← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၉၄)

"ဂရုစိုက်ပါ"

သူမလည်း အရည်မရအဖတ်မရတွေ မပြောတော့ဘဲ သတိပေးစကားသာပြော၍ တောထဲသို့ဝင်ရောက်လိုက်ပါသည်။

ဇာမဏီငှက်က ဖီးနစ်နှစ်ကောင်နဲ့တိုက်နေရတာဖြစ်လို့ အောက်စည်းမှာရောက်နေတာကြောင့် သူမသာ ဒီနေရာမှာပဲ စိုးရိမ်စိတ်ကြောင့် နေနေလိုက်မယ်ဆိုပါက ဇာမဏီငှက်အတွက် ဝန်ပိုးတစ်ခုသာဖြစ်နေမှာပါ။

ရှန်ယန်ရှောင်က စကားနားထောင်ပြီး တောထဲကိုဝင်သွားတာ တွေ့လိုက်ရတဲ့ ဇာမဏီငှက်က ကြီးမားလှသော ဖီးနစ်နှစ်ကောင်ကိုမော့ကြည့်၍ သူ့နှုတ်ခမ်းမှာ ဝံ့ကြွားတဲ့အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

"ဖီးနစ်လောက်နဲ့ကွာ ငါဆိုတဲ့ ဇာမဏီငှက်က မွေးကတည်းကနေ အခုအချိန်ထိ ကြောက်ရမယ့်ကောင် မတွေ့သေးဘူး။ နှစ်ယောက်လုံးအတူလာနိုင်တယ်နော် မင်းတို့မှာ အရည်အချင်းရှိမရှိကြည့်ကြတာပေါ့"

ဇာမဏီငှက်ရဲ့စကားအဆုံးမှာ အနီရောင်အလင်းက တစ်ကိုယ်လုံးကိုဖုံးသွားခဲ့ပြီး အလင်းပျောက်ကွယ်တဲ့အခါ မီးတောက်တွေတောင်လောင်နေတဲ့ ကြီးမားသော မီးငှက်တစ်ကောင်က ဖီးနစ်နှစ်ကောင်နဲ့ မျက်နှာချင်းဆိုင်မှာ ရောက်ရှိနေပါပြီ။

ကူလောင်တောင်တစ်တောင်လုံးက မှော်သားရဲတွေဟာ ဒဏ္ဍာရီသတ္တဝါသုံးကောင်ရဲ့ စွမ်းအားအရှိန်အဝါတွေကြောင့် အသိုက်ထဲမှာပဲ တုန်ရီစွာပုန်းအောင်းနေကြပြီး အပြင်ကိုခြေတစ်လှမ်းမှမလှမ်းရဲခဲ့ကြတော့ပါ။

ကောင်းကင်ယံမှာတော့ မီးရောင်ရှိတဲ့ သဏ္ဍာန်ကြီးသုံးခုက တိုက်ခိုက်ထိတွေ့သွားပြီး မီးတောက်တွေအများအပြား လွင့်ပျံနေပြီး တောအနှံ့မှာလောင်ကျွမ်းသွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကူလောင်တောင်ထိပ်တစ်ခုလုံး မီးပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့တော့သည်။

တောင်ရဲ့တစ်နေရာမှာတော့ လွတ်မြောက်လာခဲ့သော ကြေးစားတွေဟာ ကြောက်ရွံ့မှုကြောင့်ရူးမတတ်ဖြစ်သွားရသည်။ ဖီးနစ်ငှက်ဟာ အလွန်အမင်းစွမ်းအားကြီးသူလို့ ထင်ထားကြတဲ့သူတို့တွေဟာ ဖီးနစ်ငှက်နဲ့ တန်းတူတိုက်ခိုက်နိုင်သော နောက်ထပ်ဒဏ္ဍာရီသတ္တဝါတစ်ကောင် ရုတ်ချည်းပေါက်ချလာမယ်လို့ မထင်ထားကြပါဘူး။

"ဒဏ္ဍာရီသတ္တဝါသုံးကောင်တောင် ဘုရားရေ ကူလောင်တောင်က ဘယ်လိုနေရာလဲဟ။ ဘာလို့ဒဏ္ဍာရီသတ္တဝါတွေ ဒီလောက်အများကြီးရှိနေတာလဲ"

တစ်သက်မှာတစ်ခါတောင် မတွေ့နိုင်သော ဒဏ္ဍာရီသတ္တဝါတွေရဲ့ တိုက်ပွဲအား သူတို့တွေဟာ ထွက်ပြေးရကောင်းမှန်းမသိတော့ဘဲ နေရာမှာတင်ရပ်ကာ ငေးကြောင်ကြည့်နေမိကြပါတယ်။

တူလန်းရဲ့လက်တွေလည်း တုန်ရီစပြုလာပြီး ရူးသွပ်သောအတွေးတစ်ခု သူ့စိတ်ထဲမှာဖြစ်တည်လာပါတယ်။

ဟောင်ရှောင်ထွက်သွားပြီးတော့ မီးငှက်ထွက်လာတော့ တစ်ခုခု ဆက်စပ်နေမယ်လို့ တွေးမိသွားတာပါ။

မီးတောက်မီးလျှံတွေကို ရှောင်တိမ်းရင်းနဲ့ ကောင်းကင်တိုက်ပွဲကို ရှန်ယန်ရှောင်ကြည့်နေခဲ့သည်။

နှစ်ကောင်တစ်ကောင်ဆိုသော်လည်း ဇာမဏီငှက်အခြေအနေက သိပ်မဆိုးဘဲ ဖီးနစ်နှစ်ကောင်ရဲ့ တိုက်ခိုက်မှုတိုင်းကို ချေဖျက်နိုင်ခဲ့ပါတယ်။

"ဇာမဏီငှက်က ဖီးနစ်တွေနဲ့ အကြာကြီးမတိုက်နိုင်ဘူး။ သူက ဒဏ်ရာရထားတုန်းပဲရှိသေးတယ်။ အခုအချိန်ထိတော့ ဘာမှဖြစ်ပုံမပေါ်ပေမယ့် ကြာလာရင်တော့ ဇာမဏီငှက်ဟာ ဖီးနစ်နှစ်ကောင်လက်ချက်နဲ့ ဒဏ်ရာရသွားလိမ့်မယ်"

ရှူ၏အေးခဲသောအသံက ရှန်ယန်ရှောင်အား သတင်းဆိုးတစ်ခု ပေးလိုက်ပါတယ်။

"ဇာမဏီငှက်က ဒဏ်ရာရထားခဲ့တယ် ဟုတ်လား"

သူမ ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားရသည်။ သူမဟာ ဇာမဏီငှက်နဲ့ စာချုပ်ထားတာ ကြာနေပြီဖြစ်သော်လည်း ဒဏ်ရာအကြောင်း မသိခဲ့ပါဘူး။ ဒါပေမယ့် အကြောင်းမရှိဘဲနဲ့တော့ ရှူကလည်း ပြောမှာမဟုတ်ဘူး။

"အင်း ဇာမဏီငှက် လူ့အသွင်ယူတဲ့အခါမှာ သူ့အနေနဲ့ အရွယ်ရောက်သူတစ်ယောက်ပုံ ဖြစ်ရမှာကို ကလေးတစ်ယောက်ဖြစ်နေခဲ့တယ်လေ။ ဒါက သူ့စွမ်းအားတွေ ပြင်းပြင်းထန်ထန်ထိခိုက်ထားတဲ့ဆိုတဲ့သဘောပဲ။ ဒီအတွက်ကြောင့် ဒဏ်ရာကုသဖို့အတွက် သူ့အစွမ်းကိုလျှော့ချထားရတာပဲ"လို့ ရှူကပြောလိုက်သည်။

ဒီအကြောင်းကို သိလိုက်ရတဲ့ ရှန်ယန်ရှောင်ဟာ ဇာမဏီငှက်အတွက် ပူသွားခဲ့သည်။ ဖီးနစ်နှစ်ကောင်က ဇာမဏီငှက်လောက် မစွမ်းပေမယ့် အပေးအယူမျှတစွာ တိုက်ခိုက်နေတာကြောင့် ဘယ်အချိန်ဆုတ်မယ် ဘယ်အချိန်တက်ရမယ်ဆိုတာကို နားလည်နေလို့ လက်ရည်တူဖြစ်နေပါတယ်။

ဇာမဏီငှက်က ဒဏ်ရာရထားခဲ့လို့ အချိန်အကြာကြီး မတိုက်နိုင်ဘူးဆိုတော့ ကောင်းကင်ကနေပြီး အချိန်မရွေးပြုတ်ကျလာနိုင်ပါတယ်။

ဇာမဏီငှက်အပေါ်မှာ ရှန်ယန်ရှောင်ရဲ့ ဆက်ဆံပြုမူပုံက သိပ်မကောင်းဘူးဆိုပေမယ့် ဒါက သူ့ကို စနောက်ချင်လို့သာဖြစ်ပါတယ်။ သူမရဲ့ရင်ထဲမှာတော့ ဇာမဏီငှက်ကို သူမ၏ ကိုယ်ပိုင်မှော်သားရဲအဖြစ် မှတ်ယူထားတာဖြစ်ကာ ထိခိုက်နာကျင်မှာကို မလိုလားပါဘူး။

ရှူပြောသလိုပါပဲ အချိန်ကြာလာတဲ့အခါ ဇာမဏီငှက်လည်း မောပန်းလာပါတော့တယ်။ မီးတောက်ကြီးနှစ်ခုက ဇာမဏီငှက်ကိုယ်ပေါ်မှာ ပေါက်ကွဲသွားကာ ဒီမီးတွေက သူ့ကိုယ်ပိုင်မီးလျှံတွေနဲ့ ရောယှက်စပြုလာပါတယ်။ သူမ ရှင်းလင်းစွာမမြင်ရပေမယ့် ဇာမဏီငှက်ရဲ့အမွှေးအတောင်တစ်ချို့မှာ မည်းနက်နေတာကို တွေ့လိုက်ရသည် ဖီးနစ်ငှက်ရဲ့မီးက သူ့ကိုဒဏ်ဖြစ်စေခဲ့ပြီ။

သူမရဲ့ စွမ်းအားက ဒီစွမ်းအားကြီးသားရဲတွေနဲ့ ယှဉ်ရင် ဘာမှအရာမရောက်ဖြစ်နေတာကြောင့် ရှန်ယန်ရှောင်ဟာ သူမရဲ့ ကိုယ်ပိုင်မှော်သားရဲကိုတောင် မကာကွယ်ပေးနိုင်ခဲ့လို့ စိတ်ပျက်စိတ်ညစ်နေပါတယ်။

ဇာမဏီငှက်သာ တစ်ကယ်ရှုံးနိမ့်သွားရင် သူမရဲ့ကိုယ်ထဲကို ပြန်ထည့်လိုက်ပြီး ထွက်ပြေးဖု့ိ ကြံရွယ်လိုက်ပါတယ်။ ဖီးနစ်ငှက်တွေဆီကနေ လွတ်အောင်မပြေးနိုင်ရင်တောင် သူမရှေ့မှာ ဇာမဏီငှက်သေသွားမှာကိုတော့ ဒီအတိုင်းထိုင်ကြည့်မနေနိုင်ပါဘူး။

အဲ့ဒီဖီးနစ်ငှက်နှစ်ကောင်က သတ်ဖို့ရည်ရွယ်ချက်ရှိတာ သိသာနေပါတယ်။

ကူလောင်တောင်မှာ ဖီးနစ်ငှက်နှစ်ကောင်ရဲ့ အော်မြည်သံနဲ့ ဇာမဏီငှက်ရဲ့ ဟစ်ကြွေးသံတွေက ပဲ့တင်ထပ်နေပါတယ်။ ဖီးနစ်နှစ်ကောင်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ ဇာမဏီငှက်တစ်ကောင် မီးတောက်ကြီးတစ်ခုကြောင့် လွင့်သွားပါတယ်။

မီးလျှံတွေက သူ့တစ်ကိုယ်လုံးကို ဖုံးသွားပြီး အနီရောင်အတောင်တွေဟာ မီးလောင်ကျွမ်းမှုကြောင့် မည်းချိတ်သွားပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၉၅)

ဆက်မကြည့်နေနိုင်တော့လို့ လျှင်မြန်ဆေးရည်ကို ထုတ်သောက်လိုက်ပြီး ဇာမဏီငှက်ပြုတ်ကျမယ့်နေရာဆီကို လျှင်မြန်စွာပြေးသွားလိုက်ပါသည်။ မီးတောက်တွေက ဇာမဏီငှက်တစ်ကိုယ်လုံးကို လောင်မြိုက်နာကျင်စေနေခဲ့ပေမယ့် သူ့သခင်စုတ်က ရဲဝံ့စွာနဲ့ သူရှိရာဆီပြေးလာနေတာကို တွေ့မြင်လိုက်ရတော့ သူ့လှုပ်ရှားမှုအားလုံးကို ရပ်တံ့လိုက်မိပါတယ်။

သူမ ဒီကိုဘာလာလုပ်တာလဲ သေပန်းပွင့်ချင်နေတာလား။

ဇာမဏီငှက်ပြုတ်ကျသွားတာကို မြင်တွေ့လိုက်ရသော ဖီးနစ်နှစ်ကောင်ဟာ သူ့နောက်ကို ချက်ခြင်းလိုက်သွားကာ မီးတောက်ကြီးနှစ်ခုအား ဇာမဏီငှက်ထံပစ်လွှတ်လိုက်ပါတော့တယ်။

မီးတောက်ကြီးတွေက ဇာမဏီငှက်ကိုသာမက ပြေးဝင်လာခဲ့သော ရှန်ယန်ရှောင်ကိုပါ ဝါးမြိုမယ်အလုပ်တွင် ရှန်ယန်ရှောင်ကိုယ်မှ ခရမ်းရောင်အလင်းတန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာခဲ့ပါသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒီခရမ်းအလင်းတန်းကြီးက ရှန်ယန်ရှောင်နဲ့ဇာမဏီငှက်တို့အား ဖုံးလွှမ်းသွားခဲ့ပါတယ်။ လက်လက်ထနေသော အလွှာပါးလေးတစ်ခုက လျှင်မြန်စွာဖြစ်ပေါ်သွားကာ မီးတောက်ကြီးနှစ်ခုက ဒီအလွှာပါးလေးနဲ့ ထိသွားချိန်မှာ မထင်မှတ်စွာဘဲ နောက်ကိုပြန်ခုန်ထွက်သွားခဲ့သည်။

သူမရဲ့ရင်ဘတ်မှာ စူးစူးရှရှနာကျင်မှုကို ခံစားလိုက်ရပြီး ရှန်ယန်ရှောင်တစ်ကိုယ်လုံး အားအာင်ကုန်ခမ်းသွားသည်။ သူမရဲ့ခြေထောက်နှစ်ဖက်ပျော့ကျသွားကာ ဒူးထောက်ရက်သားဖြစ်သွားရပါတော့သည်။

သို့ပေမယ့် အလွန်တောက်ပသော ခရမ်းအလင်းကတော့ သူမ၏ရင်ဘတ်ကနေ ထွက်ပေါ်နေဆဲဖြစ်ကာ ဒီခရမ်းအလင်းတန်းဟာ လူတစ်ယောက်အသွင်သို့ လေထုထဲမှာတင်ဖြစ်ပေါ်သွားခဲ့ပါသည်။

အလင်းတွေပျောက်သွားတဲ့အခါမှာတော့ ကျစ်လျစ်ခန့်ညားသော အသွင်အပြင်ရှိသူတစ်ဦးကို မြင်တွေ့လိုက်ရပါတော့တယ်။

တဒင်္ဂအတွင်းမှာပဲ ကူလောင်တောင်တစ်တောင်လုံး အလွန်အားကောင်းပြင်းထန်သော ဖိအားကြီးတစ်ခုဖြစ်တည်သွားပြီး တောထဲတွင်လေလည်း ငြိမ်သက်သွားသလို ပုန်းအောင်းနေကြတဲ့ မှော်သားရဲအားလုံး မြေပေါ်သို့တုန်လှုပ်စွာလဲပြိုကျသွားကြသည်။ အဆင့်နှစ်နဲ့အောက်ရှိ အဆင့်နိမ့်မှော်သားရဲအားလုံး သွေးတွေအန်ထွက်သွားကြပြီး မျက်ဖြူစိုက်ကာ သေဆုံးသွားခဲ့ကြပါတယ်။ အလတ်ဆင့်မှော်သားရဲတွေကတော့ ကျောက်တုံးကြီးတွေနဲ့ဖိခံထားရသလို ပြားပြားဝပ်နေကြသည်။ အဆင့်မြင့်မှော်သားရဲတွေသာလျှင် ဒီကြောက်မက်ဖွယ်ဖိအားဒဏ်ကို ခံနိုင်ရည်ရှိကြတာဖြစ်သော်လည်း သူတို့၏ခြေထောက်တွေကတော့ တုန်ခါနေခဲ့ကြပါပြီ။

အဝေးကြီးမရောက်ကြသေးသော ကြေးစားတွေဟာလည်း ဒီဖိအားဒဏ်အောက် ကျရောက်သွားကာ သူတို့ခြေထောက်တွေ ပျော့ခွေသွားတာကို ခံစားမိလိုက်ကြပါတယ်။ ဒီဖိအားဒဏ်ကြောင့် ဝံပုလွေခုနှစ်ကောင်တောင် အသက်ရှူရခက်ခဲနေကြရပါတယ်။

ဒီနှိုင်းစရာမရှိသော ဖိအားကြီးက ကူလောင်တောင်ပေါ်မှာ ရှိသမျှသက်ရှိအားလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ မှော်သားရဲကော လူကောပါ ခုခံနိုင်စွမ်းမရှိခဲ့ပါဘူး။

အဆိုပါလူရိပ်ပေါ်လာတာနဲ့ ဖီးနစ်နှစ်ကောင်လုံး မီတာအတော်ဝေးဝေးထိ လွင့်ပျံသွားခဲ့ရပြီး အမြင့်ကနေပြုတ်မကျစေရန်အတွက် အတော်ခက်ခဲစွာ ထိန်းသိမ်းလိုက်ကြရပါတယ်။

နှစ်ကောင်လုံး ဒီစွမ်းအားကြောင့် လန့်သွားကြပါသည်။

အဆိုပါလူဟာ ကောင်းကင်ယံထက်မှာ ရပ်တည်နေပြီး နက်မှောင်နေသောဆံပင်ရှည်က လေထဲမှာလွင့်နေကာ ရွှေရောင်မျက်လုံးတစ်စုံကတော့ တောက်ပနေသောနေလုံးတွေအလားထင်ရပေမယ့် အေးခဲမတတ်ခံစားချက်ကိုသာ ပေးနေခဲ့ပါတယ်။

"ရှူ..."

ရှူကို သူမရဲ့စိတ်နှလုံးကန်ထဲမှာ မကြာခဏတွေ့မြင်ခဲ့ဖူးသော်လည်း အပြင်မှာတော့ ဒီတစ်ခေါက်သာတွေ့မြင်ဖူးတာဖြစ်သည်။ သူမရှေ့မှာရှိနေတဲ့ ဒီရှူဟာ ပုံရိပ်တစ်ခုသာဖြစ်ပြီး တစ်ကယ့်ရုပ်ဝတ္ထုဖြစ်တည်မှု မဟုတ်ပါဘူး။

ဒါပေမယ့် ဒီပုံရိပ်လေးတစ်ခုကတင် ကူလောင်တောင်ပေါ်ကို အလွန်ကြီးမားစွာသက်ရောက်မှုဖြစ်စေခဲ့ပါတယ်။

ရှူက ဘယ်လိုလူလဲ...

နှစ်ထောင်ချီနေထိုင်ရှင်သန်ပြီးဖြစ်ကြတဲ့ ဖီးနစ်နှစ်ကောင်ဟာ ဒဏ္ဍာရီသတ္တဝါတွေအဆင့်ဖြစ်ကာ သူတို့နဲ့ပြိုင်ဖက်ကို လောက်လောက်လားလားမတွေ့ခဲ့ဖူးပါဘူး။ ဇာမဏီငှက်နဲ့တောင် ယှဉ်တိုက်ရဲခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီဆန်းကြယ်သော ရုတ်ချည်းထွက်ပေါ်လာသော လူကတော့ ဖီးနစ်နှစ်ကောင်ရဲ့ ရင်ထဲကို သက်ရောက်မှုကြီးကြီးဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီလူကို တိုက်ခိုက်ဖို့ကိစ္စမပြောနဲ့ သူနဲ့တစ်နေရာတည်းမှာ ရှိနေရတာကတင် ရင်ထဲမှာ ကြောက်ရွံ့မှုတွေဖြစ်တည်နေရပါတယ်။

ရှူပေါ်လာတာနဲ့ ဖီးနစ်နှစ်ကောင်ထွက်နေတဲ့ ဒေါသတွေပျောက်ကွယ်သွားခဲ့ပြီး လေးစားမှုနဲ့ ကြောက်ရွံ့မှုတွေသာ အစားထိုးနေရာယူလာကြပါတယ်။

မှော်သားရဲတွေမှာ သန်မာသူစွမ်းအားကြီးသူတွေနဲ့ အန္တရာယ်ရှိသူတွေအား အလိုလိုသိစိတ်ရှိပြီး လေးစားကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပါတယ်။

ဖီးနစ်နှစ်ကောင်၏ သိစိတ်အရ သူတို့ရှေ့ကလူဟာ သူတို့အံတုနိုင်သူမဟုတ်ဘူးဆိုတာကို သဘောပေါက်ကြပါတယ်။ သူ့ကို သူတို့နှစ်ကောင်မထိနိုင်ခင်မှာတင် ထိုလူက ခြေတစ်လှမ်းတောင်မရွေ့ဘဲနဲ့ သူတို့နှစ်ကောင်အား အနိုင်ယူနိုင်စွမ်းရှိကာ သူ့ပြိုင်ဖက်မဟုတ်မှန်း အလိုလိုသဘောပေါက်နေကြပါတယ်။

ရှူရဲ့မျက်နှာဟာ မာန်မာနအပြည့်နဲ့ဖြစ်ပြီး တစ်ချက်မှမလှုပ်ရဲကြသော ဖီးနစ်မောင်နှံအား ထူးမခြားနားတဲ့အကြည့်နဲ့ တစ်ချက်ကြည့်လိုက်သည်။ သူက ဒီဒဏ္ဍာရီသတ္တဝါနှစ်ကောင်အား တိုက်ခိုက်ဖို့ထွက်လာခဲ့တာ မဟုတ်ပါဘူး။ သူတို့အား ကြောက်စေရုံလောက်သာလုပ်ဖို့ ထွက်လာခဲ့တာဖြစ်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၉၆)

ဖီးနစ်နှစ်ကောင်လုံး အသည်းငယ်သွားခဲ့ကြရပါတယ်။ မွေးစကနေ လက်ရှိအချိန်ထိ သူတို့စိတ်မှာ အသည်းငယ်ကြောက်ရွံ့မှုခံစားချက်က ဒီအကြိမ်သာပထမဆုံးဖြစ်ဖူးတာပါ။

လေထဲမှာရှိနေသော ရှူဟာ လှုပ်ရှားမယ့်ဟန်မရှိသလို ဖီးနစ်မောင်နှံကလည်း မလှုပ်ရဲကြပါဘူး။

ရှန်ယန်ရှောင်ကတော့ အတော်လေးကို အခြေအနေဆိုးနေပါတယ်။ သူမရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားတော့မလိုမျိုး နာကျင်ခံစားနေရပြီး ချွေးသီးချွေးပေါက်တွေက နဖူးကနေ အဆက်မပြတ်ကျဆင်းနေခဲ့ပါတယ်။

ရှန်ယန်ရှောင်ခံစားရခက်နေတာကို ရှူ သိရှိဟန်ပေါ်ပါတယ်။ ကြောက်နေကြတဲ့ ဖီးနစ်နှစ်ကောင်ကို သူက အရေးမစိုက်ဘဲ ရှန်ယန်ရှောင်ဘေးကို လာလိုက်ပြီး မြေပေါ်လဲမတတ်ဖြစ်နေသော ရှန်ယန်ရှောင်အား ပွေ့ဖက်လိုက်တယ်။

ဖက်တယ်လို့ခေါ်ပေမယ့်လည်း ရှူရဲ့အသားအရေကို သူမ မခံစားမိဘဲ မမြင်ရသော အားတစ်ခုကသာ သူမလဲမကျစေရန်ထိန်းထားတာကို ခံစားမိပါတယ်။

"ခဏ တောင့်ထားလိုက်"လို့ ချွေးတွေနစ်နေသော သူမအား ငုံ့ကြည့်ကာ ရှူပြောလိုက်သည်။ သူမ ဒီလိုဖြစ်နေရတဲ့အကြောင်းကို ရှူ ကောင်းကောင်းနားလည်ပါတယ်။

သူအပြင်ထွက်လာတော့ ဖီးနစ်နှစ်ကောင်ကို ကြောက်ရွံ့အောင်လုပ်ရန်အတွက် သူ့စွမ်းအားတွေကို ဖိနှိပ်မထားခဲ့ပါဘူး။ သူ့လက်ရှိအစွမ်းက မူလကလောက်မစွမ်းတော့သော်လည်း ရှန်ယန်ရှောင် ခံနိုင်ရည်ရှိမယ့်အရာမျိုးမဟုတ်ပါဘူး။ နောက်ပြီး ပုံရိပ်ဖန်တီးဖြစ်ပေါ်စေဖို့ သူ့စိတ်စွမ်းအင်ကို အားထုတ်ခဲ့ရပြီး ဒီအဖြစ်က သူ့ကိုယ်ပိုင်စိတ်စွမ်းအင်ကို ကုန်ဆုံးစေရုံသာမက သူမှီခိုနေရသော ခန္ဓာပိုင်ရှင်ဖြစ်တဲ့ ရှန်ယန်ရှောင်ကိုပါ နာကျင်ထိခိုက်စေပါတယ်။

ဒါပေမယ့်လည်း လက်ရှိအနေအထားအရ သူ မထွက်လာသေးရင် ကောင်မလေးရော ဇာမဏီငှက်ရောပါ ဖီးနစ်နှစ်ကောင်ကြောင့် သေကြတော့မှာပါ။

ရှန်ယန်ရှောင်က အံသာကြိတ်ထားလိုက်ပြီး ဘာမှပြန်မပြောခဲ့ပါဘူး။ အခုအချိန်မှာ ရှူ့ကိုပြန်ပြောဖို့ အားတောင်မရှိပါဘူး။

ရှန်ယန်ရှောင်ကို ပွေ့ထားရင်းနဲ့ ဖီးနစ်နှစ်ကောင်အား တစ်ချက်ကြည့်ကာ ပြောလိုက်ပါတယ်။

"နှစ်တစ်ထောင်ဒဏ္ဍာရီသတ္တဝါတွေ မင်းတို့တိုက်ချင်တယ်ဆိုရင် ငါတိုက်မယ်"

ရှူ၏ အသံက အလွန်သိမ်မွေ့ပြီး သိပ်ထူးခြားမှုမရှိသော်လည်း လူတွေရဲ့ နှလုံးသားကို အေးခဲမတတ်ဖြစ်သွားစေပါတယ်။

ဖီးနစ်မောင်နှံက ပိုလန့်သွားရပါတယ်။ ရှူ့ကို သူတို့က ဘယ်လိုလုပ်တိုက်ခိုက်ရဲမှာလဲ။

သူတို့ရင်သွေးအတွက် ဇာမဏီငှက်ကို တိုက်ခိုက်တုန်းက ဇာမဏီငှက်ရဲ့အစွမ်းကို သူတို့တွေ ခန့်မှန်းလို့ရတယ်လေ။ ဒါပေမယ့် သူတို့ရှေ့က ဒီလူရဲ့ အစွမ်းက ဘယ်လောက်ရှိမှန်းကို သူတို့လည်း မသိပါဘူး။ သူ့အစွမ်းက ဘယ်လောက်ရှိလဲဆိုတာကို သူတို့နှစ်ကောင် မခန့်မှန်းနိုင်ခဲ့ပါဘူး။ နောက်ပြီး ရှူပေါ်လာတာနဲ့ ကူလောင်တောင်တစ်တောင်လုံး ပြောင်းလဲသွားတာကိုလည်း သူတို့ခံစားမိလိုက်ပါတယ်။ ဒီလိုအရှိန်အဝါမျိုးက သူတို့လို ဒဏ္ဍာရီသတ္တဝါလောက်နဲ့ ယှဉ်လို့ရတဲ့အရာမဟုတ်ပါဘူး။

ဖီးနစ်နှစ်ကောင် မလှုပ်ရဲသလို ရှူကလည်း ဘာမှမလုပ်ပါဘူး။ ဒီလိုလိပ်ခဲတည်းလည်း အခြေအနေက တောင်ပေါ်မှာရှိနေတဲ့ မှော်သားရဲတွေနဲ့လူအားလုံးကို ခံစားသွားစေရပါတယ်။ ရှူ၏ အရှိန်အဝါက ဖီးနစ်နှစ်ကောင်ကိုတောင် ဖျားသွားစေတာလေ ဒီလူတွေနဲ့မှော်သားရဲတွေက ဘာတတ်နိုင်မှာမို့လဲ။ ပြင်းထန်ဆိုးရွားလှတဲ့ ဖိအားက လေထုထဲမှာ ဆက်ရှိနေဆဲဖြစ်ကာ အတော်များများ၏ အားအင်တွေက ကုန်ခမ်းနေခဲ့ကြပါပြီ။ တူလန်းနဲ့တစ်ခြား အဆင့်မြင့်ပညာရှင်တွေတောင် အားပျော့စွာ မြေမှာထိုင်နေရပါတယ်။

တောင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သူတို့ မသိခဲ့ပါ။ တော်တော်ထူးတဲ့ အခြေအနေပါပဲ။ ဒဏ္ဍာရီသတ္တဝါသုံးကောင် တိုက်နေတုန်းကတောင် အခုလောက် အခြေအနေ မဆိုးခဲ့ပါဘူး။

ဝံပုလွေခြောက်ကောင်က အသက်ကိုအမောတကော ရှူရှိုက်နေရပြီး တူလန်းအခြေအနေကလည်း သူတို့နဲ့နင်လားငါလားပါပဲ။

ဖီးနစ်ငှက်သိုက်ထဲကို ခိုးဝင်ချင်ကြတဲ့ အနက်ဝတ်စုံဝတ်တွေလည်း ဒီဖိအားကြောင့် ကြောင်အမ်းသွားခဲ့ကြပါတယ်။

သူတို့ဟာ ဘဝတစ်ပါးကူးပြောင်းမယ့်အရေးကနေ ခက်ခက်ခဲခဲနဲ့ လွတ်မြောက်လာခဲ့ရပြီး ပြန်လူစုမိတာ ခဏလေးပဲရှိပါသေးတယ်။ သူတို့ရဲ့ အမှားတွေကို ပြန်ဆန်းစစ်ချိန်တောင် မရလိုက်ကြဘဲ ဒီမမြင်ရတဲ့ အားကြီးကနေ သူတို့အားလုံးကို နေရာမှာတင် သံမှိုစွဲထားသလိုဖြစ်စေခဲ့ပါတယ်။

ခေါင်းဆောင်ဖြစ်သူဟာ ဖီးနစ်ငှက်လိုက်တာခံခဲ့ရလို့ အားအင်ကုန်ခမ်းနေခဲ့တာကြောင့် ဒီဖိအားကြီးက ရုတ်တရက်ဖြစ်ပေါ်လာတဲ့အတွက် မေ့လုမတတ်ဖြစ်သွားသည်။ သူ့စိတ်ထဲမှာတော့ ကိစ္စကြီးတစ်ခုအား တွေးနေမိပါတယ်။

ဒီလိုစွမ်းအားမျိုးကို သူတစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ ဘာကြောင့် ဒီလိုစွမ်းအားကြီးပုဂ္ဂိုလ်က ဒီနေရာမှာ ရုတ်တရက်ပေါ်ထွက်လာတာလဲ။ ဖီးနစ်ငှက်ဥရဲ့ သတင်းက ပေါက်ကြားသွားလို့များလား။

ဘယ်လိုတွေပဲတွေးနေကြပါစေ တောင်ထိပ်ကတော့ သူတို့တွေ သွားသင့်တဲ့နေရာမဟုတ်တော့တာ အသေအချာပါပဲ။

ရှန်ယန်ရှောင် အခြေအနေသက်သာမလာတာကြောင့် ဒီလိုဆက်သွားနေရင် ခံနိုင်မှာမဟုတ်တော့မှာကို ရှူစိုးရိမ်သွားခဲ့ပါတယ်။

မြန်မြန်ဖြေရှင်းတာပဲ အကောင်းဆုံးဖြစ်မယ်။

ရှူ့အတွေးကိုသာ လူတွေသိကြမယ်ဆိုရင် သူ့ခြေရင်းမှာ ဝပ်တွားခယငိုကြွေးတောင်းပန်ကြပါလိမ့်မယ် ဒီဖီးနစ်နှစ်ကောင်က ဒဏ္ဍာရီသတ္တဝါတွေလေ အား....

ဒီလိုရတနာမျိုးကို ပိုင်ဆိုင်ရဖို့အတွက် လူဘယ်နှစ်ယောက်လောက်ထိ အိပ်မက်မက်စိတ်ကူးယဉ်ခဲ့ကြရသလဲ။ ဒါကို ဒီဦးလေးကြီးက မျက်တောင်တောင်မခတ်ဘဲ သတ်ပစ်တော့မယ်တဲ့ သယံဇာတတွေကို ဖြုန်းတီးပစ်တာပဲ။

ရှူ့မျက်စိထဲမှာတော့ ဒဏ္ဍာရီသတ္တဝါဆိုတာ ရှားပါးတဲ့အရာမဟုတ်တာကြောင့် သတ်ဖို့ ဝန်မလေးပါဘူး။

ရှူ့ကိုယ်ကနေထွက်နေတဲ့ အရှိန်အဝါထဲမှာ သတ်ဖြတ်လိုတဲ့အရိပ်အယောင်တွေ ပေါ်ထွက်လာတာကို သိလိုက်တဲ့ ဖီးနစ်နှစ်ကောင်လုံး ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားကြသည်။ ဒီလူက လှုပ်ရှားလိုက်ရင် သူတို့နှစ်ကောင်လုံး ရှင်နိုင်စရာအကြောင်းမရှိမှန်းကို သူတို့မောင်နှံသဘောပေါက်ကြပါတယ်။

သားရဲနှစ်ကောင်ကို သုတ်သင်ရန် ရှူကြံရွယ်နေစဉ်မှာပဲ နူးညံ့သော အသံလေးတစ်ခုက တင်းမာနေသော လေထုကို လျော့ပါးသွားစေခဲ့ပါတယ်။

"ကျိ..ကျွိ"

ဒီအသံက သူ့မိဘရင်ထဲရောက်နေသော ဖီးနစ်ပေါက်စနရဲ့ အသံပဲဖြစ်ပါတယ်။ သူ ဘယ်အချိန်က သတိပြန်လည်လာမှန်း ဘယ်သူမှမသိဘဲ ငှက်လေးက သူ့မိခင်ရဲ့အတောင်တွေကြားကနေ ခေါင်းပြူကာ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေတာဖြစ်ပြီး နောက်ဆုံးမှာတော့ မြေပေါ်မှာလဲနေတဲ့ ဇာမဏီငှက်အား တွေ့မြင်သွားပါတယ်။

ဇာမဏီငှက်၏ လက်ရှိပုံစံက စောစောကပုံနဲ့တစ်ခြားစီဖြစ်နေသော်လည်း လှပတဲ့ငှက်ကိုတွေ့လိုက်တဲ့ ဖီးနစ်လေးဟာ သူပထမဆုံးမြင်ခဲ့ရသူထံကနေ ရထားတဲ့ရင်းနှီးသောခံစားချက်ကို ခံစားမိပါတယ်။

ဒါကြောင့် ကလေးငယ်တစ်ယောက်ရဲ့ အသိစိတ်မျိုးသာရှိတဲ့ ဖီးနစ်ငှက်လေးဟာ လက်ရှိအနေအထားက ဘယ်လောက်ဆိုးရွားနေလဲဆိုတာကို ဂရုမပြုဘဲ မိခင်ကိုယ်ပေါ်ကနေ ခုန်ချလိုက်ပါတော့တယ်။

ဖီးနစ်ငှက်မောင်နှံဟာ မြေပြင်ကနေမီတာရာဂဏန်းအကွာ လေထဲမှာပျံသန်းနေတာဖြစ်ပြီး ဒီအမြင့်ကနေပြုတ်ကျမယ်ဆိုရင်တော့ ဖီးနစ်ငှက်လေး ကိစ္စချောသွားမှာသေချာပေါက်ပါပဲ။

ဖီးနစ်ငှက်လေးရဲ့ ဒီလုပ်ရပ်က မိခင်ရော ဖခင်ရောကိုပါ အလွန်ထိတ်လန့်သွားစေခဲ့ပါတယ်။

ရင်သွေးဖြစ်သူ အသားပြားဖြစ်သွားတော့မှာကို တွေ့လိုက်ရတော့ ရှူ၏ခြိမ်းခြောက်မှုကို ဂရုမစိုက်အားတော့ဘဲ သူတို့၏ရင်သွေးငယ်ကို ကယ်တင်ဖို့ရန်အတွက် ချက်ခြင်းထိုးဆင်းလိုက်ကြပါတယ်။

သို့ပေမယ့်လည်း ဖီးနစ်ငှက်လေးက မြေပေါ်ကို ပြုတ်ကျမသွားခဲ့ဘဲ သူ့အတောင်ပံလေးနှစ်ဖက်ကို အတင်းကာရော လှုပ်ရှားစေလိုက်ပြီး ဇာမဏီငှက်ရှိရာသို့ ခက်ခဲစွာသွားလိုက်ပါတယ်။

ရှူ မျက်မှောင်ကြုတ်လိုက်ပေမယ့် ဖီးနစ်နှစ်ကောင်ကိုတော့ မတိုက်ခိုက်ခဲ့ပါဘူး။

ဇာမဏီငှက်ကတော့ ကြောင်သွားကာ လန့်သွားခဲ့ပါတယ်။ ဒီပေါက်စနလေးက သက်ဝင်လှုပ်ရှားနေတဲ့အဖြစ်ထဲမှာ ပါဝင်ဖို့ ခုန်ထွက်လာတာလား။

သူ့မိဘတွေနဲ့ ငါတို့တွေတိုက်ခိုက်နေတာကို သူ မသိဘူးလား။

အချိန်တစ်ခုကြာအောင် ကူလောင်တောင်တစ်တောင်လုံး ငြိမ်သက်တိတ်ဆိတ်သွားပြီး ဘယ်သက်ရှိမှ မလှုပ်ရဲခဲ့ကြပါဘူး။ သားရဲကြီးသုံးကောင်ရဲ့ အကြည့်တွေကတော့ ပြုတ်ကျနေပြီး ကိုးရိုးကားယားအနေအထားနဲ့ ဇာမဏီငှက်ဆီ ရောက်ရှိအောင် ကြိုးစားပျံသန်းနေသော ဖီးနစ်ငှက်လေးဆီမှာ ကျရောက်နေခဲ့ပါတယ်။

All Chapters