← Chapters

Beauty and the Corpse

Vol. 1 Ch. 6

Beauty and the Corpse

Vol. 1 Ch. 6

သမုဒယရတီ နန်းတော်၏ ဒုတိယမြောက်အမြင့်ဆုံးအလွှာ ။ ဒုတိယအဆင့် ပြည့်ကြီးတန်ဆာ၏ စံပျော်ရာ ။

နက်နက်နဲနဲ နွေးနွေးထွေးထွေး မီးခိုးနံ့မျှင်မျှင်လေးသင်းနေသော ရေမွှေးသုံးထားသည့်အလျောက် မီးပုံနံ့လေးဖြင့် လွတ်လပ်တင့်တယ်နေသော ဤနေရာကို ခန်းဆီးနီရင့်ရင့် ၊ ကော်ဇောနီရဲရဲ တို့ဖြင့် မွမ်းမံထား၍ ၊ စက်ဝိုင်းသဏ္ဌာန် ဘေးနံရံကြီး၌ကား ကျောက်တံခါးကြီးသုံးချပ်မျှသာရှိတော့ပြီး တစ်ချပ်တွင် တိမ်တိုက်များကြား မတ်တည်နေသော သစ်ပင်ပုံကြီးကို လည်းကောင်း ၊ တစ်ချပ်ဝယ် အန်သရယ်ပန်းပွင့်ပုံကြီးကို လည်းကောင်း ၊ တစ်ချပ်မှာ တြိဂံသဏ္ဌာန် မီယော့ယန္တရားပုံကို လည်းကောင်း ထွင်းထုပုံဖော်ထားကြသဖြင့် လီယိုနာ့ဒ်မှာ ထိုတံခါးသုံးချပ်လုံးကို တစ်လှည့်စီအကဲခတ်နေလျက်ပင် ဇိုက်(ခ်)အားမေးခွန်းလှမ်းထုတ်လေ၏ ။

“မင်းပြောတော့ ဒီအထပ်မှာ ပြည့်ကြီးတန်ဆာ တစ်ယောက်ပဲနေတာဆို ။ ဘာဖြစ်လို့ တံခါးက သုံးချပ်ဖြစ်နေရတာလဲ”

“တစ်ယောက်တည်းနေပေမဲ့ သူက ဒုတိယအဆင့်ဆိုတော့ တစ်ထပ်လုံးမပိုင်ဘူး ။ ညာဘက်က မီယော့ ယန္တရားပုံစံဆွဲထားတဲ့အခန်းက ဒီနန်းတော်က ပြည့်တန်ဆာတွေအားလုံး အသံသွင်းကြတဲ့ စတူရီယိုခန်းမ ။ အဲသည်ကနေပဲ ကျုပ်တို့နားထောင်တဲ့ သီချင်းတွေထွက်တာ ။ အန်သရယ်ပန်းပုံဆွဲထားတဲ့ အခန်းကိုတော့ ကျုပ်လည်းမသိဘူး ။ မဟာသစ်ပင်ပုံ ဆွဲထားတဲ့အခန်းက လူသတ်မှုဖြစ်ထားတဲ့အခန်းပဲ သွားကြစို့”

သူ ပင့်သက်တစ်ချက်ကို ရှိုက်လိုက်မိသည် ။ အမှန်စင်စစ် ဒုတိယအဆင့် ပြည့်ကြီးတန်ဆာမှာ သူနှင့်စိမ်းသူတစ်ယောက်မဟုတ် ။ သူသည် သူ(မ)၏ သီချင်းများနှင့် မေယုတံတျာတေးကွက်များကို မီယော့ယန္တရားမှတစ်ဆင့် အကြိမ်ကြိမ်အခါခါ နားဆင်ဖူးသည်သာမက ၊ လေဒီ လီလီယာနာထက်ပင် ပိုသဘောကျသော တေးသံရှင်ဖြစ်သောကြောင့် သူ(မ)ကို တစ်ခါမျှမမြင်ဖူးစေကာမူ အသိတစ်ယောက်သကဲ့သို့ ရင်းနှီးနေ၏ ။

ထို့ရကား ယခုအမှု၌လည်း “သူ(မ)ပါ အသတ်ခံလိုက်ရသလော” ဟု စိုးရိမ်စိတ်တို့ဝင်မိနေကြိုက် ၊ ခေါင်းပေါင်းအနီပေါင်းထားကြသော အစောင့်များကသူတို့ထံသို့ ရောက်လာကြ၍ သူတို့အား လူသတ်မှုဖြစ်ထားသော အခန်းအတွင်းသို့ ခေါ်ဆောင်သွားကြလေသည် ။

တံခါးဖွင့်လိုက်သည်နှင့် ပထမဆုံးရလိုက်သည့် ခံစားချက်မှာကား အေးစိမ့်သွားခြင်း ။ အခန်းပြင်နှင့် အခန်းတွင်း၏ အပူချိန်မှာ သိသိသာသာ ကွာနေသဖြင့် သူ့ခြေဖျားများပင် ကုပ်ဝင်သွားသည် ။ အစိုဓာတ်ကဲသော လေထုကြောင့် သူ့ပါးသိုင်းမွေးများ၌ ရေခိုးရေငွေ့လေးများ စုပြုံခိုကပ်လာသည့်နှယ် စိုတိုတို ယားကျိကျိဖြစ်လာသည် ။

အခန်းတွင်း ဘေးဘီဝဲယာကို အကဲခတ်လေသရော် ဤသည်ကား အခန်းဟုပင် ခေါ်မရတော့ဘဲ ၊ သူတို့ နဂါးသူရဲကောင်းဖြစ်ခဲ့စဉ်က ဂုဏ်ပြုသော ဘွဲ့နှင်းသဘင်ခန်းမကြီးနီးပါး ကျယ်ဝန်းနေလေ၏ ။

ခန်းမကြီး၏ညာဘက်ကို ကြည့်သည့်အခါ ဒါမီယာချုံငယ်များ ၊ လက်ဖလက်ဆီဖူးများပြင် ၊ အန်သရယ်ပင်ကြီးများအထိပါ ပန်းအိုးကြီးငယ်များဖြင့် စိုက်ပျိုးထားသော ကိုယ်ပိုင်ဥယျာဉ်အသေးစားလေးတစ်ခုအား မြင်လိုက်ရ၍ ၊ ဘယ်ဘက်တွင်မူ ရေကန်ကျယ်ကြီး တစ်ကန်ရှိနေပြီး ၊ ယင်းရေကန်အတွင်းသို့ မျက်နှာကြက်ပေါ်က ကျောက်ရုပ်နဂါးခေါင်းကြီးမှတစ်ဆင့် ရေများစီးကျနေသည့်အတွက် ၊ ခန်းမတစ်ခုလုံးဝယ် ရေကန်တွင်း ရေဆင်းနေသည့်အသံနှင့် တီတိုးစကားဆိုသံများသာ ပျံ့လွင့်နေလေသည် ။

ရေကန်ဘောင်တွင် လူလေးယောက် ပြိုင်တူအိပ်နိုင်သော ကျောက်သား ခုတင်ကြီးတစ်လုံးရှိသည် ။ ထိုခုတင်နား၌ လူများအပြုံလိုက် ဝိုင်းအုံနေကြသောကြောင့် သူတို့သုံးယောက်မှာ ယင်းနေရာသို့ လျှောက်လာကြသည်တွင် ၊ ပြည့်တန်ဆာဝတ်စုံ အပြည့်ဝတ်ဆင်ထားကြသော ၊ ခမောက်မပါဘဲ ဆံထုံးကိုသာ ခပ်နိမ့်နိမ့်ထုံးထားကြသော မိန်းမပျိုလေးယောက်မှာ ထိုလူအုပ်အတွင်းမှ ထွက်လာကြပြီးနောက် သူတို့ကို ဦးညွတ်အရိုအသေပေးကြလေသည် ။

“ရောက်လာတဲ့အတွက် အထူးကျေးဇူးတင်လှပါတယ် သူရဲကောင်းတို့ ။ အခင်းဖြစ်တာ ဒီနေရာမှာပါ”

ဟုဆိုပြီး ခုတင်ကြီးရှိရာသို့ ဦးဆောင်ခေါ်သွားလေသည် ။

ယင်းတို့သည် ပန်းရောင်ဇာခြုံထည်နှင့် အဖြူရောင်ဂါဝန်ကို ဆင်ယင်ထားပေသော်ငြား ဒုတိယထပ်၌တွေ့ခဲ့သော ပြည့်တန်ဆာသကဲ့သို့ အင်္ကျီနှင့်ဂါဝန်များတွင် ကနုတ်ပန်းများ စီခြယ်မထားဘဲ ပြောင်သားများသာဖြစ်ကြသောကြောင့် “နိမ့်ပေသရော” ဟုတွေးမိနေစဉ် ၊ ခန်းမကြီးထက်ဝယ် လှည့်ပတ်ပျံသန်းနေသော သလင်းတုံးတစ်ခုက အလင်းတန်းတို့မှာ သူ(မ)တို့၏ကိုယ်ပေါ်သို့ ကျလေရာ၌ ၊ အစက ပြောင်သားဖြစ်ခဲ့သော ဖဲသားဂါဝန်တို့မှာ အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သည့်အခါ ပန်းပွင့်စီးကွင့်လေးများ အစီအရီပေါ်လာလေရကား “မခေပေပကော” ဟု မှတ်ချက်ကို ပြန်လည်ပြင်ဆင်ရတော့သည် ။

အနားရောက်၍ ယင်းတို့က ဘေးကသူများကို ဖယ်ခိုင်းလိုက်သောကြောင့် ခုတင်ဘေး၌ ဝိုင်းအုံနေကြသောသူများမှာ အခန်းပြင်သို့ အလျှိုလျှိုထွက်သွားကြလေလျှင် ၊ အခင်းဖြစ်သည့်နေရာမှာ ကွင်းကွင်းကွက်ကွက် ပေါ်လာလေ၏ ။

လူသားနှစ်ယောက် ။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ။ အပေါ်ပိုင်းအင်္ကျီမပါ ၊ ဘောင်းဘီတိုတစ်ထည်သာ ဝတ်ထားသော ဗိုက်ရွှဲရွှဲ မည်းမည်းပုပု အမျိုးသားမှာ ခုတင်ခြေရင်းကြမ်းပြင်၌ လဲကျသေဆုံးလျက်ရှိ၏ ။ အမျိုးသမီးမှာမူ အနီရောင်ဖဲမွေ့ရာကြီးပေါ်၌ မျက်လုံးစုံမှိတ်လျက် လှဲလျောင်းနေ၍ သူ(မ)၏ ဖြူဝင့်နေသည့် လက်နှစ်ဖက်လုံးမှာလည်း ခုတင်ခေါင်းရင်းက တိုင်ဖြင့်ပူးချည်ခံထားရသည် ။

ပိုးသားစောင်နက်ကြီးဖြင့် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသောကြောင့် ခေါင်းပိုင်းတစ်ခုသာ ပေါ်နေလင့်ကစား ၊ ရင်ဘတ်နေရာကစောင်မှာ စည်းချက်ညီစွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည့်အတွက် သူ(မ)မှာ အသက်ရှင်နေသေးသည်ကို သတိပြုမိလိုက်လေသည် ။

ဤအခါမှ သူစိတ်အေးသွားရသည် ။ ရိုဒီးနီးယားတစ်ကမ္ဘာလုံး၏ ထိပ်တန်းသုခုမပညာသည် တစ်ယောက်သေရန် စောလွန်းပါသေးသည် ။ ထိုအခိုက်ဇိုက်(ခ်)က ဝိုက်ဗန်အမ်းဗိုလ်ပေးသော စာရွက်တစ်ရွက်ကို ကြည့်ရှုလျက်

“သေတဲ့ကောင်က အော်စလန် ( Oslan ) သလင်းတုံး ထိန်းချုပ်ရေးဌာနရဲ့ အကြီးအကဲ ၊ ခုတင်ပေါ်ကသူက သုခုမပညာရှင် လေဒီ ဆယ်ဖီးနီး ( Lady Saefene ) ၊ ကမ္ဘာ့အဆင့်နှစ် သာမဂ္ဂီပြည့်ကြီးတန်ဆာ ။ နေပါဦး သူကဘာဖြစ်နေတာလဲ … သတိလစ်နေတာလား ။ နှိုးမရဘူးလား”

ဟုမျက်မှောင်ကုတ်ကာ ဆိုလိုက်သည့်အခါ ဘေးကသူတို့ကိုခေါ်လာသော မိန်းမပျိုလေးယောက်အနက် တစ်ယောက်က ခေါင်းညိတ်ပြလေသည် ။

“မမလေးကို ကျွန်မတို့ အကြိမ်ကြိမ်နှိုးကြည့် ပြီးပါပြီ ။ လုံးဝသတိမရပါဘူး”

ဤသရော် လီယိုနာ့ဒ်က လျော့ကျနေသော ပိုးစလွယ်ကို ပခုံးပေါ်ပြန်တင်ပြီးနောက်

“အခင်းကို ဘယ်သူက စတွေ့ခဲ့တာလဲ”

“ကျွန်မတို့လေးယောက်ပါ”

“မင်းတို့က ဘာတွေလဲ”

“အလုပ်သင် ပြည့်တန်ဆာတွေပါ ။ မမလေးဆယ်ဖီးနီး လက်အောက်မှာ လက်တွေ့ပညာသင်ယူနေတာပါ”

ယင်းတို့ကိုကြည့်ရသည်မှာ အသက်နှစ်ဆယ်ပင် ပြည့်ကြသေးဟန်မတူ ။ ကမ္ဘာ့အဆင့်နှစ် ပြည့်ကြီးတန်ဆာ လက်အောက်၌ အလုပ်သင်ခွင့်ရသည်ဆိုလျှင် ချင်းတို့မှာလည်း ပိုးပဝါကျောင်း၌ အထူးချွန်ဆုံးများသာ ဖြစ်ရပေလတ္တံ့ ။

“ဘယ်အချိန်မှာ တွေ့ခဲ့တာလဲ”

“ဒီနေ့မနက် ခြောက်နာရီမှာပါ”

သူ့မျက်တောင်များ သုံးချက်မျှ ပုတ်ခတ်သွားမိသည် ။ ဤအခြင်းအရာကား မူမမှန် ။ အလုပ်သင်ပြည့်တန်ဆာများမှာ ၎င်းတို့၏ဆရာမနှင့်အတူ အိပ်ရာပေါ်အထိ လိုက်ရသည်ဟု ကြားဖူးထားသည် ။

“မင်းတို့ညတုန်းက ဖြစ်ခဲ့တာတွေကို အသေးစိတ် ပြန်ပြောကြည့်ဦး”

ထိုစကားကြောင့် အလုပ်သင်ပြည့်တန်ဆာ လေးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ကြ၍ ၊ စက္ကန့်ပိုင်းမျှကြာသည်တွင် ထိုအတွင်းက တစ်ယောက်က

“ဟုတ်ကဲ့ပါ သူရဲကောင်း ။ ကျွန်မတို့ ဧည့်သည်နှင့် စတွေ့တာက မနေ့ညနေ ခြောက်နာရီကပါ ။ ဒီမှာ အဆိုအကတွေနှင့် ဖျော်ဖြေပြီးတော့ ညကိုးနာရီလည်းရောက်ကော … မမလေးနှင့်ဧည့်သည်က ညှိမရဘဲ …”

ထိုစဉ်ပြောနေသည့် အလုပ်သင်ပြည့်တန်ဆာကို ဘေးကတစ်ယောက်က တံတောင်နှင့်တွက်လိုက်ရကား ၎င်း၏စကားသံများ ခတ္တမျှရပ်သွားလေသည် ။ ပြီးမှ

“ဟို … ကိုးနာရီရောက်တော့ အိပ်ရာဝင်ဖို့ အချိန်ရောက်လာပါတယ် ။ အဲသည်မှာ ကျွန်မတို့ရဲ့ဝန်ဆောင်မှုကို ပြောပြတော့ ဧည့်သည်က မမလေးနှင့် အတူတူနေနေတုန်းမှာ ကျွန်မတို့လေးယောက် ဘေးကရှိနေတာကို ရှက်တယ်လို့ပြောပါတယ်”

ဟုဆိုလတ်သော် ဇိုက်(ခ်)က ဟက်ခနဲရယ်၍ “ငတုံးကောင်” ဟု မှတ်ချက်ပြုလေသည် ။

“အဲဒါနှင့် မမလေးကလည်း ရယ်မောပြီး ကျွန်မတို့ကို အခန်းပြင်ထွက်ခိုင်းပါတယ် ။ လိုအပ်မှ သူလှမ်းခေါ်လိုက်မယ် ။ အဲဒါမတိုင်ခင် လုံးဝဝင်မလာနှင့် လို့ပြောပါတယ် ။ အဲဒါ … အဲဒါ … ”

ဆက်မပြောတော့ဘဲ ရပ်သွားလေရာ ၊ လီယိုနာ့ဒ်က ၎င်းတို့ကို စိုက်ကြည့်ကာ

“မလေဒီတို့ ။ ငါတို့ အဓိပ္ပာယ်ရှိတဲ့စကားကိုပဲ ပြောကြရအောင် ။ မင်းတို့မမလေးနှင့် ဒီဧည့်သည် အလွန်ဆုံးကြာ ဘယ်လောက်ထိ ခုတင်ပေါ် အတူတူနေနိုင်မှာလဲ ။ ဆယ့်ငါးမိနစ်လား … နာရီဝက်လား ။ ဒါကိုမင်းတို့က ဒီနေ့မနက် ခြောက်နာရီအထိ အခန်းရှေ့မှာ စောင့်နေကြတာပေါ့ ။ မင်တို့ကဘာဖြစ်လို့ ညဆယ်နာရီမှာ ဝင်မသွားရတာလဲ ။ ဆယ့်တစ်နာရီမှာ ပြန်ဝင်မသွားရတာလဲ”

ထိုအခါ ယင်းတို့၏ဦးခေါင်းများ ငုံ့သွားကြ၍

“ဒါက မမလေးရဲ့ အမိန့်ကြောင့်ပါ”

“မင်းတို့ရဲ့မမလေး ပြောတိုင်းလုပ်တယ်ပေါ့ ။ မင်းတို့မှာ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဉာဏ်မရှိတော့ဘူးပေါ့ ။ အခုကိုး မနက်ဆယ်နာရီထိုးနေပြီ ။ မင်းတို့ အဓိပ္ပာယ်မဲ့လို့ ဘယ်အချိန်သေတာတောင် တိတိကျကျ မသိရတော့ဘူးကွ”

ထိုအခါ သူ(မ)တို့အတွင်းက တစ်ယောက်မှာ ပခုံးပေါ်၌ခြုံထားသော ပန်းရောင်ဇာရုံလွှာ၏ အနားစကို ဆုပ်ခြေလိုက်ပြီးနောက် ၊ ခေါင်းငုံ့နေရာမှ သူ့ကို ခပ်တင်းတင်းမျက်နှာဖြင့် ပြန်မော့ကြည့်လာသည် ။

“ဧည်သည်က ညသန်းခေါင်လောက်မှာ အမောပြေသွားလို့ အတူတူထပ်နေဖို့ မမလေးကို တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ ။ ကျွန်မတို့က အဓိပ္ပာယ်မဲ့တာ မဟုတ်ပါဘူး ။ သူရဲကောင်းကိုက ဒီအပိုင်းမှာ အတွေ့အကြုံနုံတာပါ”

“ဘ … ဘာ …”

ထင်မထားသည့် တန်ပြန်စကားကြောင့် သူ့တစ်ကိုယ်လုံး ရှိန်းဖိန်းသွားရ၏ ။ ထိုအခါ ဇိုက်(ခ်)မှာ သူ့ညာဘက်လက်ခုံကို ယန္တရားချပ်ဝတ်လက်ညှိုးဖြင့်တို့၍

“ခေါင်းဆောင် ။ ကျုပ်တို့ အလောင်းအရင်သွားကြည့်ရအောင်”

ဟုဆိုလာသဖြင့်သာ လီယိုနာ့ဒ်လည်း အကြင်အလုပ်သင်ပြည့်တန်ဆာလေးများကို ခွန်းတုံ့မပြန်တော့ဘဲ သေဆုံးသူကိုသာ စစ်ဆေးကြည့်ရန် ခုတင်ခြေရင်းသို့ လျှောက်လှမ်းလာပြီးနောက် ၊ အလောင်းဘေး၌ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ကာ ခေါင်းမှခြေအထိစဆုံး ဝှေ့ကြည့်လိုက်သည်တွင် ၊ ထိုအလောင်း၏ မျက်လုံးများမှာ ပြူးကျယ်နေသည့်ပြင် ပါးစပ်မှာလည်း မေးရိုးဟနိုင်သည့်တဆုံး ပြဲဟနေ၍ ၊ နဖူး၏ဘယ်ဘက်၌မူ အကွက်ကြီးတစ်ကွက်ကို တွေ့လိုက်ရလေ

သည် ။

ထိုအကွက်ကြီးမှာ လက်လေးလုံးစာ နီးပါးကျယ်၏ ။ အကွက်၏ အလယ်မှာ အနက်ရောင်ဖြစ်ကာ ၊ ထိုအနက်ကွက်ကို အနီနှင့်အဝါရောင်အရေပြားက စက်ဝိုင်းသဏ္ဌာန် ခြံရံထား၏ ။ ထို့ပြင် ဤအကွက်၏ အလယ်နေရာက အရေပြားမှာလည်း စုတ်ပြဲနေခြင်းကြောင့် တုံးသောအရာတစ်ခုဖြင့် အရိုက်ခံ ( သို့မဟုတ် ) နံရံနှင့် အဆောင့်ခံထားရခြင်း ဖြစ်ဟန်တူသည် ။

မျက်နှာကိုကြည့်ပြီးနောက် အမွေးများအုံထနေသော ရင်ဘတ်ကိုရှု၏ ။ ဒဏ်ရာမရှိ ။ ထို့ကြောင့်ဗိုက်ပူကို စူးစမ်းရာ၌ ၊ ထိုဗိုက်တွင် အလျားလိုက် ပြတ်ရှရာကြီး ငါးချက်တိတိရှိနေ၍ ၊ ထိုအတွင်းက လေးချက်မှာ ဗိုက်သားကို ဟောင်းလောင်းပေါက် ပွင့်ထွက်နေစေသည့်အလျောက် ၊ ဤပြတ်ရာကြီးများမှတစ်ဆင့် သွေးများ ၊ အူများအခွေလိုက် ကြမ်းပြင်သို့ ထွက်ကျနေပြီး ၊ အလောင်း၏ ဘေးတစ်ဝိုက် ကျောက်သားကြမ်းပြင်ပေါ်၌ နီညိုရောင် သွေးများက အချပ်လိုက်ခဲနေရုံမျှမက ၊ အပြွတ်လိုက်လျှံကျနေသော အူများကလည်း အကောင်းတိုင်းမဟုတ်ဘဲ ထက်ပိုင်းပြတ်ထွက်နေကြသဖြင့် အူပြတ်များအတွင်းက ထွက်ကျနေသော အစာတစ်ပိုင်းနှင့် မစင်တစ်ပိုင်း အညိုရောင် အနှစ်များကပါ ဗိုက်သားနံရံများနှင့် သွေးခဲချပ်များပေါ်တွင် ပွလန်နေလေရာ ၊ အလောင်းဘေးဝန်းကျင်တွင် ပုပ်အဲ့အဲ့အနံ့နှင့် ညှီစို့စို့အနံ့များ မွှန်ထနေရကား လီယိုနာ့ဒ်မှာ ခေါင်းငဲ့လိုက်ရ၏ ။ ၎င်းနောက် လေကိုအဆုံးထိရှိုက်သွင်း၍ အသက်အောင့်ထားပြီးမှ ပြန်ကြည့်ရသည် ။

ပြတ်ရာကြီးများမှာ ဗိုက်၏ ညာဘက်မှ ဘယ်ဘက်တစ်ဆုံး ဟောင်းလောင်းပွင့်ထွက်နေသည့်ပြင် ၊ ပြတ်ထားသည့်အနားသတ်များမှာ ချောမွတ်နေ၏ ။ ထက်မြနေသည့် လက်နက်ဖြင့် တစ်ချက်တည်းလှီးသွားဟန်တူသည် ။ ထို့ပြင် ယင်းတို့အနက် အသိသာဆုံး ပြတ်ရာမှာ အပေါ်ဆုံးက ဒဏ်ရာဖြစ်သည် ။

၎င်းသည် အောက်ကပြတ်ရာ လေးခုသကဲ့သို့ ဗိုက်ကိုဖွင့်ထားနိုင်ခြင်းမရှိဘဲ ၊ ဗိုက်သားအထက်ပိုင်း အရေပြားကိုသာဖြဲထားနိုင်သဖြင့် ထိုနေရာ၌ အဝါရောင် အဆီအလုံးအခဲများသာ ပြူးထွက်နေ၏ ။

ထိုကြိုက် ဇိုက်(ခ်)မှာလည်းသူနှင့်အတူ ထိုင်ချလိုက်၍

“ဘယ်လိုလဲ ခေါင်းဆောင် … ဓားနှင့်ပိုင်းသွားတာတော့ မဟုတ်နိုင်ဘူးမလား”

“တစ်ချက်တည်းနှင့် ဗိုက်ခွဲလည်း သေပါတယ် ။ အခုကငါးချက်တောင် ။ ပြီးတော့ အပေါ်ဆုံးအချက်က ပျော့တယ် ။ ငါ့အထင်တော့ လက်သည်းလိုလက်နက်နှင့် ဗိုက်ကိုထိုးဖောက်ပြီး ဖွင့်ချပစ်လိုက်ပုံပဲ ။ အပေါ်ဆုံးအချက်က လက်မဖြစ်ဟန်တူတယ် ။ လက်မက တိုတော့ အထဲထိ ပွင့်မသွားဘူး”

“တော်တော်ထက်တဲ့ လက်သည်းပဲ … ဟမ် ။ ဒဏ်ရာတွေရဲ့အနားတွေမှာ တွန့်ရာတစ်ချက်မရှိဘူး ။ ထောပတ်တုံးကိုဓားနှင့် လှီးထားသလို”

“အေး … ခေါင်းကိုလည်း တုံးတဲ့အရာနှင့် တစ်ချက်ထုခံထားရသေးတယ် ။ ငါတို့နောက်ကျောဘက် လှန်ကြည့်သင့်တယ် ။ မင်းမှောက်ပေးစမ်းကွာ”

ဟုသူကဆိုသဖြင့် ကြွက်သားတုများရှိနေသော ဇိုက်(ခ်)မှာ လက်တစ်ဖက်ကိုသာသုံး၍ လူသေကို ပခုံးကကိုင်လျက် ဆွဲလှန်ပစ်လေလျှင် ၊ အော်စလန်၏ ကျောပိုင်း၌ အနီကွက်ကြီးများ ၊ အဖြူကွက်ကြီးများနှင့် အဖြူစင်းကြီးများကို တွေ့လိုက်ရသောကြောင့် ၊ သူလည်း ၎င်းအရာတို့ကို အနီးကပ်ကြည့်ရှုမိလေ၏ ။

“ဘာတွေလဲ ။ နှိပ်စက်ခံထားရတာတွေလား”

ဇိုက်(ခ်)၏အမေးကို သူမဖြေနိုင် ။ ထို့ကြောင့် လူသေကိုသာ ပြန်တည့်ခိုင်းလိုက်၍ ဘေးဘီကို ကြည့်ရှုသောအခါ ၊ ရွှံ့ပေနေသော ခြေရာများကို မြင်လိုက်ရပြီး ၊ ထိုခြေရာတို့ကို ဆက်လက်စစ်ဆေးကြည့်သရော် ခြေရာမှာ နှစ်မျိုးဖြစ်နေသည်ကို တွေ့ရှိမိသည် ။

ပထမခြေရာမှာ ဖိနပ်ရာ ။ ရှည်သောအလျားနှင့် ကျယ်သောအနံကိုထောက်ရှုမိသဖြင့် ယောက်ျားတစ်ယောက်၏ ခြေရာဟု ယူဆမိ၏ ။ ကျန်ခြေရာမှာမူ ပထမဖိနပ်ရာထက်ပင် နှစ်ဆမျှကြီးမားသော ခြေရာကြီးဖြစ်သည့်ပြင် သာမန်လူခြေရာ ၊ ဖိနပ်ရာများ သကဲ့သို့ မဟုတ်ဘဲ ၎င်း၏ ခြေချောင်းများမှာ မြားဖူးသဖွယ် ချွန်ထက်နေလေသည် ။ ဤသရော် ဇိုက်(ခ်)မှာ ခေါင်းခါယမ်းကာ

“ဘာကြီးလဲ ။ အာပေါဿဆိုရင် စွတ်ကြောင်း ၊ ဝါယောနဆိုရင် ခြေရာက တြိဂံ ၊ အခုဟာက …”

“ဟုတ်တယ် … အကောင်ကြီး … တော်တော်ကြီးတယ် ။ ငါ့အထင်တော့ ဒီကောင်ကြီးကပဲ ဗိုက်ခွဲပစ်တာ ။ ရှည်ပြီးထက်မြနေတဲ့ လက်သည်းတွေနှင့်”

ဟုတစ်ယောက်တည်း ရေရွတ်သည့်အခါ ၊ သူ့နောက်က အလုပ်သင်ပြည့်တန်ဆာ လေးယောက်တို့ထံမှ “ဟယ်” ဟူသည့် တိုးလျလျအသံလေး ထွက်လာပြီးနောက် နောက်သို့ဆုတ်ကြကုန်သည် ။ လေဒီ ဆယ်ဖီးနီးသာ မထွက်ခိုင်းပါက ချင်းတို့လည်း ဤအကောင်ကြီးနှင့် နဖူးတွေ့ဒူးတွေ့ တွေ့သွားရနိုင်သည် မဟုတ်ပါလား ။

“အဲတော့ … လေဒီ ဆယ်ဖီးနီးက ဒီအကောင်ကြီးကို မြင်ပြီးသတိလစ်သွားတာလား”

“အဲသည်လိုသတိလစ်ရင် နှိုးမရလောက်တဲ့ အထိဖြစ်နေပါ့မလား ။ မပြောတတ်ဘူး … ဒီခြေရာတွေ ဘယ်ကလာတယ်ဆိုတာကို လိုက်ပြီးရင် လေဒီ ဆယ်ဖီးနီးကို ကြည့်တာပေါ့”

ဟု လီယိုနာ့ဒ်ကဆိုပြီးနောက် အခန်းတွင်းက ခြေရာများကို လိုက်ကြည့်လေရာ ခြေရာနှစ်မျိုးလုံးမှာ ပြတင်းပေါက်တစ်ခု၌ ဆုံးနေ၍ ၊ ထိုပြတင်းပေါက်မှ အောက်ငုံ့ကာ ရဲတိုက်ဖြူကြီး၏ နံရံကြီးကို ဆက်လက် စူးစမ်းသရော် ၊ အနှီနံရံပေါ်တွင် လူခြေရာကိုမတွေ့ရဘဲ ဧရာမခြေရာဆန်းကြီးများကိုသာ တွေ့လိုက်ရလေသည် ။

ရဲတိုက်ကြီး၏ ဒုတိယအမြင့်ဆုံးထပ်သို့ ရောက်နေသည့်အလျောက် အောက်ကတိုက်များကိုပင် မှုန်မွှားမွှားသာမြင်ရတော့ပြီး တစ်ချိန်တည်းမှာပင် ရာသီဥတုမှာ ထိုင်းမှိုင်းကာ မိုးနံ့များလည်း ထင်းထနေလေသည် ။ ထိုအခါ လီယိုနာ့ဒ်က ခေါင်းညိတ်၍

“မြင်လား ဒီလိုနံရံအမတ်ကြီး ၊ အမြင့်ကြီးကို တက်လာတာ လူဖိနပ်ရာမပါဘူး ။ ဒီအကောင်ကြီးက လူကိုကျောပိုးထားရင်း ရဲတိုက်နံရံတွေကို လက်သည်းနှင့် ဖောက်ကုတ်ပြီးတက်ခဲ့ပုံပဲ”

“ခေါင်းဆောင် ကျုပ်တို့ဟိုအရင်က ဂဲလ်ဖရီးကိုး ယန္တရား ( Galfrie Core Mech ) တွေနှင့် တိုက်ခဲ့တုန်းက အချိန်တွေကိုတောင် ပြန်သတိရလာပြီ”

အကြင်စကားကြောင့် လီယိုနာ့ဒ်မျက်နှာ၌ အပြုံးတစ်ချက် ဖြတ်ပြေးသွားပေသော်ငြား ပြန်မဖြေမိ ။ ဇိုက်(ခ်)မှာ ယခင်က သူနှင့်တွဲဖက်ကာ အတူတူတိုက်ပွဲဝင်ခဲ့ဖူးသော ရဲဘော်ရဲဘက်တစ်ဦးဖြစ်ပါလျက်နှင့် ယခုအခါ ၎င်းနှင့်သူ့ကြား၌ တစ်ခုခုခြားနေသကဲ့သို့ ခံစားနေရသောကြောင့် ၊ အတိတ်များကိုလည်း စမြုံ့မပြန်ချင်တော့ပေ ။ ပြန်ရသည်မှာလည်း ပျော်စရာမကောင်းနိုင်တော့ပေ ။ ဤသို့ဖြင့် သူတို့သည် ခုတင်ကြီးရှိရာသို့ ပြန်လာ၍ ပြည့်ကြီးတန်ဆာ လေဒီ ဆယ်ဖီးနီး၏ မျက်နှာကို စတင်စစ်ဆေးလိုက်လေသည် ။

https://mmxianxia.com/wp-content/uploads/2026/02/D30B0496-498C-4F42-B653-92166604281A.webp

သူ(မ)သည် အသက်နှစ်ဆယ် စွန်းစွန်းလေးသာ ရှိနိုင်သည် ။ ဦးထိပ်နှင့်နားထက်က နက်မှောင်နေသော ဆံသားအားလုံးကို ပင့်တင်လျက် ထုထည်ကြီးသောဆံထုံးကြီးတစ်ခုအဖြစ် ထုံးဖွဲ့ထားသဖြင့် နဖူးကျယ်ကျယ်လေးမှာ ဝင့်ထည်နေသည် ။ ထိုဆံထုံးအတွင်းက ဆံသားတချို့ကိုမူ ဆံကျစ်သေးသေးလေးများအဖြစ် ကျစ်ယူထား၍ ဤဆံကျစ်ကလေးများနှင့်ပင် ဆံထုံးကြီးကို ပြန်လည်ရစ်ပတ်ထားလေသည် ။

ထို့ပြင် ဆံထုံးထက်ဝယ် ရွှေသားဆံထိုးငယ်လေး ခြောက်ချောင်း စိုက်ထား၍ လည်းကောင်း ၊ ဆံထုံးတစ်ခုလုံးကို ပါးမျှင်လှသော ရွှေကြိုးလေးများဖြင့် ရက်လုပ်ထားသည့် ပန်းခက်ပန်းနွယ်သဏ္ဌာန် ကွန်ရက်လေးနှင့် ထိန်းအုပ်ထား၍လည်းကောင်း ထပ်လောင်းဖွဲ့နှောင်ထားသည်သာမက ၊ ကေသာတစ်ဝန်းလုံးကိုလည်း ဒဟာတိုင်းပြည်က ထွက်သော အော်စနယ်ဗီရာ အလှဆီလိမ်းကျံထားသည့်အလျောက် ဆံထုံးတစ်ခုလုံး စိုလက် စိမ်းညှို့နေ၍ ပန်ဆင်ထားသော ရွှေအဆင်တန်ဆာများဖြင့်လည်း ပူးတွဲ ပနံတင့်နေလေသည် ။

မျက်နှာ၌ မျက်နှာချေမှာ ပါရုံမျှသာ ပါးပါးလေးလိမ်းထား၏ ။ မျက်တောင်များမှာ အတုတပ်မထားသောကြောင့် သရုပ်ပျက်လောက်အောင် လန်ပျံမနေဘဲ ပကတိအတိုင်း စိပ်စိပ်ကော့ကော့လေးဖြစ်နေပြီး ၊ ဆေးမခြယ်ထားသည့် မျက်ခွံနှစ်ဖက်ကို ကြည့်နေရသည်မှာလည်း ယခုချက်ချင်းပင် မျက်လုံးများဖွင့်၍ ထထိုင်တော့မည့်အလား ။ နှာတံလေးကား ပြေပြေလေးစင်းကျနေ၍ နှာခေါင်းလုံးလုံးလေးနှင့်ကာရန်ညီနေပြန်၏ ။

ဝဏ္ဏကပါရုံမျှသာပါသော သူ(မ)၏သဘာဝဓာတ်ညီးသည့် အသွင်ကိုမြင်လျှင် လီယိုနာ့ဒ်၏ ရင်ဝယ်ထိတ်ခနဲ ဖြစ်သွားရသည် ။ သူ(မ)သည်ကား သမုဒယရတီ နန်းတော်၏ အပြင်ဘက်နံရံကြီးပေါ်၌ ကဟန်ချိုးနေသည့် မိန်းမရုပ်တုကြီးနှင့် တစ်ပုံတည်းပင် ။ သူ့ဘဝ၌မြင်ခဲ့ဖူးသော မိန်းမလှများအားလုံးထက် ပိုလှသည်ဟုမပြောချင် ။ သို့သော်ပိုထင်း၏ ။ ပိုညှို့၏ ။ အမှုကိစ္စကြောင့်မဟုတ်ဘဲ အမှတ်တမဲ့သာမြင်မိပါက လုပ်လက်စအလုပ်များ အားလုံးကိုရပ်၍ သူ(မ)ကိုသာငေးသွားစေနိုင်သည့် ရူပါရုံမျိုးကို ပိုင်ဆိုင်ထား၏ ။

အသံသာနှင့် ရူပကာကား လိုက်ဖက်လွန်းလှသည် ။ သီချင်းနားထောင်နေခိုက် သူ့စိတ်တွင်းပုံဖော်ကြည့်ထာသည့် အဆင်းထက်ပင် ပိုတင့်သည် ။ ပျိုမျစ်နုနယ်သည့် ငယ်ဂုဏ်ငယ်သွေးကလည်း ကြည့်နေလျက်မှာပင် ကြွနေသည် ။

အကြင်ပြည့်ကြီးတန်ဆာ၏ အဆင်းကို ရှုနေလျက်ပင် အာခေါင်များ ခြောက်ချင်သယောင်ဖြစ်လာပြီး တစ်ကိုယ်လုံးနွေးလာသောကြောင့် ၊ တဒင်္ဂလေးအတွင်းမှာပင် ဤမျှထိစိတ်လွတ်သွားသော သူ့ကိုယ်သူ အပြစ်ပြန်တင်မိ၍ အမှုကိုအာရုံပြန်စိုက်လိုက်ရလေသည် ။

ဆက်လက်၍ အကဲခတ်ရာ၌ ၊ ခုတင်ခေါင်းရင်းက ကြိုးဖြင့်ချည်ခံထားရသော ရှူးသွယ်နေသည့် လက်နှစ်ဖက်မှာ သူအဝေးကမြင်ခဲ့ရသကဲ့သို့ ဖြူဝင့်မနေဘဲ နို့နှစ်ရောင် ဖျော့ဖျော့လေးဖြစ်သည် ။ ချည်ခံထားရသော ကြိုးကိုကြည့်လိုက်ရာ ၊ ၎င်းမှာ ရွှေရောင်စီးကွင့်များထိုးချယ်ထားသော အနီရောင်ပိုးကြိုးတစ်ကြိုး ဖြစ်သောကြောင့် ဤသည်မှာ ကြိုးနှင့်မတူဘဲ ပဝါတစ်ထည်ကို ကြိုးအဖြစ်နှင့်ချည်ထားဟန်ပေါက်နေပြီး ၊ ချည်ထားပုံမှာလည်း လျော့ရိလျော့ရဲနိုင်လွန်းလှသည် ။ ထိုအခါ လီယိုနာ့ဒ်၏စိတ်တွင်း၌

“လူသတ်သမားကား ဤကဲ့သို့မချည်တန်ရာ ။ ယင်းကား အော်စလန်နှင့် ကာမစပ်ယှက်ရန် ပြင်ထားသော ပုံစံပေလော ။ သို့ဆိုပါက လူသတ်သမားနှင့် သတ္တဝါတစ်ကောင် ဝင်လာသော် လန့်ဖျပ်၍ ရုန်းရပေအံ့ ။ ဤကဲ့သို့သော ကြိုးချည်ပုံမျိုးနှင့်ဆိုပါက တစ်ချက်ရုန်းသည်နှင့် ပြုတ်ထွက်သွားရလတ္တံ့ ။ အဘယ်ကြောင့် သည်ပုံစံအတိုင်း အရာမယွင်းရသနည်း”

ဟုတွေးဆမိလျက် သေချာစေရန် လက်ကကြိုးကို ဖြုတ်ယူမည်ပြုစဉ်

“သူရဲကောင်း နေပါဦး ။ ကျွန်မတို့လုပ်ပေးပါ့မယ်”

ဟု အလုပ်သင်ပြည့်တန်ဆာလေးများက ဖြတ်ဆိုလာ၍ ၊ ချင်းတို့ကပင် သူ(မ)ကို တုပ်နှောင်ထားသောကြိုးအား ဖြုတ်ပေးရာ၌ ၊ လက်ကောက်ဝတ်နှစ်ဖက်လုံး မှာလည်း ကျန်အသားအရေအတိုင်းပင် နို့နှစ်ရောင်ဖျော့ဖျော့လေးသာ သန်းနေသည် ။ ဤအသားအရေမျိုးမှာ အနည်းငယ်မျှ ရုန်းလျှင်ပင် နီတွတ်လာနိုင်သည့် အသားအရေမျိုး ။

လက်နှစ်ဖက်ကို ချလိုက်သည့်အခါ သူ(မ)၏ ညာဘက် လက်မောင်းအိုးဝယ် ရာဗလွန်အင်ပါယာ ဘာသာစကားဖြင့် “တစ်” ဟုအဓိပ္ပာယ်ရသော အမှတ်အသားတစ်ခုကို သွားတွေ့သည် ။ ဆေးမင်ကြောင် ထိုးထားခြင်းမဟုတ်ဘဲ အနာရွတ်တစ်ခုပုံစံ ဖြစ်၏ ။

“ဘာရုန်းရာမျှ မရှိပါလားခေါင်းဆောင်”

“အေး … ကြည့်ရတာ ကြောက်လန့်ပြီး သတိမေ့ပုံတော့ မဟုတ်ဘူး ။ လူသတ်သမား မလာခင်မှာကိုး သတိမေ့သွားတာလား ။ ပြီးတော့ အခုထိ သတိမရသေးဘူး”

ဟုဆိုကာ ခေါင်းကိုခါယမ်းမိသည် ။ ထို့နောက် စောင်ခြုံထားသော အောက်ပိုင်းကိုကြည့်လတ်သော် ဦးခေါင်းရှိရာနှင့် ခြေဖျားပိုင်းရှိရာအကွာအဝေးကို အကဲခတ်မိပြီးနောက် သူ့မျက်လုံးများကျယ်သွားရ၏ ။ စိတ်တွင်းမှလည်း

“အရပ်က ရှည်ပါပကော ။ ခြောက်ပေနီးပါး ။ ဤကဲ့သို့ အသားရောင် ၊ ရုပ်အကျ ၊ အရပ်အမောင်းမျိုးနှင့် သူ(မ)ကား ရာဗလွန်အင်ပါယာသူ မဟုတ်တန်ရာ ။ မယ်ရီဂရက် ( Merigrad ) နန်းတွင်းသူပေလော ။ သို့မဟုတ် ဆိုက်ရူရီယာ ( Siruria ) နိုင်ငံသူပေလော ။ မယ်ရီဂရက် နန်းတွင်းသူများက ပြည့်တန်ဆာ မဖြစ်တန်ရာ ။ သို့ဆိုက သူ(မ)မှာ ဆိုက်ရူရီယာတိုင်းသူ နိုင်ငံခြားသူသာ ဖြစ်ရလိမ့်မည်”

ဟုအတွေးနယ်ချဲ့ နေမိသည့်အကြိုက်၌ ဇိုက်(ခ်)မှာ တစ်နေရာကို စိုက်ကြည့်နေသည်ကို သတိထားမိသွားသောကြောင့် သူ့အကြည့်များကိုလည်း ထိုနေရာသို့ ပို့လွှတ်လတ်သော် ၊ အနှီနေရာမှာ လေဒီ ဆယ်ဖီးနီး၏ ရင်သားပိုင်း ဖြစ်နေပြီး ၊ သူ(မ)ကို ခြုံပေးထားသော ပိုးသားစောင်မှာ ပါးပါးလှပ်လှပ်မဟုတ်ဘဲ အတွင်း၌ အသေးစားဂွမ်းကပ် တစ်ထပ်ပါသဖြင့် ၊ အတိုင်းအတာတစ်ခုအထိ ထူပေသော်ငြား ရင်စုံနေရာတွင်မူ သိသိသာသာ မို့မောက်နေသည့်ပြင် ၊ အသက်တစ်ခါ ရှူသည့်အခါတိုင်းမှာလည်း နိမ့်တစ်ဖုံ ၊ မြင့်တစ်မျိုး ဖြစ်နေရကား ဇိုက်(ခ်)မှာ ကာရန်ညီသော အကြင်သဘာဝတရားကို ကြည့်နေလျက် မျက်တောင်ပင် မခတ်တော့ချေ ။ ယင်းနောက် ၎င်းကပင်

“နေ … နေပါဦး ။ မင်းတို့ စတွေ့တော့ ဒါမျိုးစောင်ခြုံထားတာပဲလား”

“မဟုတ်ပါဘူးရှင့် ။ ဒါကျွန်မတို့ ခြုံပေးထားတာပါ”

“ဒါဆို ဖယ်လိုက်လေကွာ”

ထိုအခါ အလုပ်သင်ပြည့်တန်ဆာမလေးများ၏ မျက်ခုံးများ အစီအရီပင့်တက်သွားကြ၍

“မ … မရပါဘူးရှင့် ။ မမလေးမှာ အင်္ကျီမပါပါဘူး”

“ဒီမယ် မိန်းကလေး ။ ငါတို့က အမှုလိုက်နေတာ ။ အခင်းဖြစ်တဲ့နေရာကို လုံးဝမူမပျက်စေဖို့ ပြောထားပြီးသားနော်”

“ဟုတ်ပါတယ် သူရဲကောင်း ။ ဒါကြောင့်မို့လို့ပဲ မမလေးကိုချည်ထားတဲ့ ကြိုးကို မဖြုတ်တာပေါ့ ။ ကျန်တာတွေအားလုံး မြင်ခဲ့ရတဲ့အတိုင်း ထားပေးထားတာပေါ့။ ကျေးဇူးပြုပြီး အမှုကို ဒီအတိုင်းပဲ ဖြေရှင်းပေးပါ ။ ကျွန်မတို့ ကြည့်ခဲ့ပြီးဖြစ်လို့ စောင်အောက်က ကိစ္စကိုမေးလိုက မေးနိုင်ပါတယ် ။ စောင်ကိုတော့ လုံးဝဖယ်မပေးနိုင်ပါဘူး”

အခြေအနေမှာ သူ့မျက်စိရှေ့မှာပင် ရုတ်ခြည်း တင်းမာလာလေပြီ ။ ဇိုက်(ခ်)မှာ ၎င်း၏ ရင်ဘတ်ချပ်ဝတ်က နဂါးရုပ်ကို လက်မနှင့်ပြန်ထိုးကာ

“နေပါဦး ။ မင်းတို့က ဝတ္တရားနှောင့်ယှက်လှချည်းလား … ငါတို့က ဖဲလေဒီ ( Fair Lady ) ကိုဘာလုပ်မှာမို့လဲ ။ ငါတို့ကို ဘယ်လိုများမြင်နေတာလဲ … ဟမ်”

ဟုမေးလျှင် အလုပ်သင်ပြည့်တန်ဆာလေး တစ်ယောက်ကလည်း သူ(မ)၏ရင်စုံပေါ်သို့ လက်ဖဝါးတင်လျက်

“သိပ်အရည်အချင်းရှိတဲ့ ယောက်ျားတွေလို့ မြင်ပါတယ် ။ ဒါပေမဲ့ ဘယ်လောက်တော်တော် ယောက်ျားက ယောက်ျားပါပဲ”

“ဘာကွ”

“မမလေးက ကာဒိုနီယမ် တိုင်းပြည်က ( Kadonian Kingdom ) သက်တော်ရှည် ဧကရီပိုးမယ်ရဲ့ ဂုဏ်ပြုမှုကိုတောင် ထိုက်ထိုက်တန်တန် ရရှိထားတာပါ ။ သူရဲကောင်းတို့ ကြည့်ချင်တိုင်းကြည့်ပြီး ထိချင်တိုင်းထိလို့ရတဲ့သူ မဟုတ်ပါဘူး ။ မျက်နှာမြင်ခွင့် ရနေတာကိုပဲ ကံကောင်းတယ်မှတ်ပါ ။

ပြီးတော့ သူရဲကောင်းတို့ဟာ စစ်နတ်ဘုရား အက်(စ်)မန်းဒက်(စ်)ရဲ့ ကောင်းချီးပေးခံထားရသူတွေဆိုရင် ကျွန်မတို့ပြည့်တန်ဆာတွေကလည်း ရုက္ခပါလ နတ်ဘုရားမ နီရင် ( Nirin ) ရဲ့ စောင့်မမှုကို ခံယူထားရသူတွေပါ ။ လေးစားသမှုလေးရှိဖို့ တောင်းဆိုပါတယ်”

“မင်းတို့က လေဒီ ဆယ်ဖီးနီး လက်အောက်ကဆိုတိုင်း ဘာမထီလှချည်းလားကွ ။ မင်း …”

“ဇိုက်(ခ်) တော်ပြီ”

သူဝင်ဟန့်ပြီး ချင်းကို မျက်မှောင်ကုတ်လျက် တစ်ချက်ကြည့်ကာ ခေါင်းပါ ယမ်းပြလိုက်သရော်မှ ရန်ပွဲမှာ ပြီးဆုံးသွားတော့သည် ။ ၎င်းနောက် သူတို့အားလုံး စကားမပြောကြတော့ဘဲ အခင်းဖြစ်ရာကိုသာ ဆက်လက်စစ်ဆေးကြသည်တွင် ၊ ခုတင်ဘေး၌ တင်ထားသော မြစိမ်းရောင် ကြွေကရားလေးတစ်ခုကို တွေ့မိပြီး ၊ သူသည် ဤအရာကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ကောက်ကိုင်ကြည့်လေလျှင် ကရားလွတ်တစ်လုံးသာ ဖြစ်နေလေသည် ။

မကျေနပ်သဖြင့် အနှီကရား၏ထိပ်ဝကို နမ်းကြည့်သည်တွင် ပြင်းရှရှဆေးနံ့တစ်ခုရ၏ ။ ဤသည်ကား သူလုံးဝမသိသော အရာတစ်ခု ။

“ဇိုက်(ခ်) ဒါဘာလဲ မင်းသိလား”

ဟုမေးသည့်အခါ ယင်းမှာသူ့ကို မျက်လုံးများမှေးစင်းလျက်ကြည့်ကာ

“ခေါင်းဆောင် … ခင်ဗျား နဂါးသူရဲကောင်း ဖြစ်ခဲ့တုန်းက ရတဲ့လခတွေ အကုန်လုံးကို အရက်ဝယ်သောက်နေခဲ့တာလား ။ တကယ်ကြီး ပြည့်တန်ဆာနှင့် တစ်ခေါက်တောင် မအိပ်ဖူးဘူးလား”

ဟုဆိုလာသဖြင့် ၊ သူသည်လည်း မည်သည့်စကားမျှ မဆိုတော့ဘဲ ပြန်သာကြည့်နေလိုက်တော့သည် ။ ခနဲ့၍ဝပါက ပြောတော့ဟု သဘောဆောင်သော အကြည့် ။

“ဟက် … ဟုတ်ပါပြီ ။ ပြည့်တန်ဆာနှင့် အိပ်ရာပေါ်တက်တော့မယ်ဆိုရင် သူတို့က ခင်ဗျားကို သွားအရင်တိုက်ခိုင်းတယ် ။ ပြီးတော့ ဒီဆေးနှင့် ပလုတ်ကျင်းခိုင်းတယ်”

“ဟမ် …”

“နှုတ်ခမ်းချင်း နမ်းရာကနေ ရောဂါကူးတယ်လေဗျာ ။ အဲရောဂါထဲမှာ လည်ချောင်းအသေနာတဲ့ ရောဂါတစ်မျိုးရှိတယ် ။ အဲရောဂါ ဧည့်သည်ဆီကကူးရင် သူတို့နောက်နေ့ ဘယ်လိုသီချင်းဆက်ဆိုမှာလဲ”

( မှတ်ချက် ။ ။ ထိုရောဂါကို အင်ဖက်ရှက်(စ်) မိုနိုနူကလီရိုးစစ် “Infectious Mononucleosis” ၊ အလွယ်ခေါ် “မိုနို” ဟုခေါ်၍ ၊ နမ်းသူအချင်းချင်း တံတွေးတွင်းရှိသော အပ်စတိန်းဘား ဗိုင်းရက်(စ်) ( Epstein-Barr Virus ) ကိုမျိုချမိရာမှ ကူးစက်သည် ။ )

ဘေးကိုငဲ့ကြည့်သောအခါ အလုပ်သင်ပြည့်တန်ဆာလေးများမှာ မကြာသေးမီက မျက်နှာများ တင်းမာနေကြသော်လည်း ၊ ယခုမူ ပြုံးတုံ့တုံ့လုပ်နေကြသောကြောင့် စိတ်တွင်း၌ “ငါနော်” ဟုသာ ရေရွတ်မိနေစဉ် ၊ ဇိုက်(ခ်)က ထိုကြွေကရားကို ကိုင်လှုပ်ကြည့်နေကာ

“ဒါပေမဲ့ ဒါကနည်းနည်းတော့ ထူးဆန်းနေတယ် ။ ပုံမှန်အားဖြင့် ဧည့်သည်ကို ဒီကရားရဲ့ လေးပုံတစ်ပုံထက် ပိုမသုံးခိုင်းဘူး ။ ဆေးကိုလည်း အမြဲတမ်း အပြည့်ဖြည့်ထားတတ်ပါတယ် ။ အခု အကုန်ကုန်သွားတာက ဘာအထာလဲ ။ ဖဲလေဒီက ဟိုကောင်ကို ပလုတ်လေးခါတောင် ကျင်းခိုင်းခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်လား”

ထိုစကားကြောင့် လီယိုနာ့ဒ်မှာ လေဒီ ဆယ်ဖီးနီး၏ နှုတ်ခမ်းကို အကဲခတ်လိုက်၏ ။ နှုတ်ခမ်းမထူမပါးလေး နှစ်လွှာကို ကြက်သွေးရောင်နှုတ်ခမ်းနီ စိမ့်စိမ့်လေးဖြင့်ဆေးတင်ထားသည့်ပြင် ၊ ထိုအပေါ်၌လည်း အကြည်လွှာလေးတစ်လွှာ ထပ်ထားသည့်အလျောက် နှုတ်ခမ်းနှစ်လွှာလုံးမှာ အမြင်အရပင် စိုအိနေ၏ ။

သူထပ်တိုးကာ အနီးကပ်ကြည့်လိုက်သည် ။ နှုတ်ခမ်းနီပျက်နေသလော ၊ မပျက်နေသလောကို သိလိုသဖြင့် သူ(မ)အနားကပ်လျက်နှုတ်ခမ်းကို ကြည့်နေကြိုက် ၊ မွှေးရနံ့တစ်ခုက သူ့နှာဝသို့ တိုးဝှေ့လာလေပြီး ၊ ဤသည်မှာ တောတွင်းရှိချောင်းငယ်လေး တစ်ခုကိုဖြတ်သန်းလာသော လေညင်းလေးတစ်ခုအလား လတ်ဆတ်နေသောကြောင့် ထိုအနံ့ကို သတိမမူမိဘဲ မသိစိတ်က ပိုပင်ရှူသွင်းလိုက်သရော် ၊ သူ့နှာဝတစ်ခုလုံး စိုစိမ့်လာသည့် ခံစားချက်နှင့်အတူ တစ်ကိုယ်လုံးက သွေးများလည်း စတင်ဆူဝေလာ၍ နှလုံးခုန်ချက်များပါ ဝုန်းဒိုင်းကြဲလာသောကြောင့် ၊ သူ့မျက်လုံးများ ပြူးကျယ်ကုန်လျက် နောက်သို့ ခြေနှစ်လမ်းမျှ ဆုတ်လိုက်ရ၏ ။ နှာခေါင်းကိုလည်း လက်ဖဝါးနှင့် အုပ်လိုက်မိ၏ ။

ညင်းသွဲ့သွဲ့နှင့် ညှို့ဓာတ်ပြင်းလွန်းလှသည့် သူ(မ)၏ကိုယ်သင်းနံ့ ။ ပထမဦးစွာ အနံ့ရိုးလေးတစ်ခုကဲ့သို့ တိုးဝင်လာ၍ လက်ခံလိုက်သောအခါမှ တစ်ကိုယ်လုံးကို ဆွဲခါလှုပ်ယမ်းပစ်သော မာယာရှင်ရနံ့ ။ ဗိုက်ခွဲအသတ်ခံထားရသည့် လူသေလောင်း၏ပုပ်နံ့ကို ခံနိုင်ပါလျက်နှင့် ပြည့်ကြီးတန်ဆာ၏ ကိုယ်သင်းနံ့ကိုမူ သူလန့်မိ၏ ။ မနောဓာတ်ဘဝင်မှာ ကတုန်ကယင်ဖြစ်မိ၏ ။

“ခေါင်းဆောင် ဘာဖြစ်တာလဲ”

“ဘာမျှမဖြစ်ဘူး ။ ဘာနှုတ်ခမ်းနီမျှ ပျက်မနေဘူး ။ ဒါ … ဒါထက် စကား … စကားမစပ် မိန်းကလေးတို့ ။ ဖဲလေဒီကို စမြင်တုန်းက လုံးဝအင်္ကျီမပါတာလား ။ အတွင်းခံပါသေးလား”

“အတွင်းခံပါပါသေးတယ် ။ ပုံမပျက်သေးပါဘူး”

တလှပ်လှပ်ခုန်နေသောနှလုံး ငြိမ်ခါမှ သူစကားဆက်သည် ။

“ကြည့်ရတာ အော်စလန်က လေဒီ ဆယ်ဖီးနီးကို ဘာမျှမလုပ်လိုက်ရဘူး ။ နမ်းတောင်မနမ်းလိုက်ရဘူး ။ ဒီမိန်းကလေးတွေ ကိုးနာရီမှာ အခန်းပြင်ထွက်လိုက်ရတယ်ဆိုရင် သွားတိုက် ၊ ပလုတ်ကျင်း ၊ အဝတ်ချွတ် ၊ ကြိုးတုပ်တာပဲ လုပ်လိုက်ရပုံပေါ်တယ် ။ ပြီးတော့လူသတ်သမား ဝင်လာလောက်တယ် ။ ဒါဆို ကိုးနာရီဆယ့်ငါးလောက်က လူသတ်သမား ဝင်လာတယ်လို့ ပြောလို့ရတယ်”

“ဝင်လာတော့ ဖဲလေဒီက နှိုးမရတော့အောင်ထိ သတိလစ်သွားပြီ ။ ရုန်းရာတွေက မရှိဘူး ။ ဒီနှစ်ခုကိုကျတော့ ဘယ်လိုဆက်စပ်မှာလဲ”

ဇိုက်(ခ်)၏ အမေးကို သူခေါင်းသာခါပြလိုက်သည် ။ ထိုအခြင်းအရာများပြင် ထူးဆန်းသောခြေရာနှင့် သတ္တဝါကြီးကိုလည်း မေ့ထား၍မရသဖြင့် ၊ အမှုမှာထင်တာသည်ထက် အများကြီးပိုရှုပ်နေလေပြီ ဟုတွေးနေခိုက် ဇိုက်(ခ်)က ဘေးဘီကို တစ်ချက်ကြည့်ပြီးနောက်

“ကြည့်ရတာ ဒီအခင်းကရမဲ့ သဲလွန်စကတော့ ကုန်ပြီထင်တယ် ။ ကျုပ်တို့ ဒီသတိလစ်နေတဲ့ လေဒီ ဆယ်ဖီးနီးကို ဘယ်လိုလုပ်မှာလဲ”

“ဆရာဝန်ခေါ်ရမှာပေါ့ ။ မင်းဆေးရုံနှင့်ချိတ်ပြီး အခုချက်ချင်း တစ်ယောက်ကို ဒီလာခိုင်းလိုက်”

“ဒါမျိုးမလိုပါဘူးရှင့် ။ ကျွန်မတို့ မြိုင်ချုပ်က သူရဲကောင်းတို့ မလာခင်ကတည်းက ဆရာဝန်သွားခေါ်နေပါပြီ ။ ပြန်ရောက်လာတော့မှာပါ”

ဘေးက အလုပ်သင်ပြည့်တန်ဆာလေး၏ စကားကြောင့်သူလည်း ခေါင်းသာညိတ်လိုက်သည် ။ ကိုယ်ခေါ်သော ဆရာဝန်ထက် ယင်းတို့၏ ဆောင်ကြာမြိုင်ချုပ်က စိတ်ကြိုက်ရွေးလာသည့် ဆရာဝန်က ပို၍ အဆင်ပြေနိုင်ပေအံ့ ၊ အနှီပြည့်ကြီးတန်ဆာသာ နိုးလာပါက အခင်းဖြစ်ရာနှင့် ပတ်သက်သော အရေးကြီးသဲလွန်စကိုလည်း သိရကောင်းလတ္တံ့ ဟုတွေးတောနေစဉ် ၊ တစ်ချိန်တည်းမှာပင် မိုယာဝုထ်က ဓာတ်မတည့်သည့် ရောဂါဆန်းကို အံတုနေရသော ရွာသားများ နှင့် အာဇာဂါနာ ဆေးရုံ၌ချန်ထားခဲ့ရသော အဲလရော့လေးတို့လည်း အဆင်ပြေပါသလောဟု ထပ်လောင်း အောက်မေ့မိသည့်အခါ လီယိုနာ့ဒ်မှာ ခေါင်းကိုသာမော့လိုက်ပြီးနောက် မုတ်ဆိတ်မွေး ၊ ပါးသိုင်းမွေးများဖြင့် ပြည့်နေသည့်မေးရိုးကို လက်ဖဝါးဖြင့်ဖိကိုင်လျက် အတွေးနယ်ကို ကျယ်သည်ထက်ပိုကျယ်အောင်သာ ချဲ့နေမိလေတော့သတည်း ။ ။

************

All Chapters