အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၀၆)
တန်နာဇီ၏ ဆေးပညာအရည်အသွေးက အရမ်းမမြင့်သော်လည်း မျှော်လင့်ချက်မရှိတာတော့ မဟုတ်ပါ။ တန်နာဇီအိမ်စာလုပ်တိုင်း ဘေးကနေပြီး သူမက ကူညီပေးခဲ့တယ်ဆိုသော်လည်း ဆေးကိုတစ်ကယ်ဖော်စပ်သူကတော့ တန်နာဇီကိုယ်တိုင်ပဲဖြစ်ပါတယ်။ သူမက ထောက်ပြပြောဆိုတာလောက်ပဲ လုပ်ပေးခဲ့ရတာပါ။
ဒါပေမယ့် တန်နာဇီက ရှန်ယန်ရှောင်လိုမဟုတ်ဘဲ တစ်ခါမှမမြင်ဖူးတဲ့ ဆေးရည်ကို တစ်ခါကြည့်ရုံနဲ့ လုပ်နိုင်သူတော့ မဟုတ်ပါဘူး။
ပူလီစီ၏ စမ်းသပ်ချက်က တန်နာဇီကို အခက်တွေ့အောင် သေချာအကွက်ချလုပ်ခဲ့တာဖြစ်တယ်။ တန်နာဇီမပြောနဲ့ ပထမနှစ်ခရမ်းတန်းတစ်တန်လုံးမှာ ရှန်ယန်ရှောင်ကလွဲပြီး ဘယ်သူမှ အခုလိုဆေးရည်မပြုလုပ်နိုင်ကြပါဘူး။
"နာဇီက အဲ့လိုမလုပ်ခဲ့ပေမယ့် ပူလီစီကနေပြီး နာဇီရဲ့အိမ်စာတွေအားလုံးက မင်းရဲ့ဆေးရည်နဲ့အစားထိုးထားခဲ့တာလို့ ပြောခဲ့တယ်။ အဲ့ဒီနောက်တော့ ဆေးပညာဌာနရဲ့ စည်းကမ်းတွေအရ နာဇီကို လိမ်လည်မှုနဲ့ ကျောင်းကနေထုတ်ပစ်ခဲ့တယ်လေ"
တန်နာဇီ မပြောနိုင်တာကို ရိပ်မိတဲ့ ကြူရှီယာက အစားဝင်ပြောပေးခဲ့ပါတယ်။
ဘာယိအကယ်ဒမီလဲ ဘာချစ်ကြည်ရေးပွဲလဲ ဒါတွေက သူမထွက်လာစေရန်အတွက် ရှန်ဂေါင်းရှောင်လုပ်ခဲ့တဲ့ အကွက်တွေပဲ။
"သူတို့က သည်းမခံနိုင်လောက်အောင်ကို အနိုင်ကျင့်ကြတာပဲကိုး"လို့ ရှန်ယန်ရှောင်က အဆိုပါစကားလုံးတွေကို သွားကြားကနေထွက်အောင် ဖြစ်ညှစ်ပြောလိုက်ကာ သူမလက်သီးတွေကတော့ ကျစ်ကျစ်ပါအောင် ဆုပ်နေလျှက်သားဖြစ်နေပါတယ်။
သူမက ရှန်ဂေါင်းရှောင်နဲ့ ဆက်မပတ်သတ်ချင်တော့သလို ပူလီစီကို ရန်စဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် အဲ့စိတ်ထားမကောင်းသူတွေက လက်မလျှော့ဘဲဖြစ်နေမယ်လို့ သူမ ထင်မထားခဲ့မိပါဘူး
သူတို့အနေနဲ့ သူမရဲ့ ရဲဘော်ရဲဘက်ကို မထိခိုက်နိုင်စေရဘူး။
"ငါ ရှန်ယန်ရှောင်ဟာ ငါ့မိတ်ဆွေအတွက် လက်တုံ့မပြန်နိုင်ခဲ့ပါက ဘယ်သောအခါမှ ဆေးရည်တွေကို မထိတွေ့မကိုင်တွယ်တော့ဘူး"
ရှန်ယန်ရှောင်က ထရပ်လိုက်ပြီး ထွက်သွားမယ်အလုပ်မှာ ကြောင်ငေးနေတဲ့ တန်နာဇီက ကမန်းကတမ်းနဲ့ လှမ်းဆွဲလိုက်ပါတယ်။
"ရှောင်လေး ဒီကိစ္စက ငါညံ့လို့လည်းပါပါတယ်။ သမားတော်မဖြစ်ရတာက အဆိုးကြီးမဟုတ်သေးပါဘူးကွ နောက်ပြီး ငါ့မိသားစုကလည်း အဲ့အတွက် သိပ်ဂရုမစိုက်ပါဘူး။ အလွန်ဆုံးဆိုလို့ ငါ့အဖိုးက ရိုက်ရုံပဲရှိမှာ ဒါပေမယ့် ငါအရှက်ကွဲအောင်တော့ သူလည်း မလုပ်ပါဘူး။ စိတ်မပူပါနဲ့ ငါအိမ်ကိုပြန်ရလည်း ဘာမှမဖြစ်ပါဘူး"
ဒေါသူပုန်ထကာ အေးစက်အမူအယာဖြစ်နေသော ရှန်ယန်ရှောင်ကို ဘယ်သူမှစေ့စေ့မကြည့်ရဲလောက်အောင် ဖြစ်နေတာကြောင့် တန်နာဇီလန့်သွားပါတယ်။
ရှန်ယန်ရှောင် ဘာလုပ်ချင်မှန်း သူ မသိပေမယ့် သူ့အတွင်းစိတ်ကလှုံ့ဆော်နေတာကတော့ သူမကို ဒီအချိန်မှာ လက်မလွှတ်လိုက်နဲ့လို့ဖြစ်ပါတယ်။
"ငါ့ကိုလွှတ်စမ်း"လို့ ရှန်ယန်ရှောင်က အေးစက်စက်အော်ဟစ်လိုက်သည်။
"ရှောင်လေး..."
တန်နာဇီကတော့ ဘာဖြစ်ဖြစ်လွှတ်မှာမဟုတ်ပါဘူး။ သူလက်လေးနည်းနည်းအားပျော့လိုက်တာနဲ့ ရှန်ယန်ရှောင်က ပြေးထွက်သွားပြီးတော့ အဆိုပါဆရာတပည့်နှစ်ဦးကို လုပ်ကြံသတ်ဖြတ်မယ်လို့ ခံစားမိနေရပါတယ်။
"ငါက မနက်ဖြန်ဆို ပြန်ရတော့မှာ။ ငါနဲ့ ဒီနေ့အဖော်မလုပ်ပေးချင်ဘူးလားကွာ"လို့ တန်နာဇီက အတတ်နိုင်ဆုံး သိမ်းသွင်းပြောဆိုနေလိုက်ပြီး ရှန်ယန်ရှောင်ကို ကူညီဖျောင်းဖြပေးဖို့အတွက် ကြူရှီယာကိုမျက်စပစ်လိုက်ပါတယ်။
ဒါပေမယ့် ကြူရှီယာကတော့ ထိုင်ခုံပေါ်မှာပဲ ပျင်းတိပျင်းရွဲနဲ့ ဆက်ထိုင်နေပြီး သူနဲ့ဘာမှမဆိုင်သလို လုပ်နေမယ်လို့ ဘယ်သူထင်မှာလဲ။
တန်နာဇီ အော်ငိုချင်မိသွားရသည်။ ဒီကိစ္စကို ရှန်ယန်ရှောင်ကို ပြောလို့မဖြစ်ဘူးလို့ သူပြောခဲ့တယ် မဟုတ်ရင် ဒီယုန်ဖြူလေးက လူတွေကို လိုက်ကိုက်ပါလိမ့်မယ်ဆိုပြီးတော့ပေါ့။
ရှန်ယန်ရှောင်က ရုန်းနေတာကိုရပ်လိုက်ပြီး သူမလက်မောင်းတွေကို တင်းတင်းဆွဲထားတဲ့ တန်နာဇီဖက်လှည့်ကြည့်လိုက်ပါတယ်။ သူမရဲ့ဒေါသက ရုတ်တရက်ပျော့သွားခဲ့ကာ အပြုံးတစ်ခုဖြစ်ပေါ်သွားပါတယ်။
တန်နာဇီက အံ့သြစွာနဲ့ ရှန်ယန်ရှောင်မျက်နှာကို မယုံသလိုလိုကြည့်လိုက်မိတယ်။ စောစောလေးကမှ ဒေါသူပုန်ထနေတဲ့ ယုန်လေးကို သူဖျောင်းဖြနိုင်လိုက်တာလားဟင်...
ရှန်ယန်ရှောင်က တန်နာဇီအား ချိုသာစွာပြုံးပြလိုက်ပြီးနောက် လက်ကိုမြှောက်ကာ တန်နာဇီ၏ နဖူးကို လက်ညှိုးနဲ့တို့လိုက်ပါတယ်။
"အားပျော့စေ"
"ဘုန်း"ဆိုသောအသံနဲ့အတူ တန်နာဇီတစ်ယောက် ကြမ်းပေါ်သို့လဲကျသွားခဲ့ပြီး သူ့လက်တွေခြေတွေကတော့ ဆန့်ကားနေခဲ့ပါတယ်။
ဒီယုန်ကလေးက သမားတော်ဖြစ်တဲ့အပြင် ဆင့်ခေါ်သူပါဖြစ်တယ်ဆိုတာကို သူ ဘယ်လိုလုပ်ပြီးတော့များ မေ့နေခဲ့ရတာလဲ။
ရှန်ယန်ရှောင်ကတော့ ထွက်သွားပါပြီ။
"လောင်းဖန်ရေ ဒီတစ်ခေါက် မင်းကျေးဇူးကြောင့် တန်နာဇီကို တော်ဝင်ရိုလန်ကျောင်းကနေထွက်ရဖို့ လုပ်နိုင်ခဲ့တာပဲ"
အမြဲတမ်းလိုလို ဘဝင်မြင့်မာနတက်နေသော ရှန်ဂေါင်းရှောင်ဟာ ရှားရှားပါးပါးနဲ့ နှိမ့်ချတဲ့အသံမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ သူ့ဘေးမှာရှိတဲ့ ဆယ်ကျော်သက်ကတော့ ယိအကယ်ဒမီက ကျောင်းသားဖြစ်သူ လောင်းဖန်ပါ။
ရှန်ဂေါင်းရှောင်က တော်ဝင်ရိုလန်ကျောင်းမှာ အထူးချွန်ဆုံးဆိုရင် ဒီလောင်းဖန်ဟာ လန်းယူမင်းဆက်တိုင်းပြည်ရဲ့ အကယ်ဒမီတွေအားလုံးထဲမှာ အတော်ဆုံးဆေးကျောင်းသားလို့ ပြောလို့ရပါတယ်။ အသက်၁၉နှစ်မှာတင် အကြီးတန်းသမားတော်ဖြစ်နေသူပါ။ ဒီလိုမွေးရာပါအရည်အသွေးမျိုးက ကြိုးစားရုန်းကန်နေရတဲ့ သမားတော်အားလုံးကို အရှက်ကွဲသေစေနိုင်စွမ်းရှိပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၀၇)
လောင်းဖန်က လက်သင့်မခံနိုင်သောလေသံဖြင့် ပြန်ပြောလိုက်ပါတယ်။
"အဲ့လိုအမှိုက်သရိုက်မျိုးက သမားတော်တစ်ယောက်ဖြစ်နိုင်တယ်လို့ ထင်နေတာက သူ့ကိုယ်သူထင်တစ်လုံးဖြစ်နေတာပဲ။ မင်းရောပဲ ရှန်ဂေါင်း ဘာလို့ အဲ့ဒီအမှိုက်အတွက် ရေးကြီးခွင်ကျယ်လုပ်နေတာတုန်း။ တော်ဝင်ရိုလန်ကျောင်းကလည်း အလကားပါ။ မင်းတို့ကျောင်းမှာ သမားတော်ကြီးတစ်ချို့သာရှိမနေဘူးဆိုရင် ဆေးလောကမှာဝင်ဆံ့မှာတောင်မဟုတ်ဘူး။ ဆေးပညာဌာနတစ်ခုလုံးမှာ မင်းကလဲရင် ငါ့မျက်စိထဲတိုးတဲ့သူ ဘယ်သူမှမရှိဘူး"
ရှန်ဂေါင်းရှောင်က ရှက်ပြုံးပြုံးလိုက်ပါတယ်။
ယိအကယ်ဒမီကျောင်းသားတွေ ဒီကိုလာရတဲ့ အဓိကရည်ရွယ်ချက်က သမားတော်ကြီးတွေဆီကနေ လေ့လာဆည်းပူးဖို့အတွက်ဖြစ်ပြီး အတော်ဆုံးကျောင်းသားဖြစ်တဲ့ လောင်းဖန်က ဒီရက်ပိုင်းအတွင်းမှာ ဆေးပညာလေ့လာမှုအသစ်တွေကို စာကြည့်တိုက်ထဲက သမားတော်ကြီးတွေနဲ့ အတူလေ့လာနေခဲ့ပါတယ်။
လောင်းဖန်ဟာ ဆေးပညာဌာနတစ်ခုလုံးကို အထင်မကြီးထားဘဲ ရှန်ဂေါင်းရှောင်ကိုတောင် ပူလီစီမျက်နှာနဲ့မို့ အရေးပေးထားတာဖြစ်ပါတယ်။
လောင်းဖန်အနေနဲ့ စိတ်နည်းနည်းပျက်နေခဲ့ပါတယ်။ သူတစ်ကယ်တွေ့ဆုံချင်သူဟာ လောင်းရွှမ်ပြည်၏ အကြီးမြတ်ဆုံးသမားတော် ရဲချင်သာဖြစ်ပါတယ်။
ဒါပေမယ့် ရဲချင်နဲ့တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း တွေ့ခွင့်မရခဲ့ပါဘူး။ အမျိုးမျိုးသောအကြောင်းပြချက်တွေပေးကာ နောက်ရက်မှ ပြန်လာဖို့သာပြောခံခဲ့ရပါတယ်။ အခုထိတော့ ရဲချင်နဲ့တွေ့ခွင့်မရသေးပါဘူး။
"အိုး ဒါနဲ့ ရှန်ဂျူအကြောင်းကို မင်းပြောခဲ့သေးတယ်နော် ဒါပေမယ့် အခုထိကို သူ့အရိပ်အယောင်တောင် ငါမတွေ့ရသေးဘူး။ သမားတော်ကြီးရဲချင်မျက်စိကျတဲ့ ကောင်လေးက ဘယ်လိုမျိုးလဲဆိုတာကို ငါကြည့်ချင်မိတယ်"
တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာနမှာ ကျောင်းသားအနည်းငယ်သာရှိပြီး လောင်းဖန်အမြင်မှာတော့ ရှန်ဂေါင်းရှောင်တစ်ယောက်သာ လောက်လောက်လားလားရှိပါတယ်။ ကျန်သမျှကျောင်းသားအားလုံးကတော့ အသုံးကိုမကျကြပါဘူး။ ဒါပေမယ့် သမားတော်ကြီးရဲချင်က တစ်ယောက်ယောက်ကို သဘောကျနေတာကြောင့် သူတစ်ကယ်အံ့အားသင့်ခဲ့ရပါတယ်။
ရှန်ဂျူအကြောင်းပြောလိုက်တာနဲ့ ရှန်ဂေါင်းရှောင် အမူအယာက ချက်ခြင်းပဲဆိုးရွားသွားခဲ့ပါတယ်။
"အဲ့ချာတိတ် ဘယ်မှာပုန်းနေသလဲမှမသိတာ။ တစ်လတောင်ရှိတော့မယ် သူ့အကြောင်းကို အခုထိဘာသံမှ မကြားရသေးဘူး"
"ဘာပဲဖြစ်ဖြစ်လေ သူက အလွန်ဆုံးရှိမှ အလတ်တန်းအဆင့်သမားတော်ပေါ့။ မင်းကိုတော့ လုံးဝယှဉ်လို့ မရပါဘူးလေ"
လောင်းဖန်က ဝံ့ထည်စွာတစ်ချက်ပြုံးလိုက်သည်။
"အဲ့ကလေးကို ငါ့မျက်စိထဲတောင် မထည့်ထားပါဘူး။ သူ့ကိုအနိုင်ယူလိုက်ရင် သမားတော်ကြီးရဲချင်အနေနဲ့ သူရွေးချယ်ထားသူဟာ ဘောင်မဝင်တန်းမဝင်ကောင်ဆိုတာကို သဘောပေါက်သွားပြီး ငါသာလျှင် သူ့အတွက် အကောင်းဆုံးရွေးချယ်စရာဆိုတာကို သိစေချင်လို့ပဲ"
လောင်းဖန်ကို ယိအကယ်ဒမီကဆရာတွေအနေနဲ့ ဆက်လက်သင်ကြားပေးနိုင်တာမရှိတော့တာကြောင့် လင်းလက်တိုက်မှာ ဆေးဝိဇ္ဇာဖြစ်ဖို့ အနီးစပ်ဆုံးသောတစ်ယောက်သောသူဖြစ်တဲ့ သမားတော်ကြီးရဲချင်ဆီမှာ ပညာဆည်းပူးချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရှန်ယန်ရှောင်ကို ရှင်းဖို့အတွက်ကြံစည်နေတဲ့ ရှန်ဂေါင်းရှောင်ရဲ့ စိတ်ကူးကိုကူညီဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ဖြစ်မြောက်သွားခဲ့ရင် ရှန်ဂျူကိုရှင်းထုတ်နိုင်ရုံသာမကဘဲ သူ့ဆရာဖြစ်သူရဲချင်ကိုပါ သူဆရာတော်ခွင့်ရနိုင်ပါတယ်။
"အမှန်ပဲ။ လင်းလက်တိုက်တစ်တိုက်လုံးကိုကြည့်လိုက်လေ ဆေးပညာရပ်မှာ မင်းနဲပုခုံးချင်းယှဉ်နိုင်တဲ့သူ ဘယ်သူရှိလို့လဲဟ။ ရှန်ဂျူဆိုတာ လူပြက်သာသာပါကွာ"
ရှန်ဂေါင်းရှောင်က ဒေါကန်စွာပြောလိုက်သည်။ သူတို့နှစ်ယောက်လုံးမှာ ဘုံရန်သူရှိနေပါတယ်။
သူတို့နှစ်ယောက်လုံး ရှန်ယန်ရှောင်ကို ပုတ်ခတ်နေခဲ့ပြီး သူတို့၏ တောက်ပနေသော အနာဂတ်ကိုမှန်းဆတွေးမြင်နေကြပါတယ်။ ဒီအချိန်မှာပဲ တစ်လခန့်ပျောက်ကွယ်နေခဲ့သော လူတစ်ယောက်က ဆေးပညာစာကြည့်တိုက်ကို တိတ်တဆိတ်ရောက်ရှိလာပါတယ်။
စာကြည့်တိုက်မှာ စာအုပ်ရှာ စာအုပ်ဖတ်နေကြသော ကျောင်းသားတွေဟာ တစ်စုံတစ်ယောက်ဖြစ်သူရဲ့ ဒေါကန်နေမှုကို စိတ်ဝင်စားစွာလိုက်ကြည့်လိုက်ကြပါတယ်။
"စီနီယာရှန်ဂေါင်းရှောင်ပါလား"
ဝံ့ကြွားမှုအနည်းငယ်ပါဝင်သော အသံဟာ အေးစက်စွာနဲ့ လူနှစ်ဦးနားထဲကို တိုးဝင်သွားခဲ့ပါတယ်။
"ရှန်ဂျူ...နောက်ဆုံးတော့လည်း မင်းပေါ်လာပြီပေါ့"
ရှန်ဂေါင်းရှောင်က သူ့အားအရှက်တကွဲအကျိုးနည်းစေခဲ့သော ရန်သူအား သွားကြားထဲကလေသံဖြင့်ပြောလိုက်ပါတယ်။
လောင်းဖန်ကတော့ သေးကွေးပိန်လှီလှသော ကောင်လေးကို အံ့သြတကြီးကြည့်နေပါတယ်။ ရှန်ဂေါင်းရှောင်ကို အနိုင်ယူခဲ့တဲ့ ကျောင်းသားသစ်လေးဟာ ဘယ်လိုပုံပန်းရှိမလဲဆိုတာကို သူစိတ်ကူးကြည့်ခဲ့မိပြီး ဒီလိုပုံစံဖြစ်နေမယ်လို့တော့ မထင်ထားခဲ့မိပါဘူး။
လူအုပ်ထဲမှာရှိနေရင် ဘယ်သူမှသတိထားကြည့်မိစရာမရှိတဲ့ ကောင်လေးက သမားတော်ကြီးရဲချင်ရဲ့တပည့်တဲ့လား ရှန်ဂေါင်းရှောင်ကို အနိုင်ယူခဲ့တဲ့ ကျောင်းသားသစ်တဲ့လား...
ရှန်ဂေါင်းရှောင် ဘာကြောင့်အရမ်းဒေါကန်နေခဲ့တာလဲဆိုတာကို လောင်းဖန်နားလည်သွားပါတယ်။ ရှုံးနိမ့်ခြင်းဆိုတာ သမားတော်တွေအတွက် ဆိုးရွားကြောက်ရွံ့စရာမလိုပါဘူး။ ဆိုးရွားတာက ရှန်ဂေါင်းရှောင်ဟာ သူ့ထက်အသက်အများကြီးငယ်ရွယ်တဲ့သူထံမှာ အရေးနိမ့်ခဲ့ခြင်းဖြစ်ကာ ဘာထူးခြားထက်မြက်မှုမှ ထောက်ပြစရာတစ်ကွက်မရှိသူလက်အောက်မှာ အရေးနိမ့်ခဲ့တာဟာ အရှက်တကွဲအကျိုးနည်းဖြစ်ရပ်ကြီးတစ်ခုပါပဲ။
"မင်းက ရှန်ဂျူပေါ့"
လောင်းဖန်က သူ့ရှေ့ လူ့ဗလံလေးကိုကြည့်ကာပြောလိုက်သည်။ ရှန်ဂေါင်းရှောင်သာ နာမည်ခေါ်မပြောလိုက်ဘူးဆိုရင် လူတွေပြောနေကြတဲ့ ရှန်ဂျူနဲ့ ဒီကောင်လေးနဲ့ကို သူ ဆက်စပ်မိမှာမဟုတ်ပါဘူး။
"မင်းက ဘယ်သူတုန်း"လို့ ရှန်ယန်ရှောင်က တစ်ချက်ကြည့်ကာမေးလိုက်သည်။
"ငါက ယိအကယ်ဒမီ ဆေးပညာဌာနက လောင်းဖန်ပဲ"လို့ လောင်းဖန်ကပြန်ပြောခဲ့သည်။
"မင်းကိုး"လို့ ရှန်ယန်ရှောင်က ခနဲ့စွာပြောလိုက်သည်။ ကောင်းတယ် သူအချိန်မကုန်တော့ဘူးလို့ ရှန်ယန်ရှောင်တွေးလိုက်မိသည်။
ရှန်ယန်ရှောင်ရဲ့လေသံဟာ သူ့ကိုနေရထိုင်ရခက်စေတာကြောင့် လောင်းဖန်မျက်မှောင်ကြုတ်လိုက်မိသည်။
"စီနီယာရှန်ဂေါင်း ကျနော့်ကို ကမ္ဘာအနှံ့လိုက်ရှာနေခဲ့တာ မဟုတ်လား။ အခုကျနော်ပြန်ရောက်ပြီလေ"
"ကောင်းတယ် အရမ်းကောင်းတယ် မင်းပြန်ရောက်လာပြီပဲ ဟုတ်ပြီဟေ့"
အဲ့ဒီအထာကြီးနဲ့အမူအယာကြောင့်ရော ဖြစ်နေတဲ့စိတ်ခံစားချက်တွေကြောင့်ရောတို့က ရှန်ယန်ရှောင်ကို ခုန်အုပ်နပန်းလုံးချင်စိတ်တွေ ရှန်ဂေါင်းရှောင်ဖြစ်သွားရသည်။
"စီနီယာရှန်ဂေါင်းက အရင်တစ်ခါရှုံးနိမ့်မှုကို တော်တော်ကျေနပ်ပျော်ရွှင်နေတယ်လို့ ကျနော်ကြားခဲ့ရပြီး ဒါကြောင့် ကျနော်နဲ့ နောက်တစ်ခေါက်ထပ်ပြိုင်ချင်နေတာဆိုလား"ဟု ရှန်ယန်ရှောင်က ပြောလိုက်သည်။
အရင်တစ်ခါ ရှုံးနိမ့်မှုကို ပျော်နေခဲ့တယ်တဲ့လား...
ရှန်ဂေါင်းရှောင် သွေးအန်မတတ်ဖြစ်သွားခဲ့သည်။
"ဟေ့ချာတိတ် အဲ့လောက်ဘဝင်မြင့်မနေနဲ့။ အရင်တစ်ခေါက်တုန်းက သမားတော်ကြီးရဲကြောင့် မင်းကံကောင်းသွားခဲ့တာပဲ"လို့ ရှန်ဂေါင်းရှောင်က ပြန်ပြောလိုက်သည်။
သမားတော်ကြီးရဲချင် လေ့လာဖော်ထုတ်ထားတဲ့ သေဟန်ဆောင်ဆေးရည်ကြောင့်သာ ရှန်ယန်ရှောင်နိုင်သွားတာပါ။ ဒါကြောင့် သူရှုံးခဲ့တာဟာ ရှန်ယန်ရှောင်ကို မဟုတ်ဘဲ သမားတော်ကြီးရဲချင်ကိုပါ။
"အိုး"ဟုဆိုကာ သူမ အကျယ်ကြီးအော်ရယ်လိုက်သည်။ ထို့နောက် လောင်းဖန်အားဝေ့ကြည့်လိုက်ပါတယ်။
"ကျနော်က တော်ဝင်ရိုလန်ကျောင်းကနေ တစ်လလောက်ခရီးထွက်နေခဲ့တယ်။ နောက်ပြီး ကျနော်ကြားထားတာကတော့ ဒီအတောအတွင်းမှာ ကျနော်နဲ့ယှဉ်ပြိုင်ဖို့အတွက် စီနီယာရှန်ဂေါင်းရော ဒီအဝေးကလာတဲ့ ဧည့်သည်ရောက စိတ်ဝင်စားနေတယ်ဆိုလား"
လောင်းဖန်မဲ့လိုက်ပြီးနောက် ပြောလိုက်ပါတယ်။
"မင်းက ပညာတစ်ချို့ရှိတယ်လို့ ရှန်ဂေါင်းကငါ့ကိုပြောခဲ့တယ်လေ ဒါပေမယ့် မင်းကိုဒီနေ့တွေ့လိုက်တော့ လူတွေပြောသလောက် ဟန်ပုံမရဘူးလို့ ငါထင်တယ် တစ်ခြားလူတွေလိုပဲ ငပိန်းကောင်ဖြစ်နေတာကိုး"
သူ ဒီကလေးရဲ့အကြည့်တွေကို မုန်းပါတယ်။ သူ့မျက်လုံးတွေထဲမှာ လောင်းဖန်ဆိုတဲ့သူဟာ ပုရွက်ဆိတ်သာသာပဲရှိသလိုအကြည့်နဲ့ကြည့်နေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၀၈)
"အဲ့လိုဆိုရင် မင်းတို့နှစ်ယောက်က ငါနဲ့ယှဉ်ရဲမလားမသိဘူး"
ရှန်ယန်ရှောင် လှောင်လိုက်ပါတယ်။ လောင်းဖန် ရှန်ဂေါင်းရှောင်နဲ့ ပူလီစီတို့ သုံးယောက်လုံးက သူမနဲ့လာရှုပ်ရဲမှတော့ တစ်ယောက်မှကို သူမလွှတ်ပေးမှာမဟုတ်ပါ။
တစ်ချို့သောသူတွေကို ရန်သွားစလို့မရဘူးဆိုတာကို ဒီငတုံးကောင်တွေသိအောင် သူမ လုပ်ပေးရမှာပေါ့။
သူတို့ကတောင် စိန်မခေါ်ရသေးခင်မှာ ဒီချာတိတ်က သူတို့ကိုစိန်ခေါ်သတဲ့။ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိသည်။
"ကောင်းတာပေါ့...အာ ဒါနဲ့ ငါတို့ ဘယ်လိုပြိုင်ဖို့ မင်းစိတ်ကူးထားလဲ"ဟု ရှန်ဂေါင်းရှောင်ကမေးလိုက်သည်။
"ဒါက သမားတော်တွေကြားက ပြိုင်ပွဲဆိုတော့ ဆေးရည်အတွက်ပဲ ပြိုင်ကြတာပေါ့။ ဒါပေမယ့် သာမန်နည်းတွေက ပျင်းဖို့ကောင်းလွန်းတယ်လေ ဒီတော့ နည်းအသစ်နဲ့ပြိုင်ရင်ကောင်းမယ်"
ရှန်ယန်ရှောင်ရဲ့လေသံက ညအခါမှာ ပုန်းအောင်းနေသော နတ်ဆိုးတစ်ကောင်က သားရဲတွင်းထဲသို့ သက်ဆင်းလာမယ့် သားကောင်ကိုစောင့်ဆိုင်းနေသလိုမျိုးပါပဲ။
စာကြည့်တိုက်ထဲက ကျောင်းသားတွေအားလုံး ဒီစကားဝိုင်းကို စိတ်ဝင်စားသွားကြပါတယ်။ သူတို့အားလုံး ဒီသုံးယောက်ဘယ်သူဘယ်ဝါတွေဆိုတာကို သိကြပါတယ်။ ဆေးပညာဌာနမှာ ကျော်ကြားထင်ရှားသူ ရှန်ဂေါင်းရှောင်၊ ရှန်ဂေါင်းရှောင်ကို ပြိုင်ပွဲမှာ အနိုင်ယူခဲ့သူ ရှန်ဂျူနဲ့ ပြီးခဲ့သော ချစ်ကြည်ရေးပြိုင်ပွဲမှာ လူသိများခဲ့တဲ့ ယိအကယ်ဒမီက လောင်းဖန်တို့ပါ။ ပူလီစီဟာ ရှန်ဂျူရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ တန်နာဇီကို ကျောင်းကနေထုတ်ပစ်ခဲ့တာကြောင့် တစ်လကြာပျောက်ဆုံးနေသော ကျောင်းသားသစ်လေး ပြန်ပေါ်လာပြီး ရှန်ဂေါင်းရှောင်တို့ကို ရှာနေတယ်ဆိုထဲက ဘာအတွက်လဲဆိုတာ အရူးတောင်သိနိုင်ပါတယ်။
"ရှန်ဂျူက လောင်းဖန်ကို တစ်ကယ်စိန်ခေါ်တော့မယ်လို့တော့ ငါ့ကိုမပြောနဲ့နော်"
ဆေးပညာကျောင်းသားများက လူသုံးဦးဆီကို လှမ်းကြည့်ကာတီးတိုးပြောဆိုနေကြပါတယ်။
"လောင်းဖန်က အခု အကြီးတန်းသမားတော်ဖြစ်နေပြီ သူ မနိုင်နိုင်ဘူး"
"ဘာလောင်းဖန်လဲ။ ဘာယိအကယ်ဒမီလဲ။ ငါတို့တော်ဝင်ရိုလန်ကျောင်းမှာလာပြီး ဇပြင်းနေရအောင် သူတို့ကိုယ်သူတို့ ဘာထင်နေကြတာလဲ။ ဒီကောင်တွေကို ငါကြည့်မရတာတော်တော်ကြာနေပြီ နောက်ပြီး ရှန်ဂေါင်းရှောင်ကလည်း ငကြောက်ပဲ။ ငါတို့ရှေ့မှာကျ သူ့အစွမ်းအစကို အမြဲကြွားကြွားနေပြီး လောင်းဖန်ရှေ့ကျ ချီးတောင်မပေါက်ရဲဘူးလေ"ဟု ကျောင်းသားတစ်ဦးက မကျေမနပ်ဖြင့်ပြောလိုက်ပါသည်။
ယိအကယ်ဒမီကျောင်းသားတွေ ရောက်ပြီးတည်းက ချစ်ကြည်ရေးပွဲတွေက တစ်ပွဲပြီးတစ်ပွဲကျင်းပခဲ့တာဖြစ်ပြီး တော်ဝင်ရိုလန်ကျောင်းကတော့ တစ်ပွဲမှကို မနိုင်ခဲ့သေးပါဘူး။
သူတို့တွေဟာ ကိုယ့်နယ်မြေမှာကိုယ်နေပြီး သူစိမ်းတွေရှေ့မှာ ခေါင်းတောင်မဖော်ရဲခဲ့ကြတော့ပါဘူး။ ဒါပေမယ့် ထိပ်သီးကျောင်းသားရှန်ဂေါင်းရှောင်ကတော့ တော်ဝင်ရိုလန်ကျောင်းအတွက် မယှဉ်ပြိုင်ပေးခဲ့ရုံသာမက လောင်းဖန်နဲ့တောင် သူတော်ချင်းချင်းသတင်းလွေ့လွေ့ဖြစ်နေခဲ့ပါတယ်။ အဲ့ဒါတင်မကဘဲ ယိအကယ်ဒမီကျောင်းသားတွေ ထင်ရာစိုင်းခွင့်ကိုလည်း သူကဘာမပြောဘဲလွှတ်ထားခဲ့တာကြောင့် ကျောင်းသားအများစုက မကျေနပ်ကြတော့ပါဘူး။
တော်ဝင်ရိုလန်ကျောင်း ဆေးပညာကျောင်းသားတွေဟာ ၁၈ ၁၉၀န်းကျင်သာရှိကြသော ငယ်ရွယ်ကာစိတ်အားထက်သန်ဆဲလူငယ်တွေဖြစ်ကြပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဖိနှိပ်မှုအောက်မှာ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးနေရတာကို သူတို့တွေဒေါကန်နေခဲ့ကြသော်လည်း သူတို့တွေအနေနဲ့ တစ်ဖက်လူတွေကို မယှဉ်နိုင်ကြပါဘူး။
အခုရှန်ယန်ရှောင်ထွက်လာပြီး လောင်းဖန်ကိုစိန်ခေါ်ခဲ့တဲ့အတွက် နိုင်နိုင်ရှုံးရှုံး သူတို့ရဲ့စိတ်ကိုတော့ တက်ကြွသွားစေခဲ့ပါတယ်။
"ဟုတ်တယ်ကွ။ ဘယ်သူက ဇမရှိရမှာလဲဟေ့ သူနဲ့ပြိုင် ပြိုင်သာပြိုင်"လို့ နောက်ထပ်ကျောင်းသားတွေက ဝင်ပြောလိုက်ပါတယ်။
ဒီအချိန်မှာ ရှန်ယန်ရှောင်ဟာ တော်ဝင်ရိုလန်ကျောင်းကို ကိုယ်စားပြုနေတာဖြစ်ပြီး အားလုံးက မြင်တွေ့ချင်နေကြပါပြီ။ သူတို့ဟာ သူတို့တွေကို အံ့သြမင်သက်စေခဲ့တဲ့ ဒီကျောင်းသားသစ်က နောက်တစ်ကြိမ်ထပ်ကာ အသက်ရှူမှားအောင် ပြုစားမှာကိုမြင်တွေ့ချင်နေကြပါပြီ။
"နည်းအသစ်ကို ဘယ်လိုပုံလုပ်ချင်တာလဲ"လို့ လောင်းဖန်က ရှန်ယန်ရှောင်ကမေးလိုက်ပါတယ်။
သမားတော်တွေထဲမှာ သူနဲ့သက်တူရွယ်တူတွေဖြစ်ပြီး ပညာအရည်အချင်းသာလွန်သူ တစ်ယောက်မှမရှိတာကြောင့် သူမကြောက်ပါဘူး။
ရှန်ယန်ရှောင်က အသာအယာပြုံးကာပြောလိုက်ပါတယ်။
"ရိုးရိုးလေးပါ။ ငါတို့တစ်ယောက်ချင်းစီက ဆိုးကျိုးဖြစ်စေတဲ့ ဆေးပုလင်းတစ်ပုလင်းစီကို ပြုလုပ်ကြပြီး ပြိုင်ဖက်က အဲ့ဒီဆေးကိုသောက်ရမယ်။ အဲ့ဒီနောက်တော့ ကိုယ်သောက်တဲ့ဆေးက ဘာဆေးလဲဆိုတာကို ကိုယ့်ဖာသာခန့်မှန်းပြီးတော့ ဖြစ်နိုင်သမျှအချိန်တိုတိုအတွင်းမှာ ဖြေဆေးဖော်ပြီးသောက်ရုံပဲ"
"ဆိုးကျိုးဆေးရည်"လို့ လောင်းဖန်က ရှန်ယန်ရှောင်အား တအံ့တသြကြည့်ကာပြောလိုက်သည်။
ဒီလိုရူးသွပ်တဲ့စိတ်ကူးမျိုးကို တွေးမိလိမ့်မယ်လို့ သူ မထင်ထားမိပါဘူး။
ဆေးရည်တွေဟာ ကောင်းကျိုးဖြစ်စေရုံတင်သာမကဘဲ ဆိုးကျိုးလည်းဖြစ်စေနိုင်ပါတယ်။ အလွန်ပြင်းထန်စွာ ထိခိုက်စေနိုင်တဲ့ဆေးရည်တွေလည်း ရှိကြပါတယ်။ ဒီဆေးရည်တွေဟာ အဆိပ်ကဲ့သို့ လူ့အသက်ကို ခဏအတွင်း မနှုတ်ယူနိုင်သော်လည်း ဆိုးကျိုးသက်ရောက်မှုက ပိုလို့တောင်ကြောက်စရာကောင်းလှပါတယ်။
သေတာထက်ပိုကြောက်စရာကောင်းသော ဆိုးကျိုးပေးစေတဲ့ ဆိုးကျိုးဆေးရည်အချို့ကို လောင်းဖန်သိပါတယ်။
လောင်းဖန် ခဏတာနှုတ်ဆိတ်သွားသည်။
တစ်စုံတစ်ဦးက ဆိုးကျိုးဆေးရည်ကို ပြိုင်ပွဲအတွင်းထည့်သွင်းတာကို သူတစ်ခါမှ မကြုံဖူးမမြင်ဖူးပါဘူး။
ရှန်ဂေါင်းရှောင်လည်း ကြောင်အအဖြစ်သွားခဲ့ပါတယ်။ ရှန်ယန်ရှောင်က ဒီလိုရူးသွပ်တဲ့စိတ်ကူးနဲ့ ပြိုင်ဖို့လုပ်မယ်လို့ သူမထင်ထားခဲ့မိပါဘူး။
"ဒီရှန်ဂျူက တော်တော်ကိုရက်စက်လွန်းတယ်"ဟု ကျောင်းသားတစ်ဦးက တံတွေးမြိုချရင်းပြောလိုက်ပါတယ်။
ဘေးကနေနားထောင်နေကြတဲ့ ကျောင်းသားတွေအကုန်လုံးလည်း သူတို့ကြားလိုက်ရတာအတွက် လန့်ဖျတ်သွားကြပါတယ်။
သူက ရန်သူကိုအဆတစ်ထောင်နာကျင်ထိခိုက်စေဖို့အတွက် ကိုယ့်ကိုယ်ကို အဆရှစ်ရာနာကျင်ထိခိုက်အောင် လုပ်နေတာပါပဲ။ နောက်ပြီး သူပြိုင်မှာက လူနှစ်ယောက်ဖြစ်ပါသေးတယ်။ နည်းနည်းလေးပေါ့ဆမိတာနဲ့ အသက်ဆုံးနိုင်ပါတယ်။ ရှန်ဂျူ ရူးသွားတာလား....
"ဘာလဲ မပြိုင်ရဲဘူးလား"
ရှန်ယန်ရှောင်က ရင်ဘတ်ပေါ်မှာ လက်ပိုက်ရင်းရပ်နေပါတယ်။ သူမက မေးကိုမော့ထားက တုန်လှုပ်နေသောလူနှစ်ယောက်ကို အထင်သေးစွာကြည့်လိုက်သည်။
ဒီရူးနှမ်းတဲ့ထင်ရသော ပြိုင်ပွဲနည်းလမ်းဟာ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ကို သူမ ပေးအပ်မယ့် ကျေးဇူးလက်ဆောင်ဖြစ်ပါတယ်။ သူတို့ကို သူမ မသတ်နိုင်သော်လည်း သူတို့တွေ ဂုဏ်အယူဆုံးဖြစ်တဲ့ ဆေးပညာရပ်နဲ့ပဲ သူတို့တွေကို ဖျက်စီးချေမှုန်းမှာပါ။
တုန်လှုပ်အံ့သြနေရာကနေ ပြန်လည်အသိဝင်လာတဲ့ လောင်းဖန်ဟာ သူ့ရှေ့က ဘဝင်မြင့်နေတဲ့ကောင်လေးကို အံကြိတ်ပြီးကြည့်လိုက်သည်။ ရှန်ယန်ရှောင်ပြောလိုက်တဲ့ စကားအားလုံးကို စာကြည့်တိုက်မှာရှိတဲ့ ကျောင်းသားအားလုံး ကြားသွားကြပြီဖြစ်လို့ ဒီအချိန်မှနောက်ပြန်ဆုတ်လိုက်ရင် သူတို့နှစ်ယောက်လုံး ဟာသတွေဖြစ်သွားကြမှာပါ။ ဒါကြောင့် သူနောက်ဆုတ်ချင်နေရင်တောင် ဒီအချိန်မှာတော့ နောက်ဆုတ်ဖို့လမ်းမရှိတော့ပါဘူး။
"ပြိုင်မယ်ဆို ပြိုင်ရုံပဲပေါ့။ ဘယ်အချိန်လဲ"လို့ လောင်းဖန်က အံကြိတ်ကာပြောလိုက်သည်။
ရှန်ယန်ရှောင် မျက်လုံးတွေကို ကျဉ်းလိုက်ကာ အေးစက်စက်အရိပ်တစ်ချို့ဖြတ်ကနဲ ပေါ်ထွက်သွားခဲ့သည်။
"မနက်ဖြန်နေ့မွန်းတည့်ချိန်မှာ ကျောင်းသားသစ်ဆေးပညာခန်းကနေ မင်းတို့ကိုငါစောင့်နေမယ်"