The Shattering
Vol. 1 Ch. 0.2
ဤနေရာသည် အမှောင်ထုတစ်ခု ဖြစ်သည် ။ အမှောင်ထု၏ အလယ်၌ မှိန်ပျပျအလင်းတန်းလေး တစ်တန်းမျှသာရှိ၍ ၊ ထိုအလင်းတန်းလေး အောက်ဝယ် မဟန္တ မဟူရာ ပလ္လင်ကြီးတစ်ခုမှာ ဟီးထနေသည့်ပြင် ၊ ယင်းပလ္လင်ကြီးပေါ်၌ ကြွက်သားများ အမြောင်းမြောင်းထနေပြီး ခါးတစ်ပိုင်းသာပါသော ဧရာမ ဖုတ်ကောင်ရုပ်တုကြီး တစ်ရုပ်မှာလည်း တည်တံ့လျက်သား စံမြန်းနေလေသည် ။ ကျန်သော ခါးတစ်ပိုင်းမှာ မည်သည့်နေရာသို့ ရောက်နေပါသနည်း ။
အနှီရုပ်တုကြီးကား မြင့်ထည်လွန်းလှ၏ ။ ကြေမွနေသော ကျောက်စွန်း ကြွက်သားများကြားမှ သွေးခြောက်များလည်း စီးကျနေ၏ ။ ၎င်းကြီးကား မျက်လုံးမပါ ။ မျက်တွင်းများလည်း ဟောက်ပက် နစ်ဝင်နေသောကြောင့် ဤသည်ကို ရှုမြင်ရသည်ကား အမှောင်တိပြီးသော ချောက်နက်ကြီးကို ကြည့်နေရသည့်အလား မျက်တွင်းအလယ်၌ အမိုက်ကျ နေသည်သာမက ၊ ပါးစပ်တစ်ဝိုက်က နှုတ်ခမ်းသားများ ကျိုးပဲ့နေသဖြင့် ချွန်မြနေသော သွားကြီးများမှာ အချောင်းလိုက် အမြောင်းလိုက် ထင်းထနေကြပြီး ၊ ခေါင်းပေါ်က မည်းနက်နေသော ဆံချည်ထွေးကြီးမှာမူ ကျောကုန်းတစ်လျှောက် ဖားလျားကျနေသည့်ပြင် ယင်းတို့မှာ ကြမ်းတလင်းပေါ်တွင်လည်း ကင်းခြေများများ တရွရွ သွားနေသည့်နှယ် ပြန့်ကျဲနေသေးသည် ။
ထိုပလ္လင်အနားဝယ် ဓားရှည်တစ်ချောင်းမှာ မြေပေါ်၌စိုက်နေ၍ ၊ ပလ္လင်အောက်တွင်မူ ဝတ်ရုံနက်ခြုံထားသူမှာ ဒူးထောက်လျက်သား ၊ လက်နှစ်ဖက်လုံးကို အချင်းချင်း ကိုင်ဆုပ်လျက်သား ခေါင်းငိုက်စိုက်ကျနေရုံမျှမက ၊ ၎င်း၏ လှုပ်လှုပ်ရွရွဖြစ်နေသော နှုတ်ခမ်းမှလည်း စကားသံများမှာ တစ်ခွန်းပြီးတစ်ခွန်း စီးကျနေလေသည် ။
“ကြယ်မှုန်တွေပေါင်းစည်းသွားရင် ပုံပြင်တွေဖြစ်လာသတဲ့”
“ဒီနေရာနှင့် အရမ်းဝေးတဲ့ အနီးဆုံးအရပ်မှာ ငါတို့ … အိမ်လေးရှိခဲ့တယ်”
“ဒီ အိမ်လေးပေါ်မှာ ငါတို့တွေ ဖြစ်တည်ခဲ့ကြတယ် ။ ရှင်သန်ခဲ့ကြတယ် ။ တိုးတက်ခဲ့ကြတယ် ။ အဏုသိင်္ခပမာဏ သဘောတရား ( Quantum Mechanics ) နှင့် အချိန်တလင်း ညွှတ်ဆွဲမှု နိယာမ ( General Relativity ) တို့ မပေါင်းစည်းနိုင်မီမှာ ငါတို့ … ဆိတ်သုဉ်းခဲ့ကြတယ်”
ယင်း၏အသံများ တုန်ယင်လာသည့်ပြင် ၊ တစ်ကိုယ်လုံးလည်း လှုပ်ခါလာ၍ နှာခေါင်းမှ သွေးစေးများမှာ အမှောင်ထုထဲသို့ တစ်စက်ပြီးတစ်စက် ဆင်းသက်လာ၏ ။
“အဓိမတ္တမိစ္ဆာကို ရင်ဆိုင်ဖို့ ရမထာသိင်္ဂီ နတ်မိမယ်ဟာ ညီမျှခြင်း တစ်ကြောင်းရေးခဲ့တယ် ။ ဒီညီမျှခြင်းကို ရှင်းဖို့ကြိုးစားရင်း ငါတို့တွေ … ငါတို့အသိတရားတွေဟာ … မသိမိခိုက်မှာ ဝါးမျိုခံနေရပြီ ။ ဒီ ညီမျှခြင်းကို မရှင်းနိုင်ရင် အသူတစ်ရာမရဏ ဟာ စောင့်ကြိုနေတယ်”
ဟုဆိုပြီးနောက် စကားသံများ ခေတ္တခဏ ရပ်ဆိုင်းသွားလေသည် ။ တဒင်္ဂမျှကြာသောအခါမှ ဝတ်ရုံနက်မှာ ကြမ်းပြင်က အမှောင်ထုကြီးကို ငေးကြည့်နေလျက်
“ဆက်ရှင်းရင်လည်း … ဥဿုံတိမ်ကောမဲ့ စစ်ပွဲကြီးဆီကို ဦးတည်နေပြီ … ဒီ ကျိန်စာ ညီမျှခြင်း … ဒီ မကောင်းဆိုးဝါး ညီမျှခြင်း … ငါတို့ရဲ့ရတနာ …”
စကားဆုံးသည်နှင့် အချင်းချင်း ကိုင်ဆုပ်ထားသော လက်နှစ်ဖက်လုံး ပြုတ်ထွက်သွားသည့်အလျောက် ၎င်းမှာ ဒူးထောက်နေရာမှ လေးဖက်ထောက် ကျသွားလေရာ ၊ ဤသို့လေးဖက်ထောက်လျက်ပင် ပလ္လင်ကြီးရှိရာသို့ တွားသွား၍ ၊ ပလ္လင်နားက ဓားရှည်ကို ဆွဲကိုင်လိုက်ပြီးနောက် ဓားဦးအား တစ်မျှင်တည်းသာ ထိုးကျနေသော အလင်းတန်းလေးဆီသို့ ကိုင်မြှောက်လိုက်လေသည် ။ ယင်း၏အသံများစတင်ကျယ်လောင်လာ၏ ။ မှေးမျှင်နေသော အလင်းတန်းလေးနှင့်အတူ ဤအသံက အမှောင်ထုကို စတင်ထိုးခွင်းလာ၏ ။
“နိုးထကြလော့ ဥတ္တမမှေးမှိန်သူတို့ … အကြောင့်ကြရဆုံးအခိုက်မှာ သင်တို့ဘယ်ရောက်နေကြသလဲ … ဗျာဒိတ်လွန် အရှုံးသမား … အချိန်ပြောင်းပြန် ဝိဇ္ဇာ … ခေါင်းကိုးလုံးနှင့် သုန္ဒရီ … သင်တို့အားလုံး … ငါ့ရဲ့မြည်တမ်းသံတွေကို ကြားကြသေးရဲ့လား”
ပြောနေလျက်ပင် လေသံများ ပျက်လာ၏ ။ လေသံများ ပျက်နေလျက်ပင် စကားလုံးများ ယွင်းလာ၏ ။ စကားလုံးများ ယွင်းနေလျက်ပင် အသိစိတ်များ ပျောက်လာ၏ ။
ဤကဲ့သို့ အပျက်ပျက် အယွင်းယွင်း ၊ အထပ်ထပ် အထင်းထင်း တောင်းဆိုရင့်ကျူးသံတို့နှင့်အတူ ဓားကိုင်ထားသော ချင်း၏လက်များတုန်ယင်လာ ပြီးနောက် ၊ အကြင်သူမှာ ထိုဓားရှည်နှင့်ပင် သူ၏ဝမ်းဗိုက်ကို ပြန်လည် ထိုးစိုက်လတ်သရော် ၊ ၎င်းသည်ကား ဓားတန်းလန်းနှင့် အရုပ်ကြိုးပြတ် လဲကျ၍ ၊ သင်း၏ခန္ဓာကား ပလ္လင်ခြေရင်း၌ မှောက်လျက်သား ။ ပလ္လင်ထက်က ဖုတ်ကောင်ရုပ်တုကြီးကလည်း ဒင်းကို ငုံ့ကြည့်နေလျက်သား ။
ပါးစပ်က တပွက်ပွက်ထွက်နေသော သွေးများမှာ ပလ္လင်ခြေရင်းတွင် ခွေလိပ်နေသော ဆံပင်ထွေးကြီးများကြား အိုင်ထွန်းလာ၏ ။ အကြောဆွဲနေသော လက်ချောင်းများက ကျောက်သားကြမ်းပြင်ကို အဓိပ္ပာယ်မဲ့ ကုတ်ခြစ်လာ၏ ။ သို့သော် အနှီသူ၏ နှုတ်ခမ်းများမှာ လှုပ်ရွနေဆဲ ။
“နောက် … နောက်ဆုံး … အာဃာတ မီးစွယ်တွေကြားက သူရဲကောင်း ။ သင် … သင်တို့ နိုးထကြလော့ … အချိန် … အချိန်မကျန်တော့ဘူး … သူ … သူ … ရောက်လာရင် … သူရောက်လာတဲ့ အချိန် … အဲသည်အချိန်ဟာ … အဲသည်အချိန် … ဟာ …”
၎င်း၏လေသံများ ယိုယွင်းလာ၏ ။ အသက်ရှူသံများ တိုးညင်းလာ၏ ။ စိတ်ဝိညာဉ်တို့ ကျဆုံးလာ၏ ။ သို့သော် နောက်ဆုံးလက်ကျန်ခွန်အားလေးဖြင့် ခေါင်းမော့ကြည့်ရာ၌ ပလ္လင်ထက်က ဖုတ်ကောင်ရုပ်တုကြီး၏ မျက်တွင်းနက်ကြီးနှင့် မျက်လုံးချင်း ဆိုင်မိသွားသည်တွင် ၊ သူ၏တစ်ကိုယ်လုံးမှာ ဓာတ်လိုက်သကဲ့သို့ ဖျပ်ဖျပ်လူးလာသည့်ပြင် သူ့မျက်လုံးများလည်း ပြန်လည်တောက်ပလာလင့်ကစား ၊ ဤသည်ကား အမှောင်ကို ခွင်းသည့်တောက်ပမှုမျိုးမဟုတ်ဘဲ ၊ မှောင်လွန်း၍ တောက်ပလာသည့် ၊ အမိုက်ထုများ အမြုတေတည်သည့် မဟူရာသလင်းခဲ၏ လင်းထိန်မှုမျိုး ။
ထို့နောက် သွေးအလိမ်းလိမ်းဖြစ်နေသော မျက်နှာမှာလည်း အပြုံးတစ်ခု လှစ်ဟလာ၍ ၊ သူ့လည်ပင်းမှာ ဘေးသို့စောင်းလာ၏ ။ ယင်းနောက် တအစ်အစ်အော်သံများလည်း လည်ချောင်းဝက ကုပ်ကပ်တက်လာ၏ ။ ၎င်းနောက် ဖျောက်ခနဲ မြည်သံနှင့်အတူ သင်း၏မျက်နှာကား နောက်စေ့ထိ တစ်ပတ်လည်ထွက်သွားလေတော့သည် ။
သည့်နောက်ချင်းမှာ မှောက်နေရာမှ ပြန်ထလာ၏ ။ ယခုအခါ ဤသူ၏ မျက်နှာနှင့် နောက်စေ့မှာ နေရာချင်းလဲသွားလေပြီး ၊ ဝမ်းဗိုက်ကို ထိုးစိုက်ထားသော ဓားထိပ်မှ သွေးများသည်လည်း အောက်သို့ စီးကျနေရာမှ အပေါ်သို့ပျံတက်လာ၏ ။ ၎င်းနောက် ခန္ဓာကိုယ်ကား ကျောပေးလျက်သား ၊ လည်ထွက်နေသော မျက်နှာကြီးကား သေလျက်သားဖြင့် စကားတစ်လုံးချင်းစီအား အာခေါင်ခြစ်အော်ချ လိုက်လေတော့သည် ။
“သည်အချိန်ဟာ … ဓားသွားနှင့် လှံဖျားတွေ သွေးသောက်ကြမဲ့ကာလ”
“လူပျော့သူညံ့ တွေကို သုတ်သင်မဲ့ သမယ”
“သည်အခါဟာ … ကမ်းကုန်အောင်ရူးပြီး ၊ ယမ်းကုန်အောင် သတ်ကြမဲ့ အခါ … ခါ … ခါ … တော် … တ … တ …”
အော်သံကြီး စတင်ပြတ်တောင်းလာ၏ ။ မပီမသသံများ စိုးမိုးလာ၏ ။ အသိတရားများ ကြွေဆင်းလာ၏ ။ ယင်းနောက်၎င်းမှာ ဝမ်းဗိုက်၌ ထိုးစိုက်နေသော ဓားရိုးကိုလက်နှစ်ဖက်လုံးဖြင့် ကိုင်ဆုပ်၍ ဓားသွားကို အလျားလိုက်အနေအထား ရောက်အောင် ဆွဲလှည့်ပြီးနောက် သူ၏ ဝမ်းဗိုက်နှင့် ခါးရိုးကို ထက်ပိုင်းဖြဲချပစ်လိုက်တော့သည် ။
“အ … အား …”
သွေးများကား ဖြာခနဲ ။ သူ့ခါးမှာ ထက်ပိုင်းပြတ်ထွက်သွားလေပြီး ၊ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ပလ္လင်ခြေရင်းသို့ လန်ကျ၍ အောက်ပိုင်းမှာ အမှောင်ထုထဲသို့ လိမ့်ဝင်သွားသည် ။ ဗိုက်ထဲက အူပြတ်များ ၊ ကလီစာ အပိုင်းအစများနှင့် သွေးမျှင်တန်းများအားလုံး မိုးပေါ်သို့ ပျံတက်နေကြပြီး ဖုတ်ကောင်ရုပ်ကြီး၏ သွားကြားထဲသို့ စိမ့်ဝင်နေကြသည် ။
အသံထွက်ဖို့ ကြိုးစားလေတိုင်း ရင်ခေါင်းဝက ဆို့တက်လာ၏ ။ မြင်ကွင်းများ စတင်ဝေဝါးလာစေကာမူ နောက်ဆုံး ထွက်သက်ထိ မဟူရာ ပလ္လင်ထက်က ခါးပြတ် ဖုတ်ကောင်ရုပ်တုကြီးကို ငေးမောနေဆဲ ။ ၁၈၀ ဒီဂရီလည်ထွက်သွားသော ခေါင်းနှင့် ၊ မျက်နှာဖြင့် ဤအရာကြီးကို ခစားမိနေဆဲ ။ ရုန်းကန်မိနေဆဲ ။
ယင်းသို့ဖြင့် အရာရာအားလုံး ငြိမ်သက်သွား၏ ။ မှိန်ပျပျအလင်းတန်းလေးမှာ မှိန်သည်ထက် ပိုမှိန်လာပြီး အမှောင်ထုမှာလည်း နက်ရှိုင်းသည်ထက် ပိုမိုနက်ရှိုင်းလာကာ မဟူရာ ပလ္လင်နက်ကြီးမှာလည်း ပတ်ဝန်းကျင်နှင့် တစ်သားတည်းကျလာသကဲ့သို့ ၊ အကြင်သူ၏ ခါးတစ်ပိုင်းပြတ် ခန္ဓာကိုယ်ကိုလည်း ကြမ်းပြင်ပေါ်က ဆံပင်များက အထပ်ထပ်ရစ်ပတ်လာ၍ ၊ နောက်ဆုံးဝယ် အရာရာအားလုံးကို မုချပျက်သုဉ်းမှုတို့ နှင့် ပမဇ္ဇနာမေ့လျော့မှု ( Absolute Oblivion ) တို့ကသာ အလုံးစုံ ဥဿုံ ဖုံးလွှမ်းလာလေတော့သတည်း ။ ။
**********