အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၄၀)
ထိုနေရာမှာပဲ တူလန်းတစ်ယောက် သူ့အဖွဲ့သားနဲ့အတူ အလုပ်အကြောင်းကို ဆက်လက်ဆွေးနွေးနေပါတယ်။ မကြာခင်မှာတော့ ထွက်သွားသင့်နေပြီဖြစ်တဲ့ ရှန်ယန်ရှောင်က ထွက်မသွားသေးဘဲ သူတို့ဆီကို တွေးတောစဉ်းစားနေရင်း ကြည့်နေတာအား တူလန်းတွေ့လိုက်ပါတယ်။
တူလန်း တစ်စက္ကန့်လောက် ကြောင်သွားခဲ့သည်။ ထို့နောက်မှာတော့ သူနဲ့သူ့လူပြောနေတာကို ဒီဧည့်သည်ကြားသွားတာပဲလို့ သူသိလိုက်ပါတယ်။
တူလန်းလည်း တွေးတောလိုက်မိပြီးတော့ နည်းနည်းတွန့်ဆုတ်နေခဲ့တယ်။
"ဒီကဧည့်သည့်အနေနဲ့ ဖီးနစ်ငှက်အပေါ်မှာ တော်တော်စိတ်ဝင်စားနေပုံရတယ်"
တူလန်းက ရှန်ယန်ရှောင်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီးနောက် မေးလိုက်ပါသည်။
တူလန်းဖွင့်ဟပြောလိုက်ချိန်မှာပဲ ဘေးမှာရှိနေတဲ့ လူငယ်ဟာ အံ့သြလွန်းပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။
ဧည့်သည်..ဧည့်သည်လား...
အလတ်တန်းမှော်သားရဲကောင်ရဲ့ အစိတ်အပိုင်းတွေကို ဝယ်ယူခဲ့တာက ဒီပေါက်စနလေးလား။
ရွှေပြားသုံးထောင်တိတိတန်ကြေးရှိတာနော်။ ဒီချာတိတ်လေးကြည့်ရတာက နဖူးကနေခြေဖျားအထိ ဘယ်နေရာမှာမှ သူဋ္ဌေးပုံလည်းမပေါက်ပါဘူး။
လူငယ်လေးဟာ တိတ်တိတ်လေးပဲ တံတွေးမြိုချလိုက်ရပါတယ်။ ကြေးစားအဖွဲ့ဝင်တွေအဖို့ ရွှေပြားသုံးထောင်ဆိုတာ တော်တော်များတဲ့ ပမာဏဖြစ်ပါတယ်။
ရှန်ယန်ရှောင်လည်း အတွေးထဲမြောနေရာကနေ သတိပြန်ဝင်သွားပြီး မေးခွန်းထုတ်လိုက်တဲ့ တူလန်းအားလှမ်းကြည့်လိုက်မိပြီး တော်တော်ကြာအောင် ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။
သူက ဘာလို့ ရုတ်တရက်မေးလိုက်တာလဲ။ ကြေးစားအဖွဲ့ရဲ့ လုပ်ငန်းကို တစ်ခြားလူတွေအား ပြောလို့မဖြစ်လို့များလား။ ဒီလုပ်ငန်းကို ပေါက်ကြားသွားပြီးတော့ တစ်ခြားကြေးစားအဖွဲ့တွေ သိသွားမှာကိုများ တူလန်းပူနေတာများလား။ တစ်ခြားကြေးစားအဖွဲ့တွေပါလာရင် သူတို့ရမယ့် အခကြေးငွေထဲကနေ ခွဲပေးနေရမှာစိုးလို့လားမသိဘူး။
ပြဿနာနည်းရန်အတွက် ရှန်ယန်ရှောင်ဟာ ရှားရှားပါးပါး ဖြေရှင်းပြောကြားခဲ့ပါတော့တယ်။
"မစိုးရိမ်ပါနဲ့ ခေါင်းဆောင်တူ ကျနော်က ကြေးစားတစ်ယောက်မဟုတ်ဘဲ ဖီးနစ်ငှက်အကြောင်းကို နည်းနည်းသိချင်သွားလို့ပါ။ ပြောရမယ်ဆို ဖီးနစ်ငှက်နဲ့ပတ်သတ်တဲ့ သဲလွန်စတစ်ခုတစ်လေကိုတောင် လင်းလက်တိုက်မှာ မတွေ့ခဲ့ရတာ နှစ်ရာချီနေပြီမဟုတ်လား"
တူလန်းလည်း ရယ်မောပြီး ပြောလိုက်ပါတယ်။
"ခင်ဗျားက အစိုးရိမ်လွန်နေတာပဲ ကျနော်က ခင်ဗျားပုံစံက ဖီးနစ်ငှက်ကို တော်တော်လေး စိတ်ဝင်စားတဲ့ပုံပေါက်နေတာကို သတိထားမိလိုက်လို့ သိချင်တာရှိနေရင် ကျနော့်ကို မေးဖို့ပြောမလို့ပါ။ အဲ့ဒီအလုပ်အပ်သူက လုပ်ငန်းကို ကြေးစားအဖွဲ့တော်တော်များများဆီကိုလည်း ဖြန့်ထားတော့ ကျနော် ကွယ်ဝှက်ထားစရာမလိုပါဘူး"
ကြေးစားအဖွဲ့ခေါင်းဆောင်ဖြစ်သော တူလန်းအနေနဲ့ ရှန်ယန်ရှောင်စိုးရိမ်နေတာကို သူ နားလည်ပါတယ်။
တူလန်းပုံက သူမ မေးခွန်းနည်းနည်းမေးလိုက်ရင်လည်း ကိစ္စမရှိတဲ့ပုံပေါက်နေတော့ ရှန်ယန်ရှောင်လည်း အားနာမနေတော့ပါဘူး ဘာပဲပြောပြော သူမကို ဂူဝံပုလွေများအဖွဲ့ရဲ့ ဧည့်သည်အဖြစ်သတ်မှတ်လို့ရသေးတော့ နည်းနည်းလောက်မေးရုံနဲ့လည်း ဘာမှတော့ဖြစ်စရာမရှိပါဘူး။
"ဒီတစ်ခေါက် ခင်ဗျားတို့ရဲ့ ပစ်မှတ်က ဖန်လား ဟောင်လား"
ရှူပြောတာအရ ဖီးနစ်ငှက်အပေါ်မှာ ဒီကမ္ဘာရဲ့ ခွဲခြားသတ်မှတ်မှုက သူမရဲ့မှတ်ဉာဏ်ထဲကနဲ့အတူတူပဲဖြစ်ပြီး ဖန်က အထီးဖြစ်ပြီး ဟောင်က အမဖြစ်ပါတယ်။
အမက မွေးစမှာ အဆင့်၈ဖြစ်ပြီး အထီးကတော့ တစ်ဆင့်မြင့်ကာ မွေးစမှာ အဆင့်၉ဖြစ်ပါတယ်။
သို့သော်လည်း သူမ မေးခွန်းမေးလိုက်တာနဲ့ တူလန်းတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားမယ်လို့ သူမ မျှော်လင့်မထားခဲ့မိပါဘူး။
ဘေးမှာရှိနေတဲ့ လူငယ်က တစ်ခုခုထူးဆန်းတယ်လို့ ခံစားမိလိုက်လို့ ဝင်မေးလိုက်ပါတယ်။
"ကျနော်တို့ပြောနေတာက ဖီးနစ်ငှက်လို့ ပြောနေတာပါ ဖန်တို့ဟောင်တို့ဆိုတာ ဘာကိုပြောတာလဲဟင်။ ဒီစကားနှစ်လုံးမှာ မတူညီတာရှိနေလို့လား"[ဖီးနစ်ငှက်ရဲ့ အသံထွက်က ဖန်ဟောင်ဖြစ်ပြီး အရင်တုန်းကတော့ ဖီးနစ်ငှက်ဖိုကို ဖန်လို့ခေါ်ပြီး အမကို ဟောင်လို့ခေါ်ခဲ့ကြပေမယ့် ဒီနေ့အချိန်မှာတော့ဖန်ဟောင်သို့မဟုတ် ဖီးနစ်လို့ပဲခေါ်ကြပါတော့တယ် ]
တီးတိုးပြောဆိုလိုက်တဲ့ လူငယ်ရဲ့ပြောစကားက တူလန်းရဲ့ လက်ရှိအပြုအမူကို ကိုယ်စားပြုနေသလိုပါပဲ။
ရှန်ယန်ရှောင် နည်းနည်းတော့ဆွံ့အသွားခဲ့ရတယ်။ ဖီးနစ်ငှက်နဲ့ပတ်သတ်ပြီး ဒီကမ္ဘာရဲ့ သိမြင်နားလည်ထားမှုက ဒီလောက်အထိဆုတ်ယုတ်နေမယ်လို့ သူမ ထင်မထားခဲ့မိပါဘူး။ သူတို့အနေနဲ့ ဒီနှစ်ခုအပေါ်မှာ ခြားနားတာကိုတောင် မခွဲခြားနိုင်ကြပါဘူး။
လူငယ်ပြောဆိုအပြီးမှာ တူလန်းဟာ တစ်ခုခုကို တွေးမိသွားဟန်ရှိပြီး ချက်ခြင်းမေးလိုက်ပါတယ်။
"ခင်ဗျားပြောလိုက်တဲ့ ဖန်နဲ့ဟောင်အကြောင်း ကျနော်တော့ ဘာမှမသိပါဘူး။ ခင်ဗျားအနေနဲ့သာ အလင်းပြပေးနိုင်မယ်ဆိုရင် ဂူဝံပုလွေများအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျနော့်အနေနဲ့ ခင်ဗျားကနေပြီး ကျနော်တို့အပေါ်မှာ အလုပ်အပ်စရာတစ်ခုခု ရှိလာခဲ့မယ်ဆိုရင် ဆယ်ရာခိုင်နှုန်းဈေးလျှော့ပေးမယ်လို့ ကတိပေးပါတယ်"
တစ်လောကလုံးမှာ ဖီးနစ်ငှက်တွေနဲ့ပတ်သတ်တဲ့ သမိုင်းအချက်အလက်မှတ်တမ်းတွေက အလွန်နည်းပါးပြီး အဆိုပါစကားလုံးတွေဟာ ဖီးနစ်ငှက်ရဲ့ ပုံကို လူတွေအနေနဲ့ မပီပြင်ဝိုးတဝါးတောင် ပုံဖော်နိုင်စွမ်းရှိအောင် မလုပ်ပေးနိုင်ပါဘူး။
အရင်ကတော့ ဒီဧည့်သည်ဟာ အပြင်ပန်းလို ရိုးရှင်းတဲ့သူမဟုတ်မှန်း တူလန်းခံစားခဲ့ရပြီး အခုလိုမေးခွန်းကို မေးလိုက်တဲ့အခါမှာတော့ တူလန်းအနေနဲ့ တစ်ခုခုကို သဘာဝအသိစိတ်အရ သတိထားမိလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
. အခန်း(၃၄၁)
သူ့ရှေ့မှာရှိနေတဲ့ ဧည့်သည်ဟာ ဖီးနစ်ငှက်အကြောင်းကို တော်တော်လေးနားလည်သိရှိထားပုံရပါတယ်။
သူ့ခေါင်းဆောင်က သူ့ရင်အုပ်ရောက်အောင်တောင် အရပ်မရှည်သေးတဲ့ ကလေးလေးကို ဆွေးနွေးတိုင်ပင်အကြံတောင်းလိုက်တဲ့အခါမှာ လူငယ်ဖြစ်သူ မျက်လုံးတွေပြုတ်ကျမတတ်ပြူးကျယ်သွားရပါတယ်။
ဒါက ဘယ်လိုဖြစ်နေတာတုန်း...
သူတို့ရဲ့ သြဇာရှိပြီး စွမ်းအားပြင်းတဲ့ ခေါင်းဆောင်ကြီးက ကောင်လေးတစ်ယောက်ကို မေးတယ်တဲ့လား။ နောက်ပြီး ဆယ်ရာခိုင်နှုန်းလျှော့ပေးမယ်လို့တောင် ကမ်းလှမ်းလိုက်သေးတယ်တဲ့။ ဒီလိုအခွင့်အရေးမျိုးကို ဂူဝံပုလွေအဖွဲ့ဆီကနေရရှိနိုင်သူဆိုလို့ အမည်းရောင်တစ်မြို့လုံးမှာ နှစ်ယောက်သုံးယောက်ပဲရှိပါတယ်။
သူတို့ခေါင်းဆောင် ဂေါက်များဂေါက်သွားတာလား ဒီလိုမျိုး ရက်ရောနေတဲ့အထိ ဖြစ်နေတယ်ဆိုတော့...
ရှန်ယန်ရှောင်ကို အခုလို လျှော့ဈေးကြီးပေးလိုက်ရတဲ့ အကြောင်းပြချက်ကတော့ တူလန်းအနေနဲ့ အစီအစဉ်တစ်ခုရှိလို့ဖြစ်ပါတယ်။ ရှန်ယန်ရှောင်နဲ့ ပစ္စည်းလဲလှယ်ခဲ့တုန်းက တစ်ဖက်လူဟာ အပြင်ပန်းမြင်နေရသလိုမျိုး မရိုးဘူးလို့ တူလန်းသိခဲ့ပါတယ်။ သူ့ရဲ့ အရင်တွေးဆချက်နဲ့ ရှန်ယန်ရှောင်မေးလိုက်တဲ့ နတ်မေးခွန်းနဲ့ ပေါင်းစပ်လိုက်တော့ ရှန်ယန်ရှောင်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ဆရာကြီးတစ်ပါးဖြစ်ပြီး သူ့အရွယ်အစားနဲ့ အသွင်အပြင်ကို ပြောင်းလဲဖို့အတွက် လျှို့ဝှက်နည်းလမ်းကို အသုံးပြုထားသူလို့ တူလန်းက သတ်မှတ်လိုက်ပါတော့တယ်။ ဒီလိုမျိုးလူတစ်ယောက်ကို ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့သူ့အနေနဲ့ သူ့ဖက်ပါအောင်ဆွဲထားချင်နေတာ သဘာဝကျပါတယ်။
ဒါပေါ့လေ တူလန်းအနေနဲ့ သူ့တွေးထင်ချက်ကို ငါးဆယ်ရာခိုင်နှုန်းပဲသေချာမှုရှိတာပါ။ ကျန်တဲ့ငါးဆယ်ရာခိုင်နှုန်းကတော့ ဖီးနစ်ငှက်အကြောင်းကို ရှန်ယန်ရှောင်ပြောပြာတာတွေက ဆုံးဖြတ်သွားပါလိမ့်မယ်။
ရှန်ယန်ရှောင်အနေနဲ့သာ အချိန်ကြာမြင့်စွာပျောက်ဆုံးနေခဲ့တဲ့ ဖီးနစ်ငှက်ရဲ့ လျှို့ဝှက်ချက်အချို့ကို တစ်ကယ်သိခဲ့မယ်ဆိုရင်တော့ သူတွေးထင်ထားတဲ့လူဖြစ်မှာပါ။ ဒီကမ္ဘာမှာ ဖီးနစ်ငှက်အကြောင်းသိသူ အလွန့်အလွန်ကို နည်းပါးပါတယ်လေ။
တူလန်းရဲ့ ရက်ရောမှုကြောင့် ရှန်ယန်ရှောင် နည်းနည်းအံ့အားသင့်သွားခဲ့ပေမယ့် မငြင်းပယ်ခဲ့ပါဘူး။ ဘာပဲပြောပြော သူမလည်း ဖီးနစ်ငှက်သိုက်ကို ရှာချင်နေတာပဲလေ။ သူမအနေနဲ့ ဂူဝံပုလွေများအဖွဲ့နဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် မီးတောက်မြက်ရဖို့အတွက် သူမကို သူတို့အဖွဲ့နဲ့အတူခေါ်သွားပေးပြီး ကူညီပေးကောင်းပေးပါလိမ့်မယ်။
ဒါပေမယ့် ဖီးနစ်ငှက်အကြောင်းကို သိထားတဲ့လူသားမျိုးနွယ်ရဲ့ အသိက အလွန်နည်းပါးတာကိုလည်း သူမ သဘောပေါက်ပါတယ်။ ရှူကနေပြီး သူမကို ဖီးနစ်ငှက်နဲ့ပတ်သတ်ပြီး ပြောသမျှတွေကိုသာ တူလန်းကိုပြောလိုက်မယ်ဆိုရင် သူမအတွက် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူမက သူမရဲ့ ရှင်းပြမှုအပေါ်မှာ သတိထားကာပြောလိုက်ပါသည်။
"ဖီးနစ်ငှက်နဲ့ပတ်သတ်တာကို ကျနော်လည်း သိပ်တော့များများစားစားမသိပါဘူး။ ဖန်နဲ့ဟောင်ဆိုတာက ဖီးနစ်ငှက်ဖိုနဲ့ဖီးနစ်ငှက်မကို ရည်ညွှန်းတာကိုတော့ သိထားတယ်။ ဖီးနစ်ငှက်မှာ မတူညီတဲ့လိင်အမျိုးအစားနဲ့ မတူညီတဲ့အမည်နာမရှိတယ်။ သူတို့အားလုံးကို ဖီးနစ်(ဖန်ဟောင်)လို့ မခေါ်ပါဘူး"
ဖီးနစ်(ဖန်ဟောင်)ဆိုတာ ဒီလိုမှော်သားရဲအမျိုးအစားအတွက် ယေဘုယျအခေါ်အဝေါ်ဖြစ်ပါတယ်။ သူမရဲ့ အရင်ဘဝကလိုပါပဲ လူတိုင်းနီးနီးက ဖီးနစ်(ဖန်ဟောင်)ကို အမတွေချည်းပဲလို့ သိထားကြပါတယ်။ သူတို့တွေဟာ ဖန်ကဖီးနစ်ငှက်ဖိုဖြစ်ပြီး ဟောင်က ဖီးနစ်ငှက်မဆိုတာကို မသိထားကြပါဘူး။
ရှန်ယန်ရှောင်စကားတွေက တူလန်းနဲ့လူငယ်တို့ကို တစ်ယောက်နဲ့တစ်ယောက်ကြည့်မိသွားအောင် လုပ်ခဲ့ပါတယ်။ တစ်ဦးမျက်လုံးထဲမှာ အံ့အားသင့်တာတွေ ပါဝင်နေတာကို နှစ်ယောက်လုံးသိမြင်လိုက်ကြပါတယ်။
ဒီစကားကိုမကြားခင်တုန်းက ဖီးနစ်ငှက်ဆိုတဲ့စကားလုံးမှာ အခုလိုမျိုး အဓိပ္ပါယ်ပါဝင်နေတာကို သူတို့မသိခဲ့ကြပါဘူး။
တူလန်း မျက်လုံးတွေကို မှေးလိုက်သည်။ သူက ခဏတာတွေးလိုက်ပြီးနောက် ရှန်ယန်ရှောင်နားကို သွားလိုက်ကာ ပြောလိုက်ပါတယ်။
"ခင်ဗျားမှာ အချိန်ရမရ ကျနော်မသိပေမယ့် ကျနော်တို့ဂူဝံပုလွေများအဖွဲ့နဲ့အတူ ဒီအလုပ်ကို ဝင်ရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒါပေမယ့် တိုက်ခိုက်တဲ့နေရာမှာ ခင်ဗျားမပါစေရပါဘူး စိတ်ချချနေလို့ရပါတယ်။ အချိန်အဆင်ပြေတဲ့အခါမျိုးမှာသာ ဖီးနစ်ငှက်နဲ့ပတ်သတ်တဲ့အကြောင်းအရာအချို့ကို ကျနော်တို့ကို ပြောပြပေးရုံပါပဲ"
ဒီဧည့်သည်ဟာ ၁၃နှစ်သားကလေးငယ်မဟုတ်ဘူးဆိုတာ တူလန်းအတွက် လုံးဝသေချာသွားခဲ့ပါပြီ။
သူတို့ကို ပြောပြခဲ့တဲ့သတင်းအချက်အလက်က လင်းလက်တိုက်တစ်တိုက်လုံးကို သူတို့တွေမွှေနောက်ရှာဖွေခဲ့ရင်တောင် ရနိုင်မယ့်သတင်းမျိုးမဟုတ်ပါဘူး။
ဒီလိုအသိအမြင်မျိုးကို ဘယ်လိုလုပ်ပြီး ကလေးပေါက်စနက သိနိုင်မလဲ။
တူလန်းရဲ့ ဖိတ်ကြားမှုအပေါ် လူငယ်လေးက ရူးကြောင်ကြောင်ဖြစ်သွားခဲ့ရပါတယ်။ သူ့ခေါင်းဆောင်က တစ်ခြားလူတစ်ယောက်နဲ့ ပြောင်းလဲထားတယ်လို့ကို သူသံသယဝင်မတတ်ဖြစ်သွားခဲ့တာပါ။ ခေါင်းဆောင်က သူတို့အဖွဲ့နဲ့ပူးပေါင်းဖို့ ကလေးငယ်လေးကို တစ်ကယ်ကြီးဖိတ်ခေါ်လိုက်တာလား....
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၄၂)
သေချာတွေးတောလိုက်အပြီးမှာတော့ ဖိတ်ကြားချက်ကိုငြင်းပယ်စရာအကြောင်း သူမအတွက်မရှိပါဘူး။
"ဟုတ်ပြီလေ ဘယ်အချိန်သွားကြမှာလဲ"
ဖီးနစ်ငှက်သိုက်ဆီသွားမယ့်ခရီးဟာ အချိန်ကြာနိုင်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ ဌာနနှစ်ခုကနေ ခွင့်ယူဖို့အတွက် သူမ အကြောင်းပြချက်ရှာထားဖို့လိုပါတယ်။
ရှန်ယန်ရှောင်၏လက်ရှိအစွမ်းအရ လေးဌာနနဲ့ ဆေးပညာဌာနတို့ရဲ့ ပထမတန်းမှာ သင်ကြားလေ့လာစရာ သိပ်မရှိတော့ပါဘူး။ ရက်အနည်းငယ်လောက်ပျက်ရုံနဲ့ သိပ်ပြဿနာမရှိပါဘူး နောက်ပြီးတော့ မီးတောက်မြက်က ပိုအရေးကြီးပါတယ်။
အပင်သုံးပင်ကို သူမ မြန်မြန်စုဆောင်းပေးနိုင်ရင် ရှူရဲ့စွမ်းအားတွေ မြန်မြန်ပြန်ပြည့်လာပြီး သူမရဲ့ တားမြစ်အမှတ်ကို မြန်မြန်ဖျက်ပေးနိုင်လေဖြစ်မှာပါ။
တူလန်းရယ်မောကာပြောလိုက်ပါတယ်။
"အမည်းရောင်မြို့တော်ကနေ နောက်ငါးရက်ကြာရင် ထွက်ခွာမှာပါ"
တူလန်းပြောတဲ့အချိန်အတွက် သူမ သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီးနောက် ကြေးစားအဖွဲ့သမဂ္ဂကနေပြန်လာခဲ့လိုက်တယ်။
ရှန်ယန်ရှောင်မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီးမှသာ ကြောင်ကြောင်ကြီးရပ်နေတဲ့ လူငယ် ပြန်သတိဝင်လာခဲ့သည်။
"ခေါင်းဆောင် အဲ့ကလေးကို ဒီအလုပ်အတွက် ဘာကြောင့်ဖိတ်ခေါ်လိုက်တာလဲ။ သူ့လိုကလေးက ဘာလုပ်နိုင်မှာမို့လဲ"
လူငယ်က သုန်သုန်မှုန်မှုန်ဖြစ်နေခဲ့သည်။ ဂူဝံပုလွေများအဖွဲ့ဝင်တွေအားလုံးဟာ လက်ရွေးစင်တွေချည်းဖြစ်ကာ ၁၃နှစ်သားကလေးတစ်ယောက်ဟာ သူတို့လက်ချောင်းတစ်ချောင်းစာတောင် စွမ်းမှာမဟုတ်ပါဘူး။ တူလန်းက ဒီကလေးကို အလုပ်ထဲခေါ်လာမှာဖြစ်တဲ့အပြင် သူ့ကိုကာကွယ်ဖို့အတွက် လူတစ်ယောက်ကိုလည်း တာဝန်ပေးဦးမှာဖြစ်တယ်။ ဒါက လုံး၀ မသင့်လျော်တဲ့ စိတ်ကူးပါပဲ။
လုပ်ငန်းက ရာဇဝင်တွင်တဲ့ ဖီးနစ်ငှက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လူထောင်နဲ့ချီပြီးတော့ လုပ်ငန်းထဲမှာ ပါဝင်ဖို့လိုအပ်ပြီး ဘယ်လောက်ခက်လဲဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ကတော့ အံ့အားသင့်ဖွယ်ကောင်းစွာ ဝန်ထုပ်ဝန်ပိုးတစ်ခုကို သူတို့နဲ့အတူခေါ်ဆောင်လာချင်နေတာက ဘာအဓိပ္ပါယ်ကြီးလဲ။
တူလန်းက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ လူငယ်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ငါ့မှာ ငါ့ရည်ရွယ်ချက်နဲ့ငါရှိတာကြောင့် အချိန်တန်ရင် မင်းသိသွားမှာပါ။ အခုကတော့ ငါတို့ညီအစ်ကိုတွေ ဒီစစ်ဆင်ရေးအတွက် ဆွေးနွေးကြဖို့ ငါနဲ့လိုက်ခဲ့"
လူငယ်ဖြစ်သူမှာ သံသယတွေရှိနေသေးပေမယ့် တူလန်းရဲ့စကားကို ဂူဝံပုလွေအဖွဲ့သားတွေထဲက ဘယ်သူကမှ ပြန်လှန်မေးခွန်းမထုတ်ရဲကြတာကြောင့် သူ့အနေနဲ့လည်း စကားလုံးအနည်းငယ်အား မကျေမနပ်ရေရွတ်လိုက်ပြီး တိတ်တိတ်နေလိုက်ပါသည်။
သမဂ္ဂကနေထွက်လာပြီးတာနဲ့ မြို့ထဲကနေ သူမချက်ခြင်းထွက်လိုက်ပြီး ညအမှောင်ကို အားပြုပြီး လောင်းကစားရုံကိုပြန်လိုက်ပါတယ်။ သူမရလာတဲ့ ပစ္စည်းတွေကို ကြူရှီယာဆီ ပေးလိုက်ပြီး အစိတ်အပိုင်းသုံးခုရဲ့ အချိန်ကာလကိုလည်း ပြောလိုက်ပါတယ်။
ကြူရှီယာနဲ့သူမ အနည်းငယ်ဆွေးနွေးခဲ့ကြသည်။ အချိန်နှစ်ရက်ရတာဖြစ်လို့ အလျင်စလိုမရှိပါဘူး။ ပြင်ဆင်မှုအချို့ကိုလုပ်ပြီးနောက် နောက်နေ့ညမှာ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံကို ဖောက်ထွင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
နောက်နေ့ညမှာ လူဆိုးနှစ်ယောက် သိုလှောင်ရုံရှိရာ ခြံဝန်းအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်သွားခဲ့ကြပါတော့သည်။
ကျန်တဲ့သုံးယောက်လည်း လိုက်ခဲ့ချင်ပေမယ့် ရှန်ယန်ရှောင်က ပယ်ချခဲ့ပါတယ်။
ကြူရှီယာနဲ့တင် တော်တော်ပြဿနာရှုပ်နေပါပြီ။ ဆေးသိုလှောင်ရုံထဲမှာ အစောင့်အကြပ်တွေအများကြီး ချထားပါတယ်။ သူမတစ်ယောက်တည်းဆိုလျှင် မျက်စိတွေနားတွေကို ရှောင်ရှားဖို့နည်းတွေရှိပြီး ကြူရှီယာပါဝင်လာတဲ့အတွက် သူမအနေနဲ့ ပိုမိုသတိထားဖို့လိုအပ်နေပါပြီ။ သုံးကောင်ကိုပါ ထပ်ပေါင်းလိုက်ရင်တော့လား ဆေးသိုလှောင်ရုံအဝင်ဝမှာတင် မိသွားမှာ လက်ခတ်မလွဲပါဘူး။
ရှန်ယန်ရှောင်မှာ လရောင်ဆွဲကြိုးရှိလို့ အစောင့်တွေအနေနဲ့ သူမကို တွေ့ဖို့မဖြစ်နိုင်သလို မှော်ဆရာဖြစ်တဲ့ ကြူရှီယာမှာလည်း သူ့အသက်ရှူသံကိုဖုံးကွယ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။
လူနှစ်ယောက်က တွဲဖက်ညီစွာလှုပ်ရှားနေကြပါတယ်။ အစောင့်တွေချင်း လူလဲတဲ့ ဆယ်မိနစ်အချိန်အတွင်းမှာပဲ တံခါးမှာရှိတဲ့ ကိုးကွက်မှော်အတားအဆီးကို ကြူရှီယာ ဖွင့်လိုက်နိုင်ပါတယ်။ ရှန်ယန်ရှောင်လည်း သိုလှောင်ရုံထဲကို ခပ်သွက်သွက်ဝင်လိုက်ပြီးတော့ အချိန်အတိုဆုံးနဲ့ တန်ဖိုးအကြီးဆုံးဆေးမြစ်တွေကို ယူဆောင်လိုက်ပါတယ်။
ရှန်ယန်ရှောင်က အလုပ်လုပ်တာကို သတိထားပြီးလုပ်ဆောင်တာဖြစ်ပြီး ဆေးမြစ်တစ်မျိုးကို နှစ်ခုသုံးခုခန့်သာယူခဲ့ပါတယ်။ တစ်ခုသာရှိတဲ့ ရှားပါးဆေးမြစ်တွေကိုတော့ မတတ်သာတာကြောင့် လက်လျှော့ခဲ့ရပါတယ်။