့ရှည်လျားထွားကြိုင်းတဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ယှဉ်လိုက်ရင် ရှန်ယန်ရှောင်က အာဟာရချို့တဲ့တဲ့ကလေးတစ်ယောက်ပုံပေါက်နေပါတယ်။

ကြေးစားအဖွဲ့သမဂ္ဂဆီ သူစာရင်းပေးထားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးဟာ အလွန်မြင့်တယ်ဆိုတာ သူကောင်းကောင်းသိတာပေါ့။ လူအများစုကတော့ ဒီပစ္စည်းတွေအတွက် ရွှေပြားသုံးထောင်ကိုအသုံးပြုမှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ဒီအစိတ်အပိုင်းတွေဟာ အမြူတေမဟုတ်ဘဲ ရွှေပြားသုံးထောင်ကိုအသုံးပြုပြီး ကောင်းမွန်တဲ့ အလတ်တန်းအဆင့်ရှိမှော်အမြူတေတစ်လုံးကို ဝယ်ယူနိုင်ပါတယ်။

သူ့ရှေ့ကဘော်ဒါလေးကြည့်ရတာဟာ ဘယ်လိုအနေအထားကို ကြည့်ကြည့် တစ်ချီတည်းနဲ့ ရွှေအများအပြားထုတ်သုံးနိုင်ပုံ ပေါက်မနေပါဘူး။

ဒါပေမယ့် ကြေးစားအဖွဲ့သမဂ္ဂက သူ့ကိုသတင်းပေးခဲ့မှတော့ ပေးချေမှုရရှိပြီးဖြစ်ရမှာပါ။

တူလန်းအနေနဲ့ စပ်စုချင်သော်လည်း အသေးစိတ်လည်း မမေးချင်ပြန်ပါဘူး။ မြို့ရဲ့စည်းကမ်းတွေထဲမှာက ဧည့်သည်တွေကို မေးခွန်းသိပ်မမေးဖို့လည်း အပါအဝင်ဖြစ်ပါတယ်။

ရှန်ယန်ရှောင် ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။

"ကျနော်ပါပဲ"

ရှန်ယန်ရှောင်က ဝယ်သူဖြစ်မှန်းသိပြီးတာနဲ့ တူလန်းလည်း သူ့လက်စွပ်ထဲကနေပြီးတော့ လက်တစ်ဖက်ရဲ့တစ်ဝက်လောက်အရှည်ရှိတဲ့ ဖန်ပုလင်းသုံးလုံးကို ထုတ်ယူလိုက်ပါတယ်။

ဖန်ပုလင်းသုံးပုလင်းမှာ ရှန်ယန်ရှောင်လိုအပ်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မှော်သားရဲကောင်ရဲ့ မတူညီတဲ့အစိတ်အပိုင်းသုံးခု ထည့်ထားပါတယ်။

"ဒါတွေက ခင်ဗျားဝယ်တဲ့ အစိတ်အပိုင်းတွေပဲ စစ်ကြည့်နိုင်ပါတယ်"

တူလန်းက ဖန်ပုလင်းသုံးလုံးအား ရှန်ယန်ရှောင်ရှေ့မှာရှိတဲ့ စားပွဲပေါ်မှာ ညီညာစွာချထားလိုက်သည်။

ရှန်ယန်ရှောင်က တစ်ပုလင်းချင်းကြည့်လိုက်ပြီး အစိတ်အပိုင်းသုံးခုရဲ့ ရက်တွေကို ရှူအားစစ်ကြည့်ပေးဖို့ ပြောလိုက်ပါတယ်။

ရှူကနေပြီး သူမကို ပြန်ပြောခဲ့တာကတော့ ဒီအစိတ်အပိုင်းတွေယူထားခံရတဲ့ မှော်သားရဲကောင်တွေရဲ့ သေဆုံးချိန်ဟာ ငါးရက်လောက်ရှိပြီလို့ဖြစ်ပါသည်။

ဒါဆိုရင်တော့ သူမအနေနဲ့ ဆေးသိုလှောင်ရုံကို ဖောက်ဖို့အတွက် နှစ်ရက်လောက်ပြင်ဆင်ချိန် ရသေးတာပေါ့။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၃၈)

ရှန်ယန်ရှောင်အား ပစ္စည်းတွေကမ်းပေးလိုက်ချိန်မှာပဲ တူလန်းက ဒီဧည့်သည်လေးကို စေ့စေ့စပ်စပ်ကြည့်မိလိုက်ပါတယ်။ အမည်းရောင်မြို့တော်မှာ သူရှိနေခဲ့တဲ့ နှစ်များစွာအတွင်းမှာ တူလန်းအဖို့ မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တော်တော်များများကို တွေ့ကြုံခဲ့ပြီးပါပြီ။ ရှန်ယန်ရှောင်ရဲ့ အရိုးဖွဲ့စည်းပုံအရ လက်ရှိမျက်နှာဟာ အစစ်အမှန်မဟုတ်မှန်းကို သူရိပ်မိပါတယ်။

အမည်းရောင်မြို့တော်ထဲမှာ ရုပ်ဖျက်မျက်နှာဖုံးဆိုတာ သမားရိုးကျပစ္စည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီဧည့်သည်တပ်ဆင်ထားတဲ့ မျက်နှာဖုံးရဲ့ လက်ရာဟာ အမည်းရောင်မြို့တော်မှာ ရောင်းချနေတဲ့ အဆင့်အမြင့်ဆုံးဆိုတဲ့မျက်နှာဖုံးတွေထက်တောင် ပိုမိုသပ်ရပ်ကောင်းမွန်နေပါတယ်။ လူတွေရဲ့အရိုးတည်ဆောက်ပုံအပေါ်မှာ သူမတူတဲ့နားလည်မှုရှိသော တူလန်းရဲ့ အကဲခတ်စွမ်းရည်ကြောင့်သာမဟုတ်ရင် ရှန်ယန်ရှောင်မျက်နှာဖုံးတပ်ထားမှန်းသိဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။

တူလန်းသိသလောက်ဆိုရင် မှော်သားရဲတစ်ကောင်ရဲ့ အစိတ်အပိုင်းကို အသုံးပြုဖို့ဆိုတာ အဲ့လောက်ကြီးမရိုးရှင်းလှပါဘူး။ သူတို့ကို အဆင့်မြင့်ဆေးရည်တော်တော်များများမှာသုံးသလို မှော်အတားအဆီးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ သူ့မျက်စိရှေ့မှာရှိနေတဲ့ ကလေးက အလွန်ကိုသတိမထားမိလောက်ပုံရှိပေမယ့် အပေါ်ယံမြင်နေရသလိုမျိုးမဟုတ်ဘဲ ကြီးကြီးမာစတာဖြစ်နေပါတယ်။

နောက်တစ်ခုက အမည်းရောင်မြို့တော်ထဲမှာ တူလန်းရဲ့ဂုဏ်သတင်းက အလွန်ကြီးပါတယ်။ အမည်းရောင်မြို့တော်သားတွေသာ သူ့နာမည်ကိုကြားလိုက်မယ်ဆိုရင် အနည်းနဲ့အများတော့ တုံ့ပြန်မှုတစ်ခုခုရှိမှာဖြစ်တယ်။

ဒါပေမယ့် သူအခု အကဲခတ်နေရာမှာတော့ ရှန်ယန်ရှောင်ရဲ့ တုံ့ပြန်ပြောဆိုမှုက အလွန်အေးဆေးတည်ငြိမ်ပါတယ်။ သူ့နာမည်ကြောင့် ဘာမှဖြစ်ပုံမရပါဘူး။

ပြောတဲ့စကားလုံးတွေကို အလွန်အေးဆေးစွာပြောနေတာဖြစ်ပြီး ဘာဖိအားတင်းကြပ်မှုမှမရှိသလို မလိုအပ်တာလည်း မပါဝင်ပါဘူး။ ကြည့်ရတာ အတွေ့အကြုံရှိပြီး အစွမ်းအစရှိသူတစ်ယောက်ဖြစ်ပုံပေါ်တာကြောင့် သာမန်ကလေးငယ်တစ်ယောက် မဖြစ်နိုင်ပါဘူး။

ကောလာဟလတွေအရ လူတစ်ယောက်ရဲ့ အသွင်အပြင်ကို လုံးဝပြောင်းလဲပေးနိုင်တဲ့ လျှို့ဝှက်နည်းတစ်ခုရှိပါတယ်တဲ့။ ခုနှစ်ပေရှည်တဲ့လူတစ်ယောက်ကိုတောင် ကလေးတစ်ယောက်အဖြစ် သေးငယ်စေနိုင်ပါတယ်။ တူလန်းဟာ ထိုလျှို့ဝှက်နည်းနဲ့ ရှန်ယန်ရှောင်ကို ချိတ်ဆက်တွေးမိလိုက်ပါတယ်။

နောက်တစ်ခုက ထိုကောလာဟလအရ အဲ့ဒီလိုလျှို့ဝှက်နည်းလမ်းကို လေ့ကျင့်နိုင်သူတိုင်းဟာ အလွန်တရာအစွမ်းထက်ပါတယ်တဲ့။ တူလန်းလည်း ရှန်ယန်ရှောင်အား နောက်တစ်ကြိမ်ထပ်ကြည့်လိုက်မိပါတယ်။

တူလန်းတစ်ယောက် အခုလိုမျိုး တွေးဆမိသွားတဲ့အပေါ်မှာ ထူးဆန်းမှုမရှိလှပါဘူး။ ဆင်းဆင်းရဲရဲကလေးတစ်ယောက်ပုံနဲ့ ဘာထူးခြားချက်မှမရှိတဲ့ ကလေးတစ်ယောက်က ကြေးစားအဖွဲ့သမဂ္ဂကို ရုတ်တရက်ကြီးပေါက်ချလာပြီးတော့ အလတ်တန်းအဆင့်မှော်သားရဲကောင်တွေရဲ့ အစိတ်အပိုင်းကို ဈေးကြီးပေးဝယ်ယူတာကိုက ထူးဆန်းနေတာပါ။ နောက်ပြီးတော့လည်း ရှန်ယန်ရှောင်ရဲ့ စကားနဲ့အပြုအမူတွေမှာ ကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ဖြူစင်မှုနဲ့မရင့်ကျက်မှုတွေ မရှိတာကြောင့် တူလန်းအဖို့ အခုလိုမျိုး တွေးဆမိစေတာဖြစ်ပါတယ်။

ရှန်ယန်ရှောင်ဟာ တူလန်းရဲ့ တိတ်တဆိတ်အကဲခတ်မှုအပေါ်မှာ ဘယ်လိုမှမနေပါဘူး။ အခုအချိန်မှာ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံက ကိုးကွက်မှော်အတားအဆီးကို ဘယ်အချိန်မှာ ဖျက်နိုင်မလဲဆိုတဲ့အပေါ်ကိုပဲ သူမ ပိုပူပန်နေမိပါတယ်။ သိုလှောင်ရုံထဲကို သူမ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်နိုင်တာနဲ့ သွေးစားပွဲတော်ဆေးရည်အတွက် လိုအပ်တဲ့ ဆေးမြစ်တွေရဲ့ တစ်ဝက်သာသာကို ယူလို့ရပါပြီ။ ဒါက သူမကို ဒုက္ခသိပ်မရောက်စေတော့မှာ ဖြစ်ပါတယ်။

နားနေခန်းက တိတ်ဆိတ်နေပြီး ရှန်ယန်ရှောင်က ထွက်သွားဖို့လုပ်နေတုန်းမှာပဲ အရပ်ရှည်ရှည်လူတစ်ယောက်က ရှေ့တံခါးကနေ ရုတ်တရက်ဝင်လာပါတယ်။

အသက်၂၅နှစ်ခန့်ရှိမယ့် လူငယ်တစ်ယောက်က နားနေခန်းထဲက တူလန်းဆီကို လာလိုက်ပါတယ်။

"ခေါင်းဆောင် ကျနော်တို့ အခုပဲ အလုပ်တစ်ခုရလိုက်တယ်"လို့ လူငယ်ကပြောလိုက်သည်။

တူလန်းက လူငယ်ကို ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။

"ဘာအလုပ်လဲ"

ဒီလူငယ်ဟာ ဂူဝံပုလွေများအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အစွမ်းထူးချွန်ထက်မြက်မှုမရှိပေမယ့် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဂူဝံပုလွေများအဖွဲ့ဝင်အားလုံးက တူလန်းတစ်ယောက် အရေးကြီးကိစ္စတစ်ခုကို လုပ်ဆောင်နေမှန်းသိထားကြပြီး အရေးပေါ်အခြေအနေမဖြစ်ခဲ့ရင် သူ့ကို လာရှာကြမှာမဟုတ်ပါဘူး။

လူငယ်က ရှန်ယန်ရှောင်အားကြည့်လိုက်ပြီးနောက် ကြေးစားအဖွဲ့သမဂ္ဂမှာ ဒီလိုကလေးတစ်ယောက် ဘာကြောင့်ရောက်နေတာလဲဆိုပြီး တိတ်တဆိတ်ရေရွတ်လိုက်ပါတယ်။ ခေါင်းဆောင်ပြောတော့ အလတ်တန်းမှော်သားရဲအစိတ်အပိုင်းတွေကို ဝယ်ချင်တဲ့သူရောက်နေတယ်ဆို အခုကျတော့ ဘာလို့ ဧည့်သည်က ရှိမနေတာလဲမသိဘူး။

လူငယ်ဟာ ခနတာ ပဟေဠိဖြစ်သွားပြီးမှ ပြန်ဖြေလိုက်ပါတယ်။

"မှော်သားရဲတစ်ကောင်ကို သတ်ပေးရမယ့်အလုပ်ပါ။ ဒါပေမယ့် ဒီအလုပ်ရဲ့ ပစ်မှတ်က တော်တော်ကြီးရှားတယ် သတ်ရမှာက အဆင့်၈ဖီးနစ်ငှက်တဲ့"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၃၉)

နားနေခန်းထဲကနေ ထွက်လုဆဲဆဲဖြစ်တဲ့ ရှန်ယန်ရှောင်ဟာ ဖီးနစ်ဆိုတာကို ကြားလိုက်ရတော့ ခြေလှမ်းကိုချက်ခြင်းရပ်လိုက်ခဲ့သည်။

ဒီအခြေအနေအပေါ်မှာ သူမ ဘယ်လိုတွေးရမလဲ မသိတော့ပါဘူး။ ဖူးယောင်မြက်(မီးတောက်မြက်)က ဖီးနစ်အသိုက်မှာ ပေါက်ရောက်တာလို့ ရှူကပြောခဲ့ပါတယ်။ အခုဒီညမှာပဲ ဖီးနစ်နဲ့ပတ်သတ်တဲ့ သတင်းကို သူမ ရခဲ့ပြန်ပါတယ်။ မီးတောက်မြက်ကိုရဖို့အတွက် အစီအစဉ်ဆွဲနိုင်ရန် လူငယ်ရဲ့စကားကို နားထောင်ဖို့ သူမ ဆုံးဖြတ်လိုက်သည်။

ဒါပေမယ့်...

အဆင့်၈ဖီးနစ်တဲ့လား...

ရှူပြောသလိုဆိုရင် ဖီးနစ်တွေဟာ မွေးကာစမှာတင် အဆင့်၈အဆင့်၉လောက် ရှိနေပြီဆိုတော့ အလုပ်အပ်သူရဲ့ ရည်ရွယ်ချက်က မွေးကာစအကောင်ပေါက်လေးဆီမှာပေါ့။

ရှန်ယန်ရှောင် မျက်ခုံးတွန့်လိုက်မိပါတယ် သူမအနေနဲ့ တစ်ခုခုလွဲချော်နေတာကို ခံစားလိုက်ရပါတယ်။

ဖီးနစ်လို့ကြားလိုက်တဲ့ တူလန်းလည်း ခဏတာကြောင်သွားခဲ့တယ်။

ဖီးနစ်ဆိုတဲ့ မှော်သားရဲမျိုးဟာ လူအများစုအနေနဲ့ ကောလာဟလတွေထဲမှာပဲ ကြားဖူးကြတာဖြစ်တယ်။ နှစ်ပေါင်းရာချီကြာမြင့်နေခဲ့ပေမယ့် ဖီးနစ်ငှက်က ဘယ်လိုပုံစံရှိလဲဆိုတာ သူတို့တွေ မမြင်ခဲ့ဖူးသေးပါဘူး။ အခုကျတော့ လူတစ်ယောက်ယောက်ကနေပြီး ဖီးနစ်တစ်ကောင်ကိုသတ်ဖို့ အလုပ်အပ်တယ်တဲ့။ ဒါက တော်တော်ကြီး ယုံရခက်တဲ့အဖြစ်ပါပဲ။

"မင်း နားကြားမမှားတာရော သေချာလား"လို့ တူလန်းက သံသယဖြစ်စွာမေးလိုက်သည်။

"သေချာပါတယ်...အလုပ်အပ်သူက ကြေးကြီးကြီးပေးထားတယ်။ ကျနော်တို့အဖွဲ့တင်မဟုတ်ဘူးနော် ကျနော်သိသလောက်ဆိုရင် အမည်းရောင်မြို့တော်ရဲ့ အလတ်စားကြေးစားအဖွဲ့ ဆယ်ဖွဲ့နဲ့အထက် ဒီအလုပ်ကိုလက်ခံရရှိခဲ့ကြတာပဲ"လို့ လူငယ်က ခေါင်းညိတ်ပြီးဖြေလိုက်ပါတယ်။

တူလန်း မေးပွတ်လိုက်တယ်။ ဒီအလုပ်ကို အပ်တဲ့သူဟာ ကြေးစားအဖွဲ့တွေကြားမှာ သတင်းဖြန့်ရဲမှတော့ အမှန်အကန်ဖြစ်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းကအတုဖြစ်နေပြီး အလုပ်မအောင်မြင်ခဲ့ရင်တောင် အလုပ်အပ်သူဟာ ဒီအလုပ်အတွက်ပါဝင်မယ့် ကြေးစားအဖွဲ့တိုင်းကို မူလသတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ပေးချေရဦးမှာဖြစ်ပါတယ်။

ဒါပေမယ့်...

ဖီးနစ်ငှက်...

"ဘယ်သူမှ ဖီးနစ်ငှက်တစ်ကောင်ကိုတောင် မတွေ့ခဲ့တာ နှစ်ရာချီကြာနေပြီ။ သူနဲ့ပတ်သတ်တဲ့ အချက်အလက်တွေက စာအုပ်တွေထဲမှာပဲရှိတော့တာ။ ဖီးနစ်တစ်ကောင်ရဲ့ သတင်းကိုအဲ့လူရှာနိုင်မှတော့ ငါတို့လည်း သူနဲ့အတူသွားရလိမ့်မယ်ထင်တယ်"

ကြေးစားတွေအတွက် ရွှေပြားတွေသာ သူတို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပြီး ကျန်တာတွေကို သူတို့ သိပ်စိတ်မဝင်စားပါဘူး။

အဆင့်၈မှော်သားရဲတွေကို အဆင့်မြင့်မှော်သားရဲတွေအဖြစ်သတ်မှတ်ကြပါသည်။ သာမန်အလတ်စားကြေးစားအဖွဲ့အနေနဲ့ တစ်ဖွဲ့တည်းနဲ့တော့ အဆင့်မြင့်မှော်သားရဲကို မသတ်နိုင်တာကြောင့် ငှားရမ်းသူအနေနဲ့ အမည်းရောင်မြို့တော်ထဲက အလတ်စားကြေးစားအဖွဲ့အတော်များများကို ငှားရမ်းရုံပဲရှိတာပါ။

ဒီလှုပ်ရှားမှုက မသေးငယ်လှပါဘူး။

"ရှူ ဒါ နည်းနည်းထူးဆန်းတယ်လို့ မထင်မိဘူးလား"

ရှန်ယန်ရှောင်ဟာ ဘေးကနေပဲ ငြိမ်သက်စွာနားထောင်နေပြီး များများကြားရလေ လွဲနေတယ်လို့ ခံစားရလေလေဖြစ်နေပါတယ်။

"အဆင့်၈ဖီးနစ်ငှက်က အကောင်ပေါက်ပဲဖြစ်မှာပေါ့။ မွေးကာစအကောင်ပေါက်လေးက သူ့ဖာသာပေါ်လာတာလို့ မင်းထင်နေတာလား"

ရှန်ယန်ရှောင် အခုမှပဲ တစ်ခုခုလွဲနေတယ်လို့ ခံစားနေရတဲ့အပေါ်ကို နားလည်သွားခဲ့ပါတယ်။ မွေးကာစအကောင်ပေါက်ဆိုတော့ အဲ့နေရာမှာ စောင့်ရှောက်ကာကွယ်သူ ရှိနေမှာပါ။ နောက်ပြီးတော့လည်း အရွယ်ရောက်ပြီးတဲ့ ဖီးနစ်ငှက်ဖြစ်ဖို့များပြီး အနိမ့်ဆုံးအဆင့်အနေနဲ့ ဒဏ္ဍာရီသတ္တဝါနဲ့ အဆင့်တူရှိပါလိမ့်မယ်။ ဒါပေမယ့် ဂူဝံပုလွေများအဖွဲ့ရခဲ့တဲ့ သတင်းထဲမှာက အဆင့်၈ဖီးနစ်လို့ပဲ ပါဝင်တာကြောင့် အလွန်ယုတ္တိမတန်ဖြစ်နေပါတယ်။

မွေးကာစအကောင်ပေါက်အနေနဲ့ တစ်ကောင်တည်းပေါ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပဲ မွေးမွေးချင်းမှာပဲ မိဘတွေနဲ့ ကွဲကွာသွားမှဖြစ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် မှော်သားရဲတွေမှာ အလွန်သန်မာတဲ့ အနံ့ခံအာရုံရှိတာကြောင့် သူတို့ရဲ့ကလေးတွေကို ပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မိုင်ခုနှစ်ရာရှစ်ရာဝေးကွာနေရင်တောင် သူတို့ကလေးတွေရဲ့ အနံ့နဲ့တင် ရှာတွေ့နိုင်စွမ်းရှိပါတယ်။

"သူတို့အခုရလိုက်တဲ့ သတင်းမှာ ပြဿနာအချို့ရှိနေတာ အသိသာကြီးပဲ။ လက်ရှိလူသားမျိုးနွယ်ဟာ ဖီးနစ်တွေအကြောင်း ကောင်းကောင်းမသိကြတော့ဘူး။ ဖီးနစ်တွေက အလွန်ရှားပါးတဲ့ သားရဲတွေလို့သာ သိထားပြီးတော့ ဖီးနစ်ရဲ့အဆင့်ကိုတော့ မသိကြဘူး"

ရှူက ထူးမခြားနားဟန်နဲ့ ပြောလိုက်သည်။ သူ့စကားလုံးတွေမှာ လူသားမျိုးနွယ်အား အထင်သေးခြင်းတွေပါဝင်နေပြီး အေးစက်လှတဲ့အသံဟာ လူတစ်ယောက်ရဲ့ နှလုံးသည်းပွတ်နဲ့အရိုးထဲထိအောင် အေးစက်သွားသလိုခံစားရစေနိုင်ပါတယ်။

ရှန်ယန်ရှောင်ဟာ ရှူတစ်ယောက် သူ့စကားလုံးတွေထဲမှာ ထူးဆန်းစွာနဲ့ လူသားမျိုးနွယ်ဆိုပြီး သုံးနှုန်းလိုက်တာကို သတိပြုမိသွားပါတယ်။

ဒါဆိုရင် ရှူက လူမဟုတ်တာ သေချာနေပြီပေါ့...

All Chapters