← Chapters

Journey to The Summit

Vol. 1 Ch. 22

Journey to The Summit

Vol. 1 Ch. 22

လီယိုနာ့ဒ် ၊ ဆိုရင်း(န်) နှင့် ဟက်(စ်)တန်တို့ကလွဲပြီး အနှီမြေအောက်ခန်းကြီးအတွင်း၌ အသက်ရှင်ကျန်သူ မရှိတော့။ ဆိုရင်း(န်)မှာ အပိုင်းပိုင်းပြတ်လျက် ကျဆုံးသွားသော စစ်သားများကို ဝှေ့ကြည့်ပြီးနောက် လက်နှစ်ဖက်ကို ကိုင်ဆုပ်ကာ

“သင်တို့အားလုံးရဲ့ ဝိညာဉ်တွေကို … ရမထာသိင်္ဂီ နတ်မိမယ် မေဟန်ဟီရစုက ကောင်းချီးပေးပါစေ”

ဟုဆုတောင်းနေ၏ ။ ဟက်(စ်)တန်ကမူ ပါးပေါ်က ခြောက်စပြုနေသောသွေးဖတ်များကို ခွါချနေလျက် မီးလောင်ထားသဖြင့် မည်းတူးနေသည့် လူးသို့(စ်)ကြီး၏ အလောင်းကို ခြေဦးဖြင့် ဆောင့်ကန်လိုက်ပြီးနောက် သူ့ဘက်လှည့်လာလေသည် ။

“ခင်ဗျား ခုနက ဘယ်လိုလုပ်လိုက်တာလဲ ။ ဒီမိစ္ဆာကြီး ခင်ဗျားဆီဝင်လာတုန်းက ကိုယ်ပွါးတွေ အများကြီးခွဲပြီး ဝင်လာတာဗျ ။ အဲကိုယ်ပွါးတွေ တစ်ကောင်ပြီးတစ်ကောင် ခင်ဗျားကို ဝင်ခုတ်နေတာ ။ အဲဒါကိုမှ ခင်ဗျားက ဒီအတိုင်းကြီး မလှုပ်ဘဲငြိမ်ခံနေပြီး အစစ်ဝင်လာတော့မှ တစ်ချက်တည်း ပိုင်းပစ်လိုက်တာ … ခင်ဗျားကိုကြည့်နေတာနှင့် ကျုပ်တောင်သေတော့မလို့”

“နင်အခုထိ လီယိုနာ့ဒ်ကြီးကို ရွာကသူရင်းငှါးလို့ ထင်နေတုန်းလား ။ သူက စစ်နတ်ဘုရားရဲ့ ညာလက်ရုံးဟောင်းလို့ ပြောထားတာကို”

ထိုအခါ ၎င်းလေးကမှော်ဦးထုပ်ကို ချွတ်လိုက်၍ နှုတ်ခမ်းမွေးစစအောက်က သွေးများပေကျံနေသည့် နှုတ်ခမ်းကို ကော့သွားအောင်ပြုံးလျက် ပခုံးပေါ်လက်တင်နှုတ်ဆက်လေသည် ။

“ခင်ဗျားကို အထင်လွဲခဲ့မိတဲ့အတွက် တောင်းပန်တယ် သူရဲကောင်းကြီး ။ ဒါ … ဒါပေမဲ့လည်း ကျုပ်မရှိရင် ခင်ဗျားမတိုက်နိုင်ပါဘူး … ခင်ဗျားရဲ့ဓားကို ကျုပ်ရဲ့တေဇောအစွမ်းနှင့် မွမ်းမံပေးလိုက်တုန်းက ခင်ဗျားတိုက်ပွဲမှာ ဘယ်လောက်ထိ တင့်တယ်ခဲ့သလဲ ဟုတ်တယ်ဟုတ် ။ အဲတော့ ကျုပ်တို့ဒီနေရာမှာ အပြန်အလှန်အသိအမှတ်ပြုကြရအောင် ။ ခင်ဗျားနှင့် ကျုပ်က အတွေ့နောက်ကျခဲ့ပေမဲ့ ရဲဘော်ဖြစ်ဖို့မွေးလာကြသူတွေဗျ ဟဲ ဟဲ”

ဟုဆိုပြီး၍ ခါးကိုအဆုံးထိ ကိုင်းညွတ်နှုတ်ဆက်ရာ၌ ၊ သူ့နားအတွင်းဝယ် “ရဲဘော်” ဟူသောစကားလုံးက ပဲ့တင်သံများအလား ပြန်လည်ကြားယောင်လာကာ ခါးကိုင်းနေသော ယင်းလေးကိုကြည့်လျက်ပင် လက်သီးနှစ်ဖက်လုံး ဆုပ်မိသွားလေ၏ ။

ရဲဘော် ။ သူ့ဘဝတွင် ရဲဘော်ပေါင်းများစွာ ရှိခဲ့ဖူးသည် ။ လမ်းမှာ စကားစမြည်ပြော၍ ခင်သော မိတ်ဆွေထက် အရက်ဝိုင်းမှာ အရက်အတူတူသောက်ရာမှ ခင်သောရောင်းရင်းကို ပိုတန်ဖိုးထားသကဲ့သို့ ၊ အရက်အတူတူသောက်သော ရောင်းရင်းထက် စစ်ပွဲတွင်း အတူတူတိုက်ကာ သေရေးရှင်ရေးကြားက ရရှိလာသော ရဲဘော် ၊ ရဲဘက်ကိုကား သူ့ဘဝ၌ အဖိုးမဖြတ်နိုင်ဟု ယူဆထားပြီး ၊ ထိုအဖိုးမဖြတ်နိုင်သူများအားလုံး တစ်ယောက်ပြီးတစ်ယောက် သူ့မျက်စိရှေ့မှောက်၌ ကျဆုံးသည်ကိုလည်း အကြိမ်ကြိမ်မြင်ခဲ့ရဖူးသည် ။ အခါခါတွေ့ခဲ့ရဖူးသည် ။

တစ်ခါကြုံရလေတိုင်း သူ့ခံစားချက်များက ပြာဖုံးနေသော မီးခဲကို လေပြင်းနှင့် ဝင်ဝှေ့သည့်ပမာ ပြန်လည်၍ ရဲရဲတောက်လာရသည် ။ သစ်လွင်လာရသည် ။ သူ့မျက်စိရှေ့တွင် သူ့ပယောဂကြောင့် ကျဆုံးခဲ့ကြသော ရဲဘော်များမှာ သူ့နှလုံးအိမ်ဝယ် မည်သို့သောအခါမျှ မကျက်နိုင်တော့သည့် ဒဏ်ရာများ ။ သူ့ဘဝ၏ အပြစ်ဒဏ်များ ။

ယခုလည်း သူ့ထက်ဆယ့်ငါးနှစ်နီးပါးငယ်သော မှော်ကျောင်းသားလေးက သွေးရဲရဲ သံခဲခဲ တိုက်ပွဲဝင်ပြီးခိုက်၌ ရဲဘော်လုပ်ရန် ကမ်းလှမ်းလာပြန်ပြီ ။ သူလက်မခံနိုင်တော့ ။ ကိုယ့်ကိုယ်ကိုယ် ခတ်ထားသော အပြစ်ဒဏ်များမှာ ဤမျှနှင့်ပင် လုံလောက်လေပြီ ။

“သင်းနှင့်ငါကား ရဲဘော်မဟုတ် ။ သင်းတိုက်ပွဲ၌ သေလျှင် ငါခံစားမည်မဟုတ် ။ ထို့ကြောင့် ငါသေလျှင်လည်း သင်းမခံစားလေနှင့်” ဟုသာနှလုံးသွင်းလျက် ၎င်းနှုတ်ဆက်နေသည်ကို ပြန်မနှုတ်ဆက်ဘဲ အပေါ်သို့သာ တက်လာလေသည် ။ လာချည်သည့် သံယောဇဉ်တစ်ခုကို ပြန်ဆုပ်ကိုင်နိုင်သော သတ္တိကား သူ့၌မရှိတော့ပြီ ။ ။

************

အပေါ်ပြန်တက်လာသည်နှင့် လီယိုနာ့ဒ်တိုကို စောင့်ကြိုနေသည့်မြင်ကွင်းမှာကား မီးခိုးလုံးကြီးများ ၊ မီးတောက်များနှင့် အုပ်သိုင်းနေသည့် အပျက်ပုံတလင်းပြင်ကြီးနှင့် ယင်းမီးခိုးထုကြီးကြားဝယ် ပျံဝဲနေသော ဧရာမ ပိရမစ်ကြီးတစ်ခု ။ ၎င်းကြီးသည် သမုဒယရတီနန်းတော်ကြီးထက် ငါးဆနီးပါးမျှကြီးမားသောကြောင့် ဘေးကလှည့်ပတ်နေသော သလင်းတုံးကြီးများပင် ယင်းကြီးနှင့်ယှဉ်သော် ရေပုံးကြီးဘေး၌ချထားသော ရေခွက်ငယ်လေးများအလား သိမ်ငယ်သွားရသည့်ပြင် ၊ ပိရမစ်ကြီးမှာ ဆည်းဆာနေရောင်အောက်ဝယ် နက်မှောင်တောက်ပြောင်နေ၍ ၊ ထိုပိရမစ် မည်းကြီးကို ကြည့်နေကြိုက်မှာပင် ၎င်းကြီးမှာ ရွှေရောင်တဖိန့်ဖိန့်တောက်ပလာပြီးနောက် ၊ ဤသို့ဖြင့် အနှီပိရမစ်ပျံကြီးမှာ အနက်ရောင်မှ ရွှေရောင် ၊ ရွှေရောင်မှအနက်ရောင်သို့ အလှည့်ကျ ပြောင်းလဲနေရကား နတ်ဘုရားမ မေဟန်ဟီရစု၏ ဘုန်းတော်ကို အစွမ်းကုန်လှစ်ဟနေလျက် တစ်မြို့လုံးကို လွှမ်းခြုံထားသယောင် ရှိပေတော့သည် ။

မက်တာမက်တီရီယယ် (Metamaterials) များဖြင့်ဆောက်လုပ်အပ်သော ကိုယ်ပျောက်ပိရမစ်ကြီး ပေါ်လွင်လာသောကြောင့် ၊ ဤသည်ကား ဇိုက်(ခ်)ဘက်က ရှုံးနိမ့်သွားခြင်း၏ လက္ခဏာ ။ အတွေးများပင် မဆုံးသေး ။ ပိရမစ်ပျံကြီးကား အပေါ်သို့ကြွတက်သွား၍ ကောင်းကင်ရှိတိမ်ထုများကြား ဖောက်ဝင်သွားလေ၏ ။ ထို့ရကား ဇိုက်(ခ်)အား ဆက်သွယ်လိုက်သည့်အခါ

“ခေါင်း … ခေါင်းဆောင် … ခင်ဗျား … အဆင်ပြေလား”

ချင်း၏အသံမှာ မြို့ပတ်ပြေးထားရသူ တစ်ယောက်အလား မောဟိုက်သံများစွက်နေ၏ ။

“မင်းကော ဘယ်လိုအခြေအနေရှိလဲ”

တုံ့ပြန်သံထွက်မလာဘဲ အသံရှူသံပြင်းပြင်းများသာ ကြားနေရသည့်အတွက် သူစောင့်ပေးလိုက်၏ ။ တခဏမျှကြာသောအခါမှ

“ကျုပ်တို့ … မခုခံနိုင်လိုက်ဘူး ။ ပြီးတော့ … ခင်ဗျားဘက်က လေကြောင်းကာကွယ်ရေး စနစ်တွေလည်း ကျသွားပြီ ။ သူတို့ … ပိရမစ်ထဲဝင်သွားကြပြီ”

“ဘာ …”

ကြည့်ရသည်မှာ မြေအောက်ခန်းတွင်း ဆင်းလာကတည်းက လေကြောင်းကာကွယ်ရေးစနစ်များ ကျဆုံးသွားပုံဖြစ်လေရာ ၊ ယခုအခြေအနေကား သူ့ဘက်က တိုက်ပွဲ (Battle) ကို နိုင်လိုက်လင့်ကစား စစ်ပွဲ (War) ကို ရှုံးတော့မည့်အသွင် ပေါက်နေလေပြီ ။

“အဲဒါ ကျုပ်တို့ ပိရမစ်ထဲလိုက်ဖို့လုပ်နေတယ် ။ ဒါပေမဲ့ ဒီ‌အေရိုးက ပိရမစ်ပတ်ပတ်လည် မြို့ထဲမှာ စက်ဝိုင်းပုံစံဝိုင်းပြီး ပိတ်ခုခံနေတယ် ။ မြို့စောင့်တပ်ရဲ့ ယာဉ်ပျံတွေအားလုံးနီးပါး ဗုံးခွဲခံလိုက်ရပြီ ။ နှစ်စင်းပဲအကောင်းတိုင်း ကျန်တယ် ။ တစ်စင်းက ဒီကောင်ခိုးပြီး ပိရမစ်ပေါ်တက်သွားတာ”

“နောက်တစ်စင်းက”

“နောက်တစ်စင်းက သမုဒယရတီနန်းတော်မှာ ရပ်ထားခဲ့တဲ့ဟာ … ခင်ဗျားရဲ့ အမြော်အမြင်အကြောင့် … အခုအဲသည်အစင်းကို ခင်ဗျားဆီလွှတ်လိုက်ပြီ ။ ခေါင်းဆောင် … ခင်ဗျား ပိရမစ်ပေါ်လိုက်သွားပြီး (အေ) ဆိုတဲ့ ရူရိုင်း ိုးမသားကို တားတော့ ။ ခင်ဗျားနှင့်အတူ အော်ရကယ်ချုပ်လည်း ရှိတယ်မလား ။ ဒီပိရမစ်ကျသွားရင် တန်နားဘရက်(စ်)နှင့်ခင်းမဲ့စစ်က မစခင်မှာရှုံးသွားလိမ့်မယ် ။ သွားတော့ … ကျုပ်တို့အားလုံးရဲ့ မျှော်လင့်ချက်တွေက ခင်ဗျားတို့လက်ထဲမှာ”

ဇိုက်(ခ်)ထံမှ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ခေတ္တမျှကြာလေသရော် ၊ ကောင်းကင်ယံက ဧရာမ ဝီခေါ်သံကြီးတစ်ခု ဟစ်ကြွေးလာသည်သာမက မီးခိုးထုများကြားမှလည်း အလင်းတန်းများလည်း ဖြာထွက်လာလေပြီး၊ ၎င်းတို့နှင့်အတူ လေအင်အားလှိုင်း (Shockwave) ကြီးများကပါ သူတို့ထံသို့ အဆင့်ဆင့်ဝင်ရောက် ရိုက်ခတ်လာသည့်အခါ ဖုန်မှုန့်များ ၊ ပြာမှုန်များ ၊ မီးကြွမ်းနေသော လက်ဖလက်ဆီ ပွင့်ဖက်များပြင် ၊ သစ်တိုသစ်စများနှင့် အလောင်းအပိုင်းအစ များကပါ သူတို့ထံသို့ လွင့်စဉ်လာသည့်အတွက် သူသည် ကလေးနှစ်ယောက်ရှေ့တွင် မတ်မတ်ရပ်ကာ ကာပေးထားလိုက်ရသည်။ ထိုအခိုက်ဝယ် အလင်းတန်းများ ဖြာထွက်နေသည့် မီးခိုးထုကြီးကြားမှ ရွှေရောင်ကနုတ်ပန်းများ စီခြယ်ထားသော နင်းဘက်(စ်)ပန်းကန်ပြားပျံကြီးမှာလည်း တစ်စနှင့်တစ်စ တိုးထွက်လာလေသည် ။

https://mmxianxia.com/wp-content/uploads/2026/04/09778E18-34DD-49F7-A10E-37B94B6BAB53.webp

၎င်းနောက် တဝီဝီမြည်သံကြီးနှင့်အတူ ပန်းကန်ပြားပျံယာဉ်ကြီးမှာ ဆင်းသက်လာလေလျှင် သုံးယောက်လုံးမှာ အကြင်ပန်းကန်ပြားပျံကြီးပေါ်သို့တက်ကြ၏။ ယာဉ်တွင်း စင်္ကြံလမ်းသွယ်လေးများကို ဖြတ်ကာ ၊ နောက်ဆုံးဝယ် မဲနယ်ရောင်သန်းနေသော သတ္တုခန်းမကြီးအတွင်းသို့ ရောက်ရှိလာလေသည် ။

ဤခန်းမတွင်း၌ သတ္တုစင်ကြီးများနှင့်ပြည့်နှက်နေ၏။ ယင်းစင်ကြီးများပေါ်တွင်မူ စက်ဝိုင်းပြားသဏ္ဌာန် ငွေဘူးများအား အဆင့်ဆင့်ထပ်ထားပြီး ၊ ယင်းတို့ထံမှလည်း ထူတူတူ ပိတ်တိတ်တိတ်အနံ့မှာ သင်းကြူနေလေသည် ။ အဆိုပါအရာတို့သည်ကား ရောင်ခြည်သေနတ် ကျည်ဆန်များ ။

ချင်းတို့အား ငေးမိနေစဉ်မှာပင် သူ့အနားသို့ မဲနယ်ရောင် ဒရုန်းငယ်လေးနှစ်ခု ပျံဝဲလာကြ၍ ၊ ယန္တရားချပ်ဝတ်အား ရေဖြန်းသန့်စင်ပေးခြင်းများပြင် ၊ လူသား သွေးများ ၊ လူးသို့(စ်)များ၏ ခန္ဓာကိုယ်အရည်များ ၊ ချပ်ဝတ်ပေါ်၌ ကပ်နေသော မီးလောင်ထားသည့် အသားစများကိုပါ တိုက်ချွတ်ဆေးကြောပေးခြင်းများ ပြုလုပ်ပေးနေသည့်အလျောက် သူလည်း ယန္တရားချပ်ဝတ်အား စစ်ဆေးကြည့်လေသော် ၊ ချပ်ဝတ်၏ ပခုံးသားအကာများနှင့် ခြေသလုံးကာ တချို့တို့မှာ စတင်ချောင်ချိနေကြပြီး ၊ ခြေတစ်ခါကြွလျှင် လက်တစ်ခါပင့်လျှင်ပင် ယင်းတို့မှာ တွဲကျလာရကား “တိုက်ခိုက်နေကြိုက် ချပ်ဝတ်များပြုတ်ထွက်ပါက ပြဿနာ တက်လတ္တံ့” ဟု ထောက်ရှုလျက် မကောင်းတော့သော ချပ်ဝတ်ပြားများအား ဆွဲဖြုတ်ပစ်လိုက်ရာ ၊ ချပ်ဝတ်အောက်က ကြွက်သားတုကြီးများမှာ သာ၍သာ ထင်းရင်းလာလေတော့သည် ။

ချပ်ဝတ်အိုမှာ ဘတ်ထရီသာ မကောင်းတော့သည်မဟုတ် ၊ အဆစ် အဆက်နေရာများလည်း စုတ်နေသည်တကား ။

ထိုစဉ် ဆိုရင်း(န်)က ခန်းမကြီး၏ ဘယ်ဘက်စွန်းသို့သွား၍ ၊ နံရံကြီးအား လက်ညှိုးညွှန်ကာ နတ်ဘုရားဘာသာစကား တစ်ကြောင်းအား ရေရွတ်လိုက်သည့်အခါ ၊ ကျွီဟူသည့် မြည်သံကြီးနှင့်အတူ မဲနယ်ရောင် နံရံကြီးမှာ အပေါ်သို့ကြွတက်သွားပြီး ၊ ၎င်းလေး၏ ရှေ့ဝယ် ဖန်သားနံရံကြီးတစ်ခု ပေါ်လွင်လာလေ၏ ။ အနှီဖန်ပြင်ပေါ်၌ မြို့တွင်းတိုက်ပွဲကိုလည်း အပေါ်စီးက ထင်ထင်ရှားရှားမြင်နေရ၏ ။

ထို့ကြောင့် လီယိုနာ့ဒ်လည်း သူ(မ)၏ အနားသို့သွား၍ ပန်းကန်ပြားပျံတွင်းမှတစ်ဆင့် မြို့တွင်းမြင်ကွင်းအား အကဲခတ်သည်တွင် ၊ ဇိုက်(ခ်) ပြောသကဲ့သို့ပင် ပိရမစ်ပျံကြီး၏ ဘေးပတ်ပတ်လည် မြို့နေရာများတွင် ထိန်းချုပ်ခံ ယန္တရားများနှင့် စိတ်ညှို့ခံ မန်းဒရိတ်(ခ်)များ ၊ နဂါးသူရဲကောင်းများက စက်ဝိုင်းသဏ္ဌာန်ကြီး ဝန်းရံထားကြပြီး ၊ ထိုတပ်သားစက်ဝိုင်းကြီးကို ဇိုက်(ခ်)ခေါင်းဆောင်သော တပ်များက ပြန်လည် ထိုးဖောက်နေကြသောကြောင့် မြို့တွင်းဝယ် အပြာရောင် ၊ အနီရောင် ရောင်ခြည်တန်းများ အပြန်အလှန်ပစ်ခတ်နေခြင်း မှတစ်ဆင့် စျေးတန်းများ ၊ အိမ်များ မီးလောင်ကာ မီးခိုးများအူထနေကြသည့်ပြင် ၊ ယန္တရားရုပ်ကြီးများ တစ်ဘက်နှင့်တစ်ဘက် ဒုံးကျည်များတန်ပြန် ပစ်ခတ်နေကြရာမှလည်း တိုက်မြင့်ကြီးများကို ထိကုန်သည့်အလျောက် ကျောက်သားနံရံများ ဖွာထွက်ကုန်၍ လမ်းမပေါ်၌ ကျောက်တုံးများ ပြိုကျပြန့်ကျဲ နေကြသည်သာမက ၊ ယန္တရားများ ၊ ရောင်ခြည်သေနတ်များဖြင့် တိုက်နေသည့်ပွဲကို တုတ်ဓားများကိုင်ဆောင်ကုန်လျက် အသေခံဝင်တိုက်နေကြသော မီဇိုဗာကပ်ပါးကောင်အထိခံ လူသားဒိုင်းပြည်သူများ၏ အလောင်းများသည်လည်း ဟိုတစ်နေရာ ၊ သည်တစ်နေရာနှင့် မွစာကြဲနေလေရာ မြို့ကြီးမှာ သူ့မျက်စိရှေ့မှောင်မှာပင် ငရဲခန်းကြီးအသွင်သို့ ကူးပြောင်းလာလေတော့သည် ။

ခံပြင်းဖွယ်အကောင်းဆုံး အချက်မှာကား ထိုတိုက်နေသူများမှာ မြို့စောင့်တပ်အချင်းချင်းဖြစ်ပြီး ၊ သေနေသူများမှာလည်း အာဇာဂါနာ ပြည်သူများသာဖြစ်ရကား တန်နားဘရက်(စ်)ဘက်က ဆုံးရှုံးမှုဟူ၍ စိုးစဉ်းမျှပင်မရှိ ။ မည်သူသေသေ ၎င်းတို့ဘက်က အမြတ်ထွက်နေသည့် အခြေအနေ ။ အရေးထဲ ပိရမစ်ပျံကို ထိုင်ကန်တော့နေကြသော လူအုပ်ကြီးကလည်း ရှိသေးသည် ။

ဤသို့ဖြင့် သူတို့သည် တိမ်ပင်လယ်ထုကြီးအားဖောက်ထွက်၍လည်းကောင်း ၊ သလင်းတုံးကြီးများအား ရှောင်ရှား၍ လည်းကောင်း ပိရမစ်ကြီးအနားသို့ ချဉ်းကပ်လာရာဝယ် ၊ ပိရမစ်ကြီးရွှေရောင်အဖြစ်ဆောင်လေတိုင်း ဘေးနားက တိမ်ထုများ ၊ သလင်းတုံးများသာမက နောက်ကွယ်က မဟာသစ်ပင်ကြီး၏ မျက်နှာပြင်များအားလုံးမှာ လည်း လိုက်လံဝင်းပနေကြလေ၏ ။ အနက်ရောင်ပြောင်းတိုင်း မှောင်ပိတ်ကုန်ကြပြန်၏ ။ ဤသည်ကား လူ့ပြည်မှ နတ်ပြည်သို့ အရှင်လတ်လတ် ချဉ်းကပ်နေရသည့်အလား ။

ယင်းနောက် ပိရမစ်နားသို့ရောက်သည်တွင် ၊ ဆိုရင်း(န်)က အထက်သို့လက်ညှိုးညွှန်ပြနေသဖြင့် ပန်းကန်ပြားပျံမှာ ပိရမစ်ကြီး၏အလယ်ပိုင်းအထိ ပျံတက်သွားလေပြီး ၊ အနားသို့ရောက်သော် ပိရမစ်နံရံ၌ ယာဉ်ကြီးတစ်စင်းစာ ဝင်နိုင်သည်အထိ ကြီးမားသော ဧရာမရွှေရောင်တံခါးကြီးတစ်ချပ်မှာ မျက်စိရှေ့မှာပင် ဘွားခနဲပေါ်ပေါ်လာလေ၏ ။

ထိုအခါ ဆိုရင်း(န်)က မှန်သားပြတင်းပေါက်မှတစ်ဆင့် ပန်းကန်ပြားပျံ၏ အထက်မိုးပေါ်သို့ ခုန်ထွက်သွားသောကြောင့် လီယိုနာ့ဒ်တို့နှစ်ယောက်လည်း သူ(မ)နောက်မှ လိုက်ရလေသည် ။

သူတို့ရောက်နေသည့်နေရာမှာ မြေပြင်နှင့်အတော်အတန် ကွာဝေးနေပြီး မြို့အောက်က ပေါက်ကွဲနေသော မီးလုံးများကိုပင် ခပ်မွှားမွှားသာမြင်ရတော့သည် ။ သူ့ရှေ့တည့်တည့်၌ အနက်ရောင် ပိရမစ်နံရံကြီးက တစောင်းသဏ္ဌာန်တည်ရှိနေ၍ ၊ အနီးကပ်ကြည့်သောအခါမှ ပိရမစ်နံရံနှင့်တံခါးပေါ်၌ အက္ခရာများ ထွင်းထားသည်ကို ရှင်းရှင်းလင်းလင်းမြင်လာရပြီး ၎င်းတို့မှာ ဆိုရင်း(န်)၏ ဦးခေါင်းပေါ်တွင် ထိုးနှံထားသော ဆေးမင်ကြောင် အက္ခရာများနှင့် အတူတူပင်ဖြစ်လေသည် ။ ဟက်(စ်)တန်က ဤသည်တို့ကိုကြည့်၍

“ရမထာသိင်္ဂီ နတ်ကလျာက ဒီလောက်တောင် ခမ်းနားလား ။ ဒါပေမဲ့ သူ့နှမတော် ကျုပ်တို့ ဟေရင်းအီရစုရဲ့ တင့်တယ်မှုကိုတော့ မမီနိုင်ပေါင်ဗျာ”

ဟုဆိုလျှင် အော်ရကယ်ချုပ်မှာ ၎င်းအားမျက်စောင်းတစ်ချက် လှမ်းခဲနေလေ၏ ။ သို့လင့်ကစား စကားတစ်ခွန်းမျှမပြောဘဲ တံခါးကြီးကိုသာ လက်ညှိုးထိုးလျက်

“မီဒက်(စ်) လီယန်း အန်စမေရိခ အယ်ရီစအော့(စ်) မင်ဒရန်း”

ဟုရွတ်လိုက်လေသော် ပိရမစ်နံရံကြီးပေါ်က

https://mmxianxia.com/wp-content/uploads/2026/04/IMG_7960.webp

အက္ခရာတို့မှာ ရွှေရောင်တောက်လာပြီးနောက် ရှေ့ကတံခါးကြီးမှာလည်း တစ်ချက်တုန်သွားလေ၏ ။ ယင်းနောက် ရွှေရောင်တံခါးရွက်ကြီးနှစ်ခုမှာ ဘယ်နှင့်ညာသို့ ပြိုင်တူဆုတ်သွားကြပြီး “ဒုန်း … ဒုန်း” ဟူသည့် ဧရာမတိုင်လုံးကြီးများ တစ်ခုပြီးတစ်ခု ပြုတ်သွားသံများလည်း ပိရမစ်တွင်းက ခပ်သဲ့သဲ့ထွက်ပေါ်လာလေ၏ ။ အနှီတံခါးမှာချက်ချင်းမပွင့်သေးသည့်အတွက် သူသည် ဆိုရင်း(န်)နားသို့ တိုးကပ်၍

“ခုနက ရွတ်တဲ့ဂါထာက ဘာအဓိပ္ပာယ်လဲ”

“အင်ပါယာစကားနှင့် ဘာသာပြန်ရင် ဒါမျိုးပြန်ထွက်မယ်နှင့်တူတယ် ။ စွမ်းအင်ဆိုသည်မှာ အချိန်အချိုးကျခြင်းနှင့် နှီးနွှယ်နေသော စောင့်ရှောက်ခံပမာဏ တစ်ခုဖြစ်သည်တဲ့ ။ (Energy is a conserved quantity, related to time translational symmetry)”

“ဘာရယ် … အချိန်အချိုးကျခြင်း (Time Translational Symmetry) ၊ စောင့်ရှောက်ခံ ပမာဏ (Conserved Quantity) … အဲဒါဘာအဓိပ္ပာယ်လဲ”

ဤအခါ ခေါင်းတုံးမလေးက ခေါင်းကုတ်၍

“အို … ငါလည်း ဘယ်သိပါ့မလဲ … ဒါဂါထာလေ လီယိုနာဒ့်ကြီး ။ နားလည်ဖို့မလိုဘူး ။ အလွတ်ရဖို့ပဲလိုတယ်”

တခဏအကြာ တံခါးကြီးပွင့်သွားသောကြောင့် သူတို့သည် ပန်းကန်ပြားပျံကြီးကို စီးနင်းလျက် ပိရမစ်ကြီးအတွင်းသို့ ဝင်လာရာဝယ် ၊ အတွင်းရောက်လာသည်နှင့်အမျှ အအေးဓာတ်မှာ လွန်ကဲလာသောကြောင့် ၊ ယန္တရားချပ်ဝတ်နှင့် ခန္ဓာကိုယ်ကြားက ချွေးများရွှဲနစ်နေသော အင်္ကျီ၏အစိုဓာတ်နှင့် ယင်းအအေးဓာတ်တို့ ပေါင်းမိသွားရာ၌ ၊ သူ့တစ်ကိုယ်လုံးမှာ ရေခဲကန်ထဲ ပြုတ်ကျသည့်နှယ် ဖြစ်လာပြီး နှာခေါင်းတစ်ယောက် မွှန်တက်လာလေ၏။ နှာသုံးခါတိတိ ချေမိလေ၏ ။

ဤသို့ဖြင့် လီယိုနာ့ဒ်တို့မှာ ပိရမစ်အတွင်းရှိ ပထမဆုံး အခန်းကျယ်ကြီးဆီသို့ ရောက်ရှိလာ၍ ၊ ယင်းအခန်းကြီး၏ နံရံများ ၊ မျက်နှာကြက်များနှင့် ကြမ်းပြင်များအားလုံးကို ပြောင်လက်နေသော အနက်ရောင်ကျောက်သားကဲ့သို့ အရာကြီးများဖြင့် တည်ဆောက်ထားသောကြောင့် ကိုယ့်ကိုယ်ကိုယ် မှန်ကြည့်သကဲ့သို့ ပြန်မြင်နေရသည့်ပြင် ၊ အနက်ရောင်နံရံနှင့် ကြမ်းပြင်များပေါ်၌ ရွှေရောင်နတ်ဘုရား အက္ခရာများလည်း ပြည့်နှက်နေလေသည် ။ ထိုမျှမက နံရံဘေးများ၌လည်း လူတစ်ရပ်စာမျှကြီးသော ခွေးသွားစိပ်ကြီးများက လည်နေကြသေးသည် ။ ခန်းမကြီး၏အဆုံးတွင်ကား နောက်တစ်ထပ်သို့ ဆက်တက်သော ဧရာမလှေကားကျယ်ကြီး တစ်ခုမှာ ထည်ထည်ဝါဝါ ။

အခန်းအလယ်တွင်မူ တစ်စစီပျက်စီးနေကြသော ယန္တရားရုပ်များနှင့် ကော်ကဲ့သို့စေးကပ်နေသော လူးသို့(စ်)သွေးများမှာ ဝရုန်းသုန်းကားဆန်စွာ မွလန်ကြဲနေကြပြီး ၊ ယန္တရားရုပ်အပိုင်းအစ အများအပြားကို တွေ့ရလင့်ကစား လူးသို့(စ်)များကိုမူ သွေးကွက်များမှအပ ခန္ဓာကိုယ်အစိတ်အပိုင်း အပြတ်အတောက်များကို တစ်ခုမျှ မတွေ့ရချေ ။

တစ်ခန်းလုံးကို လျှပ်စစ်ပစ္စည်းများ လောင်ကျွမ်းသည့် တူးနံ့ထူထူကြီးကသာ စိုးမိုးထား၏ ။ ယန္တရားရုပ်များထံမှ တဖျစ်ဖျစ်မြည်သံများလည်း ထွက်ပေါ်နေပြီး ၊ ယင်းတို့၏ ဝိုင်ယာကြိုးပြတ်များက ပန်းထွက်နေသော အမည်းရောင်အရည်များနှင့် မီးပွါးများကလည်း သူ့ကိုလာစဉ်နေ၏ ။

အနှီနေရာ၌ ပိရမစ်စောင့် ယန္တရားရုပ်များနှင့် (အေ) တို့အဖွဲ့အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့သည်မှာ သေချာလှသည် ။ သို့သော် ယန္တရားရုပ်အားလုံးပျက်စီးနေပြီး ၎င်းတို့ဘက်က တစ်ယောက်မျှပင်အသေအကြေ မရှိခဲ့ဘူးလော ။ မဖြစ်နိုင် ။ ပိရမစ်စောင့် ယန္တရားများမှာ အောက်က ဂရာဗိုးရက်(စ်)များထက် အဆင့်ပိုမြင့်သည် ။ ဤသည်ကား သံသယဝင်ဖွယ် ။ ထိုစဉ်ဆိုရင်း(န်)က ဒူးထောက်လျက် ယန္တရားအပိုင်းအစများကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ကာ

“ဖျက်ဆီးမယ်ဆိုရင်တောင် ဟာကွက်ကိုတိုက်ပြီး တစ်ချက်တည်းဖျက်ပါရော့လား ။ အခုကြည့်စမ်း … တစ်စစီကိုး လူမဆန်အောင်လုပ်သွားတာ … ဒီယန္တရားတွေမှာ အသိစိတ်ရှိတယ် ။ သက်ရှိတွေလို မနာတတ်ပေမဲ့ သူတို့အားလုံး … ဒီလိုမရှုမလှသေရတာ … ဒီကောင် … ဒီကောင်ပဲမလား … ငါ့ရဲ့ညီအကိုတွေကို သတ်ခဲ့တာ ။ လီယိုနာ့ဒ်ကြီးမြန်မြန် … ငါဒီကောင့်ကို ထိပ်တိုက်တွေ့ပြီး မှတ်လောက်သားလောက်အောင်ဆုံးမမယ်”

ပြောနေလျက်ပင် သူ(မ)၏ ပေတူးနေသော မျက်နှာလေးမှာ ရဲတက်လာပြီးနောက် ယန္တရားအပိုင်းအစကို ကိုင်ထားသော လက်များလည်းတုန်ယင်လာသည် ။

“နတ်ဘုရားမရဲ့ ခြေတော်အောက်မှာ အေးအေးချမ်းချမ်း မှေးစက်ပါတော့ အကိုယန္တရား ။ ငါ … နင်တို့ရဲ့ သိက္ခာကိုပြန်ဆယ်ပေးပါ့မယ်”

စကားဆုံးသည်နှင့် ယန္တရားအပိုင်းအစကို သူ(မ)၏ မျက်နှာနှင့်ထိကပ်လိုက်ပြီး ၊ ထိုအတွင်းက အနက်ရောင်အရည်စေးများကို လက်ညှိုးထိပ်နှင့် ကော်ယူ၍ သူ(မ)၏ နဖူးနှင့်ပါးပြင်တို့၌ ဒေါင်လိုက်အမှတ်အသား နှစ်ခုဆွဲလေသော် သူ့စိတ်တွင်း “ဘာလဲဟ” ဟုရေရွတ်မိသွားသည် ။ သူ့ဘဝ၌ ယန္တရားရုပ်ကို ညီကိုရင်းချာကဲ့သို့ ဆက်ဆံသောသူကို တစ်ခါမျှမမြင်ဖူးခဲ့ပေ ။ ယင်းနောက် သူ(မ)က ပြန်ထလာ၍

“ကြည့်ရတာ ဒီကောင်က ဒီလှေကားအတိုင်း ပိရမစ်ရဲ့ထိပ်ဆုံးထိတက်သွားပုံရတယ် ။ ငါတို့သာ သူ့အတိုင်းလိုက်တက်ရင် နောက်တံခါးကြီးရှစ်ချပ်ကို ထပ်ဖြတ်ရမှာ … ဒါပေမဲ့ … ငါလျှို့ဝှက်ဓာတ်လှေကားကိုသိထားတယ် ။ လိုက်ခဲ့ကြ”

ဟုဆိုပြီးနောက် သူ(မ)က ဧရာမလှေကားကြီးကိုကျော်၍ ၊ ညာဘက်နံရံသို့ ဦးတည်သွားသည့်အတွက် သူတို့လည်းနောက်မှ လိုက်လာကြိုက် ၊ အခန်းကြီး၏နံရံများ ၊ ကြမ်းပြင်များနှင့် ခွေးသွားစိပ်ကြီးများမှာ အနက်ရောင်မှ ရွှေရောင်သို့ပြောင်းသွားလေရာ တစ်ခန်းလုံး ဝင်းပလာလေသည် ။ ဤသို့ဖြင့် နံရံရှေ့သို့ ရောက်သည့်အခါ သူ(မ)က

“အိဟ မီဒ ဖယ်ရိန ခယ်(လ်)မလ ဟီရစု အီရစု“

ဟုရေရွတ်လိုက်သည်တွင် အက္ခရာများဖြင့် ပြည့်နေသော ရွှေရောင်နံရံကြီးပေါ်က ဤ

https://mmxianxia.com/wp-content/uploads/2026/04/IMG_7959.webp

အက္ခရာများမှာ အနက်ရောင် တောက်ပလာ၍ နံရံကြီးမှာ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာလေသည် ။ ထို့ကြောင့်လီယိုနာ့ဒ်က

“ဒါကကော အင်ပါယာစကားနှင့် အဓိပ္ပာယ်ပြန်ရင် ဘာတဲ့လဲ”

“အဏုသိင်္ခပမာဏ သဘောတရား (Quantum Mechanics) ၊ အချိန်တလင်းညွှတ်ဆွဲမှု နိယာမ (General Relativity) နှင့် နောက်ဆုံးတစ်ခုကို ငါသိပ်မပြောတတ်ဘူး … ဘယ်လိုပြောရမလဲ ။ စကြဝဠာတစ်ခုလုံးကို ထိုးထွင်းသိမြင်မဲ့ ယူဆချက်လို့ ဘာသာပြန်ရမလားပဲ (Theory of Everything) ။ အဓိပ္ပာယ်လာမမေးနှင့်နော် … ဒါ ဂါထာ … ဂါထာ”

ဟုဆိုကာ သူ(မ)က အမည်းရောင်အစေးများဖြင့် ခြစ်ထားသော မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်လျှင် ၊ ဟက်(စ်)တန်ကလည်း သူ့ကိုကြည့်ကာ ဟက်ခနဲရယ်ပြီး

“သူရဲကောင်းကြီး ခင်ဗျားနှယ် စကားနည်းလှပါတယ် အောက်မေ့နေတာ ။ နတ်ဘုရားမရဲ့ တန်ခိုးတော်တွေကိုတော့ တယ်စိတ်ဝင်စားနေပါလား ။ ခင်ဗျား စစ်နတ်ဘုရားအောက်မှာ ခစားခဲ့တုန်းက မမေးခဲ့ဘူးလား”

ဟုပြုံးတုံ့တုံ့ဖြင့်ဆိုသောကြောင့် သူလည်းသက်ပြင်းကိုသာ ချလိုက်မိသည် ။ ချင်းလေးမှာ ယခင်ကကိစ္စကြောင့် သူ့ကို စိတ်ခုပုံပင် မရချေ ။

ဤသို့ဖြင့် ရွှေနံရံကြီးမှာ အောက်သို့ အဆုံးထိကျသွားသည်တွင် ၊ ထိုနံရံနောက်၌ စက်ဝိုင်းသဏ္ဌာန် ကြမ်းပြင်လေးတစ်ခု ပေါ်လာသဖြင့် ယင်းနေရာသို့သွားပြီးနောက် အပေါ်မော့ကြည့်လိုက်ရာ ၊ မီးခိုးခေါင်းတိုင်ကြီးကို အောက်ကမော်ကြည့်ရသကဲ့သို့ စက်ဝိုင်းပုံစံပြွန်ခေါင်းကြီးကို တွေ့လိုက်ရလေသည်။

ထိုစဉ် ဆိုရင်း(န်)က နံရံပေါ်က အက္ခရာကြီးတစ်ခုကို လက်ဖဝါးဖြင့် ဖိလတ်သော် ၊ နံရံဘေးက ခွေးသွားစိပ်ငယ်လေးများ လည်လာပြီးနောက် ၊ သူတို့ရပ်နေသည့် စက်ဝိုင်းပြားကြမ်းပြင်မှာလည်း ကြွတက်သွား၍ ၊ အပေါ်က ပြွန်ခေါင်းကြီးတစ်လျှောက် ပင့်တက်လေတော့သည် ။

ယင်းသို့ဖြင့် သူတို့မှာ ယန္တရားဓာတ်လှေကားကိုစီးကာ ပိရမစ်ကြီး၏ ထိပ်ဆုံးလွှာသို့ တက်လာလေပြီး၊ ဓာတ်လှေကားစီးနေခိုက် ဘေးကနံရံများနှင့် အောက်ကစက်ဝိုင်းပြားကြီးမှာလည်း အနက်ရောင်တစ်လှည့် ရွှေရောင်တစ်လှည့်ပြောင်းနေသည့်ပြင် နတ်ဘုရား အက္ခရာများကလည်း ပေါ်လာလိုက် ၊ ပျောက်သွားလိုက်ဖြစ်နေသည်သာမက သုံးယောက်လုံး စကားမပြောဖြစ်ကြသဖြင့် ဓာတ်လှေကားစက်ဝိုင်းပြားနှင့် ဘေးနံရံများပွတ်သည့် တလျောလျောမြည်သံများ ၊ ခွေးသွားစိပ်လည်သံ တတက်တက်တို့သာ တိုးတိုးညင်းညင်းထွက်ပေါ်နေသည် ။

ထို့ကြောင့် သူသည် ရှားရှားပါးပါးရသောအချိန်ကို မဖြုန်းတီးဘဲ ပန်းကန်ပြားပျံအတွင်းမှ ယူဆောင်လာသော သလင်းတုံးလေး သုံးတုံးကို ထုတ်ယူပြီးနောက် အပေါ်သို့ မြှောက်လေသရော် ၊ ၎င်းလေးတို့မှာ သူ့ဘေးပတ်ပတ်လည်တွင် ဝဲပျံနေကုန်လျက် ရောင်ခြည်တန်းများထွက်လာ၍ ဤရောင်ခြည်တို့မှာ သူ့ယန္တရားချပ်ဝတ်၏ ရင်ဝနှင့်နောက်ကျောများသို့ ရေပိုက်နှင့်ထိုးသည့်နှယ် တိုးဝင်လေတော့သည် ။ ယခင်တိုက်ပွဲ၌ ကုန်သွားသော ယန္တရားချပ်ဝတ်၏ ဘက်ထရီကို အားပြန်သွင်းနေခြင်းပင်။

ထိုအခိုက်၌ ဟက်(စ်)တန်၏ နှာခေါင်းတွင်းမှ အဖြူရောင် အခိုးများပန်းထွက်လာသဖြင့် သင်းမှာနှုတ်ခမ်းတစ်ချက် မဲ့သွားလေသည် ။

“ထင်တော့ထင်ပါတယ် ။ ဟူး … ကျုပ်တော့ လူပိုဖြစ်ပြီထင်ပါရဲ့”

“တော်ပြီလေ … နင်ဒီလောက်လုပ်ပေး တော်ရောပေါ့ ။ ဟဲ့ … နင်လျှောက်တော့ မလုပ်နှင့်နော် … နင့်မှော်ဆေးရည်ပုလင်း ငါ့ကိုပေးထားစမ်း”

“အာ … လေဒီအော်ရကယ်ကလည်း … ကျွန်တော် အဲလောက် မိုက်လုံးမကြီးပါဘူး”

ဟုဆိုသံများဖြင့် တခဏမျှပြန်လည်ဆူညံသွားလေ၏ ။ လီယိုနာ့ဒ် သိထားသလောက် မှော်ပညာသုံးလိုပါက မှော်ဆေးရည်သောက်ရပြီး ထိုမှော်ဆေးရည်မှာ ဆယ့်ငါးမိနစ် (15 mins) သာခံ၍ ယခုဟက်(စ်)တန်ဖြစ်သည့် လက္ခဏာမှာ မှော်ဆေးရည်၏ အာနိသင်ကုန်သွားခြင်းဖြစ်သည် ။ ဤနေရာ၌ တစ်ချက်ဆိုးသည်မှာ ဆေးရည်အားနိသင်ပြယ်သဖြင့် မှော်ဆေးရည်ကို ဒုတိယမြောက်သောက်လိုပါက နာရီဝက် (30 mins) အနည်းဆုံး စောင့်ရမည်ဖြစ်ပြီး မစောင့်နိုင်ဘဲ နာရီဝက်အတွင်းသွားသောက်ပါက မှော်ပညာရှင်အတွင်း အခေါ်အဝေါ် မဟာဘူတ ဖောက်ပြန်၍ ချက်ချင်းသေဆုံးနိုင်သည် ။

မာတိုရို၏ ဆေးပညာစကားနှင့် ပြောမည်ဆိုပါက ဆေးရည်ကို အသည်း (Liver) က ချေဖျက်ရသဖြင့် ၊ နာရီဝက်အတွင်း ဒုတိယဆေးရည်ထပ်သောက်ပါက အသည်းကို အလွန်အမင်းဝန်ပိသွားရကား ရုတ်ခြည်း အသည်းကျဆုံးခြင်း ဖြစ်စဉ် (Acute Liver Failure) ဝင်မည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ယကန ဉာဏယိုယွင်းသည့် (Hepatic Encephalopathy) အဆင့်ထိရောက်ကာ ဦးနှောက်ဖော (Cerebral Edema) ပြီးနောက် ဦးနှောက်ကျွံကျ (Brainstem Herniation) ခြင်းဖြင့် အသက်ထွက်ရပေလိမ့်မည် ။

ဤကဲ့သို့သော ကျိုးကြောင်းဆင်ခြင်တွေးခေါ်မှုများကို သူသဘောကျမိသည် ။ မဟာဘူတဖောက်ပြန်သည် ၊ တေဇောဓာတ်များသည် ၊ ဝါယောဓာတ်ချို့တဲ့သည်တို့မှာ အင်မတန် ယေဘုယျဆန်သော အကြောင်းပြချက်များသာ ဖြစ်သည်ဟု ယခုမှမြင်မိလာပြီး ၊ တစ်ချိန်တည်းမှာပင် မာတိုရိုသာလိုက်ပါလာပါက ဆိုရင်း(န်)ရွတ်သော ဂါထာများ၏ အဓိပ္ပာယ်တို့ကို သိနိုင်ပေအံ့ဟုလည်း တွေးနေမိကြိုက် ၊ ဓာတ်လှေကားဝိုင်းမှာ တဖြည်းဖြည်းအရှိန်လျော့လာ၍ ရပ်တန့်သွားသည့်အလျောက် ၊ သူတို့လည်း ပိရမစ်၏ ထိပ်သို့ရောက်ရှိလာပြီဟု ခန့်မှန်းမိလေ၏ ။

ဓာတ်လှေကားအပြင်သို့ ထွက်လိုက်သည့်အခါ အနက်ရောင်နံရံကြီးက တအိအိနှင့် အပေါ်ပြန်တက်လာလျက် လျှို့ဝှက်ဓာတ်လှေကားအခန်းကို ပြန်ပိတ်နေပြီး ၊ ယခုသူတို့ရောက်ရှိနေသည့် နေရာမှာကား စတုရန်းသဏ္ဌာန်ဥမင်ကြီးတစ်ခု ။ ဥမင်တစ်ခုလုံး အေးစိမ့်နေပြီး ယန္တရားအသစ်များ၌ထွက်သော အသစ်နံ့တစ်ခုကလည်း ခပ်ညင်းညင်းပျံ့လွင့်နေခြင်းကြောင့် သူ့နှလုံးခုန်ချက်များလည်း ပိုမြန်လာရလေ၏ ။ ရန်သူနှင့် နီးလာပြီမဟုတ်ပါလား ။

ဤသို့ဖြင့် ထိုလိုဏ်ခေါင်းကြီးကို ဖြတ်ကျော်လာသည့်အခါ ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်သွား၍ ၊ ယင်းခန်းမကြီးတွင်လည်း ယန္တရားရုပ်အပျက်အစီးများ ပုံအောထနေသဖြင့် သူတို့သည် ခန်းမလယ်သို့လျှောက်လာကြပြီးနောက် ဘေးဘီကိုစူးစမ်းကြည့်သရော် ၊ ဤခန်းမ၏အဆုံးတွင် လူအရပ်ဆယ်ပြန်ကျော်မျှ ကြီးမားသော ရွှေတံခါးကြီးတစ်ချပ်မှာ မားမားမတ်မတ်ရပ်နေသည့်ပြင် ၊ ထိုတံခါးကြီးပေါ်က နတ်ဘုရားအက္ခရာကြီးနှစ်လုံးမှာလည်း လင်းလက်နေလေသည်။ ယင်းကြီးကို မော့ကြည့်နေလျက်ပင် ဆိုရင်း(န်)မှာ မျက်နှာအကြီးအကျယ် ပျက်သွားလေသည် ။

“ဘာဖြစ်တာလဲ”

“ဒီကောင် … ဒီပိရမစ်ကြီးကို လုံးဝ ပိတ်ချနေတာ ။ ၈၁% ရောက်နေပြီ ။

“၁၉% အတွင်း အမီတားရမယ်ဆိုတဲ့ သဘောပေါ့ ။ ဒီတံခါးနောက်မှာ ရှိတာမလား ။ ဖွင့်လိုက်တော့ အော်ရကယ်ချုပ်”

ထိုစဉ် စာလုံးကြီးမှာ မှိန်သွားပြီးနောက် တခြားစာလုံးနှစ်လုံးလင်းလာလေသည် ။

“အခုချက်ချင်း ၈၂% ကိုတက်သွားပြီ ။ အထဲမှာ ဘာတွေရှိနေမယ်ဆိုတာ မသေချာဘူး ။ ဒီတိုင်းဝင်လို့မဖြစ်ဘူး လီယိုကြီး”

“ဒါဆိုမင်းက ဘယ်လိုလုပ်ချင်တာလဲ”

“ငါ …လျှို့ဝှက်ပေါက်တစ်ပေါက်ကနေ ပတ်ဝင်ပြီး အခုလို ပိတ်ချနေတာကို ပြန်တားတတ်တယ် (Manual Override) ။ ဒါပေမဲ့ အဲသည်လိုတားတာက ချက်ချင်းမပြီးဘူး ။ တစ်ဆင့်ချင်း ပြန်တားရမှာ … ငါသာဒါမျိုးဝင်နှောက်ရင် ဒီကောင်က သိသွားပြီး ငါ့ဆီချက်ချင်းရောက်လာလိမ့်မယ်”

သူခေါင်းညိတ်လိုက်၏ ။

“အဲတော့ … ငါက အခု (အေ) ဆိုတဲ့ကောင်ကို ရင်ဆိုင်ပေးထား ။ မင်းက နောက်ကနေ သူလုပ်နေတာကို ပြန်ဖျက်မယ်ပေါ့”

“ဘယ်လိုလဲ … လုပ်နိုင်တယ်မလား ။ အမိန့်ပေးစရာ ယန္တရားရုပ်မရှိရင် ငါလည်းလူပိုပဲ ။ ဟက်(စ်)တန်လည်း လူပိုဖြစ်နေပြီ”

“အို … ဘယ်လိုလုပ် လူပိုဖြစ်ရမှာလဲ … ဒီက လူကြီးလူကောင်းက လေဒီအော်ရကယ်ရဲ့ နောက်ကို လိုက်ပြီး ရွပ်ရွပ်ချွံချွံကာကွယ်ပေးမှာပါ ။ မှော်ပညာမသုံးနိုင်တဲ့ အခါမှာလည်း ဒီတုတ် …”

“ဟာ … နင်အေးဆေးနေစမ်းပါ ။ စကားပြောလိုက်ရင် နင့်လေတွေက ဂီဟာဒြန်းဆဲလ် ထက်တောင်ရှည်တယ်”

ဟုဆိုပြီးနောက် သူ(မ)မှာ သူ့ကိုမော့ကြည့်လေသည် ။

“လီယိုကြီး ငါ့ဘက်က တားဖို့အချိန်က လုံလောက်တယ်နော် ။ အထဲမှာ ဘယ်လိုအန္တရာယ်မျိုး စောင့်နေတယ်ဆိုတာ မသိဘူး ။ ဒါကြောင့် ကတိပေးပါ … ငါအလုပ်ပြီးတဲ့အချိန်ထိပဲ (အေ) ဆိုတဲ့ကောင်ကိုခုခံပေးထား ။ ခုပဲခုခံ … နင်ဘာမျှပိုမလုပ်နှင့်နော် … အသက်မသေရဘူးနော် … ငါ့အာရုံတွေ လုံးဝမကောင်းလို့ပြောနေတာ”

ခေါင်းတုံးမလေး၏ နှုတ်ခမ်းပါးနှစ်လွှာမှာကား တင်းတင်းစေ့နေ၏ ။ အနက်ရောင်အစေးများ လိမ်းကျံထားသည့် နဖူးကြောများလည်း ရှုံ့နေ၏ ။ ဟာသပြောခြင်း ပေါ့ပေါ့ပါးပါး လုပ်ခြင်းများ အလျင်းမရှိတော့သောကြောင့် သူလည်း ကတိပေးလိုက်ရာ၌ ၊ သူ(မ)က

“ရီ(မ်) ဒိုဒို ရူနော့ ခေးလ သီဒ မီး(မ်) အယ် ခု(လ်) ”

ဟုရေရွတ်လိုက်လေလျှင် တံခါးကြီးပေါ်က

https://mmxianxia.com/wp-content/uploads/2026/04/IMG_7958.webp

အက္ခရာများ လင်းလက်လာပြီး တံခါးရွက်ကြီးမှာလည်း စတင်ရွေ့လျားလာသည် ။ ထိုအခါ သူ(မ)က သူ့ကိုတစ်ချက်ပြုံးပြ၍

“ဒီဂါထာရဲ့ ဘာသာပြန်က ပရိမာဏရှုထောင့် ၁၁ ခု ၊ ငါ့ကို စွမ်းအားပေးသနားတော်မူပါ (11 Dimensions, Give me Strength) တဲ့ ။ လီယိုနာ့ဒ်ကြီး … နတ်ဘုရားမ မေဟန်ဟီရစု နင့်ကိုစောင့်ရှောက်ပါစေ”

ဟုဆိုပြီးနောက် တံခါးကြီး၏ဘေးနားက အက္ခရာတစ်လုံးကို လက်ဖဝါးဖြင့် ဖိလိုက်သည့်အခါ ထိုနေရာ၌ ခွေးတိုးပေါက်အရွယ် ဥမင်လေးပွင့်လာသည့်အတွက် ၎င်းတို့နှစ်ယောက်မှာ လေးဖက်ကုန်းလျက် ဝင်သွားကြလေသည် ။ ထိုဂါထာကိုလည်း သူနားမလည်လင့်ကစား မှတ်သားထားလိုက်ပါသည် ။

တကျွီကျွီအသံများနှင့်အတူ တံခါးနက်ကြီးနှစ်ချပ်မှာလည်း ပွင့်လာသည့်အားလျော်စွာ လီယိုနာ့ဒ်မှာ ဤတံခါးကြီးကို စိုက်ကြည့်နေလျက် မျက်စိအတွင်းပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာလေသည် ။

ဆက်ဖီဘီယမ်မလေး တစ်ယောက်ကို လက်ဝါးကပ်တိုင်ပေါ်တင်ကာ ခဲနှင့်ဝိုင်းထုကြသဖြင့် မျက်နှာတစ်ခုလုံး ကြေမွသွားသည့်မြင်ကွင်း ၊ အဲလရော့ အင်္ကျီဝယ်နေကြိုက် လေဖြတ်သွားသည့်မြင်ကွင်း ၊ သမုဒယရတီနန်းတော်ထက်က လေဒီ ဆယ်ဖီးနီနှင့်အော်စလန်တို့၏ မြင်ကွင်း ၊ ဆေးရုံကြီးက ကျောက်ဇရပ်အတွင်း ပိတ်လှောင်ခံထားရသည့် လူနာများ၏မြင်ကွင်းနှင့် လိမ္မော်ရောင်မျက်လုံးဝိုင်းနှင့် လူးသို့(စ်)လေးမှာ မိုးသည်းအတွင်း၌ ယမ်နလာမှိုပွင့်လေးများ ပိုက်ထားသည့်မြင်ကွင်း စသည့်အမှုများအားလုံးကို ကျူးလွန်သူမှာ ယခုဆိုလျှင် သူနှင့်တံခါးတစ်ချပ်သာ ခြားတော့ပြီး ယင်းတံခါးမှာလည်း စတင်ပွင့်ဟနေလေပြီ ။

(အေ) ဟု အမည်ပေးထားသော ၎င်းကားမည်သူနည်း ။ တိတိကျကျသူမသိ ။ သေချာသည်ကား ချင်းသည် တိုက်ပွဲအတွင်းမှာပင် တစ်ဖက်သူ၏ ဦးခေါင်းကို ရောင်ခြည်ဓားမလိုဘဲ အခက်အခဲမရှိဖြတ်နိုင်သူ ။ တန်နားဘရက်(စ်)က နတ်ဘုရားများ၏ တန်ခိုးကျိန်စာများကို တိုက်ရိုက်အသုံးပြုနိုင်သူ ။ ထို့နောက် ကမ်းကုန်အောင် ရက်စက်သည့်သူတည်း ။

အသက်ကို အဆုံးထိ ရှိုက်သွင်းလိုက်သည် ။ တံခါးကြီးပွင့်သွားပြီဖြစ်သောကြောင့် အတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာ၏ ။ တစ်ချိန်လုံး အမှောင်တွင်းက ဒုက္ခပေးနေသူကို ထိပ်တိုက် ရင်ဆိုင်ရတော့မည်ဖြစ်သောကြောင့် သူ့စိတ်များမှာ သာ၍ပင် တည်ငြိမ်လာ၏ ။ ယန္တရားချပ်ဝတ်၏ ဘက်ထရီနှင့် ဟေဆွန်ဓား ဘက်ထရီနှစ်ခုလုံးမှာလည်း အားပြည့်နေဖြစ်လေရကား မကြာမီတွင် ရမထာသိင်္ဂီ နတ်ဘုရားမ၏ နန်ကွန်းကြီးထိပ်၌ အပြင်းထန်ဆုံး တိုက်ပွဲတစ်ခု ပေါ်ပေါက်လာတော့မည်ကား မသွေ မုချ ဧကန္တပေတည်း ။ ။

**************

All Chapters