← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

Chapter 457 – ရွှေ့ဝူ-၄၁ သို့ ရောက်ရှိခြင်း

ကင်းစခန်းတံတိုင်းပေါ်မှ တာဝန်ကျနေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် အဝေးမှ ချဉ်းကပ်လာသော အဖွဲ့ကို လှမ်းမြင်လိုက်ရသည်နှင့် ချက်ချင်းပင် အချက်ပေးလိုက်ကြ၏

"ဘယ်သူလဲ… မင်းတို့ရဲ့ အမှတ်တံဆိပ်တွေကို ပြကြစမ်း”

ကျန့်ပိုင်ရှန့်နှင့် ဝမ်အန်းရှင်းတို့မှာ သူတို့၏ အမိန့်ပေးအမှတ်တံဆိပ်များကို အဆင်သင့် ထုတ်ပြလိုက်ကြသည်။ ကင်းစခန်းတစ်ခုသည် ခံတပ်ကြီးတစ်ခုကဲ့သို့ မဟုတ်ပေ။ ဤနတ်ဆိုး ပင်လယ်ပြင်တွင် အထူးသဖြင့် နတ်ဆိုးများ သောင်းကျန်းလှသော စတုတ္ထအလွှာတွင် ကြိုတင်ကာကွယ်မှုမှာ အရာအားလုံးထက် အရေးကြီးသည်။ ဤဒေသရှိ နတ်ဆိုးများသည် ရုပ်ဖျက်ခြင်းနှင့် ကပ်ပါးကောင်အဖြစ် ဝင်ရောက်စူးစမ်းခြင်းတို့တွင် နာမည်ကြီးပြီး၊ ကင်းစခန်းများအတွင်းသို့ မသိမသာ ခိုးဝင်တတ်ကြသည်။ အမှန်စင်စစ် ‘သွေးနတ်ဘုရားခံတပ်’ သည် ယခင်က ဤစတုတ္ထအလွှာတွင် ကင်းစခန်းတစ်ခုကို ခေတ္တ တည်ထောင်ခဲ့ဖူး၏။ သို့သော် ရုပ်ဖျက်ထားသော နတ်ဆိုးတစ်ကောင်၏ ခိုးဝင်ခြင်းကို ခံခဲ့ရပြီး အတွင်းပိုင်းမှနေ၍ ကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုနေရာတွင် တာဝန်ကျနေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားအားလုံး အသတ်ခံခဲ့ရပြီး တစ်ယောက်မှ အသက်မရှင်ခဲ့ပေ။

အမှတ်တံဆိပ်များကို မြင်လိုက်ရမှသာ အစောင့်တပ်သား၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။ ခဏအကြာတွင် ကင်းစခန်း၏ လေးလံလှသော တံခါးကြီးများမှာ ဖြည်းညှင်းစွာ ပွင့်လာ၏။

"တန်းစီကြ… တစ်ယောက်ချင်းစီ ဝင်လာခဲ့… လက်နက်မထုတ်ရ… စိတ်ဝိညာဉ်စွမ်းအင်နဲ့ သွေးစွမ်းအင်တွေကိုလည်း လုံးဝ အသုံးမပြုရဘူး”

နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားမှ ညွှန်ကြားချက်များကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"နားလည်ပါပြီ"

ကျန့်ပိုင်ရှန့်၊ ဝမ်အန်းရှင်းနှင့် ကျန်သူများ ကန့်ကွက်ခြင်းမရှိဘဲ ပြန်ဖြေကြသည်။ ရှန်မိုကလည်း ဘာမှ ငြင်းဆန်ခြင်း မရှိပေ။ ဤနေရာသည် ထူးခြားသောနေရာဖြစ်သဖြင့် အထူးဂရုစိုက်မှု လိုအပ်သည်မှာ ကျိုးကြောင်းဆီလျော်လှ၏။

နာရီဝက်ခန့် ကြာပြီးနောက် ကင်းစခန်းအစောင့်များက ရှန်မိုတို့အဖွဲ့ဝင် တစ်ဦးချင်းစီကို သေချာစွာ စစ်ဆေးပြီးမှသာ တင်းမာမှုများ သိသိသာသာ လျော့ပါးသွားတော့သည်။

ဒု-တပ်မှူး တစ်ဦး ရှေ့သို့ လှမ်းလာပြီး ကျန့်ပိုင်ရှန့်နှင့် ဝမ်အန်းရှင်းတို့ကို လေးစားစွာ နှုတ်ဆက်လိုက်သည်။

"ကျွန်တော်က ဖုန်းချန်းပါ… တပ်မှူးကျန့်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်… နှုတ်ခွန်းဆက်ပါတယ် တပ်မှူးကျန့် နဲ့ တပ်မှူးဝမ်… ဒီက အခြေအနေက တော်တော်လေး စိတ်မချရလို့ပါ… နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ကျန့်ပိုင်ရှန့် နွေးထွေးသော အပြုံးဖြင့် ခေါင်းငြိမ့်ပြ၏။ ဝမ်အန်းရှင်း ရယ်မောရင်း

"ငါက တပ်မှူး မဟုတ်တော့ပါဘူး… အခုတော့ ဒု-တပ်မှူး တစ်ယောက်ပဲ" ဟု

သူ ထိုသို့ပြော၍ ရှန်မိုဘက်သို့ လက်ညှိုးညွှန်လိုက်သည်။

"ဟိုမှာ ရှိတဲ့သူကမှ တကယ့် တပ်မှူးအစစ်ဗျ"

အားလုံး ခေတ္တမျှ စွံ့အသွားကြသည်။ ထိုအခါမှသာ ရှန်မိုကို ကျန့်ပိုင်ရှန့်၊ ဝမ်အန်းရှင်းနှင့် အထူးရွေးချယ်ထားသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများက အဖွဲ့၏ ဗဟိုချက်မအဖြစ် ဝိုင်းရံထားကြသည်ကို သတိပြုမိလိုက်ကြ၏။ သူတို့၏ တည်နေပုံမှာပင် ရှန်မိုအပေါ် ထားရှိသော မပြောမပြနိုင်သည့် ရိုသေလေးစားမှုများ ပါဝင်နေသည်။ ဝမ်အန်းရှင်း တဟားဟား ရယ်မောရင်း

"ဒါက ရှန်မိုပဲ… 'မီးလျှံနဂါး တိမ်တိုက်သင်္ဘော' နဲ့ 'နဂါးကြီး တိမ်တိုက်သင်္ဘော' တွေကို ဖန်တီးခဲ့တဲ့သူပေါ့"

သူ မိတ်ဆက်ပေးလိုက်သည်။

ကင်းစခန်းရှိ အစောင့်တပ်သားများ၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားကြ၏။ သူတို့ ရှန်မိုကို အံ့အားသင့်စွာ စိုက်ကြည့်နေမိကြသည်။ ရှန်မို၏ အမည်ကို ကြားဖူးနားဝ ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း လူကိုယ်တိုင် မြင်တွေ့ရခြင်းသည် ပထမဆုံး အကြိမ်ပင်။ မိမိတို့ အစဉ်အမြဲ အားကျနေရသည့် စံပြပုဂ္ဂိုလ်ကြီး မျက်စိရှေ့သို့ ရုတ်တရက် ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

"တပ်မှူးရှန်… ကျေးဇူးတင်ပါတယ်”

နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦးမှာ ရှန်မို၏ ရှေ့၌ ရုတ်တရက် ဒူးထောက်လိုက်ပြီး ကြမ်းပြင်ကို

"ဒုန်း... ဒုန်း... ဒုန်း" နှင့် အသံမြည်အောင် ဦးတိုက်လိုက်သဖြင့် ရှန်မိုပင် ခေတ္တမျှ ကြောင်သွားရသည်။ ထိုစစ်သား၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေ၏။

"တပ်မှူးရှန်... ကျွန်တော့်အစ်ကိုက အဲ့ဒီနေ့က မြို့ရိုးပေါ်မှာ နတ်ဆိုးတွေကို တိုက်ခိုက်နေတာပါ… တပ်မှူးရဲ့ 'မီးလျှံနဂါး တိမ်တိုက်သင်္ဘော' သာ အချိန်မီ ရောက်မလာရင် သူ သေသွားလောက်ပါပြီ"

"တပ်မှူးက ကျွန်တော့် မိသားစုတစ်ခုလုံးရဲ့ ကယ်တင်ရှင်ပါပဲ”

ရှန်မို ဘာမှ ပြန်မပြောနိုင်ခင်မှာပင် အခြား အစောင့်တပ်သားတစ်ဦး၏ မျက်လုံးများလည်း နီမြန်းလာသည်။

"တပ်မှူးရှန်... ကျွန်တော်လည်း အဲ့ဒီနေ့က မြို့ရိုးပေါ်မှာ ရှိနေခဲ့တာပါ... သေပြီလို့ပဲ မှတ်ထားတာ"

"တပ်မှူးရဲ့ သင်္ဘောတွေက အရေးကြီးတဲ့ အချိန်မှာ ရောက်လာပြီး နတ်ဆိုးတွေကို မောင်းထုတ်ပေးခဲ့လို့သာ ကျွန်တော် အခုလို အသက်ရှင်နေရတာပါ"

ကျန်သူများမှာ ဒူးမထောက်သော်လည်း ရှန်မိုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေသည့် ပုံစံများ ပေါ်နေ၏။ သူတို့ထဲမှ အများအပြားမှာ ထိုမြို့ရိုးပေါ်တွင် အမှန်တကယ် တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်ပြီး၊ ကောင်းကင်ယံတွင် 'မီးလျှံနဂါး တိမ်တိုက်သင်္ဘော' ရှစ်စင်း ရုတ်တရက် ပေါ်လာခဲ့ခြင်းကြောင့်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသူများ ဖြစ်သည်။ ရှန်မို အမြန်ဆုံး ရှေ့သို့ လှမ်းသွားပြီး ဒူးထောက်နေသူများကို ထူပေးလိုက်သည်။

"ဒါက ကျွန်တော့်ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ရုံတင်ပါပဲ"

"ရှန်မို… မင်း ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

ဝမ်းသာအားရ အသံတစ်သံ ထွက်ပေါ်လာသည်။ ရှန်မို အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏။

ရှီတန့်ယွဲ့ ၊ ကျိုးမင်ယီ။

သို့သော် စွန်းခုန် နှင့် ကျောက်ရှင်း တို့ကိုမူ မတွေ့ရပေ။ ရှန်မို ဝမ်းသာအားရဖြင့် သူတို့ဆီသို့ လျှောက်သွားလိုက်သည်။

"တခြားသူတွေကော… သူတို့ မလာကြဘူးလား"

ရှီတန့်ယွဲ့၏ မျက်လုံးများ အနည်းငယ် မှိန်သွားသည်။

"သူတို့ မရှိတော့ဘူး… ဟိုတိုက်ပွဲကြီးမှာ သေသွားကြပြီ"

ရှန်မို တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ ထိုအစောင့်တပ်သားများ သူတို့၏ ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်ရန်အတွက် အားနည်းလွန်းနေခဲ့ကြသည်။ အကယ်၍ သူတို့သာ ထိုတိုက်ပွဲကြီးမှ လွတ်မြောက်ခဲ့လျှင် ဘဝများမှာ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။ အကြောင်းမှာ ထိုတိုက်ပွဲမှ အသက်ရှင်ကျန်ရစ်သူများသည် များစွာသော စစ်မှုထမ်းဂုဏ်ထူးများကို ရရှိကြပြီး ခွန်အားများလည်း အံ့သြဖွယ် တိုးတက်လာသောကြောင့်ပင်။

ရှီတန့်ယွဲ့ သက်ပြင်းချရင်း

"ရှင်ခြင်း သေခြင်းက ကံတရားပေါ့ကွာ… ငါ သူတို့ မိသားစုတွေဆီကိုလည်း သွားတွေ့ပြီးပါပြီ"

သူ ခေတ္တမျှ ရပ်လိုက်ပြီးမှ

"ဟိုင်ထန်းရော ဘယ်လိုလဲ… လက်နက်တိုက်မှာ အဆင်ပြေရဲ့လား"

ရှန်မို ခေါင်းငြိမ့်ပြီး လီဟိုင်ထန်း၏ လက်ရှိ အခြေအနေများကို အကျဉ်းချုပ် ပြောပြလိုက်သည်။ ရှီတန့်ယွဲ့က စိတ်အေးသွားဟန်ဖြင့်

"ဟိုင်ထန်းက မင်းနောက်ကို လိုက်ပြီး လက်နက်တိုက်ကို သွားခဲ့တာ တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ"

ကျိုးမင်ယီ ပြုံးပြီး

"သူက လက်နက်သွန်းလုပ်တဲ့ နေရာမှာ အမြဲတမ်း စိတ်ဝင်စားမှု ရှိခဲ့တာဆိုတော့ အဲ့ဒီနေရာက သူနဲ့ အကိုက်ညီဆုံးပဲ"

အနည်းငယ် စကားစမြည် ပြောပြီးနောက် သုံးဦးသား ပြန်လည် ရင်းနှီးသွားကြသည်။ ရှီတန့်ယွဲ့နှင့် ကျိုးမင်ယီတို့မှာ ရှန်မိုသည် ရာထူးတက်သွားသော်လည်း ဝင့်ဝါထောင်လွှားခြင်း မရှိသည်ကို တွေ့ရသဖြင့် ဝမ်းသာနေကြ၏။ ရှန်မိုသည် စိတ်ရင်းအတိုင်း ရှိနေဆဲ ဖြစ်သည်။

ထိုညတွင် ရွှေ့ဝူ-၄၁ ကင်းစခန်း၌ ကြိုဆိုပွဲ အခမ်းအနားတစ်ခု ကျင်းပခဲ့သည်။ “ရွှေ့ဝူ" ဆိုသည်မှာ ရွှေ့ဝူခံတပ်မှ တည်ထောင်ထားခြင်း ဖြစ်ကြောင်းကို ဖော်ပြပြီး၊ "၄" မှာ စတုတ္ထအလွှာ ဖြစ်ကြောင်းနှင့်၊ "၁" မှာ ထိုအလွှာရှိ ပထမဆုံး ကင်းစခန်းဖြစ်ကြောင်းကို ဖော်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းကို ‘ရွှေ့ဝူ-၄၁' ဟု အမည်ပေးထားခြင်း ဖြစ်သည်။

ပွဲတော်အတွင်းတွင် ရှန်မို ကင်းစခန်းရှိ အစောင့်တပ်သားများ၏ နေ့စဉ် တာဝန်များအကြောင်းကို အကြမ်းဖျင်း သိရှိခဲ့ရသည်။ ပထမတာဝန်မှာ ပတ်ဝန်းကျင်ရှိ နတ်ဆိုးမြေဆီလွှာများကို ရှင်းလင်းရန် ဖြစ်၏။ ကင်းစခန်းကို ခိုင်မာစွာ တည်ဆောက်ထားသော်လည်း ညစ်ညမ်းနေသော မြေဆီလွှာများမှာ အချိန်မရွေး ကင်းစခန်းဆီသို့ ကပ်လာတတ်သည်။ ၎င်းတို့ကို ရှင်းလင်းခြင်းမှာ ကင်းစခန်းကို ကာကွယ်ခြင်းပြီးလျှင် ဒုတိယ အရေးကြီးဆုံး တာဝန် ဖြစ်သည်။

နောက်တစ်ခုမှာ ပတ်ဝန်းကျင် အခြေအနေကို ကင်းထောက်ရန် ဖြစ်၏။ အကယ်၍ နတ်ဆိုးများ အခြေချရာနေရာ သို့မဟုတ် အစွမ်းထက်သော နတ်ဆိုးတိရစ္ဆာန်များ အနီးနားတွင် ရှိနေပါက ၎င်းတို့မှာ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။ ထို့ကြောင့် အနီးနားရှိ နတ်ဆိုးစခန်းများ သို့မဟုတ် နတ်ဆိုးတိရစ္ဆာန်များကို လျင်မြန်စွာ ရှင်းလင်းရမည်။

ထို့နောက် အရင်းအမြစ်များ စုဆောင်းခြင်း ဖြစ်၏။ ကောင်းကင်နှင့် မြေကြီးမှ ရတနာများကို စိတ်ဝိညာဉ်ဘဏ္ဍာတိုက်မှ လဲလှယ်ရန် ဂုဏ်ထူးမှတ်များစွာ လိုအပ်သည်။ သို့သော် နတ်ဆိုး ပင်လယ်ပြင်တွင် တိုက်ရိုက်တွေ့ရှိပါက အခမဲ့ ရယူနိုင်လေ၏။ ဤသည်မှာ အစောင့်တပ်သားများအတွက် ကိုယ်တိုင် ဂုဏ်ထူးမှတ်တွေ များများရအောင် ရှာနိုင်မယ့် အခွင့်အရေး ဖြစ်သည်။

အရက်သောက်ပြီးနောက် ပွဲတော်မှာ ပို၍ စည်ကားလာသည်။ ရှန်မိုကဲ့သို့ ပုဂ္ဂိုလ်မျိုး မိမိတို့အကြားတွင် ရှိနေသဖြင့် ကင်းစခန်းတစ်ခုလုံး ပျော်ရွှင်နေကြသည်။ ပွဲပြီးသောအခါ ကျန့်ပိုင်ရှန့်နှင့် ဝမ်အန်းရှင်းတို့သည် ရှန်မိုအတွက် ပြင်ဆင်ထားသော အခန်းသို့ ကိုယ်တိုင် လိုက်ပို့ပေးကြသည်။ ဤအခန်းမှာ ကင်းစခန်း၏ ဗဟိုချက်မတွင် တည်ရှိပြီး ကာကွယ်ရေးအစီအရင်၏ အဓိကနေရာနှင့် တိုက်ရိုက်ကပ်လျက် ရှိသည်။ ၎င်းမှာ ကင်းစခန်းတစ်ခုလုံးတွင် ဘေးအကင်းဆုံး နေရာဖြစ်၏။ မူလက ၎င်းမှာ ဒု-တပ်မှူး ဖုန်းချန်း၏ အခန်းဖြစ်သော်လည်း ရှန်မို ရောက်လာသဖြင့် သူ မတွန့်ဆုတ်ဘဲ ဖယ်ပေးခဲ့ခြင်း ဖြစ်သည်။ ရှန်မို၏ အခန်း ဘေးတစ်ဖက်တစ်ချက်တွင် ကျန့်ပိုင်ရှန့်နှင့် ဝမ်အန်းရှင်းတို့၏ အခန်းများ ရှိနေသည်။ ဆိုလိုသည်မှာ ရှန်မိုသည် အပြည့်အဝ ကာကွယ်မှုအောက်တွင် ရှိနေခြင်းပင်။

ရှန်မိုသည် အခန်းအတွင်း၌ အစီအရင်မျိုးစုံကို ပြင်ဆင်ပြီးနောက် တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။ ကင်းစခန်းရှိ ပထမဆုံးညမှာ အေးချမ်းစွာ ကုန်လွန်သွားခဲ့၏။

...

"အရှင်မြတ် (၅)၊ အရှင်မြတ် (၃) က သတင်းစကား တစ်ခု ပါးလိုက်ပါတယ်… လူမျိုးသုံးမျိုးက စတုတ္ထအလွှာမှာ ကင်းစခန်းတွေ အတော်များများ ဆောက်ထားပြီးပြီ… အဲ့ဒါတွေကို အမြစ်ပြတ် သုတ်သင်ရမယ့် အချိန်ရောက်ပြီလို့ ပြောပါတယ်"

တွန့်လိမ်နေသော လက်တံများစွာ ရှိသည့် နတ်ဆိုးတစ်ကောင်မှာ အန်းဝူ၏ ရှေ့တွင် လေးစားစွာ ရပ်နေသည်။

အန်းဝူ ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်ပြီး

"အန်းမိုင်ကို ငါ နားလည်ကြောင်း ပြန်ပြောလိုက်ပါ… သူပေးထားတဲ့ ကတိအတိုင်း တတိယအလွှာ ကင်းစခန်းတွေကို တိုက်ခိုက်ဖို့နဲ့ သူတို့ရဲ့ ဆုတ်လမ်းကို ဖြတ်ဖို့အတွက် အထူးချွန်ဆုံး 'စစ်မှန်သော နတ်ဆိုး'တွေကို လွှတ်ပေးရမယ်"

"ဟုတ်ကဲ့ပါ… သခင်ကြီး ပြောတဲ့အတိုင်း တစ်သွေမတိမ်း သွားပြောလိုက်ပါ့မယ်"

နတ်ဆိုးမှာ ဦးညွှတ်ထွက်ခွာသွားသည်။

မကြာမီမှာပင် တတိယမြောက် နတ်ဆိုးအရှင်သခင်ကြီး အန်းမိုင် နှင့် ပဉ္စမမြောက် နတ်ဆိုးအရှင်သခင်ကြီး အန်းဝူ တို့ထံမှ အမိန့်များ သူတို့၏ လက်ရွေးစင် တပ်ဖွဲ့များထံသို့ ရောက်ရှိသွားသည်။ မြောက်မြားလှစွာသော နတ်ဆိုးများ စတင် လှုပ်ရှားလာကြ၏။ 'ထျန်းတင့်' အဆင့်ရှိ စစ်မှန်သော နတ်ဆိုးများက ရှေ့တန်းမှ ဦးဆောင်ပြီး၊ 'ကျင့်တင့်' နှင့် 'ရင်တင့်' အဆင့်ရှိ စစ်မှန်သော နတ်ဆိုးများမှာ အဓိက အင်အားအဖြစ် ပါဝင်ကာ တတိယနှင့် စတုတ္ထအလွှာရှိ ကင်းစခန်းများဆီသို့ ဦးတည် ချီတက်လာကြသည်။

မှောင်မိုက် စိုထိုင်းလှသော နတ်ဆိုး ပင်လယ်ပြင်၏ လိုဏ်ဂူသဖွယ် လမ်းကြောင်းများထဲတွင် နတ်ဆိုးစစ်တပ်ကြီးမှာ ဒီရေအလား တိုးဝင်လာသည်။ နက်မှောင်သော မှင်ရည်များ ပင်လယ်ပြင်အနှံ့ ပျံ့နှံ့သွားသကဲ့သို့ နတ်ဆိုးလှိုင်းလုံးကြီးမှာ မဟာမိတ် သုံးမျိုး တည်ဆောက်ထားသော ကင်းစခန်းများဆီသို့ အဟုန်ပြင်းစွာ ပြေးဝင်နေကြလေတော့၏။

Chapter 458: နတ်ဆိုးတွေ အလုံးအရင်းနဲ့ လာနေပြီ

ရက်အနည်းငယ်အကြာ ‘ဟန်လုံ-၄၁’ ကင်းစခန်းတွင် ဖြစ်သည်။ ဤကင်းစခန်းကို ဟန်လုံခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ‘ရွှေ့ဝူ-၄၁’ ကင်းစခန်း တည်ဆောက်ပြီးစီးသွားပြီးနောက် ရွှေ့ဝူခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ အားလပ်သွားကြသဖြင့် အခြားတပ်ဖွဲ့များကို ကူညီပေးလာကြသည်။ လူမျိုးစုသုံးစုကြားတွင် ရန်ငြိုးရန်စများ အမြဲရှိနေခဲ့သော်လည်း နတ်ဆိုး ပင်လယ်ပြင်တွင် တာဝန်ကျနေသော အစောင့်တပ်သားများမှာမူ ထိုအရာများကို ဘေးဖယ်ထားကာ ဘုံရန်သူကို တိုက်ခိုက်ရန် စည်းလုံးညီညွတ်ကြေ၏။ ထို့အပြင် အခြားကင်းစခန်းများ တည်ဆောက်ရာတွင် ကူညီပေးခြင်းမှာ မိမိတို့အပေါ် ကျရောက်မည့် ဖိအားကိုလည်း လျှော့ချပေးရာရောက်သည်။ အကယ်၍ ‘ရွှေ့ဝူ-၄၁’ တစ်ခုတည်းသာ ရှိနေမည်ဆိုပါက နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရမည်မှာ သေချာလှသည်။ ကင်းစခန်းများ ပိုမိုတည်ထောင်ထားခြင်းဖြင့် နတ်ဆိုးများ သူတို့၏ တိုက်စစ်ကို ခွဲထုတ်လိုက်ရပေလိမ့်မည်။

‘ဟန်လုံ-၄၁’ ကင်းစခန်းအတွင်းရှိ ခုခံကာကွယ်သူ အများစုမှာ ရေမိစ္ဆာများဖြစ်ကြပြီး အမာခံအဖွဲ့ဝင် အနည်းငယ်သာ 'ကျောက်နဂါး' စစ်စစ်များ ဖြစ်ကြသည်။ အမှန်စင်စစ် ကင်းစခန်းများသာမက ‘ပန်လုံ’ နှင့် ‘ဟန်လုံ’ ခံတပ်ကြီးများမှာလည်း ဤပုံစံအတိုင်းပင် ဖြစ်သည်။ ကျောက်နဂါးမျိုးနွယ်စုမှာ မျိုးပွားနိုင်စွမ်း နည်းပါးပြီး နဂါးစစ်စစ်များမှာ ရှားပါးလှသည်။ သို့သော် ခံတပ်အတွင်းရှိ ရေမိစ္ဆာအားလုံးနီးပါးတွင် ကျောက်နဂါးသွေး အနည်းငယ်စီ ပါဝင်နေကြသည်။ ထို့ကြောင့်ပင် သူတို့သည် ကျောက်နဂါးမျိုးနွယ်စုအပေါ် သဘာဝအလျောက် သစ္စာရှိကြခြင်း ဖြစ်၏။

‘ဟန်လုံ-၄၁’ ကင်းစခန်း၏ အမြင့်ဆုံးနေရာတွင် ဂဏန်းမိစ္ဆာ နှစ်ကောင်မှာ ကင်းမျှော်စင်၌ ကင်းစောင့်နေကြသည်။ တစ်ကောင်မှာ အပြာရောင်အစင်းပါသော အခွံရှိပြီး၊ အခြားတစ်ကောင်မှာ ခရမ်းရောင်အစင်းပါသော အခွံရှိသည်။ နှစ်ကောင်လုံး ငိုက်မြည်းနေကြ၏။ ရုတ်တရက် အပြာရောင်အစင်းပါသော ဂဏန်းမိစ္ဆာမှာ တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ တွန့်ခနဲ ဖြစ်သွားပြီး လန့်နိုးလာသည်။ သူသည် ဘေးမှ သူငယ်ချင်းကို အလန့်တကြား လှုပ်နှိုးလိုက်ပြီး

"မင်း ခံစားမိလား… မြေကြီးက တုန်နေတယ်… နတ်ဆိုးမျိုးနွယ်တွေလား မသိဘူး"

သူ အရေးတကြီး ပြောလိုက်သည်။

ခရမ်းရောင်အစင်းပါသော ဂဏန်းမိစ္ဆာမှ

"ငါတို့ မနေ့ကတင် သူတို့ကို မောင်းထုတ်လိုက်တာပဲ… ပတ်ဝန်းကျင်က နတ်ဆိုးစခန်းတွေကိုလည်း ရှင်းပြီးသွားပြီ… ဘယ်က နတ်ဆိုးတွေ ရှိဦးမှာလဲ"

သူ စိတ်မရှည်စွာ ပြော၏။ သူ၏ နက်မှောင်သော မျက်လုံးများကိုပင် မဖွင့်ကြည့်ချေ။ အပြာရောင်အစင်းပါသော ဂဏန်းမိစ္ဆာမှာ တွေဝေသွားသည်။ ထိုစကားကလည်း ကျိုးကြောင်းဆီလျော်လှသည်။ သို့သော် သူ အပြင်ဘက်ရှိ မှောင်မိုက်စိုထိုင်းသော ပတ်ဝန်းကျင်ကို မကြည့်ဘဲ မနေနိုင်ပေ။ ထိုအခါ သူ မြင်လိုက်ရသည်မှာ အမှောင်ထုကြီးက ကင်းစခန်းဆီသို့ တွန့်လိမ်လှုပ်ရှားကာ ဒီရေလို တိုးဝင်လာနေခြင်းပင်။ သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး အချက်ပေးခေါင်းလောင်းကို အလိုအလျောက် ရိုက်ခတ်လိုက်တော့သည်။

ဒေါင်... ဒေါင်... ဒေါင်...

ခေါင်းလောင်း၏ ပြင်းထန်သော အသံမှာ ‘ဟန်လုံ-၄၁’ ကင်းစခန်းတစ်ခုလုံးသို့ ဟိန်းထွက်သွားသည်။ တာဝန်ကျနေသော ရေမိစ္ဆာအားလုံး လန့်နိုးလာကြပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။ သူတို့ မြင်လိုက်ရသည်မှာ ဝေးလံသော အရိပ်များထဲမှ ထွက်ပေါ်လာသော မြောက်မြားလှစွာသော အောက်ခြေနတ်ဆိုး လှိုင်းလုံးကြီးပင်။ သူတို့အကြားတွင် ဧရာမ ‘စစ်မှန်သော နတ်ဆိုး’ကြီးများမှာလည်း မားမားမတ်မတ် ပါလာကြသည်။

"နတ်ဆိုးတွေ တိုက်ပြီ… နတ်ဆိုးတွေ တိုက်ပြီ”

ရေမိစ္ဆာများသည် အားကုန်အော်ဟစ်လိုက်ကြသည်။ အချက်ပေးခေါင်းလောင်းများမှာလည်း တစ်ခုပြီးတစ်ခု ဆက်တိုက် မြည်လာ၏။ ‘ဟန်လုံ-၄၁’ တွင် အစွမ်းအထက်ဆုံးဖြစ်သော ‘ကျောက်နဂါးအရှင်သခင်’ မှာ သူ၏ နေအိမ်မှ ထွက်ပေါ်လာပြီး ကင်းစခန်း၏ အမြင့်ဆုံးနေရာသို့ တက်လာသည်။ ထိုကျောက်နဂါးမှာ တစ်ကိုယ်လုံး ရေခဲပြာရောင် ဖြစ်နေပြီး သူ၏ အကြည့်များမှာ စူးရှထက်မြက်လှသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လိုဏ်ဂူလမ်းကြောင်းများအတွင်း အရပ်မျက်နှာအနှံ့မှ တိုးဝင်လာသော နတ်ဆိုးစစ်တပ်ကို သူ မြင်လိုက်ရသည်။ ဝေးလံသော နေရာတစ်ခုတွင်လည်း နတ်ဆိုးအုပ်ကြီးကို အမိန့်ပေးနေသည့် ထိပ်တန်း ‘စစ်မှန်သော နတ်ဆိုးအရှင်’ တစ်ဦးကို သတိပြုမိလိုက်သည်။

"ဟန်လုံ-၄၁ ကင်းစခန်းက ကျောက်နဂါးတွေနဲ့ ရေမိစ္ဆာတွေ အားလုံး… တိုက်ပွဲအတွက် ပြင်ကြ”

ဟိန်းထွက်သွားသော နဂါးဟောက်သံကြီးက လေထုကို တုန်ခါသွားစေပြီး ကျောက်နဂါးနှင့် ရေမိစ္ဆာတိုင်း၏ စိတ်ထဲတွင် သတ္တိများကို နှိုးဆော်ပေးလိုက်သည်။ နောက်တစ်နေ့တွင် နတ်ဆိုးလှိုင်းလုံးကြီးမှာ ရှေ့သို့ တိုးဝင်လာပြီး လက်နက်ချင်း ထိခိုက်သံများမှာ အဆက်မပြတ် မြည်ဟည်းလာတော့သည်။

အလုံးအရင်းနှင့် တိုက်ပွဲကြီးမှာ စတင်ပေါက်ကွဲသွားခဲ့ပြီ။

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ ‘ကျားဖြူ-၄၁’ နှင့် ‘သွေးနတ်ဘုရား-၄၁’ ကင်းစခန်းများတွင်လည်း ဖြစ်ပွါးနေ၏။ ‘ရွှေ့ဝူ-၄၁’ ကင်းစခန်း တစ်ခုတည်းသာ တည်နေရာကောင်းမွန်သဖြင့် နောက်ဆုံးမှ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ဒေါင်... ဒေါင်... ဒေါင်...

စူးရှသော အချက်ပေးခေါင်းလောင်းသံ မြည်လာသည်။ ရှန်မို ခေတ္တမျှ နားနေခြင်းသာ ဖြစ်ပြီး ထိုအသံကို ကြားသည်နှင့် ချက်ချင်း မတ်တပ်ရပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန့်ပိုင်ရှန့်နှင့် ဝမ်အန်းရှင်းတို့လည်း ထွက်လာသည်ကို မြင်လိုက်ရ၏။ သုံးဦးသား အကြည့်ချင်းဖလှယ်လိုက်ကြပြီး စကားပြောရန်ပင် မလိုတော့ဘဲ ကင်းစခန်းတံတိုင်းဆီသို့ အပြေးသွားကြတော့၏။ သူတို့ ရောက်သွားသောအခါ ဒု-တပ်မှူး ဖုန်းချန်းမှာ အသင့်ရောက်နေပြီ ဖြစ်သည်။ ကျန့်ပိုင်ရှန့်သည် ဝေးလံသောနေရာရှိ မှောင်မည်းနေသော အစုအဝေးကြီးကို ဝေ့ကြည့်လိုက်ပြီး မျက်မှောင်ကို အလွန်အမင်း ကြုတ်လိုက်သည်။

ဖုန်းချန်း လေးနက်သော အသံဖြင့်

"ကျွန်တော်တို့ ပတ်ဝန်းကျင်က နတ်ဆိုးစခန်းအားလုံးကို ရှင်းလင်းပြီးသားပါ… နတ်ဆိုးမျိုးနွယ်စုတွေက ဒီလောက်အထိ မြောက်မြားလှတဲ့ အောက်ခြေနတ်ဆိုးတွေကို စုစည်းနိုင်တယ်ဆိုရင် ဒါဟာ တခြားနေရာကနေ သူတို့ကို လှုပ်ရှားခိုင်းလိုက်တာ ဖြစ်ရမယ်"

ဝမ်အန်းရှင်း သက်ပြင်းခပ်ဖွဖွချရင်း

"တတိယအလွှာမှာ ကင်းစခန်းတွေ အများကြီး ရှိတာဆိုတော့ နတ်ဆိုးတွေရဲ့ လှုပ်ရှားမှုကို အနည်းနဲ့အများ ကြိုသိနိုင်တယ်… ဒါပေမဲ့ စတုတ္ထအလွှာမှာ ငါတို့ရဲ့ အင်အားက အနည်းအကျဉ်းပဲ ရှိတာလေ"

"နတ်ဆိုးတွေ ဘယ်လို စုစည်းနေလဲဆိုတာကို ငါတို့ မသိတာ မင်းရဲ့ အမှားမဟုတ်ပါဘူး"

ကျန့်ပိုင်ရှန့် လေးနက်စွာ ပြောသည်။

"တခြားကင်းစခန်းတွေဆီကလည်း သတင်းရထားတယ်… သူတို့လည်း နတ်ဆိုးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်တဲ့"

"အခုအထိ ပေါ်လာတဲ့ နတ်ဆိုးဦးရေက သိပ်မများသေးပေမဲ့ နောက်ပိုင်းမှာ ဘယ်လောက်အထိ ထပ်ပေါ်လာဦးမလဲဆိုတာ လုံးဝ မသိနိုင်ဘူး"

"မင်းတို့ သုံးယောက်ရော ဘယ်လိုထင်လဲ… ဒီမှာပဲ ရပ်တည်ပြီး တိုက်မလား ဒါမှမဟုတ် ဆုတ်ခွာမလား"

ဖုန်းချန်း စိုးရိမ်တကြီး မေးလိုက်သည်။ အေးချမ်းမှု ခဏတာသာ ရှိခဲ့ပြီး စတုတ္ထအလွှာရှိ နတ်ဆိုးများ ယခုကဲ့သို့ အလုံးအရင်းနှင့် တိုက်ခိုက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူတို့ ကင်းစခန်းအားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဝံ့ကြသည်။

ဝမ်အန်းရှင်း မျက်မှောင်ကြုတ်လျက်

"ဒီလောက်များတဲ့ နတ်ဆိုးတွေက ဘယ်ကနေ ရောက်လာတာလဲ"

ကျန့်ပိုင်ရှန့် တိုးညှင်းသော အသံဖြင့်

"ငါသိသလောက်ဆိုရင် စတုတ္ထအလွှာတစ်ခုလုံးက 'ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးအရှင်သခင်ကြီး' ရဲ့ ပိုင်နက်ပဲ"

ကြီးမြတ်သော ကောင်းကင်နတ်ဆိုးအရှင်သခင် (၁၀) ပါး၏ ပိုင်နက်များကို တိတိကျကျ ခွဲခြားထားသည်။ စတုတ္ထအလွှာမှာ ပဉ္စမမြောက် နတ်ဆိုးအရှင်သခင်၏ လက်အောက်တွင် ရှိသည်။ ပိုမိုနက်ရှိုင်းသော အလွှာများအကြောင်းကိုမူ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ အနည်းငယ်သာ သိကြသည်။

ဖုန်းချန်း ခေါင်းငြိမ့်၍

“ဟုတ်ပါတယ်… ကျွန်တော်တို့ တိုက်ခိုက်နေရတဲ့ နတ်ဆိုးတွေက ပဉ္စမမြောက် သခင်ကြီးရဲ့ လက်အောက်ငယ်သားတွေ များပါတယ်"

"အရင်က ပဉ္စမမြောက် သခင်ကြီး သေသွားခဲ့ပြီး သခင်ကြီး အသစ်တစ်ယောက်က အဲ့ဒီရာထူးကို ဆက်ခံပြီးတဲ့နောက် အရင်လူရဲ့ လက်အောက်ငယ်သား တော်တော်များများက ဆဋ္ဌမမြောက် သခင်ကြီးဆီကို သစ္စာပြောင်းသွားကြတယ်"

"ဒါကြောင့် ကျန်ရှိနေတဲ့ ပဉ္စမမြောက် သခင်ကြီးရဲ့ နောက်လိုက်တွေကို တိုက်ခိုက်ရတာ ငါတို့အတွက် ဖိအား သိပ်မရှိခဲ့ဘူး"

ဤသည်ကို ကြားလိုက်ရသောအခါ ရှန်မို စဉ်းစားခန်း ဝင်သွား၏။ ယခုမှ သူ နားလည်သွားပြီ။ ယုတ္တိဗေဒအရဆိုလျှင် စတုတ္ထအလွှာတွင် ဤမျှလောက် များပြားလှသော နတ်ဆိုးများ မရှိသင့်ပေ။ သို့သော် ယခုအခါ အင်အားအလုံးအရင်းနှင့် ရောက်ရှိနေသည်။ အဖြေမှာ တစ်ခုတည်းကိုပဲ ညွှန်ပြနေ၏။

ဒီနတ်ဆိုးတွေဟာ ပိုပြီး နက်ရှိုင်းတဲ့ အလွှာတွေကနေ လာကြတာ ဖြစ်ရမယ်။ ပြီးတော့ ဒါကို သူတို့ အတော်ကြာမြင့်စွာကတည်းက စီစဉ်ထားခဲ့တာ ဖြစ်မယ်။ သူတို့က အချိန်ကောင်းကိုပဲ စောင့်နေခဲ့ကြတာပဲ။ ဒီနေရာမှာ တခြား ကောင်းကင်နတ်ဆိုးအရှင်သခင်တွေရဲ့ ပူးပေါင်းမှုလည်း ပါဝင်လိမ့်မယ်။

အကြောင်းမှာ တခြားသူ၏ ပိုင်နက်ထဲတွင် မိမိ၏ စစ်တပ်ကို ဝှက်ထားခြင်းမှာ အလွန် အန္တရာယ်များသောကြောင့်ပင်။

ကျန်းလုံရှန်း၏ ယုံကြည်မှုကို အပြည့်အဝ ရထားသော ကျန့်ပိုင်ရှန့်မှာ အခြေအနေကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။

"အခု ငါတို့မှာ ရွေးချယ်စရာ နည်းလမ်းနှစ်ခု ရှိတယ်"

"ပထမနည်းလမ်းကတော့ နေရာမရွှေ့ဘဲ ဒီမှာပဲ ခုခံပြီး အခြေအနေကို စောင့်ကြည့်မယ်… ငါတို့ရဲ့ အင်အားနဲ့ဆိုရင် ဒီနတ်ဆိုးလှိုင်းလုံးကို အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်လောက် ခုခံထားနိုင်ပါတယ်"

"ဒုတိယနည်းလမ်းကတော့ တခြားကင်းစခန်းက နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတွေနဲ့ ပူးပေါင်းပြီး တတိယအလွှာကို ဆုတ်ခွာမယ်… အဲ့ဒီမှာမှ ပြန်ပြီး အားယူကြမယ်"

အကယ်၍ သူတို့သာ ခုခံနိုင်မည်ဆိုပါက ထိုနတ်ဆိုးများသည် ရွေ့လျားနေသော ‘ဂုဏ်ထူးမှတ်’ များပင် ဖြစ်၏။ ဘယ်သူကမှ လက်မလွှတ်ချင်ကြပေ။

ဝမ်အန်းရှင်းမှာမူ သဘောထား ပြင်းပြင်းထန်ထန် မရှိပေ။ သူသည် စစ်ဗျူဟာများ စဉ်းစားရသည်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါ။ ကျန့်ပိုင်ရှန့်မှ အစီအစဉ်ချပြပြီးပြီဆိုတော့ သူ ခေါင်းစားမခံတော့ပေ။ ထို့နောက် သူတို့နှစ်ဦးလုံး ရှန်မိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူသည်လည်း တပ်မှူးတစ်ယောက် ဖြစ်သဖြင့် သူ၏ အမြင်ကလည်း အရေးကြီးသည်။

ရှန်မို လေးနက်စွာဖြင့်

"တပ်မှူးကျန့်… နတ်ဆိုးတွေက ဒါကို တကယ်ပဲ ကြာကြာပြင်ဆင်ထားတာဆိုရင် ကျွန်တော်တို့ရဲ့ ဆုတ်လမ်းကို ပစ်မှတ်ထားမှာကို စိုးရိမ်မိတယ်"

"အကယ်၍ တတိယအလွှာနဲ့ စတုတ္ထအလွှာကြားက လမ်းကြောင်းသာ အဖြတ်ခံလိုက်ရရင် ကျွန်တော်တို့ဟာ ပင်လယ်လယ်မှာ သောင်တင်နေတဲ့ လှေတစ်စင်းလို ဖြစ်သွားပြီး အချိန်မရွေး တိမ်းမှောက်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်"

ဤသည်ကို ကြားလိုက်ရသောအခါ ကျန့်ပိုင်ရှန့်၊ ဝမ်အန်းရှင်းနှင့် ဖုန်းချန်းတို့ အားလုံး တည်ငြိမ်သွားကြသည်။ အထူးသဖြင့် ဖုန်းချန်း ဖြစ်၏။ အစက သူ ဤအရွယ်ငယ်လွန်းသော တပ်မှူးလေးမှာ အသုံးဝင်သော အကြံပေးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရှန်မိုသည် ‘မီးလျှံကျောက်နဂါး တိမ်တိုက်သင်္ဘော’ ကို သွန်းလုပ်ခဲ့သည့် ကြီးမားသော စွမ်းဆောင်ချက်ကြောင့် တပ်မှူးအဖြစ် လျင်မြန်စွာ ရာထူးတိုးလာသူ မဟုတ်ပါလား။

အခြားတပ်မှူးများမှာမူ နှစ်ပေါင်းများစွာ သွေးချောင်းစီး တိုက်ပွဲများကို ဖြတ်သန်းပြီးမှ ဤရာထူးကို ရခဲ့ကြသူများ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှန်မိုသည် နာမည်ခံ တပ်မှူးတစ်ယောက်ဟုသာ သူ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှန်မို အခုပြောလိုက်သော စကားမှာ ဖုန်းချန်းကို ချက်ချင်း လေးစားသွားစေခဲ့သည်။

ဒါဟာ ထက်မြက်လှတဲ့ ခွဲခြမ်းစိတ်ဖြာမှုပဲ!

သူသည် အဓိကအချက်ကို ကွက်တိ ထောက်ပြနိုင်ခဲ့သည်။

ကျန့်ပိုင်ရှန့်မှ ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြ၏။

“တပ်မှူးရှန်ပြောတဲ့ အချက်က တကယ့်ကို မှန်ပါတယ်… ငါ ဒါကို လုံးဝ လွတ်သွားခဲ့တယ်"

"ငါတို့ ဒီမှာ ဆက်နေပြီး တိုက်၊ မတိုက် ဆိုတာက တတိယအလွှာက ကင်းစခန်းတွေရဲ့ အခြေအနေပေါ်မှာပဲ မူတည်သင့်တယ်"

ခဏမျှ စဉ်းစားပြီးနောက် သူ ဝမ်အန်းရှင်းဘက်သို့ လှည့်လိုက်သည်။

"အဘိုးကြီးဝမ်… လူတချို့ခေါ်ပြီး သွားကင်းထောက်လိုက်ပါ"

"တတိယအလွှာရဲ့ အခြေအနေကို တိကျတဲ့ သတင်း ပြန်ယူလာခဲ့ပါ"

"နားလည်ပြီ"

ဝမ်အန်းရှင်း ပြန်ဖြေကာ သူ ယုံကြည်ရသော လူအချို့ကို ရွေးချယ်ပြီး ကင်းစခန်းမှ ချက်ချင်း ပြေးထွက်သွားတော့သည်။

Chapter 459: ငါတို့ ပြိုင်ရအောင်

ရှန်မိုသည် ဝမ်အန်းရှင်းနှင့် အခြားသူများ၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း အတွေလွန်နေမိသည်။ ယခု သူပြောခဲ့သော စကားများမှာ သူ၏ ကံကြမ္မာစနစ်မှ လာခြင်းမဟုတ်ဘဲ သူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် အခြေအနေကို သုံးသပ်ဆုံးဖြတ်မှုမှ လာခြင်းဖြစ်သည်။ ရန်သူ၏ ဆုတ်လမ်းကို ဖြတ်တောက်ခြင်းနှင့် ရိက္ခာထောက်လှမ်းရေးကို ဖျက်ဆီးခြင်းတို့မှာ ရှေးယခင်ကတည်းက တိုက်ပွဲအတွေ့အကြုံရင့်ကျက်သော စစ်သူကြီးများ အကြိုက်တွေ့သည့် ဗျူဟာများပင် ဖြစ်သည်။ အကယ်၍ နတ်ဆိုးမျိုးနွယ်စုများက ဤအကြံအစည်ကို ကြာမြင့်စွာကတည်းက ကြံစည်ထားခြင်း ဖြစ်ပါက သူတို့ ထိုကဲ့သို့သော လှုပ်ရှားမှုကို သေချာပေါက် ထည့်သွင်းစဉ်းစားထားပေလိမ့်မည်။

အမှန်တကယ်တွင် ရှန်မို၏ ကံကြမ္မာစနစ်မှာ ဘာမျှပြောင်းလဲခြင်း မရှိသေးပေ။ ဆိုလိုသည်မှာ ယခုဖြစ်ပျက်နေသော အသေးအဖွဲ အပြောင်းအလဲများမှာ သူ၏ အလုံးစုံသော ကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲနိုင်လောက်အောင် အင်အားမရှိသေးခြင်းပင်။

"ဒါဟာ ငါ့ရဲ့ ခန့်မှန်းချက်ပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ... အမှန်တရား မဖြစ်ပါစေနဲ့"

ရှန်မို အတွေးများကို ရပ်တန့်လိုက်ပြီး အရှေ့ဘက်မှ တိုးဝင်လာနေသော အောက်ခြေနတ်ဆိုး လှိုင်းလုံးကြီးကို လှမ်းကြည့်လိုက်သည်။

မလှမ်းမကမ်းတွင် ရှိနေသော ကျန့်ပိုင်ရှန့်သည်လည်း အမှောင်ထုထဲမှ အလုံးအရင်းနှင့် ထွက်ပေါ်လာသော နတ်ဆိုးအုပ်ကြီးကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

"ဒီတစ်ခါ တိုက်ခိုက်တဲ့ နတ်ဆိုးအရေအတွက်က သိပ်မများလှပါဘူး"

"ခေါင်းဆောင်အဖြစ် ထိပ်တန်း 'စစ်မှန်သော နတ်ဆိုး' တစ်ကောင်ပဲ ပါတာပဲ… သူ့အောက်က ရွှေရောင်နဲ့ ငွေရောင်အဆင့် နတ်ဆိုးတွေလည်း အများကြီး မရှိပါဘူး"

"ဟဲဟဲ... ခံတပ်ထဲမှာ အကြာကြီး ထိုင်နေရတာနဲ့ ငါ့လက်ခြေတွေတောင် တောင့်တင်းနေပြီ"

"ရှန်မို… ဘယ်လိုလဲ… ဘယ်သူက နတ်ဆိုးပိုသတ်နိုင်မလဲဆိုတာ ပြိုင်ကြည့်မလား"

ရှန်မို ပြုံးလိုက်သော်လည်း ပြန်မဖြေခဲ့ပေ။

သတ်ဖြတ်မှု အရေအတွက်ကို ပြိုင်မည် ဟုတ်လား။

ကျန့်ပိုင်ရှန့်သည် အမြင့်ဆုံး 'အရှင်မြတ်' အဆင့်မှာ ရှိနေသော်လည်း နတ်ဆိုးသတ်ဖြတ်သည့် အရှိန်အဟုန်နှင့် ပတ်သက်လာလျှင် ရှန်မို မည်သူ့ကိုမျှ ကြောက်စရာ မလိုပေ။

ဖုန်းချန်းမှ ကြားဖြတ်၍

"တပ်မှူးကျန့်… ဒါက နည်းနည်းတော့ မတရားဘူး မဟုတ်လား"

"တပ်မှူးရှန်က လက်နက်တိုက်က လာတာလေ… သူက ရှေ့တန်းတိုက်ခိုက်ရေးထက် လက်နက်သွန်းလုပ်တဲ့ နေရာမှာ ပိုတော်တာ"

"ဒါ့အပြင် တပ်မှူးရှန်ရဲ့ ကျင့်ကြံဆင့်က တပ်မှူးကျန့်ထက် အများကြီး နိမ့်နေသေးတယ် မဟုတ်လား"

သူက အလျင်အမြန်ပင်

"တပ်မှူးရှန်… ကျွန်တော် စော်ကားတဲ့ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ စိတ်ထဲ မထားပါနဲ့"

ရှန်မို ခေါင်းငြိမ့်ပြုံးပြလိုက်ပြီး

"ကျွန်တော် နားလည်ပါတယ်"

ဖုန်းချန်း ပြောသည်မှာ လူအများ မြင်နေကျ အရှိတရားပင် ဖြစ်၏။ လက်နက်တိုက်မှ လာသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် များသောအားဖြင့် သွန်းလုပ်ခြင်းတွင်သာ ကျွမ်းကျင်ကြပြီး တိုက်ပွဲအတွေ့အကြုံ မရှိကြသည်မှာ ထူးဆန်းသည့် အရာမဟုတ်ပေ။ သို့သော် ထိုအချက်မှာ အခြားသူများအတွက်သာ မှန်ကန်ပေလိမ့်မည်။ ရှန်မိုအတွက်မူ မဟုတ်ပါ။

ကျန့်ပိုင်ရှန့် အားရပါးရ ရယ်မောလိုက်ပြီး

“ဟုတ်သားပဲ… သတ်ဖြတ်မှု အရေအတွက်နဲ့ ပြိုင်တာက ရှန်မိုအတွက် နည်းနည်းတော့ များသွားသလိုပဲ"

"ဒါဆိုရင် ဒီလိုလုပ်ရအောင်… အကယ်၍ တပ်မှူးရှန်က ငါရတဲ့ နတ်ဆိုးသတ် ဂုဏ်ထူးမှတ်ရဲ့ ထက်ဝက်လောက် ရနိုင်မယ်ဆိုရင် သူနိုင်ပြီလို့ သတ်မှတ်မယ်… မရရင် ငါနိုင်တာပေါ့… ဘယ်လိုလဲ"

ဖုန်းချန်း ခေါင်းငြိမ့်လိုက်သည်။

"ဒါကတော့ တရားမျှတပါတယ်… ဒါပေမဲ့ လောင်းကြေးမပါရင်တော့ ပေါ့ပျက်ပျက် ဖြစ်နေသလိုပဲ"

ကျန့်ပိုင်ရှန့် ခဏစဉ်းစားပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အရာတစ်ခုကို ထုတ်ယူကာ ဖုန်းချန်းထံသို့ လွှဲပစ်လိုက်သည်။ ထို့နောက် ရှန်မိုဘက်သို့ လှည့်ကာ

"ကြယ်စင်ဝိညာဉ်ကျောက်တုံး”

"ဒီပစ္စည်းကတော့ လောင်းကြေးအဖြစ် ထိုက်တန်တာထက်တောင် ပိုပါသေးတယ်"

ရှန်မို၏ မျက်လုံးများ တောက်ပသွား၏။ ကောင်းကင်တာအို ဘဏ္ဍာတိုက်တွင် 'ကြယ်စင်ဝိညာဉ်ကျောက်တုံး' သည် ကောင်းကင်အဆင့်ရှိ ထိပ်တန်းရတနာ တစ်ခုဖြစ်၏။ ၎င်းကို စိတ်ဝိညာဉ်လက်နက်တစ်ခုအတွင်း ထည့်သွင်းလိုက်ပါက ထိုလက်နက်၏ စိတ်ဝိညာဉ်အရှိန်အဝါကို မြှင့်တင်ပေးနိုင်သည်။ အကယ်၍ လက်နက်တွင် ဝိညာဉ်မရှိသေးပါက ဤကျောက်တုံးက ဝိညာဉ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ပါသည်။ လက်နက်တွင် ဝိညာဉ်ရှိပြီးသား ဖြစ်ပါကလည်း ၎င်း၏ အသိဉာဏ်ကို ပိုမိုနက်ရှိုင်းစေပြီး ပိုင်ရှင်နှင့် ချိတ်ဆက်မှုကို အားကောင်းစေကာ လက်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ စိတ်တိုင်းကျ အသုံးပြုနိုင်စေမည် ဖြစ်သည်။ ဤကဲ့သို့သော ကျောက်တုံးတစ်တုံးကို ရယူရန် ဘီအဆင့် စစ်မှုထမ်းဂုဏ်ထူး အမှတ် (၂၀) ခန့် လိုအပ်သည်။ ၎င်းအပြင် တစ်ခါလဲလျှင် လေးတုံးသာ ကန့်သတ်ချက်ရှိပြီး အရင်လာသူ အရင်ရစနစ်ဖြင့်သာ လဲလှယ်နိုင်သည်။

အစက ရှန်မို ဤပြိုင်ပွဲကို သိပ်စိတ်မဝင်စားခဲ့သော်လည်း ယခုအခါတွင်မူ စိတ်အားထက်သန်လာသည်။ အဓိကမှာ ကျန့်ပိုင်ရှန့်ကဲ့သို့ ဝါရင့်ကျွမ်းကျင်သူ တစ်ဦးနှင့် ယှဉ်ပြိုင်ရင်း မိမိကိုယ်ကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။ သူ၏ အားသာချက်များကို လေ့လာပြီး မိမိ၏ အားနည်းချက်များကို ဖြည့်ဆည်းရန်အတွက်ပင်။ ကြယ်စင်ဝိညာဉ်ကျောက်တုံးကြောင့် မဟုတ်သည်မှာ သေချာလှသည်။ မှန်ပါသည်။ လုံးဝ မဟုတ်ပါ။

ရှန်မို သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ ကျန့်ပိုင်ရှန့် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။

"မင်းနိုင်ရင် ကြယ်စင်ဝိညာဉ်ကျောက်တုံးက မင်းဟာ ဖြစ်မယ်… ရှုံးရင်တော့ ဘီအဆင့် ဂုဏ်ထူးမှတ် (၁၀) မှတ်ကို ငါ့ဆီ လွှဲပေးရုံပဲ"

"သဘောတူတယ်… စကြစို့… ငါလည်း လက်ယားနေတာနဲ့ အတော်ပဲ"

ဟိန်းဟောက်သံကြီးနှင့်အတူ သူ၏ ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ လက်ကောက်ဝတ်ကို လှည့်လိုက်သည်နှင့် အပြာရောင် ဓားရှည်တစ်လက် သူ၏လက်ထဲတွင် ပေါ်လာ၏။ သူ ဓားကို လွှဲချလိုက်ရာ အပြာရောင် ဓားအလင်းတန်းတစ်ခုမှာ နတ်ဆိုးလှိုင်းလုံးကြီးထဲသို့ ပေါက်ကွဲဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အောက်ခြေနတ်ဆိုး ဆယ်ဂဏန်းခန့်မှာ ကိုယ်ခန္ဓာများ ပြတ်တောက်၍ သွေးနှင့် အသားစများ နေရာအနှံ့ လွင့်စင်သွားတော့သည်။ ပြင်းထန်သော ဓားအလင်းမှာ မြေပြင်ကို ဧရာမ ထွန်တုံးကြီးကဲ့သို့ ထိုးခွဲသွားပြီး နက်ရှိုင်းသော မြောင်းကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုလမ်းကြောင်းတစ်လျှောက်တွင် နတ်ဆိုးများ၏ ခြေလက်များနှင့် အလောင်းများသာ ကျန်ရစ်ခဲ့လေ၏။

ဖုန်းချန်း၏ မျက်နှာတွင် အထင်အရှား အားကျနေသည့် အရိပ်အယောင်များ ပေါ်လာသည်။ ဒါဟာ ထိပ်တန်း ‘အရှင်မြတ်’ တစ်ယောက်ရဲ့ စွမ်းအားပင်။ သာမန် တိုက်ခိုက်မှုတစ်ခု၌ပင် နတ်ဆိုးအရှိန်အဝါများ လွှမ်းမိုးထားသော အောက်ခြေနတ်ဆိုးများကို အတုံးအရုံး သတ်ဖြတ်ရန် လုံလောက်နေသည်။

အပြင်ဘက် အမှောင်ထုထဲမှ ဒေါသတကြီး ဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

"လူသား အရှင်သခင်အဆင့်က အောက်ခြေနတ်ဆိုးတွေကို တိုက်ခိုက်ဝံ့တယ် ဟုတ်လား… မင်းတို့ လူသားတွေက တကယ့်ကို အရှက်မရှိတာပဲ”

ပုံရိပ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး လေထုထဲတွင် ဝဲပျံကာ ဒေါသတကြီး ကြည့်နေသည်။

ရှန်မိုသည် ထိုသူကို စေ့စေ့ကြည့်လိုက်ရာ တိုက်ခိုက်မှုကို ဦးဆောင်နေသော ထိပ်တန်း 'စစ်မှန်သော နတ်ဆိုး' ပင် ဖြစ်သည်။ လူသားပုံသဏ္ဌာန် ရှိသော်လည်း ထူထပ်လှသော နက်မှောင်သည့် မြူခိုးများဖြင့် ဖုံးလွှမ်းထားသဖြင့် သူ၏ ရုပ်သွင်အစစ်အမှန်ကို မမြင်ရပေ။ သူ၏ လက်မောင်းကို ရုတ်တရက် ဝေ့ယမ်းလိုက်ရာ ထူထပ်သော မြူခိုးများမှာ ဧရာမ ဦးခေါင်းခွံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကင်းစခန်းဆီသို့ ပြေးဝင်လာသည်။

"အဘိုးကြီးဖုန်း… အဲ့ဒီ နတ်ဆိုးကို မင်း ထိန်းထားနိုင်မလား"

ကျန့်ပိုင်ရှန့်က အနည်းငယ် ပြုံးရင်း မေးလိုက်သည်။

"သူ့ကို ငါနဲ့ တပ်မှူးရှန်တို့ရဲ့ ပွဲကို လာနှောင့်ယှက်ခွင့် မပေးနိုင်ဘူး"

ဖုန်းချန်း သူ၏ လက်ဆစ်များကို ချိုးလိုက်ပြီး ဖြီးပြလိုက်သည်။

"စိတ်မပူပါနဲ့ တပ်မှူးကျန့်… သူ့ကို ကျွန်တော် အပြတ်မတိုက်နိုင်ရင်တောင် တားထားဖို့ကတော့ အေးအေးဆေးဆေးပါပဲ"

"မင်းတို့နှစ်ယောက်သာ ပြိုင်ပွဲကို အာရုံစိုက်ကြပါ"

ထိုသို့ပြောပြီးနောက် သူသည် မြေပြင်ကို ဆောင့်နင်းကာ ပျံလွှားငှက်တစ်ကောင်ကဲ့သို့ ရှေ့သို့ ဒုန်းစိုင်းထွက်သွားသည်။ ထို့နောက် သူ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ သွေးစွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာ၏။ ချက်ချင်းဆိုသလိုပင် ထိုစွမ်းအင်များ ဧရာမ ရွှေရောင်လက်သီးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြူခိုးဦးခေါင်းခွံမှာ ကင်းစခန်းဆီသို့ မရောက်မီမှာပင် ရွှေရောင်လက်သီးကြီးနှင့် ထိပ်တိုက် တိုးသွားလေတော့သည်။

ကင်းစခန်း၏ အထက်တွင် အကာအကွယ်တစ်ခု ရုတ်တရက် လင်းလက်လာသည်။

ဘုန်း!

ရွှေရောင်လက်သီးကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ မြူခိုးဦးခေါင်းခွံမှာလည်း အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့၏။

"ဟဲဟဲ... ကင်းစခန်းရဲ့ အကာအကွယ် အကူအညီနဲ့ဆိုရင် ငါ့လို ရွှေရောင်အဆင့် အရှင်သခင်တောင် ထိပ်တန်း နတ်ဆိုးတစ်ကောင်ကို တားထားနိုင်တာပေါ့"

ဖုန်းချန်း ယုံကြည်မှုအပြည့်ဖြင့် သူ၏ လက်သီးကို ပွတ်ရင်း ရယ်မောလိုက်သည်။

ရှန်မို ထိုအကာအကွယ်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်။ သူ ထိုအကာအကွယ်၏ အမည်ကို မှတ်မိသည်။ ၎င်းမှာ မြေကမ္ဘာအဆင့်ရှိ ထိပ်တန်းအစီအရင်တစ်ခုဖြစ်သော တံခါး (၈) ခု စစ်မှန်သော ကိုးကွယ်မှုအစီအရင်’ ဖြစ်ပြီး တိုက်စစ်နှင့် ခုခံစစ် နှစ်မျိုးလုံးတွင် အလွန် အစွမ်းထက်သော အကာအကွယ်ဖြစ်သည်။ ၎င်းကို အသက်သွင်းလိုက်ပါက အတွင်းပိုင်းမှ ထွက်ပေါ်လာသော သွေးစွမ်းအင်အခြေခံ သိုင်းပညာအားလုံးကို အားဖြည့်ပေးသည်။ ထိုအာကြောင့်သာ ဖုန်းချန်း ထိပ်တန်းနတ်ဆိုးနှင့် ရင်ဆိုင်နိုင်ခြင်း ဖြစ်၏။ ကျန်းလုံရှန်းသည် ကင်းစခန်းတစ်ခုကို ကာကွယ်ရန်အတွက် ဤမျှ တန်ဖိုးရှိသော အကာအကွယ်ကို ရင်းနှီးမြှုပ်နှံထားသည်မှာ သိသာလှသည်။

ဘုန်း! ဘုန်း! ဘုန်း!

တောက်ပသော အပြာရောင် ဓားအလင်းတန်းများသည် အောက်ခြေနတ်ဆိုးများကို လှီးဖြတ်သွား၏။ ကျန့်ပိုင်ရှန့် သူ၏ စွမ်းအားကို ပြသနေသည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နတ်ဆိုးများ အတုံးအရုံး လဲကျကုန်သည်။ ၎င်းကို မြင်ရသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ၏ စိတ်ဓာတ်မှာလည်း မြင့်တက်လာတော့သည်။

ရှန်မို သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်ရာ လက်ဖဝါးမှ သွေးစွမ်းအင်များ တိုးထွက်လာသည်။ ရှေးဟောင်းပြီး ခန့်ညားလှသော လှံရှည်တစ်လက် သူ၏လက်ထဲတွင် ပေါ်လာ၏။ ၎င်း၏ အရှိန်အဝါမှာ ထူးဆန်းပြီး ခန့်ညားထည်ဝါလှသည်။ ၎င်းသည် ငရဲပြည်ကို ချိတ်ပိတ်နိုင်စွမ်းရှိသော စမ်းချောင်းဝါ ရေထဲတွင် နှစ်စိမ်ထားသည့် နတ်ဆိုးလှံတစ်လက်ကဲ့သို့ ခံစားရ၏။ သို့သော် တစ်ချိန်တည်းမှာပင် ကောင်းကင်နန်းတော်ရှိ ဘုရားကျောင်းများတွင် ပူဇော်ထားပြီး အမွှေးနံ့သာများဖြင့် ထာဝစဉ် ကောင်းချီးပေးခံထားရသော နတ်ဘုရားလှံတစ်လက်၏ သန့်စင်သော စွမ်းအားများလည်း ဖြာထွက်နေသည်။ 'နတ်ဆိုးနှိမ်နင်းခြင်း' နှင့် 'နတ်ဘုရားသန့်စင်ခြင်း' ဟူသော လုံးဝ ဆန့်ကျင်ဘက် အရှိန်အဝါနှစ်ခုမှာ လက်နက်တစ်ခုတည်းတွင် အတူတကွ တည်ရှိနေကြသည်။

မလှမ်းမကမ်းတွင် ကျန့်ပိုင်ရှန့်သည် နတ်ဆိုးအဖြစ် ပြောင်းလဲနေသော ကျောက်နဂါးတစ်ကောင်ကို ထက်ပိုင်းပိုင်းလိုက်သည်။ သူ စိတ်လှုပ်ရှားနေစဉ်မှာပင် မျက်စိတစ်ချက်အကြည့်မှာ ရှန်မို၏ လက်ထဲရှိ လှံရှည်ဆီသို့ ရောက်သွား၏။ သူ၏ မျက်နှာထားမှာ အံ့သြမှုကြောင့် ပြောင်းလဲသွားသည်။ ထိုလှံဆီမှ ခြိမ်းခြောက်မှုတစ်ခုကို အမှန်တကယ် ခံစားလိုက်ရပြီး ထိုအရာကို သူ လုံးဝ မထင်ထားခဲ့ပေ။

"ဒါက ဘာပစ္စည်းလဲ… စိတ်ဝိညာဉ်လက်နက်လား… မဟုတ်လောက်ဘူး… သိုင်းပညာ တစ်မျိုးနဲ့ ပိုတူတယ်..."

ကျန့်ပိုင်ရှန့် ထိတ်လန့်သွားသည်။ သူ ရှန်မို၏ တိုက်ခိုက်ရေးစွမ်းရည်ကို အထင်သေးခဲ့မိကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

'ဒုက္ခပဲ... ကြယ်စင်ဝိညာဉ်ကျောက်တုံးတော့ တကယ်ပဲ ဆုံးရှုံးရတော့မလား မသိဘူး...'

သူ၏ ရင်ထဲတွင် တင်းကြပ်သွားသည်။

သူ ရှန်မိုဘက်သို့ တစ်ဖန် ပြန်ကြည့်လိုက်၏။ သို့သော် ရှန်မိုမှာ ထိုနေရာတွင် မရှိတော့ပေ။ သူသည် ပြင်းထန်သော လေပြင်းတစ်ခုကဲ့သို့ နတ်ဆိုးအုပ်ကြီးထဲသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။ ထိုလှံရှည်မှာ အထက်မြက်ဆုံး မြှားတစ်စင်းကဲ့သို့ပင်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နတ်ဆိုးမျိုးနွယ်များ အားလုံး ပျက်သုဉ်းကုန်၏။ သူ၏ သတ်ဖြတ်နိုင်စွမ်းမှာ ကျန့်ပိုင်ရှန့်ထက် အဆပေါင်းများစွာ သာလွန်နေသည်။

ကျန့်ပိုင်ရှန့် မျက်လုံးပြူးသွားသည်။

'အမလေးလေး... သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် သတ်နိုင်နေတာလဲ’

'ဒီလူက ဘယ်ကျင့်ကြံဆင့်မှာ ရှိနေတာလဲ… ထိပ်တန်း အရှင်မြတ်လား… ကြည့်ရတာတော့ မဟုတ်သလိုပဲ...'

'မဖြစ်သေးဘူး… ငါသာ အချိန်ဆွဲနေရင် ရှန်မိုကို တကယ်ပဲ ရှုံးတော့မှာပဲ!'

ထိုအတွေးမှာ သူ၏ စိတ်ထဲတွင် လျှပ်ပြက်သကဲ့သို့ ဖြတ်ပြေးသွားပြီးနောက် ကျန့်ပိုင်ရှန့်သည်လည်း သူ၏ လှုပ်ရှားမှုများကို မြှင့်တင်လိုက်ကာ ဘာအင်အားမှ ချန်မထားဘဲ အစွမ်းကုန် တိုက်ခိုက်ပါတော့သည်။

All Chapters