← Chapters

Ashen Village

Vol. 1 Ch. 1

Ashen Village

Vol. 1 Ch. 1

The Third Age : Era of Cold War , TE 201

တတိယခေတ် စစ်အေးတိုက်ပွဲ ကာလ : ခေတ်နှစ် ၂၀၁ ခု

မိုယာဝုထ် ( MoyaWood ) ။ အကိုင်းရှည်ပြီး အခက်ဖြာသော မိုယာပင်ရှည်ကြီးများကြား၌ တည်ထားသော ရွာလေးတစ်ရွာ ။ ယင်းမိုယာပင်ကြီးတို့၏ သစ်ရွက်များမှာ ဆွတ်ဆွတ်ဖြူနေသောကြောင့် ၊ ၎င်းတို့ကြားက အိမ်ညိုညိုလေးများမှာလည်း ပိတ်ဖြူကားလွလွ ပေါ်ဝယ် မင်စက်လေးများ ချထားသကဲ့သို့ ထင်းရင်းနေသည် ။

အကြင်ရွာလေး၏အလယ်၌ ချောင်းလေးတစ်ခုလည်း ဖြတ်စီးနေ၍ ၊ ချောင်းအတွင်းကရသော ရွှံ့နွံများကို ကျောက်တုံးများဖြင့်တွဲဖက်လျက် အိမ်ပုလေးများ ဆောက်လုပ်ထားကြသည်သာမက အပင်ရိပ်များအောက်၌ ဝပ်နေသော ရွာလေးဖြစ်ရကား အနှီရွာလေးမှာ တစ်နှစ်ပတ်လုံး အေးစိမ့်စိမ့်ဖြစ်နေပြီး ၊ မိုယာပင်ကြီးများ၏ အခေါက်ပွပွကြီးများအတွင်း ရေများအောင်းနေရာမှထွက်သော သစ်စိုနံ့အိအိလေးနှင့် အိမ်များ၏ရွှံ့နံ့ပျော့ပျော့လေးတို့ ပူးပေါင်းမိသည့်အခါ ၊ တစ်ရွာလုံးမှာ မနောဘဝင်ကို ကြည်လင်စေသော ရနံ့သင်းတို့ဖြင့် ထုံမွှန်းလျက်ရှိပေသည် ။

မိုယာရွက်တို့မှာ အပေါက်မြန် ၊ အကြွေမြန်သော အရွက်များဖြစ်သည့်အားလျော်စွာ ရွာလမ်းများပေါ်ဝယ် ရွက်ကြွေဖြူများဖြင့် အမြဲတစေပြည့်နှက်လျက်ရှိ၍ လမ်းလျှောက်လျှင်ပင် ဖော့နှင့်တူသော ဤရွက်ကြွေများကို နင်းကြိတ်မိသည့်ခံစားချက်က တကျိကျိနှင့် ခြေလှမ်းများကို ပိုလွင့်စေ၏ ။ နေချင်စဖွယ်လေး ဖြစ်ခဲ့လေ၏ ။ သို့သော် ယခုသရော် ဤကဲ့သို့ မဟုတ်တော့ပါချေ ။

အကြင်ရွာလေးသည် အိမ်ခြေတစ်ရာ့ငါးဆယ်ကျော်မျှသာ ရှိသည့်အလျောက် အိမ်တစ်အိမ်တွင် အကြောင်းတစ်စုံထူးပြီဆိုသည်နှင့် တစ်ရွာလုံးက သိကြလေရာ ၊ ယခုအခါ ၎င်းတို့အားလုံးနှင့်ဆိုင်သော ပြဿနာ တစ်ခုတက်နေသောကြောင့် ရွာသူ ၊ ရွာသားတို့၏ စုအုံစကားဆိုသံတို့မှာလည်း ဆူညံနေ၍ ၊ လေတိုက်သည့်အခါ သစ်ရွက်ဖြူများ အချင်းချင်းပွတ်တိုက်သည့် အသံတရှဲရှဲပင် ထိုပွက်လောရိုက်သံများကြား၌ နစ်မြုပ်နေလေပြီ ။

ရွာအလယ်တွင် ဇရပ်ကြီးတစ်ခုရှိသည် ။ အဆိုပါဇရပ်သည် လူတစ်ဖက်စာနီးပါးမျှ တုတ်သော ကျောက်သားတိုင်လုံးကြီးများ ၊ ရွှံ့မံထားသော နံရံများဖြင့် ဆောက်လုပ်အပ်ပြီး ရွာတစ်ရွာအတွက် ကြီးမားသည်ဟု ဆိုရစေကာမူ ယခုအခါ ၎င်းကြီး၏ညိုညစ်ညစ် ကျောက်သားကြမ်းပြင်ပေါ်တွင် အဝတ်စုတ်ကို ဖျာသဖွယ်ခင်းလျက် လှဲလျောင်းနေသော လူနာများဖြင့် ပြည့်နှက်နေကြ၍ ၊ ထိုသူတို့၏ တအီးအီး တအဲအဲ ညည်းညူသံများမှာလည်း ဇရပ်ဘေးက ညံပွက်နေသည့် ရွာသားများနှင့် အပြိုင်အဆိုင် ။

ဇရပ်အတွင်း မားမားမတ်မတ်ရပ်နေသူ တစ်ဦးသာရှိသည် ။ အကြင်သူသည်ကား ချည်သားအင်္ကျီအဖြူ ၊ ဘောင်းဘီရှည်အဖြူတို့ကို ဝတ်ဆင်၍ ၊ ပခုံးပေါ်၌ အစိမ်းရောင်စလွယ် သိုင်းထားသည့် အသက်လေးဆယ်အရွယ် ဝဖိုင့်ဖိုင့် အမျိုးသားတစ်ယောက် ။

သူသည် သည်ရွာ၏ ဆေးဆရာဖြစ်သည် ။ ချင်းသည် ဇရပ်တွင်းက ပိုးလိုးပက်လက် လျောင်းနေကြသော လူနာအထွေးလိုက်ကြီးကိုကြည့်၍ ဦးခေါင်းကို ခါယမ်းလိုက်ပြီးနောက် ၊ ဇရပ်အတွင်းတစ်နေရာသို့ လျှောက်လာသည်တွင် ၊ လူနာများမှာ ကြမ်းပြင်ပေါ်၌ ပြည့်ကျပ်နေသဖြင့် ယင်းတို့၏ ဦးခေါင်းများကို ခြေထောက်နှင့် မကန်မိစေရန် ရှောင်တိမ်းနေရကား ခြေလှမ်းများပင် ညီအောင်မလှမ်းနိုင်တော့ဘဲ သူ့တစ်ကိုယ်လုံး ယိမ်းထိုးနေလေသည် ။

လူနာအယောက် ခြောက်ဆယ်ကျော်၏ ချောင်းဆိုးသံများကား သူ့နားစည်ကို အဆက်မပြတ်ထိုးဆွနေ၏ ။ လူနာများ ပိတ်ညှပ်နေသောကြောင့် ချွေးနံ့များမှာလည်း တထောင်းထောင်း ။ ချွေးနံ့နှင့် ဆေးနံ့တို့ရောသည့် ဤအနံ့ကိုပင် သူ့နှာဝက အသားကျနေပြီး ၊ စိတ်ရှုပ်စရာကောင်းလင့်ကစား သူဂရုမစိုက်နိုင် ။

ထိုအခိုက်၌ အနားဝယ်လှဲနေသည့် လူနာတစ်ယောက်မှာ ဝေါ့ခနဲအန်ချလိုက်လေလျှင် သူ့ဖိနပ်ထိပ်မှာ အစိမ်းရောင်နှင့်အဝါရောင် စွက်သော အန်ဖတ်များနှင့် ရွှဲနစ်သွားပြီး ၊ အစာခြေရည်များသာ အများစုပါသော အန်ဖတ်များ၏ ချဉ်စုတ်စုတ်အနံ့များမှာလည်း နှာဝတစ်ခုလုံး မွှန်ထူလာသည့်အတွက် ထွက်သက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်သည့်အခါ ၊ နှာခေါင်းက လေပူများမှာ သူ့မျက်နှာ၌ချည်ထားသော အဝတ်စကို တိုက်မိ၍ ပါးစပ်သို့ ပြန်လာရိုက်မိလေသည် ။ ထို့ပြင် အန်ဖတ်များထိထားသည့် ခြေခုံမှာလည်း အစာခြေရည်တို့ကြောင့် ပူစပ်လာလေပြီ ။

“ကျစ်”

စုတ်တစ်ချက်သပ်၍ လမ်းဆက်လျှောက်သည် ။ သို့ပေသော်ငြား ပြောင်ချောနေသော ကျောက်သားကြမ်းပြင်နှင့် အန်ဖတ်များပွစိနေသည့် ဖိနပ်တို့ကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘဲ ချော်မလဲစေရန်သာ ဂရုစိုက်နေရသည် ။

ဤသို့ဖြင့် ဦးတည်ချက်သို့ ရောက်ရှိလာသည့်အခါ အဆိုပါနေရာ၌လည်း လူနာများဖြင့် ပြည့်သိပ်နေ၍ ၊ ထိုအတွင်းက အညိုရောင် ဖျင်ကြမ်းစလွယ်ကို သိုင်းထားသော အမျိုးသားတစ်ဦးမှာမူ ဒူးတစ်ဖက်ထောက်လျက် လူနာအဘွားကြီး၏ လက်တစ်ဖက်ကို ဆွဲကိုင်ထားလျက်ရှိကာ သူလာသည်ကိုမြင်လေသရော် ယင်းမှာ ဒူးထောက်နေရာမှထလာပြီးနောက် ခေါင်းတစ်ချက်ဆတ်ပြလျှင် သူကလည်း ၎င်းကို စူးစိုက်ကြည့်ရှုလိုက်လေ၏။

အနှီသူသည် အသက်သုံးဆယ့်ငါး ( ၃၅ ) နှစ်ဝန်းကျင်ရှိ၏ ။ လေးထောင့်ကျသော မျက်နှာအတွင်း၌ ထူထဲထဲမျက်ခုံး ၊ ခပ်ကျယ်ကျယ်မျက်လုံး နှင့် ပါးလျလျနှုတ်ခမ်းတို့က အချိုးကျကျတည်ရှိနေ၍ ၊ ပွယောင်းနေသော အညိုရောင်ဆံပင်တို့ကို အပေါ်လှန်တင်ကာ ဘေးခွဲထားသည်သာမက ၊ စနစ်တကျ ရိတ်သင်ထားခြင်းမရှိသော အညိုရောင် မုတ်ဆိတ်မွေးနှင့် ပါးသိုင်းမွေးစစတို့မှာလည်း မေးရိုးတစ်လျှောက် ထူစိပ်စိပ်ပေါက်နေလေပြီး ၊ ယင်း၏ဘယ်ဘက်လက်မှာ သာမန်လက်သကဲ့သို့ တောင့်တောင်းတင်းတင်းမရှိဘဲ အဝတ်စတစ်ခုနှယ် တွဲလောင်းကျနေသောကြောင့် ထိုင်ရာမှ ထလာသည့်အခါ အကြင်လက်မှာ အထိန်းအကွပ်မဲ့စွာ ခါယမ်းသွားလေသည် ။

သင်းကား ခန္ဓာကိုယ်တောင့်တင်းလှပေသော်ငြား လက်တစ်ဖက်မသန်သည့် ဒုက္ခိတတစ်ယောက် ။ အယောက်ခြောက်ဆယ်သော လူနာများကို တစ်ယောက်တည်း ပြုစုနေရသော ရွာ၏ခိုင်းဖတ် သူရင်းငှါးတစ်ယောက်ဖြစ်သည့်အတိုင်းပင် ၎င်း၏မဖြူမညို အသားအရေမှာလည်း ချွေးများဖြင့် ပေလူးနေလေသည် ။

“အခြေအနေဘယ်လိုလဲ ။ လီယိုနာဒ့် ( Leonard )”

“နောက်ငါးယောက် ထပ်သေသွားပြီ ။ သေတဲ့သူတွေကို ဇရပ်အပြင်ထုတ်ထားတယ် ။ အခုဒီကိစ္စကို ဘယ်လိုရှင်းမှာလဲ”

လီယိုနာဒ့်သည် ခြေရင်း၌လှဲလျောင်းနေသော လူနာအဘိုးကြီးကို မေးငေါ့ကာ ထိုကဲ့သို့မေးလိုက်ခြင်းဖြစ်ပြီး ၊ ယင်းအဘိုးကြီးမှာ ခန္ဓာကိုယ်အပေါ်ပိုင်း ကိုယ်လုံးတီးချွတ်ထားသည့်အတွက် အပြိုင်းပြိုင်းထနေသောနံရိုးများပြင် ကျောဖြူဖြူပေါ်က အနီစင်းကြီးများမှာလည်း ထင်းရှင်းနေသဖြင့် သူလည်း ၎င်းကို မျက်မှောင်ကုတ်လျက် ကြည့်နေမိကြိုက် ၊ ဤအဖိုးကြီးမှာ လက်ပြန်ကွေးလျက် ချေးညှော်များနှင့် ပြည့်နေသော လက်သည်းမည်းညစ်ညစ်များဖြင့် ကျောပြင်ကို ကုတ်ဆွဲပစ်လိုက်ရာ အဆိုပါ အနီစင်းကြီးများမှ သွေးများစိမ့်ထွက်လာသကဲ့သို့ လက်သည်းကြားက ချေးညှော်ဖတ်များမှာလည်း အနာကြောင်းကြီးပေါ်၌ ကပ်နေလေသည် ။ သူလည်း ခေါင်းကိုသာ တဗျင်းဗျင်းမြည်အောင် ကုတ်မိတော့သည် ။

“ဒီနေရာဆူညံနေတာပဲ ။ အပြင်ခဏထွက်ကြမယ်”

ဟုဆိုပြီးနောက် ဇရပ်အပြင်ရောက်သောအခါမှ

“မင်းလည်းမြင်တဲ့အတိုင်းပဲ ။ အခုဘာရောဂါမှန်း မသိသေးပေမဲ့ အဓိကက အလွန်အကြူးယားပြီး ကုတ်ရာကနေ နောက်ဆက်တွဲတွေစလာတာ ။ အာပေါဓာတ်များပြီး ဓာတ်မတည့်တာလို့ယူဆတယ်”

ယင်းစကားကြောင့် လီယိုနာဒ့်မှာ ခေါင်းညိတ်ပြီးနောက် ၊ ညာဘက်သို့ လက်ညှိုးညွှန်ပြနေသဖြင့် သူလည်းလှည့်ကြည့်လိုက်သည့်အခါ ငါးပေနီးပါးမျှမြင့်နေပြီဖြစ်သော အလောင်းပုံကြီးမှာ မြက်ခင်းပြင်ပေါ်၌ ဟီးထနေ၍ ၊ လေမတိုက်လင့်ကစား အပုပ်နံ့များက သူတို့ဘက်ထိ လှိုင်နေသည့်ပြင် ၊ ထိုအလောင်းများကို ပတ်ထားသော ဖျာလိပ်များကြားမှ ယင်ကောင်များကလည်း တလောင်းလောင်းထလျက် ဝီခေါ်နေကြသောကြောင့် သူသည်နှုတ်ခမ်းကိုသာ ဖိကိုက်မိလေသည် ။

ဤပုံစံအတိုင်းဆိုပါက ယနေ့ကုန်သည်နှင့် ထိုအလောင်းပုံမှာ နှစ်ပေကျော်မျှ ဆက်မြင့်လာနိုင်သည် ။ သို့သော်တွေဝေနေရန် အချိန်မရှိ ၊ လက်ရှိပြဿနာကိုသာ အာရုံပြန်စိုက်၍

“ဒါပေမဲ့ ခက်တာက ဓာတ်မတည့်တာကို ဖြေတဲ့ဆေး ဒါမီယာ ( Damia Grapes ) သီးတွေ ဒီမှာမရှိတော့ဘူး ။ အားလုံး ကုန်နေပြီ ။ ဒီချုံပင်တွေပေါ်မှာတောင် သိပ်မကျန်တော့ဘူး”

ဟုဆို၍ ဇရပ်ဘေးကို ငဲ့ကြည့်လေလျှင် ၊ လူတစ်ရပ်စာမျှ မြင့်သော ချုံပင်ထု စိမ်းစိမ်းကြီးများမှာ ဇရပ်ကြီးကို စက်ဝိုင်းသဏ္ဌာန် ဝန်းရံကာ ပေါက်နေကြပြီး ၊ အဆိုပါချုံထု၏ အပေါ်၌ လက်တစ်ဆစ်စာ မျှရှိသော အမည်းရောင် အသီးလေးများမှာလည်း တစ်လုံးပေါ်တစ်လုံးဆင့်လျက် ပြွတ်ထနေကြသည်သာမက ၊ ယင်းအသီးတို့၏ ဘေးပတ်ပတ်လည်တွင်လည်း ပန်းရောင် အပွင့်သေးသေးလေးများ ဖူးပွင့်နေကြသေးသည် ။ ဤသည်ကား ဒါမီယာသီးများပင် ။

ထိုအခါ လီယိုနာ့ဒ်က ဤပိတ်ပေါင်း ခြံစည်းရိုးကြီးကို ငေးကြည့်နေကာ

“အဲသည်တော့ ကျုပ်က ဒါမီယာသီးတွေကို အာဇာဂါနာမြို့တော် ( Azagana ) ထိ တက်ဝယ်ရမှာလား”

ဟုဆိုလာသောကြောင့် သူလည်း သက်ပြင်းတစ်ချက်ချ၍ ၊ လီယိုနာဒ့်၏ ပခုံးပေါ်သို့ လက်တင်ရန် ကြိုးစားရာ၌ ၎င်း၏အရပ်မှာ သူ့ထက်ခေါင်းတစ်လုံးနီးပါးမျှ ပိုမြင့်နေသည့်အတွက် ခြေဖျားထောက်ပြီးမှ လက်တင်ရလေ၏ ။

“အေးကွာ ။ အခြေအနေကတော့ မင်းမြင်တဲ့အတိုင်းပဲ ။ မင်းဒီကိုရောက်တာ လွန်ခဲ့တဲ့ တစ်နှစ်က ။ မြို့ပေါ်တက်ရမယ်ဆိုတိုင်း အကြောင်းအမျိုးမျိုး ပြနေတယ် ။ ငါလည်း အရင်က ဒါတွေကို ဂရုမစိုက်ပေမဲ့ အခုတော့ မရတော့ဘူး ။ ဒီလူနာတွေ အားလုံးစာ ဝယ်ရမှာ ကျန်တဲ့သူတွေကိုလည်း ငါစိတ်မချဘူး ။ ဘယ်လိုလဲ … မင်းသွားပေးမလား ။ အမိန့်ပေးတာမဟုတ်ဘူး … တောင်းဆိုတာပါကွာ”

သည်စကားကြောင့် ၎င်း၏မျက်ခုံးများ တွန့်သွား၏ ။ မျက်နှာပျက်ခြင်း ၊ ယွင်းခြင်း အလျင်းမရှိသည့်တိုင် ချင်း၏အညိုရောင်နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေးတိုတိုကြားက နှုတ်ခမ်းနှစ်လွှာမှာ တင်းတင်းစေ့လျက်ရှိပြီး သူကိုင်ထားသော သင်း၏ညာပခုံးမှာလည်း မာကျစ်လာသယောင် ။ သို့သော် စက္ကန့်ပိုင်းမျှကြာသရော် ယင်း၏ မျက်နှာ၌ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ဖြတ်ပြေးသွားလေသည် ။

“ကျုပ်ကျေးဇူးရှင်တွေ လိုအပ်နေတာပဲ။ လုပ်ပေးရမှာပေါ့ ။ ပြီးတော့ ခင်ဗျားအထင်မှားတာ နေမှာပါ ။ ကျုပ်က မြို့သွားရမှာကို မရှောင်ဖူးပါဘူး … ဒါနှင့်စကားမစပ် … ရွာရဲ့စုငွေ အားလုံးကုန်ပြီမလား”

ဒုတိယအကြိမ် သက်ပြင်းချမိ၏ ။

“ကျန်သလောက်အကုန်ယူကွာ … ပြီးရင် ရွာမှာစုထားတဲ့ ဆော်လ်နမ်ဥတွေပါ အကုန်ရောင်းထုတ်ပစ်တော့ …”

ပြောနေလျက်ပင် စကားရပ်သွားသည် ။ ရွာ၏ဘုံစုငွေတစ်ခုလုံး ဆေးဖိုးကြောင့် ပြောင်သွားပြီဖြစ်သကဲ့သို့ ဆော်လ်နမ်ဥများမှာလည်း လွန်ခဲ့သောတစ်လကတည်းက ကုန်သည်က ဝင်သိမ်းသွားပြီ ဖြစ်သည့်အားလျော်စွာ ၊ ယခုအခါ ဂိုဒေါင်၌ အနာအဆာနှင့် အပယ်များသာကျန်ပေရော့မည် ။ ဒုက္ခဟူကား ဤကဲ့သို့ပင် အတွဲလိုက်လာတတ်လေသည် ။

ထိုအခါ လီယိုနာ့ဒ်က ခေါင်းတစ်ချက်ညိတ်၍ လှည့်ထွက်သွားသောကြောင့် ဆေးဆရာကြီးမှာ ၎င်း၏ကျောပြင်ကို ငေးနေမိစဉ် ၊ ဒါမီယာချုံပင်များ၏နောက်က ဆူညံနေသောစကားများမှာ ပိုမိုကျယ်လောင်လာလေရာ အမျိုးသမီးတချို့၏ တွတ်ထိုးသံများမှာ သူ၏နားစည်ကို ပီပီသသကြီး ရိုက်ခတ်လာတော့သည် ။

“ဒုက္ခပါပဲ ။ ဒီရောဂါကလည်း အတောမသတ်အောင်ကိုး ကူးတော့တာပါလား … စိတ်မကောင်းပေမဲ့ ဝင်တော့ မပြုစုနိုင်ဘူးတော့် ။ ကျုပ်ရောဂါကူးရင် ဒီက ဆော်လ်နမ် ( Solnum ) တွေကိုဘယ်သူ စိုက်မှာလဲ”

“ငါကတော့ ကူးစက်ရောဂါလို့ မထင်ပါဘူး ။ အဲသည်သူတွေ နတ်ဘုရားတွေကို စိတ်ဆိုးအောင်လုပ်မိလို့ ကျိန်စာတိုက်ခံရတာပဲနေမှာ”

“ငါလည်းအတူတူပဲအေ့ ။ အဲဒါအစား ရောဂါခပ်သိမ်း ငြိမ်းစေတဲ့ ရွှေမိုးတွေသာ ရွာချလိုက်စမ်းပါအေ ။ အန္တလိက္ခ နတ်ဘုရားမ လူနာလက်(စ်)ကာ ( Lunalasca : The Goddess of Sky ) ကျေးဇူးပြု၍ ကျွန်တော်မျိုးမတို့ကို စောင့်မပေးတော်မူပါ”

“အဲဒါကိုပြောတာ … ဒီဆေးဆရာ အဘိုးကြီးက အဓိပ္ပာယ်မရှိဘူး ။ သူဆေးဖိုးသုံးပစ်တာ ငါတို့ခြောက်လနီးပါး ကျောလောင်အောင် စိုက်ခဲ့ရတဲ့စုငွေ အကုန်ကုန်ပြီ ။ ကျိန်စာတိုက်ခံရတဲ့သူတွေကို ကုတော့ကော ဘာထူးမှာလဲ ။ အဲဒါအစား ကောင်းကင်နတ်ဘုရားမကို ဆုတောင်းတဲ့ပွဲ လုပ်သင့်တယ် ။ အရမ်းလွန်လာရင် ဒီလူကြီးကိုသွားပြောကြမယ်ကွာ”

ယင်းစကားတို့ကြောင့် ဆေးဆရာကြီးလည်း အံကိုကြိတ်လျက် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်မိလေသည် ။ လူနာကား အယောက်ခြောက်ဆယ်ကျော် ။ အများစုမှာ သေခါနီး အဘိုးအို ၊ အဘွားအိုများနှင့် ကလေးများ ။

ရွာ၌ အားကောင်းမောင်းသန် အယောက်နှစ်ရာကျော်ရှိသဖြင့် သူနာပြုမည်ဆိုပါက ဤလူအင်အားအရ နိုင်နင်းသော်လည်း ကူးစက်ရောဂါ ၊ နတ်ဘုရားမကျိန်စာဟူသော အကြောင်းပြချက်များဖြင့် ခေါင်းရှောင်နေသောသူများကို မည်ကဲ့သို့အကူအညီ တောင်းရပါဦးမည်နည်း ။

မည်သို့ပင်ဆိုစေကာမူ ဇရပ်အတွင်းသို့ သူပြန်ဝင်သွားရပါဦးမည် ။ သို့သော်လည်း သည်ဇရပ်ကား လူနာများပြည့်နေသည့် ဆေးခန်းနှင့်မတူတော့ ။ အသုံးမဝင်တော့သည့် ပစ္စည်းဟောင်းများ စွန့်ပစ်ရာ သင်္ချိုင်းကြီးနှင့်သာ ပိုတူလာလေတော့သတည်း ။ ။

************

လီယိုနာ့ဒ်၏ရှေ့တည့်တည့်၌ ဂိုဒေါင်ကြီးတစ်ခု ။ ယင်းကြီး၏နံရံများကို ကျောက်သားများဖြင့် အခြေတည်ထားပါလျက်နှင့် ၊ အမိုးကိုမူ လျော့ရိနေသော သစ်သားပြားဟောင်းများဖြင့်သာ ပြီးစလွယ်ကာရံသောကြောင့် ဤသည်ကိုကြည့်ရသည်ကား မျက်စိကလော်ချင်ဖွယ် ။

သို့ပေသော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးကို စိမ်းစိုနေသော မြက်ခင်းများဖြင့် တန်ဆာဆင်ထားပြီး ၊ အနှီမြက်စိမ်းစိမ်းပေါ်၌ ရွက်ကြွေဖြူဖြူများ လှဲလျောင်းနေကြပုံမှာလည်း အကြည်ဓာတ်ပါကာ ဆွဲငင်လှသောကြောင့် သူ၏ကြုတ်နေသော မျက်မှောင်များ ပြန်လျော့သွားရသကဲ့သို့ ၊ ဘေးပတ်ပတ်လည်က မိုယာပင်ကြီးများကြားမှ ဖောက်ထွက်လာသော နေခြည်ဇာလတန်းလေးများက သူ့မျက်နှာပေါ်သို့ မျှင်မျှင်လေးကျဆင်းနေပုံမှာလည်း တက်သစ်စမနက်ခင်း၏ ပြယုဂ်ကို ဥဿုံလှစ်ဟပြနေရကား ၊ ဤသည်တို့ကို ယှဉ်တွဲရှုစားလျက် ဆတ်နေသောစိတ်တို့ပင် ပြန်လည်ပျော့ပြောင်းလာရလေသည် ။

အနှီရွာကလေး၌ သူသောင်တင်နေသည်မှာ တစ်နှစ်ကျော်ပြီ ။ အာဇာဂါနာမြို့တော်နှင့် အနီးဆုံးနေရာ၌ တည်ရှိနေသော မိုယာဝုထ်မှာ နာမည်နှင့်လိုက်အောင် သစ်ရိပ်ဝါးရိပ်တို့ဖြင့် မြိုင်ဆိုင်လှ ၊ သာယာလှ ၊ အေးမြလှ၍ သက်သောင့်သက်သာ ရှိလှသော်လည်း မြို့နှင့်နီးနေသောကြောင့် လယ်ကွက်များနှင့် ပိုဝေးနေပြီး ၊ စိုက်ခင်းသို့ရောက်ရန် ခြေတိုအောင်သွားရသည် ။ ပိုပင်ပန်းသည် ။ လယ်တောထဲ ဆော်လ်နမ်ဥများ စိုက်ပျိုးရသည်ကလည်း မသက်သာလှ ။ ပိုပင်ပန်းသည့်အခါ ပိုသာယာသော ရွာလေး၌ ပို၍ပင် အပန်းဖြေကြကုန်လျက် ဤကဲ့သို့သာ သံသရာလည်နေတော့သည် ။ သို့သော်လည်း သူပျော်ပါသည် ။

ကြုံရာကျပန်း သူရင်းငှါးလုပ်နေရ လင့်ကစား ရွာသူ ၊ ရွာသားများ၏ ဖော်ရွေမှုကြောင့် ဤတစ်နှစ်မှာ သူ့ဘဝ၏ စိတ်အချမ်းသာရဆုံး ကာလဟုဆိုလျှင်ပင် မှားမည်မဟုတ် ။ သို့သော် ယခုတွင်ကား သာယာအေးစိမ့်နေသော ရွာလေးဝယ် အလောင်းများပုံနေပြီး မိုယာရွက်ကြွေဖြူများခသော လမ်းဖြူဖြူတို့ပေါ်တွင် သွေးစိမ်းများစွန်းနေပြီဖြစ်သကဲ့သို့ ၊ တစ်နှစ်ပတ်လုံး ပိတ်ထားရသည့် ဆေးပေးဇရပ်ကြီးမှာလည်း လူတိုးမပေါက်တော့ ။

ကျေးဇူးရှိခဲ့သော ရွာလေးအား နိုင်သောအားဖြင့် ဝင်ကူရဦးတ္တံ့ဟုထောက်ရှုလျက်ပင် သူသည် ရှေ့တည့်တည့်က သစ်သားတံခါးကို လက်ခုံပေါ်က အကြောကြီးများ ထောင်ထလာသည်အထိ တွန်းလေသရော် ၊ တကျွီကျွီမြည်သံနှင့်အတူ တံခါးကြီးမှာ တဖြည်းဖြည်းနှင့် ပွင့်ဟသွားရာ၌ ၊ အတွင်းက အစိမ်းနံ့နှင့် သစ်သီးရေစိုသောအခါ ထွက်သောအောက်နံ့ရောသည့် အနံ့များက သူ့မျက်နှာကို လာရိုက်သည့်သာမက ၊ တံခါးပေါ်က ဖုန်မှုန့်များကပါ သူ၏အဖြူရောင် လက်ရှည်အင်္ကျီပေါ်သို့ ပြိုဆင်းလာပြီး ၊ ထိုမှတစ်ဆင့် ရင်ဘတ်တွင်းသို့ပါ လှိမ့်ဝင်သွားသဖြင့် တစ်ကိုယ်လုံး ယားတားတား ဖြစ်လာလေ၏ ။ နှာဝတစ်ဝိုက်လုံးလည်း မွှန်ထလာ၏ ။ ကိုယ်ပေါ်၌ လွယ်ထားသော အညိုရောင်စလွယ်ကိုပင် ဆွဲချွတ်ပစ်ချင်စိတ်တို့ ထိုးထွင်းလာလေပြီ ။

ဂိုဒေါင်းအတွင်း၌ကား အထပ်ထပ်ဆင့်ထားသော အဖြူနှစ်ရောင်ဥ လေးများ ။ အကြင်ဥလေးများ၏ ထိပ်တွင်လည်း တစ်တောင်နီးပါးရှည်သည့် ခရမ်းရောင် သစ်ရွက်ရှည်ကြီး နှစ်ချောင်းမှာ သူ့မျက်လုံးကို လာထိုးတော့မည့်အလား ။ ဤသည်ကို ဆော်လ်နမ် ( Solnum ) ပင်ဟုခေါ်၏ ။

ရိုဒီးနီးယား ( Rodinia ) က လူများအားလုံး၏ အဓိက စားဖွယ်ဖြစ်ပြီး ၊ ယခုအခါ ထိုဥများကို အာဇာဂါနာ ( Azagana ) မြို့တွင်ရောင်းချ၍ ရသောပိုက်ဆံဖြင့် ဒါမီယာသီးများ ဝယ်ယူလာရန်ဖြစ်လေရာ ၊ သူလည်း အကြင်ဆော်လ်နမ်ဥများကို ဂိုဒေါင်အတွင်းမှ တစ်ဥချင်းဆွဲယူ၍ သစ်သားလှည်းကြီးပေါ်သို့ တင်နေလေသည် ။

ဥအကောင်းများအားလုံး ရောင်းထွက်သွားသောကြောင့် ယခုကျန်ရှိနေသည်မှာ ရေစိုဥများသာဖြစ်ပြီး ၊ ၎င်းတို့ကို လူသားများက မကြိုက်နိုင်တော့စေကာမူ ရေပျော်များဖြစ်ကြသော လူတစ်ပိုင်းငါးတစ်ပိုင်း အာပေါဿ လူမျိုးများထံ ရောင်းချပါက စျေးနှိမ်ခံရခြင်းမှ ကင်းနိုင်ပါသေးသည် ။

လက်တစ်ဖက်သာ ရှိသဖြင့် အလုပ်မတွင်လှ ။ ထို့မျှမက ဆော်လ်နမ်မှာ အခြေခံစားသောက်ကုန်သာ ဖြစ်သည့်အလျောက် စျေးကောင်းမရနိုင်ဘဲ ၊ ဆေးဝါးဖြစ်သော ဒါမီယာသီးများကို ရနိုင်သမျှများများဝယ်ရန် ဂိုဒေါင်တစ်ခုလုံးက ဥများကို ယူနေရသဖြင့် အလုပ်နှင့်လက်မပြတ် ဖြစ်နေခိုက်

“ဟေ့ … လီယို”

ဟူသည့် အသံစူးစူးလေးမှာ သူ့နောက်က ထွက်ပေါ်လာပြီးနောက် ၊ တစ်ချိန်တည်းမှာပင် ဘောင်းဘီ၏ ဒူးဆစ်ပိုင်းမှာလည်း တင်းခနဲဖြစ်သွားသဖြင့် နောက်သို့ လှည့်ကြည့်လတ်သရော် ၊ သူ့အောက်တွင် အရပ်လေးပေမျှသာ ရှိသေးသော ကလေးတစ်ယောက်၏ ပုံရိပ်က လှစ်ခနဲဟလာ၏ ။ ရွှေရောင်ဆံပင်ပျော့ပျော့လေးနှင့် မျက်လုံးနက်နက်လေးကို ပိုင်ဆိုင်ထားပြီး အနီရောင်လက်ရှည် ၊ ဘောင်းဘီရှည်နှင့် အနက်ရောင်စလွယ်လေးကို ဝတ်ဆင်ထားသည့် ၎င်းလေးမှာ ၊ သူနှင့်မျက်နှာချင်းဆိုင်မိသော် ပြုံးရွှင်နေသောကြောင့် သူလည်း ပြန်ပြုံးပြလိုက်ပါသည် ။

“မင်း သွားမကစားဘူးလား”

“ဟာ … လီယို ခင်ဗျားက ကျုပ်ကို ကလေးမှတ်နေတာလား ။ ဒီမှာ ဒီလောက်ဆိုးရွား ၊ ကပ်ကျနေတာကို ဆော့ရဦးမှာတဲ့လား”

ဟုဆိုပြီးနောက် သူ့လက်မှာကိုင်ထားသော ဆော်လ်နမ်သီးများကို ဖျတ်ခနဲ လုယူ၍ လှည်းပေါ်သို့ ပစ်တင်ပေးလေ၏ ။

သင်းလေး၏အမည်မှာ အဲလရော့ ( Elliot ) ။ မိုယာဝုထ်၌ သူနှင့်အရင်းနှီးဆုံးကောင်လေးဖြစ်ပြီး ယခုအခါတွင်လည်း လာရောက်ကူညီပေးနေပြီဖြစ်သောကြောင့် ၊ သူလည်း ဂိုဒေါင်အတွင်းမှာနေ၍ ထပ်ထားသောဥများကို အရွက်ကဆွဲကိုင်ကာ ယင်းလေးဆီသို့ ပစ်ပေးသည်တွင် ၊ အကြင်ကလေးကလည်း အဆင်သင့်ဖမ်းယူပြီးနောက် လှည်းပေါ်တင်ပေးနေရကား အလုပ်မှာ နှစ်ဆခန့်ပိုတွင်လေ၏ ။

မကြာမီမှာပင် ဆော်လ်နမ်ဥများအားလုံး လှည်းပေါ်သို့ ရောက်ရှိသွားပြီး အလုပ်ပြီးသည်နှင့် အနှီကလေးမှာ ထိုလှည်းပေါ်သို့ ခုန်တက်လေရာ ၊ သူလည်း ဟက်ခနဲရယ်မိလေပြီ ။

“မင်းက ဘာလုပ်တာလဲ”

“ရူးချင်ယောင်ဆောင်မနေနှင့် လီယို ။ ခင်ဗျား မြို့ပေါ်တက်မှာ သိပြီးသား ။ အတူတူသွားမယ်လေဗျာ ။ မြို့မှာ စလွယ်အဆင်သစ်လေးတွေ ပေါ်နေလောက်ပြီ ။ ပြီးတော့ ဒီက သီချင်းတွေလည်း အောက်နေပြီ … မေယုတံတျာတေးတွေကလည်း လွန်ခဲ့တဲ့ တစ်နှစ်ကဟာတွေ ။ ကျုပ်တို့ ခေတ်နောက်ကျနေပြီ ။ ဝင်ဝယ်ရအောင်ဗျာ ။ လမ်းကြုံပါတယ်ဗျ”

“ဆင်းလိုက်တော့ ငါ့ကောင်”

“လီးဆင်း … လီးကြီးဆင်း ။ ကျုပ်အမေရဲ့ ခွင့်ပြုချက်ရပြီးသားဗျ ။ ခင်ဗျားနှင့်ဆို အမေက စိတ်ချလို့လွှတ်တာ ။ ပြီးတော့ ဘိုးတော် … ဘိုးတော်ကလည်း …”

မျက်နှာလေးတစ်ခုလုံး ရှုံ့မဲ့လျက်ဆိုသည့်စကားမှာ တစ်ဝက်တစ်ပျက်နှင့်ပင် အဆုံးသတ်သွားသည် ။ ၎င်းလေးမှာ ရွာသူကြီး၏ အငယ်ဆုံးသားလေးဖြစ်ပြီး ယခုအခါ သင်း၏အဖေမှာ ဆေးဆရာနှင့် အကြီးအကျယ် ရန်ဖြစ်ထားရုံမျှမက ၊ တစ်ရွာလုံးကို လှည့်လည်လျက် ရွာသူရွာသားများအား ကြိမ်းမောင်းနေသောကြောင့် ချင်းကလေးမှာ ရွာကပ်ချင်ဟန် မတူလေရာ ၊ ဆက်တားနေပါကလည်း ဆက်သာရစ်ခံရတော့မည်ကို ထောက်ရှုမိသည့်အလျောက် လီယိုနာ့ဒ်မှာ “ဆော်လ်နမ်ဥများ မြန်မြန်ရောင်း၍ ထိုကလေးဝယ်လိုသည်များကိုသာ မြန်မြန်ဝယ်ပေးရလတ္တံ့” ဟုသာ ဆင်ခြင်လေလျက် လှည်းရှေ့က သတ္တဝါကြီးဆီသို့သွား၍ အဆိုပါအကောင်ကြီးကို အကဲခတ်လိုက်လေသည် ။

၎င်းကြီး၏တစ်ကိုယ်လုံးကို အနီရောင်အမွေးရှည်ကြီးတို့ဖြင့် ဖုံးလွှမ်းထား၍ ၊ ယင်းအမွေးနီနီကြီးများအောက်၌ တစ်လုံးတည်းသော မျက်လုံးပြာပြာကြီးက ထင်းထနေ၏ ။ ဦးထိပ်၌ ချိုကြီးသုံးချောင်းမှာ ကော့ပြီး အပေါ်သို့ ထောင်တက်နေ၏ ။ သူ့ထက် တစ်ဆကျော်ကျော်ကြီးပြီး လေးဖက်ထောက်သတ္တဝါကြီးဖြစ်ကာ အမြီးရှည်ကြီးမှာလည်း မြက်ခင်းပြင်ပေါ်ဝယ် ကြိုးတစ်ချောင်းနှယ် ခွေနေသောကြောင့် သူသည် ထိုအမြီးဖြင့် လှည်းကို ချည်ဆက်နေလေသည် ။ ယင်းကြီးကို ရူရိုင်း ( RuRai ) ဟုခေါ်သည် ။

ထိုသတ္တဝါကြီးများမှာ ရိုဒီးနီးယား၏ အဓိက ကုန်ထမ်းသမားကြီးများ ဖြစ်သည်သာမက ၎င်းတို့မှနို့လည်းရရှိနိုင်၍ ၊ ခိုင်းမရတော့ဘဲ အိုလာပါက အသားပါဖော်နိုင်သေးသည့်အားလျော်စွာ အိမ်တစ်အိမ်လျှင် ရူရိုင်းတစ်ကောင်တော့ ရှိစမြဲပင် ။

ချင်းကြီးမှာ ရွာလမ်းမပေါ်တွင် ကြွေကျနေသော မိုယာရွက်ဖြူများကို လျှာနီကြီးဖြင့် ကော်စားနေ၍ သူ့ကိုမြင်လျှင် ဝူးခနဲအော်လျက် ဂျိုကော့ကြီးသုံးချောင်းအနက် အလယ်ကချိုကြီးဖြင့် သူ၏ရင်ဘတ်ကို လာပွတ်ပေးနေသဖြင့် သူကလည်း ပြုံးလျက် ၊ ခေါင်းတဆတ်ဆတ် ညိတ်လျက် အနှီရူရိုင်းကြီး၏ လည်ဆံမွေးများကို ပြန်လည် ဆုပ်ကိုင်လိုက်ရာ၌ ၊ ထစ်တစ်တစ် ခံစားချက်နှင့်အတူ စပ်ဖျဉ်းဖျဉ်း အထိအတွေ့ကပါ လက်ဖဝါးတစ်လျှောက် စူးဝင်လာသဖြင့် လက်ချောင်းများပြဲထွက်သွားမည့်အလား ထင်မှတ်မှားရလင့်ကစား ၊ လွှတ်ခြင်း လျှော့ခြင်း အလျင်းမရှိဘဲ ယင်းအမွေးများကိုသာ သပ်ချပေးနေလေပြီး ၊ အသားမာ အထပ်ထပ်တက်နေသော သူ့လက်အတွက်မှာမူ အကြင်ကြမ်းရှရှအမွေးများ၏ ဖောဌဗ္ဗရုံသည်ကား ပိုးမျှင်လေးနှင့် ပွတ်ဆွဲနေသည့်အလား ။ သာယာလှပေစွ ။ ငြိမ့်ညောင်းပါပေစ ။

အားလုံးပြီးစီးသော် နဖူးမှပါးသိုင်းမွေးများအတွင်းသို့ စီးကျနေသောချွေးစက်များကို လက်ခုံနှင့်သုတ်လိုက်ပြီးနောက် လှည်းပေါ်သို့တက်လိုက်လေ၏ ။ အရာရာအားလုံး အဆင်သင့်ဖြစ်လေပြီ ။ ဤသို့ဖြင့် သူနှင့် အဲလရော့တို့သည် မိုယာဝုထ်မှ ထွက်ခွါလာကြလေသည် ။ ။

*************

ရွာမှထွက်လာသည်နှင့် လီယိုနာဒ့်တို့ကို စောင့်ကြိုနေသည်မှာကား လှည်းငါးစင်းနီးပါး ယှဉ်သွားနိုင်လောက်သည့် မြေသားလမ်းမကျယ်ကြီး ။ ထို့ပြင် လမ်း၏ဘယ်နှင့်ညာ ဘေးနှစ်ဖက်၌ မိုယာပင်ကြီးများ အထပ်ထပ်ပေါက်ရောက် နေသည့်အတွက် နေရောင်မှာလည်း တစ်ပြောက်မျှ မထိုးနိုင်သည်တွင် ၊ အေးစိမ့်နေသော ပတ်ဝန်းကျင်ကြောင့်သူ့ကိုယ်ကချွေးများလည်း တိတ်သွား၍ လက်ဖျံပေါ်က အမွေးများမှာလည်း ကျုံ့ဝင်သွားလေသည် ။

ရွာ၌ကမ္ဘာပျက်နေသောကြောင့် မြို့ဆီ အမြန်ရောက်လိုသော်လည်း ၊ ဂိုဒေါင်တစ်ခုလုံးက ဆော်လ်နမ်ဥများပြင် လူနှစ်ယောက်ကိုပါ ထမ်းတင်ထားရသော ရူရိုင်းကြီးမှာ ဤမျှသာသွားနိုင်ရကား သူတို့လည်း ဤကဲ့သို့သာ လိုက်လာကြစဉ် ၊ အဲလရော့မှာ လက်တစ်ဝါးစာမျှရှိသော သုံးမြှောင့်သဏ္ဌာန်ကိရိယာလေးကို ထုတ်ယူလိုက်သည့်အခါ ၊ ထိုယန္တရားလေးမှာ သူ့ပခုံးအနားသို့ ပျံသန်းလာပြီးနောက် တခဏမျှကြာသော် ၊ မိန်းမပျိုတစ်ယောက်၏ နွဲ့နွဲ့နောင်းနောင်း ဆိုငင်နေသော သီချင်းသံလေးတစ်ခုမှာ သူ၏စိတ်အစဉ်အတွင်းသို့ ညင်ညင်သာသာ သာတိုးဝှေ့လာလေသည် ။

ထိုတေးသံမှာ သုံးမြှောင့်တုံးလေးထံမှ ထွက်ပေါ်လာခြင်းဖြစ်ပေသော်ငြား ၊ ယင်းသီချင်းသံမှာ သူတို့အချင်းချင်း စကားပြောရာမှလာသော အသံလှိုင်းသကဲ့သို့ နားစည်ကို လာရောက်ရိုက်ခတ်နေခြင်း မဟုတ်ဘဲ ၊ သူ့ဦးနှောက်တွင်း တစ်နေရာက ပီပီသသကြားယောင်လာခြင်းသာဖြစ်သည့်အတွက် ၊ အနှီယန္တရားနှင့် သီချင်းနားထောင်ပါက သီချင်းသံကို ကြားလိုသူသာကြားရသဖြင့် ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်မပေးနိုင်ချေ ။

ဤသည်ကား နတ်ဘုရားမ မေဟန်ဟီရစု ( Mayhan - Herasu , The Goddess of Eternal Dawn ) ၏ လူသားများအပေါ် ပေးသနားထားသော တန်ခိုးတော်ဖြစ်ပြီး ၊ ၎င်းယန္တရားလေးဖြင့် အနုပညာရှင်များ အသံသွင်းထားသော တေးသီချင်းအမျိုးမျိုးကို နှလုံးသားဖြင့် တိုက်ရိုက်ခံစားနိုင်လေသည် ။ ဤယန္တရားပျံလေးကိုမူ မီယော့ ( MeRoau ) ဟုခေါ်၏ ။

တေးသံရှင် မိန်းမပျို၏အသံမှာ ချိုအေးလှသည် ။ ယခုသူတို့ နေထိုင်သော ရှရတိုင်းပြည် ( Shara State ) ၏ အလှအပများကို ဖွဲ့ဆိုထားသည့်တေးဖြစ်ပြီး အဆွဲအငင်ပိုင်သည် ။ အသံ အဖြတ်အတောက် သေသပ်သည် ။ တေးသံကို နှိမ့်သင့်သည့်အခါ ချိုးနှိမ့်၍ မြှင့်သင့်သည့်အခါ ဆွဲမြှင့်သည့်အားလျော်စွာ အနှီတေးကိုနားဆင်ရသည်မှာ သူ(မ)ဦးဆောင်သော လှိုင်းတစ်ခုကို စီးနေရသဖွယ် ။ သူ(မ)တေးသံကို နားထောင်နေလျက် မိုယာဝုထ်က အနိဋ္ဌာရုံများကိုပင် တဒင်္ဂမျှ မေ့ချင်ချင်ဖြစ်သွား၏ ။ သီချင်းပြီးဆုံးသွားသည့်အခါ အဲလရော့မှာ သူ့ဘက်လှည့်၍

“အားပါး … လေဒီ လီလီယာနာ ( Lady Liliana ) ရဲ့ အဆိုပညာကတော့ဗျာ … ရိုဒီးနီးယား ( Rodinia ) တစ်ကမ္ဘာလုံးရဲ့ ထိပ်တန်းပြည့်တန်ဆာ ( High Courtesan ) လို့မပြောရဘူး ။ ဒါမနှစ်ကသီချင်းဗျ … ဒီနှစ်အသစ်ထွက်တာ ဆိုဘယ်လောက်များ ကောင်းမလဲစဉ်းစားကြည့်”

စကားကြီးစကားကျယ်ပြောနေသော ယင်းလေးကိုကြည့်လျက် သူရယ်ချင်လာသည် ။

“မင်းက ပြည့်တန်ဆာ ( Courtesan ) ကိုတောင်သိနေပြီပေါ့”

“အောင်မာ … ကျုပ်ကိုဘာလို့ ကလေးလိုပဲ ဆက်ဆံနေရတာလဲ ။ ကျုပ်တို့မြို့တော်ရောက်ရင် လေဒီ လီလီယာနာကို သွားကြည့်လို့ရတယ်မလား”

“မရဘူး”

တိုတိုတုတ်တုတ်စကားကြောင့် ယင်းလေးမှာ သူ့ကို မျက်စောင်းကြီးခဲနေလေပြီ ။ လေဒီ လီလီယာနာ၏ အဆိုကား နိုင်နင်းပါသည် ။ သို့သော် သူသဘောကျသော အနုပညာရှင်မှာကား တခြားတစ်ယောက်ဖြစ်သည် ။

ယင်းသို့ဖြင့် တစ်နာရီဝန်းကျင်မျှ ကြာသောအခါ၌ လမ်းဘေးက မိုယာပင်များလည်း စတင်ကျဲပါးလာသည့်အလျောက် နေရောင်မှာလည်း သူ့မျက်နှာပေါ်ပြန်လည် ကျရောက်လာသည်နှင့်အတူ ၊ ဘေးဘီနှင့် ကောင်းကင်က မြင်ကွင်းများကိုလည်း ရှင်းရှင်းလင်းလင်းပြန်မြင်လာရလေ၏ ။

“ဟေ့လူ … လီယို ကြည့်စမ်းပါဦး ။ လှည်းလည်းရပ်ဦးဗျ”

ဟု အဲလရော့က ဘေးကလှမ်းဆိုသဖြင့် ၎င်းလေးလက်ညှိုးညွှန်ပြသည့် နေရာကို လှည့်ကြည့်လိုက်သည့်အခါ ၊ ခပ်လှမ်းလှမ်းနေရာ၌ မိုးထိအောင်မြင့်မားလှ​သော ဧရာမ သစ်ပင်ကြီးတစ်ပင်မှာ ထီးထီးကြီးရပ်နေလေ၏ ။

၎င်းကြီး၏ ပင်စည်လုံးပတ်မှာ သူတို့ရွာပေါင်း နှစ်ဆယ် ( ၂၀ ) နီးပါး၏ အကျယ်ကိုစုပေါင်းလျှင်ပင် ကမည်မထင်သည့်ပြင် ၊ အနှီသစ်ပင်ကြီးမှာ မြင့်ထည်လွန်းလှသောကြောင့် ၊ ယင်းကြီး၏ မှောင်မိုက်နေသော ပင်စည်ကြီးမှာ ကောင်းကင်ယံက တိမ်ထုကြီးအတွင်းသို့ပါ ဖောက်ဝင်နေလေရာ ၊ ဤသည်ကို ကြည့်ရသည်မှာ မဟာပထဝီမြေကြီးနှင့် ဝေဟင်ကို တိုက်ရိုက်ဆက်သွယ်ပေးထားသည့် တိုင်လုံးနက်ကြီး တစ်ခုပေအလား ။ အရွက် ၊ အခက်များ တစ်ခုမျှမမြင်ရ ။ အရာရာအားလုံး တိမ်ထုအထက်၌ ဖြစ်သည် ။

အဲလရော့မှာ အကြင်သစ်ပင်ကြီးကို မြင်လျှင် ၊ လှည်းပေါ်မှ စွေ့ခနဲခုန်ချ၍ လမ်းမကြီး၏အစွန်းသို့ သွားပြီးနောက် လေးဖက်ထောက် ဝပ်တွားလျက် ကန်တော့နေသည့်အတွက် သူလည်း ထိုကလေးဆီသို့ လိုက်လာလေ၏ ။ အနားရောက်သရော် ချင်းလေးသည် ခေါင်းကိုပြန်ထောင်၍ သူ့ကိုလှည့်ကြည့်လေ၏ ။

“ဒါ … ဒါ မဟာသစ်ပင် ဂီဟာဒြန်းဆဲလ် ( Gaiadransil ) မလား ။ ရုက္ခပါလ နတ်ဘုရားမ နီရင် ( Nirin , The Goddess of Verdancy ) ကိုယ်တော်တိုင် စိုက်ပျိုးခဲ့တဲ့အပင်ကြီး ။ ဟေ့လူ … လာလေဗျာ ။ လာကန်တော့လေ”

လီယိုနာ့ဒ်၏ မျက်နှာတစ်ချက်မဲ့သွားသည် ။ ဤမဟာသစ်ပင်ကြီးမှာ နတ်ပြည်နှင့်လူ့ပြည်ကို တိုက်ရိုက်သွယ်တန်းပေးထားပြီး နတ်ဘုရားများ၏ သတင်းစကားများနှင့် စောင့်မမှုတို့ကို ၎င်းကြီးမှတစ်ဆင့် လူ့ပြည်သို့ ပို့ဆောင်သည်ဟု ဆိုကြသည့်အလျောက် ၊ ရှရတိုင်းပြည်က လူသားများကလည်း ဂီဟာဒြန်းဆဲလ်ကိုမြင်လေတိုင်း ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို ယူဆောင်လာသောကျေးဇူးရှင် ဟုမှတ်ယူကုန်လျက် ဝပ်တွား ကန်တော့ကြသော်လည်း ၊ သူသည်ကား ယင်းကြီးကိုကြည့်နေလျက်ပင် ဒူးနှစ်ဖက်ကို တောင့်သည်အထိ တင်းထားမိလေကြိုက် ၊ အဲလရော့က ထလာ၍ မျက်မှောင်ကြုတ်ကာ

“ခင်ဗျားက ဘာဖြစ်တာလဲ ။ မကန်တော့ဘူးလား”

ဟုဆိုသောအခါမှ သူ့ခန္ဓာကိုယ်မှာ ဆတ်ခနဲတုန်သွားပြီးနောက် အသိပြန်ဝင်လာ၍ ၎င်းလေး၏ ရွှေရောင်ဆံပင်များကို ပွတ်သပ်ပေးလိုက်လေ၏ ။

“စိတ်ထဲက ကန်တော့လိုက်ပြီကွာ ။ သွားစို့”

“ဘာလို့ ခေါင်းလာကိုင်တာလဲဗျ ။ ကျုပ်ကို ကလေးမှတ်နေလား”

“မဟုတ်ပါဘူးကွာ ။ လာ … နောက်ကျလိမ့်မယ်”

ဤသို့ဖြင့်သူတို့ ခရီးဆက်နှင်လာသည်တွင် ၊ နောက်တစ်နာရီမျှ အကြာ၌ ရှေ့တည့်တည့်ဝယ် ကုန်မြေပြင်ကြီးတစ်ခု ပေါ်လာ၍ ယင်းအပေါ်ဝယ် အာဇာဂါနာ မြို့ကြီးကိုပါ ခပ်ရေးရေးမျှ လှမ်းမြင်နေရပြီး ၊ မဟာသစ်ပင်ကြီး ဂီဟာဒြန်းဆဲလ်၏ သစ်ရိပ်ကြီးမှာလည်း မြို့ကြီးတစ်မြို့လုံးကို ဖုံးလွှမ်းကာ အုံ့ဆိုင်းနေလေသည် ။

အာဇာဂါနာမြို့တော်သည် ရှရတိုင်းပြည်ကြီး၏ မြို့တော်ဖြစ်ရုံမျှမက ရာဗလွန်အင်ပါယာ ( Ravalon Empire ) ကြီးတစ်ခုလုံး၏ စီးပွါးရေးအချက်အချာ ကုန်သွယ်ရေးမြို့တော်ကြီးလည်းဖြစ်၍ ၊ တခြားမြို့များနှင့် မတူသောအချက်မှာ ဤမြို့တော်တွင်း၌ အခိုင်အမာ အထိုင်ချထားသော စစ်နတ်ဘုရား အက်(စ်)မန်းဒက်(စ်) ( Asmundus , The God of War ) ၏ နတ်နဂါးတပ်ခွဲကြီးတစ်ခု ရှိနေခြင်းဖြစ်ပြီး ၊ သူသည် ထိုတပ်က သူများနှင့် မျက်နှာချင်းမဆိုင်ချင်သည့်အလျောက် ၊ မိုယာဝုထ်မှ မြို့သို့တက်ရန် အကြောင်းဖြစ်လာခဲ့သည့်အခါတိုင်း နည်းမျိုးစုံဖြင့် ရှောင်လွှဲနေခဲ့ခြင်း ဖြစ်သည် ။ ယခုအခါ မတတ်သာတော့သည့်အဆုံး ထိပ်တိုက်တွေ့ရပြန်ပြီ ။

မဆီမဆိုင် ရူရိုင်းကြီး၏ကျောကုန်းက အမွေးနီများကိုလည်း ခပ်တင်းတင်း ကိုင်ဆွဲမိ၏ ။ ထို့နောက် နှုတ်ဖျားက လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်မိ၏ ။ ယင်းနောက် အဲလရော့မမြင်အောင် မျက်နှာကို တစ်ဖက်သို့လွှဲထားမိ၏ ။ ၎င်းနောက် တဒိန်းဒိန်းခုန်လာသော နှလုံးကြောင့် အသက်ကိုပုံမှန် ရှူသွင်းရှူထုတ်လုပ်ပြီးနောက် အရာရာအားလုံး အဆင်ပြေပြေပြီးသွားပါစေဟုသာ ဆုတောင်းလျက် အာဇာဂါနာမြို့သို့ ဆက်လက်ခရီးနှင်လာသည့်အခါ အချိန်အတန်ငယ်မျှ အကြာ၌ မြို့ဝင်ပေါက်ဝသို့ ရောက်ရှိလေတော့သည် ။ ။

***********

All Chapters