အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၇၃)
"အဆင့်နိမ့်ကောင်တွေပါကွာ"လို့ပြောလိုက်တဲ့ ရှူ့အသံက တည်ငြိမ်အေးစက်နေပြီး ဖြစ်ပျက်နေတာတွေအားလုံးကို ဘာမှမဖြစ်ဟန်ပါပဲ။
"အဆင့်နိမ့်နတ်ဆိုးတွေရဲ့ စိတ်နေစိတ်ထားက တောရိုင်းကောင်တွေနဲ့ ဘာမှမကွာဘူး။ သူတို့က အစာစားရဖို့အတွက်သာ ဆန္ဒရှိပြီး ဘာအသိဉာဏ်မှမရှိကြဘူး"
လူတွေရဲ့နှုတ်ဖျားမှာ ကြောက်ရွံ့စရာသတ္တဝါတွေဖြစ်နေတဲ့ ဒီကောင်တွေကို ရှူကတော့ ပုရွက်ဆိတ်အကြောင်းပြောနေသလိုမျိုး ပြောလိုက်ပါတယ်။
"နတ်ဆိုးတွေရဲ့ အဆင့်က မင်းထက်ပိုမသာပါဘူး။ အဆင့်နိမ့်ကောင်တွေက သားရဲတိရစ္ဆာန်တွေသာသာပဲ အသိရှိပြီး ရန်လိုကြပေမယ့် တိုက်ခိုက်ရအလွယ်ဆုံးကောင်တွေပဲ အလတ်တန်းကောင်တွေကတော့ အသိဉာဏ်ရှိကြလို့ နည်းနည်းခက်တယ်။ တောင်ပေါ်တက်ကာစ မင်းတွေ့ခဲ့တဲ့အကောင်က အလတ်တန်းကောင်ပဲ။ သူတို့က ရန်သူမမြင်အောင် ဘယ်လိုပုန်းအောင်းရမယ် ရန်သူကို ဘယ်လိုလေ့လာအကဲခတ်ရမယ်ဆိုတာတွေကို သိကြတယ်။ အကဲဖြတ်ဆုံးဖြတ်မပြီးမချင်း သူတို့က စတိုက်ခိုက်မှာမဟုတ်ကြဘူး။ အဆင့်မြင့်နတ်ဆိုးတွေကတော့..."
ရှူက ခနရပ်လိုက်သည်။
"အဆင့်မြင့်နတ်ဆိုးတစ်ကောင်ရဲ့ အသိဉာဏ်က သာမန်လူတစ်ယောက်ထက် ပိုကောင်းပြီး စွမ်းအားကလည်း လူသားတွေရဲ့ ပညာရှင်တွေထဲက ထိပ်ဆုံးအဆင့်ရောက်နေသူတွေနဲ့ ယှဉ်လို့ရတယ်။ သူတို့က လူသားအသွင်ကို အချိန်မရွေးပြောင်းလဲနိုင်တယ်။ လူအုပ်ထဲမှာ ပုန်းအောင်းနေလိုက်ရင် မင်းက ထိပ်သီးပညာရှင်မဟုတ်ရင်တော့ သူတို့ရှိနေတာကို သိမှာမဟုတ်ဘူး"
ရှူရှင်းပြနေချိန်မှာပဲ ရှန်ယန်ရှောင်ရဲ့ နောက်ကနေ ထူးဆန်းတဲ့အသက်ရှူမှုက ထွက်ပေါ်လာပါတယ်။
"အေးအေးဆေးဆေးနေပြီး စောင့်ကြည့်နေလိုက်ဦး"
သူမက လှုပ်ရှားမယ်အလုပ်မှာ ရှူကနေအရင်ဦးအောင်ပြောလိုက်ခဲ့သည်။
ထို့ကြောင့် သူမလည်း ဘာကိုမှသတိမထားမိဟန်နဲ့ သစ်ပင်ပေါ်မှာပဲ ဆက်ရပ်နေလိုက်ပါသည်။
အသက်ရှူသံက တစ်ဖြည်းဖြည်းနီးနီးလာခဲ့ပြီး ရှန်ယန်ရှောင်အနေနဲ့ အားကောင်းတဲ့အငွေ့အသက်ကို ကောင်းကောင်းခံစားမိနေပါပြီ။ နောက်တစ်စက္ကန့်မှာပဲ အားကောင်းအေးစက်တဲ့ လေအေးက ရှန်ယန်ရှောင်ဆီကို ဦးတည်လာပါတော့တယ်။ ဒီလေထုက ပြင်းထန်တဲ့အမှောင်ဓာတ်တွေပါဝင်နေတာကြောင့် ရှန်ယန်ရှောင်တစ်ကိုယ်လုံး အေးစက်မှုကို ခံစားလိုက်ရပါသည်။
"မိတ်ဆွေလေးက ဘယ်နေရာကနေ ကြွရောက်လာတာပါလဲ။ ဒီနေရာမှာ ပွဲတစ်ခုကို ကြည့်ရဲတယ်ဆိုတော့လေ"
နောက်ပြောင်သံအပြည့်နဲ့ စကားသံဟာ ရှန်ယန်ရှောင်နောက်ကနေ ထွက်ပေါ်လာပါတယ်။ ရှန်ယန်ရှောင် နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ အဖြူရောင်လက်တစ်ဖက်က သူမရဲ့လည်ပင်းကို ခိုင်မြဲစွာဆုပ်ကိုင်ထားလိုက်ပါသည်။
ချောမောကာ တစ်မူထူးတဲ့ဆွဲဆောင်မှုရှိသော မျက်နှာတစ်ခုက ရှန်ယန်ရှောင်မျက်စိထဲကို ဝင်ရောက်လာပါတယ်။ ဒီမျက်နှာဟာ ကျော့ရှင်းနေပြီး ပုံမှန်မဟုတ်သောမျက်နှာပုံဖြစ်ကာ ရှည်လျားကျဉ်းမြောင်းတဲ့ မျက်လုံးတွေက ခရမ်းရောင်ဖြစ်နေပါတယ်။ ကောင်လေးက ၁၉နှစ်အရွယ်ခန့်ရှိပုံရပြီး သူ့ပါးစပ်မှာတော့ ကြောက်မက်ဖွယ်အပြုံးက ဖြစ်ပေါ်နေပါသည်။
ဒီလူက တော်တော် အန္တရာယ်ကြီးတယ်...
ရှန်ယန်ရှောင် အချက်ပေးသံတွေမြည်သွားခဲ့ပေမယ့် ရှူက ဘာမှထပ်မပြောခဲ့တာကြောင့် သူမ ဝေခွဲရခက်သွားပါသည်။
ဆွဲဆောင်မှုအပြည့်ရှိတဲ့ လူငယ်ဟာ နှုတ်ခမ်းတွေကို သပ်လိုက်ပါသည်။ လောဘမီးနဲ့ရိုင်းစိုင်းမှုမီးလျှံတွေကြောင့် တောက်ပနေသော မျက်လုံးတစ်စုံက ရှန်ယန်ရှောင်တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည်အကဲခတ်နေပါတယ်။
"မင်းတို့လူတွေ နတ်ဆိုးတွေက အရှင်လတ်လတ်စားသောက်ခံနေရတာကို မြင်ခဲ့တာတောင် မင်းက တုန်လှုပ်ဟန်အံ့သြဟန်မပေါ်ပါလား။ မိတ်ဆွေလေး မင်းရဲ့ သတ္တိကကိုကြီးလွန်းလို့လား ဒါမှမဟုတ် အကြောက်လွန်နေတာလားဟင်"
ဆွဲဆောင်မှုအပြည့်နဲ့လူငယ်က ရှန်ယန်ရှောင်ရဲ့ တည်ငြိမ်အေးဆေးပုံကြောင့် သိလိုစိတ်ဖြစ်သွားခဲ့ပြီး သူမလည်ပင်းကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ချောင်းတွေက မသိရင်တော့ ဖုန်ခါပေးဖိုလုပ်နေတဲ့အတိုင်းပါပဲ။
ခရမ်းရောင်မျက်လုံးတွေကို စိုက်ကြည့်နေလိုက်ပြီး ဒီလူငယ်လေးရဲ့ ဇစ်မြစ်ကို သူမ ခန့်မှန်းနိုင်လုနီးနီးပါပဲ။ ကြောက်မက်ဖွယ်အရှိန်အဟုန်နဲ့အင်အားရယ် ညှို့ငင်နိုင်တဲ့မျက်လုံးရယ်က လူသားတွေမှာရှိသော အရာတွေမဟုတ်ကြပါဘူး။
ရှူပြောခဲ့သလိုပါပဲ အဆင့်မြင့်နတ်ဆိုးတွေက လူသားအသွင်ပြောင်းလဲနိုင်ပြီး အဆိုပါခရမ်းရောင်မျက်လုံးတွေက နတ်ဆိုးတွေရဲ့ ပုံပန်းလက္ခဏာတွေထဲက တစ်ခုဖြစ်သည်။
နတ်ဆိုးတွေဆိုတာ ဘယ်လိုကောင်တွေလဲဆိုပြီး ခိုးထွက်ပြီးကြည့်ရှုချိန်မှာ ရာဇဝင်ထဲက အဆင့်မြင့်နတ်ဆိုးတစ်ကောင်နဲ့ တွေ့ဆုံရလိမ့်မယ်လို့ သူမ ထင်မထားခဲ့မိပါဘူး။
ထကရမလား ငိုချင်းပဲချရမလားကို သူမ မဝေခွဲတတ်ဘူးဖြစ်သွားရပါသည်။
အဆင့်မြင့်နတ်ဆိုးတွေဟာ ယန်းချီစွမ်းအားအကောင်းဆုံးချိန်မှာတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူတွေဖြစ်ပြီး သူမကတော့ လေးပညာနဲ့ဆင့်ခေါ်သူပညာရပ်တို့မှာ အလတ်တန်းအဆင့်သာ ရှိပါသေးတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၇၄)
လေးအတတ်နဲ့ဆင့်ခေါ်သူပညာရပ်မှာ သူမက အလတ်တန်းအဆင့်ဆိုပေမယ့် ဒီလိုစွမ်းအားကြီးသူနဲ့ ရင်ဆိုင်တဲ့အခါမှာတော့ ဘာမှအရာမရောက်ပါဘူး။
တစ်ဖက်လူရဲ့ စွမ်းအားကို ရှူခန့်မှန်းသိရှိပြီးလောက်ပါပြီ ဒါပေမယ့် သူက သူမကို မလှုပ်ရှားဖို့ပြောခဲ့ပြီး စောင့်ကြည့်နေဖို့ပဲ မှာခဲ့ပါတယ်။
ရှူရဲ့အစီအစဉ်က ဘာမှန်းမသိပေမယ့် ဒီမဟာမိတ်ကိုတော့ သူမ အလွန်ယုံကြည်ပါတယ်။ သူမသေဆုံးအောင်လို့ သေချာထောင်ချောက်ဆင်ပြောကြားခဲ့တာလို့ သံသယမဝင်ပါဘူး။ ပြောရမယ်ဆိုရင်ကွာ သူမ သေရင် ရှူလည်းလိုက်သေရမှာပဲလေ။
ဒီလိုတွေးမိတာကြောင့် အဆင့်မြင့်နတ်ဆိုးအား သူမ ကြောက်မနေခဲ့ပါဘူး။
စွမ်းအားကြီးမားလှသော နတ်ဆိုးဖြစ်သူအား ရေပြင်လိုတည်ငြိမ်သောမျက်လုံးတွေနဲ့ သူမခြေဆုံးခေါင်းဖျားအကဲခတ်လိုက်ပါတယ်။
ညှို့ငင်အားကောင်းသော လူငယ်ဖြစ်သူက သူ့လက်ထဲက ချာတိတ်လေးကို အံ့အားသင့်သွားရပါသည်။ ဒီကလေးရဲ့ သည်းခြေကကြီးလွန်းနေရင်တောင် အခုလိုမျိုးတည်ငြိမ်နေဖို့ကတော့မဖြစ်နိုင်ပါဘူး။ ငါ့မျက်လုံးအရောင်က ကွဲပြားနေတယ်ဆိုတာကို ဒီကောင်လေးမမြင်တာလား။
သိပ်မဝေးတဲ့နေရာက အဆင့်နိမ့်နတ်ဆိုးတွေဟာ တစ်ခုခုကို ခံစားမိပုံရပါတယ်။ စားသောက်နေတာကို ချက်ခြင်းရပ်လိုက်ကြကာ သူတို့နှစ်ယောက်ဆီကို လာလိုက်ကြပါသည်။
အဲ့နတ်ဆိုးတွေပါးစပ်မှာ သွေးတွေပေကျံနေပြီး ချွန်ထက်နေတဲ့သွားတွေက လေထဲမှာထွက်နေကာ အော်ဟစ်ကြုံးဝါးရင်း သစ်ပင်ဆီကို ပြေးဝင်လာကြပါတယ်။
သူတို့ တစ်ခုခုကို အာရုံခံမိသည် တစ်မူထူးကာ စွမ်းအားပြင်းသော ဝင်သက်ထွက်သက်က သူတို့ကို အလွန်ဆွဲဆောင်ခဲ့ပါတယ်။
ပြေးသွားနေကြတဲ့ နတ်ဆိုးတွေဟာ တစ်ကယ့်အိပ်မက်ဆိုးတစ်ခုထဲကို ပြေးဝင်နေမိမှန်း မသိခဲ့ကြပါဘူး။
သစ်ပင်ကြီးအနားကို သူတို့ရောက်ကာစမှာပဲ သစ်ကိုင်းပေါ်က လူငယ်ဖြစ်သူဟာ စိတ်မရှည်ဟန်နဲ့ တစ်ချက်ကြည့်လိုက်ပြီးတော့ ရှန်ယန်ရှောင်အားလက်တစ်ဖက်နဲပွေ့ကာ ရင်ဘတ်ထဲဆွဲသွင်းပြီးနောက် ပုံမှန်မဟုတ်သော အသံမျိုးနဲ့ ထိုနတ်ဆိုးကောင်တွေဆီ လှမ်းအော်လိုက်ပါတယ်။
အဲ့အသံက သားရိုင်းကောင်မြည်ဟိန်းသံမျိုးမဟုတ်ပေမယ့် လူတွေကျောချမ်းသွားစေနိုင်ပါတယ်။ အဆိုပါမြည်ဟိန်းသံနောက်မှာ မမြင်ရသောအားတစ်ခုက နတ်ဆိုးတွေဆီလွင့်ပျံသွားပါသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နတ်ဆိုးတွေဟာ အလွန်ပြင်းထန်သော အားတစ်ခုနဲ့ရိုက်ခံလိုက်ရသလိုဖြစ်ပြီး သစ်ပင်တွေဆီလွင့်သွားပါတယ်။ မြေပေါ်ကိုပြန်ကျတဲ့အခါ အားလုံးနာကျင်စွာအော်ဟစ်နေကြပါတယ်။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှ တုတ်တုတ်မလှုပ်ရဲကြပါဘူး။ သူတို့ခန္ဓာကိုယ်တွေက တုန်ရီတွန့်လိမ်နေကြပြီး သူတို့တွေကြောက်ရွံ့ရသော အရာနဲ့ရင်ဆိုင်ကြုံတွေ့နေရပုံပေါက်နေပါတယ်။ စောစောလေးတုန်းကမှ အလွန်ရက်စက်ပြီး ထောက်ထားညှာတာမှုမရှိကြတဲ့ နတ်ဆိုးတွေဟာ အခုအချိန်မှာတော့ ယုန်ငယ်လေးတစ်ကောင်လို အလွန်ထိတ်လန့်နေပါသည်။
ညှို့အားပြင်းလူငယ်က ကြောက်ရွံ့နေကြတဲ့ အဆင့်နိမ့်နတ်ဆိုးတွေကို ကျေနပ်စွာကြည့်လိုက်ပြီးတော့ သူ့ရင်ခွင်ထဲက မျက်နှာကလေးကို လက်ညှိုးနဲ့တို့လိုက်ပါတယ်။
သူ့အဖော်တွေ စားသောက်နေကြတဲ့ လူတွေကို သူက လျစ်လျူရှုထားတာဖြစ်ပြီး ဒီနေရာမှာတော့ သူ သွားချင်သလိုသွား လာချင်သလိုလာနိုင်သူဖြစ်သည်။ အဆိုပါကြမ်းတမ်းတဲ့အသားတွေက သူ့ဗိုက်ကိုပြည့်စေနိုင်ပေမယ့် မျိုရခက်လှပါတယ်။ စိတ်ဝင်စားစရာကောင်းသော လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။ လူသားတွေစားသောက်ခံနေရတာကို ကြည့်နေရုံသာမက သူ့ကိုတွေ့တာတောင် ကောင်လေးက ကြောက်လန့်ဟန်မပေါ်တာကြောင့် အလွန်စိတ်ဝင်စားစရာပါပဲ။
ရှန်ယန်ရှောင်အနားကို သူချည်းကပ်လာစဉ်တုန်းက ဒီလူသားဆီကနေ အလွန်စွဲမက်ဖွယ်အနံ့ထွက်ပေါ်နေတာကို သူတွေ့ရှိခဲ့ပါတယ်။ ဒီအနံ့ကို တစ်ခြားအရာတွေနဲ့ ဖုံးကွယ်ထားပေမယ့်လည်း အဆင့်မြင့်နတ်ဆိုးတွေရဲ့ အားကောင်းလှသော အာရုံခံနိုင်စွမ်းကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ ဒီချိုမြိန်တဲ့ရနံ့က လူသားတွေအထဲမှာတော့ အကောင်းဆုံးအနံ့ပါပဲ။
ဒီလူသားလေးရဲ့ စိတ်ဝင်စားဖို့ကောင်းတာတွေကို ဖယ်လိုက်ရင်တောင် ဒီအနံ့နဲ့တင် နတ်ဆိုးတွေကို ရူးခါစေနိုင်ပါတယ်။
ဒီညှို့ငင်အားကောင်းသော လူငယ်လေးကလည်း အဆိုပါချိုမြိန်သောအနံ့ကြောင့် ဆွဲဆောင်မှုခံခဲ့ရပါတယ်။
"ဘော်ဒါလေး မင်းက ဘယ်လိုဖြစ်လို့ ဒီလောက်မွှေးနေရတာလဲကွ။ ဒီလိုအရသာရှိတဲ့ လူသားနံ့ကို ငါမရခဲ့တာ တော်တော်လေးကိုကြာခဲ့ပြီပဲ"
ညှို့အားပြင်းလူငယ်က ရှန်ယန်ရှောင်လည်ပင်းကို တရှူးရှူးနဲ့ အနံ့ခံလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၇၅)
"မင်းက အဆင့်မြင့်နတ်ဆိုးပဲ"
နတ်ဆိုးရဲ့ဝမ်းဗိုက်အတွင်းကို အချိန်မရွေးသက်ဆင်းသွားနိုင်ပေမယ့် ရှန်ယန်ရှောင်ကတော့ အမှုမထားဘဲ နတ်ဆိုးဖြစ်သူရဲ့ အဆင့်ကို စကားအစ်အောက်မေးလိုက်ပါတယ်။
ညှို့အားပြင်းလူငယ်က ရယ်မောလိုက်ပြီး ပြောလိုက်ပါတယ်။
"ငါက နတ်ဆိုးဖြစ်မှန်း မင်းသိနေရင် ဘာလို့မအော်ရတာလဲ။ မင်းက ဘာလို့မကြောက်လန့်ရတာတုန်း။ မင်းတို့လူသားတွေနဲ့ ငါလိုနတ်ဆိုးကြားမှာ အလွန်ကွဲပြားခြားနားမှုရှိနေတာကို မင်းသိကိုသိရမယ်။ လူသားတွေရဲ့ အစွမ်းဆုံးပညာရှင်တောင် ငါ့ရှေ့မှာရောက်ခဲ့ရင် ငါ့အစာအဖြစ် အသာတကြည်လက်ခံကြရမှာနော်"
နတ်ဆိုးတွေကို မကြောက်ရွံ့သော ဒီလူသားကလေးငယ်လေးဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။
"ငါအော်ဟစ်ရင် ဘာဖြစ်မှာလဲ ငါကြောက်နေတော့ရော ဘာဖြစ်မှာလဲ အဲ့ကျ မင်းက ငါ့ကိုလွှတ်ပေးမှာမို့လား"
နတ်ဆိုးတွေအကြောင်းကို သူမ သိပ်မသိပေမယ့် နတ်ဆိုးတွေက သူတို့ကိစ္စတွေအပေါ်မှာ ခေါင်းမာတဲ့အကြောင်းကိုတော့ သိထားပါတယ်။
ညှို့အားပြင်းလူငယ်က ခေါင်းငုံ့ကာပြုံးလိုက်မိသည်။ နှစ်ထောင်ချီအတွင်းမှာ သူ့ကိုမကြောက်ရွံ့တဲ့ လူသားဆိုလို့ ဒီကောင်လေးက ပထမဆုံးဖြစ်ပါတယ်။ ပိုပြီးအံ့အားသင့်စရာကတော့ နတ်ဆိုးတွေအပေါ်မှာ လူသားတွေထားရှိတဲ့ ရွံရှာစက်ဆုပ်မှုကို ဒီကောင်လေးရဲ့မျက်လုံးတွေထဲမှာ မတွေ့ရတာပါပဲ။
"မင်းသာ တစ်ကယ်ကြောက်နေခဲ့ရင် မင်းကို ငါစားပြီးလောက်ပြီ"
"မင်းငါ့ကို မစားခင် ငါ့ရဲ့သေခါနီးဆန္ဒကို မင်းဖြည့်ဆည်းမပေးသင့်ဘူးလား။ မင်းက တစ်ကယ်ပဲ အဆင့်မြင့်နတ်ဆိုးလား။ ဒါက မင်းရဲ့ လူသားအသွင်လား"
ရှန်ယန်ရှောင်အနေနဲ့ စိတ်ထဲမှာ ဘာမှပြဿနာမရှိနေပါဘူး။ ဘာလုပ်ရမလဲဆိုတာကို သူမ မသိပေမယ့် သူမသာ တစ်ကယ့်အန္တရာယ်ကျရောက်ရင်ဆိုင်ရရင် ရှူက ပစ်မထားမှာကိုတော့ သူမသိပါတယ်။
အဲ့ဒီတော့ ရှူက ဒီလိုအေးဆေးနေနေတာဟာ ဘာအန္တရာယ်မှ မရှိဘူးဆိုတဲ့သဘောပါပဲ။
မင်းကိုသူ့အစာအိမ်ထဲ ထည့်သွင်းစားသောက်ပစ်မယ့် အဆင့်မြင့်နတ်ဆိုးနဲ့ ရင်ဆိုင်နေရတာက အန္တရာယ်မရှိဘူးတဲ့လား....
ညှို့အားပြင်းလူငယ် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်နေချိန်မှာ အခုလိုမေးခွန်းထူတဲ့ လူသားမျိုးကို သူ တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။ တောင်းပန်တာတွေ ခုခံတာတွေ ရှိမနေခဲ့ပါဘူး။ သေမယ့်အချိန်ကိုစောင့်နေတဲ့ပုံနဲ့ သူ့အကြောင်းဇစ်မြစ်ကို မေးခွန်းတွေတသီကြီးထုတ်လိုက်ပြီး အန္တရာယ်တွေအားလုံးက သူ့ဇစ်မြစ်လောက်အရေးမကြီးသလိုဖြစ်နေပါတယ်။
"ငါ့နာမည်က ဖူတူတဲ့ ကူလောင်တောင်ပေါ်က နတ်ဆိုးတစ်ကောင်ပဲ။ စားဖို့လောက်ပဲသိတဲ့ ကောင်တွေထက်စာရင်တော့ ငါတို့လို့အဆင့်မြင့်နတ်ဆိုးတွေက အစားအသောက်ချေးများတယ်လေ"
ကောင်လေးက အလွန်အရသာရှိတာကို တွေ့နေရတော့ မသေခင်နောက်ဆုံးဆန္ဒလေးဖြည့်ဆည်းပေးရတာလောက်က ဘာမှမခဲယဉ်းပါဘူး။ ဖူတူအနေနဲ့ သူ့ကိုယ်သူတော့ နတ်ဆိုးတွေကြားထဲမှာ အလွန်သဘောကောင်းသူလို့ပဲ သတ်မှတ်ခံယူထားသူဖြစ်ပါတယ်။
"စားစရာလား...မင်းပြောချင်တာက ငါတို့လူသားတွေကိုဆိုလိုတာလား။ ဒါပေမယ့် မင်းတို့နတ်ဆိုးမျိုးနွယ်တွေနေတဲ့ မြေအောက်ကမ္ဘာမှာ လူသားမှမရှိတာကြီး အဲ့အချိန်တွေတုန်းကရော မင်းတို့တွေ ဘယ်လိုနေထိုင်ရှင်သန်ခဲ့ကြလဲဟင်"
သူမ အန္တာရာယ်မရှိဘူးလို့ ဘာလို့ ခံစားမိနေမှန်းလည်းမသိပါဘူး။ ဒီလိုပြောဆိုရအဆင်ပြေတဲ့ နတ်ဆိုးမျိုးနဲ့တွေ့ရဖို့က အလွန်အခွင့်အရေးနည်းတာကြောင့် ရှန်ယန်ရှောင်အနေနဲ့ နတ်ဆိုးတွေရဲ့ နေထိုင်မှုစရိုက်အား အလွန်စိတ်ဝင်စားသွားမိခဲ့ပါတယ်။
ဖူတူက စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်ပါသည်။
"ငါတို့နတ်ဆိုးတွေရဲ့ မူလစားစရာက လူသားတွေမဟုတ်ဘဲ မြေအောက်ကမ္ဘာက အမှောင်ဓာတ်တွေဖြစ်ပြီး ငါတို့ကိုကြီးထွားစေတယ်လေ နောက်ပြီးအဲ့ဓာတ်က မင်းတို့လောကမှာမရှိဘူး။ ငါတို့ရဲ့ အစာကို ရှာမတွေ့တော့ ဗိုက်ပြည့်ဖို့အတွက် လူတွေကိုပဲ စားရတော့တာပေါ့။ ဒါပေမယ့် မင်းတို့လူတွေက ငါတို့နတ်ဆိုးတွေအဖို့ အလွန်ဆုံးရှိမှ အာသာပြေရုံလောက်ပဲဖြည့်ဆည်းပေးနိုင်တာဟ။ ငါတို့ရဲ့ တစ်ကယ့်အစားအစာကိုတော့ မင်းတို့တွေ ယှဉ်လို့မရဘူး"
နတ်ဆိုးတွေဟာ လူသားကမ္ဘာကမဟုတ်ကြပါဘူး။ လူသားကမ္ဘာကိုသူတို့တွေ ရောက်လာရခြင်းက နတ်တွေနဲ့နတ်ဆိုးတွေရဲ့ စစ်ပွဲကြောင့်ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်ကို ပြန်တဲ့လမ်းကြောင်းက အခုအချိန်မှာပိတ်သွားပြီဖြစ်လို့ လူ့ကမ္ဘာမှာကျန်နေခဲ့ကြတဲ့ နတ်ဆိုးတွေအနေနဲ့ သွားစရာဘုံပျောက်နေခဲ့ပါတယ်။ ဒီကမ္ဘာခြားနယ်မြေမှာ လေလွင့်နေကြရပြီး ဆက်လက်အသက်ရှင်နိုင်ရန်အတွက် လူသားတွေကိုသာ စားသောက်နေခဲ့ကြရပါတော့တယ်။ ဒါပေမယ့် သူတို့ရဲ့စွမ်းအားတွေ အဆင့်တက်ရန်တော့ မလုပ်နိုင်တော့ပါဘူး။