← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၆၇)

လမ်းတစ်လျှောက်မှာ လူထောင်ကျော်တဲ့အဖွဲ့ဖြစ်တာကြောင့် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူအများကြီး မပါဝင်ပေမယ့် အဆင်ပြေချောမွေ့ခဲ့ပါသည်။ အဆင့်နိမ့်မှော်သားရဲနှစ်ကောင်ကို တောထဲမှာရင်ဆိုင်တွေ့မိတာကလွဲရင် ဘာပြဿနာမှမရှိခဲ့ပါဘူး။ လူတစ်ရာပဲရှိတဲ့အဖွဲ့ဆိုရင်တော့ မှော်သားရဲတွေနဲ့နတ်ဆိုးတွေက လှုပ်ရှားနိုင်ခြေရှိပေမယ့် သူတု့ိအဖွဲ့က လူထောင်ကျော်တဲ့ အဖွဲ့ကြီးဖြစ်တာကြောင့် ဒီလိုအဖွဲ့ကြီးကိုတွေ့ပြီးတဲ့နောက်မှာ အလတ်ဆင့်မှော်သားရဲတွေနဲ့အလတ်ဆင့်နတ်ဆိုးတွေက မဆင်မခြင်မလုပ်ရဲခဲ့ကြပါဘူး။

ကိုယ့်သေတွင်းကိုယ်မသိခဲ့သော အဆင့်သိပ်မမြင့်တဲ့ အဆင့်နိမ့်မှော်သားရဲတွေကတော့ ဒီတပ်မကြီးရဲ့ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါသည်။

မှော်အမြူတေတွေကတော့ သတ်ဖြတ်တဲ့ကြေးစားအဖွဲ့တွေက ရရှိခဲ့ကြပါသည်။

ကူလောင်တောင်ကိုစတင်ဝင်ရောက်ချိန်ကစပြီး သေမိန့်ကိုရင်ထဲမှာချိတ်ဆွဲနေခဲ့ကြသော ကြေးစားခေါင်းဆောင်တွေဟာ ဝင်ရောက်ပြီးတာနဲ့ သူတို့တွေစိုးရိမ်နေခဲ့သလိုမျိုး ကြောက်စရာမကောင်းတာကို တွေ့လိုက်ရလို့ စိတ်ပေါ့ပါးသွားကြပါသည်။ ခရီးစဉ်နှောင့်နှေးမှာကိုသာ မစိုးရိမ်ခဲ့မိရင်တော့ တောအုပ်ထဲပြေးဝင်ပြီး မှော်သားရဲကောင်တွေကို သတ်ဖြတ်ကာ မှော်အမြူတေတွေထုတ်ယူမိကြမှာဖြစ်ပါတယ်။

ခရီးတစ်လျှောက် ဘာအတားအဆီးမှ မတွေ့ခဲ့ရတာကြောင့် ကြေးစားအားလုံး စိတ်အေးသက်သာစွာသွားခဲ့ကြပါသည်။ ညအမှောင်လွှမ်းလာချိန်မှာတော့ တောင်ခုလတ်မှာတင် စခန်းချရပ်နားကြပါတော့တယ်။

မီးဖိုရဲ့အစွန်မှာထိုင်နေတဲ့ ရှန်ယန်ရှောင်ဟာ တောက်လောင်နေသောမီးတောက်ကိုကြည့်နေပေမယ့် အတွေးကတော့ တောအုပ်ထဲကိုရောက်ရှိနေပါသည်။

သူတို့လမ်းခရီးက အဆင်ပြေချောမွေ့လွန်းနေပါတယ်။ အဆင်ပြေလွန်းလို့ သူမအနေနဲ့ ထူးဆန်းတယ်လို့ခံစားမိနေတဲ့အထိပါပဲ။ အလတ်ဆင့်မှော်သားရဲတွေနဲ့နတ်ဆိုးတွေအဖို့ ဒီလူတွေဟာ လွယ်ကူတဲ့သားကောင်တွေမဟုတ်ဘူးဆိုတာကို သိနိုင်ပေမယ့် အဆင့်နိမ့်မှော်သားရဲတွေနဲ့နတ်ဆိုးတွေကတော့ ဒီလိုမျိုးသိနိုင်စရာအကြောင်းမရှိဘူး။ လမ်းတစ်လျှောက်မှာ အဆင့်နိမ့်မှော်သားရဲနှစ်ကောင်ကို တွေ့ခဲ့ရတာကလွဲရင် ခွေးတစ်ကောင်ကြောင်တစ်မြှီးမှကို မတွေ့ခဲ့ရပါဘူး။

ကူလောင်တောင်ကို သူမ မရောက်ဖူးပေမယ့် တူလန်းကနေ သူမအား ပြောပြခဲ့တဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့လုံးနီးနီးသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်အရ ကူလောင်တောင်ရဲ့ အန္တရာယ်ကို သူမ ခန့်မှန်းလို့ရပါတယ်။

ဒီခရီးက အဆင်တပြေဖြစ်လွန်းလို့ လူကို မသက်မသာဖြစ်နေစေပါတယ်။ မှော်သားရဲတွေနဲ့နတ်ဆိုးတွေ ပျောက်ကွယ်နေမှုက ကောင်းတဲ့အရာမဟုတ်ဘဲ ဆိုးတဲ့အရာဖြစ်တယ်လို့ သူမ ခံစားမိနေပါသည်။

သူမတို့ရှေ့က အန္တရာယ်ဟာ ကြောက်စရာကောင်းပေမယ့် တစ်ကယ့်သေမင်းတမန်တွေကတော့ အမှောင်ထဲမှာပုန်းအောင်းနေကြပါတယ်။

ဒီကြေးစားခေါင်းဆောင်တွေက အလွန်စိတ်ချလက်ချနေနိုင်လွန်းတယ်လို့ သူမ ပြောရပါလိမ့်မယ်။ အနားယူနေချိန်မှာ ကြေးစားအဖွဲ့တော်တော်များများက သူတို့လူတွေကို စခန်းကနေထွက်ပြီး တောထဲကိုဝင်ရောက်ဖို့အတွက် ဘာမှမတွေးမတောဘဲ ခွင့်ပြုပေးခဲ့ပါသည်။

သူတို့မျက်နှာတွေကြည့်ရုံနဲ့ သူတို့တွေဟာ အဆင့်နိမ့်မှော်သားရဲတွေရဲ့ အမြူတေတွေကို စိတ်ဝင်စားနေမှန်းသိသာပါတယ်။

လာရာလမ်းမှာ ဘာအန္တရာယ်မှမတွေ့ခဲ့သလို ဘာနတ်ဆိုးကိုမှလည်း ရင်မဆိုင်ရခဲ့တဲ့အတွက် ဒီကြေးစားအဖွဲ့တွေအနေနဲ့ ကူလောင်တောင်ကို မှားယွင်းတွက်မိစေခဲ့ပါတယ်။ ကြောက်စရာလန့်စရာသတင်းစကားတွေဟာ ဒီမှာမရှိဘူးလို့ သူတို့တွေစတင်တွေးမိသွားကာ အဆိုပါကြေးစားအဖွဲ့ပျက်စီးရခြင်းမှာ တစ်ခြားအကြောင်းအရင်းတွေကြောင့်ပဲ ဖြစ်မယ်လို့တွေးလိုက်ကြပါတယ်။ တစ်ဆင့်စကားတစ်ဆင့်နားကြောင့် သတင်းက ကြောက်စရာကောင်းသွားတာဖြစ်ရမယ်လို့ ထင်လိုက်ကြပါတယ်။

သူတို့တွေ့ခဲ့တဲ့ အဆင့်နိမ့်မှော်သားရဲနှစ်ကောင်က သိပ်အန္တရာယ်မကြီးလို့ ကြေးစားခေါင်းဆောင်တစ်ချို့အနေနဲ့ စိတ်အေးသွားရုံသာမက လောဘပါတက်လာပါတော့တယ်။

ဘာပဲပြောပြော သူတို့ရဲ့ဒီတစ်ခေါက်ပစ်မှတ်က ဖီးနစ်ငှက်ဖြစ်ပြီး အခုထိ ဖီးနစ်ငှက်ရဲ့အရိပ်ကိုတောင် မမြင်ရသေးပါဘူး။ ဒီညနေခင်းမှာ အားလုံးကအနားယူနေတာဖြစ်ပြီး ကူလောင်တောင်ဟာ ပြောစကားတွေလောက်လည်း မဆိုးတာကြောင့် ငွေပိုငွေလျှံလေးရအောင် ငါတို့ ဘာကြောင့်မလုပ်ရမှာလဲ။

လောဘစိတ်နဲ့လူတိုင်းက တူညီသောအတွေးကို တွေးမိလိုက်ကြပါသည်။

ထိုအတွေးကတော့ ဒီကူလောင်တောင်ဟာ ပြောသလောက်ကြီးမဟုတ်ပါဘူး။ အလတ်ဆင့်မှော်သားရဲတောင် မတွေ့ရသေးပါဘူး။ အဆင့်နိမ့်မှော်သားရဲတွေကို အမဲလိုက်ခြင်းက ငွေရပေါက်တစ်ခုဖြစ်ပြီး သူတို့အနေနဲ့ တစ်ကယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရပြီး ရန်သူကို အနိုင်မယူနိုင်ရင်တောင် ထွက်ပြေးနိုင်သေးတာပဲဆိုသော အတွေးပဲဖြစ်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၆၈)

သူတို့သာ စခန်းနဲ့အဝေးကြီးကို မသွားဘူးဆိုရင် သူတို့မကိုင်တွယ်နိုင်သော အခြေအနေတစ်ခုကို ရင်ဆိုင်ရတဲ့အခါ စခန်းချရာဆီကို ပြန်ပြေးလာရုံပဲလေ။ လူတစ်ထောင်ကျော်အားနဲ့ဆိုရင် ဘာကိုကြောက်စရာလိုလို့လဲ

ကြေးစားတွေရဲ့ရင်ထဲမှာ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ ဒီအနေအထားကြောင့် စခန်းမှာပဲ နားနေသင့်တဲ့ ကြေးစားတွေကို ခေါင်းဆောင်တွေကနေ အဆင့်နိမ့်မှော်သားရဲတွေ အရှာလွှတ်လိုက်ခဲ့ပါတော့သည်။

အလုပ်ရှင်ရဲ့မျက်နှာကိုထောက်ရသေးတာကြောင့် ခေါင်းဆောင်တွေကိုယ်တိုင်ကတော့ စခန်းကနေခွာလို့မဖြစ်ပါဘူး။ လူအားလုံးကိုလည်း မစေလွှတ်ရဲတာကြောင့် ကြေးစားအနည်းငယ်ကိုသာ ခိုးထွက်ဖို့ ညွှန်ကြားခဲ့ပါသည်။

ဒါပေမယ့်လည်း ဒီအဖြစ်အပျက်တွေအကုန်လုံးက ရှန်ယန်ရှောင်ရဲ့ မျက်စိအောက်ကနေ ပြေးမလွတ်ခဲ့ပါဘူး။

သူမတင်သာမက တူလန်းလည်း ဒီအဖြစ်အပျက်ကို တွေ့ရှိခဲ့ပါတယ်။

"ဒီလိုအချိန်မှာ အပြင်ထွက်တာကတော့ တစ်ကယ့်ကို အမြော်အမြင်ကင်းမဲ့တဲ့လုပ်ရပ်ပဲ"

တိတ်တိတ်လေး ခိုးထွက်နေကြတဲ့ ကြေးစားတွေ၏ကျောပြင်ကို ကြည့်လိုက်ပြီး ရှန်ယန်ရှောင်က ကျယ်လောင်စွာရယ်လိုက်ပါတယ်။

တူလန်းက ရှန်ယန်ရှောင်အား သို့လောသို့လောအကြည့်နဲ့ ကြည့်လိုက်သည်။ အဆိုပါကြေးစားတွေ ခိုးထွက်နေတာကို သူလည်းသတိထားမိပေမယ့် ဘာမှမပြောခဲ့ပါဘူး။ သူတို့က တစ်ခြားကြေးစားအဖွဲ့တွေကဖြစ်တယ်။ သူ့အဖွဲ့ထဲက ညီအစ်ကိုတွေ ခိုးမထွက်ရင် တော်ပါပြီလေ။

သို့သော် ရှန်ယန်ရှောင်ပြောတာကို နားထောင်လိုက်ပြီးတဲ့အခါမှာတော့ တူလန်းဟာ ရှန်ယန်ရှောင်အနေနဲ့ တစ်ခုခုကို တွေးဆမိပုံပဲလို့ တွေးလိုက်မိခဲ့သည်။

လာခဲ့တဲ့ခရီးတစ်လျှောက်မှာ ဒီကောင်လေးဟာ ကလေးတစ်ယောက်နဲ့လားလားမှ မတူပါဘူး။ ကောင်လေးရဲ့ အသိပညာနဲ့ သတိရှိမှုတို့ကို တူလန်း လေးစားခဲ့ရပါသည်။ ခွင့်ပြုချက်မရဘဲ ခိုးထွက်နေကြတဲ့ အဲ့လူတွေအပေါ် ကောင်လေးရဲ့သဘောထားအမြင်အား တူလန်းသိချင်စိတ်ပြင်းပြသွားသည်။

"ဟောင်ရှောင် ဒီလိုဘာကြောင့်ပြောရတာလဲ"ဟု တူလန်းကမေးလိုက်သည်။

ရှန်ယန်ရှောင်က လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင်ယှက်လိုက်ပြီးတော့ ကြောင့်ကြမှုမရှိဘဲခိုးထွက်နေကြသော ကြေးစားတွေအား ကြည့်လိုက်ကာ ပြန်ဖြေလိုက်ပါသည်။

"ဒီလူတွေက နဂိုကတော့ ကူလောင်တောင်ရဲ့ ပုံရိပ်ကို အလွန်ကြောက်လန့်နေခဲ့ကြပြီး တောင်ပေါ်ကို ကျနော်တို့ကိုယ်တိုင်ရောက်လာတဲ့အခါ သူတို့ထင်ထားသလိုမျိုး အခြေအနေမဆိုးတာကို တွေ့ခဲ့ရသလို ကူလောင်တောင်မှာ အဆင့်နိမ့်မှော်သားရဲတွေ အများကြီးရှိနေတာကိုလည်း သိမြင်ခဲ့ကြတယ်လေ။ ဒီတော့ သူတို့တွေအဖို့ စိတ်ဘယ်ခိုင်တော့မလဲ ဒါပေမယ့် ဒီလူတွေက ငါးစာကိုပဲမြင်ပြီး ငါးမျှားချိတ်ကိုမမြင်ကြတဲ့ ရေတိုကိုပဲကြည့်တတ်သူတွေဖြစ်နေတယ်။ အရင်ကကြေးစားအဖွဲ့ တစ်ဖွဲ့လုံးပြုတ်လုနီးနီးဖြစ်ခဲ့ရတာက ဒီအဆင့်နိမ့်မှော်သားရဲတွေကြောင့်လို့ပဲ တစ်ကယ်ထင်နေကြသလားပဲ"

စကားကို ခနရပ်လိုက်ပြီးနောက် ရုပ်တည်ကြီးနဲ့ ဟန်ဆောင်နေနေကြတဲ့ ကြေးစားခေါင်းဆောင်တွေကို သူမ လှမ်းကြည့်လိုက်ပြီး အေးစက်စက်ပြုံးကာ ဆက်ပြောလိုက်ပြန်တယ်။

"ကြေးစားတွေဖြစ်ပြီးတော့ တစ်ချက်လေးတောင် သတိမရှိကြဘူး။ ပုံမှန်မဟုတ်တဲ့ ဒီအခြေအနေကို သံသယဝင်ရမယ့်အစား ပွပေါက်တိုးချင်နေကြတယ်လေ။ အမှန်ပဲနော် မသိသူဟာမကြောက်တတ်ဘူးဆိုတာ။ ဒီညထွက်သွားခဲ့ကြတဲ့ ကြေးစားတွေထဲကနေ မနက်ဖြန်မနက်ပြန်လာနိုင်မယ့်လူက နည်းနည်းပဲဖြစ်နေမှာကို ကျနော်ကြောက်မိတယ်"

ရှန်ယန်ရှောင်ရဲ့ လေသံထဲမှာ အရွယ်မရောက်မရင့်ကျက်သေးမှုတွေ ရောစွက်နေခဲ့ပေမယ့် သူမပြောလိုက်တဲ့ စကားလုံးတွေကြောင့် ဝံပုလွေခုနှစ်ကောင်လုံး ဖျားသွားပါတယ်။

ဒီကြေးစားတွေ ခိုးထွက်တဲ့လုပ်ရပ်ဟာ မှားနေတယ်ဆိုတာကို သူတို့သိပေမယ့် ဒီနေ့ညထွက်သွားတဲ့လူဟာ တစ်ရာနှစ်ရာလောက်ရှိပါတယ်။ လူတစ်ထောင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပေမယ့် နည်းတဲ့လူအားတော့လည်း မဟုတ်သေးပါဘူး။ ဒါကို ဒီလူတွေထဲကနေ နည်းနည်းလောက်ပဲ အသက်ရှင်ရက်ပြန်လာနိုင်မယ်လို့ ရှန်ယန်ရှောင်က ပြောခဲ့ပါတယ်။

"အဟမ်း...သူတို့တွေ စခန်းနဲ့ဝေးဝေးကို မသွားဘူးလို့ ငါထင်တယ်။ အဲ့ဒီတော့ အန္တရာယ်လည်း ပြောပလောက်အောင်မရှိတန်ပါဘူး"

ဟောင်ရှောင်ရဲ့ စကားကြောင့် နတ်ဆိုးဝံပုလွေ တစ်ကယ်လန့်သွားခဲ့ပါတယ်။ ဒီကြေးစားတွေဟာ လောဘဇောတိုက်နေကြပေမယ့် ငတုံးတွေတော့ မဟုတ်လို့ စခန်းနဲ့ဝေးဝေးကိုတော့ တစ်ကယ်မသွားလောက်ပါဘူး ဒီတော့ အန္တရာယ်ကို တစ်ကယ်ရင်ဆိုင်ရပြီး မတိုက်ခိုက်နိုင်ဘူးဆိုရင်တောင် ထွက်ပြေးဖို့ကတော့ ဖြစ်နိုင်ပါသေးတယ်။

ဟောင်ရှောင်ရဲ့ စကားတွေဟာ ပိုလွန်းအားကြီးနေပါတယ်။

ရှန်ယန်ရှောင်ဟာ နတ်ဆိုးဝံပုလွေကို ပျင်းရိစွာတစ်ချက်ကြည့်ပြီး ပေါ့ပါးစွာပြောလိုက်ပါတယ်။

"အချိန်ကျတဲ့အခါ သူတို့တွေ ကိုင်တွယ်နိုင်မှာမဟုတ်လောက်တော့ဘူး"

"မင်း ဘာကို ဆိုလိုတာလဲ"လို့ ဝံပုလွေခုနှစ်ကောင်လုံးက မေးလိုက်ပါတယ်။

သူတို့အားလုံး ရှန်ယန်ရှောင်ကို တစ်ပြိုင်နက်ကြည့်လိုက်ကြသည်။ ရက်အတော်ကြာအောင် ခရီးအတူသွားပြီးတဲ့နောက်မှာ တစ်ဖက်လူဟာ ငယ်ရွယ်တဲ့ကလေးတစ်ယောက်ဆိုတာကို သူတို့တွေ မေ့လျော့သွားခဲ့ကြပါပြီ။ ရှန်ယန်ရှောင်ပြောလိုက်တဲ့ စကားလုံးတိုင်းဟာ လူကြီးတစ်ယောက်ပြောတာနဲ့ ယှဉ်လို့ရနေလို့ မေ့သွားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

. အခန်း(၃၆၉)

သူတို့တွေ မဖြစ်သေးမကြုံသေးတဲ့ ကိစ္စတွေကိုတောင် သူမက တွေးခေါ်စဉ်းစားပေးနိုင်ပါတယ်။

လူတိုင်းရဲ့ အကြည့်က ရှန်ယန်ရှောင်ဆီ ကျရောက်နေသည်။ ဒီလူတွေက ဟိုငတုံးကောင်တွေလို ကိုယ့်သေတွင်းကိုယ်တူးမယ့်ပုံ မပေါ်သော်လည်း မပြေးသော်ကံရာရှိဆိုသလို ပြောသင့်တာကိုပြောထားလိုက်ဖို့ သူမ တွေးလိုက်ပါသည်။

"သူတို့တွေ အလွယ်တကူ သတ်ဖြတ်နိုင်တဲ့ အဆင့်နိမ့်မှော်သားရဲတစ်ကောင်ကို တွေ့တဲ့အခါ အဲ့ဒီမှော်သားရဲ့ သူတို့ရဲ့နှာတစ်ဖျားအကွာမှာရှိနေပြီး ထွက်ပြေးသွားတာမျိုး ဒါမှမဟုတ် ဒဏ်ရာရပြီးတဲ့အခါ တောနက်ထဲကို ထွက်ပြေးလွတ်မြောက်သွားတာမျိုးဆိုရင် အဲ့ဦးနှောက်မရှိတဲ့ကောင်တွေက ပါးစပ်ပေါက်ရောက်နေတဲ့ မုန့်ကိုအလွယ်တကူ လက်လျှော့လိုက်ပါ့မလား။ သူတို့က အဲ့ကောင်နောက်ကို ခြေရာခံလိုက်ရင်းနဲ့ မသိလိုက်မသိဖာသာ စခန်းနဲ့ဝေးရာကို ရောက်သွားခဲ့မယ်ဆိုရင် ဘာဆက်ဖြစ်မယ်လို့ထင်သလဲ"

လူတွေဟာ လောဘသားတွေဖြစ်ပါတယ်။ စစ်ဆင်ရေးအလယ်မှာ ငွေပိုငွေလျှံရဖို့အတွက် ခိုးထွက်ကြတဲ့ အဲ့လူတွေထဲက လောဘမကြီးတဲ့လူ ဘယ်သူရှိလဲ။

လောဘဇောတိုက်နေချိန်မှာ ဘာကိုမှမမြင်နိုင်တော့တာကြောင့် ဝမ်းနည်းဖွယ်အဖြစ်အပျက်တွေ မကြာခဏဖြစ်ပျက်ခြင်းက သာဓကပါပဲ။

ရှန်ယန်ရှောင်ရဲ့ စကားကြောင့် ဝံပုလွေခုနှစ်ကောင်လုံး အတွေးရေယဉ်မှာနစ်မြောသွားရသည်။ ကောင်လေးပြောသလိုပါပဲ သူတို့တွေသာဆိုရင်လည်း ကိုယ့်အဖော်အပေါင်းတွေနဲ့ အလွယ်တကူ အနိုင်ယူလို့ရတဲ့ သားကောင်မျိုးကို အန္တရာယ်မရှိတဲ့နေရာမျိုးမှာ တွေ့ခဲ့မယ်ဆိုရင် ရေဆုံးရေဖျားထိလိုက်မိကြမှာဖြစ်ပါသည်။ အဲ့အချိန်မှာ သားကောင်ကို သတ်ဖြတ်ဖို့သာ အာရုံရောက်နေတာဖြစ်လို့ လုံခြုံစိတ်ချရသောနေရာကနေ တဖြည်းဖြည်းဝေးလာတာကို သတိပြုမိတော့မှာ မဟုတ်ပါဘူး။

ဂူဝံပုလွေအဖွဲ့သားတွေဟာ ကူလောင်တောင်က မြင်တွေ့နေရသလို အန္တရာယ်မကင်းဘူးလို့ တွေးမိထားကြပြီး ထွက်ခွာသွားသူတွေကတော့ အဲ့လိုတွေးမထားပါဘူး။ ဂူဝံပုလွေအဖွဲ့သားတွေက မတော်တဆဆိုတာမျိုး ဖြစ်လာခဲ့ရင်ဆိုတဲ့အတွေးနဲ့ သတိလက်လွတ်မနေရဲကြဘဲ အချိန်ပြည့်အာရုံကပ်ထားနေကြပါသည်။

ဒါတွေအားလုံးကို တွေးမိလိုက်တော့ ဝံပုလွေခုနှစ်ကောင်လုံး ချွေးပြန်သွားကြတော့သည်။ ရှန်ယန်ရှောင်ရဲ့ စကားတွေက လူတွေရဲ့ လောဘတရားကို ထောက်ပြနေတာဆိုပေမယ့် သေချာတွေးကြည့်လိုက်ရင် ကူလောင်တောင်မှာရောက်ရှိနေတာဟာ အန္တရာယ်ကြားထဲရောက်နေတာပဲလို့ သူတို့တွေကို ပြောလိုက်တဲ့သဘောဖြစ်ပါတယ်။

သူမ ဘာလို့ ဒီလိုတွေးနိုင်ရတာလဲ....

အမှန်ဆို ကူလောင်တောင်မှာရှိတဲ့ သက်ရှိသတ္တဝါတွေထဲမှာ အဆင့်၁၂ ဒဏ္ဍာရီသတ္တဝါဖြစ်တဲ့ ဖီးနစ်ငှက်ကလွဲရင် ကျန်တာဘာတစ်ခုမှ သူမ မသိထားပါဘူး။ သူမရဲ့ အရင်ဘဝက အတွေ့အကြုံတွေအရ ပြောနိုင်တာဖြစ်သည်။ နောက်ပြီးတော့ အလတ်တန်းနတ်ဆိုးတွေနဲ့မှော်သားရဲတွေမှာ အသိဉာဏ်ရှိတယ်လို့ တူလန်းကပြောခဲ့ဖူးပါသေးတယ်။ သူတို့ကို ထောင်ချောက်ဆင်ပြီး စောင့်ကြိုနေတာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ အချိန်ရောက်တဲ့အခါမှာတော့ ထိုလူတွေကို သိကြားမင်းတောင် ကယ်နိုင်မှာမဟုတ်တော့ပါဘူး။

သူ့အဖွဲ့သားတွေ အမိန့်ကိုနာခံပြီး စခန်းမှာပဲ ရှိနေတာသေချာစေရန် တူလန်းလုပ်ပါတော့တယ်။ ရှန်ယန်ရှောင်က ဘယ်လိုအဓိပ္ပါယ်နဲ့ပြောပြော သူတို့အနေနဲ့ အချိန်ပြည့်သတိထားနေရမှာဖြစ်ပါတယ်။

အားလုံး လေးနက်တဲ့အမူအယာရှိနေတာကို တွေ့လိုက်ရလို့ သူမ ဘာမှထပ်မပြောတော့ပါဘူး။ တစ်ကယ်တန်းတော့ ကြေးစားငထုံတွေအကြောင်းကို သူမ တွေးနေတာမဟုတ်ဘဲ ကူလောင်တောင်မှာ ပုန်းအောင်းနေကြတဲ့ နတ်ဆိုးတွေအကြောင်းကိုသာ တွေးတောနေတာဖြစ်ပါတယ်။

လင်းလက်တိုက်ရဲ့ အိပ်မက်ဆိုးအဖြစ် သတ်မှတ်ခံထားရပေမယ့် ရှူရဲ့ စားကောင်းသောက်ဖွယ်ဖြစ်နေသော အဲ့ကောင်တွေကို သူမ တွေ့ဆုံချင်နေပါတယ်။ သူမအနေနဲ့ ခြောက်လအကြာမှာ ပြုလုပ်ကျင်းပမယ့် ပြိုင်ပွဲကို အနိုင်ရပြီးရင် စွန့်ပစ်နယ်မြေမှာ မြို့တစ်မြို့ကို သိမ်းပိုက်ထူထောင်ဖို့ ရှူကပြောထားခဲ့ပါတယ်။ အဲ့ဒီအချိန်ကျရင် ဒီလူက နတ်ဆိုးတွေဖမ်းဆီးပေးဖို့ သူမကို တွန်းအားပေးတော့မှာပါ ဟင်း...

ဒါကြောင့်မို့ ဘာပဲဖြစ်နေဖြစ်နေ နတ်ဆိုးတွေက ဘယ်လိုပုံစံရှိလဲဆိုတာကို သူမ အရင်သိမြင်ထားဖို့ လိုအပ်ပါတယ်။

လက်လွတ်စပယ်လုပ်ခဲ့တဲ့ စောစောကကြေးစားတွေကို ရှုံ့ချပြောဆိုခဲ့တဲ့ ရှန်ယန်ရှောင်က တောထဲကို သူမဖာသာခိုးထွက်ဖို့ ကြံနေတာမှန်းသာ တူလန်းတို့သိသွားမယ်ဆိုရင် ခုန်ထလိုက်ပြီးတော့ ဒီမဆင်မခြင်ကောင်လေးကို တဲထဲသို့အတင်းဆွဲခေါ်သွားမှာဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ ရှန်ယန်ရှောင်ရဲ့ အတွင်းစိတ်မှာဘာတွေ ကြံစည်နေမှန်း ဘယ်သူမှမသိခဲ့ကြပါဘူး။ သန်းခေါင်ယံရောက်အပြီးမှာတော့ စခန်းထဲက လူအားလုံး အိပ်စက်နေကြပါပြီ။

ဒီအချိန်ကို အခွင့်ကောင်းယူလိုက်ပြီးတော့ ရှန်ယန်ရှောင်တစ်ယောက် နက်မှောင်တဲ့တောထဲသို့ ဝင်ရောက်သွားလိုက်ပါတယ်။

All Chapters