← Chapters

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၄၉)

အမျိုးသားရဲ့အသံဟာ အေးတိအေးစက်ရှိပြီး ဆက်ပြောလိုက်ပြန်ပါတယ်။

"ဒီတော့ ဒီအလုပ်မပြီးခင်မှာ မင်းတို့ကြားက မသင့်မြတ်မှုတွေကို ဘေးချိတ်ထားလိုက်ပြီး အလုပ်အပေါ်ကိုပဲ အာရုံထည့်ထားဖို့ ငါပြောချင်တယ်။ အလုပ်အောင်မြင်တာနဲ့ အားလုံးကို ကျေနပ်စေမယ့် ဆုကြေးကို သေချာပေါက်ပေးမှာပါ"

တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ မကျေနပ်တာအဆင်မပြေတာတွေ ကြီးမားစွာရှိနေရင်တောင်မှ ဒီလုပ်ငန်းရဲ့ ဆုလာဘ်တွေကို လက်လွတ်မခံနိုင်တာကြောင့် ခေါင်းဆောင်တွေဟာ ကောင်းကောင်းပူးပေါင်းပါ့မယ်ဆိုပြီး ပြောခဲ့ကြပါတယ်။

အားလုံးအဆင့်သင့်ဖြစ်တဲ့အခါမှာတော့ အမျိုးသားဖြစ်သူဟာ အားလုံးကိုမြို့ထဲကနေ ခေါ်ထုတ်သွားပေမယ့် သူတို့ရဲ့ဦးတည်ချက်နေရာကိုတော့ မပြောပြခဲ့ပါဘူး။ ကြေးစားအဖွဲ့အားလုံးကို သူတို့ရဲ့ လှည်းနောက်ကိုပဲ လိုက်ခိုင်းထားတာဖြစ်သည်။

မြို့ထဲကထွက်ပြီးတာနဲ့ ကြေးစားအဖွဲ့တွေရဲ့ အဖွဲ့သားတွေဟာ ကိုယ့်လှည်းပေါ်ကိုတက်ရောက်စီးနင်းခဲ့ကြပါတယ်။

ကြေးစားတွေက ခရီးဝေးကို မကြာခဏဆိုသလို သွားရောက်နေရတာဖြစ်လို့ မြင်းတွေနဲ့လှည်းတွေဆိုတာ အခြေခံလိုအပ်ချက်တွေဖြစ်ပါသည်။

ရှန်ယန်ရှောင် တူလန်းနဲ့ ကြမ်းကြုတ်ဝံပုလွေတို့ဟာ လှည်းတစ်စင်းထဲမှာ အတူရှိနေကြပါသည်။ ဂူဝံပုလွေအဖွဲ့မှာ လှည်း၁၃စင်းရှိပြီး သုံးစင်းကိုတော့ အစားအသောက်နဲ့ နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေအတွက် အသုံးပြုကာ ကျန်၁၀စင်းကိုတော့ အဖွဲ့သားတွေစီးနင်းကြပါတယ်။ တူလန်းစီးတဲ့လှည်းအပါအဝင် ကျန်လှည်းကိုးစီးမှာ လူ၆ယောက်၇ယောက်ခန့် စီးနင်းနိုင်ပြီး လှည်းမောင်းဖို့အတွက် ကြေးစားတစ်ဦးစီက အပြင်ကနေလိုက်ပါမောင်းနှင်ရဦးမှာဖြစ်ပါတယ်။

နောက်ထပ် လူငါးဦးကတော့ မြင်းကိုယ်စီစီးနင်းပြီး ဒီမြင်းလှည်းတွေရဲ့ အလယ်ကနေလိုက်ပါမှာဖြစ်ပါသည်။

ကြေးစားအဖွဲ့တွေရဲ့ လှည်းတွေဟာ ဇိမ်ခံဖို့အတွက်မဟုတ်ဘဲ လုံခြုံရေးကိုသာ အဓိကထားတာဖြစ်လို့ စီးနင်းရတာဟာ ပုံမှန်ထက်ခုန်ပေါက်နေပါတယ်။

ရှန်ယန်ရှောင်က ပျော့နွဲ့နေသူမဟုတ်လို့ ခုန်ပေါက်နေတဲ့ လှည်းထဲမှာလိုက်ပါရခြင်းဟာ သူမအတွက် ဘာမှမဖြစ်ပါဘူး။ သူမက လှည်းရဲ့နောက်ဖက်ကျကျမှာထိုင်လိုက်လာပြီး တူလန်းနဲ့ကြမ်းကြုတ်ဝံပုလွေတို့ စကားဝိုင်းကို နားထောင်နေပါတယ်။

"ခေါင်းဆောင် အလုပ်ရှင်က ကျနော်တို့ကို နေရာမပြောဘဲနဲ့ သူတို့လှည်းနောက်ကနေပဲ လိုက်ခိုင်းတဲ့သဘောက ဘာအထာလဲ"

ကြမ်းကြုတ်ဝံပုလွေက မအောင့်နိုင်တာကြောင့် မေးမြန်းလိုက်ပါတယ်။ ဦးတည်ချက်က အတိအကျမသိသလို ခရီးက ဘယ်လောက်ကွာဝေးမှန်းလဲ သူတို့မသိကြပါဘူး။ ဒီလိုခရီးစဉ်က လူတွေကို မရေမရာခံစားချက် ဖြစ်ပေါ်စေပါတယ်။

လှည်းထဲမှာ လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်ယှက်ထားပြီး နံရံကိုမှီကာလိုက်လာတဲ့ တူလန်းဟာ ပြူတင်းပေါက်အပြင်သို့ ကြည့်လိုက်ပြီးနောက် အေးဆေးစွာပြောလိုက်ပါတယ်။

"ဖီးနစ်ငှက်ဟာ နှစ်ပေါင်းရာကျော်အတွင်းမှာ ရှားပါးမှော်သားရဲဖြစ်ခဲ့ပြီးတော့ ဖီးနစ်ငှက်ရဲ့ သဲလွန်စရဖို့အတွက် ဒီလူတွေအနေနဲ့ ငွေတော်တော်ကုန်ခဲ့ရမှာပဲလေ။ ဖီးနစ်ငှက်ရဲ့ တည်နေရာကို ဘယ်သူမှထုတ်မပြောနိုင်အောင် သူတို့လုပ်မှာပဲ။ သူ့လှည်းနောက်ကို ငါတို့အားလုံးလိုက်ခဲ့ဖို့ပြောတာက သွားမယ့်နေရာကို တစ်ယောက်ယောက်ကနေပြီးတော့ အပြင်လူတွေကို သတင်းမပေးနိုင်ဖို့အတွက်ပဲ"

ဖီးနစ်ငှက်ဆိုတာ အလွန်ရှားပါးပြီး ဖီးနစ်ငှက်သိုက်နေရာပေါက်ကြားသွားတာနဲ့ လူသောင်းချီပြီးတော့ ပေါက်ချလာမှာသေချာပါတယ်။

လောင်းရွှမ်တိုင်းပြည်ထဲမှာက အကြီးတန်းပညာရှင်တွေအပြင် ပိုအစွမ်းထက်သူတွေအများကြီးရှိပါတယ်။ အဲ့လူတွေကသာ ဖီးနစ်ငှက်ကိုလုယူဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် သူတို့ရဲ့ လက်ရှိအင်အားလောက်နဲ့ ယှဉ်နိုင်မှာမဟုတ်ပါဘူး။

ကြမ်းကြုတ်ဝံပုလွေ လေပူမှုတ်ထုတ်လိုက်တယ်။ တူလန်းပြောတာမှန်ပါတယ်။ အလုပ်ရှင်နဲ့ သူတို့တွေဟာ သတင်းကိုမပေါက်ကြားစေဖို့အတွက် စာချုပ်ထားပေမယ့် ဒီလူထောင်ဂဏန်းထဲမှာ စိတ်မချရတဲ့သူမပါဘူးလို့ မပြောနိုင်ပါဘူး။ အဲ့လိုလူတွေဟာ ဖီးနစ်ငှက်ရှိတဲ့နေရာအတိအကျကိုသိတာနဲ့ သတင်းရောင်းစားပါလိမ့်မယ်။

ကြေးစားအများစုဟာ အလွန်ဖြောင့်မတ်သူတွေဖြစ်သော်လည်း ဆွမ်းဆန်ထဲမှာ ကြွက်ချေးရောနေသလိုမျိုး အကျင့်မကောင်းသူအနည်းငယ်လည်း ရှိပါတယ်။

"ဒီအလုပ်အောင်မြင်ဖို့က ဘယ်နှစ်လေးလောက်ရှိလဲ ခေါင်းဆောင်"ဟု ကြမ်းကြုတ်ဝံပုလွေကမေးလိုက်တယ်။

ဖီးနစ်ကိုဘယ်သူမှ မမြင်ခဲ့ဘူးကြပဲ အခုအခါမှာတော့ သူတို့ရဲ့ ပစ်မှတ်ကအဆင့်၈ရှိအဆင့်မြင့်မှော်သားရဲဖြစ်နေကာ ဒီစစ်ဆင်ရေးမှာ ပါဝင်သူအများကြီးဆိုပေမယ့် စစ်ဆင်ရေးအောင်မြင်မယ်လို့ သူတို့အာမမခံရဲပါဘူး။

"အလုပ်ရှင်ပြောသမျှအချက်အလက်တွေသာ အကုန်မှန်မယ်ဆိုရင်တော့ ဒီလူအင်အားနဲ့ဆိုရင် ဖီးနစ်ကိုငါတို့အနိုင်ယူပြီး ဆုလာဘ်ရပါလိမ့်မယ်"လို့ တူလန်းပြန်ပြောခဲ့သည်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၅၀)

တူလန်းနဲ့ကြမ်းကြုတ်ဝံပုလွေတို့နှစ်ဦးရဲ့ စကားတွေကို ဘေးကနေပဲ သူမ ငြိမ်သက်စွာနားထောင်နေခဲ့ပါတယ်။ သူတို့ကလည်း သူမမကြားအောင် ပြောနေခဲ့တာမဟုတ်ပါ။ တူလန်းဟာ အလုပ်ရှင်ကနေပြီး သူတို့ကိုပေးထားတဲ့ သတင်းအပေါ်မှာ ရာနှုန်းပြည့်ယုံကြည်မှုမရှိတာကို သူမ သဘောပေါက်လိုက်ပါတယ်။ အဆင့်၈မှော်သားရဲဆိုသော သတင်းအပေါ်မှာ သူ့အနေနဲ့ သံသယရှိနေပုံရပါတယ်။

အခုလိုမျိုး ဉာဏ်ပညာရှိသူဖြစ်နေတဲ့ တူလန်းအား ရှန်ယန်ရှောင် လေးစားမှုအတိုင်းအတာတစ်ခုပေးလိုက်ပါတယ်။

အဆင့်၈ဖီးနစ်ငှက်ဆိုတဲ့ သတင်းမှာပြဿနာရှိနေတာကို သူမ သိနိုင်ခြင်းဟာ ရှူကနေပြီး သူမကို ဖီးနစ်ငှက်ရဲ့စွမ်းအားအကြောင်း ပြောပြထားခဲ့လို့သာဖြစ်ပါတယ်။ ဒါပေမယ့် တူလန်းကတော့ ဒီအကြောင်းကို ဘာမှသိမထားဘဲ သူ၏ ထိုးထွင်းသိမြင်မှုနဲ့ သတိအသိရှိခြင်းတို့ကနေပြီး သံသယဖြစ်ပေါ်လာတာပါ။

အမည်းရောင်မြို့တော်ရဲ့ အဆင့်တစ်ကြေးစားအဖွဲ့အဖြစ် ဆက်လက်တည်မြဲနေနိုင်တဲ့ တူလန်းဟာ လျှော့တွက်လို့တော့မရပါဘူး။

"ဒါနဲ့လေ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲလို့ ကျနော်မသိသေးဘူး"လို့ တူလန်းက ရှန်ယန်ရှောင်အား ရုတ်တရက်မေးလိုက်ပါတယ်။

ရှန်ယန်ရှောင်က မျက်ခုံးတွေကို ပျင်းတွဲစွာပင့်လိုက်ပြီး အေးဆေးစွာပြန်ဖြေလိုက်ပါတယ်။

"ကျနော့်ကို ဟောင်ရှောင်လို့ ခင်ဗျားခေါ်နိုင်ပါတယ်"

အမည်နာမတွေအများကြီး ရှိနေခြင်းဟာ မကောင်းသလို သူမအတွက်ကလည်း အမည်နာမတွေကို ပိုတွေးနေရပါတယ်။ သူမက အမည်ပေးကင်ပွန်းတပ်နေရာမှာ မကျွမ်းလို့ ယန်ဆိုတဲ့ သူမရဲ့နာမည်စကားလုံးကိုဖြုတ်လိုက်ပြီး တွေ့တဲ့စကားလုံးတစ်လုံးကို ထည့်ပေါင်းလိုက်တာဖြစ်ပါတယ်။

ရှန်ဂျူ၊ ရှောင်ယန်နဲ့ အခု ဟောင်ရှောင်တဲ့ သူမရဲ့ ကိုယ်ရေးအချက်အလက်က တော်တော်လေးကို ရှုပ်နေတာပဲလို့ သူမခံစားမိနေပါတယ်။

"အလုပ်ရှင်ပြောတဲ့ ဖီးနစ်ငှက်ရဲ့သတင်းအပေါ်မှာ ဘယ်လိုထင်လဲ ဟောင်ရှောင်"ဟု တူလန်းက ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်ပါတယ်။

တူလန်းကနေ ရုတ်တရက်ကြီး မေးခွန်းတစ်ခုထုတ်လိုက်တဲ့အတွက် ရှန်ယန်ရှောင် နည်းနည်းအံ့သြသွားခဲ့သည်။ ကြည့်ရတာတော့ ဖီးနစ်ငှက်ရဲ့အဆင့်နဲ့ပတ်သတ်ပြီး တူလန်းက သံသယတစ်ကယ်ဝင်နေတာကြောင့် သူမဆီကနေပြီး သတင်းတစ်ချို့ရချင်ပုံပါ။

ဒါပေမယ့်...

"ဖီးနစ်ငှက်အကြောင်းကို ကျနော်သိတာက ခင်ဗျားထင်သလောက်ကြီးမဟုတ်ပါဘူး သူတို့ရဲ့အလေ့အထတစ်ချို့ကိုနားလည်ပေမယ့် သူတို့ရဲ့အဆင့်နဲ့ပတ်သတ်တာကိုတော့ သိပ်မသိဘူးရယ်။ ပြောရမယ်ဆို ဖီးနစ်ငှက် ဒီကမ္ဘာမှာမရှိတာ နှစ်ရာချီပြီလေ"လို့ ရှန်ယန်ရှောင်က တိုးသာဆုတ်သာအောင် ပြောလိုက်ပါတယ်။

သူမရဲ့ရည်ရွယ်ချက်က မီးတောက်မြက်ဖြစ်ပြီး ဖီးနစ်ငှက်အတွက်ကတော့ သူမ ဘာမှထပ်ပြောစရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုရင် တူလန်းရဲ့ စိတ်နေသဘောထားအရ သူမကသာ ဖီးနစ်ငှက်အကြောင်းကို အမှန်အတိုင်းပြောလိုက်မယ်ဆိုရင် တူလန်းဟာ အကြောင်းပြချက်တစ်ခုခုရှာပြီးတော့ ဂူဝံပုလွေအဖွဲ့ကို ဒီစစ်ဆင်ရေးကနေ ခေါ်ထုတ်သွားမှာသေချာပါတယ်။

ဘာလို့လဲဆို ဂူဝံပုလွေအဖွဲ့က ဘယ်လောက်ပဲအင်အားကြီးတယ်ဆိုဆို ဒဏ္ဍာရီသတ္တဝါအဆင့်ကို ယှဉ်နိုင်ဖို့တော့ အဝေးအဝေးကြီးလိုပါသေးတယ်။

အဲ့လိုသာဖြစ်သွားမယ်ဆိုရင် သူမဟာ ကြက်ခိုးဖို့လုပ်တာ ဆန်သာကုန်ခဲ့တဲ့အဖြစ်မျိုးဖြစ်သွားမှာလေ။

ရှန်ယန်ရှောင်ပြောလိုက်တာကို တူလန်းက ချက်ခြင်းမတုံ့ပြန်ခဲ့ဘဲ သူမကိုသာ တွေးတောရင်းကြည့်နေလိုက်ပါတယ်။

သူမဟာ သူ့အပေါ်ကို အကုန်အစင်ဖွင့်မပြောဘဲ ထိန်ချန်ထားနေတယ်ဆိုပြီး သူအမြဲခံစားမိနေရပါတယ်။ ထိန်ချန်မှုတွေကလည်း ဖီးနစ်နဲ့ပတ်သတ်တဲ့အကြောင်းတွေပဲဖြစ်တယ်။ ဒါပေမယ့် ဟောင်ရှောင်က သူတို့အဖွဲ့သားမဟုတ်ဘဲ သူဖိတ်ခေါ်ထားခဲ့တဲ့ ဧည့်သည်တစ်ယောက်ဖြစ်တာကြောင့် သူ သံသယရှိနေရင်တောင်မှ ဟောင်ရှောင်အားသိသမျှအကုန် ထုတ်ပြောစေရန် ဖိအားပေးလို့မရပါဘူး။

ဘေးမှာထိုင်နေတဲ့ ကြမ်းကြုတ်ဝံပုလွေဟာ သူ့ခေါင်းဆောင်အား ထူးဆန်းသလိုကြည့်နေပါတယ်။ ယာယီအဖွဲ့သားအပေါ်မှာ တူလန်းပြောဆိုဆက်ဆံမှုက အလွန်ယဉ်ကျေးသိမ်မွေ့နေပါတယ်။ သူတို့ဝံပုလွေခြောက်ကောင်တောင် တူလန်းရဲ့ အရေးပေးဆက်ဆံမှုကို ရရှိတာရှားပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ဟာ အမြဲတစေမာကျောသူတစ်ယောက်ဖြစ်ပြီး ဘယ်တုန်းကစပြီး အခုလိုယဉ်ကျေးတတ်နေတာလဲ။

သူကြည့်မိလေလေ ရှန်ယန်ရှောင်အပေါ် တူလန်ရဲ့ဆက်ဆံပုံက ထင်ကြေးပေးလို့ကောင်းလေလေပဲလို့ ကြမ်းကြုတ်ဝံပုလွေခံစားမိလိုက်သည်။

ဒီကောင်ကလေးက ကြီးကျယ်တဲ့နောက်ခံရှိနေတာလား။

သို့သော်လည်း ဒီကောင်လေးကို သူ ဘယ်အနေအထားနဲ့ကြည့်ကြည့် ဘယ်နေရာကိုပဲကြည့်ကြည့် အထူးတစ်လည်ဖြစ်နေတာမျိုးကို မတွေ့ဘူးဖြစ်နေရသည်။ ကောင်လေးဝတ်ထားတဲ့ အဝတ်အစားတွေဟာလည်း အမည်းရောင်မြို့ရဲ့ တွေ့တဲ့အဝတ်အထည်ဆိုင်တိုင်းမှာ ဝယ်လို့ရတဲ့ရိုးရိုးအဝတ်အစားတွေပါ။

သူမလက်ချောင်းတစ်ချောင်းမှာရှိတဲ့ လက်စွပ်ကလွဲရင် သူမကိုယ်ပေါ်မှာလည်း ဘာလက်ဝတ်ရတနာမှမရှိသလို လက်နက်လည်းမရှိပါဘူး။ ကောင်လေးရဲ့ အသက်နဲ့ညှပ်စိကိုယ်လုံးတို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီယာယီအဖွဲ့သားအပေါ်မှာ သူ့အနေနဲ့ ဘာအကောင်းမြင်စရာမှ သိပ်မရှိတော့ပါဘူး။

သူ ကြမ်းကြုတ်ဝံပုလွေက ဘယ်လိုဖြစ်လို့ ဒီကောင်လေးရဲ့ ကလေးထိန်းတစ်ယောက်ဖြစ်သွားရတာတုန်း...

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၅၁)

ကြမ်းကြုတ်ဝံပုလွေ စိတ်ရှုပ်သွားသည်။ ရှန်ယန်ရှောင် ဂူဝံပုလွေအဖွဲ့နဲ့ပေါင်းပြီးတဲ့အချိန်ကစလို့ ကြမ်းကြုတ်ဝံပုလွေနဲ့ရှန်ယန်ရှောင်တို့ စကားတစ်လုံးတောင် မပြောရကြသေးပါဘူး။ ဒီဝန်ပိုးအပေါ်မှာ သူ့စိတ်ထဲအနည်းငယ် မကျေမနပ်ဖြစ်နေပါသေးတယ်။

ဒီကောင်လေးကို တူလန်းက ဖီးနစ်ငှက်အကြောင်း မေးတယ်တဲ့ ဒီကလေးက ဒီလိုကိစ္စတွေကို ဘာသိမှာတုန်း။

သူ့အသက်လောက်နဲ့ဆို ပုံပြင်စာအုပ်တွေလောက်ပဲ ဖတ်ဦးမှာဖြစ်ပြီး ဖီးနစ်ငှက်ဆိုတာကိုလည်း ပုံပြင်စာအုပ်ထဲက သိလာတာဖြစ်မှာကို ကြမ်းကြုတ်တစ်ယောက် စိုးရွံ့နေပါတယ်။

"ဖီးနစ်ငှက်ရဲ့အလေ့အထတွေကို တစ်ကယ်သိလား ဟောင်ရှောင်။ သိတယ်ဆိုရင် ပြောပြဦး ဒါမှသာ ငါတို့လည်း ကြိုတင်ပြင်ဆင်ထားလို့ရမှာ"

တူလန်းက မေးစမ်းကြည့်လိုက်သည်။ ဟောင်ရှောင်က သူ့ကိုဖုံးကွယ်ထားတာတစ်ချို့ရှိနေပါသည်။ ဒါကြောင့် ရသမျှအချက်အလက်ကိုပဲ ယူလိုက်ဖို့ သူတတ်နိုင်ပါတော့တယ်။

ရှန်ယန်ရှောင် တူလန်းကို ငဲ့ကြည့်လိုက်သည်။ သူမ အခုအချိန်မှာ ဘာမှမပြောရင်တောင် တူလန်းက အခွင့်အရေးရတိုင်း မေးနေဦးမှာကို သူမ သိပါတယ်။

"ဖီးနစ်က မီးဓာတ်မှော်သားရဲကောင်အမျိုးအစားထဲပါဝင်ပြီးတော့ မီးမှော်တိုက်ခိုက်မှုဖက်မှာ ကောင်းတယ်။ များသောအားဖြင့်တော့ ဖီးနစ်ငှက်သိုက်တွေကို မီးဓာတ်များတဲ့နေရာတွေမှာ တည်ဆောက်တတ်တယ်။ ဖီးနစ်ငှက်နေတဲ့ နေရာတစ်ဝိုက်မှာ သာမန်နေရာတွေထက်ပိုပြီးတော့ အပူချိန်မြင့်တယ်"

ရှန်ယန်ရှောင်က သိပ်အရေးမကြီးသော အချက်တစ်ချို့ကို ဖော်ပြပြောဆိုခဲ့ပါသည်။

"မီးဓာတ်များတဲ့နေရာလား"

တူလန်းမျက်လုံးတွေကျဉ်းမြောင်းသွားသည်။ ရှန်ယန်ရှောင်စကားတွေက သူ့အတွက် အချက်အလက်တစ်ချို့ကို ပေးခဲ့ပါတယ်။ အလုပ်ရှင်က နေရာအတည်အကျကို သူတို့အားမပြောပေမယ့် ဖီးနစ်ငှက်ရဲ့တည်နေရာပတ်ဝန်းကျင် အခြေအနေကို သိထားမယ်ဆိုရင် ဒီအချက်တွေကိုအခြေခံပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့နေရာအချို့ကို ခန့်မှန်းလို့ရပါတယ်။

"လောင်းရွှမ်ပြည်ရဲ့ အရှေ့မြောက်ဖက်မှာ ကူလောင်လို့ခေါ်တဲ့ တောင်ရှိပြီး အဲ့နေရာမှာ မီးဓာတ်အားကောင်းတယ်။ အပူချိန်ကလည်း တစ်ခြားနေရာတွေထက် အများကြီးပိုမြင့်သလို ကူလောင်တောင်မှာပေါက်တဲ့ အပင်တွေကလည်း အပူချိန်ကိုအများကြီးခံနိုင်ရည်ရှိတဲ့ သံပင်ကြီးတွေနဲ့နေဝင်မီးမြက်တွေပဲ။ ဒါပေမယ့် အဲ့ဒီမှာက အလတ်တန်းအဆင့်မှော်သားရဲတွေ မကြာခဏတွေ့ရတတ်လို့ လူအနည်းငယ်ပဲ သွားလာကြပြီး အရင်းအမြစ်လည်း သိပ်မရှိတာကြောင့် အဲ့နေရာကို ပုံမှန်အားဖြင့်တော့ ဘယ်သူမှသွားမှာမဟုတ်ဘူး။ မင်းပြောသလိုမျိုး မီးဓာတ်မြင့်မားတဲ့နေရာမှာပဲ ဖီးနစ်ငှက်သိုက်ရှိမယ်ဆိုရင် အမည်းရောင်မြို့နဲ့အနီးဆုံးဖြစ်နိုင်ခြေရှိတဲ့နေရာက ကူလောင်တောင်ပဲ"လို့ တူလန်းပြောလိုက်သည်။

တူလန်း ခနနားလိုက်ပြီး ဆက်ပြောလိုက်သည်။

"ကူလောင်တောင်တစ်ဝိုက်က နတ်ဆိုးတွေနဲ့နတ်တွေရဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာတွေထဲက တစ်ခုပဲ။ ဒီဒေသမှာ နတ်ဆိုးတွေနဲ့နတ်တွေရဲ့ စစ်ပွဲကြောင့်မို့ အလွန်အားကောင်းတဲ့ ဓာတ်အားတွေရှိနေတယ်။ လူတွေသာ အဲ့မြေပေါ်မှာ အချိန်အကြာကြီးနေထိုင်မယ်ဆိုရင် အားကောင်းတဲ့ဓာတ်အားတွေကြောင့် သူတို့ကိုယ်တွင်းက အကြောတွေကြေမွပျက်စီးသွားလိမ့်မယ်။ အဲ့ဒါကြောင့် ကူလောင်တောင်တစ်ဝိုက်မှာ ဘာမြို့မှမရှိတာပဲလေ။ အမည်းရောင်မြို့တော်နဲ့ ကူလောင်တောင်ကြားမှာ လူတစ်ယောက်မှတွေ့ရမှာ မဟုတ်ဘူးလို့တောင်ပြောလို့ရတယ်"

ပြောရကြေးဆို ကူလောင်တောင်ဟာ လောင်းရွှမ်ပြည်ရဲ့ ကန့်သတ်နယ်မြေတစ်ခုဖြစ်ပါတယ်။

နတ်ဆိုးတွေနဲ့နတ်တွေရဲ့ တိုက်ပွဲဟာ နှစ်တစ်ထောင်ကြာညောင်းခဲ့ပြီဆိုပေမယ့် နတ်မျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တို့ရဲ့ ကြောက်မက်ဖွယ်စွမ်းအားတွေဟာ လူသားတွေရဲ့မြေပေါ်မှာ ကျန်ရှိနေဆဲပါပဲ။ ဒါကြောင့် အဓိကစစ်မြေပြင်ဖြစ်ခဲ့တဲ့ ဒေသတွေမှာ ဘာသက်ရှိမှပေါက်ဖွားနေထိုင်နိုင်ခြင်းမရှိတာဟာ နှစ်တစ်ထောင်ကြာမြင့်ခဲ့တာတောင် ပြောင်းလဲခြင်းမရှိသေးပါဘူး။ အသက်ပြင်းတဲ့သစ်ပင်တွေတောင် ဘယ်တုန်းကမှ ရှင်သန်ကြီးထွားနိုင်ခြင်း မရှိပါဘူး။

အချိန်က အဆိုပါစစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို လောကကနေပျောက်ကွယ်သွားအောင် မလုပ်ပေးနိုင်ဘဲ အချိန်ကုန်လာတာနဲ့အမျှ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာတုန်းက အစွမ်းအရှိဆုံး မျိုးနွယ်နှစ်ခုဟာ ကမ္ဘာတုန်ဟီးတဲ့ စစ်ပွဲကြီးကို ဒီမြေပေါ်မှာ ဆင်နွှဲခဲ့တာလို့ ပြောပြနေဦးမှာပဲဖြစ်ပါတယ်။

မရေမတွက်နိုင်တဲ့နတ်ဆိုးတွေ ဇီဝိန်ချုပ်ကာ ခရမ်းရောင်သွေးတွေ ကမ္ဘမြေပေါ်ကျရောက်ခဲ့သလို နတ်မျိုးနွယ်တွေလည်း တစ်ယောက်ပြီးတစ်ယောက် နတ်စွမ်းအားတွေနဲ့အတူ ဒီလောကနေပြီး မျိုးသုဉ်းပျောက်ကွယ်ခဲ့ရပါတယ်။

ဒါဟာ ဘယ်သူမှ မေ့ပျောက်လို့မရမယ့် သမိုင်းတစ်ခုဖြစ်သော နတ်မျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့ ပါဝင်သော ဝမ်းနည်းကြေကွဲဖွယ် စစ်ပွဲကြီးဖြစ်ပါတယ်။

All Chapters