အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
Chapter 451: ကျိန်စာအကြောင်း လေ့လာခြင်း
ရှန်မို သူ၏ ကံကြမ္မာစနစ်ကို ကြည့်လိုက်သည်။
[လတ်တလော အလှည့်အပြောင်း - ယနေ့မှစ၍ ငါးရက်အကြာတွင် သင်သည် လက်နက်တိုက်အတွင်း 'နတ်ဘုရားဆင်ပြောင် အကျဉ်းထောင်နှိမ်နင်းရေး စွမ်းအား' ကို ကျင့်ကြံနေစဉ်အတွင်း အန်းကျန့်ယွမ်၏ ကျိန်စာတိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။ သူသည် သင်၏ အဝတ်အစား အပိုင်းအစများကို ကျိန်စာမှုန့်နှင့်ရော၍ မီးရှို့ တိုက်ခိုက်မည်ဖြစ်ရာ သင် ပြင်းထန်စွာ ဒဏ်ရာရရှိလိမ့်မည် ဖြစ်သော်လည်း အသက်ဘေးမှ လွတ်မြောက်မည်ဖြစ်သည်။ သို့သော် ကျိန်စာ၏ အဆိပ်ကြွင်းများမှာ သင်၏ အရိုးထဲအထိ စိမ့်ဝင်သွားပြီး နတ်ဆိုးမျိုးနွယ်၏ 'အာဏာစက်'နှင့် ချည်နှောင်ခြင်း ခံရလိမ့်မည်။ ထို့ကြောင့် သင်၏ သက်တမ်း များစွာ တိုတောင်းသွားပြီး အခြေခံများ ပျက်စီးသွားကာ နောက်ဆုံး၌ 'ရုပ်သွင်ထင်ရှားခြင်းအဆင့်' သို့ တက်လှမ်းနိုင်ခြင်း မရှိတော့ပေ။]
ဖတ်ပြီးနောက် သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
အဝတ်အစား အပိုင်းအစများကို ကျိန်စာမှုန့်နှင့်ရောပြီး ကျိန်စာတိုက်တဲ့ တိုက်ခိုက်မှုလား။
တကယ့်ကို ထူးဆန်းတဲ့ လုပ်ကြံသတ်ဖြတ်မှု နည်းလမ်းပဲ။
ရှန်မိုသည် နတ်ဆိုးမျိုးနွယ်တို့၏ နည်းပညာနှင့် ကိုယ်ခံပညာ အားလုံးနီးပါးကို ရင်းနှီးကျွမ်းဝင်သူ ဖြစ်၏။ သို့သော် 'ကျိန်စာဖြင့် သတ်ဖြတ်ခြင်း' မှာ သူသိထားသည့် နတ်ဆိုးမျိုးနွယ်၏ မည်သည့် နည်းစနစ်နှင့်မျှ မသက်ဆိုင်ပုံရပေ။ ကံကြမ္မာစနစ်တွင် ပြသထားသည့် အချက်အလက်များနှင့် ပေါင်းစပ်ကြည့်လိုက်သောအခါ ရှန်မိုအနေဖြင့် ကောက်ချက်တစ်ခု ဆွဲရန် မခက်ခဲတော့ပေ။
"အာဏာစက်..."
"နတ်ဆိုးမျိုးနွယ်တွေက ငါ့ကိုသတ်ဖို့အတွက် အာဏာစက်ရဲ့ စွမ်းအားကို သုံးတဲ့အထိတောင် ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"'ယုတ်မာသော ကျိန်စာ' အာဏာစက်… ဘယ်နတ်ဆိုးအရှင်သခင်ကြီးက ဒီစွမ်းအားကို ထိန်းချုပ်ထားတာလဲ"
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် အာဏာစက်များနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း သုတေသနပြုခဲ့ခြင်း မရှိဖူးပေ။ သို့သော် နတ်ဆိုးအရှင်သခင်ကြီး တစ်ပါးမှ အာဏာစက်ကို သုံး၍ သတ်ဖြတ်မည်ဆိုပါက ပစ်မှတ်မှာ သေရန် ရာခိုင်နှုန်း အလွန်များကြောင်း လူတိုင်း သိကြသည်။ အသက်ရှင်ရန် အခွင့်အရေးမှာ မရှိသလောက်ပင်။
ရှန်မို ခဏမျှ စဉ်းစားပြီးနောက် ပိုမိုရှင်းလင်းရန် ကျန်းလုံရှန်းအား သွားရောက်ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။ သူ လက်နက်တိုက်မှ ထွက်ခွာတော့မည့် ဆဲဆဲတွင် ဘေး၌ ဝဖြိုးသော ပုံရိပ်တစ်ခု ပေါ်လာသည်။
"ဟင်… တပ်မှူးရှန်… ဘယ်သွားမလို့လဲ"
ဝမ်အန်းရှင်း သူ၏ လက်ထဲတွင် စပျစ်ရည်ဘူးကို ကိုင်ရင်း မေးလိုက်သည်။
ရှန်မိုမှာ ရောက်ရှိလာတော့မည့် ကျိန်စာအန္တရာယ်အကြောင်းကို မပြောဘဲ ကျန်းလုံရှန်းကို မေးစရာ အချို့ရှိ၍ သွားခြင်းဖြစ်ကြောင်းသာ ပြောလိုက်သည်။ ထိုအရာမှာ နတ်ဆိုးမျိုးနွယ်၏ အာဏာစက်များ အကြောင်းဖြစ်သည်။
ဝမ်အန်းရှင်း သူ၏ လက်ကြီးကို ဝေ့ယမ်းလိုက်ပြီး
"သူ့ဆီ ဘာလို့ သွားမှာလဲ… ဒီကို တိုက်ရိုက် ခေါ်လိုက်ရင် ရတာပေါ့”
ရှန်မို မရယ်ဘဲ မနေနိုင်တော့ပေ။
"အဲ့လိုက မသင့်တော်ပါဘူး… ဗိုလ်ချုပ်ကြီးကျန်းက အလုပ်များနေမှာပေါ့"
ဝမ်အန်းရှင်း ခေါင်းခါ၍
"မင်းရဲ့ ဘေးကင်းရေးက ပိုအရေးကြီးပါတယ်… မင်း ဒီလက်နက်တိုက်မှာပဲ နေ… ငါ သူ့ဆီ အခုပဲ စာပို့လိုက်မယ်"
ပြောပြောဆိုဆိုနှင့်ပင် သူသည် ခါးမှ ကျောက်စိမ်းပြားကို ထုတ်ယူကာ သွေးစွမ်းအင်ဖြင့် အသက်သွင်းလိုက်၏။
"ဟေ့… ကျန်းအဘိုးကြီး… ငါ ဝမ်အန်းရှင်း"
"ဒီကို ခဏလောက် လာခဲ့ဦး… ငါတို့ စကားပြောစရာ ရှိလို့"
ကျောက်စိမ်းပြားထဲမှ တည်ငြိမ်သော အသံတစ်သံ ပြန်ထွက်လာသည်။
"မလာနိုင်ဘူး… ငါ အခု ကျင့်ကြံနေတယ်"
ဝမ်အန်းရှင်းမှာ မကျေမနပ်ဖြင့်
"တပ်မှူးရှန်က နတ်ဆိုးမျိုးနွယ် အာဏာစက်တွေနဲ့ ပတ်သက်လို့ မင်းကို မေးစရာ ရှိလို့တဲ့"
ကျန်းလုံရှန်းမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
"ငါ အခုချက်ချင်း လာခဲ့မယ်"
ထို့နောက် ကျောက်စိမ်းပြားမှ အသံ ပျောက်ကွယ်သွားတော့သည်။
ဝမ်အန်းရှင်းမှာ ဂုဏ်ယူစွာဖြင့် ပြုံးလျက်
“တွေ့လား…. ငါပြောသားပဲ… ကျန်းအဘိုးကြီးက မင်းရဲ့ ဘေးကင်းရေးကို အများကြီး ဂရုစိုက်ပါတယ်"
"သူ မျက်စိတစ်မှိတ်အတွင်း ဒီကို ရောက်လာလိမ့်မယ်"
ရှန်မို ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ"
အမှန်တကယ်ပင် ဆယ့်ငါးမိနစ် မပြည့်မီ ကျန်းလုံရှန်း အပြေးအလွှား ရောက်ရှိလာသည်။ လက်နက်တိုက်ထဲရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ အားလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြ၏။ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပွားပြီဟု ထင်မှတ်ကာ ဘာလုပ်နေနေ အားလုံး ချက်ချင်း မတ်တပ်ရပ် အလေးပြုလိုက်ကြသည်။
ဝမ်အန်းရှင်းမှာ အကျယ်ကြီး ရယ်မောလျက်
"စိတ်လျှော့ကြစမ်းပါ… အရမ်းတင်းမာမနေနဲ့… ကျန်းအဘိုးကြီးက တပ်မှူးရှန်နဲ့ စကားစမြည် ပြောဖို့ လာတာပါ… ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြ"
ဝူကျန့်ယွမ်၊ လီဟိုင်ထန်းနှင့် အခြားသူများမှာ မနာလိုစွာဖြင့် ကြည့်နေကြ၏။
အမလေးဗျာ။
နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတွေရဲ့ အစွမ်းထက်လှတဲ့ နတ်ဘုရားစစ်သူကြီးက ရှန်မိုနဲ့ စကားပြောဖို့ ကိုယ်တိုင် ကိုယ်ကျ ဆင်းလာရတယ်လို့။
ဒီလို ဆက်ဆံမှုကို တစ်ခါမှ မကြားဖူးခဲ့ပေ။
"မင်းက နတ်ဆိုးမျိုးနွယ်တွေရဲ့ အာဏာစက်အကြောင်းကို သိချင်တာလား"
ကျန်းလုံရှန်း ပြုံး၍ မေးသည်။
ရှန်မို လေးနက်စွာဖြင့်
"ရွှေ့ဝူခံတပ်မှာ နတ်ဆိုးမျိုးနွယ် အာဏာစက်တွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေက အတော်လေး ရှားပုံရပါတယ်… ဗိုလ်ချုပ်ကြီးကျန်း အနေနဲ့ ကျွန်တော့်ကို ရှင်းပြပေးလို့ ရမလားခင်ဗျာ"
ကျန်းလုံရှန်း ခေါင်းငြိမ့်ပြ၍
"ရတာပေါ့… တခြား တစ်နေရာကို ရွှေ့ပြီး ပြောကြရအောင်"
ဝမ်အန်းရှင်း လက်ကို ဝေ့ယမ်းကာ
"ခေါင်မိုးပေါ်က အဆောင်ကို သွားကြတာပေါ့"
ခဏအကြာတွင် သူတို့ သုံးဦးသား လက်နက်တိုက်၏ အဆင့်အေ ဂိုဒေါင်အထက်ရှိ ခေါင်မိုးပေါ် အဆောင်သို့ ရောက်ရှိလာကြသည်။ ဝင်ဝင်ချင်းမှာပင် ရှန်မိုတစ်ယောက် အဆင့်မြင့် စပျစ်ရည်တို့၏ မွှေးရနံ့ကို ရရှိလိုက်သည်။ သေသေချာချာ ကြည့်လိုက်သောအခါ ကျော်ကြားသော အရက်အမျိုးမျိုး ထည့်ထားသည့် အိုးပေါင်း ဆယ်ဂဏန်းခန့်ကို သူ ချက်ချင်း သတိထားမိလိုက်၏။
ကျန်းလုံရှန်း ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ
"မင်းဆီမှာ စပျစ်ရည်တွေ အများကြီး ရှိနေတာပဲ… မနေ့ကတော့ လက်နက်တိုက်မှာ စပျစ်ရည် မကျန်တော့ဘူးဆိုပြီး အိုးတွေ ထပ်တောင်းဖို့ ငါ့ဆီကို လျှောက်ထားသေးတယ်နော်”
ဝမ်အန်းရှင်းမှာ ဖြောင့်မတ်ဟန်ဖြင့်
"ဒီစပျစ်ရည်တွေကို နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အားလုံးကို မျှမျှတတ ခွဲဝေပေးရတာဗျ… မဟုတ်ရင် မလောက်ဘူးလေ”
"ကျန်းအဘိုးကြီး… ငါ့ကို နောက်ထပ် အိုးအနည်းငယ်လောက် ထပ်ပေးပါဦး… 'တောက်လောင်သော မီးလျှံနတ်ရည်' ငါးအိုးလောက်ပဲ… အရသာက ဘယ်လိုပဲဖြစ်ဖြစ် ငါမညည်းပါဘူး"
ကျန်းလုံရှန်း ချက်ချင်းပင် ဆဲဆိုလေသည်။
"လခွမ်းပဲ… တောက်လောင်သော မီးလျှံနတ်ရည် တစ်အိုးကို အဆင့်စီ ဂုဏ်ထူးမှတ် (၁၅) မှတ် ကုန်တာကွ… 'ရွှေရောင်သစ်ခက် ကျောက်စိမ်းရည်' တစ်ခုပဲ အဲ့ဒါထက် ပိုဈေးကြီးတာ"
"အဲ့ဒါကိုမှ မင်းက အရသာ မကောင်းဘူးလို့ ပြောရဲသေးတယ်လား… မင်း သွားသေလိုက်ပါလား"
ဝမ်အန်းရှင်း ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။ ရှန်မိုမှာ ထိုနှစ်ယောက် ငြင်းခုံနေသည်ကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။ သီးသန့် အခြေအနေမျိုးတွင် ကျန်းလုံရှန်းမှာ အလွန် ချဉ်းကပ်ရလွယ်ကူပြီး အိမ်နီးနားချင်း ဦးလေးကြီး တစ်ယောက်ကဲ့သို့ပင် ဖော်ရွေလှ၏။
"ငါတို့ကို စပျစ်ရည် တစ်ခွက်စီ ထည့်ပေးဦး… သောက်ရင်းနဲ့ ပြောကြတာပေါ့"
အဆောင်ထဲတွင် စားပွဲ၊ ကုလားထိုင်များ မရှိသဖြင့် ကျန်းလုံရှန်းမှာ ကြမ်းပြင်ပေါ်တွင်ပဲ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ဝမ်အန်းရှင်း မတတ်သာဘဲ ခေါင်းငြိမ့်ကာ နှမြောတသသော မျက်နှာဖြင့် အရက်အိုးတစ်လုံးကို မယူ၍ လောင်းထည့်ပေးလိုက်ရ၏။
အရက်၏ ပြင်းရှသော ရနံ့မှာ အဆောင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ ဇလုံကြီးများအတွင်းရှိ စပျစ်ရည်မှာ တောက်လောင်နေသော အနီရောင် ရှိပြီး လေနှင့် ထိတွေ့လိုက်သည်နှင့် ပွက်ပွက်ဆူနေသော ရေကဲ့သို့ပင် ဆူပွက်လာသည်။ အပူလှိုင်းတစ်ခုမှာ သူတို့၏ မျက်နှာပေါ်သို့ ဟပ်လာ၏။
ဤသည်မှာ ကျော်ကြားလှသည့် 'တောက်လောင်သော မီးလျှံနတ်ရည်' ပင်။
အရက်အားလုံးထဲတွင် အပြင်းဆုံးအဖြစ် သတ်မှတ်ခံထားရပြီး သန်မာသော ယောကျ်ားများ၏ အရသာနှင့် အကိုက်ညီဆုံး ဖြစ်၏။
အငမ်းမရ သောက်ပြီးနောက် ကျန်းလုံရှန်း စုတ်သပ်ကာ လေးနက်စွာ ပြောလိုက်သည်။
"နတ်ဆိုးအရှင်သခင်ကြီး တစ်ပါးစီက အာဏာစက် တစ်မျိုးစီနဲ့ သက်ဆိုင်တယ်"
"ငါသိသလောက်တော့ သူတို့ရဲ့ အာဏာစက်တွေက နတ်ဆိုး ပင်လယ်ပြင်ရဲ့ အနက်ရှိုင်းဆုံး နေရာကနေ မြစ်ဖျားခံတာ… ဒဏ္ဍာရီလာ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' နဲ့ ပတ်သက်နေနိုင်တယ်"
ရှန်မို၏ မျက်ခုံးများ ပင့်တက်သွားသည်။
အာဏာစက်တွေက ပိုပြီး အစွမ်းထက်တဲ့ နတ်ဆိုးမျိုးနွယ် အရင်းအမြစ်ကနေ လာတာလား။
ဒါက တကယ် စိတ်ဝင်စားစရာပဲ။
"အာဏာစက် ဆယ်မျိုးက ဘာတွေလဲခင်ဗျာ"
သူ ထပ်မေးလိုက်သည်။
ကျန်းလုံရှန်း ခေါင်းယမ်းလိုက်၏။
“ငါတော့ ဆယ်မျိုးလုံးရဲ့ အသေးစိတ်ကိုတော့ မသိဘူး"
"အထူးသဖြင့် ပထမမြောက် နတ်ဆိုးအရှင်သခင်ကြီးပေါ့… သူက အသက်အကြီးဆုံးနဲ့ လျှို့ဝှက်ချက် အများဆုံးလို့ ပြောကြတယ်… သူရဲ့ အာဏာစက်က ဘယ်တော့မှ ပေါ်မလာသလောက်ပဲ"
"ငါတို့ အခု သိထားတာကတော့ အာဏာစက် ငါးမျိုးပဲ ရှိသေးတယ်… ပဉ္စမမြောက် နတ်ဆိုးအရှင်သခင်ကြီးက 'ညစ်ညမ်းသော မြူခိုး' အာဏာစက်ကို ပိုင်ဆိုင်တယ်"
"ဆဋ္ဌမမြောက် နတ်ဆိုးအရှင်သခင်ကြီးက 'ပုပ်သိုးပျက်စီးခြင်း' အာဏာစက်ကို ပိုင်ဆိုင်တယ်"
"သတ္တမမြောက် နတ်ဆိုးအရှင်သခင်ကြီးက 'အရိပ်ခြေလှမ်း' အာဏာစက်ကို ပိုင်ဆိုင်တယ်"
"နဝမမြောက် နတ်ဆိုးအရှင်သခင်ကြီးက 'ကံဆိုးခြင်း' အာဏာစက်ကို ပိုင်ဆိုင်တယ်"
"ဒဿမမြောက် နတ်ဆိုးအရှင်သခင်ကြီးက 'အသားနှင့်သွေး ဘေးဒုက္ခ' အာဏာစက်ကို ပိုင်ဆိုင်တယ်"
ရှန်မို မျက်ခုံးပင့်လိုက်မိသည်။ နာမည်များကို ကြည့်ရုံနဲ့တင် သူတို့၏ အစွမ်းများကို ခန့်မှန်းနိုင်ပေသည်။ 'ညစ်ညမ်းသော မြူခိုး' ဆိုသည်မှာ ပြီးခဲ့သည့် နတ်ဆိုးမျိုးနွယ် ထိုးစစ်ဆင်မှုအတွင်း ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့သော ကြီးမားသည့် နတ်ဆိုးအရှိန်အဝါများအတွက် တာဝန်ရှိသည်မှာ သေချာ၏။ ပုပ်သိုးပျက်စီးခြင်းနှင့် အသားနှင့်သွေး ဘေးဒုက္ခတို့အတွက်မူ သူ ချက်ချင်း မသိနိုင်သေးပေ။ သို့သော် အရိပ်ခြေလှမ်းမှာမူ ကိုယ်ယောင်ဖျောက်ခြင်းနှင့် လုပ်ကြံခြင်းတို့နှင့် ဆက်စပ်နေသည်မှာ ရှင်းလှသည်။ ကံဆိုးခြင်းမှာမူ ပို၍ပင် ရှင်းသေး၏။
ကျန်းလုံရှန်း 'တောက်လောင်သော မီးလျှံနတ်ရည်' ကို နောက်တစ်ငုံ သောက်လိုက်ပြီး ဝမ်းဗိုက်အတွင်း ပူလောင်သော ခံစားချက်ကို ခံစားရင်း ဆက်ပြောသည်။
"ဒီနတ်ဆိုးအရှင်သခင်ကြီးတွေက သူတို့ရဲ့ တပ်ဖွဲ့တွေကို နတ်ဆိုးနှိမ်နင်းရေး ခံတပ်တွေကို တိုက်ခိုက်ဖို့ အမြဲ အမိန့်ပေးလေ့ ရှိတယ်"
"လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ကောင်းကင်ဘုံတာအိုက တာဝန်တစ်ခု ထုတ်ပြန်ခဲ့တယ်… သုတေသန လုပ်ဖို့အတွက် ဖြစ်နိုင်ရင် နတ်ဆိုးအရှင်သခင်ကြီးတွေရဲ့ သားမြေးတွေကို အရှင်ဖမ်းဖို့ပေါ့"
"ဒီအာဏာစက်တွေရဲ့ နာမည်တွေကို ငါတို့ ခန့်မှန်းခဲ့တာ မဟုတ်ဘူး… ကောင်းကင်ဘုံတာအိုဆီက တိုက်ရိုက် သိခဲ့ရတာ"
ရှန်မို စဉ်းစားနေမိသည်။ ကောင်းကင်ဘုံတာအိုသည် သူ၏ တာဝန်ဖြစ်သော နတ်ဆိုးမျိုးနွယ်များ ခုခံခြင်းကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေပုံရ၏။ သို့သော်လည်း သိရှိထားသည့် အာဏာစက်များထဲတွင် 'ကျိန်စာဖြင့် သတ်ဖြတ်ခြင်း' နှင့် ကိုက်ညီသည့်အရာ မတွေ့ရပေ။
ရှန်မို ခဏမျှ စဉ်းစားပြီး မေးလိုက်သည်။
"နတ်ဆိုးမျိုးနွယ်တွေအနေနဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတွေကို ကျိန်စာလိုမျိုး အဝေးကနေ သတ်နိုင်တဲ့ အာဏာစက်မျိုး ရှိလား"
ကျန်းလုံရှန်းမှာ စဉ်းစားနေစရာပင် မလိုဘဲ ချက်ချင်း ခေါင်းငြိမ့်လေသည်။
"ရှိတာပေါ့… လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်အတွင်းမှာ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တော်တော်များများ ခံတပ်ထဲမှာပဲ ထူးထူးဆန်းဆန်း သေဆုံးခဲ့ကြဖူးတယ်"
"တချို့ဆို ကျင့်ကြံနေတုန်း၊ အချို့ဆို ထမင်းစားနေတုန်းမှာပဲ ဘာအကြောင်းပြချက်မှ မရှိဘဲ ရုတ်တရက် တိုက်ခိုက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရတာတွေ၊ အခြေခံတွေ ပျက်စီးသွားတာတွေ ဖြစ်ခဲ့တာ။ ရှီတန့်ယွဲ့လည်း အဲ့ဒီတုန်းက တိုက်ခိုက်ခံခဲ့ရဖူးတဲ့ သူတွေထဲက တစ်ယောက်ပဲ… ဒါပေမဲ့ သူက ကံကောင်းလို့ ဒဏ်ရာအနည်းငယ်ပဲ ရခဲ့ပြီး နောက်ဆက်တွဲ ပြဿနာတွေ မရှိခဲ့တာ"
ရှန်မို၏ မျက်လုံးများ တောက်ပသွားသည်။ ဤအရာသည် 'ကျိန်စာဖြင့် သတ်ဖြတ်ခြင်း' နှင့် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေသည်မှာ ထင်ရှား၏။
Chapter 452: ဒါဆိုရင် ကျမ်းစာရဲ့ ပထမဆုံး အပိုဒ် ဆဋ္ဌမမြောက် စာကြောင်းကို ရွတ်ပြစမ်း
ကျန်းလုံရှန်း ခဏမျှ တိတ်သွားပြီးနောက် ဆက်၍
"ငါသိသလောက်တော့ တိုက်ခိုက်ခံရတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အများစုက အဲ့ဒီမတိုင်ခင် သူတို့ရဲ့ အဝတ်အစားတွေ ပျောက်ဆုံးတဲ့ ကိစ္စတွေ ရှိခဲ့ဖူးတယ်"
သူ ရယ်မောရင်း
"ပထမတော့ ငါတို့က ဒါကို တဏှာရူး တစ်ယောက်ယောက်ရဲ့ လက်ချက်လို့ပဲ ထင်ခဲ့ကြတာ"
ဝမ်အန်းရှင်း ရှန်မိုကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး
"မင်း သိတဲ့အတိုင်းပဲလေ… လူတစ်ယောက်ရဲ့ ခွန်အားတွေ ဘယ်လောက်တိုးတက်ပြီး အဆင့်တွေ ဘယ်လောက်ပဲ မြင့်ပါစေ… အချို့လူတွေရဲ့ စိတ်ဓာတ်ကတော့ ကောက်ကျစ်နေတုန်းပဲ… သူတို့က အမျိုးသမီး အဝတ်အစားတွေတင် မဟုတ်ဘူး… အမျိုးသား အဝတ်အစားတွေကိုတောင် ခိုးကြတာဗျ"
ရှန်မိုက မရယ်ဘဲ မနေနိုင်တော့ပေ။
ကျန်းလုံရှန်းမှ
"အဲ့ဒီနောက်ပိုင်းမှပဲ ဒီလို တိုက်ခိုက်မှုမျိုး ဖြစ်ပေါ်လာဖို့အတွက် ပစ်မှတ်ရဲ့ ပိုင်ဆိုင်မှု တစ်ခုခု ရှိနေရမယ်ဆိုတဲ့ အချက်နဲ့ ဆက်စပ်နိုင်တယ်လို့ ငါတို့ ခန့်မှန်းခဲ့မိတာပဲ… အဝတ်အစားဆိုတာကလည်း လူတိုင်း နေ့တိုင်း သုံးနေရတဲ့ အရာမျိုး မဟုတ်လား"
ရှန်မို၏ စိတ်ထဲတွင် နားလည်သဘောပေါက်မှု တစ်ခု ဖျတ်ခနဲ ဖြစ်ပေါ်သွားသည်။ နတ်ဆိုးမျိုးနွယ်များမှာ သူ၏ အဝတ်အစား အပိုင်းအစများကို ကျိန်စာမှုန့်နှင့်ရော၍ ကျိန်စာတိုက်မည်ဟု ကံကြမ္မာစနစ်၌ ဘာကြောင့် ဖော်ပြခဲ့သည်ကို ယခုမှ သူ သဘောပေါက်သွားတော့၏။
"ဒါပေမဲ့ ငါ အဝတ်အစား တစ်ခါမှ မပျောက်ဖူးဘူး… သူတို့ ဘယ်လိုလုပ် ရသွားတာလဲ"
"ဒါမှမဟုတ် ရွှေ့ဝူခံတပ်ထဲမှာ နတ်ဆိုးမျိုးနွယ်ရဲ့ သူလျှို ရှိနေတာလား"
ထိုအဝတ်အစား အပိုင်းအစများမှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်ကြောင်း ရှန်မို ချက်ချင်း သဘောပေါက်လိုက်သည်။ အာဏာစက်၏ စွမ်းအားမှာ ခန့်မှန်းရ ခက်ခဲလှသဖြင့် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ခုခံနိုင်၊ မနိုင် သူ မသေချာပေ။ သို့သော် အရင်းအမြစ်ကိုသာ ဖြတ်တောက်နိုင်မည်ဆိုပါက ကျိန်စာတိုက်ခံရခြင်းမှ လုံးဝ ရှောင်လွှဲနိုင်မည်မှာ အသေအချာပင်။
ထို့နောက် ရှန်မို အခြား သိရှိထားသော အာဏာစက်များ အကြောင်းကိုလည်း ထပ်မံ မေးမြန်းခဲ့သည်။ နောင်တစ်ချိန်တွင် တွေ့ဆုံခဲ့ပါက ပိုမို ပြင်ဆင်ထားနိုင်ရန် ဖြစ်သည်။ ကျန်းလုံရှန်း၏ ရှင်းပြချက်များကြောင့် 'ပုပ်သိုးပျက်စီးခြင်း' နှင့် 'အသားနှင့်သွေး ဘေးဒုက္ခ' အာဏာစက်များ၏ အဓိပ္ပာယ်ကို ရှန်မို လျင်မြန်စွာ နားလည်သွားခဲ့သည်။
'ပုပ်သိုးပျက်စီးခြင်း'။
ဆဋ္ဌမမြောက် နတ်ဆိုးအရှင်သခင်ကြီးမှ ဤအာဏာစက်ကို အသုံးပြုလိုက်ပါက စိတ်ဓာတ်ပျော့ညံ့သူများနှင့် ကျင့်ကြံဆင့်နိမ့်သူများကို စိတ်ပိုင်းဆိုင်ရာ ပုံပျက်သွားစေပြီး နတ်ဆိုးများကို အမြင့်ဆုံးအရှင်အဖြစ် ကိုးကွယ်လာစေသည်။ ထိုသူများသည် ခွန်အားအချို့ တိုးတက်လာသော်လည်း သွေးဆာမှုမှာ ပိုမို ပြင်းထန်လာတတ်၏။
'အသားနှင့်သွေး ဘေးဒုက္ခ'။
ဒသမမြောက် နတ်ဆိုးအရှင်သခင်ကြီး ဤအာဏာစက်ကို အသက်သွင်းလိုက်ပါက ပစ်မှတ်၏ ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ကောင်းအောင် အသွင်ပြောင်းသွားစေသည်။ ကြွက်သားများမှာ အဆမတန် ဖောင်းကားလာပြီး၊ ခြေလက်အင်္ဂါများမှာလည်း စည်းစနစ်မရှိ ပေါက်လာတတ်ကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ကဲ့သို့သော အရာများပင် ပေါ်လာနိုင်၏။ ဤအာဏာစက်၏ ထိမှန်ခြင်းကို ခံရသူများသည် လျင်မြန်စွာပင် ပြိုလဲသေဆုံးသွားကြသည်။
ဤအာဏာစက် နှစ်ခုမှာ အနည်းငယ် ဆင်တူသော်လည်း 'ပုပ်သိုးပျက်စီးခြင်း' ၏ ဒဏ်သင့်သူများသည် နတ်ဆိုးအသွင်သို့ ကူးပြောင်းကာ ဆက်လက် အသက်ရှင်နိုင်ကြသည်။ 'အသားနှင့်သွေး ဘေးဒုက္ခ' ထိမှန်သူများမှာမူ မကြာမီမှာပင် သေချာပေါက် သေဆုံးကြရ၏။ ထို့ပြင် 'ပုပ်သိုးပျက်စီးခြင်း' သည် တစ်ကြိမ်လျှင် တစ်ဦးကိုသာ သက်ရောက်နိုင်သော်လည်း 'အသားနှင့်သွေး ဘေးဒုက္ခ' မှာမူ ကူးစက်ရောဂါကဲ့သို့ ပျံ့နှံ့နိုင်ပြီး လူအများအပြားကို တစ်ပြိုင်နက် ထိခိုက်စေနိုင်ပါသည်။
ကျန်းလုံရှန်း ထွက်ခွာသွားသည်ကို ရှန်မိုနှင့် ဝမ်အန်းရှင်းတို့ ကြည့်နေကြသည်။
ဝမ်အန်းရှင်းမှ အသံကိုနှိမ့်၍
"အာဏာစက်တွေက တကယ့်ကို ကြောက်စရာကောင်းတဲ့ အရာတွေပဲ… မင်းက ရုပ်သွင်ထင်ရှားခြင်းအဆင့်ကို မရောက်သေးသရွေ့တော့ ဒါကို ခုခံဖို့ နည်းလမ်း မရှိသလောက်ပဲ"
"ဒါပေမဲ့ ငါတို့က ရှေ့တန်းမှာ တာဝန်ကျနေတာ မဟုတ်တော့ နည်းနည်း ပိုဘေးကင်းတာပေါ့"
"ငါကြားဖူးတာတော့ နတ်ဆိုးအရှင်သခင်ကြီးတွေတောင်မှ သူတို့ရဲ့ အာဏာစက်တွေကို အချိန်မရွေး အသုံးမပြုနိုင်ဘူးတဲ့… ကန့်သတ်ချက်တွေ အမြဲရှိတယ်လေ"
"မဟုတ်ရင် ငါတို့ နတ်ဆိုးနှိမ်နင်းရေး ခံတပ်တွေကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ"
ရှန်မို ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်။
အမှန်ပင်။
လူသားများ၊ မိစ္ဆာများ သို့မဟုတ် နဂါးများနှင့် နှိုင်းယှဉ်လျှင် နတ်ဆိုးမျိုးနွယ်မှာ အလွန် အစွမ်းထက်လွန်းလှသည်။ အကယ်၍ အာဏာစက် ဆယ်မျိုးလုံးမှာသာ ကန့်သတ်ချက် မရှိခဲ့လျှင် တိုက်ပွဲဆိုသည်မှာ ရှိလာမည် မဟုတ်ဘဲ လက်နက်ချခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေပေလိမ့်မည်။
"တိုက်ပွဲစင်မြင့်တွေကို တည်ဆောက်ဖို့ အချိန်ရောက်ပြီ… ဒီငါးရက်အတွင်းမှာ သူတို့ တစ်ခုခုတော့ လှုပ်ရှားလာမှာ သေချာတယ်"
ရှန်မိုသည် အဆင့်အေ ဂိုဒေါင်သို့ ပြန်သွားပြီး ထုံးစံအတိုင်း စစ်လက်နက်ပစ္စည်းများကို စတင် သွန်းလုပ်တော့သည်။
'လှိုင်းဖြတ် တိုက်ပွဲစင်မြင့်' နှင့် 'လှိုင်းသတ် တိုက်ပွဲစင်မြင့်' တို့မှာ သု့အတွက် အလွန် ရိုးရှင်းနေပြီဖြစ်၏။ လက်ရှိ ဆောက်လုပ်ဆဲမှာ 'လှိုင်းထန် တိုက်ပွဲစင်မြင့်'သာ ရှိတော့သည်။ ကံမကောင်းစွာဖြင့် 'လှိုင်းထန် တိုက်ပွဲစင်မြင့်' တစ်ခုစီအတွက် ရှားပါးကုန်ကြမ်း အမြောက်အမြား လိုအပ်ပြီး တန်ဖိုးမှာလည်း အလွန်ကြီးမားလှသည်။ ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက် ပေါ်လာတိုင်း ရှန်မိုသည် လိုအပ်သော ကုန်ကြမ်းအားလုံးကို သိမ်းကျုံးဝယ်ယူသော်လည်း ယခုအချိန်အထိ ၃၀ ရာခိုင်နှုန်းခန့်သာ စုဆောင်းနိုင်သေးသည်။ ထို့ပြင် 'လှိုင်းထန် တိုက်ပွဲစင်မြင့်' ကို ပထမဆုံးအကြိမ် တည်ဆောက်ရာတွင် အောင်မြင်ရန် မသေချာသဖြင့် အပိုကုန်ကြမ်းများကိုပါ ကြိုတင် ပြင်ဆင်ထားရလေ၏။
ထို့ကြောင့်ပင် အေးချမ်းသော နေ့ရက်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
တစ်နေ့တွင်။
လက်နက်တိုက်၏ အပြင်ဘက်တွင် ကျော့ရှင်းလှပသော ပုံရိပ်တစ်ခု ပေါ်လာသည်။ သူသည် လက်နက်တိုက်၏ သံချေးတက်နေသော တံခါးကြီးကို ခေါက်ကာ ချိုသာသောအသံဖြင့်
"နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အစ်ကိုတို့… ဘယ်သူရှိလဲဟင်… တံခါးလေး ဖွင့်ပေးကြပါဦး"
အတွင်းမှ အသံတစ်သံ ချက်ချင်း ပြန်ထူး၏။
"ဘယ်သူလဲ"
အမျိုးသမီးမှာ တခစ်ခစ် ရယ်မောရင်း
"ကျွန်မက တပ်မှူး လော့ရှန့်ရှင်းရဲ့ လက်အောက်က တပ်ကြပ်ကြီး ကျောက်လင်ပါ"
"ကျွန်မတို့ တပ်ရင်းက သွေးစွမ်းအင် အမြှောက် ခြောက်လက် ပျက်စီးနေလို့ လက်နက်တိုက်က အစ်ကိုတို့ကို ပြုပြင်ပေးဖို့နဲ့ လဲလှယ်ပေးဖို့ အကူအညီ လာတောင်းတာပါ"
ဆွဲဆောင်မှုရှိသော ထိုအသံမှာ လက်နက်တိုက်အတွင်းသို့ ပျံ့လွင့်သွားပြီး အတွင်းရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
ရှုး ရှုး ရှုး။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူအချို့မှာ တံခါးဝသို့ ခုန်တက်လာပြီး ကျောက်လင်ကို စိုက်ကြည့်ကြတော့သည်။ လီဟိုင်ထန်းလည်း ထိုအထဲတွင် ပါဝင်၏။ သူ၏ ဘေးရှိ အစောင့်တပ်သား နှစ်ဦးမှာမူ မှင်သက်သွားကြသည်။
ဤကျောက်လင်မှာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ပြုံးလိုက်၊ ကြည့်လိုက်တိုင်း သဘာဝအတိုင်း ညှို့ဓာတ်များ ထွက်ပေါ်နေပုံရသည်။ ဤကဲ့သို့သော အမျိုးသမီးမျိုးမှာ နတ်ဆိုးနှိမ်နင်းရေး ခံတပ်တွင် အလွန်ပင် ရှားပါးလှသည်။ များသောအားဖြင့် နင်ထျန်းရင် ကဲ့သို့သော ကြွက်သားအဖုအထစ်နှင့် ကြမ်းတမ်းသော အမျိုးသမီးများသာ အတွေ့ရများသည်။
စူးစိုက်ကြည့်နေမှုများကို ခံနေရသော်လည်း ကျောက်လင်မှာ ပြုံးလျက်ပင်
"အစ်ကိုတို့… စကားပြောရအောင် တံခါးလေး ဖွင့်ပေးလို့ ရမလားဟင်"
လီဟိုင်ထန်း ရိုးသားစွာ ခေါင်းခါလိုက်ပြီး
“တပ်ကြပ်ကြီးကျောက်… လက်နက်တိုက်မှာ စည်းကမ်း ရှိတယ်… အဓိက တံခါးကြီးကို ဘယ်တော့မှ မဖွင့်ဘူး"
ကျောက်လင် မှင်သက်သွား၏။
“ဟင်… ဒါဆို ကျွန်မ ဘယ်လိုဝင်ရမှာလဲ"
လီဟိုင်ထန်း ပြုံးကာ
"ခုန်ကျော်ပြီး ဝင်ရမှာပေါ့"
ထို့နောက် သူ ကျောက်လင်၏ ဘေးသို့ ခုန်ဆင်းသွားပြီး တံခါးကို မည်သို့ ခုန်ကျော်ရမလဲဆိုသည်ကို လက်တွေ့ ပြသလိုက်သည်။
ကျောက်လင် စကားမပြောနိုင်လောက်အောင် ဖြစ်သွားရ၏။ လက်နက်တိုက်တွင် ဤကဲ့သို့ ရယ်စရာကောင်းသော ဝင်ပေါက်မျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော်လည်း သူ မြေပြင်မှ အသာအယာ ကန်ထွက်ကာ တံခါးကို ခုန်ကျော်ရန် ပြင်လိုက်သည်။
သို့သော် လီဟိုင်ထန်းမှ သူ့လမ်းကို ရုတ်တရက် ပိတ်လိုက်၏။ လန့်သွားသော ကျောက်လင်မှာ လေထဲတွင် အရှိန်သတ်လိုက်ရသဖြင့် မြေပြင်ပေါ်သို့ မှောက်လျက် လဲကျလုနီးပါး ဖြစ်သွားသည်။ သူ့ကိုယ်သူ အတင်း ထိန်းညှိကာ မူလနေရာသို့ ပြန်လည် ဆင်းသက်လိုက်ရသည်။
"ဒါက ဘာသဘောလဲ"
ကျောက်လင်က ဒေါသတကြီးနှင့် ထိတ်လန့်စွာ မေးလိုက်သည်။
လီဟိုင်ထန်း ခေါင်းကုတ်ရင်း
"တောင်းပန်ပါတယ် တပ်ကြပ်ကြီးကျောက်… အခု စည်းကမ်းသစ် ထွက်ထားလို့ပါ… ပြင်ပလူတွေကို အတွင်းထဲ ပေးမဝင်တော့ဘူး"
ကျောက်လင်မှာ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားရသည်။
'တောက်... ဒါဆိုရင်လည်း စောစောက ပြောရမှာပေါ့!'
အသက်ပြင်းပြင်း ရှူလိုက်သဖြင့် ကျောက်လင်၏ ရင်ဘတ်မှာ နိမ့်ချီမြင့်ချီ ဖြစ်သွား၏။
ခဏအကြာတွင် သူ အတင်းပြုံးလိုက်ကာ ချိုသာသော လေသံဖြင့် ပြန်ပြောသည်။
"ဒါဆိုရင် လက်နက်တိုက်က အစ်ကိုတို့ပဲ ကျွန်မတို့ တပ်ရင်းကို လိုက်ပြီး ပြုပြင်ပေးလို့ ရမလားဟင်"
လီဟိုင်ထန်း သူ၏ ရင်ဘတ်ကို ပုတ်ကာ လေးနက်စွာ ခေါင်းငြိမ့်ပြသည်။
"ရတာပေါ့… သွေးစွမ်းအင် အမြှောက်တွေကို ပြုပြင်ဖို့ကတော့ ကျွန်တော်နဲ့ အစ်ကို ဝူကျန့်ယွမ်တို့ လုပ်ပေးနိုင်ပါတယ်"
"တပ်ကြပ်ကြီးကျောက်… ခဏလေး စောင့်ပါ… ကျွန်တော်တို့ အခုပဲ သွားကြမယ်"
ကျောက်လင် အလျင်အမြန်ဖြင့်
"အစ်ကိုတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ အမြှောက် ခြောက်လက်လုံးက တော်တော်လေး ပျက်စီးနေတာဆိုတော့ လူနှစ်ယောက်တည်းနဲ့ မလောက်မှာ စိုးလို့ပါ"
"တပ်မှူးရှန်ကိုယ်တိုင် ကြွလာပေးလို့ ရမလားဟင်"
"ကျွန်မ ကြားတာတော့ တပ်မှူးရှန် အပြင်ထွက်တိုင်း ဒု-တပ်မှူး ဝမ်လည်း လိုက်သွားရမယ်လို့ ဗိုလ်ချုပ်ကြီးကျန်းက အမိန့်ထုတ်ထားတယ် ဆို… သူတို့ အတူတူ လာလို့ရတာပဲ"
"ကျွန်မ သူတို့ကို တစ်လမ်းလုံး လိုက်ပို့ပေးပါ့မယ်"
လီဟိုင်ထန်း ခေါင်းကုတ်ရင်း
"ကောင်းပါပြီ… ဒီမှာ စောင့်နေပါ… အစ်ကိုရှန်ကို သွားခေါ်လိုက်ဦးမယ်"
ထိုအခါမှ ကျောက်လင် သက်ပြင်းချနိုင်တော့သည်။ သူ့ အဓိက ပစ်မှတ်မှာ ရှန်မို၏ ဆံပင် ဖြစ်သည်။ အကယ်၍ မရလျှင် သူ၏ အဝတ်အစား အပိုင်းအစလေး ဖြစ်ဖြစ် ရရန် ဖြစ်လေ၏။ အကယ်၍ ဤအသားမည်းမည်းနှင့် လူကြီးသာ လိုက်လာမည်ဆိုပါက သူမ၏ ခက်ခက်ခဲခဲ ရရှိထားသော အခွင့်အရေးမှာ ပျက်စီးသွားပေလိမ့်မည်။
အဆင့်အေ ဂိုဒေါင်အတွင်း၌။
လီဟိုင်ထန်း၏ ပြောပြချက်ကို ကြားပြီးနောက် ရှန်မို လုပ်လက်စများ ရပ်ကာ သံသယဖြင့် မေးလိုက်သည်။
"ဟင်… တပ်ကြပ်ကြီး တစ်ယောက်က ငါ့ကို အမြောက်ပြင်ပေးဖို့ အထူးတလည် တောင်းဆိုတယ် ဟုတ်လား"
သူ ခေါင်းငြိမ့်၍ အသံနှိမ့်ကာ
"အဲ့ဒီ တပ်ကြပ်ကြီးက တကယ့်ကို လှတာဗျ… ရင်ဘတ်ကြီးကြီး၊ တင်ပါးကြီးကြီးနဲ့… ကလေးမွေးရင် သိပ်ကောင်းမယ့် ပုံစံမျိုးပဲ… အစ်ကိုရှန် သေချာပေါက် သဘောကျမှာ"
ထို့နောက် သူ နှမြောတသစွာဖြင့်
"ဒါပေမဲ့ နှမြောစရာပဲ… သူ့ရဲ့ လျှာက နှစ်ခွ ဖြစ်မနေဘူးဗျ… ဒါကြောင့် သူက ကျွန်တော့်ရဲ့ အချစ်စစ် မဟုတ်ဘူး"
ရှန်မို စွံ့အသွား၏။
"..."
သူ ဤအခြေအနေကို ကံကြမ္မာစနစ်မှ အချက်အလက်များနှင့် ချက်ချင်း ဆက်စပ်လိုက်သည်။ အချိန်ကိုက်ပင် ဖြစ်၏။ ထို့ပြင် အလှအပကို အသုံးချကာ ငါးစာချခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။
"သွားကြည့်ကြတာပေါ့"
ရှန်မို စိတ်ထဲမှ ရေရွတ်လိုက်သည်။
"ခဏနေရင် မင်းတို့ ဘယ်သူမှ စကားမပြောနဲ့ဦး"
လီဟိုင်ထန်း ရိုသေစွာ ခေါင်းငြိမ့်၏။
ရှန်မို ဂိုဒေါင်ထဲမှ ထွက်လာပြီး တံခါးဝသို့ ချဉ်းကပ်သွားသည်။ ခြေသံကို ကြားသည်နှင့် ကျောက်လင်က စိတ်လှုပ်ရှားစွာ မေးလေ၏။
"ဒါ တပ်မှူးရှန် လားဟင်… ကျွန်မက ကျောက်လင်ပါ… တပ်မှူးကို အရမ်းအားကျနေရတဲ့ သူတစ်ယောက်ပါ… ကျွန်မတို့ တပ်ရင်းကို လိုက်ပြီး ပြုပြင်ပေးဖို့ ကူညီနိုင်မလားဟင်"
ရှန်မို လေးနက်စွာဖြင့်
"အားကျနေတဲ့သူ ဟုတ်လား"
"တကယ်ပါ… အစစ်အမှန်ပါရှင်”
ကျောက်လင်မှာ သူ့ အသံကို တတ်နိုင်သမျှ နုပျို ဆွဲဆောင်မှုရှိအောင် ကြိုးစားပြောလိုက်သည်။
ရှန်မို နှာခေါင်းရှုံ့လိုက်ရင်း
"ငါ မယုံဘူး"
ကျောက်လင်မှာ ခဏမျှ မှင်သက်သွားပြီးနောက် အလျင်အမြန် ပြန်ပြောသည်။
"ကျွန်မက ငယ်ငယ်ကတည်းက စစ်လက်နက် ပစ္စည်းတွေကို ဝါသနာပါခဲ့တာပါ… တပ်မှူးက 'မီးလျှံနဂါး တိမ်တိုက်သင်္ဘော' ကို ဖန်တီးခဲ့တယ်ဆိုတဲ့ သတင်း ထွက်လာကတည်းက ကျွန်မဟာ တပ်မှူးရဲ့ အမာခံ ပရိသတ်ကြီး ဖြစ်သွားခဲ့တာပါပဲ…”
"တပ်မှူး လေ့လာခဲ့တဲ့ 'ဝိညာဉ်ရတနာ အင်းကွက် သွန်းလုပ်ခြင်း ကျမ်းစာ' ကိုတောင် ကျွန်မ လဲလှယ်ယူပြီး နေ့တိုင်း ဖတ်နေတာပါ”
ရှန်မို အေးစက်စွာ ရယ်မောလိုက်ပြီး
"ဒါဆို အဲ့ဒီကျမ်းစာရဲ့ ပထမဆုံး အပိုဒ် ဆဋ္ဌမမြောက် စာကြောင်းကို ရွတ်ပြစမ်း"
ကျောက်လင်၏ ချိုသာသော အပြုံးမှာ ချက်ချင်းပင် ရပ်တန့်သွားလေတော့သည်။
Chapter 453: ယောင်မေ ညှို့ငင်ဆေး
"ငါ... ငါ..."
ကျောက်လင်တစ်ယောက် စိတ်ထဲတွင်တော့ ရှန်မို၏ ဘိုးစဉ်ဘောင်ဆက် တစ်ဆယ့်ရှစ်ဆက်လုံးကို အကုန်သိမ်းကျုံး ဆဲရေးနေမိပြီ ဖြစ်သည်။ သူ ဒီအကြောင်းပြချက်ကို သုံးပြီး ရှန်မိုနဲ့ နီးစပ်အောင် ကြိုးစားခဲ့ရုံတင်ပါ။
ဒီလောက် ခက်ခဲနက်နဲလှသည့် ကျမ်းစာအကြောင်းအရာတွေကို သူ ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။
ပထမဆုံးအပိုဒ်၊ ဆဋ္ဌမမြောက်စာကြောင်းကို အခုချက်ချင်း ရွတ်ပြရန် သူ့အတွက် လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
တံခါးနောက်ကွယ်မှာတော့ ရှန်မို ခေါင်းခါလိုက်ပြီး
"မင်းမှာ ဒီနယ်ပယ်အတွက် ပါရမီမပါဘူးပဲ… မင်းရဲ့အချိန်တွေကို ထပ်ပြီး အလဟဿ မဖြုန်းပါနဲ့တော့"
"သွေးစွမ်းအင်အမြှောက် ပြုပြင်တဲ့ကိစ္စကတော့ ကိစ္စအသေးအမွှားလေးမို့ ငါကိုယ်တိုင် လာနေဖို့ မလိုပါဘူး… အဘိုးကြီးဝမ်ကိုပဲ လွှတ်လိုက်ပါ့မယ်"
ကျောက်လင် ပျာပျာသလဲ ဖြစ်သွား၏။
"တပ်မှူးရှန်၊ အဲ့ဒီ အမြှောက်ခြောက်လက်ရဲ့ ပြဿနာက တော်တော်လေး ဆိုးရွားတာပါ… တပ်မှူးကိုယ်တိုင်မှ ပြင်နိုင်မှာပါ”
ရှန်မို လက်ပိုက်လိုက်ရင်း
"ဒါဆို ပြောပြဦးလေ… ဘာတွေဖြစ်နေလို့လဲ"
ကျောက်လင် ချက်ချင်းပင်
"အမြှောက်နှစ်လက်က ပြောင်းဝတွေ မည်းနေပြီး ပစ်လို့မရတော့ဘူး"
"နောက်တစ်လက်ကတော့ အော်ပရေတာရဲ့ သွေးစွမ်းအင်တွေကို အဆမတန် စုပ်ယူနေတယ်"
"ကျန်တဲ့ သုံးလက်ကတော့ ဟန်ချက်ပျက်နေလို့ ပစ်လိုက်တိုင်း တောင်စဉ်ရေမရတွေ ဖြစ်နေတာ… မြို့ရိုးကိုတောင် ထိတော့မလို့ပဲ"
သူ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ သွေးစွမ်းအင်အမြှောက်များတွင် ဖြစ်လေ့ရှိသော ချို့ယွင်းချက်အားလုံးကို သူ ကြိုတင်အလွတ်ကျက်ထားပြီးသား ဖြစ်၏။ ဤသည်မှာ သာမန်အခြေအနေမှာပင် ဖြေရှင်းရန် ခက်ခဲသော ပြဿနာများပင်။ ရှန်မိုအနေနှင့် ဒီပြဿနာတွေကို အလွယ်တကူ ရောဂါရှာဖွေနိုင်မှာ မဟုတ်ဘဲ သူနှင့်အတူ တပ်ရင်းကို ကိုယ်တိုင်လိုက်ကြည့်ရလိမ့်မယ်လို့ ယူဆထားသည်။ ဒါမှသာ သူ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အခွင့်အရေး ရမည် မဟုတ်လား။
သူ ပြောတာကို နားထောင်ပြီးနောက် ရှန်မို ချက်ချင်းပင်
"ပြောင်းဝမည်းနေတာက နတ်ဆိုးအရှိန်အဝါ စွန်းထင်သွားလို့ပဲ… အဲ့ဒါကို ဖြုတ်ပြီး စိတ်ဝိညာဉ်ရေကန်ထဲမှာ ဆယ်ရက်လောက် စိမ်ထားလိုက်ရုံပဲ"
"သွေးစွမ်းအင် အဆမတန် စုပ်ယူနေတာက အားဖြည့်အစီအရင်ရဲ့ ဆဋ္ဌမမြောက်လမ်းကြောင်း ပျက်စီးသွားလို့… အဲ့ဒါကို ပြန်ပြီး ရေးထိုးလိုက်"
"ဟန်ချက်ပျက်တဲ့ကိစ္စက ပိုတောင်လွယ်သေးတယ်… အမြှောက်တင်ခုံကို လဲလိုက်ရုံပဲ"
"အဘိုးကြီးဝမ်တောင် သွားနေဖို့ မလိုတော့ဘူး… ဟိုင်ထန်း မင်းပဲ သွားပြီး ကိုင်တွယ်လိုက်တော့"
ကျောက်လင် တစ်ယောက် စွံ့အသွားရ၏။ လီဟိုင်ထန်း သူ၏ရင်ဘတ်ကို လေးနက်စွာ ပုတ်ပြရင်း
"စိတ်မပူပါနဲ့ အစ်ကိုရှန်… အစ်ကိုက ပြဿနာတွေကို ရှင်းရှင်းလင်းလင်း ပြောပြပေးထားတာဆိုတော့ ကျွန်တော့်အတွက် ပြင်ရတာ အရမ်းလွယ်ပါတယ်… အောင်မြင်စေရမယ်လို့ အာမခံတယ်”
ပြောပြောဆိုဆိုနှင့်ပင် သူ လက်နက်တိုက်တံခါးကို ခုန်ကျော်လိုက်သည်။
"တပ်ကြပ်ကြီးကျောက်… သွားကြစို့… တပ်မှူးရှန်က အရေးကြီးကိစ္စတွေ ရှိသေးလို့ ကျွန်တော်ပဲ လိုက်ပြင်ပေးပါ့မယ်"
ကျောက်လင်မှာ အံကို ကြိတ်ထားလွန်းသဖြင့် သွားများပင် ကျိုးထွက်တော့မတတ် ဖြစ်နေရ၏။ နောက်ဆုံးတွင်တော့ သူ အတင်းအကျပ် ပြုံးလိုက်ပြီး
"ကောင်းပါပြီ… ဒါဆိုရင် အစ်ကို့ကိုပဲ အားကိုးရတော့မှာပေါ့"
"တပ်မှူးရှန်ကို ကိုယ်တိုင် မတွေ့လိုက်ရတာတော့ နှမြောစရာပဲ… သူက ကျွန်မရဲ့ အမြဲတမ်း စံပြပုဂ္ဂိုလ်ကြီးမို့ပါ"
လီဟိုင်ထန်း ဂုဏ်ယူစွာဖြင့် လက်ယမ်းပြသည်။
"ဘာမှမဖြစ်ပါဘူး… ကျွန်တော်က အစ်ကိုရှန်ကို နေ့တိုင်း တွေ့နေရတာပဲ… ဒီစကားကို ပြန်ပြောပေးလိုက်ပါ့မယ်"
ကျောက်လင် စွံ့အနေမိသည်။
'ရှင် အခုချက်ချင်း သေသွားလို့ မရဘူးလား!'
ရှန်မိုမှာ အဆင့်အေ ဂိုဒေါင်သို့ ပြန်လာခဲ့သည်။ သို့သော် သူ၏ ကံကြမ္မာစနစ် ပြောင်းလဲခြင်း မရှိသေးသည်ကို သတိထားမိလိုက်သည်။ သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွား၏။
"အကယ်၍ သူတို့က ငါ့ကို လက်နက်တိုက်အပြင်ဘက် ရောက်အောင် ဆွဲထုတ်နိုင်ခဲ့ရင် မတော်တဆမှုတစ်ခုခု ဖန်တီးပြီး ငါ့အဝတ်အစား အပိုင်းအစကို ခိုးဖို့ လွယ်မှာပေါ့"
"ဒါပေမဲ့ အခု သူတို့ အကြံအစည် ပျက်သွားပြီဆိုတော့… ရွေးချယ်စရာ တစ်ခုပဲ ကျန်တော့တယ်"
"သူတို့ စွန့်စားပြီး ညဘက်မှာ ခိုးဖို့ ကြိုးစားကြလိမ့်မယ်"
ရှန်မို ခပ်ဖွဖွ ရယ်မောလိုက်သည်။ မူလက သူ နတ်ဆိုးမျိုးနွယ်နှင့် ပူးပေါင်းကြံစည်နေသည့် ခိုင်လုံသော အထောက်အထား မရှိခဲ့ပေ။
သို့သော် သူတို့ အသည်းအသန်ဖြစ်ပြီး ညဘက် လက်နက်တိုက်ထဲကို ခိုးဝင်လာကြမယ်ဆိုရင်တော့... ဒီလို သစ္စာဖောက်မှုမျိုးမှာ ငြင်းမရတဲ့ သက်သေအထောက်အထား ဖြစ်လာပေလိမ့်မည်။
…
ညမှောင်လာသည်နှင့်အမျှ လက်နက်တိုက်မှာ ထုံးစံအတိုင်း အေးချမ်းငြိမ်သက်နေသည်။ ကြောင်နက်တစ်ကောင်ကဲ့သို့ သွက်လက်ဖျတ်လတ်သော အရိပ်တစ်ခုသည် လက်နက်တိုက်၏ အဓိကတံခါးကြီးကို အသာအယာ ခုန်ကျော်ဝင်ရောက်လာပြီး အသံမထွက်ဘဲ မြေပြင်ပေါ် ဆင်းသက်လိုက်၏။ လက်နက်တိုက်တွင် ကာကွယ်ရေး အစီအရင်များ မရှိပေ။ အမှန်စင်စစ် ဤနေရာသည် ခံတပ်ကြီး၏ အတွင်းပိုင်းတွင် ရှိနေခြင်းကြောင့်ပင်။ ခံတပ်အတွင်းရှိ တပ်ရင်းတစ်ခုချင်းစီတိုင်းမှာသာ အကာအကွယ်များ ထားရှိမည်ဆိုပါက အရင်းအမြစ်များကို အလဟဿ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတိုင်းနှင့် အကာအကွယ်တိုင်းကို ခက်ခက်ခဲခဲ ရရှိထားသည့် စစ်မှုထမ်း ဂုဏ်ထူးမှတ်များဖြင့် လဲလှယ်ယူရခြင်း မဟုတ်ပါလား။
"တောက်... ခွေးမသား..."
"ဒီရှန်မိုက အရမ်းကို သတိကြီးလွန်းတာပဲ"
ကျောက်လင် အဆောက်အအုံတန်းကို စိုက်ကြည့်ရင်း အံကြိတ်နေမိသည်။ နတ်ဆိုးမျိုးနွယ်ဘက်မှ သူ့ကို ထိုတာဝန်ပေးထားသည်မှာ တစ်လပင် ရှိလေပြီ။
"ငါ... ငါ..."
စိတ်ထဲတွင် ကျောက်လင်တစ်ယောက် အလွန် ဒေါသထွက်နေသည်။
ဒီလောက် ခက်ခဲနက်နဲလှတဲ့ ကျမ်းစာတွေကို သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။
ယခုအခါ ရှန်မိုကို လက်နက်တိုက်အပြင်ဘက်သို့ ဆွဲထုတ်ရန် အခွင့်အရေး ဆုံးရှုံးသွားသဖြင့် ကျောက်လင်အနေဖြင့် လိုအပ်သောအရာကို ခိုးယူရန် စွန့်စားရတော့မည် ဖြစ်၏။
"နတ်ဆိုးမျိုးနွယ်တွေက ပင်လယ်ကြမ်းပြင်က ရတနာတွေနဲ့ မမြှူဆွယ်ရင် ငါ အသက်နဲ့ရင်းပြီး ဒါမျိုး လုပ်မှာ မဟုတ်ဘူး”
စိတ်ထဲ၌ ဒေါသထွက်နေသော်လည်း ကျောက်လင်မှာ ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနေဆဲ ဖြစ်သည်။ သူ အဆောက်အအုံတန်းဆီသို့ အမြန် ချဉ်းကပ်သွား၏။ ရှန်မိုသည် လက်နက်တိုက်သို့ မကြာသေးမီကမှ ရောက်ရှိလာသည့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အနည်းငယ်ထဲက တစ်ဦးဖြစ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် သူ နေထိုင်နိုင်သည့် အခန်းကို ခန့်မှန်းရသည်မှာ မခက်ခဲပေ။ အဆိုးဆုံးအနေဖြင့် တစ်ခန်းချင်းစီ လိုက်စစ်ရုံသာ ရှိသည်။
"ဒီအခန်း မဟုတ်ဘူး..."
"ဒါလည်း မဟုတ်ဘူး..."
"တောက်... ဒါက ဟိုအသားမည်းမည်း လူကြီးရဲ့ အခန်းပဲ... ဟောက်သံကလည်း မိုးခြိမ်းနေတာပဲ..."
"ဟင်… ဒီအခန်းပဲ”
မကြာမီမှာပင် ကျောက်လင် ရှန်မို၏ အခန်းကို ရှာတွေ့သွားသည်။ သူ အရိပ်တစ်ခုကဲ့သို့ ကိုယ်ဖျောက်နည်းစနစ်ကို အသုံးပြုကာ အခန်းတွင်းသို့ တိတ်တဆိတ် တိုးဝင်သွား၏။ ရှန်မိုကို နိုးအောင်လုပ်ရန် ရည်ရွယ်ချက် မရှိပါ။ သူ့အဝတ်အစား အပိုင်းအစလေး တစ်ခုကို လှီးဖြတ်ပြီး ပြန်ထွက်သွားဖို့သာ ဖြစ်သည်။ သို့သော် သူမ ဓားမြှောင်လေးကို ထုတ်လိုက်သည့် ခဏမှာပင် အခန်းတစ်ခုလုံး စူးရှတောက်ပသော အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။ ပြင်းထန်လှသော အလင်းရောင်ကြောင့် သူ ခဏတာ မျက်စိကျိန်းသွားရ၏။ ထိတ်လန့်ဒေါသထွက်သွားသော ကျောက်လင်သည် ဗီဇအရ နောက်သို့ ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထူးဆန်းသော ပိုးချည်မျှင်များကဲ့သို့ အရာများက သူ့ ခြေလက်များကို ရစ်ပတ်နှောင်ဖွဲ့လိုက်သည်။
သူ မည်မျှ ရုန်းကန်ပါစေ အလကားပင်။ ချည်မျှင်များက ပို၍ တင်းကြပ်လာကာ သူ့ကို လုံးဝ လှုပ်မရအောင် ချည်နှောင်လိုက်သည်။ ၎င်းမှာ ပင့်ကူအိမ်ထဲတွင် မိနေသော ပိုးကောင်တစ်ကောင်ကဲ့သို့ပင်။
နောက်ကွယ်မှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
"တစ်ခုခု ရှာနေတာလား တပ်ကြပ်ကြီးကျောက်"
အခန်းတွင်းရှိ အလင်းရောင်မှာ တဖြည်းဖြည်း မှိန်သွားသည်။ ထိုအခါမှ ကျောက်လင် သူ့ကို ပတ်ကာ လျှောက်လာပြီး ရှေ့တွင် ရပ်လိုက်သော လူငယ်ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ အလွန် နုပျိုလွန်းလှသော ဤလူငယ်မှာ ခန့်မှန်းနေရန် မလိုတော့ပေ။ သူ့ ပစ်မှတ် ရှန်မို ပင်။
"တ-တပ်မှူးရှန်… ဘာလုပ်တာလဲဟင်… စောစောက ကျွန်မ ပြောပြီးပြီလေ… ကျွန်မက တပ်မှူးကို အားကျလွန်းလို့ပါဆို..."
ကျောက်လင် တုန်တုန်ရင်ရင်နှင့် အတင်းပြုံးလိုက်သည်။ တစ်စုံတစ်ရာသော အကြောင်းကြောင့် သူ့ တစ်ကိုယ်လုံး အသားအရည်မှာ ထူးဆန်းသော အနီရောင်အသွင်သို့ ပြောင်းလဲလာသည်။ အကာအကွယ် ချည်မျှင်များမှာ သူ့ အမို့အမောက် အကွေးအကောက် တိုင်းကို ထင်ရှားအောင် ဖော်ပြနေ၍ သူသည် သနားစဖွယ်ဖြစ်သလို ဆွဲဆောင်မှုလည်း ရှိနေ၏။ ကျောက်လင်၏ မျက်လုံးများမှာ ညှို့ဓာတ်များဖြင့် ဝေဝါးလာသည်။
"ကျွန်မက... တပ်မှူးကို အရမ်းအားကျလွန်းလို့ တွေ့ချင်ဇောနဲ့ ဒီလို မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်မိတာပါ..."
သူ ပြောနေစဉ်မှာပင် ပန်းနုရောင် မြူခိုးဖျော့ဖျော့လေးများမှာ လေထဲတွင် ပျံ့နှံ့လာပုံရသည်။ သို့သော် ထိုမြူခိုးများမှာ ရှန်မို၏အနားသို့ ရောက်သည်နှင့် သူ၏ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"ယောင်မေကျမ်းစာလား… စိတ်ဝင်စားစရာပဲ… မင်းက နတ်ဆိုးမျိုးနွယ်ဆီကနေ ဒီလို နည်းစနစ်မျိုးကိုတောင် ရထားတာကိုး"
ရှန်မို ထိုအမှုန့်မှာ ဘာလဲဆိုသည်ကို ချက်ချင်း သိရှိသွားသဖြင့် ရယ်မောလိုက်သည်။ ယောင်မေကျမ်းစာ ဆိုသည်မှာ နတ်ဆိုးမျိုးနွယ်၏ နည်းစနစ်များစွာထဲမှ အောက်ခြေအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသမီးနတ်ဆိုးများသာ ကျင့်ကြံလေ့ ရှိ၏။ ၎င်းသည် အမျိုးသားနတ်ဆိုးများ၏ ကာမဆန္ဒကို နှိုးဆွပေးနိုင်ပြီး မျိုးပွားနိုင်စွမ်းကို များစွာ မြှင့်တင်ပေးနိုင်သည်။
နတ်ဆိုးမျိုးနွယ်များ ဤမျှမြန်မြန် မျိုးပွားနိုင်တာဟာ ဤကျင့်စဉ်၏ အကျိုးကျေးဇူးကြောင့်လည်း ပါဝင်သည်။ အနည်းငယ် ပြုပြင်ပြောင်းလဲပြီးနောက် အခြားသော လူမျိုးသုံးမျိုး (လူသား၊ မိစ္ဆာ၊ နဂါး) ၏ ခန္ဓာကိုယ်များကလည်း ယောင်မေကျမ်းစာကို ကျင့်ကြံနိုင်၏။ ၎င်းကို ကျင့်ကြံသူများမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အလျင်အမြန် ပြောင်းလဲလာပြီး သူတို့နှင့် မျိုးနွယ်တူ အမျိုးသားများကို ဆွဲဆောင်ဖျားယောင်းရန် လွယ်ကူစေသည်။ ဤညှို့ဓာတ်ပါသော အမှုန့်မှာ ယောင်မေကျမ်းစာမှ ဆင်းသက်လာသော နည်းစနစ်များထဲမှ တစ်ခု ဖြစ်သည်။
သို့သော် ရှန်မို၏ ရှေ့တွင်မူ လုံးဝ အရာမထင်ပေ။ သူ့အတွင်း၌ တိတ်တဆိတ် လောင်ကျွမ်းနေသော ကိုးဘုံငရဲ ရေခဲမီးလျှံကြောင့် ဤကဲ့သို့ ညှို့ယူဖျားယောင်းမှုများမှ အလွယ်တကူ ကာကွယ်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ 'နတ်ဘုရားမိုးကြိုး စွမ်းအား' မှာလည်း ဤကဲ့သို့သော ညှို့ခြင်းများကို သဘာဝအရ တွန်းလှန်ပေးသည့် စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစား ဖြစ်သည်။
"မင်း... မင်း ဘာမှမဖြစ်ဘူးလား"
ကျောက်လင်၏ မျက်လုံးများမှာ မယုံနိုင်အောင် ပြူးကျယ်သွားသည်။ ဤနည်းလမ်းသည် ယခင်က နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား များစွာအပေါ်တွင် အောင်မြင်ခဲ့ဖူး၏။ မည်သည့် သာမန်ယောကျ်ားမဆို ဤညှို့အမှုန့်၏ ဒဏ်အောက်တွင် ထိန်းချုပ်မှု ကင်းမဲ့သွားရစမြဲ ဖြစ်သည်။ သို့သော် ဤရှန်မိုမှာမူ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။
'ဒီလူက တကယ်ပဲ ဘယ်သူလဲ’
"နတ်ဆိုးတွေနဲ့ ပူးပေါင်းတဲ့သူကို ကွပ်မျက်ရမယ်"
ရှန်မို၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ ပေါ့ပေါ့ပါးပါးပင် တစ်ချက် ရိုက်လိုက်ရာ ကျောက်လင်၏ ပုံရိပ်ငယ် အတွင်းသို့ နတ်ဘုရားမိုးကြိုး စွမ်းအားများ စီးဝင်သွားပြီး သူ့ ကျင့်စဉ်အားလုံးကို လုံးဝ ပိတ်ဆို့လိုက်လေတော့သည်။