← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၈၅)

အနီရောင်မှိန်တိန်တိန်အလင်းက ကူလောင်တောင်ထွတ်တစ်ခုလုံးကို လွှမ်းခြုံနေပြီး သူတို့မြင်တွေ့သလောက်ဆိုရင် အနီအလင်းက တောင်ထိပ်မှာပိုလင်းနေပါတယ်။ ဒီအနီအလင်းတန်းမှာ တောင်ခြေအထိပျံ့လွင့်နေတဲ့ အားကောင်းသော မီးဓာတ်တွေပါဝင်နေပါတယ်။

ဒီလိုအားပြင်းတဲ့မီးဓာတ်ကြောင့် လူတိုင်းအသက်ရှူနှုန်းတွေမြန်ဆန်လာပြီး အဆုတ်တွေထဲကို ဝင်လာတဲ့လေကလည်း ပိုပူနွေးလာပါတယ်။

"မကြာခင်မှာပဲ ဖီးနစ်ငှက်ကို ငါတို့တွေတွေ့ရတော့မယ်။ ဖီးနစ်ငှက်ကို အနိုင်ယူဖို့အတွက် အားလုံးပူးပေါင်းပြီး အကောင်းဆုံးလုပ်ဆောင်ပေးကြဖို့ မျှော်လင့်ပါတယ်။ ငါက ဖီးနစ်ငှက်ရဲ့နှလုံးသားကိုပဲ လိုတာဖြစ်လို့ ကျန်တာတွေကို မင်းတို့တွေအဆင်ပြေသလို ခွဲယူလို့ရပါတယ်"

ဒီလိုအရေးကြီးချိန်မှာပဲ ခေါင်းဆောင်ဖြစ်သူက ထွက်လာပြီးတော့ လူထုကို မျှားလိုက်ပါတယ်။

ဒီကြေးစားတွေအတွက် စစ်ဆင်ရေးထဲမှာ အလိုချင်ဆုံးအရာက အဆင့်၈မှော်အမြူတေဖြစ်ပါတယ်။ ဒါက သာမန်မှော်အမြူတေမဟုတ်ဘူးနော် ဒါက ရာဇဝင်ထဲက ဖီးနစ်ငှက်ရဲ့အမြူတေကွ ဒီတော့ တန်ဖိုးက တစ်ခြားအဆင့်မြင့်မှော်သားရဲတွေထက် မြင့်မှာပဲ။

"စိတ်ချပါ လုပ်ငန်းကို လက်ခံပြီးမှတော့ အောင်မြင်ဖို့အတွက် ကျုပ်တို့အားလုံး လုပ်လို့ရသမျှလုပ်သွားပေးမှာပါ"

ကြေးစားခေါင်းဆောင်တစ်ယောက်က သမာဓိမျက်နှာပေး တည်ကြည်သောမျက်နှာပေးနဲ့ ပြောလိုက်ပေမယ့် သူ့မျက်လုံးတွေကတော့ တစ်ကယ့်စိတ်ရင်းအမှန်ကို လှစ်ဟပြသနေပါတယ်။

"အဲ့လိုဆိုရင်တော့ အားလုံးကို ဒီနေရာကနေ ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်ပါတယ်။ ကျုပ်ဖီးနစ်ငှက်ရဲ့ နှလုံးသားကို ရအောင်ကူညီပေးနိုင်တာနဲ့ ကြေးစားအဖွဲ့တိုင်းကို အပိုဆောင်းအဖြစ်၂၀ရာခိုင်နှုန်းထပ်တိုးပေးပါ့မယ်လို့ ပြောကြားပါရစေ"

ကြေးစားခေါင်းဆောင်တွေအားလုံးက ဒီမက်လုံးထဲမှာ နစ်မြောသွားခဲ့သည်။ ကြေးစားတွေလည်း စိတ်တက်ကြွသွားခဲ့သည်။ ဒီအလုပ်အတွက် အခကြေးငွေက နဂိုတည်းက ရက်ရောပြီးသားဖြစ်ပြီး အပိုနှစ်ဆယ်ရာခိုင်နှုန်းဆိုတော့ ဒီစစ်ဆင်ရေးက တစ်ကယ့်ကို အကျိုးအမြတ်ရတဲ့လုပ်ငန်းပါပဲ။

ကြေးစားတွေအားလုံးက လက်နက်ကိရိယာတွေကို တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်လိုက်ကြပြီးနောက် ကူလောင်တောင်ထိပ်သို့ တက်ကြွမှုအပြည့်နဲ့ ချီတက်လိုက်ကြပါတော့တယ်။

ငှက်တွေက အစာအတွက်သေသလို လူတွေကငွေအတွက်သေကြပြီး အဆိုပါရွှေပြားတွေအတွက် သူတို့တွေက ရှေ့ကိုချီတက်ပါလိမ့်မယ်။

လူတစ်ထောင်လောက်ရှိတဲ့အဖွဲ့ဟာ ကူလောင်တောင်ထိပ်ကို မင်သက်ဖွယ်ကောင်းသော အရှိန်နဲ့သွားလိုက်ကြပါတယ်။

မက်မောစရာကောင်းသော မက်လုံးကြောင့် ဘာကိုမှသတိမပြုမိသော အဆိုပါကြေးစားတွေဟာ ရှေ့ကိုသူတို့ချီတက်နေချိန်မှာ အလုပ်ရှင်ရဲ့မျက်နှာပေါ်က ညှာတာမှုကင်းသော အထင်သေးသောအပြုံးကို မမြင်ခဲ့ကြတော့ပါဘူး။

သို့ပေမယ့် ခေါင်းဆောင်ရဲ့ မျက်နှာအမူအယာက လူတစ်ယောက်ရဲ့ အကြည့်အောက်ကို ရောက်နေခဲ့ပါသေးတယ်။

လူအုပ်ရဲ့နောက်ကနေ လိုက်လာခဲ့တဲ့ အလုပ်ရှင်နဲ့သူ့အဖွဲ့ကို ရှန်ယန်ရှောင်က မျက်စိမှေးကာ ကြည့်လိုက်ပါတယ်။ ခေါင်းဆောင်ဖြစ်သူက ပုံမှန်အတိုင်းပြန်ဖြစ်သွားသော်လည်း အခုလေးတင်မှ ဖော်ပြခဲ့တဲ့ သူ့အမူအယာကြောင့် ရှန်ယန်ရှောင် အချက်ပေးသံတွေကြားလိုက်ရပါတယ်။

သူမစိတ်ထဲမှာ ဒီလူတွေက ဖီးနစ်ငှက်နဲ့ရင်ဆိုင်ဖို့ ပူးပေါင်းမှာမဟုတ်ဘဲ သူတို့ရဲ့ရည်ရွယ်ချက်က တစ်ခြားတစ်ခုဖြစ်ပုံရတယ်လို့ ကောက်ချက်ချမိလိုက်သည်။

"တူခေါင်းဆောင် ဖီးနစ်ငှက်နဲ့တွေ့ကာနီးရောက်ရင် ဂူဝံပုလွေအဖွဲ့သားအားလုံးကို တောင်ပံနေရာမှာနေပါစေ။ ဖီးနစ်ငှက်နဲ့လည်း ထိပ်တိုက်မတွေ့မိစေနဲ့ နောက်ပြီးတော့ ဆက်မတိုက်နိုင်တော့ဘူးဆိုတာနဲ့ တောင်ထိပ်ကနေပြီး ခင်ဗျားရဲ့လူတွေနဲ့အတူ ချက်ခြင်းပြန်ဆုတ်ခွာပါ"

ရှန်ယန်ရှောင်က တူလန်းအနားကို ချက်ခြင်းသွားလိုက်ပြီး သူမတို့နှစ်ဦးသာ ကြားနိုင်တဲ့လေသံနဲ့ပြောလိုက်ပါတယ်။

တူလန်းဟာ ခနတာ အံ့အားသင့်နေခဲ့ပါတယ်။ ဖီးနစ်ငှက်ကို ထိပ်တိုက်မတွေ့ဖို့ရယ် တစ်ခုခုလွဲတယ်လို့ထင်တာနဲ့ တောင်ထိပ်ကနေ ချက်ခြင်းဆုတ်ဖို့ပြောခဲ့တဲ့ ရှန်ယန်ရှောင်ရဲ့ အမှာစကားတွေက ထူးဆန်းလွန်းနေပါတယ်။ သူ တစ်ခုခုကို ရှာတွေ့ထားတာများလား။

"ဟောင်ရှောင် မင်း တစ်ခုခုသိထားလား"လို့ တူလန်းက လေသံလေးနဲ့မေးလိုက်ပါတယ်။

ရှန်ယန်ရှောင် မျက်မှောင်အနည်းငယ်ကြုတ်သွားတယ်။ အဆိုပါအလုပ်ရှင်တွေရဲ့ ရည်ရွယ်ချက်က ဘာမှန်းမသိရသေးပါဘူး။ သူတို့ရဲ့ ဦးတည်ချက်က ဖီးနစ်ငှက်မဟုတ်ဘူးဆိုပါက သူတို့တွေရဲ့ လှုပ်ရှားမှုကို သူမ ပိုသတိထားရတော့မှာဖြစ်သည်။ ဒါပေမယ့် တူလန်းက လူတွေအများကြီးရှိနေတဲ့ နေရာမှာရောက်နေတာဖြစ်လို့ အခုအချိန်မှာ တပ်ခေါက်လိုက်ရင် လူတွေရဲ့ သံသယကိုတိုးပွားဖြစ်ပေါ်စေမှာကို သူမ စိုးနေပါတယ်။ ပြောရမယ်ဆိုရင် သူတို့က ဖီးနစ်ငှက်ကိုတောင် မတွေ့ရသေးဘဲနဲ့ တိုက်ပွဲနေဆုတ်ခွာထွက်ပြေးမယ်ဆိုရင် ဒီအဖြစ်က ဂူဝံပုလွေအဖွဲ့ရဲ့ နာမည်ဂုဏ်သတင်းကို ပြင်းပြင်းထန်ထန်ထိခိုက်စေမှာဖြစ်သည်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၈၆)

ရှန်ယန်ရှောင်ဟာ ပြောသင့်မပြောသင့်ကို လွန်ဆွဲတုံ့ဆိုင်းနေပြီး နောက်ဆုံးမှာတော့ တူလန်းကို သတိပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

"တောင်ထိပ်က ဖီးနစ်ငှက်ဟာ သာမန်အဆင့်မြင့် မှော်သားရဲတစ်ကောင်မဟုတ်ဘူး။ ဒဏ္ဍာရီသတ္တဝါအဆင့်တောင် ဖြစ်နေလောက်တယ်။ ကျနော်တို့အဖွဲ့အားလောက်နဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး"

ရှန်ယန်ရှောင်ရဲ့စကားက တူလန်းရဲ့ရင်ထဲမှာ ဗုံးတစ်လုံးလိုပေါက်ကွဲသွားခဲ့ပါသည်။ မူလထဲက သူတို့ရထားခဲ့တဲ့ သတင်းက မမှန်ဘူးလို့ သူတွက်ဆနေတာဖြစ်ပြီး သေချာပေါက်တော့ မပြောရဲခဲ့ပါဘူး။ ဒါပေမယ့် အခုသူရလိုက်တဲ့ ရှန်ယန်ရှောင်ပြောတဲ့ သတင်းစကားကြောင့် သူ့နှလုံးသားက အသူတရာနက်တဲ့ချောက်ထဲကျဆင်းသလို ခံစားလိုက်ရပါတယ်။

"ငါနားလည်ပြီ တစ်ခြားလူတွေကို သတိထားဖို့ ငါပြောထားလိုက်မယ်။ ပေးတဲ့သတင်းကမှားနေလို့ စစ်ဆင်ရေးမအောင်မြင်တာဆိုရင် အလုပ်ရှင်ကတောင် ဒီကိစ္စကိုဘာမှဆက်လုပ်လို့ မရပါဘူး"

တူလန်းခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှာတော့ ရှန်ယန်ရှောင်ရဲ့ သတိပေးစကားအတွက် အလွန်ကျေးဇူးတင်သွားပါတယ်။ မဟုတ်ရင် သူ့စိတ်ဓာတ်အရ ဖီးနစ်ငှက်နဲ့တိုက်ပွဲမှာ သူ့လူတွေကိုရှေ့ဆုံးကနေ ဦးဆောင်တိုက်ခိုက်စေရန် ညွှန်ကြားမိမှာပါ။ အဲ့လိုဆိုရင် တစ်ခုခုလွဲချော်တဲ့အချိန်ကျရင် နောက်ဆုတ်ဖို့အချိန်ရှိမှာ မဟုတ်တော့ပါဘူး။

ရှန်ယန်ရှောင်ကပြုံးရုံပဲပြုံးကာ ဘာမှထပ်မပြောခဲ့ပါဘူး။ သူတို့ဟာ သွားနှုန်းကိုလျှော့ချလိုက်ကာ ဂူဝံပုလွေအဖွဲ့ကို ကျန်လူတွေနဲ့ ခပ်လှမ်းလှမ်းဖြစ်သွားအောင် လုပ်ခဲ့ပါတယ်။ ကြမ်းကြုတ်ဝံပုလွေက သူမအနားမှာနေချင်ခဲ့ပေမယ့် တူလန်းကမသွားဖို့ ပြောခဲ့ပါတယ်။

ဟောင်ရှောင်က ဒီသတင်းကို သူ့ကိုပြောခဲ့ခြင်းက ဟောင်ရှောင်အဖို့ ကိုယ်ရေးကိုယ်တာလုပ်စရာတစ်ခုခု ရှိနေတာကြောင့် ခနနေရင် ဒီလုပ်ငန်းစဉ်ထဲကနေ ခွဲထွက်သွားမှာဖြစ်လို့လို့ တူလန်းစိတ်ထဲထင်နေခဲ့ပါတယ်။

ရှန်ယန်ရှောင်အနေနဲ့ အရှိန်လျှော့ခိုင်းရခြင်းဟာ အလုပ်ရှင်တွေက ရှေ့ကသွားနေသူတွေနဲ့ ဝေးသမျှဝေးအောင် နေနေတာကို သူမသတိပြုမိခဲ့လို့ဖြစ်ပြီး သူတို့တွေက အချိန်မရွေးထွက်သွားကောင်းသွားနိုင်ကာ ဒီထွက်ခွာမှုက သူတို့တွေရဲ့ တစ်ကယ့်ရည်ရွယ်ချက်အတွက်ဖြစ်မှာပါ။

ဒီလူတွေဟာ ဖီးနစ်ငှက်နဲ့ရင်ဆိုင်ဖို့အတွက် ငွေကုန်ကြေးကျခံပြီး ကြေးစားတွေကိုငှားရမ်းခဲ့ကာ အခုလိုတစ်ကယ့်အချိန်ရောက်တော့ ထွက်သွားဖို့ပြင်နေကြတယ်။ ဒါက ပိုအရေးကြီးတဲ့ကိစ္စရှိနေလို့ပဲ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ တစ်ကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာကို သူမ သိချင်နေပါတယ်။

ခေါင်းဆောင်ဖြစ်သူက ကြေးစားတပ်တွေ တောင်ထိပ်ကို တက်ရောက်သွားတာကို တွေ့လိုက်တာနဲ့ သူ့အဖော်တွေကို အချက်ပြလိုက်ပါသည်။ အနက်ဝတ်စုံဆယ်ယောက်လည်း သူ့အချက်ပြမှုကို နားလည်တာကြောင့် ချက်ခြင်းလက်ငင်းနဲ့ ဘေးဖက်သို့ထွက်ပြီး တောထဲကိုဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။

သူတို့တွေ တောထဲကိုဝင်တာနဲ့ သေးကွေးသောလူတစ်ဦးက နောက်ကနေလိုက်လာခဲ့ပါတယ်။

တောထဲမှာတော့ အနက်ရောင်ဝတ်စုံဆယ်ဦးက အရှိန်ကိုသိသိသာသာတင်လိုက်ပြီး လေကိုစီးနင်းနေသလိုမျိုးနဲ့ အလွန်လျှင်မြင်စွာသွားနေကြပါတယ်။

သာမန်လူတွေအနေနဲ့ ဒီလိုအမြန်နှုန်းကို မလုပ်နိုင်ပါဘူး။ ဂူဝံပုလွေတစ်ဖွဲ့လုံးမှာ ဝံပုလွေခုနှစ်ကောင်ကလွဲရင် ဒီလျှင်မြန်မှုကိုမီတဲ့ ရှစ်ယောက်မြောက်လူမရှိပါဘူး။

ရှင်းပါတယ် ဒီအလုပ်ရှင်တွေထဲက စွမ်းအားအနည်းဆုံးလူတောင် သက်ဆိုင်ရာပညာရပ်မှာ အကြီးတန်းအဆင့်ကို ရောက်ပြီးနေကြပါပြီ။

ဒီလိုပညာရှင်အုပ်စုက သူတို့ထက်စွမ်းအားနည်းတဲ့ ကြေးစားတွေကို ငှားရမ်းခဲ့တယ်။ သူတို့ရဲ့ရည်ရွယ်ချက်က သံသယဝင်ဖို့ကောင်းပါတယ်။

စွမ်းအားချင်းယှဉ်လိုက်တော့ သူတို့တွေရဲ့ အမြန်နှုန်းကို ရှန်ယန်ရှောင်အမီလိုက်ဖို့ မနည်းကြိုးစားနေရပါတယ်။ သူတို့တွေက သူတို့ရဲ့ အမြန်နိုင်ဆုံးနှုန်းနဲ့ သွားနေကြတာဖြစ်ပြီး ရှေ့မှာရှိနေတဲ့ သစ်ပင်တွေကတောင် သူတို့အတွက် အတားအဆီးဖြစ်မနေခဲ့ပါဘူး။

သူမရဲ့မြင်ကွင်းထဲကနေ ဒီလူတွေပျောက်သွားတော့မှာကို တွေ့တာနဲ့ လက်စွပ်ထဲကနေပြီး လျှင်မြန်ဆေးတစ်ပုလင်းကိုထုတ်သောက်လိုက်တယ်။ ချက်ခြင်းပဲ သူမရဲ့ အမြန်နှုန်းက အဆင့်တစ်ဆင့်တိုးသွားပြီး ထိုလူတွေနဲ့ တစ်တန်းတည်းဖြစ်သွားပါတယ်။

သူမသောက်တဲ့လျှင်မြန်ဆေးရည်တစ်ပုလင်းတိုင်းက သုံးမိနစ်သာခံပါတယ်။ ရှန်ယန်ရှောင်ရဲ့ ခရီးတစ်ခုလုံးက အခုဆိုရင် ဆယ်မိနစ်ရှိတော့မှာပါ။ ဒါပေမယ့် လျှင်မြန်ဆေးရည် ငါးပုလင်းခြောက်ပုလင်းလောက်ကို မျက်တောင်မခတ်ဘဲ ဆက်တိုက်သောက်ခဲ့ပါတယ်။ တစ်ပုလင်းကို ရွှေရာဂဏန်းရှိပြီး ဆယ်မိနစ်အတွင်းမှာပဲ ရှန်ယန်ရှောင်က ရွှေပြားထောင်နဲ့ချီ၍ ကုန်နေပါပြီ။

ငွေကို ငွေလို့မမြင်တဲ့ ဒီတစ်ယောက်ကလွဲရင် တစ်ခြားဘယ်သူမှ အခုလိုလုပ်မယ့်သူ မရှိလောက်ပါဘူး။

လရောင်ဆွဲကြိုးရဲ့အစွမ်းက ဒီလူတွေမပြောနဲ့ အိုးယန်ဟွမ်းယူလို မှော်ဆရာကြီးအဆင့်ရှိသူတောင် ရှန်ယန်ရှောင်နောက်ကလိုက်လာခဲ့တာကို သိနိုင်ဖို့မရှိပါဘူး။

ခေါင်းဆောင်ဖြစ်သူကတော့ တော်တော်လေး သတိတထားရှိနေပြီး ဆယ်မိနစ်ခန့်မှာတင် လေးငါးကြိမ်ခန့် ရပ်တံ့ကာ နောက်ကလိုက်လာတဲ့သူ ရှိမရှိကို အကဲခတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သနားဖို့ကောင်းတာကတော့ သူတို့ရဲ့ ရှာဖွေရေးနည်းလမ်းက ရှန်ယန်ရှောင်အတွက်ကတော့ သူငယ်တန်းအဆင့်ပဲရှိနေပါတယ်။ သူမအနေနဲ့ ဘယ်လိုမှတောင် အားစိုက်ခဲ့ရမှုမရှိပါဘူး။

တောင်ထိပ်ကိုရောက်တော့ တောထဲမှာ မီးဓာတ်တွေများလွန်းနေလို့ ဖြစ်ပေါ်နေသော အနီရောင်မြူတွေပြည့်နေပါတယ်။ လူတစ်စုက ရုတ်တရက်ရပ်လိုက်ပြီးတော့ တောစပ်မှာပုန်းအောင်းနေပါတယ်။

သူတို့ရှေ့မှာတော့ ကြီးမားတဲ့ဂူကြီးတစ်ဂူရှိနေပါတယ်။ ဒီဂူထဲမှာ မီးလျှံတွေက အပြင်ဖက်သို့ တည်ငြိမ်စွာလျှံထွက်နေပါတယ်။

ဒီနေရာမှာကိုး။ ဒါက ဖီးနစ်ငှက်သိုက်ပဲဖြစ်ရမယ်။

ဒါက သူမရဲ့တစ်ကယ့်ရည်ရွယ်ချက်ဖြစ်တဲ့ မီးတောက်မြက်ရှိတဲ့နေရာပေါ့။

ဒီလူတွေက ဒီနေရာမှာ ဘာထိုင်လုပ်နေကြတာလဲ သူတို့ပစ်မှတ်က ဖီးနစ်ငှက်ပဲလား။ သူတို့တွေဟာ တစ်ခုခုကိုစောင့်ဆိုင်းနေပုံရပါတယ်။ ရှန်ယန်ရှောင်လေ့လာမှုအပြီးမှာပဲ သိပ်မဝေးတဲ့နေရာကနေ ထွက်ပေါ်လာတဲ့ခြေသံတွေကို ကြားလိုက်ရပါသည်။ ကြေးစားတွေရောက်ရှိလာတာဖြစ်ပြီး သူတို့ရဲ့မှော်သားရဲတွေကိုလည်း ဆင့်ခေါ်ထားကြပါတယ်။

တစ်ထောင်ခန့်ရှိသော မှော်သားရဲတွေဟာ သခင်ဖြစ်သူတွေနဲ့အတူ တောင်ထိပ်ကိုချီတက်လာတဲ့အတွက် အားလုံးပေါင်းရင် နှစ်ထောင်ကျော်ရှိမှာပါ။ တိတ်ဆိတ်နေတဲ့တောင်တစ်ခုလုံး ဆူဆူညံညံဖြစ်သွားပါသည်။

ဒီလိုများပြားလှသော မှော်သားရဲတွေကို ဒါပထမဆုံးအဖြစ် သူမ မြင်ဖူးတာဖြစ်ပြီး ဒီမြင်ကွင်းကြောင့်သာမဟုတ်ရင် ဒီကမ္ဘာပေါ်မှာ လူတိုင်းအားလုံး ကိုယ်ပိုင်မှော်သားရဲကောင်ရှိတဲ့အကြောင်းကို သူမ မေ့နေလောက်ပါတယ်။

လင်းလက်တိုက်မှာရှိတဲ့လူတွေအတွက် ဆယ်ကျော်သက်အရွက်ရောက်တာနဲ့ သူတို့နဲ့စာချုပ်ချုပ်မယ့် မှော်သားရဲတစ်ကောင်ကို ရမှာဖြစ်ပြီး အဆိုပါမှော်သားရဲတွေက သူတို့မိသားစုခေါင်းဆောင်တွေက ဖမ်းဆီးပေးတာမဟုတ်ရင် ဝယ်ပေးတာဖြစ်ပါတယ်။

သို့ပေမယ့် ကြေးစားတွေရဲ့မိသားစုနောက်ခံမျိုးရိုးက ယေဘုယျအားဖြင့်တော့ သိပ်အဆင်မပြေကြသူတွေဖြစ်ပါတယ်။ မဟုတ်ရင် ဒီလိုစွန့်စားမှုများတဲ့ အလုပ်ကိုရွေးချယ်ကြမှာမဟုတ်ပါဘူး။ သူတို့မှာ တောင့်တင်းတဲ့မိသားစုနောက်ခံမရှိလို့ သူတို့ငယ်ရွယ်စဉ်တုန်းက စွမ်းအားကြီးတဲ့မှော်သားရဲကို ရရှိဖို့အခွင့်အရေးမရှိကြပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၈၇)

မှော်သားရဲတွေဟာ ဒီကြေးစားတွေရဲ့ ဒုတိယတပ်ဖွဲ့လို့ပြောနိုင်ပြီး မတိုက်ခိုက်ခင်မှာ မှော်သားရဲတွေကိုဆင့်ခေါ်ထားကြပါတယ်။

ထောင်ချီတဲ့လူတွေနဲ့ထောင်ချီတဲ့မှော်သားရဲတွေ ဖီးနစ်ငှက်သိုက်ဆီကို ပြေးဝင်သွားကြပါတယ်။

ကြေးစားအားလုံးမျက်နှာမှာ ကြောက်ရွံ့မှုတွေအစား စိတ်လှုပ်ရှားတက်ကြွမှုတွေသာရှိနေပါတယ်။ လူတစ်ထောင်ကျော်အင်အားရှိတာကြောင့် အဆင့်၈မှော်သားရဲကို တိုက်ခိုက်မှုက လွယ်လွန်းတယ်လေ။

ကြေးစားခေါင်းဆောင်အတော်များများက သူတို့အဖွဲ့သားတွေကို ရှေ့ဆုံးကနေတိုက်ခိုက်ကြဖို့ စိတ်မရှည်နိုင်အောင်ဖြစ်နေရပါတယ် ဒါမှသာ ဖီးနစ်ငှက်ကနေရမယ့် ဝေစုကကောင်းမှာကိုး။

"ခေါင်းဆောင် အဲ့ဒါက ဖီးနစ်ငှက်သိုက်လား"

ကြေးစားတစ်ဦးက ကြေးစားသမဂ္ဂအဖွဲ့အဆောက်အဦးထက်တောက် ပိုမြင့်မားသောဂူကြီးအား စိတ်လှုပ်ရှားပျော်ရွှင်စွာကြည့်ရင်း ပြောလိုက်ပါသည်။

ပတ်ဝန်းကျင်အနှံ့ကိုပျံ့နေသော မီးဓာတ်တွေကြောင့် ဒါကဖီးနစ်ငှက်နေတဲ့နေရာလို့ ပြောနေတဲ့အတိုင်းပါပဲ။

"ဒါပဲနေမှာ ဖီးနစ်ကို အခုလိုမြန်မြန်တွေ့ရမယ်လို့ မထင်ထားမိဘူးဟေ့။ မင်းတို့အားလုံး တိုက်ပွဲစတာနဲ့အားမာန်အပြည့်နဲ့တိုက်ကြနော် ဒါမှသာ ဖီးနစ်ငှက်ကို ငါတို့ရင်ဆိုင်နိုင်မှာ။ နောက်ပြီးတော့ မင်းတို့အားလုံး ပါးနပ်မှာသာ ပစ္စည်းကောင်းတွေပိုရမှာနော် ငါပြောတာပေါက်ကြလား"

"ခေါင်းဆောင် ဂူဝံပုလွေအဖွဲ့က ဘာလို့နောက်မှာနေနေကြတာလဲမသိဘူး"

ကြေးစားခေါင်းဆောင်က တူလန်းဆီလှမ်းကြည့်လိုက်ပြီး စိတ်ထဲမှာကြိတ်ကျေနပ်သွားကာ ပြောလိုက်တယ်။

"အရူးကောင် တစ်ခြားလူတွေကို ထည့်တွက်မနေနဲ့။ သူတို့တွေနောက်မှာနေလေ ငါတို့ပစ္စည်းကောင်းပိုရလေပဲလေဟ"

စကတည်းက ပြသခဲ့တဲ့ဂူဝံပုလွေအဖွဲ့ရဲ့ စွမ်းရည်ကြောင့် ကြေးစားခေါင်းဆောင်တွေ စိတ်မသက်မသာဖြစ်ခဲ့ပါတယ်။ အခုတူလန်းက နောက်မှာနေနေတဲ့အတွက် ခေါင်းဆောင်တွေအဖို့ သတင်းကောင်းဖြစ်နေပါတယ်။

အဖွဲ့သားတွေနဲ့အတူ လူအုပ်ရဲ့နောက်ဆုံးမှာနေနေတဲ့ တူလန်းက ဂူထဲကနေ အလွန်အားကောင်းသော မီးဓာတ်တွေကိုခံစားမိပြီး သူမြင်တွေ့ခဲ့ဖူးသမျှ မီးဓာတ်မှော်သားရဲတွေထက် အများကြီးအစွမ်းကြီးနေပါတယ်။

"ဟောင်ရှောင်ရဲ့ တွက်ဆမှုက အကျိုးအကြောင်းသင့်နေတာပါလား"လို့ တူလန်းက သူ့ကိုယ်သူပြောလိုက်ပါတယ်။

"ခေါင်းဆောင် ဘာပြောလိုက်တာတုန်း..ဟောင်ရှောင်က ဘာခန့်မှန်းထားတာလဲ။ ကျနော့်ကို နောက်ဆုတ်နေဖို့ ဘာလို့ပြောခဲ့တာလဲ။ ဟောင်ရှောင်ကို ကာကွယ်ဖို့ ကျနော့်ကိုမခိုင်းတော့ဘူးလား။ သူ့ကို ကျနော်ရှာလို့လည်း မတွေ့တော့ဘူး။ သူမျက်စိလည်လမ်းမှားတာတော့ မဟုတ်လောက်ပါဘူးနော်"

ခရီးတစ်လျှောက်လုံးမှာ ကလေးထိန်းအဖြစ်လိုက်ခဲ့တဲ့ ကြမ်းကြုတ်ဝံပုလွေက တူလန်းရဲ့ တီးတိုးရေရွတ်မှုကို ကြားလိုက်ရလို့ မေးလိုက်တာဖြစ်သည်။ အခုအချိန်ကျမှ ကလေးထိန်းအလုပ်မရှိတော့တဲ့အတွက် သူ အသားမကျဘူးဖြစ်နေပါတယ်။

"သူ့အတွက် အခုမင်းပူနေစရာမလိုဘူး။ စကားနားထောင်ပြီးတော့ ဒီနေရာမှာပဲနေဖို့လိုတယ်"လို့ တူလန်းကပြန်ပြောလိုက်သည်။

ရှန်ယန်ရှောင်က ထွက်ခွာသွားမှုအတွက် ဘာမှမပြောခဲ့တာကြောင့် သူမ ဘယ်နေရာရောက်နေလဲဆိုတာကို တစ်ခြားလူတွေကို သူပြောနေမှာမဟုတ်ပါဘူး။

ကြမ်းကြုတ်ဝံပုလွေစိတ်ပျက်လက်ပျက်ဖြစ်သွားပါတယ်။ တစ်ယောက်ယောက်ရဲ့ကလေးထိန်းအဖြစ်နေရတာကို အစကတော့ သူမပျော်ခဲ့ပေမယ့် ဟောင်ရှောင်အပေါ်ကို သူတစ်ကယ်ဂရုစိုက်မိတဲ့အခါကျပြန်တော့ ဒီအကြောင်းကို မေ့လိုက်ဖို့ခေါင်းဆောင်ကပြောနေပါတယ်။

နောက်ပြီး ဒီတစ်ခေါက်ခေါင်းဆောင်ဖြစ်သူရဲ့ အပြုအမူကထူးဆန်းလွန်းအားကြီးပြီး ဘယ်တော့မဆို ရှေ့ဆုံးကနေတိုက်ပွဲဝင်ခိုင်နေကြလူက အဖွဲ့သားညီအစ်ကိုတွေကို နောက်မှာပဲနေဖို့ညွှန်ကြားထားတာက ဂူဝံပုလွေအဖွဲ့ရဲ့လုပ်ကိုင်ပုံနဲ့ သွေဖီနေပါတယ်။တူလန်းက ဘာဖြစ်ချင်နေတာလဲ....

ကြမ်းကြုတ်ဝံပုလွေတစ်ယောက်တင် ဒီလိုတွေးမိတာမဟုတ်ဘဲ ကျန်ဝံပုလွေငါးကောင်လည်း တွေးမိပေမယ့် တူလန်းရဲ့အမိန့်ကိုတော့ သူတို့တွေ ဘယ်သောအခါမှ ပြန်မေးခွန်းထုတ်နေမှာမဟုတ်ပါဘူး။

ဂူဝံပုလွေအဖွဲ့သားတွေကတော့ ရှေ့တန်းကနေတိုက်ပွဲမဝင်ရလို့ စိတ်ထဲမှာဖိအားတွေဖြစ်နေကြပြီး တစ်ခြားအဖွဲ့တွေတိုက်ခိုက်တာကိုပဲ သူတို့တွေကြည့်ကြရတော့မှာပါ။

ကြေးစားခေါင်းဆောင်တွေက ဖီးနစ်ငှက်ကို ဘယ်လိုဘယ်ပုံတိုက်ခိုက်ကြမလဲဆိုတာကို ဆွေးနွေးလိုက်ကြပြီးတော့ လေမှော်သားရဲငါးကောင်ကို ဖီးနစ်ငှက်ကိုဂူထဲကနေ မြှူထုတ်ဖို့စေလွှတ်ခဲ့ပါတယ်။

မှော်သားရဲတွေထဲမှာ လေမှော်သားရဲကောင်တွေဟာ အမြန်ဆုံးဖြစ်ကြပြီး သခင်ဖြစ်သူတွေရဲ့ အမိန့်အတိုင်း မီးဓာတ်တွေပြည့်နေသော အသိုက်ထဲကိုသွားလိုက်ကြပါတယ်။

ကြေးစားအားလုံးရဲ့မျက်စိရှေ့မှာပဲ အသိုက်ထဲကိုခြေချကာစပဲရှိသေးတဲ့ လေမှော်သားရဲငါးကောင်လုံးကို ဖီးနစ်အသိုက်ထဲကနေထွက်လာတဲ့ အနီရောင်မီးလုံးတစ်ခုက ဝါးမြိုသွားပါတယ်။ လျှင်မြန်မှုကြောင့်လူသိများတဲ့ မှော်သားရဲငါးကောင်လုံးပြာကျသွားတဲ့အထိကို လူတွေက တုံ့ပြန်ချိန်မရှိခဲ့ပါဘူး။

အားကောင်းလှသော ဖီးနစ်ငှက်အော်သံက ကောင်းကင်ထက်သို့ ပဲ့တင်သွားပြီး အားလုံးရဲ့ နားစည်တွေကို တုန်ခါသွားစေခဲ့သည်။ ကူလောင်တောင်ထိပ်က အပူချိန်ဟာ ရုတ်ချည်းမြင့်တက်သွားခဲ့ပြီး မခံမရပ်နိုင်အောင်ပူလောင်လှတဲ့ အပူရှိန်က အားလုံးကိုလွှမ်းခြုံသွားသည်။

တရှိန်ရှိန်တောက်ပသော မီးတောက်အရောင်အလင်းတန်းတစ်ခုက ဂူအတွင်းကနေ လျှပ်ပြက်သလိုထွက်လာပြီး နေတစ်စင်းလိုမျိုးနဲ့ လူတွေရဲ့ခေါင်းပေါ်မှာ ရောက်သွားပါတယ်။

အလင်းတန်းကမှေးမှိန်သွားမှသာလျှင် ကြီးမားခန့်ညားလှသော ငှက်အပေါင်းရဲ့ဘုရင်ကို လူအားလုံးမြင်လိုက်ရပါတယ်။

ငါးထပ်အဆောက်အဦးလောက်ကြီးမားတဲ့ ဒီလိုဖီးနစ်ငှက်ရဲ့ရှေ့မှောက်မှာ ဒီထောင်ချီရှိတဲ့တပ်ဖွဲ့ဟာ အလွန်သေးငယ်လှပါတယ်။

ကြီးမားကျယ်ပြန့်လှသော မီးတောင်ပံတွေက ပိုက်ကွန်တစ်ခုလိုဖြန့်ကျက်ထားပြီး နေရောင်ကိုကွယ်သွားပြီးတော့ တရှိန်ရှိန်တောက်လောင်နေသော မီးတောက်မီးလျှံကိုသာမြင်နေရပါတယ်။

ခန့်ညားလှတဲ့ဖီးနစ်ငှက်မြီးက လေထဲမှာလွင့်နေကာ လှပသောငှက်မွှေးတွေအပေါ်မှာတော့ တောက်ပသောမီးတောက်တွေက တိတ်ဆိတ်စွာတောက်လောင်နေသည်။ ဖီးနစ်ငှက်ရဲ့ လှပသောမီးတောက်တွေကြောင့် လူတွေအားလုံးအမြင်မလွှဲချင်အောင်ဖြစ်နေရသော်လည်း ဒီလှပမှုထဲမှာ အလွန်သေစေနိုင်သောစွမ်းအားတွေ ရှိနေခဲ့ပါတယ်။

"အဆင့်...အဆင့်၈ဖီးနစ်လား...ဒါက အဆင့်၈ဖီးနစ်လား"

လူတိုင်းကြောင်ထွက်နေကြပါတယ်။ ဒါကသူတို့ဘဝမှာ ပထမဆုံးမြင်ဖူးတာဖြစ်သော်လည်း ဒီလိုစွမ်းအားပြင်းပြီး အရှိန်အဝါကောင်းလှတဲ့ မှော်သားရဲက အဆင့်၈ဆိုတာကို သေအောင်ရိုက်သတ်တောင် ယုံစရာမရှိပါဘူး။

ဖီးနစ်ငှက်ပေါ်ထွက်လာတဲ့တစ်ပြိုက်နက် သခင်ဖြစ်သူတွေရဲ့ဘေးမှာရပ်နေကြသော မှော်သားရဲအားလုံး မြေပေါ်လဲပြိုကျသွားကာ ကြောက်ရွံ့မှုကြောင့် အဆက်မပြတ်တုန်ခါနေကြပါတယ်။

"ဒါက ဒဏ္ဍာရီသတ္တဝါပဲ။ ဒီဖီးနစ်ငှက်က ဒဏ္ဍာရီသတ္တဝါတစ်ကောင်ပဲဟေ့"

လူတွေကြားထဲက ဘယ်သူအော်ပြောလိုက်မှန်းမသိပေမယ့် ဒဏ္ဍာရီသတ္တဝါဆိုသောစကားလုံးက လူတိုင်းရဲ့နားဝမှာ မိုးကြိုးပစ်ချလိုက်သလို မြည်ဟီးသွားခဲ့ပါတယ်။

ဒီအချိန်အခါက အိပ်မက်ဆိုးတစ်ခုပဲလို့ အားလုံးတွေးမိလိုက်ကြသည်။ အဆင့်၈ပဲရှိမယ်လို့ သူတို့ထင်ထားခဲ့တဲ့ ဖီးနစ်ငှက်ဟာ ရာဇဝင်ဒဏ္ဍာရီတွေထဲမှာသာ သူတို့ကြားဖူးခဲ့သော ဒဏ္ဍာရီသတ္တဝါအဆင့်ဖြစ်နေမယ်လို့ ဘယ်သူမှ ထင်မထားခဲ့မိကြပါ။

ဒဏ္ဍာရီသတ္တဝါ....

ဒီအဆင့်က အလွန်ရောက်ရှိရန်ခက်လှပေမယ့် လူကြမ်းလူရမ်းတွေကိုတောင် ချီးချမ်းအောင်ကြောက်ရွံ့စေနိုင်သော အလွန့်အလွန်ကိုစွမ်းအားကြီးတဲ့အဆင့်ဖြစ်သည်။

All Chapters