← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၇၉)

သစ်ပင်ထိပ်မှာ ပြုလုပ်ခဲ့တဲ့ ရှန်ယန်ရှောင်နဲ့ဖူတူရဲ့ ဆွေးနွေးပွဲကို ရှူနဲ့သူမတို့နှစ်ယောက်ကလွဲရင် သိတဲ့စတုတ္ထလူမရှိတော့ပါဘူး။ ဟုတ်တာပေါ့ ဒဏ္ဍာရီသတ္တဝါတစ်ကောင်ကသာ အိပ်ပျော်မနေခဲ့ဘူးဆိုရင် သူလည်း တုန်လှုပ်စရာ သတင်းတွေကို ကြားခဲ့ရမှာပေါ့လေ။

မည်သို့ပင်ဖြစ်စေ လင်းလက်တိုက်တစ်တိုက်လုံးကလူတွေကို နောင်အချိန်မှာ တုန်လှုပ်အံ့သြသွားစေမယ့် ဆုံးဖြတ်ချက်တစ်ခုကတော့ ကူလောင်တောင်ရဲ့ တိတ်ဆိတ်ပြီး ထူးဆန်းသောညချမ်းတစ်ခုမှာ လူမသိသူမသိ ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ညကောင်းကင်က တဖြည်းဖြည်းထွက်ခွာသွားခဲ့ပါတယ်။ အလင်းသန်းလာတဲ့အခါ ရှန်ယန်ရှောင်တစ်ယောက် သူမရဲ့ ရှာပုံတော်ခရီးကို အဆုံးသတ်လိုက်ကာ စခန်းကိုပြန်လာခဲ့ပါတယ်။

လင်းလင်းချင်းချင်းမရှိသေးတဲ့ ကောင်းကင်ကိုအခွင့်ကောင်းယူပြီး ခနတာမှေးလိုက်ပါသေးတယ်။

ကံမကောင်းစွာနဲ့ သူမ ကြာကြာမအိပ်လိုက်ရသေးဘဲ အော်သံတွေအဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။

ဒီအချိန်မှာတော့ စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေပါသည်။ မနေ့ညက ခိုးထွက်သွားခဲ့သော ကြေးစားတစ်အုပ်စုက မမျှော်လင့်စွာနဲ့ဘဲ စခန်းကိုပြန်လာနိုင်ခဲ့ကြပါတယ်။ သူတို့ထွက်ပြေးလာတာက အရေးမကြီးပါဘူး အရေးကြီးတာက သူတို့နောက်ကို မှော်သားရဲသုံးကောင် လိုက်လာတာဖြစ်သည်။

အဆိုပါ အလတ်တန်းမှော်သားရဲသုံးကောင်လုံးဟာ မှော်ကြံ့တွေဖြစ်ပြီး အဆင့်ခြောက်ရဲ့ထိပ်ဆုံးကိုရောက်နေကြပြီးဖြစ်သည်။ သူတို့မှာ ထူထဲသန်မာသော ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိကာ ၅၆တန်အလေးချိန်ကိုယ်စီရှိကြပါတယ်။ သူတို့မှာ မာကျောသောအရေနဲ့ထူထဲသောအသားတို့ရှိကြသည်။ သာမန်ဓားတစ်လက်ဟာ ချပ်ဝတ်ကဲ့သို့သော အဆိုပါအရေပြားကို မထိုးဖောက်နိုင်ဘဲ သူတို့ရဲ့ကိုယ်ထည်ကြီးတွေဟာဆိုရင် ကြေးစားအတော်များများကို ချီးချမ်းနေစေပြီး သူတို့ရဲ့ခေါင်းပေါ်မှာ ထက်မြကြီးမားတဲ့ ဦးချိုနှစ်ခုလည်း ပါရှိနေတော့ ဘာပြောကောင်းမလဲ။ လမ်းတစ်လျှောက်လုံး ကြမ်းတမ်းစွာပြေးဝင်လာခဲ့ကြပါတယ်။ သူတို့ထဲကတစ်ကောင်ဟာဆိုရင် ကြေးစားတစ်ယောက်ကို ထိအောင်တိုက်မိခဲ့ကာ ထိတိုက်မှုက ပျော့တယ်ဆိုနိုင်သော်လည်း ကြေးစားရဲ့လက်မောင်းတစ်ဖက် ကျိုးသွားခဲ့ကာ နောက်ပိုင်းမှာတော့ အဆိုပါကြေးစားလည်း သေသွားခဲ့ပါတယ်။ ကြေးစားတွေအနေနဲ့ မှော်ကြံ့တွေခေါင်းပေါ်က ဦးချိုတွေကို သတိမထားရင် ငရဲပြည်က ယမမင်းဆီတိုက်ရိုက်အစီရင်ခံရတော့မှာဖြစ်ပါတယ်။

ပုံမှန်ရက်တွေမှာဆိုရင်တော့ အလတ်တန်းကြေးစားအဖွဲ့တွေတောင် ဒီလိုမျိုးအရေထူမှော်သားရဲတွေကို ပစ်မှတ်ထားလေ့မရှိကြပါဘူး။ ဒီကြေးစားတွေက အဲ့လိုသားရဲအုပ်စုကို ဘယ်လိုလုပ်ပြီး ရန်စခဲ့မိမှန်းတော့ သူမ မသိပေမယ့် သုံးကောင်တောင်ဖြစ်နေပါတယ်။

ဒီလိုမနက်စောစောစီးစီး ကောင်းကင်တောင် မလင်းသေးတာကြောင့် ကြေးစားအတော်များများက အိပ်စက်နေတုန်းပဲ ရှိသေးတာဖြစ်လို့ ကြောက်မက်ဖွယ်သားရဲကြီးသုံးကောင်က ရုတ်တရက်တိုက်ခိုက်လာတော့ ချက်ခြင်းမတုံ့ပြန်နိုင်ခဲ့ကြပါဘူး။

စခန်းတစ်ခုလုံးလည်း ဒီမှော်ကြံ့သုံးကောင်ကြောင့် ဝရုန်းသုန်းကားဖြစ်နေပါတယ်။

တဲထဲကနေပြီး ရှန်ယန်ရှောင်ထွက်လာတော့ မှော်ကြံ့သုံးကောင်က လူတွေကြားမှာ မွှေနှောက်နေတာကို တွေ့လိုက်ရပါတယ်။ မှော်ကြံ့တွေရဲ့ချိနဲ့ မိတ်ဆက်မိတဲ့ ကြေးစားတွေက မြေပေါ်လဲကျနေကြပါတယ်။ စခန်းတစ်ခုလုံး ဘာဖြစ်နေမှန်း ကောင်းကောင်းမသိကြသေးဘဲ ပြေးသူကပြေးနဲ့ဖြစ်ပျက်နေပါတယ်။

"ဘယ်လိုငထုံတွေပါလိမ့်"

ပြန့်ကျဲနေသော ကြေးစားတွေကိုကြည့်ပြီး သူမစိတ်ထဲမှာ ဒီလူတွေကို သရော်လိုက်ပါတယ်။ သူတို့ဟာ မှော်ကြံ့သုံးကောင်ကိုတောင် မချနိုင်ဘဲနဲ့ ဖီးနစ်ငှက်ကို ချချင်နေကြသေးတယ်တဲ့လေ ဘယ်လောက် ဟုတ်လိုက်တဲ့ အတွေးလဲ။

သူတို့အနေနဲ့ ပြာမဖြစ်ခင်မှာ ဖီးနစ်ငှက်ရဲ့ ခြေထောက်နားပဲရောက်နိုင်မယ်လို့ သူမထင်ပါတယ်။

"ဟောင်ရှောင်ရေ ဒီနေရာက အန္တရာယ်များတယ်။ မင်းတဲထဲကို အရင်ပြန်ဝင်သွားတော့"

ဒီဆူညံသံကြောင့် ကြမ်းကြုတ်ဝံပုလွေလည်း နိုးလာခဲ့ပြီး ဒီလိုရုတ်ချည်းတိုက်ခိုက်မှုကိုတော့ သူပျာမနေခဲ့ပါဘူး။ သူ့အဝတ်အစားက သပ်သပ်ရပ်ရပ်ရှိပြီး သူ့လက်တွေမှာ ဓားတစ်လက်နဲ့ ဒိုင်းတစ်လက်ရှိနေပါတယ်။

မှော်ကြံ့တွေက ရုတ်တရက်ပေါက်ချလာတာဖြစ်လို့ ကြေးစားအဖွဲ့တွေအဖို့ ပြင်ဆင်ချိန်မရလိုက်ပါဘူး။ ဒီအချိန်မှာ ဒီကြေးစားတွေ အားကိုးနိုင်တာဆိုလို့ သူတို့ရဲ့ နေ့စဉ်လေ့ကျင့်မှု အရည်အသွေးပဲ ရှိပါတယ်။

ဒီတစ်ချက်နဲ့တင် ကျန်ကြေးစားအဖွဲ့တွေကို ဂူဝံပုလွေအဖွဲ့က ကောင်းကောင်းနောက်ကောက်ချနိုင်ပါတယ်။

"အစ်ကိုကြမ်းကြုတ်ဝံပုလွေရေ တဲကလည်း စိတ်မချရဘူးလေ"လို့ပြောကာ ရှန်ယန်ရှောင်ရယ်လိုက်ပါတယ်။

ဒီမှော်ကြံ့သုံးကောင်ရဲ့ မုန်တိုင်းအောက်မှာ တဲလေးတစ်တဲက ဘာလုပ်လို့ရမှာလဲ။

ဒီအကြောင်းကိုတွေးမိလိုက်တော့ ကြမ်းကြုတ်ဝံပုလွေလည်း ဆက်မပြောတော့ပါဘူး။

"ဒါဆိုရင် ငါ့နောက်ကနေပဲလိုက်ခဲ့ ဘယ်မှမသွားနဲ့တော့။ ခေါင်းဆောင်က ဒီမှော်ကြံ့သုံးကောင်ကို ရှင်းလိမ့်မယ်"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၈၀)

ရှန်ယန်ရှောင်က နာခံစွာခေါင်းညိတ်လိုက်တယ်။ သူမသာ ဒီမှော်ကြံ့သုံးကောင်ကို ကိုင်တွယ်ဖြေရှင်းလိုက်မယ်ဆိုရင် ဖီးနစ်ငှက်နဲ့ရင်မဆိုင်ရခင်မှာပဲ တူလန်းတို့တစ်တွေကို ထွက်သွားကြဖို့ပဲ သူမလောဆော်ရုံရှိပါတော့တယ်။

ရှုပ်ယှက်ခတ်နေတဲ့ စခန်းအတွင်းမှာ နာကျင်စွာအော်ဟစ်သံတွေကို ကြားနေရပါတယ်။ ပြန်ခုခံဖို့ အဆင့်သင်ဖြစ်ချိန်မှာတော့ ကြေးစားတွေက တကွဲတပြားစီရှိနေကြပြီး ကြေးစားအဖွဲ့ခေါင်းဆောင်အသီးသီးက သက်ဆိုင်ရာအဖွဲ့သားတွေကို စုစည်းဖို့အမိန့်ပေးခဲ့ရင်တောင် ဒီလိုဗရုက်သုက္ခဖြစ်နေချိန်မှာတော့ မလွယ်လှပါဘူး။

ဒီအချိန်မှာတော့ ဂူဝံပုလွေအဖွဲ့ရဲ့ မာကျောမှုက ချက်ခြင်းအသက်ဝင်ပါတော့တယ်။

တူလန်းရဲ့ဦးဆောင်မှုအောက်မှာ ကြေးစားဒါဇင်ချီပြီးတော့ မှော်ကြံ့သုံးကောင်ကို စီးနင်းတိုက်ခိုက်ကြပြီး ဝံပုလွေခုနှစ်ကောင်ဦးဆောင်သော အကြီးတန်းပညာရှင်တွေကလည်း တိုက်ခိုက်ကြပါတယ်။

ပြေးနေကြဆဲဖြစ်တဲ့ ကြေးစားတစ်ချို့က ဂူဝံပုလွေအဖွဲ့ကနေ အဖွဲ့သားတွေကို တပ်ဖြန့်လိုက်တာကိုတွေ့တာနဲ့ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြပါတယ်။

တူလန်းရဲ့ စနစ်တကျအမိန့်ပေးမှုအောက်မှာ မှော်ကြံ့သုံးကောင်လုံး ထိန်းချုပ်မှုအောက်ကိုရောက်လာပြီး ကျန်ကြေးစားအဖွဲ့တွေအဖို့ အသက်ရှူချောင်သွားခဲ့လို့ သူတို့လည်း အဖွဲ့သားတွေကိုပြန်စုစည်းကာ ဝင်တိုက်ကြပါတော့တယ်။

အလတ်တန်းမှော်သားရဲသုံးကောင်လောက်နဲ့ ဒီတပ်သားတစ်ထောင်ကို ဖက်ပြိုင်ဖို့က လုံးဝမဖြစ်နိုင်ပါဘူး။ များစွာမကြာလိုက်ဘဲ သုံးကောင်လုံးမာလကီးယားသွားခဲ့ကာ မှော်အမြူတေသုံးလုံးကလည်း ကြေးစားအဖွဲ့သုံးဖွဲ့လက်သို့ သက်ဆင်းသွားခဲ့ပါတယ်။

တူလန်းက မှော်အမြူတေတစ်လုံးပဲ ယူခဲ့ပါတယ်။ ကျန်တဲ့အမြူတေနှစ်လုံးကို ဘယ်သူတွေယူယူ သူ စိတ်မဝင်စားပါဘူး။

ဒီရုတ်တရက်တိုက်ခိုက်ခံရအပြီးမှာတော့ ဂူဝံပုလွေအဖွဲ့အနေနဲ့ သူတို့ရဲ့အင်အားဟာ ကျန်လူတွေထက် သာလွန်တယ်ဆိုတာကို လက်တွေ့ပြသနိုင်ခဲ့ပါတယ်။

တိုက်ပွဲအပြီးမှာတော့ ကြေးစားခေါင်းဆောင်တွေရဲ့ မျက်နှာတွေမလှမပဖြစ်နေကြပါတယ်။

သူတို့အားလုံးက အလတ်တန်းအဆင့်ချင်းတူပေမယ့် ဂူဝံပုလွေအဖွဲ့ဟာ ပဋိပက္ခအခြေအနေမှာ ဖရိုဖရဲမဖြစ်ဘဲ စနစ်တကျရှိနေခဲ့ပါတယ်။ တစ်ဖက်ကိုကြည့်လိုက်ရင် သူတို့ရဲ့အဖွဲ့သားတွေကတော့ မှော်ကြံ့သုံးကောင်ရဲ့ တိုက်ခိုက်မှုအောက်မှာ ကြောက်လန့်တကြားပြေးလွှားနေခဲ့ကြပြီး အစွမ်းမပြနိုင်ခဲ့ကြပါဘူး။

အလုပ်ရှင်တွေက ဘေးကကြည့်နေချိန်မှာ အခုလိုဖြစ်သွားခဲ့တော့ သူတို့အနေနဲ့ မျက်နှာချင်းမဆိုင်ရဲအောင် ဖြစ်သွားပါတယ်။

ကြေးစားအတော်များများက ဂူဝံပုလွေအဖွဲ့ကိုကြည့်ပြီး ကြောက်သွားကြသလို မနာလိုလည်းနည်းနည်းဖြစ်သွားကြပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ ရွေးစရာမရှိဘဲ ဒီအခြေအနေကို လက်ခံရမှာပါပဲ။

လူအုပ်ကြားထဲမှာ တစ်နေရာတည်းကိုကြည့်နေသူတွေအား ရှန်ယန်ရှောင်တွေ့လိုက်မိပြီး ထိုသူတွေရဲ့အကြည့်က တူလန်းဆီမဟုတ်ဘဲ သူမဆီကိုရောက်နေတာပါ။

ဒီအဖြစ်ကြောင့် သူမ သိလိုစိတ်ဖြစ်သွားရပြီး အဆိုပါအကြည့်ရှိရာကို လှမ်းကြည့်ခဲ့ပါတယ်။

ကြေးစားအဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေတာကို တွေ့လိုက်ရသည်။ အဆိုပါခေါင်းဆောင်ဟာ တိုက်ပွဲစတင်နေတည်းက သူမကိုပဲ ကြည့်နေခဲ့တာဖြစ်ပြီး ရှန်ယန်ရှောင် ဘာပြောရမှန်းမသိအောင်ဖြစ်သွားရပါသည်။ သူမကို လူတွေသတိမထားမိအောင် အတတ်နိုင်ဆုံးလုပ်နေတာကို ဘာဖြစ်လို့ သတိထားခံလိုက်ရတာလဲ။

ဒါပေမယ့် ပုခုံးဒဏ်ရာတွေနဲ့ ကြေးစားဆယ်ယောက်ခန့်ကို ထိုခေါင်းဆောင်အနောက်မှာ တွေ့လိုက်ရတော့ သူမ သဘောပေါက်သွားပါတယ်။

အဲ့ဒီကြေးစားတွေဟာ မနေ့ညက သူမသစ်ပင်မှာစိုက်ပေးခဲ့တဲ့ ကြေးစားတွေဖြစ်ပါသည်။ ဒီအချိန်မှာတော့ ပုံပျက်ပန်းပျက်ဖြစ်နေကြတဲ့ ကြေးစားဆယ်ယောက်ဟာ သူတို့ခေါင်းဆောင်နောက်မှာ ရပ်နေကြပြီး ခေါင်းဆောင်ကို တစ်ခုခုကပ်ပြောနေတာကို တွေ့ရပါတယ်။ ရှန်ယန်ရှောင်က သူတို့ဆီလှမ်းကြည့်နေတာကို သိလိုက်ကြတော့ မုတ်ဆိတ်နှုတ်ခမ်းမွှေးတွေနဲ့ လူကြမ်းကြီးတွေဟာ ကြောင်ကိုတွေ့တဲ့ကြွက်တွေလို ကုပ်သွားကြပါတယ်။ ခေါင်းတွေကို တစ်ပြိုင်တည်းငုံ့လိုက်ကြကာ ရှန်ယန်ရှောင်ကို ပြန်မကြည့်ရဲကြပါဘူး။

ရှန်ယန်ရှောင် မျက်ခုံးကိုအသာပင့်လိုက်ပြီးနောက် ဘာမှမပြောဘဲ လှည့်ထွက်လိုက်ပါတယ်။

ဒါပေမယ့် တစ်ဖက်က ခေါင်းဆောင်ဖြစ်သူကတော့ တွေးဆနေပြီး ရှန်ယန်ရှောင်ကို မျက်မှောင်ကြုတ်ရင်းကြည့်နေပါတယ်။ သူက နောက်မှာရှိနေတဲ့ ကြေးစားတွေကို မေးလိုက်ပါတယ်။

"မင်းတို့အမြင်မှားနေတာမဟုတ်တာရောသေချာလား။ မနေ့တုန်းက မင်းတို့တွေကို ဒဏ်ရာရစေခဲ့တဲ့လူက အဲ့ဒီကလေးတစ်ကယ်ဟုတ်လို့လား"

ကြေးစားတွေ ခေါင်းကိုချက်ခြင်းညိတ်ပြလိုက်ကြသည်။ ဒီလိုကလေးတစ်ယောက်လက်ချက်နဲ့ ဒဏ်ရာရရှိတာက ရှက်စရာကောင်းလှပါတယ်။ တစ်ကယ်မဟုတ်ဘဲနဲ့ ကိုယ့်သိက္ခာအကျခံပြီး သူတို့ကနောက်ပါ့မလား။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၈၁)

ထိုကြေးစားခေါင်းဆောင်က သူ့အဖွဲ့သားတွေကို တစ်ချက်ကြည့်လိုက်ပြီးနောက် တူလန်းဆီသွားနေတဲ့ ရှန်ယန်ရှောင်အား လှမ်းကြည့်လိုက်သည်။ လေတိုက်ရင်လဲနိုင်တဲ့ ကောင်လေးအား ခေါင်းအစခြေအဆုံးကို ထပ်ကာထပ်ကာနဲ့မယုံနိုင်စွာကြည့်လိုက်ပါတယ်။ သူ့လက်အောက်က လူကြမ်းလူရမ်းတွေက ဒီလိုကလေးလေးတစ်ယောက်ရဲ့ လက်ချက်နဲ့ ဒဏ်ရာရလာတယ်ဆိုတာကို သူ လက်မခံနိုင်ဖြစ်နေပါတယ်။

"အဲ့ကလေးဆိုတာ သေချာသလား။ ကြမ်းကြုတ်ဝံပုလွေနဲ့တူလန်းတို့ မဟုတ်ဘူးပေါ့"

သူ့လူတွေကို မယုံတာမဟုတ်ပါဘူး အဖြစ်အပျက်ကိုက ယုံနိုင်စရာမကောင်းဘူး ဖြစ်နေပါတယ်။

မနေ့ညတုန်းက ကြေးစားအချို့အား မှော်သားရဲတွေကို အမဲလိုက်ရန်အတွက် သူစေလွှတ်ခဲ့သည်။ သူ့လူတွေက စခန်းအပြင်ကို ခြေလှမ်းချရုံရှိသေးတယ် သစ်ပင်တွေမှာ မြားနဲ့ပစ်ခတ်စိုက်ဝင်ခံထားရမယ်လို့ ဘယ်သိမလဲ။ သူသာ ယနေ့မနက် စောစောမနိုးခဲ့ဘဲ တောအုပ်ထဲမသွားခဲ့လို့ သူ့လူတွေကို မတွေ့ခဲ့ရင် ဒီကောင်တွေအနေနဲ့ နေဒဏ်လေဒဏ်ကို ခံနေရဦးမှာဖြစ်ပါသည်။

နောက်ထပ်လည်း သူမယုံနိုင်ခဲ့တာက ဒီကောင်တွေပြောနေတဲ့ စကားဖြစ်ပြီး သူတို့တွေကို မြားနဲ့ပစ်ခဲ့သူက ဂူဝံပုလွေအဖွဲ့က ဝန်ထုပ်ဝန်ပိုးလေးတဲ့လေ။

မကြောင်စမ်းပါနဲ့ အဲ့ကလေးက ၁၃နှစ်သားဆိုတာကို မသိတဲ့သူ ဘယ်သူရှိလို့လဲ။ ဒီလိုခြေတံလက်တံလေးတွေနဲ့ ဘာတိုက်ခိုက်နိုင်မှာမို့တုန်း။ သူ့လုံခြုံရေးအတွက် ကြမ်းကြုတ်ဝံပုလွေကိုတောင် တူလန်းကတာဝန်ပေးထားသေးတယ်။ ကြက်တောင်မဖမ်းနိုင်မယ့်ကောင်ကလေးက ယောကျ်ားရင့်မာကြီးတွေကို ဘယ်လိုလုပ်ပြီး ထိခိုက်အောင်လုပ်နိုင်တာလဲ။

ဒီကြေးစားတွေရဲ့ စွမ်းအားက အသန်မာကြီးမဟုတ်ပေမယ့် ကလေးတစ်ယောက်ကိုတော့ အေးဆေးအနိုင်ယူလို့ ရပါသေးတယ်လေ။

ဒါပေမယ့် ရလာဒ်ကတော့ သူတို့တွေက တစ်ဖက်သားကို မကိုင်နိုင်တဲ့အပြင် တစ်ဖက်လူကတောင် သူတို့တွေကို သစ်ပင်မှာစိုက်ထားပေးခဲ့လိုက်ပါသေးတယ်။ ဒါက သူတို့ဘိုးဘွားဘီဘင်တွေရဲ့ အရှက်ကိုတဖြန်းဖြန်းကွဲစေပါတယ်။

"ခေါင်းဆောင် အဟုတ်ကို ဒီကလေးပါ။ ကျနော်တို့ လုံးဝအမြင်မမှားပါဘူး။ ကျနော်တို့ ခေါင်းဆောင်ကိုလိမ်ပါ့မလား။ မနေ့ညက တွေ့ခဲ့တဲ့သူက အဲ့ကလေးမှအဲ့ကလေးပါပဲ။ တစ်ချက်တည်းပစ်ရုံနဲ့ ကျနော်တို့အားလုံးကို သစ်ပင်မှာမြားနဲ့အတူ စိုက်ဝင်စေရုံသာမက အော်ရင်ခေါင်းတွေကို ပစ်မှာလို့တောင် ခြိမ်းခြောက်ခဲ့ပါသေးတယ်"

ကြေးစားတွေဟာ ငိုတော့မလိုဖြစ်နေပါပြီ။ ဒီကိစ္စက သူတို့တွေကို အရှက်လုံးဝကွဲစေခဲ့ပြီး သူတို့ခေါင်းဆောင်ကတော့ သူတို့ပြောတာကို မယုံနိုင်ဖြစ်ပြီး သူတို့ခံခဲ့ရပုံကို ထပ်တလဲလဲ ပြောခိုင်းနေပါတယ်။ ဒါက တော်တော့်ကို သောက်ကျိုးနည်းအဖြစ်ပါ။

"နေဦး"

ကြေးစားခေါင်းဆောင်က တစ်ခုခုကို သတိပြုမိသွားဟန်နဲ့ သူ့လူကိုပြောလိုက်ပြီး လေးနက်စွာပြန်မေးလိုက်ပါသည်။

"မင်းပြောလိုက်တာက သူက တစ်ချက်ပဲပစ်ခဲ့တာလို့လား"

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ ခေါင်းဆောင်တွေးမိလိုက်ပါတယ်။

မနေ့တုန်းက သူလွှတ်ခဲ့တာလူဆယ်ဦးဖြစ်လို့ အဲ့ကလေးက နည်းနည်းစွာတယ်ဆိုရင်တောင် တစ်ချက်ထဲနဲ့ လူဆယ်ယောက်လုံးကို သစ်ပင်မှာချိတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။

ကြေးစားတစ်ချို့က မျက်နှာငယ်လေးတွေနဲ့ ပြန်ပြောလိုက်ကြပါသည်။

"ပစ်တာက တစ်ချက်တည်းပါ နောက်ပြီး အဲ့အတတ်ကဘာအတတ်လဲတော့ ကျနော်တို့လည်းမသိပါဘူး။ သူက ရှည်လျားတဲ့လေးတစ်လက်ကိုထုတ်လိုက်ပြီးတာနဲ့ မြားဆယ်စင်းလုံးကို လေးမှာတင်လိုက်ပြီး ကျနော်တို့ ဘာမှတုံ့ပြန်ချိန်တောင်မရခင်မှာ ဆယ်ယောက်လုံးကိုပစ်ခတ်လိုက်တာပါ ဘာဖြစ်ပျက်သွားတယ်ဆိုတာကို ကျနော်တို့သိလိုက်ချိန်မှာ သစ်ပင်မှာချိတ်ခံရပြီးနေခဲ့ပြီ"

အခုထိကို သူတို့အဖွဲ့ သစ်ပင်တွေမှာ ဘယ်လိုလုပ်ပြီး ချိတ်ဆွဲခံလိုက်ရမှန်းကို နားမလည်ကြသေးပါဘူး။

အဲ့မြားတွေရဲ့အလျင်က အလွန်မြန်လှတယ်။

ခေါင်းဆောင်ရဲ့ မျက်ခုံးတွေထိကပ်လုမတတ်ဖြစ်အောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့လူတွေမှာစိုက်နေတဲ့ မြားတွေကို သူကိုယ်တိုင် ဆွဲနှုတ်ဖယ်ရှားပေးခဲ့တာပါ။ မြားအားလုံးက အမြီးပဲကျန်တော့တဲ့ထိအောင် ပြင်းထန်စွာပစ်ခတ်ခံထားရတာဖြစ်ပြီး ကျန်မြားတစ်စင်းလုံးက သူတို့ရဲ့ပုခုံးတွေကို ဖြတ်ဝင်သွားပြီး သစ်ပင်ထဲမှာစိုက်နေခဲ့ပါတယ်။ ဒါပေမယ့် အဲ့မြားအစင်းတိုင်းက အရေးကြီးအစိတ်အပိုင်းအားလုံးကို မထိခိုက်မိစေခဲ့ပါဘူး။ အသားဒဏ်ရာလောက်သာဖြစ်ပြီး ဘာဆိုးကျိုးမှကျန်ခဲ့မှာမဟုတ်ပါဘူး။

အစကတော့ ဒီမြားတွေကိုပစ်ခတ်ခဲ့တဲ့လူက စွမ်းအားကြီးတဲ့လေးသည်တစ်ယောက်ဖြစ်ပြီး သူ့လူတွေကို သင်ခန်းစာပေးချင်တာနဲ့ ပစ်ခတ်ခဲ့တာလို့ သူယူဆခဲ့တာဖြစ်သည်။ ဒီလေးသည်က ဂူဝံပုလွေအဖွဲ့ရဲ့ ဝန်ပိုးလေးဖြစ်နေမယ်လို့ သူ မထင်ထားခဲ့မိပါ။

နောက်တစ်ခုရှိသေးတာက ဒီလိုတိကျပြီးအားပြင်းတဲ့ မြားဆယ်စင်းကို တစ်ချက်တည်း ဘယ်လိုပစ်ခတ်ခဲ့တာလဲဆိုတာကို သူ စဉ်းစားမရဖြစ်နေပါတယ်။

All Chapters