အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၀၉)
မျက်တောင်တစ်ခတ်အတွင်းမှာပဲ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့အား ရှန်ယန်ရှောင်စိန်ခေါ်သော သတင်းက တစ်ကျောင်းလုံးကိုပျံ့သွားခဲ့ပါသည်။ ဆေးပညာဌာနရဲ့နံပါတ်တစ်နေရာကို ခြေချခဲ့ဖူးတဲ့ကျောင်းသားသစ်လေး ပြန်ရောက်ပြီဆိုတာကို လူတိုင်းသိသွားကြပါတော့တယ်။
တော်ဝင်ရိုလန်ကျောင်း ဆေးပညာကျောင်းသားတွေရဲ့ ကျဆင်းနေသောစိတဓာတ်တွေ ချက်ခြင်းတောက်လောင်သွားကြပါတယ်။ ကျောင်းသားတိုင်းလိုလိုက ရှန်ယန်ရှောင်အတွက် တိတ်တဆိတ်အားပေးမိလိုက်ကြပါသည်။
စိန်ခေါ်မှုကိစ္စပြီးပြတ်တာနဲ့ လောင်းကစားရုံကို သူမပြန်သွားခဲ့သည်။ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့လည်း သူမထွက်သွားပြီးနောက် စာကြည့်တိုက်ကနေထွက်သွားလိုက်ကြပါတယ်။
လောင်းဒီ ဒီအကြောင်းကိုကြားသိတဲ့အခါမှာ ရှန်ယန်ရှောင်က လောင်းကစားရုံကိုရောက်နေပြီဖြစ်တာကြောင့် သူမကိုလူကိုယ်တိုင်သွားခေါ်တဲ့ကိစ္စ မအောင်မြင်ခဲ့ရပါ။
ရှန်ယန်ရှောင်ကို ဖမ်းမမိတဲ့အတွက် ရဲချင်ဆီပြေးကာ အသနားခံပါတော့တယ်။
"သမားတော်ကြီးရဲ ရှန်ဂျူကိုဖျောင်းဖြပေးပါဦး။ ဒီတစ်ခေါက်သူ့လုပ်ရပ်က တော်တော်စွန့်စားရာကျနေပါတယ်"
ရဲချင်ရဲ့ တည်ငြိမ်အေးဆေးတဲ့မျက်နှာမှာ ဘာအမူအယာမှ မတေ့ွရပါဘူး။ ပြိုင်ပွဲအကြောင်းကို လောင်းဒီထံကနေ သူအားလုံးသိပြီးပြီဖြစ်ကာ သက်ပြင်းချရင်းပြောလိုက်ပါတယ်။
"ဒီကလေး ရှန်ဂျူက ပုံမှန်အားဖြင့်တော့ ကြင်နာတတ်တယ်လို့ မြင်ရပေမယ့် တစ်ကယ်တန်းတော့ သူ့စိတ်ဓာတ်က အလွန်အမင်းခေါင်းမာပြီး တစ်ဇွတ်ထိုးလုပ်တတ်တယ်။ အခုလည်း လူလယ်ခေါင်မှာ စိန်ခေါ်ထားတာဖြစ်လို့ ပြန်နောက်ဆုတ်လို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး"
"ရှန်ဂျူက အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်လိုပဲ ပုံမှန်ဆိုရင် ဘာအန္တရာယ်မှ မရှိသယောင်ထင်ရပြီး တစ်ကယ်လို့များ တစ်ယောက်ယောက်ကနေ နဂါးရဲ့ပြောင်းပြန်ကြေးခွံကို သွားထိမိခဲ့ရင်တော့ အိပ်နေတဲ့နဂါးက မျက်လုံးဖွင့်လိုက်ကာ ကောင်းကင်ထက်သို့ပျံတက်ပြီး သူ့ပြောင်းပြန်ကြေးခွံကို ရှာတွေ့ခဲ့သောသူတွေဟာ ဘယ်သူတွေလဲဆိုတာကို အပြင်းထန်ဆုံးနည်းလမ်းတွေအသုံးပြု ရှာဖွေပြီးတုံ့ပြန်လိမ့်မယ်"လို့ပြောပြီး ရဲချင်က ပြူတင်းပေါက်အပြင်က ကောင်းကင်ကို ငေးကြည့်နေလိုက်ပါတယ်။
"ဒါပေမယ့်....ဒါက အန္တရာယ်မများလွန်းဘူးလား။ နောက်ပြီးတော့လည်း လောင်းဖန်က အကြီးတန်းသမားတော်တစ်ယောက်ဖြစ်ပြီးသားလေ"ဟု စိတ်ပူနေတဲ့လောင်းဒီကပြောလိုက်ပါတယ်။
ရဲချင်က ခေါင်းယမ်းကာသာ ပြောလိုက်ပါတယ်။
"ငါပြောချင်တဲ့အဓိပ္ပါယ်ကို မင်းသဘောမပေါက်သေးဘူး။ ထားပါလေ မနက်ဖြန်ကျော်သွားတာနဲ့ အခုအချိန်မှာ မင်းပူပန်သောကနေတာတွေအားလုံးက ဘာမှမဟုတ်ပါလားလို့ မင်းနားလည်သွားမှာပါ"
ယန်ယုနဲ့ယန်းရှီတို့ရောက်တော့ တန်နာဇီက အားအင်ကုန်ခမ်းစွာနဲ့ ထိုင်ခုံတစ်လုံးပေါ်မှာ လှဲလျောင်းနေပြီး စိတ်ဓာတ်ကျနေတဲ့ အသွင်ရှိပါတယ်။ ကြူရှီယာနဲ့ရှန်ယန်ရှောင်တို့ကတော့ ဘေးနားမှာ သရေစာစားနေကြပါတယ်။
"မင်းပြန်ရောက်တာနဲ့ တော်ဝင်ရိုလန်ကျောင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်သွားတာပဲ"
ယန်ယုက လောင်းဖန်တို့ကိုစိန်ခေါ်ခဲ့တဲ့ ရှန်ယန်ရှောင်အကြောင်းကိုကြားသိပြီးဖြစ်ကာ သူမရဲ့ ပြိုင်မယ့်နည်းလမ်းကြောင့် တုန်လှုပ်ခဲ့ရပါတယ်။
"အဲ့လိုကောင်မျိုးတွေက သင်ခန်းစာပေးသင့်တယ်ကွ"ဟု ယန်းရှီက ရှန်ယန်ရှောင်၏ ကိုင်တွယ်ပုံကို သဘောကျစွာဖြင့် ပြောလိုက်ပါတယ်။
တန်နာဇီက နစ်နာခဲ့ရပြီး ကျောင်းထုတ်ခံခဲ့ရတဲ့အတွက် သူတို့တွေ စိတ်မတိုဘဲဘယ်နေကြပါ့မလဲ။ ဒါပေမယ့် သူတို့ရဲ့ဌာနတွေက မတူတာကြောင့် ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ကို ဆုံးမချင်ရင်တောင် လုပ်စရာနည်းလမ်းမရှိပါဘူး။
"ဒါပေမယ့် ဒီပွဲအတွက် မင်းစိတ်ချသလား"လို့ ယန်းရှီကမေးလိုက်သည်။
ရှန်ယန်ရှောင်က ပုခုံးသာတွန့်ပြလိုက်သည်။
ကြူရှီယာက မုန့်စားနေရင်းကနေ ပြောလိုက်ပါတယ်။
"လောင်းဖန်အကြောင်း ငါနည်းနည်းသိထားလို့ မင်းကိုအလကားပြောပြလိုက်မယ်"
"လောင်းဖန်က လန်းယူမင်းဆက်တိုင်းပြည်က လောင်းမိသားစုရဲ့ အမွေဆက်ခံသူပဲ။ လန်းယူပြည်ထဲမှာတော့ လောင်းမိသားစုအဆင့်အတန်းက ငါတို့မျိုးနွယ်ငါးစုရဲ့အနေအထားနဲ့အတူတူပဲ နောက်ပြီး သူတို့လောင်းမိသားစုက ယုလေးရဲ့မိသားစုလိုပဲ ဆေးပညာစွမ်းအတွက် ထင်ရှားကြတယ်။ လောင်းမိသားစုက ရာစုနှစ်တွေအတွင်းမှာ သမားတော်ကြီးတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အကြောင်းကိစ္စတစ်ချို့အတွက်နဲ့ အဲ့ဒီသမားတော်ဟာ လန်းယူပြည်ကနေ လနတ်တိုက်ကို ဆေးပညာရပ်လေ့လာရန်အတွက် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ချို့ကတည်းက ထွက်သွားခဲ့တယ်"
"လနတ်တိုက်"
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိတယ်။ လနတ်တိုက်ဟာ နတ်သူငယ်တွေ၏ နယ်မြေဖြစ်ကာ နတ်သူငယ်တွေဟာ ဆေးပညာရပ်မှာ မွေးရာပါအရည်အချင်းသာလွန်ကြပါတယ်။ ကောလာဟာလတွေအရဆိုရင် နတ်သူငယ်တိုင်းဟာ အလတ်တန်းသမားတော်တွေဖြစ်ကာ လင်းလက်တိုက်မှာ မရှိတော့တာကြာပြီဖြစ်သော ဆေးဝိဇ္ဇာဆိုတာ လနတ်တိုက်မှာတော့ သိပ်မရှားလှပါဘူး။
လနတ်တိုက်ဟာ လေးသည်တော်တွေနဲ့သမားတော်တွေအတွက်တော့ အိပ်မက်နယ်မြေတစ်ခုဖြစ်ပြီး တစ်ခါတုန်းကတော့ မရေမတွက်နိုင်သော လေးသည်တွေနဲ့ သမားတော်တွေဟာ သူတို့ရဲ့ နိဗ္ဗာန်နယ်မြေဆီသို့ သဘောၤကြီးတွေနဲ့သွားခဲ့ကြပါတယ်။ သို့သော်လည်း အများစုဟာ ကမ်းမမြင်လမ်းမမြင်ရတဲ့ သမုဒ္ဒရာထဲမှာတင် ပျောက်ဆုံးခဲ့ကြရပြီး ကုန်စည်ကူးသန်းရောင်းဝယ်နေသော ကုန်သဘောၤတွေကလွဲရင် ကျန်လူတွေက ပြန်မလာနိုင်ခဲ့ကြပါဘူး။
"လနတ်တိုက်အကြောင်းအတော်များများက ဒဏ္ဍာရီတွေများပါတယ်လေ။ လောင်းမိသားစုမှာ သမားတော်ကြီးတစ်ယောက်မှ မရှိတော့ပေမယ့် အဆင့်မြင့်သမားတော်တွေကတော့ အများကြီးရှိသေးတယ်။ လောင်းဖန်က သူ့မျိုးဆက်အတွင်းမှာ သမားတော်ကြီးဖြစ်ဖို့ အမျှော်လင့်ခံရဆုံးပဲ။ ငါရထားတဲ့ သတင်းအရဆိုရင် လောင်းဖန်က လန်းယူပြည် လောင်းမိသားစုကို ကိုယ်စားပြုပြီးတော့ သူတို့ဆီကိုပူးပေါင်းဖို့ ရှန်ဂေါင်းရှောင်ကို ဖိတ်ခေါ်ထားတယ်တဲ့"
ဒီလိုလျှို့ဝှက်သတင်းမျိုးကို သူဘယ်လိုများရခဲ့သလဲဆိုတာ အံ့ဖွယ်ကောင်းလှပါတယ်။
လန်းယူမင်းဆက်တိုင်းပြည်နဲ့လောင်းရွှမ်အင်ပါယာတို့ဟာ လင်းလက်တိုက်ရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်ပြီး အပေါ်ယံမှာတော့ အေးဆေးသယောင်ထင်ရပေမယ့် လျှို့ဝှက်ဖြစ်ပေါ်နေတဲ့ ထိတွေ့ပြိုင်ဆိုင်တိုက်ခိုက်မှုတွေရှိနေပါတယ်။
နှစ်နိုင်ငံကြားမှာ ရေးထိုးသတ်မှတ်မထားသော စည်းကမ်းချက်အချို့ရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်နိုင်ငံသားက တစ်ခြားနိုင်ငံကိုပူးပေါင်းလိုက်ရင် နိုင်ငံတော်သစ္စာဖောက်မှု ပုန်ကန်မှုဖြစ်ပါတယ်။
လောင်းဖန်ကနေ ရှန်ဂေါင်းရှောင်ကို စည်းရုံးသိမ်းသွင်းတဲ့အကြောင်းကို လူနည်းနည်းပဲသိပါလိမ့်မယ်။ မဟုတ်ရင်တော့ ရှန်ဂေါင်းရှောင်ကို သစ္စာဖောက်မှုပုန်ကန်မှုနဲ့ ဖမ်းဆီးပြီးလောက်ပါပြီ။
"ရှန်ဂေါင်းရှောင်ကို စည်းရုံးတာတဲ့လား။ ငါထင်တာကတော့ လောင်းဖန်တစ်ကယ်စည်းရုံးချင်တာက ရှန်ဂေါင်းရှောင်နောက်ကလူဖြစ်တဲ့ ပူလီစီပဲဖြစ်ရမယ်"လို့ ယန်းရှီက မဲ့ပြောလိုက်သည်။
ကြူရှီယာက မှတ်ချက်မပေးခဲ့ပါဘူး။
"လောင်းမိသားစုက သမားတော်ကြီးတစ်ယောက်မှမရှိတာ နှစ်တစ်ရာလောက်ရှိနေပြီ ဒီတော့ သူတို့အနေနဲ့ကတော့ သမားတော်ကြီးတွေကို သူတို့ဖက်ခေါ်ချင်မှာပဲ။ လန်းယူပြည်မှာ သြဇာကြီးမိသားစုအတော်များများရှိကြပြီး လောင်းမိသားစုအခြေအနေကလည်း အဲ့ဒီလိုပဲလေ။ သူတို့ဖက်မှာ သမားတော်ကြီးတစ်ယောက်ရဖို့လုပ်တာ အလျင်စလိုမဖြစ်လွန်းဘူးလား"လို့ ယန်ယုက မှတ်ချက်ပြုလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၁၀)
"လောင်းဖန်က အကြီးတန်းသမားတော်အဆင့်ပဲ။ ရှောင်လေး မင်း သူတို့နှစ်ယောက်နဲ့ပြိုင်တဲ့အခါရောက်ရင် ရှန်ဂေါင်းရှောင်ကို မင်းထည့်မတွက်လို့ ရပေမယ့် လောင်းဖန်ကိုတော့ သတိထားရမယ်နော်။ အကြီးတန်းသမားတော်လုပ်တဲ့ ဆေးရည်တွေကို လျှော့တွက်လို့မရဘူး။ နောက်ပြီးတော့ လောင်းမိသားစုမှာ လျှို့ဝှက်ဆေးနည်းတော်တော်များများရှိသေးတယ်။ အဲ့ဒါတွေကိုတော့ ငါသေချာမစုံစမ်းရသေးဘူး ဒါပေမယ့် ဆိုးကျိုးဆေးရည်အသုံးပြုပြီး သူတို့နဲ့ယှဉ်ပြိုင်တာက သိပ်အထာမကျဘူးကွာ"လို့ပြောလိုက်တဲ့ ကြူရှီယာဟာ ရှားရှားပါးပါးနဲ့ မျက်မှောင်ကြုတ်နေတာကို မြင်တွေ့ရမှာပါ။
ထိုင်ခုံကိုမှီထိုင်နေတဲ့ ရှန်ယန်ရှောင်ပါးစပ်မှာ သရော်တဲ့အမူအယာရှိနေခဲ့သည်။
"အထာမကျဘူးလား။ မနက်ဖြန်ရောက်ရင် အထာမကျတဲ့သူက ငါပဲဖြစ်မလား သူတို့ပဲဖြစ်မလားကို ကြည့်ကြတာပေါ့။ စိတ်ချလက်ချနေကြစမ်းပါ အခြေအနေကို ငါကောင်းကောင်းပြင်ဆင်ထားပါတယ်။ မနက်ဖြန်ရောက်ရင် သူတို့အားလုံးကို ကြည့်ကောင်းသွားအောင် ငါဆုံးမပေးမှာပါ"
ကျန်တဲ့လေးယောက်ဟာ ရှန်ယန်ရှောင်ရဲ့ ယုံကြည်မှုအပြည့်ရှိသော မျက်နှာလေးကိုကြည့်ပြီး ဘာမှထပ်မပြောကြတော့ပါဘူး။ ဒီကောင်မလေးက လုပ်တဲ့အလုပ်တိုင်းကို ဆင်ခြင်မှုအပြည့်နဲ့သာလုပ်တာဖြစ်တယ်လေ။
မနက်ဖြန်ပြိုင်ပွဲအကြောင်းပြောဆိုပြီးကြတဲ့အခါ သူတို့အားလုံး မနက်ဖြန်မှာခွဲခွာရမယ့် တန်နာဇီအကြောင်းကို အာရုံပြောင်းလိုက်ကြပါတယ်။
သူတို့အားလုံး တန်နာဇီပြန်မှာကို မမြင်ချင်ကြပေမယ့် လိပ်နက်မျိုးနွယ်ခေါင်းဆောင်က နောက်ဆုံးတစ်ချက်လွှတ်အမိန့်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်လို့ ဘာမှလုပ်လို့မရပါဘူး။
ယန်ယုက ညစာစားပွဲကို ပြည့်စုံခမ်းနားစွာပြင်ဆင် ချက်ပြုတ်ပေးခဲ့ပြီး ငါးယောက်လုံး မြိန်ရည်ရှက်ရည်စားသောက်ကြပါတော့တယ်။
တန်နာဇီမျက်နှာမှာ ဖော်ပြရန်ခက်ခဲတဲ့ အပြုံးတစ်ခုရှိနေကာ သူ့သူငယ်ချင်းတွေကို လိုက်ကြည့်လိုက်ပြီး တစ်ယောက်တည်းခွဲခွာရမှာကို ဝမ်းနည်းသွားခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ တော်ဝင်ရိုလန်ကျောင်းမှာ သူနဲ့သေအတူရှင်မကွာရှိနေမယ့် သူငယ်ချင်းတစ်စုရှိနေတာကိုတော့ သူ အမြဲအမှတ်ရနေမှာပါ။
တန်နာဇီဟာ သည်းမခံနိုင်တော့တာကြောင့် အရက်တစ်ခွက်ကို ကောက်ကိုင်ကာ ထရပ်လိုက်ပြီးတော့ စားပွဲဝိုင်းကလေးယောက်ကို နီတာတာမျက်ဝန်းအစုံနဲ့ကြည့်ကာ အက်ရှသောအသံနဲ့ပြောလိုက်ပါတယ်။
"တစ်လောကလုံးကလူတွေဟာ လိပ်နက်မျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ဖြစ်တဲ့ ငါတန်နာဇီဟာ အတွင်းအားနဲ့မှော်အားလမ်းတွေကို စွန့်ပစ်ပြီး ဘာအောင်မြင်မှုမှမရနိုင်မယ့် ဆေးပညာလမ်းကြောင်းကို လျှောက်လမ်းခဲ့တယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမယ့်လည်း ငါကတော့ ဆေးပညာလမ်းကိုပဲ လျှောက်လှမ်းခဲ့ပြီးတော့ အရည်အချင်းမရှိတာကြောင့် အောင်မြင်မှုတစ်ခုမှမရှိခဲ့ဘူး။ ဒီအချိန်ကစပြီးတော့ ငါဟာ ဆေးပညာကိုတစ်ချက်မှ မထိတော့ဘူး။ ကျောင်းမှာ လအတန်ကြာအောင် အချိန်ဖြုန်းခဲ့ပြီးတော့ ငါဘာမှဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ဘူးလို့ပြောလို့ရတယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံး သောက်ရေးမကြီးဘူး ဘာကအရေးကြီးတာလဲဆိုရင် ငါ့မှာ မင်းတို့လိုညီအစ်ကိုကောင်းတွေရှိနေတာပဲ။ လောကကြီးက ငါ့ကိုအရှက်ကွဲစေတယ်၊ အထင်သေးခဲ့တယ်၊ နှိမ့်ချခဲ့တယ်၊ လှောင်ပြောင်ခဲ့ပြီး ဆဲဆိုခဲ့တယ် ဒါပေမယ့် ဘာသောက်ရေးလဲ။ ငါ့ဘဝမှာ မင်းတို့တွေရှိနေပြီဖြစ်လို့ လုံလောက်ပါပြီ။ မနက်ဖြန်မှာ ငါတန်နာဇီက ဒီနေရာကနေ ထွက်ခွာရတော့မယ် ဒီတော့ ဒီနေ့ညမှာ မင်းတို့ကို ငါအရက်တစ်ခွက်ကမ်းလှမ်းတယ်။ လအတန်ကြာ အတူတူရှိပေးခဲ့ပြီး ဖေးမကူညီပေးခဲ့ကြလို့ မင်းတို့ကို ကျေးဇူးတင်ပါတယ်"
ခွက်တစ်ခွက်လုံးကို တစ်ကျိုက်တည်းနဲ့သောက်လိုက်တဲ့ တန်နာဇီရဲ့ မျက်လုံးတွေက တစ်ဖျတ်ဖျတ်တောက်ပနေပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ် သူဆေးပညာလမ်းကို ရွေးချယ်လိုက်တည်းက တစ်လောကလုံးကလူတွေဟာ သူ့ကျရှုံးမှုကိုရယ်မောဖို့ စောင့်ဆိုင်းနေကြမှန်း သူသိပါတယ်။
ရယ်ပါစေ သူတို့တွေ ရယ်စမ်းပါစေ...
သူ သမားတော်မဖြစ်နိုင်တော့သော်လည်း ဒီကောင်တွေရှိနေပြီဖြစ်လို့ ဒီဘဝအတွက်တော့ လုံလောက်ပါပြီ။
လူလေးယောက် သူတို့ရဲ့ အရက်ခွက်တွေကိုကိုင်မြှောက်လိုက်ကြပြီး တစ်ခါတည်းသောက်ပစ်လိုက်ကြတယ်။
စူးရှရှအရက်က သူတို့ရဲ့ လည်ချောင်းတွေထဲကို ဖြတ်သန်းဝင်ရောက်သွားခဲ့ပါသည်။ ရှန်ယန်ရှောင် မျက်စိအစုံကိုမှေးစဉ်းလိုက်သည်။
သောက်ပွဲစားပွဲကို အာရုဏ်တက်သည်အထိပြုလုပ်ကျင်းပခဲ့ပါတယ်။
အာရုဏ်တက်ချိန်ရောက်သောအခါ တန်နာဇီက မူးရစ်အိပ်ပျော်နေကြသော သူ့ဘော်ဘော်လေးကောင်ကို ကြည့်လိုက်ပြီးနောက် အသက်တစ်ချက်ပြင်းပြင်းရှိုက်သွင်းလိုက်ကာ ခရီးဆောင်အိတ်ကို ယူဆောင်ပြီးနောက် တံခါးဝသို့လျှောက်သွားလိုက်သည်။ သူချစ်ခင်ရမုန်းတီးရသော သူငယ်ချင်းလေးကောင်အား နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးမှိတ်ကာ တံခါးကိုလည်းပိတ်လိုက်ပါတယ်။
တော်ဝင်ရိုလန်ကျောင်းရေ ငါတို့ပြန်ဆုံကြဦးမှာပါ....
တံခါးပိတ်သွားတာနဲ့ အိပ်စက်နေကြတဲ့လေးယောက်လုံး အတူတူထလိုက်ကြပါတယ်။ သူတို့ထထိုင်လိုက်ကြပြီး လွတ်နေတဲ့ခုံဆီကို ဖော်ပြရန်ခက်သော အကြည့်တွေနဲ့ကြည့်လိုက်ကြပါတယ်။
"ဒီနေ့ခင်းကျရင် ကျောင်းသားသစ်ဆေးပညာခန်းကို ငါနဲ့လိုက်ခဲ့ကြဦး"လို့ပြောကာ ရှန်ယန်ရှောင် ထရပ်လိုက်ပါသည်။
သူမကိုယ်မှာ အရက်နံ့တွေမွှန်ထူနေပေမယ့် သူမမျက်လုံးတွေမှာတော့ မူးရစ်တဲ့အရိပ်အယောင်ကို မတွေ့ရပါဘူး။
"အေးပါ"လို့ ကျန်သုံးယောက်က တစ်ပြိုင်တည်းဖြေလိုက်ကြသည်။
ရှန်ယန်ရှောင်ကမခေါ်ရင်တောင် သူတို့သွားကြမှာဖြစ်ပါတယ်။ ရှန်ယန်ရှောင်က ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားလိုက်ပါတော့သည်။
ဒီနေ့ခင်းပြိုင်ပွဲအတွက် သူမ အားလုံးကိုပြင်ဆင်ထားရမှာပါ။ နေပြည်တော်ကိုရောက်ဖို့အတွက် တန်နာဇီအနေနဲ့ ရက်အနည်းငယ်ကြာအောင် ခရီးဆက်ရမှာဖြစ်သည်။ ဒီတော့ သူနေပြည်တော်ရောက်တာနဲ့ အဲ့ကောင်တွေရဲ့ပျက်စီးခန်းသတင်းကို သိအောင်လုပ်ဖို့အချိန်မှီ ပြီးစီးအောင်လုပ်ဖို့လိုပါတယ်။
"သမားတော်ကြီးပူလီစီကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ"
တစ်ညတာ ပြင်ဆင်ခြင်းကနေ လောင်းဖန်အနေနဲ့ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါသည်။ ရှန်ဂျူအား ပူလီစီတစ်ယောက် အလွန်အမင်းမုန်းတီးနေဟန်ရပါတယ်။ ဘာဆရာစားမှမချန်ဘဲ သိသမျှတတ်သမျှ ဆိုးကျိုးဆေးရည်အားလုံးကို လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့အား သင်ပေးခဲ့ပါတယ်။ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ရဲ့ အရည်အချင်းကြောင့် အားလုံးအကုန်အစင်မတတ်မြောက်သေးပေမယ့် အလွန်ရက်စက်တဲ့ဆေးရည်တစ်မျိုးနှစ်မျိုးလောက်ကိုတော့ တတ်မြောက်ပြီးကြပါပြီ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၁၁)
အဆိုပါဆေးရည်နှစ်မျိုးဒဏ်ကို ခံလိုက်ရတာနဲ့ ရှန်ယန်ရှောင်ဘယ်လောက်ပဲတော်တော် ဖြေဆေးဖော်နိုင်စွမ်းရှိမှာ မဟုတ်တော့ပေ။
"ဒီကလေးက ကိုယ့်သေတွင်းကိုယ်တူးတာမို့ တစ်ခြားလူတွေကို အပြစ်တင်လို့မရဘူး"လို့ ပူလီစီက ရက်စက်ကြမ်းကြုတ်သောမျက်နှာထားနဲ့ ပြောလိုက်သည်။
"အမှန်ပဲ ကောင်လေးက အရေးပေးလို့ ပေးမှန်းမသိဘူး။ သမားတော်ကြီးပူလီစီ စိတ်ချချနေပါ ဒီလူငယ်မျိုးဆက်ဖြစ်သူက သမားတော်ကြီးကို ကူညီပြီး အဲ့ကလေးကို ဆုံးမပေးမှာပါ"ဟု လောင်းဖန်ကပြောလိုက်သည်။
သူ့ပစ်မှတ်က ရဲချင်ဖြစ်သော်လည်း ပူလီစီဟာလည်း အစွမ်းထက်သော သမားတော်ကြီးဖြစ်တာကြောင့် အကျိုးအမြတ်တစ်ချို့ရနိုင်မယ်ဆိုရင် ကူညီပေးဖို့ရာကို သူဝန်လေးနေမှာမဟုတ်ပေ။
ပူလီစီက ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်လိုက်သည်။ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ကို သူလက်ဆင့်ကမ်းသင်ကြားပေးထားသော ဆေးရည်နှစ်မျိုးက အလွန်ပြင်းထန်တာကြောင့် ရှန်ယန်ရှောင် တောင့်ခံနိုင်စရာအကြောင်းမရှိဘူးလို့ သူယုံပါတယ်။
"နေ့ခင်းကျရင် ငါကိုယ်တိုင်လာမှာဆိုတော့ မင်းတို့နှစ်ယောက်လုံး ငါ့ကိုစိတ်ပျက်အောင်မလုပ်ကြနဲ့"
"ဟုတ်ကဲ့"
နေ့ခင်းစာစားပြီးကြတာနဲ့ တော်ဝင်ရိုလန်ကျောင်းဆေးပညာဌာနကျောင်းသားတွေဟာ ကျောင်းသားသစ်ဆေးပညာခန်းကို ပြေးကြပါတယ်။
လူရာချီပြီးဝင်ဆံ့တဲ့အခန်းကြီးဟာ လူထောင်ဂဏန်းနဲ့ပြည့်ကျပ်သွားပြီး ရေပက်တောင်မဝင်နိုင်လောက်ပါဘူး။
ယိအကယ်ဒမီကျောင်းသားတွေလည်း လာခဲ့ကြပြီး သူတို့ကတော့ တစ်ဖွဲ့သပ်သပ်ဖြစ်နေပါတယ်။ ဒီလိုပြည့်ကြပ်နေသော နေရာမှာတောင် သူတို့နဲ့တစ်မီတာပတ်လည်လောက်မှာ နေရာလွတ်ရှိနေခဲ့ပါသေးတယ်။ တော်ဝင်ရိုလန်ကျောင်းသားတွေက သူတို့ကိုယ်သူတို့ အပြင်လူတွေနဲ့ ခပ်ခွာခွာနေလိုက်ကြလို့ဖြစ်ပါသည်။
ယိအကယ်ဒမီကျောင်းသားတွေဟာ သူတို့ကျောင်းဝတ်စုံဖြစ်သော ငွေရောင်ဝတ်စုံကိုဝတ်ဆင်ထားကြပြီး အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်ရောင်နဲ့ ခရမ်းရောင်ဝတ်စုံတွေကြားမှာ ထင်းကနဲဖြစ်နေခဲ့သည်။
သူတို့မျက်နှာတွေဟာ မာန်အပြည့်ဟန်အပြည့်နဲ့ဖြစ်နေပြီး တော်ဝင်ရိုလန်ကျောင်းသားတွေကို သူတို့နဲ့တစ်တန်းတည်းမရှိတဲ့ အဆင့်နိမ့်သူတွေလိုပုံမျိုးနဲ့ ဂရုမစိုက်ဟန်ရှိနေတာကြောင့် တော်ဝင်ရိုလန်ကျောင်းသားတွေကို ခံရခက်စေပါတယ်။
သက်လတ်ပိုင်းလူတစ်ယောက်က ယိအကယ်ဒမီကျောင်းသားတွေကြားမှာ မတ်တပ်ရပ်နေလေသည်။ ဖန်းကြူက အဆင့်မြင့်သမားတော်တစ်ဦးဖြစ်ပြီး ဒီကျောင်းသားတွေကိုအုပ်ချုပ်ဖို့ တာဝန်ပေးခံထားရတဲ့ ယိအကယ်ဒမီနည်းပြတစ်ဦးဖြစ်ပါသည်။ စာကြည့်တိုက်ထဲက သမားတော်ကြီးတစ်ချို့ကလွဲရင် တော်ဝင်ရိုလန်ကျောင်းတစ်ကျောင်းလုံးကလူတွေကို သူ ထည့်မတွက်ပါဘူး။
သူ့ကျောင်းသားတွေလိုပဲ သူ့ကိုမြင်သူတိုင်းက ချက်ခြင်းပေးရိုက်ပစ်ချင်စိတ်ပေါက်စေသူလည်းဖြစ်သည်။
"လောင်းဖန်က ဘာတွေတွေးနေတာလဲ။ သူက ကျောင်းသားသစ်တစ်ယောက်နဲ့ တစ်ကယ်ပြိုင်ချင်ခဲ့တာလား။ ဒီလိုအမှိုက်သရိုက်နေရာမျိုးက ကလေးတစ်ယောက်က ဘာများစွမ်းမှာမို့လဲ"
ယိအကယ်ဒမီကျောင်းသားတစ်ယောက်က ဂုဏ်ဆာစွာပြောကြားလိုက်ပါသည်။ ဒီတစ်ခေါက်လောင်းရွှမ်တိုင်းပြည်ကို သူတို့လာရတဲ့ရည်ရွယ်ချက်က သမားတော်ကြီးများနဲ့ဆေးပညာရပ်ကို အတူလေ့လာဖို့ဖြစ်သည်။ ချစ်ကြည်ရေးပွဲများမှာလည်း သူတို့တွေကသာ ပွဲတိုင်းအနိုင်ရခဲ့ကြတာလည်းဖြစ်သည်။ ဒီကျောင်းသားတွေထဲမှာ အနိမ့်ဆုံးသူတောင် ရှန်ဂေါင်းရှောင်နဲ့ယှဉ်နိုင်တာကြောင့် တော်ဝင်ရိုလန်ကျောင်းသားတွေဟာ သူတို့အတွက်တော့ ပုရွက်ဆိတ်သာသာပဲရှိနေခဲ့ပါတယ်။
"အတိအကျပဲဟေ့ တော်ဝင်ရိုလန်ကျောင်းက ဆေးပညာဌာနဟာ အလွန်သနားဖို့တောင်းကောင်းတယ်။ သမားတော်ကြီးတစ်ချို့သာ ဒီမှာရှိမနေဘူးဆိုရင် ငါတို့လည်း ဒီကိုလာမှာတောင်မဟုတ်ဘူး"
ကျောင်းသားတစ်ယောက်က ဝင်ပြောလိုက်သည်။ ဖန်းကြူက ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ပေမယ့် သူ့မျက်နှာကတော့ ဂုဏ်ယူဝံ့ကြွားနေဟန် အထင်းသားဖြစ်နေပါတယ်။
တော်ဝင်ရိုလန်ကျောင်း ဆေးပညာဌာနအနေနဲ့ အခုထက်ထိ ရပ်တည်နေနိုင်ခြင်းဟာ အဓိကကတော့ ရဲချင်နဲ့ကျန်သမားတော်ကြီးတွေကြောင့်သာ ဖြစ်ပါသည်။ ဒီသမားတော်ကြီးတွေရဲ့ အမည်နာမဟာ တိုက်ကြီးတစ်တိုက်လုံးကို သွက်သွက်ခါစေနိုင်ပါတယ်။ ဒီသမားတော်ကြီးတွေကို တော်ဝင်ရိုလန်ကျောင်းမှာ ရှိနေစေဖို့အတွက် အိုးယန်ဟွမ်းယူ ဘယ်လိုတွေလုပ်ထားလဲတော့ သူမသိပါဘူး။ လောင်းရွှမ်ပြည်ရဲ့ တစ်ခြားကျောင်းတွေကသာ ဒီသမားတော်ကြီးတွေကို သူတို့ဆီလာစေချင်တာမဟုတ်ဘဲ လန်းယူပြည်ကလည်း ဒီသမားတော်ကြီးတွေကို အမြဲတစေရရှိချင်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီသမားတော်ကြီးတွေဟာ သံမဏိနှလုံးသားနဲ့ခိုင်ကျည်သောစိတ်ဓာတ်ပိုင်ရှင်တွေဖြစ်ကြတာကြောင့် ဘယ်လိုမက်လုံးမျိုးနဲ့ဆွဲဆောင်ပါစေ အဖြေကတော့ နိုးပါပဲ။
ဒီတစ်ကြိမ်လာရောက်မှုမှာ ဖန်းကြူအနေနဲ့ တစ်ဖက်မှာ ကျောင်းသားတွေကို လေ့လာဆည်းပူးစေနိုင်ရန်ဖြစ်ပြီး တစ်ဖက်မှာတော့ သမားတော်ကြီးတစ်ချို့ကို ဆွဲဆောင်သိမ်းသွင်းနိုင်မလားလို့ ကျောင်းအုပ်ဖြစ်သူက စေခိုင်းခဲ့တာဖြစ်သည်။ သူက သမားတော်ကြီးပူလီစီနဲ့ ဆက်သွယ်မှုရရှိခဲ့ပြီး လောင်းဖန်ကလည်း ပူလီစီ၏ တပည့်ဖြစ်သူ ရှန်ဂေါင်းရှောင်နဲ့ ရင်းနှီးမှုရရှိခဲ့ပါတယ်။
အခြေအနေမလှတာတစ်ခုကတော့ အခုအချိန်ထိအောင် သမားတော်ကြီးရဲချင်ကိုတွေ့ဖို့မဆိုထားနှင့် မျက်နှာကိုတောင် မတွေ့ရသေးခြင်းဖြစ်ပါသည်။
သို့သော်လည်း ပူလီစီကိုစည်းရုံးနိုင်တာကိုက ရလာဒ်ကောင်းတစ်ခုဖြစ်တာကြောင့် လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကို သူ မျက်စိမှိတ်ပေးနေခဲ့တာဖြစ်သည်။
"တော်ဝင်ရိုလန်ကျောင်းသားတွေနဲ့ ယှဉ်ပြိုင်တာ ဒါပထမဆုံးလည်း မဟုတ်တော့ဘူး။ သမားတော်ကြီးပူလီစီက ဒီပြိုင်ပွဲကိုလာရောက်ကြီးကြပ်ဖို့အတွက် အချိန်မရွေးရောက်လာနိုင်တာကြောင့် မင်းတို့အားလုံး လိမ်လိမ်မာမာနေကြဦး"လို့ ဖန်းကြူက ပြောလိုက်သည်။
ယိအကယ်ဒမီကျောင်းသားတွေက ရိုသေစွာဖြင့်ပါးစပ်ပိတ်လိုက်ကြပါတယ်။ ဒါပေမယ့် သူတို့တွေပြောခဲ့တာတွေအားလုံးက တော်ဝင်ရိုလန်ကျောင်းသားတွေနားထဲမှာတော့ ပဲ့တင်ဆဲဖြစ်နေပါတယ်။
တော်ဝင်ရိုလန်ကျောင်းသားတွေအားလုံး ဒေါကန်သွားကြပေမယ့် ပွဲစဉ်တိုင်းကို အရေးနိမ့်ခဲ့ကြတာကြောင့် ယုံကြည်မှုပျောက်ဆုံးနေခဲ့ကြကာ ဘာမှပြန်မပြောနိုင်ခဲ့ကြပါဘူး။ အခုသူတို့အနေနဲ့ တော်ဝင်ရိုလန်ကျောင်းမှာလည်း အရည်အချင်းရှိသူတွေရှိတယ်ဆိုတာကို ဒီကောင်တွေသိသွားဖို့ ဆုံးမပေးမယ့်တစ်စုံတစ်ယောက်ကိုသာ စောင့်နေကြရပါတယ်။
အချိန်တစ်ဖြည်းဖြည်းကုန်သွားခဲ့ပြီး အားလုံးကတော့ ဒီနေ့ပွဲရဲ့အရေးပါသော လူသုံးဦးကိုစောင့်မျှော်နေခဲ့ကြပါသည်။
မကြာခင်မှာပဲ ဆေးပညာခန်းရဲ့ တံခါးဝမှာ လူသုံးဦးပုံရိပ်ကို တွေ့လိုက်ကြရပါတယ်။ ပူလီစီက ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ လက်ဝဲလက်ယာမှာခြံရံကာ ဆေးပညာခန်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။
တော်ဝင်ရိုလန်ကျောင်းသားတွေရှေ့မှောက်ကို ပူလီစီထွက်ပေါ်လာတာက ဒါပထမဆုံးမကြိမ်မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့လပြိုင်ပွဲတုန်းက ဒီထင်ရှားသောသမားတော်ကြီးက သူ့တပည့်ဖြစ်သူနဲ့ ရှန်ယန်ရှောင်တို့၏ယှဉ်ပြိုင်မှုကို လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး အဖြေကတော့ တပည့်ဖြစ်သူရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် ယနေ့မှာ သူပေါ်ထွက်လာခြင်းက တပည့်ဖြစ်သူရဲ့ လက်တုံ့ပြန်အနိုင်ယူမှုအား လာရောက်ကြည့်ရှုအားပေးတာလို့ဆိုနိုင်ပါတယ်။