← Chapters

Mysterios Luthos

Vol. 1 Ch. 24

Mysterios Luthos

Vol. 1 Ch. 24

အဆင့် ၁

လီယိုနာ့ဒ်တို့အားလုံး ဓာတ်လှေကားရှိရာနံရံသို့ ပြေးကြသည် ။ ထို့နောက် ဆိုရင်း(န်)က တံခါးဖွင့်ရန် ဂါထာကို ရွတ်လေသရော် ၊ ဓာတ်လှေကားကို ကွယ်ဝှက်ထားသော နံရံကြီးမှာ တဖြည်းဖြည်းနှင့်အိကျလာပြီး ၊ ထိုကြိုက် “ဒုန်း … ဒုန်း … ဒုန်း” ဟူသည့် ခြေနင်းသံကြီးမှာလည်း သူတို့နောက်မှ ထွက်ပေါ်လာသည်နှင့်အတူ ဥမင်ကြမ်းပြင်မှာလည်း တသိမ့်သိမ့်ခါလာလေသည် ။ နံရံကြီးမှာကား ပျင်းရိလေးတွဲ့စွာဖြင့် အောက်ကျနေဆဲ ။ လိုဏ်ခေါင်းကြီး တစ်ခုလုံးလည်း ရွှေရောင်တစ်လှည့် အနက်ရောင်တစ်လှည့် ပြောင်းနေဆဲ ။ ၎င်း၏ကြမ်းပြင် ၊ မျက်နှာကြက်နှင့် နံရံများက နတ်ဘုရား အက္ခရာများမှာလည်း လင်းလက်နေကြဆဲ ။ ထိုအခိုက်

“ဂါး …”

ဟူသည့် ပဲ့တင်သံများစွက်နေသော ရင်ခေါင်းသံကြီးမှာ ပိုမိုကျယ်လောင်လာသည့်ပြင် ခြေသံကြီးများမှာလည်းပိုစိပ်လာ သောကြောင့် လီယိုနာ့ဒ်က

“ဆိုရင်း(န်) ဒါကိုစောင့်နေလို့ရတော့ဘူး ။ တခြားလမ်းရှိလား”

“မရှိဘူးလေ … တခြားလမ်းဆို ရှေ့တည့်တည့်က တံခါးကြီးကိုးချပ်ကို ဖြတ်ရမှာ ။ အဲတံခါးတွေပွင့်တာက ဒါထက်တောင် ပိုကြာဦးမယ်”

“အမြန်ဝင်လို့ရတဲ့ အခန်းတွေဘာတွေ မရှိဘူးလား ။ ဒီနားကျဉ်းကျဉ်းလေးမှာ အကုန်သေကုန်မယ်”

ထိုအခါ သူ(မ)မှာ ခေါင်းဆောင်းဦးထုပ်လေးအား ပွတ်နေလျက် အကြည့်တို့ကို ဘေးဘီဝဲယာအား တစ်ချက်မျှ ဝှေ့ယမ်းလိုက်လေသည် ။ ပြီးနောက် မျက်လုံးများဝင်းလက်လာလေ၏ ။

“ငါတစ်နေရာ စဉ်းစားမိပြီ ။ အဲသည်ထဲ ဝင်သွားရင်တော့ ဖြစ်နိုင်တယ် ။ ဒါပေမဲ့ အဲဒါက အထွက်လမ်းတော့မဟုတ်ဘူး … ပိရမစ်ကြီးရဲ့ အနက်ဆုံး အပိုင်းထဲရောက်သွားလိမ့်မယ် … လိုက်ခဲ့”

စကားဆုံးသည်နှင့် သူ(မ)သည် ယခုနေရာ၏ ဆန့်ကျင်ဘက် ဥမင်အတွင်းသို့ ချိုးကွေ့သွားဖြင့် သူလည်း လေဒီ ဆယ်ဖီးနီး၏ လက်ကိုဆွဲလျက် ၎င်းလေး၏နောက်သို့ လိုက်ရပြီး ၊ ယခုရောက်နေသော ဥမင်ကြီးမှာကား ရှည်လျားလွန်းလှသည့်အလျောက် ရှေ့တည့်တည့်က ထွက်ပေါက်ကိုပင် လှမ်းမမြင်ရဘဲ စတုရန်းသဏ္ဌာန် လိုဏ်ခေါင်းကြီးတစ်ခုသာ မျက်စိတစ်ဆုံး ဖြောင့်တန်းနေသည်ကို တွေ့ရလေသည် ။

သို့သော် သူတို့သည် လိုဏ်ဂူကြီး၏အဆုံးထိ မသွားဘဲ ၊ တအောင့်မျှ ကြာအောင် ပြေးပြီးသည့်အခါ ဆိုရင်း(န်)က ဤဥမင်၏နံရံရှေ့တစ်နေရာတွင် ရပ်၍ လက်ညှိုးညွန်လိုက်လေ၏။ ယင်းနောက် ဂါထာရွတ်ရန် ပါးစပ်ဟနေခိုက်၊ ဥမင်ထိပ်ဝ၌ Mysterios Luthos ၏အရိပ်ကြီးပေါ်လာသောကြောင့် သူ(မ)မှာ အားခနဲထအော်လေ၏ ။ ထိုသတ္တဝါကြီးမှာ သူတို့ရှိရာသို့ ပြေးဝင်လာလေပြီ ။

ထိုအခါ သူက လေဒီ ဆယ်ဖီးနီး၏ ရှေ့က ကာရပ်လိုက်၍ ညာလက်ဖျံကို ခါထုတ်လတ်သော် နှစ်ပေပတ်လည်မျှ ကျယ်သော ဒိုင်းဝိုင်းတစ်ခု ဆန့်ထွက်လာလေသည် ။ ယခုအခါမှာ ပေါ့ပါးသွက်လက်နေရမည် ဖြစ်သောကြောင့် လူတစ်ကိုယ်လုံး ဖုံးသည့်ဒိုင်းအဆင့်ထိ ဖြန့်ထုတ်ရန် မလိုသေး ။

“ဆိုရင်း(န်) … ဖွင့် … ငါတားထားမယ်”

ဟုဆိုပြီးနောက် ရှေ့သို့ငါးပေမျှ တိုးလေရာ၌ ၊ ပြေးလာသောဘီလူးကြီးက ယန္တရားဓားကြီးနှစ်လက်လုံးဖြင့် ဒေါင်လိုက်မိုးခုတ်ချသဖြင့် သူလည်း ၎င်းကြီး၏ ညာဘေးသို့ ခြေလှမ်းကျဲကျဲဖြင့် တိမ်းပေးလိုက်လေ၏။ ဤအခါ ၎င်းကြီး၏ညာဘက်ပခုံးပေါ်က လက်ပိုတစ်ဖက်က ငွေလက်သည်းများဖြင့် သူ့မျက်နှာကို လှမ်းကုတ်၏ ။ ထိုကုတ်ချက်ကိုလည်း ဒိုင်းနှင့်ကာ၏ ။

“ထန်း … ရှီး”

သတ္တုများအချင်း ပွတ်ဆွဲသံတို့နှင့်အတူ ပင့်ကာလိုက်သော သူ့လက်ဖျံပင် နင့်ခနဲ အောင့်သွား၏ ။ တစ်ချိန်တည်းမှာပင် ချင်းကြီး၏ နံကြားက လက်ပိုတစ်ဖက်က သူ့ဗိုက်ကို ဖွင့်ချပစ်ရန် လက်သည်းများဖြင့် အလျားလိုက် လှမ်းဖြဲသည့်အခါ ၊ သူ့ရင်တွင်း ထိတ်ခနဲဖြစ်ကာ နောက်သို့ ခုန်ဆုတ်ပါသော်ငြား ခြေကြွလိုက်သည်နှင့် ဗိုက်နေရာ၌ စူးမျက်သွားသည့် ခံစားချက်က ဆင့်ဝင်လာ၏ ။ အောက်ငုံ့ကြည့်သော် ဗိုက်အောက်ပိုင်း၌ သွေးများက တရဲရဲ ။ ရှပ်ထိသွားလေပြီ ။

“လီယိုနာ့ဒ်ကြီး … တံခါးပွင့်ပြီ လာတော့”

ပြောပြောဆိုဆို ဥမင်နံရံဘေးမှာ အပေါက်ငယ်တစ်ခုပွင့်သွား၍ ၊ ယင်းအတွင်းသို့ ဆိုရင်း(န်)နှင့် ဟက်(စ်)တန်တို့က ဆင်းပြေးကြလင့်ကစား လေဒီ ဆယ်ဖီးနီးကမူ ငူငူကြီးရပ်နေဆဲ ။

“မလေဒီ … ပြေး”

ဟုအော်လိုက်သောအခါမှ သူ(မ)မှာ ဂါဝန်ကိုမလျက် ဆင်းပြေးသဖြင့် ၊ လီယိုနာ့ဒ်လည်း သူ(မ)နောက်သို့ လိုက်ရလေသည် ။

ယခုရောက်နေသည့်နေရာကား အဆင်းဥမင်တစ်ခုဖြစ်ပြီး ယခင်ဥမင်ထက် ပိုကျဉ်းသွားသောကြောင့် Mysterios Luthos ကြီးမှာ ဝင်မရတော့ ။ အထူးသဖြင့် ဘေးနံရံများမှာ ပိုကျဉ်းနေရကား အနှီဘီလူးကြီးမှာ နံရံနှစ်ဖက်ကို ဓားကြီးနှစ်လက်ဖြင့် ခုတ်ကာ ချဲ့ထွင်လျက် သူတို့နောက်မှ ထက်ကြပ်မကွာ လိုက်လာတော့သည် ။

“အုံး … ဝုန်း … ဖျောင်း”

နံရံနှစ်ဖက်ကို ဓားဖြင့် ခုတ်ထစ်နေသောကြောင့် သတ္တုစအမှုန်အမွှားများက သူ့ဆံပင်ပေါ်သို့ လွင့်စဉ်လာ၏ ။ ခွေးသွားစိပ် အဝိုင်းပြားကြီးများ သူ့ခေါင်းပေါ်က ဖြတ်ပျံကုန်၏ ။ လူတစ်ရပ်စာမျှရှိသော ယန္တရားဓားကြီးနှစ်လက်ဖြင့် တဒိုင်းဒိုင်းခုတ်နေသည့် အသံများနှင့် ယင်းတို့၏ ပဲ့တင်သံများမှာလည်း လိုဏ်ခေါင်းတစ်လျှောက် ညံပွက်နေသည် ။

သို့စေကာမူ သူတို့က ပုံမှန်အတိုင်း ပြေးဆင်းနေကြပြီး သင်းကြီးက ရှေ့တိုးရန် နေရာချဲ့နေရသောကြောင့် ၊ နောက်ဆုံးတွင် သူတို့သည် အောက်ဆုံးသို့ အခက်အခဲမရှိ ပြေးဆင်းလာနိုင်လေသည် ။ သို့သော် ဤသည်မှာ ကြာမည်မဟုတ် ။ ယခုကဲ့သို့ ခုတ်ထစ်နေသည့် နှုန်းနှင့်ဆိုပါက မိနစ်ပိုင်းအတွင်းမှာပင် ချင်းကြီးမှာ သူတို့နေရာသို့ အမီလိုက်လာပေတော့မည် ။ ။

****************

ဥမင်ငယ်အတွင်းမှ ထွက်သည်နှင့် လူဆယ်ယောက်မျှ ယှဉ်သွားနိုင်သည်အထိကျယ်၍ မရှည်လွန်း မတိုလွန်းသော တံတားကြီးတစ်စင်းက သူတို့ကို ဆီးကြိုလျက်ရှိပြီး အောက်သို့ ငုံ့ကြည့်သည်တွင် ၊ ပထမအစက မည်းမှောင်နေသောကြောင့် မည်သည့်အရာမျှ မမြင်ရလင့်ကစား ပတ်ဝန်းကျင်တစ်ခုလုံး ရွှေရောင်တောက်လာသည့်အခါ ၊ တံတားအောက်ဝယ် လူတစ်ရပ်စာမျှကြီးမားသော ကုဗတုံးကြီးများ အဆင့်ဆင့် ဝဲပျံနေသည်ကို တွေ့လိုက်ရလေ၏ ။ တံတား၏ တစ်ဖက်ကမ်း၌ကား ရွှေတံခါးကြီးတစ်ခု ။

“ဆိုရင်း(န်) ငါတို့ အခု ဘယ်ရောက်နေတာလဲ”

ထိုအခါသူ(မ)က တံတားကြမ်းပြင်ပေါ်က အက္ခရာများကို လက်ညှိုးထိုးပြ၍

“တိုက်ရိုက်ဘာသာပြန်ရရင်တော့ အဏုမြူဗဟိုဆန် ပေါင်းစည်းခြင်း ဓာတ်ပေါင်းဖို (Nuclear Fusion Reactor) သို့ သွားရာလမ်းတဲ့ ။ ငါတို့ အဲသည်ဟာကြီးထဲ ဝင်နေတာ”

သူ မျက်မှောင်ကုတ်သွားသည် ။

“မင်း … အဲသည်ထဲကို ရောက်ဖူးလား”

“ရောက်ဖူးတယ်လေ ။ ရမထာသိင်္ဂီ နတ်ကလျာရဲ့ တန်ခိုးတွေထားတဲ့ အဓိကနေရာကြီး ငါးခုထဲကတစ်ခုပဲ”

နောက်က ခုတ်ထစ်သံများမှာလည်း တဖြည်းဖြည်းနှင့် ကျယ်လောင်လာသည့်အတွက် သူသည်ဘေးဘီကို အကဲခတ်ကြည့်သရော် ၊ တံတားအောက်တွင်သာမက တံတားပေါ်၌လည်း ပျံဝဲနေသော ရွှေရောင်ကုဗတုံးကြီးများကို တွေ့လိုက်ရလေသည် ။

“အချိန်မရှိတော့ဘူး ။ ဒါတွေကကော ဘာတွေလဲ”

“ပစ္စည်းပိုတွေ သိမ်းတဲ့ဟာကြီးတွေ”

“ဒါကြီးတွေကို မင်းအမိန့်ပေးပြီး ဖြုတ်ချခိုင်းလို့ရလား ။ ငါဒီနားမှာ အချိန်ဆွဲပေးထားလို့ရတယ် ။ ပြောတာသဘောပေါက်တယ်မလား”

ဟုဆို၍ ကုဗတုံး၏ အောက်တည့်တည့်သို့ ရပ်ပြရာ၌ ၊ ဆိုရင်း(န်)မှာ သူ့ကိုတစ်လှည့် အပေါ်ကကုဗတုံးကြီးကို တစ်လှည့်ကြည့်၍ ခေါင်းညိတ်ပြသည် ။

“တစ်ခါမျှတော့ မလုပ်ဖူးဘူး ။ အရင်က ဒီနားကဟာတွေအားလုံးက အေအိုင်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှု အောက်မှာရှိတာ ။ အခု ဟိုကောင် ဒီနတ်ကွန်းကြီးတစ်ခုလုံးကို ပိတ်ဖို့ကြိုးစားနေလို့ ငါဝင်တားလိုက်တဲ့အခါမှာ အေအိုင်တွေပါ အားလုံးနီးပါး ပျက်ကုန်တယ် ။ ငါကိုယ်တိုင် ကြိုးစားကြည့် … အား … လီယိုနာ့ဒ်ကြီး … ဟို … ဟိုမယ် … လာနေပြီ”

စကားကို ဆုံးအောင်မပြောနိုင်ဘဲ ဆိုရင်း(န်)မှာ သူတို့ ဝင်လာခဲ့သည့်အပေါက်ကို လက်ညှိုးလှမ်းထိုး၏ ။ နံရံများကို ခုတ်ထစ်နေသဖြင့် အလိပ်လိပ်တက်နေသော ဖုန်လုံးထုကြီးကြားမှ Mysterios Luthos ကြီးမှာ ပေါ်ထွက်လာလေပြီ ။

“သွားတော့ … မလေဒီ သူတို့နောက်လိုက်သွား”

လေဒီ ဆယ်ဖီးနီးမှာ ရူးနေသည့်တိုင် သူ့စကားကို နားထောင်နေသောကြောင့်သာ တော်ပေတော့သည် ။ ဆိုရင်း(န်)တို့ သုံးယောက်လုံး ပြေးသွားလျှင် လီယိုနာ့ဒ်လည်း ခေါက်ဒိုင်းကို အသင့်ပြင်လျက် အသက်ကိုအဆုံးထိ ရှူသွင်းပြီးနောက် လာမည့်ဘေးကို ပြေးတွေ့ရန် ပြင်ထားလေကြိုက် ၊ ဤဘီလူးကြီးမှာ ယန္တရားဓားကြီးနှစ်လက်ကို တံတားကြမ်းပြင်ပေါ်၌ တရွတ်တိုက်ဆွဲကာ သူ့ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာ​သောကြောင့် ဓားဦးနှင့် ကြမ်းပြင်ပွတ်ဆွဲရာမှ မီးပွါးများပွင့်ထွက်လာသည့်ပြင် ၊ တထန်ထန်မြည်နေသော အသံကြီးများမှာလည်း တစ္ဆေတစ်ကောင် အော်ညည်းနေသည့်အလား ။

အနားရောက်သည်နှင့် ဂါးခနဲမာန်ဖီလျက် ဓားကြီးနှစ်လက်လုံးဖြင့် သူ့ကိုအလျားလိုက် စုံပိုင်းပစ်လိုက်၏ ။ ထိမိပါက ကတ်ကြေးဖြင့် ညှပ်ပစ်လိုက်သကဲ့သို့ ခါးပြတ်သွားပေအံ့ ။

လီယိုနာ့ဒ် ဒူးထောက်ရှောင်လိုက်သည့်အတွက် ၊ ဓားကြီးနှစ်လက်လုံးမှာ ဝှီးခနဲမြည်သံကြီးနှင့်အတူ သူ့ခေါင်းပေါ်က သီသီလေး ဖြတ်သွားသော်လည်း ၊ ယင်းကြီး၏ ဗိုက်တွင်ပေါက်နေသော လက်ပိုနှစ်ချောင်းက လက်သည်းကြီးများဖြင့် သူ့မျက်လုံးကို လှမ်းဖောက်သဖြင့် ခေါက်ဒိုင်းကို ဖွင့်ကာလိုက်ရာတွင် ၊ ချင်းတို့၏ လက်နှစ်ဖက်အားကို သူ့လက်တစ်ဖက်တည်းဖြင့် ကာလိုက်ရသောကြောင့် အားမမျှဘဲ နောက်သို့ ဖင်ထိုင်လျက်သား လန်ကျသွားသည် ။ လက်မောင်းတစ်လျှောက်လုံးလည်း ထုံတက်လာ၏ ။

ဟန်ချက်ပျက်သွားသော သူ့ကို ၎င်းကြီးက ခြေထောက်ကြီးဖြင့်တက်နင်းသည် ။ ပြန်ထရန်အချိန်မရှိ ၊ ကိုယ်ကို လှိမ့်ရှောင်ပေးလိုက်သည် ။

“ဒုံး”

ခြေနင်းသံကြီးက သူ့နားထင်ဘေးက ကပ်ထွက်လာပြီး နားရွက်ပေါ်က မွေးညင်းနုများပင် ကုပ်သွားသယောင် ။ ထိုစဉ် ဘီလူးကြီး၏ ခြေသလုံး၌ပေါက်နေသော လက်ပိုသည် လက်ချောင်းငါးချောင်းလုံးကို စုလိုက်လျှင် ၊ လက်သည်းများက လှံဖူးသဖွယ် စုချွန်သွားပြီးနောက် ၊ ဤလှံဖူးကြီးဖြင့် သူ့ရင်ဝကို လှမ်းထိုးလေရာ သူလည်း ခေါက်ဒိုင်းဖွင့်၍ အသည်းအသန် ကာလိုက်ရသည် ။

ထိုသို့ ကာနေကြိုက်၌ပင် ယန္တရားဓားကြီးက သူ့ခေါင်းပေါ်သို့တည့်တည့်သို့ ဆင့်ကျလာရကား ဤသည်ကိုဖြေရှင်းရန် နည်းလမ်းမရှိတော့ဘဲ ၊ သူ့စိတ်တွင်း အေးခနဲဖြစ်သွား၍ “သွားလေပြီ” ဟု မှတ်ယူလျက် မျက်လုံးသာ မှိတ်လိုက်မိသည် ။ ဒုက္ခိတတစ်ယောက်၏ လုပ်နိုင်စွမ်းမှာ ဤမျှထိသာ ။ ထိုအခိုက်

“အုံး … ဂါး”

တစ်စုံတစ်ခု ပြုတ်ကျသံ ၊ ကွဲကျကြေမွသံ နှင့် မချိမဆန့်အော်သံကြီးတို့ ပြိုင်တူနီးပါး ထွက်ပေါ်လာသည့်ပြင် ၊ ကြမ်းပြင်တစ်ခုလုံး တုန်တက်သွားသည်သာမက သူ့နံဘေးကိုလည်း လေပြင်းကြီးတစ်ချက် ဝင်ဟပ်သွားရကား မျက်လုံးပြန်ဖွင့် ကြည့်လိုက်သည့်အခါ ၊ ဘီလူးကြီးပေါ်သို့ ရွှေရောင်ကုဗတုံးကြီးတစ်ခုက ပိလျက်ရှိ၍ ခြေထောက်ကြီးနှစ်ချောင်းကသာ အပြင်သို့ထွက်လျက် ရုန်းကန်နေပြီး ၊ ပြုတ်ကျသည့် အရှိန်ကြောင့် ကုဗတုံးကြီး၏ ဘေးနံရံများလည်း ပွင့်ထွက်နေကာ ထိုအတွင်းက ရောင်ခြည်သေနတ်များမှာ တံတားကြီးပေါ်သို့ ထွက်ကျ ပြန့်ကျဲနေ၏ ။ ယင်းကြီးကား သေပုံမပေါ်သေး ။

“ဟေ့သူရဲကောင်းကြီး … လာတော့ဟ”

ဟု ဟက်(စ်)တန်က လှမ်းအော်နေသဖြင့် သူသည် အဏုမြူဗဟိုဆန် ပေါင်းစည်းခြင်း ဓာတ်ပေါင်းဖို အတွင်းသို့ဝင်သော ရွှေတံခါးကြီးရှိရာသို့ ပြေးလာလေခိုက် လမ်းတစ်ဝက်အရောက်၌ ၊ ကုဗတုံးကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားပြီးနောက် Mysterios Luthos ကြီးမှာ ပြန်ထလာ၍ ၊ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ရောင်ခြည်သေနတ်များကို လက်ပိုများဖြင့် ကုန်းကောက်လေသော် ၊ ၎င်းကြီး၏ကိုယ်ပေါ်တွင်သေနတ်ပေါင်း အလက်နှစ်ဆယ်ခန့် တပ်ဆင်ပြီးသား ဖြစ်သွားတော့သည် ။

“မင်း … မင်း … လာနောက်နေတာလား”

မီးခိုးရောင်ဘီလူးကြီးမှာ ယန္တရားဓားကြီးနှစ်လက်ကို ကိုင်ဆွဲလျက်သူ့ထံ ပြေးဝင်လာလေပြီ။ ယင်းသို့ ပြေးဝင်လာစဉ်မှာပင် လက်ပိုများက ရောင်ခြည်သေနတ်အလက်နှစ်ဆယ်ဖြင့် ပြိုင်တူပစ်ခတ်လာသည့်အတွက် လီယိုနာ့ဒ်မှာ ခေါက်ဒိုင်းကို ဖွင့်ကာ နောက်ပြန်ပြေးရသကဲ့သို့ ဆိုရင်း(န်)တို့မှာလည်း တံခါးရွက်ကြီးနောက် ပြေးပုန်းရတော့သည် ။

တရွှီးရွှီးမြည်သံများနှင့်အတူ အနီရောင် ရောင်ခြည်တန်းများက ဒိုင်းပေါ်သို့ အဆက်မပြတ်ကျလာ၍ ဒိုင်းမျက်နှာပြင်ပေါ်ဝယ် မီးခိုးပြာများအူတက်လာသည် ။ နှစ်ပေပတ်လည်ဒိုင်းနှင့် မလုံလောက်တော့ဘဲ အောက်ပိုင်းကိုသာ ပစ်ခံရပါက ခြေထောက်များ အရည်ပျော်ကျသွားနိုင်သောကြောင့် ဒိုင်းကာထားလျက်ပင် လက်ဖျံကို တစ်ချက်ယမ်းလိုက်သည့်အခါ ဒိုင်းမှာ တစ်ကိုယ်လုံး အပြည့်လုံသည်အထိ ဆန့်ထွက်လာသည် ။ ထို့အတူ ဒိုင်းပြားကြီး ကြီးလာသဖြင့် သွားလာလှုပ်ရှားရန်လည်း ခက်ခဲလာလေပြီ ။

တံခါးရွက်ကြီးထံသို့ရောက်ရန် အကွာအဝေးမှာ မကျန်တော့လင့်ကစား သူကိုယ်တိုင်ကလည်း လူတစ်ရပ်စာမျှကြီးသော ဒိုင်းကြီးကို လက်တစ်ဖက်တည်းနှင့်ကိုင်လျက် နောက်ပြန်ဆုတ်နေရသောကြောင့် ခရီးမတွင်ဘဲရှိနေစဉ် ဘီလူးကြီးကား ခြေလှမ်းကျဲကြီးများဖြင့် သူ့ကို လိုက်မီလာလေ၏ ။

ချင်းကြီးကို နောက်ကျောပေးလျက် ပြေးပါက သေနတ်အလက် နှစ်ဆယ်ကြား၌ အသက်ပျောက်ရပေအံ့ ။ ယခုကဲ့သို့ ၎င်းကြီးကို မျက်နှာချင်းဆိုင်လျက် ဒိုင်းကာထားပြီး တဖြည်းဖြည်းနှင့် နောက်ပြန်ဆုတ်နေပါကလည်း မကြာမီ လိုက်မီလာပါက ယန္တရားဓားကြီးဖြင့် ခုတ်ခံရတော့လတ္တံ့ ။ အချိန်ကားမရှိတော့ ။ မစွန့်ရဲလျှင် စားရတော့မည်မဟုတ်ဟု နှလုံးသွင်းကာ

“ဖြစ်ချင်ရာဖြစ် ။ ချော်လဲလျှင်လည်း သေတော့ကွာ”

ဟုစိတ်တင်း၍ ချော်လဲမည့်ကြောက်သည့်စိတ်အား ဖိဖျောက်ကာ နောက်ပြန်ပြေးဆုတ်သောအခါမှ ၊ တံတားကြီးကို ဖြတ်ကျော်နိုင်သွားပြီး သူအတွင်းရောက်သည်နှင့် ရွှေတံခါးကြီးနှစ်ချပ်မှာလည်း ပိတ်သွားလေသည် ။

“ဒုန်း … ဂါး … အုံး … ဒိန်း … ဒိန်း … ဒိန်း”

ဘီလူးကြီး၏ မာန်သွင်းကြုံးဝါးသံ ၊ ခြေထောက်နှင့် ကန်ကျောက်သံ ၊ ဓားကြီးနှင့် တံခါးကြီးကို ခုတ်ထစ်သံများ ဆူပွက်နေပြီး ၊ ဤသည်နှင့်အတူ တံခါးရွက်ကြီးနှစ်ချပ်လုံး ချိုင့်ဝင်လာကာ အမှုန်အမွှားများလည်း ကြွေထွက်လာ၏ ။ ဤပုံစံအတိုင်းဆိုပါက အနှေးနှင့်အမြန်ဆိုသလို ၎င်းကြီးမှာလည်း ဓာတ်ပေါင်းဖိုကြီးတွင်းသို့ ချင်းနင်းဝင်ရောက်လာပေတော့မည် ။ သို့ပေသော်ငြား အသက်ဖြောင့်ဖြောင့်ရှူခွင့်တော့ ခေတ္တခဏရလေပြီ ။ ။

************

အဆင့် ၂

အဏုမြူဗဟိုဆန် (Atomic Nucleus) ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်းကို သူမသိ ။ အဏုမြူဗဟိုဆန်များကို မည်ကဲ့သို့ပေါင်းစည်းပြီး ပေါင်းစည်းပါက မည်သည့်အရာရသနည်းကိုလည်း သူမသိ။ ယင်းနှင့်အတူ အကြင်အရာမှာ ယခုဖြစ်ပေါ်လာတော့မည့် စစ်ပွဲကြီးနှင့် မည်ကဲ့သို့ စပ်လျဉ်းနေသည်ကိုလည်း သူမသိ ။

လီယိုနာ့ဒ်သိသည်ကား ယခုနေရာမှာ စင်္ကြံလမ်းကြီးတစ်ခုဖြစ်၍ ၊ အနှီလမ်းကြီးမှာ တခြား ဥမင်လမ်းများသကဲ့သို့ပင် နံရံ ၊ ကြမ်းပြင်နှင့် မျက်နှာကြက်များတွင် နတ်ဘုရား အက္ခရာများနှင့် ပြည့်နှက်နေသည်သာမက၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ရွှေရောင်နှင့် အနက်ရောင် အလှည့်ကျပြောင်းနေလင့်ကစား မတူသည့်အချက်မှာ ဤလမ်းကြီးကား ဖြောင့်တန်းမနေဘဲ သွားလေလေ ၊ ကွေးလာလေလေ ဖြစ်သည့်အလျောက် ယခုသူတို့ရောက်နေသည့်နေရာမှာ ဗဟိုခန်းမကြီးတစ်ခုကို စက်ဝိုင်းသဏ္ဌာန် ရစ်ပတ်ထားသော စင်္ကြံလမ်းကြီးတစ်ခုအတွင်း ဖြစ်ရလတ္တံ့ဟု မှန်းဆလိုက်မိသည် ။ ထို့ပြင် ဤနေရာမှာ ပိရမစ်၏ တခြားနေရာများထက် အအေးပိုနေသည်ကိုလည်း သတိထားမိပြန်၏ ။

သူတို့အားလုံး ထိုလမ်းကြီးအတိုင်း ခပ်သွက်သွက်လျှောက်လာကြစဉ် ၊ လေဒီ ဆယ်ဖီးနီးမှာ အစက မလိုက်ဘဲ ငူတူတူလုပ်နေသဖြင့် သူက လက်ဆွဲခေါ်လာရသော်လည်း ယခုလှည့်ကြည့်သည့်အခါတွင်မူ ၊ သူ(မ)သည် သူ၏ ခြေလှမ်းနှုန်းကို အမီလိုက်လျက်ရှိပြီး ၊ မျက်လုံးချင်းဆိုင်မိသွားသည့်အခါ၌ စိုအိနေသည့် ကြက်သွေးရောင် နှုတ်ခမ်းနှစ်လွှာလုံးကို အဆုံးထိကော့တက်သွားသည်အထိ သူ့အားပြုံးပြလေသည်။ ဤသို့ပြုံးနေစဉ် ပုလဲနှင့်မဟူရာ ပေါင်းစပ်ထားသည့် သူ(မ)၏ မျက်ဝန်းတစ်စုံလုံးမှာ မှေးကျဉ်းသွားသောကြောင့် ဤသည်ကား အားပါးတရရှိလှသည့် အပြုံးကြီး (Big Smile) ပင် ။

အကြင်အပြုံးကြီး၌ မူယာမပါ ၊ မာယာဗလာ ၊ အားပေးခြင်းနှင့် ကြင်နာခြင်းအပေါင်းသာ ခညောင်းလေသည် ။ သို့ပေသော်ငြား စကားတစ်ခွန်းမျှမပြော ။ ပြုံးပြီးသည့်အခါဝယ် မျက်လုံးများမှာ ပြန်လည်၍ ငေးကြောင်သွားပြန်ရာ “မီဇိုဗာကပ်ပါးကောင်ကြောင့် ရူးနေသည့်ကြားကပင် အတော်ပြုံးတတ်သည့် မိန်းမလှ၊ အလှကြွယ်သည့် ဣတ္ထိယ” ဟုသာ မှတ်ချက်ပေးမိတော့သည်။ ရင်ဘတ်တည့်တည့်၌ မှတ်ကျောက်တင်မိတော့သည်။

ယင်းနောက် ဆွဲထားသောလက်ကို တစ်ချက်ကြည့်၍ သမုဒယရတီ နန်းတော်ဝယ် သူ(မ)ကို ပထမဆုံး စေ့စေ့စပ်စပ် စူးစမ်းခဲ့မိစဉ်က အဖြစ်များကို ပြန်လည်သတိရလာလေသည် ။

“ဤနို့နှစ်ရောင်ဖျော့ဖျော့ အသားအရေမှာ အနည်းငယ်မျှ ရုန်းလျှင်ပင် အနီရာများပေါ်လာနိုင်သည်”

ဟူသည့်အတွေးများကို ပြန်လည်ကြားယောင်လာသရော် ၊ သူ(မ)၏လက်ဖျံကို ကိုင်ဆုပ်ထားသော သူ့လက်များကို ဖြေလျှော့ပေးလိုက်လေသည် ။ မကြာသေးမီက၊ ဇောကပ်လျက်ပြေးနေခဲ့ရစဉ်က သူ(မ)၏လက်ဖျံကို မည်မျှထိဆုပ်ကိုင်ထားခဲ့သည်ကို သူမမှတ်မိတော့ ။ ဇာသားလက်ရှည်အင်္ကျီပေါ်က ကိုင်ထားသည့်အတွက် အသားချင်းမထိ၍သာ တော်ပေရော့သည် ။ ထိုအခိုက် ဆိုရင်း(န်)က ရပ်၍

“ရပြီ … ဒီကောင်ကြီး ဒီနေရာဆိုရင်တော့ လုံးဝမခံနိုင်လောက်ဘူး”

ဟု ဗြုန်းဗြင်းနောင်ဗြင်း ဆိုချလိုက်ရကား သူတို့အားလုံး သူ(မ)ကိုကြည့်မိသွားကြသည် ။

“ဘာကိုပြောတာလဲ”

“ဒီလမ်းတစ်လျှောက်မှာ အပူလုံးဝ အသုံးပြုခွင့်မရှိဘူး ။ သုံးရင် ဒီနံရံတွေထဲကနေ အရမ်းအေးတဲ့ တန်ခိုးတွေ ထွက်လာလိမ့်မယ် ။ အရင်ကတော့ ပိရမစ်ကြီးကိုယ်တိုင်က အလိုအလျောက်လုပ်ပေးတာ ။ အခုတော့ ငါဂါထာရွတ်ပြီး အဲသည်တန်ခိုးကို သုံးခိုင်းလို့ရတယ်”

“အရမ်းအေးတဲ့ တန်ခိုး ။ အဲတန်ခိုးနာမည်ကိုကော သိလား”

ထိုအခါ ခေါင်းတုံးမလေးမှာ မေးပေါ်လက်ညှိုးထောက်လျက်

“မေနက်(စ်) ခိရန်း လို့ခေါ်တယ် ။ ဘာသာပြန်ရင်တော့ Liquid Nitrogen လို့အဓိပ္ပာယ်ရတယ် ။ ဟဲ့ … လီယိုကြီး နင်တော်တော်စိတ်ဝင်စားလှချည်းလား”

“ဟုတ်ပ … ခင်ဗျားကြီးလည်း တန်ခိုးဆိုတာစလာရင် နောက်က အကြောင်းတွေပဲ လိုက်မေးနေတာ ။ ဘယ့်နှယ် … တန်ခိုးကို တန်ခိုးလို့မှတ်ပေါ့ ။ အခုသိလိုက်ရတော့ကော ဘာမျှပိုပြီး ထူးခြားသွားတာလည်း မဟုတ်ဘဲနှင့် ။

ထားပါ … အခုပြဿနာက ဒီမှာကျုပ် သေးတအားပေါက်ချင်နေပြီဗျ … မှော်ဆေးရည်ကို တစ်ပုလင်းလုံးသောက်ထားရတာ ။ ပြီးတော့ ဒီနေရာကြီးက အအေးဓာတ်တွေက အသားထဲစိမ့်ဝင်နေသလိုကြီး ။ မအောင့်နိုင်တော့ဘူး”

ပြောပြောဆိုဆို မှော်ဝတ်ရုံအောက်က ဟက်(စ်)တန်၏ ပေါင်နှစ်ချောင်းလုံး စုသွားလေသည် ။

“ဟဲ့ကောင် … နင် ပေါက်ရဲပေါက်ကြည့်နော် … ဒါ ရမထာသိင်္ဂီ နတ်ဘုရားမရဲ့ တန်ခိုးတော်တွေစုတဲ့ နတ်ကွန်း။ သေးတစ်စက်ထွက်တာနှင့် နင့်ကိုငါ ပိတ်ရိုက်မှာ”

“ဒါ … ဒါဆို ဘယ်လိုလုပ်မလဲ လေဒီအော်ရကယ် ။ ဟိုမိစ္ဆာကောင်ကြီး လက်ပြတ်တွေကို ထိုင်ဆက်နေတာ မြင်တုန်းကတောင် သေးနည်းနည်းထွက်ကျ …”

“ဟယ် … နင် … တအား ညစ်ပတ်တဲ့ကောင် … ဖျောင်း … ဖျောင်း … ဖျောင်း”

ဆိုရင်း(န်)မှာ နှာခေါင်းကို လက်တစ်ဖက်ဖြင့်ပိတ်လျက် ဟက်(စ်)တန်၏ ကျောပြင်ကို ဗြောတင်နေလေပြီ ။ ထိုကလေးပြောသောအခါမှပင် ဘေးတစ်ဝိုက်၌ သေးနံ့နံလာသယောင် ။ မှန်ပါသည် ။ သူ့စိတ်တွင်း ထင်ယောင်ထင်မှားဖြစ်ခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် သေးနံ့များ ထောင်းလမောင်းထလာလေသည် ။

“အောင်မလေးဗျ … လေဒီအော်ရကယ် ကျွန်တော် လုံးဝမထိန်းနိုင်တော့ဘူး … ပေါက် … ပေါက်ခွင့်ပြုပါ ။ ပြီး … ပြီးမှ သတ်ချင်သတ်ပါတော့ ။ နတ်ဘုရားမ မေဟန်ဟီရစုလည်း ကျွန်တော်မျိုးရဲ့ အမိုက်အမဲလေးကို ခွင့်လွှတ်တော်မူပါဗျ”

ဟုဆိုနေလျက်ပင် ဟက်(စ်)တန်၏ ဘောင်းဘီတစ်ခုလုံး စိုရွှဲလာ၍ ချပ်ဝတ်ဖိနပ်ပေါ်တွင် သေးကြောင်းကြီးတစ်ခု စီးဆင်းလာပြီး ၊ ထိုသေးကြောင်းကြီးမှာ ကြမ်းပြင်ပေါ်၌ အဝါရင့်ရောင် သေးကွက်ကြီးတစ်ခုအဖြစ် အိုင်ထွန်းလာသဖြင့် ၊ ဆိုရင်း(န်)မှာ စွေ့ခနဲထခုန်တော့သည် ။ လေဒီ ဆယ်ဖီးနီးမှာလည်း ဂါဝန်နီနီကို အသာမလျက် လီယိုနာ့ဒ်အနား တိုးကပ်လာ၏ ။

“နင် … နင် … ငါနှင့်လေဒီ ဆယ်ဖီးနီးရှေ့ ဘောင်းဘီထဲ သေးတွေပေါက်ချတာ ။ နတ်ဘုရားမရဲ့ ရှေ့မှောက်မှာကော ။ နင် မရှက်တတ်ဘူးလားဟဲ့”

မှော်ဦးထုပ်အောက်က ဟက်(စ်)တန်၏ မျက်နှာလေးမှာ မိုယာရွက်လေးရေစိုသည့်အလား ကျုံ့ဝင်သွား၍ သေးသေးလေးသာ ကျန်ပေတော့သည် ။ ဆိုရင်း(န်)၏ မျက်နှာလေးမှာလည်း လက်ဖလက်ဆီ ပွင့်လေးသကဲ့သို့ ရဲရဲနီနေလေပြီ ။

၎င်းနောက် သူ(မ)သည် စကားစရန် ပါးစပ်ကိုဟလိုက်စဉ် ၊ သူတို့ဖြတ်လျှောက်လာခဲ့သော စင်္ကြံလမ်းနောက်မှ အုံးခနဲအသံကြီးတစ်ခုနှင့်အတူ သတ္တုတံခါးကြီးကို ကန်ဖွင့်သံကြီးတစ်သံ ထွက်ပေါ်လာသောကြောင့် ၊ ဘောင်းဘီတွင်း သေးပေါက်ချသည့် ကိစ္စကို ဆက်လက်ငြင်းခုံခြင်းငြာ မစွမ်းသာတော့ဘဲ Mysterios Luthos ကြီးကိုသာ အစီအစဉ်ချထားသည့်အတိုင်း ရင်ဆိုင်ရန် ပြင်ဆင်ကြရာ၌ ၊ လီယိုနာ့ဒ်က ခေါက်ဒိုင်းကို လူတစ်ရပ်မျှကြီးသည်အထိ ဆန့်ထုတ်လိုက်၍ ရှေ့ဆုံးက ရပ်လိုက်ပြီးနောက် ၊ ဟက်(စ်)တန်နှင့် ဆိုရင်း(န်)တို့က အကွေ့သဏ္ဌာန်ဖြစ်နေသည့် လမ်းအတိုင်းပြေးကာ အကာအကွယ်ယူကြလင့်ကစား လေဒီ ဆယ်ဖီးနီးမှာမူ ချင်းတို့နှင့်လုံးဝ လိုက်မသွားဘဲ သူ့နောက်ကျောနားတွင်သာ ပေကပ်နေလေသည် ။

“မလေဒီ … သွား”

စကားတစ်ခွန်းမျှ မပြော ။ မျက်လုံးကြောင်ကြီးနှင့်သာ မထုံတက်သေး ပြန်ကြည့်နေကြိုက် ၊ ဘီလူးကြီး၏ ခြေသံကြီးများမှာလည်း သူတို့နားနီးကပ်လာပြီ ဖြစ်သောကြောင့်

“ဒါဆို ကျုပ်နောက်မှာထိုင်နေ မလေဒီ”

ဟုဆိုသောအခါမှ သူ(မ)မှာ သူ့နောက်တွင် ယုံ့ယုံ့လေး ဆောင့်ကြောင့်ထိုင်လေသည် ။

ဘီလူးကြီးကား လမ်းကွေ့မှ ထွက်ပေါ်လာလေပြီး ၊ သူ့ကိုမြင်သည့်အခါ ဂါးခနဲ ကျုံးအော်၍ ယန္တရားဓားကြီးနှစ်လက်ကို အပေါ်မြှောက်လိုက်သကဲ့သို့ ရောင်ခြည်သေနတ်များ ကိုင်ဆောင်ထားကြသော လက်ပိုများကလည်း သူ့ကို ချိန်ရွယ်ကာ ခြေလှမ်းကျဲကြီးများဖြင့် နင်းလျှောက်လာလေသည် ။

“ဒုံး … ဒုံး … ဒုံး … ရွှီး …ရွှီး”

ကြမ်းပြင်ကို ဧရာမခြေထောက်ကြီးဖြင့် နင်းသံနှင့်အတူ နှစ်ဆယ်ခန့်သော အနီရောင် ရောင်ခြည်တန်းတို့မှာ သူ့ဒိုင်းကြီးပေါ်သို့ မြားတံများအလားဝင်မှန်လေလျှင် ၊ ဒိုင်းမှလည်း မီးခိုးပြာများ အူတက်လာ၏ ။

သို့သော် တဒင်္ဂလေးအတွင်းမှာပင် ဒိုင်း၌သုတ်ထားသော အာခရီလီယမ်များ ကုန်သွားရကား မီးခိုးပြာများ ဆက်ထွက်မလာတော့ဘဲ ဒိုင်းတစ်ခုလုံးသာ ပူခြစ်လာပြီးနောက် သူ့လက်တစ်ခုလုံး သံပူဖြင့် ဖိကပ်ခံလိုက်ရသည့်နှယ် လောင်မြိုက်လာလေသရော် ၊ ဒိုင်းကြီးကို လွှတ်ချချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာစေကာမူ “ဒိုင်းမလွှတ်ပါက လက်သာလောင်သွားပေအံ့ ၊ လွှတ်ပါက သူနှင့် လေဒီ ဆယ်ဖီးနီးနှစ်ယောက်လုံး အရည်ပျော်ကျရလတ္တံ့” ဟု နှလုံးသွင်းကာ မေးကြောကြီးများထောင်ထလာသည်အထိ အံကြိတ်လျက် လက်ဖျံအားအရှင်လတ်လတ် သံပူကပ်ခံနေရသည့်ဒဏ်ကို တောင့်ခံထားစဉ် ၊ လေဒီ ဆယ်ဖီးနီးမှာလည်း သူ့ခြေသလုံးများကို ကိုင်ညှစ်လာလေသည် ။

“လီယိုနာ့ဒ်ကြီး ခဏပဲတောင့်ထား အဲကောင်ကြီး ရှေ့နည်းနည်းတိုးလာတာနှင့် သေပြီပဲ”

တောင့်ထားပါသည် ။ သို့သော်မလွယ် ။ ရောင်ခြည်တစ်ချက် ပစ်ခံရတိုင်း အပူချိန်က ပိုများလာပြီး ဒိုင်းကြီးတစ်ခုလုံး နီရဲလာသည်တွင် ၊ အင်္ကျီစကို မီးတူးသည့်အနံ့များ မွှန်ထူလာပြီးနောက် သူ့လက်ဖျံမွေးများလည်း မီးထိ၍ တဖျစ်ဖျစ်မြည်သံများ ထွက်လာလေသည် ။ ဘီလူးကြီးကလည်း သူနှင့် ဆယ်ပေအကွာသို့ ချဉ်းကပ်လာလေပြီ ။ ထိုအခိုက်၌ သူ့နောက်က

“ရီ(မ်) မေနက်(စ်) ခိရန်း ခေးလ သီဒ ဆယ်(န်)လ အယ် ခု(လ်)“

ဟူသည့် ဆိုရင်း(န်)၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၊ စင်္ကြံကြီး၏ နံရံများနှင့် မျက်နှာကြက်က

ဟူသော နတ်ဘုရားအက္ခရာများမှာ အပေါက်ကြီးများအဖြစ်ပြောင်းလဲသွားပြီးနောက် ၊ ၎င်းတို့မှတစ်ဆင့် အဖြူရောင်မြူခိုးများပန်းထွက်လာကာ ဘီလူးကြီးကို ရေချိုးချလိုက်သည့်နှယ် ဖုံးလွှမ်းသွားလေရာ ၊ ရောင်ခြည်သေနတ်ပစ်သံများလည်း ရပ်သွား၍ ထိုအစား တရှူးရှူးမြည်သံကြီးများသာ စိုးမိုးလာလေသည် ။

နီရဲနေသော ဒိုင်းကြီးမှာ အနက်ရောင်ပြန်ပြောင်း၍ အေးစက်လာ၏ ။ ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲတုံးများကြား ညှပ်သိပ်ပစ်လိုက်သည့်အလား အေးကိုက်လာပြီး ကိုယ့်ခြေထောက်များကိုပင် ခံစားမရတော့ဘဲ ထုံထိုင်းလာ၏ ။ နှာခေါင်းတစ်လျှောက်လုံး အေးစက်ခြောက်ကပ်လာပြီး အသက်ရှူရသည်ပင် ကျပ်တည်းလာလေပြီ ။

“လီယိုကြီး နောက်ဆုတ် ။ နင့်ခြေဖျားလက်ဖျားတွေ ပြတ်ကျကုန်မယ်”

ဟု ဆိုရင်း(န်)က လှမ်းအော်သောအခါမှ ၊ လေဒီ ဆယ်ဖီးနီးကို ဆွဲခေါ်လျက် နောက်ဆုတ်ရ၏ ။ ချက်ချင်း သေလောက်အောင် ပူပြီးနောက် ချက်ချင်း ခဲတောက်နေအောင် အေးသည့်ဒဏ်ကား မသက်သာလှ ။ စက္ကန့်ပိုင်းမျှ ခံလိုက်ရသောကြောင့်သာ အသက်ရှင်နေခြင်းဖြစ်ပြီး လက်ဖျံကို ငုံ့ကြည့်လတ်သော် ၊ တချို့နေရာများ၌ အနီကွက်ကြီးများထနေ၍ တချို့နေရာများတွင် နီညိုပုပ်ရောင် အစင်းကြောင်းကြီးများထင်းနေလေသည် ။

ထိုစဉ် မြူထုကြားက Mysterios Luthos ကြီးထံမှ တဂျစ်ဂျစ်မြည်သံများ ထွက်ပေါ်လာ၍ ၎င်းကြီး၏ တစ်ကိုယ်လုံးပေါ်၌ ရေခဲလွှာကြီးတစ်လွှာဖြစ်ပေါ်လာသည်တွင် ၊ ယင်းကြီးက ဂါးခနဲဟစ်အော်ကာ ခြေတစ်လှမ်းလေရကား ၊ သင်းကြီး၏ကိုယ်ပေါ်က ရေခဲလွှာကြီးမှာ တချွမ်းချွမ်းမြည်ကာ ကြွေကျကုန်သကဲ့သို့ လက်ပိုများမှာလည်း တစ်ချောင်းပြီးတစ်ချောင်း ပြတ်ကျကုန်ပြီး ၊ ထိုသို့ဖြစ်နေသည့်တိုင် ဘီလူးကြီးမှာ နှေးကွေးသော ခြေလှမ်းကျဲကြီများနှင့် သူတို့ထံသို့ တစ်လှမ်းပြီးတစ်လှမ်း လှမ်းလာနေဆဲ ။ ရေခဲမှုန်များကပ်နေသော ယန္တရားဓားကြီးနှစ်လက်ကိုလည်း ကိုင်ထားဆဲ ။ စင်္ကြံအတွင်း၌ Liquid Nitrogen မြူများမှာလည်း တစ်စတစ်စ ထူထပ်လာဆဲ ။

“ဒီကောင်ကြီး သေမဲ့ပုံမပေါ်ဘူး … ဆိုရင်း(န်)”

“အတွင်းဆုံးထိပြေးဖို့ပဲ ကျန်တော့တယ် ။ ဓာတ်ပေါင်းဖိုရဲ့ဗဟို (Core) ထဲ … သွားစို့”

ပြောပြောဆိုဆို သူတို့အားလုံး စင်္ကြံလမ်းကြီးတစ်လျှောက် ဆက်ပြေးလာ၍ ၊ တအောင့်မျှကြာသရော် တံခါးနက်ကြီးတစ်ခုကို တွေ့လျှင် ၊ ခေါင်းတုံးမလေးက ထိုတံခါးကို နတ်ဘုရားဘာသာစကားဖြင့် ပွင့်စေပြီးနောက် အခန်းကြီးအတွင်းသို့ ပြေးဝင်၍ တံခါးကြီးကို ပြန်ပိတ်ပစ်လိုက်လေ၏ ။ ဤသို့ဖြင့် သူတို့အားလုံး အဏုမြူဗဟိုဆန် ပေါင်းစည်းခြင်း ဓာတ်ပေါင်းဖိုကြီး၏ ဗဟိုခန်းမကြီး (Nuclear Fusion Reactor Core) အတွင်းသို့ ရောက်ရှိလာလေတော့သည်။ ။

(မှတ်ချက်။ ။ Liquid Nitrogen ကိုယ်တိုင်သည် အရောင်အဆင်း မရှိပါ။ သို့သော် ပတ်ဝန်းကျင်လေနှင့် ထိတွေ့မိပါက ၎င်းမှာ Vaporize ဖြစ်၍ လေထုကိုလည်း Condensation ဖြစ်စေသောကြောင့် အဖြူရောင်မြူထုများ အဖြစ်ပေါ်လာလေသည် ။)

*************

အဆင့် ၃

အဏုမြူဗဟိုဆန် ပေါင်းစည်းခြင်း ဓာတ်ပေါင်းဖိုကြီး၏ ဗဟိုမှာ ထင်မှတ်ထားသည့်အတိုင်း ယန္တရားခွေးသွားစိပ်ကြီးများနှင့် ပြည့်နှက်နေသော စက်ဝိုင်းသဏ္ဌာန် ခန်းမကျယ်ကြီးတစ်ခုဖြစ်၏။

ခန်းမကြီး၏ အလယ်၌ သုံးထပ်တိုက်ကြီးတစ်လုံးစာနီးပါးမျှကြီးမားသော အနက်ရောင် စက်လုံးကြီးတစ်ခုမှာ ပျံဝဲနေပြီး ၊ အနှီစက်လုံးကြီး၏ မျက်နှာပြင်တွင်လည်း ရွှေရောင်နတ်ဘုရား အက္ခရာများ ပေါ်တစ်လှည့် ပျောက်တစ်လှည့်ဖြစ်နေသည့်အတွက် ၎င်းကြီးကိုမော့ကြည့်နေလျက်ပင် လီယိုနာ့ဒ်မှာ ဤစက်လုံးကြီးအတွင်း နစ်ဝင်သွားတော့မည့်အလား စိတ်မှောက်မှားလာရသည့်ပြင် ၊ ခန်းမကြီး၏ နံရံဝိုင်းကြီးပေါ်တွင် ဝရန်တာကြီးသုံးခုတိတိမှာ တစ်ထပ်ပြီးတစ်ထပ် အဆင့်ဆင့်ရှိနေလျက် အလယ်က စက်လုံးကြီးကို ဝန်းရံထားသောကြောင့် ၊ ဤသည်ကိုကြည့်ကာ ယင်းပတ်ဝန်းကျင်မှာ နောက်ဆုံးတိုက်ပွဲအတွက် အသုံးဝင်နိုင်ပါ၏လောဟုလည်း ထောက်ရှုနေမိလေသည် ။

သို့သော်ကြာကြာမတွေးနိုင် ။ အန္တရာယ်နှင့် ခေတ္တလွတ်ကင်းသွားပြီဆိုသည်နှင့် သွေးပူစဉ်က သတိမမူမိသော ဒဏ်ရာများမှာ ယခုမှ အတိုးနှင့်စုကာ နာလာသည့်နှယ်ရှိလေသည် ။

ဒိုင်းပူဖြင့် ကပ်ခံလိုက်ရသည့် ညာဘက်လက်ဖျံမှာ ရောင်ကိုင်းနေ၍ အပ်များဖြင့် ထိုးဆွခံနေရသည့်ပမာ စူးနစ်နာကျင်နေသည်သာမက၊ အနှီလက်ဖျံတစ်လျှောက်လုံးကို တစ်စုံတစ်ယောက်က ဆွဲညှစ်ထားသည့်အလား တင်းကျပ်နေသည့်အတွက်ကြောင့်လည်း ထိုနေရာက သွေးကြောတွင်းသို့ သွေးများတိုးဝင်နေသည်ကိုပင် ကိုယ်တိုင်ခံစားမိနေလေသည် ။

ထိုမျှမက လက်သည်းကုတ်ဒဏ် ထိထားသော ဝမ်းဗိုက်ကလည်း စပ်ဖျဉ်းနေသည့်ပြင် ၊ အန်းမရက်(ခ်) ခုန်ခုတ်သည့်ဒဏ်ကို ခံထားရသော ဘယ်ပခုံးမှာလည်း ထိုးကိုက်နေပြီး ၊ တစ်နေကုန်ပင်ပန်းထားသည့်အလျောက် တစ်ကိုယ်လုံးမသယ်နိုင်အောင် ညောင်းကျလာလေရာ ၊ ပွဲမပြီးသေးဟု တွေးကာ စိတ်တင်းထားရလေသည် ။

အသက်သုံးဆယ့်ငါးနှစ် ။ မအိုသေးလင့်ကစား နဂါးသူရဲကောင်းတစ်ဦး၏ အတောက်ပဆုံး (Prime) အချိန်မဟုတ်တော့ ။ အသက် နှစ်ဆယ့်ငါးနှစ်တုန်းကသကဲ့သို့ စိတ်ကြိုက် မကြမ်းနိုင် ၊ မရမ်းနိုင်တော့ ။ သက်ပြင်းတစ်ချက်သာ ခိုးချလိုက်၍ မျက်လွှာကိုချထားလိုက်ရ၏ ။

ထိုအခိုက် ဆိုရင်း(န်)က ကြမ်းပြင်ပေါ်က နတ်ဘုရား အက္ခရာတစ်လုံးကို လက်ဝါးဖြင့် ဖိလိုက်လေလျှင် ၊ ထိုနေရာမှာ စက်ဝိုင်းသဏ္ဌာန် အပေါက်တစ်ခုဖြစ်သွား၍ ယင်းအပေါက်တွင်းမှ လက်တစ်ထွာစာရှိသော ရှည်မျောမျောဘူးကလေး ထောင်ထွက်လာလေရာ ၊ သူ(မ)သည် အနှီဘူးကလေးကို ယူငင်ပြီးနောက် လီယိုနာ့ဒ်ဘက်လှည့်လေသည် ။

“လီယိုနာ့ဒ်ကြီး … ဒါ အရေးကြီးတယ် … ဒိုင်းဖွင့်ဦး”

ဤသည်ကား အာခရီလီယမ် ဆေးဘူး ။ ဒိုင်းပေါ်က အာခရီလီယမ်အားလုံး အငွေ့ပျံသွားသဖြင့် ကုန်သွားသောအရာကို ပြန်လည်ဖြည့်တင်းထားရလတ္တံ့ ဟုတွေးကာ ခေါက်ဒိုင်းကို အကြီးဆုံးထိ ဖြန့်ချလတ်သရော် ၊ ခေါင်းတုံးမလေးက ဒိုင်းမျက်နှာပြင်ကို ဆေးပြန်မှုတ်ပေးနေသောကြောင့် တရှူးရှူးမြည်သံများနှင့်အတူ ခါးသက်သက် ရှိန်းစူးစူး အနံ့တစ်ခုမှာ တည်ငြိမ်နေသော ပတ်ဝန်းကျင်ကို စတင်ဖြိုခွင်းလာလေပြီး ၊ ဒိုင်းမျက်နှာပြင်တစ်ခုလုံး အပြာဖန့်ရောင် ပြန်သန်းလာသောအခါမှ သူ(မ)သည် ဘူးလေးကို ကြမ်းပြင်က အဝိုင်းပေါက်လေးအတွင်းသို့ ပြန်ထည့်လိုက်လေသည် ။ ၎င်းနောက် ခန်းမကြီးအလယ်က စက်လုံးပျံကြီးကို လက်ညှိုးညွှန်ပြ၍

“အခု ငါတို့ရောက်နေတာ နတ်ဘုရားမ မေဟန်ဟီရစုရဲ့ စွမ်းအားအကြီးဆုံး တန်ခိုးတွေစုနေတဲ့ ငါးနေရာထဲက တစ်နေရာ ။ ဒီယန္တရား စက်လုံးကြီးထဲမှာ အီလိုဝါ ပလက်စမာ (Eloa Plasma) လို့ခေါ်တဲ့ နတ်ဘုရားမရဲ့ တန်ခိုးတော်တွေရှိတယ်”

ယင်းကြောင့် သူ့မျက်ခုံးများ ပင့်တင်လာပြီး

“အီလိုဝါ ပလက်စမာ …”

“အဲလိုခေါ်တာပဲ လီယိုနာ့ဒ်ကြီး … အဲသည် ပလက်စမာဆိုတဲ့ တန်ခိုးတွေက သိပ်ပူတယ်လို့ပြောတယ် ။ ဘယ်လောက်ပူသလဲဆို နေရဲ့မျက်နှာပြင်လား ၊ အထဲထဲလား သေသေချာချာမမှတ်မိဘူး ။ သေချာတာက နေထက်အများကြီးပိုပူလို့ ရိုဒီးနီးယားက ထိမိတဲ့ သက်ရှိမှန်သမျှကို အငွေ့ပျံသွားနိုင်တယ်ဆိုပဲ”

“အယ် … ဒါကြီးကတော့ နည်းနည်းများတာပေ့ါ ။ နေဆိုတာ နတ်ဦးသျှောင် ဇီရိုးမက်(စ်) ဖန်ဆင်းထားတာကို ။ လေဒီအော်ရကယ်ရဲ့ စကားတွေက ရမထာသိင်္ဂီ နတ်ဘုရားမကို အရမ်း အမွှမ်းတင်သလိုဖြစ် … ဖြစ်”

ထိုအခါ ဆိုရင်း(န်)မှာ ခါးထောက်လျက် ဟက်(စ်)တန်ကို စိုက်ကြည့်နေသောကြာင့် ယင်းလည်း ပြောလက်စ စကားကို ရပ်သွားလေ၏ ။

“နင် … ခုနကကိစ္စကြောင့် နင့်ကိုငါသိပ်ပြီး အခဲကျေသေးတာမဟုတ်ဘူးနော် ။ ပြီးတော့ … ဒီပိရမစ်ကြီးထဲမဝင်ခင်က နင်ပြောနေတဲ့ စကားတွေကို ငါမကြားဘူးများ မှတ်နေလား ။ နင်က ငါ့ရဲ့နတ်ဘုရားမကို နင့်ရဲ့နတ်ဘုရားမနှင့် ခြေရာလိုက်တိုင်းနေတာလေ”

“ဒါ … ဒါ … ဟို …”

“ဘာအခုမှ ဒါဒါဟိုလဲ ။ နင် … နင့်နတ်ဘုရားမ ဟေရင်းအီရစုရဲ့ နတ်ကွန်းထဲဆိုရင် ဒါမျိုး သေးပေါက်မချဘူးမလား ။ အယ်ရီနက်(စ်)တာ (Aerinasta) က မှိုပွင့်ကြီး (Empresshroom) ထဲမှာကော သေးဘယ်နှခါ ပေါက်ချဖူးသလဲ ပြောကြည့်စမ်း”

“…”

“နင်က နင့်နတ်ဘုရားမ မဟုတ်တိုင်း လွှတ်ရိုင်းနေတာလေ … နင့်နတ်ဘုရားမက လီယိုကြီးတို့ရဲ့ စစ်နတ်ဘုရားနှင့်ပြင် တခြားနတ်တွေနှင့်ပါ ပတ်ပြီးပလူးခဲ့တာလို့ ငါကပြောရင်ကော နင်ကြိုက်လား”

“ဟာ … လေဒီအော်ရကယ် ကျွန်တော့်နတ်ဘုရားမကို ဒါမျိုးမပြောပါနှင့် ။ မှော်မဟီ နတ်ဘုရားမရဲ့ အချစ်တော်ဟာ …”

“ဒါဆို ငါကိုးကွယ်တဲ့ နတ်ဘုရားမကိုလည်း မစော်ကားနှင့်ဟဲ့ … သေးစို … သေးအိုးရဲ့”

သူဝင်တားရလေပြီ ။

“ဟေ့တော်တော့ … ဆိုရင်း(န်) ခုနက အီလိုဝါ ပလက်စမာဆိုတဲ့ တန်ခိုးတော်အကြောင်း ဆက်ပြောစမ်းပါ ။ အဲဒါနှင့် မင်းက ဘာလုပ်ချင်လို့လဲ ။ ခုနကပေးတဲ့ အာခရီလီယမ်ကကော ဘာကြောင့်လဲ”

ဟုဆိုလေလျှင် ခေါင်းတုံးမလေးက သေးစိုနေသော မှော်ကျောင်းသားလေးကို မျက်စောင်းတစ်ချက်ခဲ၍ သူ့ဘက်လှည့်လာပြီး

“အဲသည် Eloa Plasma ဆိုတဲ့ တန်ခိုးကို သံလိုက်စက်ကွင်း (Magnetic Field) ဆိုတဲ့ အာနုဘော်နှင့် ထိန်းချုပ်လို့ရတယ် လီယိုကြီး”

“ဆိုတော့ပြောချင်တာက ဒီစက်လုံးထဲက Eloa Plasma တွေကို သံလိုက်စက်ကွင်းနှင့် ဆွဲထုတ်ပြီးဟို မိစ္ဆာကောင်ကို ရှင်းပစ်မှာပေါ့ ။ မင်းလုပ်နိုင်လား”

“လုပ်နိုင်တာပေါ့ ။ ဒီပိရမစ်ကြီးကို အဆုံးသတ်မွမ်းမံပြီးတော့ နတ်ဘုရားမ ကိုယ်တော်တိုင် ကြွလာသေးတယ် ။ အဲတုန်းက ငါ နတ်ဘုရားမကို မျက်မြင်ဖူးလိုက်ရတယ်လေ ။ Her Divinity က ဒီပိရမစ်ကြီးကိုထိန်းချုပ်နည်းတွေ အကုန်သင်ပေးသွားတာ ။ ဒါပေမဲ့ …”

ထိုအခိုက်၌ “အုံး” ခနဲမြည်သံကြီး ထွက်လာသည်နှင့်အတူ တံခါးကြီးမှာ အခန်းတွင်းသို့ တစ်ချက်ကျွံဝင်လာလျှင် သူ့ရင်တွင်းထိတ်ခနဲ ဖြစ်သွားပြီး

“ဘာ ဒါပေမဲ့လဲ”

“ပြဿနာတစ်ခုရှိတယ် … ဒီလောက်ပူတဲ့တန်ခိုးတွေ အများကြီးကို အပြင်ဘက် ထုတ်မရဘူး ။ ဒီကောင်ကြီးပြင် ကျန်တဲ့ငါတို့ပါ သေကုန်လိမ့်မယ် ။ ဒါကြောင့်ပဲ ဒီခန်းမကြီးပတ်လည်မှာ အအေးစင်္ကြံကြီး ခံထားရတာ”

“အုံး … ဝုန်း”

တံခါးကြီးမှာ ဒုတိယအကြိမ်ကျွံထွက်လာပြီး သတ္တုအမှုန်အမွှားများပင် လွင့်စဉ်လာသည် ။ ဆိုရင်း(န်)ကလည်း တံခါးကြီးကို မျက်နှာအပျက်ပျက်ဖြင့် ကြည့်လျက်

“ဒါ … ဒါကြောင့် ငါစဉ်းစားထားတာက ဒီစက်လုံးကြီးထဲက Eloa Plasma ဆိုတဲ့ တန်ခိုးတော်ကို ဆံချည်မျှင်လေး တစ်မျှင်စာပဲ ဆွဲယူပြီး အဲကောင်ကြီးကို ရောင်ခြည်တန်းအနေနှင့် ပစ်မယ် ။ ပြဿနာက အဲသည် ဆံချည်တစ်မျှင်စာပဲ ရှိတဲ့ Plasma ကတောင် ပူလွန်းလို့ သူသွားမဲ့လမ်းကြောင်းရဲ့ဆယ်ပေပတ်လည်မှာ ဘာမျှကပ်လို့မရဘူး ။ ကပ်တာနှင့် အပူဟပ်တဲ့ ဒဏ်ကြောင့် မီးလောင်သေလိမ့်မယ်”

ဟုဆိုလေ၏ ။ ၎င်းနောက် သူ၏ဒိုင်းကြီးကို ငဲ့ကြည့်ပြီး

“အသက်အန္တရာယ် စကင်းတဲ့ အခြေအနေက ဆယ်ပေအကွာမှာ အာခရီလီယမ် အပြည့်ရှိတဲ့ ဒိုင်းကာပြီးရပ်နေတာပဲ ။ ဆယ်ပေ​အနည်းဆုံးနော် … အဲဒါထက်လုံးဝ လျော့လို့မရဘူး ။ ငါးပေအကွာမှာ ဒိုင်းကာပြီး ရပ်နေရင်တောင် သေသွားနိုင်တယ်”

“ဒိန်း … ဒိန်း … ကျွီး”

တံခါးရွက်ကြီးနှစ်ခု၏ အဆက်နေရာများမှာ ယိုင်နဲ့လာလေပြီ ။

“ရတယ် ငါတောင့်ခံပေးထားမယ် ။ မင်းသွား … အသင့်ပြင်တော့”

စကားဆုံးသော် ဆိုရင်း(န်)မှာ စက်လုံးပျံကြီး၏ ညာဘက်ဘေးသို့ပြေးသွား၍ နတ်ဘုရားဘာသာစကားတစ်ကြောင်းကို ရေရွတ်လိုက်သည့်အခါ ၊ စက်လုံးကြီး၏ မျက်နှာပြင်ပေါ်က အက္ခရာများအားလုံး ပြိုင်တူ လင်းလက်လာပြီးနောက် ၊ ၎င်းကြီးမှာ စက်လုံးပုံသဏ္ဌာန် မှတစ်ဆင့် တဖြည်းဖြည်းနှင့် သူ့ရှေ့တည့်တည့်သို့ ချွန်ထွက်လာလေသည် ။ လီယိုနာ့ဒ်လည်း ကြောင်ငေးနေသော လေဒီ ဆယ်ဖီးနီးဘက်သို့လှည့်လိုက်၏ ။

“မလေဒီ … နောက်ကလိုက်မလာနှင့် ။ အခန်းရဲ့ ညာဘက်မှာကပ်နေ”

ဟုဆိုနေလျက် ညာဘက်နံရံသို့ လက်ညှိုးထိုးပြလိုက်လျှင် ၊ သူ(မ)ကလည်း ပြုံးပြပြီး သူပြသည့်နေရာသို့ လျှောက်သွားလေ၏ ။ ထိုကြိုက်

“ဝုန်း”

ဟူသည့်အသံကြီးနှင့်အတူ တံခါးကြီးနှစ်ရွက်လုံး ပွင့်ထွက်သွား၍ သူ့ထက်သုံးဆနီးပါးမျှ ကြီးမားသော မိစ္ဆာဘီလူးကြီးကား ယန္တရားဓားကြီးကို ကိုင်လျက် ခန်းမကြီးတွင်း ဝင်လာလေရာ ၊ လီယိုနာ့ဒ်က ချင်းနှင့်ပေနှစ်ဆယ်အကွာထိ တိုးကပ်ပြီးနောက် ခန်းမကြီး၏ ဘယ်ဘက်ဘေးနံရံသို့ ကပ်လိုက်သည်တွင် ၊ ယင်းကြီးကလည်း ယားခနဲ ညာသံပေးကာ သူ့ထံ ပြေးဝင်လာ၏ ။

၎င်းကြီး၏ ဓားကြီးနှစ်ချောင်းလုံးမှာ Liquid Nitrogen များဖြင့် ထိတွေ့မွမ်းမံ ခံထားရသဖြင့် ဓားသွားကြီးတစ်လျှောက်လုံး၌ ရေခဲချွန်များ အထပ်ထပ်တွယ်ကပ်နေပြီး ၊ ဘီလူးကြီးကား ဤရေခဲဓားကြီးနှစ်ချောင်းဖြင့် သူ့ကိုဝင်ပိုင်းလေသည်။

သို့သော်လည်း ယခုအခါသင်းကြီး၌ လက်ပိုများမရှိတော့သည်က တစ်ကြောင်း ၊ တစ်ကိုယ်လုံးကိုလည်း အအေးရိုက်ခံထားရသည့်အတွက် ဓားခုတ်ချက်များ ၊ ခြေလှမ်းချက်များမှာ ယခင်ကထက် များစွာနှေးကွေးနေသည်က တစ်ကြောင်း ၊ သူကိုယ်တိုင်ကလည်း ၎င်းကြီးနှင့် နှစ်ကြိမ်တိတိ ရင်ဆိုင်ထားဖူးသည့်အားလျော်စွာ ချင်း၏အထာကို နပ်နေသည်က တစ်ကြောင်း စသည်တို့ကြောင့် ယခုအခါရင်ဆိုင်ရသည်မှာ အခက်အခဲမရှိလှ ။

ကန့်လန့်ဖြတ်ကျလာသော ဓားပိုင်းချက်ကို ညာဘက်သို့ ရှောင်ထွက်၏ ။ ဓားကြီးကို လခြမ်းသဏ္ဌာန် ယမ်းသည့်အခါ နောက်သို့ဆုတ်ပေး၏ ။ ရည်ရွယ်ချက်ရှိရှိ နံရံနားတွင် ကျောပေးကပ်၍ ၊ ၎င်းကြီးက ချောင်ပိတ်ခုတ်လျှင် ပေါင်ကြားတွင်းက ပြေးထွက်၏ ။ ဤမိစ္ဆာကြီးကား သူကျေညက်နေသည့် စာအုပ်တစ်အုပ် ။

ထိုစဉ် စက်လုံးကြီးမှာလည်း ကတော့ချွန်ပုံစံကြီးအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားပြီးနောက် ၊ ကတော့ထိပ်၌ အပြာလဲ့ရောင် အလင်းလေးမှာ စတင်တောက်ပလာရာ၌ ၊ ဆိုရင်း(န်)မှာလည်း ဂါထာများကို တစ်ကြောင်းပြီးတစ်ကြောင်း ရွတ်ဖတ်နေဆဲ ဖြစ်သကဲ့သို့ သူကလည်း ဘီးလူးကြီး၏ ရေခဲဓားချက်များကို တစ်ချက်ပြီးတစ်ချက် ရှောင်တိမ်းနေဆဲ ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းကြီး၏ ဓားပေါ်ကရေခဲချွန်များမှာ အခန်းအပူချိန်ကြောင့် အရည်ပြန်ပျော်လာသည့်အခါ ၊ ဓားခုတ်ချက်တိုင်း၌ ရေခဲအမှုန်အမွှားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်စဉ်ကုန်ပြီး ၊ ထိုအအေးဒဏ်များမှာ သူ၏ရှိရင်းစွဲဒဏ်ရာများကို စတင်ထိုးဖောက်စိမ့်ဝင်လာသဖြင့် ပြေးရှောင်လျှင် အအေးဒဏ်ကြောင့် ပေါင်ကြွက်သားများ ထိုးအောင့်လာ၍လည်းကောင်း ၊ ယို့ရှောင်သော် ဗိုက်ကအစင်းကြောင်းဒဏ်ရာကြီးထဲ ရေခဲမှုန်များဝင်ကာ ထုံကျဉ်လာ၍လည်းကောင်း ၊ ကြမ်းပြင်ပေါ်လှိမ့်သည့်အခါ မီးလောင်ထားသော လက်ဒဏ်ရာကို ရေခဲချွန်များစိုက်ဝင်သည့်အတွက် အသည်းခိုက်အောက် စူးတက်လာ၍လည်းကောင်း အရေးကြီးသည့်အချိန်မှ ခန္ဓာကိုယ်က သစ္စာပြန်ဖောက်ကာ ၊ ဘီလူးကြီးသာမက သူကိုယ်တိုင်လည်း နှေးကွေးလာလေတော့သည် ။

“အသင့်ဖြစ်ပြီ … လီယိုနာ့ဒ်ကြီး ဆယ်ပေခွါတော့ … ငါပစ်တော့မယ်”

ဆိုရင်း(န်)၏စကားသံက တစ်ပူပေါ် နှစ်ပူဆင့်စေ၏ ။ အခြေအနေကား လူ့တစ်ရပ်စာနီးပါးမျှ ကြီးမားသော ရေခဲဓားကြီး နှစ်ချောင်းအောက်၌ အချိန်မရွေး စိစိညက်ညက်ကြေသွားနိုင်သောကြောင့် မထိမိရန်ပင် သေလုမြောပါး ရှောင်တိမ်းနေရသည့်ပြင် ၊ Mysterios Luthos ကြီး၏ ခြေတစ်လှမ်းမှာ သူ၏ခြေလှမ်း ငါးလှမ်းစာနှင့် တူညီနေရကား သင်းကြီး၏ ဆယ်ပေအကွာသို့ ဆုတ်ရမည်မှာလည်း ဒဏ်ရာများနှင့်အအေးဒဏ်များ ပိနေသော သူ့အဖို့ မဖြစ်နိုင်တော့ဘဲ ၊ ဤအတိုင်းသာ ဆက်သွားပါက နှစ်ယောက်လုံး သေလမ်းသို့သာ အတူတူသွားရတော့မည့်ကိန်းဆိုက်နေပြီ ဖြစ်သည့်အလျောက် ၊ လီယိုနာ့ဒ်မှာ “သူသေပါက အနှီပိရမစ်ကို ကာကွယ်နိုင်လတ္တံ့ ၊ အနှီပိရပစ်ကို ကာကွယ်နိုင်ပါက ရာဗလွန်အင်ပါယာ ယခုအချိန်၌ မရှုံးလတ္တံ့ ၊ ယခုအချိန်၌ မရှုံးဘဲ တန်နားဘရက်(စ်)ကိုသာ နိုင်သွားပါက ဒိုမီနီယံများ ကျဆုံးရလတ္တံ့ ၊ ဤအခါ သူ့ဝိညာဉ် ကျေနပ်ရပေအံ့” ဟုတွေးဆလိုက်ပြီးနောက်

“ရတယ် ပစ်တော့ … ငါ့ကိုဂရုမစိုက်နှင့်”

“မပစ်ဘူး … လီယိုကြီး … ရအောင်ပြန်ထွက် … ဆယ်ပေပဲ … ဆယ်ပေ”

ခုတ်ချက်များက ကြမ်းသည်ထက် ပိုကြမ်းလာပြီး အခန်းနံရံကြီးများနှင့် ဓားများထိရာမှ မီးပွါးများစဉ်ထွက်လာ၏ ။ ရင်ခေါင်းသံကြီးနှင့် ညာသံပေးခုတ်လေတိုင်း သတ္တုခမောက်ကြားက တွဲကျလာသော ယင်းကြီး၏ သွားရည်များမှာလည်း တများများ ။ အသက်ရှူသံကြီးတို့မှာလည်း တရှူးရှူး ။

ဝှီးခနဲ ဓားယမ်းချက်ကို ခြေများယိုင်ထိုးလျက် ရှောင်လေရာ၌ ၊ ဓားထိပ်ဖျားကြီးမှာ သူ့မျက်နှာရှေ့က ကပ်ဖြတ်သွားသည့်အတွက် အအေးလှိုင်းများနှင့် ရေခဲချွန်များက မျက်နှာကိုလာရိုက်မိပြီး ကြက်သီးမွေးညင်းများ ထောင်ထလာ၏ ။ ဤသည်ကား သေမင်းတမန်၏ လက်ယပ်ခေါ်ချက်များပေလော ။

ရေခဲဓားကြီးမှာ အရည်ပျော်သည်ထက် ပိုပျော်လာ၏ ။ ပတ်ဝန်းကျင်မှာလည်း အေးသည်ထက် ပိုအေးလာ၏ ။ တစ်ကိုယ်လုံးလည်း နာသည်ထက် ပိုနာလာ၏ ။ အကြောများလည်း ထုံသည်ထက် ပိုထုံလာ၏ ။ သူချောင်ပိတ်မိနေလေပြီ ။ ထိုအခိုက်

“ဖျတ်”

ဟူသည့် အသံလေးတစ်သံ ထွက်ပေါ်လာ၏။ ယင်းနှင့်အတူ ဖင်ထိုင်လျက်သား လဲကျနေသော သူ့ကို ဓားနှစ်လက်လုံးဖြင့် အုပ်မိုးခုတ်ပိုင်းရန် မြှောက်ထားသော Mysterios Luthos ကြီး၏လက်နှစ်ဖက်လုံးမှာဘည်း လေပေါ်၌ပင် ရပ်တန့်သွားပြီးနောက် ၊ လေဒီ ဆယ်ဖီးနီး၏ အနက်ရောင်ပြည့်တန်ဆာ ခမောက်လေးမှာ ချင်းကြီး၏နောက်မှ ထွက်လာ၍ သူ့ခြေထောက်နားသို့ လိမ့်ဝင်လာလေ၏ ။ ပေငါးဆယ်အကွာက လေဒီ ဆယ်ဖီးနီးမှာ ဘီလူးကြီး၏ကျောပြင်ကြီးကို ခမောက်ဖြင့် လှမ်းပေါက်လိုက်ခြင်းသာ ။

ထိခိုက်မှုမဖြစ်နိုင်လင့်ကစား သူ(မ)၏လုပ်ရပ်မှာ တိုက်ပွဲတစ်ခုလုံးကို ရပ်တန့်သွားစေ၏။ ဘီလူးကြီးမှာ သူ့ကိုနောက်ကျောပေးလျက် သူ(မ)ဘက်သို့ လှည့်သွားသည်တွင် ၊ အကြင် သာမဂ္ဂီပြည့်ကြီးတန်ဆာမှာ ကျော၌လွယ်ထားသော ပန်းဖူးသဏ္ဌာန် မေယုတံတျာတူရိယာကို ဖြုတ်ယူ၍ ယင်းကြီးကို လှမ်းထုပြန်သရော် အနှီတူရိယာမှာ တောင်ပို့ကြီးအလား မောက်ထနေသော ပခုံးကြီးအောက်က သတ္တုခမောက်ဆောင်းထားသည့် ဦးခေါင်းလေးကိုသွားရောက် ထိမှန်လေရာ

“တောင်”

ဟူသော အသံလေး ထွက်ပေါ်လာလေသည် ။ တူရိယာမှာလည်း ကြမ်းပြင်ပေါ်ဝယ် တစ်စစီပြုတ်ထွက်သွားပြီး အခန်းတွင်း ဓားခုတ်သံများ ၊ ကြုံးဝါး ဟစ်အော်သံများအားလုံး ငြိမ်ကျသွား၏ ။ ၎င်းနောက် မိစ္ဆာကြီးထံမှ

“ဂါး …”

ဟူသော အသံနက်ကြီးကား ခန်းမတစ်ခုလုံး ဟိန်းထွက်လာ၍၊ သင်းကြီးမှာ ခြေလှမ်းကျဲကြီးများနှင့် လေဒီ ဆယ်ဖီးနီးထံ တစ်လှမ်းချင်းလျှောက်သွားလေတော့သည် ။ အရူးမလေးကား ဒေါသအိုးကို တုတ်နှင့်ထိုးလိုက်လေပြီ ။

“မလေဒီ … ပြေး … ပြေး …”

ဟု သူလှမ်းအော်လင့်ကစား ဆယ်ဖီးနီးမှာ သူ(မ)ထံလှမ်းလာနေသော ဘီလူးကြီးကို ရပ်လျက်သာ ကြောင်ကြည့်နေလျှင် ၊ သူ့တစ်ကိုယ်လုံး ထူပူသွားကာ သွေးရူးသွေးတန်းနှင့် ကြမ်းပြင်ပေါ်ရှိ မေယုတံတျာ အပိုင်းအစများနှင့် ဘီလူးကြီး၏ နောက်ကျောကို လှမ်းပေါက်ပေသော်ငြား ၊ ၎င်းကြီးကား သူ့ကိုဂရုမစိုက်တော့ဘဲ သူ(မ)ဆီသို့သာ ဦးတည်နေ၏။ ထိုကြိုက် အချိန်ကိုက်ပင် ရွှေရောင်တောက်နေသော ခန်းမကြီးတစ်ခုလုံးလည်း အမှောင်ကျသွားပြီးနောက် သူ့နောက်က ဆိုရင်း(န်)၏အသံစူးစူးလေး ထွက်ပေါ်လာလေသည် ။

“မေဟန်ဟီရစုရဲ့ အမျက်တော် (Smite of Mayhan-Herasu) … သေစမ်းဟဲ့ မိစ္ဆာကြီး”

ယင်းနှင့်အတူ သူ(မ)ဘေးရှိ ယန္တရားကတော့ကြီး၏ထိပ်မှ အလင်းတန်းလေး​တစ်ခုကပါ Mysterios Luthos ကြီးထံဦးတည် ပျံသန်းသွားပြီး ၊ အနှီအလင်းတန်းလေးမှာ ဆံချည်မျှင်လေးအလား သေးသွယ်လှသည့်တိုင် မှောင်ထုအတွင်းဝယ် တောက်ပလွန်းလှကာ အဖြူနှင့်အပြာရောင် ရောယှက်နေလေသည် ။ ဤသည်ကား သံလိုက်စက်ကွင်းဟူသည့် အာနုဘော်ဖြင့် ပစ်လွှတ်လိုက်သော နတ်ဘုရားမ၏ ပလက်စမာ (Eloa Plasma) တန်ခိုးတော် ။

ဒိုင်းကြီးကို လူတစ်ကိုယ်လုံးဖုံးသည်အထိ အဆုံးထိဖွင့်ကားလျက် လာမည့်ဘေး ထိပ်တိုက်တွေ့ရန် သက်ပြင်းကို အဆုံးထိရှိုက်တင်လိုက်၏။ ထိုစဉ် ဟက်(စ်)တန်ကလည်း လေဒီ ဆယ်ဖီးနီး ရှေ့သို့ပြေးဝင်ပြီးနောက် သူ(မ)ကို ၎င်း၏မှော်ဝတ်ရုံဖြင့်ဝင်ကာပေး၏ ။ ရမထာသိင်္ဂီ နတ်ဘုရားမ၏ တန်ခိုးတော်မှာကား သူတို့ဘေးက ဖြတ်သွားလေပြီ ။

“ရွှီး …”

ပထမဆုံး ဒိုင်းကြီးပေါ်က အပြာရောင်မီးခိုးများ မှာ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်အူတက်လာသဖြင့် အမြင်များစတင် ထူပိတ်လာ၏ ။ ထို့ပြင် အင်အားလှိုင်းကြီး (Shockwave) တစ်ခု ဝင်ဆောင့်သည့် ခံစားချက်နှင့်အတူ သူ့ကိုယ်မှာ နောက်သို့ခြေငါးလှမ်းမျှ ဆုတ်သွားရပြီးနောက် ၊ ဒိုင်းပြား၏ မှန်ပေါက်က လှမ်းကြည့်သရော် လေဒီ ဆယ်ဖီးနီးကို ကာပေးထားသော ဟက်(စ်)တန်၏ တစ်ကိုယ်လုံးမှလည်း မီးခိုးပြာများ ထောင်းထောင်းထလာသည်ကို မီးခိုးပြာများကြားကပင် ဝိုးတိုးဝါးတား လှမ်းမြင်လိုက်ရသည် ။

နောက်ဆုံး အခန်းကြီးမှာ ရွှေရောင်ပြန်တောက်လာ၍ ဆံချည်တစ်မျှင်မျှသာ ရှိသော အလင်းတန်းမျှင်မျှင်ပါးပါးလေးမှာ Mysterios Luthos ကြီး၏ ခါးလယ်သို့ ဖောက်ဝင်သွားသည့်အခါ ၊ သင်းကြီးမှာ လမ်းလျှောက်နေရာမှ တုန့်ခနဲရပ်သွားလေ၏ ။ ထို့နောက် ခန္ဓာကိုယ် တစ်ကိုယ်လုံးမှ အပြာရောင်မီးခိုးများ ဟုန်းခနဲထကြွလာ၍ ၊ အနှီမီးခိုးပြာတို့မှာ နေရာအနှံ့သို့ ထောင်ပန်းကုန်၏ ။

ယင်းနောက် ဆက်ဖီဘီယမ် ဘီလူးကြီး၏ ခါးလယ်၌ တစ်ဖက်ကို တိုးလျှိုပေါက် မြင်နေရသော စက်ဝိုင်းသဏ္ဌာန် အပေါက်ကြီးတစ်ပေါက် ပေါက်သွား၏ ။

၎င်းနောက် ထိုစက်ဝိုင်းကြီးမှာ ဘေးသို့ပြန့်ကားလာ၍ ကြွက်သားမှန်သမျှအားလုံး အငွေ့ပျံကုန်လျက် ဘီလူးကြီး၏ ခြေထောက်နှစ်ချောင်းလုံး ပြတ်ကျသည်သာမက ဤပြတ်ကျသော ခြေထောက်များလည်း အရည်ပျော်ကုန်ပြီး ၊ စက္ကန့်ပိုင်းအတွင်းမှာပင် သင်းကြီးမှာ ဘယ်လက်တစ်ဖက် ၊ ဘယ်ဘက်ရင်အုံနှင့် ဦးခေါင်းကလွဲ၍ ညာဘက်ရင်အုံ ၊ ညာလက်နှင့် ကျန်အောက်ပိုင်းတစ်ခုလုံးမှာ အငွေ့ပျံသည့်အပိုင်းကပျံ ၊ အရည်ပျော်သည့်အပိုင်းက ပျော်ကုန်ကာ အလုံးစုံပျောက်ကွယ်သွားတော့သည် ။ ဆံချည်တစ်မျှင်မျှသော နတ်ဘုရားမ၏ တန်ခိုးတော်နှင့် မိစ္ဆာကောင်ကား ဝပ်ဆင်းသွားပြီတကား ။

သူအနားလျှောက်သွားသည်တွင် ၎င်းကြီးမှာ မသေသေး ။ ကျန်နှလုံးတစ်ဖက်မှာ ခုန်လျက်ရှိပြီး ခန္ဓာကိုယ်အပြတ်ကြီးမှ အာရုံကြောကြီးများလည်း ပြန့်ထွက်နေကြသည် ။ သို့စေကာမူ လက်ကြီးမှာမလှုပ်နိုင်တော့ ။ ဟက်(စ်)တန်မှာ ချင်းကြီးကိုကြည့်ကာ

“မီလန်းအိမ်တော်က သားကြီးတစ်ယောက်ရဲ့ သာမန်နေ့တစ်နေ့တော့ ဟုတ်မနေဘူး ။ ကျုပ်အပြင်ပြန်ထွက်တာနှင့် ဒီအထဲကအကြောင်းတွေ အားလုံးပြန်ပြောပြရမယ် ။ ဒါပေမဲ့ ပြော … ပြောရင်တောင် သူတို့က ယုံကြပါ့မလား”

ဟု တီတိုးရေရွတ်နေစဉ် လီယိုနာ့ဒ်ကမူ အသက်ငင်နေသော ဘီလူးကြီးကိုကြည့်လျက် ၊ သူ့မျက်လုံးတွင်း၌ အန်းမရက်(ခ်)၏ မျက်နှာနှင့် တန်နာဘရက်(စ်)က ဒိုမီနီယမ်များ၏ မျက်နှာကို ပြန်လည်မြင်ယောင်လာလေသော် စိတ်ထဲထောင်းခနဲ ဖြစ်လာ၍ယင်းကြီး၏ ခါးပြတ်တွင်းသို့ လက်တစ်ဖက်ကို ထိုးနှိုက်ပစ်လိုက်ပြီးနောက် နှလုံးကြီးကို ဆွဲညှစ်ပစ်လိုက်သည် ။

“အီး … အစ် … အစ်”

သူ့လက်တစ်ချောင်းလုံး စေးပျစ်နေသောသွေးများနှင့် ပေလူးသွားသည်နှင့်အတူ ယင်းကြီး၏အာရုံကြောကြီးများကလည်း သူ့လက်ကို လာရောက် ရစ်ပတ်လေ၏ ။ သို့သော် ၎င်းတို့အားလုံး အားပျော့နေပါပြီ ။

နှလုံးကြီးကား တဆတ်ဆတ်ခုန်နေဆဲ ။ သူ့လက်ဖဝါးသို့ ချင်း၏ နှလုံးခုန်ချက် တစ်ချက်လာရိုက်လေတိုင်း သူ့နှလုံးကပါ စည်းချက်ကျကျ လိုက်ခုန်ရကား ၊ မိစ္ဆာကြီး၏ နှလုံးနှင့် သူ့နှလုံးမှာ ပြိုင်တူခုန်နေသည့်အလား ။ မှန်ပါသည် ။ တူပါသည် ။ သူသည်လည်း မိစ္ဆာတစ်ကောင်သာ ။

၎င်းနောက် ထိုနှလုံးကြီးပေါ်က သွေးကြောကြီးကို ဆုပ်ကိုင်၍ ဆွဲဖြတ်ချလိုက်လေရာ ၊ ဘီလူးကြီး၏ ခန္ဓာကိုယ်အတွင်းက နှလုံးကြီးမှာ သူ့လက်ထဲသို့ ပြတ်ပါလာတော့သည် ။ သူသည် ခေါင်းပြတ်ကို ဆံပင်ကဆွဲကိုင်သကဲ့သို့ လက်တစ်တောင်စာမျှ ကြီးမားသော နှလုံးကြီးကို သွေးကြောမကြီးက ကိုင်ဆွဲထားလျက် မလှုပ်မယှက်ရပ်နေမိ၏ ။

ဤသို့ဖြင့် Mysterios Luthos ကြီး ငြိမ်သက်သွားသည် ။ ထို့အတူ နှလုံးကြီးမှာလည်း သူ့လက်တွင်း၌ပင် ရပ်တန့်သွား၏ ။ သွေးစေးများ အလိမ်းလိမ်းပေနေသော သူကိုယ်တိုင်မှာလည်း ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည့်အခါ ၊ လေဒီ ဆယ်ဖီးနီးမှာ သူ့အနား၌ အတူတူဒူးထောက်ထိုင်ကာ သူ့မျက်နှာပေါ်က သွေးစေးများကို သူ(မ)၏ ပိုးပဝါလေးဖြင့် သုတ်ပေးနေသဖြင့် ၊ လီယိုနာ့ဒ်မှာ သူ(မ)ကို ငေးကြောင်လျက်သာ ပြန်ကြည့်နေမိတော့သည် ။

နေနှင့်လ ၊ ရွှေနှင့်မြ ၊ အရူးမနှင့်ဒုက္ခိတ ၊ သူတို့နှစ်ယောက်မှာ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် လိုက်ဖက်နေသည်တကား ။ ။

**********************

ယင်းသို့ဖြင့် သူတို့အားလုံး လာရာလမ်းအတိုင်းမှတစ်ဆင့် ပိရမစ်ကြီးအတွင်းက ပြန်ထွက်လာသရော် ၊ အာဇာဂါနာမြို့ဘေး ကောင်းကင်ယံ၌ မြို့နယ်ကြီး တစ်မြို့နယ်စာ နီးပါးမျှကြီးမားသော အိုက်ကရက်(စ်) မဟာယာဉ်ပျံကြီးမှာ ပျံဝဲလျက်ရှိ၍ ၊ ယင်းကြီးမှာ စက်ဝိုင်းသဏ္ဌာန်သကဲ့သို့ အဝိုင်းပြားကြီးဖြစ်သည့်ပြင် ထိုယာဉ်ကြီး၏အပေါ်၌ အပြာရောင်မီးများ မှိတ်တုတ်မှိတ်တုတ်နှင့် စူးလက်နေကြသော သတ္တုအိမ်ရာများ သည်လည်းကောင်း ၊ ထိုးထိုးထောင်ထောင် ဖြစ်နေကြသော ဧရာမရဲတိုက်ကြီးများသည် လည်းကောင်း ၊ ယာဉ်ကြီး၏ အလယ်၌ ကြောင်လိမ်လှေကားကြီးသကဲ့သို့ လိမ်ပတ်နေသော မျှော်စဉ်တိုင်ကြီးနှစ်ခုသည်လည်းကောင်း ထည်ဝါစွာ တည်ရှိနေကြသဖြင့် အဆိုပါယာဉ်ကြီးကို ပိရမစ်ပေါ်ကလှမ်း မြင်နေရသည်ကား တိမ်ပင်လယ်ကြီးအတွင်း၌ မျောနေသော မြို့ပျံကြီးတစ်ခုအလား အသွင်မှားရသည်သာမက ၊ မြို့နယ်ကြီး တစ်မြို့နယ်နီးပါးမျှကြီးမားသော မဟာယာဉ်ကြီးဖြစ်သည့်အားလျော်စွာ ၎င်းကြီး၏အရိပ်ကြီးမှာလည်း မြို့ဘေးက ကျေးရွာစုများ ၊ လယ်ကွင်းများနှင့် တောကြီးများအပေါ် ဖုံးလွှမ်းလျက်ရှိလေ၏။

ထိုစဉ် အိုက်ကရက်(စ်)ကြီးထံမှ ရာချီနေသော နင်းဘက်(စ်)ပန်းကန်ပြားပျံတို့မှာ သူတို့မြို့ကြီးထံသို့ စစ်ကြောင်းကြီးသဖွယ် ချီတက်လာနေရကား ၊ လီယိုနာ့ဒ်မှာ ပိရမစ်၏ နံရံကြီးကို လက်တစ်ဖက်ထောက်ထားလျက် သက်ပြင်းကြီးတစ်ချက်ကို ချမိလိုက်လေသည် ။

https://mmxianxia.com/wp-content/uploads/2026/05/A2E8F16A-05BF-4A0F-AEE4-D3E08963689F.webp

တိုက်ပွဲမှာကား လုံးဝ ဥဿုံ အလုံးစုံ ပြီးဆုံးသွားလေပြီ ။ ။

**************

All Chapters