← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၆၁)

သူမကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေတဲ့ ကြေးစားကိုကြည့်လိုက်ပြီး ရှန်ယန်ရှောင် နှုတ်ခမ်းမှာ အပြုံးပါးပါးလေးဖြစ်သွားပါသည်။

ကူလောင်တောင်မှာ အန္တရာယ်တွေ ပုန်းအောင်းစောင့်ဆိုင်းနေတာကို သူတို့အားလုံး ကောင်းကောင်းသိထားပေမယ့် ဂူဝံပုလွေအဖွဲ့သားတစ်ယောက်မျှ နောက်မဆုတ်ခဲ့ကြပါဘူး။ ဒီလိုအချိန်မှာတောင် သူတို့က သူမလိုဝန်ပိုးဖြစ်စေသူကို နှစ်သိမ့်ဖို့လုံးပန်းနေကြပါသေးတယ်။ ဒီလိုထပ်တူအဖြစ်မျိုးကို သူမရဲ့ အရင်ဘဝက ရဲဖော်ရဲဖက်တွေဆီကနေ သူမ အတွေ့အကြုံရှိခဲ့ဖူးပါတယ်။

ကံမကောင်းစွာနဲ့ပဲ....

အဆိုပါ အတိုင်းအဆမရှိတဲ့ နွေးထွေးမှုနဲ့ ဂရုစိုက်မှုတွေကို သူမအား ပေးခဲ့တဲ့အတွက် အဖွဲ့အစည်းရဲ့ စစ်ဆင်ရေးတစ်ခုအတွင်းမှာ တစ်ဖွဲ့လုံးအပြတ်ရှင်းခံခဲ့ကြရပါတယ်။

ဒီတစ်ခေါက်မှာ ဂူဝံပုလွေတစ်ဖွဲ့လုံး အဖြစ်တူခံစားရမှာကို သူမ လက်ပိုက်ကြည့်နေနိုင်မှာလား....

ရှန်ယန်ရှောင်က လက်သီးကို တိတ်တဆိတ်ကျစ်နေအောင် ဆုပ်လိုက်ပါသည်။

သူမဟာ လူကောင်းလူမွန်မဟုတ်ပေမယ့် သူမအား ကောင်းမွန်သူတွေကို တန်ဖိုးထားပါတယ်။ တူလန်းရဲ့ မူလဖိတ်ခါ်မှုက တစ်ခြားအကြောင်းပြချက်တွေအများကြီးပါပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာ ဂူဝံပုလွေအဖွဲ့သားတွေဟာ သူမအပေါ်ကို စိတ်ရင်းနဲ့စောင့်ရှောက်ပေးခဲ့ကြတာပါ။ သူတို့တစ်ယောက်ချင်းစီတိုင်းက သူမကို သာမန်ကလေးတစ်ယောက်လို ထင်နေကြတာဖြစ်ပါတယ်။

သူမရဲ့ အတိတ်ဘဝမှာ သူမကို တစ်ပါးသူတွေက ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး သူမအနေနဲ့ ရုန်းထွက်လွတ်မြောက်နိုင်တဲ့ အစွမ်းမရှိခဲ့ပါဘူး။

ဒီကမ္ဘာမှာတော့ သူမ မျက်စိရှေ့မှောက်မှာ အလားတူဖြစ်ရပ်မျိုးကို အဖြစ်မခံနိုင်ပါဘူး။

လူတစ်ချို့ဟာ တစ်ချို့အပိုင်းတွေမှာ သားရဲတိရစ္ဆာန်တွေလိုမျိုး လူမဆန်ကြပေမယ့် ရဲဖော်ရဲဖက်ဆိုသော စကားလုံးကိုတော့ ရွှေတုံးရွှေခဲတွေထက် ပိုတန်ဖိုးထားကြပါတယ်။ သူမရဲ့အရင်ဘဝတုန်းက ပေါ့ပေါ့တန်တန်သဘောထားခဲ့မိတာကြောင့် အခုဘဝမှာတော့ မိတ်ဆွေအပေါင်းအသင်းကို သူမ တန်ဖိုးထားမိတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အချိန်တိုသာဖြစ်တဲ့ ဆယ်ရက်လောက်ဆိုသော်လည်း ဂူဝံပုလွေအဖွဲ့သားတွေအနေနဲ့ သူမကို သူတို့ရဲ့စိတ်ရင်းနဲ့ စိုးရိမ်ပူပန်ပေးဂရုစိုက်ပေးခဲ့ပြီးပါပြီ။ ဒါကြောင့် သူတို့ထဲက ဘယ်သူမှ အန္တရာယ်ကြောင့် မထိခိုက်မခံစားရစေဖို့ သူမ ဆုံးဖြတ်ချက်ချလိုက်ပါသည်။

ရှန်ယန်ရှောင် စိတ်ထဲကနေ တိုင်တည်ပြောဆိုလိုက်ပါသည်။ တစ်ခြားကြေးစားအဖွဲ့တွေက သူမနဲ့ ဘာမှမပတ်သတ်ပါဘူး ဒါပေမယ့် ကူလောင်တောင်ကိုစတင်ဝင်ရောက်တာနဲ့ ဂူဝံပုလွေအဖွဲ့ကို သူမ ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ကြေးစားတွေဟာ ကသောင်းကနင်းဖြစ်နေကြပါတယ်။ ကြေးစားအဖွဲ့ခေါင်းဆောင်တိုင်းဟာ ဦးဆောင်သူအမျိုးသားဆီသို့ ပြေးသွားကြပြီး ကူလောင်တောင်ကိစ္စကို မေးခွန်းထုတ်ကြပါတော့တယ်။

ခေါင်းဆောင်အမျိုးသားမျက်နှာကတော့ ထူးမခြားနားဟန်ရှိပြီး စိတ်လှုပ်ရှားတုန်လှုပ်နေကြတဲ့ ဒီခေါင်းဆောင်တွေကိုကြည့်လိုက်ကာ သူ့မျက်လုံးထဲမှာ အေးစက်စက်အငွေ့အသက်ဖြစ်ပေါ်သွားပါတယ်။

"ဒီအကြောင်းကို စတင်ထွက်ခွာတဲ့မနက်ပိုင်းတည်းက မင်းတို့အားလုံးကို ငါရှင်းပြခဲ့သလို မင်းတို့အားလုံးလည်း သဘောတူခဲ့ကြတာပဲ။ အခုကျတော့ မင်းတို့က နောက်ဆုတ်ချင်တာပေါ့ ဘာလဲ အမည်းရောင်မြို့ရဲ့ ကြေးစားတွေအားလုံးက လူကြောက်တွေဆိုတာ မှန်နေပြီလား။ အလုပ်ကိုကျလက်ခံရဲကြပြီးတော့ ပြီးမြောက်အောင်တော့ လုပ်ရဲတဲ့သတ္တိမရှိဘူးလား။ ပြဿနာလေးနည်းနည်းကြုံတာနဲ့ပဲ ခြေတစ်လှမ်းတောင် မလှမ်းတော့ဘူးပေါ့လေ။ မင်းတို့တွေက အခုလိုသွေးမရဲရင် ကြေးစားတွေရဲ့နာမည်ကို သိက္ခာမချကြနဲ့ လယ်သာပြန်စိုက်လိုက်ကြတော့ကွာ"ဟု အမျိုးသားက နှာခေါင်းရှုံ့ကာပြောလိုက်တယ်။

သူ့စကားလုံးတိုင်းက ထက်မြက်ထိရှိပြီး ဒီကြေးစားခေါင်းဆောင်တွေရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပါတော့တယ်။

ရှန်ယန်ရှောင် မျက်စိမှေးလိုက်ပါတယ်။ ခေါင်းဆောင်အမျိုးသားပြောတာ မမှားပါဘူး။ ဒီအချက်တွေအားလုံးက အစတည်းက သဘောတူပြီးသားဖြစ်ပါတယ်။ ကြေးစားတွေရဲ့စည်းမျဉ်းအရ လုပ်ငန်းကိုလုပ်ဆောင်နိုင်မှုရှိမရှိ ကိုယ့်အစွမ်းကိုယ်သိရမှာဖြစ်ပါတယ်။ သူတို့က အလုပ်ကိုလုပ်နိုင်စွမ်းရှိတယ်ထင်ရင် သူတို့ အလုပ်လက်ခံလို့ရတယ်။ သူတို့ရဲ့အစွမ်းအစကို သူတို့ဖာသာမှားယွင်းအကဲဖြတ်မိတာကို သူတို့တွေတစ်နည်းနည်းနဲ့ သိသွားခဲ့ရင်တောင် အလုပ်ပြီးမြောက်ဖို့အတွက် အကောင်းဆုံးကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါက ကြေးစားတွေလုပ်ပုံကိုင်ပုံဖြစ်ပါတယ်။

ဒီလူတွေက သဘောတူညီမှုကို နောက်ဆုတ်ချင်တာဟာ ကြေးစားဆိုသော စကားလုံးကို ပြင်းပြင်းထန်ထန်စော်ကားလိုက်တာပါပဲ။

ဒါပေမယ့်...

ရှန်ယန်ရှောင် စိတ်ထဲကနေ သရော်လိုက်ပါတယ်။ ခေါင်းဆောင်အမျိုးသားကလည်း ကောင်းတဲ့လူမဟုတ်ပါဘူး။ သူ့အနေနဲ့ ဒီအလုပ်အတွက် ရမယ့်အကျိုးအမြတ်နဲ့ဆုလာဘ်ကို ပြောပြပြီး ပစ်မှတ်က ဖီးနစ်ငှက်လို့ ထုတ်ဖော်ပြောခဲ့ပေမယ့်လည်း ဖီးနစ်ငှက်ရဲ့ အဆင့်ကို အဆင့်၁၂ ဒဏ္ဍာရီသတ္တဝါကနေပြီး အဆင့်၈ဆိုပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကြံပြောဆိုခဲ့ပါတယ်။ ဒီလိုအဆင့်လေးဆင့်ကွာဟမှုက လူထောင်ဂဏန်းကို ပြုတ်ပြုတ်ပြုန်းစေဖို့ လုံလောက်နေပါပြီ။ ဒီလူဟာ အလွန်အင်မတန်ရက်စက်သူပါပဲ။

အမျိုးသားပြောတဲ့ စကားထဲမှာ ညစ်ညမ်းတဲ့စကားလုံးတွေမပါပေမယ့် ဒီကြေးစားခေါင်းဆောင်တွေကိုတော့ မျက်နှာတွေနီရဲတက်သွားအောင် ဖြစ်စေခဲ့ပါတယ်။ အတန်ကြာတဲ့ထိ စကားတစ်လုံးမှကို မကြားရတော့ပါဘူး။

သူတို့လုပ်ဆောင်မှုက ကြေးစားတွေကို သိက္ခာကျစေတာမှန်ပါတယ် ဒါပေမယ့် သူတို့မှာလည်း အပြစ်မရှိပါဘူး။

ဦးတည်ချက်က ကူလောင်တောင်ဖြစ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီနေရာဟာ ကြေးစားအားလုံးအတွက် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ရှိတဲ့မည်သူမဆို ဒီလုပ်ငန်းကို လက်ခံမှာမဟုတ်ပါဘူး။

ဒီအလုပ်ရှင်ဟာ ဟာကွက်တစ်ခုကို စွန့်စားကာထားခဲ့ပြီးတော့ ဒီကြေးစားတွေအနေနဲ့ သူတို့ရင်ဆိုင်ရမှာက အဆင့်၈ဖီးနစ်ငှက်လို့သာ ထင်စေခဲ့တာဖြစ်ကာ ဖီးနစ်ငှက်သိုက်တည်နေရာက ဒီလောက်အန္တရာယ်များမယ်မှန်း သူတို့တွေမထင်ထားခဲ့မိကြပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၆၂)

ဒီနေရာမှာရှိနေကြသော ကြေးစားအဖွဲ့အားလုံးဟာ အမည်းရောင်မြို့မှာတော့ အဆင့်မြင့်သူတွေဖြစ်ပါတယ်။ ဒီကိစ္စသာအပြင်မှာပေါက်ကြားသွားခဲ့ရင် နောင်တစ်ချိန်မှာ တစ်ယောက်ယောက်ကနေ သူတို့ကိုငှားရမ်းတော့မယ်ဆိုရင် အဲ့လူအနေနဲ့ ဒီအစွန်းအထင်းကို ပြန်တွေးမိမှာသေချာပါတယ်။ မှတ်ချက်ကောင်းကောင်းရရှိမှုက ကြေးစားတွေအတွက် သော့ချက်တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကူလောင်တောင်ကို သူတို့တွေ တစ်ကယ်ရောသွားချင်စိတ်ရှိကြလား...

အမျိုးသားဟာ သူတို့တွေကို လှောင်ပြောင်နေပုံပေါက်တာကြောင့် ဒီခေါင်းဆောင်တွေကို မျက်နှာတွေမည်းမှောင်သွားစေပါတယ်။ သူတို့တွေစိတ်ထဲမှာ အခုအခါ ချီတုံချတုံဖြစ်နေမှန်း ရိပ်စားမိလိုက်တဲ့ အမျိုးသားဟာ စိတ်ထဲကနေ လှောင်လိုက်ပါတယ်။

"အဲ့အချိန်တုန်းက ကြေးစားအဖွဲ့မှာ လွတ်မြောက်လာတဲ့သူ နည်းနည်းလေးပဲ ရှိခဲ့လို့ ကူလောင်တောင်ကို ကြောက်စရာနေရာအဖြစ် လူတွေသိနေကြတယ်။ ကူလောင်တောင်အကြောင်း ဘာမှသိမထားဘဲနဲ့ ရန်သူကို အထင်သေးခဲ့ခြင်းကြောင့် သူတို့အဖွဲ့တစ်ဖွဲ့လုံး မျိုးတုန်းလုနီးပါးဖြစ်ခဲ့တာပဲ။ ဒါပေမယ့် အခုအချိန်မှာ ကူလောင်တောင်အကြောင်း မသိတဲ့သူ ဘယ်သူရှိလို့လဲ။ ဘယ်သူက ရန်သူကိုအထင်သေးရဲမှာလဲ။ နောက်ပြီး ငါတို့မှာ လူတစ်ထောင်ကျော်ရှိလို့ ကူလောင်တောင်ပေါ်က နတ်ဆိုးတွေအနေနဲ့ ငါတို့အပေါ်မှာ လှုပ်ရှားဖို့စိတ်ကူးချင်ရင်တောင် ငါတို့ရဲ့လူတစ်ထောင်ရှိတဲ့ တပ်ကို တိုက်ခိုက်နိုင်စွမ်း သူတို့မှာရှိမရှိ အရင်စိတ်ပူနေရမှာပဲ"

အရင်ဆုံး သူတို့တွေကို လှောင်တယ် ဒီခေါင်းဆောင်တွေရဲ့ စိတ်ကိုလှုပ်ခတ်လိုက်ပြီးမှ လက်ရှိအခြေအနေကို တွက်ချက်ပြလိုက်တော့ ဒီခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့လူအင်အားက အများပြောနေကြတဲ့ ကြေးစားအဖွဲ့ထက် လူအင်အားအများကြီးသာလွန်နေတာကို သဘောပေါက်သွားစေခဲ့ပါတယ်။

ဒီနည်းလမ်းနှစ်ခုအသုံးပြုလိုက်ခြင်းက ကြေးစားခေါင်းဆောင်တွေကို တစ်ကယ်ပဲလှုပ်ခါနိုင်ခဲ့ပါတယ်။

ရှန်ယန်ရှောင်စိတ်ထဲမှာ ကြိတ်ရယ်နေမိသည်။ အလုပ်ရှင်က သာမန်တော့မဟုတ်ဘူးပဲ စကားနည်းနည်းလောက်ပြောရုံနဲ့ ဒီကြေးစားခေါင်းဆောင်တွေကို တစ်ကယ်မှိုင်းမိစေခဲ့ပါတယ်။ လူတွေရဲ့စိတ်ကို ဆုပ်ကိုင်နိုင်မှုက လုံးဝကိုပြည့်စုံလုနီးပါးဖြစ်နေပါပြီ။

ပထမတော့ ကြေးစားတွေရဲ့ သိက္ခာနဲ့ ဂုဏ်သတင်းအကြောင်းထည့်ပြောခဲ့တယ်။ အချိန်ကျပြီလို့ထင်တဲ့အခါမှာတော့ သူတို့အဖွဲ့ရဲ့ လက်ရှိအင်အားအကြောင်းကို တွက်ပြလိုက်တော့ ကြေးစားခေါင်းဆောင်တွေရဲ့ စိတ်ဟာ လုံးဝကို ကိုင်လှုပ်ခံလိုက်ရပါပြီ။

အမျိုးသားရဲ့ အတွေးက တူလန်းရဲ့ စိတ်ကူးနဲ့ထပ်တူပါပဲ။ နှစ်ယောက်လုံးက ဒီလုပ်ငန်းဟာ အောင်မြင်ဖို့ မဖြစ်နိုင်စရာမရှိဘူးလို့ တွေးထားပါတယ်။

ဒါပေမယ့် တစ်ကယ့်ခြောက်ခြားစရာက ဖီးနစ်ငှက်ရဲ့ အဆင့်အစစ်အမှန်ဖြစ်ပါတယ်။

တူလန်းအနေနဲ့ ဖြစ်နိုင်တယ်လို့တွေးမိရခြင်းက အဆင့်၈ဖီးနစ်ငှက်က ပစ်မှတ်ဖြစ်နေလို့ပါ။ အခြေအနေကိုဆဝါးကြည့်လိုက်ရင် လူအင်အားတစ်ထောင်အနေနဲ့ အောင်မြင်ဖို့အလားအလာရှိပါတယ်။

သို့သော်လည်း ရှန်ယန်ရှောင်ရော အမျိုးသားဖြစ်သူရော ကူလောင်တောင်က ဖီးနစ်ငှက်ဟာ အဆင့်၁၂မှန်းသိကြပါတယ်။ ဒီအဖွဲ့လောက်နဲ့ ဖီးနစ်ငှက်ရဲ့သွားကြားတောင် ညပ်မှာမဟုတ်ပါဘူး။

တူလန်းက မျက်မြင်အတိုင်း ပြောဆိုခဲ့တာဖြစ်ပြီး အမျိုးသားဖြစ်သူကတော့ သူတို့ရဲ့သေတွင်းထဲကို သက်ဆင်းရန်မျှားခေါ်နေတာဖြစ်ပါတယ်။

ထင်ထားသလိုပါပဲ အမျိုးသားက နှစ်ခွန်းပြောပြီးတာနဲ့ ကြေးစားခေါင်းဆောင်တွေ စိတ်လှုပ်ခတ်သွားပါတယ်။

ကြေးစားခေါင်းဆောင်ဖြစ်လာမှတော့ သူတို့တွေဟာ ဉာဏ်တိမ်သူတွေမဟုတ်ကြပါဘူး။ သူတို့ရဲ့လက်ရှိအစုအဖွဲ့အရ ကူလောင်တောင်ကနေ ခွေးပြေးဝက်ပြေးပြေးစရာမလိုမှန်း နားလည်ကြပြီး အန္တရာယ်တွေအပေါ်မှာတော့ စိုးရိမ်စိတ်ရှိနေပါသေးတယ်။

ဒီလို အဆုံးအဖြတ်ဖြစ်မယ့်အချိန်မှာပဲ ခေါင်းဆောင်ဖြစ်သူအမျိုးသားဟာ လူတွေရဲ့စိတ်ဓာတ်ကို သိမြင်ဟန်နဲ့ ပြောလိုက်ပါတယ်။

"ဒီအလုပ်ကို ပြီးမြောက်အောင်မြင်တာနဲ့ မူလကသတ်မှတ်ထားတဲ့ အခကြေးငွေကို သုံးဆတိုးပေးမယ်လို့ ငါ ကတိပေးတယ်"

ကနဦးအခကြေးငွေကို သုံးဆတိုးပေးမယ်တဲ့လား...

လူတိုင်း ဝူးကနဲဖြစ်သွားကြပါတယ်။ ဒီလုပ်ငန်းရဲ့ အခက တစ်ခြားလုပ်ငန်းတွေထက်ကို များနေပြီးဖြစ်ကာ အခု သုံးဆတိုးလိုက်ပြန်ပါတယ်။ ဒီစစ်ဆင်ရေးကရတဲ့ငွေဟာ လုပ်ငန်းဆယ်ခုစာရှိပါတယ်။

ပြောရရင်တော့ ကြေးစားခေါင်းဆောင်တွေက ဒီအရာကြောင့် မက်မောသွားခဲ့ပါတယ်။

ရွှေပြားတွေပိုများလာတော့ ငြင်းရခက်ခက်ဖြစ်သွားကြပါတယ်။

ချက်ခြင်းဆိုသလိုပဲ ကြေးစားခေါင်းဆောင်တစ်ယောက်က ဒီအလုပ်ကို ဆက်လုပ်သွားမယ်လို့ ကတိပေးပြောကြားလိုက်ပါတယ်။ သူတို့စိတ်ထဲမှာ ပူပန်မှုအချို့ရှိသေးပေမယ့် များပြားတဲ့အခကြေးငွေနဲ့ ယှဉ်လိုက်ရင် မမှုလောက်တော့ပါဘူး။

ကူလောင်တောင်မှာ အန္တရာယ်တွေပြည့်နေပေမယ့် သူတို့မှာလည်း လူအင်အားအများကြီးရှိလို့ အန္တရာယ်တော့နည်းသွားမှာဖြစ်ပါတယ်။

သို့သော်လည်း သူတို့တစ်ယောက်မျှမသိခဲ့တာကတော့ ဒီတစ်ခေါက်လောဘဟာ လူတစ်ထောင်ကျော်တဲ့ သူတို့အဖွဲ့ကို ကူလောင်တောင်ကနေပြီး ဘယ်တော့မှ မထွက်နိုင်လောက်အောင်နီးနီးဖြစ်စေမယ်ဆိုတာကိုပါ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၆၃)

ခေါင်းဆောင်အမျိုးသားရဲ့ မီးထိုးမှုကြောင့် ကြေးစားတွေက ဆက်နေဖို့ဆုံးဖြတ်လိုက်ကြကာ သူတို့ရဲ့လူတွေကို ပြင်ဆင်မှုတွေလုပ်စေခဲ့ပါတယ်။ သူတို့သွားမယ့်နေရာက နတ်ဆိုးတွေ မှော်သားရဲတွေကြီးစိုးတဲ့ ကူလောင်တောင်ဖြစ်တာကိုး။

ဒီကိစ္စအတွက် ဆုံးဖြတ်ပြီးသွားကြတာနဲ့ ခေါင်းဆောင်အားလုံးနီးနီးဟာ တူလန်းအား လာတွေ့ကြပါတယ်။ တူလန်းအပေါ်မှာ အရင်တုန်းက သူတို့တစ်တွေ အားကျခဲ့သည်ဖြစ်စေ အားမကျခဲ့သည်ဖြစ်စေ အခုအချိန်မှာတော့ ဂူဝံပုလွေအဖွဲ့ခေါင်းဆောင်နဲ့ ဆက်ဆံရေးကောင်းရှိဖို့ဆုံးဖြတ်လိုက်ကြကာ သူတို့ဖက်သို့ပါလာအောင် ဆွဲဆောင်သိမ်းသွင်းချင်နေကြပါတယ်။ ဒီတစ်ဖွဲ့လုံးမှာ တူလန်းရဲ့ကြေးစားအဖွဲ့က ကြေးစားအဖွဲ့အားလုံးထဲမှာ အစွမ်းဆုံးဖြစ်တာကြောင့် ဒီလိုအန္တရာယ်နေရာမှာ သူ့ကို မှီခိုရတော့မှာဖြစ်ပါတယ်။

တူလန်းဘေးမှာရပ်နေတဲ့ ရှန်ယန်ရှောင်ဟာ မျက်နှာချိုသွေးနေကြတဲ့ ကြေးစားခေါင်းဆောင်တွေကို ကြည့်လိုက်ပြီးနောက် စိတ်ထဲကနေသရော်လိုက်ပါတယ်။

အထင်အရှားပဲလေ သူတို့တွေအားလုံးက တူလန်းလိုပဲ ကြေးစားအဖွဲ့ခေါင်းဆောင်တွေဖြစ်ပေမယ့် တူလန်းကိုအားကိုးချင်နေတာကြောင့် လာကပ်နေကြတာဖြစ်ပါတယ်။

ခနတာနားပြီးတော့ အဖွဲ့ဟာ ကူလောင်တောင်ဆီသို့ ဦးတည်လိုက်ပါတော့တယ်။

လမ်းတစ်လျှောက်မှာ မြေအောက်ကနေထွက်ပေါ်လာတဲ့ ဓာတ်စွမ်းအားဟာ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ပူလောင်နေစေပါတယ်။ သာမန်မြင်းတွေအနေနဲ့ ဒီလိုဓာတ်အားတွေကို ခံနိုင်ရည်မရှိတာကြောင့် သူတို့ရဲ့လှည်းတွေမြင်းတွေကို ထားခဲ့ပြီး ခြေထောက်ကိုသာအားပြု၍ ကူလောင်တောင်ဆီချီတက်လိုက်ကြပါတယ်။ ထားခဲ့တဲ့လှည်းတွေမြင်းတွေနဲ့ တစ်ခြားပစ္စည်းတွေအတွက် အစောင့်အကြပ်အဖြစ် ကြေးစားအဖွဲ့တိုင်းကနေ လူနှစ်ယောက်စီချန်ထားခဲ့ပါတယ်။

"ငါတို့က ကူလောင်တောင်ဆီကို တစ်ကယ်သွားနေရပြီပဲ"

အဝေးမှာရှိနေတဲ့ တောင်ကြီးအားကြည့်ပြီး ကြမ်းကြုတ်ဝံပုလွေစိတ်ထဲမှာ လှိုင်းခတ်သွားခဲ့ပါတယ်။

ကူလောင်တောင်ကို ရှန်ယန်ရှောင် အသာအယာအကဲခတ်လိုက်သည်။ ဒီလောက်အဝေးကြီးကနေ ရပ်နေတာတောင် တောင်ထိပ်ကနေထွက်ပေါ်နေတဲ့ မီးဓာတ်ကို သူမ ခံစားမိနေပါတယ်။ ဒီလိုစွမ်းအားပြင်းတဲ့ မီးဓာတ်ဟာ ဇာမဏီငှက်နေခဲ့သော မီးတောင်ကြားထက်တောင် ပိုအားကောင်းပါတယ်။

ကူလောင်တောင်က ဖီးနစ်ငှက်က ဇာမဏီငှက်ထက် အဆင့်ပိုမြင့်နေလို့များလား...

ဒီလိုတွေးမိလိုက်တာနဲ့ ရှန်ယန်ရှောင်ဟာ သူမရဲ့အတွင်းစိတ်ထဲကို ဝင်သွားလိုက်ပြီးနောက် တစ်ရေးတစ်မောအိပ်နေတဲ့ ဇာမဏီငှက်ကိုတွေ့လိုက်ပါတယ်။

ဇာမဏီငှက်ရဲ့ကိုယ်လုံးလေးက လေထဲမှာ ဘောလုံးတစ်လုံးလို ကွေးကောက်နေပြီးတော့ အိပ်ပျော်နေတဲ့ မျက်နှာလေးက တစ်ကယ်ချစ်စရာကောင်းလှပါတယ်။

ရှန်ယန်ရှောင်က သူ့အနားကိုသွားလိုက်ပြီး အိပ်နေတဲ့ဇာမဏီငှက်ကို လက်ချောင်းနဲ့ထိုးလိုက်ပါတယ်။

အိပ်မက်ကောင်းမက်နေတဲ့ ဇာမဏီငှက်ဟာ ပြင်ပအနှောက်အယှက်ကို ခံစားမိလိုက်ပါတယ်။ ဇိမ်ပျက်သွားလို့ မျက်မှောင်ကြုတ်လိုက်ပါတယ်။ သူ့ဝကစ်ကစ်ကိုယ်လုံးလေးက တွန့်လိမ်သွားပြီး တစ်ဖက်ကိုလှည့်လိုက်တော့ သူ့ဖင်က ရှန်ယန်ရှောင်မျက်နှာရှေ့ကိုရောက်သွားပါတယ်။ အဲ့ဒီနောက် သူ ဆက်အိပ်လိုက်ပြန်ပါတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ကောင်လေးကိုကြည့်လိုက်ပြီး သူမ ငိုရမလား ရယ်ရမလားမသိဖြစ်သွားပါသည်။ ဒီကောင်လေးရဲ့ ဇစ်မြစ်မှန်ကိုမသိထားရင် အဆိုပါလူဟာ ဒီလိုချစ်စဖွယ်ကလေးလေးနဲ့ ကြီးကျယ်လှတဲ့ ဒဏ္ဍာရီသတ္တဝါ ဇာမဏီငှက်ကို ဆက်စပ်တွေးမိမှာမဟုတ်ပါဘူး။

ချစ်စရာကောင်းတာက ချစ်စရာကောင်းတာပဲ သူမကတော့ လုပ်စရာကိစ္စရှိသေးတယ်။

ရှန်ယန်ရှောင် ရယ်လိုက်ပြီးနောက် လက်နှစ်ဖက်နဲ့ ဇာမဏီငှက်၏ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်လိုက်ကာ ကြမ်းတမ်းစွာလှုပ်ခါလိုက်ပါတော့တယ်။

အိပ်ပျော်နေတဲ့ ဇာမဏီငှက်ဟာ ရုတ်တရက်အူတူတူနဲ့ နိုးလာခဲ့ပါတယ်။ သူက ဘာမှန်းမသိစွာနဲ့ ထိုင်လိုက်ပြီးနောက် အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးတွေကို သူ၏နူးညံ့သောလက်လေးတွေနဲ့ ပွတ်သပ်လိုက်ကာ ပါးစပ်လေးဟလို့ သမ်းဝေလိုက်ပါတယ်။

အဲ့လို ချစ်စဖွယ်အသွင်အပြင်က လူတွေရဲ့နှလုံးသားကို အရည်ပျော်စေနိုင်ပါတယ်။

"အာ..မင်း ဒီကို ဘာလာလုပ်တာလဲ"

အူကြောင်ကြောင်ဖြစ်နေတဲ့ ဇာမဏီငှက်က သူ့ရဲ့ သခင်ဆိုးကိုတွေ့လိုက်ရတော့ ပါးစပ်ကိုချက်ခြင်းစူပုတ်ပုတ်လုပ်လိုက်ပါတယ်။

ဘာ ဒဏ္ဍာရီသတ္တဝါတုန်း ဒါက ချစ်စရာသတ္တဝါလေးပါ...

"မင်းကို မေးစရာရှိလို့"ဟု ရှန်ယန်ရှောင်က ပြုံး၍ပြောလိုက်သည်။

"ဘာအကြောင်းလဲ"

သူ့ကိုယ်ခန္ဓာက အလေ့အထအတိုင်း မာနကြီးကာ အလိုကျပြုမူတတ်တဲ့ဟန်ဖြစ်ပေါ်နေပေမယ့် အိပ်ချင်မူးတူးဖြစ်နေသေးတာကြောင့် ဇာမဏီငှက်ဟာ ပုံမှန်လိုမဟုတ်ဘဲ စကားကိုကောင်းကောင်းမွန်ပြန်ပြောနေခဲ့ပါတယ်။

"အဲ့တောင်ကနေထွက်လာတဲ့ မီးဓာတ်တွေက အားကောင်းတယ်လို့ မင်းခံစားမိလား။ မင်းရဲ့ မီးတောင်ကြားနဲ့ ယှဉ်ရင်ဘယ်လိုနေတုန်း"လို့ သူမကမေးလိုက်တယ်။

"ဘာတောင်တုန်း"ဆိုပြီး ဇဝေဇဝါဖြစ်နေဟန်နဲ့ ဇာမဏီငှက်က မျက်တောင်ခတ်လိုက်ရင်း မေးလိုက်ပါတယ်။

All Chapters