အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၅၂)
ရှန်ယန်ရှောင်ပေးတဲ့ သဲလွန်စအပေါ်မှာ အခြေခံကာ သူတို့ဦးတည်နေတာက ကူလောင်တောင်ဆိုတာကို တူလန်းတွက်ချက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့မျက်နှာအမူအယာက အနည်းငယ်ပြောင်းလဲသွားပါသည်။
"ကူလောင်တောင်ကိုသာ ငါတို့သွားနေတာအမှန်ဆိုရင်တော့ ငါတို့ရင်ဆိုင်ရမှာက အဆင့်၈မှော်သားရဲကို ရင်ဆိုင်ရသလိုမျိုး ရိုးရှင်းမှာမဟုတ်တော့ဘူး"လို့ပြောလိုက်တဲ့ တူလန်းအသံမှာ လေးနက်တဲ့အသံပါဝင်နေပါတယ်။
ရှန်ယန်ရှောင်က ကူလောင်တောင်အကြောင်းကို ဘာမှမသိပေမယ့် တူလန်းရဲ့ လေးနက်တဲ့အမူအယာကို မြင်နေရာတာကြောင့် မနေနိုင်ဘဲ ဝင်မေးလိုက်ပါတယ်။
"အဲ့ကူလောင်တောင်က ဘာဖြစ်နေလို့လဲ"
တူလန်းလည်း ရှန်ယန်ရှောင်ကိုကြည့်လိုက်ပြီးနောက် လေသံပြောင်းသွားပါတယ်။
"ကူလောင်တောင်ကို ဘယ်သူမှမသွားရဲဘူးဆိုတာက မှော်သားရဲတွေနဲ့ဓာတ်အားတွေကြောင့်တင်မဟုတ်ဘူး အဲ့ဒီမှာ နတ်ဆိုးတွေအများကြီးရှိနေတာကြောင့်လည်း ပါတယ်"
"နတ်ဆိုးတွေ"
ရှန်ယန်ရှောင်မျက်ခုံးတွေ မြင့်တက်သွားသည်။ သူမ ပြန်လည်မွေးဖွားလာပြီးတည်းက နတ်ဆိုးတွေအကြောင်းကို အများကြီးကြားခဲ့ရပါတယ်။ ရှူစုပ်ယူခဲ့တဲ့ သလင်းအမြူတေဟာ တစ်သိန်းနီးပါးရှိပါပြီ။ ဒါပေမယ့် လူတွေပြောပြောနေကြတဲ့ အဲ့ဒီရက်စက်ကြမ်းကြုတ်တဲ့ အကောင်တွေကို သူမ တစ်ခါမှ မတွေ့မြင်ဖူးသေးပါဘူး။
တူလန်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်တယ်။
"ဟုတ်တယ် လင်းလက်တိုက်ရဲ့ လေးနိုင်ငံဟာ တစ်ခါစုပေါင်းပြီးတော့ တိုက်ထုတ်ရှင်းလင်းခဲ့ပေမယ့် လေးနေရာကိုပဲ ရှင်းလင်းနိုင်ခဲ့တယ်။ မရေတွက်နိုင်အောင်များတဲ့ နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပေမယ့်လည်း လွတ်မြောက်ခဲ့တဲ့နတ်ဆိုးတွေအများကြီးရှိပြီး ကူလောင်တောင်လိုမျိုး ချောင်ကျကျနေရာတွေမှာ ပုန်းအောင်းနေကြတုန်းပဲလေ နောက်ပြီး ကူလောင်တောင်မှာ ဘယ်သူမှမနေရဲကြတော့ မှော်သားရဲတွေနဲ့ နတ်ဆိုးတွေအတွက်တော့ သုခဘုံတစ်ခုဖြစ်လာတာပဲ။ အရင်တစ်ခေါက်က ကူလောင်တောင်စစ်ဆင်ရေးတစ်ခုကို ကြေးစားတစ်ဖွဲ့က လက်ခံရရှိခဲ့ပြီး သူတို့အဖွဲ့မှာ အဖွဲ့သားတစ်ရာရှိပေမယ့် ကူလောင်တောင်ကနေ ပြန်ထွက်လာနိုင်တာဆိုလို့ ဆယ်ယောက်ကျော်ကျော်ပဲရှိတာ။ ကျန်တဲ့လူတွေကတော့ မှော်သားရဲကြောင့်သေတာမဟုတ်ရင် နတ်ဆိုးစားတာကို ခံခဲ့ကြရတာပဲ"
လူတစ်ရာရှိတဲ့ကြေးစားအဖွဲ့တဲ့လား...
အဲ့ဒါက အလတ်စားကြေးစားအဖွဲ့မဟုတ်လား...
အလတ်စားကြေးစားအဖွဲ့တစ်ဖွဲ့က ကူလောင်တောင်ကို ဝင်ရောက်ခြေချပြီးတဲ့နောက် ပြန်လွတ်မြောက်လာနိုင်တာက လက်တစ်ဆုပ်စာပဲရှိတာကြောင့် ကူလောင်တောင်ရဲ့ အန္တရာယ်အဆင့်ကို သိမြင်နိုင်ပါတယ်။
အလုပ်ရှင်က ဦးတည်ချက်နေရာကို ထုတ်ဖော်မပြောတာက မထူးဆန်းတော့ပါဘူး။ ကြည့်ရတာတော့ ဖီးနစ်ငှက်သိုက်ရဲ့တည်နေရာကို ဖုံးကွယ်ချင်တာအပြင် သွားမယ့်နေရာက ကူလောင်တောင်ဆိုတာကို ကြေးစားအဖွဲ့တွေအား မပြောရဲတာလည်းပါပုံပဲ။ ပြောလိုက်ရင် ကြေးစားအဖွဲ့တွေဟာ ကူလောင်တောင်မှာရှိတဲ့ အန္တရာယ်တွေကိုကြောက်ရွံ့ပြီး အလုပ်လက်ခံကြမှာမဟုတ်တော့ပါဘူး။ ရှန်ယန်ရှောင် မေးကိုပွတ်လိုက်တယ်။ သူမရဲ့ မျက်လုံးရွဲကြီးတွေ ကျဉ်းမြောင်းသွားသည်။ တူလန်းပြောတဲ့အတိုင်းဆို ကူလောင်တောင်ဟာ အလွန်အန္တရာယ်များတဲ့နေရာပဲလို့ သူမလည်း တွေးမိပါတယ်။ မှော်သားရဲတွေအပြင် လူတွေကို သိတောင်မသိစေရဘဲ သတ်ပစ်မယ့် နတ်ဆိုးတွေလည်းရှိသေးတယ်။ ကူလောင်တောင်မှာ နေထိုင်နေတဲ့ ဒဏ္ဍာရီသတ္တဝါအဆင့်ရှိ မှော်သားရဲကောင်တစ်ကောင်ကိုတော့ ထည့်ပြောမနေပါတော့နဲ့။
ဒါက ရှင်သန်ဖို့အတွက် တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။
"ခေါင်းဆောင် နောက်ဆုတ်ချင်တာလား"
တူလန်းရဲ့ အမူအယာက ပိုပိုဆိုးဆိုးလာတာကို ရှန်ယန်ရှောင်ကြည့်နေပါတယ်။ သူမလည်း ဘာမှမတတ်နိုင်ပါဘူး။ တူလန်းနောက်မဆုတ်စေရန်အလို့ငှာ ဖီးနစ်ငှက်ရဲ့အဆင့်အစစ်အမှန်ကို သူမ ထုတ်မပြောခဲ့ပေမယ့် သဲလွန်စတစ်ချို့နဲ့တင် ဖီးနစ်ငှက်သိုက်နေရာကို တူလန်းက ထောက်ပြနိုင်ခဲ့ရုံတင်မကဘဲ ထိုနေရာရဲ့ အန္တရာယ်တွေကိုပါ သိနေခဲ့ပါသေးတယ်။ အခုတော့ ကြည့်ရတာဟာ တူလန်းအနေနဲ့ သူ့အဖွဲ့ကို စောစောထွက်ဖို့ တွေးနေပုံပါပဲ။ အဲ့လိုဆိုရင် သူမက မီးတောက်မြက်ကိုရရှိဖို့အတွက် တစ်ခြားကြေးစားအဖွဲ့တွေကြားမှာ ရောနှောနေရပါတော့မယ်။
တူလန်းဟာ ခနတာတိတ်ဆိတ်နေလိုက်ပြီးနောက် ခေါင်းကိုယမ်းကာပြောလိုက်ပါတယ်။
"ဂူဝံပုလွေကြေးစားအဖွဲ့က စစ်ဆင်ရေးကနေပြီး ဘယ်တော့မှနှုတ်ထွက်မှာမဟုတ်ဘူး ဒါက ကြေးစားတစ်ယောက်ရဲ့ ဥပေဒသလည်းဖြစ်တယ်။ ဒီစစ်ဆင်ရေးမှာ အန္တရာယ်တွေအများကြီး ရှိနေမယ်ဆိုရင်တောင် ငါတို့က သဘောတူညီချက်ကို ဖောက်ဖျက်မှာမဟုတ်ဘူး။ ဒါဟာ ဂူဝံပုလွေအဖွဲ့ရဲ့ မာနနဲ့ဂုဏ်ပဲ စစ်ဆင်ရေးကိုလက်ခံပြီးရင် ဘယ်တော့မှ နောက်မတွန့်ဘူး"
တူလန်းရဲ့အသံဟာ အနည်းငယ်တိုးပေမယ့် ဒီစကားခွန်းမှာတော့ အားမာန်ပါဝင်နေပြီး လူတွေကို အံ့သြစေခဲ့ပါတယ်။
ရှန်ယန်ရှောင်လည်း ခနတာခန့် တုန်လှုပ်အံ့သြသွားခဲ့ရသည်။ သူတို့၏ သစ္စာစကားနဲ့ဂုဏ်အပေါ်မှာ ထားရှိတဲ့ တူလန်းရဲ့ စောင့်ထိန်းမှုအား ရှန်ယန်ရှောင် တစ်ကယ် အံ့အားသင့်ခဲ့ရပါသည်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၅၃)
လျှောက်ရမယ့်ခရီးလမ်းမှာ အန္တရာယ်တွေပြည့်နေတယ်ဆိုတာ တူလန်းသိပေမယ့် ထွက်ပြေးဖို့ရာ သူစိတ်ကူးမရှိပါဘူး။
တစ်ကယ့်ကြေးစားဆိုတာ ဒါမျိုးပုဂ္ဂိုလ်ပါ
အလုပ်လက်ခံပြီးတာနဲ့ သေသည်ရှင်သည်ကိုဂရုမစိုက်ဘဲ တာဝန်ပြီးမြောက်ရေးအတွက်သာ အကောင်းဆုံးလုပ်ဆောင်တာဖြစ်ပြီး ပေးဆပ်ရမှုကြီးမားနေရင်တောင် နောက်မဆုတ်တဲ့လူစားမျိုးတွေဖြစ်ပါတယ်။
တူလန်းရဲ့ဖွင့်ဟချက်ကြောင့် ရှန်ယန်ရှောင် သက်ပြင်းကိုသာဆက်တိုက်ချမိလိုက်တယ်။ လှည်းထဲမှာထိုင်နေတဲ့ ကြမ်းကြုတ်ဝံပုလွေကိုကြည့်လိုက်တော့ သူမနဲ့တူလန်းရဲ့ ပြောဆိုတာတွေကို ကြားပြီးတာတောင်မှ ဘယ့်နှယ်မှမနေတာကို သူမ သတိပြုမိလိုက်ပါတယ်။ တူလန်းရဲ့နောက်မတွံ့မှုကို ကြမ်းကြုတ်ဝံပုလွေအနေနဲ့ ထူးခြားဟန်မပြဘဲ ဒါမျိုးသေချာပေါက်ဖြစ်လာမယ်ဆိုတာ သိနေတဲ့အထာနဲ့ပါ။
ရှန်ယန်ရှောင် နောက်တစ်ခါ ထပ်ပြီးသက်ပြင်းချလိုက်မိပြန်ပါတယ်။ ဂူဝံပုလွေများအဖွဲ့ဟာ အမည်းရောင်မြို့တော်ရဲ့ တစ်ကယ့်ကိုပထမပါပဲ။ သူတို့ခေါင်းဆောင်ဟာ သတိတရားလက်ကိုင်ထားသူဖြစ်ကာ သူ့အဖွဲ့သားတွေကတော့ သူ့အပေါ်မှာယုံကြည်မှုအပြည့်ရှိကြပြီး ကြေးစားဆိုတဲ့ ဂုဏ်သိက္ခာအတွက် ခက်ခဲကြမ်းတမ်းမှုတွေအားလုံးကို ခေါင်းမာစွာရင်ဆိုင်ဖြတ်ကျော်ကြမယ့်သူတွေဖြစ်ပါတယ်။
တူလန်းရဲ့ သူရဲကောင်းဆန်သော ဆုံးဖြတ်ချက်ကြောင့် သူမ စိတ်ထဲလှုပ်ခတ်သွားပြီး သူရသတ္တိနဲ့ပြည့်စုံသော ကြေးစားခေါင်းဆောင်အပေါ် လေးစားသွားပါတယ်။
ဂူဝံပုလွေများအဖွဲ့ရဲ့ အဖွဲ့သားတွေက များရင်မှများပါလိမ့်မယ် နောက်ပြီး လောင်းရွှမ်ပြည်ရဲ့ အကောင်းဆုံးကြေးစားအဖွဲ့ဖြစ်ရင်မှဖြစ်ပါလိမ့်မယ် ဒါပေမယ့် သူတို့မှာ ကြေးစားအတော်များများလျစ်လျူရှုစွန်ပစ်ထားကြတဲ့ ယုံကြည်ချက်ကို ပိုင်ဆိုင်ကြပါတယ်။ ဒီဒြပ်မဲ့အရာဟာ ကိစ္စရပ်အတော်များများမှာ လူတစ်ယောက်ကို အောင်မြင်ခိုင်မာသောသူတစ်ဦးဦးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာ မနည်းတော့ပါဘူး။
"ဒါက ကူလောင်တောင်လေးနဲ့ နတ်ဆိုးလေးလောက်ပါပဲကွာ။ အန္တရာယ်များတယ်ဆိုပေမယ့်လည်း ငါတို့မှာလူအများကြီးပါတယ်လေ။ နောက်ပြီးတော့ အလုပ်ရှင်၁၃ယောက်ရဲ့ အစွမ်းကလည်းမသေးလောက်ဘူးလို့ ငါထင်တယ် ဒါကြောင့် နတ်ဆိုးတွေက ငါတို့ကိုတိုက်ခိုက်ချင်ရင်တောင် သူတို့ကိုယ်သူတို့ဘယ်လောက်စွမ်းလဲဆိုတာ အရင်ချိန်ထိုးကြည့်ကြပေါ့ကွာ"
တူလန်းကလှောင်ပြောပြောလိုက်သည်။ သူတို့အဖွဲ့မှာ လူတစ်ထောင်ကျော်ရှိပြီး တစ်ယောက်ထဲအဖော်ကွဲမသွားဘူးဆိုပါက နတ်ဆိုးတွေအနေနဲ့ သူတို့ကို လွယ်လင့်တကူ တိုက်ခိုက်ရဲမှာမဟုတ်ပါဘူး။
"ပြီးခဲ့တဲ့တစ်ခေါက်ကြေးစားအဖွဲ့က အခုလိုအခြေအနေဆိုးရတာဟာ နတ်ဆိုးတွေ မှော်သားရဲတွေနဲ့တွေ့လို့တင်မဟုတ်ဘဲ ကူလောင်တောင်အကြောင်းကို သူတို့နားမလည်တာကြောင့်လည်း ပါသေးတယ်။ ဒါပေမယ့် ငါတို့ကကျ ကူလောင်တောင်အကြောင်းကို ကြိုကြိုတင်တင်သိထားတဲ့အတွက် ရွေးစရာမရှိလို့ သွားရမယ်ဆိုရင်တောင် ငါတို့ကမပြင်မဆင်ဘဲတော့ ရှိမှာမဟုတ်ဘူးလေ"
တူလန်းက ဘွင်းဘွင်းကြီးပြောချလိုက်ပါတယ်။ သူတို့ရင်ဆိုင်ရမယ့်အခြေအနေကို သူသိပြီဖြစ်လို့ သူ့လူတွေကို ပြင်ဆင်ထားဖို့ သူ အမိန့်ပေးမှာပါပဲ။
မြင်းစီးပြီးလိုက်လာတဲ့ ကြေးစားတစ်ယောက်ကို တူလန်းချက်ခြင်းခေါ်လိုက်တယ်။ ကြေးစားကိုနားနားကပ်ကာ တိုးတိုးတိတ်တိတ်နဲ့စကားအနည်းငယ်ပြောလိုက်ပြီးတော့ လိုက်လာတဲ့ ညီအစ်ကိုတွေအားလုံးကို စကားလက်ဆင့်ကမ်းဖို့ ညွှန်ကြားလိုက်ပါတယ်။ အားလုံးကိုညွှန်ကြားပြီးတော့မှသာ တူလန်းရဲ့ အမူအယာလည်း ပေါ့ပါးသွားခဲ့ပါသည်။
သူ့ညီအစ်ကိုတွေဟာ အဆိုပါ နတ်ဆိုးကောင်တွေအား ရင်ဆိုင်ရမှာ ရှုံးနိမ့်စရာမရှိဘူးလို့ သူယုံပါတယ်။
အားလုံးပြီးတာနဲ့ တူလန်းက ဖီးနစ်ငှက်နဲ့ပတ်သတ်တာတွေကို ရှန်ယန်ရှောင်အား ထပ်မေးပြန်ပါတော့တယ်။
တူလန်းရဲ့ စိတ်အမောကြောင့်လားမသိပေမယ့် ဒီတစ်ခါမှာတော့ ရှန်ယန်ရှောင်ဟာ အရေးကြီးအချက်တစ်ချို့အား ထုတ်ဖော်ပြောခဲ့လိုက်သည်။ နားထောင်နေတဲ့ တူလန်းဟာ အလွန်အမင်းကို အံ့အားသင့်သွားခဲ့ရသည်။ ဖီးနစ်ငှက်ရဲ့အလေ့အထအကြောင်းကို ရှန်ယန်ရှောင်ကများများပြောလေ သူမကို ကြည့်နေတဲ့ တူလန်းမျက်လုံးတွေက ပိုလေးနက်လာလေလေပါပဲ။
ဒီဟောင်ရှောင်ဟာ ပေါ့တွက်လို့တော့မရဘူးပဲ။ သူ့ကိုဖိတ်ခေါ်ခဲ့တာက တစ်ကယ့်ကို ရွေးချယ်မှုကောင်းဖြစ်ခဲ့ပြီ။
စကားဆက်လက်ပြောဆိုနေကြတဲ့ သူတို့နှစ်ယောက်ဟာ ဘေးမှာထိုင်နေပြီး စကားတစ်လုံးမှဝင်မပြောတဲ့ ကြမ်းကြုတ်ဝံပုလွေဟာ ရှန်ယန်ရှောင်ပါးစပ်ကနေပြီး အဆက်မပြတ်ထွက်လာတဲ့ သတင်းစကားတွေကြောင့် ဇီးကွက်တစ်ကောင်လိုမျိုး မျက်လုံးတွေပြူးထွက်နေတာကို သတိမပြုမိခဲ့ကြပါဘူး။
ဒီကောင်လေး...
ဖီးနစ်ငှက်အကြောင်းကို ဒီလောက်တောင် ဘယ်လိုလုပ်သိနေရတာလဲ။
နောက်ပြီး တူလန်းနဲ့ရှန်ယန်ရှောင်တို့ရဲ့ စကားဝိုင်းကိုကြည့်နေတဲ့ ကြမ်းကြုတ်ဝံပုလွေဟာ ရှန်ယန်ရှောင်ကို ၁၃နှစ်သားလေးလို့ မမြင်မိတော့ပါဘူး။ အဲ့လိုတည်ငြိမ်မှု၊ အဲ့လိုမျိုးအကြားအမြင်များမှုတွေမှာ ကလေးတစ်ယောက်နဲ့တူတာ ဘယ်မှာပါလို့လဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၅၄)
ရှန်ယန်ရှောင်အပေါ်မှာ မြင်မြင်ချင်းဖြစ်ပေါ်ခဲ့တဲ့ ကြမ်းကြုတ်ဝံပုလွေရဲ့ သုံးသပ်မှုသဘောထားဟာ စကားဝိုင်းကိုနားထောင်လေလေ ယိုင်နဲ့လာလေဖြစ်သွားပါတယ်။ သူအစက ထင်ထားမိခဲ့တာကတော့ ကောင်လေးဒီနေရာမှာရှိနေတာဟာ ဘေးကနေပွဲကြည့်ပရိသတ်တစ်ယောက်အနေနဲ့ လိုက်လာတာပဲလို့ဖြစ်ပြီး ကောင်လေးပြောတဲ့စကားအနည်းငယ်နဲ့တင် ဒီခရီးစဉ်ရဲ့ဦးတည်ချက်နေရာကို တူလန်းခန့်မှန်းနိုင်အောင်အကူအညီဖြစ်မယ်လို့ ထင်မထားပါဘူး။ နောက်ပြီး အဲ့လိုခန့်မှန်းနိုင်တာကြောင့် ရင်ဆိုင်ကြုံတွေ့ရမယ့် အန္တရာယ်တွေအတွက် သူတို့ညီအစ်ကိုတွေကို ကြိုတင်ပြင်ဆင်ထားဖို့ တူလန်းညွှန်ကြားနိုင်ခဲ့ပါသေးတယ်။ ဒီတစ်ခုနဲ့တင် စစ်ဆင်ရေးမှာ သူတို့ခံစားရမယ့်ပြဿနာတွေ ဆုံးရှုံးမှုတွေလျော့နည်းသွားမှာဖြစ်သည်။ သူတို့ရဲ့ဆုံးရှုံးမှုက ဘယ်လောက်အထိသေးမလဲဆိုတာကိုတော့ ကြိုတင်တွက်ဆဖို့ခက်ပါသေးတယ်။
ရှန်ယန်ရှောင်ကို ကလေးတစ်ယောက်အဖြစ် ကြမ်းကြုတ်ဝံပုလွေမဆက်ဆံတော့ပါဘူး။ ရှန်ယန်ရှောင်ပြောနေတဲ့ စကားလုံးတိုင်းကို သူ သေသေချာချာလိုက်နားထောင်ပါတော့တယ်။
လူထောင်ဂဏန်းဟာ ကျယ်ပြန့်တဲ့မြေပေါ်မှာ ရှေ့သို့သာဆက်လက်ချီတက်နေပါသည်။ အချိန်ကုန်လာတာနဲ့အမျှ အမည်းရောင်မြို့တော်နဲ့ဝေးသထက်ဝေးလာခဲ့ပြီး ဘယ်နေရာမှန်းမသိသောနေရာကို ဆက်သွားနေကြပါသည်။
ညမိုးချုပ်တဲ့အခါမှာတော့ ဒီအဖွဲ့ဟာ တောအုပ်တစ်ခုရှေ့မှာ ရပ်နားလိုက်ကြပါတယ်။ ညနေခင်းရောက်ပြီဖြစ်ကာ ကောင်းကင်ကလည်း တဖြည်းဖြည်းမှောင်လာနေပြီဖြစ်လို့ ကြေးစားအားလုံးလည်း လှည်းတွေထဲကနေထွက်လိုက်ပြီး တောအုပ်ရှေ့မှာပဲ စခန်းချလိုက်ကြပါတယ်။
ဂူဝံပုလွေအဖွဲ့သားတွေဟာ လေ့ကျင့်သားပြည့်ဝနေတာကြောင့် နားတာနဲ့တစ်ပြိုင်နက် တဲဆောက်မယ့်သူ မီးဖိုမယ့်သူ ချက်ပြုတ်မယ့်သူ အစရှိသဖြင့်ခွဲဝေပြီးသွားပါပြီ။ တစ်နေ့လုံး ပင်ပန်းဆင်းရဲစွာစီးနင်းလာကြရလို့ ပင်ပန်းနေကြပေမယ့်လည်း အနားမယူကြဘဲ ကိုယ့်အလုပ်ကိုယ်သာပြီးစီးအောင် လုပ်ဆောင်ကြပါတော့တယ်။
ဆယ့်ငါးမိနစ်အတွင်းမှာပဲ တဲနှစ်ဆယ်ကျော်ကို ဆောက်လုပ်ပြီးသွားခဲ့ပါတယ်။ မီးဖိုကြီးတစ်ဖိုကိုလည်း တဲတွေရဲ့အရှေ့မှာဖိုပြီးသွားပါပြီ။ ချက်ပြုတ်မယ့်အိုးကို မီးဖိုပေါ်မှာတင်ထားပြီးဖြစ်ကာ မွှေးကြိုင်တဲ့အနံ့က အိုးထဲကနေထွက်ပေါ်နေခဲ့ပါတယ်။
တစ်ခြားအဖွဲ့တွေကတော့ တဲဆောက်ဖို့လုံးပန်းနေကြဆဲဖြစ်သည်။ ထိုကြေးစားတွေဟာ ဟာလာဟင်းလင်းဖြစ်နေတဲ့အစာအိမ်ကနေ တဂွီဂွီမြည်သံကို ခံစားနေရသည်။ သူတို့အကုန်လုံး ဂူဝံပုလွေအဖွဲ့နေရာကနေပြီး ထွက်ပေါ်နေတဲ့မီးခိုးတလူလူကိုကြည့်ကာ တံတွေးကိုသာခက်ခက်ခဲခဲမြိုချလိုက်ကြရပါသည်။
အလုပ်ရှင်တွေဖက်ကတော့ ၁၃ယောက်ပဲရှိတာဖြစ်လို့ တဲလေးတဲပဲလုပ်ထားပါတယ်။ သူတို့ပြီးတဲ့အချိန်က ဂူဝံပုလွေအဖွဲ့ပြီးချိန်နဲ့ တစ်ပြိုင်တည်းလိုလိုဖြစ်ပါတယ်။ တူလန်းနဲ့ခေါင်းဆောင်လူတို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ပြီးနောက် အလုပ်ပြီးနှုန်းကို အသိအမှတ်ပြုဟန်ပြလိုက်ကြပါတယ်။
"ငါတော့ တော်တော်ကုန်နေပြီကွာ လှည်းထဲမှာပဲ တစ်နေကုန်ထိုင်လိုက်လာရလို့ အရိုးတွေကျိုးနေသလိုခံစားနေရတယ်။ မြင်းစီးရသလောက်မကောင်းဘူးကွာ"
ပျော့ပြောင်းဝံပုလွေက လက်မောင်းတွေပုခုံးတွေကို နှိပ်နယ်လိုက်ပြီး မီးဖိုမှာချက်ထားတဲ့အစားအစာကျက်မှာကို မီးပုံဘေးမှာထိုင်စောင့်နေရင်း ပြောလိုက်တာဖြစ်ပါတယ်။
တူလန်းအပါအဝင်ဝုံပုလွေခုနှစ်ကောင်လုံး အတူထိုင်နေကြတာဖြစ်ပြီး ရှန်ယန်ရှောင်ကလည်း သူတို့နဲ့အတူရှိနေပါတယ်။
ကြမ်းကြုတ်ဝံပုလွေကလွဲရင် ကျန်တဲ့ဝံပုလွေငါးကောင်လုံးက ဒီဝန်ထုပ်ဝန်ပိုးဖြစ်တဲ့ ရှန်ယန်ရှောင်မရှိသလို နေနေကြပါတယ်။
ဒီလိုဝန်ပိုးမျိုးကို တာဝန်မယူချင်တဲ့ ကြမ်းကြုတ်ဝံပုလွေကတော့ မကျေမနပ်ဖြစ်ဟန်မရှိတော့ဘဲ သူမဟုတ်တဲ့အတိုင်းဖြစ်နေပါတယ်။ သူကရေအိတ်ကိုထုတ်ယူလိုက်ပြီးတော့ ရှန်ယန်ရှောင်ကိုတောင် လှမ်းပေးလိုက်ပါသေးတယ်။
"ငါတို့တစ်နေကုန် ခရီးသွားထားရတာလေ ရော့ရေနည်းနည်းသောက်လိုက်ဦး"
ကြမ်းကြုတ်ဝံပုလွေရဲ့ လေသံက နည်းနည်းကသိကအောက်ဖြစ်နေပါတယ်။ ရေအိတ်ပေးပြီးတာနဲ့ ရှန်ယန်ရှောင်ကိုမကြည့်တော့ဘဲ ခေါင်းကိုလွှဲလိုက်ပြီးတစ်ခြားနေရာကို ကြည့်လိုက်ပါတယ်။
ကြမ်းကြုတ်ဝံပုလွေရဲ့ စိတ်သဘောကောင်းပြသမှုအပေါ်မှာ ရှန်ယန်ရှောင် ခပ်သဲ့သဲ့သာပြုံးလိုက်သည်။ လှည်းတစ်စီးထဲမှာပဲ တစ်နေ့လုံးအတူတူစီးနင်းပြီးတဲ့နောက်မှာ သူမအပေါ်ထားတဲ့ သဘောထားအပေါ်မှာ ကြမ်းကြုတ်ဝံပုလွေပြောင်းလဲသွားတာကို သူမ ခံစားမိပါတယ်။
ဒီဝန်ထုပ်လေးအပေါ်မှာ ကြမ်းကြုတ်ဝံပုလွေက အမြင်အဆိုးဆုံးဖြစ်ခဲ့တာပါ။ အခုကျတော့ ရုတ်တရက်ကြီးဖော်ရွေပြလိုက်တဲ့အတွက် ဝံပုလွေငါးကောင်လုံးရဲ့ မျက်နှာအမူအယာတွေ ထူးဆန်းသွားခဲ့ပါတယ်။
ကြမ်းကြုတ်ဝံပုလွေနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ ဝံပုလွေရိုင်းက အခွင့်အရေးရတာနဲ့ ကြမ်းကြုတ်ဝံပုလွေကို ဘေးနားသို့ဆွဲခေါ်သွားကာ သတိတထားနဲ့မေးလိုက်ပါသည်။
"ကြမ်းကြုတ်ဝံပုလွေ မင်း ဘာဖြစ်နေတာလဲ။ အဲ့ကောင်လေးအပေါ် မင်းရဲ့သဘောထားက လွဲနေသလားလို့"
ကြမ်းကြုတ်ဝံပုလွေ မျက်ခုံးပင့်သွားတယ်။ သူက ဝံပုလွေရိုင်းကိုကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်ပါသည်။
"အများကြီးမမေးနဲ့။ ဘာပဲဖြစ်ဖြစ်လေ ဟောင်ရှောင်က ခေါင်းဆောင်ကိုယ်တိုင်ဖိတ်ကြားထားတဲ့သူဆိုတော့ သူ့ကို အနေကြပ်အောင်မလုပ်ပါနဲ့ကွာ"