← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

Chapter 460: ရှန်မို့ကို ကျိန်စာ မတိုက်နိုင်လည်း ရပါတယ်

ဖုန်းချန်း၏ တားဆီးခြင်းကို ခံထားရသည့် ထိပ်တန်းနတ်ဆိုးအရှင် အန်းကျန့်လွမ်မှာ လုံးဝ ဆွံ့အသွားရသည်။

'တောက်... အစွမ်းထက်တဲ့ လူသားနှစ်ယောက်တောင် ဒီမှာ ဘယ်လိုလုပ် ရှိနေတာလဲ’

တစ်ယောက်မှာ ကြည့်လိုက်သည်နှင့် သိသိသာသာ 'အမြင့်ဆုံး အရှင်သခင်’ အဆင့်မှာ ရှိနေသော်လည်း၊ နောက်တစ်ယောက်မှာမူ ထိုအဆင့်မဟုတ်ပါဘဲ နတ်ဆိုးသတ်သည့် အရှိန်အဟုန်မှာ ထိုလူထက် မနိမ့်သည့်အပြင် ပိုတောင် မြန်နေသေးသည်။

ဤကင်းစခန်းတွင် ဤမျှ အစွမ်းထက်သည့် လူသားပညာရှင် နှစ်ယောက် ဘယ်တုန်းက ရောက်နေသနည်း။

"တောက်... လူသားတွေက ဒီကင်းစခန်းကို တိတ်တဆိတ် အင်အားဖြည့်ထားတာ ဖြစ်ရမယ်”

အန်းကျန့်လွမ် အံကြိတ်လိုက်မိသည်။ သတင်းအချက်အလက်ပိုင်းတွင် ကြီးကြီးမားမား အမှားအယွင်း ရှိသွားခဲ့ပြီ။

လုံးဝကို ခန့်မှန်းချက် မှားသွားခြင်းပင်။

သို့သော် အခုချက်ချင်း ဆုတ်ခွာရန်လည်း သူ မဝံ့ရဲသေးပေ။ အကယ်၍ အရမ်းမြန်မြန် ဆုတ်ခွာသွားပါက ပဉ္စမမြောက် နတ်ဆိုးအရှင်သခင်ကြီး ဒေါသထွက်မှာ သေချာသည်။ ထိုအခါ သူ တကယ့်ကို ဒုက္ခရောက်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ခဏလောက်တော့ ဆက်တိုက်ရဦးမည်။

တိုက်ပွဲမှာတော့ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်၏။ ရှန်မိုနှင့် ကျန့်ပိုင်ရှန့်တို့၏ ကြားဝင်မှုကြောင့် အောက်ခြေနတ်ဆိုးများမှာ ချေမွခြင်းခံရသည့် ကြက်ကလေးများနှယ် အလွယ်တကူ ချေမှုန်းခံနေရသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာလည်း ဝမ်းသာအားရ ဖြစ်နေကြ၏။ သူတို့သည် နတ်ဆိုးများကို ပြန်လည် တိုက်ခိုက်နေရင်း ကြားဖူးနားဝ ရှိထားသည်များကိုပင် အချင်းချင်း စကားစမြည် ပြောနေကြသေးသည်။

"ကြားတာတော့ တပ်မှူးကျန့်နဲ့ တပ်မှူးရှန်တို့ ဘယ်သူ နတ်ဆိုး ပိုသတ်နိုင်မလဲဆိုတာ လောင်းကြေးထပ်ထားကြတယ်ဆို..."

"ဟုတ်တယ်… ဒါပေမဲ့ ကျင့်ကြံဆင့်ချင်း ကွာနေလို့ တပ်မှူးကျန့်က တပ်မှူးရှန်အနေနဲ့ သူရတဲ့ ဂုဏ်ထူးမှတ်ရဲ့ ထက်ဝက်လောက် ရရင်ပဲ နိုင်ပြီလို့ သတ်မှတ်ပေးမယ်လို့ ပြောထားတာ"

"လောင်းကြေးက 'ကြယ်စင်ဝိညာဉ်ကျောက်တုံး' တဲ့ဗျ… ဘီအဆင့် ဂုဏ်ထူးမှတ် (၂၀) တောင် တန်တဲ့ ရတနာကြီးလေ”

“ဟား... တပ်မှူးတွေဆိုတော့လည်း လောင်းကြေးက တကယ့်ကို ရက်ရက်ရောရောပဲနော်"

"ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့... တပ်မှူးကျန့်က တပ်မှူးရှန်လောက် နတ်ဆိုးသတ်တာ မမြန်သလိုပဲ..."

အစောင့်တပ်သားများသည် အံ့သြတကြီးဖြင့် လှမ်းကြည့်ရင်း ပြောဆိုနေကြသည်။

ဂျုံပင်ကို ရိတ်သိမ်းသည့် တံစဉ်တစ်ခုကဲ့သို့ ရန်သူများကို အတုံးအရုံး သတ်ဖြတ်နေသော ရှန်မိုကို ကြည့်ပြီး ကျန့်ပိုင်ရှန့်၏ နဖူးတွင် ချွေးများ စို့လာသည်။ သူ၏ နတ်ဆိုးနှိမ်နင်းရေး လက်ပတ်ကို ကြည့်လိုက်၏။ နတ်ဆိုးများကို သတ်ဖြတ်ခြင်းဖြင့် ဘီအဆင့် ဂုဏ်ထူးမှတ် တစ်မှတ် ရရှိထားပြီ ဖြစ်သည်။ သူ လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး မသိမသာ ဟန်လုပ်ကာ အော်ပြောလိုက်သည်။

"ရှန်မို… ငါတော့ ဘီအဆင့် ဂုဏ်ထူးမှတ် နှစ်မှတ်တောင် ရနေပြီ… မင်းရော ဘယ်လိုလဲ"

"အကယ်၍ ကွာခြားချက်က အရမ်းကြီးနေရင် ဆက်မပြိုင်တော့လည်း ရပါတယ်ကွာ အတင်းအကြပ် လုပ်နေဖို့ မလိုပါဘူး"

ရှန်မိုမှ 'ရွှေရောင်အထွတ်အထိပ်' အဆင့်ရှိ စစ်မှန်သော နတ်ဆိုးအရှင် တစ်ကောင်၏ နှလုံးသားကို သူ၏လှံဖြင့် အသာလေး ထိုးဖောက်လိုက်ပြီး သူ၏ လက်ပတ်ကို ကြည့်ကာ အံ့သြတကြီး ပြောလိုက်သည်။

"ကျွန်တော်ကတော့ ဘီအဆင့် ဂုဏ်ထူးမှတ် တစ်မှတ်နဲ့ စီအဆင့် အမှတ် ၂၀ ကျော်ပဲ ရသေးတယ်"

"တပ်မှူးကျန့်က တကယ်ကို တော်တာပဲ… ဘီအဆင့် နှစ်မှတ်တောင် ရနေပြီလား"

ကျန့်ပိုင်ရှန့်၏ နဖူးမှ ချွေးများ ပိုမို စီးကျလာသည်။ ရှန်မို၏ လေသံအရ ထိုလူမှာ လိမ်ပြောနေခြင်း မဟုတ်ကြောင်း သူ သိလိုက်သည်။

'တောက်... ဒီကောင်က တကယ်ကို အရှိန်အဟုန်နဲ့ သတ်နေတာပဲ!'

ရွှေရောင်အထွတ်အထိပ် နတ်ဆိုးများကို သတ်သည့်နေရာတွင် ရှန်မိုမှာ သူ့ထက်တောင် ပိုမြန်နေသေးသည်။ လှံဖြင့် တစ်ချက် ထိုးလိုက်ရုံဖြင့် ရန်သူက သေသွားသည်။ သူကမူ အနည်းဆုံး နှစ်ကွက်လောက် သုံးရသေး၏။

ကျန့်ပိုင်ရှန့်က ဟန်ဆောင် ပြုံးလိုက်ပြီး

"ဟားဟား... တပ်မှူးရှန်လည်း မဆိုးပါဘူးဗျာ"

ရှန်မိုက ပြန်အော်ပြောလေ၏။

"ကွာခြားချက်က သိပ်မကြီးပါဘူး… ကျွန်တော်တို့ ဆက်ပြိုင်လို့ ရပါသေးတယ်… တပ်မှူးကျန့်ကော ဘယ်လိုထင်လဲ"

ကျန့်ပိုင်ရှန့် အတင်းပြုံးလိုက်ပြီး

"ရ... ရတာပေါ့… ဆက်ပြိုင်ကြတာပေါ့..."

ရှန်မို ခေါင်းစောင်းပြီး

"ဟင်... တပ်မှူးကျန့်… ခင်ဗျားရဲ့ အပြုံးက ဘာလို့ ငိုမဲ့မဲ့ကြီး ဖြစ်နေတာလဲ"

ကျန့်ပိုင်ရှန့် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

'မင်းလည်း ဘီအဆင့် ဂုဏ်ထူးမှတ် (၂၀) တန်တဲ့ ရတနာကြီးကို ဆုံးရှုံးရတော့မယ်ဆိုရင် ဒီလို ငိုမဲ့မဲ့ ဖြစ်မှာပဲ!'

သို့သော် ၎င်းကို သူ ထုတ်မပြောနိုင်ပါ။ လူကြီးတစ်ယောက်အနေဖြင့် ဟန်ကိုတော့ ထိန်းရဦးမည်။

"ငါ... ဝမ်းနည်းစရာတစ်ခုကို သွားသတိရလိုက်လို့ပါ"

သူ စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။

ရှန်မိုက ရှေ့သို့ ပြေးဝင်ကာ သူ၏ စမ်းချောင်းဝါ နတ်ဘုရားလှံကို လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ပြီး တံတိုင်းပေါ်တက်ရန် ကြိုးစားနေသည့် ရွှေရောင်အထွတ်အထိပ် နတ်ဆိုးတစ်ကောင်ကို မှုန့်မှုန့်ညက်ညက် ချေမှုန်းလိုက်သည်။ ထို့နောက် သူ ဆက်၍

"ဘာကိစ္စလဲဗျ… ကျွန်တော့်ကို ပြောပြလို့ ရမလား"

ကျန့်ပိုင်ရှန့်သည် ထိုပြင်းထန်လှသော တိုက်ကွက်ကို မြင်လိုက်ရသောအခါ မျက်ခွံများ တွန့်သွားရ၏။ ခဏအကြာတွင် သူ သက်ပြင်းချလိုက်ပြီး

"အရင်တုန်းက ငါ့ရဲ့ ဒု-တပ်မှူး တစ်ယောက် ဒီနေရာမှာပဲ သေဆုံးခဲ့ဖူးလို့ပါ"

မလှမ်းမကမ်းတွင် ဖုန်းချန်းသည် ထိပ်တန်းနတ်ဆိုးအရှင်၏ မြူခိုးလက်ဝါးကြီးကို ရှောင်လိုက်ရင်း ခေါင်းကို ကုတ်ကာ အော်ပြောလိုက်သည်။

"တပ်မှူးကျန့်… ကျွန်တော် သိသလောက်ဆိုရင် ခင်ဗျားမှာ ကျွန်တော် တစ်ယောက်တည်းပဲ ဒု-တပ်မှူး ရှိတာ မဟုတ်လား"

"ကျွန်တော် ဘယ်တုန်းက သေသွားလို့လဲ… ဘာလို့ ကျွန်တော်ကိုယ်တိုင် မသိရတာလဲဗျ"

ကျန့်ပိုင်ရှန့်၏ မျက်နှာမှာ တောင့်တင်းသွားပြီး ဖုန်းချန်းကို အဝေးမှနေ၍ မျက်စောင်းထိုးလိုက်သည်။

'တောက်... မပြောတတ်ရင် ပါးစပ်ပိတ်ထားစမ်း!'

ရှန်မိုမှာ သနားသလို စုတ်သပ်လိုက်မိသည်။ ကျန့်ပိုင်ရှန့်ကတော့ စိတ်ကြည်ပုံမရတော့ပေ။

ဆက်ပြီး စကားမပြောတော့တာ အကောင်းဆုံးပဲ။

ယခု အဓိက တာဝန်မှာ ဤဒေသရှိ နတ်ဆိုးတွေ၏ သတင်းမှားယွင်းမှုကို အခွင့်ကောင်းယူကာ ဂုဏ်ထူးမှတ်များ ရအောင် အမြန်ဆုံး သတ်ဖြတ်ရန်ပင်။

…

အဝေးမှ အရိပ်များထဲတွင် ထိပ်တန်း 'စစ်မှန်သော နတ်ဆိုးအရှင်' နှစ်ပါးမှာ ဘေးတစ်ဖက်တစ်ချက်တွင် တိတ်ဆိတ်စွာ ရပ်နေရင်း တိုက်ပွဲကို ကြည့်နေကြသည်။ သူတို့မှာ စတုတ္ထမြောက် နတ်ဆိုးအရှင်သခင်ကြီး 'အန်းကျိုး' ၏ လက်အောက်ခံ အန်းကျန့်မန် နှင့် ဆဋ္ဌမမြောက် နတ်ဆိုးအရှင်သခင်ကြီး 'အန်းချန်' ၏ လက်အောက်ခံ အန်းကျန့်ဖုန်းတို့ ဖြစ်ကြသည်။ အန်းကျန့်မန်သည် အန်းကျန့်ဖုန်း၏ နောက်တွင် ခြေတစ်လှမ်းခန့် ဆုတ်ကာ ရပ်နေ၏။ ၎င်းမှာ သူတို့ကြားက အဆင့်အတန်း ကွာခြားချက်ကို ဖော်ပြနေခြင်း ဖြစ်သည်။ အန်းကျန့်မန်မှာ သာမန် စစ်မှန်သော နတ်ဆိုးသွေးမျိုးနွယ် ဖြစ်သော်လည်း အန်းကျန့်ဖုန်းမှာမူ အန်းချန်၏ တိုက်ရိုက် သွေးမျိုးဆက် ဖြစ်သည်။ သူသည် အန်းချန်၏ အချစ်တော် ဖြစ်ပြီး အန်းကျန့်တောင်ရှိ နတ်ဆိုးများကြားတွင် အဆင့်အတန်း အလွန်မြင့်မားသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ကို ဤတာဝန်အတွက် စေလွှတ်လိုက်ခြင်း ဖြစ်၏။

အန်းကျန့်မန် ရိုသေစွာဖြင့်

"သခင်လေး… ရှန်မိုက အရမ်း သတိကြီးတယ်… အခုအချိန်အထိ ကျွန်တော်တို့ဆီမှာ သူ့ရဲ့ ဆံပင်၊ သွေး၊ အဝတ်အစားစတွေ ဘာမှ မရှိသေးဘူး… ဒါကြောင့် သူ့ကို ကျိန်စာတိုက်ပြီး သတ်ဖို့ ခက်နေပါတယ်"

"ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ ခဏ ဆုတ်ခွာပြီး အခွင့်ကောင်းကို စောင့်သင့်ပါတယ်"

အန်းကျန့်ဖုန်းသည် တိုက်ပွဲအတွင်း အစွမ်းပြနေသော ရှန်မိုကို ကြည့်ပြီး သူ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ ရှန်မိုသည် နတ်ဆိုးမျိုးနွယ်စု၏ 'သတ်ဖြတ်ရမည့် စာရင်း' တွင် ထိပ်ဆုံး အယောက် (၂၀) အတွင်း ရောက်နေပြီ ဖြစ်သည်။ ထိုစာရင်းဝင် အယောက် (၂၀) ထဲတွင် ပါဝင်သူများသည် များသောအားဖြင့် ခံတပ်ကြီးများတွင် တာဝန်ကျနေသော နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများ သို့မဟုတ် အလွန်အစွမ်းထက်သော ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ ဖြစ်ကြ၏။ ရှန်မိုကဲ့သို့ လူငယ်တစ်ယောက် ထိုအယောက် (၂၀) အတွင်း ပါဝင်လာခြင်းမှာပင် သူ၏ တန်ဖိုးက မည်မျှကြီးမားကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ စာရင်းထဲရှိ အခြားသူများမှာ အလွန်အစွမ်းထက်လွန်းသူများ သို့မဟုတ် အဆင့်အတန်း မြင့်လွန်းသူများ ဖြစ်သဖြင့် နတ်ဆိုး ပင်လယ်ပြင်တွင် လွယ်လွယ်ကူကူ ပေါ်လာလေ့ မရှိပေ။ သို့သော် ထိုစာရင်းထဲတွင် ရှန်မိုသည် အားအနည်းဆုံး ဖြစ်၏။ ထို့အပြင် အခု သူတို့၏ မျက်စိရှေ့တွင်တင် ရှိနေသည်။

အန်းချန်၏ သားတစ်ယောက်အနေဖြင့် အန်းကျန့်ဖုန်းသည် သူ၏ဖခင်ထံမှ စရိုက်တစ်ခုကို အမွေရထားသည်။ ၎င်းမှာ 'လောဘ' ပင် ဖြစ်သည်။

"ရှန်မိုရဲ့ ဆံပင် နဲ့ တခြားပစ္စည်းတွေ မရှိလည်း ကိစ္စမရှိပါဘူး"

အန်းကျန့်ဖုန်း ရုတ်တရက် ပြုံးလိုက်သည်။

"ငါတို့မှာ ကျန့်ပိုင်ရှန့်နဲ့ ဖုန်းချန်းတို့ရဲ့ အဝတ်အစားစတွေ ရှိနေတာပဲ မဟုတ်လား"

"ကျန့်ပိုင်ရှန့်က ထိပ်ဆုံး အယောက် (၂၀) ထဲမှာ မပါပေမဲ့ အယောက် ၅၀ အတွင်းမှာတော့ ရှိနေတုန်းပဲ"

"ဖုန်းချန်းကလည်း အယောက် (၂၀၀) အတွင်းမှာ ရှိတယ်"

"ဒီလောက် နီးကပ်တဲ့ နေရာကနေ ကျိန်စာမှုန့်ကို သုံးလိုက်မယ်ဆိုရင် သူတို့ မသေရင်တောင်မှ အပြင်းအထန် ဒဏ်ရာရသွားလိမ့်မယ်”

"အဲ့ဒီလူနှစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားပြီဆိုရင် တိုက်ပွဲအခြေအနေက ဘာဖြစ်သွားမလဲဆိုတာ မင်း ခန့်မှန်းကြည့်စမ်း"

အန်းကျန့်မန် စွံ့အသွား၏။ ထို့နောက် အန်းကျန့်ဖုန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး လေးစားမှုများ တိုးလာသည်။

"အကယ်၍ ကျန့်ပိုင်ရှန့်နဲ့ ဖုန်းချန်းတို့ တိုက်ခိုက်ရေးစွမ်းရည် ဆုံးရှုံးသွားမယ်ဆိုရင် ရှန်မိုတစ်ယောက်တည်းပဲ တိုက်နိုင်တော့မယ်"

"ကျွန်တော်တို့ဘက်မှာတော့ ထိပ်တန်း နတ်ဆိုးအရှင် သုံးယောက် ရှိနေတုန်းပဲ… ပြီးတော့ နတ်ဆိုးအရှင်သခင်ကြီးရဲ့ သားတော်ဖြစ်တဲ့ သခင်လေးလည်း ရှိနေသေးတယ်"

"သူ့ကို သတ်ဖို့ဆိုတာ လက်တစ်ဖက် လှန်လိုက်သလို လွယ်ကူသွားမှာပါ"

အန်းကျန့်မန် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရုံဖြင့်ပင် သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲလာ၏။ ရှန်မိုကို သတ်ဖြတ်ရာတွင် ပါဝင်ရခြင်းမှာ သူ့အတွက် ဆုလာဘ်အကြီးကြီး ရနိုင်မည့် ကိစ္စဖြစ်သည်။ အနည်းဆုံးတော့ နတ်ဆိုးအရှင်သခင်ကြီး၏ သွေးတစ်စက်လောက် ရရုံဖြင့်ပင် သူ၏ ကိုယ်ခန္ဓာကို ပြောင်းလဲစေပြီး နတ်ဆိုးအဆင့်သစ်တစ်ခုသို့ ရောက်သွားစေမည်ဖြစ်သည်။

အန်းကျန့်ဖုန်း ခပ်ဖွဖွ ပြုံးလိုက်ပြီး

"အရမ်းကောင်းတယ်… ကျိန်စာတိုက်တဲ့ တာဝန်ကို မင်း ယူလိုက်ပါ"

"ကျန့်ပိုင်ရှန့်နဲ့ ဖုန်းချန်းတို့ ဒဏ်ရာရပြီဆိုတာနဲ့ ငါတို့ ချက်ချင်း တိုက်ခိုက်မယ်"

"ဟုတ်ကဲ့ပါ"

အန်းကျန့်မန် လေးနက်စွာ ပြန်ဖြေလိုက်သည်။

…

'ရွှေ့ဝူ-၄၁' ကင်းစခန်း အပြင်ဘက်တွင်။

ရှန်မိုသည် သူ၏လှံကို ဧရာမ စက်ဝိုင်းပုံစံ ဝေ့ယမ်းလိုက်ပြီး တံတိုင်းပေါ်တက်ရန် ကြိုးစားနေသည့် အောက်ခြေနတ်ဆိုးများကို ထက်ပိုင်းပိုင်း ပစ်လိုက်သည်။ ရုတ်တရက် သူ၏ ရင်ထဲတွင် ဒိန်းခနဲ ခံစားလိုက်ရပြီး မျက်စိတစ်ချက်အကြည့်တွင် ဖုန်းချန်းမှာ အကြောင်းပြချက်မရှိဘဲ နာကျင်စွာ အော်ဟစ်၍ တံတိုင်းပေါ်မှ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည်။ ဖုန်းချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မမြင်ရသော မီးများဖြင့် အလောင်ခံနေရသကဲ့သို့ နာကျင်စွာ တွန့်လိမ်နေ၏။

ရှန်မို ဘာမှ မလုပ်နိုင်ခင်မှာပင် ကျန့်ပိုင်ရှန့်ကလည်း ညည်းတွားသံနှင့်အတူ ရုတ်တရက် နောက်သို့ လန်ကျသွားသည်ကို တွေ့လိုက်ရပြန်သည်။ ကျန့်ပိုင်ရှန့်သည် တံတိုင်းပေါ်သို့ ပြန်တက်ရန် ကြိုးစားသော်လည်း သူ၏ ကိုယ်ခန္ဓာမှာ ရုပ်သေးရုပ်တစ်ရုပ်လို မြေပြင်ပေါ်သို့ ထိုးကျသွားပြီး အောက်ခြေနတ်ဆိုးအုပ်ကြီးထဲသို့ ကျတော့မည့်ဆဲဆဲ ဖြစ်နေသည်။

ရှန်မို လျှပ်စီးကဲ့သို့ မြန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်သည်။ သူ၏ 'ကောင်းကင်နင်း တစ္ဆေခြေလှမ်း' ကို အသုံးပြုကာ ကျန့်ပိုင်ရှန့်၏ ဘေးသို့ ရောက်သွားပြီး သူ့ကို တံတိုင်းပေါ်သို့ အသာလေး ပြန်ပစ်တင်ပေးလိုက်သည်။

"ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ”

နင်ထျန်းရင်၊ ရှုံ့ယွမ်ရှန်း၊ ရှီတန့်ယွဲ့ နှင့် အခြားသူများမှာ အမြန် စုရုံးလာကြသည်။ ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့ မခံမရပ်နိုင်အောင် နာကျင်စွာ တွန့်လိမ်နေကြသည်ကို မြင်ရသောအခါ သူတို့အားလုံး၏ စိတ်နှလုံးမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်ကုန်ကြလေတော့သည်။

Chapter 461: စိတ်လျှော့ပြီး ပုံရိပ်ငယ်ကို ဖွင့်ထားပါ

ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့သည် တစ်ဦးမှာ အမြင့်ဆုံး အရှင်သခင် အဆင့်နှင့် အခြားတစ်ဦးမှာ ရွှေရောင်အထွတ်အထိပ် အဆင့် ဖြစ်ရာ သူတို့ထဲတွင် အစွမ်းအထက်ဆုံးသူများဟု ထင်ရှားလှသည်။ ယခုအခါ ထိုသူနှစ်ဦးစလုံး ရုတ်တရက် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ကျရောက်သွားသဖြင့် နင်ထျန်းရင်နှင့် အခြားသူများ အလွန်အမင်း စိုးရိမ်ပူပန်သွားကြတော့သည်။ ရှန်မို သူတို့၏ အခြေအနေကို သေချာစွာ စစ်ဆေးကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ မမြင်ရသော မီးတောက်များဖြင့် အလောင်ခံနေရသကဲ့သို့ ဖြစ်နေ၏။ အရေပြားများမှာ မည်းတူးနေပြီး ကြွက်သားများမှာလည်း ပြင်းထန်စွာ တုန်ခါကာ ပါးစပ်မှ သွေးများ ပန်းထွက်နေကြသည်။

ဤကဲ့သို့သော အခြေအနေမျိုးကို သူ အရင်က မြင်ဖူး၏။ သူကိုယ်တိုင် ကျိန်စာမှုန့်ကို စမ်းသပ်စဉ်က ကျိန်စာတိုက်ခံရသည့် ခံစားချက်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးခြင်း ဖြစ်သည်။ သို့သော် ထိုစဉ်က သူ၏ စိတ်ဝိညာဉ်မှာ ကောင်းမွန်စွာ ကာကွယ်ထားပြီးသားဖြစ်သလို ခန္ဓာကိုယ်မှာလည်း အလွန်ခံနိုင်ရည်ရှိပြီး အသုံးပြုခဲ့သော အဝတ်အစားစများမှာ ဟောင်းနွမ်းနေပြီ ဖြစ်လေ၏။ ထို့ကြောင့် သူခံစားခဲ့ရသော ဒဏ်ရာမှာ အနည်းငယ်သာ ရှိခဲ့သည်။ သို့သော်လည်း ယခုဒဏ်ရာမျိုးကို မြင်လိုက်ရုံဖြင့် သူ ချက်ချင်း ခွဲခြားသိမြင်လိုက်သည်။ ၎င်းမှာ 'ကျိန်စာမှုန့်ဖြင့် ကျိန်စာတိုက်သတ်ခြင်း' ပင် ဖြစ်သည်။

"အခု ငါတို့ ဘာလုပ်ကြမလဲ"

ရှုံ့ယွမ်ရှန်း ထိတ်လန့်တကြား ခေါင်းကို ကုတ်ရင်း မေးလိုက်သည်။ ပတ်ဝန်းကျင်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ စကားမပြောကြသော်လည်း မျက်နှာပေါ်ရှိ စိုးရိမ်မှုများမှာ အထင်အရှားပင်။ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား နှစ်ဦးလုံး တိုက်ပွဲမဝင်နိုင်တော့လျှင် သူတို့ ဆက်တိုက်နိုင်ပါဦးမည်လော။

"သူတို့ အခြေအနေက ပိုဆိုးလာသလိုပဲ... သက်သာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းရှိလား"

ရှုံ့ယွမ်ရှန်း ဆောင့်ကြောင့်ထိုင်ကာ သူတို့ကို သေချာကြည့်လိုက်သည်။ သူ ကျန့်ပိုင်ရှန့်၏ အရေပြားကို ထိလိုက်သောအခါ စူးရှပူလောင်သည့် နာကျင်မှုတစ်ခုက သူ၏ လက်ချောင်းထဲသို့ ထိုးဝင်လာသဖြင့် လန့်ပြီး လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ရ၏။

နင်ထျန်းရင်မှ ကုသရေးဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြီး သူတို့ကို တိုက်ကျွေးရန် ပြင်လိုက်သည်။ သို့သော် ရှန်မို လှမ်းတားလိုက်သည်။

"ဒါက ကျိန်စာမှုန့်နဲ့ ကျိန်စာတိုက်ထားတာ… ကြည့်ရတာ ခန္ဓာကိုယ်ကို တိုက်ခိုက်နေသလို ထင်ရပေမဲ့ တကယ်တမ်းတော့ စိတ်ဝိညာဉ်ကို ပစ်မှတ်ထားတာ"

"ဒီလို တိုက်ခိုက်မှုမျိုးကို သာမန် ကုသရေးဆေးလုံးတွေနဲ့ ကုလို့ လုံးဝ မရဘူး"

နင်ထျန်းရင်နှင့် ရှုံ့ယွမ်ရှန်းတို့ ကြောင်သွားကြသည်။

ကျိန်စာမှုန့်နဲ့ ကျိန်စာတိုက်တာ။

ဒါက ဘယ်လို သိုင်းပညာမျိုးလဲ။

ထိုအခါ နင်ထျန်းရင် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"ဒါက နတ်ဆိုးအရှင်သခင်ကြီး တစ်ပါးရဲ့ အခွင့်အာဏာလား"

ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။

ရှူး...

အားလုံး ထိတ်လန့်တကြား အသက်ရှူမှားသွားကြ၏။ နတ်ဆိုးအရှင်သခင်ကြီး၏ အခွင့်အာဏာ ဆိုသည်မှာ ခန့်မှန်းရခက်ပြီး ဆန်းကြယ်လှသည်။ အချို့သော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် တိုက်ပွဲမဝင်ဘဲ ထိုအရာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြသော်လည်း ဘာမှ အောင်မြင်မှု မရရှိခဲ့ကြပေ။ ယခု ဤနေရာတွင် ထိုအစွမ်းဖြင့် တိုက်ခိုက်ထားသော ကျိန်စာကို မည်သူက တန်ပြန်နိုင်မည်နည်း။

ရှုံ့ယွမ်ရှန်း၏ မျက်နှာမှာ ဝမ်းနည်းရိပ်များ လွှမ်းသွားသည်။

"ငါတို့ သူတို့ သေသွားတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရတော့မှာလား"

ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာလည်း အလားတူပင် စိတ်မကောင်းဖြစ်နေကြ၏။ ရဲဘော်ရဲဘက်များ ခံစားနေရသည်ကို ဘာမှမလုပ်ပေးနိုင်ဘဲ ကြည့်နေရခြင်းမှာ သေရသည်ထက် ပို၍ နာကျင်ရပါသည်။

ကျန့်ပိုင်ရှန့် အားယူ၍ စကားပြောလိုက်သည်။

"ငါတို့ကို... ဂရုမစိုက်ကြနဲ့တော့..."

"ချက်ချင်း... ဆုတ်ခွာကြတော့..."

ဖုန်းချန်းကလည်း အံကြိတ်ကာ စကားအနည်းငယ်ကို အားတင်းပြောလိုက်၏။

"သွား... ဆုတ်ကြတော့..."

"ငါ... နတ်ဆိုးတချို့ကိုတော့... တားထားနိုင်ပါသေးတယ်..."

နင်ထျန်းရင်၊ ရှုံ့ယွမ်ရှန်း၊ ရှီတန့်ယွဲ့၊ ကျိုးမင်ယီနှင့် အခြားသူများ၏ မျက်လုံးများမှာ နီရဲလာသည်။ အခြေအနေမှာ ရက်စက်လှသော်လည်း အဓိပ္ပာယ်အရှိဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့ မရှိဘဲ

ကျန်ရှိနေသောသူများမှာ ထိပ်တန်းနတ်ဆိုးအရှင် တစ်ကောင်ကိုပင် မည်သို့ ခုခံနိုင်မည်နည်း။

မဖြစ်နိုင်ပါ။

ဤအခြေအနေတွင် ကင်းစခန်းကို စွန့်ခွာပြီး တတိယအလွှာသို့ ဆုတ်ခွာကာ အခွင့်အရေးကို ပြန်စောင့်ခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

သို့သော် ရှန်မို ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။

"နတ်ဆိုးအရှင်သခင်ကြီးရဲ့ အခွင့်အာဏာက အစွမ်းထက်တာ မှန်ပေမဲ့ တန်ပြန်လို့ မရတာတော့ မဟုတ်ဘူး"

နင်ထျန်းရင်နှင့် ရှုံ့ယွမ်ရှန်းတို့ လန့်သွားကြပြီး သူတို့၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပွင့်လန်းလာသည်။ ရှန်မိုတွင် မည်သည့်နည်းလမ်း ရှိသည်ကို သူတို့ မသိသော်လည်း သူ့ကိုတော့ ယုံကြည်ကြသည်။ အဆုံးစွန်အားဖြင့် ရှန်မို ဖန်တီးခဲ့သည့် 'မီးလျှံကျောက်နဂါး တိမ်တိုက်သင်္ဘော' ရှစ်စင်းကသာ ပြီးခဲ့သည့် တိုက်ပွဲကြီး၏ အလှည့်အပြောင်းကို ဖြစ်စေခဲ့သည် မဟုတ်ပါလား။

သူသည် အံ့ဖွယ်များကို ဖန်တီးရန် မွေးဖွားလာသူ ဖြစ်သည်။

ရှန်မိုသည် ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့၏ ရှေ့သို့ တိုးသွားပြီး လက်နှစ်ဖက်ကို ဆန့်ကာ သူတို့၏ ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ 'နတ်ဘုရားလျှပ်စီးစွမ်းအား'များမှာ သူ၏ လက်ဖဝါးများမှတစ်ဆင့် သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ပုံရိပ်ငယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

"စိတ်ကို လျှော့ထားပါ… ပုံရိပ်ငယ်ကို ဖွင့်ပေးပါ… ကျွန်တော့်ကို ဝင်ခွင့်ပြုပါ"

"နတ်ဆိုးအရှင်သခင်ကြီးရဲ့ အခွင့်အာဏာ စွမ်းအားကို သီးခြားခွဲထုတ်ထားနိုင်သရွေ့ ခင်ဗျားတို့ရဲ့ ဝိညာဉ်နဲ့ သွေးသရဖူကို ထိခိုက်မှု မရှိအောင် တားထားနိုင်ရင် ဒဏ်ရာတွေက ပိုဆိုးမလာတော့ပါဘူး"

ရှန်မို တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့မှာ ရှန်မိုကို ယုံကြည်သင့်၊ မယုံကြည်သင့် မသိကြပေ။ သို့သော် ယခုအချိန်တွင် သူတို့၌ အခြားရွေးချယ်စရာ မရှိတော့သဖြင့် သေအံ့ဆဲဆဲ မြင်းတစ်ကောင်ကို အသက်ရှင်နေသေးသကဲ့သို့ သဘောထားကာ ကုသခံလိုက်ရခြင်း ဖြစ်သည်။ ရှန်မို သူ့တွင် အဖြေရှိသည်ဟု ဆိုကတည်းက သူတို့ ယုံကြည်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဝု...

နတ်ဘုရားလျှပ်စီးစွမ်းအားများသည် မြစ်ကြီးတစ်စင်းကဲ့သို့ သူတို့၏ ပုံရိပ်ငယ်များအတွင်း စီးဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကျန့်ပိုင်ရှန့်၏ ဝိညာဉ်နှင့် ဖုန်းချန်း၏ သွေးသရဖူကို ဝန်းရံလိုက်၏။ ကျိန်စာ၏ စွမ်းအားမှာ ပြင်ပတွင် ချက်ချင်းပင် အပိတ်ခံလိုက်ရတော့သည်။ ၎င်းက ပိုမိုကျူးကျော်ရန် ကြိုးစားတိုင်း နတ်ဘုရားလျှပ်စီးစွမ်းအားက တန်ပြန်ချေဖျက်ပစ်လိုက်သည်။

ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့ ကျိန်စာ၏ စွမ်းအားကို မခုခံနိုင်ခဲ့ရသည့် အကြောင်းရင်းမှာ သူတို့၏ ကျင့်စဉ်များမှာ ဝိညာဉ်စွမ်းအင် နှင့် သွေးအဆီအနှစ်ကို ပိုမိုသန့်စင်သော ပုံစံသို့ ပြောင်းလဲနိုင်လောက်အောင် အစွမ်းမထက်ခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့သာ ကျားဖြူခံတပ်၏ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ‘ပိုင်ကျိုလျဲ့’ ကဲ့သို့ မိမိ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ကျားဖြူစွမ်းအင် အဖြစ် ပြောင်းလဲနိုင်ခဲ့ပါက ကျိန်စာစွမ်းအားကို သဘာဝအလျောက် ခုခံနိုင်မည် ဖြစ်သည်။

ယခုအခါ ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့၏ ဒဏ်ရာများကို လျင်မြန်စွာ ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်သည်။ သူတို့နှစ်ဦးလုံးမှာ ခိုင်မာသော ခန္ဓာကိုယ်နှင့် ကောင်းမွန်သော ပြန်လည်ကုသနိုင်စွမ်း ရှိကြသူများ ဖြစ်သဖြင့် အသက်ရှူရုံ အနည်းငယ်အတွင်းမှာပင် ပျက်စီးသွားသော အသားစများမှာ ပြန်လည် ဖြစ်ပေါ်လာသည်။ မည်းတူးနေသော အရေပြားများ ကွာကျသွားပြီး အောက်မှ လတ်ဆတ်သော အသားနုလေးများ ပေါ်လာတော့သည်။

ဒါကို မြင်လိုက်ရသောအခါ နင်ထျန်းရင်၊ ရှုံ့ယွမ်ရှန်းနှင့် အခြားသူများ သိသိသာသာ ဝမ်းသာသွားကြ၏။

အောင်မြင်သွားပြီ။

တကယ်ပဲ အောင်မြင်သွားပြီ။

ရှန်မိုကို ကြည့်သည့် သူတို့၏ အကြည့်များမှာ ချက်ချင်း ပြောင်းလဲသွား၏။

ထိုစဉ်မှာပင် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦး ရုတ်တရက် အလန့်တကြား အော်လိုက်သည်။

"နောက်ထပ် နတ်ဆိုးအရှင်တစ်ပါး လာနေပြီ"

"သူက အကောင်ကြီးလိုက်တာ… ထိပ်တန်း နတ်ဆိုးအရှင်နဲ့ တူတယ်"

အားလုံး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ထိုအသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။

သေချာပါသည်။

ပုံရိပ်သုံးခု အတူတကွ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့အနက် တစ်ဦးမှာ အခြားနတ်ဆိုးများကို ဦးဆောင်လာခဲ့သည့် ထိပ်တန်းနတ်ဆိုးအရှင် ဖြစ်သည်။ အခြားနှစ်ဦးမှာမူ သိသိသာသာပင် အဆင့်အတန်း ပိုမြင့်ပုံရ၏။

ဖိအားပေးနေသော အရှိန်အဟုန်ကြောင့် နင်ထျန်းရင်နှင့် အခြားသူများ၏ ရင်ခုန်သံများ မြန်လာသည်။ အသစ်ရောက်လာသော ထိုနတ်ဆိုးနှစ်ပါးမှာ ထိပ်တန်းနတ်ဆိုးအရှင်များ ဖြစ်ရန် အလွန်သေချာနေသည်။ ရုတ်တရက်ဆိုသလို နှစ်ဖက်အင်အား ကွာခြားချက်မှာ ကြောက်စရာကောင်းသွားသည်။ သူတို့ဘက်မှ အစွမ်းထက်ဆုံး နှစ်ယောက်မှာ အပြင်းအထန် ဒဏ်ရာရထားပြီး ယခုမှ ပြန်လည် နလန်ထစသာ ရှိသေးသည်။ ရန်သူဘက်မှာမူ ထိပ်တန်းနတ်ဆိုးအရှင် သုံးဦး ရှိနေ၏။ ဒါကို သူတို့ မည်သို့ တိုက်ရမည်နည်း။

သို့သော် ရှန်မို၏ မျက်နှာထားမှာမူ လုံးဝ ပြောင်းလဲခြင်း မရှိပေ။ သူ ဒါကို ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။ အကယ်၍ ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့သာ ကျိန်စာမှုန့်ဖြင့် ကျိန်စာတိုက်ခံရသည်ဆိုပါက၊ အနီးအနားတွင် အခြား နတ်ဆိုးအရှင်တစ်ပါး ပုန်းကွယ်နေသည်ဟု ဆိုလိုခြင်းပင်။ ယခုမှပင် သူတို့ ပေါ်ထွက်လာကြခြင်း ဖြစ်သည်။

"နတ်ဆိုးအရှင်သခင်ကြီးရဲ့ သားတော် ဖြစ်ဖို့ များတယ်"

ရှုံ့ယွမ်ရှန်း ရှေ့ဆုံးမှ လာနေသော နတ်ဆိုးကို ကြည့်ကာ မျက်နှာပျက်လျက် လေးနက်စွာ ပြောလိုက်သည်။ ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့ အားယူကာ မတ်တပ်ရပ်လိုက်ကြသော်လည်း သူတို့၏ မျက်နှာများမှာ အနည်းငယ် ညှိုးငယ်နေသည်။ သူ၏ အကောင်းဆုံး အခြေအနေတွင်ဆိုလျှင် ကျန့်ပိုင်ရှန့်တစ်ယောက် နတ်ဆိုးအရှင်သခင်ကြီး၏ သားတော်ကို ကြောက်စရာ မလိုပါ။ သို့သော် ယခုအချိန်တွင်မူ သူ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပေ။

"ဒါဆို မင်းက ရှန်မိုပေါ့… မဆိုးဘူး မဆိုးဘူး… သတ်ဖြတ်ရမည့်စာရင်းမှာ အဆင့် (၂၀) ရှိပြီး ငါ့အဖေက နှစ်ခါတောင် သတ်ဖို့ ကြိုးစားခဲ့တဲ့သူပေါ့… အခုမှပဲ မင်းနဲ့ တွေ့ရတော့တယ်"

အန်းကျန့်ဖုန်း အဝေးမှနေ၍ ရှန်မိုကို လှမ်းမြင်ကာ ပြုံးလိုက်သည်။ သူသည် ပန်းချီကားမှတစ်ဆင့် ဤမျက်နှာကို မှတ်မိနေပြီးသား ဖြစ်၏။

"အခု ဒီကင်းစခန်းရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမားတွေ အပြင်းအထန် ဒဏ်ရာရနေပြီဆိုတော့ မင်း တစ်ယောက်တည်းနဲ့ ငါတို့ ထိပ်တန်းနတ်ဆိုးအရှင် သုံးယောက်ကို တားနိုင်မှာ မဟုတ်ဘူး"

အန်းကျန့်ဖုန်းသည် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများကို ဝေ့ကြည့်လိုက်သည်။

"ငါ မင်းတို့အားလုံးကို အခွင့်အရေးတစ်ခု ပေးမယ်… ရှန်မိုကို ငါ့လက်ထဲ အပ်လိုက်ရင် ငါ သူ့ကိုခေါ်ပြီး ချက်ချင်း ထွက်သွားပေးမယ်"

"ကျန်တဲ့သူတွေကိုတော့ ငါ စိတ်မဝင်စားဘူး"

သူ ဤသို့ ပြောလိုက်သည်နှင့် ကင်းစခန်းအတွင်းရှိ လေထုမှာ ပြောင်းလဲသွားသည်။ လူအများမှာ ရှန်မိုအပေါ် ကျေးဇူးတင်ကြသော်လည်း အန်းကျန့်ဖုန်း၏ စကားကြောင့် တချို့မှာ ရှန်မိုရှိရာသို့ လှမ်းကြည့်လိုက်ကြမိသည်။ အကယ်၍ ရှန်မိုကိုသာ အပ်လိုက်လျှင် အန်းကျန့်ဖုန်း ထွက်သွားပေလိမ့်မည်။ ကျန်တဲ့လူတွေ အသက်ရှင်နိုင်ကောင်း ရှင်နိုင်ပါလိမ့်မည်။ သို့သော် အကယ်၍ ငြင်းပယ်လိုက်လျှင်မူ ထိပ်တန်းနတ်ဆိုးအရှင် သုံးဦးကို ရင်ဆိုင်နေရသော ဤကင်းစခန်းငယ်လေးထဲမှ မည်သူမျှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

ကျိုးမင်ယီသည် ၎င်းကို သတိပြုမိသွားပြီး ခပ်အေးအေး ရယ်မောလိုက်၏။

"မင်းက ရှန်မိုကို အလွယ်တကူ ဖမ်းချင်ရုံတင် မကဘူး… ငါတို့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတွေကြားမှာ သပ်လျှိုပြီး စိတ်ဝမ်းကွဲအောင် လုပ်ချင်နေတာလား"

"မင်း တကယ်ပဲ အားလုံးကို တွက်ချက်ထားတယ်လို့ ထင်နေတာလား"

Chapter 462: သူတို့က အဲ့လောက် အင်အားကြီးလို့လား

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွားကြသည်။ နတ်ဆိုး၏ စကားများသည် သူတို့ကြားတွင် စိတ်ဝမ်းကွဲအောင် သပ်လျှိုနေခြင်းဖြစ်ကြောင်း လူတိုင်း သတိမထားမိကြပေ။ လူအများစုမှာ သူတို့၏ ဘဝတစ်လျှောက်လုံး ကျင့်ကြံခြင်း၊ ကျင့်ကြံခြင်းနှင့် ကျင့်ကြံခြင်းမှလွဲ၍ ဘာမျှမလုပ်ခဲ့ကြသူများ ဖြစ်သည်။ အသက်ရာချီ၍ နေထိုင်လာခဲ့ကြသော်လည်း လူမှုရေးလှည့်ကွက်များ၊ နိုင်ငံရေးပရိယာယ်များကို သူတို့ နားမလည်ကြသေးပေ။ အကယ်၍ ဤနတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများကို တိုက်ပွဲထဲသို့ အားကုန်တိုးဝင်ခိုင်းပါက တွန့်ဆုတ်ခြင်းမရှိဘဲ ဟိန်းဟောက်ကာ ပြေးဝင်ကြပေလိမ့်မည်။ သို့သော် ထိုင်ပြီး အရာရာကို အသေးစိတ် စဉ်းစားခိုင်းခြင်းမှာမူ သူတို့၏ အသက်ကို တောင်းနေသကဲ့သို့ပင်။

ကျိုးမင်ယီ၏ စကားများသည် အန်းကျန့်ဖုန်း၏ စကားများနောက်ကွယ်ရှိ ရက်စက်လှသော ရည်ရွယ်ချက်များကို ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ပေးလိုက်သည်။ ရှန်မို သူ့ကို ချီးကျူးသည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။ ထျန်းဟီဂိုဏ်းမှ နောက်ကျမှ ထွန်းတောက်လာသည့် ဤပါရမီရှင်မှာ အမှန်တကယ်ပင် ထူးခြားသော အမြင်အာရုံ ရှိပေသည်။ ကျိုးမင်ယီသည် မရေမတွက်နိုင်သော စမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရပြီး လောက၏ အေးစက်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့်သာ အခြေအနေ၏ အနှစ်သာရကို တည့်တည့်မတ်မတ် ထိုးထွင်းမြင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။ စကားတစ်ခွန်းတည်းဖြင့်ပင် အန်းကျန့်ဖုန်း၏ စကားများထဲတွင် ဝှက်ထားသော မသမာမှုကို ဖော်ထုတ်လိုက်၏။

"ဟားဟားဟားဟား”

"လူသားတွေဟာ တကယ်ပဲ မျိုးနွယ်စုသုံးခုထဲမှာ အသိဉာဏ်အရှိဆုံးပဲ"

"နှမြောစရာပဲ… ငါ လူသားတွေရဲ့ စာအုပ်တွေကို တော်တော်များများ ဖတ်ခဲ့ဖူးပေမဲ့ ဒီလိုနေရာမျိုးမှာတော့ မင်းတို့ လူသားတွေကို မယှဉ်နိုင်သေးပါဘူး"

"မင်းပြောတာ မှန်တယ်… ငါက မင်းတို့ထဲက တစ်ယောက်ကိုမှ လွှတ်ပေးဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူး"

"မင်းတို့ ရှန်မိုကို ငါ့လက်ထဲ အပ်လိုက်ရင်တောင် ဒီကင်းစခန်းမှာရှိတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အားလုံးကို ငါ သတ်ဖြတ်ပစ်ဦးမှာပဲ"

အန်းကျန့်ဖုန်း အားရပါးရ ရယ်မောလိုက်သည်။ သူ၏ အစီအစဉ်ကို ကျိုးမင်ယီ ထိုးထွင်းမြင်သွားသည့်အပေါ် အနည်းငယ်မျှပင် ဒေါသမထွက်ပေ။ ခဏ ရယ်မောပြီးနောက် သူ ရုတ်တရက် ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတို့ ရှန်မိုကို မအပ်ဘူးဆိုရင်ကော ဘာဖြစ်မှာလဲ"

"မင်းတို့ရဲ့ အဓိကတပ်မှူးနဲ့ ဒု-တပ်မှူး နှစ်ယောက်လုံးဟာ 'မကောင်းဆိုးဝါး ကျိန်စာ' ကြောင့် အပြင်းအထန် ဒဏ်ရာရထားကြပြီ… သူတို့ တိုက်ခိုက်ရေးစွမ်းရည် လုံးဝ ဆုံးရှုံးသွားကြပြီ"

"ဒီကင်းစခန်းမှာ ခုခံဖို့ဆိုလို့ အနိုင်နိုင် တည်မြဲနေတဲ့ အကာအကွယ်ပဲ ကျန်တော့တာ"

"အကာအကွယ် ပျက်စီးသွားတာနဲ့ မင်းတို့လို အမှိုက်တွေက ငါ့ကို တားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများကြားတွင် လေးလံသော တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းသွားသည်။ အန်းကျန့်ဖုန်း ပြောသည်မှာ အမှန်တရားပင်။ ထိပ်တန်းနတ်ဆိုးအရှင် သုံးဦးကို ရင်ဆိုင်ရန် သူတို့တွင် အခွင့်အရေး လုံးဝမရှိပေ။ ထိုသုံးဦးထဲမှ တစ်ဦးမှာ နတ်ဆိုးအရှင်သခင်ကြီး တစ်ပါး၏ တိုက်ရိုက် သွေးမျိုးဆက်ဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ပါ။

ရှုံ့ယွမ်ရှန်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"နောက်ဆုံးတော့လည်း ငါတို့ သေခြင်းတရားကနေ မလွတ်မြောက်နိုင်ကြတော့ဘူးပေါ့..."

သူ၏ စကားများသည် အခြားသော အစောင့်တပ်သား အများအပြား၏ အတွေးများကို ပဲ့တင်ထပ်သွားစေသည်။ သူတို့ အများစုအတွက်မူ သေခြင်းတရားမှာ ရှောင်လွှဲ၍ မရနိုင်တော့သည့် အရာတစ်ခု ဖြစ်နေပြီ။

လူအုပ်ကြီး၏ အစွန်တွင် လင်းတန့်ထျန်းတစ်ယောက် သူ၏ ခြေလှမ်းကို မသိမသာ ရွှေ့လိုက်သည်။ သူ ရှန်မိုကို စိတ်ထဲ၌လည်း အကြိမ်ပေါင်း သောင်းချီ၍ ကျိန်ဆဲနေမိသည်။

'ဒီရှန်မိုသာ မရှိရင် ဒီထိပ်တန်းနတ်ဆိုးအရှင် နှစ်ယောက်က ဒီကင်းစခန်းကို ဘာလို့ လာတိုက်မှာလဲ’

'တောက်... ငါကတော့ ဒီကောင်ကြောင့်နဲ့ အသေမခံနိုင်ဘူး'

အံကို တင်းတင်းကြိတ်ထားရင်း လင်းတန့်ထျန်း၏ မျက်လုံးများမှာ မုန်းတီးမှုများဖြင့် တောက်လောင်နေသည်။

သူ မသေချင်ပါ။

ပြီးတော့ ရှန်မိုနှင့်အတူ အသေခံရန်ဆိုသည်မှာ သူ ပို၍ပင် အလိုမရှိသော အရာဖြစ်သည်။ သူ့တွင် အသက်ရှင်ရန် နည်းလမ်းတစ်ခု ရှိပါသေးသည်။

သို့သော် ပေးဆပ်ရမည့် တန်ဖိုးက အလွန်ကြီးမားလှသည်။ သူ၏ အသက်ကို ကယ်တင်ရန်အတွက် စစ်ဝိညာဉ်ကို စွန့်လွှတ်ရပေလိမ့်မည်။ ထိုစစ်ဝိညာဉ်မှာ တစ်ချိန်က 'စစ်ဘုရင်' တစ်ပါး၏ အလုပ်အကျွေး ဖြစ်ခဲ့ဖူးသည်။ သူ မွေးဖွားသည့် နေ့ကတည်းက ထိုစစ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေပြီး သူနှင့်အတူ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် ကိုယ်ပိုင်အသိဉာဏ် မရှိဘဲ သူ့ကို ကူညီရန်အတွက်သာ တည်ရှိနေခြင်း ဖြစ်သော်လည်း ထိုစစ်ဝိညာဉ်သာ မရှိခဲ့ပါက သူသည် တစ်နေရာရာတွင် သေဆုံးသွားခဲ့သည်မှာ ကြာပြီဟု ဆိုနိုင်သည်။ သို့သော် အသက်ရှင်ရန်အတွက်ဆိုလျှင် သူ အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ရှိနေသည်။

ထိုစစ်ဝိညာဉ်ကိုပင် ဖြစ်စေကာမူ။

'ငါ အဆင်သင့် ဖြစ်နေဖို့ လိုတယ်… ဘယ်အချိန်ဖြစ်ဖြစ် ပြေးဖို့ အဆင်သင့်ပဲ’

လင်းတန့်ထျန်းသည် မည်သည့် အသံမျှ မထွက်စေဘဲ လူအုပ်ကြီး၏ နောက်ဘက်သို့ တိတ်တဆိတ် ရွှေ့သွားလိုက်သည်။ သူ့နောက်ကွယ်တွင် စောင့်ကြည့်နေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အနည်းငယ်သာ မရှိပါက သူ တံတိုင်းပေါ်မှ လျှောဆင်းသွားခဲ့သည်မှာ ကြာပေလိမ့်မည်။

"မင်းတို့ နှစ်ယောက်… သွား… ဒီကင်းစခန်းရဲ့ အကာအကွယ်ကို အရင်ဆုံး ဖျက်ဆီးလိုက်စမ်း"

အန်းကျန့်ဖုန်း ခပ်ပေါ့ပေါ့ပင် ညွှန်ကြားလိုက်သည်။ အန်းကျန့်မန်နှင့် အန်းကျန့်လွမ်တို့လည်း ချက်ချင်းပင် ရှေ့သို့ တိုးဝင်လာကြသည်။ အန်းကျန့်လွမ်မှာ ပဉ္စမမြောက် နတ်ဆိုးအရှင်သခင်ကြီး၏ လက်အောက်ခံ ထိပ်တန်းနတ်ဆိုးအရှင် ဖြစ်ပြီး ယခုအကြိမ် 'ရွှေ့ဝူ-၄၁' ကင်းစခန်း တိုက်ခိုက်မှုကို ဦးဆောင်နေသော အောက်ခြေနတ်ဆိုးအုပ်ကြီး၏ ခေါင်းဆောင်လည်း ဖြစ်သည်။

"ဟုတ်ကဲ့ပါ”

အန်းကျန့်မန်နှင့် အန်းကျန့်လွမ်တို့ ဘယ်နှင့်ညာမှ ညှပ်၍ တိုက်ခိုက်လာကြရာ သူတို့ထံမှ နက်မှောင်သော ခရမ်းရောင် နတ်ဆိုးစွမ်းအင်များ ဒရဟော ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုစွမ်းအင်များသည် ဧရာမ လက်သည်းကြီး နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကင်းစခန်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဝုန်း!

ထိုစဉ် ကင်းစခန်း၏ အထက်တွင် တောက်ပသော အလင်းတန်းတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ ၎င်းမှာ မှောက်ထားသော ဇလုံကြီးတစ်ခုကဲ့သို့ ကင်းစခန်းတစ်ခုလုံးကို လွှမ်းခြုံထား၏။ ၎င်းမှာ ‘ရှစ်တံခါး စစ်မှန်သော ကိုးကွယ်မှုအစီအရင်’ ပင်။

ဘုန်း!

နတ်ဆိုးစွမ်းအင် လက်သည်းကြီးများသည် အစီအရင်နှင့် ထိပ်တိုက် တိုးမိသွားသည်။ ထိုအခါ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှသော အသံကြီးမှာ ကောင်းကင်နှင့် မြေပြင်အနှံ့ ပဲ့တင်ထပ်သွားတော့သည်။ ကာကွယ်ရေး အလင်းတံတိုင်း၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ချက်ချင်း ပေါ်ထွက်လာသည်။ မလှမ်းမကမ်းတွင် အစီအရင်ကို ထိန်းချုပ်နေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား တစ်ဦးမှ အော်ပြောလိုက်၏။

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ အကုန်မြန်နေပြီ… အခု အခု (၂၀) ပဲ ကျန်တော့တယ်”

ဖုန်းချန်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီအတိုင်းဆိုရင်တော့ အစီအရင်က ဒီထိပ်တန်းနတ်ဆိုးအရှင် နှစ်ယောက်ကို အများဆုံး စက္ကန့် (၁၀၀) လောက်ပဲ တားထားနိုင်တော့မယ်"

ကျန့်ပိုင်ရှန့်သည် သူ၏ အပြာရောင် ဓားရှည်ကို ဖြည်းညှင်းစွာ ထုတ်လိုက်ပြီး လေးနက်သော အသံဖြင့်

"နင်ထျန်းရင်… ရှုံ့ယွမ်ရှန်း"

"ရှိပါတယ်"

သူတို့ ပြန်ထူးလိုက်ကြသည်။

ကျန့်ပိုင်ရှန့်၏ မျက်နှာထားမှာ တင်းမာခိုင်မာလှသည်။

"မင်းတို့နှစ်ယောက် တပ်မှူးရှန်ကို တတိယအလွှာအထိ လိုက်ပို့ပြီး အဘိုးကြီးဝမ်နဲ့ သွားပူးပေါင်းကြ"

"ငါနဲ့ ဖုန်းချန်းကတော့ သူတို့ကို တားဖို့ ဒီမှာ ကျန်ခဲ့မယ်"

နင်ထျန်းရင်နှင့် ရှုံ့ယွမ်ရှန်းတို့မှာ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့ကြသော်လည်း သူတို့၏ နှုတ်ခမ်းများမှာမူ ထိန်းမရအောင် တုန်ယင်နေကြသည်။ သူတို့ စကားပင် မပြောနိုင်ကြတော့ပေ။

"ဘာဖြစ်တာလဲ… အမိန့်ကို ဖီဆန်မလို့လား"

"ဒီအစီအရင်က စက္ကန့် (၁၀၀) ပဲ ခံတော့မယ်… ငါနဲ့ ဖုန်းချန်းက နောက်ထပ် စက္ကန့် (၁၀၀) လောက် ဆွဲထားပေးနိုင်တယ်… မင်းတို့မှာ အချိန်အများကြီး မရှိဘူး"

"အခု မင်းတို့ ဖြုန်းတီးလိုက်တဲ့ အချိန်တိုင်းဟာ မင်းတို့ အသက်ရှင်ဖို့ အခွင့်အရေးကို လျော့နည်းစေတာပဲ"

ကျန့်ပိုင်ရှန့်က လေးနက်စွာ ပြောလိုက်သည်။

"မင်းတို့ဟာ ငါတို့ထဲမှာ အတော်ဆုံး တပ်ကြပ်ကြီးတွေပဲ… မင်းတို့ ဘာလုပ်သင့်တယ်ဆိုတာကို ကောင်းကောင်းသိရမယ်"

"ငါတို့ အသက်တွေက သိပ်တန်ဖိုးမရှိပါဘူး… ရှန်မိုရဲ့ အသက်ကသာ တကယ် အရေးကြီးတာ”

"ဟုတ်ကဲ့ပါ”

နင်ထျန်းရင်နှင့် ရှုံ့ယွမ်ရှန်းတို့မှာ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်ကာ ပြန်ထူးလိုက်ကြသည်။ သူတို့ မငိုမိစေရန် စွမ်းအားအားလုံးကို အသုံးချပြီး ထိန်းထားရ၏။

"မျက်ရည်တွေလား… ဒါဟာ လူသားမျိုးနွယ်ရဲ့ မွေးရာပါ အားနည်းချက်ပဲ"

အန်းကျန့်ဖုန်းသည် အဝေးမှနေ၍ နင်ထျန်းရင်နှင့် ရှုံ့ယွမ်ရှန်းတို့၏ မျက်လုံးထဲရှိ မျက်ရည်များကို မြင်သောအခါ အေးစက်စွာ လှောင်ပြောင်လိုက်သည်။ သူ၏ အမြင်တွင်မူ၊ အားနည်းသူကို စွန့်ပစ်ခြင်းနှင့် ဖျားနာသူ၊ ဒဏ်ရာရသူများကို အနစ်နာခံခိုင်းခြင်းမှာ ကမ္ဘာဦးဥပဒေသတစ်ခုပင် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်သာ မျိုးနွယ်စုတစ်ခု ပိုမိုအင်အားတောင့်တင်းလာပြီး မျိုးဆက်ကို တည်တံ့စေနိုင်မည်ဟု ယုံကြည်၏။ ဤအချက်ကြောင့်ပင် နတ်ဆိုးမျိုးနွယ်စုမှာ အင်အားကြီးမားလာပြီး လူသားများ၊ မိစ္ဆာများနှင့် ကျောက်နဂါးများကို လွှမ်းမိုးထားနိုင်ခြင်း ဖြစ်သည်ဟု သူ ထင်မြင်သည်။ လူသားမျိုးနွယ်မှ ခေါ်ဆိုသည့် 'သံယောဇဉ်' နှင့် 'သစ္စာတရား' ဆိုသည်မှာ သူ၏အမြင်တွင် အသုံးမဝင်ရုံသာမက ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်သည်။ မိသားစု သို့မဟုတ် သူငယ်ချင်းများအတွက် သူတို့၏ အသက်ကို စတေးခဲ့ကြသည့် လူသားပေါင်း များစွာကို သူ မြင်တွေ့ခဲ့ဖူးသည်။ ယခု ဤမြင်ကွင်းကို မြင်ရခြင်းက သူ၏ မထီမဲ့မြင်ပြုမှုကိုသာ ပိုမိုနက်ရှိုင်းစေသည်။

သို့သော် ကျန့်ပိုင်ရှန့်၏ စကားများကို ကြားလိုက်ရပြီး နင်ထျန်းရင်နှင့် အခြားသူများ၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ရှန်မို၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ထွက်ပေါ်လာသည်။ လူသားမျိုးနွယ်တွင် မိစ္ဆာများကဲ့သို့ ခံနိုင်ရည်ရှိသော ခန္ဓာကိုယ်များ မရှိကြသလို၊ ကျောက်နဂါးများကဲ့သို့ ရှေးဟောင်း နဂါးသွေးမျိုးဆက်များလည်း မရှိကြပေ။ သူတို့ အချင်းချင်းကြားမှာပင် တစ်ဦးကိုတစ်ဦး လှည့်စားခြင်းနှင့် ဖိနှိပ်ခြင်းများကို အစဉ်တစိုက် လုပ်ဆောင်နေကြ၏။ သို့သော် အရေးကြုံလာသည့် အခါတိုင်းတွင်မူ လူသားမျိုးနွယ်အတွက် ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့ကဲ့သို့ အသက်ကိုပင် စတေး၍ ရှေ့သို့ ထွက်ဝံ့သည့် အစောင့်အရှောက်များ အမြဲတမ်း ရှိနေတတ်သည်။

မိမိတို့၏ အရာအားလုံး… အသက်ကိုပင် ပေးဆပ်ရန် အသင့်ရှိကြသည်။

ဤကဲ့သို့ လက်ဆင့်ကမ်းလာခဲ့သည့် စိတ်ဓာတ်ကြောင့်သာ လူသားမျိုးနွယ်သည် နတ်ဆိုးများ၏ ကျွန်ပြုမှုကို တွန်းလှန်နိုင်ခဲ့ပြီး၊ မိစ္ဆာများ၏ သံခြေချင်းများကို ချိုးဖျက်ကာ ဤကမ္ဘာကြီး၏ အုပ်စိုးသူများထဲမှ တစ်ဦး ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအတွေးနှင့်အတူ ရှန်မို အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရုတ်တရက် စကားပြောလိုက်သည်။

"ဒီကင်းစခန်းကို မရေမတွက်နိုင်တဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတွေရဲ့ သွေးတွေနဲ့ တည်ဆောက်ထားတာပါ"

"ဒါကို ဒီလောက် လွယ်လွယ်နဲ့ စွန့်ပစ်လိုက်တာဟာ သွေးမြေကျပြီး အသက်ပေးသွားခဲ့တဲ့သူတွေကို သစ္စာဖောက်ရာ ရောက်ပါလိမ့်မယ်"

"တပ်မှူးကျန့်နဲ့ ဒု-တပ်မှူးဖုန်းတို့ တိုက်ပွဲမဝင်နိုင်တော့ဘူးဆိုပေမဲ့ ကျွန်တော် ရှိနေပါသေးတယ်"

သူ၏ မျက်နှာထားမှာ တည်ငြိမ်လှသည်။ သူ ရှေ့သို့ လှမ်းတက်လိုက်ပြီး ကျန့်ပိုင်ရှန့်၊ ဖုန်းချန်းနှင့် လူတိုင်း၏ ရှေ့တွင် ရပ်လိုက်သည်။ တစ်ဦးတည်း သူ ပြတ်သားစွာပင် လေထုထဲတွင် ပျံဝဲနေသော ထိပ်တန်းနတ်ဆိုးအရှင် သုံးဦးကို ရင်ဆိုင်လိုက်သည်။

ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့ နှစ်ဦးလုံး စွံ့အသွားကြ၏။ ဖုန်းချန်း အမြန် အလန့်တကြား အော်ပြောလိုက်သည်။

"တပ်မှူးရှန်… မိုက်မိုက်ကန်းကန်း မလုပ်ပါနဲ့”

ကျန့်ပိုင်ရှန့်မှ ပို၍ပင် ပြင်းထန်စွာ ပြောလိုက်သည်။

"ရှန်မို… မင်းတစ်ယောက်တည်းနဲ့ ဒီထိပ်တန်းနတ်ဆိုးအရှင် သုံးယောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

"မင်း အသက်ရှင်နေမယ်ဆိုရင် ဒီကင်းစခန်း အခုပေါင်းများစွာထက်တောင် ပိုပြီး တန်ဖိုးရှိတယ်”

"မင်းသာ သေသွားရင် အဲ့ဒါမှ ကျဆုံးသွားခဲ့တဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားအားလုံးကို တကယ့်ကို သစ္စာဖောက်ရာ ရောက်မှာ”

သူ ရှေ့သို့ အားယူတိုးကာ ရှန်မို၏ လက်မောင်းကို လှမ်းဆွဲရန် ကြိုးစားလိုက်သည်။

သို့သော် ရှန်မိုမှာ ထိုရှေးဟောင်းလှံရှည်ကို ကိုင်ထားရင်း ခေါင်းကို အနည်းငယ် စောင်းကာ ပြုံးလျက် ပြောလိုက်သည်။

"ထိပ်တန်းနတ်ဆိုးအရှင် သုံးယောက်လား”

"သူတို့က အဲ့လောက်ကြီး မစွမ်းလှပါဘူး"

All Chapters