← Chapters

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၀၀)

ကောင်းပြီလေ သူမ စောစောကလုပ်ခဲ့ပေးတာအတွက် ဒီပေါက်စနကို ခေါ်လာဖို့ကို သူ ကပ်ဖဲ့မနေတော့ပါဘူး။

ဇာမဏီငှက်က အလွန်လေးစားဖွယ်ကောင်းသော ဆင်ခြေတစ်ခုကို ရှာတွေ့သွားခဲ့ပါတယ်။

သူက ရှန်ယန်ရှောင်ရဲ့ မာန်မဲတဲ့ဆူပူကြိမ်းမောင်းတဲ့ လေသံကြောင့် လက်သင့်ခံသဘောတူတာမဟုတ်ဘူးနော် လုံးဝမဟုတ်ဘူးပဲ။

ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်တယ်။ ဇာမဏီငှက်ရဲ့ လက်လျှော့မှုက အားလုံးကို အဆင်ပြေသွားစေပြီလေ။ ဖီးနစ်နှစ်ကောင်လည်း စိတ်အေးသွားပါတယ်။

"ခင်ဗျားတို့အသိုက်အတွက် ဘယ်လိုအခြေအနေတွေ လိုအပ်လဲတော့ ကျနော်မသိပေမယ့် နေရာကောင်းတစ်ခုကို ကျနော်မိတ်ဆက်ပေးစရာရှိတယ်"ဟု ဖီးနစ်ငှက်တို့နေလို့ သင့်တော်မယ့်နေရာတစ်ခုကို တွေးမိလိုက်သော ရှန်ယန်ရှောင်က ပြောလိုက်ပါတယ်။

ဇာမဏီငှက်ရင်ထဲ အချက်ပေးသံတွေမြည်သွားခဲ့ပြီး မကောင်းတဲ့အတိတ်နိမိတ်ကို ခံစားမိလိုက်ပါတယ်။

"ငါတို့နေဖို့အတွက် အရေးကြီးဆုံးကတော့ လုံခြုံမှုရှိပြီး မီးဓာတ်တွေပြည့်နှက်နေရမယ့်အပြင် လူတွေနဲ့ဝေးတဲ့နေရာဖြစ်ရမယ် ဒါပါပဲ"လို့ အမျိုးသားကပြောလိုက်သည်။

မီးဓာတ်ဟာ ကောင်းကင်နဲ့မြေကြီးအကြားမှာ သဘာဝအလျောက်ဖြစ်တည်နေတဲ့ ဓာတ်ဖြစ်ပါတယ်။ လောင်းရွှမ်တိုင်းပြည်လို လူဦးရေထူထပ်မှုရှိနေတာကို အသာထား သူတို့အတွက်လုံလောက်မှုရှိတဲ့ မီးဓာတ်ရှိသောနေရာကို ရှာတွေ့ဖို့ကကို မလွယ်ကူပါဘူး။ ဓာတ်အားတွေပြည့်ဝသောနေရာတွေကို လူတွေက နေရာယူနေထိုင်နေပြီးကြပြီဖြစ်ကာ လူသူမရှိသောနေရာကို ရှာတွေ့ဖို့က အလွန်ခဲယဉ်းလှပါတယ်။

"အဲ့ဒါဆိုရင် ခင်ဗျားတို့နဲ့ အလွန်သင့်လျော်တဲ့ နေရာတစ်ခုကို ကျနော်မိတ်ဆက်ပေးပါရစေ။ လောင်းရွှမ်ပြည်ရဲ့ အလယ်မှာ မီးတောင်ကြားလို့ခေါ်တဲ့ တောင်ကြားတစ်ခုမှာ ကူလောင်တောင်ထက်မလျော့တဲ့ မီးဓာတ်တွေရှိတဲ့နေရာတစ်ခုရှိပြီးတော့ အဲ့နေရာဟာ ဇာမဏီမျိုးနွယ်ရဲ့ ကန့်သတ်နယ်မြေတစ်ခုဖြစ်တယ်။ ဇာမဏီမျိုးနွယ်ဝင်ကလွဲရင် တစ်ခြားဘယ်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့်မပြုဘူး"ဟု ရှန်ယန်ရှောင်က ပြုံးကာပြောလိုက်သည်။

မီးတောင်ကြားလို့ ကြားလိုက်ရတဲ့အချိန်မှာ ဇာမဏီငှက်အနေနဲ့ သူ့သခင်ဖြစ်သူလည်ပင်းကို ထညှစ်မိတော့မတတ်ဖြစ်သွားရသည်။

ငှက်ရူးနှစ်ကောင်ကို သူ့အသိုက်ပေးရလောက်အောင်ထိတော့ ဒီကောင်မလေး အရှက်မမဲ့သင့်ဘူး။ နောက်ပြီး သူ့ရှေ့မှာတင်တဲ့လေ။ သူမက ငါ့ခံစားချက်ကိုတောင် နည်းနည်းလေးမှ ထည့်မစဉ်းစားပေးဘူး။

ရှန်ယန်ရှောင်ပြောလိုက်တဲ့ နေရာကိုကြားလိုက်ရတာနဲ့ ဖီးနစ်နှစ်ကောင်လုံးရဲ့ မျက်လုံးတွေအရောင်လက်သွားခဲ့သည်။

"မီးတောင်ကြားက လူသားမျိုးနွယ်ထဲက သြဇာအာဏာကြီးမိသားစုတစ်စုက ပိုင်ဆိုင်တာလေ။ သူတို့က ငါတို့အဲ့မှာသွားနေတာကို သဘောတူပါ့မလား"

အမျိုးသားဖြစ်သူက ဒီစကားကိုပြောအပြီးမှ ဇာမဏီငှက်အကြောင်းကို တွေးမိသွားပါတယ်။ သူတို့ဟာ အပြင်လောကနဲ့ အဆက်အစပ်မရှိတော့တာ ကြာမြင့်ပြီဆိုပေမယ့် ရှေးဒဏ္ဍာရီသတ္တဝါငါးကောင်တို့ အကြောင်းကိုတော့ ကြားဖူးနားဝရှိပါတယ်။ ဇာမဏီမျိုးနွယ်မိသားစုဟာ ဇာမဏီငှက်ရဲ့အမည်ကိုယူထားတာဖြစ်ပြီး ဇာမဏီငှက်က သူတို့ရှေ့မှာရှိနေတဲ့အတွက် ဒီကိစ္စက ဘာမှမခက်လောက်ပါဘူး။

"ရိုးရိုးသားသားပြောရရင်တော့ ကျနော်က ဇာမဏီမျိုးနွယ်မိသားစုဝင်တစ်ဦးဖြစ်ပါတယ်။ ခင်ဗျားတို့သာ မီးတောင်ကြားကို သွားချင်စိတ်ရှိရင် ဘယ်သူမှမနှောက်ယှက်စေဖို့ကို ကျနော်အာမခံသလို ဘာသတင်းမှ မပေါက်ကြားစေဖို့လည်း တာဝန်ယူပါတယ်။ ဒီအကြောင်းကို ဇာမဏီမျိုးနွယ်မိသားစုခေါင်းဆောင်ဖြစ်တဲ့ ကျနော့်အဖိုးရယ် ကျနော်ရယ်ပဲသိမှာပါ"လို့ ရှန်ယန်ရှောင်ပြောလိုက်တယ်။

မီးတောင်ကြားဟာ ဇာမဏီငှက်၏ အသိုက်ဖြစ်ကာ ဇာမဏီက သူမနဲ့အတူရှိနေတာကြောင့် နေရာလွတ်နေပါတယ်။ ဘာမှလည်းနစ်နာစရာမရှိတဲ့အတွက် အခုလိုမျိုး လူကြီးလူကောင်းဆန်လိုက်တာက ပိုကောင်းပါတယ်။ နောက်ပြီး ဖီးနစ်သိုက်ဟာ ဇာမဏီငှက်လက်ချက်ကြောင့် ပျက်စီးခဲ့ရတာဆိုတော့ ဒါက လျော်ကြေးသဘောမျိုးပေါ့လေ။

"ကျေးဇူးအများကြီးတင်ပါတယ်"လို့ ဖီးနစ်မောင်နှံက မငြင်းဆန်ဘဲ ကျေးဇူးတင်စကားပြောလိုက်ပါတယ်။

ဇာမဏီငှက်တော့ ဘေးလူအဖြစ်နဲ့ သူ့သခင်ကို မကျေမနပ်ကြည့်နေပြီး မကျေနပ်မှုတွေက ဆထက်တံပိုးတိုးတက်သွားခဲ့ပါတယ်။

ထို့နောက်မှာတော့ မီးတောင်ကြားရဲ့ နေရာအတိအကျကို ဖီးနစ်မောင်နှံအားပြောလိုက်ပြီး တောင်ပေါ်ကဆင်းတာနဲ့ အဖိုးဖြစ်သူရှန်ဖန်အား ဒီအကြောင်းတွေပြောပြဖို့ အိမ်ကိုစာရေးကာပို့ရန် သူမ တွေးလိုက်ပါတယ်။

အားလုံးပြီးတာနဲ့ ရှန်ယန်ရှောင်နဲ့ဇာမဏီငှက်တို့က ဖီးနစ်နှစ်ကောင်ကို ချန်ထားခဲ့ကာထွက်ခွာခဲ့သည်။ သူမ မထွက်သွားခင်မှာ ဖီးနစ်မက ဖီးနစ်ရဲ့အဖိုးတန်ဆုံးအတောင်တွေနဲ့ ပြုလုပ်ထားသော ကိုယ်ကျပ်အတွင်းခံကို ပေးခဲ့ပါတယ်။

ဒီအတွင်းခံအင်္ကျိက ဖီးနစ်ဖိုဆီကရတဲ့ မီးဒဏ်ကိုခံနိုင်စွမ်းပြင်းတဲ့ ငှက်တောင်တွေနဲ့လုပ်ထားတာပါ။ သူမ ဒီအင်္ကျိကိုဝတ်ထားရင် ဖီးနစ်မီးတောက်ကို မရှောင်နိုင်လို့ ထိခဲ့မယ်ဆိုရင်တောင် ဘာမှဖြစ်မှာမဟုတ်တော့ပါဘူး။ ဒါက တော်တော့်ကိုကောင်းတဲ့ ပစ္စည်းလေးပါပဲ။

ဖီးနစ်တစ်ကောင်ဆီမှာတွေ့နိုင်သော အဖိုးတန်ဆုံးငှက်တောင်ဟာ သူ့လည်ပင်းမှာရှိတဲ့အတောင်ဖြစ်ပါတယ်။ အမွှေးအတောင်တစ်ခုကျွတ်ဖို့ကို ဆယ်နှစ်ကြာမြင့်တာကြောင့် အင်္ကျီတစ်ထည်ချုပ်ဖို့ လုံလောက်တဲ့အမွှေးရဖို့ နှစ်ရာချီကြာမြင့်ပါလိမ့်မယ်။ ဒါကြောင့် ရှန်ယန်ရှောင်ရလိုက်တဲ့ အင်္ကျီဟာ လင်းလက်တိုက်တစ်တိုက်လုံးမှာ ထူးခြားသောပစ္စည်းတစ်ခုအဖြစ်မှတ်ယူနိုင်ပါတယ်။

ရှန်ယန်ရှောင်က ဒီအတွင်းခံကို အရင်ဝတ်လိုက်ပြီးနောက် သူမရဲ့မူလအဝတ်အစားကို အပေါ်ကနေထပ်ဝတ်ခဲ့ပါတယ်။ ဘာမှပြောင်းလဲသွားဟန်မရှိပေမယ့် ဒီအင်္ကျီကနေပြီး နွေးထွေးသောစီးကြောင်းတစ်ခုက တစ်ကိုယ်လုံးကိုစီးဆင်းသွားတာကို သူမခံစားမိပါတယ်။

နှုတ်ဆက်ပြီးတာနဲ့ ကူလောင်တောင်ကနေ သူမထွက်ခွာခဲ့ပါတယ်။ ဖီးနစ်လေးကတော့ ဇာမဏီငှက်ရဲ့ခေါင်းပေါ်မှာပဲ လိုက်ပါခဲ့ပါတယ်။ သူ့မိဘတွေနဲ့ ခွဲခွာရတာကို ဘယ်လိုမှဝမ်းနည်းဟန်မရတဲ့အပြင် ပျော်တောင်ပျော်နေပါသေးတယ်။

မျက်နှာမည်းမှောင်နေသော ဇာမဏီငှက်သာလျှင် သွေးအန်ထွက်မတတ်ခံစားနေရတာပါ။

ဒီခရီးမှာ သူက ဆုံးရှုံးမှုအကြီးကြီးဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကလေးတစ်ယောက်ကို ခေါ်လာခဲ့ရရုံသာမက သူ့အသိုက်ကိုပါ ပေးလိုက်ရပါသေးတယ်။ ဒါက မိအေးနှစ်ခါနာအဖြစ်ပါပဲ။

ကြေးစားအများအပြားကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ ကူလောင်တောင်အပြင်ဖက် စိတ်ချရတဲ့နေရာသို့ ဆုတ်ခွာပြီးကြပါပြီ။

စောစောစီးစီး ပြင်ဆင်ထားခဲ့တဲ့ တူလန်းကြောင့် ဂူဝံပုလွေအဖွဲ့ဟာ ဒဏ်ရာရသူတွေရှိခဲ့ပေမယ့် တစ်ယောက်မှတော့ အသက်မသေခဲ့ကြရပါဘူး။ ဒီတစ်ခေါက်မှာ တစ်ခြားအဖွဲ့တွေသာလျှင် အကြီးအကျယ်ဆုံးရှုံးခဲ့တာဖြစ်ပြီး ရှေ့ဆုံးမှာနေခဲ့သူတွေက အနစ်နာဆုံးဖြစ်ပါတယ်။ သူတို့ရဲ့ အဖွဲ့သားတစ်ဝက်ခန့်လောက်အထိ ကူလောင်တောင်မှာ ကျဆုံးခဲ့ရပါတယ်။

လူတစ်ထောင်ကျော်ရှိရာကနေ တစ်ထောင်အောက်သာရှိတဲ့ ကြေးစားတွေလွတ်မြောက်ခဲ့ပါတယ်။ ကျဆုံးခဲ့တဲ့အရေအတွက်က ရှင်သန်ကျန်ရစ်ခဲ့တဲ့ လူအရေအတွက်နဲ့ထပ်တူနီးပါးပါပဲ။

ဂူဝံပုလွေအဖွဲ့ကလွဲရင် ကျန်တဲ့ကြေးစားအဖွဲ့အားလုံး ဆုံးရှုံးမှုကြီးမားစွာခံစားခဲ့ကြရပါတယ်။

"ခေါင်းဆောင်...ဟောင်ရှောင် အဲ့ကလေး ပြန်မလာသေးဘူးနော်"လို့ စိတ်ပူပန်နေတဲ့ ကြမ်းကြုတ်ဝံပုလွေက ဝန်ပိုးလေးကိုမတွေ့ရသေးလို့ စိုးရိမ်စွာပြောလိုက်ပါတယ်။

ဖီးနစ်တွေရဲ့ ကြောက်မက်ဖွယ် အစွမ်းအောက်မှာ သူတို့လို လူကြမ်းကြီးတွေတောင် ဘာမှမတတ်နိုင်ခဲ့လို့ သူ့လိုကလေးက ဘာတတ်နိုင်ဦးမှာလဲ။

"ငါခန့်မှန်းတာ မမှားရင် သူ ဘာအန္တရာယ်မှမရှိပါဘူး။ ငါတို့ဒီနေရာကနေ ခဏစောင့်ကြတာပေါ့"လို့ တူလန်းက သက်ပြင်းချကာပြောလိုက်သည်။

တူလန်းအနေနဲ့ ကူလောင်တောင်ထိပ်မှာ ရုတ်ချည်းထွက်ပေါ်လာသော တတိယမြောက်ဒဏ္ဍာရီသတ္တဝါက ဟောင်ရှောင်နဲ့ဆက်စပ်မှုရှိရမယ်လို့ မဆီမဆိုင်ခံစားမိနေခဲ့သည်။ ကံမကောင်းတစ်ခုကတော့ အဲ့အချိန်တုန်းက အဝေးကြီးမှာရောက်နေခဲ့ကြလို့ အဲ့ဒီဒဏ္ဍာရီသတ္တဝါရဲ့ အသွင်အပြင်ကို မမြင်တွေ့ခဲ့ရတာပါပဲ။

အချိန်အနည်းငယ်လောက် အနားယူအပြီးမှာတော့ တစ်ခြားကြေးစားအဖွဲ့တွေဟာ သူတို့လူတွေကို စုစည်းပြီးသွားကြပါပြီ။ ဒီမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကြောင့် အလုပ်ရှင်တွေရဲ့ ဘိုးဘွားတွေနဲ့ သူတို့တွေတွေ့ဆုံတော့မတတ် ဖြစ်ခဲ့ရပြီး ပိုဆိုးတာက အလုပ်ရှင်ဖြစ်သူတွေရဲ့ ခြေရာလက်ရာကို ရှာမတွေ့ခဲ့တော့ဘဲ အလုပ်ရှင်တွေ၏ လှည်းကိုစောင့်ကြပ်သူတောင် ပျောက်ဆုံးနေခဲ့ရတဲ့အဖြစ်ပါ။

ဘာပဲဖြစ်ဖြစ် အလုပ်ရှင်ကိုမတွေ့ရပေမယ့်လည်း အခကြေးငွေက သမဂ္ဂမှာအပ်နှံထားပြီးဖြစ်တာကြောင့် သူတို့က ဒီလိုနေရာဆိုးမှာ မနေချင်ကြတော့ဘဲ အထုပ်အပိုးတွေသိမ်းဆည်းကာ ထွက်ခွာသွားခဲ့ကြပါတော့တယ်။

ကျယ်ပြန့်သော လွင်ပြင်ကြီးထဲမှာ တစ်ခြားကြေးစားအဖွဲ့တွေဟာ အရိပ်တောင်ချန်မထားခဲ့တော့ဘဲ ပြေးသွားကြပြီဖြစ်ကာ ဂူဝံပုလွေတစ်ဖွဲ့သာလျှင် ကျန်ရစ်ခဲ့ပါတော့တယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၀၁)

တူလန်းနဲ့ကြမ်းကြုတ်ဝံပုလွေကလွဲပြီး ဘယ်သူကမှ အဲ့ဒီကောင်ကလေး ကူလောင်တောင်ကနေပြီး အသက်ရှင်ရက်ထွက်ခွာနိုင်မယ်လို့ မယုံကြည်ကြပါဘူး။ ဒါပေမယ့်လည်း ဒီလောက်အချိန်အကြာကြီး အတူတူတွဲလာခဲ့ကြရတော့ ကောင်ကလေးကို မထားခဲ့ချင်ကြတာကြောင့် သူတို့အားလုံးက တိတ်ဆိတ်စွာစောင့်နေခဲ့ကြပါတယ်။

နေဝင်ချိန်ရောက်တဲ့အခါမှာတော့ အားလုံးစိတ်လျှော့လိုက်ကြပြီး သူတို့စိတ်လျှော့လိုက်ချိန်မှာပဲ ကူလောင်တောင်ခြေကနေ သေးကွေးသောလူနှစ်ယောက် ထွက်လာတာကိုတွေ့မြင်လိုက်ကြပါတယ်။

"သူတို့တွေ ထွက်မသွားကြသေးဘူးပေါ့"

စောင့်နေကြသူတွေကို တွေ့လိုက်ရတော့ ရှန်ယန်ရှောင်အံ့သြသွားခဲ့ပါသည်။ သူမနဲ့ ဒီလူတွေဟာ ကံဆုံလို့အတူခရီးသွားခဲ့ကြရတဲ့ သူစိမ်းတွေသာဖြစ်ကြပါတယ်။ ဖီးနစ်ငှက်တို့၏ တိုက်ခိုက်မှုအပြီးမှာ သူတို့အနေနဲ့ ဒီနေရာကနေ အမြန်ဆုံးထွက်သွားသင့်ကြပေမယ့် မသွားကြဘဲ သူမပြန်အလာကို စောင့်နေခဲ့ကြပါတယ်။

ရှန်ယန်ရှောင် နှာခေါင်းကိုလက်နဲ့တို့လိုက်သည်။ ဒီခံစားချက်က မဆိုးဘူးပဲ ဟုတ်တယ်မလား....

"ဇာမဏီငှက် မင်းပုံစံကိုပြောင်းလို့ရလား"လို့ သူမဘေးက ဇာမဏီငှက်အား ရှန်ယန်ရှောင်ပြောလိုက်ပါတယ်။ ဆံပင်နီနီနဲ့မျက်လုံးနီနီတို့ဟာ အရူးကတောင် လူမဟုတ်မှန်းပြောလို့ရတဲ့ အချက်တွေဖြစ်တယ်လေ။

စိတ်ညစ်နေဆဲဖြစ်ပေမယ့် ဇာမဏီငှက်က ခွန်းတုံ့မပြန်ခဲ့ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဆံပင်တွေကနက်မှောင်သွားကာ အနီရောင်မျက်လုံးကလည်း အညိုရင့်ရင့်ဖြစ်သွားပါတယ်။ အလွန်သပ်ရပ်လှပတဲ့ မျက်နှာကလွဲရင် ကျန်တာတွေက သာမန်လူနဲ့မခြားတော့ပါဘူး။

သူမတို့နှစ်ယောက် ဂူဝံပုလွေအဖွဲ့ဆီသွားလိုက်ကြပြီး လူတွေဆီမရောက်သေးခင်မှာပဲ ကြမ်းကြုတ်ဝံပုလွေက လူကြားထဲကနေ ပြေးထွက်လာကာ သူမရဲ့ခေါင်းလေးပေါ်ကို သန်မာလှတဲ့သူ့လက်ဝါးနဲ့ ပုတ်လိုက်ပါတယ်။

"မင်းကတော့လေ ဒီနေရာမှာ အန္တရာယ်တအားများတာကို သိရဲ့သားနဲ့ လျှောက်သွားနေသေးတယ်။ ကံကောင်းလို့ ဘာမှမဖြစ်တာပဲ"ဟု ကြမ်းကြုတ်ဝံပုလွေက ပြုံးကာပြောလိုက်ပြီး သူ့လေသံမှာတော့ စိုးရိမ်မှုအပြည့်ဖြစ်နေပါတယ်။

"အခု ဘာမှမဖြစ်ပါဘူး"လို့ သူမက ပြန်ပြောခဲ့သည်။

တူလန်းက ရှန်ယန်ရှောင်ကိုကြည့်ကာ စိတ်ချမ်းမြေ့စွာ ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမဘေးက ချာတိတ်လေးကိုလည်း သတိပြုမိလိုက်ပါတယ်။

အဲ့ချာတိတ်လေးက အလွန်ငယ်ရွယ်ပုံရကာ သူ့ကိုယ်အနှံ့မှာတော့ အနားမကပ်ရဲစေတဲ့ အငွေ့အသက်တွေရှိနေတာ လူတွေခံစားမိစေပါတယ်။

"ကျိ"

ဇာမဏီငှက်ရဲ့ ခေါင်းပေါ်က ဖီးနစ်လေးက မျက်လုံးတွေကိုပြူးကျယ်လိုက်ပြီး ဒီလူတွေကို စိတ်ဝင်တစားနဲ့ကြည့်နေခဲ့သည်။

"ဒီကလေးကို ဘယ်ကနေခေါ်လာတာလဲ"လို့ ဇာမဏီငှက်ကို သတိပြုမိသွားတဲ့ ကြမ်းကြုတ်ဝံပုလွေကမေးလိုက်သည်။

ရှန်ယန်ရှောင်က ဇာတ်လမ်းတစ်ပုဒ်ကို ခင်းပြလိုက်ပြီးနောက်မှာတော့ ကြမ်းကြုတ်ဝံပုလွေကလည်း ဆက်မမေးခဲ့တော့ပါဘူး။

လူအန္တရာယ်မရှိရင် ကျန်တာတွေက အရေးမကြီးတော့ပါဘူး။

လှည်းထဲမှာတော့ ရှန်ယန်ရှောင်ဘေးမှာ ထိုင်နေတဲ့ ဇာမဏီငှက်မျက်နှာက အလွန်သနားဖို့ကောင်းနေခဲ့ပါတယ်။

လှည်း...

နောက်ထပ်လှည်းလာပြန်ပြီလား...

ကားမူးတတ်တဲ့ ဇာမဏီငှက်ဟာ သေမင်းနဲ့စစ်ခင်းနေသလိုဖြစ်သွားကာ လှည်းထဲကနေခုန်ထွက်ပြီး ပျံသန်းလိုက်ပါလိုက်ချင်စိတ်ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း သူနည်းနည်းပဲလှုပ်ကာရှိသေးတယ် ရှန်ယန်ရှောင်က သူ့ကိုချက်ခြင်းဆွဲခေါ်ထားလိုက်ပါတယ်။

အငဲ...အငဲ....ဒီလောက်ကြီးတော့ အနိုင်မကျင့်ပါနဲ့ဟ...

မျက်နှာချင်းဆိုင်မှာထိုင်နေကြသော တူလန်းနဲ့ကြမ်းကြုတ်ဝံပုလွေတို့က သိလိုစိတ်ပြင်းပြသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့က အမြော်အမြင်ရှိစွာနဲ့ မမေးခဲ့ကြပါဘူး။

လှည်းစတင်ရွေ့လျားတဲ့အခါမှာ ဇာမဏီငှက်ရဲ့မျက်နှာက ဖြူနေရာကနေစိမ်းသွားခဲ့ပါတယ်။

"ဒီမိတ်ဆွေလေး အဆင်ပြေရဲ့လား"

ဇာမဏီငှက်ရဲ့ အခြေအနေမဟန်သော မျက်နှာကိုကြည့်ပြီး ကြမ်းကြုတ်ဝံပုလွေက ကြင်နာစွာနဲ့မေးလိုက်ပါတယ်။

ဇာမဏီငှက်က အေးစက်တဲ့အကြည့်နဲ့သာတုံ့ပြန်လိုက်တာကြောင့် ကြမ်းကြုတ်ဝံပုလွေတစ်ယောက် တံတွေးကိုမြိုချလိုက်ပြီး တီးတိုးရေရွတ်လိုက်တာကတော့ "ဒီကလေးက စိတ်ကြီးလှတယ်"ဟုပင်။

ဇာမဏီငှက်ရဲ့ မာနကြီးမှုကြောင့် ကြမ်းကြုတ်ဝံပုလွေအနေနဲ့ ဟောင်ရှောင်က အလွန်ချစ်စရာကောင်းပြီး ပျူငှာတယ်လို့ ခံစားမိလိုက်ပါတယ်။

သူတို့နှစ်ယောက်လုံးက ကလေးလေးတွေပဲကို ဘာလို့ဒီလိုကြီးကွာနေရတာလဲ။

အားလုံးသိတဲ့အတိုင်း ဇာမဏီငှက်ရဲ့ စိတ်က အဝီစိထိကျရောက်နေပါတယ်။ သူက လှည်းစီးရတာကို အကြောက်ဆုံးဆိုတာ ဘုရားသိပါတယ်။

ရမ်းခါလှုပ်ရမ်းနေတဲ့ ခရီးကြမ်းကြောင့် ဇာမဏီငှက်ရဲ့မျက်နှာက စိမ်းရာကနေ အဖြူဖြစ် ထို့နောက်ဖြူရာကနေ ခရမ်းရောင်ပြောင်းသွားခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ မည်းနက်သွားခဲ့ပြီး ထို့နောက်မှာတော့....

"ဝေါ့..အော့"

"ဟေ့...ချာတိတ် မအန်နဲ့လေ အာ"

အမည်းရောင်မြို့ကိုပြန်တဲ့ ပထမဆုံးညမှာတင် ကြမ်းကြုတ်ဝံပုလွေနဲ့တူလန်းတို့နှစ်ယောက် သူတို့ရဲ့မူလလှည်းပေါ်ကနေပြီး အကြောင်းပြချက်တစ်ချို့ကြောင့် တစ်ခြားလှည်းကိုပြောင်းစီးခဲ့တဲ့အတွက် တစ်ခြားကြေးစားတွေဟာ လူကြပ်ပိတ်စွာနဲ့တစ်ခြားလှည်းတွေပေါ်ကို ပြောင်းစီးပေးခဲ့ကြရပါတယ်။

ထို့နောက် လမ်းတစ်လျှောက်မှာတော့....

အော့အန်သံတွေက အဆက်မပြတ်ထွက်ပေါ်နေခဲ့ပါတော့သည်....

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၀၂)

မီးလောင်ကျွမ်းမှုခံထားရတဲ့ ကူလောင်တောင်ဟာ မူလအတိုင်း ပြန်လည်ငြိမ်ဆိတ်သွားခဲ့ပါပြီ။

ပျက်စီးပြိုလဲနေသော အသိုက်ဟောင်းရှေ့မှာ ဖီးနစ်မောင်နှံက ခဏတာအနားယူနေသည်။ ဒီအချိန်မှာပဲ ကူလောင်တောင်က ဧည့်သည်တစ်ယောက်ကို ကြိုဆိုလိုက်ပါတယ်။

လူရိပ်တစ်ရိပ်က တောထဲသို့ခြေချလိုက်သည်။ ထိုလူပေါ်လာတာနဲ့ ပြန်လည်အားမွေးနေကြတဲ့ မှော်သားရဲတွေနဲ့နတ်ဆိုးတွေက သူနဲ့မီတာရာချီပြီး ဆုတ်ခွာရှောင်ပုန်းလိုက်ကြပါတယ်။

ထိုလူက တောင်ထိပ်သို့ဖြည်းဖြည်းသွားလိုက်ပြီး ဖီးနစ်မောင်နှံထံချည်းကပ်လိုက်ပြီး သူ့မျက်လုံးတွေကတော့ ဖရိုဖရဲဖြစ်နေတဲ့ အသိုက်ကိုကြည့်လိုက်မိကာ ပြောလိုက်ပါတယ်။

"မင်းတို့နှစ်ယောက် ဘာဖြစ်ခဲ့ကြတာလဲ"

ဖီးနစ်မောင်နှံနဲ့ဒီလူတို့ဟာ ရင်းနှီးကြပုံပေါ်ကာ ဖီးနစ်အမျိုးသားက ပြုံး၍ပြောလိုက်ပါတယ်။

"မတော်တဆမှုတစ်ချို့ဖြစ်ဖြစ်ခဲ့တာပါ ငါတို့ကလေးကလည်း မှန်းထားတာထက် စောမွေးခဲ့တယ်လေ"

"ဖီးနစ်ငှက်လေးရဲ့ အငွေ့အသက်ရှိတာကို ငါမခံစားရပါလား"လို့ လူငယ်ဖြစ်သူကပြောလိုက်တယ်။

"ကူလောင်တောင်က စိတ်မချရတော့လို့ ကလေးကိုစောင့်ရှောက်ပေးဖို့ မိတ်ဆွေတစ်ယောက်ဆီ လောလောဆယ်ပို့ထားတယ်။ ငါတို့အသိုက်သစ်ရှာတွေ့တာနဲ့ သူ့ကိုပြန်သွားခေါ်မှာလေ"လို့သာ အမျိုးသားကပြန်ဖြေလိုက်သည်။

လူငယ်ရဲ့မျက်လုံးထဲမှာတော့ သံသယအနည်းငယ်ယှက်သန်းသွားသည်။ ကလေးကိုအရမ်းဂရုစိုက်ကြတဲ့ သူတို့မောင်နှံက သူများကိုစောင့်ရှောက်ခိုင်းတယ်ဆိုတာက လက်သင့်ခံချင်စရာသိပ်မရှိပါဘူး။

"မင်းတို့ဆန္ဒရှိရင် ငါ နေရာအသစ်ရှာပေးနိုင်ပါတယ်။ ပြောရမယ်ဆို မင်းတို့နေဖို့ ကူလောင်တောင်ကို ငါမှားရွေးခဲ့မိတာကြောင့် အခုလိုဖြစ်ခဲ့ရတာပဲ"

လူငယ်ရဲ့လေသံထဲတွင် တောင်းပန်သောအရိပ်အယောင်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။

"နတ်ဘုံက ငါတို့ကို တော်တော်လေးကူညီပေးခဲ့လို့ ငါတို့အနေနဲ့ အလွန်ကျေးဇူးတင်မိပါတယ် ဒါပေမယ့် အသိုက်သစ်ကို ငါတို့တွေ့ထားပြီးသွားပြီ"လို့ ဖီးနစ်ကပြန်ပြောလိုက်သည်။

"အိုး..ဘယ်နေရာလဲ"

"မီးတောင်ကြား"

လူငယ်ရဲ့မျက်နှာမှာ အံ့အားသင့်တဲ့အရိပ်ဖြစ်သွားကာ "မီးတောင်ကြားဟုတ်လား။ အဲ့ဒါက ဇာမဏီငှက်ရဲ့အသိုက်မဟုတ်လား။ အဲ့ဒီကိုမင်းတို့ တစ်ကယ်သွားမလို့လား"ဟုပြောလိုက်သည်။

အမျိုးသားဖီးနစ်က ခေါင်းညိတ်လိုက်သည်။

"ငါတို့မှာ အစီအစဉ်တွေချပြီးသွားပြီ။ ဒီအတောအတွင်း ငါတို့ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ"လို့ပြောလိုက်သည်။

လူငယ်က ဘာမှထပ်မပြောတော့သလို ဖီးနစ်မောင်နှံကလည်း နှုတ်ဆက်ကာ ထွက်သွားကြပါတော့တယ်။

"သူတို့က ဘာဖြစ်လို့ မီးတောင်ကြား(ချော်ရည်တောင်ကြား)ကိုသွားမှာလဲ။ ဇာမဏီငှက်က ရှောင်လေးနဲ့ပါသွားပေမယ့်...."

အဲ့ဒီညဦးပိုင်းရဲ့ လရောင်အောက်မှာ လူငယ်လေးတစ်ဦး သံသယအရိပ်တွေနဲ့ တီးတိုးရေရွတ်နေခဲ့သည်။ သို့သော် ထိုလူငယ်ရဲ့မျက်နှာမှာတော့ ဘာသံသယဖြစ်မှုကိုမှ မတွေ့ရပါဘူး။

ကျောက်စိမ်းလိုနူးညံ့ကာ ရေကန်လို တိတ်ဆိတ်နေသည်။

သူဟာ ရှန်စီယူပါပဲ....

...............................................................................................................................................................................................

အမည်းရောင်မြို့ကို ဘယ်လိုပြန်ရောက်လာမှန်း မသိပေမယ့် တစ်သက်လုံးမှာ အကြီးမားဆုံးအိပ်မက်ဆိုးဆိုတာကိုတော့ ဇာမဏီငှက်သိပါတယ်။ သူဟာ ရှန်ယန်ရှောင်ကိုယ်ထဲကို ဝင်သွားချင်စိတ်အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပေမယ့် ဒီဖီးနစ်ပေါက်လေးက သူ့ကိုသာဖက်တွယ်ထားခဲ့ပါတယ်။ သူက ဖီးနစ်လေးကို ဖယ်လိုက်တာနဲ့ ဒီကောင်လေးက သနားစဖွယ်အသံနဲ့အော်မြည်ပြီး မျက်ရည်တွေဝိုင်းလာပြီး သူ့ကိုပြန်ကြည့်ပါတယ်။

ဒီကောင်လေးကို သူ မစောင့်ရှောက်ချင်ပေမယ့် ရှန်ယန်ရှောင်ကတော့ သူ့ကိုတာဝန်မယူဘဲ ထွက်ပြေးခွင့်မပေးခဲ့ပါဘူး။

ဒါကြောင့် သခင်ဖြစ်သူက သူ့ဆန္ဒကိုသဘောမတူတဲ့အတွက် ရှန်ယန်ရှောင်၏ စိတ်နှလုံးကန်ထဲကို သူပြန်ဝင်ချင်ပေမယ့်လည်း ဝင်လို့မဖြစ်နိုင်ပါဘူး။

ဇာမဏီငှက်အနေနဲ့ ဘေးကနေအန်ရင်းလိုက်လာရုံပဲတတ်နိုင်ခဲ့ကာ ဖီးနစ်လေးကတော့ ပျော်ရွှင်စွာနဲ့လိုက်ပါလာခဲ့ပါတယ်။

အမည်းရောင်မြို့ကိုရောက်တာနဲ့ ဇာမဏီငှက်ဟာ လှည်းပေါ်ကနေပြုတ်ကျမတတ်ဖြစ်နေပြီး အမည်းရောင်မြို့ရဲ့ဟိုတယ်တစ်လုံးမှာ အနားယူနေစေဖို့ လူတစ်ချို့ကို လိုက်ပို့ခိုင်းလိုက်ရပါတယ်။

ဂူဝံပုလွေအဖွဲ့ကတော့ သူတို့ရဲ့ဆုကြေးအတွက်သွားယူကြပါတယ်။ စစ်ဆင်ရေးကို မအောင်မြင်ခဲ့ပေမယ့် အလုပ်ရှင်ရဲ့သတင်းကမှားယွင်းနေတာကြောင့် ကြေးစားအဖွဲ့အားလုံးက သမဂ္ဂမှာပေးထားတဲ့ဆုငွေကို ရရှိခဲ့ကြပါတယ်။ ရှန်ယန်ရှောင်လည်း တူလန်းကတိပေးထားခဲ့တဲ့အတိုင်း ဝေစုရခဲ့တာပေါ့လေ။

နောက်ပြီး တူလန်းရဲ့ စိတ်အားထက်သန်စွာ ဖိတ်ကြားချက်အရ သူမဟာ ဂူဝံပုလွေအဖွဲ့၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် သူမ ယာယီလက်ခံထားလိုက်ပါတယ်။

သို့ပေမယ့် ဒါဟာအမည်ခံသက်သက်သာဖြစ်ပြီး ဂူဝံပုလွေအဖွဲ့ရဲ့ အလုပ်တွေမှာ သူမပါဝင်မယ်မပါဝင်ဘူးဆိုတာကို လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။

မီးတောက်မြက်က လက်ထဲမှာရောက်နေပြီဖြစ်လို့ ရှန်ယန်ရှောင်အတွက် အလုပ်တစ်ခုပေါ့သွားခဲ့ပါပြီ။ အရိုးပန်းကိုရှာဖွေဖို့အတွက်ကို တူလန်းနဲ့ဂူဝံပုလွေအဖွဲ့အား အပ်နှံထားလိုက်ခဲ့ပါတယ်။

အားလုံးပြီးတာနဲ့ ဟိုတယ်ကိုသွားလိုက်တော့ သေချင်စိတ်ပေါက်နေတဲ့ မသေမျိုးတစ်ယောက်လိုပုံနဲ့ အော့အန်နေရှာသော ဇာမဏီငှက်ကို သူမတွေ့လိုက်ရပါတယ်။

အခု သူမဖြေရှင်းစရာ ပြဿနာတစ်ခု ရှိနေပြန်ပါပြီ။

ဇာမဏီငှက်ကို သူမကိုယ်ထဲဝင်ခိုင်းလိုက်တာနဲ့ ဖီးနစ်ငှက်လေးက ရူးသွားနိုင်ခြေရှိတာကြောင့် ဇာမဏီငှက်ကို အပြင်မှာပဲထားမှဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ဇာမဏီငှက်နဲ့ဖီးနစ်ငှက်လေးကိုတော့ တော်ဝင်ရိုလန်ကျောင်းထဲသို့ ခေါ်သွားလို့မရပြန်ပါဘူး။

တော်ဝင်ရိုလန်ကျောင်းကျောင်းအုပ်ကြီး အိုးယန်ဟွမ်းယူဟာ မှော်ဆရာကြီးအဆင့်ရှိသူဖြစ်လို့ ဇာမဏီငှက်ရဲ့ တစ်ကယ့်ဇစ်မြစ်ကို သူမသိနိုင်တောင် ဖီးနစ်ငှက်ပေါက်လေးရဲ့ အဆင့်ကိုတော့သိနိုင်ပါတယ်။ အဆင့်၈ဖီးနစ်ပေါက်လေးဆိုတာ ပြဿနာတွေတက်သွားစေနိုင်ပါတယ်။

ဒါကြောင့် ဇာမဏီငှက်ကို အမည်းရောင်မြို့မှာပဲ လောလောဆယ်နေခိုင်းထားဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။ သခင်နဲ့မှော်သားရဲကြားမှာ စိတ်ချင်းဆက်နွယ်မှုရှိတာကြောင့် အတူတူမရှိရင်တောင် ဆက်သွယ်ပြောကြားလို့ရပါသေးတယ်။

ဒီဆုံးဖြတ်ချက်ကိုတော့ ဇာမဏီငှက်က အံ့အားသင့်စရာကောင်းစွာနဲ့ ကလန်ကဆန်မလုပ်ခဲ့ပါဘူး။ ရှန်ယန်ရှောင်ရဲ့ ဖိနှိပ်ချုပ်ခြယ်ထားမှုကြောင့် သူ သွေးအန်ချင်စိတ်ဖြစ်ခဲ့ရတာကို ဘုရားသိပါတယ်။ အခု အပြင်မှာကဲလို့ရတဲ့ အခွင့်အရေးရမှတော့ သူက ဘာလို့လက်လွတ်ခံလိမ့်မလဲ။

ဖီးနစ်ငှက်ငယ်ကြောင့် စိတ်ညစ်နေတဲ့ခံစားချက်က ဒီအချိန်မှာ တက်ကြွသွားပါတော့တယ်။ ရှန်ယန်ရှောင်က ဇာမဏီငှက်အတွက် သုံးစွဲစရာပေးထားခဲ့ပြီး နောက်ရက်မနက်မှာ အမည်းရောင်မြို့ကနေထွက်ခဲ့လိုက်ပြီး တော်ဝင်ရိုလန်ကျောင်းကို ပြန်ခဲ့လိုက်ပါတော့သည်။

All Chapters