ရိုဒီးနီးယား။ သေမျိုးတို့အား ဒေဝတာတို့က တိုက်ရိုက်စိုးစံနေသည့်ကာလ၊ အမှန်တရားဟူသည့် မြူမှုန်အား ဖွေနှည်ဆုပ်ကိုင်လေတိုင်း လက်သွယ်ကြားက လျှောထွက်နေသည့် သမယ၌ သိမ်မွေ့ညက်ညောသော မျှခြေတစ်ခု ဆိတ်သုဉ်းသွားသည့်အခါဝယ် နတ်လူအပေါင်း ခညောင်းလေသော မဟာစစ်ပွဲကြီး တစ်ရပ်မှာ အဟုန်ပြင်းစွာ စတင်လာလေ၏။ ထိုစစ်ကြီးကား ခင်ပွန်းသည်တို့၏ ခေါင်းကိုဖြတ်၏။ ယင်းစစ်ကြီးကား ဇနီးသည်တို့၏ ဗိုက်ကိုဖွင့်၏။ ၎င်းစစ်ကြီးကား သားသမီးငယ်တို့၏ မျက်လုံးများကို ဖောက်ယူလျက် သည်မြေမဟီတစ်ခုလုံးကို လောင်မီးအလျှံညီးစေ၏။ တစ်ချိန်တည်းမှာပင် ပမဇ္ဇနာ မေ့လျော့မှုများနှင့် ဝိပုလတ္တ မျက်ကွယ်ပြုခြင်းတို့သာ ဥဿုံလွှမ်းခြုံလေသော အဟိတ်တလင်းပြင်က အဓိမတ္တမိစ္ဆာမှာလည်း တဖြည်းနှင့် တဖြည်း၊ တစ်သွယ်နှင့် တစ်သွယ်၊ တစ်လွှာနှင့် တစ်လွှာ ရုန်းကြွကာ နိုးထလာလေသရော်၊ အနှီလောက၏ အနာဂတ်သည်ကား ညဉ့်ထက်မိုက်သည့် အမှောင်ထုတစ်ခုသာ။ ထိုအမှောင်ထုကို ခွင်းမည့်အလင်းရောင်မှာ မည်သည့်နေရာ၌ တည်ရှိနေပါသနည်း။ အကြင် အလင်းရောင်ကို ရှာကြဦးမည်လော၊ သို့မဟုတ် အမှောင်ထုထဲမှာပင် အသားကျအောင် နေသွားကြတော့မည်လော။ ဤသည်ကား ဓားသွားနှင့် လှံဖျားတို့ သွေးသောက်ကြမည့် ကာလ။ ဤသည်ကား လူပျော့နှင့် သူညံ့တို့ကို သုတ်သင်မည့် သမယ။ ဤသည်ကား ကမ်းကုန်အောင်ရူးပြီး၊ ယမ်းကုန်အောင် သတ်ကြမည့် အခါတော်။

