Preface
Vol. 1 Ch. 0.1
( ၁ ) ဝတ္ထုအကြောင်း
ဒီဝတ္ထုက ဘာသာပြန်မဟုတ်ပါ။ ရာနှုန်းပြည့် ကိုယ်တိုင်ရေးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် ကျွန်တော် ကိုးတန်းအရွယ်တုန်းက ဝတ္ထုတစ်အုပ်ရေးဖို့ အကြံရခဲ့တယ်။ ဒါပေမဲ့ အဲဝတ္ထုကိုရေးဖို့ဆိုရင် ကိုယ်ပိုင်ကမ္ဘာတစ်ခုဆောက်မှဖြစ်မယ်။
အဲတော့ အသက် ၁၅ နှစ်အရွယ်ကတည်းက ရိုဒီးနီးယား ( Rodinia ) ဆိုတဲ့ကမ္ဘာကို တီထွင်လိုက် ၊ ဇာတ်လမ်းအကြောင်း စဉ်းစားလိုက် ၊ မှတ်စုတွေ ထုတ်လိုက်နှင့် လုပ်နေခဲ့တာ အသက် ၂၉ နှစ် ( ၂၀၂၃ ခု ) မှာ စာစရေးခဲ့ပြီး ၊ အခု ၃၂ နှစ် ( ၂၀၂၆ ခု ) မှာ ပထမဆုံး ဝတ္ထုဟာ ဆယ်ကြိမ်မြောက် တည်းဖြတ်ခြင်း ( 10th Draft ) နှင့်အတူ ပြီးဆုံးပါတယ်။ ဆိုတော့ ဒီဇာတ်လမ်းကြီးတစ်ခုလုံးကို ၁၄ နှစ်ကြာအောင် တည်ဆောက်ပြီး အကောင်အထည်ဖော်နေတာ ၃ နှစ်ရှိပါပြီ။
ဘာဇာတ်လမ်းမို့ အဲလောက် ကြာနေရတာလဲ။ လောကသစ် စိတ်ကူးယဉ် ( High Fantasy ) + တည်တံ့သိပ္ပံနယ်လွန် ( Hard Sci Fi ) + ဝဠာလွန် ဘယာကာရ ( Cosmic Horror ) + အမိုက်ကျ မှုခင်းစုံထောက် ( Noir ) ဆိုတဲ့ အမျိုးအစား ( Genre ) ကြီးလေးခုကို ပေါင်းရေးထားတာကြောင့်ပါ။ အဲတော့ ဒီအမျိုးအစားတွေအကြောင်း နည်းနည်းပြောကြည့်ရအောင်။
လောကသစ် စိတ်ကူးယဉ် ( High Fantasy ) လို့ပြောထားတဲ့အတွက် လက်ရှိ ဒီကမ္ဘာမဟုတ်တဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုမှာ ဇာတ်လမ်းတည်ထားတယ်။ ဒါကြောင့် သတ္တဝါသစ်တွေ ၊ သစ်ပင်ပန်းမန် အသစ်တွေ ၊ ယဉ်ကျေးမှုအဆန်းတွေ ၊ လူမျိုးကွဲတွေ ၊ ကိုယ်ပိုင်သမိုင်းနှင့် ခေတ်ကြီးအဆက်ဆက် အကြောင်းတွေ ၊ Hard Magic System နှင့် တခြား Power System တွေ ၊ ကိုယ်ပိုင်ကမ္ဘာ့မြေပုံနှင့် ဒီကမ္ဘာထဲမှာ ဖြစ်နေတဲ့နိုင်ငံရေးတွေ စသည်ဖြင့် မျိုးစုံအောင်ပါမယ်ပေါ့။
တည်တံ့သိပ္ပံနယ်လွန် ( Hard Sci Fi ) လို့ဆိုထားတဲ့အတွက် ဒီဝတ္ထုမှာတွေ့ရမဲ့ စိတ်ကူးယဉ်အရာတွေက ရိုးရိုးစိတ်ကူးယဉ်ထားရုံတင်မကဘဲ နောက်ကနေ သိပ္ပံနှင့်ပါ ထောက်ထားတယ်ပေါ့ဗျာ။ အခုဝတ္ထုမှာ သိပ်မသိသာပေမဲ့ နောက်ပိုင်းဝတ္ထုတွေရောက်ရင် အဆင့်မြင့် Theoretical Physics တွေ ၊ ဇီဝကမ္မဖြစ်စဉ်တွေ ၊ ဂေဟစနစ်တွေထိ ပါလာလိမ့်မယ်။
ဝဠာလွန် ဘယာကာရ ( Cosmic Horror ) ပါဝင်မှာဖြစ်တဲ့အတွက် Lovecraftian Horror တွေလို လောကရဲ့ ဖြစ်တည်မှုကို ခြယ်လှယ် ( Reality Manipulation ) နိုင်တဲ့ အရာတွေ ၊ ရူးသွပ်မှုတွေ ၊ ကိုယ်မသိတဲ့အရာကို ကြောက်ရွံ့မှုတွေ ( Fear of Unknown ) နှင့် စကြဝဠာအဆင့်မှာ လူသားတွေ အရာမရောက်တဲ့ အကြောင်းတွေ ပါမယ်ဗျာ။ ဒါပေမဲ့ စာရေးဆရာ H P Lovecraft ရဲ့ Cthulhu Mythos ကို တိုက်ရိုက်ကူးချထားတာ မဟုတ်ပါဘူး။ ကိုယ်ပိုင် Cosmic Horror ၊ ကိုယ်ပိုင် Lore ပါ။ Cosmic Horror အပိုင်းတွေက ဇာတ်လမ်းအတွက် အရေးကြီးပေမဲ့ အမြဲတမ်းပါမှာ မဟုတ်တော့ အဲဒါကိုပဲ ကြိုက်လို့ ဖတ်မယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ အခုပထမစာအုပ်မှာဆိုရင် Cosmic Horror နှင့်ပတ်သက်တာဆိုလို့ အစပျိုးထားတာ နည်းနည်းလေးပဲပါတယ်။ နောက်ပိုင်းရောက်လာမှ ဒီကောင်ကြီးက တအားထကြမ်းမဲ့ပုံစံမျိုး သွားထားတာပေါ့။
အမိုက်ကျ မှုခင်းစုံထောက် ( Noir ) ဆိုတာနှင့်အညီ ဒီဝတ္ထုမှာ မှုခင်းတွေ ၊ စုံထောက်တွေ ပါမယ်။ ဒါပေမဲ့ ထူးသွားတာက သာမန်ဖတ်နေကျ စုံထောက်ဇာတ်လမ်းတွေနှင့် တူမှာမဟုတ်ဘဲ Noir ဆန်ဆန် အကျက်သရေ ဝန်းကျင် ( Gritty Atmosphere ) တွေ ၊ ပျက်ယွင်းမှု ( Corruption ) တွေ ၊ သံသယဝါဒီ အဆိုးမြင်ရှုထောင့် ( Cynicism ) တွေဘက် အဓိကရောက်ပါလိမ့်မယ်။
( ၂ ) ဝတ္ထုရဲ့အရှည်
ဇာတ်လမ်းတစ်ခုလုံးဆိုရင် တော်တော်ရှည်တယ်ဗျ။ အစအဆုံးကို စာအုပ် ၊ ဘောပင်နှင့် တစ်ခါအကြမ်းရေး ( First Draft ) ကြည့်တော့ စုစုပေါင်း စာလုံးရေ ၁၃ သိန်း ( 1.3 million ) တောင်ရှိတယ်။ မြင်အောင်ပြောရရင် စစ်နှင့် ငြိမ်းချမ်းရေး ( War & Peace ) ထက် နှစ်ဆကျော်ကျော်လောက် ကြီးမယ်နှင့်တူတယ်။ အခု အချောပြန်ရေးနေတာ အဲသည်ထက်တောင် ပိုများနေတယ်။
ဒါပေမဲ့ ပထမတစ်ခါရေးအပြီးမှာ ဒီဇာတ်လမ်းကြီးကို အပိုင်းပေါင်း ၁၃ ပိုင်း ပိုင်းပစ်လိုက်လို့ ရတယ်ဆိုတာကို သွားတွေ့တယ်။ အဲတော့ အခု “Orumerix - Reign of Azagana” ဆိုတဲ့ ပထမဝတ္ထုက ဇာတ်လမ်းကြီး တစ်ခုလုံးရဲ့ ( ၁၃ ) ပုံ ပုံရင် ( ၁ ) ပုံပဲရှိပါသေးတယ်။ အဲ ပထမဝတ္ထုကိုက စာလုံးရေ တစ်သိန်းရှစ်သောင်းကျော် ( 180k words )။ မြင်အောင်ပြောရမယ်ဆိုလျှင် စာမျက်နှာ ၇၅၀ ဝန်းကျင်ပါ။
ပြီးလျှင်တော့ အဲသည်စာအုပ်လောက်နီးနီး ၊ ဒါမှမဟုတ် သည်ထက်ပိုထူနိုင်တဲ့ နောက်ထပ် ( ၁၂ ) အုပ်ကျန်ပါသေးတယ်။ ခင်ဗျား ( စာဖတ်သူ ) နှင့် ၊ ကျွန်တော် ( စာရေးသူ ) ဟာ နောက်ထပ် ဆယ်စုနှစ် တစ်ခုစာနီးပါးကိုး အတူတူခရီးသွားရဦးမှာပါ။
( ၃ ) ပြီးအောင်ရေးနိုင်ပါ့မလား
ကျွန်တော်က စာရေးမြန်တဲ့အထဲ ပါတယ်။ ပြီးတော့ အကြမ်းတစ်ခါ ရေးထားပြီးတဲ့ပြင် ၊ ၁၄ နှစ်လုံးလုံး သည်ကမ္ဘာကို ဖန်တီးလာလို့ ဇာတ်လမ်းတစ်ခုလုံး သွားပုံလာပုံတွေ အားလုံးသိနေတဲ့အတွက် ဘာဆက်ရေးရမှန်း မသိတော့လို့ တစ်နေတာ ၊ ပိတ်နေတာမျိုးတွေတော့ မဖြစ်ပါဘူး။
ဒါပေမဲ့လည်း တပ်အပ်တော့ မပြောနိုင်ဘူးဗျ။ ၂၀၂၄ လောက်က ကျွန်တော့်ကို ဒီမေးခွန်းလာမေးခဲ့ရင် ၇ နှစ်အတွင်း အားလုံးအပြီးရေးပြမယ် လို့ပြောမှာ။ ဒါပေမဲ့ ကျွန်တော်က မန္တလေးသား။ ၂၀၂၅ ခု ၊ မတ်လ ၂၈ ရက်နေ့က လှုပ်သွားခဲ့တဲ့ ၇.၇ ငလျင်ကို နဖူးတွေ့ ဒူးတွေ့ တွေ့ပြီးနောက်ပိုင်းမှာ ၊ အချိန်မရွေး ဖျတ်ခနဲ သေသွားနိုင်တာကို လက်တွေ့မြင်ပြီး ဘာမျှအာမ မခံရဲတော့ဘူး။ အဲတော့ မသေသေးသရွေ့ ဆက်ရေးနေမယ် ။ ဒါထက် ပိုမပြောရဲတော့ဘူး။ သေချာတာကတော့ George R. R. Martin လို မလုပ်ဘူးဗျာ။
( ၄ ) ဒီဝတ္ထုကနေ စာဖတ်သူကို ဘာပေးချင်သလဲ
ဘာမျှ မပေးချင်ပါဘူး။ ယူစရာရှိတယ်ထင်ရင် ယူတတ်သလိုယူကြပါ ။ ယူစရာမရှိတော့လည်း အပျော်ဖတ်ပေါ့။
( ၅ ) ဒီစာအုပ်ကိုဖတ်ဖို့ ကန့်သတ်ချက်တွေ ရှိလား
၁၈ နှစ်အောက် မဖတ်သင့်ပါဘူး။ ပြီးတော့ ကိုယ်ပိုင် ဆင်ခြင်နိုင်စွမ်းမရှိဘဲ ရေးထားသမျှ ၊ ဇာတ်ကောင် ပြောသမျှ ၊ ဇာတ်ကောင်တွေးသမျှ အကုန်ပစ်ယုံမဲ့သူတွေ လုံးဝ မဖတ်သင့်ပါဘူး။
( ၆ ) အရေးအသားပိုင်းအကြောင်း တစေ့တစောင်း
ကျွန်တော့်စကားပြေမှာ တိမ်ကောသွားပြီဖြစ်တဲ့ အသုံးအနှုန်းလေးတွေပါ ပါတယ်။ ဖတ်တော့မှ အစိမ်းကြီးတွေ့လိုက်ရရင် ကြောင်သွားနိုင်တာကြောင့် အခုကတည်းက လေ့လာသွားလိုက်ပါ။
သရော် ။ ။ “သရော်” ဆိုတဲ့စကားလုံးမြင်ရင် Satire ဆိုတဲ့ ကြိယာ အသုံးအနှုန်းကို ချက်ချင်းမြင်မိကြမှာပါ။ ဒါပေမဲ့ “သရော်” ကို ပစ္စည်း အနေနှင့် သုံးရပါသေးတယ်။ အဲသည်လို သုံးရင် “သရော်” က “သောအခါ” နှင့် အနက်ချင်းတူပါတယ်။ ဥပမာ လွန်လေပြီးသောအခါ ၊ လွန်လေပြီးသရော်။
ကြိုက် ။ ။ “ကြိုက်” ကို မြင်လျှင်လည်း ကြိယာ အသုံးဖြစ်တဲ့ “နှစ်သက်သည်” ကို သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ “ကြိုက်” ကို သမ္ဗန္ဓ အနေနှင့် မြင်ဖူးသူ ရှားလောက်ပါတယ်။ “ကြိုက်” ကို သမ္ဗန္ဓ အနေနှင့်သုံးရင် တစ်ချိန်တည်း ၊ တစ်ပြိုင်တည်း ဖြစ်ရာကိုပြတဲ့ “စဉ်” တို့ “ခိုက်” တို့နှင့် အဓိပ္ပာယ်တူပါတယ်။ ဥပမာ - ကျွန်တော်နှင့် လူနှစ်ယောက် ရန်ဖြစ်နေကြသည်။ ကျွန်တော်သည် မိမိထံ ပြေးဝင်လာသောသူ၏ ရင်ဝကို ခြေထောက်နှင့်ဆောင့်ကန်ပစ်လိုက်ရာ ထိုသူမှာ လမ်းမပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားသဖြင့် ၊ ယင်း၏ မျက်နှာကို တက်နင်းရန် ခွါထူဖိနပ်ကို ကြွလေ “ကြိုက်” နောက်စေ့နေရာက ဝှီးခနဲအသံတစ်သံ ထွက်လာသည်သာမက ၊ ဆံပင်အား လေတိုးလာသည့် ခံစားချက်တစ်ခုကိုပါ ရလိုက်သောကြောင့် လှည့်ကြည့်လိုက်သည့်အခါ ၊ ကျန်သူတစ်ယောက်၏ သံချွန်များစိုက်ထားသော ဝါးရင်းတုတ်ဖျားက ကျွန်တော့်မျက်နှာတည့်တည့်သို့ ပြေးဝင်လာလေပြီ။
ချင်း ။ ။ “ချင်း” ဆိုတာနှင့် “ချင်းပြည်နယ် ၊ ချင်းလူမျိုး” ကို သွားမြင်ကြလောက်မှာပါ။ ဒါပေမဲ့ “ချင်း” ကို နာမ်စား အနေနှင့်လည်း သုံးရပါသေးတယ်။ ဥပမာ သင်းကတော့ လုပ်ပြီကွာ ၊ ချင်းကတော့ လုပ်ပြီကွာ။
သူ(မ) ။ ။ “သူမ” ဆိုတဲ့အသုံးကို တော်တော်များများ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မြန်မာစာမှာ “သူမ” ဆိုတာမရှိပါဘူး။ “သူ” ပဲရှိပါတယ်။ သို့လင့်ကစား “မ” တစ်လုံး ထည့်လိုက်ရုံနှင့် အထီးနှင့်အမ ကွဲတော့ နားလည်ရ လွယ်နေပြန်တယ်။ အဲသည်တော့ ကျွန်တော်က ရေးထုံးကိုလည်း မပယ်ချင် ၊ နားလည်လည်း လွယ်စေချင်တော့ “မ” ကို ကွင်းခတ်ပါမယ် ။ ဆိုတော့ “သူ(မ)” ပါ။
ဘာဖြစ်လို့ တိမ်ကော သွားပြီဖြစ်တဲ့ အသုံးအနှုန်းတွေကို ပြန်ဖော်ချင်နေရတာလဲ။ အဓိကကတော့ The Lord of the Rings ကြောင့်ပါ။
ကျွန်တော် ပထမဆုံး The Lord of the Rings ကို ဖတ်ကြည့်တုန်းက အသက် ၂၁ နှစ်တုန်းကပေါ့။ အဲတုန်းက J.R.R Tolkien ရေးထားတဲ့ အရေးအသားက အရမ်းရှေးကျတဲ့ အင်္ဂလိပ်တွေဖြစ်လို့ မဖတ်တတ်ခဲ့ဘူး။ “ဒီဘဲ လူနားမလည်အောင် လျှောက်ရေးထားတယ်” လို့တွေးပြီးတော့ကိုး ဒေါသတကြီးနှင့် ဆက်မဖတ်ဘဲ နေခဲ့မိတယ်။
ဒါပေမဲ့ အသက် ၂၈ နှစ်ရောက်တော့ အဲစာအုပ်ကို ပြန်ကိုင်ဖြစ်သွားပြီး ဒီအခါမှာတော့ သူ့စာကိုဖတ်နေရင်းနှင့် Tolkien ဟာ ဘာကြောင့် ဒါမျိုးအရေးအသားကို အသုံးပြုထားတာလဲဆိုတာကိုပါ သဘောပေါက်လာခဲ့တယ်။
အဓိကကတော့ သူ့အရေးအသားကို ဖတ်လိုက်ရတာနှင့် ဒီစာက အခုခေတ်က စာမဟုတ်ဘဲ ၊ သူ့ကမ္ဘာ Middle Earth ထဲက စာလိုမျိုး ဖြစ်နေအောင်ကိုး လုပ်ထားတာဗျ။ နည်းစနစ်ပိုင်းဆိုင်ရာ ရှုထောင့်နှင့်ပြောရရင် သူ့ အရေးအသား ( Prose ) ကိုယ်တိုင်က သူ့ကမ္ဘာတည် ( Worldbuilding ) ခြင်းပဲ။
ဒီ အယူအဆကို သိပ်ကြိုက်ခဲ့တယ်။ သူ့လိုပဲ ကျွန်တော့်ကမ္ဘာ ရိုဒီးနီးယားရဲ့ ပဲ့တင်သံတွေကလည်း ခင်ဗျားတို့ စာဖတ်သူတွေရဲ့ ရင်ထဲကို လာပြီး ရိုက်နေစေချင်တယ်။ ဒါကြောင့် Tolkien ရဲ့အရေးအသားမျိုးကို မြန်မာလို လုပ်ကြည့်ချင်လာတယ်။ တိုက်ရိုက်ဘာသာပြန်တာ မဟုတ်ဘူးနော်။
အဲမှာပဲ Tolkien ကို အတုယူပြီး သူက အဲလို အရေးအသားတွေရလာအောင် ဘယ်လိုများ ဖန်တီးခဲ့သလဲဆိုတာတွေပါ အသေးစိတ်လိုက်ပြီး လေ့လာကြည့်တဲ့အခါမှာ ၊ Tolkien ရဲ့ အရေးအသားတွေက ရှေးအင်္ဂလိပ် ကဗျာကြီး Beowulf ရယ် ၊ ဖင်လန် ဒဏ္ဍာရီ Kalevala ရယ် နှင့် Norse Saga တွေကနေ တိုက်ရိုက်ဆင်းသက်တာလာကို သွားတွေ့တယ်။
ဥပမာ လီဂိုးလက်(စ်) ( Legolas ) ဟာ သီအိုဒန် ( Théoden ) ဘုရင်ရဲ့ Meduseld , Golden Hall ကို
“The light of it shines far over the land”
လို့ မှတ်ချက်ပြုခဲ့တာမျိုးပေါ့။ အဲ Dialogue က Beowulf ကနေ တိုက်ရိုက်လာတာပါ။
ဆိုတော့ကား Tolkien တောင် ရှေးအင်္ဂလိပ်ကဗျာကြီးတွေ ၊ ဖင်လန် ဒဏ္ဍာရီတွေနှင့် နော့(စ်) Epic တွေက အရေးအသားတွေကို သူ့ဝတ္ထုမှာ ထည့်သုံးခဲ့ရင် ကျွန်တော်ကလည်း ပါဠိတွေ ၊ တိမ်ကောသွားတဲ့ အသုံးအနှုန်းတွေ ၊ ဝါကျအရှည်ကြီးတွေ ၊ ကိုးခန်းပျို့လို ကဗျာရှည်ကြီးတွေမှာပဲရှိခဲ့တဲ့ စာလုံးတွေကို ပြန်အသက်သွင်းပြီး အရေးအသားတစ်ခု တည်ဆောက်မယ်လို့ အကြံရခဲ့တယ်။
ရည်ရွယ်ချက်က တစ်ခုတည်းပါ။ ကျွန်တော်ဖန်တီးလိုက်တဲ့ အရေးအသားကိုယ်တိုင်က ကျွန်တော်ရဲ့ ကမ္ဘာတည် ( Worldbuilding ) မှု တစ်ခုဖြစ်နေရမယ်။
( ၇ ) ကိုယ်ပိုင်တီထွင်ထားတဲ့ စကားလုံးသစ်တွေ
ဒီဝတ္ထုထဲမှာ မြန်မာစာအဖွဲ့က အသိအမှတ်ပြုမထားတဲ့ ဝေါဟာရ အသစ်တွေ ပါပါမယ်။ အဓိကကတော့ အင်္ဂလိပ်စာလုံးတွေကို မြန်မာလို တိုက်ရိုက်မွေးစားပြီး ခေါ်ဝေါ်နေရတာထက် ကိုယ်ပိုင်ဝေါဟာရအသစ်တွေ ရှိထားချင်လို့ပါ။ ဥပမာ -
Quantum Mechanics ကို “ကွမ်တမ် မက္ကင်းနစ်” လို့ တိုက်ရိုက် မွေးစားပြီးမခေါ်ဘဲ “အဏုသိင်္ခပမာဏ သဘောတရား” လို့ ကိုယ့်ဘာသာ ခေါ်လိုက်တယ်။ “အဏု” ဆိုတာ အရမ်းသေးတာကိုပြောတာ ။ “သိင်္ခ” က ပါဠိစကား “သိခါ” ကလာပြီး သျှောင်တို့ ၊ ဦးချွန်တို့ ၊ အထွတ်အထိပ်တို့ စသည်ဖြင့် ထိပ်မှာ အစွန်မှာရှိတာကို ဆိုလိုတာပေါ့။ “ပမာဏ” ကိုတော့ သိပြီးဖြစ်မှာပါ။ စကားလုံးတွေကို စုပေါင်းလိုက်တော့ အစွန်းဆုံးထိ သေးငယ်တဲ့ ပမာဏတွေကို လေ့လာတဲ့ ပညာ။ ဤပမာဏမှာ စွမ်းအင်တွေ အလုပ်လုပ်ပုံ သဘောတရားလို့ ဖြစ်လာတာပေါ့။
စစချင်း “အဏုပမာဏ သဘောတရား” လောက်လုပ်မလို့ပဲ။ ဒါပေမဲ့ သတ်ပုံကျမ်းနှင့် အဘိဓာန်ချုပ်မှာက Atom ကို အဏု“မြူ” လို့ဖွင့်ဆို ထားပြီးပြီဆိုတော့ Quantum မှာ “သိင်္ခ” ကို ထည့်ချင်လာတယ်။ ပြီးတော့ Quantum ကို “စမွှား” လို့လည်း ခေါ်ကြသေးတယ်။ အရှင်းဆုံးပြောရရင် ကျွန်တော်ကတော့ မကြိုက်ဘူး။ “အဏုသိင်္ခပမာဏ” က ခမ်းခမ်းနားနား ရှိတဲ့ပြင် “ခ” နှင့် “ဏ” ကပါ ကာရန်မိတာဆိုတော့ ကိုယ်တီထွင်ထားတာကိုပဲ ကိုယ်သုံးမယ်။
အင်္ဂလိပ်မှာလည်း Quantum တွေ ၊ Quanta တွေက လက်တင်ရဲ့ Quantus ကဆင်းသက်ပြီး Quantus ရဲ့အဓိပ္ပာယ်ကလည်း “ပမာဏ” ဆိုတဲ့ အနက်နှင့် စပ်လျဉ်းနေတော့ မူရင်းကို ပြန်ခြုံငုံမိတယ်လေ။
ဒီဝေါဟာရတွေက ရူပဗေဒပညာရှင်တွေ ပေးထားတဲ့ တရားဝင်နာမည် မဟုတ်သလို မြန်မာစာအဖွဲ့ကလည်း အသိအမှတ်ပြုမထားပါဘူး။ ဒါပေမဲ့ ကျွန်တော့် ဇာတ်လမ်းမှာတော့ ဒီလိုပဲသုံးမယ်ဗျ။
( ၈ ) ဝတ္ထုအမည်ရဲ့ အဓိပ္ပာယ်က ဘာလဲ
အိုရူမီးရစ်(စ်) ( Orumerix ) ဆိုတာက ကျွန်တော် ကိုယ်ပိုင်တီထွင်ထားတဲ့ စိတ်ကူးယဉ် ဘာသာစကား ( Conlang ) နှင့်ပေးထားတဲ့ နာမည်ပါ။ အဓိပ္ပာယ်ဖွင့်ရရင် အိုရူ ( Oru ) ဆိုတာက အမြီး ၊ မီး ( me ) က ဝါးမျိုခြင်း နှင့် ရစ်(စ်) ( rix ) ဆိုတာက ပြုလုပ်သူ ၊ အားလုံးကို ပေါင်းတော့ အင်္ဂလိပ်လို Tail Devourer ၊ မြန်မာလို “အမြီးကိုဝါးမျိုသူ” လို့ထွက်တာပေါ့။ မြွေတစ်ကောင် ( သို့မဟုတ် ) နဂါးတစ်ကောင်က သူ့အမြီးသူ ပြန်မျိုနေပြီး စက်ဝိုင်းသဏ္ဌာန်ဖြစ်နေတာကို ဆိုလိုပါတယ်။ လွယ်လွယ်မှတ်ရင်တော့ “မွေးဖွားခြင်းနှင့် သေဆုံးခြင်း” ၊ “မပြီးဆုံးနိုင်တဲ့ သံသရာ” ၊ “ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း” ပေါ့။
( ၉ ) နောက်ဆုံးအနေနှင့် စာဖတ်ပရိသတ်ကို ပြောချင်တာက
စာအုပ်တွေက ပြတင်းပေါက်တွေနှင့်တူတယ်လို့ ပြောကြတယ်။ လူ့စိတ်တံခါးကို ဖွင့်ပေးတာ ဘာညာသာရကာပေါ့။ ကျွန်တော်ကတော့ ခင်ဗျားကို ကျွန်တော့်ကမ္ဘာထဲမှာ နစ်ဝင်နေစေချင်တယ်။ အဲသည်တော့ … အိုရူမီးရစ်(စ်) ကနေ ကြိုဆိုပါတယ်ပေါ့ဗျာ။ ။
*************
မာတိကာ
Prologue : The Shattering
Chapter 1 : Ashen Village
Chapter 2 : The Latent Storm
Chapter 3 : Shady Problems
Chapter 4 : A Knight with Six Broken Sigils
Chapter 5 : Silk Veil , Emerald Couch , Besotted Palace
Chapter 6 : Beauty and the Corpse
Chapter 7 : Healer or Murderer
Chapter 8 : Quantum Tunneling to Divinity
Chapter 9 : Rod of Asclepius
Chapter 10 : Moonlit Petal under Astral Chains
Chapter 11 : Interlude : Queen of the Besotted Palace
Chapter 12 : Acceptance
Chapter 13 : Declaration of Geneva
Chapter 14 : Phantasma of the Deep
Chapter 15 : Ra , The Blessing of Mayhan - Herasu
Chapter 16 : Prince & Prisoners
Chapter 17 : The Revelations
Chapter 18 : Gaiadransil , The Daughter of Nirin
Chapter 19 : Reforging the Dragon Spirit
Chapter 20 : Hunt or be Hunted Part I
Chapter 21 : Hunt or be Hunted Part II
Chapter 22 : Journey to the Summit
Chapter 23 : Doppelgänger
Chapter 24 : Mysterios Luthos
Chapter 25 : Interlude : Looming Twilight
Chapter 26 : A Fleeting Peace
Chapter 27 : Abyssal Awakening
Chapter 28 : Interlude : Scarlet and Obsidian
Chapter 29 : Lunalasca , The Goddess of Sky
Epilogue : Hayrin - Irasu , The Goddess of Sorcery