အခန်း (၄၁၂-၄၁၄)
Vol. 28 Ch. 412-414
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၁၂)
ပူလီစီကိုမြင်ပြီးတဲ့အခါ ဖန်းကြူ၏မာနတစ်ခွဲသားမျက်နှာက ဖိနပ်ကိုပြေးလျက်တော့မယ့်ဟန်အဖြစ် ပြောင်းသွားခဲ့သည်။ ယိအကယ်ဒမီကျောင်းသားများလည်း ထိုနည်း၎င်းပင်ပြောင်းလဲသွားခဲ့ကြသည်။
"ရှန်ဂျူမလာသေးဘူးပေါ့"
လူအုပ်ထဲလိုက်လံကြည့်လိုက်ပေမယ့် သူမုန်းတီးရသော ရှန်ယန်ရှောင်ကို ရှန်ဂေါင်းရှောင် မတွေ့ခဲ့ရပါဘူး။
"ဒီလာဖို့ကို အကြောက်လွန်ပြီးတော့ မလာတော့တာနေမှာပေါ့"လို့ ယိအကယ်ဒမီကျောင်းသားတစ်ဦးက ငေါ့တော့တော့ပြောလိုက်သည်။
"သူက သူ့ကိုယ်သူတော်တဲ့ပုံဖမ်းနေတာလို့ ငါထင်တယ်။ ဒီလိုကျောင်းသားသစ်လေးက ဘာလုပ်နိုင်မှာမို့လဲ။ လောင်းဖန်က သူ့ကိုလက်တစ်ချောင်းထဲနဲ့ကို အနိုင်ယူလို့ရတယ်"ဟု နောက်တစ်ဦးကဝင်ပြောလိုက်သည်။
လောင်းဖန်ကတော့ ပြုံးသာနေလိုက်ပြီး ဘာမှပြန်မပြောခဲ့ပါဘူး။ ဒါပေမယ့်သူ့မျက်လုံးတွေထဲက အရိပ်အယောင်တွေကတော့ သူ့စိတ်ကိုဖော်ပြနေခဲ့ပါတယ်။
ခဏအကြာမှာတော့ လူလေးဦး ဆေးပညာခန်းထဲကို ဝင်ရောက်လာတာတွေ့လိုက်ကြရပါတယ်။
ရှေ့ဆုံးကနေပြီးတော့ ရှန်ယန်ရှောင်ဦးဆောင်ဝင်လာတာဖြစ်ကာ သူမနောက်တွင် ကြူရှီယာ၊ ယန်ယုနဲ့ယန်းရှီတို့သုံးဦးက ပုခုံးချင်းယှဉ်လျှောက်လာတာဖြစ်သည်။ ဒီလေးဦးပေါ်ထွက်လာခြင်းက လူအားလုံးကို ဖမ်းစားထားလိုက်နိုင်ပါတယ်။ ရှန်ယန်ရှောင်နောက်ကနေ ပါလာခဲ့သော သုံးယောက်ဟာ ဘယ်သူတွေမှန်းသိလိုက်ကြတဲ့အခါ အံ့သြသွားခဲ့ကြရပါတယ်။
ကြူရှီယာ၊ ယန်းယုနဲ့ယန်းရှီတို့ သုံးဦးလုံးက သက်ဆိုင်ရာဌာနတွေမှာ အတော်ဆုံးကျောင်းသားတွေဖြစ်ကြပါတယ်။ သူတို့က တစ်ကျောင်းလုံးမှာ လွှမ်းမိုးမှုအရှိဆုံးသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့က ဆေးပညာဌာနကို ဘာလာလုပ်ကြတာလဲ။
"အဲ့ဒါ ရှန်ဂျူလား"လို့ တစ်ခါမှမမြင်ဖူးကြသေးတဲ့ ယိအကယ်ဒမီကျောင်းသားတွေက မင်သက်စရာမျက်နှာပိုင်ရှင်သုံးဦးရှေ့က ချာတိတ်လေးအား ညွှန်ပြရင်းမေးလိုက်ကြသည်။
"အဲ့ဒါသူပဲ"လို့ မုန်းတီးမှုတွေပြည့်လျှံနေသော မျက်လုံးတွေနဲ့ ရှန်ဂေါင်းရှောင်က အံကြိတ်ကာပြောလိုက်သည်။
"ဒီလိုကလေးက အနိုင်ယူတာကို မင်းတစ်ကယ်ခံလိုက်ရတာတော့ မဟုတ်နိုင်ကောင်း"လို့ ယိအကယ်ဒမီကျောင်းသားတွေက တအံ့တသြပြောလိုက်ကြတယ်။
ဖန်းကြူကတော့ ဘာမှခံစားရဟန်မပေါ်ဘဲ ရှန်ယန်ရှောင်နောက်က လူသုံးဦးကိုသာ စိတ်ဝင်စားဟန်နဲ့ ဝင်မေးလိုက်ပါတယ်။
"သူ့နောက်က သုံးယောက်က ဘယ်သူတွေလဲ"
"မှော်ပညာဌာနက ကြူရှီယာ၊ နတ်ဆရာဌာနက ယန်ယု၊ စစ်သူရဲဌာနက ယန်းရှီ"လို့ ရှန်ဂေါင်းရှောင်က ဖြေလိုက်သည်။
"သူတို့က ဆေးပညာဌာနက မဟုတ်ဘူးပေါ့။ ဒါဆို ဘာလာလုပ်ကြတာလဲ"လို့ ဝေခွဲမရစွာနဲ့ ဖန်းကြူကမေးလိုက်ပြန်သည်။
ဌာနတိုင်းမှာ စည်းကမ်းတွေရှိကြပြီး ဌာနတစ်ခုက ဘယ်လိုဘယ်ပုံဆိုးရွားဆူညံနေပါစေ တစ်ခြားဌာနက ဆရာတွေနဲ့ကျောင်းသားတွေအဖို့ ဝင်စွက်ဖက်ခွင့်မရှိပါဘူး။
"သူတို့က တန်နာဇီနဲ့ရှန်ဂျူတို့ရဲ့ သူငယ်ချင်းတွေပဲ"လို့ ရှန်ဂေါင်းရှောင်က ရှင်းပြလိုက်သည်။
"ကြူရှီယာအကြောင်းကို ငါအရင်တုန်းက ကြားဖူးထားတယ်။ မှော်ပညာရပ်မှာ သူ့မွေးရာပါအရည်အချင်းက ကောင်းလွန်းလို့ သူ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို ဘယ်သူမှမသိကြဘူးတဲ့"ဟု ယိအကယ်ဒမီကျောင်းသားတစ်ယောက်က ကြူရှီယာနာမည်ကိုကြားဖူးထားတာကြောင့် ထူးဆန်းဟန်နဲ့ပြောလိုက်သည်။
"မှော်ဆရာလား ဒါဆို ဒီဆေးပညာပြိုင်ပွဲက သူနဲ့ဘာမှမပတ်သတ်ဘူး"လို့ နောက်တစ်ယောက်က ဝင်ထောက်လိုက်ပါတယ်။
ရှန်ယန်ရှောင်တို့လေးယောက်ကတော့ သူတို့အကြောင်းပြောဆိုနေတာတွေကို မကြားဟန်ဖြင့် ရှေ့ကိုသာဆက်သွားလိုက်ခဲ့ကြသည်။
"မင်းရောက်လာပြီပဲ။ မင်းကြောက်လို့ မလာရဲတော့ဘူးလို့ ငါထင်နေတာ"လို့ လောင်းဖန်က စိန်ခေါ်စကားပြောလိုက်သည်။
ရှန်ယန်ရှောင်ကတော့ သရော်တော်တော်ပြုံးပြီးသာ ပြန်ပြောလိုက်သည်။
"ကြောက်ရမယ်။ ကိုယ့်ကိုယ်ကိုပြန်ပြောနေတာလား"
လောင်းဖန်မျက်နှာ ပြောင်းလဲသွားပြီး ချက်ခြင်းပဲမူလအတိုင်း ပြန်ဖြစ်သွားပါတယ်။
"မင်းသူငယ်ချင်းကတော့ တော်ဝင်ရိုလန်ကျောင်းကနေ ဒီနေ့ထွက်သွားလောက်ပြီ။ ငါပြောရမယ်ဆိုရင်တော့ သူက အရင့်အရင်ကတည်းက ထွက်သွားခဲ့သင့်တာပဲ။ ဆန္ဒရှိတာနဲ့ လူတိုင်းသမားတော်မဖြစ်နိုင်ဘူးလေ ဒီတော့ အမှိုက်လိုကောင်တွေ လာချင်တိုင်းလာလို့ရတဲ့နေရာမဟုတ်ဘူး"လို့ ပြောလိုက်တဲ့ လောင်းဖန်စကားက တော်ဝင်ရိုလန်ကျောင်းသားအားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။
တန်နာဇီရဲ့ အစွမ်းအစကိုဘေးဖယ်ထားရင်တောင် သူဟာ လိပ်နက်မျိုးနွယ်ရဲ့ သခင်လေးတစ်ဦးဖြစ်ပါတယ်။ လန်းယူပြည်က လောင်းဖန်သာလျှင် မျိုးနွယ်ငါးစုကို လူပုံအလယ်မှာ အရှက်ခွဲစော်ကားပြောဆိုရဲပါလိမ့်မယ်။
ရှန်ယန်ရှောင်မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပြီး သူမနှုတ်ခမ်းထောင့်ဟာ ပက်စက်သောအပြုံးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
"ဒီတော့ မင်းကိုယ်မင်းတော့ သမားတော်တစ်ဦးဖြစ်သင့်တယ်လို့ ထင်တယ်ပေါ့လေ"
လောင်းဖန်က မျက်ခုံးပင့်လိုက်ကာ သူ့အောင်မြင်မှုကို ထုတ်ပြလိုက်ပါတယ်။
"အဲ့ဒါကတော့ ဖြစ်သင့်ဖြစ်ထိုက်တာပဲကိုး။ ငါက အသက်နှစ်ဆယ်မပြည့်ခင်မှာတင် အကြီးတန်းသမားတော်ဖြစ်နေပြီလေ တစ်ခြားအမှိုက်ကောင်တွေလိုတော့ ဘယ်ဟုတ်ပါ့မလဲ"
ရှန်ယန်ရှောင်မျက်လုံးတွေထဲမှာ မှောင်မိုက်အေးစက်သော အရိပ်တစ်ခုဖြတ်သန်းသွားပြီး သူမက နှာခေါင်းရှုံ့လိုက်ပါတယ်။
"ကောင်းပြီလေ မင်းအခုပြောလိုက်တာကို မှတ်ထားလိုက်။ မကြာခင်မှာပဲ မင်းဟာ သမားတော်တစ်ယောက်မဖြစ်ထိုက်ဘူးဆိုတာကို သိအောင် ငါလုပ်ပေးမယ်"
ဆေးပညာခန်းထဲက လေထုဟာ သူတို့နှစ်ယောက်ကြားက စကားလုံးတွေကြောင့် အလွန်တင်းမာနေခဲ့ပါတယ်။
"ကိုယ့်လေနဲ့ကိုယ်လည်း လွင့်သွားဦးမယ် သတိထားဦးနော်။ ကောင်ကလေး မင်းက ဘာအတွေ့အကြုံမှ မရှိသေးပါဘူးကွာ။ ပညာလေးမတောက်တခေါက်တတ်ရုံနဲ့ ဒီလိုဟိတ်ကြီးဟန်ကြီး လုပ်လို့ရတယ်လို့ထင်မနေနဲ့။ မင်းလိုဟိတ်ဟန်တစ်ခွဲသားနဲ့လူတွေကို ငါမြင်ဖူးခဲ့သားပဲ ဒါပေမယ့်လည်း သူတို့ကြမ္မာတွေက တော်တော်လေးဆိုးသွားခဲ့ကြရတယ်နော်"လို့ လောင်းဖန်က ပြောလိုက်သည်။
သူ့အတွက်တော့ ရှန်ဂျူဟာ မျက်စိစပါးမွှေးစူးစရာဖြစ်နေပါတယ်။ ရှန်ဂျူရဲ့ စရိုက်လက္ခဏမှာရော ရဲချင်တပည့်ဆိုသော အရာတို့မှာ သူ့အတွက် လက်မခံနိုင်စရာတွေချည်းပါပဲ။
သူက ဖယ်ရှားပစ်ရမယ့်သူဖြစ်သည်။
"အိုး...ဒီလိုဆိုရင် ငါကပဲ အဆုံးသတ်ဆိုးမလား မင်းကပဲအဆုံးသတ်ဆိုးမလားဆိုတာကို ငါတို့ကြည့်ကြသေးတာပေါ့"လို့ ရှန်ယန်ရှောင်က ဝံ့ထည်စွာပြုံးပြီးပြောလိုက်သည်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၁၃)
ရှန်ယန်ရှောင်၏ မာနက အားလုံးကိုအံ့သြတုန်လှုပ်စေခဲ့သည်။ လောင်းဖန်၏ အကြီးတန်းသမားတော်အဆင့် စွမ်းအားရှေ့မှောက်မှာတောင် ရှန်ယန်ရှောင်က အခုလိုပြောရဲဆိုရဲရှိနေတာကြောင့် အားလုံးမျှော်လင့်ထားတာထက် သာလွန်နေခဲ့ပါတယ်။
လောင်းဖန်ကို ဒီလိုပုံမျိုး ပြောရဲသူတစ်ယောက်မှ မတွေ့ခဲ့ဖူးတာကြောင့် ယိအကယ်ဒမီကျောင်းသားတွေဟာ တစ္ဆေသရဲတစ်ကောင်မြင်ရသလို ဖြစ်သွားကြသည်။
လောင်းဖန်ကတော့ ဘာမှမပြောတော့ဘဲ နှာခေါင်းရှုံ့၍သာ နေလိုက်ပါတယ်။ ပူလီစီသင်ကြားပေးခဲ့သော ဆိုးကျိုးဆေးရည်အစွမ်းနဲ့ ဒီရှန်ဂျူဆိုသောကလေးကို ဆုံးမနိုင်မယ်လို့ သူယုံပါတယ်။
ဒီတစ်ခေါက် သူတို့သုံးဦး၏ ပြိုင်ပွဲကို ဆေးပညာဌာနတစ်ခုလုံးက စိတ်ဝင်စားခဲ့တာကြောင့် ဌာနမှ သူတို့အတွက် ဆေးပစ္စည်းအမြောက်အများကို ထောက်ပံ့ကူညီပေးထားပါတယ်။
သုံးဦးလုံးက သက်ဆိုင်ရာစားပွဲတစ်လုံးစီမှာ နေရာယူလိုက်ကြပါတော့သည်။ ပြိုင်ပွဲစတင်တော့မှာကို တွေ့လိုက်ရတဲ့အတွက် ပရိသတ်အားလုံး အသက်အောင့်မိလိုက်ကြပါသည်။
မေးစရာရှိတာကတော့ ဒိုင်လူကြီးက ဘယ်သူဖြစ်မလဲဆိုတာပါ။
ဆေးပညာခန်းကို လောင်းဒီလည်းရောက်ရှိနေပေမယ့် ပူလီစီရှိနေတာကြောင့် ဒိုင်နေရာကို ရနိုင်စရာအကြောင်းမရှိပါဘူး။ မည်သို့ပင်ဆိုစေကာမူ ပူလီစီဒိုင်လူကြီးဖြစ်ရင် ရှန်ယန်ရှောင်ခံရဖို့များတာကြောင့် လောင်းဒီအနေနဲ့ ပူလီစီ ဒိုင်ဖြစ်မှာကိုလည်း မလိုလားပါဘူး။ သို့သော်လည်း ဆေးပညာတစ်ခန်းလုံးမှာ ပူလီစီကလွဲရင် ဒီလိုအရေးကြီးတာဝန်ကို ယူနိုင်သူလည်း မရှိပြန်ပါဘူး။
သို့ပေမယ့် လူတိုင်းသိကြတဲ့အတိုင်းပဲ ရှန်ဂေါင်းရှောင်ဟာ ပူလီစီရဲ့တပည့်ပါ။ ထို့အပြင်တစ်၀ ပူလီစီ၊ ရှန်ဂေါင်းရှောင်နဲ့ လောင်းဖန်တို့က တန်နာဇီကို စွပ်စွဲပြောဆိုခဲ့ကြတာကြောင့် သူတို့တွေက တစ်လှေတည်းစီးတွေမှန်း အားလုံးသိကြပါတယ်။ အဲ့ဒီတော့ ပူလီစီဒိုင်လုပ်တယ်ဆိုရင် ပွဲစတာနဲ့ ရှန်ယန်ရှောင်အဖို့ အောက်စည်းကသာနေရတော့မှာဖြစ်သည်။
လောင်းဒီစိတ်ပူနေစဉ်မှာပဲ အဖြူရောင်သန့်သန့်ဝတ်ဆင်ထားသော လူရိပ်တစ်ခု ဆေးခန်းအပေါက်မှာရောက်ရှိလာပါတယ်။ မျက်စိအားလုံး ထိုလူရိပ်ဆီ ရောက်ရှိသွားသည်။
ဝံ့ဝံ့ကြွားကြွားရှိနေသော ပူလီစီတစ်ယောက် ထိုလူကိုမြင်တာနဲ့ ချက်ခြင်းပဲ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"သမားတော်ကြီးရဲချင်"ဟု ပူလီစီ အလန့်တကြားရေရွတ်လိုက်သည်။
ဟုတ်ပါတယ် ဆေးပညာခန်းကိုပေါက်ချလာသောသူဟာ လောကတစ်ခွင်လူသိများထင်ရှားကျော်ကြားတဲ့ သမားတော်ကြီးဖြစ်သော ရဲချင်ပါပဲ။
စာကြည့်တိုက်ကို ဝင်ရောက်ပြီးကတည်းက အပြင်လောကကို ခြေတစ်လှမ်းမှမချခဲ့သေးသော ရဲချင်ဟာ ယနေ့မှာတော့ မမျှော်လင့်စွာနဲ့ လူရှေ့သူရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ပူလီစီ၏ အလန့်တကြားရေရွတ်သံက လူတိုင်းရဲ့ တုန်လှုပ်မှုအရင်းခံဖြစ်သွားစေခဲ့သည်။ အားလုံးက ရဲချင်ကို မျက်စိမခွာနိုင်ဖြစ်သွားခဲ့ကြပါတယ်။
ယိအကယ်ဒမီကျောင်းသားတွေလည်း ပါတာပေါ့ သူတို့က မျက်လုံးအပြူးသားနဲ့ကို ကြည့်နေခဲ့ကြတာပါ။
ဒီလူဟာ လင်းလက်တိုက်တစ်တိုက်လုံးမှာ ဆေးဝိဇ္ဇာဖြစ်လာနိုင်တဲ့ တစ်ဦးတည်းသောသူဖြစ်ကာ သမားတော်အားလုံး၏ ကိုးကွယ်လေးစားမှုကို ခံယူရရှိသောသူပါ။
လောင်းဖန် အလွန်အမင်းစိတ်လှုပ်ရှားသွားခဲ့သည်။ တော်ဝင်ရိုလန်ကျောင်းကို သူရောက်နေတာ တစ်လပြည့်တော့မှာဖြစ်ပြီး ရဲချင်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ဖူးသေးကာ ဒီကိစ္စက သူ့အတွက် နောင်တရစရာဖြစ်နေခဲ့ပြီး အခုအခါမှာတော့ သူ့အိပ်မက်ထဲက နည်းပြဆရာဖြစ်သူအား တွေ့လိုက်ရပါပြီ။
"သမားတော်ကြီးရဲချင် ဘယ်လိုလုပ်ပြီး ဒီနေရာကို ကြွလာရတာလဲ"
ပူလီစီက ကမန်းကတန်း နှုတ်ဆက်ဂါရဝပြုလိုက်ပါတယ်။ ရဲချင်ရှေ့မှာဆို သူဟာ သာမန်ဆေးပညာကျောင်းသားတစ်ဦးလိုမျိုး ပြုမူကာ ဘာမာန်ဘာမာနမှမရှိပါဘူး။
ရဲချင်ရဲ့ ဂရုဏာမျက်နှာမှာ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
"ငါက လမ်းမလျှောက်ရတာကြာလို့ ထွက်လာခဲ့တာ။ ဒီနေရာမှာ ပြိုင်ပွဲတစ်ခုလုပ်နေတယ်ကြားတာနဲ့ အပျင်းပြေလာကြည့်တာပါ မင်းလုပ်စရာရှိတာသာဆက်လုပ် ငါ့ကိုဂရုစိုက်မနေပါနဲ့"လို့ အေးအေးဆေးဆေးပြောလိုက်ပါသည်။
အပျင်းပြေလာကြည့်တာတဲ့။ ဘယ်သူက ယုံမှာလဲ။
လူတိုင်းနီးပါးဟာ ရဲချင်စကားကို မယုံကြည်ခဲ့ကြပါဘူး။ အဲ့ဒီ ပုံမလာပန်းမလာကောင်လေး ရှန်ဂျူက သူ့တပည့်ဆိုတာ မသိတဲ့လူဘယ်မှာရှိလို့လဲ။ ဒီတော့ ရဲချင်ယနေ့ထွက်လာခြင်းက တပည့်ဖြစ်သူရှန်ဂျူကြောင့် ဖြစ်ဖို့များပါတယ်။
ရဲချင်ရှေ့မှာဆိုရင် ပူလီစီဆိုတာ ဘာကောင်တုန်း။ တစ်ခြားသမားတော်တွေအဖို့ ရဲချင်ရှိနေတယ်ဆိုရင် ဘေးနားမှာသွားပြီး အသာမတ်တပ်ရပ်နေတာပဲ ကောင်းပါတယ်။
ဆေးပညာရပ်ဖက်မှာ သူမအလွန်လေးစားရတဲ့ သူမရဲ့ဆရာဖြစ်သူ ရဲချင်အား ရှန်ယန်ရှောင် အံ့အားသင့်စွာကြည့်မိလိုက်သည်။ ရဲချင်ဘာအတွက် ဒီနေရာကိုလာခဲ့သလဲဆိုတာကို သူမ ခန့်မှန်းလိ့ုရပါတယ်။
သူမရင်ထဲမှာ ကျေးဇူးတင်မှုတွေနဲ့ ပြည့်သွားခဲ့ရသည်။ ပူလီစီကို သူမ မကြောက်ပေမယ့်လည်း ဒီပြိုင်ပွဲမှာ သူမကိုအကြပ်တွေ့အောင်လို့ ပူလီစီအစွမ်းကုန် လုပ်သွားမှာကိုတော့ သူမသိပါတယ်။ ဒါပေမယ့် အခု ရဲချင်ရှိနေပြီဆိုတော့ သူ့တပည့်ဖြစ်သူဟာ ရှန်ဂျူဆိုတဲ့အကြောင်း အားလုံးသိအောင် လာပြောတဲ့သဘောဖြစ်လို့ ပူလီစီအနေနဲ့ ဘာမှညစ်လို့မရတော့ဘဲ မျှမျှတတသာ ကိုင်တွယ်ရတော့မှာပါ။
ရဲချင်ရဲ့ တပည့်ဖြစ်သူအပေါ်မှာ မျှမျှတတလုပ်မယ်ဆိုရင် ကိစ္စမရှိပါ ဒါပေမယ့် ညစ်ပတ်ချင်ရင်တော့ ရဲချင်ဆိုတဲ့လူ လက်ခံမခံကိုတော့ အရင်မေးပေါ့။ ပူလီစီတောင် နှစ်ကြိမ်စဉ်းစားဖို့တော့ လိုပါတယ်။
ပူလီစီရဲ့မျက်နှာ ပျက်သွားခဲ့ပေမယ့် ရဲချင်မျက်မှောက်မှာတော့ သူ မဆင်မခြင် မလုပ်ရဲပါဘူး။
သို့ပေမယ့် ယနေ့ သူ မညစ်ရင်တောင် သူသင်ကြားပေးခဲ့သော ဆိုးကျိုးဆေးရည်နှစ်မျိုးက ကောင်ကလေး ရှန်ဂျူကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်လို့ သူယုံကြည်ပါတယ်။
ရဲချင်ရောက်လာတဲ့အတွက် ဆေးပညာခန်းထဲက လေထုအခြေအနေက တစ်မျိုးတစ်ဖုံပြောင်းသွားခဲ့သလို လောင်းဒီလည်း စိတ်အေးသွားခဲ့ပါတယ်။
ဒီ့နောက်မှာတော့ ပြိုင်ပွဲက တရားဝင်စတင်ပါပြီ။
"ဒီပွဲက ပညာဖလှယ်တာဖြစ်လို့ ကောင်းကောင်းပြုမူကြဖို့ သတိပေးလိုပါတယ်"ဟု တရားမျှတဟန်နဲ့ ပူလီစီကပြောလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၁၄)
ဆေးစားပွဲရှေ့က လူသုံးယောက်လုံး စတင်လှုပ်ရှားကြပါပြီ။
ဒီနေ့ပြိုင်ပွဲအတွက် လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့က တစ်ရက်နဲ့တစ်ညတိုင်တိုင် ပြင်ဆင်ခဲ့ကြပါတယ်။ သူတို့ပြုလုပ်မယ့် ဆိုးကျိုးဆေးရည်ဟာ သူတို့ရဲရင်ထဲအသည်းထဲမှာ ရေးထိုးထားပြီးဖြစ်တာကြောင့် သူတို့လိုအပ်သော ဆေးမြစ်တွေကို အသီးသီး သွားရောက်ယူလိုက်ကြပါတယ်။
ရှန်ယန်ရှောင်ကတော့ သူတို့နှစ်ယောက်နောက်ကနေ အေးအေးလူလူအမူအယာနဲ့ သွားလိုက်ပါတယ်။
လောင်းဒီက ရဲချင်ဘေးကိုသွားလိုက်ပြီး ရှန်ဂေါင်းရှောင်ယူသွားတဲ့ ဆေးဖက်၁၇မျိုးကို ကြည့်လိုက်တော့ အလွန်အဆိပ်ပြင်းတဲ့ ဆေးမြစ်တွေဖြစ်ကြောင်း တွေ့လိုက်သည်။
"သမားတော်ကြီးရဲချင် ရှန်ဂေါင်းရှောင်လက်ထဲက ဆေးမြစ်တွေက အလွန်အဆိပ်ပြင်းတယ်နော်။ သူက ဆိုးကျိုးဆေးရည်ပဲဖော်စပ်မှာ ဟုတ်သလားဗျ"လို့ပြောလိုက်သည်။
ရဲချင်မျက်နှာကတော့ အလွန်အေးချမ်းလှကာ ဘာပူပန်မှုမှမရှိနေပါ။ သူက ရှန်ဂေါင်းရှောင်ယူလိုက်တဲ့ ဆေးမြစ်တွေကို တွေ့သလို လောင်းဒီရဲ့ပူပန်မှုကိုလည်း နားလည်ပါတယ်။ ရှန်ဂေါင်းရှောင်ရဲ့ ဆေးမြစ်တွေအရ ဘာဆေးရည်ဖော်စပ်မလဲဆိုတာကို သူသိလိုက်ပါတယ်။
ရဲချင် မျက်ခုံးတစ်ချက်ပင့်လိုက်ကာ ပူလီစီကိုလှမ်းကြည့်လိုက်တော့ ခနဲ့တဲ့တဲ့အမူအယာနဲ့ ပူလီစီကိုတွေ့လိုက်ရလို့ သဘောမကျတဲ့ အရိပ်တစ်ခု ရဲချင်မျက်လုံးထဲမှာ ဖြတ်ကနဲပြေးသွားခဲ့သည်။
ဒီလိုဆိုးကျိုးဆေးရည် ပြိုင်ပွဲမှာ ဆေးရည်အနည်းငယ်ကသာလျှင် အလွန်ဆိုးသောသက်ရောက်မှုတွေ ဖြစ်စေနိုင်တာဖြစ်ကာ ရှန်ဂေါင်းရှောင်ပြုလုပ်မယ့် ဆေးရည်ကတော့ သမားတော်တစ်ဦးရဲ့ အာရုံငါးပါးကို အလွန်ကြီးမားစွာ ထိခိုက်စေနိုင်တာဖြစ်လို့ ဒီလိုရက်စက်သောဆေးရည်မျိုးဟာ ပြိုင်ပွဲအတွက် မသင့်လျော်လှပါဘူး။
လောင်းဖန်ကလည်း ဆေးမြစ်၁၉မျိုးတောင် ယူဆောင်သွားတာဖြစ်သော်လည်း သူ့ဆေးမြစ်တွေကတော့ သိပ်အဆိပ်မပြင်းလှဘဲ အပူအားကောင်းတဲ့ဆေးမြစ်တွေပဲ ဖြစ်ပါတယ်။ ရဲချင်အနေနဲ့ လောင်းဖန်ပြုလုပ်မယ့်ဆေးရည်က ဘာဆေးရည်လဲဆိုတာကို အတန်ကြာအောင် မခန့်မှန်းနိုင်ဖြစ်သွားပါတယ်။
တစ်ဖက်မှာတော့ ရှန်ယန်ရှောင်က ဆေးမြစ်တွေကို အေးအေးဆေးဆေးရွေးချယ်နေခဲ့ကာ သူမ ရွေးလိုက်တဲ့ဆေးမြစ်တွေက ဘာဆိုးကျိုးမှ မရှိတဲ့ဆေးမြစ်တွေချည်းဖြစ်နေပါတယ်။
"ရှန်ဂျူ ဘာလုပ်နေတာလဲ။ ဘာဖြစ်လို့ ဒီပျော့ပြောင်းတဲ့ ဆေးမြစ်တွေကို ရွေးနေရတာလဲ။ သူက ဆိုးကျိုးဆေးရည် လုပ်ရမှာမဟုတ်ဘူးလား"
လောင်းဒီက နားမလည်စွာပြောလိုက်သည်။
ဟိုနှစ်ကောင်က ပြင်းထန်တဲ့ဆိုးကျိုးဆေးရည်ကို လုပ်တော့မှာဖြစ်ကာ ရှန်ဂျူကတော့ အားဆေးလုပ်တော့မယ်ပုံပေါက်နေတယ်လေ။ ဒီပွဲက အားဆေးတိုက်ရမယ့်ပွဲ မဟုတ်ဘူးဟ ရှန်ဂျူရ အာ...
"နောက်ဆုံးတော့လည်း ဒီကလေးက ဆိုးကျိုးဆေးရည်ကို မဖော်စပ်ရဲဘူးပေါ့။ သူ့စကားတွေက အလကားသပ်သပ် ဟန်ပဲရှိတာကိုး"လို့ ဖန်းကြူတစ်ယောက် စိတ်အေးသွားကာပြောလိုက်သည်။
"ငါပြောခဲ့သလိုပဲ ဒီကလေးက လောင်းဖန်ရဲ့ပြိုင်ဖက် မဟုတ်ပါဘူးကွာ။ ဒီလိုပြိုင်ပွဲမျိုးကို လောင်းဖန်ကိုယ်တိုင် ဝင်ပြိုင်စရာတောင် မလိုပါဘူး။ ငါတို့ထဲက ဘယ်သူမဆို ဝင်ပြိုင်လို့တောင်ရတယ်"
ယိအကယ်ဒမီကျောင်းသားတွေက ဝံ့ကြွားစွာပြောဆိုလိုက်ကြပါတယ်။
ဆိုးကျိုးဆေးရည်ဖော်စပ်ရတာက ကောင်းကျိုးဆေးရည်တွေထက် ပိုမိုခက်ခဲရှုပ်ထွေးကာ အောင်မြင်ရန်ခက်လွန်းပါတယ်။
ဒီလူတွေအားလုံးဟာ အလတ်တန်းသမားတော်တွေဖြစ်ကြပေမယ့် ဆိုးကျိုးဆေးရည်ကို အောင်မြင်စွာဖော်စပ်ပြုလုပ်နိုင်မယ်လို့တော့ ဘယ်သူမှ အာမမခံနိုင်ပါဘူး
ဖန်းကြူနဲ့သူ့ကျောင်းသားတွေပြောဆိုနေကြတာကို တော်ဝင်ရိုလန်ကျောင်းသားအားလုံး ကြားလိုက်ကြပြီး အားလုံးဟာ ရှန်ယန်ရှောင်အတွက် စိုးရိမ်သွားခဲ့ကြပါတယ်။
တော်ဝင်ရိုလန်ကျောင်းသားတိုင်းက ရှန်ယန်ရှောင်အား သူတို့ရဲ့စိတ်ထဲအသည်းထဲကနေ အားပေးနေကြသလို ရှန်ဂေါင်းရှောင်ကိုလည်း အလွန်ရွံသွားခဲ့ကြပါတယ်။
မိနစ်တွေကုန်လွန်သွားခဲ့ပြီးနောက် ရှန်ဂေါင်းရှောင်နဲ့ လောင်းဖန်တို့က သူတို့လိုအပ်သော ဆေးမြစ်တွေကို ရရှိသွားပြီဖြစ်လို့ ကိုယ့်စားပွဲကိုယ်ပြန်ပြီး ပြင်ဆင်နေကြပါပြီ
အဆိုပါလူနှစ်လူရဲ့ ဆေးမြစ်တွေက ဘယ်လိုသတ္တိတွေရှိလဲဆိုတာကို အမြင်အားကောင်းသော ကျောင်းသားတွေ သိလိုက်ကြသည်။
ရှန်ဂေါင်းရှောင်၏ ဆေးမြစ်အားလုံးလိုလိုက အလွန်အားကောင်းသော အဆိပ်ဓာတ်တွေရှိကာ ဒီဆေးမြစ်အားလုံးကိုသာ ဆေးရည်ပြုလုပ်မယ့် နေရာမှာသုံးရင် သောက်လိုက်တဲ့အခါ မသေနိုင်ရင်တောင် သေတာထက်ပိုဆိုးတဲ့ဒါဏ်ကို ခံစားရမှာသေချာပါတယ်။
ဒီလိုဆိုးရွားရက်စက်လွန်းသော ဆေးရည်ကို ပြုလုပ်ရအောင် သူ့မှာ ဘယ်လောက်မုန်းတီးမှုတွေရှိနေရတာလဲ။
ရှန်ဂေါင်းရှောင်ကတော့ သဘောခွေ့နေပါတယ်။ သူပြုလုပ်မယ့်ဆေးရည်ဟာ အလွန်ပြင်းထန်တဲ့အဆိပ်ဓာတ်တွေပါသော ဆေးမြစ်၂၃မျိုးလိုအပ်ပြီး သောက်လိုက်မိရင် လူတစ်ယောက်ရဲ့ အာရုံငါးပါးကို ထိခိုက်စေရုံသာမက လောင်းဖန်လုပ်မယ့် ဆေးရည်နဲ့ပေါင်းသွားရင် ပြန်လည်ကောင်းမွန်ရန်ခက်လှသော သေရာပါ ဒဏ်ရာဖြစ်စေမှာပါ။
ရှန်ဂေါင်းရှောင်ရဲ့ သဘောခွေ့ပျော်မွေ့မှုနဲ့စာရင် လောင်းဖန်က ပိုတည်ငြိမ်ပါတယ်။ ရှန်ယန်ရှောင်ကို ဖက်ပြိုင်တဲ့ ဒီပွဲရဲ့ရည်ရွယ်ချက်က ပထမအချက်ဟာ ပူလီစီရဲ့သဘောကျမှုကို ခံယူရရှိဖို့ဖြစ်ပြီး ဒုတိယကတော့ ရဲချင်အား သူ့အရည်အချင်းကို ပြသရန်ဖြစ်တာကြောင့် ခြေလှမ်းတိုင်းကို သတိကြီးစွာလှမ်းခဲ့ပါတယ်။ သူ့ဆေးရည်ကို ရဲချင်က အဖက်ဖက်မှာ လက်ခံအသိအမှတ်ပြုစေရန် လုပ်မှာဖြစ်ပါတယ်။
အလတ်တန်းသမားတော်သာဖြစ်တဲ့ ရှန်ယန်ရှောင်ဟာ သူ့မျက်စိထဲမှာတော့ အရေးမပါလှပါဘူး။ သာမန်အားဖြင့် ဒီလိုလူမျိုးတွေကို သူ ဂရုတောင်မစိုက်ပါ။ သူ့အတွက် ရှုံးနိမ့်မှုဆိုတာ မရှိဘဲ အနိုင်ရခြင်းကလွဲရင် ကျန်တာမရှိပါဘူး။
ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့က ဆေးမြစ်တွေကို ပြင်ဆင်ပြုလုပ်ပြီးသွားကြကာ ဆေးရည်ကိုစတင်ပြုလုပ်ကြပါပြီ။
ဒီအချိန်မှာ ရှန်ယန်ရှောင်ကတော့ ဆေးမြစ်တွေကို ပြင်ဆင်ကိုင်တွယ်နေတုန်းပဲရှိသေးတာဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုက သူတို့နှစ်ဦးထက် ခြေတစ်လှမ်းနောက်ကျနေပါတယ်။
ဒါပေမယ့် သူမကတော့ ဘာမှကြောင့်ကြမှုမရှိဘဲ စနစ်တကျ တစ်ဆင့်ချင်းပြုလုပ်နေပါတယ်။
သုံးယောက်စလုံး ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေခဲ့ကြပြီး ပွဲကြည့်ပရိသတ်တွေကတော့ သူတို့သုံးဦးအား တစ်လှည့်စီလွန်းထိုး ကြည့်နေခဲ့ကြပါတယ်။
တော်ဝင်ရိုလန်ကျောင်းသားတွေက ရှန်ယန်ရှောင်အတွက် အားပေးနေခဲ့ကြသော်လည်း လောင်းဖန်တို့ထက် ခြေတစ်လှမ်းနောက်ကျနေခဲ့တာကြောင့် သူတို့စိတ်ထဲမှာ လေးလံနေခဲ့ရပါတယ်။ ဆေးမြစ်တွေကိုရွေးချယ်ခြင်းနဲ့ ပြင်ဆင်ခြင်းတို့က ဘာမှအရေးမကြီးလှပေမယ့် တစ်ခြားနှစ်ယောက်ထက် ခြေတစ်လှမ်းနောက်ကျနေခဲ့တဲ့ ရှန်ယန်ရှောင်က ဘယ်လိုလုပ်နိုင်ခြေရှိမှာလဲ။
နောက်ပြီးတော့လည်း သူမက လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့အတွက် ဆေးရည်တစ်ပုလင်းစီလုပ်ပေးရမှာဖြစ်လို့ နှစ်ပုလင်းပြုလုပ်ရမှာပါ။
တစ်ချိန်တည်းမှာပဲ သူမက ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ရဲ့ ဆေးရည်နှစ်ပုလင်းကို သောက်ရပါဦးမယ်။
ဆိုးကျိုးဆေးရည်နှစ်ပုလင်းကို တစ်ချိန်တည်းမှာ သောက်သုံးခြင်းဟာ လူ့ခန္ဓာကိုယ်ကို ဘယ်လိုဆိုးကျိုးသက်ရောက်စေနိုင်လဲဆိုတာကို ဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ ဒီအချိန်ရောက်မှာသာလျှင် ရှန်ယန်ရှောင်ဟာ သူမရဲ့ အသက်ကိုမျဉ်းပေါ်ချကာ ယှဉ်ပြိုင်နေရမှန်း ကျောင်းသားတွေသဘောပေါက်သွားရပါတယ်။
သမားတော်တွေကြားမှာ မရေမတွက်နိုင်သော ပြိုင်ပွဲတွေယှဉ်ပြိုင်ခြင်းတွေ ရှိခဲ့ကြပေမယ့် ယခုလိုမျိုး ပြင်းထန်တဲ့နည်းလမ်းနဲ့တော့ ဘယ်သူမှ မပြိုင်ခဲ့ရဲကြပါဘူး။
ဒီပြိုင်ပွဲ၏ ရလာဒ်က ဘယ်လိုပဲထွက်လာပါစေ သူတို့အနေနဲ့ ဆေးပညာဌာန ကျောင်းသားသစ်တန်းက ကြောက်ရွံ့မှုကင်းသော ရဲစွမ်းသတ္တိအပြည့်ရှိသော ဆေးကျောင်းသားလေးကိုတော့ အမှတ်ရနေကြမှာပါ။