← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၁၅)

တစ်နာရီကုန်လွန်ပြီးသောအခါတွင် ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့နှစ်ယောက်ဟာ သူတို့ရဲ့ဆေးရည်တွေကို ပြုလုပ်ပြီးသွားကြပါပြီ။ အဆိပ်မြွေနှစ်ကောင်က သူတို့၏ဆေးရည်ပုလင်းနားတွင် ရပ်နေကြပြီးတော့ ရှန်ယန်ရှောင်လုပ်နေသော ဆေးရည်ကိုလှမ်းကြည့်လိုက်ကြသည်။

"ရှန်ဂေါင်းရှောင်က ဖုံးကွယ်အဆိပ်ဆေးရည်ကို ပြုလုပ်ခဲ့တာပဲ လောင်းဖန်ကတော့..."

ဆေးရည်နှစ်ပုလင်းကို အကဲခတ်နေသော ရဲချင်မျက်နှာက သိပ်အခြေအနေမလှပါဘူး။

"သူ့လက်ထဲကဆေးရည်က ဝရုန်းသုန်းကားဆေးရည်လားပဲ"

"ဝရုန်းသုန်းကားဆေးရည်"လို့ သံယောင်လိုက်ခဲ့သော လောင်းဒီမျက်နှာဖြူလျော်သွားခဲ့ရသည်။

ဖုံးကွယ်အဆိပ်ဆေးရည်က ဆိုးရွားသောဆေးရည်အဖြစ် လူသိများတာမှန်ပေမယ့် ဖြေဆေးမရှိတာတော့ မဟုတ်ပါဘူး။ ဖုံးကွယ်အဆိပ်ဆေးရည်ရဲ့ အာနိသင်က အလွန်ပြင်းထန်ပေမယ့် နားလည်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ဖြေဆေးဖော်စပ်သောက်သုံးနိုင်ပါတယ်။ ဝရုန်းသုန်းကားဆေးရည်ကတော့ နာမည်အတိုင်းပဲ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ဝရုန်းသုန်းကားဖြစ်စေပြီး ဖုံးကွယ်အဆိပ်ဆေးရည်ကို အာနိသင်ပိုပြင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

ဒီဆေးရည်နှစ်မျိုးပေါင်းဒဏ်ကို သာမန်လူတစ်ဦး ခံနိုင်စရာအကြောင်း မရှိပါဘူး။

သမားတော်တစ်ဦးမှာ အရေးကြီးဆုံးလိုအပ်ချက်တွေဖြစ်သော အာရုံငါးပါးသာ ဖျက်စီးခံရပြီးတော့ ဆေးမြစ်အချိန်အတွယ်ကိုလည်း မှန်ကန်အောင်မလုပ်နိုင် အနံ့အသက်ပြောင်းလဲခြင်းကိုလည်း မခံနိုင်တော့ပါက မအောင်မြင်ဖို့ပဲများပါတယ်။ အာရုံငါးပါးကိုဖျက်စီးမယ့် ဖုံးကွယ်အဆိပ်ဆေးရည်အပြင် ကိုယ်တွင်းအစိတ်အပိုင်းတွေကို ဝရုန်းသုန်းကားဖြစ်စေပြီး ဖုံးကွယ်အဆိပ်ဒဏ်ကို ပိုမိုသက်ရောက်စေမယ့် ဝရုန်းသုန်းကားဆေးရည်နဲ့ပေါင်းလိုက်ရင်တော့လား....

လောင်းဒီချွေးနစ်နေပါပြီ။ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ရဲ့ ဆိုးကျိုးဆေးရည်တွေက ဒီလောက်အထိ ပြင်းထန်ဆိုးရွားမယ်လို့ သူ မထင်ထားခဲ့မိပါဘူး။ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်ရဲ့ အတွေ့အကြုံအရ ဒီလိုစိတ်ကူးစိတ်သန်းမျိုး စဉ်းစားနိုင်ဖွယ်မရှိတာကြောင့် ပူလီစီရဲ့အကြံတွေပဲဖြစ်ရပါမယ်။

သမားတော်ကြီးတစ်ယောက်အနေနဲ့ လူငယ်မျိုးဆက်အပေါ်မှာ ဒီလောက်အထိရက်ရက်စက်စက် လုပ်ကိုင်ခြင်းဟာ အရှက်စရာကောင်းလှပါတယ်။

"သမားတော်ကြီးရဲချင် ရှန်ဂျူကို ဆွဲထုတ်ပေးနိုင်သလား။ ပူလီစီက ရှန်ဂျူကို သတ်ဖို့လုပ်နေတာပဲ။ အဲ့ဒီဆေးရည်နှစ်ပုလင်းကိုသာ ရှန်ဂျူသောက်လိုက်ရင် သူ့ဘဝမှာ နောက်ထပ်ဘာဆေးရည်ကိုမှ ဖော်စပ်နိုင်မှာ မဟုတ်တော့ဘူး"

ရဲချင်က ဘာမှမတတ်နိုင်စွာ ခေါင်းရမ်းလိုက်ပါတယ်။

သမားတော်တွေမှာ ကိုယ်ပိုင်ဥပဒေသတွေရှိပြီး ပြိုင်ပွဲစပြီးတာနဲ့ ဘယ်သူမှ ဝင်စွက်လို့မရတော့ပါဘူး။

သူဝင်စွက်လိုက်တာနဲ့ သူ့ဂုဏ်သိက္ခာကျဆင်းမှာကို ထည့်မတွက်ပါနဲ့ဦး ရှန်ဂျူအနေနဲ့ ဆေးလောကမှာ ခြေချလို့ရမှာ မဟုတ်တော့ပါဘူး။

သူ့သိက္ခာကိုအကျခံနိုင်ပေမယ့် ရှန်ဂျူအနာဂတ်ကို ထည့်တွေးပေးဖို့တော့ လိုပါတယ်။

"အရင်ကြည့်ကြသေးတာပေါ့ကွာ"လို့ ရဲချင်က ပြန်ပြောလိုက်သည်။

ရှန်ဂျူသာ တစ်ကယ်မခံနိုင်တော့ရင် သူ့ရဲ့ နှစ်ရာကျော်တည်ဆောက်ထားတဲ့ ဂုဏ်သိက္ခာကို အဆုံးခံပြီး ဝင်ကယ်ပေးဖို့ သူတိတ်တခိုးဆုံးဖြတ်ထားပါတယ်။ အရေးကြီးတာက ပျော်ရွှင်ကျန်းမာစွာ ဆက်လက်ရှင်သန်နေထိုင်ဖို့ပါပဲ။

ပူလီစီက လောင်းဖန်တို့ဆေးရည်တွေပြီးသောအခါ နှာခေါင်းရှုံ့လိုက်ပါတယ်။ ရှန်ဂျူသေလမ်းပွင့်ပြီ။ ဒါက သမားတော်ကြီးတစ်ဦးကို စော်ကားတဲ့အတွက် ပေးဆပ်ရသော တန်ဖိုးပဲ။

ဆယ်မိနစ်ကြာတဲ့အခါမှာတော့ ရှန်ယန်ရှောင်ရဲ့ ဆေးရည်လည်း ပြီးသွားခဲ့ပါတယ်။ ပန်းရောင်ဖျော့ဖျော့ဆေးရည်ဖြစ်ပြီး အလွန်လှပစွာတလက်လက်တောက်ပနေပါတယ်။ သူမက ဆေးရည်ကို ပုလင်းနှစ်လုံးထဲသို့ ခွဲထည့်လိုက်ပါတယ်။

ရှန်ယန်ရှောင်၏ ဆိုးကျိုးဆေးရည်က ဘာဆေးရည်လဲဆိုတာကို ဘယ်သူမှမသိကြသလို ရဲချင်တောင် မသိခဲ့ပါဘူး။

"ဆေးရည်သုံးမျိုးက ပြုလုပ်ဖော်စပ်ပြီးသွားခဲ့ပြီဆိုတော့ ပြိုင်ပွဲရဲ့ အဓိကအချက်နေရာကို ဆက်သွားကြတာပေါ့"လို့ လောင်းဖန်က ရှန်ယန်ရှောင်အား တက်ကြွစွာကြည့်ပြီး ပြောလိုက်ပါတယ်။

အလတ်တန်းသမားတော်ရဲ့ ဆိုးကျိုးဆေးရည်က ပူလီစီကိုယ်တိုင်ကိုယ်ကျသင်ပေးထားတဲ့ ဆေးရည်တွေထက် ပိုပြင်းထန်မယ်လို့တော့ သူမထင်ပါဘူး။ သူ့ကိုထိခိုက်စေနိုင်သော ဆေးရည်ကို ရှန်ယန်ရှောင် ပြုလုပ်နိုင်မယ်လို့လည်း သူမထင်ပါဘူး။

"အမှန်ပဲ"လို့ပြောကာ သူမရဲ့ဆေးပုလင်းကို စားပွဲပေါ်တင်လိုက်ပါတယ်။

ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့လည်း သူတို့ရဲ့ဆေးပုလင်းတွေကို စားပွဲပေါ်တင်လိုက်တယ်။ တစ်ကယ့်စမ်းသပ်မှုက အခုမှစတာပါ။

"ကောင်းပြီလေ ဒါဆိုလည်း မင်းအရင်စမလား"လို့ ညစ်ကျယ်ကျယ်ပြုံးရင်း လောင်းဖန်ကပြောလိုက်ပါတယ်။

ရှန်ယန်ရှောင်ကတော့ တွေဝေခြင်းမရှိဘဲ ဖုံးကွယ်အဆိပ်ဆေးရည်ကို ကောက်ယူကာ မော့ချလိုက်ပါတယ်။

သူမသောက်တာနဲ့ ရှန်ဂေါင်းရှောင်မျက်နှာမှာ ရူးသွပ်သောအပြုံးတစ်ခု ဖြစ်ပေါ်သွားပါတယ်။

အဲ့ဒီနောက် ရပ်တံ့ခြင်းအလျင်းမရှိဘဲ လောင်းဖန်ရဲ့ ဝရုန်းသုန်းကားဆေးရည်ကို ကောက်ယူကာတစ်ရှိန်ထိုး မော့ချလိုက်ပြန်ပါတယ်။ ဆိုးကျိုးဆေးရည်နှစ်ပုလင်းကို သောက်သုံးပြီးတာနဲ့ အလွန်ကြီးမားတဲ့ နာကျင်မှုတစ်ခုက ရှန်ယန်ရှောင်ရဲ့ တစ်ကိုယ်လုံးကိုဖုံးအုပ်သွားခဲ့သည်။ သူမရဲ့ အာရုံငါးပါး တစ်စစီလျော့ပါးလွင့်ပျယ်သွားတာကို သူမ ခံစားသိရှိနေပါတယ်။ သူမရဲ့ အမြင်အာရုံ ေ၀ဝါးလာတယ်၊ သူမရဲ့နှာခေါင်းက ဘာအနံ့အသက်မှမရတော့သလို၊ သူမနားကနေကြားနေရသော အသံတွေဟာလည်း တစ်ဖြည်းဖြည်းတိုးတိုးလာကာ သူမတစ်ကိုယ်လုံး အားအင်ဆုတ်ယုတ်လာခဲ့သည်။

ချွေးအေးတွေ နဖူးပြင်ကနေစီးကျလာကာ အသက်ရှူနှုန်းမြန်လာခဲ့သည်။ ဖုံးကွယ်အဆိပ်ဆေးရည်နဲ့ဝရုန်းသုန်းကားဆေးရည်တို့က အစွမ်းပြပါပြီ။

အခြေအနေဆိုးရွားနေသော ရှန်ဂျူကိုကြည့်ပြီး ရှန်ဂေါင်းရှောင်အော်ရယ်ပစ်လိုက်ချင်မိသွားသည်။ ဒီကလေး ဘဝဆုံးပြီဆိုတာ သူသိလိုက်ပါပြီ။

လောင်းဖန်လည်း မာန်အပြည့်နဲ့ကြည့်နေခဲ့ပါတယ်။

အလွန်ဆိုးရွားသော နာကျင်မှုကို ကြိတ်မှိတ်သည်းခံလိုက်ပြီး အံကြိတ်ပြီးပြောလိုက်ပါတယ်။

"မင်းတို့အလှည့်ပဲ"

"ကောင်းပြီလေ"လို့ပြောကာ လောင်းဖန်ကရှေ့ကိုသွားကာ ပန်းရောင်ဖျော့ဖျော့ဆေးရည်ပုလင်းကို ကောက်ယူမော့သောက်လိုက်သည်။

ရှန်ဂေါင်းရှောင်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ဆေးပုလင်းကို သောက်ချလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၁၆)

ဆေးရည်ပုလင်းသောက်ပြီးတာနဲ့ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ ဝမ်းတွင်းမှာနွေးထွေးသော စီးကြောင်းတစ်ခုစီးဆင်းသွားတာကို ခံစားလိုက်မိကြပါတယ်။ ဘာနာကျင်မှုမှ မခံစားရဘဲ တစ်မျိုးတစ်ဖုံ သက်တောင့်သက်သာရှိနေမှုကို သူတို့ရှင်းမပြတတ်ပါ။ ချက်ခြင်းပဲ သူတို့နှစ်ယောက်လုံး အတွေးတစ်ခုတွေးမိသွားခဲ့ကြသည်။ ဒါက ဆိုးကျိုးဆေးရည်တဲ့လား မဟုတ်ပါဘူး ဒါက အားဆေးရည်အတိုင်းပါပဲ။

သို့သော် သူတို့ဆေးသောက်လိုက်ချိန်မှာပဲ နာကျင်နေပုံရတဲ့ ရှန်ယန်ရှောင်မျက်နှာမှာ သရော်တော်တော်အမူအယာနဲ့ ပြုံးနေတဲ့ အပြုံးတစ်ခုဖြစ်ပေါ်သွားပါတယ်။

ရှန်ယန်ရှောင်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူမမျက်နှာက နာကျင်မှုခံစားနေတာ မရှိတော့ဘဲပျောက်ကွယ်သွားခဲ့ပါပြီ။ လူတိုင်းရဲ့ အံ့သြတုန်လှုပ်နေတဲ့ မျက်ဝန်းတွေအောက်မှာပဲ သူမမျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်သလို သူမမျက်နှာမှာ မသက်မသာခံစားနေရတာမျိုးကို ရှိမနေခဲ့ပါဘူး။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"ဟု ပူလီစီက မျက်လုံးအပြူးသားနဲ့စိုက်ကြည့်နေရင်း ပြောလိုက်မိသည်။

ရှန်ယန်ရှောင် ရုတ်ချည်းကောင်းမွန်သွားတာကို မြင်လိုက်ရလို့ သူ့မျက်လုံးသူတောင် မယုံနိုင်ဖြစ်သွားခဲ့ရပါတယ်။

သူ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ကို သင်ကြားပေးခဲ့သော ဖုံးကွယ်အဆိပ်ဆေးရည်နဲ့ဝရုန်းသုန်းကားဆေးရည်တို့၏ နှစ်မျိုးပေါင်းဒဏ်ကို သူ့ထက်သိသူမရှိနိုင်ပါဘူး။ ရှန်ယန်ရှောင်လို အသက်မပြည့်သေးတဲ့ ကလေးငယ်မဆိုနဲ့ သန်စွမ်းကျန်းမာသော လူကြီးတစ်ယောက်တောင် ဒီဆေးနှစ်မျိုးသောက်မိသွားရင် ခွန်အားတစ်စက်တစ်လေတောင် အသုံးပြုနိုင်စွမ်းရှိမှာ မဟုတ်ပေ။

သို့ပေမယ့် ရှန်ယန်ရှောင်ရဲ့ မျက်လုံးတွေက ကြည်လင်နေပြီး နှုတ်ခမ်းကလည်း ပြုံးနေပါတယ်။ ဒါက လုံးဝကို အေးအေးလူလူရှိနေတဲ့ အမူအယာပါပဲ။

"မဖြစ်နိုင်ဘူး သူ စောနလေးကတောင် ခံစားနေခဲ့ရတာပဲကို"

ပူလီစီ ခေါင်းကိုကြမ်းကြမ်းရမ်းလိုက်သည်။ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ ပြုလုပ်ထားတဲ့ ဆေးရည်တွေမှာ ဘာပြဿနာမှ မရှိနိုင်သလို ရှန်ယန်ရှောင်သောက်ပြီးကာစမှာလည်း နာကျင်တဲ့ဒဏ်ကိုခံစားနေရတာ အသိသားကြီးပါ။

ဆန်းကြယ်မှုက ဘယ်နေရာမှာ ဖြစ်တည်နေလဲဆိုတာ သိရဖို့အတွက် သူ့ခေါင်းသူ ရိုက်ခွဲရှာကြည့်ချင်စိတ်ပေါက်သွားခဲ့ရပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒီပြောင်းလဲမှုကြီးက လူတိုင်းရဲ့မျက်မှောက်မှာတင် အမှန်အကန်ဖြစ်ပျက်သွားခဲ့ပါတယ်။

လူတိုင်းက အလွန်အမင်းနာကျင်မှုကို ခံစားနေခဲ့ရတဲ့ ရှန်ယန်ရှောင်တစ်ယောက် ချက်ခြင်းဆိုသလို ပြန်ကောင်းသွားတာကို မယုံနိုင်စွာနဲ့ မျက်လုံးအပြူးသားဖြစ်ကာ ငေးကြည့်နေခဲ့မိကြပါသည်။

ရဲချင်မျက်လုံးထဲမှာလည်း ဝေခွဲမရသော ဟန်ပန်ဖြစ်ပေါ်နေခဲ့ပါသည်။ ပူလီစီနားလည်ထားတာကို သူလည်း သဘောပေါက်တာပေါ့။ ဒီဆေးရည်နှစ်မျိုးရဲ့ အစွမ်းကို အချိန်တိုအတွင်းမှာ ဖိနှိပ်နိုင်သောနည်းလမ်းကို သူတွေးမရခဲ့ပါဘူး။ သောက်သုံးလိုက်သူဟာ ပညာရပ်နယ်ပယ်မှာ ဒုတိယအဆင့်ကို ရောက်ရှိနေတဲ့ မှော်ဆရာကြီးလိုမျိုး စွမ်းအားကြီးပညာရှင်တစ်ယောက် မဟုတ်ခဲ့ရင် နည်းမရှိပါဘူး။ သူတို့က သူတို့၏ ကြီးမားလှသော အတွင်းအား သို့မဟုတ် မှော်အားနဲ့ အဲ့ဒီဒဏ်ကို ယာယီဖိနှိပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ရှန်ယန်ရှောင်က ဆေးပညာဌာနရဲ့ လူသစ်တစ်ယောက်ပဲဖြစ်ပါတယ်။ အိုးယန်ဟွမ်းယူလို အစွမ်းအစရှိဖို့ဆိုတာ လုံးဝလုံး၀ မဖြစ်နိုင်ပါဘူး။

ဒီနေရာမှာရှိနေကြသူအားလုံး ရှန်ယန်ရှောင်၏ ပြောင်းလဲသွားခြင်းအပေါ်မှာ သို့လောသို့လောဖြစ်နေကြသည်။

ဆိုးကျိုးဆေးရည်နှစ်ပုလင်း သောက်လိုက်ချိန်မှာ သူမကိုယ်သူမ အာရုံပျောက်ကျိန်စာတိုက်ခဲ့တာကို ရှန်ယန်ရှောင်တစ်ယောက်ပဲ သိပါတယ်။

အာရုံပျောက်ကျိန်စာက အလွန်စွမ်းသော တစ်မျိုးကျိန်စာဖြစ်ကာ လူတစ်ယောက်ရဲ့ အထိအတွေ့အာရုံကို ပျောက်ကွယ်သွားစေနိုင်ပြီး အချိန်တိုအတွင်းမှာ ဘာနာကျင်မှုဒဏ်ကိုမှ မခံစားရဖို့ ဦးနှောက်ကိုထိန်းချုပ်ပေးပါတယ်။ ဖုံးကွယ်အဆိပ်ဆေးရည်မပြောနဲ့ ဒီအချိန်မှာ သူမကို တစ်ယောက်ယောက်ကနေ ဓားနဲ့ ၁၇ချက်၁၈ချက်လောက် ထိုးသွင်းရင်တောင် ဘာနာကျင်မှုကိုမှ ခံစားရမှာမဟုတ်ပေ။

လင်းလက်တိုက်မှာက ဆင့်ခေါ်သူတွေ မရှိသလောက်ဖြစ်နေပြီမို့ လူအနည်းကသာလျှင် ကျိန်စာတိုက်နည်းတွေကို သိရှိတော့တာဖြစ်ကာ သူမရဲ့ပြောင်းလဲမှုက ဆင့်ခေါ်သူနဲ့ပတ်သတ်နေမယ်လို့ ဘယ်သူမှ တွေးမိမှာမဟုတ်ပေ။

ပြောရမယ်ဆိုရင် ပူလီစီ၊လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့က သူမကို စာရင်းရှင်းဖို့အတွက် တော်တော်လုပ်ဆောင်ထားခဲ့ကြပေမယ့် ရှန်ယန်ရှောင်က ဆင့်ခေါ်သူတစ်ဦးဖြစ်နေတဲ့အတွက် သူမကိုယ်သူမ အာရုံခံစားရမှုကို ထိန်းချုပ်ဖို့ ကျိန်စာတိုက်ခဲ့တာကြောင့် သူတို့ရဲ့အားထုတ်မှုအားလုံး သဲထဲရေသွန်ဖြစ်သွားခဲ့ရပါပြီ။

ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့က အလေးထားမှုလျော့ကာ သူမရဲ့ဆေးရည်ကို သောက်သုံးဖို့အတွက် နာကျင်နေသလိုမျိုး သူမ ဟန်ဆောင်ခဲ့တာဖြစ်ပြီး သူတို့နှစ်ကောင်လုံး ဆေးသောက်လိုက်ပြီးဖြစ်တာကြောင့် ဆက်ဟန်ဆောင်နေစရာ မလိုတော့ပါဘူး။

. လူထောင်ချီရဲ့ အကြည့်တွေအောက်မှာပဲ သူမက ဆေးမြစ်တွေထားတဲ့နေရာကို အေးဆေးစွာ သွားလိုက်ပါတယ်။

အာရုံပျောက်ကျိန်စာကြောင့် သူမရဲ့ ကိုယ်ကာယပိုင်း နာကျင်မှုကို ခဏတာဖြေဖျောက်ပေးနိုင်ပေမယ့် ဖုံးကွယ်အဆိပ်ဆေးရည်နဲ့ဝရုန်းသုန်းကားဆေးရည်တို့ရဲ့ အာနိသင်ကိုတော့ ကုသမပေးနိုင်ပါ။ သူမရဲ့ အာရုံငါးပါးက တစ်စတစ်စလွင့်ပါးနေတာကို သူမသိရှိနေတာကြောင့် အာရုံငါးပါးလုံး လုံးဝမပျောက်ခင်မှာ ဖြေဆေးဖော်စပ်မှဖြစ်မှာပါ။

ဖြေဆေးကို မြန်မြန်နဲ့တိတိကျကျဖော်စပ်နိုင်ရန်အလို့ငှာ နောက်ထပ် တစ်မျိုးကျိန်စာငါးမျိုးခြောက်မျိုးခန့်ကို ထပ်လောင်းအသုံးပြုခဲ့လိုက်ပါတယ်။ ကျိန်စာတိုင်းက သူမရဲ့ အာရုံငါးပါးကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ပေးနိုင်ပြီး အကဲဖြတ်နိုင်စွမ်း မြန်မြန်ကြီးလျော့ပါးမသွားမစေရန် ကူညီပေးနိုင်ပါတယ်။

ဒါဟာ သူမကိုယ်တိုင်အတွက် တိုက်ခိုက်ရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး မှန်ကန်တဲ့ တုံ့ပြန်နည်းကို အစတည်းက ရွေးချယ်မိခဲ့ခြင်းလည်းဖြစ်ပါတယ်။ ရန်သူကို အဆတစ်ထောင်ထိခိုက်စေဖို့ မိမိကိုယ်ကို အဆရှစ်ရာနာကျင်စေတာက သူမရဲ့ လုပ်ကိုင်နည်းမဟုတ်ပေ။

ကိုယ့်အားကိုယ်ကိုးပြီး ဒီပြိုင်ပွဲကို လုံးဝဥသုံ အနိုင်ရအောင်လုပ်မှာပါ။ ရှန်ယန်ရှောင် ဆေးမြစ်တွေရှိရာဆီ ရောက်သွားခဲ့ပြီး သူမသောက်ထားခဲ့သော ဆိုးကျိုးဆေးရည်တွေအကြောင်း နားလည်သွားပြီဖြစ်လို့ ရှာရမယ့်အရာတွေကို သိပါတယ်။

သို့သော်လည်း ရှန်ယန်ရှောင်ရဲ့ ရုတ်ချည်းပြောင်းလဲသွားမှုက ပူလီစီကို အလစ်အငိုက်မိသွားစေခဲ့သည်။ ရှန်ယန်ရှောင်က ဖြေဆေးပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းကို တွေ့လိုက်ရလို့ ပူလီစီဟာ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်ဆီ လှမ်းကြည့်လိုက်သည်။ သူ့တပည့်ဖြစ်သူ အဲ့ကလေးကို ထပ်အရေးနိမ့်မှာကို သူမမြင်ချင်ပါဘူး။

သို့ပေမယ့် ဒီအကြည့်တစ်ချက်ကပဲ ပူလီစီကို ကျောက်ရုပ်လိုဖြစ်သွားစေခဲ့သည်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၁၇)

. ရှန်ယန်ရှောင်ပြုလုပ်ထားတဲ့ ဆေးရည်ကို သောက်ပြီးသွားတာ အခုအချိန်မှာဆိုရင် ငါးမိနစ်ခြောက်မိနစ်ခန့် ရှိပြီဖြစ်သော်လည်း လူနှစ်ယောက်ကတော့ ဆေးသောက်လိုက်တုန်းက ပုံစံအတိုင်းပဲ ရှိနေကြပါတယ်။ လူနှစ်ယောက်က ဆေးတစ်ပုလင်းစီကို ကိုင်ဆောင်ထားကြပြီး သူတို့မျက်နှာတွေမှာတော့ ဘဝင်ခိုက်နေသောအမူအယာ အပြည့်နဲ့ဖြစ်နေပါတယ်။

"သူတို့က ဘာလို့မလှုပ်ကြသေးတာလဲ"လို့ ပူလီစီဘေးမှာ ရပ်နေတဲ့ ဖန်းကြူကပြောလိုက်ပါတယ်။

လုံးဝလှုပ်ရှားမှုမရှိကြတဲ့ လူနှစ်ယောက်ကိုကြည့်ကာ သူအလွန်ဝေခွဲရခက်နေသလို စိတ်လည်းလောနေပါတယ်။

ဒီနှစ်ကောင်က ဘာသောက်တလွဲဖြစ်နေတာလဲ။ ရှန်ယန်ရှောင်ဖက်က ပြဿနာတစ်ခုပေါ်နေပြီကို သူတို့က အခုအချိန်ထိ ဘာမှမတုံ့ပြန်ကြသေးဘူး။ ဒီငတုံးနှစ်ကောင်က နေရာမှာတင် သောက်ရူးတွေလို ကြောင်ကြောင်ကြီးရပ်နေကြတယ်လေ။

"သူတို့က မလှုပ်ရှားတာမဟုတ်ဘူး"လို့ ပူလီစီက ခြောက်သွေ့စွာပြောလိုက်သည်။

လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့နှစ်ယောက်က လှုပ်ရှားမှုမရှိကြတာမဟုတ်ဘဲ သူတို့ရဲ့လှုပ်ရှားမှုတွေက အလွန်နှေးနေကြတာကို ပူလီစီသဘောပေါက်သွားပါပြီ။ ဆေးတစ်ပုလင်းစီ ကိုင်ထားကြတဲ့ သူတို့လက်တွေဟာ တဖြည်းဖြည်းချင်း အောက်သို့နိမ့်ဆင်းလာတာကို မျက်စိနဲ့မြင်နိုင်ပါတယ်။ သို့ပေမယ့် ခရုတွေလို အရမ်းနှေးနေပါတယ်။

"သူတို့ ဘာဖြစ်နေကြတာလဲ"

ဖန်းကြူ မျက်လုံးကို ပွတ်သပ်ကာကြည့်လိုက်တော့ ပြဿနာအရင်းအမြစ်ကို တွေ့လိုက်ရပါတယ်။ လူနှစ်ယောက်လုံး လှုပ်ရှားနေပေမယ့် သူတို့ရဲ့အလျင်နဲ့ရွေ့လျားမှုတွေက အရမ်းနှေးနေခဲ့ပါတယ်။ တစ်မိနစ်အတွင်းမှာ သူတို့ရဲ့လက်တွေကို လက်တစ်လုံးစာလောက်ပဲ ရွှေ့နိုင်သေးပါတယ်။

ပူလီစီက မျက်လုံးအစုံကို မှေးလိုက်ပြီး ဖြစ်နိုင်ခြေရှိတာတွေကို စဉ်းစားလိုက်ပါတယ်။ နောက်ဆုံး သူ တစ်စုံတစ်ခုကို တွေးမိသွားပြီး တွေးမိတာနဲ့တစ်ပြိုင်နက် မျက်နှာတစ်ခုလုံး ဖြူဆွတ်သွားပါတော့တယ်။

"ရှန်ဂျူ...သူက လှုပ်ရှားနှေးကွေးဆေးရည်ကို ပြုလုပ်ခဲ့တာပဲ"လို့ ပူလီစီက အသက်ပြင်းပြင်းရှူသွင်းကာ ပါးစပ်ကိုခဲခဲယဉ်းယဉ်းဖွင့်ဟပြောလိုက်ရသည်။

ဖန်းကြူမျက်လုံးပြူးသွားသည်။ သူကြားလိုက်ရတာကို မယုံသလိုတောင်ဖြစ်သွားသည်။ သူက အလောတကြီးပြောလိုက်သည်။

"လှုပ်ရှားနှေးကွေးဆေးရည်...နောက်နေတာလား"

လှုပ်ရှားနှေးကွေးဆေးရည်ဆိုတာ အလတ်တန်းအဆင့် ဆိုးကျိုးဆေးရည်တစ်မျိုးဖြစ်ကာ ဘာထိခိုက်မှုမှမရှိဘဲ သောက်သုံးသူတွေကို အချိန်တစ်ခုအတွင်းမှာ လှုပ်ရှားမှုနှေးကွေးစေရုံပဲ သက်ရောက်မှုရှိပါသည်။

လှုပ်ရှားနှေးကွေးဆေးရည်က ဘာထိခိုက်မှုမှမရှိသလို သောက်သုံးသူအပေါ်မှာလည်း ဘာဆိုးကျိုးမှမဖြစ်စေပါဘူး။ သာမန်အားဖြင့်ဆိုရင် လှုပ်ရှားနှေးကွေးဆေးရည်အတွက် ပူလီစီ မျက်တောင်တောင်ခတ်မှာမဟုတ်သော်လည်း သူတို့က ပြိုင်ပွဲအတွင်းမှာရောက်နေတာဖြစ်တယ်။

လှုပ်ရှားနှေးကွေးဆေးရည်ရဲ့ အစွမ်းအာနိသင်က လှုပ်ရှားမှုကို ဆယ်ဆခန့်သာနှေးကွေးစေတာဖြစ်ပြီး ရှန်ယန်ရှောင်ရဲ့ ဆေးရည်ကတော့ အဆင့်မြင့်ထားပုံရပြီး အဆတစ်ရာခန့်နှေးကွေးနေစေတာကို ပူလီစီမြင်နိုင်ပါတယ်။

ဆယ်စကနေ အဆတစ်ရာအဖြစ် ဆယ်စပြောင်းလဲမှုက တွေးထင်မရလောက်အောင်ကို သက်ရောက်မှုကောင်းလှပါတယ်။ ဆေးရည်အားလုံးကို ဆေးနည်းအတိုင်း ပြုလုပ်ရမှာဖြစ်ကာ အာနိသင်ကို အနည်းငယ်လောက် တိုးတက်စေဖို့ဟာ ကောင်းကင်ကိုတက်ရသလောက် ခဲယဉ်းလှပါတယ်။ သူကိုယ်တိုင်တောင် လှုပ်ရှားနှေးကွေးဆေးရည်ကို ဆယ်စပိုပြင်းဖို့ လုပ်နိုင်မလားဆိုတာကို ပူလီစီတပ်အပ်မပြောနိုင်ပါဘူး။

သူတို့ရဲ့လှုပ်ရှားတုံ့ပြန်မှုတွေကို အဆတစ်ရာနှေးကွေးသွားစေခြင်းက ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့အတွက်တော့ အလွန်ထိချက်ပြင်းပါတယ်။ လူနှစ်ယောက်ရဲ့ အသိစိတ်က ဆေးရည်သောက်ထားကာစ အချိန်မှာပဲ ရှိနိုင်လောက်မှာဖြစ်ပြီး သူတို့ဘေးဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိကြမှာမဟုတ်ပါဘူး။

အခုလိုအခြေအနေမျိုးနဲ့ဆိုရင် သူတို့ထဲကတစ်ယောက်မှ ညရောက်တဲ့အထိ ဖြေဆေးဖော်နိုင်မယ့်ပုံ မပေါ်ပါဘူး။ ခန့်မှန်းရမယ်ဆိုရင် ဆေးမြစ်တွေထားတဲ့နေရာကို သွားဖို့အတွက်ကို အနည်းဆုံးနှစ်နာရီနဲ့အထက်လိုလောက်ပါတယ်။

အဲ့အတိုင်းဆိုရင် ဒီနေရာမှာရှိသူအားလုံးက သူတို့မိခင်တွေဆီပြန်ပြီး အိမ်မှာရက်တော်တော်ကြာအချိန်ဖြုန်းပြီးတာတောင် သူတို့နှစ်ယောက်အနေနဲ့ ဖြေဆေးပြုလုပ်ပြီးဦးမှာမဟုတ်ပါဘူး။ ပူလီစီ သူ့သွေးအိုသွေးရင့်တွေကို အန်တော့မလိုဖြစ်သွားရသည်။ ဒီရှန်ဂျူက အလွန်ညစ်ပတ်တာပဲ။(ခွေးသားကများတပြန်ကြီး)ဒါက ပြိုင်ပွဲမဟုတ်တော့ဘူးလေ ကြိုးတုပ်ရိုက်သလိုဖြစ်နေပြီပဲ။

မင်းပြိုင်ချင်တယ်ဆိုရင် အနည်းဆုံးတော့ မျှမျှတတလုပ်လေကွာ။ ဒီလိုဂွကျကျဆိုးကျိုးဆေးရည်ကို တိုက်ပြီးတော့ မလှုပ်မယှက်ဖြစ်နေတဲ့ လူနှစ်ယောက်နဲ့ပြိုင်တာက ဘာအထာလဲ။

ဒါဟာ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ရဲ့ နိုင်ခြေကို လုံးဝမရှိတော့အောင် ဖြတ်တောက်ပစ်လိုက်တာပါပဲ

ရှန်ယန်ရှောင်ကို အရူးဖြစ်တယ်လို့ထားလိုက်ဦး လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ရဲ့ လက်ရှိအနေအထားအရ နောက်ထပ် ရှစ်ရက်ကိုးရက်ကြာရင်တောင် ဖြေဆေးကို ပြုလုပ်ဖော်စပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ ရှန်ယန်ရှောင်က အချိန်ကိုအီလေးဆွဲပြီး ဖြေဆေးပြုလုပ်ရင်တောင် သူတို့နှစ်ယောက်မပြီးခင်မှာ ပြီးသွားမှာဖြစ်ပါတယ်။

အကယ်၍သာ ဖုံးကွယ်အဆိပ်ဆေးရည်ရဲ့ နှိပ်စက်မှုဒဏ်ကို ရှန်ယန်ရှောင်ခံစားနေရတယ်ဆိုရင်တော့ သူမ အချိန်ကြာကြာခံမှာမဟုတ်ပါဘူး။ ပြဿနာရှိနေတာက ဒီကလေးရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ အမူအယာအရ အချိန်အတွက် လုံးဝပူပင်ဟန်မရှိနေခြင်းပါပဲ။

ဒီဖြစ်အင်ကြောင့် ပူလီစီတစ်ယောက် နံရံကိုပြေးဝင်ခေါင်းနဲ့တိုက်ပစ်ချင်စိတ် ပေါက်သွားရသည်။ ရှန်ယန်ရှောင်တစ်ယောက် အလွန့်အလွန် ဆိုးရွားပြီးရက်စက်လှတဲ့ ဆိုးကျိုးဆေးရည်ကို ပြုလုပ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့တောင် ပူလီစီတွေးမိသွားရပါတယ်။ အဲ့လိုဆိုရင်တောင် အခုလိုဆေးရည်မျိုးနဲ့ ချည်ပြီးတုပ်ပြီးရိုက်တာထက်တော့ သာပါဦးမယ်။

ပူလီစီတစ်ယောက် အခုဆိုရင်တော့ အူထဲအသည်းထဲထိအောင် နောင်တရနေရပါပြီ။ ဒီပြိုင်ပွဲရဲ့အဖြေကို သူသိလိုက်ပြီးဖြစ်ကာ ဒီစိတ်အနှောက်အယှက်ဖြစ်စရာ ပြိုင်ပွဲကိုဒုက္ခခံပြီး တကူးတကလာကြည့်မိတဲ့အတွက် နောင်တရနေပါတယ်။ အရင်တစ်ခေါက် အရှက်ကွဲတာတင်မလုံလောက်သေးလို့ နောက်တစ်ခေါက် ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီးကို အရှက်ခွဲခံလိုက်ပါသေးတယ်။

ပူလီစီမျက်နှာ ဖြူရာကနေစိမ်း စိမ်းရာကနေခရမ်းရောင်သန်းသွားခဲ့သည်။

ရဲချင်ကတော့ အလွန်ပျော်သွားပါတယ်။ သူ့မျက်လုံးတွေက ပြုံးရောင်သန်းနေပြီး ရှန်ယန်ရှောင် ဘာဆေးရည်ပြုလုပ်ခဲ့လဲဆိုတာကို သူလည်း သိနေပါပြီ။

"ကြည့်ရတာ ငါ့စိုးရိမ်မှုတွေက အပိုဖြစ်သွားပုံပဲ။ လူငယ်တွေက ငါတို့ကို ကျော်သွားတော့မှာပါလား အား"လို့ ရဲချင်က စိတ်အေးသွားကာ ခေါင်းယမ်းလိုက်ပြီး ပြုံးရင်းပြောလိုက်ပါတယ်။

ကျောင်းသားပရိသတ်တွေကတော့ ဘာဖြစ်နေမှန်းမသိကြသေးပါဘူး။ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ ဘာလုပ်နေကြတာလဲဆိုတာကိုပဲ သူတို့တွေ အလွန်သိချင်နေကြပါတယ်။ ဘာလှုပ်ရှားမှုမှမရှိဘဲ သူတို့မျက်နှာပေါ်က ဘဝင်ခိုက်နေတဲ့အပြုံးတွေကြောင့် မြင်သူတွေအဖို့ အော်ဂလီဆန်သွားရပါတယ်။

All Chapters