Reforging the Dragon Spirit
Vol. 1 Ch. 19
ဤသို့ဖြင့် လီယိုနာ့ဒ်တို့မှာ လေဒီ ဆယ်ဖီးနီး၏ အခန်းတွင်းသို့ ပြန်ရောက်လာကြလေသည်။ ရေကန်နားက သူ(မ)လှဲလျောင်းနေသော ခုတင်ဘေးဝယ် အလုပ်သင်ပြည့်တန်ဆာပေါင်း ရှစ်ယောက်ခန့်မှာ ဝိုင်းဝိုင်းလည်နေကြသည့်ပြင် ၊ မလှမ်းမကမ်းတွင်လည်း မေယုတံတျာတူရိယာကို လွယ်ထားသော လေဒီ လီလီယာနာမှာ လက်ဖဝါးနှစ်ဖက်ကို ဂါဝန်ပေါ်၌ထပ်ကာ ရပ်နေလေပြီး ၊ သူ(မ)သည် အနက်ရောင်ဇာရုံလွှာနှင့် ပိုးသားဂါဝန်ဖြူကို ဆင်မြန်းထားသည်သာမက ၊ ဖဲသားဖြင့် ချုပ်လုပ်အပ်သော တြာပီဇီယံသဏ္ဌာန် ခမောက်ဖြူကိုလည်း တစောင်းဆောင်းလျက် မေးချွန်ချွန်လေးကို ရွှေရောင်ဖဲကြိုးဖြင့် ထိန်းပတ်ထားရကား မျက်ဝန်းတို့ကို မမြင်ရ ၊ နီရဲရဲနှုတ်ခမ်းထူထူလေးနှစ်လွှာကသာ အတိုင်းသားထင်းနေလေရာ ၊ ၎င်း၏အသွင်မှာ နှင်းလွှာဖြူပေါ်က အန်သရယ် ပန်းလေးတစ်ပွင့်အလား တင့်တယ်လှပေသည် ။
သူတို့ကိုမြင်သရော် သူ(မ)က ပခုံးကို လက်ချောင်းသွယ်သွယ်လေးများဖြင့် ထိရုံမျှသာ ထိပြနှုတ်ဆက်သည့်အတွက် သူလည်းခေါင်းညိတ်ပြလိုက်၏။ ယင်းနောက် လေဒီ ဆယ်ဖီးနီး၏ အခြေအနေကို ထောက်ရှုလိုက်လေလျှင် ၊ သူ(မ)မှာ မလှုပ်မယှက် သတိလစ်လျက်ရှိ၍ မျက်လုံးထောင့်၌ မျက်ရည်စီးကြောင်းနှစ်ကြောင်းမှာလည်း ထင်းနေလေသည် ။ အနားရောက်သော် အလုပ်သင်လေးများ၏ မျက်လုံးတို့မှာ ဝင်းလက်သွားကြ၍
“သူရဲကောင်း … ဆေးဆရာ ။ မမလေးကို ကြည့်ပေးပါဦး ။ ခုနက အတင်းရုန်းကန်လာလို့ ဝိုင်းချုပ်ထားရတယ် ။ ပြီးတော့ မျက်ရည်တွေလည်း တောက်လျှောက်ကျနေတာ အခုလေးတင်မှ ပြန်ငြိမ်သွားတာပါ”
ထိုအခါမာတိုရိုက လေဒီ ဆယ်ဖီးနီးမှာ မကြာသေးမီက ဖျားဖူးသလော ၊ ခေါင်းကိုက်ဖူးသလော ၊ လည်ပင်းတောင့်တင်းဖူးသလော ၊ အလင်းဒဏ်မခံနိုင်သောကြောင့် အမှောင်ခန်းအတွင်း နေခဲ့ရဖူးသလော စသည့် ဦးနှောက်အမြှေးရောင် ရောဂါလက္ခဏာများနှင့် စပ်လျဉ်းသောအကြောင်းတို့ကို မေးမြန်းရာ၌ ၊ ဆယ်ဖီးနီး၏ အလုပ်သင်ပြည့်တန်ဆာလေးများမှာ ပထမအစက ငြင်းဆိုကြလင့်ကစား လီယိုနာ့ဒ်က လီလီယာနာ၏ အလုပ်သင်လေးယောက်ကို အနားက ထွက်သွားခိုင်းလိုက်သည့်အခါမှ ယင်းတို့မှာ အမှန်တိုင်း ဖွင့်ဟလာကြလေသည် ။
“ဟုတ် … ဟုတ်ပါတယ် ။ မမလေးက ဖျားတာနာတာတွေကို သိပ်အရေးကြီးခွင်ကျယ်မလုပ်ပေမဲ့ အလင်းဒဏ်မခံနိုင်လို့ အခန်းတွင်းအောင်းနေလိုက်ရတာက ဖြစ်သွားခဲ့ဖူးပါတယ်”
“ကဲ … ဘယ်လိုလဲ ခေါင်းဆောင် ။ အထဲမှာ မီဇိုဗာကပ်ပါးကောင် ရှိတာတော့ လုံးဝသေချာသွားပြီ ။ အမှုကြီးတစ်ခုလုံးလည်း ပေါ်သွားပြီ ။ အခုဘာလုပ်ကြမလဲ ။ ကျုပ်တို့ စစ်တပ်ထဲသွားပြီး ပြင်ဆင်ကြတော့မလား”
သူခေါင်းခါပြလိုက်သည် ။
“ခဏနေဦး … ငါမေးမယ် ဇိုက်(ခ်) ။ မင်းရဲ့တပ်ထဲကို ဒီရက်ပိုင်းအတွင်းမှာ ရမထာသိင်္ဂီနတ်ဘုရားမ ဖန်ဆင်းတဲ့ ယန္တရားအသစ်တွေ မရောက်ဘူးလား”
“ရောက်တယ်လေ … ဘာဖြစ်လို့လဲ”
“ဒီလိုလေကွာ ။ မီဇိုဗာကပ်ပါးကောင်ကို ကြိမ်နှုန်းနိမ့် အာထရာဆောင်း (Low Frequency Ultrasound) နှင့်အမိန့်ပေးတယ် ။ ခုနက ဖဲလေဒီလည်း လှုပ်လှုပ်ရှားရှားဖြစ်လာတယ်ဆိုရင် (အေ) က အခုလောက်ဆို သူစိတ်ညှို့ထားတဲ့သူတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဝင်တိုက်ဖို့ အမိန့်တွေပေးနေလောက်ပြီ ။
နတ်ဘုရားမရဲ့ ရတနာတော်ကို မာတိုရိုခိုးခဲ့တာက လွန်ခဲ့တဲ့ တစ်လဝန်းကျင်ကမလား ။ အဲတုန်းကတည်းက နတ်ဘုရားမက ဒီကပ်ပါးကောင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိထားတယ်ဆိုရင် အခုအချိန်မှာ ဒီကပ်ပါးကောင်အတွက် တန်ပြန်ယန္တရား ဖန်ဆင်းပြီးလောက်ပြီ ။ ဥပမာ ကြိမ်နှုန်းနိမ့် အာထရာဆောင်းကို ကြားဖြတ်နားထောင်နိုင်တဲ့ ကိရိယာမျိုး ။ မင်းဆီကို ဒါမျိုးကိရိယာ မရောက်သေးဘူးလား”
စကားဆုံးသော် ခါးကိုင်းလျက်နားထောင်နေသည့် ဇိုက်(ခ်)မှာ ပေတံတစ်ခုသဖွယ် မတ်ထသွား၍
“ရောက်တယ် … နောက်ဆုံးပေါ် အသံဖမ်းကိရိယာဆိုတာ … အဲသည်မှာ လုပ်ဆောင်ချက် (Function) အသစ်တွေပါတယ် ။ ကြိမ်နှုန်းနိမ့် အာထရာဆောင်းကို ဖမ်းမဖမ်းကတော့ စမ်းကြည့်ရလိမ့်မယ်”
ဟုဆိုပြီးနောက် လက်ဖဝါးက ဟိုလိုဂရမ်ကိုဖွင့်ကာ
“ဟေ့ကောင် … လွန်ခဲ့တဲ့ တစ်ပတ်ကမှ ရောက်တဲ့ နောက်ဆုံးပေါ် အသံဖမ်းကိရိယာကို သမုဒယရတီနန်းတော်ပေါ် အခုချက်ချင်းယူခဲ့ ။ အမြန်ဆုံးနည်းလမ်းနှင့်လာခဲ့ ။ ကျန်တာအားလုံး ငါတာဝန်ယူတယ်”
ဟုဆိုလိုက်လေ၏ ။ ၎င်းနောက်သူတို့အားလုံးမှာ ယဉ်ကျေးမှုအရ လေဒီ ဆယ်ဖီးနီး၏ ဘေးပတ်ပတ်လည်က ဖယ်ပေးလိုက်ကြပြီးနောက် နောက်ဆုံးပေါ် အသံဖမ်းကိရိယာကို စောင့်ဆိုင်းနေကြစဉ် ၊ သူ့အနားသို့ အချိုဓာတ်စွက်သော ရေမွှေးနံ့ရှရှလေးတစ်ခုက တိုးကပ်လာလေ၏ ။ လေဒီ လီလီယာနာ ချဉ်းကပ်လာခြင်းပင် ။ ထို့ကြောင့် သူကလည်း စကားစပေးလိုက်ပါသည် ။
“ကျုပ်တို့အမှုကို ဒါမျိုးကူညီပေးလို့ ကျေးဇူးတင်ပါတယ် မလေဒီ (M’Lady)”
ဤအခါ သူ(မ)ထံမှ မခို့တရို့ရယ်သံလေးတစ်သံသာ ဦးစွာလှစ်ဟလာ၏ ။ ယင်းနောက်
“နေကွယ်ရင် လထွက်တယ် ။ မိုယာပင်တွေဟာ လူ့အကျိုးကိုဆောင်တယ် ။ ပြီးတော့ ကြီးတဲ့သူဟာ ငယ်တဲ့သူကို ညှဉ်းတယ်တဲ့ ။ အစွယ်တစ်ဖက်ကျိုးနေတဲ့နဂါး … နှမမေးတာကို ဖြေကြည့်ပါ ။ လောကမှာ အသုံးမကျတဲ့ သူတွေ ၊ အသုံးမကျတဲ့ အရာတွေဆိုတာ တကယ်ရှိတာလား ။ ဒါမှမဟုတ် … နှမတို့ အသုံးမချတတ်သေးတာကိုဘဲ အသုံးမကျဘူးလို့ ပြောနေကြတာလား”
ဟုဆိုလာသဖြင့် လီယိုနာ့ဒ်မှာ ဘေးကိုစောင်းရုံမျှသာ ငဲ့ကြည့်လိုက်လျှင် ၊ သူ(မ)သည် ခုတင်ပေါ်က လေဒီ ဆယ်ဖီးနီးကို ငေးနေလေ၏ ။ ထိုအခါသူက
“ကျုပ်အတွက် အသုံးမကျတာဆိုတာ မရှိဘူး မလေဒီ”
“အို …”
“အသုံးမကျတာအားလုံးကို မီးရှို့လိုက်ရင် အသုံးကျလာပါလိမ့်မယ် ။ မီးကတော့ အသုံးကျတယ်မလား”
အနိမ့်အမြင့်မရှိသော အသံသေဖြင့် ပြောလိုက်သရော် ၊ ခမောက်ဖြူအောက်က လေဒီ လီလီယာနာ၏ နှုတ်ခမ်းစုလေးမှာလည်း ကော့တက်သွားတော့သည် ။ ၎င်းနောက် သူ(မ)သည် သူ့ဘက်သို့လှည့်၍ ခေါင်းညွတ်လျက်
“ဒါဆို အခုဖြစ်လာတော့မဲ့ တိုက်ပွဲမှာ သည်နဂါး ဘေးကင်းပါစေလို့ နှမဆုတောင်းပေးပါတယ် ။ ဒီစကားကို ရင်ဝယ်တွယ်အပ်ရင်း လုပ်သင့်တာတွေအားလုံး လုပ်နိုင်လိမ့်မယ်လို့လည်း စိတ်ဘဝင်မှာ အောက်မေ့မိပါတယ် ။ နှမကိုခွင့်ပြုပါဦး”
အသံလေးကားချို၏ ။ နွဲ့လည်းနွဲ့နောင်း၏ ။ သို့သော် ဆုတောင်းသည်ထက် သတိပေးသည်က ပိုများနေသယောင် ။
လေဒီ လီလီယာနာသည် ထိုသို့ဆို၍ သူ့အနားမှ ထွက်ခွါတော့မည်ပြုကြိုက် ၊ ဇိုက်(ခ်)က ပြုံးစိစိမျက်နှာထားဖြင့် အနားသို့တိုးကပ်လာသည်တွင် သူ(မ)မှာ ညာလက်ဖဝါးလေးကို ရင်ဘတ်၌တင်ကာ “နှမပင်ပန်းနေပြီ” ဟုစကားကို ပိတ်ပစ်လိုက်၍ အလုပ်သင်လေးယောက်နှင့်တကွ အခန်းဝသို့ ထွက်ခွါသွားသောကြောင့် ၎င်း၏မျက်နှာကြီး ရှုံ့မဲ့သွားသော်လည်း ၊ သူ(မ)ထွက်သွားသည်နှင့် ဝိုက်ဗန်အမ်း တစ်ယောက်မှာ လက်တစ်ထွာစာမျှသာရှိသော ရှည်မျောမျော ယန္တရားတစ်ခုကို ကိုင်ဆောင်လျက် ခန်းမအတွင်း ပြေးဝင်လာသည့်အတွက် ဇိုက်(ခ်)၏မျက်နှာမှာ ချက်ချင်းပြန်လည်တောက်ပလာပြီးနောက် ဤကိရိယာနှင့် လေဒီ ဆယ်ဖီးနီးအနားသို့ တိုးကပ်သွားလေရာ ၊ ချင်းနှင့်အတူ ကျန်သူများအားလုံးလည်း သူ(မ)ကို ပတ်ပတ်လည် ပြန်ဝိုင်းလာကြလေပြီ ။
“တီ … တီ … တီ … တီ”
ရမထာသိင်္ဂီနတ်ဘုရားမ၏ နောက်ဆုံးဖန်ဆင်းမှု ဟူသော လက်ကိုင်တုတ်သဏ္ဌာန် ယန္တရားမှ ထိုအသံများနှင့်အတူ အနီရောင်အလင်းလေးလည်း မှိတ်တုတ်မှိတ်တုတ်လင်းနေ၍ ၊ စက္ကန့်ပိုင်းမျှကြာသည့်အခါ ထိုအနီရောင်အလင်းတန်းလေးမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားပြီးနောက် ပြတ်တောင်း ပြတ်တောင်း အသံတစ်ခု ထွက်လာလေသည် ။
“နောက်မိနစ်နှစ်ဆယ် …. နောက်မိနစ်နှစ်ဆယ် … သလင်းတုံးဌာန … သလင်းတုံးဌာန … သလင်းတုံးဌာန … လက်ဖလက်ဆီ ဖြန့်ချိရေးဗဟို …. လက်ဖလက်ဆီ ဖြန့်ချိရေးဗဟို …”
ထိုအခါ လီယိုနာ့ဒ်က
“နောက်မိနစ်နှစ်ဆယ်နေရင် စပြီပေါ့ ။ စစ်ကူလာမဲ့အချိန်ကို အတိအကျသိရပြီလား”
“ဒီကောင် နောက်မိနစ်နှစ်ဆယ်မှာ ကျုပ်တို့ကို စတိုက်မယ်ဆိုရင် စစ်ကူမလာမီ နာရီဝက်နီးပါး တောင့်ခံထားရလိမ့်မယ်”
“နာရီဝက်ဆိုလည်း နာရီဝက်ပေါ့ ။ နေဦး အခုဝင်တိုက်မဲ့အထဲမှာ လက်ဖလက်ဆီ ဖြန့်ချိရေးဗဟို ဆိုတာပါတယ် ။ ဘာအတွက်လဲ … အဲဒါ အောက်ပိုင်းမြို့ သီးနှံဖောက်ကားရေး မြို့နယ်မှာရှိနေတာမလား ။ မင်းတို့အဲသည်မှာ ဘာရှိနေလို့လဲ”
ထိုအမေးကို ဇိုက်(ခ်)က ချက်ချင်းမဖြေဘဲ လေဒီ ဆယ်ဖီးနီး၏ အလုပ်သင် ပြည့်တန်ဆာလေးများကို နောက်ဆုတ်နေရန် မေးငေါ့ပြလိုက်၍ ၊ ၎င်းတို့မရှိတော့သောအခါမှ
“လက်ဖလက်ဆီ ဖြန့်ချိရေးဗဟိုဆိုတာက အမှန်တော့ ဒီမြို့တော်ရဲ့ လေကြောင်းကာကွယ်ရေး ဌာနချုပ် … ခေါင်းဆောင်”
“ဒါဆိုကြည့်ရတာ သလင်းတုံးထိန်းချုပ်ရေးဌာနကို ဝင်တိုက်ပြီးလို့ ပိရမစ် ကိုယ်ပျောက်ရာက ပေါ်လာရင် … ပိရမစ်ပေါ်ကို ယာဉ်ပျံနှင့် တက်မှာပေါ့ ။ ဒါကြောင့် လေကြောင်းကာကွယ်ရေးစနစ်နှင့် ပစ်ချခံရမှာကိုပါ ကြိုရှင်းထားတာ ။ မင်းတို့ အခုစစ်အင်အားက အဲသည်ဘက်ကိုကော ဖြန့်ထားလား”
“မဖြန့်ထားဘူး ။ ဒါပေမဲ့ အဲကအရောင်းဝန်ထမ်းတွေ အားလုံးကလည်း မန်းဒရိတ်(ခ်) တွေချည်းပဲ”
“မလုံလောက်ဘူး ဇိုက်(ခ်) ။ ဒီလိုလုပ်လိုက် … မင်းက အခုပြင်ဆင်ထားတဲ့ သလင်းတုံးဌာနကိုကာကွယ် … ငါက ဒီလေကြောင်းကာကွယ်ရေးဌာနကို တာဝန်ယူမယ်”
ထိုအခါ သင်း၏မျက်နှာမှာ ပြုံးယောင်သန်းသွားပြီးနောက် သူ၏မသန်စွမ်းတော့သော ဘယ်ဘက်လက်မောင်းကို ဆုပ်ကိုင်လိုက်လေ၏ ။
“ခေါင်းဆောင် … ခင်ဗျားကို ကျုပ်သိပ်ပြီး ကျေးဇူးတင်မိတယ် … ဒီအချိန်ထိကျုပ်နှင့် …”
“ဟေ့ကောင်တော်ပြီ … အချိန်မရှိဘူး ။ ပြင်ဆင်ကြတော့”
ဟုဆိုလိုက်သည့်အခါ ချင်းမှာတဟားဟား ထရယ်လေတော့သည် ။ ၎င်းနောက်ယင်းသည် ထွက်ခွါရန်ပြင်နေကြသော သူတို့အတွင်းက မာတိုရိုကို စိုက်ကြည့်နေပြီးနောက် စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်၍ ဤသည်ကား ဝါကျင့်ကျင့်ရောင်သန်းနေသော ကတ်ထူစာရွက်ဟောင်းတစ်ခု ဖြစ်သောကြောင့် စာရွက်ဟုဆိုသည်ထက် ဖိတ်စာသဘောမျိုး ဆောင်နေလေ၏ ။
“ဟ … တပ်မှူးက ကျုပ်အစွမ်းအစတွေ မြင်ပြီဆိုတော့ တပ်မှာတာဝန်ထမ်းဆောင်ခိုင်းတော့ မလို့လား ။ ဒါဆိုရင်တော့ ဖိတ်စာအသစ်လေးပေးမှရမယ်ဗျ”
ဟုဆို၍ မာတိုရိုမှာ ဖိတ်စာကို ယူကြည့်လတ်သော် ပထမဦးစွာ ၎င်း၏အင်တာနာများ နောက်ပစ်သွား၏ ။ ထို့နောက် ဖတ်နေလျက်ပင် ဖိတ်စာကိုင်ထားသည့် လက်လေးဖက်လုံး တုန်ယင်လာ၏ ။ ယင်းနောက် ပါးစပ်ပိတ်သော အစွယ်နှစ်ချောင်းကို ဟစေ့ဟစေ့လုပ်ကာ “မဟုတ်ဘူး ၊ မဟုတ်ဘူး” ဟုတစ်ကိုယ်တည်း ရေရွတ်ပြန်၏ ။ ၎င်းနောက် သင်း၏ခြေထောက်များ ညွတ်ကျသွားရကား လီယိုနာ့ဒ်မှာ လက်ကို ဖမ်းဆွဲလိုက်ရလေတော့သည် ။
“တပ်မှူး … ခင် … ခင်ဗျား … ဘာဖြစ်လို့ ဒီကိစ္စကို အခုမှပြောရတာလဲ … ဟမ်”
မာတိုရို၏အသံမှာ တစ်ခါမျှမကြားစဖူး မာထန်လွန်းလှသည့်ပြင် ချင်း၏အင်တာနာ နှစ်ချောင်းလုံးမှာလည်း ဇိုက်(ခ်)ကို တည့်တည့်ထိုးချိန်နေသဖြင့် ကျန်သူများအားလုံးပင် အကြင်ပိုးကောင်ကို ဝိုင်းကြည့်ကုန်လေပြီ ။
“ဟ … မင်းလို အသားမရှိတဲ့ အခွံကျွတ်ကောင်ကများ ငါ့ကိုလာဟောက်ရတယ်ရှိသေး ။ ဒါမျိုးဆိုတာ မင်းကို ကွပ်မျက်ခါနီး ၊ မင်းကုပ်ပေါ် ဓားတင်ထားတဲ့ အချိန်မျိုးမှာမှ ပေးဖတ်ရတဲ့စာဟ ။ မင်းအပေါ်စေတနာရှိလို့ အခုလို အသိပေးတာကို လာကမ်းတက်နေတယ် ဟုတ်စ ။ ထောင်ထဲ ပြန်ထည့်ပစ်လိုက်ရ”
“ခင် … ခင်ဗျားဗျာ”
ထိုသို့သာဆိုလျက် ၎င်းမှာ ခေါင်းငိုက်စိုက်ကျသွားလေရာ ၊ လီယိုနာ့ဒ်မှာ အနှီပိုးကောင်၏ လက်တွင်းက ကတ်ထူဖိတ်စာကိုဆွဲယူ၍ ဖတ်ကြည့်လိုက်လေလျှင် ၊ ထိုကတ်ထူပေါ်၌ စာအရှည်ကြီးတစ်ကြောင်းသာပါပြီး အကြောင်းအရာအနှစ်ချုပ်မှာ ဤသို့ဖြစ်လေသည်။
“ကျွန်ုပ် အော်ရီယာနာ (Oriana) ၏ စတုတ္ထမြောက်ယောက်ျား မာတိုရိုသည် ၎င်း၏သိက္ခာကိုသာမက ဟိုက်(ဗ်) (Hive) ၏ သိက္ခာကိုပါ ညှိုးနွမ်းစေသည့်အတွက် ကျန်ယောက်ျား ခုနစ်ယောက်၏ သဘောတူညီချက်ဖြင့် ကျွန်ုပ်သည် သင့်အား စတုတ္ထမြောက် ယောက်ျားအဖြစ်မှ စွန့်လွှတ်လိုက်သည်”
ဤသည်ကား ဖိတ်စာမဟုတ်ဘဲ ကွာရှင်းစာဖြစ်ပြီး ရက်စွဲမှာ လွန်ခဲ့သော ဆယ့်ငါးရက်က ဖြစ်သည့်အတွက် မာတိုရိုထောင်ကျနေစဉ် ယင်း၏မိန်းမက ကွာရှင်းပစ်လိုက်ပုံရသည် ။
ရိုဒီးနီးယား၌ ဝါယောနပိုးကောင် မိန်းမတစ်ယောက်မှာ ယောက်ျားရှစ်ယောက်ယူပြီး ဟိုက်(ဗ်)ဟူသည့် အသိုက်ကြီးဆောက်ကာ မိသားစုတစ်စု ဖန်တီးနိုင်သည် ။ ယောက်ျားရှစ်ယောက် အတိအကျယူရပြီး ခုနစ်ယောက်မရသကဲ့သို့ ကိုးယောက်လည်းမရပေ ။
လူသားများ၏ အန်းဆော့စနစ်နှင့် မတူညီသည့်ပြင် လူတစ်ပိုင်းငါးတစ်ပိုင်းမျိုးရိုး ဖြစ်သည့် အာပေါဿများနှင့်လည်း မယိုးမှားကြ ။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ထိုပိုးကောင်တို့၏ ယဉ်ကျေးမှုသာ ဖြစ်သောကြောင့် သူ့အတွက် ကောင်းသည်ဆိုးသည်ကို ဝေဖန်စွက်ဖက်ခွင့် မရှိသည့်အားလျော်စွာ၊ ခေါင်းမထူနိုင်အောင် ငိုက်စိုက်ကျနေသော မာတိုရို၏ပခုံးကိုသာ လက်ဖြင့်အသာပုတ်၍ ပြည့်ကြီးတန်ဆာ လေဒီ ဆယ်ဖီးနီး၏ ခန်းမအတွင်းမှ ထွက်ခွါလာလေတော့သည် ။
ယခု သူတို့ဦးတည်နေသည်မှာကား နတ်နဂါးတပ်သို့ဖြစ်ပြီး မသွားမီသူက ဇိုက်(ခ်)၏ လက်ဖျံချပ်ဝတ်ကို လက်ဖမိုးနှင့် ခတ်လိုက်၍
“ငါတို့ မဟာသစ်ပင်ကနေ ဒီကိုစီးလာတဲ့ ပန်းကန်ပြားပျံကို ဒီမှာပဲ ထားထားလိုက် ။ အခုတပ်ကိုပြန်ရင် တခြားနည်းနှင့်ပြန်မယ်”
ဟုဆိုလိုက်သဖြင့် ၎င်းမှာ မျက်မှောင်ကြုတ်သွားပြီး
“ဒါကကော ဘာသဘောလဲ ခေါင်းဆောင်”
“မင်းတပ်ထဲမှာ တပ်သားဘယ်နှယောက် ကပ်ပါးကောင်ထိထားသလဲ မသိတဲ့အခြေအနေမှာ ရှိသမျှယာဉ်ပျံအားလုံးကို တပ်ထဲ ပြုံထားတော့မလို့လား ။ ဖြန့်ထားကွ”
ဟုဆိုခါမှ ယင်း၏တွန့်နေသော မျက်ခုံးများပင့်တက်သွားပြီး လီယိုနာ့ဒ်ပြောသည့်အတိုင်း ပန်းကန်ပြားပျံယာဉ်ကြီးကို မြသလွန် ဥယျာဉ်၌ အစောင့်ဆယ်ယောက်ဖြင့် ရပ်ထားခဲ့၍ ၊ သူတို့ကမူ ဝူးလို့(စ်)များ စီးနင်းလျက် စစ်တပ်တွင်းသို့ ပြန်လာကြလေသည် ။ အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်ရတော့ပေအံ့ ။ ။
***************
ယခုသမယ၌ လီယိုနာ့ဒ်သည် နတ်နဂါးတပ်အတွင်းက မဟူရာမျှော်စင်ကြီးတစ်ခု၏ မြေညီထပ်တွင် ရောက်ရှိနေပြီး ၊ သူနှင့်တကွ ဇိုက်(ခ်)နှင့် မန်းဒရိတ်(ခ်)သုံးယောက်လည်း ရှိနေလေသည် ။ ယခုအခါသူသည် ချည်သားဖြင့်ချုပ်လုပ်အပ်သော အနက်ရောင် အင်္ကျီရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထား၍ ၊ ထိုဝတ်စုံ၌ တန်ဆာမပါ ၊ စလွယ်မရှိ ၊ ရိုးရိုးရှင်းရှင်းကြီးဖြစ်ပြီး ၎င်းသည်ကား ယန္တရားချပ်ဝတ်၏ အောက်၌ခံဝတ်ရသော အထူးအင်္ကျီဖြစ်သည် ။
သူ့ရှေ့တွင်မူ ရှစ်ပေနီးပါးမြင့်သော ယန္တရားချပ်ဝတ်ကြီးတစ်ခုက မတ်တတ်ရပ်နေလျက် ရှိနေ၍ ၊ ယင်း၏ အနက်ခြောက်ရောင် သတ္တုပြားများမှာ ခြစ်ရာ ၊ ပွန်းရာများနှင့် နွမ်းစုတ်စုတ်ဖြစ်နေသည့်ပြင် ၊ မီးခိုးရောင် ကြွက်သားတုများမှာလည်း ဖုန်တက်လျက် မှေးမှိန်နေပြီး ၊ အနှီချပ်ဝတ်ကြီး၏ဘေးက နဂါးယန္တရားဓားကြီးမှာလည်း ဆေးများကွာနေလေရကား ၊ ဤသည်တို့ကိုကြည့်ကာ လီယိုနာ့ဒ်မှာ ပြုံးနေလင့်ကစား ဇိုင်(ခ်)ကမူ မန်းဒရိတ်(ခ်) များဘက်သို့ ခါးထောက်လျက်
“မင်းတို့ လာနောက်နေတာလား ။ ဒါပဲ ရှိတော့တာလား”
“ဟုတ် … ဟုတ်ပါတယ် တပ်မှူး ။ ယန္တရားချပ်ဝတ်ဆိုတာ နဂါးသူရဲကောင်းတစ်ယောက်ရဲ့ မှတ်ပုံတင်နှင့် တွဲပြီးလာတဲ့ဟာမျိုးကို … ဘယ်လိုလုပ် အပိုရှိမှာလဲ ။ ဒါတောင်ကျွန်တော်တို့ လက်နက်တိုက်ထဲက မနည်းရအောင်ရှာ …”
“တိတ်စမ်း … ဒါတွေငါမသိလို့လား”
ဟုဆိုပြီးနောက် ချင်းမှာ သူ့ဘက် လှည့်လာလေသည် ။
“ဘယ်လိုလဲ ခေါင်းဆောင် ။ အားနာပေမဲ့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲ ။ ဒါကြီးက အခုကျုပ်တို့ဝတ်နေတာထက် မော်ဒယ်နှစ်ဆင့်တောင် နိမ့်တယ် ။ ပခုံးမှာလည်း အမြောက်တပ်လို့မရဘူး”
“ရတယ် … မြန်မြန်ဝတ်မယ် ။ အချိန်မရှိဘူး”
ကိစ္စမရှိ ။ မော်ဒယ်နိမ့်သော ချပ်ဝတ်ကို ဝတ်ရသည်မှာ ချပ်ဝတ်မဝတ်ထားသည်ထက် များစွာသာလွန်ပြီး ၊ တပ်က ထွက်ထားပြီးသော သူလိုလူတစ်ယောက်အတွက် နောက်ဆုံးပေါ်ယန္တရားများကို အသုံးပြုရမည်ဟုလည်း အစကတည်းက မျှော်မှန်းထားခြင်း မရှိချေ ။
ထိုအခါ မန်းဒရိတ်(ခ်) နှစ်ယောက်က ယန္တရားချပ်ဝတ်ပေါ်က အာမန်တီတိုက် သတ္တုပြားများကို ဆွဲဖြုတ်လိုက်လေလျှင် လူသဏ္ဌာန် မီးခိုးရောင် ကြွက်သားတုကြီးတစ်ခုသာ ဘွားခနဲပေါ်လာ၍ ၊ မန်းဒရိတ်(ခ်) တစ်ယောက်က ယင်းကြီး၏ရင်ဘတ်ကို လက်ဝါးနှင့်ဖိကပ် လိုက်သည်တွင် လူပုံသဏ္ဌာန်ကြွက်သားတုကြီးမှာ ကုဗတုံးသဏ္ဌာန်ကြီးအဖြစ်သို့ ကျုံ့ဝင်သွားပြီးနောက် ၊ အကြင်မန်းဒရိတ်(ခ်)က ထိုကုဗတုံးကြီးကို သူ့ထံယူဆောင်လာလေ၏။ ၎င်းနောက် သူ့ရင်အုံနှင့် ထိပေးရာ၌ အနှီကုဗတုံးကြီးမှာ သူ့ရင်အုပ်ပေါ်၌ ပြန်လည်ပြန့်ကားလာလျက် တစ်ကိုယ်လုံးကို စတင်ဝါးမျိုလာလေတော့သည် ။
တစ်ကိုယ်လုံးကို ကျောက်ပတ်တီးဖြင့် စည်းခံနေရသည့်အလား တင်းကျပ်လာ၍ ၊ တခဏမျှကြာလျှင် လည်ပင်းမှအစ ခြေဖျားအဆုံး သူ့တစ်ကိုယ်လုံးမှာ အမြောင်းများနှင့် ဖုထစ်နေသော ကြွက်သားတုကြီးများအောက်ဝယ် လုံးလုံးလျားလျား ရောက်ရှိသွားလေပြီး ၊ ကျပ်တည်းမှုများ လျော့ကျသွားပေသော်ငြား တစ်ကိုယ်လုံး တင်းတင်းထုပ်ထုပ်ဖြစ်နေဆဲ ။ ယင်းထက် ပိုမလျော့နိုင်တော့ ။ ဤသည်ကား ယန္တရားချပ်ဝတ်ကို ဝတ်ဆင်ရသည့်ခံစားချက် ။
၎င်းနောက် မန်းဒရိတ်(ခ်)များမှာ အာမန်တီတိုက် ချပ်ဝတ်သတ္တုပြားများကို ကြွက်သားတုအပေါ်တွင် တပ်ဆင်ပေးကြပြီး ၊ ယင်းသတ္တုသည် အနှီကမ္ဘာမြေမဟီဝယ် လုံးဝဥဿုံဖျက်ဆီး၍ မရနိုင်သော အရာဖြစ်သည့်အားလျော်စွာ ၎င်းနှင့်ဆိုပါက သာမန်တိုက်ချက်များကို မှုမည်မဟုတ်တော့သည့်ပြင် ၊ အဆိုပါသတ္တုမှာ ရမထာသိင်္ဂီ နတ်ဘုရားမက သူ(မ)၏ အရေပြားတော်ကို ခွါ၍လူသားသေမျိုးများကို လက်ဆောင်ပေးခဲ့သည်ဟူသော ဒဏ္ဍာရီလည်း ရှိခဲ့သည့်အလျောက် ၊ ယန္တရားချပ်ဝတ်ကို ဆင်ယင်နေလျက်ပင် ဤဒဏ္ဍာရီနှင့် မာတိုရိုရှင်းပြခဲ့သော တန်ခိုးများအကြောင်းကို ပြန်လည်နှီးနွှယ် ကြည့်နေမိတော့သည် ။ အဘယ်ကြောင့် ဤမျှထိ မာကျောနေရသနည်း။
ဤသို့ဖြင့် လိုအပ်သော ယန္တရားများကို တပ်ဆင်ပြီးနောက် တအောင့်မျှကြာရာ၌ ၊ သူသည် ဇိုက်(ခ်)နှင့်ရွယ်တူ နဂါးသူရဲကောင်းအဖြစ်သို့ ရောက်ရှိသွား၍ ၊ ပွန်းရာများဖြင့် တန်ဆာဆင်ထားသော နဂါးခေါင်းခမောက်ကို ဆောင်းလေသရော် ၊ သူ့ခေါင်းတစ်ခုလုံးကျဉ်ခနဲ ဖြစ်ကာနားတွင်းက အနိမ့်အမြင့်မရှိသော ယောက်ျားတစ်ယောက်၏ အသံတစ်သံ ထွက်ပေါ်လာလေသည် ။
“Initiating Brain Synchronization Program … Brain Synchronization Fail . User Identity Unknown . Please Identify”
“ဇိုက်(ခ်) မှတ်ပုံတင်တောင်းနေတယ်”
ထိုအခါ ဇိုက်(ခ်)က သူ့ရင်ဝကို လက်ဖြင့်ဖိပေးလိုက်လျှင်
“Identification Complete . Reinitiating Brain Synchronization Program … Brain Synchronization 100% complete . Installing Artificial Muscle Profile . Installation Complete . Welcome Back Leonard”
ထိုအသံနှင့်အတူ ယန္တရားချပ်ဝတ်၏ ကြွက်သားတုများကြားမှ အပြာရောင်အလင်းတန်းများ ပြေးလာသဖြင့် လီယိုနာ့ဒ်မှာ လက်နှစ်ဖက်လုံးကို စိတ်တွင်းက မလိုက်သည့်အခါ ၊ ကောင်းနေသည့် ညာလက်သာမက မသန်စွမ်းတော့သော ဘယ်လက်ပါ ပြိုင်တူကြွတက်လာလေပြီးနောက် ၊ လက်နှစ်ဖက်လုံးကို ပြိုင်တူလက်သီးဆုပ်လိုက်သည်တွင် “ရှီး” ဟူသောအသံကြီးနှင့်တကွ အပြာရောင်တလက်လက်တောက်နေသော ဟေဆွန်ရောင်ခြည်ဓားကြီး နှစ်လက်မှာလည်း လက်ဖမိုးနေရာတို့မှ ထိုးထွက်လာလေသည် ။ ကြွက်သားတုများ၏ အစွမ်းကြောင့် သူသည် ယန္တရားချပ်ဝတ်အတွင်း၌ ဒုက္ခိတမဟုတ်တော့ ။ အစွယ်ပြန်ပေါက်လာသည့် နဂါးတစ်ကောင်ဖြစ်ပြီတကား ။
ထိုအကြိုက် မန်းဒရိတ်(ခ်)သုံးယောက်လုံးမှာ လူတစ်ရပ်စာနီးပါးမျှ ကြီးမားသော နှစ်ဖက်သွားဓားကြီးတစ်ချောင်းကို ပြိုင်တူမလာကြ၏ ။ ယင်းဓားကြီး၏ အလယ်၌ အိတ်ဇောကြီးနှစ်ခုကို တပ်ဆင်ထား၏။ ဓားသွားနှင့် ဓားရိုးဆက်သည့်နေရာ၌လည်း စက်ဝိုင်းသဏ္ဌာန် အပြာရောင် အပြာရောင်ယန္တရားဝိုင်းကြီးက နေရာယူထား၏ ။
ဓားပြားကြီးက ဗျက်ကျယ်သည်သာမက ၊ ထိုဓားပြားပေါ်၌ တံခါးလက်ကိုင်သဏ္ဌာန် သတ္တုချောင်းကြီးကိုလည်း တပ်ဆင်ထားသည့်အားလျော်စွာ အကြင်ဓားအား ဓားရိုးကသာမက ၊ ဓားပြားနေရာကပါ ကိုင်တွယ်နိုင်ပြီး ၊ ထိုသို့ကိုင်ထားလျက်ပင် ဒိုင်းသဖွယ်လည်း အသုံးချနိုင်၏ ။
နောက်ဆုံး ဓားနှောင့်နေရာ၏ ပိုမယ် ( Pommel ) ဝိတ်သီးကြီးမှာ သာမန်ဓားများသကဲ့သို့ မဟုတ်ဘဲ ၊ စူးချွန်များပါသည့် တင်းပုတ်ကြီးဖြစ်နေသောကြောင့် ၊ ယင်းသည်ကား ဓားသဖွယ် ၊ ဒိုင်းသဖွယ် ၊ တုတ်သဖွယ် ၊ တူသဖွယ် စွယ်စုံသုံးရသော ယန္တရားနဂါးဓားကြီးပေတည်း ။
https://mmxianxia.com/wp-content/uploads/2026/04/IMG_3763.webp
https://mmxianxia.com/wp-content/uploads/2026/04/C61BBE88-2EDF-4468-A80C-43DF33E68301.webp
သူသည် ကြွက်သားတုများသုံးကာ အနှီဓားကြီးကို လက်တစ်ဖက်တည်းဖြင့် ကိုင်မလျက် လေပေါ်သို့ မြှောက်လေလျှင် ၊ ဆေးများကွာနေသော ဓားပြားထူထူကြီး၏အလေးချိန်ချိန်မှာ စီးစီးပိုးပိုးရှိလှသည့်ပြင် ၊ ထက်မြနေသော ဓားသွားနှစ်ဖက်လုံးမှာလည်း သလင်းတုံးရောင်အောက်၌ တလဲ့လဲ့တောက်ပနေပြီး ၊ လီယိုနာ့ဒ်သည် ဓားရိုးကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်၍ လီဗာဆွဲသကဲ့သို့ ဆွဲချလိုက်သည့်အခါ ၊ ဓားကြီးတစ်ခုလုံး တုန်တက်လာသည်နှင့်အတူ ဓားသွားအလယ်က အိတ်ဇောကြီးမှလည်း မီးပြာများပန်းထွက်လာသဖြင့် ၊ သူ့စိတ်များလည်းကြွလာကာ ဓားကြီးကိုကန့်လန့်ဖြတ် ဝှေ့ယမ်းပစ်လိုက်လေသည် ။
“ရွှီး”
ပြင်းထန်လှသည့် လေခွင်းသံကြီးကြောင့် ရှေ့ကမန်းဒရိတ်(ခ်) သုံးယောက်လုံး ဖင်ထိုင်လျက်သား လဲကျကုန်သည် ။ ဤသည်ကား ယန္တရားနဂါးဓား၌ တပ်ဆင်ထားသော ဂျက်အင်ဂျင်ကြီး ။ ယန္တရားနဂါးဓားမှာ လူကဲ့သို့ သေးငယ်သောသက်ရှိများကို ခုတ်ထစ်ရန်မဟုတ် ၊ ဧရာမ ယန္တရားရုပ်ကြီးများ ၊ ယန္တရားချပ်ဝတ် ဝတ်ဆင်ထားသော သူရဲကောင်းများ အချင်းချင်းတွေ့ကြသည့်အခါ ၎င်းတို့ကို ဖျက်ဆီးရန် အထူးဒီဇိုင်းဆွဲထားသော လက်နက်ဖြစ်သည် ။
ရမထာသိင်္ဂီ နတ်ဘုရားမ၏ အရေပြားဖြစ်သော အာမန်တီတိုက် (Armantitide) မှာလောက၌ ပိုင်းဖြတ်၍ မရနိုင်အောင်ခိုင်ခံ့သော သတ္တုဖြစ်ရကား ၊ ထိုသတ္တုဖြင့်ဖန်တီးထားသော ယန္တရားများကိုပိုင်းဖြတ်ခုတ်ထစ်ခြင်းငြာ မစွမ်းသာသည့်အတွက် အင်မတန် ကြီးသော ၊ လေးသော ဧရာမဓားကြီးများကို ဂျက်အင်ဂျင် တပ်ဆင်ထား၍လည်းကောင်း ၊ ကြွက်သားတုများဖြင့် ကိုင်လွှဲ၍လည်းကောင်း တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုကဲ့သို့သော ဓားကြီးဖြင့် အခုတ်ခံရပါက အာမန်တီတိုက် ချပ်ဝတ်တန်ဆာကို မဖြတ်တောက်နိုင်သည့်တိုင် ချပ်ဝတ်အတွင်းက ထိရှလွယ်သော လျှပ်စစ်ပစ္စည်းများ ၊ လူ့ခန္ဓာကိုယ်များမှာ ရိုက်အား ( Blunt Force ) ကြောင့် ကြေမွကုန်လိမ့်မည် ။
အချုပ်အားဖြင့် ဆိုပါကဟေဆွန်ဓားမှာ လူကဲ့သို့သော ရန်သူများကို တိုက်ခိုက်ရန်ဖြစ်၍ ယန္တရားနဂါးဓားမှာ ယန္တရားအချင်းချင်း တိုက်ခိုက်ရန်ဖြစ်ပြီး အနှီဓားကြီးကို ကျောတွင်လွယ်ပိုးလိုက်သည်နှင့် သူ၏နဂါးသူရဲကောင်း အဆင်တန်ဆာမှာ ပြီးပြည့်စုံသွားလေပြီ ။
မျက်လုံးဘေးကလည်း User Interface ( UI ) တစ်ခုပေါ်လာပြီး ယခုအချိန်အခါ ၊ မိမိ၏နှလုံးခုန်နှုန်း စသည့် အရေးကြီးသောအရာများ အားလုံးကို ပြသထား၏ ။ ယန္တရားချပ်ဝတ် ဝတ်ဆင်ကာနွှဲခဲ့ကြသော ယခင်ကတိုက်ပွဲများ၏ ရုပ်ပုံလွှာမှာ မျက်လုံးတွင်း ပြန်ပေါ်လာလေသရော် ၊ လူတစ်ကိုယ်လုံးလည်း ရှိန်းဖိန်းတက်လာပြီးနောက် သူသည်ဇိုက်(ခ်)ကို ခေါင်းညိတ်ပြလိုက်တော့သည် ။ ထိုအခါယင်းက
“နဂါးသူရဲကောင်းတစ်ယောက်ရဲ့ နောက်မှာ မှော်ဝိဇ္ဇာမလိုက်ရင် ဘယ်ပြည့်စုံလိမ့်မလဲဗျ”
ဟုဆို၍ မျှော်စင်၏အဝင်ဝသို့ ခေါင်းငဲ့ကာ
“ဟေ့ကောင် … လာခဲ့တော့ကွ”
ဟုဆိုလေလျှင် ၊ တံခါးဝမှ လူသားတစ်ယောက်သည် သူ့ထံသို့ လျှောက်လှမ်းလာ၏ ။ သင်း၏ သံမဏိချပ်ဝတ်ဖိနပ်ရှည်နှင့် ကျောက်သားကြမ်းပြင်ထိသံမှာ တချပ်ချပ်မြည်နေ၏ ။ ချင်းသည် အဝါရောင် အနားသတ်များပါသော အနက်ရောင်ဝတ်စုံ အပွကြီးကို ဝတ်ဆင်ထားပြီး ၊ ယင်းဝတ်စုံကြီး၏ လက်အိုးနှင့် ဘောင်းဘီနေရာတို့မှာ ပွရောင်းနေရုံမျှမက ဖက်ရှင်ဆန်ဆန် ဒေါင်လိုက်လည်း ခွဲထားလေရာ ၊ အတွင်းက အဖြူရောင် အင်္ကျီရှည်နှင့် ဘောင်းဘီရှည်တစ်ထပ်ကိုပင် တစ်စွန်းတစ်စ လှမ်းမြင်နေရသည် ။
လက်ဖျံနှင့် ၊ ဒူးဆစ်နေရာအားလုံးအား သံမဏိ ချပ်ဝတ်လက်အိတ် ၊ ချပ်ဝတ်ဖိနပ်တို့ဖြင့် ကာရံထားပြီး ၊ ချပ်ဝတ်ပြားများ အထပ်ထပ်နှင့် ရက်လုပ်အပ်သော မှော်ဦးထုပ်ရှည်ကြီးကိုလည်း ဆောင်းထား၏ ။
ဤသည်သာမက နက်သော ဝတ်ရုံကိုလည်း ခြုံ၏ ။ နီသော ဆေးပုလင်းများကိုလည်း ချပ်ဝတ်ခါးပတ်၌ ချိတ်ဆွဲ၏ ။ လူတစ်ရပ်စာမျှရှည်သည့်ပြင် ၊ သံမဏိပြားများ အထပ်ထပ်နှင့် သွန်းဆစ်ထားသော ယန္တရားမှော်တောင်ဝှေးကိုလည်း ကိုင်ဆောင်ထား၏။ တောင်ဝှေးထိပ်က ခွေးသွားစိတ် ယန္တရားလေးမှာလည်း မျှော်စင်၏ပြတင်းပေါက်ထံမှ ထိုးကျနေသော ဆည်းဆာရောင်အောက်၌ တလက်လက် တပြက်ပြက် ။ ယင်းသည်ကား မဟာဘူတ အာနုဘော်အရာ၌ လိမ္မာလေသော မှော်ဝိဇ္ဇာတို့၏ တိုက်ပွဲဝင် အဆောင်အယောင်ပေတကား ။
https://mmxianxia.com/wp-content/uploads/2026/04/F93D84F3-D196-49A5-A9F8-10630F32ECA4.webp
အနားရောက်လျှင် ၎င်းမှာမှော်ဦးထုပ်၏အစွန်းကို လက်ညှိုးဖြင့်ပင့်လိုက်သဖြင့် အသက်နှစ်ဆယ်အရွယ်မျှသာရှိသေးသော လုလင်ပျိုတစ်ယောက်၏ မျက်နှာပေါ်လာလေ၏ ။
“အို … ဒါဘယ်သူလဲ … ကျုပ်ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ကျုပ်ရဲ့မဟာဘူတ အာနုဘော်အစွမ်းကို ရှုစားမဲ့ သူရဲကောင်းကြီးလေလော ။ ကျုပ်ဟာ ရမထာသိင်္ဂီ နယ်မိမယ် မေဟန်ဟီရစုရဲ့ နှမတော် မှော်မဟီ နတ်ကလျာ ဟေရင်းအီရစု ( Hayrin-Irasu , The Goddess of Sorcery ) ရဲ့နောက်လိုက် ၊ လားစူးဒက်(စ်)ဘုံကို ပိတ်ဆို့ထားတဲ့ မှော်မဟီတံတိုင်းတော်ကြီးရဲ့ ကာကွယ် … ကွယ် … အ”
ထိုအခိုက် ဇိုက်(ခ်)က ၎င်း၏ဖင်ကို လက်ဝါးဖြင့်ရိုက်လိုက်လေရာ ဟန်များလျက်ရှိသော အနှီဝိဇ္ဇာငယ်မှာ စကားဆုံးအောင် မပြောနိုင်တော့ဘဲ သူ့ရှေ့သို့ ဟပ်ထိုးလဲကျလာသည့်အတွက် ၊ သူကပင် ယင်း၏ပခုံးကို ကိုင်ထိန်းပေးလိုက်ရ၏ ။ ထိုသရော် ချင်းကား ပုံပျက်သွားသည့် မှော်ဦးထုပ်ကို ပြင်ဆောင်းနေလျက်
“တပ်မှူး … ခင်ဗျားရဲ့ ယဉ်ကျေးမှုတွေ ၊ ဟိရိတွေ ၊ ဩတ္တပတွေ ဘယ်ရောက်သွားတာလဲ … ဟမ် ။ ကျုပ် မိတ်ဆက်နေတယ်လေဗျာ”
“တော်စမ်းပါကွာ … မင်းမိတ်ဆက်ရင် မပြီးနိုင်လွန်းလို့ ငါပဲ မိတ်ဆက်ပေးလိုက်ပါမယ် ။ ခေါင်းဆောင် … ဒီကောင်လေးနာမည်က ဟက်(စ်)တန် (Hestan) ။ ယူဆီယာတိုင်းပြည် ၊ မီလန်း အိမ်တော် (House of Miland) ရဲ့ အကြီးဆုံးသား ။ မယ်ရီဂရက်တိုင်းပြည် မှော်မဟီ တက္ကသိုလ်မှာ တေဇောစွမ်းအားကို ဆည်းပူးနေတဲ့ ဒုတိယနှစ်ကျောင်းသား”
“ဘာ …”
သူသည် “ဘာ” တစ်ခွန်းသာ ရေရွတ်မိတော့သည် ။ မီလန်းအိမ်တော်ဆိုသည်ကား နှယ်နှယ်ရရမဟုတ် ။ ရာဗလွန် အင်ပါယာ၏ အချမ်းသာဆုံး စာရင်းဝင်သူဌေးကြီး၏ အိမ်တော်ဖြစ်ပြီး ၊ ထိုအိမ်က အကြီးဆုံးသားက စစ်ထဲရောက်နေသည်ကို သူမအံ့ဩဘဲ မနေနိုင်တော့ချေ ။ ထိုအခါဟက်(စ်)တန်က တောင်ဝှေးကို လက်နှစ်ဖက်ဖြင့်ပိုက်ပြီးနောက် မျက်လုံးကိုမှေးလိုက်ကာ
“ဘာလဲ … မီလန်းအိမ်တော်ရဲ့ သားကြီးက စစ်ထဲမှာဆိုတာကို မယုံနိုင်ဘူးလား ။ သူဌေးသားပေမဲ့ သွေးရဲပါတယ်ဗျ ။ ရိုဒီနီးယားကြီး နတ်ယုတ်ကြောင့် ပျက်ခါနီးဆဲဆဲမှာ ကျုပ်လိုသူဝင်မတိုက်ရင် ဘယ်သူဝင်တိုက်မှာလဲ … ကဲ … ခင်ဗျားကကော ဘယ်ကသူရဲကောင်းလဲ ။ တပ်ထဲမှာ မမြင်ဖူးပါဘူး”
“လီယိုနာ့ဒ် … မိုယာဝုထ်က သူရင်းငှါး”
“ဘ … ဘာဗျ ။ ဟေ့ … ဟေ့တပ်မှူး ခင်ဗျားကြားလိုက်လား … ကျုပ်နှင့်တွဲတိုက်ရမဲ့သူက ဘယ်ရွာက တက်လာမှန်းမသိတဲ့ တောသားကြီးတဲ့ ။ ဒါကြောင့် ယန္တရားချပ်ဝတ်ကြီးက စုတ်နေပါတယ်အောက်မေ့နေတာ ။ ခင်ဗျား တပ်ထဲမှာ လူမရှိတိုင်း တွေ့ကရာသူကို လက်နက်တွေလျှောက်ပေးလို့ ရရိုးလားဟ”
ထိုအခါဇိုက်(ခ်)က ညာလက်ကိုမြှောက်လိုက်ပြီး
“တယ် … နားရင်းပိတ်ရိုက်လိုက်ရလို့ မင်းတို့နတ်ဘုရားမ ဟေရင်းအီရစုရဲ့ ရှေ့တော်မှောက်အောက် လေးဖက်ထောက်ရောက်သွားဦးမယ် ။ ဒါငါ့ခေါင်းဆောင်ကွ … လေးလေးစားစား ဆက်ဆံစမ်း ။ သူများကို တောသားပြောနေတာ မင်းကျတော့ ဝိဇ္ဇာစစ်စစ်တောင်မဖြစ်သေးတဲ့ ဒုတိယနှစ် မှော်ကျောင်းသားလေးကများ”
“ဟ … ဒါက အင်ပါယာက ကျုပ်ကိုလိုအပ်နေလို့ ပါချုပ်ဝိဇ္ဇာ (Arch Mage / Grand Wizard) တားနေတဲ့ကြားကကိုး မှော်တက္ကသိုလ်ကနေ ထွက်လာတာလေ ။ မယ်ရီဂရက်ရဲ့ အယ်ရီနက်(စ်)တာ (Aerinasta) မြို့တော် ကနေ ရှရထိ တကူးတက ရောက်လာခဲ့ရတာ ။ ခင်ဗျားတို့ကျေးဇူးတောင် တင်ရဦးမယ်”
“တော်စမ်းပါကွာ … မင်းကြိုက်ကြိုက် မကြိုက်ကြိုက် … ဒီစစ်ဆင်ရေးမှာ ခေါင်းဆောင်ရဲ့ အမိန့်ကိုနာခံရမယ် ။ ခေါင်းဆောင် … ခင်ဗျားကို ဒုတိယအကြိမ်အားနာမိတယ် ။ ဒီက မှော်ဝိဇ္ဇာတွေဆိုတာကလည်း သိတဲ့အတိုင်း သူတို့သူရဲကောင်းနှင့်သူတို့ အားလုံးအတူတူရှိနေပြီးသားဆိုတော့ လူပိုဆိုလို့ ဒီကောင်ပဲရှိတယ် ။ ဒီကောင် တိုက်ပွဲမှာ အမိန့်နာမခံရင် နားရင်းသာအုပ်ပစ်လိုက် … ကျုပ်သွားပြီ”
ဟုဆိုကာ ထွက်သွားလေလျှင် ၊ အနှီမှော်ကျောင်းသားလေးမှာ မျက်နှာကြီးရှုံ့မဲ့လျက် သူ့ကိုမော့ကြည့်ပြီးနောက် မျက်နှာကို မှော်ဦးထုပ်နှင့်အုပ်သွားလေသည် ။ နဂါးသူရဲကောင်းတစ်ယောက်၏နောက်၌ မှော်ဝိဇ္ဇာ ၄ ဦးလိုက်ရသော်လည်း ယခုအခါ သူ့နောက်လိုက်မည့်သူကား တက္ကသိုလ်ပင်မပြီးသေးသော ဒုတိယနှစ်ကျောင်းသားလေး တစ်ဦးသာ ။ ယခင်ကကဲ့သို့ စိန်စီခဲ့သည့်နေရက်များ ပြန်မရနိုင်တော့သည်က အမှန်ပင် ။
ထိုစဉ်သူ့ထံသို့ လူနှစ်ယောက်ရောက်လာပြန်၏ ။ ယင်းတို့နှစ်ယောက်မှာ မာတိုရိုနှင့် အော်ရကယ်ချုပ် ဆိုရင်း(န်) တို့ဖြစ်ကြပြီး ၊ ထူးဆန်းသည်မှာ ဆိုရင်း(န်)သည် တွေ့စကသကဲ့သို့ မီးခိုးရောင်ဝတ်လုံနှင့် မဟုတ်ဘဲ ၊ အနက်ရောင် ဝတ်ရုံကြီးကိုခြုံထားသည့်ပြင် ၊ သားရေဖိနပ်ရှည်ကိုလည်း စီးနင်းထား၍ ၊ အနက်ရောင်လက်အိတ်ရှည်လေးမှာလည်း သူ(မ)၏ လက်ချောင်းသွယ်သွယ်လေးများပေါ်၌ ချပ်ချပ်ရပ်ရပ် ။ ဤသည်ကား အော်ရကယ်များ၏ နိစ္စဓူဝ ဝတ်စုံ မဟုတ်ပါချေ ။ ထိုကြိုက် ခေါင်းတုံးမလေးက သူ့ကိုမြင်သည်နှင့် လက်နှစ်ဖက်နောက်ပစ်လျက် အနီးကပ်ကြည့်ရှုကာ
“ဝါး … လီယိုနာ့ဒ်ကြီးက ခန့်ချက်ကွာ ။ ချပ်ဝတ်ကြီးနွမ်းနေတာတောင် လီယိုကြီးရဲ့ အရှိန်နှင့်ဆိုတော့ ကြည့်ရတာ မာန်တွေဖီနေတဲ့ နဂါးကြီးအတိုင်းပဲ … ပြီးတော့ နင်က ဘာလုပ်နေတာလဲ”
ဟုဆိုပြီးနောက် ဟက်(စ်)တန်ဘက်သို့ လှမ်းကြည့်ကာမေးလေ၏ ။
“ဒီ … သူရင်းငှါးကြီး … အဲ … အဲ … သူရဲကောင်းအဟောင်းကြီးနောက်ကလိုက်ရမှာလေ လေဒီအော်ရကယ်”
ထိုအခါဆိုရင်း(န်)က သူ(မ)၏ အနက်ရောင်ဝတ်ရုံကို တဖြန်းဖြန်းမြည်အောင် ရိုက်လျက် ရယ်လေတော့သည် ။
“ဟယ် … နင်က … နင်က … လီယိုနာ့ဒ်ကြီး နောက်လိုက်မှာ ဟုတ်စ ။ နင့်အစား ငါစိတ်ပူမိပါတယ်ဟယ် … ဟ …ဟ”
ကလေးနှစ်ယောက် ပြောဆိုနေကြသည်ကို ဂရုမစိုက်တော့ဘဲ မာတိုရိုကိုကြည့်လိုက်သည့်အခါ ၎င်း၏အင်တာနာ နှစ်ချောင်းမှာ စက်ဝိုင်းသဏ္ဌာန် ဝှေ့ယမ်းနေလေသည် ။ ပိုးကောင်များ စိတ်ညစ်သည့်အခါဖြစ်တတ်သည့်အပြုအမူ ။ ထို့နောက် ယင်းကသူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ
“ခန့်လှချည်းလား ကိုယ့်လူ ။ ခင်ဗျားကို ဒီလိုပုံစံနှင့်မြင်ရမယ်လို့ တွေးတောင်တွေးမထားမိဘူး ။ ကဲရော့ … နဂါးသူရဲကောင်း ပိုပီသသွားအောင် ကျုပ် ဇီဒရဲ(လ်) ဆေးရည် (Zedrell Potion) ဖော်လာတယ်”
ဟုဆို၍ အိတ်တွင်းမှ လက်တစ်ဝါးစာရှိသော ဖန်ပြွန်လေးတစ်ခုကို ထုတ်ပေး၍ ၊ ယင်းအတွင်း၌ အနက်ရောင်ပျစ်ပျစ် ဆေးရည်များက အမြှုပ်များ ပလုံစီထနေလေပြီး ၊ ဤသည်ကား သူတို့သူရဲကောင်းများ တိုက်ပွဲ၌အသုံးပြုသည့် ဆေးရည်ဖြစ်လင့်ကစား သူသည်ခေါင်းကိုသာ ယမ်းပြလိုက်လေသည် ။
“ကျေးဇူးတင်ပေမဲ့ … ငါဆေးရည်တွေသုံးမရတော့ဘူး မာတိုရို”
“ဟက် … ဘာလဲ ။ အရက်တွေ လွှတ်သောက်ပြီး အသည်းထိနေလို့ ဆေးသုံးလို့ မရတော့တာလား ။ စိတ်မပူစမ်းပါနှင့် ကျုပ်ဆေးကို သုံးလို့ရပါတယ် ။ ဒါက ခင်ဗျားတို့နတ်နဂါးတပ်မှာ ချပေးထားတဲ့ ဇီဒရဲ(လ်) ဆေးရည်မဟုတ်ဘူးဗျ ။ အဲဆေးရည်ကို မဟာသစ်ပင်ထဲကရခဲ့တဲ့ အချွဲတွေနှင့်ရောဖျော်ထားတာ ။ ဒီမဟာသစ်ပင်က အချွဲရဲ့ ဂုဏ်သတ္တိတွေက အများကြီးပဲ ။ ကျုပ်အကုန်မသိသေးဘူး ။ အခုသိထားသလောက်တော့ ပုံမှန်ဆေးရည်ရဲ့ အသည်းထိနှုန်းကို အများကြီးလျှော့ပေးနိုင်တယ်”
ဟုဆိုရကား မဟာသစ်ပင်၏ သစ်မြစ်ခေါင်းကြီးအတွင်း၌ အစိမ်းရောင်အကျိအချွဲများကို ဖန်ပြွန်ကြီးအတွင်းထည့်နေသော ၎င်းကိုပြန်လည်မြင်ယောင်လာလေသည် ။ ထို့ကြောင့်
“ကျေးဇူးပဲကွာ”
ဟုဆို၍ ဆေးရည်ကိုယူရန် လက်လှမ်းလေကြိုက် ၊ မာတိုရိုမှာ ပုလင်းကိုင်ထားသည့် လက်ကို ပြန်ရုပ်သွားပြီးနောက် ခေါင်းကို ဖြည်းညင်းစွာခါယမ်း နေလေသဖြင့် သူလည်း ရယ်လိုက်မိသည် ။
“ဟုတ်ပါပြီ ။ ဘယ်လောက်လဲ”
“သုံးရာ ဖရီယာ”
“ဘာ … သုံးရာတည်းလား”
“ဟုတ်တယ်လေ … ဘာဖြစ်လို့လဲ”
“မင်းဒီလိုပုံစံနှင့် မွဲလိမ့်မယ် မာတိုရို ။ ပုံမှန် ဇီဒရဲ(လ်) ဆေးရည်တစ်ပုလင်းကို စျေးကွက်မှာ ဖရီယာ ထောင့်ငါးရာပေါက်တယ်ကွ ။ မင်းဟာက သုံးထောင်လောက်တန်တယ်”
ထိုအခါမာတိုရိုက လက်လေးဖက်လုံးပိုက်ကာ ခေါင်းဆတ်သည် ။
“ဒါကတော့ … ဒီဆေးရည်ကိုဖော်တဲ့ ဆေးပင်တွေက ရှားတာကိုး ။ အခုက ကိုယ့်လူအတွက် ဒါတွေအားလုံး အခမဲ့ပါ ။ ကျုပ်တောင်းတဲ့ သုံးရာက ဒီဆေးကိုဖော်စပ်ခ ပညာဖိုးတောင်းတာ ။ အားလုံးကို အလကားပေးနိုင်တယ် … ပညာတော့ အလကားမရဘူး ။ ပေါက်တယ်မလား”
လီယိုနာ့ဒ် ခေါင်းညိတ်လိုက်ပြီးနောက် ချင်းဆီက အထူးဆေးရည်တစ်ပုလင်းကို ငွေသုံးရာဖြင့် ဝယ်ယူလိုက်လေသည် ။ ဤသည်ကား မိုယာဝုထ်က ဆော်လ်နမ်သီးများအားလုံး ရောင်းရငွေငါးရာ အကုန်ပင် ။
ယင်းသို့ဖြင့် အနှီပိုးကောင်မှာ သူတို့ကိုနှုတ်ဆက်၍ ထွက်ခွါရန်ပြုခိုက်
“မာတိုရို … မင်းအဆင်ပြေရဲ့လား”
ဟုသူကမေးလိုက်သည်တွင် ကျောခိုင်းထားသော ၎င်း၏ခြေလှမ်းများ တန့်သွားလေ၏ ။ ကျောကိုဖုံးထားသော အစိမ်းရောင် အခွံမာတချို့မှာလည်း ဟစေ့ဟစေ့ ဖြစ်နေသဖြင့် အတွင်းက ရေမြှုပ်နှင့်တူသော အဖြူရောင် အသက်ရှူအင်္ဂါများကိုပင် မြင်နေရသည် ။ ထို့နောက်ယင်းက မည်သည့်စကားမျှမဆိုဘဲ လက်တစ်ဖက်ကိုသာ မြှောက်ပြ၍ မျှော်စင်အတွင်းမှ ထွက်ခွါသွားတော့သည် ။
ထိုအခါ သူကလည်း အချိန်ကျလေပြီဟုတွေးကာ မျှော်စင်ကြီးမှ ထွက်လာရာ၌ ၊ သူ့နောက်ဝယ် မှော်ကျောင်းသားလေး ဟက်(စ်)တန်သာမက အော်ရကယ်ချုပ် ဆိုရင်း(န်)လည်း ပါလာသည့်အတွက် သူသည်နောက်ပြန်လှည့်၍
“အော်ရကယ်ချုပ် … ခင်ဗျားက ဘာလုပ်မလို့လဲ”
“ငါလည်း လီယိုနာ့ဒ်ကြီးနှင့် လိုက်မှာလေ”
“ဘာ … ဘယ်သူ့အမိန့်နှင့်လဲ ။ ဇိုက်(ခ်)က လိုက်ခိုင်းလို့လား”
“ဟီး … ငါ့အမိန့်နှင့် ငါလိုက်တာပေါ့ ။ ဇိုက်(ခ်)ကြီးက ငါ့ထက်ရာထူးနိမ့်တာကို ငါ့ကို ဘယ်လိုအမိန့်ပေးမလဲ”
“အော်ရကယ်ချုပ် … ဒါကစားစရာမဟုတ်ဘူး … အန္တရာယ်များတယ်”
ထိုအခါ ဆိုရင်း(န်)က သူ(မ)၏ခေါင်းတုံးပေါ်၌ ထိုးထားသော ဆေးမင်ကြောင်များကို လက်ညှိုးညွှန်ပြ၍
“ငါမလိုက်ရင် နင်အန္တရာယ် ပိုများသွားမယ် ။ မေးခွန်းတွေ အရမ်းထုတ်မနေဘဲ စိတ်ချလက်ချသာ သွားစမ်းပါ ။ ဒီက အများကြီးပိုသိလို့ ပြောနေတာ ။ ဇိုက်(ခ်)ကြီးကို ဆက်သွယ်ပြီး အခုငါ့အကြောင်းတွေ သတင်းတွေပို့မယ် မကြံနှင့်နော် … ဘယ်သူမျှတားမရဘူး”
ဟူ၍ အာသွက်လျှာသွက်ပြောနေလေရာ ၊ မော်ဒယ်နိမ့် ချပ်ဝတ်ကိုသာ ဝတ်ထားရသည့်ပြင် နောက်လိုက်ဝိဇ္ဇာမှာလည်း ကျောင်းသားတစ်ယောက်သာဖြစ်သည့်အလျောက် ၊ အော်ရကယ်ချုပ်သာ သူ့နောက်ပါလာပါက ကြီးစွာသော အထောက်အကူဖြစ်ပေအံ့ဟု တွေးမိ၍ စောဒက ထပ်မတက်တော့ချေ ။ တက်၍လည်းမရတော့ ။ အော်ရကယ်ချုပ်မှာ ဝတ်ရုံပေါ်က ခေါင်းစွပ်ကိုခြုံ၍၊ သူ့အားရှေ့ဆုံးကသွားရန် တံခါးပေါက်ကြီးထံသို့ မေးငေါ့ပြနေလေရာ ၊ သူကပင် ဦးဆောင်လျက် နတ်နဂါးတပ်မကြီး၏ မျှော်စင်ကြီးမှ စတင်ထွက်ခွါကြလေပြီ ။
https://mmxianxia.com/wp-content/uploads/2026/04/65BB7500-2F3A-40E7-A409-28F3ABA50FCC.webp
ဤသို့ဖြင့် သူတို့သုံးယောက်မှာ လက်ဖလက်ဆီ ဖြန့်ချိရေးဗဟိုအဖြစ်ယောင်ဆောင်ထားသော လေကြောင်းကာကွယ်ရေး ဌာနချုပ်ကြီးရှိရာ အောက်ပိုင်းမြို့သို့ ဝူးလို့(စ်)များစီးလျက် ခရီးအပြင်းနှင်ကြလေသည် ။ မိနစ်နှစ်ဆယ်ပြည့်တော့မည် ။ ယင်းနှင့်အတူ မကြာမီ မီးကုန်ယမ်းကုန် ကြမ်းကြမည့် မြို့တွင်းတိုက်ပွဲကြီး တစ်ခုမှာလည်း စတင်လာပေတော့မည် ။ ။