အခန်း (၃၆၄-၃၆၆)
Vol. 25 Ch. 364-366
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၆၄)
.
သို့သော် ချက်ခြင်းဆိုသလိုပဲ ဇာမဏီငှက် နိုးကြားသွားပါတယ်။ သူက ရှန်ယန်ရှောင်ကို အံ့သြစွာကြည့်လိုက်ပြီး ဘေးဘီကိုလိုက်ကြည့်လိုက်ပါတယ်။
"အဲ့တောင်မှာ အားအလွန်ကောင်းတဲ့ မီးဓာတ်တွေရှိနေတယ်လို့ မင်းပြောလိုက်တာလား။ ငါအိပ်ပျော်သွားတာ အံ့သြစရာမရှိဘူးပဲ ငါက ရင်းနှီးနေတဲ့ မီးဓာတ်တွေကို ခံစားခဲ့ရလို့ မီးတောင်ကြားကို တွေးမိနေတာ။ တော်တော်လေးကိုဇိမ်ကျအောင် နွေးနေလို့ ငါ့ကိုအိပ်ချင်စိတ်ဖြစ်စေခဲ့တာပဲကိုး"
အပြင်ကိုမထွက်ရတာ တော်တော်လေးပျင်းဖို့ကောင်းပေမယ့် ဒဏ္ဍာရီသတ္တဝါတွေအဖို့ တစ်ခါနိုးလာတာနဲ့ နောက်တစ်ခေါက်ပြန်အိပ်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ သူတို့ဟာ နှစ်ရာချီပြီးတော့ မအိပ်ဘဲနေနိုင်သလို မနိုးဘဲနဲ့လည်း နှစ်ရာချီအောင်အိပ်စက်နိုင်ပါတယ်။ ဒဏ္ဍာရီသတ္တဝါကို အိပ်ပျော်စေဖို့အတွက်တော့ ပတ်ဝန်းကျင်မှာ သူတို့လိုအပ်သော ဓာတ်တွေက လုံလောက်မှုရှိရမှာဖြစ်ကာ ဒါမှသာလျှင် သူတို့တွေ အိပ်စက်ဖို့နေရာကို လွယ်လင့်တကူမရှာနိုင်မှာဖြစ်ပါတယ်။
ဒဏ္ဍာရီသတ္တဝါတွေရဲ့ အိပ်စက်ခြင်းက အနားယူဖို့အတွက်မဟုတ်ဘဲ လေ့ကျင့်ဖို့အတွက်ဖြစ်ပါတယ်။ ဓာတ်အားတွေကြွယ်ဝသောနေရာမှာ အိပ်စက်ခြင်းက သူတို့ရဲ့ ခန္ဓာကိုယ်တွေကနေပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ အဆိုပါဓာတ်တွေကို အလိုအလျောက်စုပ်ယူပြီး သူတို့ရဲ့စွမ်းအားတွေအဖြစ် လေ့ကျင့်မှာဖြစ်ပါတယ်။
ဇာမဏီငှက်က စူးစမ်းကြည့်လိုက်တော့ ရှန်ယန်ရှောင်ပြောသလိုပဲ မီးဓာတ်က တော်တော်လေးအားကောင်းနေတာကို တွေ့လိုက်ရပါတယ်။
"ထူးလှချည်လား ဒီနေရာက မီးဓာတ်တွေပြည့်နေတဲ့ နေရာကောင်းလေးပဲ နောက်ပြီး ဒီမီးဓာတ်တွေက ငါ့မီးတောင်ကြားထက်တောင် ပိုသန့်စင်သေးတယ်။ ဒီလိုနေရာကောင်းကို ငါ ဘာလို့ မတွေ့ခဲ့ရတာလဲ"
ဇာမဏီငှက် စိတ်ပျက်သွားသည်။ မီးတောင်ကြား တော်တော်ကောင်းတယ်လို့ သူထင်နေခဲ့တာဖြစ်ပြီး မမျှော်လင့်စွာနဲ့ ပိုကောင်းတဲ့နေရာတစ်ခုကို သူအခုတွေ့လိုက်ရပါသည်။
ကံမကောင်းတာကတော့ ဒီနေရာက တစ်ခြားတစ်ယောက်ပိုင်ပြီးပြီဖြစ်နေပါတယ်။
"အဲ့တောင်မှာနေတဲ့ မီးဓာတ်ကောင်ရဲ့ အဆင့်ကို မင်းခန့်မှန်းလို့ရလား။ မင်းအဆင့်ထက် ပိုမြင့်နိုင်သလား"လို့ ရှန်ယန်ရှောင်မေးလိုက်သည်။
ဇာမဏီငှက်က ခနတာတွေးလိုက်ပြီးနောက် ပြန်ပြောလိုက်ပါသည်။
"မီးဓာတ်ပမာဏအရတော့ အဲ့ဒီမှာ ငါ့ထက်ပိုစွမ်းတဲ့ မီးဓာတ်မှော်သားရဲရှိတာပဲ ဒါပေမယ့် သိဒ္ဓိဝင်သားရဲတွေက နတ်တွေနဲ့နတ်ဆိုးတွေရဲ့ စစ်ပွဲအတွင်းမှာ မျိုးသုဉ်းခဲ့ပြီးဖြစ်လို့ လက်ရှိလောကပေါ်မှာတော့ တစ်ကောင်မှရှိမှာမဟုတ်ဘူး"
ဇာမဏီငှက်ရဲ့ပြောစကားကို နားထောင်လိုက်ပြီး ရှန်ယန်ရှောင် အချက်ပေးသံကြားလိုက်ရပါတယ်။
အစက ကူလောင်တောင်က ဖီးနစ်ဟာ ဇာမဏီငှက်နဲ့ အဆင့်တူလို့သာ သူမ ထင်ကြေးပေးခဲ့မိတာဖြစ်ပြီး အခု ဇာမဏီငှက်ပြောတာကတော့ အဲ့ဖီးနစ်က သူ့ထက်ပိုစွမ်းအားကောင်းပါတယ်တဲ့။
ဇာမဏီငှက်က ဒဏ္ဍာရီသတ္တဝါရဲ့ ထိပ်ဖျားပိုင်းမှာရောက်နေတာဖြစ်ပြီး သိဒ္ဓိဝင်သားရဲသာလျှင် သူ့ထက်ပိုစွမ်းတာဖြစ်ပါတယ်။
"ကူလောင်တောင်က ဖီးနစ်က ပြန်မွေးဖွားထားတဲ့ ဖီးနစ်ဖြစ်နိုင်လား"
အခုအချိန်မှာတော့ သူမမှာ အကောင်းမြင်ဝါဒီစိတ် မရှိတော့ပါဘူး။ အဆင့်မြင့်သားရဲနဲ့ဒဏ္ဍာရီသတ္တဝါကြားမှာ ကွာဟချက်ကအလွန်ကြီးမားတာကြောင့် သိဒ္ဓိဝင်သားရဲနဲ့ ဒဏ္ဍာရီသတ္တဝါကြားမှာလည်း ကွာဟချက်ကကြီးမားပါလိမ့်မယ်။ ဖီးနစ်ငှက်သာ ဒဏ္ဍာရီသတ္တဝါအဆင့်ဆိုရင် တစ်ကောင်နှစ်ကောင်လောက်ကိုတော့ ဇာမဏီငှက်အားကိုးနဲ့ သူမ ခုခံနိုင်ပါဦးမယ်။ ဒါပေမယ့် သိဒ္ဓိဝင်သားရဲဆိုရင်တော့ ဇာမဏီငှက်တောင် ထွက်ပြေးရမယ့်ကိန်းပါပဲ။
ဇာမဏီမျက်ခုံးကို ပင့်ကုတ်ကာ တစ်ခုခုလွဲနေတာကို ခံစားမိလိုက်တယ်။
ဒါပေမယ့်လည်း သူ့အမြင်ကလည်း မမှားပါဘူး။ ကူလောင်တောင်ပေါ်က မီးဓာတ်တွေက သူထုတ်လွှတ်တဲ့ မီးဓာတ်ထက်ပိုအားကောင်းနေတာ အမှန်ပါပဲ။
လူတစ်ယောက်နဲ့ သားရဲတစ်ကောင် တွေဝေငေးမောနေချိန်မှာ ရှူရဲ့ပုံရိပ်က သူတို့နှစ်ယောက်အရှေ့မှာ ဖြည်းဖြည်းချင်းဖြစ်ပေါ်လာပါတယ်။
ရှူကိုတွေ့လိုက်တာနဲ့ ဇာမဏီငှက်က သူ့စိတ်မသက်မသာဖြစ်နေခြင်းအား ဖုံးကွယ်လိုက်ပြီး မူလကအတိုင်း မာနကြီးပြီး လိုချင်တာမှန်သမျှပြည့်ဝတဲ့ပုံပြန်ဖြစ်သွားပါတယ်။
ဒီနှစ်ယောက်က ရှန်ယန်ရှောင်ကိုယ်ထဲမှာ နေနေကြတာဖြစ်ပေမယ့် အဆင်တော့မချောကြပါဘူး။
တိတိကျကျပြောရမယ်ဆိုရင်တော့ ဇာမဏီငှက်ဟာ ဒီဆန်းကြယ်တဲ့ ရှူဆိုသောလူအပေါ်မှာ ရန်လိုစိတ်ရှိနေပါတယ်။
ရှူအနေနဲ့ကတော့...
ဇာမဏီငှက်သောဘာသောမသိပါဘူး သူက အားလုံးကို လျစ်လျူရှုထားသူဖြစ်ပါတယ်။
"သိဒ္ဓိဝင်သားရဲအဆင့်ရှိတဲ့ ဖီးနစ်ငှက်က ရှားပါးပေမယ့် မရှိတော့ဘူးလို့တော့ မဆိုနိုင်ဘူး။ တစ်ခုရှိနေတာက စွမ်းအားက ထူးခြားနေတယ်လို့ ငါခံစားရနေတယ်။ ဒါပေမယ့် အခုအချိန်မှာ တစ်အားကြီးတွေးပူမနေပါနဲ့ဦး အစီအစဉ်အတိုင်းသာဆက်သွားပြီး အပြောင်းအလဲကို စောင့်ကြည့်အကဲခတ်နေလိုက်ပါ"ဆိုသော အေးစက်စက်အသံက ပဲ့တင်သွားပါတယ်။
သူဟာ ရှန်ယန်ရှောင်ကိုယ်ထဲမှာ နေတာကြာပြီဖြစ်တာကြောင့် သူမရဲ့အတွင်းစိတ်အနေအထားကို သဘောပေါက်နေပါတယ်။ သူမရဲ့အတွေးကို သူ မသိနိုင်ပေမယ့် သူမ စိတ်အနေအထား ခံစားချက်အခြေအနေအပြောင်းအလဲကိုတော့ သူ ခံစားနိုင်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၆၅)
ဇာမဏီငှက်ကနေ သိဒ္ဓိဝင်သားရဲလို့ပြောလိုက်တာနဲ့ ရှန်ယန်ရှောင်ရဲ့ စိတ်ကအနည်းငယ်လှုပ်ရှားသွားခဲ့သည်။ ဒီခရီးအတွက်ရှန်ယန်ရှောင်ရဲ့ ရည်ရွယ်ချက်ကဘာအတွက်လဲဆိုတာကိုသိတဲ့ ရှူ့အနေနဲ့ သူမ ဘာကိုစိုးရိမ်ပူပန်နေလဲဆိုတာ ကောင်းကောင်းသိတာပေါ့။
"ဒါပေမယ့်လို့ ဖီးနစ်ငှက်သာ တစ်ကယ်ပဲ သိဒ္ဓိဝင်သားရဲဖြစ်နေမယ်ဆိုခဲ့ရင် ဒီကြေးစားတွေအနေနဲ့ ဖီးနစ်ငှက်ရဲ့အာရုံကိုလွှဲပြောင်းဖို့တောင် တတ်နိုင်မှာမဟုတ်တာကို ကျနော်ပူမိတယ်။ တစ်မိနစ်ဆိုတာ သူတို့အားလုံးကို သတ်ပစ်ဖို့အတွက် လုံလောက်မယ့်အချိန်ပဲ"
ရှန်ယန်ရှောင် ပူပန်စိတ်တော့ရှိနေပါသေးတယ်။ သိဒ္ဓိဝင်သားရဲကို ဇာမဏီငှက်တစ်ကောင်တည်းရဲ့ အင်အားနဲ့ယှဉ်နိုင်စရာ အကြောင်းမရှိပေမယ့် မရင်ဆိုင်နိုင်ရင်တောင် ထွက်ပြေးနိုင်မယ်လို့တော့ သူမ ယုံကြည်ပါတယ်။
သို့သော် ဂူဝံပုလွေအဖွဲ့သားတွေ သေဆုံးတာကို သူမ ဒီအတိုင်း ကြည့်နေနိုင်မလား....
ရှန်ယန်ရှောင်ရဲ့ ပူပန်သောကရောက်နေတဲ့ မျက်နှာကိုတွေ့လိုက်ရလို့ ရှူဟာ အသာအယာပြောလိုက်ပါတယ်။
"အဲ့လိုတစ်ကယ်ဖြစ်မယ်ဆိုရင် သူတု့ိရဲ့အသက်တွေကို ကာကွယ်ပေးဖို့အတွက် မင်းကို ငါကူညီပါ့မယ်"
ဂူဝံပုလွေအဖွဲ့ကို ရှူကလည်း အသက်ရှင်စေချင်နေတယ်တဲ့လား...
သူမ နည်းနည်းအံ့သြသွားရပါသည်။ သူမတို့သာ သိဒ္ဓိဝင်ဖီးနစ်ငှက်ကို တစ်ကယ်တွေ့ကြုံရမယ်ဆိုရင် ဇာမဏီငှက်တောင် ဘာမှမတတ်နိုင်ပါဘူး ဒါကို တူလန်းနဲ့အဖွဲ့သားတွေရဲ့ အသက်ကို သူကယ်တင်နိုင်တယ်လို့ ရှူက မမျှော်လင့်စွာပြောလိုက်ပါတယ်။
အဲ့ဒါက သိဒ္ဓိဝင်သားရဲတစ်ကောင်နော်...
တစ်ချိန်လုံးမှာ ရှူဟာ စွမ်းအားကြီးမားတယ်ဆိုတာကို သူမ သိထားခဲ့ပေမယ့် သူတစ်ခါမှ လှုပ်ရှားမှုမလုပ်ခဲ့ပါဘူး။ တားမြစ်အမှတ်ကို ပယ်ဖျက်တာကလွဲရင် သူ့စွမ်းအားအနည်းငယ်လေးတောင် အသုံးမပြုခဲ့ဖူးပါဘူး။ အဲ့ဒီအတွက် ရှူဘယ်လောက်စွမ်းလဲဆိုတာကို သူမ အတိအကျမသိခဲ့သေးပါဘူး။ သူမ ယတိပြတ်ပြောနိုင်တာတစ်ခုကတော့ လက်ရှိအချိန်မှာ သူဟာ အလွန်စွမ်းပြီး သူမတွေ့မြင်ဖူးသမျှလူတွေထက် ပိုပြီးတော့စွမ်းအားကြီးတယ်ဆိုတာကိုပါပဲ။ ဒီရှူဟာ သူ့စွမ်းအားတွေရဲ့ အနည်းငယ်လောက်ကိုသာ ပြန်ရရှိသေးတာဖြစ်ပြီး စွမ်းအားအကုန်မဟုတ်သေးပါဘူး။
ဒါကိုတောင် သူ့လက်ရှိစွမ်းအားလောက်နဲ့ သိဒ္ဓိဝင်သားရဲကို ယှဉ်ချရဲတယ်ဆိုတော့...
ပြောရမယ်ဆို ရှူဟာ ဘယ်သူလဲ(ဘာမျိုးဘာနွယ်လဲ)...
"ဒါပေမယ့် ငါ့အမြင်မှာတော့ အခြေအနေက မင်းထင်သလောက် မဆိုးသေးပါဘူး။ ကူလောင်တောင်က မီးဓာတ်က အလွန်အားကောင်းပေမယ့် ဇာမဏီငှက်ထက် မဆိုစလောက်လေးပဲ ပိုအားကောင်းတာပါ။ နောက်ပြီးတော့လည်း သိဒ္ဓိဝင်သားရဲကနေ ထွက်တဲ့မီးဓာတ်က တစ်မျိုးကွဲပြားတာဖြစ်လို့ မင်းအနေနဲ့ တအားပူနေစရာမလိုပါဘူး။ မင်းရဲ့ကျွမ်းကျင်မှုနဲ့ဆိုရင် မတိုက်နိုင်ရင်တောင်မှ လွတ်အောင်တော့ပြေးနိုင်မယ်ဆိုတာကို ငါယုံတယ်"
ဒီကောင်မလေးနောက်ကို သူလိုက်နေခဲ့တာ အခုလက်ရှိအချိန်ထိရောက်နေပါပြီ။ ဒီကလေးမက မျိုးနွယ်စုကြီးလေးစုရဲ့ ဘဏ္ဍာတိုက်ထဲကို စိတ်ကြိုက်ဝင်ထွက်လှုပ်ရှားခဲ့ပြီး နောက်ဆုံးတစ်ခေါက်မှာဆိုရင် တော်ဝင်ရိုလန်ကျောင်း ဆေးသိုလှောင်ရုံကိုတောင် ဖောက်ဝင်ခဲ့ပါသေးတယ်။ ဒီလိုအံ့မခန်းစွမ်းရည်မျိုးနဲ့ဆို ဖြုံလောက်တဲ့ရန်သူကို ရင်ဆိုင်ရရင်တောင် သူမ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။
ရှူရဲ့မှတ်ချက်ပြုမှုကြောင့် သူမ ပိုစိတ်အေးသွားခဲ့သည်။ သူမက သူမအတွက် စိုးရိမ်နေတာမဟုတ်ပါဘူး ပြောရမယ်ဆိုရင် ဒီတစ်လောကလုံးမှာ သူမကို ချောင်ပိတ်စေနိုင်တဲ့လူ နည်းနည်းပဲရှိတာဖြစ်ပြီး မှော်သားရဲတွေလောက်ကတော့ ထည့်ပြောနေစရာမလိုပါဘူး။ သူမ တစ်ကယ်စိုးရိမ်နေတာက ဂူဝံပုလွေအဖွဲ့အတွက်ဖြစ်ပါသည်။ ဒီကြေးစားကြီးတွေဟာ အတတနိုင်ကြပေမယ့် လူကောင်းတွေချည်းဖြစ်ပါတယ်။
ရှူကနေသူမအား ကတိပေးပြောကြားပြီးဖြစ်လို့ သူမ ဘာကိုမှ စိုးရိမ်နေစရာမလိုတော့ပါဘူး။
"အဲ့ဒါဟုတ်တယ် ဒီဖိုးဖိုးလေးငါက တစ်ခုခုအပေါ်မှာ မျက်စိကျသွားခဲ့ရင် ဒဏ္ဍာရီသတ္တဝါနေနေ သိဒ္ဓိဝင်သားရဲနေနေ ဘယ်ကောင်မှ ငါလိုချင်တာကို မရအောင်တားနိုင်စွမ်းမရှိဘူး"
ရှန်ယန်ရှောင်က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ပါသည်။ နှစ်ယောက်သား စကားအနည်းငယ်ပြောဆိုလိုက်ပြီးနောက် ရှန်ယန်ရှောင်ဟာ သူမရဲ့စိတ်အား ပြန်လည်ခေါ်ယူလိုက်ပါတယ်။
လူထောင်ဂဏန်းဟာ ကူလောင်တောင်ဆီသို့ ချီတက်နေကြပါသည်။ နီးနီးလာလေ အားကောင်းတဲ့မီးဓာတ်က တိုးဝင်လာလေလေဖြစ်တာကြောင့် အသုံးမကျတဲ့ကြေးစားတော်တော်များများ ချွေးတွေရွှဲနစ်နေပါပြီ။
ဒီလိုမျိုး အားကောင်းလှသော မီးဓာတ်ကိုကြုံတွေ့သောအခါမှာ သာမန်ကြေးစားတွေအနေနဲ့ ဘာကိုမှသတိမထားမိသော်လည်း အဆင့်မြင့်ပညာရှင်တွေဖြစ်တဲ့ ကြေးစားတွေကတော့ သာမန်မဟုတ်တဲ့အခြေအနေကို ရိပ်စားမိပြီးဖြစ်ပါသည်။
ဒီလိုအားကောင်းလှတဲ့ မီးဓာတ်က အဆင့်၈ဖီးနစ်ငှက်ကနေ ထွက်ပေါ်တာရောဟုတ်ရဲ့လား...
တူလန်းက အချိန်အခါကို ကောင်းစွာအသုံးချပြီး သူ့အဖွဲ့သားတွေကို အတူတူစုရုံးနေဖို့ ပြောဆိုခဲ့သည်။ သူတို့အပေါ်မှာ ဟန်ကြီးတစ်ခွဲသားလုပ်ခဲ့ကြတဲ့ ကြေးစားခေါင်းဆောင်တွေကနေ အခုကြမှပူးပေါင်းဖို့ပြောတဲ့အပေါ်မှာတော့ သူ နည်းနည်းမှအလေးမထားပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၆၆)
ကူလောင်တောင်ပေါ်မှာရှိတဲ့ ဖီးနစ်ငှက်သာ အဆင့်၈မကဘူးဆိုပါက ဂူဝံပုလွေအဖွဲ့အနေနဲ့ သူတို့ကိုယ်သူတို့တောင် အနိုင်နိုင်ကာကွယ်ရမှာဖြစ်ပြီး အဆင့်မြင့်ကြေးစားတွေမဟုတ်သူတွေအတွက် သူတို့က ဘာများလုပ်ပေးနိုင်မှာလဲ...
နာရီဝက်အကြာမှာတော့ လူပြောသူပြောများတဲ့ ကူလောင်တောင်ပေါ်ကို ဒီလူတစ်ထောင်ကျော် ခြေချဝင်ရောက်ခဲ့ပါတော့တယ်။
တောကြီးထဲကိုခြေချရုံပဲရှိသေးတယ် တောအုပ်ထဲကနေထွက်ပေါ်နေသော မသတီစရာအနံ့အသက်အား ကြေးစားတွေရလိုက်ကြပါတယ်။
"နတ်ဆိုးတစ်ကောင်ပဲ"လို့ ပြောလိုက်ပြီး မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်ကာ ထူထပ်စွာပေါက်ရောက်နေသော သစ်ပင်တွေဆီ တူလန်းကြည့်လိုက်ပါတယ်။
ကျန်တဲ့ကြေးစားတွေ ပိုပြီးနိုးကြားသွားကြသည်။
နတ်ဆိုးတွေ...လောကထဲမှာ တည်ရှိနေကြတဲ့ ဒီမကောင်းဆိုးရွားတွေဟာ လူသားတွေအတွက် ကြောက်မက်တုန်လှုပ်ဖွယ် အကြောင်းအရာတွေသာ ယူဆောင်လာခဲ့တာပါ။ နတ်ဆိုးတွေကို သုတ်သင်ရမယ့်လုပ်ငန်းကို မကြာခဏလက်ခံရရှိခဲ့သလို ဆုံးရှုံးမှုတွေကိုလည်း တော်တော်လေးခံစားခဲ့ကြဖူးပါတယ်။ နတ်ဆိုးတွေရဲ့ ကြောက်စရာထိတ်လန့်စရာတွေဟာ ရက်စက်ကြမ်းကြုတ်မှုတစ်ခုတည်းမဟုတ်ဘဲ ပါးနပ်ကောက်ကျစ်မှုတွေလည်းပါဝင်ပါတယ်။
အဆင့်နိမ့်နတ်ဆိုးတွေကို လူတွေအနေနဲ့ အလွယ်တကူ ခွဲခြားသိမြင်နိုင်ပေမယ့် အဆင့်မြင့်နတ်ဆိုးတွေကတော့ အရွယ်ရောက်ပြီးသားလူအဖြစ်သို့ ပြောင်းလဲအသွင်ယူနိုင်ကြပါတယ်။ သူတို့ဟာ လူတွေကြားမှာပုန်းအောင်းနေပြီး လှုပ်ရှားရန်အခွင့်အရေးကို စောင့်မျှော်နေကြပါသည်။ သူတို့ကို ရှာဖွေရတာဟာ တစ်ကယ်ခက်လှပါတယ်။
နတ်ဆိုးတွေနဲ့ အလွန်နီးကပ်မှုက သူမအတွက်တော့ ဒါက ပထမဆုံးဖြစ်သည်။ တစ်ဖက်ကအသွင်အပြင်အား သူမ မမြင်တွေ့ရသေးပေမယ့် သူမရင်မှာတော့ အလွန်စိတ်လှုပ်ရှားနေခဲ့ပါသည်။
နတ်ဆိုးတွေတဲ့...အာ
ရှူအကြိုက်ဆုံးစားစရာပဲ...အား(သက်ပြင်းချ)
ဒီစစ်ဆင်ရေးမှာ နတ်ဆိုးအနည်းငယ်လောက်ကို သူမတို့ ရင်ဆိုင်ရမလားဆိုပြီး တွေးနေပါသည်။ ရင်ဆိုင်ရရင်တော့ သလင်းအမြူတေနည်းနည်းလောက် သူမ ရနိုင်တယ်လေ။ ဦးလေးရှူကို ကျွေးဖို့မဟုတ်ရင်တောင် ခရမ်းရောင်မြို့စားအတွက် အသုံးပြုလို့ရတာပဲ။
ဒီလိုအန္တရာယ်တောထဲမှာ ဘာမဟုတ်တဲ့ကိစ္စလေးကို ရှန်ယန်ရှောင်တွေးနေတာအား တူလန်းနဲ့တစ်ခြားလူတွေ သိသွားမယ်ဆိုရင် နေရာမှာတင် သတိမေ့သွားကောင်းသွားနိုင်ပါတယ်။
ဒီကလေးမရှေ့မှာ လူတွေဝေးဝေးကနေရှောင်ကြရတဲ့ ကြောက်မက်ဖွယ်နတ်ဆိုးတွေဟာ ဦးလေးတစ်ယောက်နဲ့လေးတစ်စင်းကို ကျွေးမွေးအသုံးပြုရန်လောက်ပဲ ဘောင်ဝင်ပါတော့တယ်။ လူတွေကို ကြောင်တောင်တောင် ဖြစ်စေနိုင်တဲ့ကိစ္စပါပဲ။
ကံကောင်းစွာနဲ့ အဆိုပါနတ်ဆိုးက ဒီကြေးစားတပ်ကြီးအား တိုက်ခိုက်ရန်အကြံမရှိခဲ့ပါဘူး။ နတ်ဆိုးက အမှောင်ထဲကနေပဲ ခနတာလေ့လာနေခဲ့ပြီးနောက် ပြန်ပျောက်သွားခဲ့ပါတော့သည်။
အစကနေအဆုံးထိအောင် ကြေးစားတွေအနေနဲ့ နတ်ဆိုးရဲ့အသွင်အပြင်အရိပ်အယောင်ကို မတွေ့မြင်ခဲ့သော်လည်း နတ်ဆိုးထွက်သွားခဲ့တာကိုတော့ သူတို့သိလိုက်တဲ့အကြောင်းဟာ ကြောက်စရာအနံ့အသက်ကြီး ပျောက်ကွယ်သွားလို့ဖြစ်ပါသည်။
နတ်ဆိုးကောင်ကို လုံးလုံးလားပြားပြားလား မမြင်တွေ့ခဲ့ရတာကြောင့် ရှန်ယန်ရှောင် စိတ်ပျက်သွားရပြီး ကြေးစားတွေကတော့ စိတ်အေးသွားခဲ့ကြပါသည်။
သူတို့တွေ မဖြစ်ချင်ခဲ့ကြသော်လည်း ကူလောင်တောင်ပေါ် ခြေချချခြင်းမှာပဲ ပြဿနာနဲ့ စတွေ့ခဲ့ပါပြီ။
အဆင့်နိမ့်နတ်ဆိုးတွေဟာ အုပ်စုလိုက်လှုပ်ရှားကြတာဖြစ်ပြီး အဆိုပါနတ်ဆိုးတွေက သူတို့အပေါ်ကို ဘယ်လိုဒုက္ခမျိုးတွေ သယ်ဆောင်လာပေးမလဲဆိုတာ မသိနိုင်ပါဘူး။ ဖီးနစ်ငှက်ကို မတွေ့ခင်မှာတင် လူအများအပြားသေကြေမှုကိုတောင် ရင်ဆိုင်ရကောင်းရနိုင်ပါတယ်။
အဆိုပါနတ်ဆိုး ထွက်ခွာသွားတာကြောင့် ကြေးစားတွေ စိတ်သက်သာရသွားပေမယ့် တူလန်းကတော့ စိတ်ချလက်ချမရှိပါဘူး။
"အဲ့နတ်ဆိုးက အဆင့်နိမ့်နတ်ဆိုးမဖြစ်နိုင်ဘူး အဆင့်နိမ့်နတ်ဆိုးတစ်ကောင်ရဲ့ အသိဉာဏ်နဲ့ဆိုရင် ငါတို့တွေကို တိုက်ခိုက်လို့မရမှန်း သိတာနဲ့ ချက်ခြင်းထွက်ပြေးသွားမှာပဲ။ ဒါပေမယ့် ဒီနတ်ဆိုးကတော့ မထွက်သွားခင်မှာ အတန်ကြာစောင့်ကြည့်နေခဲ့တာကြောင့် အသိဉာဏ်ရှိတယ်ဆိုတာပြနေတာပဲ။ ဒီတစ်ကြိမ်မှာ ထွက်သွားခဲ့တဲ့အတွက် ကံကောင်းတာလား ကံဆိုးတာလားဆိုတာ ငါလည်းမပြောတတ်ဘူး"
သူ့အဖွဲ့သားကြေးစားတွေကို တူလန်းက သတိပေးပြောကြားလိုက်ပါတယ်။
"သြော် နတ်ဆိုးတွေက လူတွေလိုပဲ ထက်မြက်တယ်ပေါ့"လို့ပြောလိုက်တဲ့ ရှန်ယန်ရှောင်ဟာ နတ်ဆိုးတွေကို ကြောက်ရွံ့စိတ်အလျဉ်းမရှိဘဲ ပိုစိတ်ဝင်စားသွားခဲ့သည်။
"အလတ်တန်းနတ်ဆိုးတွေက သာမန်လူတစ်ယောက်ရဲ့ အသိဉာဏ်နဲ့ ဘာမှမကွာဘူး။ အဆင့်မြင့်နတ်ဆိုးတွေကတော့ ဉာဏ်ပညာထက်မြက်တဲ့လူတွေနဲ့ ယှဉ်လို့ရတယ်လေ။ ဒါပေမယ့် နတ်ဆိုးတွေက စားဖို့ကိုသာ ဆန္ဒပြင်းပြတာကြောင့် အစားအစာအတွက် အမဲလိုက်ဖို့ကိုပဲ အလေးပေးတယ်။ မဟုတ်ရင် အဆင့်မြင့်နတ်ဆိုးတွေသာ အတူပေါင်းစည်းသွားနိုင်ခဲ့ရင် အဲ့အချိန်တုန်းက နတ်ဆိုးတွေရဲ့ပျက်သုဉ်းမှုက သိပ်ရိုးရှင်းခဲ့မှာမဟုတ်ဘူး"
တူလန်းက လေးနက်စွာပြောဆိုခဲ့ပါသည်။
ရှန်ယန်ရှောင် ရယ်သွေးသွမ်းလိုက်ခဲ့ပြီး အတွေးတစ်ခုက သူမ အာရုံထဲမှာပေါ်ထွက်လာခဲ့ပါသည်။
ကြည့်ရတာတော့ ဖီးနစ်ငှက်သိုက်ကိုရောက်ဖို့ အတော်လိုသေးပုံပါပဲ။ သူတို့အဖွဲ့ရဲ့ သွားနှုန်းနဲ့ဆိုရင် ဒီနေရာကနေပြီး ဖီးနစ်ငှက်သိုက်ကို နောက်ရက်မှရောက်နိုင်ပါလိမ့်မယ်။ နေဝင်နေပြီဖြစ်ပြီး တောင်ရဲ့တစ်ဝက်လောက်ရောက်ချိန်မှာ စခန်းချအနားယူမယ်လို့ တွက်လိုက်မိပါတယ်။ အဲ့အချိန်ကို အသုံးချပြီး တစ်ကယ့်အမှန်အကန်နတ်ဆိုးတစ်ကောင်ကို သူမ ဘာလို့ သွားမကြည့်သင့်ရမှာလဲ....