အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၈၂)
သာမန်လေးသမားမပြောနဲ့ အလတ်တန်းလေးသည်တစ်ယောက်အတွက်တောင် ဒီလိုပြင်းထန်တိကျသော ပစ်ချက်ကိုပစ်ချက်နိုင်ဖို့က တော်တော်ခက်ပါသေးတယ်။ အကြီးတန်းနဲ့အထက်အဆင့်လေးသည်တွေသာ ဒီလိုပစ်ခတ်နိုင်တာဖြစ်ပါသည်။
ဒါပေမယ့်......
အဲ့အရှုပ်ထုပ်က အခုမှ ၁၃နှစ်ပဲ ရှိသေးတာလေကွာ...
အဲ့ချာတိတ်က ဘယ်လိုလုပ်ပြီး အကြီးတန်းလေးသည်ဖြစ်နိုင်မှာလဲ။
၁၃နှစ်သား အကြီးတန်းလေးသည်တော်တဲ့ ဘယ်သူက ယုံကြမှာလဲ။
ခေါင်းဆောင်ဖြစ်သူက ခေါင်းကိုခါယမ်းလိုက်ပါသည်။ သူ့လူတွေကို သူမယုံကြည်တာမဟုတ်ပါဘူး ဒီကိစ္စက လက်သင့်ခံဖို့ ခက်လွန်းနေတယ်။
"ဒီအကြောင်းကို ဘယ်သူ့ကိုမှပြန်မပြောကြနဲ့။ မနေ့ညက မင်းတို့ဆယ်ယောက်ကလွဲရင် ကျန်တဲ့လူ ဘယ်သူမှ မသိစေနဲ့တော့။ မင်းတို့တွေ မနေ့ညက ထွက်မသွားနိုင်တာကပဲ ခပ်ကောင်းကောင်းဖြစ်သွားတယ်"
"ဟမ်..ကောင်းသွားတယ်လား"လို့ နားမလည်နိုင်ဟန်နဲ့ သူတို့ခေါင်းဆောင်ဖြစ်သူအား ပြန်မေးလိုက်ပါတယ်။
"မင်းတို့လည်း တွေ့ပြီးပြီပဲ တစ်ခြားအဖွဲ့က ကြေးစားတွေက မှော်ကြံ့သုံးကောင်ကို မတော်တဆရန်စခဲ့မိတယ်လေ။ ငါတို့လာခဲ့တဲ့လမ်းတစ်လျှောက်မှာ အေးဆေးဖြစ်နေခဲ့တာက အပြင်ပန်းပဲဖြစ်ပုံရတယ်။ မနေ့ကခိုးထွက်သွားခဲ့တဲ့ ကြေးစားတွေကမနည်းဘူးလေ အခုပြန်လာနိုင်တာ ဘယ်နှစ်ယောက်ရှိလို့လဲ။ ငါတော့ ကူလောင်တောင်ကို ငါတို့တွေ လျှော့တွက်ခဲ့မိပြီလို့ ထင်နေတယ်"
ဒီလူတွေ စခန်းကနေထွက်မသွားနိုင်ခဲ့တာကိုပဲ ခေါင်းဆောင်ဖြစ်သူ ကျေနပ်နေရပါတယ် မဟုတ်ရင် သူတို့တွေလည်း ဒီနေ့မနက်မှာ ပြန်လာနိုင်ချင်မှနိုင်မှာပါ။
မှော်သားရဲတွေ၏ ဒီမနက်ခင်းဝင်မွှေမှုအပေါ် အလုပ်ရှင်ဖြစ်သူက ဘာမှမပြောပေမယ့် ကြေးစားခေါင်းဆောင်တွေအားလုံးက သူတို့တွေဘာတွေးခေါ်လုပ်ကိုင်ခဲ့ကြလဲဆိုတာကို အလုပ်ရှင်သိနေမှန်း သဘောပေါက်ကြပါတယ်။
မှော်ကြံ့သုံးကောင်ရဲ့ သောင်းကြမ်းမှုကြောင့် လှုပ်လှုပ်ရွရွဖြစ်ခဲ့တဲ့ စခန်းက ပြန်လည်အေးချမ်းသွားပါပြီ။ သူတို့ရဲ့ အဖွဲ့သားတွေက အပိုဝင်ငွေရအောင် မနေ့ညကလုပ်နိုင်မယ်လို့ မျှော်မှန်းထားကြသော ခေါင်းဆောင်တွေလည်း အကောင်းမြင်စိတ်လျော့နည်းလာကြပါတယ်။
အလတ်တန်းမှော်သားရဲသုံးကောင်တောင် ပေါက်ချလာတဲ့အတွက် အမှောင်ထဲမှာ ဘယ်လိုဆိုးရွားတဲ့ အကောင်တွေပုန်းအောင်းနေမယ်ဆိုတာ မသိနိုင်ပါဘူးလေ။
ဒီအခိုက်အတံ့မှာတော့ ခေါင်းဆောင်တွေဟာ သူတို့စေလွှတ်ထားသော အဖွဲ့သားတွေ ဘေးမသီရန်မခဘဲ ပြန်ရောက်လာပါစေလို့ပဲ တိတ်တိတ်လေးဆုတောင်းနေကြပါတယ်။
ကံမကောင်းစွာနဲ့ အချိန်သာကုန်သွားခဲ့ပေမယ့် ဘယ်ကြေးစားမှ စခန်းကိုပြန်ရောက်မလာနိုင်ခဲ့ပါဘူး။
မနေ့ညက တိတ်တိတ်လေးထွက်သွားခဲ့ကြသော ကြေးစားတစ်ရာကျော်ဟာ ကူလောင်တောင်ပေါ်မှာ လူမသိသူမသိ သေဆုံးသွားခဲ့ကြပါပြီ။
အဲ့ဒီညမှာ လူတစ်ရာကျော် သေဆုံးခဲ့ကြသည်။ ဒီအဖြစ်က စိတ်အေးလက်အေးနေနေသော ခေါင်းဆောင်တွေအား လှုပ်နှိုးလိုက်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ မနေ့က ကူလောင်တောင်ဟာ လုံခြုံတဲ့နေရာတစ်ခုလို့ သူတို့တွေ တွေးမိခဲ့ရင် ဒီမနက်ခင်းကစလို့ ကူလောင်တောင်ဟာ လူတွေပြောနေကြသလိုပါပဲလားလို့ တွေးမိသွားကြပါတော့သည်။
ကြေးစားခေါင်းဆောင်တွေအားလုံးက တူညီသောသဘောပေါက်မှုနဲ့ တိတ်တိတ်လေးထွက်သွားခဲ့ကြတဲ့ ကြေးစားတွေအကြောင်းကို မဟခဲ့ကြပါဘူး။ ကြီးမားသောကျောက်တုံးကြီးတစ်တုံးက လူတိုင်းရဲ့ရင်ထဲမှာ ရှိနေခဲ့လို့ အားလုံးစိတ်ညစ်စိတ်ပျက်ဖြစ်နေကြပါတယ်။
စခန်းထဲမှာ ဖြစ်ပျက်နေသော အချင်းအရာကိုသူမ သတိပြုမိခဲ့သည်။
"အဲ့ကြေးစားတွေ ပြန်မလာတော့ဘူးထင်တယ်။ ဒီနေ့မနက်မှာ လွတ်မြောက်လာတဲ့ကောင်တွေကတော့ တစ်ကယ်ကံကောင်းတာပဲ"
တူလန်းက လေသံလေးနဲ့ပြောလိုက်ပြီး ရှန်ယန်ရှောင်ကို အဓိပ္ပါယ်ပါပါနဲ့ကြည့်လိုက်ပါတယ်။
ရှန်ယန်ရှောင်လည်း မျက်ခုံးပင့်ကာ တူလန်းရဲ့ တည်ကြည်တဲ့မျက်နှာကို ကြည့်လိုက်သည်။ မနေ့ညတုန်းက ထွက်သွားခဲ့သူတွေထဲမှာ ဂူဝံပုလွေအဖွဲ့သားတစ်ယောက်မှ မပါဝင်တာကြောင့် အဆုံးရှုံးအနည်းဆုံးက ကိစ္စရပ်တွေကို အေးအေးလူလူဖြေရှင်းနိုင်ခဲ့တဲ့ တူလန်းပဲဖြစ်ပါတယ်။
"ကံကောင်းခြင်းကံဆိုးခြင်းဆိုတာက လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းနဲ့အသိအမြင်ပေါ်မှာလည်း မူတည်သေးတယ် မဟုတ်ရင်တော့ မစဉ်းစားမဆင်ခြင်ဘဲလုပ်လိုက်ရင် အသက်တောင်ဆုံးနိုင်တယ်"
မနေ့ညတုန်းက နတ်ဆိုးတွေပါးစပ်မှာ သနားဖို့ကောင်းစွာ အဆုံးသတ်ခဲ့ရတဲ့ ကြေးစားတွေကို သူမမြင်တွေ့ခဲ့ရပါတယ်။ ပျောက်ဆုံးနေတဲ့ကြေးစားအများစုဟာ နတ်ဆိုးတွေရဲ့ ဗိုက်ထဲရောက်နေတာဖြစ်ချင်ဖြစ်နိုင်ပါတယ်"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၈၃)
လူတစ်ချို့က ပျော်နေကြပြီး တစ်ချို့ကတော့ စိုးရိမ်သောကရောက်နေကြပါတယ်။ သူတို့လူတွေကို မနေ့ညကလွှတ်ခဲ့တဲ့ ခေါင်းဆောင်တွေကတော့ နှစ်တစ်နှစ်တာရဲ့အအေးစက်ဆုံးအချိန်ရောက်နေသလို ခံစားနေကြရသည်။ မလွှတ်ခဲ့တဲ့သူတွေကတော့ တစ်ခြားလူတွေရဲ့ ကံမကောင်းမှုအပေါ်မှာ သဘောကျနေခဲ့ကြပါတယ်။
ဒါပေမယ့် ဒါဟာ အစပဲရှိပါသေးတယ်။ အားလုံးကို အစီအစဉ်တကျ ပြန်ထုပ်ပိုးသိမ်းဆီးပြီးတာနဲ့ ဖီးနစ်ငှက်ရှိသော ကူလောင်တောင်ထိပ်သို့ သူတို့ ဆက်သွားကြရမှာဖြစ်သည်။
အလုပ်ရှင်ဖက်ကတော့ ဒီကြေးစားအဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ပါပြီ။ အဓိကခေါင်းဆောင်ဖြစ်သူက အလွန်အထင်သေးရွံရှာစွာနဲ့ သူတို့ကိုလှမ်းကြည့်နေတာကိုတော့ ဘယ်ကြေးစားမှ မသိခဲ့ကြပါဘူး။
"ဒီစောက်သုံးမကျတဲ့ကောင်တွေက သူတို့ကိုယ်သူတို့ ကြေးစားတွေလို့ ခေါ်ရဲကြသေးတယ်။ ကြေးစားတစ်ယောက်ဆိုတာ ဘယ်လိုမှန်း သူတို့မသိကြဘူးပဲ"
အနက်ရောင်ဝတ်စုံဝတ်တစ်ယောက်ကလည်း မကျေနပ်တဲ့ပုံပါပဲ။ ထိုလူကပြောလိုက်ပါတယ်။
"ဒီငထုံငနာကောင်တွေက မနေ့ညတုန်းက သူတို့လူတွေကို တိတ်တိတ်လေးခိုးလွှတ်ခဲ့တဲ့အကြောင်း ငါတို့တွေမသိဘူးထင်နေကြတယ်။ ငှားရမ်းခံထားရတဲ့ ကြေးစားတွေဖြစ်ပြီး စစ်ဆင်ရေးမပြီးခင်မှာ ကိုယ်ရေးကိုယ်တာလုပ်ငန်းကို ခိုးလုပ်ရဲကြတယ်။ သူတို့တွေက ကြေးစားတွေရဲ့ ပုံရိပ်ကို လုံးဝဖျက်စီးနေတာပဲ။ လောင်းရွှမ်အင်ပါယာရဲ့ ကြေးစားတွေက တစ်ကယ်ပဲစွမ်းဆောင်ရည်ညံ့လှတယ်"
မနေ့ညက ခိုးထွက်သွားကြသူတွေကို သူတို့သိကြပါတယ်။ ဒီအမှိုက်လိုကောင်တွေအားကိုးပြီး ဖီးနစ်ငှက်ကို ရင်ဆိုင်မှာမဟုတ်တာကြောင့် သူတို့က မမြင်ယောင်ဆောင်နေခဲ့ကြတာပါ။
ခေါင်းဆောင်ဖြစ်သူက ဟင့်ကနဲလုပ်ပြီး ပြောလိုက်ပါတယ်။
"မနေ့ကကိစ္စက ဒီငတုံးတွေကို သင်ခန်းစာပေးလိုက်တာပဲ။ ကူလောင်တောင်က ဘယ်တုန်းကစပြီး အပန်းဖြေစခန်းဖြစ်သွားရတာတုန်း။ လောင်းရွှမ်တစ်ပြည်လုံးမှာ တစ်ခုတည်းသော အုပ်ချုပ်ရေးကင်းတဲ့မြို့မဟုတ်ရင် အမည်းရောင်မြို့ထဲက ဒီအမှိုက်တွေကို ဒိုင်းအဖြစ်သုံးဖို့ ငါရွေးခဲ့မှာမဟုတ်ဘူး"
"ခေါင်းဆောင်က နတ်ဘုံကတစ်ယောက်ယောက် ဒီသတင်းကြားသွားမှာကို စိုးရိမ်နေတာလား"လို့ အနက်ရောင်လူက ပြောလိုက်သည်။
ခေါင်းဆောင်ဖြစ်သူ ခေါင်းဆတ်လိုက်ပြီး လေသံနှိမ့်ကာပြောလိုက်သည်။
"နတ်ဘုံက ဝင်မရှုပ်စေဖို့သာမဟုတ်ရင် ငါက ဘာဖြစ်လို့ အမည်းရောင်မြို့ကကြေးစားတွေကို ရှာမှာလဲကွ။ တိုင်းပြည်ကြီးလေးခုကြားက စာချုပ်ကြောင့်သာမဟုတ်ရင် ငါတို့လူတွေအနေနဲ့ ဖီးနစ်ငှက်ကို ဒဏ်ရာရအောင်လုပ်ဖို့ ခက်လည်း သူတို့ကိုပဲ ခေါ်သုံးလိုက်မှာပေါ့ကွာ။ နတ်ဘုံက ဖီးနစ်ကို စောင့်ကြည့်နေတာဆိုတော့ ငါတို့လှုပ်ရှားတာကိုသာ သူတို့သိသွားရင် လေးနိုင်ငံစာချုပ်အရ ငါတို့တွေသေချာပေါက် အပြစ်ပေးခံရမှာပဲ။ အဲ့အခါကျရင် ငါတို့ရမှာထက် ဆုံးရှုံးမှုက ပိုများလိမ့်မယ်"
ဒီလိုပြောလိုက်ပြီးနောက် ခေါင်းဆောင်ဖြစ်သူဟာ တစ်ခုခုကို တွေးမိသွားဟန်နဲ့ တိုးတိုးလေးပြောလိုက်သည်။
"ဒါနဲ့ မနေ့ညတုန်းက ကြေးစားဆယ်ယောက်ကို မြားနဲ့ပစ်ခဲ့တဲ့လေးသမားက ဘယ်သူလဲဆိုတာ မင်းရှာတွေ့ပြီလား"
မနေ့ညက ကြေးစားတစ်ချို့ဟာ ညမှာခိုးထွက်ဖို့ လုပ်နေတာကို သူတို့သိခဲ့ပါတယ်။ ဒါပေမယ့် တအောင့်အကြာမှာပဲ သွေးနံ့ရလိမ့်မယ်လို့ သူတို့ထင်မထားခဲ့ပါဘူး။ သွေးနံ့အတွက် သွားကြည့်တဲ့အခါ ကြေးစားဆယ်ဦး သစ်ပင်မှာချိတ်ဆွဲခံထားရတာကို တွေ့ခဲ့ရပါတယ်။ မြားတစ်စင်းလျှင်လူတစ်ယောက်နှုန်းနဲ့ စိုက်မှန်နေတာဖြစ်ပြီး ဆယ်ယောက်လုံးကိုစိုက်မှန်တဲ့နေရာက တစ်နေရာတည်းပဲဖြစ်သည်။ ရှင်းပါတယ် ဒါက လူတစ်ယောက်တည်းက လုပ်သွားတာပဲ။
ထူးဆန်းတာကတော့ လူဆယ်ယောက်လုံးကို တစ်ချိန်တည်းမှာ ပစ်ခတ်ခံရပုံပေါ်ပြီး ဘယ်သူမှ ခုခံချိန်မရ အသံထွက်ချိန်တောင် မရခဲ့ပုံပါ။ ဒါဟာ သူတို့အားလုံးကို တစ်ပြိုင်တည်းပစ်ခတ်သွားတယ်ဆိုတာ ပြနေတာဖြစ်သည်။
ဒါပေမယ့် ပစ်မှတ်ဆယ်ခုကို မြားဆယ်စင်းနဲ့ မျက်တောင်တစ်ခတ်အတွင်းမှာ တစ်ခါတည်းပစ်နိုင်ဖို့က တစ်ကယ်အံ့အားသင့်ဖွယ်ဖြစ်ပါတယ်။
အနက်ရောင်ဝတ်စုံက ခေါင်းကိုယမ်းလိုက်ပြီး တစ်ခုခုကို နှမြောတသဟန်နဲ့ ပြောလိုက်ပါတယ်။
"ကျနော်တို့ သူ့ကို မတွေ့သေးပါဘူး။ ကြေးစားဆယ်ယောက်လုံးကို သူတို့ခေါင်းဆောင်က ခေါ်သွားခဲ့တယ်။ ကျနော့်ကို ရှာတွေ့သွားမှာစိုးတာနဲ့ သူတို့နောက်ကို ဆက်မလိုက်ခဲ့ဘူး"
ခေါင်းဆောင်က ပြောလိုက်ပြန်ပါတယ်။
"အဲ့ဒီလေးသမားက အကြီးတန်းအဆင့်ရဲ့ထိပ်နားမှာ ရောက်နေတဲ့ လေးသည်တစ်ယောက်ရဲ့အစွမ်းလို့ ငါမြင်တယ်။ ဒါပေမယ့် ငါဒီကိုမလာခင်မှာ အမည်းရောင်မြို့ရဲ့ ကြေးစားအားလုံးကို စုံစမ်းလေ့လာပြီးပြီ။ ဂူဝံပုလွေအဖွဲ့က အကြီးတန်းလေးသည်တွေကလွဲရင် အကြီးတန်းအဆင့်ကို လတ်တလောကမှ ရောက်ရှိထားတဲ့ တစ်ခြားကြေးစားအဖွဲ့က လေးသည်တစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် ဒီလူတွေအနေနဲ့ အကြီးတန်းအဆင့်ရဲ့ထိပ်နားကိုရောက်ဖို့ တော်တော်လိုသေးတယ်ကွ။ မနေ့ညကလူက သူတို့တွေမဟုတ်တာ သေချာတယ်"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၈၄)
"အဲ့လေးသမားကို ဘာကြောင့် တအားသိချင်နေရတာလဲဟင်"လို့ နောက်တစ်ဦးက စဉ်းစားရခက်ဟန်နဲ့ ဝင်မေးလိုက်ပါတယ်။
အရင်တုန်းကတော့ တူလန်းလို အကြီးတန်းအဆင့်ထိပ်ဖျားမှာရောက်နေတဲ့ ပညာရှင်ကိုတောင် စာရင်းထဲမထည့်ခဲ့တဲ့ ခေါင်းဆောင်က ဒီလေးသမားကိုကျမှ ဘာလို့ရုတ်တရက်ကြီး မျက်စိကျနေရတာလဲ။
ခေါင်းဆောင်က ပြန်ပြောလိုက်ပါတယ်။
"မင်းနားမလည်ပါဘူး ဒါပေမယ့် လေးသမားအချင်းချင်းမို့ ငါကတော့ ကောင်းကောင်းသဘောပေါက်တယ်။ အဲ့မြားဆယ်စင်းကို ဘယ်လိုပဲကြည့်ကြည့် တုန်လှုပ်မင်သက်စရာကောင်းလွန်းတယ်ကွ။ ငါ အကြီးတန်းအဆင့်မှာတုန်းကတောင် အခုလို လှပတဲ့ပစ်ခတ်ပုံမျိုး မပစ်ခတ်နိုင်ခဲ့ဘူး"
မြားဆယ်စင်းကို တစ်ပြိုင်နက်ပစ်လွှတ်ကာ ပစ်မှတ်ကိုတိတိကျကျထိမှန်ဖို့ဆိုတာ ဘယ်လောက်စွမ်းလိုက်သလဲ ဘယ်လောက်တောင် မာန်ရှိလိုက်သလဲ။
ခေါင်းဆောင်ဖြစ်သူကိုယ်တိုင်က အကြီးတန်းအဆင့်ထက်မြင့်တဲ့ လေးသည်တော်ဖြစ်ပါသည်။ သူ့အမြင်မှာတော့ သူသာ အကြီးတန်းအဆင့်မှာပဲရှိနေမယ်ဆိုရင် အဲ့လေးသည်တော်ကို သူလည်း ယှဉ်နိုင်မှာမဟုတ်ဘူးလို့ မြင်မိပါတယ်။
"သူက အခုအချိန်မှာ အကြီးတန်းလေးသည်တော်သာ ဆိုပေမယ့် ဒါကလည်း သူ့အတွင်းအားကန့်သတ်ချက်ကြောင့်ကိုး။ လေးပညာသက်သက်ပဲဆိုရင် အဆင့်မြင့်လေးသည်တော်နဲ့တောင် ယှဉ်လို့ရတယ်။ ဒီတော့ အဲ့လူရဲ့ အရည်အချင်းနဲ့စွမ်းအားက တူလန်းထက် ပိုသာတယ်ဆိုတာ ငါသေချာသိတယ်။ တူလန်းရဲ့စွမ်းအားက သူ့အတွင်းအားနဲ့ ကြံ့ခိုင်မှုကနေလာတာကွာ လေးသည်တော်ရဲ့ စွမ်းအားကတော့ သူတို့ရဲ့လေးအတတ်ကနေလာတာပဲ။ အတွင်းအားကို သတ်မှတ်ဆုံးဖြတ်လို့ရပေမယ့် အတတ်ပညာကတော့ ပုံသေတွက်လို့မရဘူး။ ထူးချွန်ပြောင်မြောက်တဲ့ အတတ်ပညာရှိသူက အဆင့်ပိုမြင့်တဲ့လူကိုတောင် ယှဉ်နိုင်စွမ်းရှိတယ်။ အဲ့ဒီအချက်က လေးသည်တော်တွေအတွက် ကျွမ်းကျင်မှုအတတ်က အရေးကြီးတယ်ဆိုတဲ့အချက်ပဲ"
ခေါင်းဆောင်ဖြစ်သူဟာ လေးသည်တော်တွေအကြောင်း ချီးမွမ်းခန်းဖွင့်ရာမှာ တွန့်တိုခြင်းအလျင်းမရှိခဲ့ပါဘူး။ သူ့မျက်လုံးတွေထဲမှာ စိတ်ကူးယဉ်ဆန်တဲ့အရိပ်တစ်ချို့ကိုတောင် တွေ့မြင်နိုင်ပါတယ်။
တူလန်းကို သူလျစ်လျူရှုနိုင်ပေမယ့် ဒီပါရမီရှင်လေးသည်တော်ကို သူတို့ဖက်သို့ဆွဲခေါ်ဖို့ကို တွေးပြီးနေပါပြီ။
"ငါတို့ရဲ့ သွားနှုန်းနဲ့ဆိုရင် ဖီးနစ်ငှက်သိုက်ကို ဒီနေ့ညနေခင်းမှာ ရောက်လောက်တယ်။ လုပ်ငန်းအောင်မြင်ဖို့ အခွင့်အရေးကို အရယူဖို့လိုသလို အဲ့ကြေးစားတွေထဲမှာ ဒီလိုလေးပညာပါရမီရှင်တစ်ဦး ရှိမရှိကိုလည်း သတိထားဖို့လိုတယ်။ အခွင့်အရေးရခဲ့မယ်ဆိုရင် ဒီလူကို ငါတို့အဖွဲ့ထဲကိုလာဖို့ ငါဖိတ်ခေါ်ချင်နေတယ်"
ခေါင်းဆောင်ဖြစ်သူက ခိုင်မာတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
ခေါင်းဆောင်ဖြစ်သူက လေးသမားကို ဘယ်လောက်ပဲ အမြင့်ကြီးတွေးထားတွေးထား ကြေးစားခေါင်းဆောင်တစ်ဦးကနေပြီး လေးသမားအတွက်ကြောင့် ဘယ်လိုပဲအံ့အားသင့်နေဦးတော့ သူတို့နှစ်ယောက်လုံး လွဲမှားနေကြပါတယ်။
တော်တော်ကြီးကို မှားနေပါတယ်။
ဘာအကြီးတန်းလေးသည်လဲ ဘာ ထိပ်သီးရောက်တာလဲ...
သူမရဲ့ ဖြစ်ကတတ်ဆန်းပစ်ချက်က နှစ်ဖွဲ့လုံးကို အံ့သြစေမင်သက်စေတယ်ဆိုတာကိုသာ ရှန်ယန်ရှောင် ကြားသွားမိရင် ရယ်ရလွန်းလို့ အူတက်သေလောက်ပါတယ်။
တစ်ကယ်ဆိုရင် သူမရဲ့ လေးအတတ်က လက်ရှိမှာ အလတ်တန်းအဆင့်ရဲ့ထိပ်ဖျားမှာပဲရှိပါသေးတယ်။ အကြီးတန်းဖြစ်ဖို့ နည်းနည်းလိုပါသေးတယ်။ သို့ပေမယ့် ပစ်မှတ်ကို ချိန်ရွယ်သတ်မှတ်တဲ့ ဆင့်ခေါ်သူရဲ့စွမ်းရည်ကြောင့် သူမ၏ပစ်ခတ်မှုကို ထင်မှတ်မထားလောက်အောင် သက်ရောက်မှုရှိခဲ့လို့ အဖွဲ့နှစ်ဖွဲ့လုံးက အခုလိုမျိုး မှားယွင်းယူဆမိသွားစေခဲ့ပါတယ်။
ဒါပေမယ့် ဒီအကြောင်းတွေကို ရှန်ယန်ရှောင် မသိခဲ့ပါဘူး။ သူမက ကူလောင်တောင်ထိပ်ကို ဂူဝံပုလွေအဖွဲ့သားတွေနဲ့အတူ ချီတက်နေခဲ့ပါတယ်။
တောင်ထိပ်နဲ့နီးလာလေလေ အပူချိန်က မြင့်လာလေလေပါပဲ။ တောကြီးတစ်တောလုံးမှာ အပူရှိန်ကြောင့် မြေကနေအခိုးတွေထွက်နေခဲ့တာကို မြင်နိုင်ပြီး မီးဓာတ်တွေက တောတစ်တောလုံးမှာ ပျံ့နှံ့နေပါတယ်။
အနီရောင်အလင်းလေးတစ်ခုက တောင်ထိပ်မှာရှိနေပြီး အဲ့ဒီအနီရောင်အလင်းကို မြင်တွေ့လိုက်ရတဲ့ ကြေးစားတွေအားလုံး စိတ်တက်ကြွလာပါတယ်။
နောက်ဆုံးမှာတော့ နှစ်ရာချီပျောက်ကွယ်နေခဲ့တဲ့ ရာဇဝင်လာ ဖီးနစ်ငှက်ကို သူတို့တွေ မြင်တွေ့ရပါတော့မယ်။